နွေတည
အပိုင်း (၂)
( ၆ )
မြို့ သစ်ကလေးသို့ ရောက်လာပြီး ကာလအတန်ကြာမျှ အကြင်လင်မယားအဖြစ် နေထိုင်ခဲ့ကြသော ရက်အပေါင်း၌ မမေ့နိုင်စရာဖြစ်သည့် ဝေ၏ရုပ်ပုံ ကားချပ်ငယ်ကလေးပေါင်းများစွာရှိပေသည်။ ကာလအတန်ကြာလာသော အခါ၌ ထိုပုံတူလွှာ ကားချပ်ငယ်ကလေးများသည် အချို့ ဆေးရောင်မှိန်စပြုလာသည်လည်း ရှိရပေမည်။ အချို့ မပီမသတော့သည်လည်း ရှိရပေမည်။ အချို့ တပိုင်းတစ ပျက်ပြယ်နေမည်လည်း ရှိရပေမည်။ ထို ဝေ့ရုပ်ပုံကားချပ်ငယ်ကလေးအပေါင်း၌ မြို့ သစ်ကလေးသို့ ကျနော်တို့ ဆိုက်ရောက်သွားသည့် တညနေသည် တပိုင်းတစ ပျက်ပြယ်နေပြီဖြစ်သော ဝေ့ပုံတူကားချပ်တချပ်ဖြစ်ပေလိမ့်မည်။ ထိုကားချပ်ငယ်ပေါ်၌ကား ဝေသည် ပြုံးရယ်မနေပေ။ ဝေ မျက်လုံးကလေးများသည် ညို့ရိပ်ဆွေးရောင်သန်းနေခဲ့သည်။ ဝေ့မျက်တောင်ကော့ကြီးများသည် စင်းကျနေခဲ့၏။
ဝေသည် ဘယ်ဆီဘယ်ဝယ်မဟုတ်ဘဲ ငေးနေခဲ့သည်။ မြင်းလှည်း ဖြတ်သန်းလာစဉ်၌ နံဘေးတွင် တရိပ်ရိပ် ကျန်ရစ်ခဲ့သော အညာရှုခင်း တောင်ကုန်းကလေးများကိုလည်း မဟုတ်၊ လမ်းနံဘေးရှိ ဆူးရစ်ချုံကလေးများကိုလည်း မဟုတ်၊ တောင်ကုန်းကလေးများနံဘေး အနိမ့်ချိုင့်ဝှမ်းပိုင်းရှိ စိမ်းစိုနေသော ယာခင်းကွက်များကိုလည်း မဟုတ်၊ နောက်၌ တောင်ကုန်းကွေ့ ဝယ် ကျန်ရစ်ခဲ့သော ညို့မှိုင်းနေသည့် မြို့ သစ်ကလေး ဘူတာရုံကိုလည်းမဟုတ်၊ ထိုနောက်ဖက်၌ အဝေးဆီဝယ် ညို့ဆိုင်းဆိုင်း ကျန်ရစ်ခဲ့သည့် တောင်တန်းကြီးများနှင့် တောတောင်များကိုလည်းမဟုတ်။
ကျနော်တို့ မြို့ သစ်ကလေး ဘူတာရုံမှ ထွက်အလာ၌ မြို့ သို့အသွား လမ်းပေါ်ဝယ် မိုးမှုန်များသည်လည်း မိုင်းအုံ့စွာ ကျနေ၏။ တောင်ကုန်းကလေးများပေါ်ဝယ် မြူများ ရစ်သိုင်းနေ၏။ အမြင်များမှာ ညိုမှိုင်းအုံ့ပျနေပြန်သည်။ ရှေ့ လခြမ်းကွေ့ အလွန်၌ ကျနော်တို့၏ခရီးဆုံး မြို့သစ်ကလေးမြို့ သည် အနိမ့်ပိုင်းမှ ပေါ်လွင်လာလေသည်။
ဝေသည် မြင်းလှည်းကို ကျောမှီထား၏။ လက်ကိုင်ပုဝါထောင့်စွန်းတဖက်ကို ကိုက်နေသည်။ လက်တဖက်ဖြင့် မြင်းလှည်းပေါ်တွင် ထောက်ထားသည်။ ဝေ၏ အပြာလဲ့ နီလာအသွေးအင်္ကျီသည် အသားနှင့် ကပ်နေ၏။ ကျနော် သူ့ ပခုံးပေါ်သို့ လက်တဖက်တင်ကာ ဆုပ်ကိုင်ထားသည်အထိ သူသည် စိတ်ထိခိုက်ကြေကွဲစွာ ငေးနေလျက်ပင်။
"ဘာတွေ စဉ်းစားနေတာလဲ...ဟု ကျနော်သည် သူ ကြားသာရုံ မေးနေခဲ့သော်လည်း သူ့ စိတ်၌ ခံစားနေရသည်တို့ကိုမူ သိနေသည်။
သူသည် တောတောင်အထပ်ထပ်ကို ဖြတ်သန်းလာခဲ့ရသဖြင့် သူ့အမေကို မည်မျှ လွမ်းနေမိရှာမည်ကို သိပါသည်။ ကျနော်သည် ကရုဏာစိတ်ဖြင့် ရင်ထဲဝယ် နွေးနေကာ သူ့ကို ခလေးကလေးချော့သလို ပခုံးကို ပွတ်သပ်ပေးနေမိပြန်သည်။ သူကလည်း ကျနော့်ကို မော့၍ပင် မကြည့်၊ မျက်လုံးအိမ်၌ကား မျက်ရည်များ ပြည့်သိပ်လာနေလေသည်။ သူသည် ငြိမ်တွေနေရင်း စိတ်ထိခိုက်နေခဲ့လေသည်။
ကျနော်တို့သည်လည်း မြို့ သစ်ကလေးသို့ ရောက်ပြီး လောလောဆယ်ဆယ် ဘယ်ပုံ နေထိုင်ရမည်ကိုလည်း မတွေးအားသေး။ လောလောဆယ်ဆယ်၌ တောအုပ်ကြီးအိမ်သို အရောက်သွားပြီးမှ နေစရာရှာ၊ ပြီးမှ အလုပ်အတွက် ဆက်ဆံရေးအပိုင်းများကို စဉ်းစား။
လောလောဆယ်တွင်ကား ဝေ ဤသို့ စိတ်ထိခိုက်နေသည်ကို မမြင်လိုပေ။ ကျနော်သည် ဝေ ရယ်စေရန် တခုခု ပြောရန်သာ တွေးနေမိလေသည်။ သို့သော်လည်း ကျနော့်ခေါင်းထဲ၌ ပြက်လုံးတခုမျှ ဝင်မလာနိုင်ပေ။ ကျနော်သည် သူ့မျက်နှာလေးကိုသာ ငေးကြည့်နေမိ၏။ သူ့ဆံပင်ကလေးများကို သပ်တင် ပေးနေခဲ့မိလေသည်။ " ရည်းစားလွမ်းလို့လားဟင်... ပြောစမ်းပါဝေရယ်၊ မျက်ရည်ဝဲလာရတာက ဟိုက ကျန်ခဲ့တဲ့ ရည်းစားကို လွမ်နေလို့ လား၊ ဒါဖြင့် ကို ပြန်ပို့ ပေးမယ်လေ၊ ဝေ့လူကလဲ ကြည်ကြည်ဖြူဖြူနဲ လက်ခံမှာဘဲမို့လား " ကျနော် ရယ်သံနှင့်ပြောသည်အထိ ဝေသည် လှည့်မကြည့်။ ကျနော်သည် ဝေ့ပါးကို မနာမကျင် လိမ်ဆွဲလိုက်ပြီး မရှုစိမ့်နိုင် ဖြစ်လာခဲ့မိပြန်သည်။ “ကိုကိုတို့ ပျော်နေကြရမယ့်အချိန်မှုတ်လား... ဝေ " တီးတိုး ပြောနေမိပြန်သည်။
ဝေ့မျက်လုံးအိမ်မှ မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်းလာကာ ကျနော့်လက်ပေါ်သို့ ကြွေကျလာလေသည်။ ကျနော်သည် ဝေ့မျက်ရည်ပေါက်ကြီးများကို မသုတ်ပစ်ဘဲ သည်အတိုင်း ကြည့်နေခဲ့၏။ မျက်ရည်ပေါက်ကြီးများကို စိတ်ဖြင့် ရေတွက်ကြည့်နေခဲ့၏။ မြင်းလှည်းသည် လခြမ်းကွေ့ လမ်းကို ကျော်ကာ တမာပင်များ ဆိုင်းနေသည့် မြို့ သစ်ကလေးသို့ ချိုးဝင်လိုက်လေသည်။ ရှေ့ မှမောင်းနှင်သွားသည့် မြင်းလှည်းမှ ရယ်မောသံများသည် မြို့ အဝင်လမ်းမ၌ ပျံ့?နေရစ်ခဲ့၏။ လမ်းများ အတန်ငယ် ဖြတ်ကျော်ချိုးကွေ့ပြီးမှ ခြံကြီးတခုရှေ့တွင် ရပ်တန့်လိုက်ပြီး “ တောအုပ်ကြီးအိမ် ရောက်ပါဘီ ဆရာလေး " ဟု မြင်းလှည်းသမား အဖိုးကြီးက ပြောလေသည်။
သံများသည် မြို့ များလေသည်။ ရှေ့ကမာပင်များ တွက်ကြည့်နေခဲ့၏။
ကျနော်တို့ အိမ်ထောင်ပစ္စည်း အချို့ တဝက်ကို တင်ဆောင်လာခဲ့သော မြင်းလှည်းသည် နောက်ဖက်မိုးမှုန်များကျနေသော လမ်းမအတိုင်း ခပ်နှေးနှေး မောင်းလာသည်။ ကျနော်နှင့် ဝေသည် မြို့ သစ်ကလေး မြေပေါ်သို့ ခြေချလိုက်ကြ၏။ မိုးမှုန်များကျနေဆဲတွင် ခြံဝတွင် ရပ်လိုက်ကြပြီး “ ဒို့များဒီမှာ ဘယ်လောက်ကြာကြာ နေရအုံးမှာလဲမသိဘူးနော် " ကျနော်သည် စကားဆက်ရှာပြီး ပြောခဲ့၏။
