Saturday, July 9, 2022

​နွေတည(အပိုင်း - ၇)

နွေတည


အပိုင်း (၇)


၁၅။

တစွန်းတစအရိပ်


ဝေ့ မျက်နှာပေါ်မှ ချိုမြသောအပြုံး၊ ဝေ့မျက်နှာပေါ်မှ သင်းမြသောအပြုံးသည် ခပ်သိမ်းသောအရာအပေါင်းကို လွှမ်းမိုးထားသည်။ ကုန်းအတက်ဖြစ်၍ မြင်းခွာသံကျဲကျဲနှင့် မြင်းလှည်းလိမ့်တက်နေသည်။ လမ်းနှစ်ဖက် နွေ၏ ညနေဆည်းဆာရောင်ခြည်များသည် လှည်းလမ်းပေါ်သို့ တဖိတ်ဖိတ်လက်အောင် ကျနေပြီး ပါးမို့နီနီ၊ နှုတ်ခမ်းနီနီနှင့် ဝေ့မျက်နှာပေါ်မှ အပြုံးများကို ပို၍လှပအောင် ဆေးရောင်ခြယ်ပေးထားသည်နှင့် တူနေသည်။ ထိုအချိန်၌ ကျနော်သည် မျက်နှာကို အပြင်ဖက်လှည့်ထားပြီး စိတ်နှလုံးကို အေးဆေးငြိမ်သက်နေရန် စိတ်နှလုံးထဲမှ ပြင်းထန်စွာလှုပ်ရှားနေမှုများကို အခိုးသေစေရန် ငြိမ်းသတ်နေသည်။


ဝေနှင့်ကျနော်ကား ဤတကြိမ်၌မူ အမှန်တကယ်ပင် တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက် ခြားနားခဲ့လေပြီ။ ကျနော်သည် အတွင်းတွင် လှိုက်စားနေသော အတွင်းကျိတ်အနာတို့ကို အပြင်ဘက်သို့ ကန်ထွက်မလာရန် မျိုသိပ်ထားနေလျှက် ကျနော့် မျက်နှာမှာမူ မည်သို့မျှ မပြောင်းလဲဘဲ တည်ကြည်ငြိမ်သက် အေးစက်နေလျက်ပင်။ ခါးသီးမှု၊ စက်ဆုပ် ရွ ံ့မုန်းမှု ဒေါမနဿတို့သည် အသဲနှလုံးအောက်ခြေ၌ ကျစ်လစ်သိပ်သည်းစွာ တခုပေါ်တခု ထပ်နေလျက် ငြိမ်သက်နေသည်။ ပေါက်ကွဲလုလု မီးတောင်၏အပြင်ဖက်မှ တိတ်ဆိတ် ငြိမ်သက်နေမှုမျိုးပင်။


သိမ်းဆွေထံမှစာကို ကျနော်သည် တရက်မျှမေ့ထား၍ မရနိုင်တော့ပေ။ ထိုစာ၏ဂယက်သည် စိတ်နှလုံးသားပြင်ဝယ် ရိုက်ခတ်နေသည်။ ပင်လယ်ပြင်ကျယ်ကြီးပေါ်သို့ လေပြင်းမုန်တိုင်းကြီး ကျလာသောအခါ အစောပိုင်းက ငြိမ်သက် ငြိမ်းချမ်းနေခဲ့သည့် ပင်လယ်ပြင်၌ လှိုင်းမုန်တိုင်းကြီးများ ကြောက်ဖွယ်လိလိ ဖြစ်ပေါ်လာနေသကဲ့သို့ပင်။ ဤမုန်တိုင်းကြီးအား ကျနော် ထိန်းသိမ်းမထားနိုင်တော့ဟု ထင်သည်။ သိမ်းဆွေ၏ထိုစာမှာ လွန်ခဲ့သောငါးရက်ကပင် ကျနော့်ထံသို့ ရောက်လာခဲ့တော့သည်။ သိမ်းဆွေကား မီးရထားဘူတာရုံကြီးတခု၌ ကုန်စာရေးကြီးလုပ်နေသည်။ ဝေ့ကို ကျနော်ခိုးလာပြီး မြို့သစ်ကလေးသို့ ပြောင်းရွေ့သွားစဉ်က လမ်းတွင် သူ့အိမ်၌ဆင်းပြီး ခဏဝင်ခဲ့သေးသည်။


“ကိုယ့်လူကြီးတော့ အိမ်ထောင်တွေဘာတွေ ကျပလား”ဟု သူသည် ယခင် ကျောင်းနေစဉ်ကလိုပင် နောက်ပြောင်ခဲ့သေးသည်။ သူ့စာရောက်လာချိန်က ဝေသည် ကုန်ရောင်းထွက်နေဆဲပင်။ စာအိတ်ကို ဖောက်ပြီး စာကို တလုံးစီဖတ်နေဆဲ၌ ကျနော့်လက်များသည် တဆတ်ဆတ် တုန်ယင်နေသည်။ မီးရထားစာတမ်းရိုက်ထားသည့် စာရေးစက္ကူအဖြူမှာ လက်ထဲတွင် တဆတ်ဆတ်ခါနေသည်။ သည်တခါတွင်ကား ဝေနှင့်ကျနော်တို့ အဆုံးသတ်ခဲ့ကြလေပြီ။ အဖြစ်အပျက်၏နောက်ဆုံး အဆုံးသတ်အပိုင်းကို ရှောင်ကွင်းထား၍ မရတော့။ လှည့်စားလိမ်ညာထား၍ မရနိုင်တော့။


သူငယ်ချင်းကိုကို/

ဒီစာကို ကိုယ်မရေးချင်ဆုံးဘဲ။ ဒါပေမယ့် မင်းနဲ့ကိုယ်ဟာ ညီအကိုတော်သေးတာလဲ တကြောင်း၊ ကိုယ့်အချစ်ဆုံးသူငယ်ချင်း ဖြစ်နေတာလဲ တကြောင်းကြောင့် ကိုယ့်မှာ ဒီစာရေးဖို့ တာဝန်ရှိလာပြီလို့ ယူဆတယ် သူငယ်ချင်း။ ဒီစာဖတ်ပြီးရင် မင်းစိတ်ချမ်းသာတာ၊ စိတ်ချမ်းမြေ့တာ၊ ပျော်ရွှင်ခဲ့တာ မှန်သမျှ အကုန်ပျောက်ပျက်ကုန်မှာဘဲ။ ဒါပေမယ့် အမျိုးမျိုးက လှည့်တွေးတော့လဲ ရေုးကိုရေးရတော့မယ်လို့ဘဲ ဆုံးဖြတ်ရတယ်။ နောက်ဆုံးအချိန်ဆွဲထားနေရင်းက ရေးကို ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းကိုယ်စား ကိုယ် သိပ်အခံရခက်လို့ဘဲ ကိုကို။ စင်စစ် မင်းမိုက်တာ၊ မင်းတာဝန်ချည်းဘဲ။ ဘာအကြောင်းကြောင့် မင်းဟာ ကိုယ့်မ်ိန်မတယောက်ထဲကို ခရီးဝေးကြီး ညအိပ်ညနေ အမြဲလွတ်လွတ်လပ်လပ် သွားခွင့်ပြုရတာလဲ။ ကိုယ် နားမလည်နိုင်တော့ဘူး။ ဘာကိုမှ ယုံကြည်ရတယ်ဆိုတဲ့ အရာကိစ္စဟာ မရှိဘူးသူငယ်ချင်း။ ပြီးတော့ မောင်ရင့်သူငယ်မလေးဟာ အရှည်အဝေးကို တွေးတောတတ်တာလဲ မဟုတ်ဖူး၊ သူကောင်းတယ်ထင်ရင် ရုတ်တရက် ကောက်လုပ်တတ်တာဘဲ။ မနေ့က ကုန်ရုံက ကိုယ်ထွက်အလာမယ် မင်းကောင်မလေးနဲ့ ကိုယ်မပြောပြလိုတဲ့လူတယောက် တွဲတွေကြားထဲက ဖြတ်လျှောက်သွားတာ တွေ့တယ်၊ ကောင်မလေးက ကိုယ့်ကို လှမ်းမြင်တော့ ကုန်ရုံဘက် ပြန်လျှောက်လာတယ်။ သူ ငါးပိတင်မလို့ ဆိုလား၊ ကိုယ့်ကို ကုန်နှုန်းထား လာမေးပြီး စကားလာပြောတယ်။ ဆိုလိုတာက သူတို့ဟာ ရိုးရိုးသားသားပါဆိုတာ ပြတာပေါ့ သူငယ်ချင်း။ ဒါပေမယ့် ဒါဟာ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးတာဘဲ။ ကိုယ်တော့ သိပ်ခါး သိပ်ရွံသွားတယ်။ ဘာပြုလို့လဲဆိုတော့ အဲ့ဒီလူဟာ ဘယ်လိုလူလဲ၊ ကိုယ်တို့ကတော့ သေသေချာချာ သိတာပေါ့ကိုကို။ ဒါဘဲ သူငယ်ချင်း။ ကောင်မလေးကို မင်း ဒီအတိုင်းတော့ဖြင့် လွှတ်မထားနဲ့တော့။ ဒီအတိုင်း ကြာကြာတွေ့မိရင် ကိုယ်တော့ မောင်ရင့်ကို လာသတ်မိတော့မယ်ထင်တယ်။

/ချစ်စွာသော

သိမ်းဆွေ


ထို့နောက် ကျနော်သည် သိမ်းဆွေ၏စာကို လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ မျက်လုံးထဲတွင် ဘူတာကြီး၏ကုန်ရုံနောက်ဖက်၌ ဝေနှင့်အခြားသူတဦး ရယ်မောရင်း ဖြတ်လျှောက်သွားသည်ကို မြင်နေသည်။ ဝေ့စကားသံတိုးတိုးမှာ ထိုနေရာ၌ အသံပင်မထွက်သကဲ့သို့ရှိနေသည်။ တွဲကြားကွေ့တွင် ထိုသူသည် ဝေ့ခါးကလေးကို သိမ်းကြုံးပွေ့ညှစ်ပစ်၏။ ဝေ့မျက်နှာ၌ နီရဲနေလျက် ဝေ့ဆံပင်အသိုက်မှာ လှိုင်းတွန့်နေလျက်။ ဝေသည် မပီမသပြုံးနေလျက်၊ ဝေ့မျက်တောင်များမှာ မှေးစင်းနေလျက်။


ကျနော်သည် စားပွဲ၌ ငြိမ်သက်စွာထိုင်နေရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ တခုခုကို လုပ်ပစ်လိုက်မှ ဖြစ်တော့မည်ကဲ့သို့ ထင်နေသည်။ ရင်ထဲ၌ အချိန်ကြာမြင့်လာနေလေလေ ဒေါသ၊ နာကျည်းမှု၊ ခါးသီးမှုသည် ပြည့်သိပ်လာနေလေလေ။ ယခုအခါ၌ ဝေ့နောက် ဤရွံရှာစက်ဆုပ်ဖွယ်ကောင်းသောမိန်းမ၏နောက်တွင် အရိပ်မဲများသည် တခုနှင့်တခု ကွင်းဆက်လိုက်၍ ဆက်နေသည်။ ဝေ့ကိုခိုးပြေးလာပြီး ဆယ့်နှစ်ရက်တွင် ဝေနှင့် စျေးလယ်ခေါင်၌ ရပ်တန့်စကားပြောသူ၊ ဝေ့ဦးလေးတော်စပ်သေးသူဟုဆိုသူ၊ ကိုခင်ထွန်း၏စာ။


ယခုတလော၌ ဝေ၏ဆင်ယဉ်ထုံးဖွဲ့မှု၊ ပြောင်းလဲလာသော ဝေ၏ဟန်၊ ဝေ၏စကား၊ ဝေ၏နေထိုင်မှု။ “အသားကို အသားနဲ့ထိတာ ဘယ်သူက နာတယ်သာတယ် မဖြစ်နိုင်ပါဘူး၊ သူလဲတမျိုး ကိုယ်လဲတမျိုးဘဲ၊ ဒီတော့ မျက်လုံးကိုမှိတ်ပြီး မသိချင်ဟန်ဆောင်ပြီး အသာကလေးမျှောပြီး ငြိမ်နေလိုက်တာပေါ့”ဟု သူ့စကားပြောသံ။ စကားပြောနေစဉ်၌ တကယ်ပင် မျက်လုံးကို မှေးမှိတ်ပြနေဟန်တို့ကို ပြန်ပြီးမြင်နေသည်။


တညနေခင်းလုံးလုံး ကျနော်သည် စားပွဲမှ မထတော့ပေ။ ဤအမှားအယွင်းတို့မှာ မိမိ၏အမှားအယွင်းလည်းဖြစ်၏။ ဝေသည် အလွယ်တကူ ကြွေကျခဲ့သော မှည့်ရွှမ်းနေသည့် သစ်သီးမှည့်ကလေးဖြစ်၏။ အလွန်လွယ်ကူစွာ ကြွေကျခဲ့၏။ မထိမတို့ မကိုင်မတွယ်ပဲနှင့် ကြွေကျခဲ့လေသည်။


