နွေတည
အပိုင်း (၅)
၁၁။
ကျနော်နှင့်ဝေသည် ဟေမန်မရောက်မီ ဝေ့မိဖများရှိရာသို့သွားဖြစ်ခဲ့ကြသေးသည်။ ဝေ့မိဖများကိုကား ထိုနေရာဟောင်း၌ မတွေ့ကြရပေ။ သူတို့စပါးစက်သည် ပျက်နေခဲ့သဖြင့် ကာလအတန်ကြာကပင် ရပ်ထားခဲ့၏။ ပျံကျစက်အလုပ်သမားများသည်လည်း စက်ပျက်ကြီးကို စွန့်ပစ်ကာ ရေကြည်ရာ မြက်နုရာသို့ ပျံသန်းထွက်ခွာသွားကြလေပြီ။ ထိုအထဲ၌ ဝေ့မိဖများပါ ပါသွားသည်။ ကျနော်တို့သည် လက်ရမ်းမဲ့ တံတားကလေးထိပ်တွင် ဝေ စိတ်ကျေနပ်သည်အထိ ရပ်နေခဲ့ကြ၏။ တံတားကလေးသည်လည်း အိုမင်းယိုင်ရွဲ့နေပြီ။ တံတားကလေးအောက်ရှိ ချောင်းပြင်မှ နွံများသည်လည်း ခြောက်သွေ့နေကြ၏။ ချောင်းဟိုဘက် သည်ဘက် တဲတန်းလျားများ၌ လူတဦးတယောက်မျှ မတွေ့ရ။ တဲတန်းလျားများ၏ အကာထရံများသည် တွဲလောင်း ဖရိုဖရဲ ပြုတ်ကျနေကြ၏။ ဝေနှင့်ဝေ့မိဖများနေထိုင်ခဲ့ရာ တန်းလျားအိုမှာမူ အမိုးပင် မရှိတော့။ ချောင်းတဖက်ကမ်းရှိ စက်ရုံကြီ်းများသည်လည်း ငြိမ်သက်နေ၏။
“စက် ဘယ်တော့ပြန်ဖွင့်မလဲ မသိဘူးနော်၊ အမေတို့ ကျောက်ကြီးကို ကော်ပတ်စီးခြစ်သွားမှာဘဲ၊ ဒီလိုဘဲ သွားကြရတာ၊ ခင်ဝေတို့ လိုက်ကော်ပတ်စီးခြစ်ကြရရင် ကောင်းမလား၊ မကောင်းပါဘူးလေ၊ ဟိုမှာ စက်ထဲကလူတွေ အများကြီး ရောက်နေမှာဘဲ၊ တော်ကြာ ကိုကို့ကို အထင်သေးနေကြမယ်”
ဝေသည် တံတားကလေးထိပ်တွင် ငေးငိုင်နေရင်း သူ့ကိုယ်သူ ပြောသလို တီးတိုးညည်းညည်း ပြောနေခဲ့သည်။ ဝေသည် အားကိုးမဲ့နေသည့်အခါတွင် သူ့အမေရင်ခွင်ကို ခေါင်းတိုးဝှေ့ကာ အားကိုးချင်ရှာပေမည်။ တန်းလျားဘက်ကို ငိုင်ကြည့်နေရင်း ဝေ့မျက်လုံးအိမ်ထဲ၌ မျာက်ရည်များဝိုင်းလာနေပြန်သည်။
“မငိုနဲ့လေ” ဟူ၍သာ ကျနော်သည် ပြောခဲ့မိ၏။
“ခင်ဝေ မငိုပါဘူး”
“ဒို့ဟေမန်ကို သွားကြမှာမှုတ်လား”
“ဟုတ်ပါတယ်” ဟု သူက တိုးတိုးပြောလျက် ကျနော်တို့သည် စိတ်ထိခိုက်ဖွယ်ရာများဖြင့် ပြည့်နေသော စပါးစက်ကြီးကို ကျောခိုင်းထွက်လာခဲ့ကြသည်။ လက်ရန်းမဲ့ တံတားကလေး၊ တဲတန်းလျားဟောင်းများ၊ ငြိမ်သက်နေသော စပါးစက်ကြီးများသည် နောက်ဘက်၌ မလှုပ်မရှက်၊ အသံမရှိ၊ အသက်မရှိ နေရစ်ခဲ့ကြလေသည်။
ထိုမှ ကျနော်တို့သည် ကျနော်မရောက်ဖူုးသေးသော ဟေမန်သို့တဆင့်ထွက်ခွာလာကြ၏။
ဟေမန်သို့ရောက်စက ရက်အတန်ကြာမျှအထိ နေမရထိုင်မရ ဖြစ်ခဲ့ရသေး၏။ ဘယ်ပုံဘယ်နည်း ဆက်ဆံရမည်ကိုလည်းမသိ။ ဟေမန်သို့ရောက်ပြီး သုံးရက်အတွင်း ရွာသားများသည် ကျနော်တို့အတွက် တဲအိမ်ကလေးတလုံးကို ဝိုင်းဝန်း ဆောက်လုပ်ပေးကြ၏။ တဲကလေးသည် ရွာလယ်လမ်းမကြီးဖက်သို့ မျက်နှာပြုထား၏။ တဖက်ခပ်လှမ်းလှမ်း၌ ဟေမန်တာတမံကြီးသည် တဲအပေါ်မှမိုးကာ ထီးတည်း ငြိမ်သက်ရပ်တည်နေသည်။ ည၌ လထွက်လာလျှင် တဲကလေးရှေ့ရှိ ငှက်ပျော်ပင်များကို လေတိုးဝှေ့လာကာ ငှက်ပျောရွက်များလည်း ရွက်ချင်းခတ်လာကြလေသည်။ ညများ၌ မြစ်ပြင်တွင် ရေတိုးဝှေ့ နေသံများ ကြားလာရသည်။ အဝေးဆီမှ ပုရစ်အော်သံများသည် ကျနော်တို့တဲကလေးရှိရာဘက်သို့ ပြန့်လွင့်လာကြသည်။ တဲကလေးရှေ့ဘက် သင်ရိုးရင်းလိပ်ကာများကို လေများ တိုးဝှေ့လာနေသည်။
ညတွင် ကျနော့်နံဘေး၌ ဝေသည် စိတ်ချမ်းသာစွာ နှစ်ခြိုက်စွာ အိပ်မောကျသွားသော်လည်း ကျနော်ကား မရေမရာအတွေးများကို တွေးနေကာ ခေါင်းတခုလုံး ရှုပ်ထွေးနေပြီး အိပ်မရ။ တခါတရံတွင်မူ ဝေသည် အိပ်ရာမှတရေးနိုးလာပြီး “ကိုက်ိုမအိပ်သေးဘူးလား၊ စိတ်ညစ်နေလို့လား”ဟု ကြင်နာယုယစွာ မေးတတ်သည်။
“စိတ်မညစ်စမ်းပါနဲ့ကိုကိုရယ်၊ တချို့ဆိုရင် အဝတ်တထည်ကိုယ်တခုနဲ့ခိုးရာလိုက်ပြေးကြတာ၊ နားတောင်းကလေးတရံတောင် ရှိကြတာမှုတ်ဖူး၊ ခု ခင်ဝေတို့မှာ ရွှေလဲပါတယ်၊ ငွေလဲပါတယ်၊ ခင်ဝေအလုပ်လုပ်ပါ့မယ်၊ ကိုကို့လခကို မှီအောင်လုပ်ပြမယ်၊ ခုတောင် အိမ်ဆိုင်ကလေး ဖွင့်ရင် ဘာရောင်း ကောင်းမလဲ စဉ်းစားနေတာ”
ဝေသည် ကျနော့်ရင်အုံပေါ်သိ်ု့သူ့မျက်နှာကိုတင်ထားပြီး ကျနော့်ပါးကို သူ့လက်နှစ်ဖက်ဖြင့် ပွတ်သပ်နေသည်။ သူ့အသက်ရှူသံ၌ပင် ကြည်နူးရွှင်လန်းမှုများ ပါနေသည် ထင်သည်။
