Saturday, July 9, 2022

​နွေတည(အပိုင်း - ၃)

 နွေတည 


အပိုင်း (၃)


၇။

တခါတရံ၌ ဈေးထဲတွင် ဝေစိတ်ဆိုးပြီး ဈေးခြင်းကို ဈေးလမ်းပေါ်၌ လွှင့်ပစ်ခဲ့သည်။ ဝေသည် ပြန်လှည့်မကြည့်ဘဲ လူအများကို စိတ်ဆိုးမာန်ဆိုးဖြင့် တိုးဝှေ့ကာ ဈေးထဲမှ ခြေဆောင့်နင်း ထွက်ခွာသွားလေသည်။

ဈေးလမ်းပေါ်၌ ဈေးခြင်းတောင်းသည် မှောက်သွားပြီး သခွါးသီးများ၊ ခရမ်းချဉ်သီးများ၊ နံနံပင်များ၊ ကြက်သွန်မြိတ်များသည် လမ်းပေါ်ပြန့်ကြဲသွား၏။ ဈေးသွားဈေးလာများသည် ရှောင်ကွင်းပြီး သွားနေကြ၏။


လမ်းပေါ်တွင် ကျနော်သည် ထိုပစ္စည်းများ ကမန်းကတမ်း ကောက်ထည့်ပြီး ကျနော်သည် ဝေ့နောက် ပြေးလိုက်သွား၏။ ဝေသည် ဈေးဝတွင်ရပ်ထားသော မြင်းလှည်းတစီးပေါ်သို့ ခြေဆောင့် နင်းတက်လိုက်သည်။ ကျနော်လည်း ရယ်မောရင်း ဝေ့နံဘေး၌ ဝင်ထိုင်လိုက်၏။ ဝေ့နံဘေးတွင် ဈေးဆွဲခြင်းကို ချလို်က်၏။ ဝေသည် ကျနော့်ကိုမကြည့်ဘဲ မျက်နှာကို တဖက်သို့ဆက်ကနဲ လှည့်လိုက်လေသည်။


“ မြင်းလှည်းဆရာ မောင်းပါ” ဟု ဝေက ခပ်ပြတ်ပြတ် ပြောသည်။


ကျနော်သည် ရှက်လည်းရှက်နေ၏။ ဒေါသလည်း ဖြစ်နေခဲ့၏။ မြင်းလှည်းမောင်းထွက်လာစဉ်တွင်...

“ဝေကလဲကွာ လူကြားထဲမှာ ဒီလိုလုပ်တာတော့ မကောင်းပါဘူး၊ ကိုက နောက်တာပါ၊ မင်းမကြိုက်ရင် ဘယ်တော့မှမနောက်တော့ဘူး၊ ကဲ...ကို မှားတယ်ဆိုရင် တောင်းပန်ပါတယ်”


ကျနော်သည်လည်း တောင်းပန်နေခဲ့ပြန်သည်။


ဝေသည် နှင်းပျနေသော အဝေးဆီကို လှည့်ကြည့်နေ၏။ နေဇာပါးပါးသည် တောင်ကုန်းကလေးများပေါ်၌ လွှမ်းခြုံထားလေသည်။ ဝေသည် ကျနော့်ကို လှည့်မကြည့်တော့။ စကားလည်း မပြောတော့။ ကျနော် သူ့ကို နောက်မိသည်မှာ လွန်လည်း လွန်သွားပေသည်။ ကျနော်သည် သူပြုံးလာသည်အထိ ထပ်၍တောင်းပန်လေသည်။ သူသည် စိတ်ကောက်ပြီး လှည့်မကြည့်တော့ပေ။ သို့သော်လည်း သူ့မျက်နှာမှာ တဖက်သို့လှည့်ထားလျက် ပြုံးနေသည်ကို နောက်ကျောဘက်မှနေပြီး ကျနော်သည်လည်း သိနေပြန်သည်။


ဘာကြောင့် ဝေစိတ်ကောက်သွားသည် ဆိုသောအကြောင်းအရာကိုမူ နှစ်ကာလ အတန်ကြာလျှင် ကျနော်သည်လည်း အစရှာမရနှိုင်အောင် မေ့သွားနိုင်ပေသည်။ အကြောင်းအရာကိုမေ့သည့်တိုင်အောင် ထိုသို့ ဝေပြုမူတတ်သည့် အကျင့်စရိုက်ကလေးများကိုကား ပြတ်သားကြည်လင်သော ပန်းချီကာချပ်ကလေးများ အဖြစ်ဖြင့် ကျနော့် စိတ်နှလုံးပြင်ပေါ်တွင် နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ စွဲထင်ကျန်ရစ်ပေလိမ့်မည်။


ကျောင်းဆရာမလေးတဦးကို နှုတ်ဆက်မိသဖြင့် ဝေနှင့်ကျနော် ရန်ဖြစ်ကြရသည့် နံနက်ကမူ နွေပိုင်းရောက်လုပြီဖြစ်၍ ဈေးပေါ်၌ နှင်းများ အုံ့ပျမနေတော့ပေ။


ဈေးသွားဈေးလာများသည် ရှုပ်ရှက်ခတ် တိုးဝှေ့နေ၏။ ဝေသည် သူနှစ်သက်သော အနီပေါ်၌ အညိုပြောက်အင်္ကျီကိုဝတ်လျက် အနိမ့်ပိုင်း၌ရှိသော အမဲသည်တန်းမှ ခပ်ပြုံးပြုံးအမူအရာဖြင့် ဖြတ်လျှေက်လာသည်။ ကျနော်သည် အလုပ်ကိစ္စအတွက် တောသွားရင်း ရင်းနှီးလာခဲ့သော တောရွာကလေးတရွာမှ ကျောင်းဆရာမလေးကို ဈေးဝတွင် နှုတ်ဆက်သည်။ ဆရာမလေးသည် အသားညိုစိမ့်စိမ့် မျက်နှာထား ချိုချိုလွင်လွင်ဖြင့် ခင်မင်စရာလည်း ဖြစ်၏။ သူသည်လည်း ကျနော်နှင့်ရင်းနှီးခင်မင်နေသည့် အလျောက် ရယ်မောရင်း စကားလက်ဆုံ ကျနေခဲ့လေသည်။


သူသည် ဈေးထဲတွင်ကား ကျနော့်ဧည်သည်ဖြစ်ပေသည်။ ကျနော်က ဝေဈေးဝယ်ရာနောက်မှ တကောက်ကောက် ကိုယ်ရံတော်အဖြစ်ဖြင့် လိုက်ပါနေရပုံကို ရှင်းပြနေရာ ဆရာမလေးသည်လည်း ပြုံးပြီး ခေါင်းတဆတ်ဆတ်ညိတ်လျက် နားထောင်နေခဲ့သည်။


ဝေသည် ဈေးဝယ်ပြီး ဈေးထဲမှ ခပ်ကြမ်းကြမ်းလျှောက်လာသည်။ ဝေ ကျနော့်အနား၌ ခါးထောက်ပြီး ရပ်သည်အထိ ကျနော်သည်လည်း သတိမထားမိဘဲ ရယ်မောကာ စကားပြောနေမိဆဲ ဖြစ်၏။

“သိပ် စကားကောင်းနေပါလား မောင်ကိုကို” ဟု ဝေသည် ကျနော့်အနားမှ ကပ်ပြောလိုက်ပြီး ကျနော့်လက်မောင်းကို သူ့လက်ဖြင့် ချိတ်လိုက်သည်။


ကျနော်သည် ပြုံးရယ်နေလျက်ဖြင့် သူ့ကို လှည့်ကြည့်လိုက်၏။


“ဘာလဲကွဲ့ပြန်လှည့်ကြည့်မနေပါနဲ့၊ ယောက်ျားဘဲ ရရင်အမြတ်ချည့်၊ လုပ်မှာသာ ရှေ့ဆက်လုပ်ပါ၊ ကျနော်လူပျိုပါလို့ပြော၊ သူ့လင်မြင်သွားရင်သာ ကိုကို့ပါးကို ဝင်ရိုက်မှာကိုသတိထား၊ တော်ကြာ ဈေးလယ်ခေါင်မှာ သွားတွေ ကျွတ်ကျန်နေမှာဘဲ သတိထား”


ဝေ ထိုသို့ပြောချလိုက်သောအခါ ကျနော်သည်လည်း ဝေ၏ ပြောင်စပ်စပ်မျက်နှာကို ကြည့်ကာ အံ့အားသင့် ငေးကြောင်နေမိလေသည်။ ဆရာမလေးသည် ဝေနှင့် ကျနော့်ကို ငေးကြည့်နေ၏။ ဈေးသွားဈေးလာများသည် ကျနော့်တို့ကို လှမ်းကြည့်နေ၏။ သူတို့သည် သွားရင်းလာရင်း သမင်လည်ပြန် လှည့်ကြည့်ကြ၏။


ဆရာမလေးသည် မျက်နှာနီမြန်းသွားပြီး ကျနော့်ကို မော့ကြည့်လေသည်။ တခုခုပြောရန် အားယူလိုက် သော်လည်း မပြောဝံ့ပုံမျိုးဖြစ်နေသည်။ ဆရာမလေးသည် ခေါင်းငုံ့လို်က်၏။ ရှက်စိတ်ဖြင့် အသားတဆတ်ဆတ်တုန်နေရှာ၏။ ကျနော်သည်လည်း ဆရာမလေးကို အားနာလှပြီး ဘယ်ကဲ့သို့ တောင်းပန်ရမည်ကို မသိတော့ပေ။ ရင်ထဲတွင် ထူပူသွားသည်။ ဝေ့ကို ဒေါသလည်း ပြင်းစွာ ဖြစ်သွားမိ၏။ ကျနော်သည် ဝေ့ကိုမထိုးကြိတ်မိရန် စိတ်ထိန်းချုပ်နေရ၏။ ကျနော်သည်ပင် ဆရာမလေးကို မျက်နှာချင်း မဆိုင်ဝံ့တော့။ နောင် တောသွားရင်း သူနှင့်တွေ့လျှင် ဘယ်ကဲ့သို့မျက်နှာကြည့်ရမည်ကို မတွေးဝံ့တော့ပေ။


ဆရာမလေးသည် ချာကနဲ လှည့်ထွက်သွား၏။ လူအများသည် ရပ်တန့်ပြီး ဆရာမလေးကို ကြည့်နေကြလေသည်။ “သဖန်းကုန်းက ကျောင်းဆရာမလေး”ဟု တယောက်က ပြောသံလည်း ကြားရသည်။


ကျနော်သည် ဒေါသဖြင့် ဝေ့လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။ သူသည် ထပ်၍ လှောင်ပြုံးလိုက်၏။ ကျနော့်မျက်နှာကို ရဲတင်းစွာ စိုက်ကြည့်သည်။ သူ့မျက်လုံးများမှာလည်း သရော်ရိပ် ဒေါသများဖြင့် တောက်လာသည်။ သူသည် ကျနော့်မျက်နှာကို မော့ကြည့်နေရင်း... “ဒါ ရိုင်းတာလား ကိုကို၊ ဒါမျိုးပါ ခင်ဝေတို့လိုက်ပြီး ယဉ်ကျေးနေရအုံးမှာလား၊ ကိုယ့်လင်ကို ဒါလောက် ပါးရက်နားရက်ပြောနေတာတော့ ကြည့်မနေနိုင်ဘူး။ ယဉ်ကျေး မနေနိုင်ဘူး တော်ရေ့ ”


