Saturday, July 9, 2022

အဘွားကြီးနှစ်ယောက်ရှိလေသည်

 (၁) ဒေါ်တင်အေးယဉ်

          

သူ့အမည်ကို "ဒေါ်တင်အေးရင်" ဟုရေးလျှင် အန်တီယဉ်က မကြိုက်ချေ။ ယပက်လက်ကို ညကလေးသတ်သော " ယဉ် "ကိုမှ သူက သဘောကျသည်။ ယဉ်ကျေးသိမ်မွေ့သည့် အဓိပ္ပါယ်ဟု သတ်မှတ်သည်။ မြေးဖြစ်သူ ပထမကျောင်းသား အောင်အောင်ကမူ ကျွန်တော်​၏ အဘွားသည်"ဒေါ်တင်အေးယင် "ဖြစ်ပါသည်ဟု ရေးလာဖူးသည်။

              

အန်တီယဉ်​၏ယောကျ်ား အငြိမ်းစားအတွင်းဝန်မင်း ဦးတင်မောင်ကမူ "ယဉ်ယဉ်"ဟုခေါ်သည်။ သူ့ထက် ဆယ်နှစ်ကျော်ကျော်ငယ်သော ဇနီးလေးကို တော်တော်လည်းချစ်ပြီး တော်တော်လည်း အလိုလိုက်ခဲ့ပုံပေါ်သည်။ အခုတော့ တစ်ဦးက အသက်ခုနစ်ဆယ်ကျော်၊ တစ်ဦးက  ခြောက်ဆယ်ကျော်ဖြစ်သည်။ ခုထက်ထိ ကိုကိုရေ... ယဉ်ယဉ်ရေ... နှင့် ကြင်နာကြဆဲဆိုတော့ သားသမီးတွေက တစ်ခါတရံ ကျိတ်ပြီးပြုံးကြသည်။

              

သမီးကြီးက မြေးအကြီးဆုံး ဖိုးကျော်ကို မွေးတော့ အန်တီယဉ် လေးဆယ့်သုံးနှစ်သာရှိသေးသည်။ ဆံပင်ကို အမောက်ထောင်ကာ ပြင်သစ်ဆံထုံးထုံးဆဲ။ အင်္ကျီနှငိ့နှုတ်ခမ်းနီကို အရောင်အသွေးတညီတည်းဖြစ်အောင် ဆိုးဆဲ။ အင်ဒိုနီးရှားပါတိတ်ကို သမီးတွေနှင့် ဆင်တူဝတ်ဆဲကာလဆိုတော့ အဘွား အခေါ်ခံရမည်ကို အတန်ငယ်စိတ်ညစ်ခဲ့သည်။ ဖိုးကျော်ကလည်း သူ့အဘိုး အတုယူကာ ဘွားအေကို အဘွားဟုမ​ခေါ်ဘဲ ယဉ်ယဉ်ဟုလိုက်ခေါ်တော့ အန်တီယဉ် အကြိုက်ကျသွားသည်။ 


"ဟဲ့ ဘာ ယဉ်ယဉ်လဲ၊ ဘွားဘွားလို့ခေါ်  " ဟု သမက်က သင်တော့ "ခေါ်ပါစေကွယ်၊ ဆူမနေစမ်းပါနဲ့ ကလေးကို၊ အလကား စိတ်ညစ်အောင် "ဟု ကာဆီးပြောခဲ့ရသေးသည်။ အခုတော့လည်း မြေးအားလုံးက ယဉ်ယဉ်ဟုသာ ခေါ်ကြတော့သည်။

            

"မင်းတို့အဘွား ယဉ်ယဉ်က သိပ်တော်တာ၊ အဘိုးက ဘာမှမသိဘူးကွ၊ ရှာလို့ရရင် သူ့လက်ထဲ အပ်လိုက်တာပဲ၊ ဒီအိမ်တွေ မြေတွေဝယ်တာ သူ့အစီအမံချည်းပဲ"

             

ဦးတင်မောင်က ချီးမွမ်းတတ်သည်။ ချီးမွမ်းလောက်အောင်လည်း အန်တီယဉ်က အမြော်အမြင်ကြီးသည်ဟု ဆိုရမည်။ ဦးတင်မောင်နှင့်အတူ နယ်တကာလှည့်ပြီး ပြောင်းနေရစဉ်က ငွေပိုလျှင်ပိုသလို ရွှေဒင်္ဂါး တစ်ပြားပြီးတစ်ပြားဝယ်ပြီးစုခဲ့လေသည်။ မင်းကတော်အချင်းချင်းကပင် "ဒေါ်ရွှေစု" ဆိုပြီး အမည်ပြောင်ပေးခဲ့ကြသည်ဟု ဆိုသည်။ ရန်ကုန်ရောက်တော့ နေရာကောင်းကောင်းတွင် မြေကွက်ကျယ်ကျယ်တစ်ကွက်ကို အပြေးအလွှားရှာသည်။ အင်းလျားလမ်းထဲမှမြေကို ဈေးမဆစ်ဘဲဝယ်သည်။ 


"ကိုကိုရေ ဒီနေရာတွေက သိပ်သန့်တာ၊ နောင်ကျရင် ဈေးကောင်းမှာ"ဟု ပြောခဲ့သော စကားကို ဦးတင်မောင် ယခုထိ ကြားယောင်သေးသည်။


လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်ဆိုတော့ အိမ်ဈေး မြေဈေးက မကြီးသေး။ အိမ်ဆောက်ပစ္စည်းကလည်း ပေါသည်။ ထို့ကြောင့် ခြံဝင်းကျယ်ကျယ်၊ ထုထည်ကြီးကြီး၊ မျက်နှာကျက်မြင့်မြင့်နှင့် အိမ်တစ်လုံးကို ပိုင်ခဲ့သညိ။ အန်တီယဉ်စုထားသော ရွှေဒင်္ဂါးများလည်း အတော်လေးလျော့သွားသည်ဟု ဆိုသည်။ အိမ်တစ်လုံးပိုင်ပြီးသော်လည်း အန်တီယဉ်က အေးအေးမနေပေ။ ဟိုစပ်စပ် ဒီစပ်စပ်နှင့် စုံစမ်းကာ ....


