Saturday, July 9, 2022

​နွေတည(အပိုင်း - ၈)

 နွေတည


အပိုင်း (၈)


၁၇။

ခပ်ဖြည်းဖြည်း ဖွင့်နေသော ဝေ့မျက်လုံးများသည် ပြတင်းဝမှ ဝင်လာသည့် လရောင်ခြည်မျှင်တန်းများဖြင့် ထိတွေ့ပြီး တောက်ပသွားနေသည်။ ဝင်လုဆဲဆဲ လရောင်ခြည်များမှာ မှိန်ဖျော့နေပြီ။ အရုဏ်ပိုင်း၌တိုက်ခတ်သော လေပြေထဲတွင် တဖက်ခြံမှ သင်းမြသော စပယ်ရနံ့များ ပါလာနေဆဲပင်။


ကျနော်သည် သူ မကြည့်မီ မျက်လုံးကိုပြန်၍ မှိတ်လိုက်သည်။ ထို့နောက် ဝေသည် သူ့ကိုယ်ကို ကျနော့်ဖက်သို့ ခပ်ဖြည်းဖြည်းလူးလှိမ့်ပြီး တစောင်းလှည့်လိုက်လေသည်။ ထို့နောက် သူ့လက်တဖက်ကို ကျနော့်ပခုံးစွန်းပေါ်သို့ ခပ်ဖြည်းဖြည်းတင်လျက် ဆုပ်ကိုင်ပြီး လှုပ်နိုးနေသည်။ ပူနွေးသောအတွေ့၊ နူးညံ့သောအတွေ့တို့ဖြင့် သူ့လက်ကလေးများသည် ကျနော့်ပခုံးသားထဲဝယ် နစ်မြုပ်နေလျက်။ သူ့အသံသည် ဤအခန်းကိုရော၊ ကျနော့််ကိုရော၊ သူ့ကိုယ်သူရော နှုတ်ဆက်နေသကဲ့သို့ ပျံလွင့်နေတော့သည်။


“ ကိုကို... ကိုကို”ဟု သူ၏ တိုးတိုးညင်ညင် ခေါ်နေသံသည် သူနှင့်ကျနော် နောက်ဆုံးကာလ၏ အဆုံးသတ်ပိုင်း အချိန်တိုကလေးမှာ ကုန်လွန်ခဲ့လေပြီဟု တပ်လှန့်သံ ဖြစ်နေသည်။ ဤအသံမှာ နောက်ဆုံးကြားရသောအသံ။


ဤအသံသည် ပင်လယ်ပြင်ကြီးထဲမှ လူးလှိမ့် တက်ပြေးလာပြီး ပင်လယ်ပြင်ကြီးထဲသို့ ပြန်၍ ဆင်းပြေးသွားကြတော့မည့် လှိုင်းလိပ်ကလေးများ၏ သဲသောင်ပြင်ကမ်းကို နှုတ်ဆက်နေသံနှင့်တူနေသည်။ လှိုင်းလိပ်ကလေးများသည် ပင်လယ်ကမ်းခြေနဖူးစ သဲပြင်ပေါ်သို့လာ၍ လွှမ်းသွားသည်။ ထို့နောက် ပင်လယ်ကမ်းစပ်ကို ထိခတ်ပြီး ပင်လယ်ပြင်ထဲသို့ တဖန်ပြန်၍ ဆော့မြူးပြေးဆင်းသွားပြန်သည်။ ထို့နောက် ပြန်ပြေးလာကြပြန်ပြီး ပင်လယ်ကမ်းနဖူးကို အကြိမ်ကြိမ်အဖန်ဖန် ထိခတ်နေသည်။

သို့သော် သည်အကြိမ်လာခြင်းကား နောက်ဆုံးအကြိမ်။ နောက်တကြိမ်တဖန် သူ့အသံကို ကြားရရန် အကြောင်းမရှိတော့။ လှိုင်းငယ်တို့သည် သဲပြင်သောင်စကို နောက်ဆုံးအကြိမ်လာ၍ နှုတ်ဆက်သွားပြီးနောက် မမြင်စွမ်းနိုင်အောင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲအတိုင်း အဆုံးမရှိတော့သည်အထိ ပြေးသွားလျက်။ ပင်လယ်ကမ်ခြေသည်လည်း သူ့မူရင်းနေရာ၌ မရှိတော့ဘဲ အဝေးကြီးဆီသို့ ထွက်ပြေး ပျောက်ကွယ်သွားတော့မည်။


မိုးလင်းတော့မည်။ ခွဲခွာကြရတော့မည်။ နောက်တဖန် ဝေနှင့် ပြန်၍ဆုံတွေ့ရန်၊ ဝေ့မျက်နှာကို တဖန်မြင်တွေ့ရန်၊ ဝေ့အသံကို တဖန်ပြန်၍ ကြားနိုင်ရန်ဖြစ်သော အကြောင်းမှန်သမျှမှာ ဆုံးခန်းတိုင်ခဲ့ပါပြီ။


“ ကိုကို၊ ထကွယ်၊ လေးနာရီလောက်တောင် ရှိပြီမှုတ်လား၊ ကိုကို တမင်မြုံနေတာ၊ လူညစ်ပတ်ကြီး၊ မကောင်းဘူး” ဟု ဝေ၏ပြောနေသံမှာ ချိုလွင်နေလျက်။ သူ့လက်ချောင်းကလေးများ၏အတွေ့မှာ နွေးနေလျက်။ သူ့ကိုယ်လုံးကလေး၏ အတွေ့မှာ အိစက်နေလျက်။ သူ့အသက်ရှူသံမှာ စွဲမက်ဖွယ်ရာ ဖိုလှိုက်မောသံ၊ မြှူချိုသံပါနေလျက်။


သူသည် ဖောင်းမို့နေသော ပါးဖြင့် ကျနော့်ပါးကို တင်းကျပ်စွာ ထိကပ်ထားနေသည်။ ကျနော်သည် ငြိမ်နေမြဲပင်။ လူးလွန့်လှုပ်ရှားမှု အလျင်းမပြုသေး။ ဤအတိုင်းပင် အချိန်အပေါင်းမှာ ရပ်တန့် နားနေစေချင်သည်။ အချိန်ကား တားဆီး၍ရနိုင်သော အရာမဟုတ်ပေ။ ယခုအချိန်မှာ သူနှင့်ကျနော် ခွဲခွာကြရတော့မည့် အချိန်ဖြစ်သည်ကို ဝေသည် အလျင်းမသိ၊ မရိပ်မိသေးပေ။ ဤကဲ့သို့ ဤနည်းဖြင့် ညင်သာလှစွာ၊ အေးငြိမ်းလှစွာ၊ စကားတလုံးမျှ အခြေအတင် မပြောကြဘဲ အလွန်လှပစွာ သူနှင့်ကျနော် ကွဲကွာရလိမ့်မည်ဟူ၍ ဝေသည် ဘယ်စဉ်အခါကမျှ တွေးတောခဲ့မည်မဟုတ်။ ဤသို့ မခွဲခွာရရန် သူ့၌ ခုခံကာကွယ်ခွင့်ကလေးမျှပင်မရှိ။ အကြောင်းပြ တောင်းပန်ခွင့်ကလေးမျှပင် မရှိ၊ အသနားခံယူခွင့်ကလေးမျှပင် မရှိ။ မည်မျှလောက် အေးစက်တည်ငြိမ် တိကျမှန်ကန်ပါသနည်း။ ဤအိမ်ထောင်ရေးတရားခုံရုံးသည် ထုချေခွင့်ပြုသည့် တရားခုံရုံးမဟုတ်။ ကလ်ိန်ဥာဏ်ဆင်၍ လှည့်စားခွင့်ပြုသည့် တရားခုံရုံးမဟုတ်။


