Saturday, July 9, 2022

​နွေတည(အပိုင်း - ၁)

 




နွေတည 


အပိုင်း(၁)


၁။

စပယ်ခိုင်လေး...။

ချစ်သမီးလေး... စပယ်ခိုင်။


နောက်ဆုံးတွင် သမီးလေးကို သတိရနေတော့သည်။ သမီးလေးသည် ကိုယ့်နှလုံးပွားလေးပင်။ ကိုယ်အသွေးတဝက်ဖြင့် ဖန်ဆင်းထားသော..ကိုယ့်စိတ်ဝိညာဉ်တဝက်ဖြင့် ဖန်ဆင်းထားသော...ကိုယ့်ကိုယ်ပွားလေးဖြစ်သော သမီးလေး..ရေ့ ။ သမီးလေး၏ ပုခက်တွင်းမှ ကန်ကျောက်နေပုံ၊ ဝိုင်းစက်စက် သမီးလေး၏မျက်နှာ၊ သမီးလေး၏ ရွှင်လန်းစွာ ပုခက်တွင်းမှ မြှူရယ်နေဟန်၊ သမီးလေး၏ သာယာသော ငိုသံ၊ ခိုးခိုးခစ်ခစ် ရယ်မောသံကလေးကလေးသည် ဤတောင်တန်းပြာကြီး၏နောက်ကွယ်...ဤလယ်ကွင်းပြင်ကျယ်ကြီး၏ နောက်ကွယ်တွင် နေရစ်ခဲ့လေပြီ။ ကျနော်သည် တောင်တန်းကြီးနှင့် လယ်ကွင်းပြင်ကျယ်ကြီးကို ဖြတ်သန်းကျော်လွှားလျက် ဟေမန်ကို သတိတရ ဖြစ်နေသည်။


ယခုလို ညနေဆည်းဆာအခါဝယ် ဟေမန်၏နဘေးမှ ပေါက်ပင်တောတန်းကြီးတွင် အပွင့်များ ရဲရဲတောက် ပွင့်နေလျက်...ရွက်ဝါများ ဖြန့်ခင်းနေမည့် မြစ်ပြင်၏ နုန်းတင်မြေနုများမှ ဆေးခင်းများအပေါ်တွင် လှသော ဆည်းဆာရောင်ခြည်များ ဖြန့်မိုးနေမည်။ ဟေမန်၏နဘေး မြစ်ပြင်ထက်တွင် ကြည်မြသော မြစ်ရေပြင်သည် လှိုင်းလိပ်ငယ်များ လှပစွာလွန့်လူးပြီး ညင်သာစွာ စီးဆင်းနေမည်။ ဝေ၏ အကြော်တဲဆိုင်ဟောင်း နေရာရှေ့ မြစ်ဆိပ် သဲသောင်ပြင်စသို့ လှိုင်းငြိမ့်ကလေးများသည် ပြေးလွှားထိခတ်ပြီး ပျော်မြူးစွာ မြစ်ပြင်ထဲသို့ ပြန်၍ ဆင်းပြေးသွားနေကြမည်။ ဤအခါတွင် မြစ်ရိုးတစ်လျှောက်၌ လှေငယ်တစ်စင်းသည် လူးလာခေါက်ပြန် လှော်ခတ်သွားနေမည်။ လေတိုက်ခတ်လိုက်လျှင် ရေပန်းရေမွှာများသည် မြစ်ပြင်ထက်မှ အနည်းငယ် ဖြာတက်သွားကြလျက် ဆည်းဆာနေခြည်ဝယ် သက်တန့်ရောင်စုံ ဖြာနေတော့မည်။


ကျနော်သည် ဝေ၏ရယ်မောသံကို အမှတ်ရနေပြန်သည်။ ဝေ၏ အပြုံးမှာ အစဉ်သဖြင့် တောက်ပနေတတ်၏။ ဝေ့ရယ်သံမှာ အစဉ်သဖြင့် ရွှင်မြူးနေတတ်၏။


စီးလာသည့် ရထားကား ပြေးလွှားလျက်ပင် ရှိနေသည်။ ရထားသည် တွဲအဆက်မှ အသံမြည်လျက် ပုခက်လွှဲသိပ်ပေးနေသလို လှုပ်ခါပေးနေသည်။ ကျနော်သည် တဖက်ခုံလွတ်ပေါ်သို့ သားရေအိတ်ကို တင်ထားလိုက်လျက် ပြတင်းဝမှ မျက်နှာကို ခွာလိုက်ပြီး ခေါင်းကို နောက်မှီအပေါ်သို့ မှေးတင်ထားလိုက်သည်။ ရထားပြတင်းဝမှ ဝင်လာသော လေထဲတွင် အပူငွေ့ လျော့ပါးလာနေသည်။ ထိုအခါတွင် ဆည်းဆာသည် တဖြေးဖြေး တစစ ဖျော့မှိန်လာနေသည်။ ပင်လယ်ပြင်ကြီးကဲ့သို့ ကျယ်ပြောလှသော ရှုမျှော်မဆုံးနိုင်သည့် လယ်ကွင်းပြင်ကြီး။ ဤလယ်ကွင်းပြင် ပင်လယ်ကြီး၏ကမ်းခြေဟု ထင်မှတ်ရသော ဝေးဝေးပျပျဆီမှ သစ်တောတန်းကြီး။ နောက်ဖက်ဆုံး နောက်ခံတောင်တန်းပြာကြီးများ အပေါ်ဝယ် လှပသော ဆေးရောင်စုံ ခြယ်မှုန်းပေးထားနေသလို ထင်ဟပ်နေသော ညနေဆည်းဆာ၏ နေခြည်များမှာ တစထက်တစ ရုတ်သိမ်းလိုက်လာနေသည်။ ဤအရာဝတ္ထုအားလုံးအပေါ်သို့ နွေည၏ အမှောင်ရိပ်ခြည် တစွန်းတစသည် ဖုံးလွှမ်းလာနေလျက်ပင်။ အမှောင်ရိပ်နှင့် ဆည်းဆာနေခြည်များ ဆေးစပ်ရောနှောသည့် အလှတို့ကို မကြည့်မြင်ချင်တော့ဘဲ ကျနော်သည် မျက်လုံးမှိတ်ပစ်လိုက်၏။ ထို့နောက် ခံစားထိတွေ့မှု စိတ်အာရုံမှန်သမျှကို အစဖျောက် ဖျောက်ဖျက်ပစ်နေမိသည်။


မကြာမီ ၇-၃၅ နာရီတွင် ဤရထားသည် အမည်မဖော်လိုသောမြို့ကလေး၏ ဘူတာတွင် ဝင်ရောက်ဆိုက်ကပ် ရပ်နားတော့မည်။ ကျနော်သည် စိတ်လှုပ်ရှား လှိုင်းထနေလျက်နှင့်ပင် အိပ်ပျော်နေရန် ကြိုးပမ်းနေသည်။ အတိတ်သည် ဝေးကွာလွန်းလှသော အရပ်၌ ဟောင်းနွမ်းဆွေးမြေ့ပြီး ကျန်ခဲ့သောအရာဟု ဆိုသော်လည်း နုပျိုသစ်လွင် တောက်ပသော ပစ္စုပ္ပန်နှင့်မူ နှောင်ကြိုးတဆက်တည်းနှင့် ပူးတွဲချည်နှောင်ထားသည်။ မိမိ ဘာကြောင့် သူ့အကြောင်း တွေးနေတော့မလဲ။ သူနှင့် ပတ်သက်နေတော့သည်လည်း မဟုတ်။ စပ်ဆိုင်နေတော့သည်လည်း မဟုတ်။ ဘာကြောင့် ကိုယ့်လမ်းကို ကိုယ်သွားနေလျက်မှ သူ့လမ်းကို လှမ်းမျှော်ကြည့်နေလိုသနည်း။


ထိုဘူတာကို ဖြတ်ကျော်နေဆဲကာလ၌ အရာရာတိုင်းကို မေ့နေလျက်၊ မြင် တွေ့ သိ အာရုံမှန်သမျှ ပျောက်နေလျက် နှစ်ခြိုက်စွာ အိပ်မောကျနေချင်သည်။ သိူ့သော် ရထားသည် ထိုဘူတာနှင့် တစထက်တစ ပို၍ နီးကပ်သွားနေလျက် စိတ်လှုပ်ရှားမှုမှာ ပို၍ ပြင်းထန်လာနေသည်။ ဤညနေ ဆည်းဆာတို့သည် မကြာမြင့်မီ အလျင်း ကွယ်ပသွားတော့မည်။ ထိုအခါတွင် နွေပေါင်းများစွာ၏ ညပေါင်းများစွာအနက်မှ နွေတစ်ခု၏ ညတညသည် ဆိုက်ရောက်လာတော့မည်။


၂။

"ဟုတ်ပါတယ်ကွာ၊ လာကြပါပြီ"


"မဖြစ်နိုင်ပါဘူး၊ သူ ကျနော့်ပါးကိုတောင် ရိုက်ထားသေးတာဘဲ၊ သူလိုက်လာတယ်ဆိုတာ မဖြစ်နိုင်ပါဘူး"


"မင်း အလွန်ညံ့သေးတာဘဲ ကိုကို၊ အဲဒါကြောင့် ကောင်မလေးက မောင်ရင့်ကို သနားနေတာတဲ့ဗျာ၊ မရွှေက ကိုယ့်ကို ပြောထားတာဘဲ၊ မင်း ကောင်မလေးကိုတော့ ပစ်တော့မသွားပါနဲ့ သူငယ်ချင်း၊ ကိုယ်လဲ ဒီကောင်မလေးကို မင်းပစ်သွားမှာဘဲ စိုးရိမ်တယ်၊ ဒီကောင်မလေး သူ့အမေနဲ့သာ ကြာရှည်နေရင်တော့ သူ့အမေရောဂါ ကူးစက်သွားမှာ စိုးရတယ် ကိုကို၊ အဆိပ်ရောဂါပိုးထက် စိတ်ဓာတ်ရောဂါပိုးဟာ အကူးအစက် ပိုပြီးမြန်တယ်၊ ပိုကြောက်စရာလဲ ကောင်းတာဘဲ။ သူ့အမေနဲ့တော့ ခွဲခွဲခြားခြား လားလားမုန်းထားဘဲ ထားဖို့ကိုယ်သတိပေးဖြစ်အောင် ပေးလိုက်ပါရဲ့"


အရပ်ရှည်ရှည် ခါးကိုင်းကိုင်း လေးကိုင်းညွှတ်ကွေးနေဟန်ဖြစ်သည့် ကိုခင်ထွန်းကြီးသည် ကုက္ကိုပင်အရိပ်အောက် အုတ်ခုံမှာ ကျနော်နှင့် အတူတူထရပ်ပြီး တိုးတိုးရယ်နေသည်။ သူ့ရယ်သံသည် အမှောင်လွှမ်းနေသည့် ကျောက်စရစ်လမ်းလေးအတိုင်း ပြေးလွှားနေသည်။ လမ်းပေါ်ဝယ် မိုးစက်မိုးမှုန်များသည် ချစ်စဖွယ် နှင်းဖွဲကလေးများကဲ့သို့ ဖွာကျနေလျက်၊ မှုန်ပျပျ ဓာတ်မီးတိုင်များမှ အလင်းရောင်သည် မိုးစက်မိုးမှုန်များကို ထွင်းဖောက်နေလျက်။ အနီးကပ်နေသည့် မီးရထားစက်ခေါင်းရုံမှ ရထားများ၏ ရှေ့တိုးနောက်ငင် ဆူညံသံများသည် ဤလမ်းမှောင်ကြားကလေး အတွင်းထဲသို့ ရောက်လာနေသည်။


ဤဘူတာနောက်ဘက် လမ်းကလေးသည် ဘောလုံးကွင်းကို လွန်ပြီးလျှင် မီးရထားဆေးရုံရှေ့ဘက်၌ ကျယ်ပြန့်သွားလျက် ဆေးရုံရှေ့ ထောင့်ချိုးအကွေ့တွင် အခြားလမ်းသွယ်ကလေးတစ်ခုနှင့် ဆုံတွေ့သည်။ ထိုလမ်းသွယ်ကလေးမှာ လူနှစ်ယောက် ဘေးချင်းယှဉ် သွားသာရုံ ကျဉ်းကျဉ်းကလေးဖြစ်၍ လမ်း၏ဘေးနှစ်ဘက်တွင် သရက်ပင်ပုကလေးများ အုပ်ဆိုင်းနေပြီး ထိုနေရာမှာ မြို့အစွန်ပိုင်း တဲအိမ်ငယ်ကလေးများ ပြည့်နှက်နေသော ရပ်ကွက်ဖြစ်နေသည်။ ဓာတ်မီးတိုင်များကင်းမဲ့နေသော ထိုလမ်းမြှောင်ကလေးမှာ အစဉ်သဖြင့် မှောင်ပိန်းနေတတ်သည်။


ဤအမှောင်လမ်းသွယ်ကလေး၏အဆုံး၌ မြို့ကို ဖြတ်သန်းစီးဆင်းသည့် ချောင်းငယ်လေးတစ်ခု ကန့်လန့် ဆီးတားထားသည်။ ယခုအခါ ချောင်းပြင်တွင် ရေများစီးဆင်းနေ၍ ချောင်းကို ဖြတ်သားထားသည့် လက်ရမ်းမဲ့တံတားကလေးမှာ လူဖြတ်လျှောက်သွားလျှင် ယိမ်းခါနေသည်။ ချောင်း၏တစ်ဖက်တွင် ဓာတ်မီးရောင်များ ထိန်ဝင်းနေသည့် ဆန်စက်ဝင်းကြီးရှိလျက် ချောင်းကမ်းနဘေး အလုပ်သမားတန်းလျားများအောက်တွင် ယခုအခါ၌ ရွှံ့ရေနုံးတင်လျက် အိုင်များ ထွန်းနေသည်။


ဝေသည် ဤအလုပ်သမားတန်းလျားများ၏ ပျံကျတန်းလျားလေး တစ်ခုမှ။ သူ့ဘဝ ပတ်ဝန်းကျင်သည် ထိုနေရာမှ။သူ့အခြေခံ အခြေအနေ အပေါင်းသည် ထိုနေရာမှ။ သူ့စိတ်ဓာတ် နှလုံးသား အသိပညာ အခြေခံသည် ထိုနေရာမှ။

ဘောလုံးကွင်းအစပ် အမှောင်ထဲမှ တိုးရွေ့လာနေသော ခပ်ဝါးဝါး အရိပ်နှစ်ခုကို ကျနော်သည် လှမ်းမြင်တွေ့နေရ၏။ ထိုအရိပ်နှစ်ခုသည် နီးကပ်လာနေပြီ။ နောက်ဆုံး လမ်းဓာတ်မီးတိုင်၏ မှုန်ပျပျအလင်းရောင် ကျရောက်ရာ အမှိန်ဆုံးဘက်သို့ ရောက်လာနေသည်။ ကျနော်သည် စိတ်လှုပ်ရှားစွာ ရင်ခုန်လှိုင်းထလျက် ထိုအရိပ်နှစ်ခုကို ငေး၍ ကြည့်နေမိသည်။ မျက်နှာပေါ်တွင် လာ၍ထိမှန်နေသော မိုးစက်မိုးမှုန်များမှာ ချစ်စဖွယ် ဖြစ်လေသည်။


ထို့နောက် အရိပ်နှစ်ခုသည် ပို၍ နီးကပ်လာပြီး ပို ထင်ရှားလာသည်။ အရိပ်တစ်ခုသည် မရွှေဖြစ်လျက် ဝေ့လက်ကို ဆွဲကိုင်လာသည်။ ထို့နောက် သူတို့မျက်နှာများကို အလင်းရောင် မှုန်မှုန်ဝယ် သဲကွဲစွာ မြင်တွေ့ရလေသည်။


