နောက်တစ်လလောက်ဆိုလျှင် ချောအိလည်း အသက်သုံးဆယ်ကျော်ပြီ။
“ဘယ့်နှယ်လဲ အပျိုကြီး၊ နေကောင်းရဲ့ လား၊ အပျိုကြီးနော် ဟိုင်းသွားဦးမယ်။ မကြိုးစားတော့ဘူးလား "
“မုန့်လေး ဘာလေး ကျွေးဖို့စိတ်မကူးသေးဘူးလား အပျိုကြီးရဲ့"
လူတိုင်းက သူ့ကို အပျိုကြီးဟု ခေါ်နေကြပြီ။ ကြာလျှင် ချောအိ ဆိုသော အမည်ပင် ပျောက်ပြီး အပျိုကြီး အမည် တွင်ရတော့မည် ထင်သည်။ ထိုအမည်ကြီးကိုတော့ ချောအိ မကြိုက်။ နားခါးလှသည်။
* * *
ချောအိသည် အသားညို၍ နှာခေါင်းပြားကာ မျက်လုံးမှေးလေသည်။ မျက်တောင်လေးများ ကော့ညွတ်ရှည်လျားကာ ညီညာဖြူဖွေးသော သွားလေးများရှိသော်လည်း သူ့ကို မည်သည့်ယောက်ျားကမှ လည်ပြန်မကြည့်ဖူးပေ။ မျက်နှာမလှသော်လည်း ကိုယ်လုံးကိုယ်ထည် တုတ်တုတ်ခဲခဲ ဆိုလျှင် ဖြေသာသေးသည်။ ခုတော့ အမေ့အဖေ အဘိုးနှင့်တူကာ ငါးပေလေးလက်မကျော်ကျော်မြင့်ပြီး ဗျိုင်းမည်းကြီးလို ရှည်မျောမျော ဖြစ်နေသည်။ ကမ္ဘာ့အဆင့်အတန်းနှင့် စာလျှင် ထိုမျှအရပ်သည် ပုပင်ပုဦးမည် ဖြစ်သည်။ သို့သော်လည်း လူပုစာရင်းဝင်နေသော မြန်မာအမျိုးသမီးတို့ကြားတွင်ကား သူ့မှာ ထိုးထိုးထောင်ထောင်ကြီး ဖြစ်နေရှာလေသည်။
"ခုခေတ်ယောက်ျားတွေရဲ့ ဦးနှောက်က ကွန်ပျူတာဦးနှောက်တွေကွဲ့"
ချောအိတို့ရုံးမှ အသက်လေးဆယ်ကျော် အပျိုကြီး ဒေါ်သက်သက်ဆွေက ပြောတတ်သည်။
"ကွန်ပျူတာ ဦးနှောက်"
“ဒါပေါ့၊ ဒီခေတ် မိန်းမတွေဟာ ရုပ်ရည်လဲ ချောမှ၊ ပစ္စည်းရင်လဲ ပေါမှ၊ ပညာရင်လဲ တော်မှ ပွဲတက်လှတဲ့ လင်ကောင်းလေး တစ်ယောက်ကို မပင်မပန်း ရနိုင်တာ"
“ဘာလဲ၊ ပွဲတက်လှတဲ့ လင်ဆိုတာ ဘာလဲဟင်”
"အိုကွယ်…ပွဲတက်လှတယ်ဆိုတာ လူမြင်ကောင်းတာကို ပြောတာပေါ့၊ ရာထူးလက်ရှိ ဝင်ငွေကောင်းကောင်းကို ပြောတာပေါ့။ သူ့ဟာသူ ပွေတာ ရှုပ်တာ၊ အရက်သောက်တာ၊ ဖဲရိုက်တာကတော့ တစ်ကဏ္ဍပေါ့လေ၊ မဟုတ်ဘူးလား"
ချောအိသည် သက်ပြင်းလေး ကျိတ်၍ချမိသည်။ သူ့ကိုယ်သူ ရုပ်မချောသည်ကိုတော့ သူအသိပင်၊ လက်မခံချင်သော်လည်း အမှန်တရားမို့ ကျိတ်၍ လက်ခံထားရသည်။ ပစ္စည်းအင်အားကို စဉ်းစားမိပြန်တော့ ဒုတိယမ္ပိ သက်ပြင်းကို ချရသည်။ ချောအိုတို့အမေသည် မုဆိုးမ ဖြစ်သည်။ အဖေဆုံးသည်မှာ ဆယ့်ငါးနှစ်ကျော်ပေပြီ။ အဖေသည် စီးပွားရေးအကွက်မြင်လှသော ကုန်သည်တစ်ဦးဖြစ်သည်။ အဖေရှိစဉ်က အတော်လေး ချောင်ချောင် လည်လည် ရှိသည်ကို ချောအိမှတ်မိသည်။ အဖေဆုံးတော့လည်း ပစ္စည်းလေးများ အတော်အတန် စုမိဆောင်းမိထားခဲ့နိုင်သည်။
ခက်သည်က အမေသည် ကျန်ခဲ့သောပစ္စည်းများကို ထိန်းသိမ်းရန်လည်းကောင်း၊ သားသမီး သုံးဦး၏ ဝန်ကို ထမ်းရန်လည်းကောင်း အစွမ်းအစ မရှိခဲ့ချေ။ အမေသာ လုပ်တတ်ကိုင်တတ်မည်ဆိုလျှင် ချောအိ၏အခြေအနေသည် ထိုမျှယိမ်းယိုင်စရာအကြောင်း မရှိပေ။ ခုတော့ အမေသည် ရွှေထီးဆောင်းရစဉ်က အဖြစ်များကိုသာ တမ်းတလွမ်းမောနေခဲ့သည်။ အိမ်တွင် ကုန်စုံဆိုင်လေးဖွင့်၍ ရောင်းရန်ကိုပင် နိမ့်ကျသည် သိမ်ငယ်သည်ဟု ထင်ခဲ့သည်။ သို့နှင့်ပင် ရှိရှိသမျှပစ္စည်း တတိတိနှင့် ကုန်ကာ အိမ်ကြီးမှ အိမ်သေးသို့ ပြောင်းခဲ့ရသည်။ ချောအိလည်း ဆယ်တန်းကို ဘီနှင့် နှစ်ခါ ဆက်အောင်ပြီးသောအခါ သမီးကြီးပီပီ ကျောင်းထွက်၍ အလုပ်လုပ်ရတော့သည်။ မောင်ငယ်နှင့် ညီမငယ်၏တာဝန်ကို ထမ်းရတော့သည်။ ထို့ကြောင့် ချောအိတို့၏ ပစ္စည်းအင်အားကို တွက်စစ်လျှင် သင်္ဃန်းကျွန်းဈေးနားရှိ ပျဉ်ထောင်အိမ်လေး တစ်လုံး၊ ချောအိ ဝတ်ထားသော ကျောက်နီလက်စွပ် တစ်ကွင်း၊ အမေ့နားမှ ကျောက်စိမ်း နားကပ်တစ်ရံတို့ကသာလျှင် မနိုင့်တနိုင် အင်အားပြနေလေသည်။
ပညာဘက်ကကြည့်ပြန်တော့ ခင်ချောအိ(ဘီ-ဘီ)ဖြစ်သည်။ ပြင်ပက ဖြေသောအခါ ပိုင်ဆိုင်လက်စ ဘီလေးပင် ထပ်မပါဘဲ ပြုတ်ထွက်သွားသည်။ ထိုမျှပညာအရည်အချင်းနှင့် အောက်တန်းစာရေးမလေး ဖြစ်နေသည်မှာ ကံကောင်းသေးသည်။ ဘီအေ၊ ဘီအက်စီတွေ မှိုလိုမက မြက်လိုပင် ပေါနေသော ခေတ်တွင် ချောအိတို့ရုံး၌ အသစ် အသစ်ဝင်သော စာရေးမများသည် ဆယ်ယောက်လျှင် ရှစ်ယောက် ဘွဲ့ရပြီးသူများဖြစ်သည်။ အချို့ အမ်အေ၊ အမ်အက်စ်စီများပင် ပါတော့ ချောအိ ရင်ပင်ကျပ်ချင်လာသည်။ ချောအိ၏ဆရာမကြီး ဒေါ်သက်သက်ဆွေပင်လျှင် လုပ်သားကောလိပ်တက်ကာ ဘီအေအောင်သွားသည်။ အမ်အေ ဆက်တက်ခွင့်ရသည်ဟု ဆိုသည်။ ထိုအခါ ခင်ချောအိ (ဘီ-ဘီ)သည် တတိယမ္ပိ သက်ပြင်းကို ချမိရှာလေသည်။
"ကွန်ပျူတာဦးနှောက်တွေနော်၊ သူတို့ခေါင်းထဲမှာ အမြဲ ဈေးတွက် တွက်နေတတ်တာ"
ဒေါ်သက်သက်ဆွေ ပြောသလိုသာ ယောက်ျားများက ကွန်ပျူတာဦးနှောက်နှင့် တွက်နေသည်ဆိုပါက ချောအိခမျာ ယောက်ျားရရန်ပင် မလွယ်တော့ချေ။ ထို့ကြောင့် ဒီအပျိုကြီးက သူယောက်ျားမရတိုင်း တွေ့ကရာတွေ ပြောနေတာ ဟု စဉ်းစားမိသည်။ တစ်ခါတစ်ရံလည်း တကတဲမှပဲ ယောက်ျားမရတော့ကော ဘာဖြစ်တတ်လဲ။ အပျိုကြီးဖြစ်ရတာ ရှက်စရာမှ မဟုတ်တာဟု တွေးမိပြန်သည်။
ရှက်စရာမဟုတ်ကြောင်းသိသော်လည်း ရှင်းရှင်းဝန်ခံရလျှင်မူ ချောအိသည် အပျိုကြီး မဖြစ်ချင်ပေ။ ရုံးသွားလိုက်၊ အိမ်ပြန်လိုက်၊ အမေနှင့်စကားပြောလိုက်၊ တစ်ခါတလေ ပျင်းလွန်းမက ပျင်းလျှင် ရုပ်ရှင်လေးကြည့်လိုက် လုပ်နေရသောဘဝကို ချောအိ ငြီးငွေ့နေချေပြီ။ သူ့ကို တကယ်မြတ်နိုးပြီး ကြင်နာယုယ ဖေးကူမမည့် ယောက်ျားသားတစ်ယောက်၏ရင်ခွင်ကို တမ်းတမိသည်မှာ အမှန်ပင်။
တစ်ခါတစ်ရံတော့ ချောအိသည် ဝတ္ထုခေါင်းစဉ်လေးတစ်ခုကို သတိရမိတတ်သည်။
"သူငင်တော့ မယ်မယိမ်း၊ မယ်ယိမ်းတော့ သူမငင်" တဲ့။
ချောအိသည်လည်း မိန်းမတို့ဓမ္မတာ စန်းပွင့်တုန်းက ပွင့်ခဲ့သည်။ သို့သော် သူငင်တုန်းက မယ်မယိမ်းခဲ့မိပေ။ ထိုစဉ်က ချောအိသည် အသက် နှစ်ဆယ်ပင် မပြည့်တတ်သေး။ ဆယ့်ရှစ်နှစ်ခန့်ပင် ရှိသေးသည်။ အရပ်မြင့်၍ ပိန်သော်လည်း မျက်နှာပြည့်ပြည့် ပါးဖောင်းဖောင်းလေးနှင့် ချစ်စရာကောင်းလေသည်။ ရှည်လျားများပြားသော ဆံပင်ကို ကျစ်ဆံမြီးရှည်ကြီး တစ်ချောင်းတည်း ကျစ်ချထားလေ့ရှိသည်မို့ ရိုးရိုးနှင့်ယဉ်သည်။ ထို့ကြောင့် "သိပ်လှတာပဲ” ဟု သူက ပြောလေသည်။
"သူ" ဆိုသည်မှာ မောင်မောင်လေး ဖြစ်သည်။ ချောအိနှင့် တစ်တန်းတည်းဖြစ်လေသည်။ မျက်နှာထားပြုံးပြုံးနှင့် သဘောကောင်းဟန်ရှိသော်လည်း မျက်နှာတွင် ကျောက်ပေါက်မာသဲ့သဲ့လေး ရှိကာ စကားအနည်းငယ် ထစ်လေသည်။ ဆရာမ စာမေးလျှင် အဖြေစကား တော်တော်နှင့် ထွက်မလာတတ်။ စကားထစ်နေသောကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ ဆရာမက စိတ်ရှည်လက်ရှည် စောင့်သော်လည်း တစ်ခါတစ်ရံတွင်မူ “ကဲ..ကဲ.တော်ပါတော့ကွယ်။ ထိုင် မောင်မောင်လေး ...ထိုင်တော့" ဟု ပြောတတ်သည်။ ကျောင်းဆင်းချိန်တွင် သူက တိုးတိုး ရယ်ပြီး ... " စာမရလို့ ထစ်ချင်ယောင် ဆောင်ဆောင်နေတာကွ" ဟု ပြောလေသည်။
“ချောအိကို မောင်မောင်လေးက ကြိုက်နေတယ်”
သူငယ်ချင်းများက စကြသောအခါ ချောအိရှက်လှသည်။ မနူးမနပ် စိမ်းဆတ်ဆတ် အပျိုရိုင်းမို့ သူ့ကိုကြိုက်သည်ဆိုလျှင် စိတ်ဆိုးရမည်ဟုပင် ခံယူထားမိသည်။ ထို့ကြောင့် အဟုတ်တကယ် ဖြန်းဖြန်းကွဲအောင် စိတ်ဆိုးပစ်လိုက်သည်။