သူက တဈေလုံး ကြားလောက်အောင် အော်ပြောလိုက်လေသည်။


ကျနော်သည်လည်း ဒေါသစိတ်ကို မထိန်းနိုင်ဖြစ်ကာ သူ့မျက်နှာကို လက်သီးဖြင့် အားကုန် စွပ်ထိုးချလိုက်သည်။ သူသည် လမ်းလယ်ခေါင်၌ လဲကျသွား၏။ သူ့လက်ထဲမှ လက်ဆွဲခြင်းသည်လည်း လွင့်စဉ်သွားသည်။ သူသည် ဒေါသဖြင့် ကုန်းထနေ၏။ မျက်နှာပေါ်၌ ဖုန်များပေနေလျက် သူသည် ခလေးကဲ့သို့ ရှိုက်ကြီးတငင် အော်ငိုလိုက်ပြန်သည်။ ကျနော်သည် ရှက်စိတ်ဖြင့် မွှန်ထူနေလျက် ဈေးထဲမှပြေးထွက်လာ၏။ သူ၏ အော်ဟစ်လိုက်သံသည် ဈေးထဲတွင် ပွက်လောရိုက်နေခဲ့လေသည်။


“လုပ်ကြပါအုံး၊ သူ့မိန်းမတယောက်ကို စကားပြောတာ ပြောမိတာနဲ့ကျမကိုသတ်သွားပါတယ် အရပ်တို့ရဲ့”ဟု သူသည် အော်ဟစ်ငိုယိုရင်း သူ့ဈေးခြင်းတောင်းထဲမှ ဖိတ်ကျနေသည့် ပစ္စည်းများကို ကောက်ငင် ထည့်နေခဲ့သည်။


ကျနော်သည်လည်း အိမ်ရောက်သည်အထိ အရှက်မပြေ၊ ဒေါသမပျောက် ဖြစ်နေခဲ့ရလေသည်။ ထိုညက ကျနော်သည် အလုပ်သွားရင်း အိမ်မပြန်တော့ဘဲ မိတ်ဆွေတယောက်အိမ်တွင် အိပ်သည်။ သူ့ကို အိမ်၌တယောက်တည်း ထားပစ်ခဲ့၏။ နောက် နေ့တွင် အလုပ်အတွက် တောသို့ထွက်သွားပြန်သည်။


ထိုအပြစ်အတွက် ကျနော်သည် သူ့ကို စိတ်မကျေနပ်နိုင်ဘဲ ရက်အတန်ကြာမျှ ရင်ထဲတွင် တင်းခံနေလေသည်။ ညများတွင် သူနှင့် တအိပ်ရာတည်းအတူအိပ်သော်လည်း သူ့ကို ကျနော်သည် စကားမပြောတော့ပေ။ သူသည်လည်း တဖက်လှည့်အိပ်နေခဲ့၏။ သူ့ကို စကားမပြောဘဲနေသည့် ရက်များ၌ သူသည် အိပ်ရာထဲတွင် တဖက်လှည့်ပြီး မျက်ရည်ကျနေခဲ့ပြန်သည်။ ငြိမ်သက်တိတ်ဆိတ်နေသော ညများ၌ သူ၏ပင့်သက်ရှိုက်သံကိုလည်း ကြားရ၏။ အိပ်နေရင်း အိပ်ပျော်ချင်ယောင်ဆောင်ပြီး သူသည် ကျနော့်ပေါင်ပေါ်ကို ခြေထောက်လှမ်းတင်သည်။ ကျနော်သည် မသိချင်ယောင်ဆောင်ပြီး အသာငြိမ်နေလိုက်၏။ သူသည် မျက်လုံးကို ခပ်မှေးမှေးလုပ်ပြီး ကျနော့်ကို မသိမသာ ကြည့်ပြန်သည်။ ကျနော် လူးလွန့်လိုက်သောအခါ သူသည် မျက်လုံးကို ဖျတ်ကနဲ ပြန်မှိတ်ပြန်သည်။


ဤရက်များအတွင်း၌ သူသည် ခလေးများနှင့် မကစားတော့ပေ။ ညတွင် အပြင်ဘက်မှ ခလေးများ၏ ဆူညံဆော့ကစားကြသံများကိုမူ ကြားနေရဆဲ ဖြစ်ပေသည်။ ညလေပြေ၌ တမာပန်းများ၏ ရနံ့သည် သင်းမြနေ၏။ ဆိတ်ဖလူးရနံ့သည် အခန်းထဲသို့တိုးဝှေ့လာလေသည်။ အဝေးမှ ကြက်သွန်သံများ ကြားလာရပြန်သည်။ သူသည် အိပ်ချင်ယောင်ဆောင်ပြီး သူ့လက်တဖက်ကို ကျနော့်လည်ပင်းပေါ်သို့ အသာလှမ်းတင်လိုက်သည်။ ကျနော်သည် ငြိမ်သက်မြဲ ငြိမ်သက်နေလိုက်၏။

သူ မျက်လုံးဖွင့်ပြီး ကျနော့်ကိုကြည့်သည်ကို သိလိုက်လေသည်။ သူသည် ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းရှူလိုက်ပြန်လေသည်။


သူသည် ပက်လက် ပြန်အိပ်ပြီး ခြေထောက်နှင့်လက်ကို ပြန်ရုပ်သိမ်းသည်။ ခြင်းထောင်အမိုးကို ငေးကြည့်နေ၏။ သူ့မျက်လုံးထဲ၌ မျက်ရည်များ အလိုလိုပြည့်လာပြန်လေသည်။ အတော်ကြာလျှင် သူ့ကိုယ်ကို ကျနော့်ဘက်သို့မသိမသာ တိုးလိုက်၏။ သူသည် ကျနော့်ပခုံးပေါ်သို့လက်တဖက် တင်ပြန်သည်။ ပခုံးကို မသိမသာဆုပ်ကိုင်သည်။ ထို့နောက် သိသိသာသာ ဆုပ်ကိုင်သည်။ သူသည် ကျနော့်ကို ကိုင်လှုပ်လိုက်ပြီး သက်ပြင်းချလိုက်ပြန်သည်။ အတော်ကြာ တွေဝေငြိမ်သက်နေပြန်သည်။ သူသည် ကျနော့်ကို စကားပြောချင်နေ၏။ စပြောရမည်ကိုလည်း ရှက်နေပေသည်။ နောက်ဆုံး၌ သူသည် ဆုံးဖြတ်လိုက်ပြီး ကျနော့်ပါးကို သူ့ပါးဖြင့် တိုးကပ်လိုက်လေသည်။ 


သူ့ပါး၌ မျက်ရည်များ ရွှဲနစ်နေ၏။ သူသည် ကျနော့်ကို ပါးချင်းပွတ်နေရာမှ အသံထွက်ကာ ငိုစပြုလေသည်။


“ကိုကို ခင်ဝေ့ကိုခေါ်တော့ကွယ်၊ ကိုကို မခေါ်တော့ဘူးဆိုရင် ခင်ဝေ့ အမေဆီ ပြန်တော့မယ်၊ ဒီမှာ နေရတာ သိပ်စိတ်ညစ်လာဘီ၊ အတူတူနေပီး စကားမပြောကြဘဲနဲ့ခင်ဝေ မနေတတ်တော့ဘူး”


သူသည် ပြတ်တောင်း ပြတ်တောင်း ရှိုက်နေ၏။ “ကိုကို စကားပြောပါအုံး”ဟုလည်း ထပ်ပြန်တလဲလဲ ပြောနေပြန်သည်။


“ကိုကိုရယ်...ကိုကိုနဲ့သူနဲ့ကြိုက်နေကြတာ ဘယ်လောက်ကြာပြီလဲဟင်၊ ခင်ဝေကတော့လေ ကိုကို့ကို တကယ့်လူရိုးကြီးလို့ထင်တာ၊ ဒါ့ကြောင့် ကိုကိုထွက်သွားတာ မှုတ်လား၊ ဟိုမှာအိပ်တာ သုံးညရှိဘီလေ၊ ခင်ဝေနဲ့စကားမပြောတာ ဆယ်ရက်ရှိနေဘီ”


ကျနော်သည်လည်း အတော်ကြာလျှင် သူ့ပါးကို ပြန်၍ပွတ်သပ်နေမိလေသည်။ ကျနော် သူ့ကျောကို သိမ်းပွေ့လိုက်သောအခါ သူသည် ကြည်နူးသောကြောင့်လား ဝမ်းနည်းသွာ၍လား မသိ၊ အသံထွက်ပြီး ရှိုက်ကာ ရှိုက်ကာ ငိုလိုက်လေသည်။

သူသည် ငိုနေရာမှ ထထိုင်လိုက်ပြီး ကျနော့်ကို မနိုင်မနင်းဆွဲထူပြန်သည်။ ကျနော့်ကျောကို သူသည် ဘာကြောင့်မှန်းမသိ တဘုန်းဘုန်း ထုရိုက်ပြန်သည်။ ကျနော်သည် သူ့ကို သိမ်းချုပ်ပွေ့လိုက်ရ၏။ သူသည် ကျနော့်လက်တွင်း ရုန်းကန်နေပြန်သည်။ သူ့ကို ကျနော်က မဟုတ်ရကြောင်း ရှင်းပြသော်လည်း သူသည် လက်မခံတော့ပေ။


ဤညမှာ စိတ်ညစ်ဖို့ကောင်းသည့် ညလည်း ဖြစ်နေခဲ့၏။ ကျနော်သည် လရောင်ထဲ၌ သူ့မျက်နှာကလေးကို ငေးကြည့်နေခဲ့လေသည်။


နောက်မကြာမှီ ရက်ပိုင်းအတွင်း၌ သူ့အမေထံမှ နေမကောင်းသဖြင့် “သားရောသမီးပါ လာခဲ့ကြပါ”ဟူသည့် စာရပြီး သူလိုက်သွားရသည်အထိ ဤဈေးထဲတွင် ဖြစ်ပျက်ခဲ့ရသောအဖြစ်အပျက်မှာ ကြေညက်မသွားနိုင်ခဲ့သေးပေ။


သူ့အမေထံမှ စာလာသည့်နေ့က ကျနော် မဖတ်ပြခဲ့သဖြင့် သူသည် တလုံးချင်း ကြိုးစားပေါင်းဖတ်ရင်း အိပ်ရာထဲ၌ မျက်ရည်လည်ရွဲဖြင့် အိပ်ပျော်သွားခဲ့သည်။ သူက ကျနော့််ကိုပါ သူနှင့်အတူလိုက်ခဲ့ရန် မရမက နားပူနားဆာပြောသော်လည်း ကျနော်သည် အလုပ်များနေချိန်ဖြစ်သဖြင့် ခွင့်မရသောကြောင့် သူနှင့်အတူ မသွားနိုင်တော့ပေ။ သူ့ကို ကျနော်သည် ဘူတာရုံအထိသာ လိုက်ပို့နိုင်ခဲ့လေသည်။ ဘူတာသို့အသွား မြင်းလှည်းပေါ်တွင် သူသည် စကားများစွာ တွတ်ထိုးပြောသွားခဲ့၏။ သူ့နံဘေး၌ လွယ်ထားသောလွယ်အိတ်ထဲတွင် သူ့ပထွေးနှင့် အမေအတွက် လုံချည် တယောက်တထည်သာ လက်ဆောင်အဖြစ်ဖြင့် ထည့်ပေးလိုက်နိုင်သည်။


သူသည် မြင်းလှည်းပေါ်၌ စကားတွတ်ထိုး ပြောလျက်ရှိသော်လည်း မျက်နှာကလေး ညိုနေ၏။ ကျနော် မပါသဖြင့် တယောက်တည်းခရီးထွက်ရမည်ကို သိမ်ငယ်နေခဲ့၏။ သူက ကျနော် တမင်မလိုက်ချင်သောကြောင်သာ မလိုက်ဘဲ နေရစ်ခဲ့သည်ဟု ထင်နေခဲ့လေသည်။


