Saturday, July 9, 2022

​နွေတည(အပိုင်း - ၆)

​နွေတည


အပိုင်း(၆)

၁၃။

ဗျိုင်းတအုပ် ကောင်းကင်တွင် ပျံလာသည်။ သူတို့သည် လှည်းများကိုကျော်ပြီး သစ်တောတန်းကို ဖြတ်ပြီး သစ်ကြိမ်း၊ မဲဟော်နှင့် ဟေမန်ဘက်သို့ ရှေ့ရှုသွားမည်။ ကြည့်နေရင်းကြည့်နေရင်းပင် သူတို့ သစ်တောတန်းကို ဖြတ်ကျော်သွားကြပါပြီ။ အတန်ကြာလျှင် မဲဟော်ကိုဖြတ်ပြီး သူတို့ ဟေမန်သို့ရောက်ကြပါတော့မည်။ ချစ်သမီးစပယ်ခိုင် ကျန်ရစ်ခဲ့သော ဟေမန်သို့ရောက်ပါလိမ့်မည်။


သမီးလေးကား ဟေမန်ဝယ် နေရစ်ခဲ့လေပြီ။ ဟေမန်သူကလေးသည် ဟေမန်မှ မည်သည့်အခါတွင်မှ ခွဲခွာတော့မည်မဟုတ်။ မျက်နှာဝိုင်းဝိုင်းကလေး၊ ပါးစုံ့နီနီထွေးထွေးကလေးနှင့် ချစ်စဖွယ်သမီးလေး။ သမီးလေးကိုမွေးဖွားမည့်နေ့ နံနက်ခင်းက တဖက်ရပ်တဲကလေး၏အပြင်ဘက်တွင် ကျနော်သည် အငြိမ်မနေနိုင် ဂဏာမငြိမ်နိုင်အောင် ဖြစ်နေခဲ့ရသည်။ ထို့နောက် မွေးဖွားလိုက်ချိန်တွင် တဖက်ရပ်တဲကလေး၏ အခန်းတွင်းမှ ဝေ၏ညည်းသံညူသံများနှင့်အတူ ကလေး၏ “အူဝဲ” သံကို ကြားလိုက်ရလေသည်။ ဤ “အူဝဲ” သံသည် အခြားသောကလေးငယ်များ၏ မွေးဖွားစ အော်ဟစ်လိုက်သံကလေးနှင့် မည်သို့မျှထူး၍ ခြားနားခြင်းမရှိ။ သို့သော် ထိုအော်သံကြောင့် တဲအပြင်၌ ရပ်နေသော ဖခင်လောင်းမှာ ရင်တဆတ်ဆတ်တုန်နေသည်။ ထိုအသံလောက် ထူးခြားသော၊ နှစ်သက်လွန်းဖွယ်ရာသော၊ အသဲနှလုံးကို ဆုပ်ကိုင်ဖျစ်ညှစ်ပစ်နိုင်သောအသံသည် မရှိ။ ကလေးငိုသံသည် ဖခင်ဖြစ်သူ၏ သဲခင်နှလုံး၊ အူအသဲအားလုံးတို့ကို ဝမ်းထဲမှ ထုတ်ဖယ်ပစ်တော့သည်နှင့် တူသည်။


တဲ၏အပြင်ဘက်သို့ လက်သည်တဦး ထွက်လာသည်။ သူက “အမလေးဟဲ့ လှလိုက်တာ” ဟု ပြောလိုက်သံသည် ကျနော့််သဲခင်နှလုံးတို့ကို အပြန်ပြန်အလှန်လှန် ပဲ့တင်ရိုက်ခတ်နေသည်။


“ဝေရော နေကောင်းရဲ့လား”


“ကောင်းပါတယ်”


“သမီးလေးနော်၊ သမီးလေး ”ဟု ကျနော် ရေရွတ်နေဆဲ ပြုံးရွှင်နေသည့် လက်သည်သည် တဲအတွင်းသို့ ပြန်၍ ဝင်သွားလေသည်။


ထိုနေ့နံနက်ဆည်းဆာက ကျနော်တို့၏တဖက်ရပ်တဲကလေးမှာ အသာယာဆုံး သာယာလျက်ရှိလေသည်။ ထိုထက်သာယာစရာ၊ ထိုထက်ပို၍ လှပပြည့်စုံဖွယ်ရာသည် မရှိ။ သမီးရတနာကလေးနှင့် ဆင်ယင်လိုက်သဖြင့် အလှပဆုံး ဖြစ်နေသည်။

ယခုမူ ထိုတဲကလေးမှ ကျနော်တို့ထွက်ခွာလာခဲ့၊ ဟေမန်ကိုပစ်ပယ်လာခဲ့၊ သမီးလေးကို ဟေမန်ဝယ် ထားရစ်ခဲ့ရလေပြီ။


လှည်းပေါ်တွင် ဝေသည် အဝေးဆီသို့ ငေးမျှော် ကြည့်နေသည်။ သူ ဘာကို မြင်တွေ့နေသလဲမသိ။ ဝေ့မျက်လုံးများသည် ဘာကိုမျှမြင်တွေ့နေပုံလည်း မရ။ လှည်းဆောင့်လိုက်လျှင် ဝေ့ကိုယ်လုံးကလေးမှာ အရုပ်ကလေးတခုလို လှုပ်သွားသည်။ လှည်းပြန်၍ ငြိမ်သက်လျှင် သူ့ကိုယ်ကလေးသာမက မျက်လုံးမျက်နှာအားလုံး မလှုပ်မရှက် ငြိမ်သက်နေမြဲ။ အဝေးသို့ငေးနေမြဲ။


ကျနော်သည် သူ့ပခုံးတဖက်ပေါ်သို့ လက်လှမ်းတင်လိုက်သည်။ “သိပ်တွေးမနေပါနဲ့ဝေ” ဟု ပြောလိုက်သည်။ သို့သော် ဝေသည် ကျနော့်စကားများကို မကြားနိုင်။ ဝေ့ရင်ထဲမှ ပူလောင်မှုများသည် ဝေ့ပခုံး၊ ေ့ဝပခုံးပေါ်မှ ကျနော့်လက်။ ကျနော့်လက်မှ ကျနော့်ရင်ထဲသို့ ကူးစက်နေသည် ထင်သည်။ ကျနော်လည်း နောက်ထပ်စကားတလုံးမျှ မပြောတော့ဘဲ ထိုအတိုင်းပင် ငြိမ်သက်နေလိုက်သည်။


သမီးလေးကို ပုခက်ထဲ ထည့်လွှဲလျက် ဘေးမှ ထိုင်နေသောအခါတွင်လည်း ဝေသည် ဤကဲ့သို့ပင် မလှုပ်မရှက် ငြိမ်သက်နေတတ်သည်။ သမီးလေးကို မျက်တောင်မခပ်ဘဲ ငေးမောငြိမ်သက် တွေဝေစွာ ကြည့်နေတတ်သည်။ ကလေးအိပ်ပျော်နေလျှင်လည်း ဝေသည် ပုခက်အနားမှ မခွာဘဲ ပုခက်အထဲ ငုံ့ကြည့်နေတတ်သည်။ ထမင်းချက်နေရင်းကပင် ထမင်းအိုး ကမန်းကတန်း ငှဲ့ခဲ့ပြီး ဝေသည် ပုခက်ရှိရာသို့ ပြန်ပြေးလာတတ်သည်။ ပုခက်အတွင်း ငုံ့ကြည့်နေသော ဝေ့မျက်လုံးများသည် ကလေးမျက်နှာပေါ်မှ မရွေ့လျားတော့။ စိုက်ပြီးတွေနေသည်။ ထိုအခါ ဝေ့မျက်နှာပြင်တွင် ရယ်ခြင်းပြုံးခြင်းလည်း မရှိတော့။ မျက်လုံးအိမ်ထဲ၌ မေတ္တာအခိုးအငွေ့များ မှိုင်းအုံလျက်ရှိပြီး ထိုမိခင်မေတ္တာတို့သည် ကလေးအပေါ်တွင် အထပ်ထပ်အလည်လည် ရစ်ပတ်လျက်ရှိသည်။


‘ ဝေ လုပ်နေပုံနဲ့တော့ ကိုယ့်သမီးကို ကိုယ်ပေးတဲ့နာမည် ဘယ်သူကမှ ခေါ်ကြတော့မှာမှုတ်ဖူး၊ ခလေးနာမည်တော့ ပျက်ပါပြီ၊ အခု စပယ်ခိုင်လို့ခေါ်တာ ကိုယ်တယောက်ထဲရှိတော့တယ်၊ ကြည့် ခလေး အိပ်ပျော်နေပြီ၊ ပုခက်နားက ခွာအုံးမှပေါ့၊ လုပ်စရာရှိတာ လုပ်တာမဟုတ်ဖူး၊ အခုတော့ အိပ်ပျော်နေလဲ ခလေးကို ငုံ့ကြည့်နေတာဘဲ‛


‘ သွားစမ်းပါ ‛


ဝေသည် နီထွေးသော မျက်နှာဖြင့် ရှက်ကိုးရှက်ကန်းရယ်နေပြန်သည်။ ထိုအခါတွင် သူ့မျက်နှာ ဝိုင်းဝိုင်းတိတိလေးမှာ ပို၍ဝိုင်းစက်သွားတတ်ပြီး မဖီးမသင်ပဲထားသော သူ့ဆံပင်များသည် မျက်နှာပေါ်တွင် ဝဲပြီးဝေနေလျက်။ သူသည် အစွမ်းကုန်ပွင့်လိုက်သည့် ပန်းကဲ့သို့ လှနေတတ်သည်။ အဟောင်းအမြေ့များနေရာ၌ အသစ်တို့ဖြင့် အစားထိုးလဲလှယ်လိုက်သလိုပင် သမီးလေးမွေးဖွားပြီးမှ ဝေ့အသားတို့သည် ပို၍စိုပြေနုပျိုလာလျက်၊ သူ့အလှသည် အတောက်ပဆုံးဖြစ်နေသည်။


‘ပုခက်အနားကမခွာတော့ ဘာဖြစ်မှာလဲ‛


“ ဒါကြောင့် ကိုယ့်သမီးလေးကို အုန်းင်္သီးလေးလို့ခေါ်တာပေါ့လေ”


