Saturday, July 9, 2022

​​နွေတည(အပိုင်း - ၉)(ဇာတ်သိမ်းပိုင်း)

​နွေတည


အပိုင်း(၉)


၁၈။ နိဂုံးပိုင်း


ဆည်းဆာမှာ ဖျော့မှိန်သွားလေသည်။ အနောက်ဖက်တောင်ကြော၊ သစ်တောနှင့်လယ်ကွင်းပြင်ကျယ်ကြီးအပေါ်ဝယ် တောက်ပနေသောဆည်းဆာ၏ အနီစွေးစွေးရောင်ခြည်များကို တစတစ ရုပ်သိမ်းသွားသည်။ အရာရာကို အမှောင်ရိပ်များသည် ဝါးမျိုပစ်နေသည်။ ထို့နောက် လှသောဆည်းဆာမှာ အလျင်းကွယ်ပသွားကာ နွေပေါင်းမြောက်မြားစွာ၏ ညပေါင်းမြောက်မြားစွာအနက်ထဲမှ တခုသော နွေ၏ညတညကား ဆိုက်ရောက်လာနေတော့သည်။


ရထားပေါ်တွင် မီးပွင့်များလက်လာသော်လည်း ကျနော်ထိုင်နေရာ တွဲအလယ် ထိုင်ခုံများဘက်မှ မီးသီးနှစ်ခု ကျွမ်းနေသဖြင့် ထိုနေရာ၌ အမှောင်ရိပ်များ ရစ်ပတ်နေလျက်ပင်။ ထိုအမှောင်ထဲမှပင် ကျနော်သည် မမြင်ရတော့သည့်လယ်ကွင်းပြင်ကျယ်ကြီးကို စိတ်ဖြင့် မှန်းဆကြည့်နေသည်။ စိတ်နှလုံးသားထဲတွင် လှုပ်ရှားလှိုင်းထနေသည်။ ကျနော်သည် တဖက်ခုံအား အပေါ်သို့ လက်ဆွဲအိတ်ကို ပစ်တင်လိုက်သည့်ခဏ၌ အမေ့အတွက် သောကတစွန်းတစ စိတ်နှလုံးသားထဲ ဝင်လာနေပြန်သည်။


အမေ နေမကောင်း၊ 

သား အမြန် ပြန်လာပါ။


မနေ့ကပင် ထိုကြေးနန်းဆိုက်ရောက်လာခဲ့၍ ကျနော်လည်း မှီရာရထားဖြင့် အမြန်ုဆုံး မြိုင်ကြီးသို့ပြေးလာနေပြီ။ အဖွားကိုပင် မသင်္ဂြိုဟ်ဘဲနှင့် ပြန်သွား၊ အလုပ်မှထွက်၊ အိမ်ထောင်ရေးကိုဖျက်ဆီး စွန့်ခွာပစ်လိုက်ချိန်မှစပြီး အဆက်အသွယ် အားလုံး ပြတ်တောက်ကုန်ကာ အမေနှင့် တကြိမ်မှ ပြန်၍မတွေ့ရတော့။ အမေကား ကျအရွယ်ဖြစ်၍ တရိရိ အိုမင်းနေရှာလေပြီ။ ယခု အမေ့ကို အသက်နှင့်ကိုယ်နှင့် မှီမှမှီနိုင်ပါ့မလားဟု ကျနော်သည် စိုးရိမ်နေ၏။ အမေနှင့် ခဏဖြစ်ဖြစ် ပြန်၍တွေ့ချင်သေးသည်။ ခလေးဘဝတုန်းကလို အမေ့ရင်ခွင်ထဲ ခေါင်းကို ဝှက်ထားလိုက်ချင်သေးသည်။ သတ္တဝါမှန်လျှင် သေချိန်ရောက်ပါက သေဆုံးရမည်ပင်တကား။ ငယ်သည် ကြီးသည်မဟူ သေခြင်းတရားကိုကား လွန်ဆန်နိုင်မည် မဟုတ်ပါတကား။


ကျနော်သည် အမှောင်ထဲ၌“ဟေမန်” ဟု မှန်းဆရသည့်ဘက်ကို လှမ်းမျှော်ကြည့်နေမိကာ ထိုအခါတွင် သမီးလေးကို အမှတ်ရ တမ်းတနေသည်။ ဤမှာဘက် လယ်ကွင်းပြင်ကြီးနှင့် သစ်တောကြီးကို ကျော်လွန်လိုက်လျှင် ဟေမန်သို့ရောက်ပါလိမ့်မည်။ ချစ်ဇနီးနှင့်အတူ တနှစ်ကျော်ကျော်နေခဲ့သော ဟေမန်။ ဒုက္ခရောက်နေသော်လည်း တူနှစ်ကိုယ် စိတ်ချမ်းမြေ့ခဲ့သောဟေမန်။ သမီးလေး၏ဇာတိ ဟေမန်။ သမီးကလေး နေရစ်ခဲ့သော ဟေမန်။


နောက်မိနစ် ၂၀။ ၇ - ၃၅ နာရီတွင် ဤရထားကား ဝေတို့မြို့သို့ ဆိုက်ရောက်တော့မည်။ ဝေတို့မြို့၌ ရထားသည် ငါးမိနစ်မျှ ရပ်နားပေလိမ့်မည်။ ဘူတာရုံ၏နောက်ဖက် စက်ခေါင်းရုံအနီးမှဖြတ်သန်းသွားသည့် လမ်းကလေးကို ကျနော် စိတ်လှုပ်ရှားစွာ ဆို့နင့်စွာဖြင့် သတိရနေပါသည်။ မိုးဖွဲကလေးများ မှုန်နေသည့်တညဝယ် ကျနော်သည် ဝေအလာကို ထိုလမ်းမှ စောင့်မျှော်နေခဲ့ဘူးသည်။ ထိုညက ချစ်စဖွယ်၊ ကြည်နူးစဖွယ်၊ ပျော်မြူးစဖွယ်ကောင်းပုံမျိုးကို နောက်ထပ်တဖန် ပြန်လည်ဖြစ်ပွားရန် မဖြစ်နိုင်တော့။


ထို့နောက် စပါးစက်ကြီးသို့သွားရာ အမှောင်ကြားလမ်းမြှောင်ကလေး။ စပါးစက်။ ဝေ၏မိသားစုနေခဲ့သည့် အလုပ်သမားတန်းလျား။ ချောင်း။ လက်ရန်းမဲ့ တံတားကလေး။ မှောင်ရီရီထဲဝယ် ထိုလက်ရမ်းမဲ့တံတားကလေးပေါ်၌ ဝေနှင့် စကားပြောခဲ့သည်တို့ကို တွေးနေ၊ အမှတ်ရနေ၊ တသနေပြန်သည်။ မြို့သစ်ကလေးသို့ ထွက်ခွာလာသည့်နေ့။ မြို့သစ်ကလေးကိုလည်း ကျနော်သည် သတိရနေပြန်သည်။


မြို့သစ်ကလေးမှ နောက်ဆုံးထွက်ခွာလာပြီးကတည်းက ဝေနှင့်ကျနော့်ကြားထဲဝယ် မုန်တိုင်းတခု တိုးဝှေ့လာစ ပြုလေသည်။ ဤနည်းဖြင့် ဝေနှင့်ကျနော်တို့ ခွဲခွာသွားရလိမ့်မည်ဟု မည်သူ ကြိုတင်တွက်ဆနိုင်ပါမည်နည်း။ သို့သော် အချိန်၊ အခြေအနေ၊ ပတ်ဝန်းကျင်တို့သည် သက်ရှိသက်မဲ့တို့အား အစဉ်သဖြင့် ပြောင်းလဲစေလျက်ရှိသည်။ အိမ်ထောင်ရေးမှာ တစတစ လမ်းကြောင်းပြောင်းသွားကာ နောက်ဆုံးအရှိန်ကို မထ်ိန်းနိုင်တော့ဘဲ ပြိုကွဲ ပျက်စီးရတော့သည်။ ဝေ့ကို စွန့်ပယ်လာခဲ့ရတော့သည်။