ဝေသည် ခြံဝ၌ ကျောက်ရုပ်ကလေးလို ရပ်နေ၏။ ပျိုမျစ်နုနယ်သောကျောက်ရုပ်ကလေးဖြစ်၏။ ဝေ မျက်လုံးများကား ရီနေဆဲပင်။ ဝေ မျက်နှာပေါ်၌ သနပ်ခါး မှုန်ကလေးများလည်း ပြယ်နေကြလေပြီ။ ခြံဝတွင် ပစ္စည်းများချခဲ့ပြီး မြင်းလှည်း နှစ်စီးသည် တမာပင်များအုပ်ဆိုင်းနေသော လမ်းအတိုင်း ပြန်လှည့် ထွက်သွား၏။ ခြံဝင်းကြီးထဲမှ တောအုပ်ကြီးနှင့် တောအုပ် နှစ်ယောက်ထွက်လာကြလေသည်။
ကျနော်သည် တောအုပ်ကြီးကို လှမ်းပြီး နှုတ်ဆက်နေ၏။ စိတ်၌မူ ယခုကျနော်နှင့် အလုပ်အတူလုပ်ရမည့် တောအုပ်ကြီးမှာ စိတ်ကောင်းနှလုံးကောင်း ရှိသူဟုတ်မဟုတ် ရှာဖွေလေ့ လာနေမိ၏။ တောအုပ်ကြီးမှာလည်း သဘောသကာယ ကောင်းမွန်ပုံဖြင့် အဝေးမှပင် လှမ်းပြုံးလာလေသည်။ ထိုအချိန်ကလေး၌ ဝေသည် လူစိမ်းများနှင့် ဆက်ဆံရမည်ကို ခလေးတယောက်ကြောက်ရွံ့ ပုံမျိုးဖြင့် ကြောက်ရွံ့ လာသလိုကျနော့် နံဘေးသို့ တိုးကပ်လေသည်။ သူသည် ခြံဝသို့ ထွက်လာကြသူများကို မျက်လုံးဝိုင်းကြီးဖြင့် ကြည့်နေပြန်သည်။
“ တရက် နှစ်ရက်တော့ ဒီအိမ်မှာဘဲတဲရမှာပေါ့” ဟု ကျနော်သည် ဝေ ကိုပြောနေ၏။
ဝေသည် ကျနော့် ကိုလှည့်မကြည့်ဘဲ “ ဝေ တော့ အမေ့ဆီပြန်ပြေးချင်ဘီကိုကိုရယ် ” ဟု ပြောနေသည်။
“ ဘာပြုလို့ များလဲ ” “ ဘာပြုလို့ လဲ၊ ဝေလေ သူနဲ့ နေရမှာကို တွေးပြီးကြောက်နေတယ်။ သူရိုက်မှာကိုကြောက်နေတယ်။ အမေတို့ နဲ့ လဲ ဝေးလာခဲဘီမှုတ်လားကိုကိုရယ် ”
ကျနော်သည် မရယ်နိုင်ဘဲ သူ့ ကိုငေးကြည့်နေမိ၏။ တောအုပ်ကြီးနှင့် အလုပ်ကိစ္စ စကားများ ပြောနေစဉ် တွင်လည်းကျနော် စိတ်များမှာ အလုပ်ကိစ္စများကို စိတ်မဝင်စားနိုင် ဖြစ်နေခဲ့လေသည်။ သူ့ စိတ်ထဲ၌ တကယ် ဖြစ်ပေါ်နေသော ထိုသောကစိတ်မှာ ကျနော့်ကိုနာကျင်လာအောင် ရိုက်ခတ်လေသည်။ သူသည် ခလေးကလေးဖြစ်၏။ သူသည် ခလေးစိတ်တပိုင်းနှင့် မိန်းမရိုင်းကလေးပေတကား။ သူသည် ကျနော့်ကိုမယုံကြည်နိုင်သော စိတ်တဝက်။ ယုံကြည်စိတ် တည်းတည်းကလေးမျှဖြင့်ပင် ဤမျှဝေးလံလှသော ခရီးရှည်ကြီးသို့ သွားရာ နောက်မှ
ဝေနှင့်ပတ်သက်သော ရုပ်ပုံကားချပ် ငယ်ပေါင်း မြောက်မြားစွာအနက်ဝယ် မပီမသတော့သော ကားချပ်ငယ် ကလေးပေါင်း မြောက်မြားစွာ ရှိသည့်အတွင်း၌ ဝေနှင့်ကျနော် အတူနေခဲ့သည့် မြို့ သစ်ကလေး မြို့ အစွန်ပိုင်းမှအိမ်ကလေးသည် လည်းပါဝင်ပြန်သည်။
မြို့ သစ်ကလေးသို့ ရောက်ပြီး ရက်အတန်ကြာ၌ ဝေသည် မပျော်ပိုက်နိုင်၊ သောကဝေနေခဲ့လေသည်။ အပေါင်းအသင်း မရှိသေးသဖြင့် စိတ်အားလည်းငယ်နေခဲ့၏။ ကျနော်
အလုပ်သွားချိန်များ၌ ဝေသည် အိမ်ကလေးထဲ၌ ညှိုးမှိန်စွာ နေရစ်ခဲ့၏.။ ညနေခင်းတိုင်း ကျနော်အလုပ်မှ ပြန်လာချိန်များတွင် အစဉ်အမြဲ ခြံဝ မှ ထွက်စောင့် ကြိုနေတတ်၏။ ကျနော် ပြန်လာလျှင်ဝေသည် ဖခင်ကို ကြိုသည့်သမီးကလေးကဲ့သို့ ကျနော့်ကို ပြေးပွေ့ ကြို တတ်လေသည်။
အိမ်၌ တယောက်တည်း နေစဉ်ဝယ် ဝေသည် သီချင်းတပုဒ်ပုဒ်ကို တီးတိုးညည်းရင်း အလုပ်တခုခုကို လုပ်နေတတ်လေသည်။ တခါတရံ၌ သူသည်ဆန်ဆေးရင်း ပေါက်တတ်ကရများကို သီချင်းလုပ် ဆိုညည်းကာ မျက်ရည်များ တတွေတွေ ကျနေတတ်ပြန်သည်။ သူ့ သီချင်းများ၌ သူ့ အမေကို လွမ်းတနေတတ်လေသည်။ သူသည်ပေါက်တတ်ကရ စပ်ဆိုရင်းသူ့ အမေကို မြင်နေပေတော့မည်။ သူ့ စိတ်အာရုံသည်တောင်တန်းများ ချောင်းမြောင်း အင်းအိုင်များ အလီလီဖြတ်သန်းသွားပြီး သူ့ အမေ ရင်ခွင်ထဲသို့ ပြေးဝင်နေပေမည်။ သူ အလုပ်လုပ်ရာ စပါးစက်ကြီးသို့ လည်း စိတ်အာရုံများက ရောက်နေပေမည်။
သူအလုပ်လုပ်ရာတဲတန်းလျားကလေးသို့ လည်း ရောက်နေပေမည်။သူ သီချင်းကို တီးတိုးဆိုရင်း ဆန်ထည်းမှ စပါးလုံးရွေးနေစဉ်တွင် ကျနော်သည်အလုပ်မှပြန်လာပြီး ခြေသံမကြားအောင် အိမ်ပေါ်သို့ တက်သွားသည်။ သူနောက်ကျေဘက်မှ တံခါးဝတွင် ကွယ်ပြီး အသာရပ်နေသည်။ ထိုအခါ၌ ကျနော်သည် သူမကြားစေရန် အသက်ကိုပင် ရှင်းပြီး ရှူနေရ၏။ သူပေါက်တက်ကရ သီချင်းစပ်ဆိုနေသည်မှာ ခပ်တိုးတိုးဖြစ်သဖြင့် မနည်း နားစွင့်ထောင်နေရ၏။ သီချင်းဆိုရင်း သူ့ အသံကလေးမှာ တုန်လာနေလေသည်။ သူ့ မျက်လုံးအိမ်၌ မျက်ရည်များ ပြည့်သိပ်လာနေရာမှ မျက်ရည်များသည် မျက်လုံးအိမ်ကို ပိတ်ဖုံးသွား၏။ သူ့ ပါးပြင်ပေါ်သို မျက်ရည်များ ဖြည်းဖြည်းချင်း လိမ့်ဆင်းလာနေစဉ် သူ့ အသံမှ ပို၍လှိုက်တက်လာနေလေသည်။
မိဒုက္ခရဲ့ အပူသယ် အမေရယ်...အမေ့ သမီးလေး ခင်ဝှေ့ကိုကွယ် ပြေးလို့ မြင်လွှဲ ကွယ်။ အမေ့ကို မချစ်လို့ အမေ့ကိုပစ်လို့ သူ့ နောက်က တကောက်ကောက် လိုက်လာခဲ့တယ်..အမိုက်မလေးရယ်.. အမေဝယ်ပေးတဲ့ ပုလဲပုတီးလန် အချိတ်ထမီရယ်အမေရယ် ..ဒီတော့ ဒီတောင် ရှိ မြောင်တွေ ဖြတ်လို့ အဝေးကနေ ဆွေးနေရပါတယ်၊ သောင်ပြင်မှာ လွှတ်တဲ့ ခွေးလိုကွယ် မအေးရနိုင်တော့တယ်။တယ်နယ့်တဲ့နယ်...တဲနယ်...တဲ့နယ်...တဲ့နယ် တယ်။အော် ခင်ဝေ ခင်ဝေ၊ အမိုက်မလေး အခုတော့ နင့်အဖြစ်ဟာ တယ်လို့ မို့ ဆိုပါလားနော်၊ နင်ဟာ လူ့ ပြည်မှာတောင် နေဖို့ မကောင်းတော့ဘူး ခင်ဝေရယ်၊ တယ်နယ့်...တဲ့နယ်...တဲ့နယ်...တဲ့နယ်...တဲ့နယ်...တဲ့နယ်...တယ်။