“ဒါတော့ ကိုကိုကိုယ်တိုင်ကမှ ခင်ဝေ့ကို မျောက် အုန်းသီးရထားတာလို့ ပြောတော့၊ ခလေးကို အုန်းသီးလေးလို့ သူတကာတွေ ခေါ်တော့တာ ဆန်းသလား”


ထိုအချိန်၌ သမီးလေးသည် ပုခက်ထဲမှ နိုးလာပြီး လှုပ်ရှားကန်ကျောက်လျက် မျက်လုံးနှစ်ခုကို ဖွင့်လိုက်တတ်ပြီး “အယ်အယ်”နှင့် ငိုလိုက်တတ်သည်။ ကလေး၏“ အယ်အယ်” ငိုသံမှာ တဲကလေး၏ အသာယာဆုံး ဂီတတေးသံဖြစ်နေသည်။ စပယ်ခိုင်လေး၏မျက်လုံးများမှာ တောက်ပ ရွှန်းလက်နေတတ်သည်။ အနှီးစများကို လက်ဖြင့် ဆုပ်ကိုင်ပြီး ခြေထောက်နှင့် ကန်ကျောက်နေ၍ စပယ်ခိုင်၏မျက်နှာပေါ်မှ မဲ့နေဟန်ကလေးမှာ သနားချင့်စဖွယ် ဖြစ်နေတတ်သည်။ ထိုအခါတွင် ဝေသည် ပုခက်အတွင်းမှ ကလေးကို အသာအယာ ပွေ့ယူလိုက်တတ်သည်။ မိခင်၏ စုတ်သပ်သားချော့သံမှာ မေတ္တာတရားများ လွှမ်းနေသည်။ ဝေသည် အင်္ကျီကိုမပြီး ကလေးပါးစပ်ထဲသို့နို့ကို ငုံ့ပြီး ထည့်ပေးနေသည်။ ဤသို့ကလေးငယ်သည် နို့ကို အငမ်းမရစို့နေဟန်၊ မိခင်၏မေတ္တာဖြင့် သီကုံးထားသောမျက်လုံးတို့ဖြင့် ကလေးငယ်အား င့ု့ံကြည့်နေဟန်များမှာ လှပသော ပန်းချီကားတချပ်ဖြစ်နေသည်။


“ အမေတို့ဆီ သွားလယ်ကြအုံးစို့ဝေ၊ အမေက သူ့မြေးမလေးကို သိပ်ချစ်မှာဘဲ”


“ မရဘူး ကိုကို၊ ခလေးကို ဘယ်သူမှမချစ်ရဘူး၊ သူ့အဖေက ချစ်တယ်ဆိုတာတောင် လွန်လွန်းနေဘီ၊ တော်ကြာ အဖွားကြီးက ခင်ဝေ့သမီးလေးကို လက်မလွှတ်ဘဲ ထားရင်း ဘယ့်နှယ်လုပ်မလဲ၊ ရှင်းရှင်းပြောရရင် စပယ်ခိုင်နဲ့အဖွားကြီးနဲ့ဘာမှတော်တာ မဟုတ်ဖူးနော် ကိုကို၊ ဘာပြုလို့လဲဆိုတော့ ခလေးက ကိုကို့သမီးမဟုတ်လို့ဘဲ၊ ကိုကို့သမီးဆိုရင် ကိုကို့လို ကျောက်ပေါက်မာပါမှာပေါ့နော် သမီး”


“အို သမီးလေးရှိနေလား၊ သမီးလေးက ရီတော့ သမီးလေး မေမေက သိပ်ချစ်ဖို့ ကောင်းတာဘဲ၊ ဝဝတုတ်တုတ်ကလေးနော်” 


ကျနော်သည် နောက်ပြောင်နေတတ်၏။ ဝေသည် မျက်စောင်းထိုးပြီး တဲကလေးအတွင်း ဂယက်ရိုက်သွားအောင် ရယ်ပစ်တတ်လေသည်။ “သိပ်ဆိုးတဲ့လူ” ဟု ဝေ၏ပြောသံမှာ ကြည်နူးစဖွယ် ဖြစ်နေတတ်သည်။


ယခုမူ ထိုရက်အပေါင်းသည် အိပ်မက်၏အခိုးအရိပ်များသဖွယ် ပစ္စက္ခမှ ပျောက်ကွယ်သွားခဲ့လေပြီ။ ချစ်စဖွယ်သမီးကလေး၏ ခိုးခိုးခစ်ခစ်ရယ်သံကလေး၊ ရယ်နေလျှင် ချိုင့်နေသော ကလေး၏ပါးပေါ်မှ ပါးချိုင့်ကလေး၊ နီထွေးနေသည့် ပါးစုံ့ကလေးများ၊ သမီးလေး၏ကန်ကျောက်နေပုံ အားလုံးတို့သည် အိပ်မက်ဟောင်းများ၌ ပျောက်ကွယ် ကျန်ရစ်ခဲ့လေပြီ။ သမီးလေးမရှိတော့ပြီဟူသော အသိကို ယခုပစ္စက္ခ၌ ဖခင်၏ရင်ထဲတွင် လက်ခံ၍မရနိုင်သေး။


ဝေ ငေးမောကြည့်ရှုနေသည့် လယ်ကွင်းပြင်ကြီးမှာ အဆုံးအစမရှိသော၊ လှိုင်းလေအိနေသော ပင်လယ်ကြီးနှင့် တူသည်။ လှည်း၏နောက်ဖက် ဝေးဝေးပျပျ၌ ပန်းချီကားချပ် အနားသတ်မျဉ်းကဲ့သို့ သစ်တောတန်းကြီးကို ဝေ မြင်နေရသည်။ ဤသစ်တောတန်းကြီး၏ ဟိုဘက်၌ သစ်ကြိမ်း၊ မဲဟော်ချောင်းနှင့် သမီးလေးစပယ်ခိုင်လေး နေရစ်ကျန်ရစ်ခဲ့သော တောလယ်သာခေါင်မှ ဟေမန်ရွာကလေးရှိနေသည်။


ကိုယ်တို့သည် အတောင်ကျိုးပြတ်သော ငှက်ငယ်များအဖြစ်ဖြင့် ဟေမန်တောရိပ်၌ ခိုလှုံနားနေ အိပ်စက်ခဲ့ကြ၏။ အတောင်ပြန်ကောင်းလာ၍ ဟေမန်မှ ထပျံလာသောအခါ၌ ကျေးငှက်ကလေးတကောင်သည် ဟေမန်သိုက်မြုံဝယ် ခိုလှုံ ကျန်ရစ်ခဲ့လေပြီ။

ကျနော်သည် တင်ထားသောလက်ကို ဝေ့ပခုံးပေါ်မှ ပြန်၍ရုပ်လိုက်သည်။ ထိုအခိုက်တွင် လယ်ကွင်းပြင်ကျယ်ကြီးကို ဖြတ်သန်းတိုက်ခတ်လာသည့် လေထဲ၌ လွမ်းဘွယ် ဆွေးဘွယ်သော မိုးရနံ့၊ ရေရနံ့ ပါလာနေသည်။ ဝေ့ရင်ထဲ၌ မီး တငွေ့ငွေ့ တောက်လောင်နေသကဲ့သို့ဝေ့မျက်နှာမှာ ယခုထက်တိုင်အောင် လှုပ်ရှားမှု ကင်းမဲ့နေဆဲပင်။ ဝေသည် ရယ်မောရန်၊ လှုပ်ရှားရန်၊ အသက်ရှူရန်အားလုံးကို မေ့လျော့နေသကဲ့သို့ပင်။ အနှစ်နှစ်အလလက အူတိုင်တခုလုံး ဆွေးလိုက်လာနေသော သစ်ပင်အိုကြီးနှင့် ခြားမည်မဟုတ်ပေ။


“ညနေဘက်ရထားကို ကောင်းကောင်းမှီပါတယ်ဗျာ၊ ဟိုရောက်ရင်တော့ ကျနော်တို့ဟေမန်ကို မမေ့ကြနဲ့နော်၊ မကြာမကြာ လာလည်အုံးဗျာ၊ ဟေမန်ကို စာထည့်ဘို့တော့ ကျနော်လဲ လိပ်စာ မပေးတတ်ဘူး၊ ခင်ဗျား အပြန် နဲနဲလေးစောသွားတယ်၊ ကျနော့် မင်္ဂလာဆောင်ပြီးမှ ပြန်ဘို့ကောင်းတာ”ဟု ကိုမြလေးက စကားစရှာပြီး ပြောနေသည်။


သူ့စကားတို့သည် ဝေ့နားထဲသို့ ရောက်နိုင်မည်မဟုတ်။ ဝေ့စိတ်နှလုံးသားထဲမှ သမီးလေးအား သတိရနေစိတ်ကို ဟန့်တားနိုင်မည်မဟုတ်။ ကိုမြလေးသည် သူ့နွားများကို ဖြည်းဖြည်းသွားရန် ကြိုးကို ထိန်းထားနေသည်။ နောက်မှ ပစ္စည်းများ တင်လာသည့်လှည်းမှာ အဝေးတွင် ကျန်နေရစ်ခဲ့သည်။ ဟေမန်သားများထဲ၌ ခင်မင်ဘွယ်ရာ အကောင်းဆုံးလူမှာ ကိုမြလေးပင် ဖြစ်လေသည်။ သူသည် အသက်လေးဆယ်အနား ကပ်သီနေပြီဖြစ်သော်လည်း ဆယ့်ငါးနှစ်ကလေးမလေးများကိုမှ ပိုးသည်။ သို့သော် ဘယ်အခါမျှ စွံသည်ဟူ၍လည်း မရှိဘူးခဲ့။ ပျော်ပျော်နေတတ်ပြီး အစဉ်အမြဲ ရယ်မောနေတတ်သူဖြစ်သည်။