ဝေ့ကိုယ်ပေါ်တွင် ဝတ်ထားသော အင်္ကျီကြမ်းကလေးမှာ အကွက်မပေါ်တော့ဘဲ လက်မောင်းတစ်ဖက်၌ အပြဲရာတစ်ခုရှိနေပြီး သူ့ထမီတိုတိုလေးမှာလည်း ညစ်နွမ်းနေပြီ။ သူသည် အဝါရောင်လွင့်နေသော တဘက်အဟောင်းလေးတစ်ခုကို ခေါင်းတွင် ရစ်ပတ်ထားသည်။ သူသည် ဂျပန်ဖိနပ် အဟောင်းကလေးကို မိုးရေစပ်စပ်စပ်ထဲ၌ တဖျတ်ဖျတ် အသံမြည်အောင် စီးလာသည်။ သူ့ပါးပြင်တွင် ကွက်ထားသည့် ပါးကွက်တို့သည် ချွေးစွန်းပြီး မညီမညာ ပျက်ပြယ်စ ပြုလာနေသည်။ သူတို့သည် ရှေ့နား၌ ရပ်တန့်လိုက်ကြလေသည်။


ဝေသည် ခေါင်းကို အောက်သို့ ငုံ့စိုက်ထားပြီး သူ့ပါးပြင် နှစ်ဖက်မှာ နီထွေးနေလျက်။ သူ့အသားတို့မှာ တဆတ်ဆတ် တုန်နေလျက်။ မရွှေလက်ထဲမှ သူ့လက်ကို ရုန်းထွက်နေသည်။


"ဟင့်အင်း၊ ခင်ဝေ မလိုက်ချင်ဘူး။ ခင်ဝေ့ကို သက်သက် ဆေးလိပ်ဝယ်ဆိုပြီး မလိမ့်တပတ် လုပ်ခေါ်လာတာ၊ ခင်ဝေပြန်မယ်၊ ခင်ဝေပြန်မယ်" ဟု သူ၏ပြောနေသံမှာ တုန်ယင်နေသည်။


သူတို့နှစ်ဦး ရပ်နေရာ၌ ဓာတ်မီးတိုင်မှ အလင်းရောင် ပို၍ မှိန်ဖျော့နေပြီး ကျနော်သည် အိပ်မက်ထဲတွင် သွားနေသကဲ့သို့ သူတိှု့ိရှိရာသို့ ဖြတ်သွားလျက် တကိုယ်လုံးမှာ တုန်ယင်နေသည်။ ကျနော်သည် ဝေ့ရှေ့တွင် ရပ်တန့်လိုက်လေသည်။ အမှောင်ရိပ်ရိပ်ထဲတွင် သူ့မျက်နှာကလေးကို စူးစိုက်ကြည့်နေသည်။


"လိုက်ခဲ့ပါ ဝေရယ်၊ ကိုယ်က ပြောင်းမိန့်ကျလာလို့ ပြောင်းရတော့မှာမို့ ဝေမပါဘဲနဲ့ ပြောင်းသွားရရင် ဝေနဲ့ ဝေးသွားတော့မှာလို့ ထင်တယ်။ ကိုယ်နဲ့ ဝေနဲ့ ဝေးရတော့မှာလို့ ထင်တယ်။ ဒါကြောင့် မရွှေကိုလွှတ်ပြီး ဝေ့ကို ခဏကလေး ခေါ်ပေးစမ်းပါ တောင်းပန်ပေးစမ်းပါလို့ ပြောရတာ။ ကိုယ်ပြောပါအုံးမယ်၊ ကိုယ်ပြောပါရစေဦး.."


ဝေ့ အသက်မှာ ဆယ့်ငါးနှစ်ထက် ကျော်လွန်ဦးမည် မဟုတ်သေး။ နိုပျိုသစ်လွင်သော ရိုးသားသန့်စင်သော သူ့ပင်ကိုယ် အလှတို့သည် မီးရောင်မှိန်မှိန်အောက်တွင် ပို၍ လှနေသည် ထင်ရသည်။ သူ့ကို မရွှေသည် စက်ထဲတွင် အလုပ်လုပ်နေရာမှ လှည့့်ပတ်ခေါ်လာခဲ့ပြီး လမ်းကျမှ ပြောပြသည်။


"ကိုယ့်ကို ညှာပါအုံး ဝေရယ်..မင်းမလိုက်လာလို့ မဖြစ်ဖူး"


ထို့နောက် ကျနော်သည် အမှောင်ရိပ်ထဲတွင် သူ့လက်ကလေးကို သာသာဖွဖွ ဆုပ်ကိုင်လိုက်လေသည်။ သူသည် သူ့လက်ကလေးကို ဟန်ဆောင် ရုန်းကန်မှန်းသိသိ ရုန်းကန်နေသည်။ သူ့လက်ဖဝါးပြင်မှာ အလုပ်ကြမ်းလုပ်ခဲ့ရသဖြင့် ကြမ်းတမ်းနေသည်။ သို့သော်..သူ့လက်ချောင်းသွယ်သွယ်ကလေးများသည် နွေးထွေးနေကြလေသည်။ အမှောင်ရိပ်ထဲတွင် သူ့မျက်နှာပေါ်၌ အပြုံးရိပ်တခု မထင်မရှား ဖြတ်သန်းသွားသည်။ ဤ ဝိုင်းစက်နေသာ နုပျိုနေသော မျက်နှာကလေးသည် ရယ်လိုက်လျှင် ဖောင်းမို့နီထွေးနေသည့် ပါးမို့နှစ်ဖက်၌ ချိုင့်ခွက်ကလေးနှစ်ခု ချစ်စဖွယ် ဖြစ်ပေါ်သွားတတ်၏။ သူ့မျက်နှာတစ်ခုလုံးမှာ ရှက်သွေးများ ထူပိန်းစွာ လျှမ်းတက်သွားပြီး ပို၍ နှစ်လိုဘွယ်ကောင်းစွာ လှသွားလေသည်။


"ကဲ..ဆရာလေး၊ ကိုယ့်ဖာသာရအောင် ချော့ချက်နှူးနှက်ပြီး အပါခေါ်လာခဲ့ပေတော့နော်။ မိန်းမဆိုတာ နဲနဲပါးပါး မူလိုက်ရမှ မိန်းမတန်ဖိုးတက်တယ်ထင်တာ၊ တော်ကြာနေ မူတာနဲ့ပြန်လွှတ်လိုက်ရင် မိန်းမဆိုတာ ကိုယ့်ကိုယ်ကို သတ်သေချင်တာဘဲ..." ဟု မရွှေက ပြောနေ၏။


သူ့စကားပြောဟန် စကားပြောသံမှာ ပျော်ရွှင်ဖွယ် ရယ်စရာကောင်းနေလေသည်။ ထို့နောက် သူတို့သည် လမ်းအတိုင်း စက်ခေါင်းရုံဘက် ချိုးကွေ့ရန် ဘောလုံးကွင်းဟောင်းကြီးကို ဖြတ်သန်းလျှောက်သွားနေကြလေသည်။


"မလိုက်ဖူး..မလိုက်ဖူး။ ဘာပြုလို့ လိုက်ရမှာလဲ"


ကျနော်သည် ရုန်းကန်နေသော သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ကာ အမှောင်ရိပ်ထဲတွင် သူ့မျက်နှာကို စိုက်ကြည့်လျက် ရယ်မောလိုက်လေသည်။


"ဘာပြုလို့မှ မဟုတ်ဖူး၊ ကိုယ်က ဝေ့ကိုချစ်လို့ ဝေလိုက်ခဲ့ရမှာ"


ကျနော်သည် လက်တစ်ဖက်ကို သူ့ခါးပေါ်တင်လိုက်ပြီး ခါးကိုသိမ်း၍ ပွေ့ဖက်လိုက်လေသည်။ သူ့ခါး သိမ်သိမ်ငယ်ငယ်ကလေးမှာ လက်ထဲတွင်ပင် ပျောက်ကွယ်သွားသလား ထင်ရသည်။ ထို့နောက် သူ့မျက်နှာနှင့် ကျနော့်မျက်နှာသည် အလင်းရောင်မှိန်မှိန်ထဲတွင် နီးကပ်သွားလေသည်။ သူ့ရုန်းကန်နေမှုမှာ လျှော့လိုက်လာသည်။ သူ့မျက်နှာပေါ်မှ ကြက်သွေးရောင်မှာ ပို၍တောက်ပသွားသည်။ ကျနော်သည် သူ့ကို ပွေ့ယူခမန်းဆွဲပြီး စက်ခေါင်းရုံဘက်မှ လမ်းသို့သွားရန် ဘောလုံးကွင်းဘက်သို့ ခေါ်လာခဲ့သည်။ ဘောလုံးကွင်းပြင်ကြီးပေါ်တွင် တင်နေသည့် ရွှံ့ဘွက်ရေအိုင်များကို နင်းလျှောက်လာရလေသည်။ ထိုအချိန်၌ ဖွဲဖွဲကျနေသော မိုးစက်မိုးမှုန်များမှာ ပို၍ သဲလာသည်။


"မင်း..မှတ်မိသေးလားဝေ..၊ ဟိုတညက ကိုခင်ထွန်းကြီး ဆွမ်းကျွေးမယ် ကိုယ့်ပါးကို ဝေ ရိုက်လိုက်တာလေ၊ ပထမ ကိုယ်ဖက်လိုက်တုန်းကတော့ ဝေ့မျက်နှာက ပြုံးလိုက်သလိုဘဲ၊ ဒါကြောင့် ကိုယ်က နမ်းလိုက်တော့မှ မင်းက ရိုက်လိုက်တယ်၊ အခုလဲ မင်းကိုယ့်ကို ရိုက်အုံးမှာဘဲလား"


"ရိုက်မှာဘဲ"


"ရိုက်လေ..ရိုက်လေ"


သူသည် မမျှော်မှန်းနိုင်ဘဲ၊ မထင်မှတ်ဘဲ ယခု ကျနော့်နောက်သို့ လိုက်ပါလာခဲ့လေသည်။ ဤအဖြစ်အပျက်မှာ အိပ်မက်တခု မက်နေရသလို ဖြစ်၏။ အိပ်မက်သည် နွေးထွေးသော အိပ်မက်ဖြစ်၏။ အလင်းရောင်မှုန်မှုန်ထဲတွင် မသဲမကွဲမြင်နေရသော သူ့မျက်နှာလေးမှာ ပြုံးနေသည်ဟု ထင်ရသည်။ ကိုခင်ထွန်း၏ ဆွမ်းကျွေးညကို ကျနော်သည် သတိတရ ဖြစ်နေ၏။ ထိုနေ့က သူ့ကို ကျနော် စတင် မြင်ဘူးသည်။ ထိုညက ကိုခင်ထွန်းကြီးက အကွက်ဆင်ပေးခဲ့သဖြင့် သူ့ကို စကားစပြောခဲ့ရ၏။


"အဲဒီတုန်းကတော့ မင်းကိုယ့်ကို ဘာလို့ ရိုက်တာလဲ"


"စော်ကားလို့"


"အခုတော့ မင်း ကိုယ်နဲ့ လိုက်လာတယ်နော်"


သူသည် ကိုယ်ကို ဆောင့်ရုန်းနေ၏။


"ဒါဖြင့် ပြန်မယ်လေ၊ ခင်ဝေက သူ့ကို သနားလို့ လိုက်လာခဲ့တာ၊ သူက ခင်ဝေလိုက်မလာရင် သူ့ကိုယ်သူ သတ်သေမယ်ဆိုလို့ လိုက်လာခဲ့ရတာ"


ကျနော်က တိုးတိုး ရယ်မောနေပြန်သည်။


"မရွှေကခေါ်လို့ စက်ထဲမယ် ဆန်သယ်နေရင်း ဘာမသိ ညာမသိ လိုက်လာခဲ့တာ၊ အခုမှ ကိုယ့်ကိုယ်ကို ခိုးရာလိုက်နေမိမှန်း သိတော့တာဘဲ၊ ဒီလူကြီး မကောင်းဘူး၊ ဒီနေ့ လေးကျပ်ဖိုးရတယ်။ ငွေတောင် မထုတ်ခဲ့ရသေးဘူး"


ချစ်စဖွယ်တုန်ယင်နေသော သူ့စကားသံသည် မိမိ၏ နှလုံးသားအပေါ်မှ ဖြတ်သန်းသွားပြီး တိုးဝှေ့နေသည်ဟု ထင်၏။ ထိုနေရာတွင် ကျနော်သည် တကြိမ်ထပ် သူ့တကိုယ်လုံးကို ပွေ့ညှစ်ပစ်မိပြန်သည်။ သူ့ပါး ဖောင်းဖောင်းမို့မို့ကလေးနှင့် ထိတွေ့သွား၏။ နွေးထွေးသော သူ့နှုတ်ခမ်းသားကလေးများနှင့် ထိတွေ့မိသည်။ ထို့နောက် ချစ်စဖွယ်ဖြာကျနေသည့် မိုးစက်မိုးမှုန်များအကြားတွင် သူ့ရင်ခုန်သံ၊ သူ့အသက်ရှူသံတို့ကို ကြားနေရသည်။ သူသည် ကျနော့်အိမ်သို့ လိုက်ခဲ့တော့မည်။ ကျနော်ပြောင်းရွေ့ရာသို့ လိုက်ပါခဲ့တော့မည်။ ကျနော့်စိတ်ထဲတွင် ကျနော့်ကို သူပိုင်၍ သူ့ကို ကျနော်ပိုင်နေပြီ ဆိုသော အသိစိတ် အာရုံဖြစ်ပေါ်နေသည်။


ထိုအသိစိတ်သည် မည်သည့်အခါကာလတွင်မှ လျော့ပါး ပျက်ပြယ်သွားမည်မဟုတ်။ မှေးမှိန် ပျောက်ကွယ်သွားမည် မဟုတ်။ အစဉ်အမြဲ ခိုင်ခံ့စွဲမြဲနေမည်ဟု ထင်ထားသည်။


၃။

ဝေသည် ကျနော်နှင့်အတူ လူအုပ်ကြီးကြားမှ ဖြတ်သန်းတိုးဝှေ့နေသည်။ သူသည် အဝါရောင်အောက်ခံတွင် အညိုရောင်ပွင့်ခက်များ ခြယ်ထားသည့် ထမီကို တိုတို လုံးစည်းစွာ ဝတ်ထား၍ ကြက်သွေးရောင်တောက်နေသော အင်္ကျီကြောင့် သူ့အသားမှာ ပို၍ဝင်းညက် ထင်ပေါ်နေသည်။ ဆံပင်နှစ်ခွ ဖွတ်မြီးကျစ်သည် ကြက်သွေးရောင်အင်္ကျီ၏ကျောပြင်ပေါ်ဝယ် လူးလှိမ့်နေသည်။ တနေ့ကမှ ဆိုင်က ဝယ်ယူလိုက်သည့် ဆွဲကြိ့ုးလေး၏ကျောက်စိမ်းပြားသည် သူ့ရင်သားအထက်၌ လှုပ်ယမ်းနေသည်။

စျေးအလယ်လောက်တွင် လူကြားထဲ၌ ဝေ့ အရပ်ပုပုကလေးမှာ ပျောက်ကွယ်နေရစ်ခဲ့လေသည်။ ပြန်လှည့်ကြည့်သောအခါတွင် သူကို မမြင်မတွေ့ရတော့ပေ။


ဝေသည် အိမ်ထောင်ပစ္စည်း တခုခုကို ဝယ်နေရစ်ခဲ့သဖြင့် ကျန်နေခဲ့သည်ထင်၏။ ထူထောင်ခါစအိမ်ထောင်၌ အိမ်ထောင်ပစ္စည်းများမှာ ဝယ်၍ အဆုံးသတ်နိုင်သည် မရှိဘဲ ပြည့်စုံပြီဟု ထင်မိသော်လည်း တခုခုသည် အစဉ်သဖြင့် လိုအပ်နေတတ်လေသည်။