သူ့ကို ကားဆိပ်သို့လိုက်ပို့ပေးပြီး ကျနော် ပြန်လာ၊ အိမ်တံခါးပိတ်၊ အလုပ်ထွက်စာတင်၊ ဤမြို့ကြီးမှ တခါတည်း အပြီးအပိုင် ထွက်သွား။


“ ဒီမျက်လုံးက တမင်မှိတ်ထားတာ၊ ဖွင့်စမ်းပါ ဆိုမှဘဲ ကိုကိုမကောင်းတော့ဘူးကွယ်”


သူ့လက်ဖြင့် ကျနော့်မျက်ခွံကို ကိုင်ပြီး ဆွဲဖွင့်နေသည်။ ထို့နောက် သူ၏ချိုလွင်သော တီးတိုးရယ်သံသည် ဤနောက်ဆုံး အိပ်ခန်းကလေးကို သာယာစွာ ရစ်ပတ်နေသည်။ ဤနောက်ဆုံး စက္ကန့်အချိန်ကလေးမှာ ကုန်ဆုံးနေပြီ။ ဤအချိန်ကလေးအတွင်းဝယ် ဒေါသစိတ်၊ ဝမ်းနည်းကြေကွဲ ဆွေးမြေ့စိတ်၊ ရင်ထုမနာ ဒေါမနဿ စေတသိတ်၊ ချစ်စိတ်၊ မေတ္တာ၊ သံယောဇဉ်စိတ်အားလုံးသည် ကျနော့်နှလုံးသားပေါ်ဝယ် ရောမွှေဖြစ်ပေါ်လျက်။ ထိုဖြစ်ပေါ်မှုကြောင့်ပင် နာကျင်ထုံထိုင်းနေပါပြီ။


မြို့ကြီး၌ ကိုခင်ထွန်းကြီးစီးသွားသည့်ရထား ထွက်ခွာသွားပြီးနောက် ကျနော်သည် တယောက်တည်း တံတားကြီးဘက်သို့ လျှောက်သွားပြီး တညလုံးပင် တွေးတောလျက် ဤဆုံးဖြတ်ချက်ကို အခိုင်အမာချသည်။ ဤဆုံးဖြတ်ချက်သည် ပြောင်းလဲနိုင်တော့မည် မဟုတ်၊ ခိုင်မြဲ စွဲမြဲနေသည်။ အရုဏ်လာမှ ကျနော်သည် အမေ့အိမ်ဘက်သို့ပြန်သွားခဲ့ပြီး အဖွားသင်္ဂြိုလ်ပြီးသည်အထိ မစောင့်တော့ပဲ ချက်ချင်းဆုံးဖြတ်ချက်အတိုင်း ပြုမူရန် မြိုင်ကြီးသို့ပြန်ပြေးခဲ့၏။ မြိုင်ကြီးသို့ ညနေခင်းပိုင်း ရောက်သွားပြီး ချက်ချင်း စားပွဲတွင်ထိုင်လျက် အလုပ်ထွက်စာကို ကောက်ရေးခဲ့လေသည်။ ဝေနှင့်ကျနော်သည် ပြန်၍တွေ့ဆုံရန် မရှိတော့ဟူ၍ ထင်ခဲ့လေသည်။ ထိုသို့ဖြစ်သော်လည်း ဝေနှင့်ကျနော်ကား ရေစက်ကြွင်းကျန်နေသေးလျက်ပင်။ အလုပ်ထွက်စာရေးနေ၍ တပိုင်းတဝက်အရောက်တွင် ခြံရှေ့သို့ ဝေရောက်လာသည်။ ဝေသည် တပတ်ပြန်လှည့်လာခဲ့ပြန်လေသည်။ ပင်လယ်၏ကမ်းခြေက်ို နှုတ်ဆက်ရန် လှိုင်းလိပ်ကလေးများသည် တကျော့ပြန်၍ လူးလှိမ့်တက်လာပြန်လေသည်။ ထို့နောက် ပင်လယ်ကမ်းခြေသောင်ပြင်ပေါ်သို့ တဖန်ပြန်၍ လွှမ်းမိုးပြန်လေသည်။


ထိုအချိန်တွင်ပင် ဝေသည် အိမ်ရှေ့၌ ဆိုက်ရပ်သော မြင်းလှည်းပေါ်မှ အိမ်ဘက်သို့ လှမ်းမျှော်ကြည့်လေသည်။


“ ကိုကိုရေ ကိုကိုရေ ” ဟု သူသည် လှမ်းအော်ပြီး မြင်းလှည်းပေါ်မှ ဆင်းသက်နေသည်။


“ ဒီမယ် ကုန်တွေ လာချကူပေးပါအုံး၊ ဧည့်သည် လာတာလေ၊ ဘာငေးနေရတာလဲ ”


သူ၏ရယ်မောလိုက်သံမှာ ပျံ့လွင့်လာပြန်သည်။ ခဏမျှ ကျနော်သည် ငေးမောနေ၏။ ထို့နောက် ရေးလက်စတန်းလန်း အလုပ်ထွက်စာကို သိမ်းဆွေကြီး၏စာ သိမ်းထားရာ စာပွဲအံဆွဲကို ဖြည်းဖြည်း ဆွဲဖွင့်ပြီး အပေါ်မှ ထပ်ထည့်လိုက်ပြီး သော့ကို ပြန်ခတ်လိုက်သည်။ သည်အခါတွင်ကား ဝမ်းနည်းဖွယ်ရာ အမှန်ပင်။ သည်တကြိမ် သူပြန်ရောက်လာသည်မှာ အိမ်မက်ထဲတွင် ရောက်၍လာသကဲ့သို့ ကျနော်သည်လည်း အိပ်မက်တခုကို ကယောင်ကတမ်း မက်နေသကဲ့သို့။ ကျနော်သည် စားပွဲထိပ်မှ ထရပ်လိုက်ပြီး ခြံဝမှ သူ့ကို လှမ်းမျှော်ကြည့်နေသည်။ သူ့မျက်နှာပေါ်မှ ဝေနေသော လှနေသောအပြုံး၊ မြင်းလှည်းနံဘေးမှ သူရပ်နေပြီး လက်ယပ်လှမ်းခေါ်နေပုံကို အိပ်မက်ထဲ၌ မြင်တွေ့နေရသကဲ့သိုပင်။


“ လာပါဆိုမှဘဲကွယ်၊ ငေးနေလိုက်တာ”


သူနှင့်ကျနော်မှာ နှစ်ပေါင်းများစွာက ကွဲကွာလာခဲ့ပြီးသလိုပင် ထိုအခိုက်၌ ကျနော့်စိတ်ထဲ၌ ထင်နေသည်။ သူနှင့်ကျနော်သည် မည်သို့မျှ မပတ်သက်တော့။ သူသည် ဤကျနော့်အိမ်ထဲသို့ ဝင်လာနေသည့် လမ်းပေါ်မှ မိန်းမတဦးမျှသာဖြစ်၏။ မနေ့တနေ့ကပင် သူသည် တည၌ ပွဲကြည့်အပြီး နံနက် နှစ်နာရီလောက် မိုးမလင်းသေးမီ မှောင်ရိပ်လမ်းကိုဖြတ်ကာ သူ့အမေအိမ်သို့ အိပ်စက်ရန် သွားခဲ့သေးသည်။ သူ့အမေအိမ်တွင် ထိုသူနှင့် သုံးရက်မျှ အတူအိပ်ခဲ့သေးသည်။ သိမ်းဆွေကြီးရှိရာ ဘူတာ၏ကုန်တွဲများကြားတွင် လူတယောက်နှင့် နေရာအရှာသွားခဲ့သေးသည်။ ခု သူသည် မြိုင်ကြီးတွင် ကျနော်နှင့်အတူ နှစ်ရက်တန်သည် သုံးရက်တန်သည် အိပ်စက်ရန် လာနေသည်။