“ဟုတ်တယ်၊ ကျနော် စောင့်တော့ စောင့်နေအုံးမလို့ဘဲ ကိုမြလေးရေ၊ ဒါပေမယ့် စောင့်နေရင် ဆံဖြူသွားကျိုးအောင်နေရမယ့် အတူတူတော့ အခုထဲကဘဲ လက်ဖွဲ့သွားချင်တယ်၊ တကယ်လို့ခင်ဗျား မိန်းမမရခင် အိုပီး သေသွားမယ်ဆိုရင်လဲ အသုဘ ကူငွေလို့ သဘောထားတာပေါ့”


“ဒါတော့ ခင်ဗျား ကျနော့်ကို နှိမ်လွန်းပြီဗျာ၊ မှုတ်ဖူးလားခင်ဝေ၊ ဒီလူ ငါ့ကို အထင်သေးလွန်းနေပြီ၊ နင်တို့လို နှပ်ချီးတွဲလောင်းနဲ့ကောင်မလေးတွေတောင် လင်တွေ ဘာတွေရလို့မှုတ်လား၊ အစတုန်းက ခင်ဗျာ့ဝေဟာ တာရိုးပေါ်မယ် ထမီဂွင်းသိုင်းပီး ဂွေလှိမ့်လာခဲ့တာ”


ကိုမြလေး၏ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်သံနှင့်အတူ ကျနော်လည်း လိုက်ရယ်သည်။ ထိုအချိန်တွင် ဝေသည် နောက်ဖက်ပြန်လှည့်ကြည့် ပြုံးလိုက်ပြီး လှည်း၏အပြင်ဘက်သို့ပြန်လှည့်မြဲ လှည့်သွားသည်။ ထို ဝေ့အပြုံးမှာ အပြုံးမဟုတ်။ သူ့မျက်လုံးများကား ဆွေးမြေ့နေလျက်ပင်။ သူ့နှလုံးသားများကား ငိုကျွေးနေလျက်ပင်။


ဟေမန်၌ ကျနော်တို့အား အစအရာရာ ကူညီသူမှာ ကိုမြလေးဖြစ်လေသည်။ သမီးလေး၏အလောင်းကို သင်းချိုင်းသို့ ပွေ့ချီယူသွားသူမှာလည်း ကိုမြလေးပင် ဖြစ်လေသည်။ သမီးကလေးဆုံးတော့မည့်အချိန်တွင် ကျနော်သည် သမီးကို ဝေ့ရင်ခွင်ထဲ၌ပင် ထားခဲ့ပြီး တဲရှေ့ ငှက်ပျောတောဘက်သို့ ဆင်းပြေးသွားခဲ့လေသည်။ သမီးလေးကား မျက်ဖြူလန်လျက် အနှီးစ နှစ်ဖက်ကို ဆုပ်ကိုင်ပြီး သူ့မေမေရင်ခွင်ထဲတွင်ပင် တက်ချက်နေလေပြီ။ နေ့လယ်ဘက်က ကိုယ်ကလေးနွေးရုံမျှသာ ရှိခဲ့လျက် ညနေဘက်တွင် မယုံကြည်နိုင်ဘွယ်ရာ အခြေအနေဆိုးလာခဲ့လေသည်။


ကျနော်သည် ဆောက်တည်ရာ မရနိုင်တော့ပေ။ ရင်ထဲမှ အလုံးတခုမှာ ဆောင့်ဆောင့် တက်လာနေသည်။ ထို့နောက် တဲဘက်မှ “ငိုလိုက်လေ ခင်ဝေ၊ ငိုလိုက် ”ဟု ပြောဆိုသံများ ကြားရသည်။ အသံများသည် ပိုမို၍ ဆူပွက်လာကြသည်။ သမီးလေး၏ သက်တမ်းမှာ လေးလမျှပင် မပြည့်သေး။ သမီးလေးကား သေဆုံးသွားလေပြီ။ ငှက်ပျောတောထဲ၌ ကျနော်သည် ထိန်း၍ မထားနိုင်တော့ဘဲ အလုံးဆောင့်တက်လာပြီး ငိုပစ်ရသည်။ သို့သော် တဲဘက်ဆီ၌မူ ငြိမ်သက်နေသည်။ 


ကလေးအမေသည် ကလေးအလောင်းကို ရင်ခွင်ထဲထားပြီး စူးစိုက် ငုံ့ကြည့်နေသည်။ မျက်လုံးများမှာ သမီးမျက်နှာလေးပေါ်မှ မရွေ့လျားတော့ဘဲ ငြိမ်သက်နေသည်။ လှုပ်ရှားမှု အလျင်းမပြု။ သူ့မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ပြည့်သိပ်လာနေသည်ထက် ပြည့်သိပ်လာနေပြီး ဝေသည် ကလေးအလောင်းကို ပို၍တင်းကျပ်သည်ထက် တင်းကျပ်အောင် ဖက်ထားသည်။ သူသည် တချက်ရှိုက်လိုက်ပြီး အတောင့်လိုက် တက်သွားလေသည်။


“လုပ်ကြပါအုံးဟဲ့၊ ခင်ဝေ ခင်ဝေ ဒီကောင်မလေးနှယ် ငိုလိုက်ပါလို့ ပြောလို့လဲ မရဘူး ၊ ဒါမျိူးဟာ သေတတ်တယ်။ ခြေမ လှန်ချိုး၊ မဟုတ်ဖူး တပိုးကျည်းတွင်းထဲ လက်နှိုက်ပြီင်္း လက်မနဲ့ကုတ်လိုက်ရတယ်။ ပူတော့ပူတာပေါ့အေ၊ ဒါတော့လွန်လွန်းတယ်”


အတော်ကြာမှ ဝေသည် သတိပြန်လည်လာပြီး ဘေးမှဝိုင်း၍ဆွဲထားသည်တို့ကို ရုန်းကန်နေပြီး ကလေးအလောင်းနား ပြေးကပ်ရန် ကြိုးစားနေသည်။ ထို့နောက် ဝေ့လက်ထဲသို့ကလေး ပြန်ရောက်သွားပြန်သည်။ တင်းကျပ်စွာ မလွှတ်တမ်း ဖက်တွယ်ထားပြန်သည်။ သို့သော် သမီးကလေးအလောင်းကို သဂြိုလ်ရန်တောင်းသောအခါ သူသည် ငြိမ်ငြိမ်သက်သက်ပင် ပေးလိုက်လေသည်။ ဝေသည် သဂြိုလ်ရာသို့မလိုက်။ ငိုလည်းမငိုဘဲ တဲတိုင်ကိုမှီကာ ငေးကျန်ရစ်ခဲ့သည်။ သမီးလေးအလောင်းကို ကိုမြလေး ပွေ့ချီပြီး ညနေဆည်းဆာရီတွင် သင်းချိုင်းဘက်သို့ယူသွားသည်။ ရွာကို ဖြတ်ကျော်သွားသော ကြေးစည်သံကို ကြားရသည်မှာ ကြေကွဲဖွယ်ရာ ဖြစ်နေသည်။ နေဝင်တော့မည်။ အလင်းရောင် မှိန်မှိန်ကလေးသာ ကျန်တော့သည်။


လှည်းပေါ်မှ ကိုမြလေး၏ရယ်သံ အဆုံးသတ်သွားချိန်တွင် ဝေသည် နောက်သို့ ဖြည်းဖြည်း ပြန်လှည့်ကြည့်လိုက်လေသည်။ ဤဟေမန်သို့အလာတွင် ဝေသည် မကျန်းမာ၍ ပ်ိန်ချုံးကျနေလျက် ယခု ဤဟေမန်မှ အပြန်တွင် ပိန်လှီနေပြန်သည်။


“ခင်ဝေ ဟေမန်က ဘယ်မှမသွားဘဲ၊ ဟေမန်မယ်ဘဲနေချင်တယ်၊ အခုတော့ ဒို့က ထွက်လာပြီး ဒို့သမီးလေး ကျန်ရစ်ခဲ့ပြီနော် ကိုကို၊ ဒို့နဲ့ ခွဲလာရပြီနော်၊ ခင်ဝေ မလိုက်ချင်တော့ဘူး။ ဟေမန်ကို ပြန်ပြေးချင်ပြီ ကိုကို၊ အလုပ်က ပြန်လုပ်မနေပါနဲ့တော့၊ အဲဒီငွေလောက်ကို ခင်ဝေရအောင် ရှာပြပါ့မယ်”


ဝေသည် ထိုစကားတို့ကို လေးလေးပင်ပင် ပြောလိုက်လေသည်။ ဝေသည် အမှန်ပင် ဟေမန်သို့ပင် ပြန်ပြေးချင်နေသည်။ ကျနော်လည်း အရယ်ရပ်လိုက်ပြီး ဝေ့မျက်နှာကလေးကို ငေးကြည့်နေမိသည်။


“မဟုတ်ဖူးဝေ၊ ကို အထပ်ထပ် ပြောခဲ့ပြီးပါပကော၊ ဒို့ဟေမန်မယ် တသက်လုံးနေလို့ ဘယ်ဖြစ်ပါ့မလဲ”


ကျနော့ပြောနေသံမှာ ညည်းညူးနေသလိုပင် ဖြစ်နေတော့သည်။


“အပြင်အလုပ်ဆိုတာ ဝင်ငွေအမှန် တသမတ်ထဲ ရှိတာမျိုးလဲမှုတ်ဖူး၊ ပြီးတော့ ကိုယ်ကလဲ ဘာမှလုပ်တတ် ကိုင်တတ်တာလဲမှုတ်ဖူး၊ နောင်ရေးနောင်တာဆိုတာ အရှည်အဝေးကြီး လှမ်းမြော်ကြည့်ပြီးမှ လုပ်သင့်တယ် အထင်ဆုံးကို လုပ်ရမယ်၊ အခု လုပ်ချင်တာ ဖြစ်ချင်တာကို အခု စိတ်လိုက်မာန်ပါ ကောက်လုပ်၊ အခုစိတ်လိုက်မာန်ပါ ကောက်ဖြစ်လို့ မကောင်းဘူးဝေ၊ အဲဒါဆိုရင် အမှားတွေထပ်နေမှာဘဲ၊ ကြာရင် မင်း မေ့မေ့ပျောက်ပျောက်မဖြစ်ဘဲ နေလို့ကိုမရပါဘူး၊ လူဟာ အမြဲတမ်းလဲ ငိုမနေနိုင်ဘူး၊ အမြဲတမ်းလဲ ရယ်မနေနိုင်ပါဘူး၊ ပြီးတော့ အလုပ်အကိုင်တခုဆိုတာ အခုခေတ်ထဲမယ် လွယ်ကူတော့တာ မဟုတ်ဖူး၊ အခုကြည့်လေ၊ အလုပ် ပြုတ်မသွားဘို့အတွက် ကိုယ်တို့စုဆောင်းလာခဲ့တဲ့ ရွှေကလေးတွေ ပြုတ်ကုန်သလောက်နီးနီး ဖြစ်ခဲ့ရဘီ၊ ခဏကလေးနဲ့ ကုန်သွားမှာဘဲ၊ ကိုယ်တော့ မင့်ရွှေတွေ ဘယ်လိုပြန်ရွေးနိုင်ရမလဲဆိုတာဘဲ စဉ်းစားနေတယ်၊ ဟေမန်မယ် ကိုယ်တို့ စိတ်ချမ်းချမ်းသာသာ နေရအောင် မင်းလုပ်ခဲ့တာ ကိုယ်မေ့နေလို့ပြောတာမဟုတ်ဖူး ဝေ”