“ကိုကိုပါ လိုက်ခဲ့ရင် သိပ်ကောင်းမှာနော်၊ ဒီလူကြီးကကွယ် လိုက်လာရင် ရရဲ့သားနဲ့ တမင်နေခဲ့တာပါ၊ ဒီလောက် ခရီးဝေးဝေးကြီးကို ခင်ဝေတယောက်ထဲ မသွားချင်ဘူး၊ ဒို့နှစ်ယောက်စလုံးသွားရရင် ဘယ်လောက်ပျော်စရာကောင်းမလဲ၊ ဟေမန်က ဆွေမျိုးတွေဆီ တို့အမေ့ဆီကအပြန် ဝင်လယ်ရရင် ကောင်းမှာဘဲ။ ဒီလူကြီးမကောင်းဘူး၊ တမင်နေရစ်ခဲ့တာပါ၊ ခင်ဝေ သိပါတယ်ကိုကိုရယ်၊ ကိုကို့အကြောင်း ခင်ဝေသိပါတယ်နော်”


သူ့မျက်လုံးအိမ်တွင်းတွင် မျက်ရည်များပြည့်လာပြန်သည်။ “ကိုယ့်အကြောင်းဆိုတာက” ဟု ကျနော်သည် စကားတပိုင်းတစ ဖြတ်မေးနေမိ၏။


“ဈေးထဲက မအဝှာပေါ့၊ အဲဒီတုန်းက သူ့မျက်နှာကို မဲပုပ်သွားတာဘဲ”


“ဒါတော့ မင်း မတရားစော်ကားတာဘဲဝေရဲ့၊ ကို့ကိုလဲ မင်းအထင်သေးတယ်၊ ဟိုခမျာလဲ ဘယ်လိုဖြစ်ရရှာမလဲ၊ သက်သက်မဲ့ပါဝေရယ်၊ ကိုတော့ အားနာလိုက်တာ”


“ဒါကြောင့်ပြောတာပေါ့၊ အခု ခင်ဝေမရှိတုန်း အားနာနာနဲ့သွားချော့ သွားတောင်းပန်ဘို့ နေခဲ့တာပေါ့၊ မပြုံးနဲ့ကိုကို၊ ခင်ဝေရယ်စရာပြောနေတာမဟုတ်ဖူး၊ ခင်ဝေ ကိုကို့ကို တကယ်စိတ်မချဘူး သိလား၊ အဲဒီနေ့တုန်းက ကိုက်ို မအဝှာနဲ့ရယ်မောပြီး စကားပြောနေတော့ ခင်ဝေ ငိုချင်လိုက်တာ၊ သူ့ကို ခင်ဝေ တခါထဲ သတ်ပစ်ချင်တာֲ”


“ကျောင်းဆရာမလေးပါဝေရာ ၊ အိနြေ္ဒသိက္ခာနဲ့ပါ”


“ကျောင်းဆရာမဆိုတာလဲ လူဘဲ၊ သူတို့ကမှ လူရှေ့သူရှေ့မှာ အိနြေ္ဒသိက္ခာဆောင်ထားရတာ၊ လူ့ကွယ်ရာကျတော့ ပိုဆိုးတာ”


ဈေးအကွေ့တွင် မြင်းလှည်းဆောင့်လိုက်သဖြင့် သူ့စကားသည်လည်း ပြတ်တောက်သွားခဲ့ရသည်။ ကျနော်သည် သူအထင်မှားသည်ကို စိတ်ညစ်နေသော်လည်း သူ့ကို ကျေလည်အောင် ရှင်းမပြနိုင်တော့သည်ကို သိကာ စိတ်လည်း မောပန်းနေမိပြန်သည်။ သူသည် တကယ်ပင် မယုံမကြည်ဖြစ်ကာ စိတ်ထိခိုက်နေပြန်သည်။ “သွားတောင် မသွားချင်တော့ဘူးကွယ်” ဟု ထပ်ပြောနေပြန်သည်။ သူသည် မျက်ရည်များ ပြည့်လာနေသဖြင့် မျက်နှာကို တဖက်သို့လှည့်လိုက်၏။ သူ့ကို တယောက်တည်း ခရီးအဝေကြီးလွှတ်ရမည်ကို ကျနော်သည်ပင် စိုးရိမ်စိတ်ဖြစ်လာမိပြန်သည်။ သူ့အမေ နေမကောင်းသဖြင့် မလွှတ်၍လည်းမဖြစ်၊ ကျနော်သည် သူ့ကို နောက်ကျောဖက်မှ ကြည့်နေမိ၏။ သူသည် ယခု လပိုင်း ရက်ပိုင်းအတွင်း၌ ပြည့်ဖြိုးဖွံ့ထွားလာကာ တကယ့်အိမ်ထောင်သည် အမျိုးသမီးကြီးနှင့် တူလာလေသည်။ သူ၏အပြာတန့်ထမီသည် သူ တင်သားများကို လုံးထုပ်ပေးထားနေ၏။ သူ၏ဖြူနုနုပါးပြင်ထက်၌ အပြာရောင်ကျောက်နားဆွဲသည် မြင်းလှည်းလှုပ်တိုင်း ယိမ်းယိုင်လှုပ်ရှားနေပြန်သည်။


“ထားပါတော့ကွယ်၊ ကို့ကို မင်း ထင်သလိုဘဲထားပါတော့၊ မင်းကို ပြောပြလို့လဲ မရတော့ဘူး မှုတ်လား၊ ကဲ အခုမင်းသွားမှာလဲ တယောက်ထဲမှုတ်လား၊ တယောက်ထဲဆိုတော့ အဝေးကြီးမယ် ဘာဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ် ဒီကနေပီး ဘယ်လိုမှမသိနိုင်ဘူး၊ ဘာမှ မဖြစ်ဘူးလို့ကော ပြောလို့ရမလား”


သူသည် ဖြေးဖြေးပြန်လှည့်ပြီး ကျနော့်မျက်နှာပေါ်တွင် တခုခုရှာသလို နက်ရှိုင်းစွာ စူးစိုက်ကြည့်နေပြန်သည်။ ဤခဏတွင်ကား သူ့မျက်နှာကလေးမှာ ဖြုတ်ကနဲ ရင့်ကျက်တည်ငြိမ်နေဟန် ပြောင်းသွားလေသည်။ သူသည် နဖူးပေါ်၌ ဝဲကျနေသည့် ဆံပင်များကို သာသာဖြေးဖြေး သပ်တင်သည်။ သူသည် စိတ်မောပင်ပန်းဟန်ဖြင့် သက်ပြင်းရှူလိုက်ပြန်သည်။ သူသည် ကျနော့်ဘက်သို့ အနည်းငယ် တိုးရွှေ့လိုက်၏။ကျနော့်လက်ကို သူသည် သာသာဖွဖွ ဆုပ်ကိုင်လိုက်ပြန်သည်။ ထို့နောက် နောက်ပြန်လှည့်ပြီး အဝေးဆီသို့ကျန်ရစ်ခဲ့သည့် ညို့ပျပျ မြို့သစ်ကလေးမြို့ကို ပြန်ကြည့်သည်။ သူ့စိတ်နှလုံးအိမ်ဝယ် စိုးရိ်မ်သောကစိတ်ကလေးများ ရှက်သန်းနေပြန်သည်။ နံနက်စောစော၌ သူ့လက်ကလေးများသည် ပူနွေးနေသည်။

သူသည် စကားလေးနက်စေလိုသဖြင့် သူ့မျက်နှာကို ကျနော့်ရှေ ငိုက်လိုက်လေသည်။


“ကိုကို” ဟု သူက တည်ငြိမ်လေးနက်စွာ၊ တိုးသက်စွာ ခေါ်သည်။


“ခင်ဝေ တခုခုဖြစ်တယ်ဆိုရင်နော် ဖြစ်တယ်လို့ သဲ့သဲ့ကလေးကြားရင် နေရာမှာတင် သတ်ပစ်လိုက် ကိုကိ်ု၊ ကိုကို အဲဒီလိုအထင်မျိုး တကယ်ထင်ထားတာလားဟင်၊ မပြုံးပါနဲ့ ပြောစမ်းပါအုံး၊ ခင်ဝေစိတ်မောလိုက်တာ ကိုကိုရယ်။


“ကိုကို အဲဒီလို တကယ်ထင်တယ်ဆိုရင် ဘာဖြစ်နေနေ ခင်ဝေ မသွားတော့ဘူး သိလား၊ တော်ကြာရင်လေ ကိုကို သဝန်တိုတာနဲ့ပြဿနာဖြစ်လာမှာ ခင်ဝေ တကယ်ကြောက်တယ်သိလား။ ဟိုတခါ ဖြစ်ပီးကတဲက ခင်ဝေတော့ ကြောက်နေဘီ”


ထိုအခါက ကျနော်သည် အမှတ်မထင် ပေါ့ပေါ့ရှပ်ရှပ်ဖြင့်ပင် ရယ်မောခဲ့လေသည်။


ဘူတာရုံတွင် ကျနော်တို့သည် ဘူတာရုံထောင့်ဖက် အစွန်ကျသည့် ဘန်ဒါပင်ရိပ်အောက် ခုံတန်းကလေးတခုပေါ်တွင် ထိုင်ရင်း ရထားအလာကို စောင့်ကြလေသည်။ ထိုနေရာတွင် လူမရှိဘဲ တိတ်ဆိတ်နေ၏။ ထိုင်ခုံပေါ်သို့ ဘန်ဒါရွက်ကလေးများ ဝဲပျံကာ ကြွေကျလာကြလေသည်။ ဝေသည် တောင်တန်းပြာကြီး ကာဆီးနေသော သူ့အမေရှိရာ အရပ်ဖက်သို့ မြှော်ငေးကြည့်ပြန်လေသည်။ သံလမ်းတဖက်၌ လယ်ကွင်းပြင်ကြီးမှ အနိမ့်ပိုင်းဖက်သို့ လျှောဆင်းသွားလေသည်။ ဝေသည် လယ်ကွင်းပြင်ကြီးမှ တဆင့် သူ အလုပ်လုပ်ခဲ့ရာ စပါးစက်ကြီးဆီသို့ စိတ်များပျံ့နှံ့သွားနေလိမ့်မည်။


ဝေက...

“ကိုကို ပါလာရင် သိပ်ကောင်းမှာ၊ ဒို့နှစ်ယောက် လျှောက်လယ်၊ ရှောက်ကန်တော့ရရင် သိပ်ကောင်းမှာ၊ ဒါပေမယ့် ကိုကိုက ခင်ဝေ့ကိုယူထားတာ လဖက်တရိုိး ကွမ်းတယာတောင်မပါဘဲနဲ့ ယူထားတာဆိုတော့ မိဖဆီ သွားတာတောင် လိုက်တာမဟုတ်ဖူး”


အဝေးက ရထားဥသြဆွဲသံသဲ့သဲ့ ကြားရသောအခါ၌ ဝေ့မျက်လုံးအိ်မ်၌ မျက်ရည်များ ပြည့်သိပ်လာကြပြန်လေသည်။ ဘူတာရုံဘက်မှ လူအများ၏လှုပ်ရှားကြသံများနှင့်အတူ ဝေသည်လည်း ဝမ်းနည်စိတ်များ ဆို့နင်လာနေပြန်သည်။


“ဒါတော့ မပြောကောင်းဘူးဝေ၊ ကဲ အခု ဝေ့မှာ ဆွဲကြိုးလက်ကောက်၊ လက်စွပ်၊ ဘီး၊ ရင်ထိုး၊ ဘာလိုသေးလို့လဲ၊ ကိုယ်ဆင်ထားနိုင်တာ အဲဒါကြောင့်ဘဲမှုတ်လား၊ အဲဒါ ဝေ့အတွက်ဘဲ”


“မိန်းမဆိုတာတော့ သိမ်ငယ်တာဘဲ ကိုကို၊ ကဲကဲ ကိုကို ထသွားကြရအောင် ကိုကို့ကို ခင်ဝေ စိတ်ချသွားမယ်နော်၊ အိမ်မှာဘဲ ထမင်းချက်စားရမယ်၊ အိမ်မှာ ထမင်းတနပ် ချက်မစားဘူးဆိုရင်နော်”