မောင်မောင်လေးက ကျောင်းအဆင်းတွင် ဗာဒံပင်အောက်က စောင့်၍ စာပေးသောအခါ ချောအိသည် စာကို အစိတ်စိတ်အမွှာမွှာ ဆုတ်ပြီး သူ့မျက်နှာကိုပင် ပေါက်လိုက်သည်။
"ဘာမှတ်လဲ...ဟင်း...ပါးကွဲသွားမယ် သိလား”
ရှက်နေသော ချောအိက လက်ဝါးတပြင်ပြင်နှင့် ကြိမ်းသည်။ မောင်မောင်လေးလည်း မျက်လုံးမျက်ဆန်ပြူးကာ တစ်ချိုးတည်း ပြေးလေတော့သည်။ ပြေးသည်မှာ ပြန်၍ပင်လှည့်မကြည့်တော့ချေ။ ချောအိကို မြင်လျှင်ပင် ရှောင်ထွက်သွားတတ်လေတော့သည်။ ချောအိက သူ ထပ်ပြီးကြိုးစားလိမ့်ဦးမည် ထင်သော်လည်း အကြောက်လွန်သွားသော မောင်မောင်လေးသည် ဘာကြိုးစားမှုကိုမျှ မပြုတော့ပေ။
အခုတော့ မောင်မောင်လေးတစ်ယောက် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်နေချေပြီ။ ချောအိလည်း "ငါက သိပ်စွာမိတာကိုး” ဟု တွေးပြီး သနားသလိုလို၊ နောင်တရသလိုလို ရှိသည်။ သို့သော် "အို ...တိရစ္ဆာန်ဆေးကုဆရာဝန်ကတော်ဆိုတာ မကောင်းပါဘူး၊ လူတွေက အလွယ်လိုက်ပြီး တိရစ္ဆာန်ကတော် တိရစ္ဆာန်ကတော်နဲ့ ခေါ်ကြမှာ၊ အခေါ်မခံနိုင်ပေါင်" ဟု တွေးလိုက်သောအခါများတွင်ကား အတော်ကြီး စိတ်သက်သာရာ ရလေသည်။
တကယ့်တကယ်တော့ ထိုအသက်ထိုအရွယ်ကသာမက ဒီအသက်ဒီအရွယ်အထိပင် ချောအိကို ကိုယ်ထိလက်ရောက် စာပေးဖူးသူဆို၍ မောင်မောင်လေး တစ်ဦးတည်းသာ ရှိသည်။ ချစ်တော့မယောင်၊ ကြိုက်တော့မယောင်၊ ရိပ်ဖမ်း သံဖမ်းပြောသူ၊ အမူအရာပြသူတွေ ရှိသေးသော်လည်း လက်တွေ့တွင်ကား အကောင်အထည်ပေါ်မလာကြပေ။
ဒီနေ့တော့ မောင်မောင်လေး၏ လက်ထပ်ပြီးစီးခြင်းသတင်းကို ဖတ်လိုက်ရသည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ သရုပ်ပြဆရာမလေးတစ်ဦးနှင့် ဖြစ်လေသည်။
"ငယ်ချစ်ဟောင်းကြီးတော့ လက်ထပ်သွားပြီကွယ်။ တို့တစ်တွေ ဒီနေ့ ထမင်းစားဝင်မှာမဟုတ်ဘူး"
ထမင်းဝိုင်းတွင် ချောအိက ရယ်စရာလိုလိုပြောဖြစ်သော်လည်း စိတ်ထဲတွင်တော့ တစ်မျိုးကြီးဖြစ်နေသည်မှာ အမှန်ပင်။
"အတော်ပဲ…အတော်ပဲ၊ မိနှင်း ထမင်းလိုနေတာနဲ့ အတော်ပဲ၊ ဒီနေ့ သိပ်ဆာတာပဲ"
ချောအိတို့ရုံးသည် အလုပ်မများလှချေ။ ထို့ကြောင့် ငါးပိရည် တို့စရာများကိုပါ ပုလင်းနှင့် သီးသန့်ထည့်ယူလာပြီး ရုံးတွင် ကိုယ့်အိမ်မှာ စားသကဲ့သို့ အေးအေးဆေးဆေး နယ်ဖတ်၍ စိတ်တိုင်းကျ စားနိုင်သည်။ ထမင်းစားပြီးသောအခါ၌လည်း ထမင်းဘူးများ၊ ချိုင့်များ၊ ခွက်များကို အသင့်ယူလာသော ကွမ်းသီးဆံဖတ်ကလေးများနှင့် ဖိတ်ဖိတ်လက်နေအောင် စိမ်ပြေနပြေ တိုက်နိုင်လေသည်။ ထို့နောက် သရက်ပြား၊ မရမ်းပြား၊ ဆီးပြားများကို ဝယ်စားရင်း ရောက်တတ်ရာရာ အတင်းအဖျင်းများ ပြောနိုင်သည်။ မြန်မာ့နိုင်ငံရေးကိုလည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးကိုလည်းကောင်း ချောအိတို့အားလုံး သိပ်ပြီး စိတ်မဝင်စားလှပေ။ အင်္ဂလန်တွင် ပထမဦးဆုံးအကြိမ် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်သွားသည်ထက် စိန်ဂျွန်းဈေးတွင် လေယာဉ်မောင် တစ်ကိုက် ဆယ့်ရှစ်ကျပ် ဖြစ်သွားသည်က ပို၍စိတ်ဝင်စားစရာကောင်းလေသည်။
“ဟေ့..အင်္ကျီချုပ်တဲ့ တရုတ်မရဲ့ နောက်ယောကျ်ားက ငယ်ငယ်လေး ဆရာ။ ဆယ်တန်းကျောင်းသားလေးတဲ့"
မိနှင်းက ချောအိ၏ချိုင့်ထဲမှ ပိုသောထမင်းကို ယူစားရင်း သတင်းထူးကိုပြောသည်။ ရုံးဘေးတိုက်ခန်းမှ အင်္ကျီချုပ်သော တရုတ်မကို ချောအိတို့အားလုံး သိသည်။ သူချုပ်သောအင်္ကျီသည် ပုံကောင်းရုံသာမက ချုပ်ရိုးချုပ်သားလည်း သေသပ်သည်။ ရက်ချိန်းလည်း မှန်သည်။ ထို့ကြောင့် သူ့ဆိုင်တွင် အင်္ကျီအပ်ထည်များ ပုံနေသည်။ သူတစ်ဦးတည်း မနိုင်၍ အလုပ်သင်လက်ထောက် ကောင်မလေးတစ်ယောက် ထားပြီး လုပ်ရလေသည်။ ချောအိတို့ အင်္ကျီအသစ်ချပ်လျှင်လည်း သူ့ဆိုင်တွင်ပင် ချုပ်ဖြစ်ကြသည်။ အမျိုးမျိုးချေးများသော ချောအိတို့ကို သူက အပြုံးမပျက် သည်းခံသည်။ သူနှင့်ရင်းနှီးလာသောအခါ ကလေးတစ်ယောက်အမေ တစ်ခုလပ်မှန်း သိရသည်။
"အံမယ် သူ့ကို ခေါ်တာ 'မ' တဲ့"
ရင်ပြားပြား၊ တင်ပြားပြားနှင့် သွားကလေး ယောင်ယောင် ခေါသော ကလေးတစ်ယောက်အမေကို ဆယ်တန်းကျောင်းသားချောချောလေးက ယူသည်ဆိုတော့ ဒေါ်သက်သက်ဆွေ ပြောသလို ယောက်ျားတို့၏ဦးနှောက်ထဲတွင် ကွန်ပျူတာများ ရောက်နေပြီလား မပြောတတ်။
"သူက စီးပွားရှာ သိပ်ကောင်းတာကွ။ တစ်လ တစ်လ ဝင်ငွေကို နည်းတာမဟုတ်ဘူး။ ဒီတော့ ကောင်လေးကို ကျောင်းထားပေးနိုင်တာပေါ့”
"ဟာကွာ၊ ယောက်ျားယူတယ်ဆိုတာ ကိုယ်ကမှီချင်လို့ ယူရမှာ၊ ကိုယ့်ကိုလာမှီတဲ့သူဆိုရင် ဘာလုပ်ဖို့လဲ”
"အို သူက မှီစရာမှ မလိုဘဲ ဒီလောက်ဝင်ငွေကောင်းနေတာ။ သူ့သားပေါက်စ လေးတန်းကျောင်းသားလေးကိုတောင် စီကိုနာရီ ဝယ်ပေးထားတာ ကြည့်ပါလား”
"အံမယ်၊ မနေ့က တွေ့ခဲ့တော့ သူ့ကောင်လေးကိုလည်း နာရီတစ်လုံး ပြနေတယ်သိလား၊ ဝယ်ပေးမလို့ ထင်တယ်”
စီးပွားရှာကောင်းသူတွေက မှီစရာမလို၍ ကိုယ့်ကိုမှီမည့်သူကို ယူနိုင်သော်လည်း ချောအိတို့အနေနဲ့ ကိုယ့်ထက်နိမ့်ကျသူ၊ ကိုယ်က ကျွေးထားရမည့်သူကို ယူရန် စဉ်းပင်မစဉ်းစားရဲပေ။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်သကဲ့သို့ပင် ရှိမည်ဖြစ်သည်။ သာလျှင်သာ မသာလျှင် တန်းတူလောက်မှ အသက်ကလေး ဖြောင့်ဖြောင့်ရှုနိုင်မည်ဟု တွေးနေမိလေသည်။
ယခုအခြေအနေအတိုင်းပင် ချောအိတို့မလွယ်တော့။ လလယ်ရောက်လျှင် ငွေပြတ်တတ်သည်။ ချောအိညီမလေးလည်း အောက်တန်းစာရေး တစ်နေရာ ရပြီဖြစ်သည်။ ညီအစ်မနှစ်ယောက် ဝင်ငွေသည် လူလေးယောက် ကောင်းစွာမစားလောက်ပေ။ အသက်နှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်သော သူတို့မောင်သည်ကား ခုထိ သူ့ကိုယ်သူ ကလေးဟု ထင်ဆဲပင်၊ ဆယ်တန်းလည်း မအောင်သေး၊ အလုပ်လုပ်ရန်လည်း မစဉ်းစား။ ဆံပင်ရှည်လေး တသသနှင့် နေသည်။ ဘောင်းဘီသစ် ချုပ်ချင်ကြောင်းကို မျက်နှာချိုချိုနှင့် ပူဆာတတ်တော့ ချောအိ သက်ပြင်း အတန်တန် ချမိလေသည်။
လုံးလည်ချာလည်လိုက်ရင်း အမေ၏ ကျောက်စိမ်းနားကပ်လေးလည်း ပြုတ်ထွက်သွားသည်။ အိမ်တွင် စာအုပ်အငှားဆိုင်လေးဖွင့်မည်ဟု ကြံစည်ပြန်တော့လည်း မလွယ်။ ချောအိတို့ညီအစ်မရုံးသွားနေစဉ် မောင်ဖြစ်သူက အိမ်လည်တတ်သည်။ အိမ်မြဲသူမဟုတ်တော့ ဆိုင်မထိုင်ချင်။ အမေဆိုသည့်အမေကလည်း စာအုပ်ဆိုင်ထိုင်ရမည်ကို သိမ်ငယ်သည်ဟု အောက်မေ့ဟန်တူသည်။ လိုလိုလားလားမရှိလှ။ သို့သော် လကုန်ရက်ရောက်လျှင် အမေသည် ဆွေမျိုးများထံတွင် လှည့်ပြီး အချေးထွက်လေ့ရှိသည်။ ချေးငှားသည်ဟုသာ ဆိုရသော်လည်း မည်သည့်အခါမျှ ပြန်မဆပ်သောချေးငှားခြင်းမျိုးသာ ဖြစ်သည်။
ဆွေမျိုးများကလည်း တတ်အားသမျှတော့ ပေးကြသည်။ လိုသလောက်ရလာလျှင် အမေသည် "သူတော်ကောင်းမို့ နတ်ကောင်းမ,တာဟဲ့"ဟု ပြုံး၍ ပြောတတ်သည်။ လိုသလိုမရလျှင်ကား "သူတို့ကဖြင့် တိုက်ဆောက်နေတာ၊ ကားစီးနေတာ၊ ဒီလောက်ကလေးပေးဖို့တော့ စေးနှဲတွန့်တိုလိုက်တာ၊ အံ့ပါရဲ့....အံ့ပါရဲ့ "ဟု တဖျစ်တောက်တောက် ပြောတတ်သည်။