ရက်များမကြာမီတွင်ပင် ဝေ့စိတ်ကူးများအတိုင်း တဲအိမ်ကလေးအတွင်း ဈေးဆိုင်တခု ဖြန့်ခင်းလိုက်လေသည်။ ငရုတ်သီး၊ ဆား၊ ဆီ၊ ရေနံဆီ၊ ငါးပိငါးခြောက်၊ ကြက်သွန်၊ ပဲလှော် လဖက်၊ ကွမ်းသီး၊ ဆေးလိပ်၊ ထန်းလျက်၊ ခလေး သွားရေစာများနှင့် အထည်အဝတ် အကြမ်းထည်လေးများပါ တင်ခင်းလိုက်သည်။ မြို့သစ်ကလေးတွင်နေစဉ်က ညနေခင်းများတွင် ဝေသည် ကျနော်နှင့်အတူ လမ်းလျှေက်လိုက်ပါလေ့ရှိသော်လည်း ဤဟေမန်တာရိုးအပေါ်၌ လမ်းလျှေက်သောအခါတွင်ကား ဝေ့ကိုခေါ်မရတော့ပေ။ လမ်းလျှောက်ခေါ်လျှင် ဝေသည် သူ့ဆိုင်ကလေးပေါ်တွင် ထိုင်နေရာမှ လှမ်းပြီး ပြုံးလျက်ခေါင်းယမ်းပြလေသည်။
“လမ်းလျှောက်တယ်ဆိုတာ ဆင်းရဲသားအလုပ် မဟုတ်ဖူး မောင်ကိုကိုရဲ့” ဟု ပြောကာ သူသည် ရယ်နေတတ်၏။
တာရိုးကြီးနှင့်မြစ်ပြင်အကြား နုံးတင်မြေနုများ၌ ယာခင်းများသည် စိမ်းမြလန်းဆန်းနေ၏။ မြစ်တဖက်ကမ်းရှိ ရိုးမတောင်တန်ကြီးတွင် မြူခိုးများ ခိုနေကြ၏။ ညနေဆည်းဆာများ၌ မြစ်ပြင်ထက်တွင် တဖျတ်ဖျတ် ခတ်နေသော လှိုင်းကြက်ခွပ်ကလေးများပေါ်ဝယ် ဆည်းဆာနေခြည်များသည် ခိုစီးနေတတ်၏။ မဲဟော်တောစပ်ဖက်မှ ငှက်တအုပ်ပျံသန်းလာသည်။
သူတို့သည် ကျနော့်အပေါ်မှဖြတ်၍ ပျံနေစဉ်တွင် ကျနော့်ကို တီတီတာတာ အော်မြည်ကာ နှုတ်ဆက်သွားသည်။
နောက်ပိုင်းရက်များ၌ ဝေသည် ညနေခင်းများတွင် သစ်ကြိမ်းရွာ၊ မြယာရွာ၊ နတ္တလင်းရွာ၊ နတ်ရေတွင်းရွာများဖက်သို့ ခေါင်းရွက်ဈေးသည်အဖြစ်ဖြင့် ထွက်ခွာသွား၏။ မိုးချုပ်လျှင် ကျနော်သည် တာရိုးကြီးအတိုင်း လမ်းလျှောက်ရင်း လိုက်သွားကာ သူ့ကို ထွက်ကြိုရလေသည်။ သူ၏သစ်ကြိမ်းရွာအတွင်းမှ ဈေးအော်ဟစ် ရောင်းသံသည် ကျနော် စောင့်ကြိုနေရာ တာရိုးဖက်သို့ အဝေးမှပင် ရောက်ရှိလာနေတတ်၏။
“ဒီဘက်က ကပ်ပဲယိုရမယ်၊ ယူကြအုံးမလား တော်ရေ့” ဟု သူ့အော်သံသည် ဟေမန်မြစ်ပြင်ကို ရှပ်တိုက်ပြေးလာလေသည်။
ကျနော်သည် ရပ်တန့်ပြီး သူ့ကို စောင့်နေစဉ်၌ပင် သူ့ဈေးရောင်းနေဟန်ကို စိတ်အာရုံ၌ ထင်မြင်လာနေမိတတ်သည်။ သူသည် ထမီတိုတိုဝတ်ပြီး ကုန်းနိမ့်စောင်း ရွာကလေးထဲ၌ လမ်းမများအတိုင်း တကြော်ကြော် အော်ဟစ်သည်။
ထမီ တိုတိုကြောင့် သူ၏ ဖုထစ်မာကြောသော ခြေသလုံးသားများ ပေါ်နေ၏။ ကျွတ်မကျနိုင်စေရန် သူသည် ထမီကိုလုံးထွေးပြီး မာကျစ်နေအောင် ဝတ်ထားသည်။ သူ့မျက်နှာပေါ်၌ သနပ်ခါးကြမ်းများကို ထူပျစ်အောင် လိမ်းထားသည်။ သူ့ လက်နှစ်ဖက်သည် ဈေးတောင်းကို မြဲခိုင်စွာ ဆုပ်ကိုင်ထားသည်။ သူသည် တာရိုးပေါ်သို့တက်လာခဲ့လျှင် အဝေးမှပင် ပြုံးလာခဲ့လေသည်။
“ မောလိုက်တာကွယ်၊ မောင်ကိုကို လာစောင့်နေတာ အတော်ကြာပလား” ဟု မေးသည်။
ကျနော်နှင့်သူသည် တာရိုးအတိုင်း လမ်းလျှောက် ပြန်လာခဲ့ကြ၏။ ပြုံးနေသော သူ့မျက်နှာပေါ်၌ ချွေးဥကလေးများ စီနေသည်။ အဝေးဆီမှချိုးကူသံကို သူသည် နှစ်ခြိုက်နေတတ်၏။ လမ်း၌ တာရိုးကြီးနံဘေးသစ်ပင်ရိပ်တခုတွင် ခေတ္တ ချနားသည်။
“ ခု ညနေဖက်ရောင်းတာ ငါးကျပ်လောက် ကျန်တယ်၊ စပါးပေါ်ကာနီးရင် စပါးနဲ့ထပ်ရင် ဒီ့ထက် ပိုကျန်တာပေါ့။ ခု ငါးကျပ် ကျန်တာ အဲဒီကျရင် ဆယ့်ငါးကျပ်ကျန်မယ် သိလား၊ ခင်ဝေလေ ကိုကို့လစာကို မကြောက်ဖူး။ ကိုကိုနဲ့ မြို့လဲ လိုက်မနေချင်ပါဘူး၊ ဒီမှာဘဲနေချင်တယ်၊ ကိုကိုနဲ့လိုက်နေရင် အကျင့်ပျက်ကုန်ရော၊ အလုပ်လုပ်ချင်စိတ် ပျောက်ကုန်ရော၊ ခုကြည့်လေ၊ ဆယ့်ငါးပိဿာလောက် လေးတာကို ရွက်တာတောင် ခေါင်းကျိန်းလာတယ်၊ မူးလာတာဘဲ၊ ခင်ဝေ စက်ထဲမှာ စပါးသယ်တုန်းကဆိုရင် ဒီထက်လေးတာတွေကိုလဲ ဘယ်ဂရုစိုက်မလဲ၊ ကဲ ခုညနေ ဆိုင်မှာ ရောင်းတာ ဘယ်လောက်ရသလဲ”
သူသည် အရိပ်တွင် ခေါင်းခုကို ပစ်ချလိုက်ကာ မန်ကျည်းပင်ကို မှီလိုက်သည်။ မျက်နှာမှ ချွေးဥများကို သုတ်လိုက်သည်။ သူသည် ပင်ပန်းလှသဖြင့် ည အိပ်ရာဝင်လျှင်ပင် နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။ တခါတရံ ထမင်းစားပြီးစ၌ပင် သူသည် စကားပြောသည်ကို နားထောင်ရင်း မျက်ခွံများလေးလံပိကျလာနေတတ်သည်။ ကျနော် စကားပြောလျှင်မူ သူသည် မျက်လုံးများကို ကြိုးစားဖွင့်ထားနေပုံရသည်။ ဆတ်ကနဲ အိပ်ငိုက်သွားလျှင် သူသည် ခေါင်းကို ကမန်းကတန်း ပြန်မတ်ပြီး ကျနော့်ကို မျက်လုံးပွတ်သပ် ကြည့်ရင်း ရယ်ကျဲကျဲ ပြုံးပြနေတတ်သည်။ ထိုအခါများ၌ သူသည် ကျနော့်စကားများကို ကြိုးစားပြီး ဖမ်းမမိနိုင်အောင် ရှိနေပေမည်။
