Saturday, July 9, 2022

​နွေတည(အပိုင်း - ၄)

နွေတည 

အပိုင်း (၄)


 ၉။

ဤနွေရက်များတွင် စိတ်နှလုံးသားများသည် အလိုလိုနေရင်း ငြီးငွေ့နွမ်းနယ်လာသည်။ အကြောင်းလည်း ရှာမရ။ ကိုခင်ထွန်း၏စာနှင့်ပတ်သက်၍လည်း မဟုတ်။ ဝေ့အပေါ်တွင် သံသယများရှိနေသေးသည်လည်းမဟုတ်။ ဝေ၏သန့်ရှင်းဖြူစင်မှုကိုလည်း အကြွင်းမဲ့ ယုံကြည်နေပါလျက်နှင့် ထိုသို့သူ့အလိုလို ငြီးငွေ့ကာ သွေ့ရောင်းလာခြင်းမှာ နားလည်နိုင်စရာပင်မရှိ။ နွေရက်များ၌ အရာရာမှာ လောင်ကျွမ်းနေကြလေသည်။ ရစ်ခွေချောင်းတဝိုက်ရှိ သစ်ပင်ကြီးများသည်လည်း အရွက်များဖြိုင်ဖြိုင်ကြွေကာ အရိုးပြိုင်းပြိုင်း။ နေရာတကာတွင် ရွက်ကြွေခြောက်များချည်း ထပ်နေ၏။ ညနေဆည်းဆာများတွင် နီနီကျင့်ကျင့်နေ၏အရောင်မှာ စိတ်နှလုံးများကို နောက်ကျိစေသည် ထင်သည်။


ကျနော်ကား ဝေ့ကိုပင် စကားဟက်ဟက်ပက်ပက် မပြောချင်။ ပျော်ရွှင်ရယ်မောလိုစိတ်များလည်း မရှိ။ ဤအိမ်ကလေးပေါ်တွင် နေရခြင်းကိုလည်းကောင်း၊ မြို သစ်ကလေးတွင် နေရခြင်းကိုလည်းကောင်း၊ စိတ်ပျက်ငြီးငွေ့လာကာ ဝေးရာ တနေရာသို့ ဝေနှင့်အတူ ထွက်ခွာသွားလိုစ်ိတ်များ ပေါ်လာကြလေသည်။ ထို့ကြောင့်ပင် မကြာမီရက်ပိုင်းအတွင်း၌ မြို့ကြီးရှိ ကျနော့်အမေထံသို့ စာတစောင်လှမ်းရေးဖြစ်ခဲ့၏။ စာထဲတွင် ကျနော် အိမ်ထောင်ကျနေပြီး ဖြစ်ကြောင်းလည်း ယခုမှပင်ဖော်ပြောဖြစ်လေသည်။ ထိုအတွက် ကျနော်ကား ဝေ့အပေါ်၌ အလေးမပြုလွန်းရာ ကျနေသည်ကိုလည်း သတိထားမိခဲ့၏။


စာနှင့်အတူ ပေးပို့လိုက်သည့် ဓာတ်ပုံအတွင်း၌ကား ဝေသည် ခလေးကလေးတယောက်လို နှစ်ခြိုက်စွာပြုံးရယ်ထား၏။ ဝေ့ပါးချိုင့်ခွက်ကလေးနှစ်ဖက်ပင် ချိုင့်ဝင်နေ၏။ ကျစ်ဆံမြီးဆံပင်ထုံးနှစ်ခုကို ရင်အုံပေါ်သို့ ချထားသည်။ ဓာတ်ပုံထဲမှ ဝေကား သစ်ရွက်နုကလေးကဲ့သို့ လန်းဆန်းကာ ခလေးငယ်ကဲ့သို့ သောကကင်းဝေးနေခဲ့ပေသည်။


မကြာမီရက်ပိုင်းအတွင်း၌ပင် အမေ့ထံမှ စာတစောင်ရောက်လာသည်။ အမေ့စာကို ဖတ်ရသောအခါတွင် ကျနော်သည် အမေ့ကို ပစ်ထားခဲ့မိခြင်းအတွက် စိတ်ထ်ိခိုက်မိ၏။ အမေသည် ဤနှစ်နှစ်တာအတွင်း ကျနော် ဘယ်ရောက်နေသည်ကိုလည်း မသိရှိခဲ့။ အမေသည် ကျနော့်ကို လွမ်းဆွတ်သတိလည်းရနေသည်။ အမေကား ကျန်းမားရေးအခြေအနေလည်း သင့်တင့်ညီညွတ်ခြင်းမရှိ။ သားနှင့်သမီးကို ဤရက်ပိုင်းအတွင်း၌ပင် အလည်လာဖြစ်အောင်လာရန် မှာကြားလိုက်သည်။


ဤစာရပြီးကာမှ ကျနော်ကား မြို့ကြီးသို့သွားလိုစိတ်ပင် မရှိတော့ပြန်ပေ။ မသွား၍လည်း မဖြစ်နိုင်။ အမေ့စာကို ဖတ်ပြသောအခါ ဝေသည် လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့၏။ ဝေသည် မြို့ကြီးသို့ရောက်လည်း ရောက်ဖူးချင်၏။ အမေနှင့်လည်း တဖက်က တွေ့လိုသည်။ တဖက်ကမူ တွေ့ရမည်ကို ကြောက်လည်း ကြောက်နေပြန်သည်။ ဝေသည် အမေ့အကြောင်းကိုချည်း ထပ်တလဲလဲမေးနေ၏။


“ခင်ဝေတို့သွားကြမှာနော်”


“သွားရမှာပေါ့၊ အလုပ်လဲ နဲနဲပါးနေဘီ၊ ခွင့်ယူလို့ လွယ်ပါလိမ့်မယ်”


“အမေ့ဆီသွားတုန်းကတော့ ကိုကိုခွင့်ယူလို့ မရဘူးနော်”


“တကယ် မရတာပါ ဝေရဲ့”


“အော် အော်”


ဝေသည် နှုတ်ခမ်းတဖက်တွန့်ပြီး သရော်ပြုံးလိုက်လေသည်။ ကျနော်လည်း ဝေ့ပါကလေးကို မနာမကျင် လိမ်ဆွဲလိုက်၏။ ကျနော် ခွင့်စာရေးနေချိန်တွင်လည်း ဝေသည် စားပွဲအနားတွင် ခါးထောက်ရပ်နေသည်။ “ ခင်ဝေမလိုက်ဘုးနော်၊ ခင်ဝေမလိုက်ချင်ဘူးနော်”ဟု သူပြောနေသည်ကို ကျနော်သည် ဂရုမစိုက်ဘဲ သူ့ခါးကလေးကို လှမ်းပွေ့လိုက်သည်။


“ တကယ်ပြောတာ ကိုကိုရယ်၊ ခင်ဝေ ကိုကိုတို့အမေကို ကြောက်တယ်”


မြို့ကြီးသို့သွားမည့်ရက် နီးကပ်လာလေလေ ဝေသည် ပို၍ စိတ်လှုပ်ရှားလာလေလေပင်။ ပထမက ဝေမလိုက်ချင်ဟု ပြောနေသည်ကို ကျနော်သည် ပေါ့ပေါ့ဆဆမျှသာ သဘောထားခဲ့၏။ နောက်တော့ သူ့စိတ်ထဲတွင် တကယ် လှုပ်ရှားထိခိုက်နေသည်ကို သတိထားလာခဲ့ရလေသည်။ နေ့ခင်း နေ့လယ်ဘက် ကျနော် အလုပ်မှ ခေတ္တပြန်လာသည့်အခိုက်တွင်လည်း ဝေသည် မြို့ကြီးသို့မသွားရန်ပင် တားမြစ်နေ၏။ ညနေဖက်လမ်းထွက်လျှောက်ရာတွင်လည်း ထိုအကြောင်း၊ ညအိပ်ရာထဲတွင်လည်း ထိုအကြောင်း။


ခရီးမထွက်မီ ညကမူ ဝေ့အဖြစ်မှာ စိတ္တဇပင် ဖြစ်နေရော့သလားဟု ထင်လာခဲ့ရလေသည်။ ညဦးပိုင်း၌ ကျနော်အိပ်ပျော်သွားခဲ့သော်လည်း ဝေကား အိပ်၍ ရခဲ့ဟန်မတူ။ သန်းခေါင်ကျော်ကျော်တွင် အိပ်ရာမှလူးလဲထပြီး ထိုအကြောင်းကို ပြောရန်အတွက် ကျနော့်ကို အိပ်ရာမှနှိုးပြန်သည်။ သူသည် အိပ်ရာထဲတွင် လရောင်မှုန်မှုန်၌ ဆံပင်ကို ကဘိုကရို ပြင်ထုံးလေသည်။ သူ့ပါးပေါ်၌ မျက်ရည်ကြောင်းကြီးများစီးနေသည်။ သူသည် ကျနော့်ပါးကို သူ့ပါးနှင့် ပွတ်ပြီးနှိုးနေ၏။ ကျနော်လည်း အိပ်ရာမှနိုးလာကာ သူ့မျက်နှာကလေးကို ငေးကြည့်နေမိပြန်သည်။


“ကိုကို မနက်ဖြန်ကို မြို့ကြီးကို တကယ်သွားမှာနော်”


“စိတ္တဇများ ဖြစ်နေရော့လား ဝေရာ...” ဟု ကျနော်သည် ညည်းနေမိ၏။


သူ့လက်မောင်းကို ဆုပ်ကိုင်ပြီး ပြန်အိပ်ရန် ခိုင်းလိုက်သည်။ သူသည် အိပ်ရာထဲမှ လူးလဲပြန်ထ၏။


“မအ်ိပ်ပါနဲ့ အုံး ကိုကို၊ ခင်ဝေလေ အိပ်လို့မရတော့ဘူး၊ ကြောက်နေတယ်၊ ကိုကိုတို့အမေက အသက် ဘယ်လောက်ရှိပလဲဟင်...၊ ငါးဆယ့်ကျော်ဘီဟုတ်လား၊ ဖြူဖြူခန့်ခန့်ကြီးမှုတ်လား၊ သူဋ္ဌေးမကြီးပေါ့နော်၊ ဝင်းကြီးခြံကြီးနဲ့နေတာ၊ ခင်ဝေကြောက်တယ်၊ စကားလဲ ပြောရဲမှာဟုတ်ဖူး၊ ခင်ဝေ့ကို တွေ့လေရာပြောတော့မှာဘဲ ထင်တယ်၊ မလိုက်ချင်တော့ဘူး၊ မလိုက်ချင်တော့ဘူး”


သူသည် နက်နက်ရှိုင်းရှိုင်း ခံစားနေရ၏။ ကျနော်သည် သူ့ကျောပြင်ကို လက်ဖြင့် ပွတ်သပ်နေမိ၏။ လရောင်ထဲတွင်ပင် သူ့မျက်လုံးကလေးများကို လိုက်ရှာကြည့်နေမိပြန်သည်။ မျက်လုံးများကို သဲကွဲစွာ မမြင်ရသော်လည်း ကြောက်ရွံ့စိတ်ဖြင့် သူ့မျက်လုံးများ ဝိုင်းဝိုင်းလည်နေသည်ကိုမူ သိနေ၏။ သူသည် ဂယောင်ချောက်ချားပင် ဖြစ်နေရရှာသည်။ အမေ့ထံသို့ မသွား၍လည်းမဖြစ်။ ကျနော်သည် သူ မသိစေရန် သက်ပြင်းကို ဖြည်းဖြည်းသာသာ ချလေသည်။


“ဝေကလဲကွာ၊ ဒါကိုဘဲ ထပ်တလဲလဲ ပြောနေတာဘဲ၊ အမေက သူ့ချွေးမကလေးကို ပါအောင် ခေါ်ခဲ့ရမယ်လို့ ထပ်တလဲလဲ မှာတာမို့လား၊ အမေက အေးပါတယ်၊ ကို့ထက်တောင်အေးေးသးတယ်၊ မတုန်မလှုပ်နေတာ၊ ပီးတော့ ကို့ကိုလဲချစ်တယ်၊ ဝေ့ကိုလဲ မြင်မြင်ချင်း ချစ်သွားမှာ၊ တော်ကြာ ပြန်မလွှတ်ပဲနေမှာတောင် စိုးရတယ်၊ ပြန်မလွှတ်လို့ ကို နောက်မိန်းမရှာနေရမှာတောင် စိုးတယ်”


ဝေသည် ပြတင်းဝဖက်သို့ လှည့်ကြည့်ကာ အဝေးဆီသို့ စိတ်ပျံ့လွင့်နေပြန်သည်။ ငိုင်တွေနေ၏။ ဝေ့ကျောပြင်ကလေး နောက်ဖက်ကနေ မြင်ရသည်မှာ သနားစဖွယ်ကလေးပင်။ဝေသည်လည်း အတန်ကြာမျှ ငြိမ်သက်နေ၏။ အရာရာသည်လည်း ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေ၏။ သန်းခေါင် လေပြေသည်လည်း ရပ်တန့်သွား၏ တိမ်တိုက်ဖုံးကွယ်သွားသဖြင့် လရောင်သည်လည်း ခေတ္တမျှ အားနည်းမှိန်ဖျော့သွားသည်။ ကောင်းကင်၌မူ ကြယ်ကလေးများသည် အချင်းချင်း အိမ်ဖွဲ့စုဝေးနေကြကာ စကားတီးတိုး ပြောကြသလို မှိတ်တုတ်မှိတ်လက် လင်းနေကြသည်။


ဝေက..