ထိုအချိန်မှစ၍ ဤမှာဘက် ငါးနှစ်တာအချိန်၌ တကြိမ်တခါ တခဏကလေးမျှပင် ဝေနှင့် ပြန်လည်ဆုံတွေ့ရခြင်း မရှိတော့။


အိမ်ထောင်ပျက်ပြားခါစကာလကမူ “ဝေသည် တငိုငိုတရီရီဖြင့် ကျနော့်ကို လိုက်လံစုံစမ်းနေသည်။ အမေ့ထံ မြို့ကြီးသို့လည်း သွားရောက်ပြီး စုံစမ်းခိုင်းနေသည်ဆိုသော သတင်းများသည် တိတ်တဆိတ် ကျနော်ရှိရာသို့ ပျံ့လွင့်လာနေသည်။ “မျက်နှာချင်း ခဏကလေး ပြန်ဆုံခွင့်ရရင် ကျေနပ်ပါဘီ၊ သူဘာပြုလို့ ကျမကိုပစ်သွားတယ်ဆိုတာ သူ့ပါးစပ်က ပြောပြရုံကလေးပြောပြရင် ကျေနပ်ပါဘီ” ဟု အမေ့ကို ဝေ ငိုယို ပြောခဲ့သည့် စကားသံများသည် ကျနော့်ထံသို့ ရောက်လာနေသည်။ ထို့နောက် ဝေ့ သတင်းအတိုအစတို့သည် ခဏတာ ငုပ်လျိုး ကွယ်ပျောက်သွားပြန်ပြီးနောက်မှ ဝေ အိမ်ထောင်သစ်တခု ထူထောင်လိုက်ပြီဟူသော သတင်းတခု ရောက်လာသည်။ နောက်နှစ်နှစ်ကာလတွင် ထိုအိမ်ထောင်နှင့် တဖန် ကွဲကွာ ပျက်ပြားသွားပြီး ဝေ တတိယအိမ်ထောင် ထူလိုက်ပြန်ပြီဆိုသည့်သတင်း ရောက်လာသည်။ ယခုကား သူ့သတင်းကို မကြားနိုင်တော့။ သူ ဘယ်ဆီရောက်နေပြီဆိုသည်ကိုလည်း မသိနိုင်တော့။ ဤအခန်းတို့မှာ ကပြပြီးခဲ့သော ကန့်လန့်ကာနောက်ကွယ်မှ အခန်းကဏ္ဍတို့ ဖြစ်ခဲ့လေပြီ။


ဟေမန်မှ ထွက်ခွာလာပြီး ကျနော်တို့သည် မုန်တိုင်းရှိရာဘက်သို့ ကွေ့ချိုးလာခဲ့မိလေပြီ ထင်၏။ ဝေနှင့်ကျနော့်ကြား၌ ထိုမုန်တိုင်းသည် ညင်သာစွာ ဝှေ့တိုးနေရာမှ တစထက်တစ ထန်လာသည်။ ထို့နောက် ဝေနှင့်ကျနော်သည် တဖက်အစွန်းဆီသို့ လွင့်စဉ်ပြေးသွားခဲ့ရလေသည်။ 


အလုပ်နှင့်အားလုံးကို စွန့်ပယ်လာရသော နောက်ဆုံးနေ့၊ စိုက်ပျိုးစ ငှက်ပျောဥယာဉ်အတွင်း အုတ်နီခဲလမ်းမြှောင်ကလေးအတိုင်း လျှောက်လာရချိန်တွင် ကျနော့်ခြေထောက်များမှာ ဝန်လေးတခု ချည်နှောင် ဒရွတ်ဆွဲလာရသကဲ့သို့ လေးပင်နေသည်။ လူမနေတော့သောခြံကို သော့ခတ်နေစဉ်တွင် ကျနော့်လက်မှာ တဆတ်ဆတ်တုန်နေကာ အလုပ်ထွက်စာသည်ပင် လွတ်ကျသွားခမန်း ဖြစ်နေသည်။ အလုပ်ထွက်ခွင့်မကျမီ ကြားရက်ကာလများ၌ လစာမဲ့ ခွင့်ရက်ရှည်အဖြစ် ပေးထားပါရန် လျှောက်လွှာသည်လည်း လွတ်ကျခမန်းပင်။


နောက် နှစ်ရက်အကြာ၌ ဝေ ပြန်လာမည်။ ဝေသည် မြင်းလှည်းပေါ်မှ ဆင်းပြီး နားမလည်နိုင်စွာ တွေ၍ ရပ်တန့်နေမည်။ ဝေသည် စိတ်လှုပ်ရှားစွာဖြင့် နံဘေး ပတ်ဝန်းကျင်၌ လိုက်လံစုံစမ်း၍မရတော့သည့်အဆုံး ရုံးသို့ လိုက်သွားပြီး စုံစမ်းတော့မည်။

ရုံးမှ ကျနော့်မိတ်ဆွေတဦးက ဝေ့လက်ထဲ သော့ပေးအပ်လိုက်ပြီး “အလုပ်က ထွက်သွားတယ်ဗျာ၊ ဘယ်သွားမှာလဲမသိဘူး၊ တရုံးလုံး ဝိုင်းတားတာလဲမရဘူး” ဟု ပြောလိုက်လိမ့်မည်။ ထိုအခါတွင် ပထမ၌ ဝေသည် မယုံနိုင်စွာ ငေးမောနေလိမ့်မည်။ အိမ်ပြန်ပြေးလာပြီး သည်းထန်စွာ ငိုကြွေးတော့မည်။ ဤအိမ်ကလေးပေါ်ဝယ် ဝေ တပ်မက်သော ပစ္စည်းပစ္စယ၊ ကျနော့်အဝတ်အစားသေတ္တာမှတပါး ခြေရာမပျက် လက်ရာမပျက် အပျောက်အရှ အလျော့တခုမျှမရှိဘဲ တွေ့လိမ့်မည်။ ထို့နောက် ဝေသည် ကျနော်ဘာကြောင့် ထွက်ခွာသွားလေမည်ကို ဝေ့ဖာသာ သိလာလိမ့်မည်။ ထိုအခါ၌ကား ကျနော့်နှလုံးသားပြင်ထက်ဝယ် လောင်ကျွမ်းခဲ့ရသည့်မီးတောက် မီးလျှံများသည် သူ့ကို ကူးစက်လောင်ကျွမ်းသွားပါလိမ့်မည်။


ရုံးမှ ဝိုင်းဝန်းကန့်ကွက် တားဆီးသော်လည်း သူတို့သည် အလုပ်ထွက်စာလက်ခံထားပြီး လစာမဲ့ခွင့်ရက်ရှည်ကို ပေးလိုက်ရလေသည်။ နေ့လည် ရထားစီးရန်အတွက် ကျနော်သည် အိမ်ထောင်းရေး၏ ပျက်ယွင်းမှုကာလ အစပိုင်းက ရောက်ရှိခဲ့ရာ မြိုင်ကြီးဘူတာသို့ တဖန်ရောက်ရပြန်သည်။ မြိုင်ကြီးမှ ရထားထွက်လာချိန်ဝယ် ကျနော်သည် ရထား၏တံခါးဝ၌ ရပ်ပြီး ပါလာခဲ့လေတော့သည်။ မီးရထားသည် တောင်ကုန်းကိုကွေ့၍ မြို့ဘက်သို့ လျှောဆင်းပြေးသွားပြီး စပယ်ခြံများကို ဖြတ်လျက် ကုန်းပေါ်ပိုင်းအထက်မှ ဖြတ်သန်းသွားလေသည်။ သီတာမြသားမှ ဖြတ်သန်းသွားလေသည်။ သီတာမြသားမှ ကျနော်နှင့်ဝေတို့နေခဲ့ရာ အုတ်ကြွပ်မိုးအိမ်ကလေးနှင့် အိမ်ရှေ့စိမ်းစိုသော ငှက်ပျောခြံကလေးကို နောက်ဆုံးအဖြစ် ငေးကြည့်ခဲ့သည်။