“ဒို့မြို့ကြီးကို သွားရအောင်ကွယ်၊ ဒီမှာတော့ ကိုလဲ ဘာမှမလုပ်တတ်ဖူး၊ ဝေတယောက်ထဲ ပင်ပန်းနေတာဘဲ”ဟူ၍ သူ အိပ်ငိုက်နေစဉ်တွင် ကျနော်က သူ့ပခုံးပေါ် လက်တင်ပြီး ကိုယ့်ကိုယ်ကို ပြောသလို အသံနှိမ့်ပြီး ပြောနေသည်ကို သူကြားမည် မဟုတ်ပေ။ နောက်ပိုင်းရက်များတွင် မိုးရွာလာပြီး ဟေမန်နှင့် မြို့အကူးတွင် လှည်းလမ်းများ ပိတ်ကုန်သောအခါ လှည်းနှင့်သွားမဖြစ်တော့သော အခါတွင်ကား ပင်ပန်းရသည်မှာ ဝေ တယောက်တည်း မဟုတ်တော့ပေ။ မြို့မှကုန်များကို သယ်ယူရာ၌ ကျနော် တထမ်း၊ ဝေတရွက် ဖြစ်လာကြရလေသည်။
အစပိုင်းက ကျနော်သည် မြို့ထဲမှ ကုန်များ ထမ်းရမည်ကို ရှက်ကြောက်ကာ ခြေလှမ်း မလှမ်းရဲ၊ လူများကို မကြည့်ရဲဖြစ်နေခဲ့ရသေးသည်။ မြို့မှ ဟေမန်သို့ ရှစ်မိုင်ကျော်မျှသာ ဝေးသော်လည်း အထမ်းကို ထမ်းပြီး လယ်ကန်သင်းရိုးများအတိုင်း လျှောက်နေရလျှင် မိုင်ရှစ်ဆယ်ကျော်နေပေပြီဟု စိတ်၌ ခံစားလာရသည်။ ကျနော့်ကျောပြင်၌ နေသည် အက်ကွဲကုန်တော့မည့်အတိုင်း ပူနေ၏။ အင်္ကျီသည် ချွေးများနစ်ကာ ကျောပြင်တွင် ကပ်နေ၏။ ရောင်ကိုင်းပြီး အရေပြားများ ကွာနေသည့် ပခုံးပေါ်တွင် ကုန်ထမ်းတံပိုးသည် ညွတ်ပက်ကာ တကျိကျိ မြည်နေသည်။ နဖူးမှ ချွေးများသည် မျက်လုံးထဲသို့ စီးဝင်နေ၏။ ရေငတ်ကာ အာခေါင်များ ခြောက်သွေ့လာသည်။ ကန်သင်းများပေါ်မှ ချော်မကျစေရန် သတိထား လာရ၏။ ဝေသည် ကျနော့် နောက်ဖက်မှ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လာသည်။
ကျနော်ကား မဲဟော်တောစပ်ကို စိတ်၌ ပန်းတိုင်အဖြစ် ရည်မှန်းရင်း သွက်သွက် လျှောက်လာသည်။ မဲဟော်တောစပ်ကား ရောက်လိုဇော ပြင်းလာလေလေ ဝေးနေလေလေ ထင်ရသည်။ မဲဟော်တောစပ်ရှိ မဲဟော်စမ်းချောင်း နံဘေးသို့့ရောက်လာခဲ့ချိန်တွင်ကား နေသည်ပင် ညို့သန်းသွားလေသည်။ ကျနော်သည် ချောင်းကမ်းနဖူးရှိ သဖန်းပင်ရိပ်တွင် အထမ်းကို ပစ်ချလိုက်၏။ သဖန်းပင်ရင်း မြက်ခင်းပြင်ပေါ်တွင် ကိုယ်ကို ပစ်လှဲချလိုက်သည်။ ဝေသည်လည်း ထိုင်ပြီးမှ သူ့ခေါင်းပေါ်မှတောင်းကို ဖြည်းဖြည်းချလိုက်လေသည်။ သူသည် မျက်နှာမှ ချွေးများကို ပုဆိုးစုတ်နှင့် သုတ်ပြီး ကျနော့်နံဘေး မြက်ခင်းပြင်ပေါ်တွင် ပက်လက်လှဲ အိပ်လိုက်ပြန်သည်။ ကျနော်တို့အထက် ကောင်းကင်၌မူ ရေခိုးရေငွေ့ မိုးသားများသည် ဖြည်းဖြည်းချင်း ရွေ့နေကြ၏။ ကျနော် ပါးစပ်ဖွင့်ပြီး အသက်ကို အားပါးတရ ရှူနေမိ၏။ လေတွင် တောပန်းရနံ့လည်း ပါလာနေသည်။ ကျောပြင်အောက်မှ မြက်ခင်းပြင်သည် ကတ္တီပါသားလို နူးညံ့နေသည်။ ကျနော့်တကိုယ်လုံးသည် မြက်ခင်းပြင်ထဲတွင် နစ်မြုပ်နေသည်။ အမောပြေလာမှ စမ်းချောင်းထဲတွင် မျက်နှာသစ်ကာ ရေကို ဖြည်းဖြည်း စုတ်ယူသောက်ရလေသည်။ မှန်သားလို ကြည်လင်သောရေပြင်ထက်၌ ဝေနှင့်ကျနော်တို့အရိပ်များသည်လည်း အတူယှဉ်လျက် ပေါ်နေကြသည်။
ဝေက “ကိုက်ိုထမ်းရတာ လေးရင် ခင်ဝေ့တောင်းထဲ ထည့်အုံးပေါ့”ဟု ပြောလျှင် ကျနော်သည်လည်း ခေါင်းယမ်းပြလိုက်၏။ သူ့တောင်းထဲမှ ကုန်ပစ္စည်းများ၏အလေးချိန်မှာ ကျနော့်အထမ်းထက် တဝက်မျှ ပိုလေးနေပေပြီ။
“သစ်ကြိမ်းရောက်ရင် တထောက်နားအုံးမှာမို့လား၊ တော်ကြာမိုးချုပ်တော့မယ်၊ သွားကြမယ်၊ မောတယ်ပန်းတယ် သဘောမှာမထားနဲ့ကိုကိုရေ့”
သူက ရယ်မောရွှင်ပြစွာ ပြောတတ်လေသည်။
အိမ်ပြန်ရောက်လျင် ထမင်းကမန်းကတန်းစားပြီး ကျနော်သည်လည်း နှစ်ချိုက်စွာ အိပ်မောကျသွားလေတော့သည်။ ကုန်အထမ်းငှါးလျင် ကုန်ချိန်တဆယ်ကို ငါးကျပ်မျှပေးနေရသဖြင့် စျေးမကိုက်တော့သည်ကတကြောင်း၊ ဟေမန်၌ အင်းအလုပ်များ ဖြိုင်ဖြိုင်စနေပြီဖြစ်သဖြင့် အထမ်းလိုက်ပေးမည့်သူလည်းမရှိ။ ကျနော်သည် စပါးရိတ်သိမ်းအပြီး လှည်းလမ်းပေါက်လာမည့်အချိန်များကိုသာ မျှော်လင့်နေရလေသည်။ မြစ်ရေကျစအချိန်တွင် ဝေ့စိတ်ကူးများအတိုင်း ဟေမန်မြစ်ဆိပ်သောင်ခုံစပ်တွင် ဘူးသီးကြော်ဆိုင် တဲကလေးတခု ဖွင့်လိုက်ပြန်သည်။
နောင်နှစ်ကာလ အတန်ကြာမှ ပြန်တွေးလျှင် ဤသဲမြေသောင်စပ်တွင် ဘူးသီးကြော်ဆိုင်ကလေး၊ ဟေမန်မြစ်ယံနှင့် အကြော်ဆိုင်ရှင် မခင်ဝေတို့သည် မှေးမှိန်နေသော ပန်းချီကားတချပ်အတွင်းမှ မပီမသ ရုပ်ဝတ္ထုများအဖြစ်ဖြင့် ပေါ်လာကြပါလိမ့်မည်။