ထိုအခါတွင်ကား ကျနော်သည် အကြာကြီး ရပ်စောင့်နေရာမှ မအောင့်အီးနိုင်အောင် ဖြစ်လာလေသည်။ ကျနော်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရလေသည်။ သူသည် လန် ဖျတ်သွားပြီး ကျနော့်ကို လှည့်ကြည့်လိုက်၏။ သူ့ မျက်လုံးများမှ မျက်ရည်များ ပြည့်သိပ်နေလျက်နှင့်သူသည် ထမီတိုတိုဝတ်ကာ ကမန်းကတမ်း ထရပ်လိုက်တတ်လေသည်။ ကျနော့်ကိုယောက်ျားကလေး တယောက်ကဲ့သို့ လက်သီးဆုပ်ပြီး တဘိုင်းတိုင်း ထိုးလိုက်တတ်လေသည်။ ကျနော်သည်သူ့ လက်ကလေးများကို ဖမ်းချုပ်ကိုင်လိုက်ပြီး သူ့ ကို အတင်းသိမ်းကြုံးပွေ့ ဖက်လိုက်၏။
သူသည် ပို၍ စိတ်ထိခိုက်သွားပြီး တသိမ့်သိမ့် တရှိုက်ရှိုက်ငိုပြန်လေသည်။ ထိုညနေများ၌ သူ ရှိက်သံနှင့်ကျနော်၏ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောနေသံ ထုပုတ် ရိုက်နှက်သံများဖြင့် ကျနော်တို အိမ်ကလေးမှာလည်း စည်ကားသိုက်မြိုက် သွားတတ်ပြန်သည်။
ညနေခင်းများ၌ ဝေသည် ကျနော် လမ်းလျှောက်ထွက်လျှင်ကျနော်နှင့် အတူ လိုက်လာတတ်ပြန်သည်။ သူသည် ထမင်းအိုးကိုမီး ကမန်းကတန်း ထိုးပြီးတည်၏။ ကျနော့်ကို အတင်းစောင့်ဆိုင်းခိုင်းထားတတ်၏။ တခါတရံ၌ ပေပေတေတေ မျက်နှာကို ကမန်းကတမ်း ပုဆိုးစုတ်ဖြင့် သုတ်လိုက်ပြီး ကျနော့် နောက်မှပြေးလိုက်လာလေသည်။
ညနေခင်းများ၌ မြို့ သစ်ကလေး မြို့ အပြင်ဘက် ရစ်ခွေချောင်းတဝိုက်မှာ အစဉ်အမြဲလိုပင်အသံမရှိ၊ တိတ်ဆိတ်အေးငြိမ်းနေတတ်လေသည်။ ချုံပုတ်စိမ်းများသည် ချောင်းကမ်းပါး၌ ကပ်ပေါက်နေ၏။ ။ ဆီးနှင်းများ ကျစပြုလာလျှင် ချောင်းကမ်းပါးရှိ တောင်ချောက်ကုန်းကလေးများသည် ပို၍တိတ်ဆိတ် ငြိမ်သက်သွား၏။ ချောင်းရေအလျဉ်သည် တိုးသက်စွာ စီးဆင်းနေ၏။ သစ်ရွက်ကလေးများ ချောင်းရေထဲ၌ နှေးကွေးလေးလံလှစွာ မျောနေစဉ်၌ ဝေသည် ကျနော့်နောက်မှ အိန္ဒြေရှင် မိန်းမကြီးတဦးလို ချောင်းကမ်းပါး အတိုင်း တည်တည်ခန့် ခန် ကြီးလျှောက်လာတတ်ပြန်သည်။
ခပ်ဝေးဝေး ယာခင်းစောင်း ကုန်းမြင့်၌ကား အပွင့်များရဲနေသော လက်ပံပင်ကြီးမှ လက်ပံပွင့်များသည် တသဲသဲဝဲလှည့်ကြွေကျနေသည်။
“ ဝေ က တကယ့် အိမ်ထောင်ရှင် မိန်းမကြီးလို နေတတ်ပါတယ် " ဟု ပြောပြီး ကျနော်သည် အလုပ်အကိုင်နှင့်ပတ်သက်သော ဝေနားမလည်နိုင်သည့် အခြား အကြောင်းများ ကိုပါ ပြောပြလာတတ်လေသည်။ ဝေသည်လည်း နားလည်သလိုလို ခေါင်းတဆက်ဆက် ညိတ်လာရင်းမှ မဆီမဆိုင် ကြားဖြတ်မေးလာလေသည်။
“ ကဲ... ဒါတွေထားကွယ်၊ ငွေကို ကို အမြဲတန်းပြောနေကျ စကားဘဲ ပြောရအုံးမယ်။ အိမ်ထောင်ရှင်ဆိုရင် အိမ်ထောင်ရှင်လို မိန်းမပီသအောင် နေတတ်ရမယ်ဟုတ်လား၊ ခလေးဆိုရင် ခလေးလို နေတတ်ရမယ်၊ ဝှေ့ အနေနဲ့ ဆိုရင်လဲ တောအုပ်ကလေးရဲ့ ဇနီး၊ သိမ်သိမ်မွေ့ မွေ နေတတ်ရမယ်၊ တခါတရံ ဝေနေတာပြောတာ ခလေးဆန်လွန်းတယ်လို့ ထင်တယ် "
“ အို...ခင်ဝေ ဘာလုပ်လို့ လဲ " “ ကဲ...အခု ပြောတဲ့ ဟာကို ဝှေ့ ဘာသာ အေးအေး ဆေးဆေး စဉ်းစားစမ်း၊ ခု ဝေ ပြောလိုက်တဲ့ ဟန်ဟာ ခလေးဟန်ဘဲ "
“ ကောင်းဘီ ဒါဖြင့် လူကြီးလိုနေပြမယ်၊ ကဲကွယ်...အမေကြီးအိုကလေးလိုလို နေပြလိုက်အုံးမယ်
လမ်းလျှောက်နေ့ အတန်ငယ်ဝေးလာသောအခါ ကျနော် နှင့်ဝေသည် ချောင်းစပ် တနေရာ၌ ထိုင်လိုက်ကြလေသည်။ ဝေသည် ချောင်းဘက်ကို လှမ်းကြည့်နေတတ်၏။ မြို့ ကား အတန်းငယ်ဝေးကွာလာခဲ့လေပြီ။ ချောင်းကမ်းပါး၌ ယာတဲကလေးများကို လှမ်းမြင်ရလေသည်။ ယာတဲကလေးများဖက်မှ မီးခိုးများသည်လည်း အူတက်လာကာ နှင်းမှုန်များဖြင့်ရောနှောသွားလေသည်။
ဝေသည်လည်း ဝေးဝေးပျပျမှ ယာတဲကလေးများကိုကြည့်ရင်း “ ဟေမန်နဲ့ တူလိုက်တာ " ဟု ပြောလေသည်။ ဝေသည် မြစ်ကမ်းပါ၌ ရှိသော သူ၏ဇာတိ ဟေမန်ရွာကလေးအကြောင်းကို တလွမ်းလွမ်းတသသဖြင့် စကားဖွဲ့ လေတော့သည်။ ဟေမန်ရွာကြီးနံဘေးရှိ ယာခင်းများသည် စိမ်းမြနေတတ်၏။ ဟေမန်တာရိုးကြီးပေါ်၌ ညတွင် လသာသာ အဖော်များနှင့် ကစားရခြင်းကို ဝေသည် ဘယ်အခါတွင်မှ မေ့မည်မဟုတ်။ တာရိုးကြီးပေါ်၌ နွေရာသီ ရောက်လာလျင် အဖော် အပေါင်းစုံစွာဖြင့် ကစားကြရ၏။
လူပျိုအပျိုများလည်းပါကာ တောသဘာဝအတိုင်း သမီးရည်း စားလည်း ဖြစ်ချင်ဖြစ်ကုန်ကြ၏။ တာရိုးပေါ်၌ တလွှားလွှား ပြေးလွှားကြ၏။ တာရိုးကြီး ကွေ့ မှ ငှက်ပျော် ဥယျာဉ်ကြီးထဲ၌ တူတူပုန်းကြပြန်လေသည်။
“ ခင်ဝေတို့ တော့လေ...ညတိုင်း ကစားတာ သန်းကောင်ကျော်ဘဲ သိလား၊ အဲဒါ သိပ်ပျော်တာဘဲ၊ တခါတခါ ငြင်းကြတာလေ၊ တခါတခါတော့ စကားထာဖွက်တာ၊ ညည ဖန်ထုပ်ပစ်ကြတာ၊ အဲ တခါတလေ လေ သဲပြင်ထဲ ပုရစ်တူးက်ပြီး မီးဖိုကြီးတွေ ဖိုပြီး ကင်စားကြာတာ ကိုကိုရယ်” “ရွံ့ စရာတွေ မပြောစမ်းပါနဲ့ ”
“ကိုကိုက သိပ်အတာဘဲ၊ ပြီးတော့ ပုစွန်လုံးမှိတ်ပြီး မီးဖုတ်စားကြတာကော၊ ဟိုမှာကြည့်ဟိုချောင်းရေစပ်မှာ ပုဇွန်တွင်းတွေ့မြင်လား၊ သွားကွယ် ကိုကိုပုဇွန်လုံး နှိုက်ပေးကွယ်၊ အိမ်ကျဖုတ်စားရအောင်လေ၊ ကိုကို လိမ်မာပါတယ်၊ ညတုန်းကတော့ ခင်ဝှေ့ ကို ချစ်တယ်ဆို ”
“ အခု မချစ်တော့ဘူး၊ ကို မနိတ်ရဲဘူးကွယ်၊ မတော်တဆမြွေရှိ လို့ ထွက်ကိုက်လိုက်ရင် ဒုက္ခဘဲ၊ ကို ကြောက်တယ် "