မြစ်သည် သွားရာလမ်းမှ သွေဖယ်ပြီး ကွေ့တခုတွင် ဖြတ်ကျိုးပြီး အခြားမြစ်ကြောင်းတခုကို ဖန်ဆင်းသွားလေပြီ။ နံနက်က ဝေ့ကိုပွေ့ဖက်ခဲ့၊ စကားပြောခဲ့သည်တို့မှာ နေ့လည်နှင့်မပတ်သက်တော့။ နံနက်သည် အတိတ်ကာလဖြစ်သွားလေပြီ။

နံနက်နှင့်နေ့လည်ကို သံကန့်လန့်ကာတခုဖြင့် ပိုင်းခြားဆီးတားလိုက်လေသည်။ ထိုနောက် အချိန်ကာလပေါင်းများစွာသည် ကြားထဲ၌ ခြားသွားခဲ့လေပြီ။ ငါးနှစ်တာအချိန် ကြာညောင်းလာသောအခါ အတိတ်သည် မှေးမှိန်မှုန်ဝါးသော အိမ်မက်အတွင်း၌ ခဏတဖြုတ် မြင်တွေ့လိုက်ရသည့် ပန်းချီကားဟောင်းတချပ်အလား ဖြစ်ခဲ့လေပြီ။


ကျနော်သည် ညကြည့်နာရီကို ငုံ့ကြည့်နေမိသည်။ အမှောင်ထဲတွင် မီးစုန်းများသည် ၄-၃၃ ရှိသွားပြီဟု ညွန်ပြနေသည်။ နောက် နှစ်မိနစ်အတွင်းတွင် ထိုဘူတာသို့ ရောက်ရတော့မည်။ ၇-၃၅ အချိန်တွင် ဤရထားသည် ဝေနှင့်ကျနော် စတင်ဆုံစည်းရာ၊ ဟေမန်မှ နောက်ဆုံးစီးနင်းလာခဲ့ရာ ဘူတာသို့ ဆိုက်ရပ်တော့မည်။ 


ကျနော့်စိတ်နှလုံးမှာ ထိန်းထား၍မရနိုင်အောင် ကြေကွဲလာနေသည်။ ဝေနှင့်ကျနော် ဟေမန်မှ ထွက်လာပြီး လျှောက်ခဲ့သည့်စင်္ကြံကို နောက်ထပ်တဖန် မမြင်တွေ့လိုတော့ပေ။ ဘူတာကိုဖြတ်ကျော်နေစဉ်၌ အိပ်ပျော်နေချင်ပါသည်။ အိပ်လို့ကော ရနိုင်ပါ့မလား ဝေ။


ကျနော်သည် စိတ်ပင်ပန်း နွမ်းနယ်လှစွာဖြင့် နောက်မှီအပေါ်သို့ ခြေပစ်လက်ပစ် မှီလိုက်လေသည်။ ထို့နောက် ရှေ့ဖက်၌ မြို့၏မီးရောင်တန်းများ၌ ကောင်းကင်ပြင်သို့ ထိုးတက်နေသည်ကို လှမ်းမြင်တွေ့ရလေသည်။ အဝေးပြအလံတိုင်ကို ကျော်လွန်လျှင် မီးရထားသည် စက်ရှိန်ကို လျှော့ချလိုက်သည်။ နောက်ဆုံး၌ မရောက်ချင်သောဘူတာ၏ရှေ့တွင် ရထားသည် ကိုယ်ရှိန်သတ်ပြီး ရပ်တန့်လိုက်တော့သည်။


တွဲပေါ်မှခရီးသည်များ တိုးဝှေ့ ဆင်းသက်သွားကြသံ၊ ထို့နောက် တွဲပေါ်သို့ လူအများ တိုးဝှေ့တက်နေသံ၊ ပစ္စည်းများ မ ရွှေ့သံ၊ ခေါ်သံဆူသံ၊ ဈေးရောင်းချသံ၊ အသံပေါင်းစုံသည် ဤဘူတာရှေ့၌ ဖြစ်ပေါ်နေသည်။ ကျနော်လည်း ဘူတာစင်္ကြံကို ကြည့်လိုလာပြန်သည်။ ရထားပြတင်းမှ ကိုယ်ကိုညွတ်ပြီး ခေါင်းကိုအပြင်ထုတ်၍ ကြည့်လိုက်မိပြန်လေသည်။ ဟေမန်မှထွက်လာပြီး ဝေနှင့်ကျနော်ထိုင်ခဲ့ရာ ထောင့်ဖက်မှထိုင်ခုံတွင် ဟိုစဉ်ကလိုပင် အမှောင်ဘက်ခြမ်း၌ သမီးလေးအတွက် စိတ္တဇဖြစ်လျက် ငေးမောထိုင်နေခဲ့သည်။ ထိုအခါက ဝေ့မျက်လုံးထဲ၌ မျက်ရည်များ ပြည့်သိပ်နေသည်။ ထို့နောက် ဤ ၇-၃၅ ရထားပေါ်တွင်ပင် ဝေနှင့်ကျနော်သည် တိုးဝှေ့တက်ရောက်လာကြကာ အိမ်သာထောင့် အပေါက်ဝ၌ အမှောင်ရိပ်တွင် ရပ်လိုက်ကြသည်။ ရထားထွက်သောအခါ ဝေသည် သူ့ကိုယ်ကလေးကို ကျနော့်ရင်ခွင်ထဲ ကျစ်ပြီးတိုးဝင်လျက် သမီးကလေးကို တမ်းတမ်းတတဖြစ်နေခဲ့လေသည်။


ယခုလည်း ဘူတာရုံစင်္ကြန်ပေါ်မှ နာရီကြီးသည် အိမ်မြှောင်တကောင် ထခုန်သလို လက်တံရှည်တခု ဆတ်ကနဲ ရွေ့လျားသွားလေသည်။ နောက် နှစ်မိနစ်အတွင်း ရထားထွက်ခွါတော့မည်။ စင်္ကြန်မှ မီးရောင်များသည် ရထားတွဲများကို လာ၍ဟပ်နေသည်။ ကျနော့်မျက်နှာတခြမ်းမှာ တွဲအပြင်ဘက်၌ ရှိနေဆဲ။


ထိုအချိန်တွင် ဘူတာစင်္ကြန်၏အလယ်ပေါက်မှ မီးရောင်အောက်သို့ အပြင်ဘက်မှ ကလေးချီထားသောမိန်းမတဦး အရေးတကြီး ပြေးတက်လာသည်။ သူသည် ဤ ၇-၃၅ ရထားကို အမှီလိုက်ရန် အရေးကြီးလာပုံ၊ ခရီးဝေးမှ အပြေးလာရပုံရသည်။

အပြာနုရောင် နွမ်းကြေနေသောထမိန်ကို ခြေသလုံးသားပေါ်အောင် ဝတ်ထား၍ နွမ်းပြီး ဝါရင့်ရောင်သန်းနေသော အင်္ကျီ၏ပခုံးစပေါ်တွင် တဘက်စုတ်ကလေးတထည်ကို တင်ထားပြီး တပတ်လျှိုဆံထုံးမှာ ပြေကျခမန်း ပွယောင်းနေလျက် နှစ်နှစ်သမီးအရွယ် ခလေးကလေးတဦးကို ချီထားသည်။ သူပြေးဝင်လာပုံမှာ တွဲပေါက်ဝမှနေ ကြည့်သောအခါ မပီမသ စုတ်ချက်များဖြင့် ရေးချယ်ထားသည့် ပန်းချီကားတချပ်ကဲ့သို့ပင် အဝေးဆီ၌ မီးရောင်အောက်ဝယ် မကွဲမပြားဖြစ်နေသည်။