ကျနော်သည် ဈေးထိပ် ကားလမ်းအတက်မှ ပျားပန်းခတ်သွားလာ လှုပ်ရှားနေသူများကို လှမ်းမျှော် ကြည့်နေသည်။ ထိုနေရာမှနေ ကြည့်လျှင် ဈေးသည် ပန်းချီးကားတချပ်ကို မြေပြင်ပေါ်တွင် ဖြန့်ခင်းပေးထားသကဲ့သို့ လှနေသည်။ လူများအပေါ်မှ အညှိုရောင် မိုးစက်မိုးမှုန်များ ဆိုင်းနေကာ ဝေ ဈေးအလယ်၌ ရပ်နေသည်ကို မြင်တွေ့ရသည်။ အဝေးကြီးမှပင် ကြွေရုပ်ကလေးလို လှပနေသော ဝေ့မျက်နှာအပေါ်မှ အပြုံးရိပ်များကို လှမ်းမြင်တွေ့နေရသည်။ သူသည် ဘေးပတ်လည် လှည့်ပြီး ကြည့်နေသည်။ ထို့နောက် လက်ဆွဲခြင်းကို ယမ်းလျက် လူများကို တိုးဝှေ့ပြီး တနေရာသို့ ပြေးလွှားသွားလေသည်။ သူသည် ဈေးအလယ်ဘက် ကွက်လပ်ထိပ်တွင် လူတယောက်၏ပခုံးကို လိုက်၍ပုတ်လေသည်။ ထိုသူသည် သူ့ဘက်သို့ ပြန်လှည့်လိုက်၏။


ထိုသူ၏မျက်နှာကို ကျနော်သည် အဝေးမှ လှမ်းမြင်နေရသည်။ သူသည် ဝေ့ကို လျင်မြန်ဖျတ်လတ်စွာ ပြုံးပြနှုတ်ဆက်လေသည်။ သူတို့သည် မျက်နှာချင်းဆိုင် ရပ်နေ၏။ လူများတိုးဝှေ့နေသဖြင့် သူတို့ချင်း ပို၍ နီးကပ်သွားပြီး ထိစပ်သွားခမန်း ဖြစ်နေပေသည်။


အိမ်ထောင်သက် ဆယ့်နှစ်ရက်။ ဝေနှင့်ကျနော့် အိမ်ထောင်သက်မှာ နုနယ်လှသေးသည်။ လူကြီးများဖြင့် တောင်းရမ်းရသေးသည် မဟုတ်၍ သူနှင့် ကျနော့် အိမ်ထောင်သက်ကို အိမ်ထောင်သက်ဟု ခေါ်ဆို၍ ရချင်မှရဦးမည်။ ဤဆယ့်နှစ်ရက်တာ အချိန်တိုကလေး၌ပင် ကျနော့်စိတ်နှလုံး ကြည်လင်ချမ်းမြေ့နေသည်တို့ကို တခုခုသည် ပဋိပက္ခပြုရန် ပေါ်လာတော့မည်ထင်သည်။ ဝေနှင့်စကားပြောနေသူမှာ မော်တော်ကားသမားလောကတွင် မ်ိန်းမမှု၌ နာမည်အကြီးဆုံး ကားသမားတဦးဖြစ်လေသည်။ သူ့့မျက်နှာပုံပန်း ပြုံးရယ်ပုံမှအစ သူ၏ မိန်းမမှုပွေသောအကျင့်စာရိတ္တကို ဖေါ်ပြပေးနေသလို ယခု ဝေသည် ထိုသူနှင့်ရယ်မော၍ အချိန်ပေါင်းများစွာကုန်အောင် စကားပြောဆိုနေသည်။ ထို့နောက် အချိန်များစွာကြာမှ ထိုသူသည် ပြုံးရယ် နှုတ်ဆက်ပြီး သူ့လမ်းသူ ဆက်လျှောက်သွားပြီး ဝေသည် ဈေးထိပ်ဘက်သို့ လျှောက်လာသည်။ ဝေ့ကိုယ်လုံးကလေး ရွေ့လျားလှုပ်ရှားဟန်မှာ တပ်မက် ချစ်စဖွယ်ဖြစ်နေ၍ ဝေ့မျက်နှာပေါ်တွင် ရွှန်းလက်တောက်ပသော အပြုံးမှာ ဝေနေဆဲ ဖြစ်လေသည်။


ထိုနောက် သူသည် အတက်ဖက်၌ ကျနော့်ကို လှမ်းတွေ့ပြီး အပြေးတပိုင်း တက်လာသည်။ သူသည် ကျနော့်နံဘေးသို့ရောက်လာပြီး ကျနော့်လက်ကို လှမ်းဆုပ်ကိုင်လိုက်လေသည်။


̒ ကိုကို ဘာလို့ခင်ဝေ့ကိုမစောင့်တာလဲ၊ လူကြားထဲမယ် ပျောက်သွားတယ် ̓ 


သူက ပြောသည်။ ကျနော်သည် ပြန်၍ ပြုံးပြနေသည်။


̒ စားရတော့သာ ဘာမှ မဟုတ်တာနော် ကိုကို၊ ဈေးထဲမယ် လျှောက်ဝယ်ရတော့ ငွေကုန်တာ စိတ်မောလိုက်တာ၊ ငွေတဆယ်သာ ဖျက်ကနဲ ကုန်သွားတယ်၊ ဝယ်လို့ပါလာတာ ကျတော့လဲ ဘာမှ မဟုတ်ဖူး။ အမဲသား အစိတ်သား၊ ဆီ သုံးဆယ်သား၊ ခင်ဝေ ဟိုဘက်ဒေါင့်က အထည်ဆိုင်ပေါ်က အထည်တခု ကြိုက်လိုက်တာ၊ နီညိုရောင်ထဲမယ် ရွှေရောင် အပြောက်ကလေးတွေ ပတ်ထားသလိုဘဲ၊ မနက်ဖြန် ရှိသေးရင် ခင်ဝေ ဝယ်မယ်နော် ̓


သူနှင့်ကျနော် လမ်းမအတိုင်း ပြန်လျှောက်လာကြသည်။ အစောက မိုးရွာထားသဖြင့် လမ်း၏အနိမ့်ကွက်များ၌ ရေအိုင်ကွက်ကလေးများ ထင်ကျန်နေရစ်ခဲ့ပြီး ယခု သာယာသောနေခြည်များ တောက်ပလာသောအခါ ရေအိုင်ကွက်ကလေးများသည် မှန်သားလို ရောင်ပြန် ထတောက်နေသည်။ အစောပိုင်းက မိုးသားနှင့် နေခြည်သည် ပဋိပက္ခဖြစ်နေပြီး နေခြည်သည် မိုးသားတို့ကို တစချင်း ဖယ်ရှားလွှင့်ပစ် အနိုင်ယူခဲ့သည်။


ကျနော်သည် စိတ်နှလုံးထဲ၌ ရုတ်တရက် ပေါ်လာသည့် အရှုပ်အထွေးများကို မောင်းနှင်ထုတ်နေသည်။ ဝေသည် ကလေးစ်ိတ်၊ ကလေးဝမ်း၊ ကလေးအတွေး၊ ကလေးအပြုအမှုဖြင့်သာ ပြုတတ်သော အရွယ်ရောက်စ မိန်းကလေး။ ဝေ့၌ အစဉ်းစား အဆင်ခြင်တုံတရား မရှိသေး၊ လိမ်လည် လှည့်ဖျားကောက်ကျစ်တတ်မှု မရှိသေးသော၊ ဖြူစင်သန့်စင်သော အရွယ်ကလေးဖြစ်၏။


သို့သော် ဝေသည် ထိုသူနှင့် မည်သည့်စကားများ ပြောဆိုခဲ့သနည်း။ မည်သည့် အချိန်အခါမှစ၍ ထိုသူနှင့် သိကျွမ်းနေခဲ့သနည်း။ မည်သို့မည်ပုံ သိကျွမ်းခဲ့သနည်း။ ဤသံသယတို့သည် ဝေ့ကိုချစ်သည့်စိတ်ကြောင့် မနာလို ဝန်တိုကာ ပေါက်ဖွားလာနေသည်။ ဝေ့အမေ၏ စိတ်ဓာတ်များသည်လည်း ဝေ့ကို ကူးစက်ခဲ့ပြီ ဖြစ်နိုင်သည်။ ဝေ့အမေ၏ ယခု နောက်ဆုံးအိမ်ထောင်သည်မှာလည်း အသက်ငယ်ရွယ်သူတဦးဖြစ်၍ မ်ိန်းမမှုတွင် မည်သည့်မိန်းမကိုမျှ မရှောင်ရှားတတ်သော စာရိတ္တ ချွတ်ယွင်းလွန်းနေသူတဦးဖြစ်သည်။ ဝေနှင့်ထိုပထွေးသည် ကျဉ်းကျပ်သောတန်းလျား၏ အခန်းငယ်ကလေးထဲတွင် အိပ်ရာချင်း နီးစပ်လျက် အချိန်ပေါင်းများစွာ အတူတကွ နေခဲ့ရ၏။ ဝေ၌ ထိုကဲ့သို့ တွေးဝံ့စရာမရှိသော နောက်ကြောင်းအရှုပ်အထွေးများ မရှိနိုင်ဘူးလား။


သို့သော် ဝေကို ကျနော်သည် ယုံကြည်နေ၏။ ယုံကြည်မှုနှင့် သံသယတို့သည် ကျနော့်စိတ်နှလုံးသားထဲ၌ ပဋိပက္ခဖြစ်နေသည်။


̒ ဟင်းချက်ဖို့ ဒယ်အိုးတလုံးတောင် ဝယ်ရမယ် ကိုကို၊ အိမ်ထောင်ပစ္စည်းအတွက် ဝယ်ရတဲ့ ငွေတွေကို ခင်ဝေတော့ နှမြောလာဘီ၊ ဝယ်လို့ကို ကုန်နိုင်တော့တယ် မရှိဘူး၊ တခုဝယ်ပီး ပြည့်ဘီလို့ထင်နေရုံရှိသေးတယ်၊ နောက် မဝယ်မဖြစ်တဲ့ တခုခုက ပေါ်ပေါ်လာတာဘဲ၊ မနက်ဖြန် ကိုကို တောသွားဘို့ ဝတ်ဖို့ယူနီဖောင်းတောင် မလျှော်ရသေးဘူး၊ ဒါနဲ့ခင်ဝေတို့ပြောင်းရခါနီးလာရင် အိမ်ထောင်ပစ္စည်းတွေ သိပ်မဝယ်တာ ကောင်းမယ် ထင်တယ်နော်၊ လေးငါးဆယ်ရက်နေတာ ဖြစ်သလိုဘဲ နေကြတာပေါ့နော်၊ မပြောင်းခင် အမေတို့ဆီ ပြန်အပ်တာ ဘာညာလဲ လုပ်အုံးမှနော်၊ အဲဒါကလဲ ငွေကုန်အုံးမှာဘဲ၊ ခင်ဝေတော့ အဟုတ်စိတ်ညစ်လာဘီ ̓


ကျနော်တို့နေသည့်အိမ်ကို လမ်းထိပ်မှ လှမ်းမြင်ရလေသည်။ အိမ်ရှေ့လမ်းကြား သဲမြေများမှာ မိုးရွာပြီးလျှင် ပြန်၍ခြောက်သွေ့သွားလျက် မိုးရွာဆဲခဏ၌သာ ရေတင်နေတတ်လေသည်။


အိမ်တံခါးကို ဖွင့်နေစဉ်၌ ဝေသည် သီချင်းတပုဒ်ကို တီးတိုးညည်းနေသည်။ ကျနော့်စိတ်များ ရှုပ်ထွေးနေလျက် သူနှင့် ပဋိပက္ခ စဖြစ်ရတော့မည်ကို စိုးရိမ်နေသည်။ အစောက ကိစ္စကို အေးအေးငြိမ်းငြိမ်း ပြီးသွားစေချင်သည်။ ဝေ့ကိုမေးလျှင် ဝေသည် အေးအေးဆေးဆေးပင် သူနှင့်ထိုသူ မည်ကဲ့သို့စကားများ ပြောဆိုခဲ့သည်ကို ရယ်ပြုံးရင်း ပြန်ပြောပါလိမ့်မည်။ သူ့သီချင်းသံများကို ကျော်လွန်၍ ညို့နေသောမိုးသည် ရုတ်တရက် သွန်းရွာချလို်က်ပြီး သွပ်အမိုးပေါ်သို့ မိုးရေစက် ထိမှန်သံများ ဆူညံသွားသည်။ သို့သော် သူသည် သီချင်းကို ပို၍ အော်ဟစ်ဆိုလိုက်ပြန်သည်။


အိမ်တံခါးပွင့်သွားပြီး ကျနော်သည် သူ့နောက်မှ လှမ်းဝင်လိုက်သည်။ သူသည် တံခါးရွက်အကွယ်တွင် သူ့ကိုယ်ကလေးကို ရုတ်တရက် ကျနော့်ရင်ခွင်ထဲသို့ ပူးကပ် တိုးဝင်လိုက်လျက် သူ့ပါးကို ထိုးပေးလိုက်သည်။ ကျနော်သည် သူ့ကိုယ်လုံးကလေးကို စိတ်မပါစွာဖြင့် ဝတ္တရားကျေဖက်လိုက်ပြီး ပြန်၍လွှတ်လိုက်သည်။ သူသည် ကျုန်နေသော သီချင်းတပိုင်းတစကို ဆက်ဆိုကာ လက်ဆွဲခြင်းကို ကြောင်အိမ်ပေါ် တင်ပြီး မီးများ ဖွင့်လိုက်လေသည်။ အိမ်တခုလုံးမှာ မီးပွင့်များ ထိန်လင်းသွားလျက် သူ့သီချင်းသံကလေးဖြင့် သာယာချမ်းမြေ့ဖွယ် ဖြစ်နေသည်။


̒ ဝေ ̓ ဟု ကျနော်သည် တိုးတိုးခေါ်ပြီး သူ့နောက်သို့လျှောက်သွားလျက် ဧည့်ခန်းအလယ်တွင် နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေမိကြသည်။ ကျနော်သည် သူ့မျက်နှာတခုလုံးကို အထပ်ထပ်လွှာပြီး ကြည့်နေသလို ကြည့်နေသည်။ သူ့ပခုံးပေါ်သို့ ကျနော်သည် လက်ကို လှမ်းတင်လိုက်ပြီး ဖျစ်ညစ်ဆုပ်ကိုင်လိုက်သည်။ ကျနော့်မျက်နှာမှာ ငြိမ်သက်နေလျက် မဲညို့နေပြီး ကျနော့်လက်ချောင်းများမှာ မသိမသာ တုန်ယင်နေသည်။


̒ ကိုယ် စကားပြောစရာရှိလို့ဝေ၊ အခုလောလောဆယ်ဆယ် ပူပူနွေးနွေးဘဲ မေးရပြောရမှာဘဲ၊ ကိုယ် လေးလေးနက်နက်မေးတာ ပြောတာလို့မင်း သတိထားပါ၊ တိုတိုနဲ့လိုရင်းဘဲ တိုက်ရိုက်ဘဲမေးမယ်၊ ဝေနဲ့ဈေးလယ်ခေါင်မယ် ပူးပူးကပ်ကပ် ရယ်လားမောလား စကားပြောတာ ဘယ်သူလဲ၊ ဘာစကား ပြောကြတာလဲ ̓


ထိုအခါတွင် ရုတ်တရက် သူ့မျက်နှာပေါ်မှ အပြုံးမှန်သမျှ ပျောက်ကွယ်သွားပြီး သူသည် ဆွံ့အနေသူကဲ့သို့ပင် ကျနော့်မျက်နှာကို ငေး၍ ကြည့်နေသည်။ သို့သော် သူ့မျက်နှာ၌ သွေးရောင်လျှမ်းသွားနေသည်။


̒ ပြောလေ ဝေ၊ အဲဒါ ဘယ်သူလဲ၊ သူနဲ့ ဝေနဲ့ ဘာကိစ္စအတွက် စကားပြောကြတာလဲ၊ ဘယ်လိုစကားမျိုး ပြောကြတာလဲ၊ သူနဲ့စကားပြောချင်လို့ ဝေ ကိုယ့်ကို တမင်မျက်ခြေဖြတ်ခဲ့တာလား၊ သူနဲ့ဝေနဲ့ သိတာ ဘယ်လောက်ကြာပလဲ၊ ပြောလေ ပြော၊ အဲဒီလူဟာ ဘယ်လို လူစားလဲဆိုတာ ကိုယ်သိတယ်ဝေ၊ ဝေဟာ အရင်ကလို လွတ်လွတ်လပ်လပ် မဟုတ်တော့ဘူးဆိုတာ အမြဲတမ်း သတိထားရမယ်၊ အိမ်ထောင်သည်တဦးဆိုတာ ပိုပြီးသတိထားရမယ်၊ အပေါင်းအသင်းဆိုတာ လုပ်သင့်တဲ့လူ၊ လုပ်ထိုက်တဲ့လူကိုမှ လုပ်ရမယ်၊ ကိုယ်နဲ့ပေါင်းသင်းနေချိန်မယ် ဝေဟာ ဟိုတုန်းက မိခင်ဝေ မဟုတ်တော့ဘူး၊ ဟိုတုန်းကလို ပြောလို့နေလို့ မဖြစ်တော့ဘူး၊ တောအုပ်ကလေးတဦးရဲ့ဇနီးသယ် ဖြစ်နေဘီ၊ ဒါကို စိတ်ထဲ အမြဲထည့်သွင်း စဉ်းစားထား၊ ကဲ ပြောလေဝေ၊ မင်းတို့ ဘယ်လိုစကားမျိုး ပြောခဲ့ကြတာလဲ၊ ကိုယ့်ပြောပြစမ်းပါအုံး ̓