မြို့သစ်ကလေးတွင်နေစဉ်ကသာ ဤအဖြစ်မျိုး ဖြစ်ခဲ့ပြီး ယခုလို ပြန်မြင်လိုက်ရလျှင် ကျနော်သည် ပြေးထွက်သွားပြီး ရက်ရက်စက်စက် အပိုင်းပိုင်းအထစ်ထစ် ခုတ်သတ်ပစ်လိမ့်မည်။ ယခုမူ ဒေါသမရှိတော့သလိုပင် ကျနော်သည် တည်ငြိမ်နေ၏။ သူနှင့်ကျနော်ကား မပတ်သက်တော့သည်မှာ ကြာပြီ။ သူသည် ကျနော်ချစ်သောဝေ မဟုတ်တော့၊ ကျနော့်ထံမှ အခွင့်အရေးသို့မဟုတ် ငွေကြေးကို ရယူလိုပြီး သူ့ကိုလာ၍ ပေးအပ်အရောင်းအဝယ်ပြုနေသူ မ်ိန်းမတဦး၊ သူနှင့်မိမိသည် မည်သို့မျှ ပတ်သက်တော့သည်မဟုတ်၊ သူ့ဖာသာဖြစ်ချင်ရာဖြစ်၊ မိမိနှင့် မည်သို့မျှမဆိုင်တော့ဟု ကျနော်သည် တွေးတောနေ၏။


“ လာလေ ” ဟု သူက ခေါ်လိုက်ပြန်သည်။


ကျနော်သည် စားပွဲမှ ဖြေးဖြေးလေးလေး ထလိုက်ပြီး အိမ်နိမ့်ကလေး၏လှေကားထစ်များအတိုင်း လေးလေးလံလံ ဆင်းသက်သွားသည်။ နွေ၏ညနေဆည်းဆာသည် ကျနော့် ငှက်ပျောဥယျာဉ်ကလေးခြံဝနှင့်ခြံရှေ့  သီတာမြသားအပေါ်တွင် ကျနေသည်။ ငှက်ပျောဥယျာဉ်ကလေး၏အလယ် အုတ်ခဲနီလမ်းမှ ကျနော် ဖြည်းလေးစွာ လျှောက်သွားနေသည့်အခိုက်တွင် ဝေသည် ကျနော့်ကို လှမ်းမျှော်ငေးမောကြည့်နေသည်။ ဝေ့မျက်နှာပေါ်မှ ထာဝစဉ်တောက်ပ ပွင့်လန်းနေတတ်သော အပြုံးများမှာ မှိန်ဖျော့လာနေသည်။


ကျနော်သည် ခြံရှေ့ဝင်းဝ သူ့ရှေ့၌ရပ်လိုက်လျှက် “ ကိုယ် ခေါင်းတွေ သိပ်မူးနေလို့ဝေ ” ဟု တိုးသက်ညင်သာစွာ ပြောလိုက်လေသည်။


သူသည် မြင်းလှည်းသမားအကူအညီယူပြီး ငပိ ငခြောက်ခြင်းများကို အိမ်ရှေ့သို့သယ်ယူနေသည်။ ထို့နောက် သူသည် မြင်းလှည်းသမားအား ငွေပေးချေနေပြီး “ မနက်ကျရင် စောစောလာခဲ့နော် ဦးလေး၊ ငါးနာရီခွဲလောက် လာခဲ့ပါ ” ဟု ပြောနေသံမှာ ချိုလွင်နေလျက်။


မြင်းလှည်းသည် ခြံဝမှ သီတာမြသား၏အကွေ့ဘက်သို့ မောင်းနှင်ပြေးသွားသည်။ မြင်းခွာသံများသည် ခြံရှေ့၌ နှုတ်ဆက်နေသကဲ့သို့ပင် မေ့ကျန်ရစ်ခဲ့လေသည်။


ဝေသည် ကျနော်ရပ်နေရာခြံဝဘက်သို့ လှည့်ကြည့်လိုက်၏။ ငါးပိခြင်းများသယ်ရသဖြင့် ဝေ့နဖူးပြင်၌ ချွေးဥကလေးများ စီရီနေသည်။ သူ့ကိုယ်မှ ချွေး၏ရနံ့သည် ထိုအချိန်၌ ခြံဝတွင် စိုထိုင်းလျက်ရှိနေသည်။ ထိုအခိုက်အတန့်ကလေး၌ ကျနော်သည် ဝမ်းနည်းစွာဖြင့် သူ့ကို တခါကလိုက်အခေါ် သူစပါးသယ်နေခဲ့သည်ကို အမှတ်ရသွားသည်။ ထိုအခါကလည်း သူ့တွင် ဤကဲ့သို့ ချွေးဥကလေးများ စိုထိုင်းနေလျက် သူ့မျက်နှာကလေးမှာ ချွေးများကြောင့် လန်းဆန်းနေသည်။ ထို့နောက် ဟေမန်တွင် ဈေးရောင်းနေစဉ်က သူ့ဈေးကုန်များကို ချွေးတပြိုက်ပြိုက်နှင့် သယ်သည်ကို အမှတ်ရပြန်သည်။


သူသည် ကျနော့်မျက်နှာကို မော့်ကြည့််ပြီး “ ကိုကိုနေမကောင်းလို့လား ” ဟု တိုးတိုးမေးလိုက်သံမှာ ဟေမန်တွင် နာမကျန်းစဉ်က မေးလိုက်သံနှင့် မခြား။


“ ကောင်းပါတယ် ဝေ၊ ခေါင်းထဲက နဲနဲမူးတာပါ ” ဟု ကျနော် ပြန်ပြောလိုက်သည်။


လမ်းကလေးထဲတွင် သူသည် ဘေးချင်းယှဉ်ကပ်လျက် အိမ်ဘက်သို့ လျှောက်သွားသည်။ သူ့ကိုယ်ကလေးမှာ ကျနော့်ကို တိုးဝှေ့နေသည်။ သူသည် ကျနော့်လက်ကို သွေးစမ်းကြည့်ရန် ဆုပ်ကိုင်လိုက်သည်။


“ မင်းနဲ့ကိုယ်နဲ့ ခွဲကြရတော့မယ်ဝေ၊ ကိုယ်ဆုံးဖြတ်ပြီးပြီ၊ ပြင်လို့မရတော့ဘူး၊ မင်းက မင်းလမ်း မင်းသွား၊ ကိုယ်လဲ ကိုယ့်လမ်း ကိုသွား၊ ဒါပေမယ့် ဘာကြောင့် မင်းနဲ့ ကိုယ်နဲ့ ခွဲရတော့မယ်ဆိုတာတေ့ာ ကိုယ်မပြောနိုင်ဘူး ဝေ ” ဟု ပြောလိုက်လိုသောဆန္ဒ ပေါ်လာသည်။ ထိုသို့ ဖွင့်လှစ်ပြောလိုက်လျှင် အခြေအနေမှာ မထ်ိန်းသိမ်းနိုင်တော့လောက်အောင် ပေါက်ကွဲသွားနိုင်သည်။ ထို့နောက် သူက ဖက်၍ငိုယိုတောင်းပန်။ အမှားဝန်ခံလိုက်လျှင် ကျနော်သည် ဆုံးဖြတ်ချက်အတိုင်း မလိုက်နာနိုင်တော့ဘဲ ပျော့ညံ့စွာ အရှုံးပေးပစ်ချင် ပေးပစ်လိမ့်မည်။ မိမိကိုယ်ကို စိတ်မချ၊ မိမိ၏ ပျော့ညံ့သောစိတ်နှလုံးသားကို စိတ်မချနိုင်။