“သူတို့ကလေ ကိုကိုနဲ့ခင်ဝေ့ကို သဘောတူကြမှာ မဟုတ်ဖူး၊ ခင်ဝေနဲ့တူတယ်တန်တယ် ထင်ကြမှာမဟုတ်ဖူး၊ ခင်ဝေနဲ့ကွဲအောင် ခွဲကြမှာဘဲလို့ ခင်ဝေသိနေတယ် သိလား၊ ကိုကိုလဲ သူတို့စကား နားယောင်သွားမှာ၊ ခင်ဝေတော့လေ ကိုကိုနဲ့ပေါင်းသာ ပေါင်းနေရတယ်၊ နေ့ပစ်မလား ညပစ်မလားနဲ့ ရင်ထဲတထိတ်ထိတ်နဲ့နေရတာ၊ ကိုက်ို အဲဒါကို မသိဘူးလားဟင်၊ ကိုကိုမသိဘူးနော် ခင်ဝေ့ကိုပစ်မယ်ဆိုရင် ခင်ဝေ့မှာ ဘာအပြစ်မှ မရှိဘူးနော်ကိုက်ို၊ ကိုကို မကြိုက်ဖူးဆိုလို့ ခင်ဝေ မကစားတော့ဘူး၊ ကိုကိုက ကျယ်ကျယ်ရီတာ မကြိုက်ဖူးဆိုလို့ ခင်ဝေ မရီတော့ဘူး၊ စျေးထဲမှာ ရန်မဖြစ်ရဘူဆိုလို့လဲ ခဏခဏ သည်းခံနေရတာ၊ ကိုကိုသိပါတယ်နော်”


ဝေ့ စကားသံများသည် တဖြည်းဖြည်း တိုးတိမ်လာကာ အမှောင်ထဲတွင် နစ်မြုပ်သွားနေတော့သလိုပင်။ ကျနော်လည်း သူ့ကို ကျောဖက်မှ သိမ်းပွေ့ပြီး အိပ်ရာထဲ လှဲသိပ်လိုက်ရသည်။


“မင်း ကို့ကို မယုံတာ သိပ်ဆိုးတာဘဲ၊ ကို ဝေ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ ဝေမသိပါဘူး၊ ဝေ့ကို ဘယ်တော့မှခွဲနိုင်မှာ မဟုတ်ဘူးဆိုတာ ဝေမသိပါဘူး။


ကျနော့်စကားလုံံးများ၏နောက်၌ ခံစားမှုသည် နက်ရှိုင်းနေ၏။ ဝေ့ကို ချစ်သည့်စိတ်ကြောင့် ကိုခင်ထွန်း၏စာမှာ မရေမရာသော အသေးအဖွဲကလေးမျှသာ ဖြစ်သွားခဲ့ရပုံကို ဝေ့ကို ပြောပြဖွင့်အန်ချင်လေသည်။ ဝေနှင့် အတူနေရချိန်၌ ထိုအကြောင်းအရာသည် တကယ်ဖြစ်ပျက်ခဲ့သည်ဆိုလျှင်ပင် ကျနော်သည် ဝေ့ကို မုန်းရက်နိုင်မည် မဟုတ်သည်ကို မိမိဖာသာ နက်ရှိူင်းစွာ ခံစားသိရှိနေပြန်သည်။ ထိုအကြောင်းကို ဝေ့ကိုပြန်ပြော၍မဖြစ်၊ ဘယ်သောအခါတွင်မှ ပြော၍မဖြစ်။ မိမိ၏စိတ်နှလုံး အောက်ခြေတွင်သာ အစဉ်သဖြင့် နှစ်မြှုပ်ဖျောက်ကွယ်ထားရမည်။


“ဝေလေ ကိုကို့ကိုမယုံဘူး”


သူက တိုးငြိမ်စွာ ပြောနေပြန်သည်။


“နေ့လယ်က ပုဏ္ဏားဗေဒင် မေးကြည့်တော့လေ ခင်ဝေနဲ့ကိုကိုနဲ့မမြဲဘူးလို့ဟောတယ်၊ ကိုကိုအလုပ်သွားနေတုန်း ခင်ဝေငိုလိုက်ရတာ။ ကိုကို့ကို ခင်ဝေယုံပါတယ်၊ ဒါပေမယ့်ကိုကိုရယ် ခင်ဝေက စက်ထဲက အလုပ်သမမှုတ်လား၊ ကိုကိုတို့အမေက ပိုက်ဆံရှိတဲ့လူမှုတ်လား၊ ပီးတော့့ ကိုကိုကလဲ အလုပ်ကြီး အကိုင်ကြီးနဲ့ လူမှုတ်လား။ ကိုိကိုသာ စက်ထဲက အလုပ်သမားဆိုရင်လေ ခင်ဝေလဲ စက်ထဲမှာ လုပ်ပီး စိတ်ချမ်းသာရမှာဘဲနော်။ ဟုတ်မှာပါဘဲ။ ဗေဒင်ဆရာကြီး ဟောသွားတာ ဟုတ်မှာပါဘဲ၊ တနေ့ကလည်း နတ်ကတော်ကြီး မေးကြည့်တော့လဲ ဒီအတိုင်းဘဲ ဟောတယ်။ ကိုကိုသာ ခင်ဝေ့ကို အပြစ်မရှိဘဲနဲ့ပစ်သွားရင်လေ ခင်ဝေ ကိုကို့ကို သတ်ပစ်မှာပဲ။ သတ်ရက်အောင်ကို သတ်မယ်သိလား”


သူသည် ကျနော့်ရင်ခွင်ကို မျက်နှာဖြင့် ပွတ်သပ်နေရင်း တဖြည်းဖြည်း ငြိမ်သက်ကာ အပြစ်ကင်းစင်စွာ အိပ်ပျော်သွားသည်။ ကျနော်ကား မျက်လုံးကြောင်ပြီး အိပ်မရဖြစ် ကျန်နေခဲ့သည်။ တိတ်ဆိတ် ငြိမ်သက်နေသော ညဉ့်ယံထဲတွင် ကျနော့်ရင်ထဲမှ ခံစားမှုများမှာ ပြောင်းလဲမှန်းမသိ နက်ရှိုင်းစွာ ပြောင်းလဲလာကြလေသည်။ ကျနော်သည် သူ့ကို ဇနီးမယားလို တပ်မက်မှုဖြင့် မခင်တွယ်တော့ပေ။ သူ့ကို ကျနော့်နှမကလေးအရင်းဟု ထိုခဏ၌ကား စိတ်တွင်းတွင် ဖြစ်ပေါ်ခံစားလာရ၏။ ကျနော့် သမီးကလေးလည်း ဖြစ်ချင်ဖြစ်လိမ့်မည်။


သူ့မျက်နှာဝိုင်းပုံနှင့် နှာတံအကျ မျက်ခုန်းမျက်လုံးတို့မှာ ကျနော်နှင့် ရိုးတိုးရိပ်တိတ် ဆင်နေသည်ဟု ထင်ပြန်သည်။ သမီးလေးဝေ။ ဝေသမီးလေး။ ကျနော့်ရင်ထဲတွင် သိမ့်သိမ့်ခါမျှ လှုပ်ရှားနေပြန်သည်။ ထိုမှ ကျနော်သည် သမီးကလေးတယောက် လိုချင်သည့် ဆန္ဒသည်လည်း ရင်ထဲ နှလုံးသားထဲတွင် ဖြတ်သန်းဖြစ်ပေါ်လာသည်။ သမီးကလေး မွေးလာခဲ့လျှင် ဝေ့လို ရိုးရိုးစင်းစင်းကလေးဖြင့် ဖြူစင်လှပေလိမ့်မည်ဟု ထင်ပြန်သည်။


နံနက်မိုးလင်း၍ အိပ်ရာမှနိုးလာလျှင်လာခြင်း ဝေသည် သူ့စကားဟောင်းများကိုပင် ပြန်၍ကောက်ပြန်သည်။ မြို့ကြီးသို့သွားရန် ရထားစီးရန် ဘူတာရုံသို့ ရောက်လာခဲ့သည်အထိ ဝေသည် မလိုက်လိုကြောင်း တတွတ်တွန်ပြောနေခဲ့သည်။

ရထားထွက်လာသည်အထိ ဝေသည် စိတ်လှုပ်ရှားနေမြဲပင်။


ကျနော် နောက်မှီကိုမှီပြီး အိပ်မောကျနေစဉ်တွင် ဝေကား ရထားပြတင်းဝမှ အပြင်သို့ ငေးပြီးကြည့်နေခဲ့၏။ ဝေ့စိတ်အာရုံ၌ မြင်နေရသောအရာအပေါင်းကို ဂရုမထား၊ အမှတ်မထား။ ရထားကား တောင်များကိုလည်း ခွဲဖြတ်သွား၏။ နေပြောက်မထိုးသော သစ်တောကြီးများအလယ်မှလည်း နာရီကြာသည်အထိ ဖြတ်သန်းနေရ၏။ တနေရာတွင် ဝါးသုဉ်းတောကြီးသည် အရွက်များကြွေနေလျက်၊ တနေရာ၌မူ တောင်ကုန်းများအစွန်တွင် တောရိုင်းနေကြာပန်းများသည် ခြောက်နွမ်းနေပြန်သည်။

ညနေ နေညိုလာလျှင် ရထားသည် မြေပြန့်သို့ ဆင်းလျက်ရှိ၏။ မြို့ကြီးနှင့် ပို၍နီးကပ်လာနေပြီး တောင်ကျချောင်းများအပေါ်၌ ဖြတ်သားထားသည့် တံတားရှည်ကြီးများကို တဝေါဝေါအသံမြည်ကာ ဖြတ်သန်းနေ၏။ တနေရာရှိ တံတားရှည်ကြီးတခုအပေါ် ရထားဖြတ်ကျော်နေစဉ်တွင် ဝေသည် ကျနော့်ပခုံးကို ကိုင်လှုပ်နှိုးလိုက်လေသည်။ သူ နှိုးလိုက်ပုံမှာ ကြမ်းကြမ်းတမ်းတမ်း ရေကြီးသုတ်ပျာနိုင်သည်။ သူ့မျက်လုံးများသည် ကြောက်လန့်နေသလို ပြူးကျယ်ဝိုင်းစက်နေ၏။ သူသည် ထရပ်တော့မလို လှုပ်လှုပ်ရှားရှား ချွေးစေးများ စေထန်းနေ၏။ သူ့မျက်နှာပေါ်တွင် နေခြည်ပြောက်များသည်လည်း အငြိမ်မနေ၊ ပြေးလွှား လှုပ်ရှားနေလျက်။


“ နောက်ဘူတာဘဲနော်၊ နောက်ဘူတာနော်”


သူ၏ အရေးတကြီး မေးမြန်းနေသံမှာလည်း တုန်ယင် လှုပ်ရှားလျက်ပင်။


“ခုမြိုင်သာကို ကျော်လာခဲ့ပလား”


“အင်းပါ”


“မင်း ဘာဖြစ်နေရတာလဲ”


“ခင်ဝေ မလိုက်ချင်တော့ဘူး ကိုကို”


“ဒုက္ခဘဲ၊ လူတွေကြားထဲမှာလေ၊ သတိထားအုံးမှပေါ့။ သိပ်ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ ကောင်မဘဲ၊ လူတွေလှမ်းကြည့်နေတာ တွေ့ရဲ့လား။ တောကျီးကန်း လူမိလာတဲ့အတိုင်းပဲ၊ မင်း ခလေးလား၊ မလိုက်လို့ ဘယ်ဖြစ်မှာလဲ၊ ဒါလောက်အဝေးကြီးက ထွက်လာခဲ့ပီးမှ အဓိပါယ်မရှိ လျှောက်ပြော မနေစမ်းနဲ့၊ ကိုယ့်ယောက္ခမတောင် ကိုယ်မမြင်ဖူးဘူးဆိုတာ ဘယ်လောက်ရှက်စရာကောင်းသလဲ၊ ကပ်တတ်တတ် လုပ်မနေနဲ့၊ ကိုစိတ်ဆိုးလာဘီ”


“မလိုက်ချင်တော့ဘူး မလိုက်တော့ဘူး”


ကျနော်သည် သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ “ သိပ်ရိုင်းတာဘဲ” ဟုလည်း ကျိတ်ပြီး ပြောနေမိ၏။


“မလိုက်တော့ဘူး ကိုကို၊ လက်မှတ် ဆက်ပီး ဝယ်မပေးချင်နေ၊ အမေ့ဆီရောက်အောင် ဆက်သွားတော့မယ်၊ ဖမ်းချင်လဲဖမ်းပေါ့”