ရှေ့ဘက်လယ်ကွင်းပြင်ကျယ်ကြီး၏အဆုံး၌ မြို့၏ဆင်ခြေဖုံးကို လှမ်းမြင်နေရသည်။ ဝေ အလုပ်လုပ်ခဲ့သည့် စပါးစက်၏စက်ခေါင်းတိုင်သည် ဝင်လုလုဆည်းဆာ၏ တ်ိမ်တောင် တိမ်လိပ်များအောက်ဖက်၌ မှုန်ရေးရေးထင်နေသည်။ စပါးစက်ထိပ်မှ ခုအခါ ရေခြောက်ခန်းနေတော့မည့် ချောင်းကလေး၊ ချောင်းကို ဖြတ်သားထားသည့် လက်ရန်းမဲ့ ခယိုခယိုင် တံတားကလေးကို သတိတရဖြစ်နေသည်။ ထိုလက်ရန်းမဲ့ တံတားကလေးပေါ်မှ ဝေနှင့်ကျနော်တို့၏ ဇာတ်လမ်းအတိုအထွာကလေးများ၊ အလုပ်သမား တန်းလျား၊ စပါးသယ် အလုပ်သမကလေးများ။


ယခုကား ဝေအားကိုးသည့် ဝေ၏မိဖများသည် ထိုနေရာ၌ ရပ်တည်မနေနိုင်ကြတော့ပြီ။ သူတို့သည် ပျံကျကျေးငှက်များကဲ့သို့ ရေကြည်ရာမြက်နုရာသို့ ပျံသန်း သွားခဲ့ကြပြီးလေပြီ။ သူတို့သည် လူမျိုးစုံပေါ်စ သမိုင်းဦးခေတ်ကာလက အခြေအနေမဲ့ ခြေသလုံးအိမ်တိုင်သမားများနှင့် ခြားနားလွန်းလှသည် မဟုတ်သေး။ သူတို့၏အသိပညာများကား အခြေအနေအရပ်ရပ်နှင့် ကင်းကွာနေခဲ့ပြီး နောက်သို့နှစ်လှမ်းပြန်ဆုတ်၍ ကျန်နေရစ်ခဲ့ဆဲပင်။လှည်းပေါ်တွင် ကျနော်က ဝေရယ်မောရန် ပြက်လုံးတခုကို ထုတ်ခဲ့သေးသည်။ သို့သော် ကျနော့်ပြက်လုံးမှာ ဟာသရသ ခြောက်ခန်းနေပါသည်။ ကျနော့်ရယ်သံမှာလည်း ခြောက်သွေ့နေပါသည်။ မျက်နှာမှာလည်း ညှိုးငယ်နေပါသည်။


ဘူတာသို့ရောက်ချိန်တွင် မှောင်ရီဆိုင်းနေပေပြီ။ ဘူတာနောက်ဘက် ကုန်ရုံတွင် တင်ဆောင်လာသည့် အိမ်ထောင်ပစ္စည်းများကို ချပေးခဲ့ပြီး ကိုမြလေးနှင့်သူ့အဖေါ်သည် နှုတ်ဆက်၍ လှည်းပြန်မောင်းသွားကြလေသည်။

သူ့တို ဒီနေ့ညတွင် မြို့၌ပင် အိပ်မည်ဖြစ်ပြီး နံနက်ဈေးတွင် မိုးတွင်းစာ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဆေးတို့ကိုဝယ်ပြီးမှ ပြန်သွားကြမည်။ သူတို့ကို ကျနော်သည် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်၏။ သို့သော် ကျေးဇူးတင်စကားကို တလုံး တပါဒမျှ ထုတ်ဖော်၍မပြောမိ။ သူတို့သည် ကျေးဇူးအတင်ခံလိုသောကြောင့် သို့မဟုတ် တခုခုတစုံစုံ အရာရာကို အပြန်အလှန်သဘောဖြင့် လိုချင်သောကြောင့် လိုက်လံပို့သကြခြင်း မဟုတ်ပေ။ ကျေးဇူးတင်ပါသည်ဟု ပြောလိုက်လျှင် ထိုစကားဖြင့်ပင် သူတို့၏ စေတနာကို အလဲအလှယ်ပြု၍ စော်ကားလိုက်ခြင်း ဖြစ်နေတော့မည်။


“သွားမယ်ဗျို့၊ ခင်ဗျားတို့ ဟေမန်ကို မကြာမကြာလဲ လာလည်ကြအုံးဗျာ။ ခင်ဝေ ဒို့ကို မေ့မသွားနဲ့နော်၊ နောက်တခါအလုပ်ပြုတ်ရင် ဟေမန်ကိုလာခဲ့ကြအုံးဗျ၊ ကျနော်တော့ ခင်ဗျား နောက်တခါ အလုပ်ပြုတ်လာတော့မှဘဲ အိမ်ထောင်ပြုတော့မယ်၊ အဲဒီကျမှ သိုက်သိုက်ဝန်းဝန်းဖြစ်မှာ၊ ခင်ဗျားက လူပျိုရံလုပ်ဗျာ၊ ခင်ဝေက အပျိုရံပေါ့လေ”


ကိုမြလေး၏စကားကြောင့် ကျနော်သည် ရယ်ပစ်မိ၏။ သူတို့လည်း ရယ်မောပြီး လှည်းများကို ပြန်မောင်းသွားကြသည်။ ကုန်ရုံတွင် တန်ဆာလုပ်ပြီး ဝေနှင့်ကျနော်သည် ဘူတာပလက်ဖောင်း၏ ဒေါင့်စွန်းထိုင်ခုံဘက်သို့ လျှောက်သွားကြလေသည်။ သည်ဘူတာသို့လူစီးရထားသည် ည ၇-နညရီ ၃၅-မိနစ်တွင် ဆိုက်ရောက်လိမ့်မည်။ ယခုပင် မီးရောင်ကင်းမဲ့သည့်နေရာများ၌ အမှောင်ရိပ်များ လွှမ်းနေလေပြီ။ ထိုင်ခုံပေါ်၌ ထိုင်နေရင်း ရထားဆိုက်ကပ်ရန် နီးကပ်လာချိန်အထိ ဝေနှင့်ကျနော်သည် စကားတလုံးမျှ မပြောမိကြပေ။ ထောင့်စွန်း ထိုင်ခုံပေါ်ဝယ် အမှောင်ရိပ်ဘက်သို့လှည့်ထားသည့် ဝေ့မျက်နှာကလေးမှာ နွမ်းရော်နေမြဲပင်။ ထို့နောက် ဝေ၏သက်ပြင်းရှိုက်သံ၊ သက်မချသံများသည် ငိုရှိုက်သံ၊ ငိုကြွေးသံများကဲ့သို့ ထင်မှတ်နေရပြန်သည်။


သမီးလေးစပယ်ခိုင် အရွယ်ရောက်လာလျှင်၊ သူ့လို မျက်နှာဝိုင်းဝိုင်းကလေးနှင့် ရယ်လိုက်လျှင် သူ့လိုပင် ပါးခွက်ကလေးနှစ်ခု ချိုင့်ခွက်သွားလိမ့်မည်။ စကားပြောလိုက်လျှင်လည်း ဝေ့အသံအတိုင်း၊ ရယ်မောလိုက်သံသည်လည်း ဝေအသံအတိုင်း၊ လှုပ်ရှားမှု ဟန်ပန်သည်လည်း ဝေနှင့် ခွဲခြား၍ ရမည်မဟုတ်။ စိတ်ဓာတ်သည်လည်း ဝေ့လိုပင်နေမည်။ ထိုအချိန်၌ ကျနော့်စိတ်ထဲတွင် တခဏဝယ် ဝေ့ကိုပင် အရွယ်ရောက်နေသော သမီးလေး စပယ်ခိုင်ဟု ထင်နေပြန်လေသည်။ ထို့ကြောင့် ဝေ့အပေါ်၌ထားသော သံယောဇဉ်ကြိုးများမှာ ပိုမို၍ မြဲခိုင်လာနေသည်။ ဝေ့ကို ကိုယ့်သမီးလေးကိုယ်စား သံယောဇဉ်ထားရမည်ဟု တွေးတောနေမိပြန်သည်။


“ရထားဆိုက်ကပ်ရန် ငါးမိနစ်မျှသာ လိုပါတော့သည်”ဟု ကြေညာသံသည် ပလက်ဖောင်းအပေါ် ဘူတာအမိုးအောက်မှ ပေါ်လာလေသည်။