နံနက်ခင်း ကျနော်တို့ဆိုင်ထွက်စအချိန်တွင် မြစ်ပြင်မှ လှိုင်းဂယက်ငယ်ကလေးများသည် သောင်စပ်ကိုလာ၍ တဖျတ်ဖျတ်ခတ်နေကြ၏။ မြစ်ပြင်မှ မြစ်ခိုးမြစ်ငွေ့များသည် မှောင်နေ၏။ မြစ်ရေစီးသံသည် တဖြတ်ဖြတ်မြည်နေ၏။ အကြော်ဆိုင်မှ မီးခိုးများသည် မြစ်ခိုးမြစ်ငွေ့များနှင့် ပေါင်းစပ်သွား၏။ နံနက် နေခြည်များသည်လည်း မြစ်ပြင်အထက်မှ လှိုင်းကြက်ခွပ်များအပေါ်သို့ တစတစ စီးဝင်လာနေသည်။ ဤအကြော်ဆိုင်တဲနေရာ သောင်စပ်၌ပင် ဝေ့အမေသည် ယခင်က အကြော်တဲကလေးတခု ထိုးခဲ့ဘူး၏။ ထိုအခါကမူ မြစ်ဆိပ်တွင် လူမစည်ကားလှပေ။
ကျနော်နှင့်ဝေသည် မိုးမလင်းမီကတည်းက အိုးခွက်များ၊ ဆီပုံးများ၊ ဆန်မှုန့်ဇလုံများ၊ ဘူးသီးများကိုယူလာကာ ရွာထဲမှ ထွက်လာခဲ့ကြသည်။ အကြော်တဲသို့ရောက်လျှင် အလုပ်များလက်မလည်နိုင်အောင် ဖြစ်နေကြသည်။ ကျနော် ဘူးသီးစိတ်များကို တဖြတ်ဖြတ်လှီးနေစဉ်တွင် ဝေသည် မီးကုန်းမှုတ်နေ၏။ ဝေ့တွင် ကိုယ်ဝန်ရှိစလည်းပြုနေသဖြင့် ဝေ၏အပြုအမူများမှာ လေးလံနေ၏။ မီးများ တောက်လာကြ၏။ ဝေသည် မီးဖိုမှနောက်သို့ သူ့ကိုယ်ကို ဆုတ်လိုက်ပြီး မီးရောင်ဖြင့် သူ့ဗိုက်ကို သူငုံ့ကြည့်ကာ တခစ်ခစ် ရယ်မောနေပြန်သည်။
“ ကိုယ်ဝန်ကြီးနဲ့နေရမှာတော့ ရှက်စရာကြီးကွယ်၊ ခင်ဝေ အားကြီးရှက်တာဘဲ” ဟု တိုးတိုးပြောကာ ရွှင်လန်းနှစ်သိမ့်စွာ ရယ်နေခဲ့သည်။
ကျနော်ကား ဤရက်များအတွင်းတွင် အလုပ်အတွက် စိတ်၌ သောကရောက်နေခဲ့ပြန်သည်။ ကျနော့်စိတ်များမှာ ထိုအကြောင်းကိုတွေးမိလျှင် ညှိုးရော်သွားခဲ့သည်ချည်းပင်။ အလုပ်ကို သည်အတိုင်းထား၍မဖြစ်။ အမှုအတွက် ငွေတထောင်မျှ အကုန်အကျခံပြီး လိုက်သင့်ပေပြီ။ ရုံး၌ အမှုက်ို မကိုင်သေးပဲ စောင့်နေကြခြင်းမှာ ကျနော့်အိတ်ထဲမှ ငွေထွက်လာနိုင်ရန် အချိန်ပေးထားခြင်းဖြစ်ပေသည်။ ကျနော်သည် မြို့ကြီးသို့ ကျနော်တို့ပြောင်းရွှေ့သွားပြီး အမေ့ထံမှ အကူအညီများတောင်းသင့်သည်ကို တွေးလာခဲ့မိသည်။
တနံနက်တွင်မူ ကျနော့်စိတ်ကူးများ ဝေ့ကို ဖွင့်ပြောရလေသည်။ ဝေသည် ပွက်ပွက်ဆူနေသော ဒယ်အိုးထဲသို့ ဘူးသီးစိတ်များကို ခပ်ခွက်နှင့်ခပ်ထည့်နေရာမှ ကျနော့်မျက်နှာကို လှည့်ကြည့်ပြီး ငေးနေသည်။ မြို့ကြီးနှင့် ကျနော့်အမေအကြောင်း စ လိုက်လျှင်ပင် သူ၏ပြုံးရွှင်ကြည်နူးနေသော မျက်နှာကလေးမှာ စိုးရိမ်သောကများ ဖြစ်ပွားလာခဲ့သည်။ သူ့မျက်နှာကလေးသည် ကျနော့်စကား အဆုံးမသတ်မီတွင်ပင် တဖြေးဖြေး ညှိုးရော်လာနေသည်။
“ အလုပ်ပြန်လိုက်မှဖြစ်မယ်၊ အလုပ်လက်မဲ့ဖြစ်နေတာ လူပင်ပမ်းတာက ဒီလောက်အရေးမကြီးဘူး၊ လူအထင်သေးခံရတာက သိပ်ဆိုးတယ်၊ အမှန်ပြောရရင် ဒီအခြေအနေ နေရတာ တခါတခါ သိပ်အားငယ်ဖို့ကောင်းတယ်၊ ဝေ ပင်ပမ်းတာကိုလည်း ကို ကြည့်သာနေရတယ်၊ စိတ်မချမ်းသာတော့ဘူး၊ အများဆုံး ငွေနှစ်ထောင် မကုန်ရပါဘူး၊ အလုပ်ပြန်ရပါတယ်၊ ကို မြို့ကြီးကို ပြန်မှ ဖြစ်တော့မယ် ”
“ ကိုကို့ကို ဟေမန်ကလူတွေ အထင်သေးကြလို့လား၊ မသေးပါဘူးကိုကိုရယ် ”ဟု သူသည် တွေးတွေးဆဆပြောနေ၏။
“ ဟေမန်မယ် ကိုကိုက အတောင်ကျိုးပီး ခဏ နားနေကြတာပဲဝေ၊ တသက်လုံးနေဖို့မှ မဟုတ်ဘဲ ”
ဝေသည် ငြိမ်သက်ကာ အကြော်အိုးဖက်သို့ မျက်နှာကို ဖြည်းဖြည်းပြန်လှည့်လေသည်။ သူသည် အကြော်များကို ထက်အောက်လှန်နေရင်း မျက်လုံးအိမ်၌ မျက်ရည်များပြည့်လာနေပြန်သည်။
“ ကိုကိုတို့အမေက ကိုကိုအလုပ်ပြုတ်တာ ဒီကောင်မကြောင့်လို့ပြောမှာပဲ၊ ကိုကိုနဲ့ခင်ဝေနဲ့ကွဲကြရမှာပဲ၊ ဖြစ်သလို ခွဲကြမယ်၊ မပြုံးပါနဲ့ကိုကိုရယ်၊ ကိုကိုသွားရင် ခင်ဝေ လိုက်လည်းမလိုက်ရဲဘူး၊ ဒီမှာလဲ မနေခဲ့ဘူး ”
ကျနော်သည်လည်း သူ့စကားသံများကို နားထောင်ပြီး စိတ်ရှုပ်လာနေမိခဲ့လေသည်။ သူ့ကို ကျေနပ်နားလည်အောင် မည်သို့မျှရှင်းပြ၍ ရနိုင်မည်မဟုတ်သည်ကိုလည်း သိနေမိ၏။ ကျနော်ကား မြို့ကြီးသို့ သူမသိပဲ ထွက်ခွါသွားရတော့မလိုပင် ဖြစ်နေသည်။