သူသည် လက်ကိုဆောင့်ရုန်းပြီး ထရပ်လိုက်၏။ ကျနော်သည် သူ့ကို ဆွဲချထိုင်ခိုင်းလိုက်ရသည်။ သူသည် အတန်ကြာရုန်းကန်နေပြီးမှ စိတ်အားလျှော့ကာ ပြန်၍ ငြိမ်သက်သွားသည်။ ထိုင်ခုံနောက်မှီအပေါ်၌ စိတ်ပျက်အားငယ်စွာ မှီလှဲလိုက်သည်၊ သူ့ မျက်လုံးအိမ်၌ မျက်ရည်များ ပြည့်လာနေပြန်သည်။


မြို့ကြီးဘူတာရုံသို့ရောက်လျှင် သူသည် မြို့ကြီးဘူတာကို မျက်ရည်များကြားမှသာ မြင်တွေ့ရလေသည်။


“မျက်ရည်တွေ သုတ်လိုက်အုံးလေ” ပြောကာ ကျနော်သည် သ့ကိုဆောင့်ဆွဲရပ်လိုက်၏။ ပစ္စည်းတင် အဆင့်ပေါ်မှ လက်ဆွဲအိတ်များကို ဆွဲချပြီး သူ့ကိုပါ လက်တဖက်ဖြင့် ဆွဲကာ လူကြားထဲမှ တိုးဝှေ့ဖြတ်သန်းလာခဲ့၏။ ဝေသည် ယောင်အအ ထုန်ထိုင်းထိုင်းဖြင့်ပင် ကျနော့်နောက်မှာပါလာခဲ့သည်။


“လက်ကို လွှတ်ထားစမ်းပါ၊ သိပ်က္ကုနြေ္ဒပျက်တာဘဲ” ဟု သူကပင်ပြောနေပြန်သည်။


လူအုပ်ထဲ၌ ကျနော့်တူမလေး ထွန်းထွန်းနှင့် အမကို လှမ်းမြင်ရလေသည်။


“အဲဒါ ထွန်းထွန်းပေါ့”


အပျိုမကလေး ထွန်းထွန်းသည် လူကြားထဲမှာ ဖြတ်ပြေးလာပြီး ကျနော့်ခါးကို ဝင်ပွေ့လိုက်သည်။ ကျနော့်လက်ထဲမှလက်ဆွဲအိတ်ကို လုယူလိုက်၏။ ထွန်းထွန်းက ကျနော်ရေးလိုက်သည့်စာထဲတွင် သူ့နာမည်မပါသဖြင့် ကက်ကက်လန် ရန်တွေ့လာသည်။ ကျနော့်အခြားဘက်တွင်ကား ဝေသည် လူအများကို ကျော်ကြည့်ပြီး ငေးမောလျက် ဖြည်းဖြည်း လိုက်ပါလာလေသည်။ ဘူတာရုံလက်မှတ်ပေါက်ကို ဖြတ်ကျော်ပြီးလျှင်မူ ဝေသည် ခေါင်းငုံ့ပြီး ဖြည်းဖြည်း လျှောက်လာသည်။


အမသည် ထွန်းထွန်းတဖက်မှ လျှောက်လာပြီး ကျနော့်ကို အပြစ်တင်နေ၏။ ဝေ့ကိုမူ မည်သူကမျှ နှုတ်မဆက်။ ဂရုမပြု။ ထွန်းထွန်းသည် နားဆွဲတခါခါဖြင့် စကားတဖောင်ဖောင်ပြောလာ၏။ ထွန်းထွန်း၏ဂုတ်ဝဲဆံပင်သည် ပခုံးပေါ်၌ ဝဲကျနေ၏။ သူ့အသံသည် ဆွဲလဲသံလို သာယာကြည်လင်နေ၏။ ချွင်ချွင်မြည်နေလျက်။


ကျနော်ကား တူမလေး၏ပခုံးကို ဆုပ်ကိုင်ထားရင်း စိတ်၌ကား မငြိမ်မသက် လှုပ်ရှားနေခဲ့၏။ တူမလေးကို ဝေ့အား နှုတ်ဆက်အဖက်လုပ်ရန် တိုက်တွန်းလိုက်ချင်၏။ ဝေ ခံစားနေရပုံကို တူမလေး နားလည်အောင် ပြောလိုက်ချင်၏။


အမသည် ပြုံးလျက်သား ပါလာ၏။ အမ၏အပြုံးကား ဝေ့ အတွက်မဟုတ်။ ဝေ့ကို မျက်လုံးတချက်ပင် ဝင့်မကြည့်။ အမ၏ဟန်မှာ က္ကုနြေ္ဒရှိကာ တည်ကြည်ပါသည်။ ဝေ့လို မိန်းခလေးကို အဖက်မတန်သလိုပင်။ 


မြင်းလှည်းဆိပ်သို့အသွားတွင် ကျနော်သည် ဝေ့ကို စောင့်ပြီး တမင်ဖြည်းဖြည်း လျှောက်လာခဲ့သည်။ ဝေသည်လည်း ကျနော်တို့နှင့်အတူ မသွားလိုသဖြင့် ကျနော် နှေးလျှင် သူလည်းနှေးသည်။ သူသည် ခေါင်းကိုသာ တွင်တွင်သား ငုံ့လာခဲ့၏။

သူ့ရင်ထဲ၌ ခံစားနေရမှုများသည် ဆက်သွယ်ကြိုးတချောင်းမှတဆင့် ကျနော့်ရင်တွင်း နှလုံးသားများကို လာ၍ ရိုက်ခတ်နေသည်ဟု ထင်ရသည်။ 


တန်းစီရပ်ထားသော မြင်းလှည်းများမှ မြင်းလှည်းတစီးပေါ်သို့ အမနှင့်ထွန်းထွန်းတို့ တက်လိုက်ကြ၏။ ကျနော်ကား လက်ဆွဲအိတ်ကို ပစ်တင်ရင်း အချိန်ဆွဲပြီး ဝေ့ကို လှည့်ကြည့်သည်။ ဝေကား နောက်ဖက် ဆယ်လှမ်းကျော်ကျော်လောက်တွင် ကျန်နေခဲ့၏။ ခေါင်းငုံ့ လျှောက်လာရာမှ မျက်လွှာကြီးကိုပင့်ပြီး ကျနော့်ကို လှမ်းအကြည့်နှင့် ဆုံသွားသည်။


“လာလေ သုတ်သုတ်လျှောက်မှပေါ့၊ မြေမမြိုပါဘူးဝေရဲ့”


ကျနော်သည် အသံကို ဖော့ကာ ရယ်သံဖြင့် လှမ်း၍ အော်ပြောလိုက်၏။ တမင်လည်း ရယ်လိုက်၏။ ကျနော့်ရယ်သံမှာ ခြောက်ကပ် သွေ့ရောင်းနေတော့မည်ကိုလည်း သိပါသည်။ ကျနော် ဝေ့ကိုခေါ်လာခဲ့ခြင်းမှာ ကြီးမားစွာ မှားယွင်းခဲ့လေပြီကို သိပါသည်။ ယခုအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု တွေးခဲ့လျှင် ကျနော် သူ့ကို ခေါ်လာခဲ့မည်လည်း မဟုတ်။ ကျနော်ကိုယ်တိုင် မြို့ကြီးသို့ လာခဲ့မည်လည်းမဟုတ်။ ကျနော်သည် တမင်ဂရုပြုပြီး ဝေ့လက်ကို ဆွဲ မကာ မြင်းလှည်းပေါ်သို့တက်ခိုင်းလိုက်၏။ ကျနော်၏ ကြင်နာမှုကို ပေါ်လည်း ပေါ်လွင်စေ့ချင်သည်။ ကျနော်ကိုယ်တိုင် ဝေ ခံစားနေရသလို ခံစားနေရကြောင်းကို ဝေလည်း သိစေချင်သည်။


ထွန်းထွန်းတို့သည် ကျနော်တို့ဖက်သို့ လှည့်မျှော်မကြည့်ဘဲ မျက်နှာလည်း မသိမသာ ပျက်နေခဲ့ပြန်သည်။ ထွန်းထွန်းက “ကုန်းသာကို မောင်းပါ” ဟု သွက်လက်စွာ ပြောလိုက်လေသည်။


မြင်းလှည်းသည် ချောမွတ်သောလမ်းပေါ်တွင် ဆောင့်ရုန်းထွက်လိုက်၏။ မြင်းလှည်းပေါ်တွင် ကျနော်သည် ချွေးများဖြင့် စေးထန်းနေသည့် ဝေ့လက်ကလးတဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ ကျနော့်စိတ်မှ ပြောနေသောစကားများကို ကျနော့် လက်မှတဆင့် ဝေ့ စိတ်အာရုံထဲသို့ ရောက်အောင် ဆက်သွယ် ပို့ဆောင်နေသည်ဟု ထင်ရပြန်သည်။


“သည်းခံပါတော့ ဝေရာ၊ ဒီလိုဘဲ အခြေအနေဆိုတာ ဖြစ်လာမှတော့ ဖြစ်လာသလို ရင်ဆိုင်ကြရမှာဘဲဝေ၊ ဝေ ဘယ်လိုဖြစ်နေရတယ်ဆိုတာ ကိုသိပါတယ်၊ ဝေ ဘယ်လောက် စိတ်ထိခိုက်နေရတယ်ဆိုတာကို သိပါတယ်”


ဝေကား ခေါင်းကို တချက်မျှမမော့။ ငုံ့မြဲ ငုံ့ထားလျက်ပင်။ မြို့အလယ်ပိုင်းဖက်သို့ရောက်သည်အထိ မည်သူမျှ စကားတလုံးမျှ မပြောကြ။ ဝေ့လက်ကလေးများသည် အေးစက်လာကြ၏။ ဝေခေါင်းငုံ့နေပုံကို ဘေးတစောင်းမှ မြင်ရသည်မှာ စိတ်ထိခိုက် ကြေကွဲဖွယ်ရာပင်။ မြို့ကြီး၏ မြစ်ကူးတံတားသည် ကွေ့ထဲမှ ပေါ်လာ၏။ အဝေးမှနေ ကြည့်လျှင် တောင်းကုန်းမို့မို့တခုလို ဖြစ်နေလေသည်။


“အဲဒါ မြို့ကြီးတံတားပေါ့၊ ဝေတို့ဟေမန်ကို ရောက်တဲ့မြစ်လေ” ဟု ကျနော်သည် ဝေ့ကိုပြောနေသော်လည်း ဝေကား ဘယ်ကိုမျှ မကြည့်။ ဘာကိုမျှ မမြင်။ ခေါင်းလည်း မညိတ်။ ကျနော့်ကိုလည်း မကြည့်။ မလှုပ်ရှား။ စိတ်ထိခိုက်နေဟန် ထုလုပ်ထားသော ကျောက်ရုပ်ကလေး တရုပ်လိုပင်။ စိတ်ထိခိုက်နေရဟန်သာ အသေပုံကားချပ်အဖြစ်ဖြင့် ပေါ်လွင်နေသည်။


“ကျနော်သွားတာ ဘာလိုလိုနဲ့ငါးနှစ်တောင် ရှိနေဘီနော်မမ။ တူမတောင် အပျိုကြီးဖြစ်နေဘီ၊ ခုပြန်ရောက်လာတော့ မြို့ကြီးနဲ့ စိမ်းနေဘီ၊ တခါမှ မရောက်ဖူးတဲ့ မြို့ကို ရောက်လာရသလိုဘဲ၊ ရောမမြို့တော်ကိုပေါ့”


ကျနော်သည် ရယ်မောရန် ထပ်မံ စိတ်ကူးလိုက်သေး၏။ ဝေကား လက်သဲများကို မထိတထိ ငုံ့ကိုက်နေ၏။ စိတ်ကိုထိန်းချုပ်ထားနေပြန်သည်။


“ထွန်းရဲ့ သူက ဝေလေ၊ ဓာတ်ပုံထဲမှာနဲ့တူရဲ့လား”


ထွန်းသည် ချာကနဲ တချက် နောက်သို့လှည့်ကြည့်လိုက်၏။သူ့ဆံပင် ဂုတ်ဝဲသည် ဖွာကနဲ ပခုံးပေါ်၌ဝဲသွား၏။ ထွန်းကား လတ်ဆတ်တက်ကြွနေ၏။ ထွန်း၏နှုတ်ခမ်းဖျားများသည် မာနကြီးစွာဖြင့် တချက်တွန့်သွားသည်။


“သိသားဘဲ မပြောဘဲနဲ့ သိပါတယ်၊ ပြောပြနေဘို့မလိုပါဘူး”