"ကိုကိုရေ တက္ကသိုလ်ရိပ်သာလမ်းနားမှာ မြေလေးတစ်ကွက် တွေ့ထားတယ်။ ယဉ်ယဉ်လိုချင်လိုက်တာ" ဟူ၍လည်းကောင်း၊ "ဒီစိန်နားကပ်က ခဲသား ကိုကိုရဲ့ ၊ သိပ်တန်တာ ယဉ်ယဉ်ယူလိုက်မယ်နော် "


ဟူ၍လည်းကောင်း မကြာခဏ ပြောတတ်သည်။ 


ဦးတင်မောင်က ဆေးတံကြီး ခဲရင်း ....


"ယဉ်ယဉ်လိုချင်ယူလိုက်လေ "ဟု ပြောလိုက်ရုံသာဖြစ်သည်။ ကျန်တာကို အန်တီယဉ်က ကြည့်၍ဆောင်ရွက်သွားလေသည်။

             

"ကိုကိုရေ ဒီနားကပ်ကတော့ မြတ်နေပြီကွယ်။ ထုတ်လိုက်တော့မယ်နော် "ဟု ဆိုလာတော့ရော သူက ဘာလုပ်ရမည်နည်း။ ဆေးတံထဲမှ ပြာများကို တဒေါက်ဒေါက် ခေါက်ချရင်း "ယဉ်ယဉ့်သဘော"ဟု ပြောလိုက်ရုံသာဖြစ်သည်။ ဒီလိုနှင့်ပင် မြေတစ်ကွက်မှ နှစ်ကွက်၊ သုံးကွက်။ အိမ်တစ်လုံးမှ နှစ်လုံး သုံးလုံး ပိုင်လာခဲ့သည်။  အိမ်ဈေးမြေဈေးတွေတက်လာတော့ အန်တီယဉ်သည် ထိုင်နေလျက်မှ တစ်သိန်းပြီးတစ်သိန်း တိုးကာ ချမ်းသာလာတော့သည်။

             

"ခက်တာက သားသမီးတွေပဲ ကိုကိုရေ့၊ အမေအဖေ ရှာထားသမျှ အမြိုင့်သား ထိုင်စားဖို့ပဲတတ်ကြတာ။ သူတို့ဟာသူတို့ အကွက်မြင်မြင်နဲ့ မကြံတတ် မရှာတတ်ကြဘူး"

            

အန်တီယဉ်က အားမလိုအားမရ ပြောတတ်သည်။ အန်တီယဉ် အားမရလည်း မရစရာပင်။ သားနှစ်ယောက်၊ သမီးနှစ်ယောက် မွေးထားရာ အငယ်ဆုံးမလေးမှတပါး ကျန်သုံးယောက်က သူတို့အဖေနှင့် အတော်တူသည်။ အကောင်းကြိုက်တတ်ကြသော်လည်း အကောင်းရအောင် ပင်ပင်ပန်းပန်း ကြိုးစားရမည်ဆိုလျှင်တော့ အပင်ပန်းမခံတော့။ ရတတ်သမျှ မကောင်းတကောင်းနှင့် ကျေနပ်တတ်ကြသည့် လူစားမျိုးများဖြစ်လေသည်။ အငယ်မတစ်ယောက်ကတော့ အန်တီယဉ်လိုပင် ရောင်းဟယ်ဝယ်ဟယ်၊ တွက်ဟယ်ချက်ဟယ်နှင့် သွက်သွက်လက်လက်ရှိလေသည်။  


"မြေဝယ် အိမ်ဆောက်ပြီး ပြန်ရောင်းတာ သိပ်ကိုက်တယ် မာမီ "ဟု ပြောသည်။ သို့သော်လည်း လုပ်ငန်းသဘောအရ ပေးရကမ်းရတော့မည်ဆိုလျှင်တော့ တီကို ဆားနှင့်တို့သလို တွန့်သွားတော့သည်။ ထို့ပြင် အန်တီယဉ်လို မျက်နှာလည်း မချို၊ အပြောလည်း မချိုချေ။  

                

"ထောင်မြင်ရင် ရာစွန့်ရတယ် သမီးရဲ့၊ နောက်ပြီး မီးပြင်သမား၊ ရေပိုက်ဆက်သမားကစပြီး ဟိုးအပေါ်ဆုံးအထိ ပိုင်အောင်ပေါင်း။ ပေးသင့်တာကိုပေး၊ ကျွေးသင့်တာကို ကျွေး " ဟု အန်တီယဉ်က သင်တန်းပေးသည်။ သို့သော် သမီးက ထောင်ဂဏန်းကိုလည်း လိုချင်၊ ရာဂဏန်းကိုလည်း မစွန့်နိုင်နှင့် အကုန်လုံး အိတ်ထဲထည့်ချင်နေတော့ လုပ်ငန်းက မချောမွေ့လှပေ။

               