သူသည် ဤရက်များအတွင်း၌ ဈေးရောင်းလည်းမထွက်တော့ပေ။ သူဈေးရောင်းထွက်သွားစဉ်တွင် ကျနော်ထွက်ခွါသွားမည်ကို ခလေးလိုပင် စိုးရိမ်နေသည်။ ညအိပ်လျှင်ပင် သူအိပ်ပျော်နေစဉ် ကျနော်ထွက်သွားမည်ကို စိုးရိမ်ကာ ကျနော့်လည်ပင်းကို မလွှတ်တမ်း ဖက်ထားပြီးမှ အိပ်သည်။ တခါတရံ ညနက်သန်းခေါင်၌ သူအိပ်ရာမှ နိုးလာပြီး ကျနော့်ကိုမတွေ့လျှင် အိပ်ရာပေါ်၌ လိုက်၍စမ်းသည်။ သူသည် ခြေရင်းမှ မှန်အိမ်မီးကိုမြှင့်လိုက်ပြီး ‘ လန့်သွားတာဘဲ ‛ ဟု သူ့ကိုယ်သူ ပြောကာ ပြန်လှဲအိပ်လျက် ကျနော့်လည်ပင်းကို တင်းကြပ်စွာ ဖက်ထားပြန်သည်။ သူသည် ညအိပ်ရာမဝင်မီတွင်လည်း သူအိပ်ပျော်နေစဉ် ကျနော်ထွက်ခွါမသွားရန် တတွတ်တွတ်ပြောနေတတ်ပြန်သည်။
“ ခင်ဝေ့ ရွှေတွေ ဘာလုပ်ဖို့ထားတာလဲကိုကို၊ ရောင်းလိုက်ပေါ့၊ ငွေ သွားမတောင်းပါနဲ့ကိုကိုရယ်၊ မျက်နှာအောက်မချစမ်းပါနဲ့၊ ခင်ဝေ့အမေတို့မှာ ပစ္စည်းရှိရင်အကောင်းသားနော်၊ ခင်ဝေ့အမေဆိုရင် မျက်နှာအောက်ချနေဘို့လဲမလိုဘူး၊ ကိုကိုထွက်သွားရင် ခင်ဝေနဲ့ကွဲရမှာဘဲ၊ ခင်ဝေလေ ဒီဟေမန်မယ် ဆွေမျိုးဆိုလို့လဲ ရင်းရင်းနှီးနှီးထဲကမရှိဘူး၊ ကိုကိုမရှိရင်တော့ ခင်ဝေတကောင်ကြွက် ဖြစ်နေခဲ့ရမှာ ”
စကားပြောနေရင်း သူ့နှုတ်ခမ်းကလေးများမှာ မဲ့လာကြလေသည်။ ကျနော်လည်း သူ့နဖူးကိုသာ သပ်တင်နေသော်လည်း သူ့ကို ထိုအကြောင်းနှင့်ပတ်သက်၍ စကားတလုံးမျှ မပြောတော့ပေ။ မှန်အိမ်ကိုမှိန်လိုက်ပြီး သူနှင့်ခပ်ခွါခွါအိပ်ကာ ကျနော်သည် စိတ်မောပင်ပန်းနေရလေသည်။ သူ့ရွှေများကို မပေါင်နှံ မရောင်းချသင့်ပေ။ ထိုသို့အသုံးပြုပြီးမှ အလုပ်ပြုတ်သွားခဲ့လျှင် ကျနော်တို့ကား ခြေလွတ်လက်လွတ် အခြေအနေပို၍ဆိုးလာကြလိမ့်မည်ကို သူ့ပြောပြ၍ နားလည်မည်မဟုတ်။
နံနက်ခင်းများတွင် အကြော်တဲဆိုင်အတွင်း၌လည်း သူ့က်ိုမြင်တွေ့နေရသည်မှာ ထိုအကြောင်းကို နက်ရှိုင်းထိခိုက်စွာ တွေးတောနေပုံရလေသည်။ သူသည် ဘူးသီးကြော်များကို ခပ်ခွက်ဖြင့် ထည့်နေရင်း ငေးနေတတ်ပြန်သည်။ သူ့ကိုယ်တခြမ်းကို အကြော်မီးဖိုရောင်ဖြင့် ဘေးတစောင်းမြင်နေရပုံမှာ ထိုအခါများ၌ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်နေပြန်သည်။
“ ကိုကို ဒီမှာမနေချင်တော့တာ ကုန်ထမ်းရတာ ပင်ပန်းလို့လားဟင် ” ဟု သူသည် လှည့်မကြည့်ဘဲ သူ့အတွေးနှင့်သူ မေးနေတတ်သည်။
“ လှည်းလမ်းလည်း ပေါက်တော့မှာဘဲ၊ ကိုက်ို ကုန်ထမ်းရတာ ပင်ပန်းနေရင် မထမ်းနဲ့တော့လေ၊ ခင်ဝေရွက်ပါ့မယ်၊ ကိုကို အဖေါ်ဘဲ လိုက်ခဲ့ပေါ့၊ ဒီနှစ် ဟေမန်မယ် သစ်ကွင်းဖွင့်ရင် စည်လာအုန်းမယ်၊ ဒီထက် ရောင်းချလို့ကောင်းလာမယ်၊ ခင်ဝေ့သဘော ဆိုရင်လေ ဒီမှာ သုံးပင်အိမ်တလုံးလောက် ဆောက်မယ်၊ မြေပဲ သုံးဧကလောက်စိုက်မယ်၊ ဒါပေမယ့် ကိုကိုက မနေချင်ဘူးမှုတ်လား။
‘ ခင်ဝေလေ အခုတလော သိပ်အားငယ်တာပဲ၊ ကိုယ်ဝန်ကြောင့်လားမသိဘူး၊ ကိုက်ို့ကိုလည်း မျက်စိအောက်က ဘယ်မှ မသွာစေချင်ဘူး၊ ကိုကို ထွက်သွားမှာ သိပ်ကြောက်တာ၊ ကိုကိုထွက်သွားရင် ကိုကိုနဲ့ကွဲကြရင် ခင်ဝေတော့ ကိုယ်ဝန်ကြီးနဲ့ဘယ်လိုဖြစ်နေရမယ်ဆိုတာ မသိတော့ဘူး ‛
သူ့ကိုယ်ဝန်မှာ တရက်ပြီးတရက် ပို၍ ထင်ရှားလာနေသည်။ မီးရောင်အောက်တွင် သူ့ချွေးခံအင်္ကျီမှ ကြယ်သီးတလုံးပြုတ်နေသည်ကို မြင်နေရသည်။ ထိုနေရာ၌ သူ၏ဝင်းဝါသော ဗိုက်သားမှာ အပြင်သို့ ရုန်းကန်ထွက်နေသည်။
ထိုခဏ၌ပင် ကျနော်သည် သူမွေးမည့်သားသမီးအတွက် ကြည်နူးစိတ် ဝမ်းသာစိတ်များ ခံစားနေရပြန်သည်။ ဖခင်၏မေတ္တာစိတ်များသည် နှလုံးသားမှ တဖြန်းဖြန်း အဆိပ်တက်သလို တက်လာနေကြသည်။
“ အေးလေ၊ ဝေ ဒီလောက် သောကဖြစ်နေရင် ကို မသွားတော့ပါဘူး၊ ရွှေဘဲ ပေါင်ရမှာပေါ့လေ၊ မသွားတာဘဲ မှန်ပါလိမ့်မယ်၊ တော်ကြာ ကိုသွားနေတုန်း ဝေ တခုခုဖြစ်ရင် စိတ်ဆင်းရဲရမှာဘဲ ”
ကျနော့်စကားများ အဆုံးမသတ်မီ သူသည် ကျနော့်ကိုပြန်လှည့်ကြည့်နေ၏။ ထိုဝမ်းသာကြည်နူးမှုများကြောင့်ပင် သူ့မျက်လုံးအိမ်၌ မျက်ရည်များ ပိတ်ဖုံးလာနေပြန်သည်။
သူသည် သဲသောင်စပ်ရှိ လေထဲ၌ လည်းကောင်း၊ မြစ်ပြင်ထက်ရှိ လှိုင်းလိပ်ငယ်များအပေါ်တွင်လည်းကောင်း၊ ဂယက်များရိုက်ခတ်လာအောင် ‘ တကယ်လား တကယ်လား၊ က်ိုကို မြို့ကြီးကို မသွာတော့ဘူးနော်၊ မသွားတော့ဘူးနော် ‛ နှင့် မေးနေလျှင် ကျနော်သည်လည်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြနေရပြန်သည်။
၁၂။