အမသည်လည်း ထွန်း၏စကားများကို ဟန်ဆောင်၍ပင်မဟန့်တားဘဲ စိတ်မဝင်းစားဟန်ဖြင့် ရှေ့သို့ကြည့်နေမြဲ။ ထွန်း၏ရင့်သီးသော စကားသံမှာ မာနဖြင့် တောက်ပနေ၏။ မြင်းခွာသံများနှင့်အတူ ကျနော့်ရင်၌ ဒေါသဖြစ်မိကာ ဆူပွက် လှုပ်ရှားလာသည်။ ဝေ မငိုပါစေနှင့်ဟုသာ ဆုတောင်းရ၏။ ဝေသည် မငို။ ဝေသည် ဖျတ်ကနဲ အစောက အမူအရာများကို ဖျောက်ပစ်လိုက်၏။ လက်ဖြင့် မြင်းလှည်းထိုင်ခုံအပေါ်သို့ ထောက်လိုက်ပြီး ခေါင်းကို ရဲရဲတင်းတင်း မော့လိုက်၏။ အစောက ဝဲခဲ့သော မျက်ရည်များ ရှိနေသော်လည်း ဝေ၏မျက်လုံးများသည်လည်း ရုတ်တရက် အုံ့ကြွလာသည့် မာနတရားဖြင့် တောက်လာကြ၏။ ဝေသည် နဖူး၌ ဝဲနေသော ဆံပင်များကို လက်ဖြင့် ခပ်ကြမ်းကြမ်း သပ်တင်လိုက်သည်။ ခါးကို လက်နှစ်ဖက်ဖြင့် ဆက်ကနဲထောက်လိုက်သည်။ ဝေ့နှုတ်ခမ်းများသည် ပြတ်သားတင်းမာသွား၏။ ဝေ၏အမူအရာ အကူးအပြောင်းမှာ ဖြိုးဖြိုးဖျတ်ဖျတ်နိုင်လေသည်။ ဝေ၏ခါးထောက်နေဟန် အမူအရာသည် လှနေ၏။ ဝေကား ရင်ကိုကော့ထားလိုက်လေသည်။


ကျနော်ကား စိတ်မောနေရပြန်သည်။ ဝေသည် သူတို့နှင့် မည်သည့်အခါတွင်မှ သင့့်မြတ်လိမ့်မည်မဟုတ်။ မြို့ကြီးတွင် နေသမျှအချိန်တိုင်း၌ ဝေကား စိတ်ဆင်းရဲကိုယ်ဆင်းရဲ အနေကျဉ်းကျပ်နေရရှာတော့မည်။ မြို့ကြီးမှ အမြန်ဆုံး ပြန်ရန် ကျနော်သည် ဆုံးဖြတ်ခဲ့၏။ နောက်တွင်လည်း အကြောင်းကြီးငယ် မရှိဘဲနှင့် မြို့ကြီးသို့မလာရောက်တော့ရန် ဆုံးဖြတ်မိသည်။


မိသားစုတခုလုံးနှင့် ကျနော်သည်ပင် ကြားထဲ၌ တခုခုဝင်ရောက်ဟန့်တားထားသလို စိမ်းနေကြသည်ကို ခံစားရပြန်သည်။ ဤ ငါးနှစ်တာအချိန်၌ အရာရာသည် ပြောင်းလဲခဲ့ကြလေပြီ။ အမေ့အိမ်သို့ရောက်လျှင် ကျနော်သည် ကျောင်းသားဘဝက ကျနော် အိပ်ခဲ့သော အိပ်ခန်းတွင်းသို့ အလျင်ဆုံး ဝင်ရောက်ခဲ့၏။ ထိုအိပ်ခန်းသာလျှင် ကျနော့်ကို ယခင်ကအတိုင်း မေတ္တာမပျက် ကြိုဆိုသည်ဟု ထင်ရသည်။ အိပ်ခန်းကား ဘာမျှမပြောင်းလဲ။ ကုတင်ခြေရင်းရှိ ကျနော်အဝတ်ထည့်ရာ မှန်ဘီရိုသည်လည်း ယခင်နေရာ၌ပင်။ ခေါင်းရင်းဘက် စာအုပ်စင်တွင်မူ ပင့်ကူမြှေးများ ရှက်သန်းကာ ရှုပ်ပွနေ၏။ ကုတင်ပေါ်မှ ဖုံများကို လှဲကျင်း သုတ်သင်လိုက်ပြီး အိပ်ရာများခင်းလိုက်လျှင် အချိန်များ ငါးနှစ်ခန့်ကို နောက်ပြန်ပြေးသွားပြီး ယခင်ကအတိုင်း ဖြစ်နေလေသည်။


ကျနော်သည် စိတ်မောစွာဖြင့် ကုတင်ပေါ်၌ လဲလျောင်းလိုက်၏။ ကုတင်နံဘေး ပြတင်းကို ဖွင့်လိုက်သောအခါ အိမ့်နောက်ဖက်အုန်းခြံကို ဖြတ်သန်းလာသည့် လေအေးများသည် ကျနော်ကို လာရောက် ပွေ့ဖက်နှုတ်ဆက်ကြ၏။ အုန်းတောကြီးကား စိမ်းလန်းနေကာ လက်မောင်းဖြစ်သည့်အုန်းလက်များကို ဝှေ့ ယမ်းလျက် ကျနော့်ကိုကြိုဆိုနှုတ်ဆက်ကြ၏။


မြို့ကြီးရှိ အမေ့အိမ်ပေါ်တွင် နေသည့်ရက်များအတွင်းက ဝေသည် မှန်တံခါးများ ပိတ်ဆို့ထားသည့် အကျဉ်းခန်းထဲတွင် မွန်းကျပ်ပင်ပန်းလှစွာ နေထိုင်ခဲ့ရသလိုပင်။ ဝေသည် စကားလည်းကျယ်ကျယ်မပြောဝံ။ ရယ်ပင် မရယ်ဝံ့။ အမြဲအစဉ် အရိပ်အကဲ ကြည့်နေခဲ့ရ၏။ အမေကလဲ ဝေ ဘာလုပ်လုပ် ဘာမျှမပြောသော်လည်း အပြစ်များချည့် မြင်နေခဲ့၏။ ဝေသည် အမေတို့အခန်းတွင်၌ ဝင်၍အိပ်ခဲ့ရ၏။ ဝေ့စိတ်နှလုံးများကား ကြီးစွာသောဆင်းရဲခြင်းဖြင့် ချုံးချုံးကျခဲ့ရရှာသည်။ ခြံကြီးဝင်းကြီးထဲတွင် နေရသည်မှာလည်း ဝေ့အတွက် အသက်ရှူဝစရာမရှိ။ ဤရက်များအတွင်း၌ ဝေ၏တက်ကြွလတ်ဆတ်သော အပြုံးများကား နေလကွယ်သလို ကွယ်ခဲ့ရလေသည်။ ဝေ့အတွက် ထွက်ပေါက်တခုမျှသာ ရှိတော့သည်။ ညနေဖက် ကျနော်လမ်းလျှောက်ထွက်သောအခါ၌ လိုက်ပါလာရချိန်ကလေးတွင်ကား ဝေသည် သူ့ရင်ထဲ၌ဖြစ်ပေါ်ခံစားနေရသည်တို့ကို အားကုန်ဖွင့်အန်ချလေသည်။ တခါတရံ လမ်းလျှောက်ရင်းပင် ဝေသည် တရှိုက်ရှိုက်ငိုတတ်၏။


“ခင်ဝေပြန်ပါရစေတော့ကိုကိုရယ်၊ ခင်ဝေမနေနိုင်တော့ဘူး၊ ကြာရင် သတ်သေမိတော့မယ်” ဟု တတွတ်တွတ်ပြောသည်။ ကျနော်သည် ဝေ့အား တတ်နိုင်သလောက်ကား အားပေးနှစ်သိမ့်၏။ အမေတားထားသဖြင့် ဇွတ်ပြန်လျှင်လည်း မသင့်ဖြစ်ကာ စိတ်မောပင်ပန်းလာခဲ့ရသည်။


“မိန်းခလေးကကွယ်၊ ယောက်ျားသွားရာနောက်မှာ အမြဲတန်း မလိုက်ရဘူး” ဟု အမေပြောသော်လည်း ဝေသည် ကျနော်လမ်းလျှောက်ရာနောက် လိုက်မြဲလိုက်သည်။ မြို့ကြီးမြစ်ကူးတံတားပေါ်သို့ရောက်လျှင် ဝေက " အခုမှ အသက်ရှူရတော့တာဘဲ”ဟု ပြောလေ့ရှိသည်။


ညနေဆည်းဆာများ၌ ကျနော်နှင့်ဝေသည် မြစ်ကူးတံတားကြီး၏ လူသွားလမ်းနံဘေး၌ သမီးရည်းစားစုံတွဲများလို ထိုင်လိုက်ကြလေသည်။ တံတားကြီးအောက်ခြေတွင်မူ ဧမြကြည်လင်သော မြစ်ရေများသည် တံတားတိုင်ကြီးများကို တိုးဝှေ့နေ၏။ ညနေဆည်းဆာနေရောင်ခြည်အောက်တွင် လှိုင်းလိပ်ကလေးများသည် တဖျတ်ဖျတ် လူးလွန့်နေကြ၏။ မြစ်လယ်၌ ရွက်လှေတစင်းတလေ ဆန်တက်လာနေသည်။ လွှတ်လပ်သော နွေလေပြေသည် မြစ်ပြင်ထက်၌ တဝေ့ဝေ့တိုက်ခတ်နေ၏။


ဝေသည် ကျနော့်လက်ကို တင်းကျပ်စွာ၊ အားကိုးကြီးစွာဖြင့် ဆုပ်ကိုင်ထားလေသည်။ သမီးရည်းစားများလိုပင် ကိုယ်ချင်းထိကပ်နေကြ၏။ ဝေ့မျက်နှာကလေးလည်း နီထွေးနေသည်။ ဝေ့မျက်လုံးကလေးများသည် တဖျတ်ဖျတ် လှုပ်ရှားတောက်ပနေကြ၏။ ပျော်ရွှင်လာကာ ဝေသည် ရင်ခုန်လျက်ရှိ၏။


“ဒီမြစ်အတိုင်းလိုက်သွားရင် ခင်ဝေတို့ဟေမန်ကို ရောက်မှာပေါ့နော်” ဟု သူက တိုးသက်စွာပြောသည်။


“ရေထဲမျှောလိုက်ရင် ဟေမန်ကို ရောက်သွားမှာနော်၊ ဒါဆိုရင် ဟေမန်သားတွေ ဆယ်ကြည့်ကြရင် ခင်ဝေမျှောလိုက်တာ သိကြမှာဘဲနော်”


“ ဝေက ခလေးလိုတွေးတာဘဲ”


“ကဲ မရောက်ဖူးလို့ ကိုကိုပြောမလား”


ဝေသည် မြစ်ပြင်ကို ငေးကြည့်နေပြန်သည်။


“ဒုက္ခဘဲကိုကိုရယ်၊ ကိုကို့ကို ကိုကိုလို့ခေါ်တာလဲ သူတို့ မကြိုက်ကြပြန်ဘူး၊ ကိုက်ို့နာမယ်က ကိုကိုဆိုတော့ ဒါ ရိုင်းတယ်တဲ့၊ ကိုကိုကတော့ ခင်ဝေ့ကိုရိုင်းတယ်လို့ တခါမှမပြောပါဘူး၊ ကိုကို ဒို့ပြန်ကြရအောင်ကွယ်”


“အမေက နေပါအုံးလို့တားနေတာ ပြန်လို့မဖြစ်သေးဘူးဝေရဲ့”


“ခင်ဝေ စိတ်ဆင်းရဲတယ်၊ ကိုကိုက်ိုယ်ချင်းစာကြည့်စမ်းပါ၊ ကိုကိုလဲ ဒီမှာနေတော့ ဣနြေ္ဒကြီးနဲ့နေရတာ မှုတ်လား၊ ကိုကိုနဲ့ခင်ဝေနဲ့နေကြရတာလဲ တစိမ်းတွေလိုဘဲ”


ကျနော်သည် သူ့လက်မောင်းကလေးကို အသာ ဆုပ်ကိုင်ထားမိပြန်သည်။ သူရယ်စေရန်၊ စိတ်ပေါ့ပါးစေရန် တခုခုပြောမည်ဟု ကြံစည်သော်လည်း ပြောစရာမရှိ။ ခဏကြာလျှင် ဆည်းဆာမှိန်သွားကာ မှိုင်းပျလာခဲ့လေသည်။ ကျနော်တို့သည် ဘာမှမပြောကြဘဲ ဆက်၌ ငြိမ်သက်စွာထိုင်နေမိကြ၏။ ဝေ၏သက်ပြင်းချသံ ကြားရ၏။ ဝေ့မျက်နှာမှာ နေနှင့်အတူ တဖြည်းဖြည်းမှိုင်းညို့လာပြန်သည်။ အတန်ကြာလျှင် ဝေ့မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ပြည့်လာပြန်သည်။ မျက်ရည်များသည် ဝေ့ပါးပြင်ပေါ်သို့ ဖြည်းဖြည်းစီးကျနေ၏။


“ဘာဖြစ်လို့လဲ” ကျနော်မေးလျှင် သူသည် ပို၍ စိတ်ထိခိုက်လာပြီး အသက်အောင့် ငြိမ်သက်နေလိုက်သည်။