မကြာမီ ၇- ၃၅ ရထားသည် ပလက်ဖောင်းဘေးသို့ ခပ်နှေးနှေးဝင်လာပြီး မီးရောင်အောက်၌ ကိုယ်ရှိန်သတ် ရပ်တန့်လိုက်လေသည်။ ရထားပေါ်၌ နေရာမရနိုင်တော့ပေ။ ကျနော်တို့သည် အိမ်သာထောင့်လှေကားခုံ၌ ရပ်လိုက်ကြလေသည်။ ထို့နောက် ၇-၃၅ ရထားသည် ချစ်သမီးလေး ကျန်နေရစ်ခဲ့ရာ ဟေမန်မြေမှ တစတစ ခွာလာတော့သည်။ ပလက်ဖောင်းမီးရောင်မှာ နောက်ဖက် ဝေးစွာ၌ ကျန်ရစ်ခဲ့သည်။ ကျနော်တို့ရပ်နေရာ အိမ်သာထောင့်မှာ မှောင်နေသည်။ ရထားသည် သံလမ်းပွိုင့်၊ အပြင်အလံတိုင်၊ ထို့နောက် မြို့၏ဆင်ခြေဖုံးကို ကျော်ဖြတ်လာခဲ့သည်။ အေးစက်နေသောဝေ့လက်သည် အမှောင်ထဲတွင် ကျနော့်လက်ကို တင်းရစ်စွာဆုပ်ကိုင်ထားပြီး သူ့ကိုယ်လုံးကျစ်ကျစ်ကလေးမှာ ကျနော့်ရင်ခွင်ကို အားကိုးကြီးစွာ မှီခိုထားနေသည်။


“ခင်ဝေတို့ တကယ်ဟေမန်က ထွက်လာကြတာနော်၊ ဟေမန်နဲ့ဝေးရပြီနော်၊ သမီးလေးနဲ့ဝေးရပြီ၊ အခု တကယ်ဝေးကြပြီ၊ ကိုကို့သမီးလေးသေတာ တကယ်ဘဲနော်၊ သမီးလေးမြေပုံကို ခင်ဝေမကြည့်ခဲ့ရဘူး”


ထိုအခါတွင်ကား ဝေ့အသံမှာ ရင်ထဲမှ ဆို့တက်လာပြီး ငိုတော့မည့်အတိုင်း ဖြစ်နေသည်။ ထို့နောက် ရထားသည် နှေးသွားပြီး ကြီးမားရှည်လျားသော တဆစ်ချိုးကွေ့ကြီးအတိုင်း တောင်ခြေဘက်သို့ဦးခေါင်းလှည့်ချိုး ကွေ့သွားနေလေပြီ။ အလားတူပင် ကိုယ်တို့ဇာတ်လမ်းသည်လည်း တဆစ်ချိုးကွေ့ရတော့မည် ထင်သည်ဝေ…..။


+ + +


၁၄။

တဆစ်ချိုးသည့်လမ်း


မြိုင်ကြီးမြို့သို့ရောက်ပြီး ကုန်းပေါ်ပိုင်း သီတာမြသားလမ်း အိမ်တွင် နေစရက်များက ဝေသည် အချိန်စက္ကန့်ပိုင်းတိုင်းတွင် သမီးလေးကိုသတိရကာ အဆွေးကြီးဆွေးခဲ့ရသည်။ ထိုရက်များတွင် တောင်ခြေမြို့ကလေးဖြစ်သော မြိုင်ကြီး၌ မိုးသည်လည်း အဆက်မပြတ် ရွာနေခဲ့၏။ တောင်တန်းကြီးများပေါ်မှ မိုးလုံး မိုးခဲကြီးများသည် လေနှင့်အတူ ကောင်းကင်မှပြေးလာကြပြီး မြိုင်ကြီးမြို့ကလေးပေါ်သို့ရောက်လျှင် တဝုန်းဝုန်း ပြုတ်ကျနေကြသည်။ အိမ်ရှေ့ပြတင်းဝဖွင့်လိုက်လျှင် မိုးရေများသည် သီတာမြသားလမ်းပေါ်ဝယ် ချောင်းငယ်ကလေးတခုအသွင်ဖြင့် တဝေါဝေါ ပြေးဆင်းနေသည်ကို တွေ့ရမည်။


ဤအချိန်မျိုးတွင် ပြတင်းဝမှာ အကြာကြီး ငိုင်ရပ်နေသော ဝေသည်လည်း သမီးလေးအတွက် စိတ္တဇစိတ်ဖြင့် မျက်ရည်များ တသွင်သွင် စီးကျနေတတ်သည်။ တခါတရံ ကျနော် အလုပ်မှ ပြန်လာချိန်တွင် ဝေ ပြတင်းဝရပ်ကာ ငေးငိုင်နေသည်ကို တွေ့မြင်ရလျှင် ကျနော့်စိတ်၌ပင် ထိခိုက်လာသည်။ ကျနော် သူ့အနား သွားရပ်လျှင်လည်း သူသည် ကျနော်ရောက်လာသည်ကို မသိသလိုပင် လှည့်၍မျှမကြည့်တတ်။ သူ့နှုတ်မှသာ သမီးလေးနှင့်ပတ်သက်သော စကားများကို တမျိုးမဟုတ်တမျိုး ပြောနေတတ်သည်။


“မိုးတွေက ရွာလိုက်တာနော်၊ အခုဆိုရင် သမီးလေးမြေပုံလဲ မိုးရေတွေနစ်နေတော့မှာဘဲ၊ ညက ခင်ဝေ အိပ်မက်မက်တယ်၊ သမီးကပြောတယ်၊ သူရေနစ်လို့ ကယ်ပါအုံးတဲ့၊ ဟေမန်မှာလဲ မိုးတွေ တအားရွာနေတာဘဲတဲ့၊ ခင်ဝေတို့ ထွက်လာတဲ့ နောက်နေ့က စရွာတာ ဒီနေ့အထိဘဲတဲ့၊ တရက်မှမပြတ်သေးဘူး၊ တနာရီတောင်မပြတ်သေးဘူးတဲ့၊ မြစ်ရေတွေ လျှံလာတာ တမန်ကြီးကို ကျော်တော့မယ်တဲ့၊ ငှက်ပျောခြံကြီးလဲ ရေထဲမြုပ်သွားဘီ၊ တမန်ကြီးကျိုးတော့မယ်တဲ့၊ သမီးလေးလေ ချမ်းလို့ ခိုက်ခိုက် တုန်နေတာဘဲ၊ နှုတ်ခမ်းတွေပြာလို့၊ ပြောလိုက်တဲ့စကားတွေကလဲ သွက်လိုက်တာလေ။ သမီးအသံက ကိုကို့အသံနဲ့ နဲနဲဆင်တယ်၊ သမီးအသံကို ကိုကိုကြားစေ့ချင်လိုက်တာ”


ကျနော်လည်း ဝေ့အနားတွင်ရပ်ကာ ရေများတဝေါဝေါစီးနေသည့် သီတာမြသားလမ်းအပေါ်သို့ ငေးကြည့်နေမိစဉ်၌ သမီးလေးကို သတိရလာကာ သူ၏ ခြေကားယား လက်ကားယား ဖြစ်နေပုံကို တွေးနေမိကာ ရင်ထဲတွင် ဆို့နင့်နာကျင်လာနေရပြန်သည်။

ဤရက်ပေါင်းများစွာ၌ ဝေ့ကို စိတ္တဇပင် စွဲကပ်မည်ပင် စိုးလာရသည်။ သူသည် အဝတ်လျှော်ရင်းလည်း အဝတ်များ၊ ဆပ်ပြာများကို ပစ်ချထားပြီး ကြာရှည်ကြာမြင့် ငိုင်ချင်ငိုင်နေသည်။ ထမင်းချက်ရင်းလည်း ထမင်းအိုးကြီး ပွက်ပွက်ဆူနေသည်ကို သူသည် ငေးကြည့်ချင် ကြည့်နေသည်။ ညအိပ်ရာများထဲတွင်လည်း သူသည် တလူးလူးတလှိမ့်လှိမ့် ဖြစ်နေတတ်၏။ တခါတရံ “သမီးရေ” ဟု သူသည် ကယောင်ကတမ်းဖြင့် မြှူချင်မြှူနေတတ်၏။ သူ အိပ်မက် ထရောင်နေသည်ကိုကြည့်ရင်း ကျနော်ပင်စိတ်ထိခိုက်ခဲ့ရပြန်သည်။ သူသည် ခေါင်းအုံးကို ပွေ့ပိုက်ပြီး “သမီး .... သမီးက သိပ်လိမ္မာတာနော်”ဟု ပြောချင်ပြောသည်။ ခေါင်းအုံးကို လွှင့်ပစ်ကာ ပြန်အိပ်သွားသည်။


မြိုင်ကြီး၌ မိုးပါးစပြုလာသောညများတွင် ကောင်းကင်၌ လရောင်များ ကြယ်ရောင်များ ပြိုးပြက်လာခဲ့သည်။ စပယ်များလည်း လှိုင်လှိုင် ပွင့်လာပြီဖြစ်၍ ညများ၌ စပယ်ရနံ့များ သင်းမြလာသည်။ ထိုရက်များအတွင်းက ညညတွင် ဝေသည် နှစ်ခြိုက်စွာ အိပ်သည်ဟူမရှိခဲ့။ သူသည် နှလုံးသား မငြိမ်၊ လှုပ်ရှားနေကာ အ်ိပ်ယာထဲတွင် ခဏလှဲအိပ်လိုက်၊ အိပ်ရာမှထပြီး အိမ်သာသို့ သွားလိုက်နှင့် အိမ်သာနှင့်အိပ်ရာ အသွားအပြန် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။


“မေ့ပစ်လိုက်မှပေါ့ကွာ၊ မမေ့ရင် ဒုက္ခဖြစ်မယ်” ဟု ကျနော် အကြိမ်ကြိမ်ပြောသည်ကိုလည်း သူသည် နားဝင်ပုံမရတော့။


တခါတရံ ကျနော့်ကို အတင်းလှုပ်နှိုးပြီး “ ကိုကို သမီးလေး မေမေတို့လွမ်းလို့ လိုက်လာခဲ့ချင်တယ်လို့ ပြောနေတယ်၊ ငိုပြောတာ၊ ရှိုက်လိုက်တာလေ၊ သမီးမကျွတ်ပါဘူးကိုကို၊ အဲဒါ ....အဲဒါ ဘာလုပ်ကြမလဲဟင်၊ ဆွမ်းသွတ်မှဖြစ်မှာ၊ ဒုက္ခဘဲ၊ ပိုက်ဆံလဲတပြားမှ မရှိဘူး” ပြောချင်ပြောနေသည်။