“ဒါဖြင့် ဝေ နောက်တခေါက် တော်တော်နဲ့ မသွားသေးဘူးကိုကို၊ တော်ကြာ ကိုကိုတယောက်ထဲ နေမကောင်းဖြစ်နေရင် ဒုက္ခ၊ ဒီတခါ အထည်ကချည့် သုံးရာကျော်ကျော် မြတ်တယ်ကိုကို၊ တောဘက် ဆင်းရောင်းတာ၊ ဒီကရှေ့ တောတွေဖက်မယ် ဖောက်သည်ရထားလို့ မြန်ပါဘီ၊ ဟိုမယ်ကြာလှရင် သုံးရက်ဘဲ၊ ဟုတ်တယ်၊ လောဘကို နဲနဲပါးပါးတော့ လျော့ထားအုံးမှဘဲ၊ ဒီမယ် ကိုကိုတယောက်ထဲ ကိုယ့်ဖာသာချက်စား၊ ကိုယ့်ဖာသာ အဝတ်လျှော်ဖွပ်နေရတာ ဝေသနားလာဘီ”


ဤစကားများမှာမူ ဝေသည် သူ့စေတနာအရင်းအတိုင်း ပြောနေခြင်းဖြစ်သည်ဟု ကျနော်တွေးနေမိသည်။ ဟေမန်တွင် နာမကျန်းစဉ်က ဝေသည် မိခင်တဦးနှင့်မခြားသောမေတ္တာဖြင့် ပြုစုခဲ့သည်ကို ပြန်အမှတ်ရနေသည်။ အလေးအပေါ့သွားသည့်ကိစ္စကပါ မကျန်အောင် သူသည် ပြုစုခဲ့သည်ကိုသတိရပြီး ရင်ထဲ၌ နာကျင်နေသည်။


“ မလိုပါဘူး ဝေ၊ ကိုယ်ပင်ပန်းတာ မဟုတ်ပါဘူး၊ ဝေ ဒီမယ် သုံးရက်လောက် ရောင်းရင် တင်လာတဲ့ကုန် ကုန်မယ်မဟုတ်လား၊ အလုပ်လုပ်စရာရှိတာသာ လုပ်ပါ၊ ကိုယ်တို့က ညားစလင်မယားမှ မဟုတ်တော့တာဘဲ ဝေ ”


“ ကိုကို တခုခုဖြစ်နေသလိုဘဲ၊ အရင်တုန်းကတော့ ဝေသွားတော့မယ်ဆိုရင် ကိုကိုဘဲ ရက်တွေ ရွှေ့ရွှေ့ခိုင်းတယ် "


“ ကိုယ် အမှန်ပြောတာပါ၊ ကိုယ်တို့အတွက် အဓိကထားရမှာက စီးပွားရေးဘဲ မှုတ်လား၊ ဝေပြောနေကျစကားလေ၊ စီးပွားရေးမရှိရင် လူလူချင်း အနှိမ်ခံသတ္တဝါဖြစ်နေရတယ်ဆိုတာ၊ ဝေ့မိသားစုကို လူအထင်သေးခံနေရတာ စီးပွားရေးကြောင့်ဆို ဝေ၊ ကိုယ့်အမေက ဝေ့ကိုအထင်သေးတာ စီးပွားရေးကြောင့်ဘဲဆို”


“ မဟုတ်ပါဘူး၊ ကိုကို တခုခုပြောင်းလဲနေပါဘီ”


“ ဒါတော့ ကိုယ်မပြောင်းလဲတတ်တဲ့လူဆိုတာ ကိုယ်တို့ခြောက်နှစ်ကျော်အောင် ပေါင်းလာခဲ့ပီဘဲ၊ ဝေ သိပါတယ်”


ဝေက ကျနော့်မျက်နှာကို တခုခုရှာဖွေနေသလို ကြည့်ခဲ့လေသည်။ ထိုအချိန်တွင် တတ်နိုင်လျှင် ကျနော်သည် အခါတိုင်းကအတိုင်း ရယ်စရာတခုခုပြောပြီး လွတ်လပ်ရွှင်လန်းစွာ ရယ်မောပစ်ဖို့ ကောင်းသည်ဟု တွေးနေ၏။ သို့သော် ရယ်၍ကား မရနိုင်ပေ၊ ကျနော်သည် လက်နှစ်ဖက်ဖြင့် နားထင်ကို နှိပ်ထားလျက် အိမ်ရှေ့တန်းလျားတွင် ဝင်ထိုင်လိုက်ရသည်။


ဤညနေနှင့်နောက်နေ့များတွင် မိမိ၏စိတ်နှလုံးဆုံးဖြတ်ချက်ကို မပြေလျှော့သွားရန် မည်ကဲ့သို့ တောင့်ခံထားရပါမည်နည်း။ ဤရက်များ၌ တခုခုဖြစ်တော့မည် ထင်ခဲ့သည်။ ရက်ပေါင်းများစွာက အံခဲကျိတ်မှိတ်ထားသမျှတို့ ရုတ်တရက် စုပြုံပေါက်ကွဲသွားမည်ကို စိုးရိမ်သည်။ ညအိပ်ပျော်နေစဉ်၌ သူ့ကို သွေးအေးအေးဖြင့် သတ်ပစ်ချင် သတ်ပစ်မိလိမ့်မည်။ သို့မဟုတ် ပြဿနာများကို မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်ပြီး ကျနော်သည် တဖန် စိတ်အားလျှော့ပြန်လျက် ဤငရဲတွင်း အိမ်ထောင်ရေး၌ သံသရာပြန်လည်ချင် လည်နေမည်။ သို့သော် ထိုလေးရက်အချိန်မှာ သိုသိုသိပ်သိပ် ကျစ်ကျစ်လစ်လစ်ဖြင့်ပင် ယခင်ရက်ပေါင်းများစွာကအတိုင်း အလွန်ညင်သာစွာ အေးငြိမ်းစွာဖြင့် ကုန်ုဆုံးလိုက်လာနေသည်။ ထိုလေးရက်တာကာလ၌ အကြိမ်ကြိမ် ပေါက်ကွဲတော့မည်ကဲ့သို အကြိမ်ကြိမ်ကျနော်အရှုံးပေးတော့မည်ကဲ့သို့ စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့သော်လည်း ထ်ိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုလေးရက်တာကာလ အဖြစ်အပျက်အကြောင်းအရာများကို ကျနော်သည် စက္ကန့်နှင့် ဖွဲ့တွက်၍ မှတ်မိနေသည်။ သူပြောခဲ့သည့်စကား၊ သူ့လှုပ်ရှားမှု၊ သူပြုံးလိုက်သည့်အပြုံးများ အားလုံးကိုပင် စိတ်ထဲ၌ စွဲထင်မှတ်မိနေသည်ဟု ထင်ရလေသည်။


မနေ့ညနေကမူ ကျနော် ပြတင်းဝတွင် ရပ်နေစဉ်၌ သူသည် လူနေတော့မည်မဟုတ်သည့် ဤအိမ်ကလေး၏ ဧည့်ခန်းကြမ်းပြင်ကို ဖယောင်းတိုက်နေသည်။ မနက်ဖက်သွားရန်အတွက် သူ အထည်များ ဝယ်ယူခဲ့ပြီးလျက် ငပ်ိ၊ ငါးခြောက်များအားလုံး ရောင်းချခဲ့ပြီးပြီ။ သူသည် တခေါက်ပြန်လာပြီး ပြန်သွားတော့မည်ဆိုလျှင် ရုပ်ရှင်တကားကြည့်လေ့ရှိသည့်အတိုင်း “ဘိုင်စကုပ်ကြည့်ရအောင်ကိုိုကို” ဟု ကြမ်းတိုက်နေရာမှ လှမ်းပြောခဲ့သည်။ ကျနော်သည် ခေါင်းယမ်းခါလိုက်လျက် “ကိုယ်ခေါင်းမူးနေတုန်းဘဲ”ဟု ပြောလိုက်လေသည်။