“ ဒါဖြင့် ခင်ဝေ နိတ်မယ်လေ " “ မနှိုက်ရဘူး” “ နှိုက်ရပါတယ် " “ ဟေ့ ဟေ့ မင်းလူကြီးလို နေပါ့မယ်ဆို ” ဟုပြောကာ သူ မတ်တတ် ထရပ်သဖြင့် ကျနော်သည် သူ့ လက်ကို ဆောင့်ဆွဲထားလေသည်။
သူသည် ရယ်လိုက်ပြီး သူ့ လက်ကို ဆောင့်ရုန်းလေသည်။ သူ့ မျက်နှာမှာ ချက်ခြင်းပင် ခလေး မျက်နှာကလေးလို ရွန်းရွန်းဝေအောင် ပြုံးရယ်နေသည်။ ခလေးစိတ်ဖြင့် သူ မျက်လုံးကလေးများသည် အပြစ်ကင်းမဲ့စွာ တောက်ပရွန်းလက်လာကြ၏။ သူဆောင့်ရုန်းလိုက်ပုံမှာ ခလေးဆံ နေလေသည်။ “ ဘာဆိုင်လို့ လဲ၊ ပုစွန်လုံးမှိတ်တာနဲ့ ဘာဆိုင်လို့ လဲ၊ လူကြီးလဲ ပုစွန်လုံးမှိတ်တာဘဲပေါ့။ ကိုကိုလယ်ထဲ မဆင်းဖူးဘူးမှုတ်လား၊ ပုဇွန်လုံးနှိုက်တာကို ဘယ်သိပါ့မလဲ၊ လွတ်စမ်းပါ”
သူ ရုန်းလွန်းမက ရုန်းသဖြင့် ကျနော်သည် သူ့ လက်ကို ဖြေပေးလိုက်ရ၏။ သူသည် ချောင်းထဲသို ပြေးဆင်းသွားကာ အေးကျင်နေသော ရေစပ်၌ ရပ်လိုက်လေသည်။ ကျနော့်ကို တချက်ပြန်ကြည့်ပြီး မျက်လုံး မှိတ်ပြလိုက်သေး၏။
သူသည် အင်္ကျီလက်မောင်းကို ပင့်တင်လိုက်ပြီး ပုဇွန်တွင်းကို ကုန်းနှိတ်နေသည်။ ကမ်းပါးနှင့် ကပ်နေသဖြင့် မျက်နှာ၌ မြေနီမှုန့် များလူးကုန်သည်။ သူ့ လက်မောင်းတဆုံး ဝင်သွားပြီး လက်မောင်းကို ဖြည်းဖြည်းချင်း ပြန်နှုတ်လေသည်။
“ ပါလာဘီပါလာဘီ ” ဟုလည်း အော်ပြောနေသည်။ ခဏနေလျှင် သူ့ လက်ထဲ၌ ခြေကာယား လက်ကားယားဖြစ်နေသော ပုဇွန်လုံးကြီးတလုံး ပါလာသည်။ သူသည်လက်ရေများ ဆေးကြောပြီး ပုဇွန်းလုံးကို မြှောက်မြှောက်ပြနေ၏။ ပုဇွန်လုံးကား သူ့ အသက်ဘေးအတွက် ခုခံတိုက်ခိုက် နေ၏။ ဝေသည် ပုဇွန်လုံးကို ကြည့်ရင်း မသတ်ရက်အောင် ဖြစ်နေပြန်သည်။ သူသည် အတန်ကြာ ငိုင်တွေကြည့်နေပြီးမှ ပုဇွန်းလုံးကိုရေထဲ စွပ်ကန် လွှတ်လိုက်၏။ ပုဇွန်လုံးသည် ရေတိမ်ထဲတွင် ကမန်းကတမ်း ကူးယက်သွားသည်ကို ကြည့်ပြီး ဝေသည် ပျော်လာပြန်လေသည်။
“ ပုဇွန်လုံးကလေးရေ နှင့်တခါလွတ်လွတ်၊ ငါ တွေ့ တိုင်းတွေ့ တိုင်းလွတ် " ဟုသူသည် ရေရွတ် ဆုတောင်းနေ၏။ ။ သူ့ ကိုယ်သူ ပုဇွန်လုံးကလေး၏ အသက်ကိုလွှတ်လိုက်ခြင်း အတွက်ကုသိုလ်ရပြီဟု ယူဆလိုက်ကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေပြန်လေသည်။
ထိုညနေမျိုးနှိက် မိုးချုပ်မှပင် ကျနော်တို့ ပြန်လာကြလေသည်။ လမ်း၌ဝေသည် သူ လက်ကလေးကို မြှောက်မြှောက်ကြည့်နေ၏။ သူ့ လက်မှာ ပုဇွန်တွင်းမှ ကျောက်စရစ်စများ စူးရှသဖြင့် သွေးများစို့ နေ၏။ သူသည် “ နာလိုက်တာဟယ် " နှင့်ရေရွတ်လာလေသည်။
“ အင်း.. ကောင်းတာပေါ့” ဟု ကျနော်က အပြစ်တင်သဖြင့် သူ သည်နို့ရရ ငြိမ်ငြိမ်သက်သက်လိုက်လာခဲ့လေသည်။ တခါတရံ၌ သူသည် ထိုသို့ နွေရရ တည်တည်ငြိမ်ငြိမ်
လိုက်လာရင်းမှလည်း လမ်းဘေးချုံပုတ်တို့ ကိုတွေ့ လျှင်ခြေထောက်ဖြင့် ဘောလုံးကန်သလို ဆက်ကနဲ ကျနော်မမြင်အောင် ကန်လိုက်ပြန်သည်။ ကျနော်သည်လည်း မမြင်ချင်ယောင် ဆောင်ပြီး လမ်းကို ခပ်နှေးနှေး လျှောက်လာခဲ့လေသည်။
မြို့ နှင့် နီးစပ်သော ယာခင်းစောင်းတခု၌မူ လမ်းသည်ကျဉ်းမြောင်းသွား၏။ လမ်းတဖက်၌ ယာခင်းနှင့် တဖက်၌ အခြားယာခင်းမှ စည်းရိုးတခုရှိ၏။
နှင်းများဝေကျလာသဖြင့်လမ်းမှာမြက်များဖြင့်ရောကာ မသဲမကွဲ ဖြစ်လာလေသည်။ အမှောင်ဘက်သို့ လုလာပြီဖြစ်၍ ခပ်ဝေးဝေးမှ ယုန်ကလေးများ၏ကျစ်ကျစ်အော်သံ စတင်ကြားလာရလေသည်။ ထိုလမ်းကျဉ်းကလေး၌ ဝေသည်အတင်း လုတက်လာ၏။ ကျနော့်ကိုယ်ကို ကိုယ်စောင်းပစ်လိုက်ကာ လမ်းနေရာလုလိုက်လေသည်။ ကျနော်သည် ရုတ်တရက်ဖြစ်သဖြင့်တဖက် ယာခင်းစည်းရိုးအပေါ်သို့ ယိုင်လဲကျသွား၏။ သူသည် တခစ်ခစ် ခလေးလိုရယ်ကာ သုတ်သုတ်ဖြတ်ကျော် ပြေးလေသည်။ ကျနော်သည် သူ့ ကိုလိုက်ဖမ်းလိုက်၏။ သူ၏လုံးလုံး ကျစ်ကျစ်ကိုယ်လုံးကလေးကို သိမ်းပွေ့ ကာ အထက်သို့ မြှောက်ပစ်လိုက်မိလေသည်။ ။ ပြန်အကျ၌ သူ့ ကို ထိန်းထားသော်လည်း သူသည် ရယ်မောရင်းဖြင့်ပင် လမ်းပေါ်၌ထိုင်လျက် ကျသွားလေသည်။ ။ သူ၏လူးလဲ ထရပ်သံနှင့် ရယ်လိုက်သံသည် သဲသဲ လှုပ်နေတော့၏။ ဝေ၏ရုပ်ပုံလွှာ ကားချပ်ကလေးများကို ရေတွက်လျင် မြို့ သစ်ကလေး ဈေးသည်လည်း တခုအဖြစ်ဖြင့် ထင်ထင်ရှားရှား ပီပီပြင်ပြင် ပေါ်လာရပေမည်။
မြို့သစ်ကလေး တောင်ကုန်းဈေးသည် ဆောင်းနံနက်များ၌ နှင်းမှုန်များ ရစ်ဖွဲ့ နေတတ်၏။ အပေါ်မှနှင်းဆိုင် နှင်းခဲများတရုတ်တရက် ပြို ကျလာတောမလိုပင်။ ဈေးရုံတန်းဘက်မှ သွပ်အမိုးများပေါ်ဝယ် နှင်းခဲများ တဖြောက်ဖြောက် ကြွေကျ နေ၏။ ငါးရက်တဈေး ဈေးနေ တိုင်းလူအများ ကြိတ်ကြိတ် တိုးနေလေသည်။ လှည်းတန်းရှည်ကြီးသည် ဈေးပတ်ပတ်လည်၌ ရပ်ထား၏။ နံနက်ရထားဆိုက်ကပ်ချိန်တွင် ခရီးသည် ဈေးဝယ် ဈေးသည်များ ပြွတ်ခဲကာ တိုးဆင်းလာကြလေသည်။ မြို့ သစ်ကလေးသို့ ရောက်စက ကျနော်သည် သူ့ ကို လစာမအပ်သေးဘဲ ဈေးသို့ သူနှင့်အတူ ထွက်လေသည်။ သူသည် ကျနော်လစာမအပ်သည်ကို
တောင်းရကောင်းမှန်လည်း မသိ၊ ဈေး၌ သူ့ အတွက်အင်္ကျီ အဝတ်အစားများ ဝယ်ပေးလျှင် သူသည်အဝတ်အစားများကို လက်ဖြင့်ပိုက်ကာ ကျနော့် လက်မောင်းကို ခလေးကလေးတယောက်လိုပင် တွယ်ကာဈေးထဲအနှံ့ လျှောက်လိုက်လေသည်။ တခါတွင် ဈေးဝ၌ သူသည် ကျနော့်လက်မောင်းကို ချိတ်တွဲထားရင်း “ ကိုကိုလစာတွေ အများကြီး ရတာဘဲနော် ” ဟုပြောလေသည်။