ထိုအခါမျိုးတွင် အမေ့ကိုငေးကြည့်နေသော ချောအိ၏စိတ်ထဲတွင် ဆွေမျိုးများကို ဝန်တိုမုန်းတီးသောစိတ်က လူးလွန့်လာတတ်လေသည်။ ကုန်စုံဆိုင်ထိုင်ရမည်ကိုရှက်သော အမေသည် ထိုသို့လှည့်ပြီး တောင်းရမ်းရသည်ကို ဘာကြောင့် မရှက်သနည်းလည်း မစဉ်းစားမိတော့ချေ။
သို့သော် အမေ၏ ဆုံးမသွန်သင်မှုအောက်တွင် လူလားမြောက်ရသော ချောအိတို့မောင်နှမသုံးယောက်သည် ကိုယ်ဒူးကိုယ်ချွန်သော အစွမ်းအစနည်းပါးကြသည်မှာတော့ အံ့ဖွယ်မဟုတ်ချေ။ တစ်ခါတစ်ရံ ငွေကျပ်လွန်းမက ကျပ်လျှင် ချောအိက ဆိုင်လေးဖွင့်ရကောင်းနိုး၊ ကုန်စုံဆိုင်လေးတည်ရကောင်းနိုး စဉ်းစားမိတတ်သော်လည်း လက်တွေ့တွင်မူ အကောင်အထည်ပေါ်မလာခဲ့ပေ။
“ဪ.ရေများရာတော့ မိုးက တယ်ရွာတတ်သကိုး။ ပေါများတဲ့ သူများကျတော့ ဟောတစ်ယောက်၊ ဟောတစ်ယောက်၊ ငယ်ငယ် ချောချောလေးတောင် ရလိုက်သေး "
သူ့ကိုယ်သူ အပျိုကြီးမှိုတက်ဟု အမည်ပေးထားသော ဒေါ် သက်သက်ဆွေက ရယ်ကာမောကာနှင့် ပြောသည်။
“ရေများရာ မိုးရွာတယ်တဲ့လား "
ချောအိက ထပ်ဆင့် ရေရွတ်မိသည်။ "ဟုတ်များဟုတ်နေမလား မသိ" ဟုလည်း ဆက်၍တွေးနေမိသည်။
ကြည့်ပါဦး။ ချောအိတို့ရုံးက အရာရှိမကို ကြည့်ပါဦး။ တစ်သက်လုံး ငြိမ်းငြိမ်းနေလာသူမို့ အသားလေးဖြူသည်ကလွဲပြီး သူ့ရုပ်ရည်သည်လည်းကောင်း၊ ကိုယ်လုံးကိုယ်ပေါက်သည်လည်းကောင်း မက်လောက်ဖွယ်မရှိချေ။ သို့သော် လခကောင်းသော အရာရှိမဖြစ်သည်ကတစ်ကြောင်း၊ ကိုယ်ပိုင်ကားမောင်းပြီး ရုံးတက်သည်က တစ်ကြောင်း၊ စိန်လက်စွပ်က တလျှပ်လျှပ် လက်နေသည်က တစ်ကြောင်း အကြောင်းကြောင်းတို့ကြောင့် ထင်သည်။ သူ့ကို အဖေ အမေအတော်များများက ချွေးမတော်ချင်ကြလေသည်။ ထို့ကြောင့် မိဘစကားနားထောင်သော အင်ဂျင်နီယာလေးတစ်ဦးနှင့် အကြောင်းဆက် ၍ ပေါင်းဖက်မိကြသည်။
ဟော…ဝင်းဝင်းတို့ကျတော့ တစ်မျိုးဖြစ်သည်။ စီးပွားရေးအခြေအနေရော၊ ပညာရေးအခြေအနေပါ ချောအိနှင့် ပိန်မသာ လိမ်မသာပင်။ သူက အသက်ကလေးငယ်ပြီး ရုပ်ကလေးချောသည်သာ ကွာခြားသည်။ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းထူထူ၊ စပယ်တင်မှဲ့လေးရှိသည့်အပြင် ခါးသေး၍ ရင်ချီသူလေးဆိုတော့ သူ့ဘေးတွင် လျှောက်လွှာတင်မည့်သူတွေ ဝိုင်းနေပြန်သည်။ 'လျှောက်လွှာ' ဟူသည်မှာ ချောအိတို့က ချစ်သဝဏ်လွှာကို ခေါ်ခြင်းဖြစ်သည်။ တစ်သက်လုံး ရုန်း၍ တပင်တပန်း လုပ်ကျွေးရမည့်သူက ခခယယ တောင်းပန်သည့်စာများ တင်သွင်းနေရခြင်းပင်တည်း။
တစ်ခါတစ်ရံတော့ ပစ္စည်းတွေ၊ ရာထူးတွေ၊ ရုပ်ရည်တွေနှင့် မဆိုင်ပြန်။ ကံနှင့် ဆိုင်သည်ဟု ချောအိထင်သည်။ ကံကလေး ဖေးကူ မ,ပါက ပွဲတက်လှသော အတွဲကလေး ရတတ်လေသည်။ စိမ်းနုကိုကြည့်ပါ။ ကံဆိုးချင်တော့ သူ့အမေကြီး အစာအိမ်ရောဂါဖြစ်ကာ ဆေးရုံတက်ရသည်။ သို့သော်လည်း ကံကလေး တစ်ဖန်ကောင်းချင်တော့ စိမ်းနုသည် ညအိပ်လိုက်စောင့်ရင်း အလုပ်သင်ဆရာဝန်လေးတစ်ဦးနှင့် ချိတ်မိလေသည်။ ဆရာဝန်ဟူသည်မှာ မိန်းကလေးအများစု၏ သည်းခြေစာ ဖြစ်သည်။ "အမျိုးသားက ဆရာဝန်လေ" ဟူသော စကားကို ခုနစ်ဆယ့် ငါးရာခိုင်နှုန်းသော မိန်းကလေးများက ခေါင်းကလေး တမော့မော့၊ မျက်စကလေး တချီချီနှင့် ပြောလိုကြသည်မှာကား အမှန်ပင်။
တတ်နိုင်လျှင် အရပ်ပုစမ်း၊ အသားမည်းစမ်း၊ ငါးဖောင်ရိုးဖြစ်အောင် ပိန်စမ်း၊ ပုတ်လောက် ဝလျှင် ဝလိုက်စမ်း၊ ဆရာဝန်ဟူသော ဂုဏ်ကလေးနှင့် အသာအုပ်လိုက်လျှင် သွားခေါကလေးလည်း ချောသွားသည်ပင်။ သို့သော် စိမ်းနုကံကောင်းလေသည်။ စိမ်းနု၏ ဆရာဝန်ကလေးသည် အသားဖြူဖြူ သွယ်သွယ်နှင့် လူရည်သန့်လေးတစ်ဦး ဖြစ်သည်။ ထို့ကြောင့် စိမ်းနုကို ချောအိတို့အားလုံးက အားကျမိကြသည်။
အများက အားကျပါသည်ဆိုမှ စိမ်းနုဆိုသည့် စိမ်းနုက အတွင်ကြွားလေတော့သည်။ ဆရာဝန်လေးက ရုံးကို မကြာခဏ တယ်လီဖုန်းဆက်တတ်သည်။ ထိုအခါများတွင် စိမ်းနု၏မျက်နှာသည် သကာရည် လိမ်းထားဘိသကဲ့သို့ ချိုပြုံးနေသည်။
"ကိုအောင်ကကွယ် ရုံးချိန်ကြီးမှာ ရုပ်ရှင်ကြည့်ရအောင်တဲ့ ချိန်းနေတယ်။ နောက်ပြီး သူက ရုပ်ရှင်ကြည့်တာလဲ မဟုတ်ဘူး။ သူများကို ကြည့်နေတာ သိလား "ဟု ပြောသောအခါ အပျိုကြီးဒေါ်ခင်ချောအိခမျာ အားကျသလိုလို၊ ဝန်တိုသလိုလိုနှင့် ဘာလိုလို ညာလိုလိုကြီး ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံလည်း "အဆောင်မှာ ထမင်းစားမကောင်းရင် အိမ်လာစားဆိုတော့ ယောက္ခမကြီးတွေကို ရှက်တယ်တဲ့။ မျက်နှာပူတယ်တဲ့။ ဟင်း တကယ့်လူဆိုး၊ သူများရှက်ဖို့တော့ မထားဘူး။ သူကချည်း ရှက်နေတာပဲ” ဟု မရွှေစိမ်းနုက တကယ်မရှက်ဘဲနှင့် ရှက်ဟန်ဆောင်ကာ ပါးစပ်ကို လက်ကိုင်ပဝါလေးနှင့်ကွယ်ပြီး တဟင်းဟင်း ရယ်တတ်သည်။ ကြာတော့လည်း ချောအိ မြင်ပြင်းကပ်လာသည်။ သူ့စကားများ နားထောင်ရသည်ကို နားခါးလာသည်။
ပျော်ရွှင်မြူးကြွကာ သစ်ရွက်ကလေးလို ရှပ်တိုက်ပြေးနေသော စိမ်းနု၏အမူအရာများကို ကြည့်ရင်း ရင်ထဲတွင် ကျလိကျလိနှင့် ဖြစ်လာလေတော့သည်။ သို့သော် ထိုဝေဒနာကို ခြောက်လခန့်သာ ခံစားရသည်။
"စိမ်းနုမှာ ဘာအပြစ်မှလဲ ရှိတာမဟုတ်ဘူး၊ သူ..သူ..မကြိုက်တာရှိရင်လဲ ပြောပေါ့။ ခုတော့ အလကားနေရင်း.. သူ..သူ.. သစ်စိမ်းချိုး ချိုးသွားတယ်။ ရက်စက်တယ်" ဟု စိမ်းနုက ငိုကာရှိုက်ကာနှင့် ပြောသောအခါ ချောအိလည်း ရောပြီး မျက်ရည်ဝဲရလေသည်။ ဒေါ်သက်သက်ဆွေ ပြောလေ့ရှိသော ကွန်ပျူတာဦးနှောက်တွေကွဲ့ ဟူသောစကားကို ကြားယောင်သည်။
ဝင်းဝင်းမူကမူ စိမ်းနု၏ ပခုံးလေးကို ဖက်ကာ "စိမ်းနုက ပျော့လွန်းတာကိုးကွယ့်။ ယောက်ျားဆိုတာမျိုးဟာ မျက်နှာသာ မပေးကောင်းဘူးကွဲ့"ဟုပြောသည်။
ဒေါ်သက်သက်ဆွေကမူ "ငါထင်သားပဲ၊ ဒီဆရာဝန်ကြည့်ရတာ ရိုးပုံရိုးလက်နဲ့ ကုပ်ကမြင်းလို့ ထင်သားပဲ "ဟု ဒေါနှင့်မောနှင့် ပြောလေသည်။
"ဒီလိုဆို စောစောက သတိပေးပါတော့ မမရယ်”
စိမ်းနုက မျက်ရည်လည်ရွဲနှင့် ဝမ်းနည်းပက်လက် ပြောသည်။ ဒီတော့ ဒေါ်သက်သက်ဆွေက ပထမဆုံးအကြိမ် ရင်ဖွင့်လေသည်။
"ကျုပ် သတိပေးလို့ ညည်းက ယုံဦးမှကိုး။ ညည်းက အရမ်းပစ်ခတ်ပြီး အထင်ကြီးနေတာ။ အဲဒီတုန်းကများ ဒီကောင့်ကို ကုပ်ကမြင်းလို့ ပြောမိရင် ညည်းက ခံမလား မရွှေစိမ်းနုရဲ့ ။ ကျုပ်ကိုတောင် ဝက်ဝက်ကွဲအောင် ဆဲလိုက်ဦးမယ်။ မှတ်ထား စိမ်းနု မှတ်ထား။ ယောက်ျားဆိုတာတွေကို ဘယ်တော့မှ အထင်မကြီးနဲ့၊ ဒီမှာ ကြည့်၊ ဟောဒီက မိသက်ဆွေ လင်မယူတာ ဘယ်သူ့ကိုမှ အထင်ကြီးလို့ မရလို့ဆိုတာ သိလား”
"အစကတော့ သူလဲ ဟုတ်လို့ပါ မမရယ်၊ စိမ်းနုကို ဂရုစိုက်လိုက်တာ၊ ကြင်နာလိုက်တာ"
စိမ်းနုသည် ပြောရင်း ငိုပြန်သည်။ ချောအိလည်း ဘေးမှနေ၍ ရောပြီး မျက်ရည်သုတ်ရပြန်သည်။
"သြော်…ခက်ပါလား စိမ်းနုလေး၊ အစပိုင်းတော့ သူ့ကို အထင်ကြီးအောင် ယုံကြည်အောင် လုပ်မှာပေါ့ကွယ်၊ မှတ်ထား စိမ်းနု မှတ်ထား၊ ယောက်ျားဆိုတာ တစ်ယောက်မှ အကောင်းမရှိဘူး၊ အကုန်လုံး ဖွဲနဲ့ဆန်ကွဲတွေချည်းပဲ။ ဖွဲကြီးနဲ့ဖွဲကလေး၊ ဆန်ကွဲကြီးနဲ့ ဆန်ကွဲလေးသာ ကွာတာ၊ အနှစ်ရှိကြတာ မဟုတ်ဘူးကွဲ့"
"အဲဒီလို မပြောပါနဲ့ မမသက်ရဲ့"
စိမ်းနုက သူ့လူကို ဖွဲဟုပြောသဖြင့် မခံနိုင်ချေ။ မျက်ရည်များကို ကြမ်းကြမ်းလေး ပွတ်သုတ်ရင်း ဗလုံးဗထွေး ရန်တွေ့သည်။ ဒေါ် သက်သက်ဆွေလည်း သက်ပြင်းချကာ ကြင်နာပြုံး ပြုံးရလေသည်။