သူသည် ရထားအလည် တွဲဘက်ကို ဦးတည်ပြေးလွှားလာနေစဉ်တွင် ကျနော့်စိတ်နှလုံး၊ အာရုံမှန်သမျှမှာ ကြေကွဲမှုအပေါင်း ပြည့်သိပ်လာရလေပြီ။ သူကား ဝေဖြစ်နေသည်။ တိုက်ဆိုင်လှစွာ ဝေနှင့်မှ လာတွေ့နေပါသည်။ မိမိ၏ဇနီးဟောင်း ဝေ။ ငါးနှစ်ကျော်ကျော် ကွဲကွာခဲ့ပြီးသည့် ဝေ။ အတိတ်၏ ပန်းချီကားချပ်များထဲတွင် မှုန်ရေးရေးပျပျ ထင်နေသောဝေ။


ပန်းချီကားချပ်၏စုတ်ချက်များမှာ ကြည့်ငေးနေရင်းမှာပင် ပီသလာနေသည်။


ဝေ့မျက်နှာဝိုင်းဝိုင်းစက်စက်ကလေးမှာ ယခင်ကအတိုင်းပင်။ အသားရောင်မှာမူ နည်းနည်းညိုသွားသည်။ ဆံပင်ပေါ်မှ လှိုင်းတွန် အလိပ်ကြီးမှာ မရှိတော့။ သူ့နားတွင်ရှိသည့် ကျောက်အပြာနားဆွဲအစား နားကပ်ကလေးတရံမှ စိန်ရောင်အသွေးကျောက်သည် မီးရောင်အောက်တွင် ခဏမျှလက်သွားသည်။ မို့နေသော ပါးတို့မှာ ပြေလျောကျသွားပြီ။ ပါးပေါ်၌ တပိုင်းတစ ချွေးစွန်းကွက်နေသော သနပ်ခါးရေကြဲလိမ်းထားပုံသည် မီးရောင်အောက်တွင် တဖြေးဖြေးပေါ်လာသည်။

ယခုတဖန် ပြန်လည်မြင်တွေ့နေရသော ဝေမှာ စပါးသယ်အလုပ်သမလေး မခင်ဝေ ပြန်ဖြစ်နေပေပြီ။ မခင်ဝေ၏အလှတရားတို့မှာ မူရင်းအတိုင်း ပြန်၍ ပေါ်လာနေပေပြီ။ ယခု ဝေ့မျက်နှာမှာ သောကဒုက္ခဒဏ်ချက်များ အဖန်ဖန်ခံခဲ့ရပြီး၍ ရင့်ကျက်တည်ငြိမ်နေပုံမျိုးဖြစ်နေ၏။ သူ့မျက်နှာပေါ်မှအပြုံးများမှာ မရှိတော့။ အပြုံးရိပ်အပြုံးရောင်ကလေးမျှပင် မမြင်တွေ့ရတော့။


ကျနော်သည် ခေါင်းကို တွဲအတွင်းသို့ပြန်သွင်းပြီး အမှောင်ဘက်သို့တိုးရွှေ့လျက် ငြိမ်သက်နေလိုက်သည်။ ထိုစဉ်မှာပင် ဝေသည် ကျနော်စီးရာ တွဲရှေ့သို့ ရောက်လာနေသည်။ သူ့လက်ထဲမှ သမီးလေးကို လှမ်းမြင်နေရသည်။ ကလေး၏မျက်နှာမှာ ရွှင်လန်းနေလျက်၊ မျက်နှာဝိုင်းဝိုင်း၊ နှာတံ၊ ပါးစပ်၊ မျက်ခုံး၊ မျက်လုံး၊ သွင်ပြင်အပေါင်းသည် ဝေ၏ကိုယ်စား ရုပ်တုကလေးတခုကဲ့သို့ပင် ဝေနှင့် တပုံစံတည်းတူနေသည်။ ကလေး၏ ညစ်နေသောဂါဝန်ကလေးမှာ ဝေ့ခါးပေါ်တွင် ဝဲနေသည်။


ဤကလေးနှင့် သမီးကလေး စပယ်ခိုင်ကို ခွဲ၍မရ။ သမီးလေး စပယ်ခိုင်ပင် မြေကြီးထဲမှ ခွဲထွက်၍ထလာသလား။ မိမိ၏အသွေးတို့ဖြင့် တည်ဆောက်ထားသည့် သမီးလေး စပယ်ခိုင်။


ကျနော်သည် အမှောင်ဘက်သို့ တိုးရွှေ့လိုက်သည်။ ထိုအချိန်တိုကလေးတွင် ကျနော့်တကိုယ်လုံးမှာ ထိန်းမရနိုင်အောင် သွက်သွက်ခါမျှ လှုပ်ရှားနေသည်။ မမြင်နိုင်စွမ်းသော သံယောဇဉ်ကြိုးများသည် သမီးလေးစပယ်ခိုင်အမှတ်ဖြင့် ယခု ဝေ့သမီးလေးအပေါ်၌ တင်းကြပ်စွာ ရစ်ပတ်နှောင်ဖွဲ့နေပြီ။ ဝေသည် သူ၏တတိယအိမ်ထောင်နှင့်ပင် မြဲနေသလား။ ဤသမီးကလေး၏ဖခင်သည် မည်သူနည်း။ ယခု ဝေသည် အိမ်ထောင်ကင်းမဲ့ လွတ်လပ်နေသလား။ ဤသမီးလေးတွင် ဖခင်စုံလင် ရှိသေးရဲ့လား။ သူ့ဖခင်သည် သမီးလေးကို ချစ်နိုင်ရဲ့လား။ ဝေ့ကိုရော သားမှတ်မှတ်မယားမှတ်မှတ် ကြင်ကြင်နာနာ ပေါင်းသင်းပါရဲ့လား။ ဤအရာတို့သည် ကျနော်နှင့်မပတ်သက်သော အတွေးများဖြစ်၏။ ထိုအတွေးစအပေါင်းကို ဖြတ်တောက်ပစ်ပယ်ထားရမည်။


ထိုစဉ်တွင် ဝေသည် အလယ်တွဲအပေါက်ဝသို့ ရောက်လာပြီး တွဲလက်ကိုင်ကို ဆွဲ၍တက်လိုက်လေသည်။ သူသည် တွဲပေါက်ဝမှ ခရီးသည်များကို တိုးဝှေ့ပြီး တွဲအလယ်ဘက်သို့ လျှောက်လာနေသည်။ ဤတွဲကိုမှ ဝေသည် ရွေးတက်သလိုဖြစ်နေသည်။ ကံကြမ္မာတို့သည် ဝေနှင့်ကျနော့်အား ပြန်လည်ဆုံတွေ့စေရန် ဖန်ဆင်းပေးနေသလား။ ကျနော်သည် တွဲထောင့်၌ မလှုပ်မယှက် ငြိမ်သက်နေ၏။ ဝေသည် တွဲအလယ် အမှောင်ထဲတွင် ရပ်တန့်လိုက်လေသည်။


“မေမေ ကားကြီးစီးမယ်နော်”ဟု ခလေး၏ပြောလိုက်သံသည် ကြားထဲတွင်ခြားထားသော လူအများကို ကျော်ဖြတ်ပြီး ကျနော်ကြားရလေသည်။


ရထားထွက်ခွါရန် ကြေညာသံသည် ပလက်ဖောင်းစင်္ကြန်တွင် ပျံ့လွင့်လာလေသည်။ ရထားသည် အသက်ရှူမွန်းကြပ်နေသော ဤဘူတာမှ စတင်ထွက်ခွာလေသည်။ ပလက်ဖောင်းမီးရောင်များ တရွေ့ရွေ့နောက်ဘက်သို့ ရွေ့သွားနေသည်။ မီးရောင်တခုသည် ကျနော့်နံဘေး ခုံအားပေါ်သို့ ကျရောက်လာသည်။ ဝေသည် အမှောင်ထဲမှ လှမ်ပြီး ခုံအားကို မြင်လိုက်ကာ လူကြားထဲမှတိုးဝှေ့ပြီး လာနေသည်။ ရထားထွက်ခွာနေသဖြင့် သူ့ကိုယ်ကလေးမှာ ယိမ်းထိုးလှုပ်ရှားနေသည်။