လစာလာကြလေသည်။ အချိန်တွင် ခရီးသည်တန်းရှည်ကြီးသည် နေရေး ဈေးနေ
ကျနော်သည် သူ့ မျက်နှာလေးကို ပြန်လှည့် ကြည့်လိုက်မိ၏။ သူသည် ခလေးကလေးလိုပင် အပြစ်ကင်းစွာ ပြုံးထားသည်။ သူ့ လည်းပင်၌ ကျနော် မကြာသေးမီက ဝယ်ပေး လိုက်သော ဆွဲကြိုးကလေးမှ လော့ကက်သီးသည် လှုပ်ယမ်းနေ၏။ သူသည်နှုတ်ခမ်းကို မဆိုးရံဆိုးရဲဖြင့်ခပ်ပါးပါး ဆိုးထားသည်။ သူ့ ထမီမှာမူ ကျနော် အတင်းအဓမ္မ ပြုပြင်ထားသဖြင့် အစရှည်ဖြစ်နေ၏။ သို့ သော်မသေသပ်ပေ။
" လခဘယ်လောက်ရတယ်လို့ မင်းထင်သလဲ " “ မသိဘူးလေ၊ ကိုကိုကမှ မပြောတာ " " အို...မေးထားမှပေါ့" “ဘာပြုလို့ လဲ " “ လခမေးနေရင်တော်ကြာရင် ခင်ဝှေးကို ပိုက်ဆံမက်တဲ့ မိန်းမလို့ ကိုကိုထင်နေမှာ ပေါ့ ” “ ဖြစ်မှဖြစ်ရလေဝေရယ် "
ဝေသည် ပြုံးရုံးသာ ပြုံးနေ၏။ ရင်ခွင်ထဲ၌ ပွေ့ ပိုက်လာသည့် အနီပေါ်၌ အညို အစက် အပြောက် ကလေးများဖြင့်ပိုးအကျီ ပိတ်ကလေးကိုသာ ကြည့်နေရင်း
“ ခင်ဝေနဲ့ လိုက်မယ်နော် " ဟုပြောနေသည်။ ကျနော်သည် ခေါင်းကိုသာ ညိတ်ပြလိုက်၏။ ကျနော်အပြုအမူများ မှားယွင်းနေခဲ့ပြီကို တွေးနေခဲ့၏။ ထိုနံနက်က ကျနော်သည်သူ၏ လန်းဆတ်လှပသော၊ ဖြူစင်သော၊ အပြုံးပန်းများ ဝေနေသောမျက်နှာလေးကို မကြည့်ရဲအောင် ဖြစ်ခဲ့ရလေသည်။ ဈေးဝ၌ မြင်းလှည်းပေါ်သို တက်လိုက်ကြသည် အထိကျနော်သည် သူ့ကို စကားမပြော ဖြစ်တော့ပေ။
သူကသာအကျီပိတ်ကလေးကို တကိုင်ကိုင်လုပ်နေရင်း စကား တဖောင်ဖောင် ပြောလာခဲ့လေသည်။ မြင်းလှည်း ဆောင့်ရုန်း ထွက်ခွာလိုက်သောအခါ သူ့ ကိုယ်ကလေးမှာလည်း
ယိမ်းထိုးသွားပြီး သူသည် ထိုသို့ ဖြစ်ရသည်ကိုပင် ရယ်စရာတခုလို ရယ်မောခဲ့လေသည်။
ဆောင်းရက်များသို့ ဆိုက်ရောက်လာသောအခါ သူသည် လစာကို ကိုင်သုံးနေသော တကယ့် အိမ်ထောင်ရှင်မကြီးတဦးဖြစ်လာရတော့သည်။ လစာထုတ်ပြီးစ လဆန်းရက်များ၌ သူသည် လစာငွေ များကို အိတ်ကပ်ထဲမှ ပူနေအောင်ထည့်ထားပြီး ညအိပ်ရာ ထဲဝယ်စာရင်းတွက်ချက်မဆုံးနိုင်အောင် ဖြစ်နေတတ်ပြန် သည်။
စောင်ခြုံထဲ၌ သူသည် မျက်နှာကလေးကိုသာ ကွက်ပြီး ဖော်ထား၏။ မီးရောင်ပျပျ၌ သူ့ မျက်နှာ ဝိုင်းဝိုင်းကလေးမှာ ကြည်နူးလန်းဆန်းနေသည်။ မျက်နှာပေါ်၌ သနပ်ခါး အကြမ်းပွတ်ထားသည်။ သူသည် လက်များကို စောင်ခြုံထည်းမှ ထုတ်ပြီး တချောင်းချင်းချိုးကာ စာရင်းတွက်နေသည်။ ကျနော်လည်း သူ့ ဘေး၌ယှဉ်၍ အိပ်ရာ ခေါင်းမထူနိုင်အောင် အိပ်ချင်နေတတ်လေသည်။ သူက အတင်းနှိုးထားသဖြင့် ကျနော်သည် သူ့ ဘက်သို့ တစောင်း လှည့်အိပ်နေရ၏။မျက်လုံးကို သူဖွင့်ထားခိုင်းသဖြင့် ဖွင့်ထားရာ အိပ်ချင်စိတ်အားကြီးလာလျှင် မျက်လုံးများသည်
အလိုလိုပိတ်သွားတတ်၏။ ထိုအခါ၌သူသည် အတင်းအဓမ္မ လှုပ်နှိုးနေပြန်လေသည်။
“အမဲသားက ငါးဆယ်သားနော်၊ အဲတာက နှစ်ကျပ်နော် မှတ်ထားအုံးကွယ်၊ မအိပ်ပါနဲ့ အုံး၊ အစောကကိုးကျပ်နဲ့ ပေါင်းရင် တဆယ့်နှစ်ကျပ် ရှိဘီနော်၊ ဆီငါးဆယ်သားက သုံးကျပ်၊ ဆယ့်တစ်ကျပ်နဲ့ ပေါင်းရင် ဘယ်လောက်လဲ၊ ဆယ့်လေးကျပ်နော်မှတ်ထား၊ ဒုက္ခဘဲလက်တွေလဲချိုးလို့ ကုန်ဘီ၊ ခြေထောက်ချိုးရတော့မလိုဘဲ "
သူ့ စကားသံများသည် ကျနော် နားထဲမှ ဝေးသွားပြန်လေသည်။ သူသည် လှုပ်နှိုးလိုက်ပြန်၏။ မျက်စိ ပြန်ကျယ်လာပြီး သူတိုင်ပင် တွက်ချက်နေသည်ကို အင်းလိုက် နေရပြန်သည်။
" ဆီက ဆစ်ရင် ငါးကျပ်ခွဲလောက်ရမယ်နော် " “ အင်း...” “ မနက်ဖြန်ကာ ရအောင်ဆစ်မယ် " “ ရန်ဖြစ်နေအုံးမယ် ဝေရာ " ။ “ မဖြစ်ပါဘူးကိုကိုရဲ၊ ဈေးဝယ်တယ်ဆိုတာကတော့ ဝယ်တဲ့လူဘက်ကကြည့်ရင် ရနိုင်သလောက်ဆစ်ရမှာဘဲ၊ ရောင်းတဲ့လူကလဲ ဝယ်တဲ့လူအပေါ် အမြတ် မတရားလိုချင်တာဘဲ၊ ဝယ်တဲ့လူကလဲ အမြတ် တတ်နိုင်သလောက် မပေးရအောင် ဆစ်ရမှာပေါ့၊ ဒါ တရားပါတယ် " “ မဟုတ်ဖူး၊ ဝေ ဥစ္စာက နဲနဲလွန်သလားလို့ ပါ” “မလွန်ပါဘူး၊ ကဲ ပြောနေရင်း မျက်လုံးကြီးက မှိတ်သွားပြန်ဘီ "
သူသည် ကျနော့် ဘက်လှည့်ပြီး ပခုံးကို ကိုင်လှုပ်နေ၏။ ကျနော်လည်း မျက်လုံးမဖွင့်ဘဲနှင့် ပြုံးကာသူ့ ပါးကလေးကို ငုံ့ ကိုက်ထားလိုက်လေသည်။ တခါတရံ ဈေးသို သူတယောက်တည်းသွားသည်။ တခါတရံတွင်ကား ကျနော်သည် သူနောက်မှ အဖော်အဖြစ်ဖြင့် တကောက်ကောက် လိုက်သွားရ၏။ နံနက် နှင်းလုံးမကွဲ သေးမီ မြို့ သစ်ကလေးမှ ထွက်လာသော မြင်းလှည်းပေါ်၌ မြောက်ပြန်လေ နှင်းလေးများ တိုင္ တိုးဖြတ်နေသဖြင့်အေးကျင်နေသည်။
လခြမ်းကွေ့ လမ်းပေါ်တွင်ကား နှင်းများ တဖွေ ဖွေ ကြွေကျနေ၏။ နံဘေးရှိ
တောင်ကုန်းကလေးများ သည်လည်းနှင်းထုထဲဝယ် နစ်မြုပ်နေသည်။ နံနက် နေခြည်များသည်လည်းဖြာကျစ။ အဝေးမှ လှမ်းပြီး မြို့ ပြင်ဈေးမှ အသံပလံများကို ကြားနေရ၏။
ဝေကား မြင်းလှည်းပေါ်တွင် ကုတ်ထိုင်နေရင်း သူဝယ်ခြမ်းမည့် ဈေးများကို စိတ်အာရုံ၌ မမေ့အောင် တွက်နေလေသည်။ သူ့ ခမျာ ကျောင်းမနေခဲ့ရ၊ စာမသင်ခဲ့ရသဖြင့် ဤစာရင်းကလေးမျှကိုပင် မတွက်ချက်တတ်။ သူ့ ကို ကျနော်သည် စာနာနေခဲ့မိလေသည်။သူ့ ကို စာသင်ကြားရန် ကြိုးစားသော်လည်း သူသည် သင်ကြားရန် စိတ်မဝင်စား။ ကျနော် လက်မှတ်ရေးထိုးသောအခါ သူသည် ဖောင်တိန်ကို တည့်တည့်ကောက်ကိုင်လိုက်ပြီ “ ခင်ဝေ” ဟု တလုံးစီ ရေးချလိုက်၏။ သူ၏ ဖောင်တိန် ကိုင်ထားသောလက်မှာ တုန်နေခဲ့၏။