"အေး…အထင်ကြီးဦး…ကြီးဦး၊ ကြီးထားလိုက်ဦး၊ ဘီလူးခေါင်း ပေါ်လာတာတောင် မင်းသားလို့ ထင်တုန်းပဲကိုး” ဟု ခေါင်းတညိတ်ညိတ်နှင့် ပြောသောအခါ ချောအိ သက်ပြင်းချရသည်။ ဝင်းဝင်းကမူ ဒေါ်သက်သက်ဆွေ ကွယ်ရာတွင် "အကုန်လုံးတော့ ဖွဲမဟုတ်ပါဘူးကွာ။ အပျိုကြီးကလဲ သိမ်းကျုံးပြီး ရမ်းတာပဲ "ဟု မကျေမချမ်းလေး ပြောသည်။
"အင်း...အကုန်လုံးတော့ ဟုတ်မယ်မထင်ပါဘူးလေ။ ဒါပေမဲ့ ဖွဲ တော်တော်များများကို သူတွေ့ဖူးလို့ ဖြစ်မှာပေါ့ "
"အို…ဝင်းဝင်းတော့ ဖွဲတစ်ကောင်မှ မတွေ့ဖူးသေးပါဘူး"
ဝင်းဝင်းက မခံချင်ဟန်နှင့် ပြောသည်။ သူ့ကို ဝိုင်းဝိုင်းလည်း ပိုးပန်းနေသူများသည် ဖွဲများ ဆန်ကွဲများ မဖြစ်နိုင်ဟု မာန်ကလေး တင်းတင်းနှင့် တွေးသည်။ မာန်ရောင်လေးနှင့် ဝင်းလက်နေသော ဝင်းဝင်း၏မျက်နှာလှလှလေးကိုကြည့်ရင်း ချောအိသည် မီးရထားပေါ်မှ အာလူးစိန်ကို သတိရသည်။
ထို့နောက် "တို့တော့ ဖွဲတစ်ကောင်မြင်ဖူးတယ်" ဟု ပြောမိလေသည်။
ချောအိသည် ထို "ဖွဲကောင်"ကို မီးရထားပေါ်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။
ချောအိ နေသည်က သင်္ဃန်းကျွန်းစျေးနားမှာမို့ ရုံးရှိရာ မြို့ထဲသို့ ဘတ်စ်ကားနှင့်လာလျှင် အတော်လေး ခရီးထောက်လေသည်။ ထိုကြောင့် နေ့စဉ် ရုံးသွားရုံးပြန်အတွက် သင်္ဃန်းကျွန်းရထားကိုပင် အသုံးပြုရသည်။ သူတာကြီးမှနေ၍ မိနစ်နှစ်ဆယ်ခန့် သွက်သွက်လေး လျှောက်လိုက်လျှင် ချောအိတို့ရုံး ရောက်လေသည်။ အသွားတွင်သာမက အပြန်လည်း အဆင်ပြေသည်။ ရုံးမှ ဆယ်မိနစ်ခန့် စောဆင်းလျှင် လေးနာရီ ဆယ့်ငါးမိနစ် ထွက်သော ရထားကို မီသည်။ လေးနာရီလေးဆယ့်ငါးမိနစ်လောက် ဆိုလျှင် ချောအိ အိမ်ကိုရောက်ပြီဖြစ်လေသည်။
ထိုလူသည် ချောအိုလိုပင် အသွားအပြန် ရထားစီးနေသူတစ်ဦး ဖြစ်သည်။ အရပ်မြင့်မြင့်၊ အသားညိုညို၊ တုတ်တုတ်ခိုင်ခိုင် ဖြစ်သည်။ ခေါင်းကိုမော့ပြီး မျက်စိကို မှေးထားတတ်သည်။ စကားပြောလျှင် သွားကိုစေ့၍ ပြောတတ်လေသည်။
"ကျွန်တော့စာဆိုရင် မထည့်ရဲကြဘူးဗျ။ အကုန်ပယ်တာပဲ။ မေးကြည့်တော့ ဟာ..ကိုရင်က တယ်ကြမ်းတာကိုးတဲ့"
စိတ်ပျက်လက်ပျက်နှင့် ညည်းသောသူ့အသံကို ကြားရသောအခါ ချောအိသည် သူ့ကို အထင်တကြီး လှမ်း၍ကြည့်မိလေသည်။ သူ့လက်ထဲတွင် လစဉ်ထုတ် မဂ္ဂဇင်းများကို ကိုင်ထားသည်ကို တွေ့ရ၍ စာပေသမားကြီးပဲဟု ထင်လိုက်သည်။ သူ့ကိုတွေ့တိုင်း လက်ဗလာ တစ်ခါမျှ မတွေ့ရ၊ တစ်ခါတစ်ရံလည်း နာမည်ကြီးစာရေးဆရာများ၏ လုံးချင်းဝတ္ထုများ၊ တစ်ခါတစ်ရံ နိုင်ငံခြားမဂ္ဂဇင်းများ၊ ဝတ္ထုများကို ကိုင်ထားတတ်သည်။
"ကျွန်တော်က ရုန်းရကန်ရတုန်းပါဗျာ။ မအောင်မြင်သေးပါဘူး။ ခက်တာက စာကောင်းပေကောင်းဆိုရင် ထုတ်ဝေသူတွေရော၊ မဂ္ဂဇင်းတွေကပါ မထုတ်ရဲ မထည့်ရဲကြဘူးဗျ "
သူနှင့် မကြာခဏ တွေ့နေကျမို့ မျက်မှန်းတန်းမိပြီး ဖြစ်သည်။ တစ်ခါကမှ မီးရထားပေါ်တွင် ကပ်လျက်နေရာရသဖြင့် သူက ချောအိကို ရင်ဖွင့်လေသည်။
"စာပေလောကကြီးက ပျက်စီးနေပြီ၊ မကောင်းတော့ဘူး။ တစ်ခါလာ အပစ်အခတ်၊ နောက်တစ်ခါလာ အညစ်အပတ်၊ ဟော.... နောက်ပြီး အညှစ်အသတ်၊ မပြီးသေးဘူး လာသေးတယ် ... အချစ်အကြိုက်၊ ဒါတွေနဲ့ပဲ ပြည့်နေတာ။ ဘဝဆန်တဲ့စာကို ဘယ်သူမှ မရေးကြဘူး၊ မထုတ်ကြဘူး။ ငွေနောက်ကိုလိုက်နေကြတာ…"
သူက သက်ပြင်းချသည်။ မျက်မှောင်ကုတ်သည်။ သူ့အမည်ရင်းသည် မျိုးအောင်ဖြစ်ပြီး ကလောင်အမည်သည်ကား "အောင်မျိုးဝေ" ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ဝတ္ထုလေးတစ်ပုဒ်၊ ဆောင်းပါးလေးတစ်ပုဒ်ပင် ပုံနှိပ်စာလုံးမဖြစ်သေးတော့ ကိုမျိုးအောင်ခမျာ အဆောင်အယောင်တွေတိုးပြီး အောင်မျိုးတွေ မဝေနိုင်ရှာသေးချေ။
"သူတို့လိုချင်တာက မလိုင် ဆီဦးထောပတ်နဲ့ အင်းလျားလိတ်၊ ကရဝိတ်အကြောင်း။ ကျွန်တော်တို့က ဆင်းရဲသားလူတန်းစားတွေ ရုန်းရကန်ရ၊ လှုပ်ရှားရတဲ့အကြောင်း ရေးတယ်။ ကျွန်တော့စာတွေ ဘယ်ပါတော့မှာလဲ စဉ်းစားကြည့်ပေါ့ …"
သူက နာကျည်းစွာ ပြောသည်။ ချောအိသည် သူ့ကိုကြည့်ရင်း အထင်ကြီးရပြန်သည်။ ချောအိသည် စာဖတ်သက်ရင့်လှသူတော့ မဟုတ်သေးပေ။ သို့သော်လည်း တွေ့၊ ကြိုက်၊ ချစ်၊ ကွဲ၊ လွမ်းသော ဝတ္ထုများကိုကား ဖတ်ရင်း ဖတ်ရင်း အီလာပြီဖြစ်သည်။ ဘဝစာပေ ဟူသည်မှာ မည်ကဲ့သို့သော စာနည်း။ အတိအကျ ခွဲမသိသော်လည်း ဘဝစာပေရေးသော စာရေးဆရာဟူသည်မှာ အထင်ကြီးထိုက်သည်ဟု တထစ်ချ ယုံကြည်ထားပြီးဖြစ်လေသည်။
"စာပေနယ်မှာ အောင်မြင်နေတဲ့သူတွေကတော့ ဟန်တပြပြပေါ့ဗျာ။ ကျွန်တော်တို့လဲ ချုံထဲမှာ ချိုသွေးနေရတာပေါ့။ သူတို့ကိုတော့ မနာလိုမရှိပါဘူး၊ ခင်လဲ ခင်ပါတယ်။ တစ်နေ့ကတောင် ဗလကြီးနဲ့ တွေ့သေးတယ်။ သူလဲ အတော်ရေးနိုင်တယ်နော်”
“ဗလကြီး အဲဒါ ဘယ်သူလဲဟင်”
“ အော်…သုမောင်ကိုပြောတာပါ။ သူ့နာမည်ရင်းက ဗလလေ "
“ဟုတ်လား"
"သာဓုသားတွေက လူတော်တွေပဲ၊ ဝဏ္ဏလဲ တော်တာပဲ "
သူက တရင်းတနှီးကြီး ပြောသည်။ သုမောင်၏စာများကို ချောအိ၏ညီမလေးက အသည်းစွဲကြိုက်လှသည်။ ချောအိကတော့ ငြိမ်းကျော်၏စာများကို ပိုကြိုက်သည်။
" ငြိမ်းကျော်နဲ့ရော ခင်လား ဟင်”
ချောအိက အထင်တကြီးမေးသောအခါ သူက မေးကို ဆတ်ခနဲ ညိတ်လေသည်။
"အင်း..ခင်ပါတယ်၊ ခင်ပါတယ်”
"ဘယ်လို ရုပ်မျိုးလဲ ဟင်”
စင်စစ်အားဖြင့် ချောသလား ဟု မေးလိုရင်းဖြစ်သည်။ စာဖတ်သူ ဟူသည်မှာ စာရေးသူ၏သဏ္ဌာန်ကို တွေးဆစဉ်းစားတတ်မြဲမို့ ချောအိ သိချင်သည်။
“အဲ...အသားဖြူဖြူ၊ ခပ်ပုပု ခပ်ဝဝပဲ”
သူက တွေးတွေးဆဆ ဖြေသည်။ ချောအိ အတန်ငယ် စိတ်ပျက်သွားသည်။ ကိုယ်က အရပ်မြင့်သူမို့လား မပြောတတ်၊ ပုပု၀၀ ပုံသဏ္ဌာန်မျိုးကို မနှစ်သက်ပေ။
အိမ်ပြန်ရောက်သောအခါ ညီမလေးကို စာရေးဆရာ အောင်မျိုးဝေနှင့် အသိဖြစ်ခဲ့ကြောင်း၊ သူသည် နာမည်ကြီး စာရေးဆရာများနှင့် အကုန်ရင်းနှီးကြောင်း၊ စာရေးဆရာငြိမ်းကျော်သည် အသားဖြူဖြူ ပုပု၀၀ ဖြစ်ကြောင်း ပြောပြရသေးသည်။
သူ့ကို ထိုနေ့မှစ၍ သတိထားကြည့်မိသည်။ သူကလည်း ချောအိကို အရောဝင်လိုဟန်ရှိသည်။
"ကျွန်တော်က xx ရုံးကပါ၊ မခင်ချောအိက ×××ရုံးက မဟုတ်လား။ နေ့တိုင်း အဲဒီဘက် လျှောက်သွားတာမြင်လို့" ဟု ပြောတတ်သည်။ တစ်ခါတစ်ရံ သူ့လက်ထဲမှ စာအုပ်ကို လှမ်းပေးရင်း "မခင်ချောအိ ဖတ်ပြီးပြီလား။ ဖတ်ချင်ရင်ယူသွားပါလား" ဟု ပြောသည်။
တစ်နေ့ကမူ ချောအိကို စောင်းတောင်းကြည့်ရင်း "ဘဝကို တစ်ယောက်တည်း ရုန်းကန်နေရတာ ကြာတော့ ပင်ပန်းပြီး ငြီးငွေ့သား "ဟု ခပ်တိုးတိုး ပြောသည်။
ချောအိခမျာ "ဟောတော့..သူ့စကားက ဘာအဓိပ္ပာယ်လဲ" ဟု စဉ်းစားရင်း မသိမသာလေး ရင်ခုန်လာရလေသည်။ သူ ချောအိကို စိတ်ဝင်စားနေသည်ကတော့ သေချာပေပြီ။ အပျိုကြီး ခင်ချောအိခမျာ ဝမ်းသာသလိုလို ဝမ်းနည်းသလိုလိုနှင့် ရင်ထဲတွင် ဖိုလှိုက်ချင်လာသည်။
သို့သော် သို့သော် သူစိတ်ဝင်စားနေသည်မှာ ချောအိတစ်ဦးတည်း ဟုတ်ပုံမရ။ ရထားပေါ်တွင် မြင်မြင်သမျှမိန်းကလေးများနှင့် သူသည် စကားအကျွမ်းဝင်ရန် အားထုတ်လေ့ရှိသည်ကို သတိသားမိလာသည်။