ကျနော်သည် သိမ်းဆွေ၏စာအတိုင်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည်မဟုတ်ဟု စိတ်သက်သာအောင် အမျိုးမျိုး လှည့်ပတ်တွေးခဲ့ပါသည်။ ဝေသည် ကလေးလိုနေတတ်၊ ပြောတတ်၊ ဆက်ဆံတတ်၏။ ထိုအနေအထိုင်မှာ ဘေးမှကြည့်နေလျှင် အထင်မှားဘွယ်ရာ ဖြစ်နိုင်သည်။ သိမ်းဆွေကြီး အထင်အမြင်လွဲမှားခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။ ဝေသည် မိမိအပေါ်၌ အကယ်ပင် ချစ်ခင်မြတ်နိုးတွယ်တာခဲ့လေသည်။ ဟေမန်၌နေစဉ်က မြို့ကြီးသို့ နှစ်ရက် သုံးရက် သွားခွင့်ပင်မပြုခဲ့ဘဲ ကျနော်နှင့် ကွဲသွားမည်ကို စိုးရိမ်ခဲ့၏။ ဝေသည် သံယောဇဉ်ကြီးမားတတ်သူလည်း ဖြစ်လေသည်။ ဝေသည် ဤကဲ့သို့ မှောက်မှောက်မှားမှားကို ပြုရက်မည့်သူ၊ ဖောက်ပြန်ရက်မည့်သူကား မဟုတ်ပေ။ အကယ်၍ ဝေ့အပေါ်၌ ဆုံးဖြတ်ချက်မှာ လွဲလွဲမှားမှား တိမ်းတိမ်းစောင်းစောင်း ဖြစ်ခဲ့လျှင် သနားစဖွယ်ပင် ဖြစ်နေတော့မည်။ ကျနော်၏စိတ်နှလုံးထဲ၌ ယခုထက်တိုင်အောင်လည်း ယုံကြည်မှုအပေါင်းသည် လွှမ်းမိုးနေဆဲပင်။ သံယောဇဉ်စိတ်တို့သည် တင်းကျပ်စွာဖြင့်ပင် ထိုယုံကြည်မှုတို့ကို ဖန်ဆင်းပေးနေသည်။ လှည့်စားပေးနေပါသည်။


ပို၍သေချာ တိကျလာသည်အထိ စောင့်ကြည့်နေရန်ကိုသာ ကျနော်သည် တွေးတောနေ၏။ အသေအချာ ဖြစ်လာသော၊ အတိအကျ ဖြစ်လာသောအခါတွင်မှ မည်ကဲ့သို့ပြုရမည်ကို တွေးတွေးဆဆနှင့် ဆုံးဖြတ်ရမည်။ အေးအေး ငြိမ်ငြိမ်ကလေးနှင့် ဆုံးဖြတ်ရမည်။ နောက်ဆုံး သူ့ကိုသတ်ပစ်ရန် ဆုံးဖြတ်သည်အထိ ငြိမ်ငြိမ်သက်သက်ကလေး ဆုံးဖြတ်ပြီး ငြိမ်ငြိမ်သက်သက် သွေးအေးအေးနှင့် အပြီးသတ်သွားရမည်။ အကယ်၍ ထိုအတိုင်းဖြစ်လာသည်ဆိုလျှင် သူ့ကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်ရမလား။ ရက်စက်လှစွာ ထိုအတိုင်း ပြုမူလိုက်ရမလား။


သို့သော် ဤကဲ့သို့ ဖောက်ပြန်နေသော၊ တန်ဘိုးကင်းမဲ့သော မ်ိန်းမတဦးအတွက်နှင့် ထောင်ကျ ကြိုးအပေးခံရခြင်းမှာ မိမိ၌ အတ္တမာနမရှိရာ ကျနေမည်။ ဘာ့ကြောင့် ထိုသို့ အဖြစ်ခံရမည်နည်း။ ဤအဖြစ်အပျက်တို့ ဖြစ်ပျက်ခဲ့သည်ဟု မျက်မြင်ဒိဋ္ဌလောက် မသေချာသေးမီ၌ မိမိသည် ဟန်မပျက် နေထိုင်လျက်၊ ပြောနေကျအတိုင်းပြော၊ ရယ်နေကျအတို်င်း ရယ်လျက် မျက်နှာတချက်မျှမပျက်ယွင်းဘဲ နေနိုင်ရမည်။ ဤကိစ္စကို သူ့ကို အသိပေးထုတ်ဖော်စစ်ဆေး၍ မဖြစ်။ သူသည် ကာကွယ်နိုင်ရန် အသင့်ပြင်ဆင်ပြီးဖြစ်လိမ့်မည်။ သို့မဟုတ် အရှက်ကင်းမဲ့စွာ အော်ဟစ်ဆူညံပြီးနောက် မဆုံးဖြတ်ရသေးမီ၌ပင် လူသတ်မှုတမှုဖြစ်ပေါ်သွားနိုင်သည်။ သူသည် အော်ဟစ် ဆူညံခြင်းမပြုဟု ပြော၍လည်းမရ။ ဈေးထဲ၌ အမဲသည်နှင့် ဆဲဆိုရန်ဖြစ်ဝံ့သူ၊ ဈေးလယ်ခေါင်၌ အော်ဟစ်ပြီး မိမိယောက်ျားနှင့် မ်ိန်းမတဦးကို စွပ်စွဲဝံ့သူ၊ အရှက်အကြောက်ကင်းမဲ့သူ။


ကျနော်သည် သိမ်းဆွေ၏စာကိုိ ဖြန့်ပြီး သေသေသပ်သပ် ပြန်ခေါက်နေသည်။ ထို့နောက် စာကို စာပွဲအံဆွဲထဲ ထည့်လျက်ာသော့ကို အသေအချာ ပိတ်ခဲ့သည်။ ဤစာရောက်ပြီး သုံးရက်တ်ိတိ ကျနော်သည် အိမ်ပေါ်၌ပင် ငြိမ်ငြိမ်သက်သက်နေခဲ့သည်။ သုံးရက်တိတိ ဤစာသည် စိတ်နှလုံးသားထဲ၌ လှိုင်းရိုက်ခတ်နေခဲ့သည်။ ထိုရိုက်ခတ်သောလှိုင်းတို့ကို ငြိမ်သက်ရန် မကြိုးစားနိုင်တော့။ မနေ့ညနေခင်းပိုင်းက ဝေသည် ယခင်ကရောက်လာနေကြအတိုင်းပင် ကုန်အရောင်းမှ ပြန်လာခဲ့လေသည်။ ဝေပြန်ရောက်လာနေချိန်၌ အပြင်ဘက်တွင် ပြောင်းလဲမှုတခုမျှ မရှိခဲ့။ အားလုံးမှာ ယခင်က ရှိမြဲအတိုင်း နေမြဲအတိုင်းရှိနေခဲ့လေသည်။ မနေ့ညနေက ဝေသည် အခါတိုင်း ပြန်ရောက်နေကျအတိုင်းပင် ခြံဝ၌ မြင်းလှည်းတစီးဖြင့် ပြန်ရောက် လာခဲ့တော့သည်။


“အိမ်ရှင်တို့ မရှိကြဘူးလားရှင်၊ ဒီမယ် ဧည့်သည်အစစ်လာနေပါတယ်”ဟု ဝေသည် ခြံဝမှ လှမ်းအော်ခဲ့သည်။


ဝေသည် လက်ဆွဲအိတ်အနက်ကို ယမ်းခါလျက် ခြံရှေ့ငှက်ပျောပင်များကြားထဲ လမ်းအတိုင်း လျှောက်လာလေသည်။ ဝေ့မျက်နှာပေါ်ဝယ် ယခင်ကအတိုင်းပင် အပြုံးမှာ ဝေနေလျက်။ ဝေ၏ဆန်းသစ်သော ကနွဲ့ကလျလမ်းလျှောက်ဟန်မှာ ဝေ့အလှအပေါင်းတို့ကို ဖေါ်ကြူးထားသကဲ့သို့ ဖြစ်နေလျက်။


ကျနော်သည်လည်း အိမ်ပေါက်ဝမှ သူ့ကို ဆီးကြို့နိုင်ခဲ့သည်။ မျက်နှာပေါ်၌ ပြုံးရယ်၍ မထားနိုင်သော်လည်း “ဒီတခါတော့ ကိုယ့်ဧည့်သည်အလာ မြန်လှချည့်လား၊ ဆယ်ရက်ဘဲ ကြာသေးတယ်” ဟုပြောနိုင်ခဲ့လေသည်။


“ကုန်တော့ပါမလာဘူး၊ ရထားနဲ့တင်လိုက်တယ် ကိုကို၊ မနက်ဖြန်မှ ရောက်မယ်ထင်တယ်၊ ကိုယ့်အိမ်သားကို ကြိုတာ ပြုံးပြုံးရယ်ရယ်နဲ့ကြိုစမ်းပါ” ပြောပြီး ဝေသည် လှပစွာ ရယ်မောခဲ့သေးသည်။


ညကလည်း ဝေ့ကို ယခင်ကကဲ့သို့ ကြင်ကြင်နာနာ ဆက်ဆံပြောဆိုနိုင်ခဲ့သည်။ ယခင်က သူပြန်လာစဉ်အချိန်များအတိုင်းပင် အားလုံးမှာ သေသပ် ပိရိနေခဲ့သည်။ ရယ်စရာမောစရာ စကားများကို ပြောဆိုပြီး ရယ်မောပစ်ခဲ့နိုင်သေးသည်။ သူ ငါးခြောက်လုပ်သည့်နေရာသို့ လိုက်လည်ဦးမည်ဟုပင် ရယ်မောပြီး ပြောခဲ့သေးသည်။ သည့်နေ့မိုးလင်းလာသောအခါတွင်လည်း ယခင်ကအတိုင်းပင်။ ဝေသည် ဤအိမ်ကလေးကို သန့်ရှင်းအောင် ရှင်းလင်းနေလျက် ကျနော်သည်လည်း အခါတိုင်းကလိုပင် ရယ်စရာမောစရာပြောဆိုနေ ရယ်မောနေခဲ့သေးသည်။ အားလုံးမှာ ပိရိသေသပ် လှပနေလျက်ပင်။ သို့သော် စိတ်နှလုံးသားထဲ၌မူ သိမ်းဆွေ၏စာသည် ဂယက်ရိုက်ခတ်နေသည်။


 ညနေပိုင်း၌ ဝေနှင့်ကျနော်သည် ဘူတာရုံသို့ ကုန်ယူရန် အတူအကွ ထွက်လာခဲ့ကြပြန်သည်။


“အမေလည်း ဆေးလိပ်ခုံ ထောင်တော့မယ် ကိုကို၊ ဆေးလိပ်တံဆိပ်တောင် ရိုက်ပီးကုန်ဘီ၊ ဒို့ မြိုင်ကြီးကို ပြောင်းလာရတာဟန်ကျတာဘဲနော်၊ အခုကုန်တခေါက်ကို မကျန်ဘူးဆိုရင် လေးရာကျော်ကျော် အသာလေးကျန်တယ်၊ အမေ့ အိမ်ဆောက်နေတာလဲ အကြမ်းထည်တောင်ပီးနေဘီ၊ ကိုက်ို လ်ိုက်ကြည့်ဖို့ကောင်းတယ်၊ ကိုကိုအလုပ်က ရာထူးကျသွားတာတောင် ကုသိုလ်ကံ အကျိုးပေးကောင်းလာတယ်လို့ ဆိုမလားဘဲ”


ဝေသည် ဘူတာရုံဘက်သွားရာ ဤတောင်ကုန်းအကွေ့ စပယ်ခြံလမ်း၌ မြင်းလှည်း လိမ့်တက်နေစဉ်တွင်း ရယ်မောသံတဝက်ဖြင့် စကားပြောနေသည်။ ကျနော်သည်လည်း မျက်နှာကို အတွင်းဘက်သို့ ပြန်လှည့်လိုက်လေသည်။ ထို့နောက် ဝေ၏ မျက်နှာကလေးနှင့် မျက်နှာချင်း ဆိုင်သွားလေသည်။ မြင်းလှည်းလှုပ်သောအခါ သူ့ခေါင်းမှ ဆံပင်အုံမှာ ရေလှိုင်းအိသို့ လှုပ်ခါသွားနေလျက်၊ လည်ပင်းမှ ပတ္တမြားသွေး ကျောက်ဘယက်အနီသည် ယိမ်းခါနေလျက် ပါးချိုင့်နှစ်ဖက်အထက်၌ နီလာရောင် ကျောက်ပြာလဲ့လဲ့နားဆွဲသည် ယိမ်းထိုးနေသည်။ ပြောင်လက်သောသူ့ထမီမှာ တင်းကျပ်နေသဖြင့် ဝေ၏တပ်မက်ဖွယ်ရာ ကိုယ်လုံးအလှမှာလည်း ပေါ်လွင်လာသည်၊ မိတ်ကပ်ကြောင့် နီနေကာ ဖောင်းအိနေသော ပါးပြင်နှစ်ဖက်၊ ပွင့်ဖူးနေသော နှုတ်ခမ်း၊ ဝေသည် စကားပြောရင်း ခေါင်းတဖက်ကို ကိုယ်ဟန်ပြသနေသလို မသိမသာကလေးမျှသာ ယ်ိမ်းငဲ့ထားသည်။ ဤအသစ်အဆန်း အမွမ်းအမံတို့သည် ဝေ့ပင်ကိုယ်အလှနှင့် ပေါင်းစပ်ရှက်ဖြာသွားနေသည်။