ကျနော်သည် သူ့ပခုံးကို ကိုင်လှုပ်နေလျက်၊ သူသည် အရုပ်ကလေးတခုကို ကိုင်အလှုပ်ခံနေရသလို လှုပ်ရှားနေသည်။ သို့သော် ရုတ်တရက် သူသည် သူ့ကိုယ်ကို ရုန်းထွက်လိုက်လေသည်။


 ̒ အခု ဘာစကားပြောတာလဲ....̓ ဟု အော်လိုက်လျက် သူ့အော်ဟစ်လိုက်သံမှာ မိုးသံနှင့် ရောထွေး ဆုညံသွားပြီး သူ့ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ယင်သွားသည်။


̒ စကားပြောတာ ကြည့်ပြောရတယ်၊ လူတယောက်ကို ပြေပြေပြစ်ပြစ် မပြောဘဲနဲ့တရားခံလို အောက်မေ့နေလို့ဘယ်ရမလဲ၊ တရားခံလိုစစ်နေလို့ ဘယ်ရမလဲ၊ စက်ထဲက အလုပ်သမားဆိုပီး သက်သက် အထင်သေး နှိမ်ပီး စော်ကားနေတာ ̓


̒ မအော်ပါနဲ့၊ ဘေးအိမ်ကြားမှာ မင်း မရှက်တတ်ပေမယ့် ကိုယ်ရှက်တယ်၊ ကိုယ်မေးတာသာ ဖြေစမ်း ဝေ ̓


̒ ပြောပြရမလား ̓


̔ ကွေ့လယ်ရှောင်ပတ် လုပ်မနေစမ်းပါနဲ့၊ ကိုယ်မေးတာသာ ပြောစမ်းပါ၊ အဲဒီလို လူစားမျိုးနဲ့အပေါင်းအသင်းဖြစ်တဲ့ မိန်းမဆိုရင် ကိုယ်ကတင် အထင်သေးတာ မဟုတ်ဖူး၊ လူတိုင်းကပါအထင်သေးတယ်။ မင်း အဲဒီလိုလူမျိုးနဲ့စကားပြောချင်ရင် လူရှေ့သူရှေ့ လူတွေအများကြီးထဲမယ် မပြောရဘူးဝေ၊ ကိုယ် မင်းကို အထင်မသေးချင်လို့ မေးနေတာလေ၊ အထင်သေးချင်တယ်ဆိုရင် မေးနေဘို့တောင် မလိုဘူး၊ ကဲ...မေးတာသာ ဖြေစမ်း ဝေ ̕


̔ ပြောပြရမလား၊ အဲဒါ ကျမနဲ့တွေ့ဘို့ချိန်းတာ၊ မနက်ဖြန် ရှင် တောဘက်ထွက်ရင် ဒီအိမ်မယ် လာတွေ့ပါလို့ ချိန်းတာ၊ ကျမနဲ့ဖြစ်နေတာ ကြာဘီ၊ သူ့မယ် သားမယားကြီး ရှိနေလို့ ယူလို့မဖြစ်ကြတာနဲ့ ရှင့်ကိုယူရတာ၊ ရှင်းသွားပလား၊ ရှင့်ကိုပါးရိုက်မိလို့့သနားပြီးလိုက်လာတာ၊ သေရပါတော့မယ်ဆိုလို့ သနားပီး လိုက်လာတာ၊ အခု ရှင်က လူစကား မပြောဘူး၊ လူလို မမေးဘူး၊ လူလိုမပြောဘူး ̕


သူ့့အသံမှာ အထိန်းအချုပ်မရှိဘဲ ဆူညံသွားလျက် ပဋိပက္ခတို့ကို ပေါက်ကွဲစေရန် မီးရှို့ပေးလိုက်လေသည်။ သူသည် ရင်ကိုကော့ပြီး ခါးကို ထောက်ပစ်လိုက်၏။


̒ တော် ̓̓ ဟု ကျနော်သည် သံကုန် အော်ဟစ်လိုက်ပြီး ဒေါသမွှန်ထူစွာဖြင့် နှုတ်ခမ်းကိုက်ထားသည့် သူ့မျက်နှာပေါ်သို့ လက်သီး အားကုန် ပစ်ထိုးလိုက်လေသည်။ လက်သီးနှင့် သူ့မျက်နှာ ထိသွားသည်ကို သိလိုက်ပြီး သူသည် နောက်သို့ ပက်လက်လန် ပစ်လဲ ကျသွားသည်။ သူသည် ထိုနေရာမှ လူးလဲထပြီး ပါးစပ်မှအထိန်းအကွပ်မရှိ ဆဲရေး တိုင်းထွာလိုက်လေသည်။ ရုန့်ရင်းကြမ်းထမ်းသော စက်ဆုပ်ဖွယ်ရာ သူ့့စကားများသည် အိမ်ပေါ်၌ ဆူညံနေသည်။


 ̒နင် ငါ့ကို တမင် နှိပ်စက်တာ၊ နင်ပြောင်းရတော့မှာမို့လို့ ငါ့ကို အိမ်ပေါ်က ဆင်းသွားအောင် တမင်နှိပ်စက်တာ ̕ ဟုလည်း အော်ပြောနေ၏။ ထို့နောက် တိုး၍ ဆဲရေးနေ၏။ ကျနော်သည် သူ့ကိုယ်ကို ဆွဲထူလိုက်ပြီး မျက်နှာကို တချက်ပြီးတချက် ဖြတ်ရိုက် နေမိသည်။


ထို့နောက် သူ့ကို တွန်းလှဲပြီး ထားပစ်ခဲ့၏။ ကျနော်သည် တံခါးကို ဆောင့်ဖွင့်လိုက်ပြီး အိမ်ပေါ်မှ အပြေးဆင်းလာခဲ့၏။ ဤ စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်သည် စိတ်နှလုံးထဲ၌ ပြင်းထန်စွာ လှုပ်ရှား ရိုက်ခတ်နေသည်။


၄။

ကျနော်သည် အိပ်ခန်းဝ၌ ရပ်နေရင်း နေ့လယ်ကပင် ရလာသည့် ရုံးမှ ပြောင်းရွှေ့အမိန့်စာကို သတိရနေသည်။ အညာသစ်တောဒေသကို ကျနော်ပင်လျှင် ပြောင်းရွှေ့ခွင့် လိုလိုချင်ချင် လျှောက်ထားခဲ့လျက် ယခု အမိန့်စာမှာ မနက်ဖြန်ကာ ပြောင်းရွှေ့ရတော့မည် ဆိုသောအခါ၌ စိတ်ထဲတွင် တမျိုးဖြစ်နေသည်။ ပြောင်းရွှေ့ရာ၌ သည်အတိုင်းဆိုလျှင် ဝေ ပါလာနိုင်တော့မည် မဟုတ်ပေ။ ဝေ အိမ်ပေါ်မှ ဆင်းသွားခဲ့သည်မှာ ဆယ်ရက်ပင် ရှိလေပြီ။ ပြက်ချော်ချော်လိုနှင့် ဇာတ်လမ်းကလေးတခုမှာ အလွယ်ကလေးနှင့် ဖြစ်ပျက်လိုက်ပြီး သစ်သီးမှည့် ကြွေသလို အလွယ်ကလေးနှင့် ဆုံးခန်းတိုင်သွားတော့မည် ထင်သည်။


အိပ်ခန်း ခုတင်ပေါ်တွင် ခြင်ထောင်ကြိုးစများ ပြတ်တောက်နေ၍ ခြင်ထောင်သည် တွဲလဲကျနေသည်။ ခေါင်းအုံး၊ စောင်၊ အဝတ်အစားများ ကစဉ့်ကရဲ ရှုပ်ပွနေသည်။ ခုတင်အောက်မှ ဝေ့သေတ္တာကလေးမှာ အဖုံး ပွင့်နေလျက်သား။ သူ အနှစ်သက်ဆုံး အဝါတန်းထဲတွင် ရွှေမျှင်များ ယက်ရှယ်ထားသည့် နိုင်လွန်ပိုးသား အင်္ကျီကလေးနှင့် နောက်ဆုံးနေ့က ဈေးထဲတွင် ဝယ်ခဲ့သည့် အဝတ်အစားများအားလုံးမှာ သေတ္တာထဲ၌ ကျန်ခဲ့သည်။ လက်ကောက်ပါးကလေးနှင့် ဆွဲကြိုးကလေးမှာလည်း သေတ္တာအောက်၌ စက္ကူနှင့် ထုပ်ပြီး ပစ်ထားသည်။ အိမ်ပေါ်ရောက်မှ ဝယ်သည့် ပစ္စည်းများကို တခုမျှ ယူမသွားဘဲ သူ့ထမီအနွမ်း အင်္ကျီစုတ်ကလေးကိုသာ ဝတ်ဆင်၍ ခေါင်း၌ တဘတ်ရစ်ပတ်ပြီး ဂျပန်ဖိနပ်အိုကလေးကိုစီးလျက် အိမ်ပေါ်မှ ဆင်းသွားခဲ့လေပြီ။


ရန်ဖြစ်သည့်နေ့က ကျနော် ပြန်လာသောအခါတွင် အိမ်ပေါ်၌ သူ ကို မတွေ့ရတော့ပေ။ ဆွဲကြိုးဝယ်သည့်နေ့က သူသည် ဆွဲကြိုးကို လည်းပင်၌ ဆွဲထားပြီး ဝမ်းသာရွှင်မြူးစွာ ကလေး ကလေးတယောက်ကဲ့သို့ပင် ကျနော့်လည်ပင်း ယီးလေးခိုလျက် ပါးနှစ်ဖက်အား နမ်းခဲ့သည်ကို ယခု သတိရဖြစ်နေသည်။ ကျနော့်ရင်ထဲတွင် ဒေါသလိုလို ဒေါသမဟုတ်သော မီးတောက်များသည် တောက်လောင်နေ၏။ ဝေသည် ဗီဇမမှန် အညှာလွယ်လွန်းသော မိန်းကလေး။ သူသည် ကားသမားနှင့် တကယ်ပင်ဖြစ်ခဲ့ပြီး စွဲလမ်းနေခဲ့မည်။ သူ့မိဖအိမ်သို့ပြန်သွားခြင်း ဟုတ်ချင်မှဟုတ်မည်။ မိဖအိမ် မရောက်မီ လေးငါးရက် ကားသမား၏ရင်ခွင်တွင် ခိုလှုံနေမည်။ သူသာ ရိုးရိုးသားသားဆိုလျှင် ပြေပြေပြစ်ပြစ်နှင့် ပြောပြလိမ့်မည်။ ယခုကား သူသည် ဒေါသဖြစ်ပြလျက် သူ့့အပြစ်များကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည် ထင်သည်။ မိမိသည် မည်သည့်အတွက်ကြောင့် ဤဗီဇမမှန်သော မိန်းမတဦးကိုမှ ရွေးချယ်စွဲလမ်းနေရမည်နည်း။


̔ ယောက်ျားဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ရမှာပေါ့၊ တင်းမာနိုင်ရမှာပေါ့ 'ဟု ကျနော်သည် စိတ်ကို လှည့်စားနေသည်။


သို့သော် ဤအခန်းဝ၌ တနေ့တွင် ဝေ က‚ နေသည်ကို ကြည့်ခဲ့ဘူးသည်ကို ပြန်၍သတိရမိသောအခါ ဝေသည် ကလေးစိတ်ကလေးနှင့် မနှိုင်းမချိန် ပြောဆိုလုပ်ကိုင်ခဲ့ခြင်း ဖြစ်လိမ့်မည် ဟု တဖက်က ဖြေလျော့တွေးနေသည်။ သူသည် ရိုးရိုးသားသား ပြောဆိုရန် တခုခုရှိ၍ ပြောဆိုခြင်းသာဖြစ်လိမ့်မည်။ သူ့အပေါ်တွင် ထားရှိသည့် မိမ်ိ၏ချစ်စိတ်များက သဝန်တိုစိတ်ပေါက်ဖွားလျက် သံသယဝင်လာခြင်းသာ ဖြစ်လိမ့်မည်။ ထိုနေ့က မိမိမေးမြန်းနေပုံသည်လည်း သူ့ကို အထင်သေးလွန်းပြီး သူပြောသည့် အတိုင်း တရားခံစစ် စစ်ဆေးနေခဲ့၍သာ သူက ပြန်လှန်ရွဲ့စောင်းသွားခြင်း ဖြစ်မည်။ အကယ်၍ မိမိကသာ ပြေပြေပြစ်ပြစ် မေးခဲ့လျှင် ဝေသည် အကြောင်းစုံကို ရေရေလည်လည် ပြောပြလိမ့်မည်ဟု တွေးမိပြန်သည်။


ကျနော်သည် အိပ်ခန်းဝမှ လှည့်ထွက်လာပြီး ဧည့်ခန်းကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာထိုင်လိုက်ကာ ပြတင်းပေါက်တံခါးကို ဖွင့်လိုက်လေသည်။ အပြင်ဘက်၌ လွန်ခဲ့သော ရက်နှစ်ဆယ်ကျော်ကျော် သူ့ကို ခိုးပြေးလာခဲ့သည့် ညကလိုပင် မိုးမှုန်များ ကျနေလျက် အပြင်ဘက် သဲလမ်းပေါ်တွင်လည်း မိုးစက်များ ခုန်ပေါက်ကျနေသည်။ ပြတင်း၏ဘောင်ကို ထိမှန်ပြီး စဉ်လာသည့်မိုးစက်များသည် ကျနော့်မျက်နှာကို ပြေးလာမှန်နေကြလေသည်။ ပြတင်းပေါက်ကို ပိတ်ပစ်ရန် စိတ်ကူးရသော်လည်း သည်အတိုင်း ထားလိုက်သည်။ ဖြစ်လိုရာ ဖြစ်စေ၊ သည်အတိုင်းကြည့်နေတတ်သော စိတ်နှလုံးသားမျိုးရှိနိုင်ရမည်။ တခါတရံ မခံမရပ်နိုင်တော့အောင် ဆိုးရွားလွန်းလာသော အခြေအနေတွင် လူသည် ဘဝကို ဖြစ်လိုရာဖြစ်စေတော့ဟု ပစ်ထားနိုင်သောသဘောထားမျိုး ရှိနိုင်ရပေမည်။


သူ့အပေါ်၌ မိမိချစ်မိသည့်စ်ိတ်၊ မိမိချစ်မိသည့် မေတ္တာ၊ ကျနော်သည် ရင်ထဲ၌ တင်းကျပ်နေသမျှတို့ကို တဖြည်းဖြည်း ဖြေလျော့ချနေသည်။ ကျနော့်စိတ်နှလုံးသားတို့ကို ဝေ၏ကလေးဆန်မှုအပေါင်းက အနိုင်ယူနေသည် ထင်မှတ်ရ၏။ မည်မျှလောက်အထိ ကလေးဆန်ပါသနည်း။