ကျနော်သည် ထောင့်ဖက် အမှောင်ထဲတွင် ငြိမ်သက်နေပြီး သူ့ကိုလှမ်းငေး၍ ကြည့်နေသည်။ သူသည် ခုံစွန်းထိပ်တွင် ရပ်တန့်လိုက်လေသည်။


“ကျမ ခလေးနဲ့မိုလို့ ဒီနေရာမယ် ထိုင်ပါရစေရှင်၊ လက်ဆွဲအိတ်ကလေး နည်းနည်းဆွဲယူပေးပါ၊ ကျမ ရှေ့တဘူတာကျော်မယ် ဆင်းမှာပါ၊ မှောင်လိုက်တာနော် မီးသီးတွေကျွမ်းနေတာဘဲ”


ဝေ၏အသံသည် ကျနော့်ရှေ့နားဝယ် ပျံဝဲနေသည်။ ထိုအသံကို မကြားခဲ့ရသည်မှာ ကြာပြီဖြစ်သော်လည်း ကျနော့်စိတ်နှလုံးထဲတွင် ဂယက်လှိုင်းရိုက်လျက် မှတ်မိနေသည်။ ဤအသံဖြင့်ပင် တအိပ်ယာထဲ၌ စကားတိုးတိုးပြောခဲ့ရဖူး၏။ ဤအသံကိုကြားခဲ့ရသည့်အကြိမ်ပေါင်းမှာ ကုဋေကုဋာများစွာဖြင့် ဖွဲ့တွက်ရမည်။ ထိုအသံသည် ကျနော့်တကိုယ်လုံးကို တင်းကြပ်စွာ ရစ်ပတ်နှောင်ဖွဲ့လေသည်။


ကျနော်သည် ကိုယ်ကို မလှုပ်ရှားပဲ လက်ဆွဲအိတ်ကို လှမ်းယူလိုက်၏။ ထိုအချိန်တွင် ပလက်ဖောင်းမီးရောင်များမှာ နောက်ဖက်တွင် ကျန်ရစ်ခဲ့သဖြင့် ဤနေရာများတဝိုက်တွင် အမှောင်ရိပ်လွှမ်းနေသည်။ သူသည် ခုံအား၌ဝင်ထိုင်လိုက်ပြီး သူ့သမီးလေးကို ကျနော်နှင့်သူ့ကြား၌ချ၍ သူနှင့်ကျနော့်ကို တားဆီးဖြတ်သားထားသည်။


“သမီးလေး ခဏထိုင်အုံးနော်”


သူသည် ကျနော့်အသက်ရှူသံကို မှတ်မိသွားနိုင်သည်။ အမှောင်ထဲ၌တိုးကျစ်နေသော ကျနော့်ကိုယ်ဟန်ကို မှတ်မိသွားနိုင်သည်။ ကျနော့်ကို မှတ်မိလိုက်လျင် ဝေသည် ကျနော့်ကို ဇွတ်ဖက်ထားပြီး ငိုယိုကာ သူ့ကို ကျနော်ဘာကြောင့် စွန့်ပစ်သွားရသည်ကို ဇွတ်မေးမြန်းပြီး ကျနော့်နောက်မှ မခွဲခွာတမ်း တွယ်ကပ်လိုက်လာတော့မည်။ သူ့ကို သတ်ချင် သတ်ပစ်ခဲ့ပါတော့ဟု ပြောလိမ့်မည်။


ရထားသည် မြို့အစွန်ကိုကျော်လာပြီး ကွေ့ကြီးအတိုင်း တောင်ခြေဘက်သို့ ခေါင်းကို လှည့်ကွေ့ကာ နွေည၏အမှောင်ထုထဲဝယ် ပြေးနေသည်။ တောင်၏အထက် ကောင်းကင်နက်မှောင်ထဲတွင် ကြယ်ပွင့်များ အဆုပ်လိုက်အခိုင်လိုက် တောက်ပနေသည်။ ပြိုးပြိုးပြက်ပြက် ကြယ်ရောင်ခြည်များသည် အနားတွင်ကပ်ထိုင်နေသော ဝေ့ကိုယ်ကလေးကို ဝိုးတဝါးမျှ မြင်ရရုံကလေးဖြစ်အောင် ထွန်းညှိပေးနေသလိုပင်။ ကလေး၏လက်တဖက်သည် ကျနော့်ပေါင်ပေါ်သို့ လာတင်ထားသည်။ ထိုအခါတွင် စိတ်လှုပ်ရှားလှစွာဖြင့် ကလေး၏လက်ကလေးကို ကျနော်သည် မသိမသာ တုန်ယင်စွာ ဆုပ်ကိုင်ထားနေသည်။ ‘သမီးလေး‛ ဟု ခေါ်လိုက်ချင်သောဆန္ဒ၊ ကလေးအား ပွေ့ဖက်နမ်းရှုံ့လိုသောဆန္ဒ၊ ကလေးအား မိမိ၏သမီးလေးစပယ်ခိုင်ဟု မှတ်ယူလိုသောဆန္ဒ၊ ဤကလေးအား မိမိ၏သမီးလေးပင်ဖြစ်နေစေလိုသောဆန္ဒ၊ ဆန္ဒအပေါင်းသည် အဆိပ်တက်နေသလို ကျနော့်တကိုယ်လုံးတွင် တရိပ်ရိပ်မွှန်းနေသည်။ 


ဝေသည် အမှောင်ထဲ၌ တဖက်မှနေ၍ ကလေး၏ပါးကလေးတဖက်ကို ပွတ်သပ်ပေးနေသည်။ ဝေ၏အသက်ရှူသံကို ဤရထားဆူညံနေစဉ်တွင် မကြားနိုင်သည် အမှန်ဖြစ်သော်လည်း ကြားနေရသည်ဟု ကျနော်တွေးနေသည်။ ထို့နောက် ဝေနှင့်ကျနော်သည် အသစ်တဖန် တွေ့ဆုံ ဆုံစည်းလာသည့် မောင်နှံဟု ကျနော့်စိတ်ထဲ၌ ထင်နေပြန်သည်။ ဤအထင်တို့၊ ဤအတွေးတို့ ၊ ဤအဖြစ်အပျက်တို့သည် အိပ်မက်မည်မျှဆန်ပါသနည်း။ ကြေကွဲဖွယ်ရာ အိပ်မက်ပေဘဲ ဝေ။


ကလေးသည် သူ့အမေကို မော့ကြည့်လိုက်ပြီး မေ…မေ…မေ..ဟု မပီကလာခေါ်လိုက်သံကို ဤခုံတန်းကလေးပေါ်၌ အလွန်သာယာ ညင်းညံ့စွာ၊ အလွန်နှစ်သက်ဖွယ်ကောင်းစွာ၊ အလွန်သာယာ ချမ်းမြေ့ဖွယ်ကောင်းစွာ ကြားနေရသည်။


“မေ ရှိတယ်လေ ဘာလဲ သမီးလေး ပြောလေ”


ထိုအသံသည် မေတ္တာအပေါင်းကိုဖွဲ့ဆိုသော တေးဂီတသံဖြစ်နေ၏။ “မေမေရှိတယ်လေ သားရဲ့”ဟု ဟေမန်၏ ငှက်ပျောဥယျာဉ်ထဲရှိ လူမမာတဲကလေးပေါ်တွင် ဝေ၏ရယ်သံတဝက်ဖြင့်ပြောခဲ့သော အသံအတိုင်းပင်။