"ဟုတ်ကဲ့၊ ကျွန်တော်က ဘာသာပြန်ဘက်ကို စိတ်သန်တယ်ဗျ။ ဘာသာပြန်တယ် ပြန်တယ်နဲ့ လူတွေ လွယ်တယ် အောက်မေ့တာ၊ မူရင်းစာရေးဆရာရဲ့ အာဘော်ကိုမိအောင် ပြန်ရတာ အင်မတန် ခက်တာဗျ။ ကိုယ်တိုင်ပြန်ကြည့်မှ သိရတာ”
ဘာသာပြန် စာအုပ်တစ်အုပ် ဖတ်နေသော ခေတ်ဆန်ဆန် မိန်းကလေးတစ်ဦး၏ဘေးတွင် ရပ်ရင်း သူ့ဘေးမှလူကို အသံကျယ်ကျယ်နှင့် ပြောနေသည်ကို ချောအိ ကြားခဲ့ရသည်။ ဘဝစာပေရေးသော စာရေးဆရာကြီးသည် ဘယ်အချိန်ကများ ဘာသာပြန်ဆရာ ဖြစ်လိုက်သနည်း၊ ချောအိ မသိလိုက်။
တစ်နေ့တော့ ရုံးတွင် လက်ဖက်သုပ်စားကြရင်း ယနေ့ဝတ္ထုများ၊ စာရေးဆရာများအကြောင်း စကားစပ်မိကြသည်။ ဝင်းဝင်းက စာရေးဆရာ သော်တာဆွေနှင့် သူ့ဖခင်သည် ရင်းနှီးကြောင်း၊ ငယ်စဉ်က လူချောလူလှဖြစ်သည်ဟု သူ့ဖခင်ကပြောကြောင်းကို ဖောက်သည်ချသည်။ ဒီတော့ ချောအိကလည်း စာရေးဆရာငြိမ်းကျော်သည် အသားဖြူဖြူ၊ ပုပုဝဝဖြစ်ကြောင်းကို သူသိထားသလို ယုံယုံကြည်ကြည် ပြောမိသည်။ ထိုအခါ မိနှင်းက ခွက်ထိုးခွက်လန် ရယ်တော့သည်။
" ငြိမ်းကျော်က အသားညိုညို၊ ပိန်ပိန်ရှည်ရှည်ပါ မမအိရဲ့ ။ ဆံပင်က ဟောဒီလောက် ရှည်ရှည်၊ စကားပြောတော့ ဟောဒီလို ခေါင်းဆတ်ဆတ်ပြီး ပြောတတ်တယ်။ မိနှင်းက ဟောပြောပွဲမှာ အသေအချာ မြင်ဖူးတာ။ ဘယ့်နှယ် ဖြူဖြူ ပုပု ဝဝရယ်လို့ မမအိကို ဘယ်သူ အာလူးပေးလိုက်တုံး” ဟု ပြောသည်။
ချောအိလည်း အတန်ငယ် ရှက်သွားပြီး အောင်မျိုးဝေကို “သေနာကျ ကာလနာ"ဟု မေတ္တာပို့လိုက်မိသည်။ စိတ်ပျက်ပြီး အထင်သေးသွားသည်။
ညနေရောက်တော့ ပို၍စိတ်ပျက်စရာ တွေ့ရပြန်သည်။ တွဲပေါ်ကို နောက်ကျမှ တက်လာသော ချောအိကို သူက မတွေ့။ စာအုပ်ထူကြီးတစ်အုပ်ကို ဝါးစားတော့မလို သဲကြီးမဲကြီး ဖတ်နေသော တစ်နေ့က မိန်းကလေးကို စကားပြောရန် အားထုတ်နေသည်။
မိန်းကလေး ဖတ်နေသော စာအုပ်ကို ကဲ၍ ကဲ၍ ကြည့်ရင်း လည်ချောင်းပင့်၍ အာရှင်းသည်ကို ချောအိ စိမ်ပြေနပြေ အကဲခတ်နေသူမို့ ဘယ်နှစ်ကြိမ်ရှိသွားပြီးနည်းဟုပင် ရေတွက်ထားနိုင်သည်။ လေး ငါးခါလောက် ချောင်းဟန့်ပြီးသောအခါတွင်ကား စကားသံထွက်လာသည်။
"အဟမ်း...ဒီမှာ....ဒီမှာ..အဲဒီစာအုပ် ဘယ်မှာများ မှာလို့ရမလဲဗျ၊"
“ကျွန်မလဲ သူငယ်ချင်းဆီက ငှားလာတာ၊ စာကြည့်တိုက်တွေမှာ ရှိမှာပေါ့”
"တော်တော်ကောင်းသလားဟင်၊ ကျွန်တော်လဲ မဖတ်ရသေးဘူး"
"သိပ်ကောင်းတယ်။ မူရင်းစာရေးဆရာကလဲ တော်၊ ဘာသာပြန်ကလဲ ကောင်းဆိုတော့ လက်ကကို မချနိုင်ဘူး”
“တော်စတွိုင်းပဲဗျာ၊ မကောင်း ရှိပါ့မလား”
"အို..…မဟုတ်တာ၊ ဒါက မာဂရက်မစ်ချယ်ရဲ့ ဝတ္ထုလေ "
"အိုး….ဟိုး..ဟုတ်သားပဲ လေရူးသုန်သုန်က မာဂရက်မစ်ချယ်ရဲ့ ဝတ္ထုပဲ၊ ဆရာဗမိုး ဘာသာပြန်တာလေ”
"ဟင်…မြသန်းတင့်ပါ"
"အော်… ဒီလိုပါ။ ဒီလို ကျွန်တော်က စစ်နှင့်ငြိမ်းချမ်းရေးလေ၊ ဝါးအင်ပိစ်နဲ့ မှားနေလို့။ ဆရာဗမိုးဘာသာပြန်တာက ဝါးအင်ပိစ်ပဲ"
“မဟုတ်ပါဘူး။ ဝါးအင်ပိစ်ကို ဘာသာပြန်တာလဲ မြသန်းတင့် ပါပဲ"
မိန်းကလေးသည် ဘာသာပြန်စာရေးဆရာကြီး အောင်မျိုးဝေကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
ချောအိသည် ရယ်ချင်စိတ်ကို မျိုသိပ်မရတော့၊ တစ်ဦးတည်း ကြိတ်၍ရယ်ရင်း "မြတ်စွာဘုရား၊ ဒီလူကို ငါ ဘာကြောင့်များ အထင်ကြီးပါလိမ့်"ဟု ကိုယ့်ကိုကိုယ် အံ့သြနေမိသည်။
“အာလူးမှ အာလူး၊ တကယ့်အာလူး၊ ဖွဲအာလူး "ဟု တွေးရင်း ရှည်ရှည်ကိုင်းကိုင်း သူ့ခန္ဓာကိုယ်ကြီးကို လေးခေါက်ချိုး ချိုးလိုက်ပြီး ရထားဘီးတွေကြားထဲ ချပစ်လိုက်ချင်စိတ် ပေါ်လာသည်။ သူ့ကိုသာ ရထားကြိတ်သွားလျှင် နောင်သောအခါ၌ ရထားဘီးများသည် မြည်ရိုးမြည်စဉ် “ဂျိန်း ဂျိန်း ဂျုတ် ဂျုတ်" ဟု မမြည်တော့ဘဲ "အာလူးစိန် စိန်အာလူး အာလူးစိန် အာလူးစိန်"ဟု ပြောင်းလဲ၍ မြည်ကြတော့မည်ဖြစ်သည်။
သူများကိုသာ “စိန်အာလူး” ဟု ပြောနေရသည်။ ကိုယ့်မောင် အရင်းခေါက်ခေါက်က မည်သည့်အချိန်ကစပြီး မည်ကဲ့သို့ 'စိန်အာလူး' ဖြစ်သွားသနည်းကိုမူ ချောအိ မသိလိုက်ချေ။ သိသည့်အချိန်တွင် သူသည် အိမ်ပေါ်တွင် ကျွေးထားစရာ ပါးစပ်တစ်ပေါက်ကို လက်တွဲပြီး ခေါ်လာပြီ ဖြစ်သည်။
* * *
"ကျွန်တော် မိန်းမ ခိုးလာပြီ အမေရေ”
သူက လမ်းဘေးကွမ်းယာဆိုင်မှ အမေ့အတွက် ရေခဲစိမ် ကွမ်းယာတစ်ယာ ဝယ်လာသလို ခပ်ပေါ့ပေါ့ ပြောသည်။ သူ့နောက်တွင် ပါလာသော ဆံတိုကုပ်ဝဲလေးက ခေါင်းကလေး ငုံငုံ့နှင့် ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ သားကို ဘာလုပ်လုပ် ခွင့်လွှတ်ပြီး ချစ်သည်ထက် ချစ်နေသော အမေက မျက်နှာသိပ်မကောင်းသော်လည်း ဘာမျှမပြော။ ချောအိတို့ညီအစ်မကမူ မျက်ရည်ကျနေသည်။
"ဟဲ့…ဒီမှာ ငထွန်းရဲ့ ၊ နင်က မိန်းမယူတာက ထားပါဦး၊ နင် ကျွေးနိုင်လို့လား "ဟု ကြိတ်၍ဆူမိကြသည်။ သူကတော့ ခပ်ပေါ့ပေါ့ပင်။
"ဟာဗျာ မမတို့ကလဲ၊ ကျွန်တော့မိန်းမဆိုရင် မမတို့ညီမပဲပေါ့၊ ချစ်ချစ်ခင်ခင် နေစမ်းပါဗျာ” ဟုပြောလေသည်။
ဒီတော့လည်း အိမ်နီးနားချင်းကြားမည်စိုး၍ တိုးတိုးပြောနေသော ချောအိ၏အသံသည် ကျယ်လာသည်။
"ဘာပြောတယ်၊ အိမ်မှာရှိတဲ့ ပါးစပ် လေးပေါက်တောင် အနိုင်နိုင် စားနေရတာ။ အလေ နတော နင်တွေ့ကရာ လျှောက်ယူတိုင်း ငါတို့က ချစ်နေရမှာလားဟဲ့...”
“မချစ်ရင်လဲ နေဗျာ၊ စကားမများနဲ့"
“အောင်မာ လာချေသေးတယ်။ စကားမများစေချင်ရင် နင့်မယားလည်း ဒီအိမ်ခေါ်မလာနဲ့။ နင့်ဟာနင် ကျွေးနိုင်မှယူ”
ချောအိတို့မောင်နှမတစ်တွေ ဆူဆူညံညံဖြစ်လာတော့ ဆံတိုကုပ်ဝဲကလေးလည်း မျက်နှာပျက်လာသည်။ မာနခဲလေးမို့ မျက်မှောင်ကုတ်၍ အံကြိတ်သည်။
"သိင်္ဂီလဲ ကိုကို စာမေးပွဲအောင်တဲ့အထိ စောင့်မလိုပါ။ ဒါပေမဲ့ မလွှဲသာလို့ ကိုကို့နောက် လိုက်ခဲ့ရတာ။ ဒီတစ်နှစ်အတွင်း သိင်္ဂီ လက်ဝတ်လက်စားတွေ ရောင်းပြီး စားပါ့မယ်”
“နောက်နှစ်ကျတော့ရော”
“အို ...နောက်နှစ်ကျတော့ ကိုကို အင်ဂျင်နီယာဖြစ်ပြီပဲ”
“မြတ်စွာဘုရား"
ချောအိက ရင်ဘတ်ကို လက်နှင့်စုံဖိကာ ဘုရားတရသည်။ ဆယ်တန်းကို ဘိုင်းခနဲ ဘုံးခနဲ ဝုန်းခနဲ ဖြုန်းခနဲ တကျတည်းကျနေသော သူတို့မောင် ကိုရွှေထွန်းသည် "အင်ဂျင်နီယာလောင်းကြီး” ဆိုပါလား။
“နေ... နေပါဦး၊ သူ့ကို ဘယ်သူက အင်ဂျင်နီယာကျောင်းသားလို့ ပြောလဲ”
"တော်ဗျာ..…တော်"
အထွန်းက မျက်စိမျက်နှာပျက်ကာ အော်သည်။ သိင်္ဂီဟူသည့် ကောင်မလေးသည် အထွန်း၏လက်မောင်းကို အားကိုးတကြီး ဆွဲကိုင်ရင်း
"ဟင်..ကိုကိုက အင်ဂျင်နီယာကျောင်းသား မဟုတ်ဘူးလား။ နောက်ဆုံးနှစ်ကျောင်းသားဆိုတာ မဟုတ်ဘူးလား။ ဘွဲ့ရတော့မယ် ဆိုတာ မဟုတ်ဘူးလား ဟင်..ဟင်..။ သိင်္ဂီ့ကိုပြောပါဦး ကိုကိုရဲ့ "ဟု မျက်ကလဲဆန်ပျာ မေးရှာသည်။
ဘာအဖြေမျှ ပြန်မရဘဲ ကြက်နာကြီး လည်လိမ်ထားသလို ဖြစ်နေသော သူ၏ချစ်သူ သန့်သန့်၊ ခန့်ခန့်၊ ချောချောကြီးကို တွေ့ရသောအခါတွင်ကား ကတုန်ကယင်ဖြစ်လာကာ ငိုလေတော့သည်။
"ဟင် ဒီလိုဆို ကိုကိုက ဘာလဲ၊ ကိုကိုက ဘာလဲ” ဟု လက်မောင်းကို လှုပ်၍လှုပ်၍ မေးသည်။
ချောအိ၏ညီမက သူ့မောင်ကို ဒေါသဖြစ်ဖြစ်နှင့် စူးစူးဝါးဝါးကြည့်ရင်း...