တညနေကို ကျနော် သတိရပြန်သည်။ ထိုညနေက ဝေသည် ကျနော့်အနား ပြတင်းဝတွင် ရပ်ပြီး သီချင်းတပုဒ်ကို တီးတိုးဆိုနေသည်။ အိမ်ရှေ့လမ်းကြားထဲတွင် ဈေးသွားဈေးပြန်များ ရယ်မောပြီး စကားပြောဆို သွားနေကြသည်။ သူသည် သီချင်း ဆိုနေရင်းမှ ကျနော့်လည်ပင်းကို ရုတ်တရက် ယီးလေး ခိုလိုက်သည်။ သူ့ကိုယ်လုံးအလေးချိ်န်ကြောင့် ရုတ်တရက် ကျနော့်ကိုယ်မှာ ထိုင်သွားလေသည်။ လမ်းပေါ်မှ အမျိုးသမီးများ၏မျက်နှာမှာ ပြုံးသွားကြလျက် သူတို့သည် ခေါင်းငံုံ့သွားကြ၏။


̔ ဝေကလဲ ပြတင်းပေါက်ကြီးမယ်၊ ဖယ်စမ်းပါအုံး၊ လမ်းပေါ်ကလူတွေ ကြည့်သွားကြတယ်၊ ရှက်စရာမကောင်းဘူးလား ̕


သူသည် လည်းပင်းခိုထားသောလက်ကို မလွှတ်သေးဘဲ ကလေးငယ်ကဲ့သို့ အသံကိုဖွင့်ပြီး ရယ်လိုက်သည်။


̒ ကြည့် ကြည့်လေ၊ ကြည့်တော့ ဘာဖြစ်သေးသလဲ၊ သူတို့က မနာလိုလို့လား၊ ဟုတ်လား၊ ကိုယ့်ယောက်ျားကိုယ်ဖက်တာဘဲ၊ ဘယ်သူ့မျက်နှာ ထောက်ညှာနေရအုံးမှာလဲ၊ မောင်ကိုကို်ဆိုတာ ခင်ဝေ့ယောက်ျားလေ၊ ခင်ဝေ့လင်၊ ပြတင်းပေါက်မှာဘဲဖက်ဖက်၊ အိမ်ထဲက အိပ်ယာထဲမှာဘဲဖက်ဖက်၊ ဒါအဆန်းလား၊ ဘာလဲ ကိုကိုက လူမြင်မခံချင်တာ သူ့ကိုယ်သူ လူပျိုလုပ်နေချင်းသေးလို့ထင်တယ်၊ ဟိုအထဲမယ် ကိုကို့အဆက် တယောက်ယောက်တော့ ပါတယ်ထင်တယ်၊ ဟိုခေါင်းငုံ့သွားတဲ့ ကောင်မလားဟင်၊ အလှသားဘဲ၊ ကြည့်နေနော်၊ ဖက်ပြရုံတင်မှုတ်ဖူး၊ နမ်းကိုနမ်းပြလိုက်မယ်၊ နမ်းတော့မယ်ဗျို့လို့အော်ပီးကို နမ်းပြလိုက်မယ်၊ အော်လိုက်တော့မယ်နော်၊ နမ်းပါတော့မယ်ဗျို့ ̓


သူသည် တကယ်ပင် အော်လိုက်လေသည်။ ကျနော်သည် ̒ ဟေ့ ̓ ဟု အော်၍ ဟန့်တားလိုက်၏။ သူသည် ကျနော့်လည်ပင်းကို နှိမ့်ပြီး ရယ်နေသောသူ့မျက်နှာကို ဇွတ် ရှေ့တိုးလိုက်လေသည်။ ကျနော်လည်း ရယ်ပြီး ပြတင်းဝမှ လျင်မြန်စွာ ထိုင်လိုက်ရလေသည်။ သူသည်လည်း ကျနော်နှင့်အတူ ပြတင်းရှေ့ ပြောင်လက်နေသော ကြမ်းပြင်ပေါ်သို့ လဲကျလာသည်။


̒ ဒုက္ခဘဲ၊ ဝေဟာ ခလေးမဟုတ်တော့ဘူး၊ ဇွတ်မပြောရဘူး၊ တော်ကြာ က္ကုနြေ္ဒမရှိတဲ့ မိန်းမလို့ ဝိုင်းထင်သွားကြမှာဘဲ၊ မင်းနဲ့တော့ ခက်ပါတယ်၊ အိမ်ထောင်ရှင်မဖြစ်လာရင် အပျိုစင်ထက် ဆယ်ဆလောက် ဣနြေ္ဒရှိ်မှ တန်ရုံကျတယ်၊ အပျိုစင်ဆိုတာ ဖြစ်စရာ တကြောင်းထဲရှိပေမယ့် အိမ်ထောင်ရှင်ကျတော့ ဖြစ်စရာအကြောင်းတွေ အများကြီးရှိတယ် ̕


ကျနော့်အသံမှာလည်း ရယ်သံပါနေသည်၊ ကျနော်သည် နုထွေးနေသည့် သူ့ပါးကလေးကို လိမ်ဆွဲလိုက်သည်။ သူသည် ထရပ်ပြီး သမင်မကလေးတကောင်၏ လျင်မြန်သွက်လက်မှုမျိုးဖြင့် မီးဖိုချောင်ဘက်သို့ ဝင်ပြေးသွားလေသည်။ သူ့ရွှင်ရွှင်ပျပျရယ်မောသံမှာ တအိမ်ထောင်လုံး၏ လိုအပ်နေသမျှ ကွက်လပ်များကို ဖြည့်တင်းပေးလိုက်သကဲ့သို့ရှိလေသည်။


အိမ်ထောင်သက် ဆယ့်နှစ်ရက်အတွင်းမှ သူ့လှုပ်ရှားမှုအပေါင်းမှာ နုပျိုသော သမင်မလေးတကောင်၏ လှုပ်ရှားမှု၊ ပျော်မြူးတတ်သော ကလေးကလေးတဦး၏ ဆော့ကစားမှုမျိုးများသာဖြစ်နေလျက် ချစ်နှစ်သက်ဖွယ်ကောင်းလေသည်။


ပြတင်းဝမှ ခုန်ဝင်လာနေသည့် မိုးစက်များမှာ လျော့နည်းလာပြီး အပြင်ဖက်၌ မိုးသည် စဲစ ပြုလေပြီ။ ကျနော်သည် ကုလားထိုင်ပေါ်မှ ထရပ်လိုက်လျက် ခုတင်ဘက်သို့လျှောက်သွားပြီး အိပ်ရာထက်၌ ညင်သာစွာ လှဲအိပ်လိုက်လေသည်။ ဝယ်ပြီးစဖြစ်သည့် ဖွင့်ထားသော သူ့သားရေသေတ္တာမှ သားရေစိမ်းနံ့သည့် ဤအခန်းကလေးထဲ၌ လှိုင်ပျံ့နေသည်။ ကျနော့်ခြေထောက်သည် ခြင်ထောင်ကြိုးတချောင်းကို ကန်လိုက်မိလျက် ခြင်ထောင်တဖက်မှာ ပြုတ်ကျသွားပြန်သည်။


ကျနော်သည် ခြင်ထောင်ကို သည်အတိုင်းပင် ထားလိုိက်၏။ မနက်ဖြန်တွင် ဝေပါမလာတော့ဘဲ ကျနော်သွားရတော့မည်။ သူ့ကိုသူ့မိဖထံတွင် တောင်းရမ်းယူခဲ့ရသည် မဟုတ်သောကြောင့် လိုက်ခေါ်၍လည်းမဖြစ်၊ သူ့ကို ပြန်၍ခိုးယူရန်လည်း သူက ကျနော့်ကို မုန်းတီးရွံ့ရှာသွားလေပြီ။ သူသည် မျိုးရိုးဗီဇ မမှန်ကန်သော မိန်းကလေးဖြစ်သည်ဟု ကျနော်သည် စိတ်ကိုတင်း၍ ဖျောက်ဖျက်ပစ်နေပြန်သည်။


ထိုအခါ ကုတင်ပေါ်၌ လက်ဝဲဘက်မှ အိပ်ရာကလေး တတောင့်ထွာမှာ ကွက်လပ်ဖြစ်နေသည်ကို မြင်မိပြန်သည်။ ကွက်လပ်နေရာကလေးသည် မလှုပ်မယှက် ငြိမ်သက်နေသည်။ စင်စစ်၌ အိမ်၏နေရာတကာတွင် ကွက်လပ်များဖြစ်နေသည်။ ကျနော့်စိတ်အတွင်းတနေရာ၌လည်း ကွက်လပ်ဖြစ်လျက် မပြည့်မစုံ ဖြစ်နေသည်။ အကယ်၍ သူသည် ရိုးရိုးသားသား စိတ်ကောက် ဆင်းသွားခြင်းဖြစ်လျှင် ကျနော်ထိုးကြိတ် ရိုက်နှက်လိုက်သည်ကို ကလေးစိတ်ဖြင့် သူ့အမေအား ငိုယိုတိုင်ကြားလိမ့်မည်။ အခုအချိန်တွင် သူ့ကို သူ့ပတ်ဝန်းကျင်မှ အများက လူကျော်တန်တား တခုလပ်မကလေးအဖြစ် မလေးမခန့် ၉ပြုကြတော့မည်။ သူသည် စိတ်ဆိုးတခဏ အိမ်ပေါ်မှ ဆင်းလာခဲ့သော်လည်း ကျနော် လိုက်ခေါ်လိမ့်မည်ဟု ယုံထားပြီး ကျနော် လိုက်အခေါ်ကို နေ့စဉ်နေ့ဆက် မြှော်လင့် တမ်းတနေတော့မည်။ တနေ့တွင် ကျနော် လာခေါ်နိုးနိုးဖြင့် ညတိုင်း သူတို့၏တန်းလျားနောက်ဖက်၌ တိတ်တဆိတ် ငိုယိုနေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျနော် လိုက်ခေါ်လျှင် သူသည် ဟန်ဆောင်ပြီး တန်းလျားဘက်သို့ ပြေးဝင်သွားလျက် တန်းလျားရှေ့မှ မသိမသာ ပြုံးပြလိမ့်မည်။


သို့သော် သူသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ရှုပ်ရှုပ်ထွေးထွေး အစားထဲမှလည်း ဖြစ်နိုင်လေသည်။ ကျနော့်ဆီမှ သူ့မိဖအိမ်ကို်မပြန်ဘဲ တနေရာ၌ ဝင်ရောက်ခိုနားချင် နားနေလ်ိမ့်မည်။ 


၅။

̔ အခု ခင်ဝေတို့လာတာ အဝေးကြီးရောက်လာဘီ၊ ဘူတာတွေ ကျော်လာခဲ့ရတာ မနည်းတော့ဘူး၊ အစောတုန်းက ကိုကို အိပ်နေသလား၊ အမေက ခင်ဝေ့ကို ညည်းယောက်ျားလာခေါ်လို့ လိုက်သွားပြီးရင် အမေ့ကို မေ့နေမှာလို့ ပြောလိုက်သေးတယ်၊ အမေများပါလာရင် ဘယ်လောက် ပျော်စရာကောင်းမလဲနော်၊ အမေတော့ လွမ်းပြီး ကျန်ရစ်ခဲ့တာ၊ ဒီနေ့ညတော့ ငိုနေမှာဘဲ၊ အမေက ခင်ဝေနဲ့တခါမှ ခွဲဘူးတာမှုတ်ဖူး၊ ဟေမန်မယ်နေတုန်းက ရွှေကျင်က ကြီးကြီးစောတို့ဆီ အလယ်ခေါ်သွားလို့ လိုက်သွားတာတောင် ဟိုမယ် နှစ်ညဘဲ အိပ်ရသေးတယ်၊ နောက်က ငိုပြီး လိုက်လာတော့တာဘဲ၊ အစောတုန်းက သူအိပ်နေတုန်း အဖွားကို အမှတ်ရလို့ အဖွားဆိုတဲ့ သီချင်းကို ပြန်ဆိုကြည့်နေတာ ̕


ရထားသည် အမှောင်ဖျော့ဖျော့ထဲဝယ် သစ်တောကြီးကို အလယ်မှ ခွဲဖြတ်ကျော်နေသည်။ သံဂုံးတွဲ၏ အပေါက်မှ သစ်တောကို ဖြတ်ကျော်လာသည့် ညလေပြေများသည် တိုးဝှေ့ဝင်ရောက်လာသည်။ ကျနော်သည် ဤ ရထားသံဂုံးတွဲထဲတွင် သူ့ပခုံးကလေးကို ဖျစ်ညှစ် ဆုပ်ကိုင်ထားနေသည်။ အိမ်ထောင်ပစ္စည်းများ တင်ထားသည့် ဤသံဂုံးတွဲထဲတွင် သူနှင့်ကျနော် နှစ်ယောက်ထဲ ရှိနေရသောအခါ နှစ်ယောက်သား အခြားသောကမ္ဘာတခုသို့ သွားနေရသည်ဟု ထင်မှတ်နေရသည်။ ထိုကမ္ဘမှာ ပို၍ ပျော်မွေ့ဖွယ်ရာကောင်းလ်ိမ့်မည်။ သူ့မျက်နှာမှအပြုံးများမှာ အမှောင်တဝက်ထဲတွင်ပင် ရွှင်မြူးတောက်ပနေသည်ထင်သည်။ သူက“ မလင်းခင် အတင်းပင်၊ ကိုရွှေလင်၊ ဆိုသရှင်၊ မြင်းကိုးစီး ဝယ်လို့ပြင် ̕ဟု အဖွားအိုတဦး၏ အသံတုန်တုန် မေးရိုက်မေးဝဲသံဖြင့် ဆိုခဲ့လေသည်။


̒ ဒီအဖွားအိုကလေးကတော့ မွှေးမွှေးပေးဘို့ကောင်းတော့တာဘဲ ̕ 


ကျနော်သည် ရယ်ပြီး ပြောလိုက်၏။


̔ အမေဆိုတာကို လွမ်းမနေတော့နဲ့ဝေရယ်၊ အမေနဲ့အတူတူနေခဲ့တာ နှစ်တွေကြာလှဘီ၊ ကိုယ်နဲ့နေရတာက ဘာကြာသေးလို့လဲ ဆိုတာကို ထည့်တွက်အုံးမှပေါ့၊ ကိုယ်တို့သစ်တောဌာနက အပြောင်းအရွှေ့ ဘာရှိလို့လဲ၊ အမှုထမ်းဆိုတာ ပြောင်းတော့ ပြောင်းရွှေ့ရစမြဲပေါ့လေ၊ မီးရထားဌာနကမှ တကယ့်ကို အပြောင်းအရွှေ့များတယ်၊ အစောက ကိုယ်ပြောခဲ့တဲ့ သိန်းဆွေကြီးဆိုရင် တော်ကြာ ပြောင်း၊ အခု ပြောင်းဘဲ၊ ကိုယ့်လူကြီးက ဘာပြောသလဲ သိလား၊ ဒို့ကတော့ မိန်းမနဲ့လစာပါရင် အမြောက်ထဲ ထည့်ပစ်လွှတ်၊ ကျတဲ့နေရာမယ် အလုပ်လုပ်မှာဘဲတဲ့၊ ဒို့သိန်းဆွေကြီးဆီ ဝင်လည်းအုံးမယ်၊ ကိုယ့်ဝေလေး ဘယ်လောက်လှတယ်ဆိုတာ ဝင်ကြွားရအုံးမယ်၊ အမေကို လွမ်းမနေနဲ့၊ သူတို့မပါဘဲ ဒို့ချည့်ဆိုတော့ ဘယ်လောက် လွတ်လပ်သလဲ၊ ဘယ်လောက် ပျော်စရာကောင်းသလဲ ̕


̒ 'ပျော်ဘူး ̓


'̒ဘာပြုလို့̓


̒ ကိုကိုက ခင်ဝေ့ကို သားမှတ်မှတ် မယားမှတ်မှတ်နဲ့ပေါင်းဘို့ယူလာခဲ့တာတောင် ဟုတ်ချင်မှ ဟုတ်မှာကိုး၊ မိဖကို အသိပေး တောင်းရမ်းယူတာလဲ မဟုတ်ဖူး၊ ခိုးယူတာတောင်မှ မိဖကို ပြန်အပ် ကန်တော့ပီး ယူခဲ့တာ မဟုတ်သေးဘူး၊ ခင်ဝေ ကိုကို့ကို မယုံဘူး။ တော်တော်ကြာ သူ မပေါင်းချင်တော့ရင် ခင်ဝေ့ကို အပြစ်မရှိ အပြစ်ရှာပီး ရိုက်နှက်လွှတ်လိုက်မယ့်လူမျိုး မဟုတ်ဖူးလို့ဘယ်သူက အာမခံနိုင်မလဲ ̓