ရထားသည် ကွေ့ကြီး၏အဆုံးသတ် တံတားရှည်ကြီးပေါ်တွင် ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်သံဖြင့် ဖြတ်သန်းနေသည်။ ဝေ့အသံမှာ ထိုအသံအောက်တွင် ပျောက်ကွယ်နေသည်။ ကလေးသည် ကျနော့်ပေါင်ပေါ်မှ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့အမေကို အားကုန်ဖက်ထားနေသည်။


ဝေသည် ကလေးကို ပြန်ဖက်ထားလျက် ကျေနပ်နှစ်သိမ့်လှစွာ၊ ကြည်နူးစဖွယ် ရယ်နေ၍ ထိုရယ်သံမှာ ဤခုံတန်းတဝိုက်ကို ဖုံးလွှမ်းရန် ကြိုးပမ်းနေသည်။ ဝေ့ရယ်သံမှာ ဟိုစဉ်က ရယ်သံအတိုင်း။ ထိုအချိန်၌ ဝေနှင့်ကျနော့်ကြား၌ ဆက်သွယ်မှုပြတ်တောက်ခဲ့သော သံယောဇဉ်ကြိုးအပေါင်းသည် တခုနှင့်တခု အလွန်လျင်မြန်စွာ ဆက်နေ၏။


ဤတံတား၏အောက်မှ ချောင်းသည် မြစ်ထဲသို့စီးဝင်ပြီး ယခုအခါတွင် ပုံပြင်တခုထဲ၌ ပါဝင်ခဲ့သည်ဟု တွေးရတော့မည်ဖြစ်သည့် ဝေ၏ကြော်တဲဆိုင်ရှေ့ရောက်သွားကာ ဝေနှင့်ကျနော်တို့ မသိကျိုးကျင် ပြန်၍တွေ့ဆုံနေကြပြန်ပြီဟု သဲပြင်သောင်စပ်ကို ပြောပြလိမ့်မည်။


ရထားသည် တံတားအောက်မှ လွတ်ကင်းလာနေသည်။ ဝေသည် သူ့သမီးလေးကို ပွေ့လိုက်၏။


“ဘာလဲ သမီး ဘာပြုလို့လဲ၊ သမီးကြောက်လို့လား၊ ဟော တံတားကို ကျော်ပီးဘီ သမီးရဲ့၊ ထိုင် ခဏလေးထိုင်နေအုံးနော်၊ မေ ချီလာခဲ့ရတာ အဝေးကြီး၊ ဟေမန်က ချီလာရတာ ညောင်းနေဘီ၊ ထိုင်နေအုံးမှပေါ့၊ သမီးက လိမ်မာပါတယ်ကွယ်၊ နော်…နော်”


ကလေးကို ပွေ့ချီထားသည့်လက်မောင်းမှာ ကျနော့်လက်မောင်းကို တချက်တချက် ထိထိနေသည်။


“မင်းဆာတယ်မေ၊ မင်းစားချင်တယ်မေ၊ မီး မင်းဆာတယ်မေ”


“သမီးကလဲကွယ် အိမ်ရောက်တော့မှာဘဲ၊ အိမ်ရောက်တော့ စားပေါ့၊ လမ်းမယ် မပူရဘူးလို့ မေ ပြောထားတယ်မှုတ်လား၊ လိမ်မာရဲ့သားနဲ့သမီးရယ်၊ ဟော ရှေ့ကိုကြည့်စမ်း၊ မီးရောင် လှမ်းမြင်ရတော့မှာဘဲကွယ်၊ သမီးက လိမ်မာပါတယ်နော် ”


“ခင်ဝေ သမီးလေးတယောက်လောက် လိုချင်တယ်၊ ခလေးမရှိတော့ ခင်ဝေ့ကိုပစ်သွားမှာ ကြောက်နေရတာဘဲ၊ ခလေးရှိမှ သူ ပစ်မသွားနိုင်တော့မှာ” ဟု အတိတ်ကာလ၊ ဝေးကွာလှပြီဖြစ်သော အိုမင်းရင့်ရော် ဟောင်းနွမ်းဆွေးမြေ့ခဲ့ပြီးသော အတိတ်ကာလဆီမှ ဝေ၏ကလေးဆံသောအတွေး၊ ကလေးဆံသော စကားသံများကို ဖြတ်ကနဲ ကျနော် သတိရ ကြားယောင်လေသည်။ ထိုစဉ်က ဝေ့အတွေးမှာ စပါးသယ်အလုပ်သမလေး မခင်ဝေ၏အတွေး။ ယခုမူ မထင်မှတ်သော အဖြစ်အပျက်တို့သည် ဖြစ်ပျက်ခဲ့ကြပြီးလျက်၊ ဝေနှင့်ကျနော်သည် နှစ်ပေါင်းများစွာ ကွဲကွာလာကြပြီးပြီ။ ယခု ဝေနှင့်ကျနော်သည် ဤခုံတန်းပေါ်၌ ဝေ မသိဘဲနှင့် ပြန်လည်ဆုံတွေ့နေရပြန်ပြီ။


ခပ်ဝေးဝေးပြပြတွင် နောက်တဘူတာမှမီးရောင်များကို လှမ်းမြင်နေရပြီ။ မီးရထားသည် မီးရောင်နှင့် တစထက်တစ တိုးရွှေ့နီးကပ်သွားနေလေပြီ။ ရထားသည် အပြင်အလံတိုင်ကိုလွန်ပြီး သံလမ်းပွိုင့်အဆက်မှ ကျော်ဖြတ်ပြန်သောအခါ ယိမ်းထိုးလှုပ်ခါသွားလေသည်။ ဝေ၏ကိုယ်လုံးကလေးမှာ ရထားလှုပ်သဖြင့် ရုတ်တရက် ကျနော့်ကိုယ်နှင့် ထိကပ်သွား၏။ နွေးထွေးအိစက်သော အတွေ့အထိအာရုံများ ငြိတွယ်ဖြစ်ပေါ်သွားပြန်သည်။ ယခုမူ ဤအထိအတွေ့အာရုံတို့မှာ တပ်မက်ဖွယ် မဟုတ်တော့ဘဲ ကြေကွဲဘွယ်ဖြစ်နေသည်။


ဤကြားဘူတာ၌ ငြိမ်သက်စွာ ထိုးဆိုက်ရပ်နားလိုက်လေသည်။ ဘူတာစင်္ကြန်၏မီးရောင်များသည် ကျနော့်မျက်စေ့ရှေ့မှ ဖြတ်သန်းသွားသောကြောင့် ကျနော်သည် တွဲ၏ထောင့်သို့ ပို၍တိုးကပ်လိုက်သည်။ ထိုမီးရောင်များသည် ဝေနှင့်ကလေး၏ တကိုယ်လုံးတွင် ထင်ဟပ်နေသည်။


ကလေး၏ပါးကို ပွတ်သပ်နေသော ဝေ့မျက်နှာပေါ်တွင် ကြည်နုးစဖွယ်အပြုံးရိပ်များ လှပစွာ ရှက်ဖြာသန်းနေသည်။ ဝေ့မျက်လုံးများ၏ တောက်ပသောအလှမှာ ပေါ်လွင်နေသည်။ ဝေ့မျက်တောင် ကော့စင်းစင်းတို့သည် မှေးယှက်နေသည်။ ဝေ့ပါးပေါ်မှ အနီစွေးရောင်သည် ပြန်လည်ထင်ပေါ်နေသည်။ ဝေသည် ဟိုစဉ်က ဝေပင် ပြန်ဖြစ်နေသည်။