ဝေ့အသားများမှာ တဆတ်ဆတ်တုန်နေရှာသည်။ ကျနော်လည်း အတတ်နိုင်ဆုံး နှစ်သိမ့်ပေးနေရ၏။ ညနေ နေညိုလာလျှင် သမီးလေးအသက်ကုန်ချိန် ဖြစ်သောကြောင့် သူသည် ပို၍စိတ်လှုပ်ရှားလာတတ်သည်။ သူ့ကို ရုပ်ရှင်မပြတ် ပြ၏။ သူသည် ပိတ်ကားပေါ်၌ အရုပ်များလှုပ်ရှားနေကြသည်ကို ကြည့်ပြီး ငိုစရာမဟုတ်ဘဲနှင့်လည်း မျက်ရည်များ တဝေဝေကျလာသည်။


မြိုင်ကြီး၌ ဆောင်းပေါက်လာလျှင် ပွဲများ မကြာမကြာ ပြသရာ ကျနော်သည် သူ့ကို ပွဲကြည့်ခိုင်း၏။ သူသည် လူပြက်ပြက်လုံးများ၌ အများရယ်ကြသော်လည်း မရယ်နိုင်ဘဲ လူပြက်ကြီးများကိုသာ ငေးကြည့်နေ၏။ အတော်ကြာလာလျှင် 

“ပြန်ကြရအောင်၊ ပတ်မထုတာကြီး နားမထောင်ချင်တော့ဘူး။ ရင်ထဲ လှိုက်လှိုက်ပီး တုန်သွားတာဘဲ” ဟုပြောတတ်လေသည်။


အိမ်အပြန်တွင် နှင်းမှုန်ရောသော လရောင်ထဲ၌ သူ့မျက်နှာမှာ ငေးနေတတ်ပြန်သည်။ ကျနော် လမ်းလျှောက်မြန်လျှင် သူသည် ကျနော့်ကို ဖမ်းကိုင်ထားသည်။


“ဖြေးဖြေးသွားကွယ်၊ ဘာပြုလို့ ဒါလောက် လောရတာလဲ”ဟုပြောကာ သူသည် ငေးတွေရင်း ဖြည်းဖြည်း လျှောက်လေသည်။


ဝေသည် တနေရာရာသို့ ထွက်သွားလိုကြောင်း မကြာမကြာ ပြောခဲ့၏။ သူ့စိတ်နှလုံး မငြိမ်နိုင်တော့ပြီကို သိသော်လည်း ငွေကြေးအခက်အခဲကြောင့် ကျနော်သည် မလိုက်လျောနိုင်ခဲ့။ ထိုအတွက် စိတ်မကောင်းဖြစ်နေစဉ်၌ ဝေ့အမေရောက်လာသောအခါ ကျနော်သည် ကျေနပ် ဝမ်းသာခဲ့ရလေသည်။


ဝေ့အမေသည် ယောက်ျား နောက်မယားယူသွားသဖြင့် လင်မယားချင်း ကွဲလာပြီး ယခု သူတို့မြို့တွင် သူ့ညီမဝမ်းကွဲတယောက်နှင့် အတူနေကာ ဝါးကုန် ကူးနေသည်။ အစက ငွေရင်းအနည်းငယ်မျှဖြင့် ကုန်စိမ်း ကောက်ရောင်းနေခဲ့ရာမှ ထိုမှတဆင့် ငရုတ်သီး၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက်များ၊ ထို့နောက် ဝါးနှင့်သက်ငယ်များ လုပ်ကိုင်လာရာ ယခုမူ ဝေ၏မိခင်သည် သူတို့မြို့၌ အတန်အသင့်ခွန်အားရှိသော ကုန်သည်ပေါက်စတဦး ဖြစ်နေခဲ့ပေပြီ။ သူသည် ဝါးများကို ရထားတွဲလိုက် မှာယူရောင်းချနေသူ ဖြစ်နေခဲ့ပေပြီ။


ကျနော်သည် ယခု ဝေ့အမေ ရောက်လာပြီး ဟိုစဉ်က ဆက်ဆံရပုံနှင့် ခြားနားနေခဲ့သည်ကို သတိထားခဲ့မိသည်။ စပါးစက်ဝင်းအတွင်းရှိ တန်းလျားတခုတွင် နေထိုင်ခဲ့ကြစဉ်ကနှင့်မူ ဘာမျှမတူတော့ပေ။ အပေါ်ယံအဝတ်အစား၊ အပြောအဆို၊ အနေအထိုင်တို့မျှသာ မဟုတ်၊ ဝေ့အမေ၏ အတွင်းစိတ်ထားများပါ ပြောင်းလဲနေခဲ့ပေပြီ။


ဝေ့အမေ အပြန်တွင် ဝေ စိတ်ပြေလက်ပျောက် ဖြစ်စေရန်တကြောင်း၊ ကျနော်တို့၏စားဝတ်နေရေးမှာလည်း တောခေါင်းလစာကလေးဖြင့် ပိုလျှံသည်မရှိသောကြောင့် ဝေ့ရွှေများ ပေါင်ထားသည်ကို ရွေးလိုသောကြောင့်တကြောင်း ဝေ့ကို ထည့်လွှတ်လိုက်ရသည်။ ထိုမှ ဝေပြန်လာသောအခါ ငါးပိငါးခြောက်များ တောင်းကြီးတောင်းငယ်နှင့် သယ်ဆောင်လာခဲ့၏။ ဝေ ပြန်သွားသောအခါ အထည်လိပ်များ ပါသွားပြန်သည်။ ဝေ့အတွက် စိတ်ဝင်စားဖွယ်ရာ အလုပ်တခုလည်း ရလာခြင်းကြောင့် ဝေ့စိတ်သည်လည်း တည်ငြိမ်လာခဲ့သည်။ သမီးလေးကိုချည်း သတိရမနေအားတော့ဘဲ သူ့အမြတ်အစွန်းများကို တွက်ချက်ရာ၌ အာရုံ ဝင်စားလာတော့သည်။ သူ တခေါက် ပြန်လာပြီးတိုင်း ရွှေတခုခုကို ပြန်ရွေးသည်။ သူနှင့်ကျနော့်အတွက် အဝတ်အစားများလည်း ဝယ်ခြမ်းသည်။ ထိုမှတဆင့် ဝေသည်လည်း သူ့အမေ၏ဝါးလုပ်ငန်း၌ အရင်းအနှီးများ ထည့်ဝင် မြုပ်နှံလာနိုင်ခဲ့သည်။


ဝေသည် အိမ်ပြန်ရောက်လာသည့်အချိန်များတွင် ကျနော့်ကို သင်္ချာ၊ အရေး၊ အပေါင်း၊ အနှုတ်များကို သင်ခိုင်းသည်။ သူ စိတ်ပါဝင်စားလှသဖြင့် သင်ကြားရသည်မှာလည်း သိပ်မကြာလိုက်ပေ။ မကြာမီပင် ဝေသည် ကျင်လည်စွာ ရေး၊ ဖတ် တွက်တတ်လာသည်။ ဝေ စက်ဘီးအစီးသင်လိုသည် ဆို၍လည်း သင်ပေးခဲ့ရ၏။ စက်ဘီး အစီးတတ်သွားပြီးနောက် မြိုင်ကြီးမြို့ အပြင်ဘက်တောလမ်းများတွင် နှစ်ယောက်သား စက်ဘီးလျှောက်စီးရသည်ကို ဝေသည် နှစ်သက်ခဲ့၏။ ကုန်းအဆင်းများတွင် စက်ဘီးလွှတ်စီးရသည်ကို ဝေသည် နှစ်ခြိုက်နေခဲ့၏။


အချိန်ကာလ အတန်ကြာသည့်တိုင်အောင် ကျနော်သည် ဝေ၏ တစတစပြောင်းလဲသွားမှုများကို သတ်ိမထားခဲ့။ ဝေ၏ခေါင်းမှ ဆံပင်များမှ ယခင်ကလို တပတ်လျှိုဆံထုံးမဟုတ်တော့ဘဲ လှုိုင်းတွန့်လှိုင်းလိပ်ကြီးများ ဖြစ်လာကြခြင်းသည်လည်းကောင်း၊ ဝေ ဆိုးသည့် နှုတ်ခမ်းဆိုးဆေးများမှာ အဖိုးတန်နှုတ်ခမ်းဆိုးဆေးများအဖြစ်သိ့ု ပြောင်းလဲလာကြခြင်းသည်လည်းကောင်း၊ ဝေ၏ ဝတ်စားဆင်ယင်မှုများ ပို၍ခေတ်ဆံလာခြင်းသည်လည်းကောင်း၊ ဝေ၏စကားပြောဟန် သွားဟန်လာဟန်များ တစထက်တစ သဘင်ဆံလာခြင်းသည်လည်းကောင်း ကြီးမားသောပြောင်းလဲမှုများ မဟုတ်ကြပေ။ အပြင်အပပြောင်းလဲခြင်းမျှသာ ဖြစ်ပေသည်။ တကယ့်ပြောင်းလဲခြင်းကား အတွင်းစိတ်နှလုံး ပြောင်းလဲခြင်းဖြစ်သည်။ ဝေ၏အတွင်းစိတ်၌ နက်ရှိုင်းစွာ ပြောင်းလဲခဲ့ပြီကိုမူ ဝေကိုယ်တိုင်ပင် သိနိုင်မည်မဟုတ်။


တခါတွင်မူ ဝေ မြိုင်ကြီးသို့ပြန်လာပြီး ကျနော်နှင့်ရုပ်ရှင်ကြည့်ပြီး ပြန်အလာ စပယ်ခြံလမ်းထောင့်တွင် ဝေ ပြောခဲ့သောစကားများ ကြားလာရမှ ကျနော်လည်း ဝေ၏ပြောင်းလဲနေမှုများက်ို တွေးမိစ ပြုခဲ့သည်။ ဝေသည် သူ့ကုန်များ မြတ်စွန်းပုံကို အားရစွာ တွက်ချက်ပြလာရင်း…