သမီးကြီးက ဗိုလ်မှူးကတော်ဖြစ်သည်။ ပေါပေါများများမရှိသော်လည်း သင့်တင့်အောင် နေနိုင်သည်။ သားငယ်ကတော့ ဘွဲ့ရအပြီး နိုင်ငံခြားသင်္ဘောလိုက်ခိုင်းတုန်းက ခေါင်းကို တွင်တွင်ယမ်းခဲ့သည်။ 

             

"မိဝေးဖဝေး၊ တိုင်းဝေးပြည်ဝေးမှာ မနေချင်ပါဘူးဗျာ။ ကိုယ့်မှာ ဒီလောက်ဆင်းရဲခံပြီး စီးပွားရှာစရာမလိုပါဘူး "ဟု ပြောသည်။

              

အစိုးရအလုပ်လည်း မလုပ်ချင်သဖြင့် ဆေးဝါးပစ္စည်းမျိုးစုံကို အရောင်းအဝယ်လုပ်သည်။ သူ့သူငယ်ချင်း အပေါင်းအသင်းတော်တော်များများက ဆရာဝန်တွေဆိုတော့ အတော်လေး တွက်ခြေကိုက်သည်ဟု ဆိုရမည်။ သို့သော် အန်တီယဉ် မကျေနပ်။ ဒီအကောင် သင်္ဘောသာလိုက်သွားလျှင် ယခုဆို တိုက်ဆောက်နိုင်လောက်ပေပြီ။ ခုတော့ ငါးသုံးလုံး ခဲ၊ ပဂ္ဂီရှပ်ဝတ်ပြီး စူပါကပ်စီးရုံလောက်နှင့်ပင် ပြီးနေသည်။ တိုက်ဆောက်ဖို့ခရီးကား အတော်ကြီး ဝေးပေသေးသည်။ အိမ်ထောင်မရှိသေးတော့လည်း ငွေကိုစုရကောင်းမှန်း မက်ရကောင်းမှန်း မသိသေးချေ။

               

"အခက်တကာ့အခက်ဆုံးကတော့ အကြီးကောင်ကြီးပဲ"

             

အန်တီယဉ် အားမရဆုံးကတော့ သားအကြီးဖြစ်သည်။ အ,တီး အ,တနှင့် စီးပွားရေးအမြင်လည်း လုံးဝမရှိပေ။ အပြင်ဝင်ငွေမရှိသောဌာနတွင် လက်ထောက်ညွှန်မှူး လုပ်ပြီး ကျေနပ်နေသောအကောင်ဖြစ်သည်။ သို့သော် လူကသာ မဟန်သည်၊ ကံကလေးကတော့ အကောင်းသားပင်။ ​ဂျပန်ပြည်ကို ကိုးလမျှကြာအောင် လေ့လာရေးသွားရန် အရွေးခံရသည်။

             

"နိုင်ငံခြားငွေဆိုတာ အဖိုးတန်တယ်နော်၊ တွက်တွက်ချက်ချက် လုပ်"

             

အန်တီယဉ်က တဖွဖွ မှာသည်။ ချွေးမကိုလည်း....


"ဟဲ့ ပစ်ကပ်က အကောက်ခွန် သုံးဆယ်ရာခိုင်နှုန်းပဲ ပေးရတာ။ မှန်ကားက သုံးရာ ရာခိုင်နှုန်း ဆယ်ဆကွာတယ်နော်။နင့်​​ယောကျာ်းကို အသေအချာ စာရေးပြောဦး "ဟု မှာရသေးသည်။ 


သို့သော် ချွေးမက "ကိုကိုက လင်ဆာဝယ်မှာတဲ့ မာမီရဲ့ "ဟု ပြုံးစိစိနှင့် ပြောသည်။

           

"ဒါမျိုးကားဆိုတာ ဒီမှာဝယ်စီးနိုင်တာ မဟုတ်ဘူး၊ ကိုယ်သွားတုန်းမှ ဝယ်လာနိုင်တာ။ အမေရိကန်ဒေါ်လာ လေးထောင့်ခြောက်ရာဆိုတာ မြန်မာငွေနဲ့ဆို သုံးသောင်းခွဲလောက်ရှိတာမဟုတ်လား။  ကားကောင်းကောင်းလေးစီးရအောင် မာမီ့ကို ဘုရားပို့ရအောင်လေ" ဟု သားကြီးက စာရေးပြီး ဆင်ခြေကန်ကာ ဝယ်ချလာသည်က "လင်ဆာ "တဲ့။

            

ပတ်ဗလစ်ကာတို့ ဟိုင်းလတ်တို့က ဒေါ်လာ နှစ်ထောင်ကျော်သာ ပေးရသည်။ အခွန်ကျတော့ ခြောက်ထောင်လောက်ပဲ ဆောင်ရသည်။ တစ်ပတ်ရစ်ပင်ဖြစ်သော်လည်း ပေါက်ဈေးက နှစ်သိန်းခြောက်သောင်း၊ နှစ်သိန်းရှစ်သောင်းလောက်ရှိသည်။

          

"နင့်လင်ဆာကြီးက ဟိုင်းလတ်ကား နှစ်စီးစာ ပေးရတယ်။ အခွန်ကျတော့ တစ်သိန်းလောက် ဆောင်ရသေး။ ကဲ အဲဒါကြီးကို စီးနေတော့ရော ဘာလုပ်မှာလဲ။ အဲဒါကို ရောင်း၊ တိုက်ကလေး ဘာကလေး ဆောက်၊ သံရုံးကိုငှား၊ အဲဒီလိုလုပ်မှ တွက်ခြေကိုက်တော့မှာပေါ့ သားရယ်"