ဝေသည် ကြမ်းတိုက်အဝတ်ကို လက်မှကိုင်ပြီး ပြတင်းဝအနားသို့ လာရပ်လေသည်။ အခါတိုင်းကဲ့သို့ ရုပ်ရှင်မပြဘူးဟုဆိုသဖြင့် သူ့မျက်နှာမှာ စိတ်ကောက်မှိုင်းညို့သွားသည်။


“ကိုကို တကယ်ခေါင်းမူးနေတာလား ဝေမနက်ဖြန်ကာသွားဘို့ကားကိုတောင် ချိန်းခဲ့ပီးဘီ၊ ဒုက္ခဘဲ၊ ဒါပေမယ့် ဟိုမှာ ဖောက်သည်ပေးခဲ့ရမှာဆိုတော့ နှစ်ရက်ပဲ နေမှာပါ ကိုကို” ဟုပြောရင်း သူသည် ကျနော့်မျက်နှာကို မော့ကြည့်နေသည်။ ဝိုင်းဝိုင်းစက်စက် ဝေ့မျက်လုံးများမှာ ဆည်းဆာနေခြည်အောက်တွင် အရည်ရွှန်းလဲ့ တောက်ပနေသည်။


“ဝေ မနက်ဖြန်သွားတော့မှာဘဲ၊ အေးလေ သွားပေါ့”


“မသွားရသေးဘူးလား၊ အဲဒီလိုတော့ မပြောနဲ့ကွယ်၊ ဝေ သွားချင်စိတ်တောင် မရှိတော့ဘူး၊ စိတ်မဖြောင့်တော့ဘူး၊ ကိုကို နေချင်သေးရင် နေအုံးမယ်လေ”


“ကို ဘယ်လိုပြောမိလို့လဲ ဝေ”


သူသည် ကျနော့်လက်မောင်းတဖက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာကို ကျနော့်မျက်နှာနှင့် ထိကပ်ခမန်းတိုးကာ ကျနော့်မျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေသည်။ အတွင်း၌ ဖုံးဖိကွယ်ဝှက်ထားသမျှကို ဝေ တွေ့မြင်သွားပြီဟု ထင်ရသည်။ အလင်းရောင်ပျပျ၌ သူ့နှုတ်ခမ်းမှာ ပွင့်ဟနေလျက် သူ့ပါးကလေးမှာ နီထွေးနေကာ သူ့နဖူးပြင်စပ်၌ ဆံညွန့်ကလေးများ လှပစွာ ကျနေသည်။ သူသည် အစဉ်အမြဲ လှပနေတတ်သော ချစ်စဖွယ်အရုပ်ကလေးတခုလို ဖြစ်နေပြန်သည်။


“ကိုကို စကားပြောတာ တမျိုးဖြစ်နေဘီနော်၊ ကိုကို တခုခု ဖြစ်နေပါဘီ၊ ဝေ့ကို ပြောစမ်းကွယ်၊ ကိုကိုဘာဖြစ်နေသလဲ ဝေ့ကိုပြောစမ်း၊ ဝေ အခုလိုသွားလာနေတာ ကိုကိုမကြိုက်တော့ဘူးလား၊ ကိုကိုမကြိုက်တော့ဘူးဆိုရင် ဝေ သွားကို မသွားတော့ပါဘူး၊ ကိုကို အဲဒီလို အုံနွေးနွေးကြီးလုပ်နေတာ သိပ်ဆိုးတာ၊ ပြောစရာရှိတာ ဘယ်တော့မှ ပွင့်ပွင့်လင်းလင်းပြောတာမှုတ်ဘူး၊ အခု ဝေ ပေါင်ခဲ့တဲ့ရွှေတွေလဲ အကုန်ပြန်ရွေးပီးဘီ၊ အမေ့အိမ်ဆောက်နိုင်အောင်လဲ လုပ်ပေးပီးဘီ၊ ငွေ နဲနဲပါးပါးလဲ စုဆောင်းမိ အခြေတွယ်ထားပီးဘီ၊ အမှန်တော့ ဝေ ကိုကို့တယောက်ထဲ ထားရစ်ခဲ့ပီး သွားသာသွားရတာ သိပ်စိတ်မချမ်းသာဘူး၊ ကဲ…ဘယ်လိုလဲ ပြောလေ”


ထိုအခါ၌ သူ့ကို ကျနော့်ရင်ထဲ ခံစားနေရမှုများအားလုံး ဖွင့်၍ပြောချင်သည့်ဆန္ဒများ ပေါ်ပေါက်လာနေသည်။ သူ့ကို ကုန်အရောင်းအဝယ်မသွားပါနှင့်ဟု တားလိုက်ချင်၏။ သို့သော် ထိုစိတ်ထိုဆန္ဒတို့ကို ဝမ်းနည်းစွာဖြင့် ချိုးနှိမ်ပစ်ရတော့သည်။

ယခုအခါတွင်မှ ထိုကဲ့သို့ဆက်လက်နေထိုင်လျှင်လည်း ပြီးခဲ့သောအမှားအယွင်းတို့သည် သူနှင့်ကျနော့်ကြားဝယ် ရွံရှာစက်ဆုပ်ဖွယ်ရာများအဖြစ်ဖြင့် အစဉ်အမြဲ ကြား၌ ခြားနေတော့မည်။ နောင်အခါ၌ သံသယတို့ဖြင့် ထာဝစဉ်ရှုပ်ထွေး စိတ်မချမ်းသာရသော အိမ်ထောင်ရေးတခုသာလျင် ဖြစ်နေတော့မည်။ မှားခဲ့ပြီးသောအမှားဆိုသည်မှာ ပြန်လှည့်ကြည့်ပြီး အချိန်မှန်သမျှ နောက်ပြန်ဆွဲ၍ရနိုင်သည်မဟုတ်။ စွန်းမိသော အမဲကွက်မှာ စွန်းထင်းနေမြဲသာ ရှိမည်။ ဤအမဲစက်သည် အိမ်ထောင်ရေး၌ အစဉ်သဖြင့် ရွံရှာဖွယ်ရာအဖြစ် ထာဝစဉ် နောက်ပြန် မြင်နေရလိမ့်မည်။


ကျနော်သည် မှောင်ရီရီထဲတွင် သူ့လက်ဖဝါးကလေးတဖက်ကို လှမ်းဆုပ်ကိုင်ပြီး ဖြစ်ညှစ်လိုက်မိလေသည်။ ဟိုစဉ်က စပါးသယ်အလုပ်သမလေး ခင်ဝေ၏လက်မှာ အသားမာဘုများပင်ဖြစ်နေ၍ ကြမ်းထော်နေပြီး ယခု မခင်ဝေ၏လက်ချောင်း သေးသေးမျှင်ကလေးများသည် နုညက်ပျော့ပျောင်းစွာ ကျနော့်လက်ဖဝါးပြင်ထဲတွင် နစ်မြုပ်ပျောက်ကွယ်နေသည်။ သူ့ကိုခိုးပြေးလာသည့်ညက မိုးစက်မိုးမှုန်များထဲတွင် သူ့လက်ကြမ်းကလေးကို ဆုပ်ကိုင်ထားမိသောအခါဝယ် အတွေ့အာရုံအားဖြင့် နွေးထွေးနေပြီး ယခုကား ထိုနွေးထွေးမှု အတွေ့အာရုံအစား ရင်ထဲတွင် ဝမ်းနည်ဆွေးမြေ့ဖွယ်ရာများသာ ပေါ်ပေါက်နေသည်။ သို့သော် ထိုညကကဲ့သို့ ဝေ့အသက်ရှူသံများမှာမူ မောလျနေသည်။


“ဘယ်လိုလဲ ပြောလေကိုကို၊ ကိုကို ဘာဖြစ်နေတာလဲဟင်၊ ကိုကိုဘယ်လိုဖြစ်နေတာလဲဟင်”ဟု သူ့စကားပြောနေသံသည် ဤပြတင်းဝ၌ ဆွတ်ပျံ့ဖွယ်ရာဖြစ်နေသည်။ သူ့မျုက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်သိပ်လာနေသည်ကိုပင် မြင်ရသည်။