“ဟုတ်တယ်နော် ကိုကို၊ တကယ်တော့ ငွေကို ငွေနဲ့ရှာရင် အလွယ်ကလေးဘဲ၊ ကြည့်လေ ဝေ ရောင်းတဲ့အထဲက သူတို့ပြားငါးဆယ်ဘိုးဝယ်ရင် ဝေ့အတွက် ပြားနှစ်ဆယ်ကျန်ခဲ့ရော၊ တနေ့ ဆယ်ပိဿာဘဲ ရောင်းရရင်တောင် နှစ်ဆယ်အစိတ်တော့ အသာကလေး ကျန်ခဲ့တာ၊ ဟိုတုန်းက ဝေတို့စက်ထဲ အလုပ်လုပ်ခဲ့တာ သိပ်ညံ့လို့ပေါ့နော်၊ ဖွဲသယ်ရတာ စပါးသယ်ရတာ ပင်ပန်းလိုက်တာ၊ တနေကုန် ခါးချိုးပီး လုပ်ရတာမှ နှစ်ကျပ်သုံးကျပ်ရတာ၊ မသေရုံစား မအားရုံနေ”


ထိုအခါက ကျနော်သည် လမ်းလျှောက်လာရင်း ဓာတ်မီးတိုင် အလင်းရောင်မှိန်မှိန်အောက်တွင် ဝေ့မျက်နှာကလေးကို ငေးကြည့်နေခဲ့၏။ ဤတခဏတွင်ကား ကျနော်သည် ဝေ့ကို စက်ထဲမှ စပါးသယ်အလုပ်သမလေး ခင်ဝေဟု မမြင်တော့ပေ။ သူသည် ခင်ဝေ မဟုတ်တော့ပြီ။


ဝေသည် သူ့ကိုယ်သူ“ဝေ” ဟု သုံးနှုန်းနေခဲ့လေပြီ။ ထိုသို့ဖြစ်သော်လည်း ခင်ဝေ၏ ရိုးသားဖြူစင်မှုကလေးများမှာမူ ပွင့်လန်းနေဆဲဟု စိတ်၌ ယုံကြည်နေခဲ့၏။ ဤရိုးသားစင်ကြယ်မှုကလေးများအပေါ်တွင်မူ မည်သည့်အခါတွင်မှ သံသယ ဖြစ်ရမည်မဟုတ်ဟု တွေးနေခဲ့၏။ အမှန်တွင်ကား ဝေသည် တဆစ်ချိုးကွေ့သည့်လမ်းချိုးသို့ရောက်နေခဲ့ပါပြီ။ ဝေ့နှလုံးသား၌ လေဘတရားများဖြင့် အညစ်အကြေး ထူထပ်နေခဲ့ပါပြီ။ ထိုလောဘတရားသည် မတရားလောဘဖြစ်၏။ ဤမှတဆင့် ဝေသည် ငွေအတွက် ဘာမဆိုလုပ်မည်ဟူသော ငွေကိုသာ ပဓါနထားတွက်မည့်သူအဖြစ်သို့ မပြောင်းလဲဟု ဆိုနိုင်မည်မဟုတ်သည်ကို ကျနော်ကား မတွေးခဲ့။


ဝေသည် မြိုင်ကြီးသို့ ပြန်ရောက်လာတိုင်း သူ့ကိုရုပ်ရှင်လိုက်ပြပါဟု ပူဆာတတ်၏။ ကျနော်ကား သူပြန်လာသည့် ရက်ပိုင်းကလေးတွင် သူနှင့်အတူ အိမ်တွင်ဘဲနေချင်သည်။ သို့သော်လည်း သူက အတင်းပူဆာသောအခါတွင်မူ လိုက်ပြရသည်ချည်းပင်။


“ဒီနေ့ည ဘိုင်စကုပ်လိုက်ပြမလား၊ မပြဘူးလား” ဟု သူသည် ညနေခင်းများ၌ စပယ်ခြံများရှေ့တွင် စက်ဘီး အတူစီးလာကြရင်း မေးနေတတ်၏။


“ ကို လိုက်မပြရင် ဝေ့တယောက်ထဲ သွားကြည့်မလို့ မေးတာလား”


“ ဒီပြင်နည်းလမ်းကော ရှိသေးလို့လားကိုကိုရယ်”


“ဒါဖြင့် ဘိုင်စကုပ်ရုံထဲမှာ မင်းအနား တယောက်ယောက် လာထိုင်ပီး မီးလဲ ဖျတ်ကနဲပိတ်လိုက်ရော .....”


သူသည် ရွှင်လန်းစွာ ရယ်မောရင်း “တော်ဘီ၊ ဒါလောက် ပြောရင် ရိပ်မိဘီ၊ အဲဒီလိုဆိုရင်လေ အသာကလေး ငြိမ်နေလိုက်တာပေါ့”ဟု ရယ်သံများ ရောထွေးကာ ပြောတတ်သည်။


“အို ဝေ သိပ်ပီး တိုးတက်လာပါပေါ့လား”


“ဒါပေါ့၊ ဒါဘာဆန်းသလဲလို့၊ ကိုကိုဘဲသင်ထားတာမို့လား ဆန်းပါဘူး၊ ကိုကိုပြောသလို အသားကို အသားနဲ့ ထိကြတာဘဲဟာ၊ ဘယ်သူက သာတယ်နာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားကွယ်၊ သူလဲတမျိုး ကိုလဲတမျိုး အတူတူဘဲလေ၊ ဒီတော့ မျက်လုံးမှေးပီး မသိချင်ယောင်ဆောင်ပီး အသာကလေး မျှောပီး ငြိမ်နေလိုက်တာပေါ့”


“ဒါ မင်း တကယ်ပြောနေတာ”


“တကယ်ပြောနေတာမှန်း ကိုကိုသိတယ် မှုတ်လား၊ ဒါဖြင့် ကိုကိုလဲ တော်တော် တိုးတက်နေတာဘဲ”


ကျနော်နှင့်ဝေသည် မြို့အပြင်ဘက် တောင်ကုန်းများပေါ်မှ စက်ဘီးမနင်းဘဲနှင့် လျှောဆင်းနေစဉ်တွင် ပြိုင်တူ ရယ်နေမိကြသည်။ ဝေ့မျက်လုံးများသည် မြူးကြွလာကာ တလက်လက် တောက်ပနေကြ၏။ ဝေသည် ကိုယ်ကို သိမ့်သိမ့်လှုပ်ကာ သူအတု ခိုးလာသော ဟန်သစ်တခုဖြင့် ရယ်နေခဲ့သည်။


ဝေထွက်ခွာသွားသည့် နံနက်များ၌မူ ဝေ့ကို လိုက်ပို့ရာ တောင်ကုန်းမြင့်ပေါ်၌ရှိသည့် ဘူတာရုံမှ ဖြစ်စေ၊ မြို့အစွန်ရှိ အဝေးပြေးမော်တော်ယာဉ်ဂိတ်မှ ဖြစ်စေ၊ ပြန်လာခဲ့တိုင်း ကျနော့်စိတ်၌“ ဝေဟာ ဧည့်သည်”ဟု အမှတ်မထင် တွေးလာခဲ့မိသည်။

ထိုအတွေးသည် ရေတပွက်အကြာမျှသာခံပြီး ဖျတ်ကနဲ ပြန်ပျောက်သွားရ၏။ ဝေ၏စီးပွားရေးအလုပ်ကြောင့်သာ ဝေ့ရွှေကလေးများကို ပြန်ရွေးနိုင်သည်ကို မတွေး၍ မရ။ ဝေကား ငယ်ရွယ်သူ၊ လှပသူဖြစ်သည့်အတိုင်း ဝတ်ချင်စားချင်ရှာမည်။ ကျနော်၏ တောခေါင်းလစာကလေးမျှဖြင့်ကား ဆင်နိုင်မည် မဟုတ်။ ကျနော်ကား အမှုဖြစ်ဖူးကာ မျက်စိဒေါက်ထောက် အကြည့်ခံနေရသူဖြစ်၍ အပြင်ဝင်ငွေကိုလည်း မစားဝံ့။ ထို့အပြင်လည်း ဝေသည် သူ့အမေနှင့်အတူ အလုပ်ကို ဖက်စပ်လုပ်နေခဲ့ရာ သူ့ အမေအတွက်လည်း ကြည့်ရှုရပေမည်။ သူ့အမေသည် အိမ်တလုံးဆောက်နေ၏။ ဆေးလိပ်ခုံလည်း ထောင်နေ၏။ စင်စစ်တွင်မူ ဝေ့အမေကို ကျနော်သာလျှင် တာဝန်ယူ လုပ်ကိုင်ကျွေးမွေးသင့်ပေသည်။


ထိုသို့ ဖြစ်သော်လည်း ရံဖန်ရံခါတွင်မူ ဝေ အိမ်ပြန်လာသည့်အခိုက်၌ ညနေခင်းများတွင် အိမ်ရှေ့ဘက်နေရိပ်တန်းလျားပေါ်တွင် ကျနော်နှင့်ဝေသည် အတူထိုင်ရင်း စကားစမြည်များပြောတတ်ပေရာ ကျနော်သည် ဝေ့ကို ငေးကြည့်ရင်း “ဝေလဲ ဧည့်သယ်ဖြစ်မှန်းမသိ ဖြစ်နေဘီ” ဟု စိတ်၌ ခံစားနေရသည်တို့ကို ဖွင့်ပြောမိသည့်အခါများလည်း ရှိပေသည်။


“ခု ငါးလလောက်မယ် ဝေအိမ်မှာနေရက် စုစုပေါင်း အရက်နှစ်ဆယ်ထဲရှိတယ်၊ ဝေလာလိုက်တာ တခါတရံ ကို့စိတ်ထဲမှာ ဧည့်သည်တယောက်လာလိုက်သလိုဘဲ၊ အခုတခေါက် ဒီညကုန်မှ ဝေနေတာ လေးရက် လေးညနော်”


“ကို့ဆရာကလဲ ချွဲတတ်လာဘီ”ဟု ပြောကာ သူသည် ရွှန်းလက်တောက်ပစွာ ပြုံးရယ်ခဲ့၏။


ကျနော့်စိတ်တွင် သူ၏ပြောင်းလဲနေမှုကို သတိထားမိပြန်သည်။“ ကို့ဆရာ ကို့လူ” စသည့်စကားလုံးများကို ဝေသည် သုံးစွဲနေ၏။ ထိုသုံးနှုန်းတတ်မှုကို ဝေ ဘယ်လူဆီက ရလာခဲ့သနည်း၊ ထိုစကားလုံးများကို မိန်းကလေးများသုံးစွဲလျှင် ပေါ့ပြက်ပြက် အသုံးအနှုန်း ဖြစ်လာခဲ့၏။ ဝေ ကျနော့်ကိုပြောသည့်စကားမှာလည်း များစွာ ပေါ့ပြက်နေသည်ဟု ခံစားနေရပြန်သည်။