              

အန်တီယဉ်က အဲ့ဒီလိုပြောတော့ သားရော ချွေးမပါ ငိုင်နေကြသည်။ နောက်နေ့ကျတော့ သားကြီးက တပြုံးပြုံးနှင့် လာပြောသည်။ ပါမစ်ကို သုံးသိန်းနှင့် လာဝယ်နေသည်တဲ့။ အကောက်ခွန် တစ်သိန်းကျော်ကိုလည်း ပေးစရာမလို။ အရင်းသုံးသောင်းခွဲကို သုံးသိန်းခွဲရမည်ဆိုတော့ ဆယ်ဆမြတ်နေပြီမို့ သူ့တွက်ကိန်းနှင့်သူ အ​တော်ကျေနပ်နေသည်။

            

"ဒီမှာ သား၊ ကားက နောက်တစ်လကျော်မှ ရောက်လာမှာ ဘာလို့လောနေရတာလဲ။ ကားဈေးတွေက တက်ဦးမှာ သားရဲ့၊ ပစ္စည်းရောက်မှ ပစ္စည်းကိုကိုင်ရောင်း၊ မလောစမ်းပါနဲ့၊ မာမီ့စကား နားထောင်စမ်းပါ"

             

အန်တီယဉ်ကပြောတော့ သားကြီးက သိပ်ပြီး မကြည်လင်။              

                  

"မာမီလုပ်တာနဲ့ပဲ ဈေးတွေပြန်ကျသွားတော့ ခက်မယ်။ ဒီလောက်တောင်မရတော့ရင် ဒုက္ခ"ဟု တညည်းတညူညူ လုပ်နေသေးသည်။

            

ဟော အခုတော့ ကားရောက်လာပြီ။ ညနေတုန်းက သားကြီးရော ချွေးမပါ ဝမ်းသာအားရ အိမ်ရောက်လာကြသည်။

           

"မာမီရေ ခုနစ်သိန်းပေးနေပြီတဲ့"


 ကဲ ... လွန်ခဲ့သောတစ်လက လေးသိန်းခွဲဆိုသောကားသည် ယခု ခုနစ်သိန်းဖြစ်နေပြီ။ နေရင်းထိုင်ရင်း နှစ်သိန်းခွဲ ထပ်ရခြင်းဖြစ်သည်။သူတို့ပြောသလို ပါမစ်ကို သုံးသိန်းခွဲနှင့်သာ ရောင်းမိလျှင် ...

              

"အံမာလေးလေ တွေးမိရုံနဲ့တင် စိတ်ဆင်းရဲလိုက်တာ၊ အဲဒီလိုသာဆိုရင် ငါတော့ နှလုံးရောဂါထ၊ သွေးတွေလည်း တက်မှာပဲ"

            

အန်တီယဉ်က ရင်ဘတ်ကို ဖိထားမိသည်။ ဈေးတွေတက်လိမ့်မည်ဟု မျော်မှန်းမိသော်လည်း ဒီလောက်တောင် ခုန်ပေါက်ပြီး တက်လိမ့်မည်ဟု မထင်မှတ်မိခဲ့ချေ။

           

"မာမီကလဲ သိန်းလေးငါးခြောက်ဆယ် ချမ်းသာနေရက်သားနဲ့ နှစ်သိန်းခွဲလောက်နာရော ဘာဖြစ်သေးလဲ"

        

သားငယ်က ဆေးလိပ်ဖွာရင်း ခပ်ပေါ့ပေါ့ ဝင်ပြောတော့ အန်တီယဉ် စိတ်ဆိုးသည်။ သားတွေသမီးတွေအကုန်လုံးကို သိမ်းပြီး ဆူသည်။ 

             

"နှစ်သိန်းခွဲမပြောနဲ့ ၊ နှစ်ကျပ်ခွဲတောင် အနာမခံခဲ့လို့ နင်တို့ ဒီလိုချမ်းသာနေတာဟဲ့ သိရဲ့လား၊ ဟင် နှစ်သိန်းခွဲဆိုတာ နည်းတဲ့ငွေလား"

          

အန်တီယဉ် စိတ်ဆိုးတော့လည်း သားသမီးတွေ ငြိမ်သွားကြသည်။

           

"အင်း နှစ်သိန်းခွဲဆိုတာ ဘယ်နည်းပါ့မလဲ။ ဆောက်တတ်ရင် အိမ်တစ်လုံးဖြစ်တယ်"

          

သမီးငယ်က တွေးသည်။


"ရွှေပေါင်ယူပြီး တစ်ရာကို နှစ်ကျပ်တိုးနဲ့ ချေးရင်တောင် တစ်လကို ငါးထောင်၊ ဟယ် .... မဆိုးဘူးဟဲ့"

              

သမီးကြီးက တွေးသည်။ 

            

"စိန်နားကပ်ကြီးကြီးတော့ ပန်ရချေသေးရဲ့"

                     

ချွေးမက တွေးလေသည်။


* * *


(၂) ဒေါ်အေးကျင်

     