ကျနော်တို့သည် ဘူတာရုံစင်္ကြန်ရှေ့သို့ လျှောက်လာခဲ့ကြလေသည်။


+ + +


၈။

ဝေ မရှိသောအခါ၌ ကျနော်တို့ခြံမှာ အလိုလို ခြောက်ခန်း သွေ့ရောင်းလာသည်။ တမာရွက်ကြွေများသည် မြေပြင်၌ ရှပ်တိုက်ပြေးနေ၏။ နွေးဦးလေနှင့်အတူ အနီရောင်ဖုန်မှုန့်များသည် အိမ်နံရံကို ပြေးလာကပ်ကြ၏။ အိမ်၏ခန်းဆီးများသည် အသက်ကင်းမဲ့သွားကြကာ မလှုပ်မရှား ငြိမ်သက်တွေဝေနေ၏။ ဘုရားစင်မှ ပန်းခြောက်များသည် ဖရောင်းပြယ်စပြုသော ကြမ်းပြင်ပေါ်သို့ တဖွားဖွားကြွေကျနေ၏။ စိတ်ပျက်ငြီးငွေ့ဖွယ်ရာ ပူးပြင်းသောနေရောင်များသည် ခန်းဆီးစများအပေါ်၌ ငြိမ်သက်စွာ ကျနေကြ၏။


ကျနော်လည်း ဝေသွားသည့် နေ့စွဲကို ပြက္ခဒိန်ပေါ်တွင် စက်ဝိုင်းတခုဝိုင်းကာ အမှတ်မှဲ့ မှတ်သားထားလိုက်လေသည်။ သွားစ ရက်များက အလုပ်များ အရေးကြီးနေခဲ့သဖြင့် ကျနော်လည်း ဝေ့ကို သတိရလှသည်မရှိဘဲ အလုပ်အထဲ၌ စိတ်များနစ်မြှုပ်နေခဲ့၏။ ညနေခင်းများတွင် ရစ်ခွေချောင်းတဝိုက် ယာခင်းများတဖက်သို့ လမ်းလျှောက်သောအခါ၌သာ ဝေ့ကိုသတိရလျက် အလိုလိုကြည်နူးစွာ ပြုံးမိသည်။


ဆယ်ရက်ကျော်လာလျှင်မူ သစ်ခိုးမှုများကို ကိုင်တွယ်နေသည့်ကြားမှ ဝေ့ ကို မျှော်မိစပြုလာသည်။


တရက်၌ မြို့သစ်ကလေးမြို့ပေါ်သို့ ဆောင်းကြွင်းမိုးများ ရွာချလိုက်၏။ နောက်ရက်များ၌ အဆွေးကြွယ်စေသော မိုးသားထုကြီးသည် ကျနော်လမ်းလျှောက်လျှင် ရစ်ခွေချောင်းပြင်နှင့် တောင်ကုန်းကလေးများအပေါ်၌ လွှမ်းခြုံထားလေသည်။ အပူနှင့်ရေခိုးရေငွေ့ရောသော လေသည် ယာခင်းကလေးများအပေါ်သို့ ဖြတ်ကျော်ပြေးလာကြ၏။ မြေနံ့များ သင်းမြလာပြန်သည်။ ရက်ပေါင်းနှစ်ဆယ်မှ ကျော်စပြုလာလျှင် အလုပ်များနေသည့်ကြားတွင် ကျနော့်စိတ်အာရုံ၌ ု စိုးရိမ်စိတ်ကလေး တစိတ်တဝက်သည် ခိုအောင်းစ ပြုလာလေသည်။ စိုးရိမ်စိတ်ကြောင့့့်ဖြစ်ပေါ်လားသည့် မရေမရာအတွေးများကို တွေးမိစ ပြုလာသည်။


ခရီးသွားရင်းသူ တခုခု ဖြစ်လို့လား။

သူ့အမေ အခြေအနေဆိုးလို့လား။

သူ့ထံမှ စာတစောင်စောင် ရောက်လာသင့်၏။


သူပြန်လာတော့မည်ဖြစ်၍ စာမရေးခြင်းဘဲဟု တွေးကာ ညနေခင်းများ၌ ကျနော်သည် ရထားသံကို နားထောင်မိစပြုလာသည်။ ကျနော် ညနေခင်းလမ်းလျှောက်လျှင် ဘူတာရုံလမ်းသို့ ပြောင်း၍လျှောက်သည်။ ရထားဆိုက်ချိန်၌ မြင်းလှည်းများသည် လမ်းလျှောက်နေသော ကျနော့်ကို ဖြတ်ကျော်ကာ မြို့ဘက်ဆီသို့ပြေးကြလျှင် ကျနော်သည် မြင်းလှည်းတိုင်းကို မသိမသာကြည့်မိ၏။ လမ်းလျှောက်ရာမှ အပြန်လမ်းတွင် စိတ်များကား တွေဝေကာ နေမထိထိုင်မသာ လှုပ်ရှားစ ပြုလာကြပေသည်။


စိုးရိမ်စိတ်သောကများသည်လည်း တရက်ထက်တရက် ပို၍ များပြားလာကြ၏။ ကျနော်သည် မာနဖြင့် တင်းခံထားလိုက်၏။ သူ့ထံသို့ တရက်ပြီးတရက် သူ ရောက်လာမည်ကို မြှော်ရင်း စာမရေးဖြစ်။ သူ့ထံမှ စာ မနက်ဖြန် ရောက်လာမည်ဟု ယုံထား၏။ “သူကမှ နေနိုင်သေးတာဘဲ၊ ငါကလဲ နေနိုင်တာပေါ့”ဟု ညအိပ်ရာထဲ၌ ကျနော်သည်လည်း ဆုံးဖြတ်နေပြန်သည်။


အိုက်စပ်နေသော ညများတွင် ကျနော်သည် ရှုပ်ပွနေသည့်အိပ်ရာထဲ၌ ပက်လက်လှန်ကာ ကြက်တွန်သံများကို ရေတွက်နေ၏။ ညနက်လာလျှင် အဝေးဆီမှ မီးကင်းသံချောင်းခေါက်သံများကို မှတ်သားနေပြန်သည်။ လဆုတ်ရက်များ၌ ညများသည် လရောင်အားနည်းကာ မှေးမှိန်လာကြလေသည်။ ကောင်းကင်၌ ကြယ်ကလေးများသည် ကြည်ပြာရောင်၊ စိန်ရောင်၊ သတ္တုရောင်၊ နေရောင် တဖျတ်ဖျတ် လက်ကြကာ မျက်တောင်ခတ်နေကြ၏။ ကြယ်တပွင့်တလေသည် ကောင်းကင်မှ သုတ်ကနဲ ကြွေလာပြီး အိပ်ရာနံဘေးပြတင်းဝသို့ ခပ်ကြမ်းကြမ်း ဝှေ့ယမ်းပြေးလာသည်လိုပင်။ ဝေရှိစဉ်ကလိုပင် ညမွှေး၊ ဆိပ်ဖလူးနှင့်တမာပန်းရနံ့များသည်လည်း မွှေးပျံ့လာသည်။


ကျနော်သည် ဤတိတ်ဆိတ်နေသော ညဉ့်ယံများတွင် ကိုယ့်အသက်ရှူသံကို ရေတွက်ချင် ရေတွက်နေလိုက်သည်။ နေ့ခင်းများ၌ အိမ်ရှေ့ခန်း အလုပ်စားပွဲတွင် ရုံးအလုပ်များလုပ်နေရင်း ကျုနော်သည် ဝေ ဗြုန်းကနဲ ရောက်ချလာသည်ဟု ထင်နေတတ်ပြန်သည်။


ကိုခင်ထွန်းထံမှစာကို ရသည့်နေ့ကလည်း ကျနော်သည် အလုပ်စားပွဲ၌ ထိုင်နေရင်း ဝေ့စာကိုသာ မျှော်နေမိသည်။ ဝေ့စာကား မလာသေး။ ကိုခင်ထွန်း စာကို ဖောက်ဖတ်မိပြီးလျှင် ထိုစာကိုဖောက်ဖတ်မိသည့်အတွက် မှားသွားလေပြီကို ကျနော်သည် ဦးနှောက်ဖြင့် သိမှတ်ရလေသည်။


ရင်ထဲ၌ ပူသွားသည်ကို ခံစားရ၏။ စိတ်နှလုံးများကား တုန်လှုပ်ချောက်ချားသွားသည်။ အသက်မရှူဘဲ ရပ်ထားမိ၏။ ပြတင်းနံဘေး ကုလားထိုင်၌ နောက်မှီကို အားအင်ကုန်ခန်းစွာ မှီထားလိုက်၏။ မျက်စိကိုမှိတ်ထားလိုက်၏။ မီးအလင်း၊ ပြတင်းဝမှ ဝင်လာသည့် နေရောင်ခြည်အလင်းနှင့် အလင်းရောင် ရိုက်ဟပ်နေသမျှ အရာဝတ္တုအပေါင်းသည် မျက်မြင်အာရုံမှ ပျောက်ကွယ်သွားသည်။ လုပ်လက်စအလုပ်များသည်လည်း တပိုင်းတစဖြင့် ရပ်ဆိုင်းသွားသည်။ စိတ်များသည် အဝေးသို့ ပြေးထွက် သွားကြ၏။


ပြတင်းဝမှဝင်လာသည့်လေသည် တပိုင်းလက်စ အစီရင်ခံစာကို တဖျတ်ဖျတ် တိုးဝှေ့နေသည်။ ကိုခင်ထွန်း၏စာကို မျဉ်းလုံးဖြင့်ဖိထားသဖြင့် စာသည် သူ့နေရာ၌ မလှုပ်မရှား ငြိမ်သက်နေ၏။ ကျနော်သည် ဖြည်းညှင်းစွာ အသက်ကို ရှိုက်ပြီး ရှူသွင်းလိုက်၏။ အသက်ကင်းမဲ့ တိတ်ဆိတ်နေသော ခြံထဲ၌ မိမိ၏အသက်ရှူသွင်းလိုက်သံကို ကျယ်လောင်စွာကြားရသည်။ စိတ်များသည် မနိုင်မနင်းဖြစ်ကာ ကိုယ်ခန္ဓာအပြင်ဖက်သို့ ဝေကျလာပြန်သည်။ ကျနော့်လက်သီးများကို ဘယ်အချိန်လောက်က မာကျစ်နေအောင် ဆုပ်ထားလိုက်မိသည် မသိ။


ကိုခင်ထွန်း၏စာကို စိတ်ထဲမှ တစမကျန် ဖျောက်ဖျောက်ပစ်လိုက်၍ ရနိုင်လျှင် မည်မျှကောင်းမွန်မည်နည်း။ သို့သော်မေ့ထား ဖျောက်ကွယ်ထား၍ ရနိုင်သည်ကားမဟုတ်။ ဤစာသည် အချိန်ကာလအတိုင်းအတာ မည်မျှ ကြာမြင့်သည်ဖြစ်စေ မိမိ၏စိတ်နှလုံးအိမ်မှ ပျောက်ကွယ်မည် မဟုတ်။ ပျက်ပြယ် မှေးမှိန်မည်မဟုတ်။ ကျနော်သည် သတိမထားမိဘဲ သက်ပြင်းများ ချလိုက်ပြန်သည်။


သူငယ်ချင်းကိုိကို/

မင်း ဒို့ဆီ ဘာပြုလို့စာမရေးတာလဲ၊ ဒို့ဟာ အချစ်ဆုံးသူငယ်ချင်း၊ အကောင်းမွန်ဆုံး မိတ်ဆွေတွေဘဲ၊ သိန်းဆွေကြီးကလဲ မင်း သူ့ဆီကို စာမရေးလို့အပြစ်တင်နေတယ်၊ ကိုယ်လဲ သထုံဘက်ကို ပြောင်းရတော့မယ်။ ထားပါတော့... ကိုယ်ရေးချင်တာက 