“ဒါနဲ့အသွားတုန်းက ကိုသိမ်းဆွေကြီးဆီတောင် ဝင်တွေ့လာခဲ့သေးတယ်ကိုကို၊ သူ့ဆီမယ် ကုန်ဈေးနှုန်းတန်ဆာခ တွက်ကြည့်ရသေးတယ်။ ကိုသိမ်းဆွေကြီးလဲ အလုပ်သိပ်များနေတာဘဲ၊ ကိုကို့ကိုတောင် အပြစ်တင်နေသေးတယ်၊ ဒီကောင်ကြီး သိပ်ရိုင်းတာဘဲ၊ စာတစောင်မှတောင် မရေးဘူးတဲ့၊ ဝေ့ကိုတောင် အဖော်ပါလား၊ ဘာလား ညာလားနဲ့ စစ်ဆေးမေးမြန်းလား လုပ်နေသေးတယ်၊ တယောက်ထဲ ဘယ်တော့မှ မသွားနဲ့လို့ ဆုံးမလွှတ်လိုက်သေးတယ်၊ သူ ကိုကို့ဆီ စာရေးအုံးမလို့ဆိုလားဘဲ ပြောသေးတယ်”


“အလကားအကောင်ပါ ဝေရာ၊ သူကမှ စာမရေးတာ၊ စာရေးဘို့ သိပ်ပျင်းတဲ့လူစားမျိုး၊ သိမ်းဆွေကြီးဆီတော့ တခေါက်လောက် သွားလယ်ရအုံးမယ်၊ ဒီတခါများ ကြုံကြိုက်လို့ တွေ့ရင် ပြောလိုက်ပါအုံးဝေ၊ ကိုကို လာလယ်မယ်လို့ မှာလိုက်တယ်လို့လေ”


ဘူတာရုံသည် မြို့၏အစွန်ဘက် ကျလွန်းနေ၏။ ကားလမ်းသည် တောင်ကုန်းကို ကွေ့ဆင်းသွားလျက် မြင်းလှည်းမှာ မြန်လာနေပြန်သည်။ ဝေ အနေအထိုင်မတတ်သောကြောင့် သိမ်းဆွေကြီး အထင်မှားနေခြင်းမျှသာ ဖြစ်ပါစေတော့ဟု ကျနော့် စ်ိတ်နှလုံးများက ဆုတောင်းနေသည်။ သို့မဟုတ် သိမ်းဆွေကြီးနောက်ပြောင်ကျီစယ်ခြင်းမျှသာဖြစ်လျှင် မည်မျှ စိတ်ချမ်းမြေ့ဘွယ်ကောင်းပါ့မလဲဝေ။ ဤအဖြစ်အပျက်တို့မှာ ဝတ္တုတပုဒ်၏လှည့်ကွက်တခုမျှသာ ဖြစ်နေလျှင် မည်မျှပျော်ရွှင်ဘွယ်ကောင်းလိုက်ပါမည်နည်း။


စင်စစ်မှာမူ ဝေ၏ပြောင်းလွဲလာမှုတို့ကား ဟိုစဉ်ကနှင့် နှိုင်းယှဉ်ကြည့်လေလျှင် မယုံကြည်နိုင်ဘွယ်ရာ ဖြစ်နေသည်။ အစစအရာရာကား ကပြောင်းကပြန်ပြောင်းလဲခဲ့လေပြီ။ နောက်ကို ပြန်ဆုတ်၍မရအောင် ကုန်လွန်ခဲ့ပြီးပြီ။ ဝေက သူ့ကိုယ်သူ“ခင်ဝေ”ဟုသုံးနေရာမှ ဘယ်အချိန်တွင်“ဝေ”ဟုပြောင်းလဲသုံးနှုန်းလိုက်သည်ကိုပင် မသိနိုင်တော့။


“အခု ငါးပိနဲ့ ငါးခြောက်ပါတာ နှစ်ရာ့ကိုးဆယ်ဆိုတော့ ဝေ ဒီဈေးမယ် ခြောက်ရက်လောက်တော့ ရောင်းရမှာဘဲ ထင်တယ်”


“ဖောက်သည် တဝက်ပေးမယ်လို့တောင် စိတ်ကူးနေတယ် ကိုကို”


“ဒါပေမယ့် ရောက်တဲ့ပေါက်တဲ့အခါကျတော့ သုံးလေးရက်ဖြင့် နေသွားပါအုံး ဝေရယ်၊ တခါတရံမှ ရောက်ရတာ မှုတ်ဖူးလား”


“မစနဲ့နော် ကိုကို”


“မစပါဘူး၊ ကို အမှန်တကယ် ပြောနေတာပါ”


ဝေသည် ကိုယ်ကို ခပ်ကြော့ကြော့ လှန်လိုက်ပြီး မြင်းလှည်းနောက်မှီအပေါ်၌ အရုပ်ကလေးတခုလို မှီလိုက်ပြန်သည်။ ဘူတာရုံနောက်ဖက် မြင်းလှည်းဆိပ်တွင် မြင်းလှည်းရပ်သောအခါ ဝေသည် မြင်းလှည်းပေါ်မှ ကနွဲ့ကရ ဆင်းသက်လေသည်။


“ဒီက ခဏကလေးစောင့်အုံးနော်၊ ကုန်တင်မလို့”


ဝေသည် ဘူတာရုံဘက်သို့ ကျနော့်ရှေ့မှ လျှောက်သွားသည်။ ကုန်ရွေးပြီး စင်္ကြံအတိုင်း ပြန်လျှောက်လာသောအခါ “ဒီနေ့ ဘိုင်စကုပ် ကြည့်ရအောင်နော်” ဟု ဝေက ပြောသည်။


ဝေသည် ကျနော့်နံဘေးမှ ယှဉ်လိုက်လာ၏။ လက်ကိုင်အိတ်ကို လွှဲပြီး ဝေ လမ်းလျှောက်လာပုံမှာ ကြွရွသော ဒေါင်းမလေးတကောင်ကဲ့သို့ အလှများ ဝေနေသောဟန်ဖြစ်သည်။ ဟေမန်မှ ထွက်လာစဉ် သူနှင့်ကျနော် ဘူတာရုံစင်္ကြံ၌ လမ်းအတူ လျှောက်ခဲ့သည်ကိုလည်း သတိရနေသည်။ ထိုအခါက ဝေ့မျက်နှာကလေးမှာ သမီးလေးစိတ်ဖြင့် ရီဝေနေသည်။ ကျနော့်နောက်မှ ခေါင်းငုံ့ကာ လိုက်လာခဲ့ပါသည်။ သူ့ကို ခိုးပြေးစဉ်ကလည်း သူနှင့်ကျနော် မိုးဖွဲကလေးများကျနေသည့် ဘောလုံးကွင်းဟောင်းကြီးအလယ်မှ မှောင်ထဲဝယ် စမ်းလျှောက်ခဲ့ဘူးသည်။ ထိုအခါက စပါးသယ်အလုပ်သမလေး မခင်ဝေ၏ခြေထောက်၌ ဂျပန်ဖိနပ်အဟောင်းကလေးမျှသာ စီးထားခဲ့သည်။ မခင်ဝေ၏လမ်းလျှောက်ဟန်မှာ ခေါင်းတဆစ်ချိုး ငုံ့ထားခဲ့သည်။


“ငပိက အနည်းဆုံးတော့ လေးကျပ်ခွဲတော့ ရောင်းရမှာဘဲ ကိုကိုရဲ့၊ ဒီအတိုင်းဆိုရင် ကိုကို့လစာကို သုံးရက်နဲ့မှီတယ်နော်၊ ကိုကို အလုပ်က ထွက်လိုက်ပါလားဟင်”


မှောင်လာသဖြင့် ပလက်ဖောင်းမီးများ ပွင့်လာသည်။ ကျနော်သည် ဝေ့မျက်နှာကို မီးရောင်အောက်၌ ဖျတ်ကနဲ လှမ်းကြည့်လိုက်လေသည်။ ဤအစဉ်းစားအဆင့်ခြင်မဲ့သော၊ ပလွှားလွန်းသော စကားအပြောတခုကြောင့် ပဋိပက္ခမှာ အချိန်မကျမီ ပေါက်ကွဲသွားတော့မည်ထင်သည်။ လင်သား၏အလုပ်အကိုင်ကိုပင် ဝေသည် အထင်သေးသွားလေပြီ။ ကျနော်သည် ဝမ်းနည်းစွာ နာကျည်းသွား၏။ သို့သော် ယခုအခါ၌ ထိုစိတ်ထားမှာ အသေးအဖွဲ့ကလေး၊ အသေးအဖွဲ ရက်စက်စော်ကားမှုကလေး မျှသာဖြစ်နေသည်။ ထိုထက် အဆပေါင်းများစွာ ဆိုးဝါးရက်စက်မှုများကိုပင် မိမိသည် မျိုသိပ် ကျိတ်မှိတ်ထားနိုင်သေးသည်ဟု ဆင်ခြင်လိုက်သည်။


“ကောင်းသားဘဲ၊ ကောင်းပါတယ်”ဟု ကျနော်က တိုးတိုးပြောလျက် ရယ်စရာမဟုတ်ဘဲ မရယ်ချင်ဘဲနှင့် ရယ်လိုက်သည်။


“ကောင်းတာပေါ့ဝေ၊ ဘာပြုလို့လဲ ဆိုတော့၊ မင်းက ကုန်သည်ဖြစ်မှ ကိုယ်လဲ လိုက်ဖြစ်ရတော့မှာပေါ့”


“ဝေ အကောင်းပြောတာကိုကို”


“ကိုလဲ အကောင်းပြောတာပါဘဲ”


“မဟုတ်ပါဘူး၊ ကိုကို လှောင်တာဘဲ”


“အခုတလော ဝေ ကိုယ့်ကို အပြစ်တွေချည့်ဘဲ မြင်နေတယ်ထင်တယ်၊ ကိုရယ်မိတာလဲ အပြစ်ဖြစ်နေသေးသလား”


ထိုအခိုက်တွင် ဘူတာရုံ၏ စားသောက်ဆိုင် အရှေ့ဘက်သို့ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ကိုယ်ဟန် တောင့်တောင့်တင်းတင်း လက်မှတ်စစ်တဦး လျှောက်လာသည်။ သူ လျှောက်လာပုံမှာ တင်းတင်းရင်းရင်းရှိပြီး ရင်ဘတ်ပေါ်မှ လည်စည်းအစိမ်းစသည် ယမ်းနေ၏။ သူသည် ကျနော် ရယ်မောနေစဉ်၌ ဆိုင်ရှေ့မီးရောင်အောက်တွင် အဝေးကြီးမှနေပြီး ဝေ့ကို လှမ်းပြုံးကြည့်နေသည်။ ထို့နောက် ကျနော်တို့နှင့် မျက်နှာချင်းဆိုင်တွင် သူသည် ကိုယ်ဟန်ကို တောင့်တောင့်ထား၍ ရပ်လိုက်လျက် “မခင်ခင်ဝေ”ဟု ခေါ်လိုက်၊ နှုတ်ဆက်လိုက်လေတော့သည်။


မခင်ခင်ဝေ မခင်ခင်ဝေ၊ မခင်ခင်ဝေ…


ဝေ၏ ထိုနာမည်သစ်ကို ကျနော်မသိရှိခဲ့ရသေး။ မည်သည့်အခါက၊ မည်သည့်အချိန်က မည်သည့်နေရာတွင် မည်သူခေါ်ရန် ပြောင်းလဲလိုက်သည့် သီးသန့်နာမည်ပါနည်း။ ကျနော်တို့သည် ရပ်တန့်နေကြ၏။ ထိုနာမည်သစ်ကြောင့် ကျနော်သည် ခဏမျှ ကြောင်ငေးပြီးမှ စိတ်လှုပ်ရှားသွားပြန်လေသည်။ သို့သော် ချက်ခြင်းပင် ကျနော်သည် လှုပ်ရှားသောစိတ်တို့ကို အသာအယာ ငြိမ်းပစ်လိုက်၏။ စပါးသယ် အလုပ်ကြမ်းသမလေး မခင်ဝေ၏ ယခု နောက်ဆုံးနာမည်မှာ မခင်ခင်ဝေ ဖြစ်နေသည်။