ထိုအခါတွင် အမှောင်ထဲ၌ ကျနော်သည် သူ့ပခုံးကို ကိုင်ထားသည့်လက် ဖြေလွှတ်လိုက်လေသည်။ ကျနော်သည် သေးသေးသွယ်သွယ် သူ့လက်ချောင်းကလေးများကို အမှောင်ထဲ၌ပင် စမ်းပြီး ဆုပ်နယ်နေသည်။ ဝေ့လက်ဖဝါးမှာ အလုပ်ကြမ်း လုပ်ခဲ့ရသဖြင့် ကြမ်းထော်နေ၍ ထိုကြမ်းထော်နေမှုကပင် ကရုဏါသင့်စဖွယ် ဖြစ်နေပြန်သည်။


̒ အဲဒီလိုတော့ မပြောနဲ့လေ....ဝေ၊ ချက်ခြင်း ထပြောင်းလာရပြီးတော့ မင်းကလဲ ပြန်ပြေးသွားနဲ့ ဆိုတော့ ပြန်အပ်ဖို့စီစဉ်ချိန်တို့ ဘာတို့ညာတို့ ဒို့ ဘယ်လိုလုပ်ပီး စီစဉ်နိုင်တော့မလဲ၊ ကိုယ့်အယူအဆကတော့ အကြင်နာမေတ္တာတရားလောက် ခိုင်မြဲတဲ့ အာမခံ မရှိနိုင်ပါဘူး ဝေရယ်၊ ဒို့က ဘယ်တော့မှ အကြင်နာမေတ္တာတရား ပျောက်ပျက်နိုင်ကြမှာမှ မဟုတ်ဖူး၊ ကံကောင်းလို့နော်...ကိုယ်ခေါ်မိပေလို့၊ အနို့မို့ဆိုရင် ဝေမပါလာဘဲနဲ့ဒီတွဲထဲမှာ ကိုယ်တယောက်ထဲ စီးလာရခဲ့ပြီး အဆွေးတွေ ရင်ဝယ်ပြည့်လို့ရင်ထဲက အန်ကျမခန်းဖြစ်နေရှာရမှာ ̓


ကျနော်သည် ရထားလှုပ်ရှားသံများကို ကျော်လွန်သွားအောင် လွတ်လပ်စွာ ပျော်ရွှင်စွာ ရယ်လိုက်လေသည်။ သူသည် အမှောင်ထဲတွင် ကုလားထိုင်ပေါ်မှနေ၍ မျက်နှာကို ကျနော် ရှေ့သို့ တိုးကပ်လိုက်သည်။


̒သူ မလာရင်၊ လာမခေါ်ရင် ခင်ဝေ ကျိန်ဆဲတာနဲ့ တခုခုဖြစ်တော့မှာတော့ မသိဘူး၊ လမ်းမယ် တခုခုဖြစ်ပီး ဒုက္ခရောက်မယ်၊ လူကိုက ̓


မနေ့ညက သူ့ကို လိုက်၍ ခေါ်ခဲ့သည်ကို ကျနော်သည် အမှတ်တရ ဖြစ်နေသည်။ ဖွဲ့ပြာခင်းထားသည့် စပါးစက်သို့သွားရာ လမ်းကျဉ်းကလေးသို့ ရောက်သောအခါ နံဘေးနှစ်ဖက် သရက်ပင်များကြားတွင် ခိုအောင်းနေသော အမှောင်ထုသည် လမ်းကလေးပေါ်မှာ ပို၍မှောင်နေပြီး လမ်းကို စမ်း၍နင်းနေရသည်။ ကျနော့်လက်ထဲတွင် ဝေ့သားရေသေတ္တာကလေးကို လေးလံစွာ ဆွဲလာလျက် မိုးပေါက်မိုးစက်များသည် မိုးကာအင်္ကျီပေါ်တွင် တဖျောက်ဖျောက် ထိမှန်နေလျက်၊ ကိုခင်ထွန်းအိမ်ကို အရေးတကြီး သွားရှာခဲ့သော်လည်း နှစ်ယောက်စလုံးမရှိ၊ အချိန်ကလည်း မရှိတော့၍ တယောက်တည်း စွန့်စားထွက်လာခဲ့ရသည့်တိုင်အောင် ဝေ့မ်ိဖများနှင့် မျက်နှာချင်း မည်သို့ဆိုင်ရမည်ကိုလည်း တွေးတော၍ မရသေးပေ။ ဝေ့ကို ကျနော်သည် တရားဝင် ဇနီးမယားအဖြစ် တောင်းရမ်းယူခဲ့သည်မဟုတ်သော်လည်း ဝေသည် ကျနော့်ကို ကြိုနေမည်၊ မြှော်လင့်နေမည်ဟူ၍သာ တဖက်က စွဲမှတ်ထားရသည်။


အမှောင်လမ်းကျဉ်းကလေး၏ တဖက်အစွန်းထိပ်တွင် ကျနော်သည် အချိန်ကြာညောင်းစွာ ရပ်ပြီး တွေဝေနေသည်။ ဝေ့မိဖများနှင့် ရင်ဆိုင်ရမည်ကို ရင်မဆိုင်ရဲဝံ့တော့သလို ဖြစ်နေသည်။ လှည့့်ပြန်သွားရလျှင်...


လှည့်ပြန်သွားချင်စိတ်များ ပေါ်နေသည်။ လှည့်ပြန်သွားလျှင် သူ့မျက်နှာကလေးကို မြင်နိုင်တော့မည် သူ့အသံကလေးကို ကြားနိုင်တော့မည်မဟုတ်။ ဤဆုံးဖြတ်ချက်ကလေးသည် ဝေနှင့် ကျနော့်အား တကမ္ဘာစီ ခြားသွားစေလိမ့်မည်၊ ဝေ့ကို တွေ့မည်၊ သူက ကျနော်နှင့်ပြန်မလိုက်လိုဟု ဆုံးဖြတ်လိုက်လျှင်လည်း သူ့သေတ္တာကလေးနှင့် သူ့ပစ္စည်းကလေးများကို ပေးထားခဲ့မည်။ အဖြူနှင့်အမဲ၊ အမှောင်နှင့်အလင်း၊ တခုခုနှင့်တွေ့ဆုံရန် လာခဲ့ခြင်သာဖြစ်သည်။


ကျနော့်ရှေ့၌ ချောင်းကျဉ်းကလေး တားဆီးနေသည်။ ဤဘက်ကမ်း လက်ျာဘက်၌ တဲတန်းလျားတခုရှိလျက် ကျနော်သည် လက်ရမ်းမဲ့တံတားကလေးပေါ်မှ ကျော်ပြီး ချောင်း၏တဖက်ကမ်း ဆန်စက်ဝင်းကြီးဆီ မျှော်ကြည့်နေသည်။ မိုးသည် ကျနော် တံတားထိပ်ရောက်သောအခါတွင် တိတ်သွားလေသည်။ ပျဉ်ဆယ်ပြားခန့် စပ်ခင်းထားသော်လည်း လက်ရမ်းမဲ့တံတားကလေးမှာ ယိမ်းခါနေကာ အောက်ဖက်ချောင်းကလေးထဲတွင် ရေများ ငြိမ်သက်စွာ စီးဆင်းနေသည်။ တဖက် ဆန်စက်ဝင်းထဲတွင် ဓာတ်မီးတိုင်များမှ အလင်းရောင်များ လင်းနေလျက် စပါးစက် ခုတ်မောင်းသံ၊ အလုပ်သမားများ၏ဆူသံ၊ စကားပြောဆို အော်ဟစ်နေသံ၊ စပါးသယ်အလုပ်သမား၏ ဂရိုချ့ိုး ရေတွက်နေသံများသည် လက်ရမ်းမဲ့တံတားကလေးထိပ်သို့့ပြေးလွှားရောက်လာနေကြသည်။ ကျနော်ရပ်တန့်နေရာ တံတားကလေးထိပ်သို့ စက်ဝင်းထဲမှအလင်းရောင်များ မှိန်မှိန်ဝါးဝါး ပြေးလာနေသည်။


တံတားနှင့် မနီးမဝေး၌ အလုပ်သမားများ၏နုံချာလှသော တန်းလျားများမှာ အမှောင်ထုထဲတွင် အားကိုးမဲ့လျက် ငြိမ်သက်နေသည်။ မိုးဘက် ဝင်လာပြီဖြစ်၍ ဆန်စက်ပိုင်ရှင်သည် အလုပ်သမားများကို အပြေးအလွှား စီစဉ်နေသဖြင့် အလုပ်သမားများ၏ လှုပ်ရှားမှုများမှား ပျားပန်းခတ်မျှ ဖြစ်နေသည်။ ဓာတ်မီးတိုင်အောက်မှ စပါးသယ်အလုပ်သမများ အတန်းအစီအလိုက် ဖြတ်သန်းသွားနေသည်။ သူတို့သည် ထမီတိုတိုများဝတ်ထားကြ၍ သူတို့၏ခြေသလုံးသားများမှ တောင့်ခိုင်သော ကြွက်သားမြောင်းများကို မြင်နေရလေသည်.။


 ̒ ကျမ ငါးဆယ့်သုံးခေါက်နော်...ဟိုလူကြီး ̓ ဟု အလုပ်သမတယောက်၏ ပြောလိုက်သံနှင့် ဆူညံစွာ အော်ဟစ်ရယ်မောလိုက်ကြသံများသည်လည်း တံတားထိပ်ဖက်သို့ ရောက်လာနေသည်။


̒ ယိုးဒယားမထွား သုံးဆယ့်နှစ်ခေါက် ̕


ကရို့ချိုးသူက ခါးစောင်းနေသည့်အမျိုးသမီး တယောက်ကို နောက်ပြောင်လေသည်။


' ̎မနောက်ပါနဲ့̎'


̎ ' အေးကြည် သုံးဆယ်၊ အေးရီ သုံးဆယ့်ရှစ်ခေါက်၊ ခင်နု သုံးဆယ့်နှစ်ခေါက်၊ မသန်းညွန့် သုံးဆယ့်တခေါက်၊ မခွေး အခေါက် လေးဆယ့်တိတိ၊ ခင်ဝေ လေးဆယ့်တခေါက် နော် မငြင်းကြနဲ့'

 ̎

'̎ ခင်ဝေ လေးဆယ့်တစ်ခေါက်' ̎


ကျနော်သည် တံတားထိပ်မှ ခပ်သွက်သွက်ဆင်းပြီး ဓာတ်မီးတိုင်အလင်းရောင်ရှိရာဘက်သို့ သွားနေစဉ်ဝယ် ဝေ့ကို ခိုးသည့်ညကနှင့်မခြား စိတ်လှုပ်ရှားနေသည်။ စပါးရွက်သွားနေသည့် အမျိုးသမီး အစီအတန်းကြီးထဲတွင် ဝေ့ကို ခပ်ဝေးဝေးမှ မသဲမကွဲ လှမ်းမြင်လိုက်ရလေသည်။ သူသည် စပါးတောင်းကို ရွက်ထားလျက် အများနှင့်ရောနှောပြီး စက်ဝမှ စက်အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားသည်။ 


ကျနော်လည်း ဓာတ်မီးတိုင်အောက်တွင် ဝင်ရပ်လိုက်ပြီး....'̎ ကျနော် မခင်ဝေနဲ့တွေ့ချင်လို့ပါ၊ မခင်ဝေ့အိမ်သားပါ ̎' ဟု အလုပ်သမားတဦးကို ပြောလေသည်။


သူသည် ကျနော့်မျက်နှာကို စေ့စေ့စပ်စပ် ကြည့်သွားလျက် သူ့မျက်နှာ၌ ပြုံးရိပ်သန်းသွားလေသည်။ ထို့နောက် ခပ်ဝေးဝေးစက်ဝဘက်တွင် သူတို့၏တသောသောရယ်ပွဲ ဖွဲ့လိုက်သံများသည် ဓာတ်မီးတိုင်ဘက်သို့ တဖန်ပြန်၍ ပြေးလွှားလာလေသည်။

စက်ဝမှ ဝေသည် ရှေ့ဆုံးမှ ခေါင်းဆောင်လျက် ခပ်သွက်သွက် လမ်းလျှောက်ထွက်လာသည်။ ထမီတိုတိုဝတ်၍ တောင်းကို လက်တဖက်မှ ဆွဲပြီး ပခုံးပေါ်၌ လုံချည်အစုတ်တခုတင်လျက် သူ ခပ်သွက်သွက် လျှေက်လာနေပုံမှာ အမြင် တမျိုး ခြားနားနေသည်။ ဓာတ်မီးတိုင်အလင်းရောင်ဘက်နား နီးကပ်လာသောအခါ သူ့မျက်နှာပေါ်မှ မသိမသာ အပြုံးရိပ်များကို လှမ်းမြင်တွေ့ရသည်။


ဝေသည် မီးတိုင်အနား ရောက်သောအခါ ကျနော်ရှိရာဘက်သို့ ခပ်နှေးနှေးလျှောက်လာလျက် ခေါင်းကို မသိမသာ ငုံ့လိုက်လေသည်။ ထိုခဏ၌ ဖြူညက်နေသော သူ့ပါးပြင်ပေါ်တွင် ရှက်စိတ်ဖြင့် နီထွေးသွားပြီး ̎' ခဏနေအုံးနော်၊ ဒီတခေါက်သယ်လိုက်ပီးရင် ခေါက်ရေသွားပေးလိုက်တော့မယ် '̎ ဟု တိုးတိုးပြောပြီး ပြန်လှည့်လိုက်သည်။ သူ့နဖူးပေါ်၌ ချွေးဥကလေးများ စို့နေသဖြင့် သူ့အသားရောင်မှာ ချွေးဖြင့် ပို၍ လတ်ဆတ်နုစိုပြီး ချစ်စဖွယ်ဖြစ်နေသည်။ သူစကားပြောသွားသံမှာ အသံတုန်တုန်ယင်ယင် ဖြစ်နေသည်။ သူသည် လူအုပ်ထဲ ရောနှောသွားပြီး စပါးသယ်လျက် စက်ဖက်သို့ တခေါက်ပြန် လိုက်သွားပြီးမှ တခေါက်ပြန်လာသည်။


အလုပ်သမများသည် ကျနော့်ကိုကြည့်ပြီး တယောက်က̎ ဝေလာပါဘီကိုကို ̎ဟု မကြားနိုးနား ပြောလိုက်လျက် ဝိုင်း၍ရယ်လိုက်ကြလေသည်။


ဝေသည် ဓာတ်မီးတိုင်အောက်ဖက် ကျနော့်ရှေ့၌ လာ၍ရပ်လေသည်။ ကျနော်သည်လည်း အလင်းရောင် မှုန်ပျပျအောက်တွင် သူ့မျက်နှာကလေးကို ငေး၍ကြည့်နေရင်း ရင်ထဲတွင် ကရုဏာ စေတသိက်တို့ဖြင့် သိမ့်သိမ့်ခါနေသည်။


သနားစဖွယ် စက်တွင်း အလုပ်ကြမ်းသမလေး မခင်ဝေ၊ ပင်ပန်းဆင်းရဲလွန်းရှာသည့်မိန်းကလေး မခင်ဝေ၊ အစစအရာရာ အောက်တန်းနုံနဲ့ရှာသည့် မခင်ဝေ၊ အစော်ကားခံ လူအထင်သေးခံ လူတန်းစားထဲမှ ဝေ။

ဝေ၏ ပင်ပန်းစွာ၊ မောပန်းစွာ အသက်ရှူရှိုက်သံကို ကြားနေရသည်။ ဓာတ်မီးတိုင်အလင်းရောင် မှိန်မှိန်အောက်တွင် ဆေးရောင်ပျက်နေပြီး အဖာအထေးများဖြင့် သူ့အင်္ကျီအစိမ်းရောင်မှာ နွမ်းကြေနေသည်။