မင်းရဲ့ဝေကို အမြန်ဆံုံးပြန်ခေါ်ထားဖို့ဘဲ သူငယ်ချင်း၊ မင်းရဲ့ဝေက ဒို့ဆီကိုတော့လာမလယ်ဘူး၊ မင်း ဘာပြုလို့ ကောင်မလေးကို တယောက်ထဲ ပြန်လွှတ်ရတာလဲသူငယ်ချင်း၊ အပျိုကလေးတယောက်ထဲ ခရီးသွားတာထက် အိမ်ထောင်သည်အမျိုးသမီး တယောက်ထဲ ခရီးမသွားဘို့က ပိုပီး အရေးကြီးတယ် ကိုကို။ ကိုယ် ဘာမှမရေးချင်ဘူး။ ဒီစာရရခြင်း ကောင်မလေးကို ပြန်ခေါ်ထားပါ။ နောက်မှ စာသတ်သတ်တစောင် ရေးအုံးမယ်။ ပြောင်းဘို့ရွှေ့ဘို့စီစဉ်နေဆဲမိုိ့ဒီစာကို အရေးတကြီး ကောက်ရေးလိုက်ရတာဘဲသူငယ်ချင်း။ မရွှေလဲ နေကောင်းပါတယ်။

/သတိရစွာဖြင့်

ချစ်စွာသော

ခင်ထွန်း


စိတ်အာရုံ၌ ထိုစာလုံးများသည် အလိုလိုစီပြီး ပေါ်လာနေသည်။ စက္ကန့်ပိုင်း၌ သောကအတွေးများသည် အခုမှတခုသို့ တဖျတ်ဖျတ်ပျံသန်းနေ၏။ မှိတ်ထားသော မျက်စိထဲ၌ စပါးစက်ခေါင်းတိုင်မှ မီးခိုးများ ကောင်းကင်သို့ တလူလူတက်သွားနေသည်ကို မြင်နေပြန်သည်။ စက်ဥသြဆွဲသံ သံရှည်သည် နားအူစရာ ပေါ်လာကြပြန်သည်။ စက်ခုတ်မောင်းနေသံများသည် တဂျောင်းဂျောင်းညံနေကြ၏။ စက်ထည့်ထားသည့်အရုပ်များလို အလုပ်သမားများသည် တနေရာမှတနေရာသို့ ရွှေ့ပြောင်းလှုပ်ရှားနေကြ၏။


စပါးစက်။

အခြေအနေမဲ့ အလုပ်သမားများ၏ ယိုင်ရွဲ့နေသောတဲတန်းလျားများ။

လူမျိုးစုံ၊ အကျင့်စာရိတ္တမျိုးစုံ ရောထွေးနေသော ဤရေကြည်ရာ မြက်နုရာ လျှောက်လိုက်နေရသော အလုပ်သမားများ။

လက်ရန်းမဲ့ တံတာကလေး။


အလုပ်သမားများ လျှောက်သွားလျှင် တံတားကလေးသည် ပုခက်လို လှုပ်ယမ်းနေ၏။ တံတားကလေးအောက်မှ ချောင်း၌ရေမရှိ။ လတာ ခရောင်းများသည် မဲပုပ်ရောင် ညစ်မှိုင်းကာ ပပ်ကြားအက်ကြီးများ အက်ကွဲနေ၏။ စိတ်အာရုံ၌ မျက်နှာသွယ်သွယ်၊ မျက်ခုံးကောင်းကောင်း၊ အသားညိုစိမ့်စိမ့်၊ အင်္ကျီပါးပါးလှပ်လှပ်ဝတ်ကာ ရမ္မက်ဖြင့် ရီဝေနေတတ်သည့် ညှို့မျက်လုံးများရှိသော ဝေ့အမေ၏မျက်နှာသည် ဖျတ်ကနဲပေါ်လာပြန်သည်။ ဝေ့အမေသည် ငယ်စဉ်က အငြိမ့်သမဖြစ်၏။ လင်ပေါင်းစုံပြောင်းလဲခဲ့၏။ သူ၏ ယောက်ျားများနှင့် ဒူးတင်ပေါင်တင်အကျင့်၊ ပရောပရီ နေတတ်ပုံတို့သည် နုနယ်လှသေးသော ဝေ့အတွက် စံပြနမူနာများဖြစ်ခဲ့၏။ ယောက်ျားတယောက်နှင့့် ဖြစ်ပျက်လိုက်ရသည်မှာ မဆန်း ဟူသောအယူအဆသည် ဝေ့အသဲနှလုံး၌ နုနယ်လှသော အရွယ်ကလေးကတည်းကပင် အမြစ်တွယ်ခဲ့သည်။


ကိုယ်ဘာမှ မရေးချင်ဘူး၊ မရေးချင်ဘူး၊ မရေးချင်ဘူး။


ကိုခင်ထွန်း၏စာမှ စာပိုဒ်တပိုဒ်သည် ရှုပ်ထွေးနေသော ကျနော့်စ်ိတ်အာရုံ၌ ပေါ်လာပြန်လေသည်။ ထို ( မရေးချင်ဘူး ) ဟူသည့် မှန်နိုင်လွန်ကားနောက်ဖက်မှ ဇတ်လမ်းကားချပ်ငယ်များသည် လှစ်ကနဲလှစ်ကနဲ ပေါ်လာနေသည်။ သံသယများသည် တခုနှင့်တခု ရှက်လိမ်သွားကြ၏။ သံသယအပေါင်းသည် အပြောကျယ်လှသောပင်လယ်ကြီး ဖြစ်သွား၏။ သံသယလှိုင်းလုံးကြီးများသည် ကမ်းခြေသို့ ပြေးဆောင့်ကာ အဟန့်အတားတခုခုနှင့့် တွေ့လျှင် ဝုန်းကနဲ အရှိန်ပြင်းစွာ ဆောင့်ထိုးချလိုက်သည်။

ကျနော်သည် တောင့်မခံနိုင်တော့သဖြင့် ကုလားထိုင်နောက်မှီအပေါ်၌ ပို၍ပင်းပန်လှစွာ ခြေပစ်လက်ပစ် လှဲမှီလိုက်၏။ ကားသမား ကိုတင်စ်ိန်ကိုလည်း သတိရလာပြန်သည်။ ကိုတင်စိန်ကား မိန်းမမှုပေါင်းများစွာဖြင့် ရှုပ်ထွေး ပွေလိမ်နေသူ။


ခုအချိန်တွင် ဝေ ဘယ်ဆီမှာ ရောက်နေမလဲ။ ဝေသည် အလုပ်သမားတန်းလျားတခု အခန်းကျဉ်းကလေးထဲတွင် ကိုယ်တဝက်ပေါ်နေသော မှန်ရှေ့၌ အလှခြယ်နေမည်။ နှုတ်ခမ်းနီဆိုးသောအခါ သူ၏ တပ်မက်ဖွယ်ရာ နှုတ်ခမ်းကျဉ်းကလေးကို တပ်မက်ဖို့့ကောင်းရုံ စေ့စေ့ကလေး ဟထားသည်။ နှုတ်ခမ်းကလေးများကား ရမ္မက်ဖြင့်စိုစွတ်လာလေသည်။ ထိုစဉ်၌ အခန်းဝသို့လျှောက်လာသည့် လူတယောက်၏အရိပ်သည် မှန်ထဲတွင် ပေါ်လာလေသည်။ ဝေသည် သာသာဖြည်းဖြည်း လှည့်ကြည့်လိုက်ပြီး မျက်လုံးကလေးကို ထောင့်ကပ်ထားလိုက်သည်။ နှုတ်ခမ်းတဖက်သည် မထီတရီ တွန့်သွား၏။ ဝေ့မျက်လုံးများသည် ရမ္မက်ဖြင့် ရီဝေလာကြလေသည်။ခဏကလေးနေလျှင် ဤအခန်းကျဉ်းထဲမှ ဗလုံးဗထွေးအသံများ၊ တပ်မက်စွာသက်ပြင်းချသံများနှင့်အတူ ဝေ၏ခိုးခိုးခစ်ခစ်ရယ်လိုက်သံကလေးသည်လည်း အပြင်ဘက်လက်ရန်းမဲ့ တံတားကလေးအထိ လျှံလာလေသည်။


ဖျတ်ကနဲ ညအချိန် ပြောင်းသွားသည်။ ညမှောင်ပျပျထဲ၌ လက်ရန်းမဲ့ တံတားကလေးပေါ်တွင် ဝေသည် ဖြည်းဖြည်းလျှောက်နေ၏။ ဝေ၏ထမီစသည် လေသုတ်သဖြင့် အသားနှင့် ကပ်နေသည်။ တံတားကလေးသည် ယိမ်းခါလှုပ်ရှားနေ၏။ ဝေသည် တံတားအလယ်၌ အသက်အောင့်ပြီး ငြိမ်သက်စွာ ရပ်လိုက်လေသည်။ တဦးဦးသည် မှောင်ပျပျတွင် တံတားတဖက်မှ သွက်သွက်လျှောက်လာသဖြင့် တံတားသည် ပြန်၍ လှုပ်လာပြန်သည်။ အနားသို့ရောက်လျှင် သူသည် ဝေ့ကိုယ်လုံးကျစ်ကျစ်ကလေးကို အငမ်းမရ ဖက်တွယ်လိုက်၏။ အမှောင်ထဲ၌ သူ့လက်များသည် ဝေ့တကိုယ်လုံး၌ အပ်ချစရာနေရာမကျန်အောင် ဖျစ်ညှစ်နေ၏။ သူ့နှုတ်ခမ်းများသည် အငမ်းမရ ပြေးလွှားရှာဖွေနေသည်။ ဝေသည် မောပန်းလာပြီး အသက်ကို ခိုးရှူလိုက်သည်။ “တိုးတိုးလေ ဆရာ” ဟု ဝေက အနိုင်နိုင်ပြောနေသည်။


တခြား တညသို့ပြောင်းသွားပြန်သည်။ နက်မှောင်နေသည့်အထဲတွင် စပါးဂိုဒေါင်ထောင့်၌ ဝေသည် မွေးပွသဘက်ကလေးခြုံကာ ငြိမ်သက်စွာ ရပ်နေသည်။ ဝေသည် မောပန်းစွာ အသက်ရှူ၏။ ဝေ့ရင်အုံမှာ တဇတ်ဇတ်ခုန်နေသည်။ ထိုနေရာ၌ အခြားလူရိပ်တခု ရောက်လာပြန်သည်။

“ဘယ်သူလဲ”

“ကိုပေါ့ကွယ်”

“စောင့်လိုက်ရတာလေ သေချင်တာဘဲ”

“သိပ်ညစ်ပတ်တဲ့လူ”

လူရိပ်နှစ်ခုသည် တသားတည်း ပူးကပ်သွား၏။ လက်များဖြင့် အငမ်းမရ ပွေ့ဖက်လိုက်ကြ၏။ “မောတယ်ကွယ်”ဟု အတန်ကြာလျှင် ဝေသည် စပါးဂိုဒေါင်ထောင့်ဘက် သံမံတလင်းပေါ်မှာ အိပ်နေရာမှ မထသေးဘဲ ပြောနေ၏။ ဝေ၏တောက်ပသော မျက်လုံးမျုားသည် ကောင်းကင်လယ်မှ ကြယ်ကလေးများကို ရေတွက်နေသည်။ ကောင်းကင်၌ တိမ်တိုက်တခုသည် မောပန်းနွမ်းလျစွာဖြင့် ရွေ့လျားနေလေသည်။