“ဒီမှာ နေရတာလေ ကိုကိုနဲ့ခင်ဝေနဲ့ကွဲနေကြသလိုဘဲ။ လင်မယားမဟုတ်ကြတော့ဘူး၊ တစိမ်းတွေဘဲ၊ ကိုကိုက တအိပ်ရာအိပ်၊ ခင်ဝေက တအိပ်ရာအိပ်၊ ခင်ဝေလဲ ကိုကိုနဲ့ခွဲအိပ်ရတာ အိပ်လို့လဲမပျော်တော့ဘူး၊ ဘာပြုနေမှန်းလဲမသိဘူး၊ စိတ်လဲမချဘူး၊ တအိမ်ထဲနေပီး ဒီလိုခွဲနေရတာ သိပ်ဝမ်းနည်းစရာကောင်းတာဘဲ၊ ညတုန်းကလေ ခင်ဝေ ကိုကို့အိပ်ရာကို ထလာခဲ့အုံးမလို့သိလား၊ ကိုကိုတို့အမေ နိုးနေတာနဲ့”


ကျနော်သည် သူ့မျက်နှာကလေးကို အလင်းရောင် ဖျော့ဖျော့၌ ငေးကြည့်ကာ ခပ်တိုးတိုးရယ်မိလေသည်။


မြို့ကြီးတွင်နေခဲ့သည့် ဆယ့်ငါးရက်ကား ဝေ့အတွက် ဆယ့်ငါးကမ္ဘာမျှ ကြာရှည်ခဲ့ပေမည်။ မြို့ကြီးမှပြန်ကြမည့် နံနက်တွင်မူ ဝေသည် ကျနော့်အဝတ်အစားများကို အိတ်များအတွင်းသို့ ပေါ့ပါးသွက်လက်စွာ ထည့်ခဲ့၏။ ဝေသည် မပြုံးမိရန် ထိန်းချုပ်သတိထားခဲ့ပုံရ၏။ ထွန်းထွန်းကိုလည်း ဖက်လှဲတကင်း နှုတ်ဆက်ခဲ့၏။ အမေ့ကို ကန်တော့သောအခါ၌လည်း သွက်လက် ဖျတ်လတ်နေခဲ့၏။ အမေက “သားက မိန်းမယူတယ်ဆိုပီး ခလေးကလေးကို ခေါ်လာခဲ့တာကိုး ” ဟု ပြောသည်ကိုလည်း ဝေသည် အာရုံမစိုက်။


မြို့ကြီးဘူတာမှ ထွက်လာခဲ့သောအခါ ရထားပေါ်တွင် ဝေသည် ကျနော့်လက်တဖက်ကို ဆုပ်ကိုင်ထားပြီး ပြုံးရယ်စရာမဟုတ်ဘဲနှင့် ပြုံးလာခဲ့သည်။ ဝေ့မျက်နှာမှာ အစွမ်းကုန်ပွင့်လန်းလိုက်သည့် ပန်းတပွင့်ကဲ့သို့ လတ်ဆတ် ရွှင်လန်းနေခဲ့သည်။ ရထားကြီး ဝေးဝေး ရောက်လာလေ ဝေသည် လွတ်လပ်စွာ ပျံသန်းလာခဲ့သည့် ငှက်ကလေးနှင့် တူလာလေလေ။ ဝေသည် ပါးစပ်မှ လေများကို ဟူးကနဲ မှုတ်ထုတ်လိုက်၏။


“ခုမှ နော် ကိုကို၊ ခုမှ ခင်ဝေတို့ လင်ရယ်မယားရယ်လို့ပြန်ဖြစ်လာကြတာ”


ရထားပြတင်းဝတွင် ဝေသည် တိုးတိုးကျိတ်ပြောကာ ကျနော့်ပေါင်ကိုပုတ်လိုက်ပြီး တသိမ့်သိမ့်ရယ်မောနေပြန်သည်။


၁ဝ။ 

ကျနော်တို့ မြို့သစ်ကလေးကို အပြီးတိုင် စွန့်ခွာသွားကြရတော့မည့် နွေကုန်စ မိုးကူးစ ရက်များတွင် ဝေသည်လည်း တချောင်ချောင် မမာမကျန်း ဖြစ်လာခဲ့သည်။ ဝေသည် အိပ်ရာထဲတွင် တခွေခွေ အနေများလာခဲ့သည်။ ဖြစ်စရက်များက သူသည် အိမ်မှုကိစ္စများကို လုပ်ဆောင်နေသေးသော်လည်း နောက်ပိုင်းတွင် အိမ်မှုကိစ္စများကို ပစ်ထားရသည်။ ထိုရက်များ၌ ကျနော်တို့အိမ်မှာ ရယ်သံမောသံများ ဆိတ်သုဉ်းသွားလေသည်။ နေ့ခင်းနေ့လယ်တွင် ဝေသည် တံခါးများကို အလုံပိတ်ထားလိုက်၏။ ဝေသည် ပြတင်းမှ ထွက်ရပ်၍သော်လည်းကောင်း၊ ခြံဝမှရပ်၍သော်လည်းကောင်း ကျနော့်ကို မမျှော်နိုင်တော့ပေ။ ကျနော် ပြန်လာလျှင် သူသည် အိပ်ရာထဲတွင် အားနည်းစွာ ငြိမ်သက်နေရင်း...

“ပြတင်းပေါက်မဖွင့်ပါနဲ့ကိုကို၊ မိုးကြီးကို ခင်ဝေ မကြည့်ချင်တော့ဘူး၊ မိုးကြီး ကြည့်ရတာ ငိုချင်စရာကြီး၊ ဆို့ဆို့ကြီး”


သူက ထိုသို့ပြောလျှင် ကျနော်လည်း ပြတင်းကိုဖွင့်ရန် ရွယ်ထားသောလက်များကို ပြန်၍ ရုပ်သိမ်းလိုက်ရလေသည်။ ပြတင်းများကိုဖွင့်လျှင် ဝေပြောသည့် မိုးကောင်းကင်ကြီးမှာ မှိုင်းဆို့ဆို့ကြီး၊ စိတ်မောစရာကြီး၊ ငိုချင်စရာကြီး။ နွေသည် ရင့်ရော်နေသော်လည်း မကြွေသေး။ မိုးသည်လည်း ရွာချိန်သင့်ပါလျက် မရွာနိုင်သေး။ မိုးနှင့်နွေ ပဋိပက္ခများသည် ရောထွေးနေလျက်။ ကောင်းကင်တခြမ်း၌ နေ မီးမောင်းကြီးများ ထိုးပြထားလျက်။ ကောင်းကင်တခြမ်း၌ မိုးကြီးသည် မြေသို့ထိခမန်း နီးစပ်ကာ မှိုင်းဆို့နေလျက်။ နွေလေပြေများသည်လည်း ငြိမ်သက်နေလျက်။ အရာဝတ္တုအပေါင်းသည်လည်း အသက်ကင်းမဲ့နေလျက်။ အပြင်သို့ မျှော်ကြည့်လိုက်လျှင် စိတ်များ အလိုလိုမောပန်းလာတော့မည်။


ကျနော်သည် ဝေ့နံဘေး၌ အသာအယာဝင်ထိုင်ကာ ဝေ၏ ဖျော့မှိန်နေသော မျက်နှာကလေးကို တွေကြည့်နေမိ၏။ သူ့မျက်လုံးများသည်လည်း ဖျော့မှိန်နေ၏။ သူ့ပါး နားထင်များသည် ချိုင့်ဝင်နေ၏။ သူ့နှုတ်ခမ်းကလေးများသည် ပန်းပွင့်ကြွေများကဲ့သို့ နွမ်းရော်သွားနေသည်။


ကျနော်သည် သူ့လက်ကလေးကို အသာ ကိုင်ထားကာ သူ့ ကျန်းမာရေးအခြေအနေနှင့် ဆရာမ လာမလာကို မေးမြန်းနေရစဉ်၌ သူ့ကိုအသိမပေး၊ လျှို့ဝှက်ထားရသည့် ကျနော်၏လာဘ်စားမှုတမှုနှင့်ပတ်သက်သော သောကများကြောင့် ရင်ထဲတွင် ပူလောင်နေရပြန်သည်။ ဤရက်များအတွင်းတွင်မှာပင် ဒုက္ခများလည်း စုံပြုံလာရ၏။


“ဝေ နေကောင်းတော့မှာပါ”ဟု ကျနော်သည် ကြိုးပမ်း၍ပြုံးကာ သူ့ကို နှစ်သိမ့်နေရပြန်သည်။


သူကား ကျနော်တို့တွေ့ကြုံရတော့မည့် ဒုက္ခများကို အလျင်းမရိပ်မိသေး။ မမာမကျန်းသည်မှလွဲပြီး သူ့၌ သောကကင်းလျက် လန်းဆန်းနေသည်။ အကယ်၍ ကျနော်တို့ ဒုက္ခရောက်ရတော့မည့်အကြောင်းကို သူသိလျှင် သူ့စိတ်များသည် ဆောက်တည်ရာမရ ဖြစ်သွားပေတော့မည်။ ထိုငွေနှစ်ရာကို လာဘ်စားမိသည်မှာ ဝေ့အမေအတွက် ဆေးဘိုုးဝါးခ တင်ပို့ရန် ဖြစ်သည်ကို ဝေသိခဲ့လျှင် ပို၍စိတ်ထိခိုက်ရရှာမည်။ ငွေနှစ်ရာပေးစဉ်က သူသည် ဘယ်က ရတာလဲဟုလည်းမမေး။ သိလည်း မသိနိုင်။ သူသည် တရားသော ဝင်ငွေဟုသာ မှတ်ထင်ခဲ့၏။ သူ့အသိမှာ ခလေးအသိ၊ သူ့အတွေးကား ခလေးအတွေး၊ သူ့ခံစားရမှုများကား ခလေး၏ခံစားရမှု။


လာဘ်စားမှုအတွက် ဋ္ဌာနဆိုင်ရာမှ အရေးယူနေပြီကို ကျနော်သည် ဝေ့ကို အသိမပေးခဲ့ဘဲ တယောက်တည်း ကျိတ်ဖြေရှင်းနေရ၏။ အစက ထိုအမှုမှာ အလွယ်တကူ လွတ်မြောက်လာမည်ဟု ထင်တွေးခဲ့သော်လည်း ကျနော်ကား အမှုကို ရှောင်ကွင်းမရတော့သည်ကို သိလာခဲ့၏။ အမှုသည် သစ်တောမင်းကြီးချုပ်ရုံးသို့ရောက်နေခဲ့လေပြီ။ ကြား၌ လိုက်လံတားဆီး၍လည်း မရတော့။ လိုက်နှုတ်၍မရ။ အိမ်ပြန်ရောက်လာခဲ့လျှင်ကား ကျနော်သည် ဝေ မရိပ်မိစေရန် ပိပိရိရိနေထိုင်ရ၏။ ဝေ့ကို ဆေးကုသရေးအတွက်လည်း ပူပင်နေရ၏။ ဝေ မသိဘဲနှင့် ကြွေးများလည်း ပတ်လည် ဝန်းရံနေ၏။ အလုပ်အတွက် မြှော်လင့်ချက်လည်း မရှိတော့ပြန်။ အစဉ်အမြဲ စိတ်များ ရှုပ်ထွေးနေခဲ့ရ၏။ ကြာသော် လူသည် မွှန်ထူထုန်ထိုင်းလာသည်။ ဖြစ်လိုရာဖြစ်စေတော့ဟု သဘောပိုက်ကာ စိတ်ကို လျှော့ချထားရလေသည်။


အိမ်သို့ပြန်ရောက်လာလျှင်မူ ဝေ့ကျန်းမာရေးအတွက်လည်း ပူပင်လာရပြန်သည်။


ဝေသည် အိပ်ရာထဲမှ ကျနော့်လက်ကို ဖမ်းဆုပ်ထားရင်း “ကိုက်ို့မှာ ပိုက်ဆံမရှိတော့ရင် ခင်ဝေ့ ဘီးဖြစ်ဖြစ် လက်ကောက်ဖြစ်ဖြစ် ရောင်းလိုက်လေ၊ ဆရာမကိုလဲ ဆေးဘိုးတွေ ပေးရမှာရှိသေးတယ်မှုတ်လား၊ ကိုကိုလဲ စိတ်ညစ်နေတယ် ထင်တယ်။ ကိုကို ဘာပြုလို့ သက်ပြင်းချချနေတာလဲဟင်” ဟု သူသည် မေးနေတတ်၏။


ကျနော်သည် ခေါင်းယမ်းပြပြီး ကြိုးစားကာ ပြုံးရယ်ထားလေသည်။


“ကိုကို ဘာမှမဖြစ်ပါဘူး၊ ဝေ့ကို တယောက်ထဲ ထားခဲ့ရတာ စိတ်မကောင်းတာပါ”


“ခင်ဝေလေ နေမြန်မြန်ကောင်းချင်ဘီ၊ ကိုကို့အဝတ်တွေလဲ ညစ်နေဘီ၊ ကိုကိုထမင်းချက်နေရတာ မြင်တော့ ခင်ဝေ့စိတ်ထဲ မောနေတာဘဲ”


တခါတရံတွင်မူ ဝေသည် ငြိမ်သက်နေကာ...