ဝေ့မျက်နှာ လျှပ်တပြတ်မျှ ဖျတ်ကနဲ နီရဲသွားလေသည်။ ဝေ့မျက်နှာပေါ်မှ လျှပ်တပြက် ဖြတ်သန်းပြေးလွှားသော တုန်လှုပ်ချောက်ချားမှုမှာ ထင်ရှားသိသာလွန်းသည်။ ထိုလျှပ်တပြက်၌ မူမမှန်မှုအပေါင်းကို စကားလုံးပေါင်းသ်ိန်းသန်းနှင့် ချီ၍ တိတိကျကျ ပြောပြသည်ထက် အဆပေါင်းများစွာ ပိုမိုလေးနက်နေသည်။ ထိုလျှပ်တပြက်အချိန်မှာ ငရဲတွင်း၏ ချောင်းကြည့်ပေါက်ငယ်ကို ခဏမျှ ဖွင့်လှစ်ပြလိုက်သောအချိန်။ အားလုံးသော ဖုံးကွယ်ရာ အရာရာဝတ္တုအပေါင်းကို အရင်းအတိုင်း ကြည့်မြင်ခွင့် ရလိုက်သောအချိန်။ အားလုံး၏အဆုံးအဖြတ်တို့ကို ပေးအပ်လိုက်သည့်အချိန်။


ထိုခဏ၌ ငြိမ်သက်နေသောပင်လယ်ပြင်ပေါ်တွင် ရုတ်တရက် မုန်တိုင်းကျလိုက်လေသည်။ လှုပ်ရှားမှုအပေါင်းဖြင့် ခဏမျှ ကျနော်သည် မခံမရပ်နိုင်တော့အောင် ဖြစ်သွားနေသည်။ သို့သော် ရင်ပြင်တခုလုံးသို့ ထိုအချိန်၌ပင် ယောက်ျားတယောက်၏ အတ္တမာနတရားသည် ပြည့်လျှံလာနေသည်။ ဘာကိုဂရုမစိုက်ရမလဲ၊ မိမိကဲ့သို့ သစ္စာတရား ရှေ့ရှုတတ်သော ယောက်ျားကောင်းတဦးက ဤကဲ့သို့ ပေါ့ပြက်နေသောမ်ိန်းမတဦးအတွက် မျက်နှာပျက်နေဘို့ ဘာလိုအပ်သလဲ။ ပေါ့့ပြက်နေသော မိန်းမတဦးအတွက် တုန်လှုပ်ချောက်ချားနေဘို့ ဘာလိုသလဲ။


“ကိုသန်းဆွေတို့ ဒီမှာ တာဝန်ကျသလား”


ဝေ၏မေးလိုက်သံမှာ တုန်ယင်နေသည် ထင်သည်။ ထိုအသံသည် လှုပ်ရှားဆူညံနေသော အသံအပေါင်းထဲတွင် အားနည်းဖျော့လျစွာ ပေါ်လာနေသည်။


“ဟုတ်တယ်၊ တပတ် တာဝန်ကျတယ်၊ ကျနော်တို့ လာလည်အုံးမယ်လေ အမ၊ ထမင်းတော့ ကျွေးမယ်မှုတ်လား၊ အခု ညစာကို ကျွေးမယ်ဆိုရင် လိုက်စားမယ်”


ကိုသန်းဆွေက ရယ်လေသည်။ ကျနော်သည် မီးရောင်အောက်၌ ငြိမ်သက်စွာ ပြုံးနေ၏။ မိမိပြုံးခဲ့ဘူးသော အကြိမ်ပေါင်းများစွာအနက် သည်တကြိမ်ပြုံးနိုင်မှုလောက် ဂုဏ်ယူဖွယ်ကောင်းသောအပြုံးများ မပြုံးဘူးခဲ့ဟုထင်သည်။ အလွန်အတ္တမာနလွန်ကဲစွာဖြင့် ပြုံးနေသည့်အပြုံး၊ အလွန်အေးစက်မာကြောသည့် အပြုံး၊ အလွန်နာကျင် ပင်ပန်းနေသည့်အပြုံး။


ဝေသည် သူ့လက်ကလေးကို ကျနော့်လက်မောင်းအား မသိမသာထိကပ်ပြီး တုန်ယင်နေမှုတို့ကို ထ်ိန်းကာ ဆုပ်ကိုင်ထားသည်။ ဝေ၏ ကြောက်ရွံ့တုန်လှုပ်ချောက်ချားမှုတို့ကို သူ့လက်ကလေးမှတဆင့် ကျနော်သည် သိနေရ၏။ ဝေ့မျက်နှာပေါ်မှ သွေးရောင် ပ်ိန်းနေသောအပြုံးမှာ အပြုံးပီပီသသ မဟုတ်နိုင်တော့။


“သူပေါ့ကိုကို၊ ဝေ့ကိုအမြဲကူညီတာ၊ ကိုကိုက ဝေ့အိမ်သားလေ ကိုသန်းဆွေ”


ဝေက တိုးတိုး မိတ်ဆက်ပေးနေသည်။


“ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော်မရိုင်းတတ်ပါဘူး၊ အိမ်ကို အမြဲတမ်းလာလည်ပါ၊ ကျနော်က သစ်တောဋ္ဌာနဘက်ကလေ၊ ဒီကိုပြောင်းလာတာ သိပ်မကြာလှသေးတော့ မ်ိတ်ဆွေနည်းပါးတယ်ခင်ဗျ၊ ကျနော့်အိမ်က ဧည့်သည်နည်းပါးတဲ့အိမ် ဆိုတော့ ဧည့်သည်တယောက်လာရင် ဝမ်းသာစရာဘဲ၊ တံခါးမရှိ ဓါးမရှိ၊ လာလယ်ပါကိုသန်းဆွေ”


သူသည် ကျနော့်ကို လက်ကမ်းပေးလျက် သူ့မျက်နှာမှတခုခုမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သို့သော် သူသည် ပြုံမြဲပင် ဆက်၍ပြုံးနေသည်။ ထိုအချိန်တိုကလေး၌ ကျနော်သည် စကားကို သွက်သွက်ပြောနေရင်းမှာ ဆုံးဖြတ်ချက်အပေါင်းကို ချမှတ်နေသည်။ ဤကိစ္စရပ်အပေါင်းကို မည်သို့အဆုံးသတ်ရတော့မည်ကို စိတ်အေးအေးနှင့် တွက်ချက်နေသည်။ အလွန်အံ့အားသင့်ဖွယ်ရာကောင်းအောင် ကျနော့်စိတ်နှလုံးသားများမှာ ငြိမ်းချမ်း ငြိမ်သက်နေသည်။


“ကျနော့်ကိုလဲ မိတ်ဆွေရင်းချာလိုဘဲ သဘောထားပါ ကိုသန်းဆွေ၊ ကျနော့်နာမယ် ကိုကိုလို့ ခေါ်ပါတယ်၊ ဝေကတော့ ဒီလမ်းနဲ့ဒီခရီးကို ကားတလှဲ့ရထားတလှဲ့အမြဲတမ်း သွားလာနေတာဘဲလေ၊ အခုခေတ်ကလဲ ရတဲ့လစာလေးနဲ့ အိမ်ထောင်တခုကို ထ်ိန်းသိမ်းထားဘို့ဆိုိတာ အသက်ရှူမောတဲ့အချိန်ဘဲလေ၊ ဝေက ပြောပါတယ်၊ သူ့ကို ကိုသန်းဆွေက အမြဲတမ်းအကူအညီပေးပါတယ်လို့ ပြောပါတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော်တို့ ကုန်းပေါ်ပိုင်းဘက်မှာ နေပါတယ်၊ လိပ်စာမှတ်ထားပါအုံး၊ ကုန်းပေါ်ပိုင်း သီတာမြသားလမ်းကွေ့ အိမ်နံပတ်နှစ်ဆယ့်ခွန်၊ ကျနော့်အိမ်က ကိုယ့်ဝင်းကိုယ့်ခြံနဲ့ သီးသီးသန့်သန့် လွတ်လွတ်လပ်လပ်ပါဘဲ၊ မျက်နှာချင်းဆိုင်ခြံက စပယ်ခြံကြီးလေ၊ စပယ်တွေ ဒီအချိန်ဆိုရင် ဖွေးဖွေးလှုပ်အောင် ပွင့်နေတာပေါ့၊ ကျနော်ခြံရှေ့မှာတောင် ငှက်ပျောဥယျာဉ်ကို စပျိုးထားပြီ။ အပင်ကလေးတွေ နဲနဲတော့ နိမ့်သေးတယ်၊ ကျနော်က စိုက်ပျိုးရေးလဲ ဝါသနာပါတယ်၊ ဒါကြောင့်များ သစ်တောဋ္ဌာနဘက် ရောက်လာတာထင်ပါရဲ့၊ ကျနော်ကူညီနိုင်တဲ့ဘက်က လိုအပ်တဲ့အကူအညီရှိရင် အမြဲတောင်းပါ၊ ကျနော့်ဝေကျတော့လဲ ကုန်အရောင်းအဝယ် ဝါသနာပါတယ်၊ ဒါကြောင့်လဲ ရထားတို့ ကားတို့နဲ့ အဆက်အဆံဖြစ်တာပေါ့လေ”


ထို့နောက် ကျနော်သည် ရွှင်လန်းစွာပြုံးနေလျက်ပင် လက်ကို ပြန်၍ ရုပ်သိမ်းလိုက်လေသည်။


“ကျနော်လဲ စိုက်ပျိုးရေး ဝါသနာပါပါတယ်”


“ဒါဖြင့် ဝါသနာတူချင်း တွေ့ကြတာကိုး၊ လာလည်ဖြစ်အောင် လာလယ်အုံးဗျာ”


သူသည် နှုတ်ဆက်လျက် ပလက်ဖောင်းတဖက်အစွန်း လျှောက်သွားသည်။ ကျနော်တို့သည်လည်း ဘူတာအလယ်ပေါက်ဖက်သို့ လျှောက်လာလျက်။ ထိုအခါ ကျနော်သည် ဝေ့လက်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ အပြင်ဖက်တွင် အလုပ်သမားများသည် ငါးပိခြင်းများကို မြင်းလှည်းပေါ်သို့ တင်ထားပြီးနေသည်။ ကျနော်တို့သည် အမှောင်ပျိုးစအချိန်၌ အခြားမြင်းလှည်းအလွတ်တစီးကို စီးလျက် ဘူတာရုံဖက်မှ ပြန်လည်ထွက်ခွါလာလေသည်။ မြင်းလှည်းသည် ဘူတာရုံတောင်ကုန်းကွေ့့ကို ပတ်တက်သွားပြီးနောက် ဆင်းလိုက်တက်လိုက်ဖြင့် မြိုင်ကြီးမြို့၏ စိုက်ပျိုးခြံများကို ဖြတ်သန်းကာ စပယ်ခြံလမ်းဘက်သို့ ရောက်လာပြန်လေသည်။ မြင်းလှည်း၏တဖက်ခုံမှ ဝေ့မျက်နှာမှာ အလင်းရောင်မှုန်မှုန်ထဲတွင် ပြန်လည်၍ တောက်ပစွာ ပြုံးနေသည်။ ဝေကား အခက်အခဲတခုကို ပင်ပမ်းလှစွာ ကျော်လွန်ခဲ့ပြီးလေပြီ။


လမ်းဘေးမီးတိုင်များကို ငေးကြည့်လာရင်း ကျနော့်စိတ်ထဲ၌ သမီးလေးစပယ်ခိုင်ကို ကြေကွဲစွာ သတိရနေပါသည်။ သမီးလေးသည် ဖေဖေနှင့်မေမေကြား၌ တင်းကြပ်စွာချည်ထားသော ကြိုးကလေးဖြစ်သည်။ သမီးလေးသာရှိနေလျှင် ဝေသည် ကုန်သည်တပိုင်းဘဝကို ရောက်မည်မဟုတ်။ ဤကြေကွဲစွာအကြောင်းများ ဖြစ်ပေါ်လာမည်မဟုတ်။


“ကိုသန်းဆွေကြီးက သ်ိပ်ရီရတယ်၊ သိပ်နောက်တတ် ပျော်တတ်တဲ့လူကြီး၊ တော်ကြာ ကိုကိုနဲ့ရင်နှီးလာရင် သူနောက်တတ်ပျော်တတ်တာ တွေ့လာလ်ိမ့်မယ်၊ ဝေ တခါလက်မှတ်ဝယ်စီးမိလို့ ဒီလူကြီး စိတ်ဆိုးလိုက်တာလေ”