“ကိုယ် ဘာမှမဖြစ်ပါဘူး ဝေ၊ မင်းစိတ်ထင်လို့ပါ”


“မဟုတ်ဘူး၊ မဟုတ်ပါဘူး ကိုကို၊ ဖွင့်ပြောစမ်းပါ၊ ဝေတို့ မြိုင်ကြီးကိုရောက်လာရတာ မှားဘီထင်တယ်၊ သိပ်မှားဘီထင်တယ်”


“ဘယ်မှားမလဲ ၊ ကိုယ်တို့စီးပွါးရေး ဘယ်လောက်တက်နေပလဲ၊ ဝေ့အမေ တင့်တောင့်တင့်တယ်ဖြစ်သွားရတာ မြိုင်ကြီးကို ပြောင်းလာရလို့မို့လား၊ ကိုယ် ခေါင်းမူးနေလို့ပါ၊ တွေ့လေရာတွေ လျှောက်တွေးမနေစမ်းပါနဲ့ဝေ”


သူ့မျက်လုံးအိမ်ထဲမှ မျက်ရည်များ ဖိတ်စင်ကျလာနေသည်။ ကျနော်သည် ပြတင်းဝတွင် နားထင်ကို လက်နှစ်ဖက်ဖြင့် နှိပ်ထားလိုက်သည်။ ဤအချိန်များ မြန်မြန် ကုန်ဆုံးစေချင်သည်။ ဤစိတ်နှလုံးကြေကွဲဖွယ်ရာ အချိန်များ မြန်စွာ ဆုံးခန်းတိုင်ပါစေတော့။


ယခုလည်း သူသည် အိပ်ရာထဲတွင် “ဒီမျက်လုံးကြီး ဖွင့်စမ်းပါ”ဟု တိုးတိုးပြောပြီး ရယ်နေလျက်။ ထိုရယ်မော ရွှင်ပျသံကလေးသည် ဤအိပ်ခန်းကလေးကို သာယာချမ်းမြေ့မှုအပေါင်းဖြင့် ဖုံးလွှမ်းပေးနေသည်။ သူသည် ပါးချင်းထိကပ်ထားရာမှ ခွာလိုက်ပြန်လျက် ကျနော့်မျက်နှာပေါ်တွင် နှာတံဖြင့် မထိတထိ ဖိကပ်ထားသည်။ ထို့နောက် နွေးထွေးသော သူ့နှုတ်ခမ်းဖြင့် ထိကပ်ထားပြန်သည်။


ယခုလည်း ကျနော်သည် ဆုံးဖြတ်ထားသမျှကို ပစ်ပယ်လိုက်ပြီး သူ့ကို အလုံးစုံ ဖွင့်ပြောလိုက်ချင်သည့်ဆန္ဒများ ရင်ပြင်ထဲတွင် ပြည့်သိပ်လာနေပြန်သည်။ ထိုဆန္ဒများကို တောင့်၍တင်း၍ ရပ်ခံထား၏။ ဤအချိန်ကလေး၌ ခွဲကြရတော့မည်ဟူသော အသိသည် စိတ်နှလုံးကို နှိုးဆွပေးထားနေသည်။ တင်းထားသမျှ စိတ်များကို အဆုံးစွန်အထိ လျှော့ချလိုက်ရမည်ကဲ့သို့ ဖြစ်နေသည်။ ဤအချိန်ကလေး၌ သူ့အသံကို မကြားနိုင်တော့အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလိုက်လျှင် မည်မျှကောင်းမည်နည်း။ နောက်ဆုံး၌ တင်းခံနေသမျှကို ရုတ်တရက် ဖြေချလိုက်ပြီး ကျနော်သည် သူ့ကိုယ်လုံးကျစ်ကျစ်ကလေးကို အတင်းအကျပ်ဆုံး ပွေ့ဖက်လိုက်တော့သည်။ အရုပ်ကလေးလို ဖျစ်ညှစ်ပစ်လိုက်လေသည်။ ဝေသည် ကျနော့်ရင်ခွင်ထဲတွင် ပျောက်ကွယ်သွားပြီး အသက်ရှုမရတော့အောင်ပင် မွန်းကျပ်နေသည်။ သူ့ပါးကို အထပ်ထပ်အပြန်ပြန် နမ်းပစ်လိုက်သည်။ သူသည်လည်း ကျနော့်ကို အတင်းအကျပ် ပြန်ဖက်ထားသည်။ ဝေ့အသက်ရှုသံမှာ မောပန်းလာသည်။ လရောင်ခြည်ထဲတွင် ဝေ့မျက်လုံးများမှ အရည်လဲ့ရွှန်းတောက်ပလာသည်။ သူ့မျက်နှာကလေးမှာ နီထွေးနေသည်။ ထိုအခါတွင် ဝမ်းနည်းဆွေးမြေ့စိတ်များသည် ကျနော့်တကိုယ်လုံးကို တစိမ့်စိမ့် ဝါးမျိုနေသည်။


“ကိုကို၊ ကိုကို၊ လွှတ်အုံးကွယ်၊ နဲနဲ လျှော့ပေးပါအုံး၊ ဝေမနေတတ်တော့ဘူ၊ အသက်ရှုလို့လဲ မရတော့ဘူး”


ကျနော်သည် ဖြည်းဖြည်း ဖြေလျှော့လွှတ်လိုက်သည်။ လှိုင်းလိပ်အိနေသော သူ့ဆံပင်များသည် ကျနော့်ပါးပြင်ကို ပွတ်တိုက်နေဆဲ။ သူ့အသက်ရှူငွေ့သည် ကျနော့်ပါးပြင်ကို ဖြတ်သန်းနေဆဲ။ နွေးအိသောသူ့နှုတ်ခမ်းသည် ထိကပ်ထားဆဲ။

သို့သော် ယခုအခါ၌ အာရုံခံစားစိတ်သည် ကျနော့်စိတ်နှလုံး၌ အလျင်းမရှိနိုင်တော့ပါ။ ယခုအခါ၌ ဖြစ်ပျက်နေမှုအပေါင်း၊ သူ့ကို အလုံးစုံ ဖွင့်လှစ်ပြောပစ်လိုက်တော့မည်။ ထို့နောက် သူနှင့်ကျနော်သည် မြိုင်ကြီးမှလည်းကောင်း၊ သူနှင့်ကျနော့်အသိ အပေါင်းအသင်း ရှိသမျှနေရာအပေါင်းမှလည်းကောင်း၊ ခိုးပြေးသလို ထွက်ပြေးသွားတော့မည်။ နောက်ထပ်ဘဝသစ်တခုကို တဖန် ဖန်ဆင်းယူမည်။ ဤအတိတ်၏ အမဲစက်အပေါင်းကို ချေဖျက်ပစ်တော့မည်။ ထိုအချိန်မှစ၍ သူ့ကို ကျနော့်အနား လေးတောင်အဝေးထက်ပို၍ ခွာခွင့်ပြုတော့မည် မဟုတ်။


“ ဟော လေးနာရီတောင် ထိုးသွားဘီကိုကို၊ မြင်းလှည်းမောင်းလာသံတောင် ကြားနေဘီ” ဟု သူသည် ပြောနေ၏။ 