အမေကျင်က စာမတတ်ချေ။ ရွာကို အသုံးလုံးများ လာစဉ်ကတည်းက ပေကာကတ်ကာနှင့် ကြေးများနေသောကြောင့် ဖြစ်ဖြစ်မြောက်မြောက် မတတ်လိုက်ပေ။ လက်မှတ်ထိုးရမည့်ကိစ္စ ပေါ်ပေါက်သောအခါများမှာပင် လက်မပုံစံနှိပ်ရသူ ဖြစ်လေတော့ သူ့အမည်ကို ဒေါ်အေးကျင်လို့ ရေးရေး ၊ဒေါ်ဧကျင်လို့ ရေးရေး သူက ဘာမှမသိချေ။ ပြဿနာလည်းမရှိချေ။ လယ်လုပ်လိုက်၊ ကောက်စိုက်လိုက်၊ ထင်းခွေလိုက်နှင့် သူ့ဟာသူတော့ အသားကျနေသားပင်။ သို့သော်လညိး ကံဆိုးချင်တော့ ကိုဖိုးမောင်တစ်ယောက် ညဘက်တွင် ဖားလိုက်ရိုက်ရင်း ပိုးထိလာသည်။ လှည်းကမရှိ၊ နွားကမရှိ၊ ဆေးရုံက ဝေးနှင့်မို့ ဆေးရုံအသွား လမ်းတွင် စောင်ပုခက်ထဲမှာပင် အသက်ကုန်သွားသည်။


ကိုဖိုးမောင်ဆုံးတော့ အကြီးကောင်က တစ်ဆယ့်ငါးနှစ်၊ အကြီးမက  ဆယ့်သုံးနှစ်၊ အငယ်မက ဆယ်နှစ်ရှိပြီဖြစ်သည်။ အမေကျင်က ကောက်စိုက်ရင်း ဖားရိုက်ရင်း တောမှာပဲ ဆက်နေချင်သော်လည်း မဖြစ်တော့။ သားသမီးများက အခြားအခြားသော မိသားစုများလို မြို့တက်ပြီး စီးပွားရှာချင်ကြသည်။ ဘာပဲဖြစ်ဖြစ် ရွာမှာထက်တော့ ပိုလျှံမည်ထင်၍ အမေကို ပူဆာကြသည်။


သည်အခါ သားသမီးတွေဆန္ဒကို လိုက်လျောပြီး ရွာမှထွက်လာခဲ့သည်မှာ ရန်ကုန်ရွှေမြို့တော်ကြီးကို ဒုတ်ဒုတ်ထိ ရောက်သည်အထိဖြစ်သည်။ ရန်ကုန်တွင် ရောက်နှင့်နေသော ကိုစံရွှေတို့ လမ်းပြမှုနှင့် ပါလာသော နားကပ်ကလေးကို ရောင်းကာ တဲတစ်လုံးထိုးသည်။ ဒီလိုနှင့်ပင်  ကျူးကျော်ရပ်ကွက်တွင် မိသားစုတစ်စု တိုးလာလေသည်။ 


ရန်ကုန်ရောက်စကတော့ သားအမိတတွေ တက်ညီလက်ညီနှင့် ကြိုးစားပမ်းစား လုပ်ကြသည်။ အမေကျင်က အုတ်သယ်၊ မြေဖို့၊ အလုပ်ကြမ်းဝင်လုပ်။ သားကြီးက ဆိုက်ကားနင်း၊ သမီးကြီးက ပဲပြုတ်ရောင်း၊ သမီးငယ်က ဖရဲသီးစိတ်ရောင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိကြလေသည်။


အခုတော့ အမေကျင်က အသက်ကြီးပေပြီ။ အသက်ခြောက်ဆယ်ကျော်လာပြီဆိုတော့ အရင်တုန်းကလို ပင်ပင်ပန်းပန်းမလုပ်နိုင်တော့။ သားတွေသမီးတွေ ကြည့်ပြန်တော့လည်း ဒီအမေကြီးကို ကျွေးထားနိုင်သူ တစ်ယောက်မျှမရှိချေ။


သားအကြီးဆုံးက ဈေးထဲမှ ပဲပင်ပေါက်သည် လှတင်နှင့်  အိမ်ထောင်ကျသည်။ ကလေးတစ်ယောက်ရတော့ ပင်ပန်းသည်ဟု အကြောင်းပြကာ အသေက်အစားဖက်လာသည်။ မိန်းမကို ရိုက်ဟယ် နှက်ဟယ် လုပ်တတ်လာလေသည်။ မိန်းမခမျာ ဒူးနှင့် မျက်ရည်သုတ်နေရ​​လေသည်။ 


အမေကျင်က သားကြီးကိုခေါ်ပြီး "မင်းမလဲ သူများသားသမီး ယူထားပြီး မနှိပ်စက်ပါနဲ့ကွယ် "ဟုပြောတော့ သားကြီးက ငေးနေသည်။ 

 

"စိတ်ညစ်တယ် အမေရ၊ ကျွန်တော်လည်း ပင်ပင်ပန်းပန်း လုပ်တာပဲ ၊သူလည်း ပင်ပင်ပန်းပန်းရှာတာပဲ၊ ဒါပေမယ့် ဒီဘဝကကို မတက်နိုင်ဘူး။ ဒီနေ့မလုပ်နိုင်ရင် မနက်ဖြန်ငတ်မယ့်ဘဝ "ဟု ပြောလေသည်။ 


ဒီတော့ အမေကျင်လည်း "မဆီမဆိုင်မပြောပါနဲ့ကွယ်။ မင်းအရက်ဖိုးကျတော့ ဘယ်ကထွက်လာသလဲ၊ အဲဒီအရက်ဖိုးကို စုပါလား" ဟု ပြောရတော့သည်။ 