ဝေကား ဂုဏ်ယူစွာပြောလေသည်။ ထိုစကားတို့မှာ လင်သားဖြစ်သူ၏နှလုံးသားတို့ကို ဓားဖြင့်ပါးပါးလှီးပစ်လိုက်သည်နှင့် တူနေမည်ကို ဝေမတွေး။ ဝေ့အကျင့်စာရိတ္တတို့မှာ ဆုံးခန်းတိုင်အောင် ပျက်စီးယိုယွင်းခဲ့ရှာပြီ။ ဝေသည် ဤလမ်းဤခရီးများကို လက်မှတ်ပင်ယူမစီးဘဲ အောက်တန်းကျလှစွာ သွားနေခဲ့ပါပြီ။ ဤအဖြစ်အပျက်တို့ကို ကြို၍မသိ၊ မတွေးခဲ့သော မိမိကိုယ်ကိုပင် ပြန်၍အပြစ်တင်ရတော့မလား။ စင်စစ်၌ ကျနော်သည် အစဉ်းစားအဆင်ခြင်ကင်းမဲ့လှစွာ ဝေလိုလှသောမိန်းကလေးကို တယောက်တည်း အရပ်တပါးသို့ ညအိပ်ညနေ လွတ်လပ်စွာ လွှတ်ခဲ့၏။ မည်သူတွေ မည်သို့ဖြစ်စေ၊ ဝေကား မည်သို့မျှဖြစ်မည်မဟုတ်ဟု ယုံခဲ့၏။ မကြာမီက ပိတ်ပင်ရန်သတိရပါလျက် မပိတ်ပင်ခဲ့မိ။ ထိုစဉ်ကသာ ပိတ်ပင်တားမြစ်ခဲ့လျှင် ဤကြေကွဲဘွယ်ရာ အဖြစ်အပျက်တို့ကို တားဆီးနိုင်ခဲ့လိမ့်မည်။


ကျနော့်ရင်ထဲ၌ ဒေါသများကား မရှိတော့ပြီ။ ဝမ်းနည်းဆုတ်နစ်မှုတို့သည် ဒေါသများအပေါ်၌ ဖုံးလွှမ်းနေသည်။ မည်သို့ပင်ဖြစ်စေ ဝေနှင့်ကျနော်တို့၏အိမ်ထောင်ရေးမှာ အဆုံးသတ်ပါတော့မည်။ ဝေကမူ မသိနားမလည်စွာ ပြုံးနေလျက်။ ဝေ့မျက်နှာပေါ်မှ အပြုံးရိပ်များမှာ မှောင်ရီရီထဲ၌ မထင်မရှား ပေါ်လာနေလျက်ပင်။


၁၆။

“မင်းကို ကိုယ်တွေ့ချင်တာနဲ့ ဒီကို မင်းလာမယ်ဆိုပြီး တမင်စောင့်နေတာ၊ လာကွာ၊ ဒို့ မိုးအလင်းဆိုင်ဘက် လျှောက်ကြရအောင်၊ ဒီနေ့ည စကားအေးအေးဆေးဆေး ပြောကြတာပေါ့၊ ကိုယ်မနက်ဖြန် အလုပ်ပြန်ဝင်ရတော့မယ်ဆိုတော့ အစောဆုံးရထားနဲ့ လိုက်ရမယ်”


ခင်ထွန်းကြီးသည် ခြံဝတွင် တွေ့လျှင်တွေ့ခြင်း ကျနော့်ပခုံးကို ကိုင်လှုပ်နေသည်။ ခြံထဲ၌မူ အဖွားဆုံးသဖြင့် ဓာတ်မီးများ လင်းထိန်နေအောင် ထွန်းညှိထားသည်။ မင်းသမီးတလက် အငြိမ့်သီချင်းဆိုသံ၊ ဆိုင်းသံများသည် ခြံဝဘက်သို့ လျှံထွက်လာနေသည်။ အဖွားဆုံးပြီးဟု ကြေးနန်းရလျှင်ရခြင်း ကျနော်လည်း မြိုင်ကြီးမှ ပြေးလွှားလာခဲ့သည်။ ကိုခင်ထွန်းကြီး နှုတ်ဆက်နေသည့်အခိုက်တွင် ဝေ့အမေငယ်စဉ်က အငြိမ့်ကခဲ့သည်ဆိုသည်ကို ကျနော်သည် ပြေးလွှားဆက်စပ် အမှတ် ရနေပြန်တော့သည်။ ဤရက်ပိုင်းအတွင်း၌ကား ကျနော့်အတွေးများမှာ ဝေနှင့်ပတ်သက်၍သာ နေတော့သည်။ ဝေနှင့်ပတ်သက်၍ မတွေးမိအောင် မည်သို့နေနေ မရ။ ခုလို ခရီးထွက်လာရခြင်းသည်ပင် ကျနော့်အတွက် စိတ်အပြောင်းအလဲ ဖြစ်စေသည်။ နေရာတခု၌ အတည်တကျ ငြိမ်မနေချင်တော့။


“ကျနော်လဲ အခုနလေးတင် ရောက်လာတာ၊ အမေ့ကိုနှုတ်ဆက်ခဲ့ရရုံလေးဘဲ ရှိသေးတယ်၊ သွားမယ်လေ၊ ကျနော့်တို့ မိုးအလင်းဘက် မရောက်တာလဲ ကြာလှပြီ”


စင်စစ်တွင် ဤအမေ့ခြံသို့ မရောက်ခဲ့သည်မှာပင် ကြာရှည်လှလေပြီ။ ဝေနှင့် တခေါက်လာလည်ပြီးကတည်းက မရောက်တော့။ ယခု ဝေနှင့်ခွဲခွာရခါနီးမှ ရောက်လာရပြန်သည်ဟု ထင်နေ၏။ ယခု ဝေနှင့် ခွဲခွာနီးအချိန်ဟု ကျနော်သည် စိတ်နှလုံးထဲမှ ပဲ့တင်ထပ်ရွတ်ဆိုနေသည်။ ကိုခင်ထွန်းကြီးကို ပြုံး နှုတ်ဆက်ရန် သတိရသော်လည်း မပြုံးနိုင်တော့ပေ။ စိတ်နှလုံးထဲ၌ ဤမျှ နာကျင်နေပါလျက် အဘယ်နည်းဖြင့် မျက်နှာက ပြုံးနိုင်မည်နည်း။ ကိုခင်ထွန်းနှင့်ကျနော်သည် ဓာတ်မီးတိုင် ကျဲကျဲမျှသာရှိသော လမ်းအတိုင်း လေးကန်စွာ လျှောက်လာကြသည်။


ဓာတ်မီးတိုင်အောက်မှ မှုန်ဝါးဝါးအလင်းရောင်အောက်တွင် သူနှင့်ကျနော် ယခုလိုပင် ဖြတ်လျှောက်ခဲ့သည်ကို ထိုအခါတွင် တွေးနေမိပြန်သည်။ ဤအတိုင်းပင် ဝေ့ကို ခိုးသည့်ညကလည်း သူနှင့်ကျနော်သည် ဘူတာနောက်ဖက်ကမ်းမြှောင် မှောင်ရိပ်ရိပ်တွင် မိုးသားတဖွဲ့ဖွဲ့ကျနေဆဲ၌ ဖြတ်လျှောက်မိကြ၏။ စင်စစ် လွန်ခဲ့သော ကုန်ခမ်းခဲ့သော ခြောက်နှစ်က ထိုအိမ်ထောင်ဦးအစညမှာ ပျော်ရွှင်ဘွယ်ရာများဖြင့် ပြည့်နှက်နေသော မမေ့နိုင်ဘွယ်သော ညတညပင် ဖြစ်လေသည်။ သေသည်ု့တိ်ုင်အောင် တမ်းတသတိရမည့် ညတညပင် ဖြစ်ပေသည်။


ကျနော်တို့ မြို့သစ်ကလေးသို့ ရောက်ပြီး ကိုခင်ထွန်းကြီးဆီမှ စာတိုကလေးတစောင်ရပြီး ကိုခင်ထွန်းကြီးနှင့် အဆက်အသွယ် အလျင်းပြတ်တောက်သွားတော့သည်။ ကိုခင်ထွန်း၏နောက်ဖက်မှ ခပ်ဖြည်းဖြည်း လျှောက်လိုက်နေရင်း ထိုစာတိုကလေးတစောင်ကို အမှတ်ရနေကာ ကျနော်သည် အစအဆုံးပြန်လည်၍ ရေရွတ်ကြည့်နေသည်။ ထိုစဉ်အခါက ထိုစာကလေးတစောင်မှာ တုန်လှုပ်ချောက်ချားဘွယ်ရာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ မေ့မေ့ပျောက်ပျောက် အသေးအဖွဲ့ကလေးမျှသာ ဖြစ်နေတော့သည်။ အချိန်ပေါင်းများစွာသည် ထိုစာကလေးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားရန် ဖျောက်ပေးထားသည်။ ထို့အတူပင် သိမ်းဆွေကြီးဆီမှ စာကိုလည်း အချိန်ပေါင်းများစွာကြာလျှင် မေ့ပျောက်သွားနိုင်မည် ထင်မိပြန်လေသည်။


ကျနော့်စိတ်ထဲတွင် သိမ်းဆွေစာ၏နောက်ကွယ်မှ အရိပ်အစွန်းတို့သည် ဂယက်ရိုက်နေ၏။ မြိုင်ကြီးဘူတာရုံမှ အဖြစ်အပျက်။ ယခုအခါတွင် ဝေ့ကိုချစ်သည့်စိတ်သည်လည်း မိမိ၏ပျော့ညံ့သော စိတ်နှလုံးသားထဲဝယ် ဝမ်းနည်းကြေကွဲဘွယ်ရာ အမြစ်တွယ်နေသေးဆဲ ဖြစ်သည်ကိုလည်း သိနေပါသည်။ ယခုအခါ၌ မိမိ၏ စိတ်နှလုံးသားထဲတွင် မပြတ်မသား မပီမသ ဆုံးဖြတ်ချက်များသာလျှင် ရောထွေးနေသည်။ ဤအတိုင်း မှိတ်ကျိတ်မျိုသိပ် ထားလိုက်ပြီး ဝေ့ကို တဖန်ပြန်၍ ပြုပြင်လိုက်လျှင် ကြာသော် ဤမှောက်မှောက်မှားမှား အဖြစ်အပျက်အပေါင်းကို ကျနော် မေ့သွားနိုင်မည်ဟု ထင်နေပြန်သည်။ သိမ်းဆွေ၏စာသည် အလျင်း ပျောက်ပျက်သွားပြီး သာယာချမ်းမြေ့ဘွယ် အိမ်ထောင်ရေးက ခု အသစ်တဖန် ဖြစ်လာနိုင်ဦးမည်ဟု ထင်နေသည်။

ကျနော်နှင့် ယှဉ်လျှောက်နေရင်း ကိုခင်ထွန်းသည် ခေါင်းကိုငုံ့ထား၏။ သူလည်း တခုခုကို တွေးရင်း နစ်မျောသလိုပင်။ ကျနော်တို့သည် လေးငါးခြောက်နှစ် ကင်းကွာသွားသောလမ်း၌ ပြန်လျှောက်နေသည်။ ဈေးထောင့်ဘက်သို့ ရောက်သောအခါတွင်မှ သူသည် ခေါင်းကို ပြန်မော့လိုက်ပြီး ကျနော့်ကို လှည့်ကြည့်လေသည်။


“ မင်း ဘယ်တော့ပြန်မှာလဲ” ဟု သူက မေးသည်။


“ကျနော်လဲ မနက်ဖြန်ပြန်မှာဘဲ ကိုခင်ထွန်း ခွင့်တို့ ဘာတို့တောင် ယူလာခဲ့တာ မဟုတ်ဖူး၊ လစ်ပြေးလာခဲ့တာ”


“ဒို့ က နှစ်ယောက်စလုံး သုတ်သုတ်ချည်းပါဘဲလား၊ ဒို့ ပြန်မတွေ့ကြရတာ ခြောက်နှစ်ကျော်လာပြီနော် ကိုကို”


“ခုနစ်နှစ်ထဲ ရောက်နေပြီ”


“မင်း အရက်ဖြတ်လိုက်ပြီဆို”


“ဖြတ်ပစ်တာကြာပြီ၊ အိမ်ထောင်ကျကထဲက ဖြတ်လိုက်တာဘဲ”


“ဒါနဲ့ အရွှေဆုံးသွားတာ မင်း မသိသေးဘူးနော် ကိုကို။ သထုံမှာဘဲ ဆုံးရှာတယ်၊ သုံးလလောက် ရှိသွားပြီ”