သူသည် ဖောင်တိန်ကို ကြောက်ရွံ့ နေလျက်ကြားမှ စွန့် စားကိုင်တွယ်လိုက်ပုံ ရသည်။ ကျနော်သည် သူ့ မျက်နှာကလေးကို တစေ့တစောင်းကြည့်နေရင်း ရင်ထဲ၌ ဆွတ်ပျံ နာကျင်နေခဲ့လေသည်။ သူ့ ကိုစာတတ်ရန် ကျနော်ကြိုးပမ်းရလိမ့်ဦးမည်။ သူ့ ကိုတကယ် မိန်းမကြီးတယောက် ဖြစ်လာစေရန် ကျနော် ကြိုးပမ်းရလိမ့်ဦးမည်။ ကျနော်ကား စိတ်မောနေရပြန်ပေသည်။ သူသည် သူအနှစ်သက်ဆုံး အနီထဲ၌ အညိုပြောက်နှင့် အကျီကလေးကို ဝတ်ထား၏။
စိတ်ကူး စာရင်းတွက်နေရင်းမှ ကျနော့် ကိုလှည့်ကြည့်လိုက်လေသည်။ ဈေးထိပ်၌ မြင်းလှည်းရပ်သောအခါ သူသည် သွက်လက်ဖျတ်လတ်စွာ ခုန်ဆင်းလိုက်လေသည်။ ကျနော် တို သည် ဈေးထဲသို့ အတူတူဖြတ်လျှောက်ဝင်သွားကြ၏။ ဈေး၌ကာ လူအများ ကြိတ်ကြိတ်တိုး စည်ကားနေ၏။ မြေကြီးကွက်လပ်မကျန် လူများဖြင့် ညှပ်သိပ်နေ၏။
ထိုနေ့ နံနက်က သူနှင့်ကျနော်သည် ဈေးအဝင်ကတည်းက လူချင်းကွဲသွားကြလေသည်။
ကျနော်သည် သူ့ကိုမြင်နေရသော်လည်း လူများ တိုးမရဖြစ်နေ၏။ ခဏမျှ မျက်ခြည် ပြတ်သွားစဉ်တွင် သူဘယ်ရောက်သွားပြီကို မသိတော့ပေ။ ဈေးဝယ်ပြီးလျှင် ဆွဲကူရန် လိုအပ်သဖြင့် ကျနော်သည် လူအများကို တိုးဝှေ့ပြီး သူ့ ကိုအနှံ့ လိုက်ရှာသည်။
နေမြင့်တက်လာသည်အထိ သူ့ ကိုရှာ၍ မတွေ့ တော့ပေ။ ဈေးကား တဖြည်းဖြည်းဖြင့် လူပါးစ ပြုလာလေသည်။ ကျနော်သည် အမဲသည်တန်းနှင့် မနီးမဝေး၌ လမ်းဘေးတွင်ထွက်ရပ်ပြီး သူ့ ကို စောင့်နေလိုက်သည်။ အနီရောင်အင်္ကျီနှင့် မိန်းမများကိုမြင်လျှင်သူဟုထင်မိလေသည်။သို့ သော်သူကိုမူမတွေ့ ။
အချိန်အတော်ကြာသော အခါတွင်ကား အမဲဈေးဆိုင်တန်းဘက်မှ သူ့ အသံကို ကြားရလေတော့သည်။ သူ့ အသံသည် တဝေါဝေါ အော်မြည်နေသော လူအပေါင်းကို ကျော်လွှားသွား၏။ လူအများသည် သူရှိရာ အမဲဈေး ဆိုင်တန်းဘက်သို့ အာရုံပြု လှည့်ကြည့် လိုက်ကြလေသည်။ တယောက်က “ရန်ဖြစ်နေတယ်” ဟု ပြောလေသည်။
“တောအုပ် မိန်းမတဲ့ဟယ်၊ သိပ်စွာတဲ့ ကောင်မလေး”ဟု မိန်းမကြီးနှစ်ယောက် ပြောသံ များလည်း ကြားရ၏။
“လားစမ်းပါ၊ သိပ်စကားများ မနေစမ်းပါနဲ့ ၊ ညည်းငါ့အမေလောက်ကြီးကို ဖနပ်နဲ့ ပါးရိုက်ပြမယ်၊
အမဲသယ်မက အမဲသယ်စကားပြော၊ အရိအရွဲမထဲ့ပါနဲ့ ဆိုတာ မဝယ်ချင်သွား ဘာညာနဲ့ ၊ ညည်းအမဲသားကို အလကား တောင်းစားနေတာမှုတ်ဖူး၊ ငွေပေးပြီး ဝယ်စားတာအူ၊ လာပါ။ ဆင်းခဲ့စမ်းပါ၊ ဆဲမနေပါနဲ့ ။ ညည်းနဲ့ ငါနဲ့ သတ်ကြရအောင်ပါ”
အမဲသည်တန်းသည် အနိမ့်ဘက်တွင် ဖြစ်သဖြင့် ဈေးဆိုင်တန်းရှေ့ ကို ကျနော့်နေရာမှ လှမ်းစီးမြင်နေရသည်။ ဝေသည် ဈေးဆိုင်ရှေ့၌ခါးထောက်ရပ်နေ၏။ ကျောဘက်မှ မြင်ရသော်လည်း အင်္ကျီအနီရောင်သည် လွင်နေ၏။ ဝေ့ကို သဲကွဲစွာမှတ်မိ၏။ ဝေသည် ထမီကို ပေါင်လယ်လောက်အထိ တိုတိုဝတ်လိုက်၏။ ဖိနပ် ချွတ်ကိုင်လိုက်၏။
အမဲသည်မသည် ဓားမကိုင်ပြီး ဆိုင်ပေါ်မှဆင်းရန် လုပ်နေသဖြင့် လူအများ ဝိုင်းဆွဲထားသည်။ “ဓားနဲ့ မလုပ်နဲ့ ဗျာ၊ နဘမ်းသတ်ကြပါ” ဟုတယောက်ကအကြံပေးနေသံလည်း ကြားရ၏။ အချို က ရယ်လိုက်ကြလေသည်။
မကြားကောင်းမနာသာ ဆဲဆိုသံများ ပို၍ ကြားရလေသည်။ ဝေ၏ ရိုင်းပြလှစွာ ဆဲသံများမှာလည်း ပွက်ပွက်ညံနေသည်။ ပထမ၌ ကျနော်သည်ပင် ကြက်သေသေ ငေးနေခဲ့ လေသည်။ ကျနော်သည် ရပ်နေရင်းမှပြင်းထန်စွာ ရှက်ကြောက်နေမိလေသည်။ လူအုပ်ကြီး သည် အမဲတန်းဖက်သို ပြိုဆင်းသွား၏။ ရန်ဖြစ်နေရာ၌ မျောက်ပွဲကဲ့သို့ ဝိုင်းဝိုင်းလည်နေကြ၏။ ဝေ့ကို လူအများက ကွယ်သွားလေသည်။ ကျနော်သည် ကမန်းကတမ်း လှည့်ထွက်လာခဲ့၏။
စိတ်၌မွန်ထူနေလေသည်။ ကျနော်သည် ဤကဲ့သို့ ဖြစ်ရသည့် အတွက် စိတ်၌ ဒေါသပြင်းထန်စွာ မဖြစ်မိသော်လည်း ငွေအပေါ်၌ မကျေမနပ် ဖြစ်နေခဲ့၏။ ရက်အတန်ကြာ အထိ ကျနော်သည် မကျေနပ်သည်ကို ထုပ်မပြောဘဲ ကျိတ်မှိတ်နေ ခဲ့လေသည်။ ဤအကြိတ်အခဲကလေးမှာ တဖြည်းဖြည်း၌မူ သူ့ အလိုလိုကြေညက်သွားခဲ့ပေသည်။
ဝေ၏ ရုပ်ပုံလွှာထဲ၌ ဤကဲ့သို့ အကျင့်စရိုက် ကားချပ်ကလေးများသည် ဟိုတကွက် သည်တကွက် ရှိပေသည်။ တခါတရံ၌ ဝှေ့ကိုလူကြီးလားဟု တွေးရ၏။ တခါတရံ၌ကား ဝေသည် ငယ်ရွယ်လွန်းလှသော ခလေးကလေးအသွင်မျိုးလည်းဆန့် ကျင်ပြောင်းလဲ သွားပြန်သည်။
ဝေသည် သူ့ အမေကိုချည်း လွမ်းမနေတော့ပေ။ တဖြည်းဖြည်းနှင့် နေသားကျလာလေသည်။ အိမ်နီးနားချင်း ခလေးများနှင့် ပေါင်းသင်းကာ အိမ်ရှေ့ ၌ဇယ်တောက်တမ်း၊ ဖန်ခုန်တမ်း ကစားသည်။ သူသည် ကျနော်အလုပ်သွားနေချိန်၌ အိမ်တွင် ပျော်ရွှင်စွာ ဆော့ကစား ကျန်ရစ်ခဲ့သည်။
ကျနော်ပြန်လာသောအခါ၌ သူသည် မြေပြင်၌ တူးထားသော တွင်းတွင် ဇယ်စက်တမ်း ကစားနေရင်းမှ ခြံရှေ့ သို့ ထပြေးလာတတ်၏။ ခြံဝတွင် သူသည် ခလေးကလေးတယောက် အပြုအမူဖြင့် ပြေးထွက်လာပြီး ကျနော့်ကို သိမ်းဖက်လိုက်တတ်လေသည်။
ကျနော့် အဝတ်အစားများ၌ သူ့ လက်မှ ဖုံများဖြင့်ပေရေကုန်သည်။ ကျနော်သည် သူ ကိုတွန်းလွှတ်ပြီး နဖူးကို မနာမကျင်ခေါက်သည်။ အင်္ကျီ၌ပေနေသော ဖုံများကို လက်ဖြင့် အသာအယာ တောက်ခါပစ်သည်။ သူသည် သူ့ ကစားဖော် ခလေးများကို ပစ်ပယ်ကာ အိမ်ပေါ်သို ကျနော် နောက်မှ လျှောက်လိုက်လာသည်။ ကျနော်သည် အိမ်ပေါ်၌သူ့ ပါးကလေးကို မနာမကျင်လိမ်ဆွဲလိုက်၏။ သူသည် ခလေးအပြုအမူဖြင့် သူ၏ ဖုံပေနေသော ပါးကိုရှေ့ တိုးပေးလိုက်လေသည်။