သားကြီး ခေါင်းကို တဗျင်းဗျင်းကုတ်ကာ 

" အမေက ကျွန်တော်အရက်သောက်တာသာ ပြောတာ၊  အဲဒီပိုက်ဆံက ကျွန်တော် အရက်မသောက်လည်း ကြံဖန်ကုန်သွားမှာပဲ "ဟုပြောလေသည်။ အမေကျင် သက်ပြင်းချရုံသာ ရှိတော့သည်။ 


သမီးအကြီးမကတော့ ယောင်ခြောက်ဆယ် အုန်းကြိုင်နှင့် ရသည်။ အုန်းကြိုင်ဆိုသည့်အကောင်က ပေါင်းတန်သူကိုပေါင်း၊ ပေးတန်သူကိုပေး၊ မဟုတ်တာရော ဟုတ်တာရော လုပ်ရဲသည့်သူဆိုတော့ အစောပိုင်းက အတော်ချောင်လည်ပုံရသည်။ သမီး​၏လည်ပင်းတွင် ရွှေဆွဲကြိုးလက်လက်ကလေးကိုပင် မြင်လိုက်ရသည်။ ကလေးနှစ်ယောက်ရပြီးတော့ အုန်းကြိုင် ဗွေဖောက်လာသည်။ ဆတ်ကော့လတ်ကော့ ကောင်မလေးတစ်ယောက်နှင့် တတွဲတွဲဖြစ်လာသည်။ နာမည်ပျက်နည်းနည်းရှိသော တခုလတ်မ မိသန်းကြည်နှင့်လည်း ရုတ်ရုတ်ရက်ရက် ဖြစ်လာသည်။ 


တစ်နေ့တော့ အုန်းကြိုင် အရက်ပုန်းမှုဖြင့် အဖမ်းခံရသည်။ သမီးကြီးခမျာ တငိုတရယ်ရယ်ဖြင့် ဟိုပြေးဒီပြေး ပြေးရရှာသည်။ သူ့ကိုယ်ပေါ်မှ ပြောင်ပြောင်လက်လက်ကလေးများလည်း ကုန်သွားသည်။ သို့နှင့်ပင် အုန်းကြိုင်ပြန်လွတ်လာသည်။ ဝမ်းသာအားရကြိုနေသော သမီးဆီ ပြန်လာသည်။ သို့သော် သူတစ်ယောက်တည်းတော့ မဟုတ်။ တခုလတ်မ မိသန်းကြည်ကိုပါ လက်ဆွဲခေါ်လာခဲ့သည်။ သမီးကြီးက အုန်းကြိုင်ကို ဆဲသည်။ မိသန်းကြည်နှင့်​ ​ထောင်းလမောင်းကြေအောင် သတ်ကြပုတ်ကြသည်။ သားသမီးတွေက ငိုကြသည်။ နောက်တနေ့ကျတော့ သမီးအကြီးမသည် သားသမီးနှစ်ယောက်ကို လက်ဆွဲပြီး အမေကျင့်ဆီ ပြန်ရောက်လာလေသည်။


အငယ်မကလည်း အိမ်ထောင်ပြုချင်နေပြီ။ သို့သော်လည်း အစ်ကိုနှင့်အစ်မတို့​၏အိမ်ထောင်ရေးကို ကြည့်ပြီး လန့်နေဟန်ရှိသည်။ သူက ဆလကတွင် နေ့စားအလုပ်သမ ဖြစ်သည်။ အုတ်ရွက်၊ သဲရွက်၊ မဆလာရွက်နှင့် ပင်ပန်းရှာသည်။ သူကြိုက်သော ကောင်လေးကလည်း သူ့လိုပင် နေ့စားဆိုတော့ သူတို့ချစ်ခရီးသည် ရှေ့မတိုးသာဘဲ လမ်းတဝက်တွင် အီပြီးအိုင်နေသည်။ မအီ၍ မအိုင်၍ မဖြစ်။ သူတို့ဝင်ငွေက ခြောက်ကျပ်ခွဲထက် မပိုချေ။


ဒီတော့လည်း အမေကျင်ခမျာ အလုပ်မလုပ်ဘဲ ထမင်းစားရန် မဖြစ်နိုင်တော့ပေ။ ဒူးဆစ်တွေ အထိုင်အထတွင် မခံနိုင်အောင် နာလွန်းတော့ သက်သက်သာသာထိုင်ရင်း လုပ်ရသောအလုပ်ကို ရွေးရသည်။ ဈေးအသွား လူစုံရာလမ်းချိုးကလေးတွင် မီးဖိုလေးချပြီး အဆာပလာဇလုံတွေ ခွက်တွေ အနားမှာစီချကာ ခေါက်မုန့်လုပ်​​​​ရောင်းသည်။ မီးရှိန်ဟပ်သဖြင့် ပူလှသော်လည်း အုတ်သယ်ရတာထက်တော့ သက်သာလေသည်။ 


မုန့်နှစ်ကောင်းကောင်း၊ ထန်းလျက်ရည်ကောင်းကောင်း၊ အုန်းသီးမှုန့်လေးပါ များများထည့်တော့ အမေကျင့်ခေါက်မုန့် ကောင်းသည်ဟု နာမည်ထွက်သော်လည်း အမြတ်သိပ်မကျန်ပေ။ သားအမိနှစ်ယောက်ပေါင်း တစ်ဆယ့်ငါးကျပ်ဝင်ငွေနှင့် စား၍တော့ဖြစ်နေသားပင်။


အခုတော့ အကြီးမက ကလေးနှစ်ကောင်ဆွဲပြီး ရောက်လာပေ​ပြီ။ ပါးစပ်သုံးပေါက် တိုးလာပြီဖြစ်သည်။ ဝင်ငွေတိုးအောင် ဘယ်လိုကြံရမည်နည်း။