ဈေးရှေ့ဘက် အရောက်၌ ထိုစကားကို ခပ်တိုးတိုးပြောလေသည်။ ကျနော်တို့သည် လမ်းလျှောက် ပို၍ လေးပင်နှေးကွေးသွားကြလေသည်။ ငြိမ်သက်နေသော ဈေးလမ်းထိပ်တွင် နွေည၏ ချစ်စဖွယ်လေပြေအေးများ သုတ်ဖြူးလာနေသည်။ လေတို့သည် ခပ်ဝေးဝေးဘက်မှ မြစ်ပြင်ကို ကျော်ဖြတ်တိုက်ခတ်လာကြ၏။ ဤလမ်း၌ မြစ်ပြင်မှလေများ တိုက်ခတ်လာနေသည်ကား မည်သည့်အခါတွင်မဆို တိုက်ခတ်နေပါမည်။ ကျနော်တို့ငယ်စဉ်က ယခုလို နွေညများတွင် ကိုခင်ထွန်း၊ သိမ်းဆွေတို့နှင့်အတူ လျှောက်ခဲ့ကြ၏။ ထိုအခါက ကိုခင်ထွန်းမှာ နောက်ပြောင်တတ် ပျော်ရွှင်တတ်သည်။ ယခု ကိုခင်ထွန်း၌ကား ထိုပျော်ရွှင်တတ်မှုများ ရှိပုံမရတော့ပေ။


ကျနော်သည် မရွှေကို တမ်းတသတိရနေ၏။ ကိုခင်ထွန်းကြီးနှင့်အကြောင်းပါသောအခါ မရွှေသည် သုံးခုလပ်မျှ ဖြစ်လေသည်။ မရွှေသည်လည်း ပြောင်နောက်ပျော်ရွှင်တတ်၏။ ဝေနှင့်ကျနော့်ကို ဖူးစာစုံဖက်ပေးသူမှာ မရွှေဖြစ်လေသည်။ ဝေ့ကို ခိုးစညက မရွှေ၏ပြုံးစပ်စပ်မျက်နှာကို သတိရနေပြန်သည်။ ယခုလည်း ဝေသာ မရွှေလို ကွယ်လွန်သွားပြီး ကျနော်တို့ချင်း ကွဲကွာသွားရလျှင် စိတ်ချမ်းသာဘွယ်ရာ ဖြစ်လိမ့်ဦးမည်ဟု တွေးနေမိပြန်သည်။ ယခုကဲ့သို့ ရှင်ကွဲ ကွဲကြရသောအဖြစ်ထက် သေကွဲ ကွဲရသောအဖြစ်မှာ ဖြေသာပေသည်။ ကျနော်သည် မတွေးချင်တော့သော ဝေနှင့်ပတ်သက်သမျှတို့ကိုသာ တွေးနေမိ၍ အမှတ်မရချင်သော ဝေနှင့် ပတ်သက်နေသည်တို့ကိုသာ အမှတ်ရနေသည်။


ဘူတာရုံတွင်နေခဲ့ရသော ဝေ့မိတ်ဆွေနှင့် အဖေါ်တဦးသည် နောက်ရက်၌ ကျနော့်အိမ်ကလေးသို့ လာ၍လည်ပတ်သွားခဲ့သေးသည်။ အိမ်ပေါ်တွင် သူတို့၏ ဟားတိုက်ရယ်မောသံများဖြင့် အိမ်ကလေးမှာ ဂုဏ်သိက္ခာအပေါင်း ကျဆင်းသွားခဲ့ရသေးသည်။ စကား ပေါ့ပေ့ါရှပ်ရှပ်ပြောဆိုသံ၊ ပေါ့ပေါ့ရှပ်ရှပ် ရယ်မောသံများသည် အ်ိမ်ထောင်ကလေး၏ သာယာချမ်းမြေ့မှုတို့ကို အစအဆုံး ဖျတ်ဆီးလိုက်သကဲ့သို့ပင်။ သို့သော် ထိုညနေက ကျနော်သည် ဟန်မပျက် ရယ်မောနိုင်ခဲ့သေးသည်။ က္ကုနြေ္ဒမပျက် စကားဝင်ပြောခဲ့သေး၏။ နေဝင်ချိန်တွင်မှ သူတို့ပြန်သွားခဲ့ကြသည်။


“တံတားကြီးဘက် သွားထိုင်ကြရအောင်ကွာ၊ ဒို့ ဟိုတုန်းက ထိုင်နေကျနေရာကို မရောက်တော့တာ ဆယ်နှစ်တောင် ကျော်သွားဘီ”


ကျနော်တို့သည် ဈေးထောင့် နာရီစင်ကြီးအောက်မှ ဖြတ်ကျော်ရင်း လျှောက်သွားနေသည်။ မြို့ကြီးဈေးမှာ ညအခါတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ လရောင်၊ ကြယ်ရောင် ဓာတ်မီးအရောင်တို့ဖြင့် ဈေးမှာလင်းနေသည်။


“ကျနော်တို့ ဟိုတုန်းက ဒီမယ်လမ်းလျှောက်ခဲ့တာ အမှတ်ရတယ်”


“အဲဒီတုန်းကတော့ သိပ်လွတ်လပ်တာ ပျော်တာဘဲလေ၊ သောကဆိုတာ ဘာမှန်းကို မသိကြရသေးဘူးမှုတ်လား ကိုကို”


“ဟုတ်တယ်၊ သောကဆိုတာ ဘာမှန်း မသိကြရသေးဘူး”


ကျနော်သည် ဖြေးဖြေး လျှောက်နေရင်းမှ ကျနော့်အိမ်ထောင်ရေးကို အိမ်ထောင်ရေး၏ပြင်းထန်သော မုန်တိုင်းလှိုင်းဂယက်များအကြောင်းကို ကိုခင်ထွန်းကြီးအား ပြောပြချင်နေသည်။ ရင်ထဲတင်းကျပ်ခံနေရသည်တို့ကို ထိုကဲ့သို့ ဖွင့်အန်ပစ်လိုက်ရလျှင် သက်သာ ပြေပျောက်သွားမည်ထင်သည်။ နောက်ဆုံး ဝေကုန်ရောင်းမသွားမီ အိမ်၌နေခဲ့သော ငါးရက်မှာ စိတ်ကိုထိန်းချုပ်ထားရသော၊ ဟန်ဆောင်ဖုံးကွယ်ထားရသော၊ အံခဲကျိတ်မှိတ် မျိုသိပ်နေရသော ငါးရက်ပင်။ ဤငါးရက်တာအတွင်း၌ ဝေ့ကို သတ်ပစ်ရန်ပင် တည၌ ကျနော်သည် ကြံစည်ခဲ့သေးလျက်၊ စိတ်ကို မနည်းပြန်၍ ပြုပြင်တည့်မတ်ယူခဲ့ရသည်။ ဤငါးရက်အတွင်း၌ ပွင့်အန်တော့မည်ကဲ့သို့့ အဖန်ဖန် အကြိမ်ကြိမ် ဖြစ်ခဲ့သေး၏။ သူ့ကိုထုတ်၍ မေးလိုက်လျှင် သူကဖြေရှင်းစရာ အကြောင်းတခုခုရှာပြပြီး လိုက်၍ ထိုဖြေရှင်းမှုကို လက်ခံယုံကြည်ပြီး အိမ်ထောင်ကလေး၏ စိတ်မချမ်းသာမှုအပေါင်းကို ရှင်းလင်းနိုင်ခဲ့လျှင် မည်မျှကောင်းမည်နည်းဟူ၍လည်း တွေးမိပြန်ပါသည်။

သူ ကုန်ရောင်းအပြီး သွားတော့မည့်ညက ရုပ်ရှင်ရုံမှအပြန် သီတာမြသား၏ တံတားထိပ်အကွေ့၌ သူပြောခဲ့သည့်စကားကို ကျနော်သည် စိတ်ထဲတွင် ပြန်၍ သတိရပြန်သည်။


“ဝေ သမီးလေးတယောက်လောက် လိုချင်တယ် ကိုကိုရယ်၊ ဝေ့သမီးလေးကို သိပ်သတိရတာဘဲ၊ သမီးလေးရှိရင် အခုဆို အခါလည်ဘဲနော်ကိုကို၊ အိပ်ပေါ်မယ် ဆွဲမနိုင်အောင် ဖေဖေ မေမေ ခေါ်တတ်နေမှာဘဲ” ဟု ဝေက နောက်ဆုံးစကားအဖြစ်ဖြင့် တမ်းတခဲ့သည်။


ဈေး၏တဖက်ထိပ်မှ မယ်ဒလင်တီးပြီး သီချင်းအော်ဆို၍ လူငယ်တစုသည် နာရီစင်ကြီးကို ကျော်ဖြတ်ပြီး လာနေသည်။ သူတို့၏ ပျော်ရွှင်လန်းဆန်းသောမျက်နှာများကို အဝေးမှပင် လှမ်းမြင်နေရလေသည်။


“ ဒို့တုန်းကလဲ သိမ်းဆွေကြီးက ဘာဂျာမှုတ်ပြီး ဒီင်္လိုလျှောက်ခဲ့တာဘဲ” ဟု ကိုခင်ထွန်းက ပြောပြီး တခုခုကိုသတိရသွားသလို ရယ်လိုက်လေသည်။


ကျနော်ကမူ ဤဈေးသို့ မြို့ကြီးတွင် ဝေနှင့်ဆယ့်ငါးရက်လာလည်နေစဉ်က နေ့တိုင်း လာခဲ့သည်ကို အမှတ်ရ၊ ဝေ့ကို စက်ဘီးတိုးမိပြီး ဝေက ခလေးကလေးတယောက်ကဲ့သို့ပင် ငိုခဲ့သည်တို့ကို သတိရနေတော့သည်။ ဝေ့ကို ချော့မော့၍ပင်မရဘဲ ရယ်ရအခက် စိတ်ဆိုးရအခက် ဖြစ်နေခဲ့သည်။ ထိုအခါကမူ ဝေသည် စပါးသယ်အလုပ်သမလေး မခင်ဝေသာ ဖြစ်သည်။ ဤလမ်းမကြီးပေါ်၌ ဝေ၏ ကလေးဆန်စွာ ငိုသံမှာ လူရယ်စရာ ဖြစ်ခဲ့သည်။ ယခုမူ ထိုအဖြစ်အပျက်အပေါင်းမှာ မက်ခဲ့ပြီးသော အိမ်မက်ဟောင်းကလေးတခုမျှသာ ဖြစ်နေတော့သည်။


“မနေ့က ကြီးကြီးက ပြောတယ်၊ မင်း ရာထူးကျတာ ကြီးကြီးတို့ ဘာမှမသိရဘူးဆိုပါလားကိုကို၊ မင်း ဟေမန် လိုက်နေတယ်ဆို၊ ကိုယ်လဲ ဘာမှကိုမသိရတော့ဘူး၊ နောက်မှ သိမ်းဆွေကြီးစာလှမ်းရေးလို့သိရတာ၊ သိမ်းဆွေကြီးကို သတိရတယ်ကွာ၊ ဒီကောင်ကြီး ဘာဂျာသံကိုသတိရတယ်၊ ဒို့တုန်းကလဲ ဒီအချိန် လမ်းတကာနှံ့အောင် ပတ်နေကြတာဘဲ၊ ကိုယ် မိုးအလင်းလဖက်ရည်ဆိုင်ဖက်သွားချင်တာက ဟိုတုန်းကလို ပျော်ပျော်ရွှင်ရွှင်စိတ်ဆန္ဒများ ပြန်ပေါ်လာမလားလို့၊ ဒို့ ခလေးတုန်းက မုဆိုးဖိုကြီးဆိုလို့ ဘယ်လိုသတ္တဝါကြီးလဲလို့ ချောင်းကြည့်ခဲ့ကြတာ မင်းသတိရသေးလား၊ အခုတော့ မုဆိုးဖိုကြီးဆိုတာ ဇာတ်ထဲက မင်းသားတွေကိုင်တဲ့ လေးကိုင်းလိုလို လူလိုလိုဟာဘဲလို့ ကိုယ်တော့သိလာတယ်”


သူသည် ဈေးလမ်း၏မီးရောင်ကြောင့် ကတ္တရာအခင်းပေါ်၌ ကျနေသည့် သူ့အရိပ် အရပ်ရှည်ရှည် ခါးကွေးကွေးကို ပြန်လှည့်ကြည့်လေသည်။


“ ဟုတ်တယ် မပြောခဲ့ဘူး၊ အမေတို့ စိတ်ဆင်းရဲမှာစိုးလို့၊ လုံးလုံး မတတ်သာတော့မှဘဲ အသိပေးတော့မယ်လို့ဘဲ ကိုခင်ထွန်း”


“မဟုတ်ပါဘူး။ မောင်ရင့်ဝေက မောင်ရင့်မိဖတွေဆီ လိုက်မနေချင်ပါဘူးလို့ ငိုပြီးပြောလို့ မှုတ်လားကွာ၊ မင်း ဟေမန်မယ် ဘူးသီးအကြော် မြစ်ဆိပ်မှာ ရောင်းခဲ့သေးတယ်ဆို”