'̎ မနက်ဖြန်ကို ပြောင်းရတော့မှာမို့လို့ ကိုယ်လာခေါ်တာ ဝေ ၊ ဒီကနေ့ဘဲ ရုံးက အမိန့်ထပ်ရတယ်၊ ကိုခင်ထွန်းကြီးတို့ မရွှေတို့ကိုလဲ ရှာမရတာနဲ့ ကိုယ်တော့ မနဲကို စွန့်စားပြီး ကြောက်အားနဲ့ရှေ့မျက်နှာ နောက်ထားပြီး အရောက်လာခဲ့တာဘဲ ̎'


ကျနော်သည် ပျော်ရွှင်စွာ ခပ်တိုးတိုး ရယ်လိုက်မိပြီး ထိုအချိန်တွင် စိတ်ထဲ၌ ပျော်ရွှင်ကြည်နူးနေမှုမှာ မနှိုင်းမဖော်ပြနိုင်အောင် ရှိနေသည်။


'̎ မင်း ဘာပြုလို့ စက်ထဲ ဆင်းနေရတာလဲ၊ ဒုက္ခဘဲ၊ မင်းယောက်ျားဟာ သစ်တောဘက်က အငယ်တန်း သစ်တောအုပ်ကလေးဆိုတာကော သိများမှ သိရဲ့လား ဝေရယ်၊ တောအုပ်ကလေးမိန်မက စပါးစက်ထဲမယ် စပါးသယ်နေတယ်ဆိုတော့ လူကြားလို့မှ မကောင်းတော့ဘူး၊ ကိုယ်က ပျော်မယားယူထားတာ ကျနေတာဘဲ၊ မင်း မသိမ်ငယ်ဘူးလား၊ ပြီးတော့ ဝေ မနေနိုင်လို့ ထွက်သွားချင်လဲ သွားတာပေါ့လေ၊ သွားရင်လဲ အဝတ်အစားလေး ဘာလေးတော့ ဝတ်စားသွားဖို့ကောင်းတာပေါ့၊ အခုတော့ ဖိနပ်မပါ အင်္ကျီအဖာတရာနဲ့ မင်း ထွက်သွားတော့ မိုးရွာနေတုန်းမှုတ်လား၊ လူ ဘယ်လောက် အထင်သေးစရာကောင်းလဲ ဝေရယ်၊ လူတွေဟာ အထင်သေးလာရင် စော်ကားလာတတ်ကြတယ်၊ ကဲ မင်း လိုက်ခဲ့မယ်မှုတ်လား ဝေ ̎'


သူသည် ခေါင်းကို ဖြည်းဖြည်း မော့လိုက်လေသည်။ နီမြန်းနေသည့် သူ့မျက်နှာထက်မှ မှေးမှေးမှိန်မှိန်အပြုံးရိပ်များကို တွေ့မြင်နေရသည်။


'̎ အမေတို့သွားပြီး နှုတ်ဆက်အုံးမှပေါ့ ̎'ဟု သူက တိုးတိုးပြန်ပြောသည်။


'̎ ဖြစ်ပါ့မလား၊ ကိုယ်တို့က နှစ်ဦးနှစ်ဖက် မိဖစုံရာနဲ့တောင်းရမ်းထားတာလဲ မဟုတ်ဖူး၊ ပြီးတော့ ခိုးပြေး၊ ပြီးတော့လဲ ပြန်တောင် အပ်ရသေးတာလဲ မဟုတ်ဖူး၊ ဒီအတိုင်း ကိုယ် မျက်နှာပြောင်တိုက်ပြီး လိုက်လာရင် စော်ကားသလို ကျနေတော့မှာပေါ့၊ ကိုယ့်ဘက်က ချွတ်ယွင်းနေတော့ ရင်လဲ မဆိုင်ဝံံ့ဘူး၊ ကိုယ်အပြင်ဘက်က စောင့်နေမယ်၊ မင်း သွားပြီး နှုတ်ဆက်လာခဲ့လေ '


'̎ ကိစ္စမရှိပါဘူး၊ အမေ့ကို ခင်ဝေ ပြောထားပြီးသားဘဲ ကိုကို၊ အမေလဲ သူ့သမက်ကို မြင်ဘူး တွေ့ဘူးချင်မှာပေါ့၊ ကိုကို့ကို အမေလဲ မြင်ရင် ခင်မှာ စိတ်ချပါ၊ ပြောင်းသွားပြီင်္းခါမှ ဒီကို တမင်သက်သက် လာတွေ့ဖိုဆိုတာ မလွယ်ဘူး မှုတ်လား၊ ပီးတော့ ဦးလေးလဲ စက်ထဲ အလုပ်ဆင်းနေလို့ အိမ်မယ်မရှိဘူး၊ တံတား ဟိုဘက်လမ်းက တန်းလျား၊ ဟိုမယ် မီးရောင်လက်နေတဲ့ အခန်းလေ ̎'


ထိုနောက် သူသည် စကားပြောရင်း တန်းလမ်းမှ ကျနော့်လက်ထဲတွင် ကိုင်ထားသည့် သူ့သားရေသေတ္တာကို မြင်တွေ့သွားလေသည်။ ရုတ်တရက် သူ့မျက်နှာမှာ မှိုင်းညို့သွားလျက် အပြုံးများ လွင့်ပြေးသွားကာ သူ့မျက်လုံးအ်ိမ်ထဲ၌ မျက်ရည်များ ရစ်ဝိုင်းလာသည်။ ̎' ဒါက ဘာလုပ်တာလဲ ဟင်... ̎' ဟု သူသည် ကျနော့်မျက်နှာကို စေ့စေ့ ကြည့်ပြီး မေးလေသည်။


' ̎သေတ္တာက ဘာလုပ်ဖို့ ယူလာတာလဲ၊ အော်...ခင်ဝေ့ပစ္စည်းဆိုပြီး ခင်ဝေ့ဆီ လာပို့တာနော် ကိုကို၊ ပြောင်းခါနီး လာနှုတ်ဆက်ရင်း ခင်ဝေ့ကိုမြင်လို့အားနာပြီး သနားပြီး ခေါ်တာမှုတ်လား ̎'


စက်ခုတ်မောင်းနေသံ၊ အလုပ်သမားများ၏ ဆူညံ့လှုပ်ရှားသံ၊ ချောင်းငယ်ကလေးမှ ရေစီးသံများအောက်တွင် သူ့စကားပြောသံမှာ တိမ်ဝင်သွားသည်၊ ကျနော်လည်း သူ့ရှေ့သို့ ခြေတလှမ်း တိုးလိုက်သည်။


̎' မဟုတ်ဖူးဝေ ၊ မင်း အဲဒီလိုချည့် မတွေးနဲ့၊ ကိုယ်ကလဲ ဝေ ကိုယ့်ကို သိပ်မုန်း၊ သိပ်နာကြည်းသွားဘီလို့ ထင်တာကိုး၊ ဝေပြန်လာတော့မှာ မဟုတ်ဖူးလို့ထင်နေတာကိုး၊ မရအရတော့ ခေါ်မယ်၊ ကိုယ်တို့ ရုံးမှာ လက်မှတ်ထိုးထားတာ ရုံးကနေပြီး ဖြစ်ဖြစ် ခေါ်မယ်လို့ကိုယ်ဆုံးဖြတ်ထားတယ်၊ ဒါပေမယ့် ဝေကများ လုံးလုံးခေါ်လို့မရအောင် ဇွတ်ငြင်းနေမလားလို့ ထင်လာတာနဲ့'


'̎ ဒါဖြင့်ပြန်တော့၊ ခင်ဝေ မလိုက်ချင်တော့ဘူး ̎'


'̎ကဲ သွားမှာသာ သွားစမ်းပါ၊ နောက်မှ မကျေနပ်တာကို ပြောစမ်းပါ ̎'


ဝေသည် ကျနော့်ကို ကျော်ပြီး တံတားဘက်သို့ သွက်သွက်လက်လက် လျှောက်သွားသည်။ သူနှင့်ကျနော် တံတားအပေါ် လျှောက်သွားသောအခါ စပါးသယ်အလုပ်သမများ၏ ပြောင်လှောင်ရယ်မောပျော်ရွှင်သံသည် နောက်ဖက်တွင် ဝေးစွာ ကျန်နေရစ်ခဲ့သည်။


လက်ရန်းမဲ့ တံတားကလေးပေါ်တွင် အမှောင်ရိပ်ထိုးနေကာ အလင်းရောင်လဲ့လဲ့မျှသာရှိသည်။ ကျနော် သူ့ကို ကျော်တက်သွားလျက် တံတားအလယ်တွင် သူ့လက်ကို ဖျတ်ကနဲ့လှမ်းဆွဲလိုက်လျှင် သူသည် ဟန်လုပ်၍ ရုန်းနေသည်။ အသားကြမ်းပြီး မာနေသည့် သူ့လက်ကလေးမှာ ကျနော့်လက်ထဲတွင် နစ်မြုပ်သွားလျက် သူ့လက်မှ ထွက်နေသည့် ချွေးစေးများသည် ကျနော့်လက်ကို စွန်းထင်းကုန်သည်။


'̎ ခဏရပ်စမ်းပါအုံး၊ ဒေါသချည့်ဘဲ ̎' ဟု ကျနော် ရယ်မောပြောလိုက်သံထဲတွင် ရင်ခုန်နွေးထွေးသံပါနေသည်။ ယိမ်းထိုးနေသော တံတားကလေး၏အလယ်တွင် သူသည် ကျနော်နှင့် ဘေးချင်းယှဉ်၍ အသားချင်း ထိကပ်နေလျက် သူ့အသက်ရှူသံမှာ လှိုက်မောသံပါနေသည်၊


ထိုအချိန်တိုကလေး၌ ကျနော့်စိတ်နှလုံးထဲတွင် သံသယသည် စက်ဆုတ်ရွံရှာဘွယ်ရာ ရေးရေးဝါးဝါး ပြန်ပေါ်လာရာမှ တဖြည်းဖြည်း ထင်ရှားလိုက်လာနေသည်။ ခဏအတွင်းတွင် ကျနော့်မျက်နှာပေါ်မှ အပြုံးများ၊ ကျနော့်ရင်ထဲမှ ပြင်းထန်လှုပ်ရှားသော ချစ်အားလွန်စိတ်များသည် လျော့သွားပြန်သည်။ သူ့လက်ကို ဆုပ်ကိုင်ထားသော ကျနော့်လက်များမှာ အားအင်ကုန်ခန်းစွာဖြင့် တဖြည်းဖြည်း တစစ ပြေလျော့လိုက်လာနေသည်။ ဝေ့ပါးပြင်ထက်တွင် လူးထားသည့် သနပ်ခါးရနံ့သည် ကျနော့်ကို တိုးဝှေ့့နေသည်။ သူ့လက်ချောင်း သေးသေးသွယ်သွယ်ကလေများကမူ ကျနော့်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။


ဝေသည် မှောင်ပျပျထဲတွင် ကျနော့်မျက်နှာကို စိမ်းစိမ်းကြည့်ရှုနေလျက် စကားကို တိုးတိုး စတင်၍ ပြောလေသည်။ သူနှင့်ကျနော် အိမ်ထောင်သည်ဖြစ်ကြပြီးမှ သမီးရည်းစားစကားကို ပြောနေကြပြန်သည် ထင်သည်။


'̎ ကိုကိုဟာ ဒီလိုချည့်ဘဲ၊ ဘယ်တော့မဆို လုပ်လိုက်ရင်လဲ ဘာမှ မစဉ်စားတော့ဘူး၊ ပြောလိုက်ရင်လဲ ဘာမှ မစဉ်းစားတော့ဘူး၊ မိန်းမလာခေါ်တာ အခုလို လာခေါ်တော့ မ်ိန်းမပြန်လာတာကို၊ နောက်က အထုပ်အပိုးနဲ့လိုက်ပို့တာ ဖြစ်မနေဘူးလား၊ ဒီသေတ္တာကြီး ပါလာတာ အမေတို့သိရင်တော့ ဒုက္ခဘဲ၊ ပြီးတော့ ဟိုနေ့ကလဲ သာသာကြည်ကြည် မေးရင် ခင်ဝေ ပြောပြမှပေါ့၊ ပြောပြလို့မှ မကြေနပ်လဲ ရိုက်ချင်ရိုက် သတ်ချင် သတ်ပစ်၊ အခုတော့ မေးလိုက်ကတဲက ဒေါသနဲ့ မျက်မှောင်ကြီးကုတ်လို့၊ လူကို စွပ်စွဲပြီးသား တရားခံကြည့်ကြည့် တရားခံစစ် စစ်နေတာဘဲ၊ ခင်ဝေ ပြန်ပြောတော့လဲ သူကဘဲ ဒေါသဖြစ်ပြီး ရိုက်ပစ်သေးတယ်၊ သူ့မယ်သာ ဒေါသရှိတာ အောင်မေ့တယ်ထင်တယ်၊ အဲဒီနေ့က မုန်းလိုက်တာသေအောင် လိုက်ခေါ်လဲ ပြန်ကိုမလိုက်တော့ဘူးလို့ ဆုံးဖြတ်လာတာ။̎ အဲဒီနေ့က ဈေးထဲမယ် တွေ့တဲ့ ကိုတင်စိန်ဟာ အမေ့မောင် ခင်ဝေတို့ဦးလေးတော်သေးတယ်၊ ဒါကြောင့် အိမ်မယ် အမေ့အကြောင်း စုံစမ်းကြည့်တာ၊ တူမလင်ယူတာကို ဦးလေးကို ပြန် စုံစမ်းခိုင်းကြည့်တယ်ဆိုတာ ပြောရင် ခင်ဝေကို သူအထင်သေးသွားမှာပေါ့၊ ဦးလေးအရင်းတော့ မဟုတ်ပါဘူး။ ခင်ဝေ အိမ်ပြန်လာတော့ သူရိုက်လိုက်တဲ့ ဒဏ်ရာတွေကို အမေ့ကို ဘယ်လိုပြောရမှန်းလဲ မသိဘူး၊ ဘာပြုလို့ပြန်လာရတယ်ဆိုိတာလဲ ဘယ်လို ပြောရမှန်း မသိတော့ဘူး၊ လမ်းမယ် ချော်လဲသွားလို့ နှုတ်ခမ်းပေါက်သွားတယ်လို့ပြောတော့ အမေက ဘယ်ယုံမလဲ။  သူများ အိမ်မယ်နေရတာ ညတိုင်းငိုနေရတာဘဲ၊ ဦးလေးကလဲ ကိုကို့ကို သိပ်စိတ်ဆိုးတာ၊ အမေက မနဲ ချော့ထားရတယ်၊ ကိုကိုဟာ သိပ်ရက်စက်တယ်၊ အသနား အညှာတာမရှိဘူး။ သူများကို ဒီလို ရက်ရက်စက်စက် လုပ်မှာတော့ မဟုတ်ဖူးလို့ ထင်ခဲ့တာ၊ ညားကြလို့ လင်မယားလို့တောင် ခေါ်လို့မရသေးဘူး၊ သေကောင်ပေါင်းလဲရိုက်တာဘဲ၊ နောက်လဲ ဒီလိုဘဲနေမှာပါဘဲ ဒီလူ၊ သူများ ပြန်မလိုက်ချင်တော့ဘူး၊ မလိုက်ရဲတော့ဘူး၊ ကိုယ့်ဘာသာ ပြန်ပြီး ဘယ်ကိုပြောင်းပြောင်း ပြောင်းသွားတော့၊ ဘယ်က မိန်းမ ယူယူ ယူတော့ ̎'


သူ စကားပြောနေစဉ်တွင် ကျနော်သည် သူ့ခါးသိမ်သိမ်ကလေးကို လက်ဖြင့် တပတ်ရစ် ဖက်ထားလျက် သူ့ပါးကို မထိတထိ နမ်းနေသည်။ သူ့စကားလုံး အချို့သည် နားထဲမှ လျှံထွက်သွားနေသည်။ သူ့အသားမှာ နွေးပူနေလျက်၊