ဒိန်းဒလိန်းနတ်ပူးနေသော အကြီးမက ခေါက်မုန့်လေးတခုကိုပင် ကျွမ်းလိုကျွမ်း၊ တူးလိုတူးနှင့် အဖြစ်ရှိအောင် မလုပ်တတ်။ အငယ်မနှင့်လိုက်ပြီး အုတ်သယ်ပြန်တော့လည်း ကိုယ်တွေလက်တွေနာလာကာ နောက်နေ့ကျ မလှုပ်နိုင်တော့ပေ။ ဘူးသီးကြော်ရောင်းပြန်တော့လည်း ဆီပူအိုးထဲ ဘူးသီးအထည့်တွင် သူ့ယောက်ျား အုန်းကြိုင်ကို မယားငယ်နှင့်အတူ လှမ်းမြင်လိုက်ရ၍ စိတ်တွေယောက်ယက်ခတ်သွားသည်။ ကိုင်ထားသောဘူးသီးကို ဆီပူအိုးထဲ လွှတ်မချဘဲ လက်ကိုပါရောပြီး ဆီပူထဲ နှစ်ချလိုက်မိသည်။ ဆီပူလောင်ကာ ယောင်ပြီး ဖောင်းကားနေသော လက်ကို မနည်းကြီးဆေးကုနေရသည်။


"ဒီလင်တရူးမကိုတော့ ဘာမှခိုင်းလို့မရတော့ပါဘူး။ ခိုင်းသမျှ နောက်ကနေ ဆေးလိုက်ကုနေရရင်တော့ ကျုပ်တို့တွေ ထမင်းရည်တောင်သောက်နိုင်တော့မှာမဟုတ်ဘူး။ မြောင်းပုပ်ရေခပ်သောက်ပြီး ဗိုက်မှောက်နေရလိမ့်မယ်"


အမေကျင်က အသည်းရောနှလုံးရော ဟက်တက်ကွဲပြီးနေသော သမီးကို မသနားနိုင်​ချေ။ သီချင်းများဆိုတတ်လျှင် လက်ဖက်ရည်ဆိုင်တွင် ကြားနေရ​သောသီချင်းလို  "အသည်းနှလုံးဆိုတာ အစာအိမ်တခုလောက် အရေးမကြီးတာ အမှန်ပဲ"ဟု ဟစ်လိုက်ချင်သေးသည်။ သို့သော် မြေးကလေးနှစ်ကောင်ကို တကယ်သနားမိသည်။ ကိုယ်ကျွေးမှ စားရပြီး ကိုယ်ဆင်မှဝတ်ရမည့်ကလေးများကို မပစ်ပယ်နိုင်။ ကိုယ်က လျှော့စားပြီး ကျွေးရသည်။


"ငါးရောင်းရရင် ကောင်းမလားမသိပါဘူးအေ"


အမေကျင် ကြံမိကြံရာကြံသည်။


အသက်ရှင်ပြီး ရပ်တည်နိုင်ရန် ထမင်းဝဝစားနိုင်ရန် လိုသည်။ ဝဝစားနိုင်ဖို့ ဝင်ငွေတိုးဖို့လည်း လိုသေးသည်။


"အမေကလည်း ကိုယ်ကျွမ်းကျင်တာလဲ မဟုတ်ဘဲနဲ့၊ ပြီးတော့ အကုသိုလ်အလုပ်ကြီး"


သမီးငယ်က တားသည်။


ပြောမယ့်သာပြောရသော်လည်း အမေကျင်ကိုယ်တိုင် လုပ်ရမှာ ခပ်ကြောက်ကြောက်ပင်။ ကုသိုလ်တွေ အကုသိုလ်တွေ ဘေးဖယ်ထားဦး။ ကိုယ်မကျွမ်းကျင်သည်ကို သွားလုပ်ပြီး အရင်းပြုတ်လျှင် ဘာမှမလုပ်တတ်​။ နေ့ပြန်တိုး အကြွေးသံသရာတွင် စုန်းစုန်းမြုပ်ပြီး ဟီးချငိုရမည့်ကိန်းဖြစ်သည်။ ကိုယ်က အုတ်သယ်တတ်၊ ခေါက်မုန့်လုပ်တတ်ရုံသာရှိသည်။ 


သမီးကြီးက 

"ကျွန်မလက်က အနာသက်သာရင် အဝတ်ငှားလျှော်ပါ့မယ် အမေရဲ့ "ဟု ပြောဖော်ရလာပြီဖြစ်သည်။


"အေး ကြံစမ်းပါဦး အေရယ်။ ညည်းသားလည်း ကျောင်းမထားရသေးဘူးမဟုတ်လား"


မြေးအကြီးက ငါးနှစ်ပြည့်သွားပြီ ဖြစ်သော်လည်း ကျောင်းမထားရသေးသည်ကို အမေကျင် စိတ်မကောင်း။ သို့သော် တစ်နေ့ တစ်နေ့ လူငါးယောက်စားဖို့ပင် အနိုင်နိုင်ရုန်းကန်နေရတော့ စာအုပ်ဖိုးခဲတံဖိုးတွေကို ခေါင်းထဲ မထည့်နိုင်ချေ။ အဖေဆိုသည့် အကောင်ကလည်း ကလေးတွေကို ငဲ့စောင်း၍ပင် မကြည့်သည်ကတေ့ာ စိတ်နာစရာကောင်းလှသည်။