တညသို့ ကူးပြောင်းသွားသည်။ ထိုညတွင် ဝေ့ပထွေးသည် အခန်းထဲသို့ ခြေဖွနင်းပြီင်္း ဖြေးဖြေးဝင်လာသည်။ သူ့မျက်နှာမှာ အဆီများ ဝေ့နေသည်။ သူသည် အိပ်မောကျနေသော ဝေ့နံဘေးရှိ မီးခွက်ကို မှုတ်လိုက်၏။ ဝေ့နံဘေး၌ ရင်ခုန်စွာ လဲလျောင်းလိုက်၏။ အခန်းကလေးထဲတွင် ပို၍ မှောင်သွားသည်။ တိုးတိုး ညည်းညည်း စုတ်သပ်နေသံ ပေါ်လာသည်။ မောလျစွာ အသက်ရှူသံများ ကြားရသည်၊ ရန်ခုန်သံများ ဆူပွက်လာပြန်လေသည်။


ကျနော်ကား ဤအနိဋ္ဌာရုံအတွေးများကို ရပ်တန့့်လိုက်ချင်လေသည်။ အချိန်ပေါင်းများစွာ ကုန်ခန်းနေသော်လည်း အနိဋ္ဌာရုံအတွေးစများသည် တခုကိုတခု လိုက်၍ဆက်နေကြဆဲဖြစ်၏။ ကျနော်သည် နေရာမှ မရွေ့လျား မလှုပ်ရှားမိသေး။ ပြတင်းဝသို့့တင်လာနေသော နေခြည်စွယ်များသည် တစတစ နိမ့်လျောကျသွား၏။ ငြိမ်သက်နေသော ခြံထဲ၌ အမှောင်ရိပ်များ ခိုလာကြလေသည်။ အိမ်၏အရိပ်သည် ပို၍ ရှည်ထွက်လာသည်။


ကျနော်သည် နေရာမှ ဝုန်းကနဲ ထရပ်လိုက်၏။ ကိုခင်ထွန်း၏စာကို ကောက်ကိုင်လိုက်ပြီး ဖြဲဆုတ်လိုက်၏။ အစိတ်စိတ် အမွှာမွှာဖြစ်ရုံဖြင့် မကျေနပ်သေးဘဲ အမှုန့်ဖြစ်လောက်အောင် ဆုတ်ဖြဲပြန်သည်။ စာရွက်ကလေးများအပေါ်၌ စာတလုံးမျှင်ပင် မကျန်နိုင်တော့ပေ။ ကျနော်သည် လက်ထဲတွင် အချိန်ကြာမြင့်လှစွာ အညှိုးကြီးလှစွာဖြင့် ဆုပ်ကိုင်ထားပြီး ပြတင်းဝမှ အပြင်ဘက်သို့ လှမ်းပေါက်လိုက်၏။ လေထဲ၌ စာရွက်ကလေးများသည် သောကနဲ ဝဲပျံသွားကြသည်။ လေနှင့့်အတူ မြေပြင်ပေါ်၌ ရှပ်တိုက်ပြေးလွှားကြ၏။ သစ်ရွက်ခြောက်ကလေးများကို ဝှေ့လာသည့် လေဝဲကန်တော့တခုသည် အ်ိမ်နံဘေးသို့ ရောက်လာပြီး စာရွက်စုက်ကလေးများကို ဝဲလှည့်စုတ်ယူသွားကာ အိမ်နှင့်ဝေးရာသို့ သယ်ဆောင်သွားနေသည်။


ကိုခင်ထွန်းကား အကျီစားသန်သူဖြစ်၍ သူကျီစားလိုက်ခြင်းသာ ဖြစ်ပါလိမ့်မည်ဟု တွေးပြန်သောအခါ ကျနော့်ရင်မှာ ရုတ်တရက်ကြည်လင်သွားပြန်သည်။ စိတ်အာရုံများသည် ရုတ်တရက် အခြားတဆင့်သို့ ကူးပြောင်းသွားသည်။ ချက်ခြင်းပင် ကျနော်သည် ဝေ၏ ခလေးဆန်သော ရိုးသားဖြူစင်သော မျက်နှာကလေးကို မြင်နေပြန်သည်။ ဝေ၏ မသိနားမလည်တတ်သော ရိုးသားစင်ကြယ်သည့် အကြည့်ကလေးများကား နှစ်ခြိက်ဖွယ်ရာ ဖြစ်ပေသည်။ ဤနေ့တွင်ကား ကျနော့်စိတ်များသည် ရှုပ်ထွေးလာလိုက်၊ ကြည်လင်လာလိုက်၊ ပြန်၍ ရှုပ်တွေးလာလိုက်။ အမှောင်ရိပ်များ ပို၍ ဆိုင်းလာသည်အထိ ကျနော်သည် ပြတင်းဝ၌ ရပ်နေခဲ့လေသည်။


ယခုကား ကိုခင်ထွန်း၏စာကား မရှိတော့။ သို့သော် စာရွက်ပေါ်မှ စာလုံးများသည် အသဲနှလုံးပေါ်သို့ ကူးပြောင်းသွားကြလေသည်။ ည၌ ကျနော်သည် အိပ်ရာထဲတွင် အိပ်ပျော်ရန် မကြိုးစားတော့ပေ။ အတွေးများဖြင့် စိတ်အာရုံသည် ရှုပ်ပွနေ၏။ ညများ၌ ကျနော်သည် ပြတင်းတံခါးများ အားလုံးကို ပိတ်ကာ အမှောင်ထဲ၌ ငြိမ်သက်နေခဲ့လေသည်။ နေ့များ၌ ဝေ့ဓာတ်ပုံကို မကြည့်ချင်တော့သဖြင့် မှောက်ထားလိုက်၏။ ကျနော်သည် အလုပ်၌ စိတ်ဝင်စားရန် ကြိုးပမ်းကြည့်နေပြန်သည်။ ဤရက်များ၌ ကျနော့်နှလုံးသားပေါ်သို့ကျသည့် အမဲစက်သည် ပို၍ပို၍ ကျယ်ပြန့်လာ၏။ ကြာလေ မဲညစ်လာလေ။ ပို၍ ကြာလာသောအခါ အမဲစက်များကား ဖျောက်၍ဖျက်၍မရနိုင်တော့။


ကျနော်သည် ဝေပြန်မလာမီ အလုပ်မှထွက်ပြီး မြို့သစ်ကလေးမှ ထွက်ခွာသွားနှင့်ရန်ပင် တွေးတောလာမိခဲ့သည်။ ဝေ ပြန်ရောက်လာခဲ့လျှင် မည်သို့ ရင်ဆိုင်ရမည်ကိုလည်း တွေးမရ။ ဤရက်များအတွင်း မိမိ၏စိတ်နှလုံးသားဝယ် မှောင်လိုက်၊ လင်းလိုက်၊ ကြည်လိုက်၊ လက်လိုက်၊ ပဋိပက္ခများနှင့် အရောရောအထွေးထွေး၊ ဘာရယ်လို့ပီပီသသ မဆုံးဖြတ်နိုင်။


အာရုံထွေပြား

စိတ်ရထားလျှင်

အပြင်းနှင်လျက်

မြစ်ပြင်လှိုင်းကြား

ကမ်းပါးနက်စောက်

ထက်အောက်ဗြောင်းဆန်

မှောက်လှန်ရှုပ်ထွေး

အတွေးမပြတ် 

စိတ်မပြတ်နှင့်....


ကျနော်သည် ဝေ့ထံမှ စာရောက်လာပြီး စာကိုဖောက်ဖတ်ပြီးသည်အထိ ဘာမျှ ရေရာမှုမရှိသေး။ ဝေ့စာကို ဖောက်ဖတ်လိုက်သည့် ညနေကလည်း ကိုခင်ထွန်းစာကို ဖောက်ဖတ်လိုက်သည့်စားပွဲ၌ ထိုင်လျက်ပင်။ ညနေသည် ငြိမ်သက်တိတ်ဆိတ်နေခဲ့၏။ အရာရာသည် ခြောက်ခန်း နွမ်းရော်နေခဲ့လျက်ပင်။ ဝေသည် ဤစာကလေးတစောင်ကို ကြိုးပမ်းရေးရပေသည်ဟူ၍ကား တွေးနေခဲ့မိသည်။ ဝေသည် စာကို မရေးတတ် ရေးတတ်နှင့် ရေးလိုက်၏။ ခဲတံကို ကြောက်ကြောက်ရွံ့ရွံ့ကိုင်ရဟန်ဖြင့် စာလုံးကလေးများသည် မညီမညာ တွန့်နေ၏။ ဝစ္စပေါက်များကို ထည့်ချင်သည့်နေရာ ထည့်လိုက်၏။


ကိုကို/

ကိုးရက်နေ့လာကြို့နော်၊ ကိုကို လာမကြို့ရင် ငိုမှာဘဲ၊ စာတွေ ရေးစရာ အများကြီး၊ ခင်ဝေ မရေးတတ်ဖူး၊ သူများတွေလဲ ရေးမခိုင်းချင်ဘူး။


“ကိုးရက်နေ့ဆိုတာ မနက်ဖြန်ဘဲ”


မနက်ဖြန် ရထားဖြင့် ဝေပါလာတော့မည်။ ဝေ့ကိုသွားမကြိုဘဲ နေလိုက်မလား။ ဝေ့ကိုစွန့်ပစ်ပြီး ထွက်ပြေးသွားနှင့်မလား။ ဝေနှင့်သွားပြီး တွေ့ဆုံလိုက်ရမလား။ ဝေ့စာနှင့် ပတ်သက်၍ ကျနော်သည် မိမိနှင့် မပတ်သက်သလိုပင်။ ဝေသည်လည်း ကျနော်နှင့်မပတ်သက်ဟုပင် စိတ်၌ ခံစားနေရပြန်သည်။ ဝေ့ကို ကျနော်မပိုင်ဆိုင်။ လူတယောက်က လူတယောက်ကို ပိုင်ဆိုင်လိုခြင်းသည် တရား နည်းလမ်းလည်းမကျ။ စင်စစ်တွင်ကား အိမ်ထောင်ကျသည်ဆိုသည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ကလေး။ အိမ်ထောင်တခုပြိုကွဲသွားသည် ဆိုသည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ကလေး။ ဘဝသည်ပင် သင်္ခါရပေတကား။


ကျနော့်စိတ်များကား ထုန်ထိုင်းကာ ငြိမ်သက်နေကြပေသည်။ ညအိပ်ရာထဲတွင် ဝေရောက်လာမည်ကို တွေးနေမိသော်လည်း စိတ်၌ မည်သို့မျှ မခံစားရတော့ပြန်ပေ။


နောက်နေ့ညနေတွင် ဝေ့ကိုသွားကြိုမည်ဟု မဆုံးဖြတ်ဘဲနှင့် တစုံတရာက ကြိုးဆွဲသဖြင့် ကနေရသလိုပင် ကျနော်သည် အေးစက်တည်ငြိမ်သောနှလုံးသားဖြင့် ဘူတာသို့ ရောက်လာခဲ့ပြန်သည်။ ဘူတာရုံတွင်လည်း ဝေသွားစဉ်က ဝေ့ကို လိုက်အပို့့ကျနော်တို့ထိုင်ခဲ့သော ဘန်ဒါပင်အောက် စင်္ကြအလွန်ခုံတန်းလျားပေါ် တယောက်ထီးတည်း ထိုင်မိပြန်သည်။ ဝေသွားစဉ်က ရွက်ဝါများ တသဲသဲကြွေနေခဲ့သော ဘန်ဒါပင်သည် ဝေ့ကိုကျနော် ကြိုနေသည့်ညနေတွင်ကား ရွက်နုစိမ်းကလေးများ ဝေနေသည်။