ဟေမန်တွင်အနေကြာလာသောအခါ အလုပ်ပြန်ရ၍ ဟေမန်မှထွက်ခွာသွားရလျှင် ကျနော်သည် စ်ိတ်ထိခိုက်မိလိမ့်မည် ထင်သည်။ တညတွင် ကျနော်သည် ထိုအကြောင်းကို ဝေ့အား ပြောပြလေသည်။ ဝေသည် မီးလင်းဖိုနံဘေး အိပ်ရာထဲတွင် ငြိမ်သက် နားထောင်နေပြီး ရွှင်လန်းစွာ ပြုံးနေခဲ့၏။ ဟေမန်တွင်ပင် တသက်လုံး နေသွားရန် သူသည် ရယ်မောရင်း ပြောနေပြန်သည်။
“ဘာလဲ ကိုကို့ကို ခင်ဝေ အမြဲလုပ်ကျွေးနေနိုင်ပါတယ်၊ ဒီကိုယ်ဝန်က အတော်ကြာရင် ပေါက်တော့မှာဘဲနော် ကိုကိုရယ်၊ အဲဒီကျရင် ဒီထက် အလုပ် လုပ်နိုင်မှာပေါ့၊ ကိုယ်ဝန်က ဒီအတိုင်းချည်းဘဲ နေမှာမှ မှုတ်ဖဲ”
ဝေသည် အတွေးပေါက်သွားပြီး တခစ်ခစ် ရယ်မောနေပြန်သည်။
“တကယ်လို့များနော် ဒီကိုယ်ဝန်ကြီးဟာ ဘယ်တော့မှမမွေးဘဲ ဒီလိုဘဲ ဆက်ဆက်ပီး ကြီးလာရင်နော်၊ နောက်လေးငါးနှစ်ဆိုရင် ဒီတဲကလေးလောက်တော့ ရှိလာမယ်၊ အဲဒီကျရင် ဘယ့်နှယ်လုပ်မလဲ ကိုကို”
ထိုညက ကျနော်သည်ပင် သူ့နဖူးကို မနာမကျင်ထုကာ နှစ်နှစ်ခြိုက်ခြိုက် ရယ်မိလိုက်လေသည်။ ဤရက်များအတွင်းက အမှန်ပင် ကျနော်သည် မြို့ကြီးသို့ သွားလိုစိတ်လည်း မရှိတော့ပေ။ ဝေ့ရွှေတိုရွှေစများကိုပေါင်နှံကာ အလုပ်ကိစ္စအတွက် ထိုက်သင့်သလို စီမံခဲ့ပြီးသော်လည်း ကျနော်ကား အလုပ်ပြန်မရလျှင်လည်း အရေးမကြီးတော့ဟု ထင်တွေးထားခဲ့မိ၏။ ရွှေတိုရွှေစအားလုံးကို ပေါင်နှံလိုက်သဖြင့် ဝေ့နား၌ နားတောင်းပင် မရှိတော့။
ဝေသည် အကြော်ဆိုင်သို့ထွက်လျှင် နားပေါက်ချည်း သက်သက်ပင်။ ဆောင်းလယ်သို့ရောက်ကာ လယ်ကြားလမ်းများ ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့် မြစ်ဆိပ်၌ပင် ပို၍ စည်ကားလာခဲ့ရာ ဝေ့အကြော်ဆိုင်မှာလည်း ညနေဘက်ရော၊ နံနက်ခင်းပါ ဖွင့်ထားရ၏။ ကုန်များကို လှည်းဖြင့် သယ်ယူနေသဖြင့် ကုန်ထမ်းရန်လည်း မလိုတော့ပေ။
ကျနော်သည် ဟေမန်ကို တွယ်တာလာရုံမျှမက ဈေးအရောင်းအဝယ်တွင်လည်း စိတ်အား ထက်သန်လာသည်။ နံနက်ပိုင်းတွင် အကြော်ဆိုင်၌ လက်မလည်အောင်ရောင်းရသောအခါ ကျနော်သည်ပင် ပျော်လာလေသည်။ မြို့သို့ ဈေးအဝယ်လည်း ထွက်နေကျဖြစ်လာသဖြင့် ကျနော့်အတွက် ရှိုးတိုးရှန့်တန့် ဖြစ်မနေတော့ပေ။ ဈေးမှ အပြန်တွင် လှည်းပေါ်၌ ကုန်းပစ္စည်းများတင်ပြီး ကောက်ရိုခင်း မွေ့ရာထက်တွင် ပက်လက်လှန်အိပ်ကာ ကောင်းကင်ပြာကြီးကို မော့ကြည့်လာရခြင်း၌ ကျနော်သည် နှစ်ခြိုက်လာခဲ့၏။
လှည်းလမ်းကြမ်းမျှသာ ပေါက်သေးသဖြင့် လမ်းသည် ရိုးပြတ်လယ်ကြားထဲတွင် ကောက်ကွေ့နေသည်။ တချို့လယ်တောများမှာ စိမ်းစိုနေဆဲ၊ အချို့လယ်တောများမှာ ရိတ်သိမ်းနေဆဲ၊ အချို့ကား ရွှေဝါရောင် သန်းနေဆဲ။ လှည်းဖြတ်မောင်းလျှင် လှည်းသည် ကန်သင်းခုံမြင့်ကြီးများကို ကျော်တက်ပြီး ဒိုင်းကနဲ ပစ်ဆောင့်ပြန်ကျတတ်၏။ ထိုအခါ၌ ဝေ့ကိုယ်သည် လှည်းပေါ်တွင် ယိမ်းယိုင်သွားတတ်လေသည်။
“လှည်းဆရာရေ့ ကန်သင်းခုံတွေကျရင် ထိန်းဆင်းပါနော်၊ တော်ကြာရင် အထားအသို မတတ်တာတွေ ပြုတ်ကျကုန်ပါ့မယ်”
ဝေသည် သူ့ ဗိုက်ပေါ် လက်တင်ပြီး ပြောကာ ရယ်နေတတ်ပြန်သည်။ ကျနော်က အလုပ်ပြုတ်လျှင်လည်း ဟေမန်တွင်ပင်နေတော့မည်ဟု ပြောသဖြင့် ဝေသည် ကြည်နူးနှစ်သိမ့်နေသည်။ တခါတရံ၌ ဝေသည် လှည်းပေါ်တွင် ထိုင်ရင်း ဟေမန်တွင်နေလျှင် ဘာလုပ်မည် ညာလုပ်မည် စသည့်စိတ်ကူးအစီအစဉ်များ ရေးဆွဲလာရင်း သူဖာသာ ကျေနပ်လေသည်။
“ကိုကို့ကို ဟေမန်သား ဖြစ်လာအောင် လယ်ထွန်တာ ပျိုးနှုတ်တာလဲ သင်ပေးရမယ်၊ စပါးရိတ်တာကော၊ ဒါမှ အကျဉ်းအကျပ်ကျရင် မိန်းမကို စာရင်းငှါးလုပ်ပီး လုပ်ကျွေးနိုင်မှာပေါ့၊ ပြီးတော့ ဟေမန်သားနဲ့တူသွားအောင် လှေလှော်တာလဲ သင်ပေးရမယ်”
“ လှေတော့ မလှော်ဝံ့ဘူး မိဖုရားရေ့” ဟု ကျနော်သည် တခါက လှေလှော်မိသဖြင့် မြစ်ထဲ၌ ချာချာလည်နေရာ ဝေနှင့်ဟေမန်သူတဦး အခြားလှေတစင်းဖြင့် လှေချင်းလိုက်တွဲခဲ့ရပုံကို ရည်ညွန်းပြောနေမိလေသည်။
လှည်းပေါ်တွင် ကျနော်သည် ညိုပြာရောင်သန်းနေသော ကောင်းကင်းပြင်ကြီးထဲတွင် ဖြူဆွတ်သော တိမ်တတိုက် ရွေ့လျားနေသည်ကိုလည်းကောင်း၊ အဝေးမှ ငှက်ကလေးများ ကောင်းကင်တိမ်တိုက်အောက်မှ ဖြတ်သန်း ပျံသွားနေကြသည်ကိုလည်းကောင်း ငေးစိုက်ကြည့်နေစဉ်တွင် ဝေသည် သူဝယ်လာခဲ့သည့် ကုန်စာရင်းများကို လက်ချိုးရေတွက်နေပြန်သည်။ သူ့ကို အိမ်ကျမှ တွက်ရန် ပြောသော်လည်း သူသည် ကြိုးပမ်းကာ တွက်မြဲ တွက်နေလေသည်။