̎̎' တဖက်သတ်ချည့် ပြောလို့တော့ ဘယ်ဖြစ်မလဲ ဝေရယ်၊ ကိုယ် အမှန်ပြောရရင် သဘောထား မသေးတတ်ပါဘူး၊ ဘယ်ယောက်ျားတွေနဲ့ဘယ်မိန်းမတွေ ဘာဖြစ်နေ ဖြစ်နေ ကိုယ်ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် ဝေနဲ့ဆိုရင်တော့ သဝန်တိုတာ၊ သံသယဖြစ်တာ အမြဲတန်း ဖြစ်မိမှာဘဲ၊ ဘာကြောင့်လဲဆိုတော့ ဝေ့ကို ကိုယ်ချစ်တာက သူတကာတွေ ချစ်တာထက် ရှစ်ဆတောင်ပိုတာကိုး၊ ပြီးတော့ ကိုတင်စိန်ဟာ ဝေ့ ဦးလေးတော်သေးမှန်းသာ မသိတာ၊ အဲဒီလူ ပွေတာ ရှုပ်တာ ကိုယ်ကသိတော့ အဲဒီလူနဲ့စကားပြောတာ အသာဖယ်ထားလို့ ပြုံးပြတာကလေးတောင်မှ ကိုယ့်အတွက် သံသယ ဖြစ်ကိုဖြစ်မှာဘဲ၊ ကိုယ့်စိတ်ထဲက ဘယ်လိုနေမလဲ၊ ဝေ မှန်းဆကြည့်စမ်း ̎'


' ̎ကိုကိုကတော့ လွန်ပါတယ်၊ လွှတ်အုံးကွယ်၊ အခန်းကိုသွားကြရအောင်၊ ဒီသေတ္တာကြီးက ယူခဲ့လို့လဲမကောင်းဘူး၊ တံတားအောက်မှာ ဖွက်ထားခဲ့ရင်လဲ ရွှံ့တွေနဲ့၊ ကဲလေ မထူးတော့ပါဘူး၊ ယူခဲ့၊ အိမ်အပြင်ဘက်မှာ ချထားလိုက်တာပေါ့ ̎'


ကျနော်တို့ ဖြတ်လျှောက်သွားကြသောအခါ ဤချစ်စဖွယ်ကောင်းသည့် တံတားကလေးသည် ပုခက်လွှဲသလို ယိမ်းထိုးလှုပ်သွားလေသည်။ တံတားထိပ်တွင် “ကိုကို ခဏနေခဲ့အုံးနော်၊ ပြီးတော့မှ ခင်ဝေလာခေါ်မယ် '


သူသည် တိုးတိုးပြောသွားပြီး တန်တားနှင့်တန်းလျားဆက်ထားသော နင်းကြမ်းပေါ်မှ စမ်းနင်း၍ အမှောင်ထဲတွင် တန်းလျားပေါ်သို့ တက်သွားလေသည်။ ခဏကြာလျှင် အမှောင်ထဲ၌ တန်းလျား၏ရှေ့ကြမ်းပြင်အတိုင်း ပြန်လျှောက်လာပြီး သူသည် ကျနော့် ကို တီးတိုးခေါ်သွားပြန်သည်။ ထို့နောက် သူ့နောက်ဖက်မှကပ်ပြီး တန်းလျားရှေ့ စွတ်စိုပြီး အပေါက်အပဲ့များရှိနေသည့် ကြမ်းပြင်အတိုင်းနင်းပြီး မီးခွက်မှိန်မှိန်တခွက် ထွန်းညှိထားရာ တန်းလျား၏ အလယ်ဘက်အခန်းသို့လျှောက်လာခဲ့လေသည်။ တန်းလျား၏အောက်ဖက်မှ ရွှံ့ဗွက်ရနံ့များသည် ကြမ်းပြင်တွင် လာ၍ နံနေပြီး ချောင်းရေကျသံသည် မလျော်မလိုက်ဖက်သော ဂီတတေးသံတခုနှင့် တူနေသည်။


သူသည် မီးရောင်မှိန်မှိန် အလယ်ခန်းဝတွင် ရပ်ပြီး “လာလေကိုကို 'ဟု တိုးတိုးခေါ်လိုက်ပြန်သည်။


အခန်းကျဉ်းကလေးထဲတွင် လေတိုးလျှင် ယိမ်းနွဲ့လှုပ်ရှားနေသည့် မီးခွက်တခုမှ အလင်းရောင်မှိန်ပျပျသာလျှင် မထင်မရှား လင်းနေသည်။ ပေါ်က်ပဲ့နေသော ထရံအဆွေးများကို ကျော်ပြီး မီးဖိုခန်းဘက်ကို လှမ်းမြင်နေရသည်။ ဤအခန်းကျဉ်းကလေးထဲ၌ ချေးညှော်နံ့၊ ချွေးနံ့များ နံနေသည်။ တဖက်ထောင့်၌ ပေါက်ဗြဲနေသော ခြင်ထောင်တလုံးကို တပိုင်းပစ်တင်ထောင်လျက် ဖျာပေါ်တွင် စောင်အစုတ်များ၊ အဝတ်အစားဟောင်းများ၊ ချေးတက်နေသော ခေါင်းအုံးများ ရှုပ်ထွေးပွရောင်းနေသည်။ ထရံ၏ တဖက်၌ ပြုံးရွှင်စွာရယ်မောနေသော ဝေ့ဓာတ်ပုံသုံးပုံကို မီးရောင် မထင်မရှားဖြင့် မြင်နေရသည်။


ဝေသည် ကလေး ကလေးကဲ့သို့ အပြေးအလွှားသွားလျက် ထောင့်မှ သင်ဖြူးဖျာတချပ်ကို ယူလာခဲ့ပြီး ချေးညှော်များတင်နေသည့်ကြမ်းပြင်ပေါ်၌ ဖြန့်ခင်းလိုက်လေသည်။


သူသည် ဖျာတဖက်၌ ပုဆစ်ဒူးတုပ်ထိုင်ပြီး “လာ...ထိုင်လေ ကိုကို 'ဟုပြောသည်။


'̎ ကိုက်ို ခဏလေးထိုင်နှင့်အုံးနော်၊ အမေ ဟိုဘက်အခန်းမယ်၊ ခဏလေးနော်၊ ခင်ဝေ သွားခေါ်လိုက်အုံးမယ်၊ အမေ့ကို ခင်ဝေပြောထားပြီးသားပါ၊ ကိုကိုနဲ့ခင်ဝေကို အမေ သဘောတူပါတယ်၊ သဘောမတူရင်တော့ ခင်ဝေငိုမှာဘဲ ̎'


မီးရောင်ဖျော့ဖျော့တွင် သူ့မျက်နှာကလေးပေါ်ဝယ် အားငယ်သိမ်ငယ်မှုများကို ဖော်ပြနေသည်ဟု ထင်နေရသည်။ သူသည် နုံချာစုတ်နုတ်မှုအတွက် သနားစဖွယ် အားငယ်နေရှာနေသည်။ ထို့နောက် အိနြေ္ဒမရသော ကလေးလို အခန်းထဲမှ သွက်လက်စွာထွက်သွားပြီး အပြင်ဘက် အမှောင်ထဲတွင် ပျောက်ကွယ်သွားပြန်သည်။ ရေနံဆီ မီးခွက်မှ အလင်းရောင်သည် သနားစဖွယ်ကောင်းသည့် ဝေ့ဘဝအခြေခံကို ထွန်းညှိပြပေးနေသည်။ မီးဖိုဘက်မှ ရုန်ရွဲ့နေသောကြောင်အိမ်၊ ချေးညှော် လူးနေသည့် မှောက်ထားသော အိုးခွက်ပန်းကန်များ၊ အမြီးကျိုးနေသည့် ကြေးဇွန်းနှစ်ချောင်း စသည့် အရာဝတ္ထုအပေါင်းပေါ်သို့ မီးရောင်မှိန်မှိန် ကျနေသည်။ ဝေနှင့်ကျနော့်ကို ကျနော့် မိခင်သည် သဘောတူလိမ့်မည် မဟုတ်ပေ။

ဝေသည် နွံတောထဲတွင် ပေါက်သောကြာပန်းအဖြစ်နှင့် အလှပေါင်းစုံ စုနေသည်။ နွံ၏ရနံ့နှင့် ကြာပဒုံတို့၏ ရနံ့မှာ ရောထွေးနေပေသည်။


ဝေ အခန်းဝမှာ သူ့မိခင်နှင့်အတူ ပြန်ဝင်လာချိန်တွင် ကျနော်သည် ခေါင်းကိုငုံ့ထားလျက် ငြိမ်သက်နေသည်။ ဝေ့အမေမှာ အသက်သုံးဆယ်ခြောက်နှစ်မျှထက် ပိုဦးမည်မဟုတ်။ ပိန်ပိန်ပါးပါး၊ အရပ်မြင့်မြင့်၊ က်ိုယ်လုံးသွယ်သွယ်နှင့် အင်္ကျီအထူစားကိုပင် ဝတ်ထားလျက် မိန်းမလှတဦးပင် ဖြစ်လေသည်။ သူသည် အိပ်ရာနံဘေး၌ ကိုယ်ကို တစောင်းလှည့်ထိုင်ပြီး နံရံကိုကြည့်၍ အချိန်ကြာမြင့်စွာ ငေးနေသည်။ သမီးဝေနှင့် ခွဲရတော့မည်ကို တွေးနေပေမည်။


' ̎̎ကိုကိုက မနက်ဖြန်ကာ ပြောင်းရတော့မှာတဲ့အမေ၊ မြို့သစ်ကလေးဆိုတာ သိပ်မဝေးဘူးတဲ့၊ ဒါကြောင့် ခင်ဝေ့ကိုလာခေါ်တာ၊ မနက်ဖြန်ညနေဘက်ရထားနဲ့ပြောင်းဖို့မနက်ကထဲက စီစဉ်ရမှာတဲ့၊ သမီး မကြာမကြာ လာလည်မှာပေါ့အမေ ̎'


ဝေက တိုးတိုးပြောသည်။


'̎ ကျနော်တို့ မကြာမကြာ လာလည်ပါမယ်၊ ဝေလာလည်ချင်တယ်ဆိုလဲ ကျနော် အမြဲလိုက်ပို့ပေးပါမယ်၊ ပြောင်းဖို့က အရေးတကြီးဖြစ်လာတော့ ကျနော်လဲ ဘာမှ မစီစဉ်နိုင်တာ့ပါဘူး ̎'


စင်စစ် ဝေ့အား မိသားဖသားပီပီ တောင်ရမ်းမယူနိုင်ဘဲ လမ်းမှာတွေ့သည့်ခလုတ်ကို တိုက်သလို စီစဉ်နေသော ကျနော့်အစီစဉ်များမှာ ဝေရော ဝေ့အမေကိုပါ စော်ကားနိုင့်ထက်ကလူပြုရာ၊ အထက်စီးယူလွန်းရာ ကျနေကာ ကျနော်သည် စကားပြောနေရင်း စိတ်ထဲ၌ မချမ်းမြေ့နိုင်တော့ပေ။


ဝေ့အမေသည် ဝေ့ကို စကားတိုးတိုးပြောပြီး ငိုက်ရှိုက်နေ၏။ သူ့ငိုရှိုက်သံကြားထဲတွင် ကျနော်နှင့်ဝေသည် မီးရောင်မှိန်မှိန်အောက်ဝယ် စိတ်မချမ်းမြေ့စွာနှင့် ကန်တော့နေကြလေသည်။ 


“အမကြီးသမီးလေးဟာ ကလေးအရွယ်လေးရှိပါသေးတယ်ကွယ်၊ ကွယ်ရာမယ်တော့ မနှိပ်စက်ပါနဲ့'ဟု ပြောနေသံမှာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်နေသည်။


ကျနော်တို့သည် ဤကျဉ်းကျပ်သည့် တန်းလျားကလေးမှ ထွက်လာပြီး အပြင်ဘက်ကြမ်းပြင်အတိုင်း အမှောင်ထဲတွင် စမ်းပြီး နင်းလျှောက်လာကြသောအခါ ဝေသည် ကျနော့်ဘေးမှ လိုက်ပါလာ၍ ကျနော့်လက်ထဲမှ၊ သူ့သေတ္တာကို သူ့ခေါင်းပေါ်သို့ ပြောင်းရွှေ့ရွက်လာနေသည်။


'̎ ကိုကို ခင်ဝေ့ကို အမှတ်တောင် မရဘူးမှုတ်လားဟင် '̎ ဟု ဝေသည် တံတားထိပ်သို့ ရောက်သောအခါ မေးနေ၏။


'̎ ခင်ဝေကတော့ နေ့တိုင်း ညကျရင် ငိုရတာဘဲ ၊ အခုလေ စက်က ကောင်မတွေက ခင်ဝေ့ကို အပေါင်းအသင်း မလုပ်ကြတော့ဘူး၊ သူတို့က ခင်ဝေ့ကို အလကားကောင်မလို့ ထင်နေကြတယ်၊ ဘာပြုလို့လဲဆိုတော့ ကိုကို့လို တောအုပ်တယောက်က ခင်ဝေ့ ကို အတည်ကြံတာမဟုတ်ဖူး အပျော်ကြံတာတဲ့လေ၊ ဒါကြောင့် သူတို့ကို ကြွားပြမလို့ ကိုကိုလာခေါ်ကို နေ့တိုင်းစောင့်နေတာ၊ ကိုကိုလာခေါ်လိမ့်မယ်လို့ သူတို့ကိုလဲ ပြောထားတယ်၊ အမေ့လဲပြောထားတယ်၊ တကယ်လို့ကိုကိုများလာမခေါ်ဘဲနဲ့ခင်ဝေ့ ကိုပစ်ပြေးသွားရင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မလို့၊ အိမ်ကဆင်းလာခဲ့တုန်းကတော့ စိတ်သိပ်နာတာဘဲ၊ တော်ရုံတန်ရုံခေါ်တာနဲ့ ဘယ်တော့မှ ပြန်မလိုက်ဖူးလို မရမကလာခေါ်မှ ပြန်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်၊ အခု စက်ထဲဆင်းနေတာ ဟိုနေ့က အိမ်ပေါ်ကဆင်းလားပြီးပြီးချင်း ဆင်းတာဘဲ၊ ဆယ်ရက်တိတ်ရှိသွားဘီ၊ ငွေငါးဆယ်ကျော်နေဘီ၊ အမေ့ကိုပေးပစ်ခဲ့လိုက်တယ်နော် ̎'


ကျနော်သည် သူ့ကိုယ်လုံးကလေးကို ဆွဲပွေ့လိုက်ပြီး လက်ရန်းမဲ့ တံတားကလေးထိပ်တွင် စိတ်လှုပ်ရှားစွာဖြင့် ဖျစ်ညှစ်နေမိပြန်သည်။


'̎ ကိုကို ပျော်ဘူးလားဟင် ̎' ဟု သူကလည်း အသံတုန်တုန်ဖြင့် တိုးတိုးမေးသည်။


'̎ ဝေလဲ ပျော်တယ်မှုတ်လား ̎'


'̎ ပျော်ပါဘူး ̎'


ကျနော်သည် အသံကိုထ်ိန်း၍ ရယ်နေ၏၊ ထို့နောက် သူ့ပါးပြင်ကို နမ်းလိုက်သောအခါ မျက်ရည်များဖြင့် ပူနွေးနေလေသည်။ သူနှင့်ကျနော်သည် ဓာတ်မီးတိုင်မဲ့ လမ်းကျဉ်းကလေးထဲတွင် နှစ်ယောက်ပူးကပ်လျှောက်လာကြစဉ် “နောက် ခင်ဝေ့ကို ကိုကို မရိုက်ပါနဲ့နော်' ဟု တိုးတိုးပြောနေသည်။


ယခုလည်း...

' သူ မလာရင် လာမခေါ်ရင် ခင်ဝေ ကျိန်ဆဲတာနဲ့တခုခုဖြစ်တော့မှာတော့ မသိဘူး၊ လူကိုက 'ဟု ဝေသည် ပြောနေ၏။ အမှောင်နှင့်အလင်း ရောစပ်နေသည့် ကြယ်ရောင်ခြည်အောက် ချိုမြစွာ ပြုံးရွှင်ထားသော သူ့မျက်နှာရှေ့မှောက်၊ သံဂုံးတွဲ၏ တဂျောင်းဂျောင်းမြည်သံ၊ ရထားခုတ်မောင်းသံ၊ ရထားဥသြဆွဲသံများအကြား၌ နှစ်ခြိုက်လွတ်လပ်စွာ ရယ်မောနေသည်။


အပိုင်း(၂) ဆက်ရန်


နိုင်ဝင်းဆွေ

No comments:

Post a Comment