“ဘာပြုလို့လဲမသိဘူး၊ ခင်ဝေ ဟေမန်ကို သိပ်သတိရတာဘဲ။ ခင်ဝေနေကောင်းရင် ဟေမန်ကိုသွားကြရအောင်လေ”


ဝေသည် ဟေမန်ရွာကလေးကို တဖွဲ့တနွဲ့ပြောနေတတ်၏။ ဟေမန်ရွာကွေ့ရှိ စိမ်းလန်းသော ငှက်ပျောဥယျာဉ်ကြီး၊ ဟေမန်တာရိုးကြီးတဖက်ရှိ ပေါက်ပင်တောတန်းကြီး၊ ရေများ ညင်သာငြိမ်သက်နေသည့် ဟေမန်မြစ်ပြင်၊ မြစ်ပြင်ထက်မှလှေငယ်များ၊ မြစ်ကမ်းရှိယာခင်းများ၊ မြစ်တဖက်ကမ်းရှိ ရှမ်းရိုးမတောင်တန်းကြီးများ။


ဝေ့စိတ်များသည် ဟေမန်သို့ ပြန်သွားကြလေသည်။ ဟေမန်မြစ်ပြင်ထက်မှ လှိုင်းငြိမ့်ကလေးများပေါ်တွင် ကူးခတ်နေသည်။


ကျနော်သည် ဝေ၏ ပိန်လှီနေသော လက်ကလေးကို ဆုပ်ကိုင်ထားလျက် “ဝေနေကောင်းရင် သွားတာပေါ့” ဟု နှစ်သိမ့်နေရပြန်သည်။


တခါတရံ၌မူ ဤသောကများကို မခံမရပ်နိုင်ဖြစ်လာကာ ကျနော်သည် တနေရာရာသို့ ထွက်ပြေးသွားချင်လာလေသည်။ 


နောက်ပိုင်းရက်များတွင်ကား ကျနော်သည် အလုပ်ရပ်ဆိုင်းမိန့်ကိုသာ မျှော်နေခဲ့ရနေလေသည်။ ဤအမှုကြောင့် အလုပ်ပြုတ်သွားလိမ့်မည်ကို ကြိုတင်သိမြင်နေ၏။ ကျနော်တို့ကား အစိုးရလစာစား အလုပ်ကိုသာ ထမင်းစားရသည့် အလုပ်ဟု ယုံကြည်နေ၏။ အပြင် ထွက်လိုက်လျှင် ထမင်းငတ် သေရမည်ဟု တွေးခဲ့၏။ ထိုအလုပ်မှလွဲ၍ အခြားအလုပ်လည်း မလုပ်ဝံ့။ ထို့ကြောင့်ပင် ကျနော်သည် အရာရှိများကို ခြေသလုံး ဖက်ကာ သနားဖွယ်ရာဖြစ်အောင် ဇာတ်လမ်းဆင်ကာ အသနားခံနေရသည်။ ကျနော့်မှာ လူတယောက်ထားသင့်သော မာနကိုလည်း မထားနိုင်တော့။ အရာရှိများရုံးခန်းသို့ဝင်လျှင် ကျနော်သည် ခါးကိုင်းပြီး ပခုံးကို ကြုံ့ထားရ၏။ ခေါင်းကို ငိုက်စိုက်ချထားရ၏။


“တတ်နိုင်သလောက်တော့ ဖေးမပါအုံးဆရာ၊ ကျနော့်မှာအိမ်ထောင်နဲ့ပါ။ ခုဖြစ်ရတာက ကျနော့်အဖေ ဆေးရုံတက်နေရတာ စရိတ်မရှိတော့လို့ ဖြစ်ရတာပါ။ ကျနော် အလုပ်ပြုတ်သွားရင် အားလုံးဒုက္ခရောက်ကြရတော့မှာဘဲဆရာ”


အရာရှိသည် စားပွဲကို လက်ဖြင့်ထောက်ပြီး ကျနော့်ကိုစိုက်ကြည့်နေရင်း ခေါင်းကို ဖြေးဖြေးသာသာ ယမ်းလိုက်လေသည်။


“ မဖြစ်နိုင်တော့ဘူးကွာ၊ လုပ်ရဲရင် ခံရဲရုံရှိတော့တာဘဲ၊ မင်းအစက သေသေချာချာ စဉ်းစားပီးမှ လုပ်ခဲ့ဘို့ကောင်းတာ။ အမှုကိုဖျောက်ရင် ငါပါ ဒုက္ခရောက်သွားမှာပေါ့။ ပုလိပ်လက်မရောက်တာဘဲ ကံကောင်းလှပီ။ ကဲ ငါအလုပ်ရှိသေးတယ်၊ ဒါဘဲမှုတ်လား”


ကျနော်သည် ခေါင်းငုံ့ပြီး ထွက်လာခဲ့၏။ ရုံးမှအထွက်တွင် အိမ်သို့လည်း မပြန်လို။ ဘယ်ကို သွားမည်ဟု ရည်ရွယ်ချက်မရှိဘဲ လမ်းများပေါ်၌ လျှောက်နေ၏။ တခါတရံတွင် တောင်ပိုင်းရှိ ရွှေစေတီရင်ပြင်သို့သွားမိပြန်သည်။ ကျနော်သည် အေးငြိမ်းနေသော ဘုရားရင်ပြင်တော်ရှိ တန်ဆောင်းတခုအတွင်း အုတ်ခုံတန်းလျားပေါ်၌ ပစ်လှဲ အိပ်ချလိုက်၏။ တန်ဆောင်းမျက်နှာကျက်တွင် ရေးဆွဲထားသည့် ငရဲခန်းများကို မော့ကြည့်နေရင်း စိတ်နှလုံးသားများ ပူပင်ကာ သောကများထွေနေလေသည်။ ဘုရားရင်ပြင်ထက်တွင်မူ မရမ်းပင်အုပ်အုပ်များမှ ရွက်ချင်းခတ်သံသည်လည်းကောင်း၊ ဆွဲလဲများ လှုပ်နေသံသည်လည်းကောင်း၊ အေးငြိမ်းစေသောတေးသွားများဖြစ်နေ၏။ ကောင်းကင်ပြင်ကြီးမှာမူ ပူပြင်းနေရာမှ ရုတ်တရက် မိုးများမှိုင်းဆို့လာပြန်သည်။ မိုးသည် အနီးကပ် နိမ့်ဆင်းလာသော်လည်း မရွာ။ ကောင်းကင်ပြင်၌ အပူငွေ့များ လျှံတက်လာပြန်သည်။


တခါတရံတွင်မူ ကျနော်သည် တယောက်ထီးတည်း ရစ်ခွေချောင်းရိုးသို့့ထွက်သွားကာ ချောင်းကမ်းတွင်ထိုင်ရင်း အလုပ်ပြုတ်သွားလျှင် ဘာလုပ်ကိုင်ရမည်ကို တွေးမရနိုင် ဖြစ်နေ၏။ ပြင်းထန်သည့် ကြောက်စိတ်သည်လည်း မရှိဟု ထင်လာရပြန်သည်။

သည်ရက်များအတွင်းက ရစ်ခွေချောင်းသည်လည်း ရေများခန်းခြောက်သွား၏။ ချောင်းကမ်းပါးရှိ သစ်ပင်များသည် နွမ်းနယ်နေကြ၏။ ချောင်း သဲပြင်ပူပေါ်တွင် လေပူများ ဝှေ့ ယမ်းနေသည်.။ ဆည်းဆာများ၌ ချောင်းတဖက်ကမ်း တောင်ချောက်ကုန်းများပေါ်တွင် ဆည်းဆာတိမ်တောင်များသည် အပူငွေ့လျှံကာ တောက်ပနေကြလေသည်။


အချိန်များစွာကုန်ပြီးမှ ဝေမျှော်နေမည်ကို တွေးကာ အိမ်သို့ စိတ်မော ပင်ပန်းလှစွာဖြင့် ပြန်လာခဲ့လေသည်။ ကျနော့်အတွက် အလုပ်မှ ရပ်ဆိုင်းမိန့်ရောက်လာသည့်နေ့တွင်မူ ကျနော်သည် မထူးတော့ပြီဟု စိတ်နှလုံး ဒုံးဒုံးချကာ အိမ်သို့နေလည်ပိုင်းတွင်ပင် ပြန်လာခဲ့သည်။ ကျနော်သည် အမိန့်စာကိုကိုင်ပြီး နေပူကြီး၌ ခြေလှမ်းများ နှေးကွေးလေးလံလှစွာဖြင့် ပြန်လာခဲ့လေသည်။ ထိုနေ့တွင်မှ နေအပူရှိန်သည်လည်း အစွမ်းကုန် မြင့်တက်လျက်ရှိ၏။ မြို့သစ်ကလေး လမ်းမများပေါ်တွင် လေပူကြီးများသည် ဖြတ်သန်းတိုးဝှေ့လျက် ရှိ၏။


ကျနော် ခြံသို့အဝင်တွင်ကား မိုးကြီးသည် ရုတ်တရက်အုံ့ပျလိုက်ပုံမှာ စိတ်ညစ်စရာကြီး၊ ငိုချင်စရာကြီး။ အိမ်ပေါ်သို့ရောက်လျှင် အင်္ကျီချိတ်၌ အင်္ကျီချိတ်နေစဉ်၌ပင် ဝေသည် အိပ်ခန်းတွင်းမှ လှမ်းပြီး “ကိုကို ပြန်လာပလား”ဟု မေးသည်။


“ကိုကို လာပါအုံးလေ”


ကျနော်ကား ဖြေးဖြေးလျှောက်သွားပြီး အခန်းတွင်းသို့မဝင်ဝံ့သေးဘဲ အခန်းဝ၌ပင် ချီတုံချတုံဖြင့် ခဏရပ်နေမိ၏။ ကျနော်သည် အိပ်ခန်းတွင်းတွင်လည်း ဝေ့ကို စကားတလုံးမျှမပြောမိဘဲ အချိန်ကြာမြင့်စွာ ငြိမ်ပြီး ထိုင်နေခဲ့သည်။ ရင်ထဲတွင် ဝန်လေးလွန်းနေ၏။ သည်အချိန်မှစပြီး ကျနော်တို့ကား အလုပ်မဲ့ အကိုင်မဲ့ ကလေကချေများဖြစ်ရပြီကို ဖွင့်ထုတ်မပြောရက်။


ဝေကမူ သူ ကျန်းမာလာပြီဖြစ်ကြောင်း၊ ဆရာမ နောက် လာတော့မည်မဟုတ်ကြောင်း၊ ကိုယ်ပူ မရှိတော့ကြောင်းစသည်တို့ကို ပြောနေ၏။ သူ၏ ရွှင်လန်းတက်ကြွစွာ စကားပြောနေသံများသည် ကျနော့်ကို ကျော်လွန်ပြီး အဝေးသို့ပျံသန်းနေကြလေသည်။

သူသည် ကျနော့်ပခုံးကို ကိုင်ပြီး ကုတင်အစွန်း၌ ထထိုင်သည်။ ခလေးကလေးလို သောကကင်းစွာဖြင့် ပြုံးနေသည်။


“ကိုကို ပင်လဲ သိပ်ပင်ပန်းနေတယ်၊ ခွင့်ယူအုံးလေ၊ ခင်ဝေလဲ နေကောင်းလာဘီ၊ ဟေမန်ကို သွားကြရအောင်နော်။ ပြောစမ်းကွယ်၊ ကိုကို့ကို ကြည့်ရတာလေ ခုတလော တမျိုးကြီးဘဲ၊ ကိုကိုစိတ်ညစ်နေတာလား၊ မှိုင်မှိုင်နေတယ်၊ ဘာများ ဖြစ်လို့လဲကိုကို၊ ဟိုကျောင်းဆရာမလေးက ခုတလော စိတ်ကောက်နေလို့လား၊ ကိုကို မှားနေဘီနော်၊ တကယ်ပြောရရင် ခင်ဝေက အဲဒီဆရာမလေးထက် လှပါတယ်၊ အခုသာ ခင်ဝေ နဲနဲပိန်နေလို့နော်၊ ကိုကိုလဲ ပိန်သွားတယ်”


“ကို ပိန်သွားသလား”


“ဟုတ်တယ် နေအုံးလေ၊ ခင်ဝေမေးတာ ပြောပါအုံး၊ ကိုကို တခုခုဖြစ်နေပါတယ်၊ ခင်ဝေ သိတယ်၊ ဖွင့်ပြောပါ ကိုကိုရယ်။ ခင်ဝေ ငိုချင်လာဘီ”


ပူအိုက်နေသော အခန်းအတွင်း၌ ကျနော့် တကိုယ်လုံးမှာ ချွေးစေးများ စေးထန်းလာနေသည်။


“ဝေ့ကို အသိပေးသင့်တာ ကြာဘီ၊ ဒါပေမယ့် ဝေအားငယ်သွားမှာစိုးလို့၊ ကို ဘာမှမပြောဘဲ နေလာခဲ့ရတာ၊ ခုတော့ ဖွင့်မပြောလို့လဲ မဖြစ်တော့ဘူး”