သူ့စာရင်းမှာ မနည်းရှင်းယူရသည့် စာရင်းများ ဖြစ်၏။ ညတိုင်လျှင် သူသည် ဘူးသီးကြော်ဆိုင်မှစာရင်းနှင့် အိမ်ဆိုင်စာရင်း၊ စပါးရရန်စာရင်း အကြွေးစာရင်းများကို တထပ်ကြီးတွက်ခိုင်းသည်။ သူက နှုတ်ဖြင့် တွက်လျှက် ကျနော်စာရွက်နှင့် တွက်ပြီး ကျနော့် စာရင်းကို မှားနေသည်ဟုလည်း သူသည် မရမက ကုပ်ကပ် ငြင်းနေတတ်ပြန်သည်။
“ဒါနဲ့များကွယ် သူ့ကိုယ်သူ ဆယ့်တစ်တန်းလေး ဘယ်လောက်လေးနဲ့ရှက်ဖို့တောင် ကောင်းပါတယ်” ဟု သူသည် သူ့လက်ချိုးရေတွက်သည့်် စာရင်းကို အမှန်ပြုကာ ကျနော့်ကို ရှုတ်ချနေတတ်ပြန်သည်။
တခါတရံတွင် သူသည် မီးဖွားရက်များကို အိပ်ရာထဲတွင် လက်တဖြောက်ဖြောက်ချိုးပြီး ရေတွက်နေ၏။ သူ့ဖာသာရေတွက်ရင်း သူ့ဖာသာမှားနေပြန်ကာ မကျေမနပ် ဖြစ်ချင်ဖြစ်နေ၏။ ထိုအခါတွင်ကား အိပ်ရာပေါ်တွင် မှန်အိမ်မီးရောင်လဲ့လဲ့အောက်၌ သူ၏ လန်းဆန်းသောအပြုံးများမှာ မမွေးဖွားသေးသော သားငယ်ကို ချစ်သည့်ဇောများလည်း ရောရှက်နေတတ်သည် ထင်သည်။ သူ့မီးဖွားရက် ပို၍နီးကပ်လာပြီဖြစ်သော နွေဦးရောက်စရက်များတွင်မူ ကျနော် မမာကျန်းသဖြင့် သူသည် သောကများ ပွေလာခဲ့ရ၏။ သူ၏ဈေးဆိုင်ကလေးကို ပိတ်လိုက်ရသဖြင့် ညတွင် စာရင်းဇယားအလုပ်လည်း မရှုပ်နိုင်တော့ပေ။
ကျနော် တဲအိမ်ကလေးပေါ်တွင် ကိုယ်ပူရှိန်ကြီးရာမှ လက်မောင်းနှင့်ရင်အုံများတွင် ကျောက်ပေါက်နာ အပိမ့်ကလေးများပေါ်လာသောအခါ ဝေသည် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး ကျနော် မသိအောင် ကွယ်ရာ၌ ငိုလေသည်။ နေ့တွင်းချင်း ကိုယ်ဝန်ကြီးတကားကားဖြင့် ရှစ်မိုင်မျှဝေးသည့် နတ္တလင်းရွာမှ ဆေးဆရာကြီးကို သွားပင့်သည်။ သူ ဆရာပင့်ပြီးပြန်ရောက်လာသည့် ညနေခင်းတွင် ကျနော့်ကို ရွာထဲမှတဲတွင် မတွေ့ရတော့သောအခါ သူသည် မူးမှိုင်သွားပြီး တဲတိုင်ကိုမှီကိုင်ကာ ခလေးကလေးလို တရှုံ့ရှုံ့ငိုခဲ့ရသည်။
ထိုညနေ၌ ကျနော်ကား ဟေမန်တာရိုးကြီး နံဘေးကွေ့ထဲရှိ ငှက်ပျောဥယျာဉ်အလယ်တွင် ရွာသားများ ချက်ခြင်းဆောက်ပေးလိုက်သော လူမမာတဲကလေး၌ ရွာသားများ ပို့ပေးသဖြင့် ရောက်ရှိနေသည်။ ကျနော့်ကို ပြုစုရန် ရွာသားများထဲမှ ကျောက်ပေါက်ဖူးပြီးသား လူနှစ်ယောက်လည်း အသင့်ရောက်ရှိနေသည်။
ဝေနှင့်ဆေးဆရာကြီး လူမမာတဲသို့ရောက်ချိန်တွင်မူ ကျနော်သည် ပူလွန်းလှသဖြင့် တဲအတွင်း၌ ကပြောင်းကပြန် လူးလှိမ့်နေရသည်။ ကျနော်လည်း ပါးစပ်မှ တတွတ်တွတ် “ဝေမလာတော့ဘူးလား” ဟုမေးနေဆဲ ဝေရောက်လာခဲ့သည်။ ဝေ တဲအတွင်းသို့ပြေးဝင်လာပြီး ကျနော့်ကို သိမ်းဖက်ကာ ထိန်းမနိုင်သိမ်းမရ ငိုသည်ကိုကား ကျနော်သည် ကယောင်ကတမ်းဖြင့် သိနေ၏။ ကျနော်သည် ဝေ့ကို ကျောမှသိမ်း၍ ကယောင်ကတမ်း ဖက်ထားမိသည်။ “ ဝေရှိပါတယ်၊ ဝေဘယ်တော့မှ မသွားပါဘူး ကိုကိုရဲ့၊ ကိုကို့အနားမှာ ရှိပါတယ်” ဟု သူ၏ ရှိုက်ငိုရင်းပြောသံကို ကယောင်ကတမ်း ကြားနေခဲ့သည်။
ကျနော့်ကို ပွေ့ထူပြီး လည်ချောင်းထဲ ပူဆင်းသွားသည့် ဆေးပူကြီးတခွက်ကို တိုက်သည်။ တကိုယ်လုံးမှာ အပြင်းအထန်ဆုံးပူလာသဖြင့် ကျနော်သည် တအင်အင် ညည်းနေစဉ်၌ ဝေသည်လည်း တဲအပြင်သို့ ပြေးထွက်သွားခဲ့လေသည်။
ဝေ ငှက်ပျောဥယျာဉ်ထဲ၌ အော်ဟစ်ငိုသည်ကိုလည်း ကျနော်သည်မသိ။ ဝေ့ကို ကိုမြလေးသည် နှစ်သိမ့်နေရ၏။ ဆရာကြီးက စိုးရိမ်ရန်မရှိကြောင်း ပြောသည်ကိုလည်း ဝေသည် မယုံ။
“ကိုကို သေတော့မှာမဟုတ်လားဟင်၊ ကျမကို အမှန်ပြောကြစမ်းပါ”ဟု သူသည် အော်ပြောပြီး ငိုယိုနေခဲ့လေသည်။ ကျနော်သည် အတန်ကြာလျှင် ချွေးများသွန်ထွက်လာကာ မောပန်းလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။ အိပ်ရာမှနိုးလာလျှင် ဝေ့ ကိုသိမ်းဖက်ထားနေမိသည်ကို သတိထားမိလိုက်လေသည်။ ကျနော်သည် ဝေ့ကို ရောဂါကူးစက်လိမ့်မည် တွေးလိုက်မိသည်။
“ကိုကို အားမငယ်နဲ့နော်၊ ခင်ဝေရှိတယ်။ ဆရာကြီး ဆေးတွေလဲ အများကြီးပေးခဲ့တယ်၊ ခင်ဝေ့ကိုလဲ မကူးစက်အောင်ဆိုပီး ဆေးတွေ ပေးထားတယ်၊ ကိုကို ပျောက်ကိုပျောက်မှာလို့ ဆရာကြီးပြောတယ်၊ မပျောက်ရင် ဇက်အဖြတ်ခံမယ်တဲ့ကိုကို”ဟူ၍ သူသည် တတွတ်တွတ် ပြောနေခဲ့၏။