“မနက်ဖြန်ကာ သွားရမှာ မင်းပျော်နေသလား”ဟူ၍ ကျနော်သည် မေးချလိုက်ချင်သော်လည်း မမေးခဲ့မိ။


တချိန်မဟုတ် တချိန်တွင်ကား ထိုမေခွန်းမျိုး မေးရမည်မှာ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်နေပေလိမ့်မည်။ ဝေမရှိ၍ ကုန်းပေါ်ပိုင်း အိမ်ပေါ်တွင် တယောက်တည်း ကျန်ရစ်ခဲ့သည့်အချိန်များတွင်ကား ကျနော်သည် ဝေ ခုဆိုဘယ်ရောက်နေသည်ကို ထိုင်တွေးနေမိသည်။ တခါတရံတွင်မူ ဝေ၏ ယောက်ျားမိန်းမ မခွဲခြား အရောတဝင်နေတတ်သော အမူအကျင့်များကို တွေးမိကာ ရင်ထဲ၌ မကောင်းသောစိတ်များ ပေါက်ဖွားလာတတ်ပေသည်။ ထိုသို့ဖြစ်လျှင် ထိုမလျော်သည့်အတွေးများကို ချက်ချင်းချေဖျက်ပစ်ရ၏။ ဝန်တိုတတ်ခြင်းကား ယောက်ျားမပီသခြင်း ဖြစ်သည်ဟု တွေးသည်။


ဝေ ပြန်ရောက်လာသောညများ၌ အတူယှဉ်အိပ်နေရင်း ထိုဝန်တိုတတ်သော ယောက်ျားမပီသသည့်စိတ်သည် ရင်ထဲတွင် မသိမသာ ဖြစ်ပေါ်လာတတ်ပြန်သည်။ ခြင်ထောင်ထဲရှိ မီးရောင်မှိန်ပျပျအောက်တွင် ဝေသည် ခေတ်ဆံလှစွာဖြင့် တပ်မက်ဖွယ်ရာ လှပနေတတ်ပေရာ သူ့အလှကြောင့် စိုးရိမ်စိတ်များလည်း တမျှင်းမျှင်း ပေါ်လာနေတတ်၏။ တခါတရံ၌ ထိုဝန်တိုစိတ်များကို မျိုသိပ်ထားနေရာမှပင် သူ့ကို ဖွင့်ပြောမိသည့်အခါများလည်း ရှိခဲ့ပြန်သည်။


“ကို့စိတ်ထဲမှာ တမျိုးကြီးဖြစ်နေတယ်၊ ဝေ မရှိတုန်းဆိုရင် တခါတလေ အဆုံးမရှိအောင် လျှောက်တွေးတယ်၊ သိပ်လှလှပပလဲတွေးတယ်၊ အရုပ်ဆိုး အကျည်းတန်တာတွေလဲ တွေးမိတယ်၊ အကျည်းတန်တဲ့အဖြစ်အပျက်တွေ ဖြစ်ခဲ့ကြတဲ့ သာဓကတွေလဲ အများကြီးရှိတာဘဲ မှုတ်လားဝေ၊ ဒါပေမယ့် ဒို့များအိမ်ထောင်မှာတော့ ဘာမှဖြစ်မှာမဟုတ်ဖူးလို့ ယုံထားတယ်၊ တခါတလေတော့လဲ အဲဒီလိုယုံကြည်မယ့်သာ ယုံကြည်နေတာ၊ ယုံကြည်ရအောင် ခိုင်မာတယ်ဆိုတာ အမြဲတမ်းရှိနေမှာ မဟုတ်ဖူးလို့လဲ တွေးတယ်”


ကျနော်သည် သူ့ကို ထိုစကားများ ပြောနေမိစဉ်အခါ၌ သူ၏မေတ္တာတရားကို သက်သေအခိုင်အမာထူပြခဲ့ပြီးဖြစ်သော ရက်ပေါင်းများစွာကိုလည်း သတိရနေပြန်ပါသည်။ ဥပမာ ကျနော် အလုပ်ရာထူးမှ ထုတ်ပယ်ခံထားရစဉ် ရက်များ၊ ဥပမာ ကျနော် ကျောက်ရောဂါဖြင့် နာမကျန်းဖြစ်ခဲ့ရစဉ်ရက်များ။ ထိုနေ့ထိုရက်များသည် အခိုင်အမာပင်တည်ရှိခဲ့ဘူး၏။ ထိုအခါများက ဒုက္ခများ ပြွမ်းတည်းနေခဲ့သည် မှန်သော်လည်း မေတ္တာတရားဖြင့် အခိုင်အမာဖွဲ့စည်းခဲ့၏။


“ကိုကိုဘာပြောတာလဲ၊ နားလည်အောင် ရှင်းရှင်းပြောစမ်းပါ”ဟု ဝေသည် ပြန်မေးကာ သူ့မျက်လွှာကြီးကို ပင့်ပြီး ကျနော့်ကို ရိုးသားစွာ၊ နားမလည်စွာ ကြည့်နေလျှင် ကျနော်သည် စကားကိုဆက်မပြောမိဘဲ အတန်ကြာ ငေးတွေးနေမိပြန်သည်။


အတန်ကြာမှ ကျနော်သည် ရင်ထဲ၌ဖြစ်နေသည့် ဝန်တိုစိတ်များကို ဖြေဖျောက် ထုတ်ပယ်သလို သက်ပြင်းချမိသည်။


“ကိုပြောတာက အခုအတိုင်းဆိုရင် ဒို့ဟာ လင်ရယ် မယားရယ်တောင်မှ ဟုတ်ကြသေးရဲ့လားလို့ မေးရမလို ဖြစ်နေတာကို ပြောချင်တာ၊ တညနှစ်ညချိန်းတွေ့နေကြတဲ့ သမီးရည်းစားလိုဘဲ၊ မျက်နှာချင်းဆိုင်နေကြတုန်းမှာသာ မင်းကို ကိုယ်ပိုင် ကိုယ့်ကို မင်းပိုင်တယ် ထင်ရပေမယ့် မျက်နှာချင်း ခွာလိုက်ရင် မင်းနဲ့ကိုယ်နဲ့ ဘယ်သူ့ကိုမှ ဘယ်သူကမှ မပိုင်ကြတော့ဘူးလိုဘဲဝေရယ်၊ မျက်စိအောက်ကခွာလိုက်ရင် သီးသီးသန့်သန့် ဖြစ်သွားရသလိုဘဲ၊ မင်း ကိုယ့်သမီးလေးကို မမေ့နိုင်သေးဘူးမို့လား၊ ကိုယ်တော့ ကိုယ့်သမီးလေးက်ို ကိုယ့်သွေးဆိုတော့ ဘယ်တော့မှ မမေ့နိုင်ဘူး၊ကိုယ့်သမီးအရွယ်ရောက်လာရင် ဝေ့လိုဘဲ နေမယ်၊ ဝေ့အတိုင်းနေမှာဘဲလို့ ကိုယ်ယုံတယ်။ ကိုယ်လေ ဝေ့ကို တခါတရံတော့ ကို့သမီးလေး စပယ်ခိုင်လို့ စိတ်ထဲမှာ ထင်ချင်ထင်နေတယ်၊ ဝေ့ကို သမီးလေးကိုယ်စားပါ ကိုသံယောဇဉ်ကြီးတယ်၊ ဒို့များ အိမ်ထောင်သက် လေးငါးခြောက်နှစ်ကျမှ ဒီစကားမျိုးပြောရတာ ပါးစပ်ရွံစရာဘဲ၊ ဒါပေမယ့် အဲဒါကို မင်းသိထားမှ ဖြစ်မယ်လို့ ကိုယုံနေတယ်ဝေ၊ ဘာပြုလို့လဲဆိုတော့ .....”


ကျနော်သည် ဝေ့မျက်နှာကို စိုက်ကြည့်နေမိ၏။ ထိုအခါတွင်ကား ဝေသည် ကျနော့်ဖက် မျက်နှာလှည့်ကာ ကျနော့်လည်ပင်းကို တင်းကျပ်စွာဖက်ပြီး ကျနော့်ပါးကို အထပ်ထပ်နမ်းရင်း မျက်ရည်များ ကျလာပြန်သည်။ ပူနွေးသော သူ့မျက်ရည်များသည် ကျနော့်ပါးစပ်၌ စိုစွတ်နေ၏။


“ကိုကို ကိုကို”ဟု သူသည် လှိုက်လှဲစွာတုန်ယင်စွာ အော်နေပြန်သည်။


“ကိုကို အေးတိအေးစက်ကြီးနေတတ်လို့ ဝေ့ကိုမချစ်ဖူးလို့ ထင်တာသိလား၊ အခုမှ ကိုကို ဝေ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ သိရတယ်၊ ကိုကို ဝေ့ကိုယုံထားပါနော်၊ ဝေလေ အိမ်က တဖဝါးမှမခွာချင်ဘူးဆိုတာ ကိုကိုအသိနော်။ ဒါပေမယ့်…”


ဝေက သူ့ရွှေကလေးများရွေး၊ သူ့အမေ အိမ်ဆောက်ပြီးလျှင် အိမ်မှ တဖဝါးမှ မခွာတော့ပါဟု တတွတ်တွတ် ပြောနေစဉ်တွင် ကျနော်သည်လည်း မိုးမလင်းမီ ဝေ အိမ်ကိုစွန့်ခွာကာ ကုန်ရောင်းကုန်ဝယ်အတွက် အဝေးသို့ သွားရတော့မည်ကိုသာ အဆက်မပြတ် တွေးနေမိသည်။


အပိုင်း(၇) ဆက်ရန်

နိုင်ဝင်းဆွေ

No comments:

Post a Comment