ဝေ၏အသွားအပြန်ကြား၌ အချိန်များသည် သူ့အကန့်နှင့်သူ ခြားခဲ့လေပြီဟု ကျနော်တွေးမိပြန်သည်။ ဝေသွားစဉ်က နွေးဦးရောက်စ၊ ယခုကား နွေသည်လည်း ရင့်ရော်ညောင်းကာ ပူပြင်းလာနေပေပြီ။ ဆည်းဆာတိမ်များသည်လည်း ပို၍ တောက်နေ၏၊ အရှေ့ဘက်ဝေးဝေးမှ တောင်တန်းကြီးများကား မှိုင်းဆို့နေမြဲပင်။ ခုအချိန်၌ ဤတောင်တန်းကြီးများပေါ်သို့ ဝေစီးလာမည့်ရထား ရောက်လာနေလောက်ပြီ။ ဘူတာရုံဘက်မှ “ရထားနာရီဝက်နောက်ကျတယ်”ဟူ၍ပြောသံကို အမှတ်မထင်ကြားမိသည်။

အချိန်အတန်ကြာသွားပြီး “ရထားလာနေပြီ” ဟူ၍ လူတယောက်ယောက်က ဝမ်းသာအားရ အော်ပြောသံကိုလည်း ကျနော်သည် အမှတ်မထင်ဖြစ်နေပြန်သည်။


ဝေ ကျနော့်ကမ္ဘာကလေးသို့ပြန်လာရာ၌ စီးနင်းလာခဲ့သော ရထားသည် အဝေးတောင်ကုန်းကွေ့များကြားမှ ပေါ်လာလေသည်။ ရထားခေါင်းကို ဝေးဝေးတွင် လှမ်းမြင်ရသည်။ ရထားသည် မီးခိုးတန်းရှည်ကြီးကို မှုတ်ထုတ်လိုက်၏။ နှုတ်ဆက်သံရှည် ဥသြကို အဝေးကတည်းက ဆွဲလာသည်။ ဘူတာရုံ၌ ခရီးသည်များ ခရီးကြိုများသည် ပျားပန်းခတ်လှုပ်ရှားသွား၏။ စင်္ကြံတွင် ဘူတာအလုပ်သမားများသည် ကုန်တင်ကုန်ချလှည်းများကို တဂျောင်းဂျောင်း တွန်းသွားကြ၏။ ကျနော်လည်း စင်္ကြံသို့လျှောက်သွားပြီး စင်္ကြံရှေ့တွင် ရပ်တန့်လိုက်လေသည်။


ကျနော်သည် ဝေ့ကိုတွေ့ရန် စိတ်အားမသန်မိဘဲ ဝေနှင့်တွေ့လျှင် ဘယ်လိုနှုတ်ဆက် ခေါ်ပြောရမည်ကိုသာ စဉ်းစားနေခဲ့သည်။ ဝေ့ကိုပြုံးပြလိုက်မည်ဟု တွေးတောထားလိုက်၏။ ရုပ်ရှင်ပြဇာတ်များထဲတွင် သရုပ်ဆောင်ကြသလိုပေါ့၊ ဒါသည် ပြုံးနေရမည့်အခန်းပေတကား။ ပြုံးရာ၌ မျက်နှာအကြောများတင်းမနေစေရန် အရေးကြီးသည်ဟု တွေးမိပြန်သည်။ ကိုခင်ထွန်းစာကို စိတ်ထဲမှ ဖျောက်ထားနိုင်ရန်သည် အရေးအကြီးဆုံး။


ဝေသည် ကျနော့်ကို သူဘာမျှမဖြစ်ခဲ့သလို ဟန်ဆောင်ကာဖုံးကွယ်လျက် ဆက်ဆံတော့မည်။ ထိုသို့ဆက်ဆံသည်ကို ကျနော်ကလည်း မသိချင်ယောင်ဆောင်ထားရမည်။ ထို့နောက် ရှေ့ဆက်၍ မည်သို့ဖြစ်ပျက်ကြဦးမည်ကို မည်သူမျှကြိုတင်၍ သိထားနိုင်မည်မဟုတ်။ ထိုအရာများကား ကံတရားအတိုင်းသာ ဖြစ်ပေါ်လာရပေတော့မည်။


ရထားသည် ဘူတာရှေ့စင်္ကြံတွင် ညင်သာစွာ ထိုးရပ်လိုက်၏။ ဆူညံလှုပ်ရှားသံ၊ အော်ဟစ်သံ၊ ပျော်ရွှင်စွာနှုတ်ဆက်ကြ၍ ပစ္စည်းပစ္စယချသံ၊ စကားအော်ပြောသံ၊ မြင်းလှည်းသမားများ၏ ခရီးသည်ခေါ်သံ။ ဘူတာရှေ့၌ လူအုပ်ကြီးသည် လှိုင်းလုံးကြီးဖြစ် သွားကာ လှုပ်ရှားနေ၏။ ဝေ့ကို လှမ်းမြင်ရလေသည်။ ဝေသည် အလယ်တွဲတွင် ပြတင်းတခုမှ ကိုယ်တပိုင်းထွက်ပြနေသည်။ ဝေ၏ ကျစ်မြီးထုံးဆံပင်သည် ရင်အုံပေါ်၌ ဝဲနေ၏။ ဝေ၏အင်္ကျီအနီသည် တောက်နေ၏။ ဝေ့မျက်လုံးသည် လူအုပ်ကြီးအနှံ့့အပြားကို လျှောက်ကြည့်နေ၏။ သူက ကျနော့်ကို မမြင်သေးမီ ကျနော်သည် သူ့ကိုကြည့်ငေးနေမိ၏။ သူတကယ်ပြန်လာပြီဟု စိတ်ထဲ၌ တွေးနေမိပြန်သည်။


ဤညနေမှာ ကျနော့်အတွက် အိပ်မက်တခုလိုပင်။ သူ့ကိုတကယ်မြင်တွေ့နေရသည်မှာလည်း အိပ်မက်ထဲ၌ တွေ့နေရသလို ထင်မိပြန်သည်။ သူ ကျနော့်ကိုမြင်လျှင်မြင်ခြင်း ကျနော်ပြုံးပြလိုက်ရမည်ဟု အစောက အတွေးများ ပြန်ပေါ်လာပြန်သည်။


ကျနော်သည် သူ့တွဲဘက်သို့ သွက်သွက်လျှောက်သွားကာ ပြတင်းဘောင်အောက်ဖက်တွင် ရပ်လိုက်လေသည်။ ကျနော် သူ့ကိုပြုံးပြလိုက်သည် ထင်သည်။ သူသည် ပြုံးလိုက်ကာ ပါးကလေး ခွက်သွားသည်အထိ ပြုံးလိုက်ကာ သူ့အထုပ်အပိုးများကို သွက်လက်စွာ ချပေးသည်။ သူသည် ပြတင်းဝမှပင် လွှားကနဲခုန်ချလိုက်၏။ အောက်သို့ရောက်လျှင် သူ့ပစ္စည်းများကို ကမန်းကတမ်း ကောက်ထည့်သည်။


“ကိုကို စာရတယ်မို့လား၊ ကိုကိုတို့များ နေရက်တယ်၊ သူ့စာရမှ ပြန်လာရမယ်ဆိုရင် ဒီတသက် မြို့သစ်ကလေးကို ပြန်လာရတော့မှာ မဟုတ်ဖူး၊ သိပ်ရက်စက်တယ်”


သူက တတွက်တွက်ပြောကာ ကျနော်လည်း ခေါင်းတဆတ်ဆတ် ညိတ်ပြီး ပြုံးသည်၊ ကျနော်သည် သူ့ကို စကားပြန်မပြောမိ။ ပြောရန်စကားစသည်လည်းမရှိ။


ကျနော်တို့သည် မြင်းလှည်းတစီးပေါ်တွင် ထိုင်ကာ အတူတကွ ပြန်လာခဲ့ကြပြန်လေပြီ။ ဤညနေတွင် ဝေ့ကိုကြိုပြီး မြင်းလှည်းပေါ်၌ ဝေနှင့်ကျနော်တို့ အတူထိုင်လာခဲ့ကြပုံကို ပန်းချီကားတချပ်အဖြစ်ဖြင့်ရေးချယ်လျှင် လွင်နေသောဆေးရောင်များဖြင့် ခြယ်မှုန်း၍ရမည်မဟုတ်။ ညို့မှိုင်းမှိုင်း ညစ်ထိုင်းထိုင်း အရောင်များကို ထူထပ်စွာသုံးကာ မပီမသ စုတ်ချက်မှုန်းရလိမ့်မည်ထင်သည်။


ဝေသည် ကျနော့်အနား၌ ယှဉ်လျက်ရှိပါ၏။ ဝေ၏တပ်မက်ဖွယ်ရာ ကိုယ်လုံးကလေးသည်လည်း ကျနော့်ကိုပူးကပ်လျက် ရှိပါသည်။ ဝေ့လက်ကလေးတဖက်က ကျနော့်ပေါင်ပေါ်သို့တင်ထားသည်။ မြင်းလှည်းချိုင့်ခွက်ထဲကျလျှင် ဝေသည် ကျနော့်ဖက်သို့့ယိမ်းလာသည်။ ထိုသို့ဖြစ်သော်လည်း ကျနော့်စိတ်နှလုံးသားများကား အေးစက် ငြိမ်သက်နေလျက်အပင်။ လမ်းတွင် ဝေသည် ယခင်ကာလများကအတိုင်းအပင် အပြောမပျက်၊ အရယ်မပျက်၊ ပုံစံမပြောင်း၊ ဝေသည် ကျနော့်ကို ယခင်ကလိုပင် ယူဆနေခဲ့၏။ ဝေနှင့်ကျနော်တို့စိတ်နှလုံးသားချင်း ဝေးကွာသွားခဲ့ကြပြီကို သိသေးဟန်လည်းမတူ။


မြင်းလှည်း စျေးကို ဖြတ်ကျော်ချိန်တွင် ကျနော်သည် စျေးထဲ၌ ဝေ သဝန်တိုပြီး ကျောင်းဆရာမလေးတဦးကို စော်ကားခဲ့ပုံ သတိရလာပြန်သည်။ ဝေသည်လည်း ထိုအဖြစ်ကို သတိရသွားဟန်တူ၏။ ဝေသည် ကျနော့်မျက်နှာကို စူးစိုက်ကြည့်ကာ ̒ ကိုကို ဟိုဆရာမလေးကို သွားပြီးချော့နေသလား ̓ ဟု မေးနေ၏။ ဝေသည် ကျနော့်ထံမှ စာများကို မျှော်နေပုံလည်းပြောသည်။ ဤမျှ ရက်ပေါင်းများစွာ ကြာပါလျက် သူ့ထံသို့ စာတစောင်တောင် ရေးဖော်မရဟု ကျနော့်ကို အပြစ်များစွာတင်သည်။ ကျနော့်ကို ဆရာမလေးနှင့် စွဲချက်တင်ပြီး ထုချေခိုင်းပြန်သည်။


ကျနော်လည်း နာကျင်စွာဖြင့် တချက် “ဟက်” ကနဲ ရယ်လိုက်မိလေသည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး ကျနော်သည် သူ့ကို တခွန်းမျှမပြော။ သူ ဘာကြောင့် ငါးရက်ဆိုပြီး တလခွဲကြာနေရသည်ကိုလည်း ကျနော်သည် မမေး။ ကျနော့်အတွက်ကား မေးရန်လည်း မလိုအပ်ဟု ယုံကြည်သည်။ ကျနော်သည် သူ့ကိုပြန်မပြောဘဲ မျက်နှာကို တဖက်သို့လှည့်လိုက်လေသည်။ တောင်ကုန်းများတဖက်ရှိ ရစ်ခွေချောင်းတဝိုက်တွင် ညို့ပျနေသည်မှာ စိတ်မကြည်လင်စရာမြင်ကွင်းကြီးဟု စိတ်၌ ထင်နေပြန်သည်။ အနောက်ဖက်၌ ညနေဆည်းဆာတိမ်တောက်ပုံသည်လည်း အနီရောင်လွန်ကဲကာ အပူရောင်များချည်း လွှမ်းနေ၏။ မြင်ရသည်တို့မှာ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း ဟူ၍လည်းမရှိ။