ဝေသည် ကျနော့်ကို ငေးကြည့်နေရင်း ငြိမ်သက်နားထောင်နေ၏။ သူ့မျက်နှာမှာမူ ထူးထူးခြားခြား ပြောင်းလဲမသွား။ သူငိုချလိုက်မည်ဟု ကျနော် ထင်ခဲ့သည်တို့မှာ မှားယွင်းနေပြန်သည်။ ဝေသည် မျက်တောင်ကိုသာ ခတ်နေခဲ့သည်။


“ အဲတာ အမေ့ဆီပို့တဲ့ ငွေနှစ်ရာလား ကိုကို”


“မဆိုင်ပါဘူး၊ အဲဒီနှစ်ရာက သူငယ်ချင်းတယောက်ဆီက ယူတာ”


“တော်သေးတာပေါ့ ကိုကိုရယ်၊ အမေ့ဆီပို့တဲ့ ငွေကြောင့်သာ ဖြစ်ရရင် ခင်ဝေ ရင်ကျိုးတော့မှာ၊ ကိုကို ခင်ဝေ့ကိုလဲမုန်းသွားမှာဘဲ၊ အမေ့ကိုလဲ မုန်းသွားမှာဘဲ၊ ကိုကို အိုက်နေသလား၊ ပြတင်းပေါက်ဖွင့်လိုက်လေ၊ ကိုကိုက အလုပ်ပြုတ်တာကိုပြောရင် ခင်ဝေ အားငယ်ပီး ငိုမှာစိုးတာကိုး၊ ဒါကြောင့် ကိုကိုဟာ ခင်ဝေ့ကို ဘာမှမသိဘူးလို့ပြောတာပေါ့၊ ခင်ဝေတို့ကလေ အလုပ်မရှိမှာလဲ မစိုးဘူး၊ စျေးတောင်း ခေါင်းပေါ် တင်လိုက်ရင် ယောက်ျားတယောက်တော့ ဝအောင်လုပ်ကျွေးနိုင်တယ်။ ကိုကို့့အတွက်သာ စိုးတာ။ ကိုကိုက ဟင်းမကောင်းရင်မစားတတ်ဖူး၊ ခင်ဝေတော့ ဘယ်လိုဟင်းနဲ့စားရစားရ ဗိုက်ပြည့်သွားရင် ပီးတာဘဲ၊ အလုပ်လုပ်ရမှာလဲ မကြောက်ပါဘူး၊ စက်ထဲပြန်ဆင်းပြီး ကို့ယောက်ျားကို လုပ်ကျွေးတာ ရှက်စရာမဟုတ်ပါဘူး၊ ဟေမန်ကို သွားမယ်၊ ခင်ဝေ ကောက်လဲစိုက်တတ်တယ်၊ ပျိုးလဲ နှုတ်တတ်တယ်၊ လယ်ထွန်ရမလား၊ အဲဒီကျတော့ ကိုကိုဟာ ခင်ဝေ့တပည့်ကလေး ဖြစ်သွားတာပေါ့နော်”


ဝေ ပြုံးနေသည်ကို ကျနော်သည် အံ့အားသင့်စွာဖြင့် ငေးကြည့်နေမိခဲ့သည်။ ဤသောကရောက်စရာများကြား၌ ဝေ စိတ်လက် ရွှန်းလန်းနေခဲ့သည်ကား ကျနော့်အတွက် နားလည်နိုင်စရာမရှိ။


“ဟေမန်ကို ဘယ်တော့သွားကြမှာလဲ ကိုကို”


ဝေသည် ပြတင်းတံခါးများကို ဖွင့်လိုက်၏။ သူ့ဆံပင်များကို ပြန်၍ ထုံးသည်။ သူသည် မှန်ရှေ့တွင်ရပ်ကာ မျက်နှာပေါင်ဒါလိမ်းသည်။ ကျနော်ကား အိပ်ရာထဲ၌ လှဲနေလိုက်ရ၏။ ဝေသည် ဟေမန်တွင် သူအလုပ်လုပ်မည့် အကြောင်းများကိုသာ တနေ့ခင်းလုံးလုံး တညနေလုံးလုံး ပြောနေခဲ့သည်။ ညအိပ်ရာထဲ ရောက်ချိန်တွင်လည်း သူသည် သူ့စိတ်ကူးကလေးများကို စိတ်အားထက်သန်လှစွာဖြင့် ပြောနေဆဲပင်။ သူသည် အိပ်ခန်းတံခါးများကို ဖွင့်ထားပြီး လရောင်ကို ကြည်နူးနှစ်သက်စွာဖြင့် ကြည့်ရင်း စကားများစွာ ပြောခဲ့၏။ သူ့မျက်လုံးကလေးများသည် လရောင်ထဲ၌ ရွှန်းမြတောက်ပနေကြ၏။ သူ့စိတ်များသည် လတ်ဆတ်တက်ကြွနေကြ၏။ ညနက်လာမှ သူသည် အိပ်ရာထဲတွင် ကျနော့်နံဘေး၌ ယှဉ်အိပ်လိုက်လေသည်။


“အလုပ်ပြုတ်သွားဘီလို့ သဘောထားလိုက်တော့နော်။ ကိုကို့လစာလောက်တော့ ခင်ဝေ ရအောင် ရှာပြပါ့မယ်၊ အစတုန်းက ခင်ဝေ ခလေး လိုချင်တာလေ၊ ခုတော့ ခလေးမရှိတာဘဲ ခပ်ကောင်းကောင်းနော်။ ကိုကို အလုပ်ပြုတ်မှာ ကြောက်နေသလားဟင်၊ ကိုကို ခင်ဝေ့ကို အထင်သေးမှာစိုးလို့သာ မပြောတာ၊ ကိုကို့နောက် ခင်ဝေလိုက်လာခဲ့တုန်းက ကိုကို့ကို ချစ်တာနဲ့လိုက်လာတာ၊ ကုန်ကုန်ပြောမယ်ကိုကိုရယ်၊ ကိုကို့မှာ မယားကြီးတောင် ရှိချင်ရှိမှာဘဲ ထင်တယ်၊ ကိုကိုလူပျိုမှန်းသိမှ ခင်ဝေ ဝမ်းသာရတာ၊ ပီးတော့ ကိုကိုဘာလုပ်လုပ်မှန်းလဲ ခင်ဝေမသိဘူး၊ ကဲ ခု ကိုကို အလုပ်ပြုတ်သွားတော့ကော ဒါဘာပြုတာလိုက်လို့”


ကျနော်သည် သူ့ပခုံးပေါ်သို့ လက်ကိုတင်ထားမိလေသည်။ လရောင်အောက်တွင် သူသည် မျက်တောင် တဖျတ်ဖျတ် ခတ်နေ၏။ ရွှင်လန်းစွာ ပြုံးရယ်ထားသော သူ့မျက်နှာကလေးမှာ မှန်သားလိုပင် ကြည်လင်နေခဲ့လေသည်။ ညနက်လာလျှင် သူသည် ကျနော့်ကိုဖက်လျက် နှစ်ခြိုက်စွာအိပ်မောကျသွားသည်။ သူ့မျက်နှာကို ကျနော့်ရင်အုံတွင် ကပ်ထားသည်။ သူ့အသက်ရှူငွေ့များသည် ကျနော့်ရင်အုံကို တိုးဝှေ့နေ၏။ ကျနော်လည်း သူ့နဖူးပြင်ကို သပ်တင်ပေးနေလျက် စိတ်သောကများ ရောက်မြဲတိုင်းရောက်နေခဲ့ရ၏။


ကျနော်ကား ဟေမန်သို့မလိုက်ဝံ့။ ဟေမန်၌ မြေစမ်းခရမ်းပျိုး မလုပ်ဝံ့။ မြို့ကြီးသို့ ပြန်ပြီး အမေ့ကို အကျိုးအကြောင်း ပြောပြကာ အကူအညီယူရန်သာ စိတ်ကူးနေ၏။ ဝေ့အလိုသို့ လိုက်လိုသော်လည်း ကျနော့်အတွက် အမှန်ကန်ဆုံးမှာ မြို့ကြီးသိ့ု သွားရန်သာ ဖြစ်သည်ကို တွေးနေမိလေသည်။


ညအချိန်များသည် ဖြတ်သန်း ကျော်လွန်သွားနေကြ၏။ ကျနော်ကား ဝေ့ကိုသနားသော်လည်း မြို့ကြီးသို့ သွားရန်သာ ထပ်တလဲလဲ ဆုံးဖြတ်နေမိလေသည်။ နောက်ရက်များတွင် ကျနော့်ဆုံးဖြတ်ချက်များကို ပြောသောအခါ ဝေသည် ကြူကြူချငိုခဲ့သည်။


“စိတ်ညစ်လိုက်တာနော်၊ ဒီအတိုင်းဆိုတော့ ကိုကိုနဲ့ခင်ဝေနဲ့နယ်လုကြတာမျိုး ဖြစ်နေဘီ၊ နယ်လုလို့ကွဲကြတာတွေ ကိုကိုမကြားဖူးဘူးလား၊ ဒုက္ခပါဘဲ ကိုကိုရယ်၊ ခင်ဝေ ဘာမှ မပြောချင်တော့ဘူး၊ အဲဒီကို ခင်ဝေလိုက်လာလို့ မဖြစ်ဖူးဆိုတာ ကိုက်ိုသိပီးသားဘဲ၊ ကိုကိုတို့အမေက ခင်ဝေ့ကို ကြည့်လို့ရတာမဟုတ်ဖူး၊ ခင်ဝေက ကိုကို့ကိုထောင်ဖမ်းပီး ယူထားတာလို့မြင်ထားကြတာ၊ စက်ထဲမယ် စပါးသယ်နေတဲ့ ကလေကချေ ကောင်မလေးလို့ မြင်ထားကြတာ၊ ခင်ဝေဘာလုပ်လုပ် အကောင်း တချက်မှ မြင်ကြမှာမဟုတ်ဖူး၊ နေ့ရှိသရွေ့ ငရဲကျနေရတာထက် စိတ်ညစ်စရာကောင်းနေတာဘဲ”


ကျနော်သည်လည်း မြို့ကြီးရှိအမေ့ထံသို့ သွားရန်သာ ပြောနေမိလေသည်။ မြို့သစ်ကလေးမှမထွက်ခွာမီ နီးကပ်နေသော ရက်များတွင် ဝေ့အတွက် စိတ္တဇပင်ဖြစ်စပြုလာသည် ထင်ရလေသည်။ ဝေသည် မလန်းဆန်း မတက်ကြွတော့ပေ။ အိပ်ရာထဲ၌သာ လဲလျောင်းနေ၏။ ကျနော့်ကိုလည်း စကားဟက်ဟက်ပက်ပက် မပြောတော့ပေ။ ကျနော်ကပြောလျှင် သူသည် တလုံးမျှပြန်မပြောဘဲ မျက်လုံးမှိတ်ကာ ငြိမ်သက်နားထောင်နေသည်။ မျက်လုံးအိမ်တွင် မျက်ရည်များပြည့်သိပ်လာနေကာ ခေါင်းအုံးပေါ်သို့ စီးကျနေတတ်လေသည်။


“ လင်ခေါ် တောင်ပေါ်လိုက်ရမှာပေါ့၊ ကိုက ယောက်ျားတယောက်အနေနဲ့မိန်းမလုပ်ကျွေးတာကို မစားနိုင်ဘူး၊ ပီးတော့ မြို့ကြီးမှာဆိုရင် အလုပ်အဆင်သင့်ဘဲမှုတ်လား "ဟု ကျနော်ပြောနေသည်ကိုလည်း သူသည် နားထောင်နေဟန်မရှိ။


မြို့သစ်ကလေးကို စွန့်ခွာသွားရတော့မည့် နောက်ဆုံးညအထိ သူ့သဘောမပေါက်နိုင်သေးလျှင်ကား ကျနော်သည်ပင် ဒေါမနဿစိတ်များ ပွားလာခဲ့ရလေသည်။ ထိုည၌ သူသည် အိပ်ရာပေါ်တွင် တလူးလူးတလွန့်လွန့်ဖြစ်နေခဲ့၏။ ပြတင်းပေါက်တွင်လည်း အကြာကြီးထွက်ရပ်နေပြန်သည်။သူသည် ကျနော့်ကိုစကားမပြော။ ကျနော်သည် အိပ်ယာပေါ်တွင် ငြိမ်သက်နေသော်လည်း အိပ်မရနိုင်။ ကျနော် တတ်နိုင်လျှင်ကား သူ့ဆန္ဒကို လိုက်လျောချင်ပါသည်။ ညနက်မှ သူသည် ကုတင်တဖက်အစွန်း၌ ကျနော့် ကိုကျောပေးပြီး ခပ်ခွာခွာအိပ်သွားလေသည်။ ကျနော် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျချိန်တွင် သူသည် အိပ်ရာမှထပြန်ပြီး ကျနော့်အနား၌ အချိန်ကြာမြင့်စွာ ထိုင်နေပြန်သည်။