“မွှေး”
သူက တလုံးတည်း တည်တည်ပြောလိုက်၏။ ကျနော်သည်လည်း အင်္ကျီကိုချိတ်၌ချိတ်ရင်းမှ သူ ကိုလှည့်ကြည့်ကာ တချက်မျှ ကျေနပ်အောင် နမ်းလိုက်ရ၏။
နွေဦးသို့ ဆိုက်လာလျှင် မြို့ သစ်ကလေးသည်လည်း အညာဓလေ့အတိုင်း ညစဉ်ပင် ခလေးအပေါင်း၏ ဆော့ကစားသံများဖြင့် ကျွက်ကျွက်ညံနေလေသည်။ ဟေမန်၏ချစ်စဖွယ်ကောင်းသော ဗီဇစိတ်သည် ဝေ့စိတ်နှလုံးသား၌ အမြစ်တွယ်နေ၏။ ဟေမန်၌ဆိုလျှင် ညလသာသာဝယ် ရွာ၏ တာရိုးကြီးပေါ်၌ဖြစ်စေ၊ မြစ်ခြေ သောင်ခုံများ၌ဖြစ်စေ၊ ကလေးလူကြီး အပျိုလူပျိုများပါ ထုတ်စည်းတိုးကစားလေ့ရှိပေသည်။ နွေဦးပေါက်ညများ၌ ဝေသည်လည်း ညစဉ် ညတိုင်းပင်ခလေးများနှင့် ကစားငြင်းခုံလျက်ရှိ၏။ တခါတရံ၌ ခလေးများနှင့် တုဖက်ပြီး ရန်ပင်ဖြစ်လေ့ရှိပြန်သည်။ အစပိုင်း ရက်များတွင် ဝေ၏ ကစားဖော် ကစားဖက်များထဲတွင် မြီးကောင်ပေါက်အရွယ် ကောင်ကလေးများ ပါလာသည်ကို သတိထားမိပြီး ကျနော့်စိတ်များမှာလည်း အထားအသို ရွေ့ လျောစ ပြုလာလေသည်။
ကျနော်သည် အိပ်ရာထဲ၌ လဲလျောင်းနေပြီး အလုပ် ပင်ပန်းလာခဲ့ရသည့် ကြားထဲမှပင် အိပ်မရစ ပြုလာခဲ့သည်။ တစတစဖြင့် ဝေ၏ ဆူညံစွာ ပျော်ရွှင်ကစားနေမှုများသည် ကျနော်၏ စိတ်အာရုံကို ပုတ်ခတ်ထိပါးလာသည်။ ကျနော်သည် စိတ်၌နောက်ကျိ ရှုပ်ထွေးစပြုလာလေသည်။ ဝေ့ကို ထားမြစ်ပိတ်ပင်ရန်ကား ကျနော်သည် သတိမရသေး။ ဤသို့ ဖြင့် မသေသပ်တော့သော ညများသည်လည်း ဖြတ်သန်းကုန်ကျွမ်းသွားကြလေသည်။
ဝေ၏ ခလေးများနှင့်အတူ ပျော်ရွှင်စွာ ကစားကြသံ၊ ဆူသံ၊ ညံသံ၊ ငြင်းခုံသံများ ကြားနေရစဉ် ည သန်းခေါင်ယံများ၌ ကျနော်သည် အိမ်ပြတင်းတံခါးကို အသာဖွင့်ထားပြီး တိတ်ဆိတ်နေသော အိမ်ပေါ်တွင် တယောက်ထီးတည်း အသာအယာ ငြိမ်သက်နေတတ်လာသည်။ ကျနော်သည် အိပ်ပျော်သွားရန် ကြိုးပမ်းကြည့်၏။ စိတ်အာရုံများကား ထွေပြားလှုပ်ရှားလျက် ရှိပေသည်။
အိပ်ခန်းနံဘေး တဝက်ဟထားသော ပြတင်းဝမှ လရောင်ခြည်များသည် ကျနော်တယောက်ထဲ အိပ်နေရာသို့ ဖြတ်သန်းလာနေကြ၏။ တမာပန်းရနံ့ ၊ ဆိတ်ဖလူးရနံ့ ၊ ညဉ့်လေပြေ၊ ကြယ်ကလေးများ၊ အဝေးမှ ခွေးအူသံ၊ ဝေ၏ကစားဖော် လူပျိုပေါက်ကောင်ကလေးများ၏ ဟားတိုက် ရယ်မောလိုက်ကြသံ၊ ဝေသည်လည်း ထိုကောင်ကလေများနှင့် မတိမ်းမယိမ်းအရွယ် မိန်းကကလေးတဦးသာတကား။ ဝေသည်လည်း အိမ်ထောင်သည် ဖြစ်သော်လည်း စင်စစ်၌ အခြား ခလေးများနှင့် ခွဲခြားမရနိုင်သော ခလေးတဦးသာတကား။ တမာပန်းရနံ့ သည် ပြင်းပြလွန်းသည်ဟု ကျနော် တွေးနေပြန်သည်။
ကျနော့် လက်တဖက်ကို ဝေ မရှိသည့် သူ့ အိပ်ရာအပေါ်သို့ တင်ထားလိုက်၏။ ကျနော်ကား ဘာကို ဆန်းစစ်တွေးတောမနေချင်။ ကျနော်သည်လည်း သဝန်တိုတတ်မှုစ္ဆရိယစိတ် မဆိပ်မွှန်နေတတ်သော စိတ်ထား သေးသိမ်လွန်းလှသော လူတဦးပေတကား။
“ကျော်ရဲရင် ကျော်ကြည့်ပါလား”
“သတ္တိရှိရင် ကျော်လိုက်စမ်း”
“
ဟေး
ဟေး မိ
အောင်ဖမ်း
ဟေး"
“နေအုံးဟေ့ နေအုံး၊ ထမင်းရေပူလောင်ဘီ”
“မလောင်ဘူး”
“လောင်တယ်ဟေ့၊ လောင်တယ်၊ ဒီမယ်ကြည့်၊ ဒီကကျော်ပြီး ဒီကိုနင်းတယ်၊ ဟောဒီမယ် တွေ လား၊ ခြေရာတွေ့ လား မမဝေ”
“ဟုတ်တယ်ဟေ့ တွေ့ တယ်”
“မဟုတ်ဖူး ဒီက ကျော်တာ”
“ဒါဖြင့် နှင့် ဘုရားစူး”
“ပြန်ကျော်မယ်ဗျာ”
“မရဘူး၊ မရဘူး၊ အဲဒီလို လူလယ်လုပ်လို့ မရဘူး” ခလေးသံများထဲ၌ ဝှေ့အသံမှာ အကျယ်
လောင်ဆုံးဖြစ်နေသည်။
ဝေသည် ထမီကို ကမန်းကတမ်း ပြင်ဝတ်လိုက်လျက် ဆံပင်ကို အရေးတကြီး ပြင်ထုံးလိုက်ပြီး ဇွတ် ငြင်းခုံတော့မည်။ ခလေးများနှင့် တုဖက်ပြီး ရန်ဖြစ်ချင် ဖြစ်တော့မည်။ ကျနော်သည်လည်း မျက်လုံးကို မှိတ်ထားရင်းပင် ပြုံးမိလေသည်။
ဆယ့်နှစ်နာရီ သံချောင်းခေါက်သံသည် အဝေးမှ ပေါ်လာ၏။ ခေါင်းရင်းမှ နာရီသည် တဒေါက်ဒေါက် မြည်နေသည်။ ဝေ အိပ်သင့်ပြီဟု ကျနော်သည် တွေးနေမိ၏။
"ငြင်းမနေကြနဲ့ ဟေ့ ၊ ပြန်စမယ်၊ လူပြန်ခွဲမယ်နော်၊ ကိုယ့်အတွဲနဲ့ ကိုယ် ရပ်ကြစမ်း။ သွားလေ နင်က ဟိုဘက်ကဝင်၊ နင်နဲ့ နင်နဲ့ နေရာချင်းပြန်လဲလိုက်၊ ကဲ ခွဲမယ်။ ကြိုက်ရာကောက် အရင်လူဗိတ် နောက်လူဗိုလ်”
"ဒီဘက်ကို ကောက်မယ်”
“ဟေး ဟေး မမဝေကြီးကွ၊ ဟေး မမဝေကြီးကွ” ကျနော်သည် အိပ်ရာမှ စမ်းထလိုက်၏။ အိပ်ခန်းဘက်၌ မှုန်ရေးရေး အလင်းရောင်ရှိသော်လည်း ဧည့်ခန်းဘက်၌မူ တံခါးများ အလုံပိတ်ထားသဖြင့် မှောင်ပျနေသည်။
ဧည့်ခန်းကိုဖြတ်စဉ် ဝေစားပြီး တန်းလန်းထားခဲ့သည့် စာပွဲခုံနှင့် ခြေထောက် ဝင်တိုက်မိသည်.။ ထမင်းစားပွဲခုံ မှောက်သွား၍ ပန်းကန်ပြားများ ကွဲကျသံ၊ ခုံမှောက်သံများ ဝေါကနဲ မြည်သွားသည်။ ကျနော်သည် နာကျင်သွားသဖြင့် ခြေထောက်ကို စမ်းပြီးနှိပ်နေမိ၏။ ကျနော်သည် ဖြေးဖြေး
လျှောက်ဆင်းသွားပြီး ခြံဝသို့ ရောက်လျှင် ခြံတိုင်ကိုမှီပြီး အသာအယာငြိမ်သက်စွာ ရပ်နေလိုက်လေသည်။