သူသည် ကျနော့်ကျောကို ရုတ်တရက် ထုလိုက်လေသည်။ ကျနော့်ပုခုံးကို ဆွဲလှည့်လိုက်၏။ ကျနော်ကား ပြုံးလျက်သားနှင့်ပင် သူနှင့် မျက်နှာချင်းဆိုင်နေပြန်သည်။ သူသည် ကျနော့်မျက်နှာကို စိုက်ကြည့်နေ၏။


“ကိုက်ို ဘာဖြစ်နေတာလဲဟင်” ဟု သူက အဆက်မပြတ်မေးသည်။


“ဘာမှ မဖြစ်ပါဘူး”


“မဟုတ်ဖူး ဖြစ်နေပါတယ်”


“တကယ်ပါ ဝေရယ် ကို ဘာမှ မဖြစ်ပါဘူး”


“မဟုတ်ဖူး ဖြစ်တယ် ဖြစ်တယ်၊ ခုအထိလေ ကိုကိုက ခင်ဝေ ငါးရက်ဆိုပီးသွားတာ ဘာပြုလို့ ဒါလောက် ကြာရတာလဲလို့မမေးသေးဘူး၊ ကိုကို အဲဒါကို မကျေနပ်တာမှုတ်လားဟင်”


“အိုကျေနပ်ပါတယ်၊ မိဖဆီ သွားတာဘဲ ဝေ အပျော်သွားတာမှ မဟုတ်ဘဲကွယ်၊ ပီးတော့ ကိုကလဲကို လိုက်မလာနိုင်ခဲ့တာ ဝေ့က်ို ဝေဘယ်လိုကျေနပ်အောင် တောင်းပန်ရမလဲလို့စဉ်းစားနေတာပါ”


“ မဟုတ်ပါဘူး၊ ကိုကို လိမ်တာပါ၊ ကိုကို တခုခုဖြစ်နေပါတယ်၊ ခင်ဝေ သိတယ်နော်”


သူ့မျက်နှာပေါ်မှ အပြုံးရိပ်များသည် ဖြည်းဖြည်းချင်း မှိန်လိုက်လာနေသည်။ သူ့မျက်လုံးအိမ်မူ မျက်ရည်များ တစတစ ဝဲလာနေသည်။


ထိုမျက်ရည်များကို တကယ်ဝမ်းနည်း၍ ဝဲလာသောမျက်ရည်များဟု ကျနော်သည် မယုံကြည်နိုင်တော့ပေ။ ကျနော်သည် မိမိ၏စိတ်နှလုံးသားကို ပြန်၍ စစ်ဆေးကြည့်နေမိ၏။ ကျနော်သည် ခုအချိန်မှ နူးညံပျော့ပျောင်းသွားပြီလား၊ ကျနော့်ရင်ထဲမှ အစိုင်အခဲများ ကြေမွကုန်ကြပြီလား။ ဤ အစိုင်အခဲများကား ပို၍ ကြီးမားလာနေသည်ဟု ထင်ရလေသည်။ ပို၍ မို့မောက်မြင့်တက်လာ၏။ သူလိမ်နိုင်သမျှ လိမ်ပါစေဟု စိတ်ဖြင့် ပြောနေမိလေသည်။


“ ငိုပြလိုက်အုံးလေ” ဟု စိတ်က ပြောနေမိပြန်သည်။


“ကိုကို ခင်ဝေ့ကို စ်ိတ်ဆိုးနေတာလားဟင်” ဟု သူသည် မေးနေ၏။


သူသည် သူ့လက်တဖက်ဖြင့် ကျနော်လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ သူ့လက်များကြမ်းထော်လာသည်ကို သတိထားလိုက်မိလေသည်။ သူသည် ဤရက်များအတွင်း၌ စပါးစက်ထဲတွင် အလုပ်ကြမ်း လုပ်လာခဲ့သည်ကို သူက ထုတ်မပြောဘဲနှင့် ကျနော် သိနေမိ၏။ လက်ကလေးကို အမှတ်မထင် ဆုပ်ကိုင်နေမိစဉ်၌ ကျနော်သည် သူ စပါးစက်ထဲတွင် နေပူပူ၌ ပြေးလွှားလှုပ်ရှားနေပုံကို စိတ်ကူးပုံ ဖမ်းနေမိပြန်သည်။


သူသည် ထမီကို ခြေသလုံးသားပေါ်အောင် ဝတ်ထား၏။ စပါးတောင်းကို ခေါင်းပေါ်ရွက်ပြီးလျှောက်သွားသည်။ သူ့နဖူးမှ ချွေးများ စီးကျလာကြသည်။ သူ့မျက်လုံးထဲသို့ ချွေးများ စီးဝင်နေသည်။ သူသည် မျက်တောင်များကို သုတ်သုတ်ခတ်ပြီး ချွေးမဝင်စေရန် ကာကွယ်သည်။ သူ့ဆံပင်များသည် နဖူးပေါ်သို့ဝဲကျပြီး ရှုပ်ထွေးနေ၏။ သူ့အင်္ကျီနောက်ကျောမှာ ချွေးများနစ်နေကာ ကျောနှင့် ကပ်နေသည်။ သူသည် စက်ဝသို့အဝင်၌ တာလီစာရေးကို လှမ်းပြီး“ခင်ဝေ ငါးဆယ့်သုံးခေါက်နော်” ဟု အော်ပြောသွားသည်။ စက်ထဲတွင် အလုပ်သမားများ အလုပ်သမများသည် ပျားပန်းခတ် လှုပ်ရှားနေ၏။ စက်သံသည် တဂျိုင်းဂျိုင်း ဆူညံနေ၏။ ဇလားတွင် ဆန်များ တဝေါဝေါကျလာလေသည်။ ကောင်းကင်သို့ စက်ခေါင်းတိုင်မှ မီးခိုးများ လူတက်သွားသည်။ ကောင်းကင်တိမ်နှင့် မီးခိုးများသည် တွန့်လိမ်ရောယှက်သွား၏။ စက်ဝသို့ ဝေသည် စပါးတောင်းခွံ ခါးစောင်းတင်ပြီး အခြားအလုပ်သမားများနှင့်အတူ တိုးထွက်လာသည်။ ဝေသည် ခေါင်းမှ ပုဆိုးစုတ်ကို ဖြေယူပြီး မျက်နှာကို သုတ်နေသည်။


“ခင်ဝေ စက်ထဲမှာ အလုပ်လုပ်သေးတယ်၊ အမေ့အတွက် ဆေးဘိုးဝါးခ ငွေမရှိတာနဲ့၊ ကိုကို့ဆီလဲ မမှာချင်ဘူး၊ ငွေစုမိအောင်လို့လေ၊ ခု လခကော စုမိရဲ့လားကိုကို” ဟု မြင်းလှည်းပေါ်တွင် ဝေသည် ကျနော့်ကို ခပ်တိုးတိုးမေးနေ၏။


“စက်ထဲမှာလုပ်တော့ ကောင်မတွေက ခင်ဝေ့ကို လင်ကပစ်လိုက်တယ်လို့ ထင်နေကြတယ်၊ ဒါနဲ့ခင်ဝေလဲ သူတို့နဲ့အလောင်းအစားလုပ်တာပေါ့၊ ကိုကို လေး ငါးရက်ကြာရင် စာလှမ်းရေးရမယ်၊ ခင်ဝေ စာပြန်မရေးရင် ဒိုင်းဆို ကိုကိုပေါက်ချလာရမယ်၊ ဒါနဲ့အလုပ်လုပ်ရင်း နေ့တိုင်း ကိုက်ို့ကိုမျှော်နေတာ၊ ကိုကို့စာကို မျှော်ရတာကော၊ ကိုကို စာလှမ်းရေးမှာလို့ ခင်ဝေယုံတယ်။ ကိုကို စာမလာရင် မပြန်တော့ဘူးလို့။ ကိုကို ဒီလိုနေရက်မှာ မဟုတ်ဖူးလို့၊ နောက်တော့ သေမယ့်ကိစ္စတောင် ခင်ဝေ မသွားတော့ဘူး။ သိပ် စိတ်ဆင်းရဲရတာဘဲ။ အမေကလဲ မပြန်နဲ့အုံးလို့တားတားနေတာ။ ကိုကိုကတော့ ဒီမှာ ပျော်နေမှာပေါ့လေ။ လွဲပါစေ ဖယ်ပါစေ။ တကယ်လို့များ ကိုကိုနဲ့ခင်ဝေနဲ့ တကယ်ကွဲကြလို့ ခင်ဝေ စက်ထဲ ပြန်ရောက်သွားရင် ဘယ်လောက်နှုတ်ခမ်းမဲ့ ကြမလဲမသိဘူး။ ဘယ်လောက် စိတ်ဆင်းရဲလိုက်ရမလဲနော်”


ကျနော်သည်လည်း ဝေ့လိုပင် တကယ်လို့များ ဝေနှင့်ကျနော်တို့ ကွဲကြရင်ဟု တွေးနေပြန်သည်။ အနာဂတ်ကာလကား ရေရာမှုမရှိနိုင်တော့ပြီဟု တွေးကာ ကျနော်သည် စိတ်နှလုံးသား၌ ထိခိုက်နာကျင်လာမိပြန်သည်။ ကိုခင်ထွန်းကြီးက ဝေ အနေအထိုင် မတတ်သည်ကို အထင်မှားခြင်းသာ ဖြစ်ပါစေဟု ကျနော်သည် ကျိတ်ပြီး ဆုတောင်းနေမိ၏။ ဝေသည် သူ့မိတ်ဆွေဟောင်းများကို အခါတိုင်းကလိုပင် ရင်နှီးခင်မင်သဖြင့် ခလေးစိတ်တဝက်ဖြင့် မဆင်မခြင် ရောရောနှောနှောနေခြင်းသာ ဖြစ်ပါလိမ့်မည်။

ဝေ့လက်ကလေးကို ကိုင်ထားရင်း ဝေနှင့်ကျနော့်ကြား၌ အပတ်ပတ်ရစ်နှောင်ခဲ့သော သံယောဇဉ်ကြိုးမျှင်များကို ကျနော်သည် တွေ့ထိနေရ၏။ သံယောဇဉ်ကြိုးများသည် မိမိ၏နှလုံးသည်းအိမ်၌ တင်းကျပ်စွာ မြဲခိုင်စွာ ချည်နှောင်ထားလျက်ရှိ၏။

ကျနော်သည် ဝေ့မျက်နှာကလေးကို စူးစိုက်ကြည့်နေပြန်မိသည်။ ကျနော့်အမြင်၌ ဝေ့မျက်နှာကလေးသည် ဖြူစင်မွန်မြတ်နေလျက်ပင်။ မျက်လုံးကလေးများသည် မသိနားမလည်နိုင်သော ခလေးစိတ်ကလေးဖြင့် တလက်လက် တောက်ပနေလျက်ပင်။


သူကား ဘာမျှမသိ။ ကျနော့်ရင်ထဲ၌ ဖြစ်ပေါ်နေသည်တို့ကိုမသိ။ ကျနော့်စိတ်နှလုံးအိမ်၌ နာကျင်နေသည်ကိုလည်းမသိ။


“ဘာလို့အလုပ်လုပ်ရတာလဲ၊ လူအထင်သေးတာပေါ့။ ငွေလိုရင် မှာလိုက်ဖို့ ကောင်းတာပေါ့ကွယ်။ ကိုဖြစ်သလိုရှာပေးမှာပေါ့ ဝေ” ဟု ကျနော်သည်လည်း သူ့ကို ပြန်ပြောလာခဲ့သည်။


အပိုင်း(၄) ဆက်ရန်

နိုင်ဝင်းဆွေ

No comments:

Post a Comment