"ဆယ်တန်းတောင် မအောင်သေးတဲ့ ကိုကိုဟဲ့၊ ဘာအလုပ်မှ မလုပ်တဲ့ ကိုကိုဟဲ့၊ ငါးပြားတောင် မရှာတတ်သေးဘဲနဲ့ မယားယူချင်တဲ့ ကိုကိုဟဲ့၊ အစ်မတွေလုပ်စာကို တစ်သက်လုံး ခွစားမယ့် ကိုကိုဟဲ့၊ အဲဒီလို ကိုကိုဟဲ့…" ဟု ခုနစ်သံချီတင်၍ ဟစ်လိုက်ပြီးမှ ဟီးခနဲ ငိုလေတော့ မရွှေသိဂီလေးလည်း ကြမ်းပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချကာ အီးခနဲ ငိုတော့သည်။
"အမယ်လေး...မမရဲ့၊ သိဂီမှာ ကိုယ်ဝန်…ကိုယ်ဝန် သုံးလရှိနေပြီ မမရဲ့၊ သိင်္ဂီနောက်ဆုတ်လို့လဲ မရတော့ဘူး မမရဲ့"
နောက်ဆုံးတော့ ချောအိတို့ သမီးယောက်မ သုံးယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ငိုကြရတော့သည်။ ကိုရွှေထွန်းကား ကြက်နာကြီးလို ငိုင်နေသည်။ သက်ပြင်းကြီး တဟင်းဟင်း ချသည်။ ထို့နောက် ထိုင်ရာမှ ရုတ်ခနဲထ၍ အိမ်နောက်ဖေး ဝင်သွားသည်။ အမေက သူ့သားလေး စိတ်ညစ်ညစ်နှင့် သူ့ကိုယ်သူ ဓားနှင့်များ ထိုးလေမလားဟု စိုးရိမ်ကာ ကသောကမျော လိုက်သွားသည်။ စဉ်းတီတုံးပေါ်မှ ဓားဦးချွန်ကို ကမန်းကတန်း ကောက်သိမ်းသည်။ သို့သော် ကိုရွှေထွန်းက ဓားကို လှည့်စောင်း၍ပင် မကြည့်။ မီးသွေးမီးဖိုပေါ်မှ ကန်စွန်းရွက် ချဉ်ရည်အိုးကို အဖုံးဖွင့်ကြည့်သည်။ ထို့နောက် "ကြက်သားလေး ဘာလေး ချက်ပါဦး အမေရ'" ဟု ပြောရင်း ချဉ်ရည်တစ်ဇွန်း ခပ်ပြီး တဖူးဖူး မှုတ်သောက်နေလေသည်။
* * *
“ကိုယ့်မောင်အကြောင်း ကိုယ်ပြောရတာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရသလိုပါပဲ မမရယ်။ ဒါပေမဲ့ တာဝန်မဲ့လွန်း၊ အသုံးမကျလွန်းတာက လွန်လွန်းအားကြီးတယ်။ အမေကလဲ သူ့သားကိုသူ ချစ်ဖို့ပဲ နားလည်တယ်။ အဆိုအပြော အဆုံးအမကို တစ်စက်မှ မရှိဘူး”
ချောအိက ရုံးက ထမင်းဝိုင်းတွင် ရင်ဖွင့်မိသည်။ မရွှေသိဂီင်္ိ၏ဗိုက်က တစ်နေ့တခြား ဖောင်းလာတော့ ချောအိက သူ့ခေါင်းသည်လည်း တစ်နေ့တခြား ပွပွပြီး ကြီးလာသည်ဟု ထင်မိသည်။
သို့သော် တော်ပါသေးသည်။ သိင်္ဂီဟူသည့် မိန်းကလေးသည် နှာခေါင်းမပါ၍ ချေးစားခဲ့သော်လည်း အခြေအနေမှန်ကို ရင်ဆိုင်ရဲသော ဦးနှောက်ကလေးတော့ ပါလေသည်။ တစ်ပတ်ခန့်ပြီးသောအခါတွင်ကား မျက်ရည်သုတ်ကာ အငိုတိတ်သည်။ သူ့လည်ပင်းမှ ဆွဲကြိုးလေးကို ချွတ်ရောင်းပြီး စာအုပ်အငှားဆိုင် ဖွင့်လေသည်။ အမေကလည်း သားအရေးမို့ အားမတန်တော့ မာန်လျှော့ရှာသည်။ သိမ်ငယ်သည်ဟု ထင်ဆဲဖြစ်သော်လည်း တစ်ခါတစ်ရံ စာအုပ်ငှားခငွေများကို စာရင်းတွက်၍ လက်ခံတတ်လာသည်။
"ဘာဖြစ်ဖြစ်လေ ကောင်မလေးက ထက်မြက်တော့ တော်သေးတာပေါ့။ ချောအိတော့ ကောင်မလေးအတွက် စိတ်တောင်မကောင်းဘူး။ အမှန်က ဒီကောင်မလေးဟာ ငထွန်းလိုကောင်နဲ့ တန်တောင်မတန်ဘူး မမရဲ့ သိလား။ ဟိုကောင်လေးက ဘယ်လိုများ ညာဝါးဖြီးဖြန်းပြီး အရယူခဲ့သလဲ မသိပါဘူး"
ချောအိက ကိုယ့်ပေါင်ကို ကိုယ်အတွင်တွင် လှိမ့်ထောင်းမိသည်။ သို့သော်လည်း လောကဓမ္မတာအရ ကိုယ့်ပေါင်ဆိုတော့ နာနာ မထောင်းနိုင်၊ ဖွဖွသာ ထောင်းရသည်။ အင်ဂျင်နီယာနောက်ဆုံးနှစ် ကျောင်းသားကြီး ဟန်ဆောင်ခဲ့သည်ကိုတော့ ထည့်မပြောဖြစ်ပေ။
"မမအိနော် ကိုယ့်အတွက်လဲ ကိုယ်စဉ်းစားဦး။ တော်ကြာ တူတွေ၊ တူမတွေ ထိန်းရင်း ဟိုင်းသွားဦးမယ်နော်"
“အခုလည်း ဟိုင်းနေပါပြီကွယ်”
ချောအိက လျော့လျည်းစွာ ပြုံးမိသည်။
“ရွှေထွန်းလို လူမျိုးနဲ့တွေ့မှာ ကြောက်လွန်းလို့ပါကွယ်” ဟု ဆက်၍ပြောဖြစ်သည်။
"ဟာ...မမကလဲ မဟုတ်တာ၊ အဘွားကြီးလေးလို မှုန်ကုပ်ကုပ် လုပ်မနေပါနဲ့။ အလှအပလေး ပြင်စမ်းပါဦး။ သုံးဆယ်ကျော်ဆိုတာ မဟိုင်းသေးပါဘူး မမရ။ ကံကောင်းရင် ဝန်ကြီးကတော်လေး ဘာလေး ဖြစ်နိုင်ပါသေးတယ်”
မိနှင်းက ရယ်ရွန်းပတ်ရွှန်း ပြောသည်။ ထိုနေ့ ညနေကျတော့ ချောအိ မှန်ကို အသေအချာ ကြည့်ဖြစ်သည်။ သူ့မျက်နှာထားက တင်းမာကာ ညှိုးနေသည်။ မျက်လုံးများက မှုန်နေသည်။ ဝင်းလက်တောက်ပခြင်း၊ နုပျိုလတ်ဆတ်ခြင်းများကို မတွေ့ရတော့ပေ။
"အင်း..ငါလဲ မိနှင်းပြောသလို အဘွားကြီးလေး ဖြစ်နေပြီ။ လှလှပပ နေဦးမှပဲ” ဟု စဉ်းစားမိသည်။ ထို့ကြောင့် ညီမလေးဆီမှ ပါတိတ်အပြာ အထက်အောက်ဆင်တူ အင်္ကျီနှင့်လုံချည်ကို ယူ၍ ဝတ်ဖြစ်သည်။ သနပ်ခါးဖွေးဖွေးလေး လူးကာ နှုတ်ခမ်းနီ ပါးနီကို မသိမသာ ဆိုးကြည့်ပြီး ကိုယ့်ကိုကိုယ် ကျေနပ်သွားသည်။ ပို၍ပြည့်စုံအောင် တစ်ပုလင်း ဆယ့်လေးကျပ်နှင့် ဝယ်ထားသော ဟန်နီရေမွှေးလေးကိုပင် ဆွတ်လိုက်သေးသည်။
"ဟာ..မမအိ အပြတ်မိတယ်ဟေ့"
မိနှင်းတို့၊ ဝင်းဝင်းတို့က ချီးကျူးကြသည်။ သို့သော် မိန်းကလေးတို့ကို ရှေ့မှကြည့်လျှင် ရင်ဘတ်တည့်တည့်ကြည့်ပြီး နောက်မှ ကြည့်လျှင် ခါးအောက်ပိုင်းကိုသာ အနုလုံပဋိလုံကြည့်သော ဘဟန်နှင့် ထွန်းသိုက်က အဟီး..အဟီး ဟု ရယ်လေသည်။ ထို့နောက် "အပျိုကြီး လင်လိုချင်နေပြီ ထင်တယ်'"ဟု ခပ်တိုးတိုး ပြောသည်ကို ချောအိ နားစွန် နားဖျား ကြားလိုက်ရသည်။
မိန်းမတို့၏မာနအိုးကို ဒိုင်းခနဲ ထိမှန်ကာ ဖြန်းခနဲ အက်ကြောင်းကြီး ထင်သွားသလို ရင်ထဲတွင် တုန်ခါသွားသည်။ သူတို့နှင့်ဖက်ပြီး ရန်ဖြစ်လျှင် ကိုယ့်ဘက်က အရှုံးချည်းသာဖြစ်မည်မို့ မကြားချင်ဟန်ဆောင် နေလိုက်ရသော်လည်း ဒေါသနတ်ဆိုးက ရင်ထဲတွင် ဝင်၍ ဝရုန်းသုန်းကား ကျွမ်းထိုးနေလေသည်။ ထို့ကြောင့် "သေချင်းဆိုးတွေ၊ ရုံးကအပြန် ရထားကြိတ်သေပြီး အဝီစိကို တန်းရောက်ပါစေ"ဟု ကျိန်ဆဲမိလေသည်။
ရထားကြိတ်ခံရသော ကျွဲ၊ နွား တိရစ္ဆာန်မှစ၍ ကလေးလူကြီး ယောကျ်ားမိန်းမ အတော်များများကို ချောအိမြင်ဖူးသည်။ ရုပ်ပျက်ဆင်းပျက် သွေးရဲရဲသံရဲရဲမို့ ကြည့်ဝံ့စရာပင်မရှိ။ သေခြင်း အမျိုးမျိုးအနက် ရထားကြိတ်၍သေရသော သေခြင်းကို သေခြင်းအဆိုးဆုံးဟု ချောအိက သတ်မှတ်ထားမိသည်။ ထို့ကြောင့် သူမုန်းလွန်းမက မုန်းလွန်းသောသူများကို "ရထားကြိတ်သေပါစေ” ဟု သက်သက်ညှာညှာလေး ကျိန်ဆဲတတ်လာလေသည်။
ခုတလော ချောအိ မေတ္တာစူးရှသူ သုံးဦးရှိသည်။ ရုံးတွင် ဘဟန်နှင့် ထွန်းသိုက်၊ ရထားပေါ်တွင်တော့ “စိန်အာလူး"။ အထင်ကြီးမိတုန်းက သူ့အသံသည် ထိုမျှ ပျာလာင်လောင်နိုင်သည်ကို မသိခဲ့။ မေတ္တာတုံးမိပြန်တော့လည်း ဟောင်ဖွာဖွာ ပျာလောင်လောင် ပြောနေသော သူ့အသံကြားရသည်ကိုပင် စိတ်ဆင်းရဲရသည်။ "ငါသာ ဝတ္ထုရေးတတ်ရင် စိန်အာလူးဟုခေါ်သည် ဆိုပြီး သူ့အကြောင်း ရေးပစ်လိုက်မှာပဲ” ဟု တွေးနေမိသည်။
တစ်နေ့ကတော့ ငွေတာရီမဂ္ဂဇင်းက အယ်ဒီတာချုပ်နှင့် သူသည် ညီအစ်ကိုတမျှ ရင်းနှီးခင်မင်ကြောင်း၊ သူ့ကို အင်မတန် လေးစားကြောင်း၊ အထင်ကြီးကြောင်းပြောနေသည်ကို ကြားရပြန်သည်။ အသားဖြူဖြူ၊ ပုပု၀၀ စာရေးဆရာငြိမ်းကျော်ကို ဖန်တီးပြီးနောက် လေရူးသုန်သုန် ဝတ္ထုကြီးကိုပင် တော်စတွိုင်းရေး၍ ဆရာဗမိုး ဘာသာပြန်သည်ဟု ပြောတတ်သော ထိုလူကို မော်ကြည့်ရင်း ချောအိစိတ်ပျက်လိုက်သည်မှာ ဆိုဖွယ်မရှိ။ ထို့ကြောင့် "တကတဲ ပါးစပ်မပိတ်တမ်း ထွက်နေလိုက်တဲ့ လေတွေ။ တစ်ခုမှလဲ အနှစ်မပါဘူး။ ဖွာလန်ကြဲတဲ့ ဖွဲချည်းပဲ။ လေတွေ နှမြောဖို့တောင် ကောင်းသေး။ ဟင်း...ဒီလေတွေ သူ့ဖင်က ထွက်ပြီး အီးလိုပေါက်နေတာကမှ သူ့အတွက် နည်းနည်းပါးပါး အကျိုးရှိဦးမယ်။ ကျန်းမာရေးကောင်းဦးမယ်” ဟု ပစ်ပစ်ခါခါ တွေးလိုက်မိသည်။ သူများ ပေါင်ဆိုတော့ နာနာထောင်း၍ကောင်းလေသည်။