ယခု ဝေ့မျက်နှာပေါ်တွင် သဘင်ဆံသော အတုအယောင်ဟန်ပန်များမှာ မရှိတော့။ မာနတောက်ပမှုမှာ မရှိတော့။ ယခု ဝေသည် စပါးသယ်အလုပ်သမလေး ဝေအဖြစ်ဖြင့် ရိုးသားတည်ငြိမ်လှစွာ၊ မာနတရား ကင်းမဲ့လှစွာ၊ ညှိုးမှိန်လှစွာ၊ အားနည်းဖျော့တော့လှစွာ ပြန်၍လှနေပြန်သည်။ ဝေ့မျက်နှာပေါ်၌ ဖြတ်သန်းစီးဆင်းနေသော မိခင်၏မေတ္တာများကို မြင်နေရ၏။ မိခင်မေတ္တာ စိမ့်စမ်းရေများသည် ဝေ့မျက်လုံးများမှ စီးဆင်းဖြတ်သန်းနေပြန်သည်။ သူ သူ့သမီးလေးကို ငုံ့ကြည့်နေဟန်မှာ အလှဆုံးပန်းချီကားတချပ် ဖြစ်နေသည်။


ရှေ့ဘူတာ၌ ဝေ ဆင်းနေရစ်ခဲ့တော့မည်။ ရှေ့ဘူတာ၌ သူ့ကမ္ဘာကလေး ရှိနေလေသလား။ ကျနော်သည် ဝေ့ကို နှုတ်ဆက်လိုက်ချင်နေသည်။ ရထားသည် အထက်ပွိုင့် လမ်းခွဲကိုကျော်နေပြီး ဝေ့လက်မောင်းသားနွေးနွေးအိအိမှာ ရထားယိမ်းခါသဖြင့် ကျနော့်ကို လာ၍ထိကပ်ပြန်သည်။


“မီး ၊ မီး မင်းဆာတယ်၊ မီး မင်းစားချင်တယ် မေ”


ကလေး၏ပူဆာသံကလေးမှာ သနားစဖွယ် ငိုမဲ့သံဖြစ်ပေါ်နေသည်။


“ရောက်ပါတော့မယ် သမီးရယ်နော်၊ ခဏကလေး စောင့်နေလိုက်အုံး၊ မေ စိတ်ညစ်လာဘီ ဒုက္ခဘဲ”


ကျနော့်စိတ်နှလုံးသားထဲ၌ ကရုဏာမေတ္တာရိပ်များ ဖြတ်သန်းစီးဆင်းနေသည်။ ဝေ့သမီးလေးမှာ မုန့်ပဲသွားရည်စာ မပူတတ်ရှာသော ထမင်းမျှသာ ပူတတ်ရှာသော ကလေးဖြစ်နေသည်။ သူတို့သည် ဟေမန်မှ နေ့ခင်းပိုင်းလောက်မှ ထွက်လာကတည်းက မည်သည့်အစာကိုမျှ စားခဲ့ကြပုံ မရသေး။ ဝေ့ဘဝမှာ ဘယ်သို့ ဘယ်အခြေဖြင့် လှုပ်ရှားရုန်းကန်နေရပါသနည်း။


ထို့နောက် အဝေးဆီတွင် မီးရောင်မှိန်ပြပြများ ကောင်းကင်ပြင်သို့ ထိုးတက်နေသည်ကို မြင်ရလေသည်။ မီးရောင်များသည် ရထားရှိရာဘက်သို့ ပြေးလွှားလာနေသည်။ မိနစ်ပိုင်းအတွင်းတွင်ပင် ဝေ ဆင်းသက်တော့မည့်ဘူတာသို့ ဆိုက်ရောက်တော့မည်။ ဤကြေကွဲဖွယ်ရာ အိပ်မက်ပန်းချီကားချပ်မှာ အိပ်ယာမှ နိုးလိုက်လျှင် ပျက်ပြယ်သွားတော့မည်။ ဝေ ဆင်းသက် ပျောက်ကွယ်သွားတော့မည်။ ထို့နောက် ဝေ့အား ဘယ်အချိန် ဘယ်ကာလတွင်မှ တဖန်ပြန်လည်၍ တွေ့ဆုံနိုင်တော့မည် မဟုတ်တော့။


ကျနော်သည် ခေါင်းကို ငုံ့ထားလိုက်ကာ သက်ပြင်းချနေမိသည်။ ထိုအချိန်တွင် ဝေ့မျက်လုံးများသည် သူ့သမီးလေးမျက်နှာမှ ခွာသေးဘဲ ကလေး၏ပခုံးကို ကိုင်လှုပ်ပြီး တခုခုပြောနေ၏။


“ထူးလေ ၊ ရှင်လို့ထူးစမ်းနော်၊ ကဲ ခေါ်မယ်၊ သမီးလေး၊ ရှင်လို့ထူးလေ၊ ထူးကွယ်၊ လိမ္မာသားနဲ့၊ ရှင်လို့ထူး၊ ပြန်ခေါ်မယ်နော်၊ ကဲ သမီးလေး”


ကလေးသည် အမှောင်ထဲ၌ သူ့မေမေမျက်နှာကို မော့ကြည့်နေသည်။


“သမီးလေး”


“ဆင်”


“ရှင်လို့ ပီအောင် ထူးလေ၊ ပြန်ခေါ်မယ်၊ သမီးလေး”


“ဆင်”


“သိပ်လိမ္မာတာဘဲ၊ မေ့သမီးလေးက သိပ်လိမ္မာတာဘဲ”


ဝေ ၏ သာယာရွှင်ပြစွာ ရယ်မောလိုက်သံမှာ ကြည်နူးစဖွယ်ဖြစ်လေသည်။ ယခုအခါ၌ ဝေသည် သာယာကြည်နူး ချမ်းမြေ့နေ၏။ ရှေ့ဘူတာမှ မီးရောင်သည် ပို၍နီးကပ်လာနေသည်။ လယ်ကွင်းပြင်ကျယ်ကြီးမှာ အဆုံးသပ်သွားတော့မည်။ ကျနော်သည် ဝေ့ ကို နှုတ်ဆက်ရန် စိတ်လှုပ်ရှားလှစွာ၊ မောပမ်းနွမ်းနယ်စွာဖြင့် တွေးနေသည်။ ယခုအခါ၌ ကျနော်သည် မိမိ၏စိတ်ကို ကယောင်ချောက်ချား မနိုင်မနင်း ထိန်းချုပ်နေရလေသည်။ ဤနည်းဖြင့် အဟောင်းအမြင်းများကို ပြန်ကောက်ပြီး ဆက်စပ်လိုက်တော့မည်။


“ခိုင်စပယ်လေး”


“ဆင်”


“မေ့သမီး ခိုင်စပယ်လေး”


“ဆင်”


ကျနော်သည် အမှောင်ထဲ၌ လှုပ်ရှားမှုပြင်းထန်လှစွာဖြင့် ရုတ်တရက် ဝေ့ဘက်သို့ ကိုယ်ကို တိုးညွတ်လိုက်၏။ ကလေးနှင့်ကျနော့်ကိုယ်မှာ ထိသွားသည်။ ဝေ့မျက်နှာကို အမှောင်ထဲတွင် အလွန်နီးကပ်လှစွာ ကပ်ကြည့်နေမိပြန်သည်။ ဝေ့ပါးပေါ်မှ သင်းမြမြ သနပ်ခါးရနံ့မှာ စိတ်နှလုံးအာရုံကို ပိုမို တုန်လှုပ်ချောက်ချားနေစေသည်။ အမှောင်ထဲတွင် ဝေ၏ရယ်မောနေသံမှာ ရွှင်ပြနေသည်။ ဝေ့မျက်နှာပေါ်မှ အပြုံးများကို မြင်နေရသည်ထင်၏။ အမှောင်ထဲ၌ ဝေသည် ကျနော့်ကို မှတ်မိသွားလိမ့်မည်။


ဝေသည် ကျနော်တို့၏သမီးလေး စပယ်ခိုင်၊ ကျနော် မှည့်ခေါ်ခဲ့သည့် စပယ်ခိုင်နာမည်ကိုယူ၍ သူ့သမီးလေးကို ခိုင်စပယ်ဟုခေါ်ထား၏။