“ထတော့ကွယ်၊ ဝေ ဒီတခါ ဟိုမယ် ဖောက်သည်ပေးခဲ့မယ်။ မြတ်ချင်သမျှမြတ်ပေါ့၊ ဟိုမယ် နှစ်ရက်ဘဲနေပြီး ပြန်ခဲ့မယ်၊ ကိုကိုနဲ့ မခွဲချင်တော့ဘူး၊ ကိုကိုနဲ့ ခွဲနေရတဲ့ရက်တွေ မနဲတော့ဘူးနော်၊ ဝေ သွားတောင် မသွားချင်တော့ဘူးကွယ်၊ ဝမ်းနည်းစရာကောင်းတာဘဲ၊ တော်ဘီ၊ ဒီတခေါက် အမေ့အတွက်လဲ စိတ်အေးရပီဘဲ၊ အိမ်မယ်ဘဲ မခွာဘဲ အ်ိမ်ဆိုင်ကလေး ဖွင့်ပီးရောင်းတော့မယ်၊ ထတော့ကွယ်”


သူ့ဝမ်းနည်းရိပ် ဝမ်းနည်းငွေ့သန်းနေသော၊ တုန်ယင်လှိုက်လှဲနေသော အသံကလေးမှာ ဤအိမ်ခန်းကို နောက်ဆုံးနှုတ်ဆက်နေသကဲ့ပင်။ သူ့မျက်နှာကလေးတွင် ဝမ်းနည်းရိပ်များ ယှက်သန်းနေသည်။ မေတ္တာစစ်စစ်တို့၏ အခိုးအရိပ်များသည်လည်း သူ့မျက်လုံးအိမ်ထဲတွင် ဖြတ်သန်းနေပြန်သည်။ ဝေသည် သူ့အလိုလိုပင် နောင်တတရား ရနေပြီထင်၏။ ယခု လရောင်ရိပ်ရိပ်ထဲတွင် တွေ့မြင်နေသည့် ဝေ့မျက်နှာမှာ စပါးသယ်အလုပ်သမလေး မခင်ဝေ၏မျက်နှာသော်လည်းကောင်း၊ သမီးလေး စပယ်ခိုင်နှင့် ခွဲခွာပြီး ဟေမန်မှလာခဲ့စဉ်က ဝေ၏မျက်နှာကလေးအဖြစ်သို့လည်းကောင်း ပြန်၍ ဖြစ်နေသည်။


ဖွင့်ပြောတော့မည့်ဆဲဆဲအချိန်၌ပင် ကျနော့်စိတ်နှလုံးထဲတွင် မျိုသိပ်ထားသည့် အကျိတ်အခဲအစိုင်အခဲများ၊ နာကျည်းမှုများ ပြန်၍ ပေါ်လာလေသည်။ အမဲစက်များအတွက် ရွ့ံရှာစက်ဆုပ်စိတ်အဆိပ်သည် ထိုအချိန်တွင် ကျနော့်တကိုယ်လုံးကို တဖျင်းဖျင်း ရစ်ပတ်နေသည်။ ပျော့ညံ့သော၊ သိမ်မွေ့သော၊ မပြတ်သားသော၊ အားလျော့သော ကျနော့်စိတ်အပေါင်းကို ထိုစိတ်တို့သည် ဘေးသို့ ပြတ်တောင်းစွာ လွှင့်ဖယ် ထုတ်ပစ်လေသည်။ ဘယ်မျှ ရွံ့ရှာဖွယ်ကောင်းသည့် ပြစ်မှုနည်း၊ ထိုပြစ်မှုအား ကျူးလွန်ဖောက်ဖျက်ထားသူအား ဘာကြောင့် မိမိသည် ဤမျှမေတ္တာထားနေရသနည်း။ အားလုံးကို ရုန်းကန် ဆန်တက်ပြီးနောက် ကျနော်သည် အေးဆေးတည်ငြိမ်သွားလေသည်။ စိတ်ထဲ၌ အသက်သေသည်အထိ ကြေကွဲရသည်ပင် ဖြစ်ပါစေတော့၊ ဆုံးဖြတ်ချက်အတိုင်း အတိအကျ လိုက်နာရမည်။


ကျနော်သည် သူ့ကို နောက်ဆုံးတကြိမ် ထပ်၍ ပွေ့ညှစ်ပစ်လိုက်ပြီး ဖြေလွှတ်လိုက်လျက် စက်ရုပ်တခုကဲ့သို့ အိပ်ရာမှ ထလိုက်လေသည်။ ထိုအချိန်တွင် မြင်းလှည်းလည်း အိမ်ခြံရှေ့အပေါက်ဝမှ ကြာပွတ်ရိုက်ပြီး အချက်ပေးနေသည်။ ထို့နောက် အိမ်ထဲမှ အထည်ထုပ်များကို တင်လိုက်ပြီး မြင်းလှည်းသည် ကုန်းပေါ်ပိုင်းမှ အဆင်းအကွေ့ဖက်သို့ ဖြည်းဖြည်းနှေးနှေး ဆင်းသက်သွားလေသည်။ မြင်းလှည်းထွက်ခွာနေစဉ်တွင် ကျနော်သည် ဟေမန်၏နံနက်ဆည်းဆာအလှများကို ပြန်လည် တမ်းတနေသည်။ မြစ်ပြင်ထက်ဝယ် နှင်းမှုန်များ ရစ်ကိန်းနေတတ်သည့် ဟေမန်။ ယခုမြိုင်ကြီးသည် မလှုပ်မယှက် အိပ်မောကျနေဆဲပင်။ မြင်းလှည်းသည် ကားဂိတ်ဖက်သို့ ချိုးကွေ့နေလျက် မြင်းခွာသံ တချက်ကြားတိုင်း အိမ်မှ တလှမ်းကွာလာနေခဲ့ပြီကို ဝမ်းနည်းဖွယ်ရာပင် ကျနော်သည် ငြိမ်၍တွေးနေ၏။ ထိုအခါတွင် မြင်းလှည်းကို အိမ်ဘက် ပြန်မောင်းနှင်သွားစေချင်သောဆန္ဒကို ကျနော်သည် ပင်ပန်းလှစွာ ချေဖျက်နေရသည်။


လွန်ခဲ့သည့်တည၊ သူ့ကိုသတ်ရန် ကြိုးစားခဲ့သည့်တညက သတ်ပစ်မိလျှင် ယခုလို ဖြစ်ပျက်နေမှုဖြင့် ကြုံတွေ့ရမည်မဟုတ်။ ယခုကား ဝေ့ ကိုအခြားတပါးသော ယောက်ျားတဦးနှင့် တွဲယှဉ်အိပ်စက်ရန် ကျနော်သည် လိုက်ပို့နေလျက်သား ဖြစ်နေသည်။

မြို့သစ်ကလေးမှ ဟေမန်သို့ ပြောင်းရန် မြင်းလှည်းဖြင့်ထွက်လာခဲ့စဉ်က မြင်းလှည်းပေါ်မှ သူ လိမ့်ကျပြီး တခါတည်းသေလွန်သွားခဲ့လျှင် မည်မျှကောင်းမည်းနည်း။ ထိုစဉ်ကဆိုလျှင် သူသည် အပြစ်ကင်းစင်နေသည့် မခင်ဝေသာလျှင် ဖြစ်လျက် ထိုစဉ်က သေလမ်းဖြင့် ခွဲခွာခဲ့ရလျှင် ယခုထက် အဆပေါင်းများစွာ သက်သာပေမည်။


မြင်းလှည်း ဖြတ်သန်းနေစဉ် လမ်းဘေးဓာတ်မီးတိုင်များမှ အလင်းရောင်နှင့် ဝင်လုဆဲဆဲ မှိန်ဖျော့ဖျော့လရောင်သည် တဖက်ဘေးမှ သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ အိပ်ရာမှ ထပြေးလာခဲ့ရသဖြင့် သူသည် မပြင်ဆင်ရသေးဘဲ ပကတိရိုးသားဖြူစင်သောအလှများနှင့် မခင်ဝေပင် ဖြစ်နေသည်။ သူ့ထမီမှာ ကပိုကရိုဖြစ်နေသည်။ သူသည် အိပ်ရာထဲမှထလာခဲ့သော တွန့်ကြေနေသည့်အင်္ကျီကို ဆွဲဆန့်နေသည်။ သူ့မျက်နှာပေါ်မှ မပီမသအပြုံးရိပ်ကို မြင်နေရသည်။ ဤအချိန်၌ သံယောဇဉ်ကြိုးများသည် မြင်းခွာတချက်လှမ်းလိုက်တိုင်း တင်းကျပ်လာနေသည်။ နောက်ဆုံးတွင် ကျနော်သည် မာနအပေါင်းကို ဖြေလျော့လိုက်ပြီး မြင်းလှည်းကို နော်က်ပြန်၍ မောင်းခိုင်းချင်သောဆန္ဒ ပေါ်လာနေပြန်သည်။