“ဟုတ်ပါတယ်၊ ကျနော် ဟေမန်မယ် အတော်ကြာအောင် နေခဲ့ရသေးတယ်၊ ဟိုမယ် သမီးလေးတယောက်တောင်မှ ရသေးတယ်၊ ဒါပေမယ့် အဖတ်မတင်ရှာဘူးဗျာ”


“တော်ကွာ စိတ်မချမ်းသာစရာကို မပြောနဲ့၊ စိတ်ချမ်းသာရမယ့်စကားမျိုးဘဲ ကိုယ်တော့ကြားချင်တယ်၊ ဒီနေ့ည ဒို့နှစ်ယောက် ပြန်ဆုံကြတဲ့ညမှာ အလဲအကွဲ မူးပစ်လိုက် ပျော်ပစ်လိုက်ချင်တယ်၊ ဒါပေမယ့် စိတ်မချမ်းသာစရာစကားကတော့ တနည်းမဟုတ်တနည်း ပြောလာမိကြမှာဘဲထင်တယ်၊ ဒို့က ဟိုတုန်းက ဒို့နဲ့သိပ်သိသိသာသာ ကွာနေပြီကို ကိုကို၊ စိတ်မချမ်းသာစရာကို ရှောင်လို့တော့ ရမှာမဟုတ်ဖူးထင်တယ်”


“ရှောင်လို့ မရနိုင်ဘူးဟုတ်လား ကိုခင်ထွန်း”


“ ဟုတ်တယ်”


“ဟုတ်တယ် ကိုခင်ထွန်းကြီး၊ ရှောင်လို့မရဘူး၊ဘာပြုလို့လဲဆိုတော့ ကျနော် အခုတောင် ခင်ဗျားကို စိတ်မချမ်းသာစရာစကားပြောတော့မလို့ စဉ်းစားနေဘီ။ ဒါပေမယ့် ကျနော့်ပါးစပ်ကလဲ ဖွင့်မပြောချင်ဘူး၊ ခင်ဗျားက ကျနော်တို့အထဲမယ် အသက် အကြီးဆုံးဆိုတော့ ကျနော်တို့ အမြဲတမ်း ပုဏားတိုင်လုပ်ခဲ့ကြတာ အမှတ်ရတယ်”


“အေးပါလေ၊ ဒါပေမယ့် မင်းပြောတော့မယ့်စကားကို သိပြီးသလောက်ဘဲ၊ မင်း ကိုယ်နဲ့နှစ်ယောက်ထဲ ပြောချင်တဲ့စကား၊ သိပ်လျှို့ဝှက်ရမယ့်စကားမျိုးမှုတ်လား၊ တံတားပေါ်မယ် သွားထိုင်ပြီးမှ အေးအေးဆေးဆေး ပြောကြတာပေါ့ကွယ်၊ လလဲသာပါတယ်”


မြစ်ကူးတံတားကြီးကို လရောင်အောက်တွင်လှမ်း၍ မြင်ရလေသည်။ တံတားကြီးဘက်အတက်ကို တက်နေစဉ်၌ မြစ်ရေလှိုင်းသံသဲ့သဲ့ကို ကြားရစ ပြုလာသည်။ တံတားကြီးသည် လရောင်မှုန်မှုန်အောက်တွင် အေးငြိမ်းငြိမ်သက်နေသည်။ ကျနော်တို့သည် တံတားကြီး၏လက်ရန်းများပေါ်တွင် ဟိုစဉ်ကထိုင်ကြသည့်အတိုင်းပင် မြစ်ရေကို မျက်နှာပြု၍ ထိုင်လိုက်ကြလေသည်။ ရေသားပြင်၏လှိုင်းတွန့်ကလေးများသည် လရောင်အောက်တွင် နေရာမှ မရွေ့မလျှား ငြိမ်သက်နေသည်ဟု ထင်မှတ်ရသည်။ မြစ်ရေပြင်ထက်တွင် ဆောင်းကြွင်းဆောင်းကျန်နှင်းများ ဆိုင်းနေသည်မှာ ကြေကွဲဘွယ်ရာတခုကို ပြန်လည်သတိရနေသည်နှင့် တူနေသည်။ ဤညင်သာစွာ စီးဆင်းနေသော မြစ်ရေအတိုင်း မျှောလိုက်သွားလျှင် ဤမြစ်ကွေ့တနေရာရှိ ဟေမန်၏ သဲသောင်စသို့ ရောက်သွားလိမ့်မည်။ ဤမြစ်ရေတို့သည် ကျနော်တို့အကြော်တဲဟောင်းကလေးရှိသည့် သဲသောင်ပြင်နံဘေးသို့ ရောက်သွားလိမ့်မည်။


တခုခု အမှတ်ရလိုက်လျှင် ဝေနှင့်သာ ပတ်သက်နေတော့သည်။ နေရာတကာ၌ ဝေ့အသံနှင့် မကင်းလွတ်။ ဝေ့မျက်နှာပေါ်မှ တောက်ပသောအပြုံးနှင့် ကင်းဝေးမည့်နေရာကား မရှိနိုင်။ ဝေကား ယခုနောက်ဆုံးအခေါက် ကုန်ရောင်းကုန်ဝယ်ထွက်သွားခဲ့သည်မှာ ဆယ်ရက်မျှရှိနေပါပြီ။ ဝေသည် သာယာသောအသိုက်အမြုံ၏ အပြင်ဘက်သို့ လွတ်လပ်စွာ ပျံသန်းသွားနေပါသည်။ ခုအချိန်၌ ဒိဗ္ဗစက္ခုဖြင့် ဝေဘယ်ဆီတွင် နေသည်၊ ဘာလုပ်နေသည်ကို လှမ်း၍ကြည့်ချင်ပါသည်။

အမေ့အိမ်တွင် လာနေသည့် ဆယ့်ငါးရက်တာအချိန်အတွင်း တညနေ၌ ဝေနှင့်ကျနော်သည် ဤတံတားကြီးပေါ်သို့ လာ၍ ထိုင်ခဲ့ကြဖူးလေသည်။ ထိုအခါက မြစ်ရေပြင်ပေါ်တွင် ထင်နေသော ညနေဆည်းဆာသည် ဝေ့မျက်နှာလိုပင် လှပနေ၍ ဝေ့ မျက်နှာသည်လည်း ဤမြစ်ပြင်ထက်ဝယ် ထင်ဟပ်နေသော ညနေဆည်းဆာကဲ့သို့ပင် လှနေသည်။ ဝေက “ကိုကိုတို့အမေနဲ့ ခင်ဝေ မနေနိုင်တော့ဘူး၊ စိတ်ညစ်လှပါဘီ၊ ပြန်ပါရစေတော့” ဟု ငိုယိုခမန်းပြောခဲ့၍ ထိုစဉ်က ဝေ့မျက်နှာကလေးမှာ ငိုလိုက်တော့မည့်အတိုင်း ညှိုးလျော်နေသည်။


“ကဲ ကိုကို မင်းပြောချင်တာ ခင်ဝေ့အကြောင်းဘဲထင်တယ်၊ ဟုတ်လား” ဟု ကိုခင်ထွန်းက မေးနေသည်။


“ ဟုတ်ပါတယ်”


“ဘယ်လိုလဲ ပြောလေ ဘာလဲ”


“ ကျနော် မြို့သစ်ကလေးမယ် နေတုန်းက ခင်ဗျား စာတိုကလေးတစောင် ရေးလိုက်တာ အမှတ်ရသေးသလား၊ အဲဒါ ကျနော် ခင်ဗျားကို တောင်းပန်မလို့၊ ထားပါတော့လေ၊ အခုပြီးခဲ့တဲ့ အရက်နှစ်ဆယ်လောက်က သိမ်းဆွေကြီးဆီက စာတစောင်ရတာကိုလဲ ခင်ဗျားကို ပြောမလို့”


“ကိုယ်ပေးတဲ့စာနဲ့ပတ်သက်လို့တော့ ကိုယ်က ဘယ်တေ့ာမှ မမေ့ဘူး ကိုကို၊ ဟိုတုန်းကတဲက တနေ့ကျရင် မင်းနားလည်လာပါလိမ့်မယ်လို့ ကိုယ်တော့ တွေးထား တွက်ထားပြီးသားဘဲ၊ မင်းက ကောင်မလေးကို တကယ်ချစ်တာဆိုတာလဲ ကိုယ်တို့ သိတယ်၊ ဒါကြောင့် မင်းတို့အိမ်ထောင်ရေးကို ဘယ်နည်းဘယ်ပုံ ထိန်းသိမ်းသင့်တယ်လို့ ကိုယ်ရေးတာ၊ ဟိုတုန်းက အခြေအနေကတော့ အခြေအနေဟာ ကြည့်မကောင်းတာ ကလေးဘဲရှိသေးတာဘဲ ကိုကို၊ အဲဒီတုန်းက ကိုယ်မရေးမိတာ တခုက မင့်ဝေကို သူ့အမေနဲ့ အတူတူမထားမိဖို့၊ သူ့အမေဆီက အတုမြင်လို့ အတတ်သင်သွားမှာကို သတိမပေးမိတာဘဲ၊ ဒါပေမယ့် အဲဒီသတိပေးစကားမျိုး ဟိုတုန်းက ကိုယ်ပြောခဲ့မိဘူးတယ်တော့ ထင်တယ်၊ တခါတရံကျတော့ ကြိုတင်ပြင်ဆင် ကာကွယ်မှုဟာ ပေါ့ပေါ့ဆဆကလေး ရယ်စရာမောစရာကလေးလောက် ထင်တတ်တာ သိပ်ဆိုးတယ်၊ ကိုယ် အဲဒီသတိပေးစကားကို ပြောတုန်းက ပေါ့ပေါ့ဆဆ ရယ်စရာ မောစရာကလေးလောက်ထားပြီး ပြောမိတယ်ထင်တယ်၊ မင်း ဝေကို ခိုးတဲ့ညကလဲ မှတ်မိသေးလား၊ အမှန်ပြောရရင် ဒီစာမျိုးတစောင် ရေးရတာဟာ လူသတ်မှုတမှုလောက်ကို ဆင်ခြင်နှိုင်းစာပြီးမှ ရေးရတယ် ကိုကို၊ ဒို့ က နှစ်ကိုယ့်တစိတ်လို နေလာခဲ့ကြတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေမို့လဲ ကိုယ် အဲဒီလောက် ရေးဝံ့တာဘဲ၊ ဒါတောင်မှ အထပ်ထပ် အပြန်ပြန်အလှန်လှန် တွေးဆခဲ့ရတယ်၊ အေး သိမ်းဆွေကြီး စာအကြောင်း မင်း ကိုယ့်ကို ပြောတော့မလို့လား၊ သူလဲ ဒီလိုဘဲ၊ မင်းဆီ သူပို့လိုက်တဲ့စာကို ကော်ပီ ကိုယ့်ဆီ ပို့လိုက်တယ်၊ ရှင်းလင်းချက်တခုလဲ ရေးလိုက်သေးတယ်၊ အဲဒီစာအကြောင်းနဲ့ပတ်သက်ရင် မင်းထက် ကိုယ်က ပိုသိတယ်”


“ကျနော် ဘာလုပ်သင့်သလဲ ကိုခင်ထွန်း”


“ပြောဘို့ခက်သားဘဲကွာ၊ ဘာပြုလို့လဲဆိုတော့ မင်းဟာ ငါမဟုတ်လို့၊ ပြီးတော့ မင်း ဝေကို ချစ်တာနဲ့ကိုယ် မရွှေကို ချစ်တာနဲ့တူတာမှမှုတ်ဘဲ ”


“ကျနော် ဆုံးဖြတ်ဖို့တော့ တခုထဲဘဲ ရှိတယ်ထင်တယ်၊ ကျနော် သူ့ကိုစွန့်ပစ်လိုက်ရမှာဘဲ၊ ဒါဘဲမှုတ်လား၊ အမှန်ပြောရရင် ကျနော် သူ့ကို စွန့်ပစ်လိုက်ရမယ်လို့ ဆုံးဖြတ်နေတယ်၊ ဒါပေမယ့် ကျနော်အားနဲနေသလိုဘဲ၊ ခင်ဗျားက စွန့်ပစ်သင့်တယ်လို့ ထင်တယ်လို့ တခွန်းပြောလိုက်ရင် ကျနော် တိတိကျကျ ဆုံးဖြတ်ပြီးသားဖြစ်မှာဘဲ ”


“ ကိုယ်တို့ ဒီစကားမျိုး မပြောရဘူးဆိုရင် သိပ်ကောင်းမှာဘဲ ”


သူ၏ ညည်းညူနေသံသည် မြစ်ရေများ တံတားတိုင်ကိုတိုးဝှေ့ နေသံများထဲ၌ ရောနှောပျောက်ကွယ်နေသည်။ ထိုအချိန်၌ ကျနော်သည် ဝေ့ကိုစွန့်ပယ်ပစ်ရမည်ဟု ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချနေသည်။