အဝေးဆီမှ ကြက်တွန်သံများကို သဲ့သဲ့ကြားရ၏။ လရောင်မှေးမှိန်သွားနေစဉ်... လရောင်ကို တိမ်ညိုတစုံ ဖုံးကွယ်နေစဉ်၌ သူသည် ရုတ်တရက် ကျနော့်ကိုယ်ပေါ် လှဲချကာ ရှိုက်ကြီးတငင်ငိုချလိုက်လေသည်။ သူ့မျက်ရည်များ ကျနော့်မျက်နှာပေါ်တွင် အိုင်ထွန်းနေမှ ကျနော်လည်း အိပ်ရာမှလန့်နိုးလာသည်။ ကျနော်သည် တသိမ့်သိမ့်ခါနေသော သူ့ကျောပြင်ကို မှောင်ရီဝိုးဝါး၌ သိမ်းပွေ့ထားလိုက်၏။ သူသည် ကျနော်နှင့် ပါးချင်းအတင်းပူးကပ်နေ၏။


"ဒုက္ခပါဘဲကွာ"ဟု ကျနော်သည် ညည်းနေမိ၏။


သူ ဝမ်းနည်းပမ်းနည်း တရှိုက်ရှိုက် ငိုနေသည်ကား အဆုံးမသတ်နိုင်တော့ပေ၊ ကျနော်သည် သူ့ပါးပေါ်မှ မျက်ရည်စများကို လက်ဖြင့်ပွတ်သပ်ပေးကာ မြို့ကြီးသို့သွားရန်သာ အမှန်ဆုံးဖြစ်သည်ကို သူနားလည်အောင် ကြိုးစား ရှင်းပြသော်လည်း ကျနော့်စကားများမှာ အရာမထင်တော့ပေ။ ကျနော့်စိတ်များမှာလည်း နောက်ကျိရှုပ်ထွေးလာရပြန်သည်။


“ ကိုကို မြို့ကြီးကိုချည်း သွားမယ်လို့ဇွတ်ပြောနေတာ ဘာပြုလို့လဲဟင်၊ ခင်ဝေမလိုက်ဖူးဆိုတာသိလို့တမင် ကွာပစ်ချင်လို့လုပ်တာမှုတ်လား၊ ရှင်းရှင်းပြောလိုက်စမ်းပါ ကိုကိုရယ်၊ ယောက်ျားဘဲ၊ ရှင်းရှင်းပြတ်ပြတ်ပြော၊ ရှင်းရှင်းပြတ်ပြတ်လုပ်ပေ့ါ၊ ကိုကိုလိုလူမျိုးဟာ သိပ်ကြောက်စရာကောင်းတာဘဲ၊ ဆင်ကြံကြံတဲ့လူစားမျိုး”


“ခလေးလို မတွေးစမ်းပါနဲ့ကွာ”


“ဒါဖြင့် ဘယ်လိုတွေးရမှာလဲ၊ ခင်ဝေ ဘယ်နည်းနဲ့မှ မလိုက်ဘူးဆိုတာ ကိုကိုအသိနော်၊ မြို့ကြီးကိုသွားရင် ခင်ဝေ့ကိုပစ်သွားရမယ်ဆိုတာ ကိုကိုအသိနော်။ ဟေမန်မှာ ခင်ဝေ အလုပ်လုပ်တတ်တယ်ဆိုတာ ကိုကို အသိနော်၊ ဒါဖြင့် မြို့ကြီးကို သွားမယ်ဆိုတာ ခင်ဝေနဲ့လမ်းခွဲကြစို့လို့ပြောတာပေါ့၊ ခင်ဝေ အရမ်းစိတ်ညစ်တယ်ကိုကို၊ ခင်ဝေ့ကိုသတ်ပစ်ခဲ့ပါလားဟင်၊ ကိုကို ခင်ဝေ့ကို သတ်ပစ်ခဲ့ပါ”


“မဟုတ်သေးဘူးလေ”


“ဘာမဟုတ်တာလဲ”


“မင်းကို အမေ နားလည်လာလိမ့်မယ်လို့ ကိုယုံကြည်တယ်၊ မင်းကို သမီးလိုချစ်လာရမယ်၊ ဒို့ကစပီး ဥပေက္ခာပြုရင် ဒို့အဆိုးချည်းနေမှာဘဲ၊ ကို လေးလေးနက်နက်ပြောတာ”


သူကား တရှိုက်ရှိုက်ငိုနေရင်း ကျနော့်လက်တွင်းမှ ဇွတ်ရုန်းပြီး ထလိုက်ပြန်သည်။ သူသည် ကုတင်တဖက်စွန်းတွင် ကျနော့်ကိုကျောပေးကာ အိပ်နေပြန်သည်။ အမှောင်ထဲ၌ သူ့လက်များ တဖြောက်ဖြောက် ချိုးဖဲ့နေသံလည်း ကြားရသည်။ သူ့တက်ခေါက်သံလည်း ကြားရသည်။


မိုးလင်း၍ မြင်းလှည်းများဖြင့် ကျနော်တို့ထွက်ခွာလာခဲ့သည့်အခါတွင်ကား ဝေသည် မြင်းလှည်းပေါ်တွင် မလှုပ်မရှက် ငြိမ်သက်ပါလာခဲ့သည်။ ကျနော့်ကိုလည်း တချက်မျှမကြည့်။ အဝေးသို့လှမ်းကြည့်သော်လည်း မည်သည့်အရာဝတ္ထုကိုမျှ သူမြင်တွေ့ရဟန်မရှိ။ သူ့မျက်လုံးများမှာမူ ဆွေးရိပ်သန်းနေကြ၏။ သူသည် မြင်းလှည်းနောက်ကို အားအင်ကုန်ခန်းစွာ စိတ်ပျက်အားလျှော့စွာဖြင့် မှီထားလိုက်လေသည်။


သည်နေ့တွင်မှ လခြမ်းကွေ့လမ်းပေါ်တွင် မိုးကြီးသည် အုံ့ဆိုင်းနေခဲ့၏။ တောင်ကုန်းကလေးများသည် မိုးဖြင့် မှိုင်းညို့သွားနေ၏။ ရစ်ခွေချောင်းကမ်းရှိ သစ်ပင်တောတန်းများသည် မိုးမှုံများကြောင့် မပီမသ ဖြစ်လာ၏။ စျေးကိုလွန်လာပြီး ကုန်းမော့အဆင်းလမ်း၌ ဝေသည် ရုတ်တရက် သူ့လက်ကလေးတဖက်ကို ကျနော့်ပေါင်ပေါ် တင်လိုက်လေသည်။ ဝေသည် တချက်ချင်း ရှိက်စပြုလာသည်။ ငြိမ်သက်ရာမှ ဖြေးဖြေးချင်း အရှိန်နှုန်း တိုးမြင့်လာသောမုန်တိုင်းကဲ့သို့ သူသည်လည်း တဆင့်ထက်တဆင့် ပေါက်ကွဲလာသည်။


“ကိုကို ဟေမန်ကို မလိုက်ဖူးလို့ ဆုံးဖြတ်ထားဘီနော်၊ ကိုကိုဇွတ်လုပ်ရင် ခင်ဝေ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ထွက်သွားမှာဘဲ”


သူက“မြင်းလှည်းရပ်ခိုင်းလိုက်တော့”ဟု ရှိုက်သံဖြင့် ရောထွေးကာ ပြောလာနေသည်။


ကျနော်သည်လည်း နှုတ်ခမ်းကို ဖိကိုက်ထားမိလေသည်။


“ကိုပြောတာ အရှည်ကိုကြည့်ပီး ပြောတာဝေ၊ အမှုအတွက်လဲ ငွေအကုန်ခံရမှာ ရှိသေးတယ်၊ ဒို့စားဝတ်နေရေးလဲ ရှိသေးတယ်။ အမေတိ့ုဆီမှာတော့ ငွေဆွဲလို့ လိုသလိုရနိုင်တယ်”


“ဒါဖြင့် မြင်းလှည်းသာရပ်ခိုင်းလိုက်ပါ၊ ရပ်ခိုင်းလိုက်ပါ” ဟု သူသည် အော်ပြောနေ၏။


“ခင်ဝေတို့ ဘယ်မှမသွားကြတော့ဘူး၊ ဒီမြို့မှာဘဲ နေကြမယ်”


မြင်းလှည်းသမားသည် ရပ်ရန် ဇက်ကြိုးကိုတောင့်ရန် ဟန်ပြင်ချိန်တွင် “မောင်းသာမောင်းပါ၊ ရထားမမှီဘဲ နေမယ် ” ဟု ကျနော်ပြောလိုက်သည်။


မြင်းလှည်းသည် ကုန်းဆင်းမှ လျှောကနဲ ဆင်းပြေးနေ၏။ ထိုအချိန်တိုကလေးအတွင်းတွင် ဝေသည် ခပ်ကုန်းကုန်း ထရပ်လေသည်။ မြင်းလှည်း ဆောင့်လိုက်သဖြင့် ဝေ့ကိုယ်မှာ ယိမ်းထိုးသွား၏။ ကျနော် လှမ်းဆွဲလိုက်သေးသော်လည်း ဝေ့ကိုယ်ကလေးမှာ မြင်းလှည်းခြေနင်းခုံပေါ်သို့ ကျသွားပြီး ထိုမှတဆင့် ကတ္တရာလမ်းပေါ်သို့ အရုပ်ကြိုးပြတ် ထိုးကျသွားသည်။ မြင်းလှည်းထိုးရပ်လိုက်ပြီး မြင်းလှည်းဆရာနှင့် ကျနော်သည် လျင်မြန်စွာ ခုန်ဆင်းလိုက်ကြ၏။


ဝေသည် မှောက်လျက်လဲကျနေ၏။ ထမီတစမှာ ပြေနေသည်။ သူ့ကို ကျနော်သည် ပွေ့ထူလိုက်၏။ မြင်းလှည်းခြေနင်းခုံနှင့် ရိုက်မိပြီး သူ့ပါးတခြမ်းလည်း ညိုမဲနေ၏။ ကွဲရှသွားသောနှုတ်ခမ်းမှ သွေးများစို့လာလေသည်။ သူ့ကို ကျနော့်ရင်ခွင်ထဲတွင် အသာ ပွေ့ထားလိုက်သည်။ နောက်ဖက် ကုန်းထိပ်ပေါ်တွင် ကျနော်တို့အိမ်ထောင်ပစ္စည်းအချို့ကို တင်ဆောင်လာသော မြင်းလှည်းနှစ်စီးသည် ရပ်နေ၏။ သူသည် ကျနော့်ရင်ခွင်ထဲမှရုန်းကန်ပြီး ယိမ်းယိမ်းယိုင်ယိုင်နှင့် ထရပ်လေသည်။


“ခင်ဝေ မလိုက်ဖူး၊ ကိုကို သွား။ ခင်ဝေ ဒီမှာဘဲနေခဲ့မယ်”


သူသည် မူးနေသဖြင့် ယိမ်းထိုးနေရာမှာ အော်ပြောနေသည်။ ထိုအချိန်တွင်ကား ကျနော်သည် မြို့ကြီးသို့သွားလျှင် သူနှင့် ခွဲခွာကြရမည်ကို တွေးမိလေသည်။ သူ မြို့ကြီး၌ စိတ်မချမ်းမသာဖြင့် ငရဲတွင်းကျနေသလို နေရရှာမည်ကိုလည်း တွေးနေမိ၏။ ဟေမန်သို့လည်း ကျနော် လိုက်မနေနိုင်။ စိတ်များရှုပ်ထွေးလာကာ ကျနော်သည် ဘာမျှ မဆုံးဖြတ်နိုင်တော့။


“ ကဲ မြင်းလှည်းပေါ် တက်ရအောင် ရထားမမှီဘဲနေမယ်။ တန်ဆာလုပ်စရာတွေလဲ ရှိသေးတယ်၊ အချိန်မရတော့ဘူး၊ မူးနေတုန်းဘဲလား၊ ကို့လက်မောင်းကို မှီထားလိုက်”


ကျနော်သည် တိုးတိုးပြောနေမိ၏။


“မြို့ကြီးကို သွားမှာလား”


“ဟေမန်ကို သွားရမှာပေါ့ ဝေရယ်”


ဝေသည် ကျနော့်လက်ကို ကိုင်ပြီး မြင်းလှည်းပေါ်သို့ ဖြေးဖြေးတက်သည်။ မြင်းလှည်းပေါ်တွင်ကား ကျနော့်ကိုမှီထား၏။ သူသည် မြင်းလှည်း ဆက်၍ ထွက်ခွာလာခဲ့သောအခါ မူးမှိုင်နေသည့်ကြားမှ “မပြောကောင်းမဆ်ိုကောင်း ကိုကိုများ ဇွတ်လုပ်ရင်လေ ခင်ဝေတော့ ဘာဖြစ်သွားမယ် မသိဘူး။ စိတ်ညစ်ညစ်နဲ့ဘာမဆို လျှောက်လုပ်ပစ်မှာဘဲ”ဟု ပြောနေပြန်သည်။

အပိုင်း(၅)ဆက်ရန်

နိုင်ဝင်းဆွေ

No comments:

Post a Comment