ကျနော်သည်လည်း ဝေ့ကို တွန်းလွှတ်ထားလေသည်။ ဝေ့မျက်နှာလေးကို ပီသလာအောင် မှန်အိမ်မီးရောင်ဖြင့် ကြည့်နေမိ၏။ ဝေ့မျက်နှာမှာ ကျနော့်မျက်လုံးအမြင်၌ တလှပ်လှပ် ဖြစ်နေပြန်သည်။ ဝေ့ကိုယ်ဝန်ကိုမူ ထင်ထင်ရှားရှား မြင်နေရသည်။
ရင်ထဲတွင် ပူလောင်လာပြန်သည်။ မှန်အိမ်မီးရောင်သည် မျက်လုံးအိမ်ထဲတွင် စူးနစ်ဝင်နေ၏။ “ မှန်အိမ်ကြီးက ဘာလို့ ဒါလောက်လင်းနေရတာလဲ၊ မှိန်စမ်းပါ”ဟု ကျနော်သည် အော်ဟစ်နေမိပြန်သည်။
“ဟိုဘက် ကွပ်ပျစ်မှာ အိပ်ပေါ့” သူ့ကို လှမ်းပြောလိုက်၏။ ညဉ်နက်လာလျှင် ကျနော်သည် ငှက်ပျောဥယျာဉ်ထဲမှ ငှက်ပျောရွက်ချင်းခတ်သံများကို လက်ကွင်းတီးသံဟု ထင်နေပြန်သည်။ မြို့ကြီး၌ ကျောက်ရောဂါဆိုးကြီး ဝင်ရောက်လာစဉ်တွင် လူသေအလောင်းများကို တသယ်ထဲ သယ်ထုတ်နေသည်ကို သတိရနေပြန်သည်။ ကျနော်သည် တညလုံး အိပ်မပျော်တချက် ပျော်တချက်ဖြင့် အမေကို တကာ ညည်းညူတိုင်း ဝေသည် တဖက်ကွပ်ပျစ်မှ ကိုယ်လေးလက်ဝန်ကို ဖြည်းဖြည်းလေးလေး သယ်ကာ ကျနော့်အိပ်ရာနံဘေးသို့ လာသည်။
ဖြစ်စ ရက်များတွင် ဝေသည် တဲအတွင်းမှ မထွက်တော့ပေ။ သူသည် ကျနော့်ကို ပွေ့ထူ၊ ဆေးတိုက်၊ အဝတ်လဲ အမြဲလုပ်ပေးနေခဲ့ကာ သူ့မျက်နှာပင် ချောင်ကျလာသည်။ “ခင်ဝေ မကူးပါဘူး၊ ဆေးသောက်ထားတာဘဲ” ဟု သူအမြဲပြောသည်။
ဝေက ကျနော်၏ ပြည်အလူးလူး ကပ်နေသော အဝတ်ကို လျှော်ရန်သော်လည်းကောင်း၊ အိမ်ဈေးဆိုင်ကလေးအတွက်လည်းကောင်း၊ ခဏတဖြုတ်ထွက်သွားသည့် အခိုက်ကလေး၌ပင် ကျနော်သည်လည်း ဝေ့ကို အထပ်ထပ် မျှော်နေမိသည်။
တခါတရံ၌ သူ ဆန်ပြုတ်ကို ဇွန်းနှင့်ခပ်ပြီး တိုက်နေစဉ်တွင် ကျနော့်စိတ်နှလုံးသား၌ ဝေ့ကို ဇနီးမယားလို မထင်တော့ပေ။ ထိုခံစားမှုမှာ နှလုံးသားအောက်ခြေရှိ နက်ရှိူင်းလှသောဒေသမှ လာခဲ့ဟန်တူသည်။ ကျနော်သည် ဝေ့မျက်နှာကလေးကို ကြည့်နေရင်း ဝေ့ကို အမေလိုဘဲဟု တွေးနေမိတတ်ကာ “အမေ”ဟု ခေါ်လိုက်ချင်စိတ်များပင် ပေါ်လာမိပြန်သည်။
ဝေ မရှိလျှင် မောင်ချစ်ထူးလည်း တဲအပြင်ဘက်ငှက်ပျောပင်ရိပ်တခုတွင် ထိုင်နေတတ်၏။ ကျနော်သည် ဝေ ကြာလျှင် မောင်ချစ်ထူးကို မကြာမကြာ ခေါ်ခေါ်ပြီး မေးမိလေသည်။
“မလာသေးဘူး ဦင်္းလေး၊ ခဏဆိုပီး သွားတာ ကျနော် တာပေါ်က တက်ကြည့်လိုက်အုံးမယ်”ဟု ပြောပြီး ခလေးသည် တဲအတွင်းမှ ထွက်ကာ တဖုတ်ဖုတ် ပြေးသွားလေသည်။
ထိုအခါတွင်ကား ငှက်ပျောဥယျာဉ်တခုလုံးသည် ညနေဆည်းဆာဝယ် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ငြိမ်သက်နေသည်ဟု ကျနော့်စိတ်တွင် ခံစားတွေ့ထိလာရပြန်သည်။
တဲတံခါးပေါက်ဝမှ ဝေကိုယ်ဝန်ကြီး တခွဲသားနှင့် လေးလေးပင်ပင် လမ်းလျှောက်ဝင်လာသည်ကို တွေ့ရလျှင် ကျနော်သည် ငေးစင်း ကြည့်နေမိတတ်ပြန်သည်။ ဝေသည် လက်နှစ်ဖက်၌ ရေနွေးဖြင့် ပြုတ်လျှော်ထားသော ကျနော့်ပြည်ပေကျံနေသည့် အဝတ်များကို တဖက်သူ့ကွပ်ပျစ်ပေါ်တွင် လှန်းလိုက်ပြီး ကျနော့်ကိုလှမ်းကြည့်ကာ ပြုံးလေသည်။
“သားကြီးကလဲကွယ် အမေ ခဏကလေး မရှိရင် တကြော်ကြော် ဖြစ်တော့တာဘဲ” ဟု ပြောပြီး ရယ်သည်။
သူသည် ကျနော့်ကို မောင်ချစ်ထူး အကူအညီဖြင့် ပွေ့ထူ၊ အဝတ်လဲ၊ ဆေးတိုက်ပြီးလျှင် ပက်လက်လှန် အိပ်ခိုင်းပြီး ကျနော့်မျက်လုံးကို လက်ဖြင့် အသာအယာဖွင့်ကာ ကျောက်တိမ်မစွဲစေရန် သူ့လျှာဖြင့် လျှက်ပေးသည်။ ထိုအခါ၌ ကျနော်သည် သူ့ကျောပြင်ကို မမှီမကမ်း ဖက်ထားသည်။ သူ့ကိုယ်ဝန်သည် ကျနော့်လက်မောင်းပေါ်၌ နွေးအိစွာ ပိကျနေသည်။ ဤသို့ပြုမူရသည်ကို သူ ဘယ်က ရလာသည်မသိ။ သားငယ်များ ကျောက်ရောဂါဖြစ်လျှင် မိခင်များက ထိုအတိုင်းပြုမူတတ်သည်ကိုသာ ကျနော်သည် တွေးနေမိခဲ့၏။
ဤသို့ပြုမူသည်မှာ ကျနော် နေကောင်းလာသည့်အထိပင်။ ကျန်းမာလာပြီး နောင်၌လည်း ကျနော်တို့၏အကြော်ဆိုင်ကို ပြန်မဖွင့်ဖြစ်တော့။ ဝေသည် ဟေမန်ရွာလယ်ရှိ စိမ်းလန်းသော ငှက်ပျောပင်များပတ်လည်ဝိုင်းနေသည့် ကျနော်တို့ ၏တဲကလေးပေါ်တွင် သမီးလေး စပယ်ခိုင်ကို မွေးဖွားရပြန်သည်။
ထို့နောက် များမကြာမီ အလုပ်ပြန်ခန့်စာရကာ ကျနော်တို့ ဟေမန်ကို စွန့်ခွာလာခဲ့ကြရသည်။ နောက်တွင်ကား မည်သည့်အခါတွင်မှ ကျနော်တို့သည် ဟေမန်သို့ တဖန်ပြန်၍ မရောက်နိုင်ကြတော့ပြီ။
အပိုင်း(၆) ဆက်ရန်
နိုင်ဝင်းဆွေ
No comments:
Post a Comment