“ ဟုတ်တယ် ဒါဘဲရှိတယ်၊ ကျနော် သူ့ကို စွန့်ပစ်မယ်ဗျာ၊ သူနဲ့မျက်နှာချင်းကို ပြန်မဆိုင်တော့ဘူး၊ ဒီကရောက်ပြီးရင် လုပ်စရာရှိတာ အကုန်လုပ်ပစ်မယ်။ ဒီနေ့ ညတွင်းချင်းဘဲ ပြန်မယ်”


“ မင်း သေသေချာချာ စဉ်းစားပြီးပလားကိုကို”


“ ဟုတ်တယ်၊ စဉ်းစားပြီးပြီ”


“ ဒါပေမယ့် သံယောဇဉ်ဆိုတာ ခက်သားဘဲ”


“ ဒါတော့ ဘယ်တတ်နိုင်မှာလဲ၊ ကျနော့်မှာလဲ ကျနော့်မာနကတော့ ရှိရအုံးမှာဘဲပေါ့ ကိုခင်ထွန်း”


ကိုခင်ထွန်းသည် ကျနော့်ပခုံးပေါ်သို့ လက်တဖက်ကို တင်လိုက်လေသည်။ ထို့နောက် ကျနော့်မျက်နှာကို ငုံ့ကြည့်နေသည်။


“ကိုယ် ဒီနေ့ ညရထားနဲ ဘဲ ပြန်မယ်၊ အချိန်တောင် သိပ်မရတော့ဘူးထင်တယ်၊ မင်းကို ပြောစရာရှိတာ ပြောပစ်ခဲ့မှာဘဲ။ အရင် ငါးရက်က မင့်ဝေကို တွေ့ခဲ့ရတယ်ကိုကို၊ အဲဒါကို ပြောမလို့ဘဲ” ဟု သူသည် ပြောနေ၏။


ကျနော် မြို့သစ်ကလေးသို့ ပြောင်းပြီး မကြာမီ သူသည်လည်း သထုံသို့ပြောင်းရွှေ့သွားရလေသည်။ သထုံ၌ မရွှေ ကွယ်လွန်ခဲ့ပြီး၊ လွန်ခဲ့သောနှစ်လကမှ သူသည် ပြန်၍ပြောင်းရွှေ့လာရသည်။ လွန်ခဲ့သောငါးရက်ကမူ သူသည် ပွဲဈေးတန်းမှ သံလမ်းတလျှောက် ဖြတ်သန်းပြီး သူ့အိမ်ဖက်သို့ လျှောက်လာခဲ့လေသည်။ သူသည် ဝေ့ကို တခါမျှ ပြန်မတွေ့ဘူးသေး၊ ဝေရောက်နေသည်ဟူ၍လည်း မကြားမိသေး။ ထိုညကမူ သံလမ်းနှင့်ယှဉ်လျက်လမ်းမှ လရောင်ရိပ်ရိပ်တွင် ဝေနှင့်အတူ လူတယောက်က ပွဲခင်းဘက်မှ လျှောက်လာကြသည်ကို တွေ့ရလေတော့သည်။ ညနှစ်နာရီအချိန်။ သူတို့နှစ်ဦးသည် တဦးနှင့်တဦး ကိုယ်ချင်းပူးကပ်လျက် လမ်း၏ အမှောင်ရိပ်ဘက်မှ ကပ်ပြီး လျှောက်လာသည်။ အမျိုးသားမှာ လော်ရီကားပိုင်ရှင်တဦးဖြစ်၍ ကားသမားသည် ဝေ့အမေအိမ်တွင် သုံးရက်သုံးညမျှ တည်းခိုသွားခဲ့၏။ ဝေ့ အမေနှင့် ဆွေမျိုး စပ်ဟပ်တော်သည်ဟု ဘေးပတ်ဝန်းကျင်၌ အကြောင်းပြချက်ပြုထားသည်။


ကိုခင်ထွန်းသည် ထိုစကားများကို အလွန်အေးဆေး ငြိမ်သက်စွာ တလုံးချင်းပြောနေသည်။ ဤအဖြစ်အပျက်အပေါင်းမှာ ကျနော့်တာဝန်ချည်း ဖြစ်သည်ဟူ၍ ကိုခင်ထွန်းသည် အပြစ်တင်နေ၏။ ကျနော်က အလိုလိုက်လွန်းသောကြောင့်သာ ကလေးမလေး ထိုသို့ဖြစ်ရရှာသည်ဟု ဆို၏။ ဤအခြေအနေ ဤပတ်ဝန်းကျင်မျိုးသို့ရောက်လျှင် မည်သည့်မိန်းမမဆို ဤအတိုင်းဖြစ်ပျက်ရမည်ဆို၏။


ရင်ထဲတွင် ဒေါသ၊ နာကျည်းမှု တခုမှ မဖြစ်တော့ဟု ထင်နေရပေသည်။ သို့သော် ထုံကျဉ်ခြင်းမျှသာ ဖြစ်လေသည်။ ယခုအခါ၌ ဤထက် အဆတရာဆိုးဝါးသော ဝေ၏ဖောက်ပြန်မှုတို့ကို ပြောပြသော်လည်း ကျနော်သည် လှုပ်ရှားတော့မည်မဟုတ်။ ယခု ဝေ၏အခြေအနေကား ဖောက်ပြန်မှုတွင် အဆုံးသို့ စွန်းနေပေပြီ။ ဤအခါတွင်ကား ဝေ့ဘက်မှ လျှောက်လဲကာကွယ်၍ ရနိုင်တော့မည်မဟုတ်။ ထိုသို့တွေးရသည်မှာ ဝမ်းနည်းဘွယ်ရာ ဖြစ်နေပါသည်။


“ ကျနော်တို့သွားကြရအောင် ကိုခင်ထွန်း” ဟု ကျနော်သည် အသံမှန်မှန်အေးအေး တည်တည်ငြိမ်ငြိမ် ပြောလေသည်။


ထို့နောက် သူနှင့်ကျနော်သည် သံလက်ရန်းများပေါ်မှ ဆင်းလိုက်ကြပြီး တံတားအတိုင်း လျှောက်လာခဲ့ကြလေသည်။ ည၏လရောင်အောက်တွင် ရေလှိုင်း တဖျတ်ဖျတ်ခတ်နေသည့် မြစ်ရေပြင်မှာ စီးမြဲအတိုင်း ငြိမ်သက် ဣနြေ္ဒရစွာပင် စီးနေပေသည်။ ကျနော်သည် ကိုခင်ထွန်းနှင့် ယှဉ်မိအောင် လျှောက်လိုက်လေသည်။


“ ကျနော် ခင်ဗျားကို ကျေးဇူးသိပ်တင်ပါတယ် ကိုခင်ထွန်း၊ ဘာပြုလို့လဲဆိုတော့ ကျနော်မတင်မကျဖြစ်နေသမျှတွေအားလုံး ရှင်းလင်းသွားပြီ၊ ကျနော် အကုန်သိသွားပြီ၊ ဝေ ဖောက်ပြန်ပျက်စီးနေဘီ ဆိုတာ အရင်းအတိုင်း သိသွားပြီ၊ ဒါပေမယ့် ကျနော် အခု စိတ်အေးအေးချမ်းချမ်း ငြိမ်းငြိမ်းနဲ့ တွေးနေတယ်၊ ဝေ့ကိုစွန့်ခွာသွားဘို့ရယ် မသွားဘို့ရယ် ဒီနှစ်ခုအနက် တခုခုဘဲ ရွေးချယ်ရတော့မယ် လမ်းဆုံရောက်နေပြီ၊ အစောက သူ့ကိုပစ်သွားဘို့ တွေးခဲ့ဆုံးဖြတ်ခဲ့ပေမယ့် အခုတော့ ကျနော့်စိတ်ထဲမယ် တမျိုးဖြစ်သွားပြီ၊ အခု တကယ်တမ်းခွဲကြဘို့ တွေးတော့ ကျနော် သူ့အပေါ် ဘယ်လောက်သံယောဇဉ်တွယ်တာတယ်ဆိုတာ တိုင်းတာလိုက်သလိုဘဲ သိလာတယ်။ သူနဲ့ကျနော်ပေါင်းလာတာ ခုနစ်နှစ်ထဲ ရောက်နေပြီနော် ကိုခင်ထွန်း၊ ဟေမန်မယ်နေခဲ့ရတဲ့ တနှစ်ကျော်ကျော်အချိန်ကလေးကို မမေ့ဘူး၊ ပြီးတော့ သူ့ကို ကျနော် စွန့်ပစ်သွားရင် ဒီစာရိတ္တအခြေအနေအတိုင်းဆိုရင် နောက်တဆင့် ဖာအတန်းအစားလောက်ကိုဖြစ်ဖို့ ကျန်တော့တာဘဲ၊ အဲဒီအခြေအနေတော့ ကျနော့်ကွယ်ရာမယ် မရောက်စေချင်တော့ဘူး၊ သူ့ကို ကျနော်ပြန်ထိန်းသိမ်းမယ်ဗျာ၊ ပြန်ပြုပြင်လို့ မရနိုင်ဘူးလားလို့ ကျနော် အခုတွေးနေတယ်။ အိမ်ထောင်မှုဘုရားတည်ဆိုတာက်ို ကျနော်အခုမှ သဘောပေါက်တယ်၊ နက်နက်နဲနဲ သဘောပေါက်လာတာကို ပြောတာ၊ ကျနော်တို့ ဘယ်လောက် မှားယွင်းလာခဲ့ကြသလဲ”


ကိုခင်ထွန်းသည် တံတားထိပ်၌ ရပ်တန့်လိုက်လေသည်။


“ ကိုယ် ကိုယ်ချင်းစာပါတယ်၊ မရွှေဟာ သုံးခုလပ်နော်၊ နောက်ကြောင်းသိပ်ရှင်းလှတာတော့ မှုတ်ဖူး၊ ဒါပေမယ့် ကိုယ်နဲ့အိမ်ထောင်ကျပြီး သူသေသွားတဲ့အထိ ကမ္ဘာပေါ်မယ်ကို အကျင့်စာရိတ္တအကောင်းဆုံး မိန်းမတယောက်လို့ ကိုယ်တော့ ယူဆ လိုက်တယ်၊ ဘာပြုလို့လဲဆိုတော့ ဒိပြင်မိန်းမတွေလို အနည်းဆုံး စိတ်ကူးကလေးနဲ့ ဖောက်ပြန်တတ်တဲ့သဘောတောင်မှ မရွှေမယ် မရှိတော့လို့ဘဲ ဖြစ်နေတယ်၊ သံယောဇဉ်ဆိုတာ ကိုယ်လဲမင်းလိုဘဲ သိတဲ့လူဘဲကိုကို။ အေး လူ့ဘဝသက်တမ်းကာ အတိုကလေး၊ လူ့သက်တမ်းအတိုကလေးမှာ ကိုယ်စိတ်ချမ်းသာနိုင်ဘို့တခုထဲကိုဘဲ ကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်ရမယ်၊ မင်းဆုံးဖြတ်ချင်သလို ဆုံးဖြတ်၊ လုပ်ချင်သလို လုပ်တာသာ အမှန်ဆုံးဖြစ်မှာဘဲ၊ ဝေကိုခွဲဘို့ စွန့်ပစ်ဘို့ ဆုံးဖြတ်ရင်လဲ အမှားတွေကို အမှားတွေမှန်းသိထားပြီး စိတ်ထဲက လုံးလုံး ဖျောက်ပယ်ထားနိုင်ရမယ်၊ ဒို့ မိုးအလင်းဘက်တောင် သွားချိန်မရတော့ဘူးထင်တယ်ကိုကို၊ ဘူတာဘက်လျှောက်ရအောင်၊ ရထားချိန် နီးလာဘီထင်တယ်”


ထို့နောက် ကျနော်တို့သည် ဤတံတားကြီးဘက်မှ ငြိမ်သက်စွာ၊ ဖြေးလေးစွာ လျှောက်လာကြလေသည်။ ဘူတာရုံဘက်သွားသည့် လမ်းတို့မှာ ဟိုစဉ်ကကဲ့သို့ မဟုတ်တော့ဘဲ မမှတ်မိနိုင်တော့လောက်အောင်ပင် ပြောင်းလဲနေကြလေပြီ။ ကျုံးဟောင်းကို ဖြတ်ကျော်ပြီးမှ မြို့ကြီး၏ မီးရောင်ထိန်ထ်ိန်နီနေသည့် ဘူတာရုံကို လှမ်းမြင်ရလေသည်။ မြေပြင်မှ မီးရောင်များသည် အေးငြိမ်းသော ကောင်းကင်အဇဋာနက်ပြာထဲသို့ ထွင်းဖောက် တိုးဝင်သွားရန် ကြိုးပမ်းနေကြသည်။


အပိုင်း(၈) ဆက်ရန်

နိုင်ဝင်းဆွေ

No comments:

Post a Comment