ဝေသည် စပယ်ခိုင်လေးကို အစဉ် တမ်းတနေမည်။ စပယ်ခိုင်၏ဖေဖေကို မေ့မည်မဟုတ်။ စပယ်ခိုင်၏ဖေဖေနှင့်အတူ နေခဲ့သည့် ခြောက်နှစ်ကျော်ကျော် အချိန်ကာလကို ပြန်၍တမ်းတနေမည်။ ယခု သူ့သမီးလေးကိုပင် ကျနော်နှင့်ရသည့်ခလေးအဖြစ် ‘ခိုင်စပယ်‛ ဟု သူ့စိတ်ထဲမှ စွဲမှတ်နေသည်။ သူသည် ကျနော့်အပေါ်၌ ချစ်ရိပ်ချစ်ငွေ့မပြယ်နိုင်သေး။ ဘယ်သောအခါမှလည်း ပြယ်နိုင်မည်မဟုတ်။ သို့သော် သူနှင့်ကျနော့်ကြား၌ မည်သည့်အချိန်ကာလတွင်မှ ပြန်၍ ဆက်စပ်ရနိုင်တော့မည်မဟုတ်သည့် အတိတ်ကာလဆီမှ အစွန်းအထင်းကွက်တို့သည် ကျနော့်ဆန္ဒစိတ်တို့ကို တားဆီးထားနေလေသည်။


ယခုအခါ၌ ကိုယ့်ဘဝသည် ငြိမ်းချမ်းနေပြီ ဝေ။ ဤအချိန်များ မြန်မြန်ကုန်ဆုံးပါစေတော့ဟု ကျနော်သည် အားအင်ကုန်ခန်းစွာဖြင့် နောက်ဆုံးတွင် ဆုတောင်းနေမိသည်။


“သမီးလေး”


“ဆင်”


“ခိုင်စပယ်လေးက သိပ်လိမ္မာတာဘဲ”


“ဆင်”


“အို ခေါ်တာမဟုတ်သေးဘူးလေ”


ဝေက ထပ်၍ ရယ်မောနေပြီး ကလေးကို ကောက်ချီလိုက်ချိန်တွင် ရထားသည် အပြင်အလံတိုင်ကို ကျော်လွန်ပြီး အတွင်းပွိုင့်လမ်းခွဲသို့ ရောက်လုနီးနေပေပြီ။ သူသည် မတ်မတ်ထရပ်ပြီး ကလေးကို ခါးထစ်တွင် ချီလိုက်သည်။ အမှောင်ထဲ၌ သူ့တဘက်နွမ်းကလေး ပခုံးပေါ် ကောက်တင်လိုက်လေသည်။ ထို့နောက် ခုံတဖက်မှ ကျနော့်ကို လှမ်းကြည့်လိုက်လေသည်။


“ကျေးဇူးတင်ပါတယ်ရှင်။ ကျမဆင်းရမယ့်ဘူတာကို ရောက်ပါပြီ”


ဝေက သူစိမ်းပြင်ပြင်ဖြစ်နေသော ကျနော့်ကို လှမ်း၍နှုတ်ဆက်လိုက်သံမှာ ဆူညံသံများအကြားမှ ညင်သာစွာ တိုးဝှေ့ထွက်ပေါ်လာသည်။ ထို့နောက် ဝေသည် ခုံတန်းလျားမှ တဖက်သို့လျှောက်သွားပြီး အမှောင်ထဲဝယ် မှန်းဆ၍ပင် မမြင်နိုင်အောင် ပျောက်ကွယ်သွားလေသည်။ ရထားသည် ဘူတာပွိုင့်ကို ဖြတ်ကျော်နေပြီး ဘူတာမီးရောင်အောက်သို့ ရဲရဲစူးစူး တိုးဝင်ရပ်တန့်လိုက်သည်။ ကျနော့်ရှေ့တွဲ အလယ်ပေါက်မှ ဝေသည် ကလေးကိုချီလျက် သွက်လက်ဖျတ်လတ်စွာ ဆင်းသက်လိုက်၏။ ပလက်ဖောင်း မီးရောင်များသည် ဝေ့ကို ထွန်းညှိပြပေးနေ၏။


ခလေးကလေးကို ခါးစောင်းတင် ချီမထားလျက်၊ တဘက်နွမ်းကလေးကို ပခုံးတွင် ရစ်ပတ်ထားလျက်၊ အပြာရောင်ထမီအဟောင်းကို တိုတို ဝတ်ထားလျက်၊ အင်္ကျီအနွမ်းကလေး၏လက်မောင်းစတို့ကို လိပ်ခေါက်တင်ထားသော ဝေ၏ကိုယ်ကလေးကို နောက်မှ ကျနော်သည် ငေးမောကြည့်နေ၏။


ထိုခဏ၌ ဝေ ပြန်လှည့်ကြည့်လိုက်ပါစေဟု ကျနော်သည် စိတ်ကို အလောင်းအစားပြု၍ ဆုတောင်းနေသည်။ ဝေ လှည့်ကြည့်လိုက်လျှင် ပလက်ဖောင်းမီးရောင်အောက်သို့ ထွက်ပြူနေသော ကျနော့်မျက်နှာကို မြင်လိမ့်မည်။ ထိုအခါတွင် ဝေသည် ပြန်၍ပြေးလာပြီး ရထားပေါ်သို့ဇွတ်ပြန်၍ တွယ်ကပ်တက်လာတော့မည်။ ထိုအခါ၌ကား သူနှင့်ကျနော့်ကြား၌ ဖြတ်တောက်ခဲ့သော သံယောဇဉ်ကြိုးအပေါင်းကို မည်သည့်အရာကမျှ မည်သူကမျှ ဟန့်တားနိုင်တော့မည်မဟုတ်ဘဲ ပြန်၍ ဆက်စပ်ကုန်တော့မည်။ ထိုအတိုင်းပင် ဖြစ်ပါစေတော့။


၁၉။

နိဂုံးများရဲ့ နိဂုံး


ဘူတာနံဘေး ကုက္ကိုပင်များအောက်တွင် ဝေနှင့်သမီးလေး ပျောက်ကွယ်လုလုအချိန်တွင် အခြားကမ္ဘာသို့ ဆက်၍ခုတ်မောင်းတော့မည့် ရထားသည် ဖြေးဖြေးလေးလေး ရွေ့ရှားလိုက်လေသည်။


ဤဘူတာကလေးမှ မီးရောင်များသည် တဖြေးဖြေးဝေးကွာလာလျက် နောက်ဖက်တွင် မှိန်ပျောက်ကျန်ရစ်နေခဲ့တော့သည်။ ရထားသည် မဲမှောင်သောညကို ဖြတ်သန်း၍ မောင်းနှင်နေသည်။


ကျနော်သည် ရထား၏ပြတင်းဝမှ မရွေ့လျားသေး။


အပြင်ဖက် မဲမှောင်နေသည့် ကောင်းကင်ပြင်အနက်ထည်ကြီးထဲဝယ် တလက်လက် အဆုပ်အခိုင်လိုက် တောက်ပနေကြသော ကြယ်ဖူးကြယ်ပွင့်ငယ်များကို မျှော်ကြည့်နေသည်။ ဤကြယ်ဖူးကြယ်ပွင့်ကလေးများ၏ အလှအပ ချစ်စဖွယ်ကောင်းပုံထက် ကျနော့်သမီးလေး စပယ်ခိုင် အဆရာထောင် ပိုမ်ို၍ ချစ်စဖွယ်ကောင်းလေသည်။


‘ဝေသည် သမီးလေး ခိုင်စပယ်အား ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ပဲ့ပြင်နိုင်ပါစေသတည်း‛ ဟု ကျနော် ကြေကွဲလှစွာ ဆို့နင့်လှစွာ ဆုတောင်းနေပါသည်….ဝေ။ 


ပြီးပါပြီ။

#နိုင်ဝင်းဆွေ

No comments:

Post a Comment