"ငါ တစ်နေ့ကို ဆယ်ပြား၊ ဆယ့်ငါးပြား စုသွားမယ်။ တစ်လ သုံးကျပ် တစ်နှစ်ဆိုရင် သုံးဆယ့်ခြောက်ကျပ်၊ ဒါဆိုရင် သူငယ်တန်းစာအုပ်ဖိုးလောက်တော့ ရကောင်းပါရဲ့"


အမေကျင်က တွေးသည်။ ဖျာအောက်ကို ဆယ်ပြားစေ့တစ်စေ့ နေ့စဉ် ထည့်သည်။ ဒါတောင် မှန်မှန်ထည့်နိုင်သည်မဟုတ်။ ဆန်ဖိုးက မပြည့်လိုက်၊ ဆီဖိုးက မပြည့်လိုက်နှင့်မို့ တမတ်စ ငါးမူးစ ပြန်ပြန်ပြီး ယူရလေသည်။ ထည့်သည့်နေ့တွင် ထည့်လိုက်၊ ယူသည့်နေ့တွင် ယူလိုက်နှင့် ရှေ့တိုးနောက်ဆုတ် ချီတက်လာရသည်။ မနေ့ကတော့ မှတ်မှတ်ရရ ရေတွက်ကြည့်မိသည်။ ဆယ်ပြားစေ့ နှစ်ဆယ့်လေးစေ့ ရှိသည်။ နောက်ထပ် ဆယ်ပြားထည့်လိုက်သည်။ စုစုပေါင်း နှစ်ကျပ်ခွဲ။


အမေကျင် ခပ်ပြုံးပြုံး တွေးသည်။

          

"ဘယ်ဆိုးလို့လဲဟဲ့၊ ငါ့မှာ ငွေပိုငွေလျှံ နှစ်ကျပ်ခွဲတောင် ရှိနေပြီပဲ" 


အိမ်မက်ထဲတွင် ဘိုးဘိုးအောင်ကို လိုက်ရှာနေမိသေးသည်။ ဖျာအောက်က ငွေအကြွေ နှစ်ကျပ်ခွဲကို အဆတွေတိုးလာအောင် လုပ်ပေးပါဟု တောင်းပန်ရန်ဖြစ်သည်။ နိုးလာတော့ ကိုယ့်ဟာကိုယ် ရယ်ရသေးသည်။

       

"ဟော.....တော့"


ဒီနေ့တော့ ဖျာအောက်တွင် ဘာမှမရှိတော့ချေ။ ဘိုးဘိုးအောင် မ မဘဲ ဘိုးဘိုးပြောင် မစသွားချေပြီထင်သည်။ အမေကျင်က ပြူးပြူးပြာပြာနှင့်  ဖျာတစ်ချပ်လုံး လှန်ရှာသည်။ မတွေ့။

    

"ဦးတိုးလာတယ် ဘွားဘွား.......နေ့ခင်းတုန်းက"


မြေးအကြီးလေးက ပြောသည်။ သားအကြီးကောင်လာပြီး ဖျာကိုလှန်၍ ရှာယူသွားသည်မှာ ကျိန်းသေပါပြီ။


"ဟင် ဒီအမေအိုကြီးမှာ ကိုယ့်ထမင်းကိုယ်ရှာစားနေရတာ၊ ခုထိ ဒီကောင်က တစ်နှစ်လုံးနေလို့မှ တစ်မတ် ငါးမူးလောက်တောင် ထောက်ပံ့ဖော်မရတဲ့ပြင် အမေ့ချွေးနည်းစာကို ကစော်သောက်ဖို့ လာလာနှိုက်သေးတယ်"


အမေကျင် တဖြစ်တောက်တောက်ပြောကာ မျက်ရည်ကျသည်။

    

"အဝီစိကို ဖြတ်လမ်းကသွားမယ့်အကောင်၊ ငါ့ပိုက်ဆံကို ကစော်သောက်ရင် အပင်းအဆိပ်ဖြစ်ပါစေတော်" 

              

အမေကျင်က နှပ်ညှစ်ရင်း ကျိန်ဆဲသည်။ သမီးကြီးက ငြိမ်နေသည်။ သမီးအငယ်က ငေးနေသည်။ သူတို့အစ်ကိုကြီးကို သူတို့ မကျေနပ်သော်လည်း ဘာမှမပြောရဲ၊ လက်မြန်ခြေမြန်နှင့် ရိုက်မောင်း ပုတ်မောင်း လုပ်တတ်သောကြောင့် ကြောက်သည်။

               

"ဘယ်လောက်ပါသွားလဲ အမေ"

      

"နှစ်ကျပ်ခွဲပါအေ၊ သိပ်တော့မများပါဘူး"

          

အမေကျင်က ဝမ်းပန်းတနည်း ပြောသည်။


"နှစ်ကျပ်ခွဲဆိုလည်း နှစ်ကျပ်ခွဲပေါ့၊ ဘယ်နည်းပါ့မလဲ၊ ဆန်ဝယ်ရင် နို့ဆီလေးဘူးရမှာ" 


အကြီးမက တွေးသည်။ 


"ကြက်သွန်နီဝယ်ရင်၊ အစိတ်သား" 

    

သမီးငယ်က တွေးသည်။


"နံပြားဝယ်ရင် ငါးချပ်တောင် ရမှာ၊ ငါတို့တတွေ တစ်ယောက်တစ်ချပ် စားလို့ရတယ်" 


မြေးက​​လေးက တွေးနေလေသည်။

မစန္ဒာ

လုံမလေး၊ ဇန်နဝါရီ၊ ၁၉၈၇။

No comments:

Post a Comment