သို့သော် သို့သော် ထို "စိန်အာလူး"ကြောင့်သာလျှင် ချောအိသည် ရှားပါးကုန်ကြီးတစ်ခုကို တွေ့ခဲ့ရခြင်းဖြစ်သည်။ ရှားပါးကုန် ဟူသည်မှာ လခကောင်းရသော အရာရှိလူပျိုကို ဆိုခြင်းဖြစ်ပါသည်။ ထိုသို့သော ကုန်မျိုးသည် ချောအိတို့ရပ်ကွက်တွင် နှစ်လနေမှ တစ်ပိုင်း ရတတ်သော ရွှေဝါဆပ်ပြာတောင့်ထက်လည်းကောင်း၊ သုံးလနေမှ အစိတ်သားသာရတတ်သော သကြား ထက်လည်းကောင်း ရှားလေသည်။
“အလို အော့ဖစ်ဆာကြီးပါလား။ ဘယ်လိုဖြစ်ပြီး ရထားပေါ် ရောက်လာတာလဲ”
စိန်အာလူး၏နှုတ်ဆက်သံကိုကြားရသော်လည်း စစချင်းတော့ ချောအို စိတ်မဝင်စားမိသေးပေ။
"ဘတ်စ်ကားတွေက ကျပ်လွန်းလို့ဗျာ”
“လေးရာ့ငါးဆယ်စား အော့ဖစ်ဆာကြီးပဲဗျာ၊ ရုံးကားလေး ဘာလေး မရဘူးလား”
“ဟောဗျာ ဒီလောက်နဲ့ ဘယ်ရမလဲ။ လေးရာ့ငါးဆယ်စားလဲ ပါမွှားပါဗျာ”
"လူပျိုကြီးကလဲဗျာ၊ ကိုယ့်ကိုယ်ကို တယ်နှိမ့်ချတာကိုး”
ချောအိသည် ကြိမ်ခြင်းတောင်းကို ပေါင်ပေါ်တင်ရင်း ငိုက်နေရာမှ အတန်ငယ် မျက်စိကျယ်သွားသည်။ သူတို့ယောက်ျားတွေသာ တွက်တတ်သည်မဟုတ်၊ မိန်းမသားတွေက ပို၍ပင် ဈေးတွက် တွက်တတ်ကြသေးသည်။ စိတ်ကူးလေးယဉ်တတ်ကြသေးသည်။ ဒီတော့လည်း နို့ဆီ၊ သကြား၊ ဆပ်ပြာထက်ပင် ရှားလေသော ထိုရှားပါးကုန်ကြီးကို တစေ့တစောင်း မော်ကြည့်ပြီး အကဲခတ်မိလေသည်။
သူသည် နဖူးကျယ်၍အသားလတ်သည်။ စိန်အာလူးလောက် အရပ်မမြင့်သော်လည်း ပုတော့မပုချေ။ ထိုသူသာ လမ်းဘေးတွင် မာလကာသီး အထမ်းနှင့် ရောင်းနေသူဆိုပါက မည်သူကမျှ ချောသည်ဟု ပြောကြမည်မဟုတ်။ သို့သော် လေးရာ့ငါးဆယ်စား အရာရှိတစ်ဦး အနေနှင့်မူ လူရည်သန့်ကလေး၊ လူချောကလေးဟု ပြောကြမည်ဖြစ်သည်။
ထိုနေ့ညနေ အိမ်ရောက်တော့ ချောအိ မှန်ကြည့်ဖြစ်ပြန်သည်။ အသားညိုညိုနှင့်မျက်စိမှေးမှေးကို သဘောမတွေ့ ဖြစ်ရသော်လည်း ကော့ညွတ်ရှည်လျားသော မျက်တောင်လေးများအတွက် စိတ်သက်သာရာ ရသွားသည်။
“အစ်မရယ်..ကျွန်မတို့လဲ ရုံးတက်လိုက်၊ အိမ်ပြန်လိုက်၊ လ မကုန်ခင် ပိုက်ဆံလေး လောက်မှ လောက်ပါ့မလား တွက်လိုက်၊ တော်ကြာနေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်မွေးဦးမယ့် ငထွန်းရဲ့ ကလေးတွေကို ထမင်းခွံ့လိုက်၊ အနှီးလျှော်လိုက်နဲ့ပဲ အချိန်တွေကုန်ပြီး အပျိုကြီးညီအစ်မဖြစ်ရတော့မယ် ထင်ပါရဲ့နော်”
ညီမလေးက မျက်နှာလေး ညှိုးနေသော်လည်း ပြုံးရယ်၍ပြောသည်။ သူသည် ချောအိလောက် အရပ်မမြင့်ဘဲ အသားလည်း ဖြူလေသည်။ ကိုယ်လုံးကိုယ်ထည်လည်း အတန်ငယ်ပြည့်ဖြိုး၍ ချောအိထက် လှလေသည်။
"သင့်တော်တာတွေ့ရင် ယူလိုက်ပေါ့ဟယ်”
"လူတိုင်းလူတိုင်း မိသားစုဝန်ကို ထမ်းဆောင်နေကြရတာ အစ်မရဲ့။ ကျွန်မလိုလူ ကျွန်မယူလို့ကတော့ နှုတ်ခမ်းပဲ့ချင်းဖြစ်နေမှာပေါ့”
“အေးဟယ်”
ချောအိက သက်ပြင်းချရင်း မီးရထားပေါ်မှ လူပျိုအရာရှိကို သတိရမိသည်။ သူ့ကြည့်ရသည်မှာ ချောအိထက် ငယ်ပုံရသည်။ ညီမလေးနှင့်မူ အသက်ချင်း မတိမ်းမယိမ်းရှိမည် ထင်သည်။ ထို့ကြောင့် “နင်ကလဲ အရာရှိလေး ဘာလေးနဲ့တော့ မချိတ်မိဘူးလား "ဟု နောက်သလို ပြောင်သလိုနှင့် အတည်မေးမိသည်။
“အမလေး..အစ်မရယ်၊ အရာရှိထဲမှာ လူပျိုလူလွတ်များ ရှားမှရှား၊ ရှိရင်လဲ ကောင်းလိုက်တဲ့ဈေး၊ ဝိုင်းဝိုင်းကိုလည်လို့။ ဟောဒီက အရောင်းထိုင်းကုန်တွေ အနားတောင်မကပ်နိုင်ပါဘူး”
ညီမလေးက ဇိုးဇိုးဇတ်ဇတ်နှင့် ပြောသည်။ ထို့နောက် သက်ပြင်းကလေး ချသည်။
"ဂျက်ကလင်းကနေဒီက ဟို..ဂရိသူဌေးကြီးကို ယူတော့ ငွေမက်လို့လေး ဘာလေးနဲ့ ပြောလိုက်ကြတာ။ ဘာဖြစ်သလဲအစ်မရာ၊ ဒီလောက်များတဲ့ငွေတွေ မက်သင့်တာပေါ့။ ဒါ ကဲ့ရဲ့စရာမဟုတ်ပါဘူး။ ကျွန်မသာဆိုရင်လဲ အဲဒီလောက်ချမ်းသာတဲ့လူဆိုရင် အဘိုးကြီးသော အိုနာရွတ်တွကြီးသော ယူမှာပဲ။ ဘာဖြစ်သေးလဲ၊ ခဏပေါင်းပြီး သူသေသွားတော့ ကိုယ်က ချမ်းသာကျန်ရစ်မှာပဲ”
ဒီတော့လည်း ချောအိ ရယ်မိသည်။ လူတိုင်း၏ ဦးနှောက်ထဲတွင် ကွန်ပျူတာကလေးများ ရောက်နေပြီလား မပြောတတ်။
“အစ်မဆိုရင်ကော ယူမှာပဲမဟုတ်လား။ ထန်းလျက်မည်းမည်းကြီးနဲ့တောင် တစ်ခါတလေမှ ဖျော်သောက်နိုင်တဲ့ ကျောက်တိုင်ကော်ဖီမှုန့်အစား နက်(စ်)ကဖေးသောက်ချင်တာပဲမဟုတ်လား။ တိုက်ကြီးနဲ့ နေချင်တာပဲ မဟုတ်လား။ မာစီဒီး စီးချင်တာပဲ မဟုတ်လား.....ကဲ..ကဲ”
ပြဒါးပျက်၍ မှုန်ဝါးဝါးမြင်နေသော မှန်ထဲမှ သူ့အရိပ်ကို ချောအိ စောင်း၍ကြည့်မိပြန်သည်။ ရယ်ဟဟဖြစ်နေသော နှုတ်ခမ်းနှစ်လွှာကြားမှ သွားလေးများသည် ဖြူဖွေးညီညာနေသည်။ ညီမလေးက သူ့မျက်နှာကို အဖြေတောင်းသလို ကြည့်နေသည်။ ဒီတော့လည်း ချောအိ ထပ်၍ ရယ်မိပြန်သည်။
“နေချင်တာပေါ့ဟယ်။ တိုက်ကြီးနဲ့ နေချင်တာပေါ့။ မာစီဒီးကြီးလည်း စီးချင်တာပေါ့။ ဒါပေမဲ့ ငါ့ကို ဘယ်သူဌေးကြီးကများ လိုချင်လို့လဲ..ကဲ..ကဲ”
တကယ့်တကယ်တော့ ချောအိတို့သည် ကုန်သည်စကားနှင့် ပြောရလျှင် လူကြိုက်နည်းသောကုန် ဖြစ်နေချေပြီ။ ဒီရာထူးနှင့် ဒီလခနှင့်ဆိုတော့ အရောင်းထိုင်းကုန် ဖြစ်ရသည်မှာ သိပ်တော့မဆန်းလှချေ။ မစာမနာပြောချင်သူများက ပုပ်ကုန်၊ သိုးကုန်ဟုပင် ပြောနေကြပြီ။ မိန်းကလေးတို့သဘာဝ လှချင်၍အလှပြင်သည်ကိုပင် “အပျိုကြီး လင်လိုချင်နေပြီ" ဟု နစ်နစ်နာနာ ပြောချင်နေကြပေပြီ။ ညီမလေးကို ပြောပြတော့ ချောအိထက်ပင် စိတ်ဆိုးပြီး ရှူးရှူးရှားရှားဖြစ်သွားသည်။
“လူပါးဝလို့ သေနာကျတွေက၊ အစ်မရာ အဲဒီကာလနာတွေထက် သာတာကို ယူပြလိုက်စမ်းပါ” ဟု ဒေါနှင့်မောနှင့် ပြောလေသည်။
ယူစရာရှိလျှင် ချောအိလည်း ယူပစ်လိုက်သည်မှာ ကြာလှချေရော့မည်။ သူငင်တုန်းက မယ်မယိမ်းမိချေ။ မယ်ယိမ်းချင်သောအခါ၌ကား ကြိုးစားပမ်းစားငင်သူ ရှိမနေတော့သည်ကိုတော့ ကိုယ့်ကိုကိုယ်ပင် သိသည်။ ချောအိက မိန်းမတို့ဣနြေ္ဒပျက်လောက်အောင်လည်း မည်သည့်အခါမျှ ယိမ်းလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ယခုတလောတော့ သူ့ကိုတွေ့လျှင် အနည်းငယ်ရင်ခုန်ချင်သည်။ ကိုယ့်ကိုကိုယ် သတိမထားမိခင်မှာပင် သူဝတ်ထားသော မြလက်စွပ်ကိုလည်းကောင်း၊ ဆီကိုနာရီကိုလည်းကောင်း၊ ကတ္တီပါဖဲကြိုးတပ်ဖိနပ်ကိုလည်းကောင်း၊ သူ့ခြေဖမိုးပေါ်မှ အမာရွတ်ဖြူဖြူကိုလည်းကောင်း ကြည့်မိပြီး ဖြစ်နေလေသည်။
"ရွှေဝါဆပ်ပြာဟေ့၊ ရေနံဆီဟေ့" ဆိုလျှင် ချောအိတို့များ တစ်ခါတစ်ရံ ရုံးနောက်အကျခံ၊ အပျက်ခံပြီး ဆီစာအုပ် ထပ်ကြရသည်။ ရေနံဆီထက် ရွှေဝါထက် တန်ဖိုးရှိနေသော ထိုရှားပါးကုန်ကြီးတွင်လည်း ထပ်ထားသော ဆီစာအုပ်များ နည်းမည်မဟုတ်ချေဟု စဉ်းစားမိရင်း ကိုယ်တိုင်ဝင်၍ တန်းစီချင်စိတ်၊ ကြိုးစားချင်စိတ်ကလေးများက ချောင်ကြိုချောင်ကြားမှ ပေါ်လာတတ်သည်။
"မိန်းမတို့မာယာ သဲကိုးဖြာဆိုတာ အလကားပြောတာမဟုတ်ဘူး မမအိရ။ မိနှင်းတို့မိန်းမတွေက ရွေးချယ်ပိုင်ခွင့်မရဘူး။ ကိုယ်ကြိုက်တဲ့လူကိုသာ ကိုယ်ပြန်ကြိုက်ရတာဆိုပေမယ့် ကိုယ်ကြိုက်စေချင်တဲ့သူက ကိုယ့်ကိုကြိုက်လာအောင်တော့ လုပ်နိုင်ကြတာချည်းပဲ..၊ သိလား”