ထိုနေရာ၌ တမာပင်ရိပ်သည် ကျနော့်ကို မမြင်နိုင်စေရန် လရောင်ကွယ်ပေးလျက်ရှိသည်။ အိမ်ရှေ့ ဘက် တမာပင်များ အုပ်ဆိုင်းနေသော လမ်း၌ဝေနှင့်ခလေးများသည် ပြေးလွှားဆော့ကစားနေ၏။ နေ့ လိုလင်းသော လရောင်အောက်တွင် ဝေသည်လည်း လန်းဆန်းလတ်ဆတ်နေ၏။ ဝေ ဖြတ်ကျော်မည့် စည်း၌ အပျိုပေါက်မလေးတဦး ဆီးထားသည်။ ဝေသည် ခုန်ဆွ ခုန်ဆွလုပ်ပြီး ချောက်လှန့် နေသည်။ ဝေ၏ ဆံပင်များသည် ကျောပြင်၌ လှုပ်ယမ်းနေ၏။ ဝေသည် ထမီကို ခြေသလုံးသားပေါ် တင်းတင်းကျစ်ကျစ် ဝတ်ထားသည်။ ခြေသလုံးသားဖွေးဖွေး၊ ခါးသိမ်သိမ် ကိုယ်လုံးကိုယ်ပေါက် ကျစ်ကျစ်၊ သူ့ မျက်နှာပေါ်၌ ပန်းပွင့်သလို လန်းနေသောအပြုံး အားလုံးတို
သည် လရောင်ထဲ၌ ပို၍ လှပ နုစိုနေလျက်။ သုတ်ကန် ထပျံလိုက်သည့် ငှက်ကလေးကဲ့သို ဝေသည် စည်းကို ဖျတ်ကနဲ ခုန်ကူးလိုက်၏။ လွတ်မြောက်လာသဖြင့် ဝေသည် လက်ခုပ် လက်ဝါးတီးကာ အားရဝမ်းသာဖြင့် အတားအဆီးမဲ့ ရယ်လိုက်လေသည်။ ထို့ နောက် ဝေသည် နောက်ဆုံးစည်းကို ဖြတ်ကျော်ရန်ပြေးလိုက်၊ ချောက်လှန့် လိုက်လုပ်နေသည်။ ဖြတ်ပြေးသွားတိုင်း ဝေ့ ကျောပေါ်မှ ဆံပင်များသည် ပျံဝဲသွား၏။ သူ့ ရှေ့ စည်းမစောင့်သူ လူပျိုပေါက်စ ကောင် က လေးသည်လည်း သူရယ်တိုင်း သူနှင့်အပြိုင် လိုက်ရယ်နေသည်။ ဝေသည် လျှပ်ပြက်သလို ဖျတ်ကနဲ လှမ်းခုန်လိုက်၏။ ကောင်းကလေးသည် လက်နှစ်ဖက်ဖြင့် ဝှေ့ခါး သိမ်သိမ် ကလေးကို သိမ်းဖက်ထားပြီးသား ဖြစ်နေသည်။ သူတို နှစ်ယောက်သားသည် စည်းကြိုးပေါ်သို့ ပူးတွဲ ထပ်လျက် လဲကျသွားပြီး မျက်နှာချင်း ထပ်ကျသွား၏။ ဖောင်းမို့ သော ဝေ့ပါးပြင်ထဲသို့ ကောင်ကလေး၏နှာခေါင်းများ သည် ထိုခဏ၌ ဝင်ရောက်နစ်မြှုပ်သွား၏။ ထိုလျှပ်တပြက်၌ ဝေကော ကောင်ကလေးပါ မူပျက် သွားကြလျက် မျက်နှာများ နီမြန်းသွားကြလေသည်။ ဝေသည် ကမန်းကတမ်း လူးလဲထလိုက်၏။
“ငါသေဘီဟေ့....ငါ့မိသွားဘီ”
ဝေသည် အသံတုန်တုန်ဖြင့် အော်ပြောလိုက်ပြီး မျက်နှာတခုလုံး နီမြန်းနေကာ ရယ်စရာတခုဖြစ်ရသလို ရယ်လိုက်လေသည်။
ကျနော်သည် ဝေ့ကို အိပ်တော့ရန် မပြောဖြစ်တော့ဘဲ ခြံဝမှ လှည့်ထွက်လာခဲ့၏။ အိပ်ရာပေါ်သို့ ရောက်သောအခါ၌ကား ကျနော်သည် မတွေးတောချင်သည့် အရာများကို တွေးတောနေပြန်လေသည်။ ကျနော်သည် အိပ်ရာပေါ်၌ လဲလျောင်းလိုက်ပြီး မျက်စိကိုပြန်မှိတ်ထားလိုက်၏။
ရင်ထဲ၌ လှုပ်ရှားနေခြင်းမှာ မလိုတမာ စ္ဆရိယစိတ်များ ဖြစ်ကြပေလိမ့်မည်။ ဝေတို့ ၏ ကစားဆူညံ့ကြသံများ ကိုကားကြားနေရဆဲပင်။ နောက်ထပ် နာရီမောင်း ခေါက်သံများသည်လည်း ကြားရ၏။ အဝေးမှ ကြက်ပြိုင်ပြိုင် တွန်ကြပြန်သည်..။
ညလေသည် အိမ်အပြင်ဘက်၌ ကစဉ့်ကလျား ဝှေ့ယမ်း တိုက်ခတ်နေ၏။ ပြတင်းဝမှ မြင်ရသော
ကောင်းကင်လယ်ဝယ် ကြယ်ကလေးများမှာလည်း ပရမ်းပတာ ပက်ကြဲထားရာမှ အသက်ရှင်လှုပ်ရှားလာကြသလို တဖျတ်ဖျတ် တလက်လက် တောက်ပ လာကြပြန်သည်။ ကျနော်သည် နောက်နေ့ ၌ အလုပ်ကိစ္စအတွက် တောဆင်းရမည်ဖြစ်သဖြင့် အိပ်ပျော်သွားချင်လေသည်။
ကြိုးဝိုင်း နံပတ်သုံးမှ ကျွန်းသစ်များ ခိုးထုတ်မှု တမှုကို ယခုလောလောဆယ်၌ ကျနော်လိုက်နေရသည်ကို တွေးမိပြန်သည်။ သစ်ခိုးဂိုဏ်းကြီးမှာ ရှုပ်ထွေးနေ၏။ လက်နက်ကိုင် လူတစုပင် သစ်ခိုးဂိုဏ်းထဲ၌ ပါနေသဖြင့် ဖော်ထုပ်ရမည်ကို ကျနော်သည် ဝန်းလေးနေ၏။ နံနက်၌ သွားရမည့် ခရီးစဉ်များကို စိတ်ကူးထဲ၌ မှန်းဆကြည့် နေရင်း ကျနော်သည် ညအချိန်များကို ဖြုန်းတီးပစ်လေသည်။ နောက်ဆုံး၌ကား ဝေသည် အကစားရပ်ပြီး အိမ်ပေါ်သို့ တက်လာသည်။ အိမ်ပေါ်သို့ အတက်၌ ကျနော် မနိုးစေရန်သူ၏ ခြေဖွနင်းလာသံများသည် ကြားရသည်။ အိမ်မတံခါးကို ဖြည်းဖြည်းပိတ်သည်။ ဧည့်ခန်းအမှောင်ထဲ၌ သူထားပစ်ခဲ့သော စားပွဲခုံကို မနင်မိစေရန် ရှောင်ရှားပြီး အိပ်ခန်းဘက်သို့ ဖြည်းဖြည်းသာသာ လျှောက်လာသည်။ သူသည် ကုတင် ခေါင်းရင်းဘက်၌ ရပ်တန့် ကာ အမောတကော အသက်ရှူရင်း ဆံပင်ပြင်ထုံးသည်။ ကျနော့် မျက်နှာကို လရောင်ထဲဝယ် ငုံ့ကြည့်လေသည်။ သူ၏ချွေးစေးများဖြင့် စီးထန်းနေသော လက်ကလေးဖြင့် ကျနော့် နဖူးပေါ်မှ ဆံပင်များကို အသာအယာ သပ်တင်ပေးလေသည်။ အတော်ကြာမှ ကုတင်ပေါ်သို့ တက်အိပ်သည်။ ကျနော့်လက်တဖက်ပေါ်တွင် သူ့ ခေါင်းကို ချထားသည်။သူ၏ ဖောင်းမို့ နေသောပါးဖြင့် ကျနော့် ပါးပြင်ကို ကပ်ထားသည်။ သူ ထိုပါးကလေးမှာ အစောက ကောင်ကလေး၏နှာခေါင်းနစ်မြုပ်ခဲ့သောပါး။ ကျနော်သည် ထိုအတွေးကို မတွေးသင့်ဘဲလျက်နှင့် တွေးနေမိပြန်သည်။
“ကိုကို...ကိုကို...ကိုကို...အိပ်နေပလား ကိုကို”
ကျနော်သည် သူ့ ခါးကလေးပေါ်သို့ လက်တဖက်ကို ဖြေးဖြေး တင်လိုက်လေသည်။ မျက်လုံးကို ဖြေးဖြေး ဖွင့်လိုက်လေသည်။ အစောက စိတ်၌ ထင်ခဲ့သော မဖြစ်စလောက် ထိခိုက်လှုပ်ရှားမှုကလေးများသည် တငွေ့ ငွေ့ ပြယ်လိုက် လာကြလေသည်၊ ကျနော်သည် နှာခေါင်းကို သူ့ ပါးကလေးထဲ၌ အကြာကြီး နှစ်မြှုပ်ထားနေရပြန်သည်။
“ဝေဟာ ခလေးမဟုတ်တော့ဘူး၊ အိမ်ထောင်ရှင်ဆိုတဲ့အသိ ရှိနေသင့်ဘီ၊ အိမ်ထောင်သက် ခုဆို နှစ်နှစ်ထဲ ရောက်လာကြဘီ၊ ဒါပေမယ့် ဝေကတော့ ခလေးလိုတွေးတုန်း ပြောတုန်း၊
ခလေးလို ကစားနေတုန်း၊ တောအုပ်ကလေးဟာ ခလေးကိုမုန်ပေးခေါ်လာခဲ့တယ်လို့ ပြောနေကြဘီ”
"တော်စမ်းပါ”
ဟု ပြောကာ သူသည် ကျနော့်ကို အားကုန် ဖျစ်ညှစ် ပြန်ဖက်ထားရင်း တိုးတိုးသက်သက် ရယ်နေခဲ့သည်။
အပိုင်း(၃) ဆက်ရန်
နိုင်ဝင်းဆွေ
No comments:
Post a Comment