“ ဝေ ဟိုမယ် နှစ်ရက်ဘဲနေမယ်နော်ကိုကို။ ဝေမရှိရင် ကိုကို စားရေးသောက်ရေး ဒုက္ခရောက်နေရတာဘဲ၊ စီးပွားရေးလောဘတိုက်နေမိတာ ကိုကို့ကို ဒုက္ခပေးသလိုဘဲနော်၊ ကိုကိုစားဖို့ ငါးသလောက်ပေါင်းယူလာခဲ့မယ်၊ သဘက်ခါပြန်လာမှာ၊ ဟိုကကုန် မယူလာခဲ့တော့ဘူး၊ တော်ဘီကွယ်၊ ကိုကို နဲနဲပိန်သွားသလားလို့၊ ဝေမရှိတုန်းများ ဖျားနေရင်ဒုက္ခ၊ ဝေ့ကို ကိုကိုသတိမရဘူးလား”


သူ တိုးတိုးပြောလိုက်သံသည် တင်းခံမာကျောနေသမျှတို့ကို ချေဖျက်ပစ်နေသလိုဖြစ်နေသည်။


“ မရပါဘူး”


“ဘာ ကိုကို”


“အော်…. သတိမရပါဘူးဝေ”


“ဟင်…”


“ ဟုတ်ပါတယ်၊ ကိုယ့်အတွက် နေသားတကျ ဖြစ်နေပါပြီ၊ နေနေကျဖြစ်နေပြီဝေ၊ ကိုယ်တို့ဟာ ညားစဇနီးမောင်နှံမှ မဟုတ်တော့တာဘဲ၊ ပြီးတော့ ဝေ့ကို ကိုယ်က ဧည့်သည်လိုသဘောထားနေတယ်၊ ဟုတ်တယ်လေ၊ အဲဒီလိုမှသဘောမထားနိုင်ရင်လဲ၊ ဒီလိုနေလို့ ဘယ်ရနိုင်ပါ့မလဲ၊ ဝေက သုံးရက်လောက်လာနေပြီး ပြန်သွားလိုက်၊ အခုနေအခါမယ် ဒါကိုအသစ်အဆန်းလုပ်နေလို့ မဖြစ်ဖူးလေ၊ အိမ်ထောင်တခုရဲ့အဓိကအကျဆုံး မဏ္ဍိုင်ဟာ စီးပွားရေးဘဲမှုတ်လား။ စီးပွားရေး လူအမြင်တင့်တယ်အောင် ဘယ်နည်းနဲ့ဖြစ်ဖြစ် စီးပွားရေးဘဲ လုပ်ရမယ်မှုတ်လား၊ “ဧည့်သည် ဖြစ်၍၊ အိမ်အိုးပစ်ခွာ၊ မနေသာပါ၊ သူ့ရွာသူ့ထံ ပြန်ပေတာဘဲ” ဆိုသလိုပေါ့လေ”


ဝေသည် သူ့ကိုယ်ကို ပို၍တိုးညွတ်လိုက်ကာ ကျနော့်မျက်နှာကို ငေးကြည့်နေရင်း မျက်နှာမှာ မှိုင်းညို့လာနေသည်။


“ ဒါဖြင့် မြင်းလှည်းပြန်မောင်းခိုင်းတော့မယ် ကိုကို”


မြင်းလှည်းသည် နောက်ဆုံးတွင် အကြောင်းအရာအပေါင်း၏ အဆုံးသတ်ရာဒေသဖြစ်မည့် ကားဂိတ်ဖက်သို့ ကွေ့ချိုး ဝင်လာနေသည်။ ကျနော်သည် မဟတဟ မပွင့်မလင်း တချက်ရယ်လိုက်၏။ ထိုရယ်သံထဲ၌ ရွံ့မုန်းမှု။ ခါးသီးမှု၊ စက်ဆုပ်မှုအပေါင်းသည် ပြည့်သိပ်ပါရှိသွားနေသည်။ ထိုအထဲတွင် ကြေကွဲမှုဆို့နစ်မှုများပါ ရောနှောနေပြန်သည်။


“အထူးအဆန်းမဟုတ်ပါဘူးဝေရာ၊ မင်း အခုရက်ပိုင်းမယ် ရူးများရူးနေသလား”


ကျနော်သည် ရယ်သံနှင့် ဆက်တိုက်ပြောလိုက်လေသည်။ နောက်ဆုံးတွင် ကျနော်သည် ကားဂိတ်၌ မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ကားအမိုးပေါ်သို့ အထည်ထုပ်များ တင်ပေးနေသည်။ ဝေသည် ကားပေါ်သို့တက်သွားပြီး ခရီးသည်များနှင့် ရောနှောနေလေသည်။ ကျနော်သည် နှုတ်ဆက်ရန် ကားနံဘေးမှ သူရှိရာဘက်သို့ လျှောက်သွားခဲ့လေသည်။


ကျနော်သည် သူ့မျက်နှာကို မော့ကြည့်ပြီး “ ကိုယ်သွားတော့မယ်ဝေ”ဟု တိုးတိုး နှုတ်ဆက်လေသည်။


သည်တခါ ကျနော့်နှုတ်ဆက်သံမှာ အတိုးသက်ဆုံး၊ အညင်သာဆုံးနှင့် ဝေ့အပေါ်ထားရှိသမျှ မေတ္တာအပေါင်း၏ နူးညံ့သိမ်မွေ့မှု၊ နက်နဲမှဲုအပေါင်းကို ဖော်ပြနေသည်။


“ဟုတ်ကဲ့ ကိုကို”ဟု သူ၏ ချိုမြသောနှုတ်ဆက်သံမှာ ပြတ်တောက်ကုန်ပြီးသည့် သံယောဇဉ်ကြိုးအပေါင်းကို နောက်ဆုံးပြန်၍ဆက်ရန် အားအင်ကုန်ခန်း နွမ်းနယ်စွာ မြှော်လင့်ချက်ကင်းမဲ့စွာ ကြိုးပမ်းလိုက်မှုတခုကဲ့သို့ ဖြစ်နေသည်။


ဤစက္ကန့်တို့မှာ နောက်ဆုံးစက္ကန့်များဖြစ်၏။ အခိုင်အမြဲတည်ဆောက်ခဲ့ဖူးသည့် အိမ်ထောင်ရေးတခု၏ နောက်ဆုံး၏နောက်ဆုံးအချိန်ဖြစ်သော ဝမ်းနည်းကြေကွဲဖွယ်ရာ စက္ကန့်များဖြစ်လေသည်။ ဤသို့ဖြင့် ဝေနှင့် ဝေးသွားခဲ့ရပါပြီ။ သည်တခါ အဖြစ်အပျက်ကား အိပ်မက်မဟုတ်တော့ပါ။ လမ်းကြောင်းပြောင်းလဲသွားသော အိမ်ထောင်းရေးမှာ နောက်ဆုံး၌ အရှိန်ကို ပြန်၍မထိန်းနိုင်တော့ဘဲ ပြိုကွဲပျက်စီးသွားခဲ့လေပြီ။


အပိုင်း(၉) ဆက်ရန်

နိုင်ဝင်းဆွေ

No comments:

Post a Comment