မိနှင်းက ချောအိထက်ငယ်သော်လည်း ချစ်ရေးချစ်ရာတွင်မူ ချောအိထက် အတွေ့အကြုံများသည်။ ထို့ကြောင့် အထက်ပါ သင်တန်းကို ပို့ချလေသည်။ သူက ရဲလည်း ရဲသည်။ သွက်လည်း သွက်သည်။ ထို့ကြောင့် သူအစ်မနှင့် စေ့စပ်ထားသော အင်ဂျင်နီယာကလေးသည် သူ့ဘက်ပါသွားပြီး လက်ထပ်ပွဲမတိုင်မီ သူ့ကို ခိုးပြေးလေတော့သည်။
“ဣနြေ္ဒမရှိဘူး၊ အရှက်မရှိဘူး"ဟု ကဲ့ရဲ့ကြသော်လည်း မိနှင်းက အပြုံးမပျက် တင်း၍ခံသည်။ ပြောသူများလည်း ကြာကြာမပြောနိုင်တော့။ ခုတော့ အင်ဂျင်နီယာကတော်လေး မိနှင်းသည် သူ့ယောက်ျား ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားရမည့် အကြောင်းကို ပြုံးပြုံးမော်မော်ကလေး ပြောနိုင်ပြီဖြစ်သည်။
ချောအိတို့ကမူ မိနှင်းလို ငယ်ငယ်ချောချောလေးမဟုတ်။ သူ့လိုလည်းမရဲ၊ သူ့လိုလည်း မသွက်။ ထို့ပြင် သူ့လိုလည်း အပြောမခံနိုင်ချေ။ သို့သော်လည်း ရှင်းရှင်းပြောရလျှင် မိန်းမတို့ဣနြေ္ဒမပျက်စေသော နည်းလမ်း သိမ်သိမ်မွေ့မွေ့ လေးများနှင့် သူ၏စိတ်ဝင်စားမှုကို ရအောင်တော့ လုပ်နိုင်ချင်သည်။
"ကဲ့ရဲ့တယ်၊ ချီးမွမ်းတယ်ဆိုတာ ခုနစ်ရက်ပါပဲ မမအိရာ။ ဒီထက်ပိုပြောရင် ပြောတဲ့သူ မောရုံပေါ့။ မိနှင်းတော့ ကိုယ်မှန်တယ် ထင်ရင် လုပ်ပစ်လိုက်တာပဲ။ ဘယ်သူ့ကိုမှ အရေးမစိုက်ဘူး "
ရထားပေါ် လှမ်းတက်ခဲ့သော ချောအိသည် သူ့ကို အလယ်တန်းတွင် ရပ်လျက်တွေ့ရတော့ မိနှင်း၏စကားကို အမှတ်ရပြန်သည်။ ချောအိ၏နေရာတွင် မိနှင်းသာဆိုလျှင်တော့ သူနှင့်ရင်းနှီးမှုကို ရအောင် ယူပြီးလောက်ပေပြီ။ မိနှင်းသည် ရဲလွန်း သွက်လွန်းသော မိန်းမချောလေးဖြစ်သည်။
“ဒီကအစ်ကိုကြီး ဘယ်ရုံးမှာလုပ်တာလဲ။ မိနှင်း မြင်ဖူးလို့” ဟု ပြောင်ကြီး သွားပြောချင်လျှင် ပြောမည်ဖြစ်သည်။ သို့တည်းမဟုတ် ရထားကြမ်းကြမ်း ခုတ်သောအခါများတွင် ယိုင်လဲသလိုလိုနှင့် သူ့လက်မောင်းကို ဖမ်းဆွဲပြီးမှ "အို.....မတော်လို့နော်" ဟု ရှက်ကိုးရှက်ကန်းလေး ပြောချင်လျှင်လည်း ပြောမည်ဖြစ်သည်။
"ငါလဲ ကိုင်ထားတဲ့ ကြိမ်ခြင်းကို လွတ်ကျချင်ယောင်ဆောင်ရင် ရတာပဲ။ သူက ကောက်ပေးရော။ ဒီတော့ ကျေးဇူးတင်စကားပြောရင်း ခင်သွားနိုင်တာပဲ”
ချောအိက အားကျမခံ တွေးပြီးမှ ရုတ်တရက် လန့်နိုးသွားသလို ရှက်သွားသည်။ ထို့ကြောင့် ဟိုကြည့်ဒီကြည့် ကြည့်ပြီး တစ်ဦးတည်းပင် "အိုက်လိုက်တာ” ဟု ပြောလိုက်သည်။
“အေးဗျာ..ပူလိုက် အိုက်လိုက်တာ တအားပဲ”
ဘယ်အချိန်က ဘေးတွင်ရောက်နေမှန်း မသိသော “စိန်အာလူး" က ထောက်ခံသည်။ ရပ်ထားသော ရထားတွဲမို့ လေက အဆင်မသင့်သည့်အထဲ ထိုင်သူအပြည့်၊ ထသူအပြည့်နှင့်ဆိုတော့ ရထားတွဲကျဥ်းကျဉ်းလေးထဲတွင် မွန်းလှောင်ပြီး အိုက်စပ်နေသည်။
"လေးနာရီဆယ့်ငါးမိနစ်ရှိပြီဗျ။ ရထားလဲ မထွက်သေးဘူး”
သူက စိန်အာလူးကို လှည့်ပြောသည်။ တိုက်ပုံအင်္ကျီအနက်ကို ချွတ်၍ ကိုင်ထားသည်။ ရှပ်အင်္ကျီကျောဘက်တွင် ချွေးများကွက်ပြီး ရွှဲနေလေသည်။ ချောအိ၏တစ်ကိုယ်လုံးလည်း အပူပြန်ကာ ချွေးများ စို့ထွက်နေသည်။ မျက်နှာကို လက်ကိုင်ပဝါနှင့်ပွတ်သုတ်လိုက်သောအခါ ရုံးမဆင်းမီက အိမ်သာခန်းထဲသွားပြီး ဖို့လာခဲ့သော သနပ်ခါးမှုန့်ဝါဝါများသည် ချွေးနှင့်အတူ ကပ်၍ပါကုန်သည်။
“ဟာ..ဘယ်လိုဖြစ်နေတာလဲ၊ လေးနာရီတောင်ခွဲတော့မယ်”
“ရထားခေါင်းတွဲများ ချိတ်လို့မရဘူးလားမသိ”
တဖျတ်ဖျတ် ယပ်ခတ်သံများနှင့်အတူ ညည်းသံညူသံများကို ကြားနေရသည်။ လေးနာရီခွဲသောအခါ ချောအိလည်း မျက်နှာရှုံ့လာသည်။ ဒူးများညောင်းပြီး ကိုင်ထားရသောကြိမ်ခြင်းကလည်း လေးသထက်လေးလာသည်။ ဒီနေ့မှစာအုပ်အငှားဆိုင်တင်ဖို့ မဂ္ဂဇင်းသစ် နှစ်အုပ် ဝယ်လာမိသည်။ မိနှင်းက သူနှင့် အနည်းငယ်ကျပ်နေသည်ဟု အကြောင်းပြကာ ပြန်ရောင်းသော ဆွယ်တာအင်္ကျီကိုလည်း အိမ်ဘေးမှ ခင်သီတာမြင့်ကို ပြပေးဖို့ ယူလာခဲ့မိသည်။ ထမင်းချိုင်နှင့် ခေါက်ထီးနှင့် ပိုက်ဆံအိတ်နှင့် ငါးပိရည်ပုလင်းနှင့် ပေါင်းလိုက်သောအခါ ခြင်းတောင်း၏အလေးချိန်က မသေးလှချေ။
“လကုန်ရင် ခြင်းအသစ် ဝယ်ဦးမှ”
ချောအိသည် စဉ်းစားရင်း ချွေးသုတ်ရပြန်သည်။ ကြိမ်ခြင်းလေးမှာ ဟောင်းနေပေပြီ။ လက်ကိုင်ဂိုင်း ပြုတ်ထွက်သွားသဖြင့် အိမ်တွင် လွယ်လွယ်တွေ့ သော သွပ်နန်းကြိုးနှင့် ပြန်ပြီးပတ်၍ ချည်ထားရသည်။ သွပ်နန်းကြိုးက မာတော့ အသေအချာ လက်စသတ်၍မရဘဲ မသေမသပ်ဖြစ်နေသည်။ အဆင်မသင့်လျှင် အင်္ကျီနှင့်ငြိတတ်လေသည်။
“ဟာဗျာ..ဘာလို့များ မထွက်သေးတာလဲ။ ဒီမှာဖြင့် ပူလို့ သေကြတော့မယ်”
သူက ပြောရင်းဆိုရင်း တွဲပေါ်မှ တိုးပြီး ဆင်းသွားသည်ကို ချောအိတွေ့လိုက်သည်။ မည်သည့်အချိန်က ဆင်းသွားလေသည်မသိ။ စိန်အာလူးလည်း စင်္ကြံလမ်းပေါ်တွင် ရပ်နေသည်။ သူတို့က ယောက်ျားများမို့ မထောင်းသာ။ ရထားဥသြ မှုတ်လျှင် ပြေးတက်နိုင်ကြသည်။ ချောအိတို့မိန်းကလေးများကမူ သူတို့နှင့်တန်းတူ ပြေးနိုင်လွှားနိုင်သူများ မဟုတ်ကြ။ ထို့ကြောင့် ရှိလက်စ နေရာလေးတွင်ပင် မခွာဘဲ ပေတေရပ်ရင်း ပူခြင်း အိုက်ခြင်းကို စင်း၍ခံကြရသည်။
ရထားတွဲထဲတွင် ကော်ဖီမှုန့်နံ့၊ သရက်သီးနံ့၊ ဒူးရင်းသီးနံ့၊ အမဲသားနံ့၊ အနံ့ပေါင်းစုံက ဝဲလှည့် ခုန်ပေါက်နေသည်။ ထိုအနံ့များနှင့်အတူ အောက်သိုးသိုး ချဉ်စူးစူး အနံ့များကပါ ရောနှောကခုန်နေလေသည်။ ရထားပေါ်မှ လူများက ထိုအနံ့များကို အဆုတ်တွင်းသို့ ရှိုက်သွင်းရင်း ချွေးဒီးဒီး ယိုစီးနေလေသည်။
ချောအိလည်း တစ်မျက်နှာလုံး ချွေးရွှဲနေလေပြီ။ မျက်နှာသာလျှင်မက တစ်ကိုယ်လုံးရှိသမျှ အကြိုအကြားတို့တွင် ချွေးများ စီး၍ကျသွားသည်ကို သိနေသည်။
“ခဏနေရင် ထွက်မယ်ထင်ပါရဲ့ လေးနာရီတောင် ခွဲပြီးနေပြီ"
မျှော်လင့်ချက်ကလေးများနှင့် တစ်ဦးကိုတစ်ဦး အားပေး ရေရွတ်နေရသော်လည်း ရထားကြီးက ရွေ့ပင်မရွေ့။ ချောအိဘေးရှိ ထိုင်ခုံတွင် ထိုင်နေသော ကုလားမတစ်သိုက်ကား ချီးကျူးလောက်သည်။ ပူသည်ကိုလည်းကောင်း၊ အိုက်သည်ကိုလည်းကောင်း အမှုထားပုံမရ။ ရထားပေါ်တွင် ရောင်းသော ငါးပြားတန် ရှောက်သီးဆေးပြားတစ်ထုပ်စီ ဝယ်စားရင်း အလုအယက် စကားပြောနေလိုက်ကြသည်မှာ ဆူညံနေသည်။ သူတို့က ထိုင်နေသူများမို့ မထောင်းသာ။ အပြင်ဘက်မှ လေသန့်လေးကို ရှုနိုင်သေးသည်။ ဒဏ်ပေးခံရသလို မတ်တတ်ရပ်နေရသော ချောအိမှာကား ကျွက်ကျွက်ညံနေသော စကားသံများကို နားထောင်ရင်း မူးနောက်လာသည်။
"ဟော..ဟော..ဟိုဘက်မှာ ရထားဝင်ပြီ။ လေးနာရီ သုံးဆယ့်ငါး ထွက်မယ့်ရထား နောက်ကျမှ ဝင်လာတာ၊ လာလာ ရထားပြောင်းမယ်”
“အို ဒီရထားက အရင်ထွက်ရမှာပေါ့”
" ကြည့်ပါဦး.... ဒီမှာ ခေါင်းတွဲတောင် မချိတ်သေးဘဲနဲ့ "
စင်္ကြံ(၄)သို့ ဥဩဆွဲရင်းဝင်လာသော ရထားကို တွေ့သောအခါ တစ်ယောက်တစ်ပေါက်နှင့် ဆူညံကုန်သည်။ ထိုင်သူထိုင်၊ ထသူ ထနှင့် ရုတ်ရုတ်သဲသဲ ရထားပြောင်းကြတော့ ချောအိလည်း ရောပါသွားသည်။
“ဟေ. ပြေးဟ.. ပြေးဟ”
လူပြောင်လူနောက်များက အော်သည်။ သို့သော် မည်သူ့မျှ လှည့်မကြည့်အား။ ထိုင်စရာလေး တစ်နေရာရဖို့အတွက် သူ့ထက်ငါဦးအောင် သံလမ်းကိုဖြတ်ပြီး အလုအယက်ပြေးကြသည်။ ချောအိလည်း ပြေးသည်။ ညောင်းလှပြီမို့ ထိုင်ချင်သည်။ သို့သော် ချောအိ ကံဆိုးလေသည်။ မီရာတွဲပေါ် အတင်းတိုးတက်ခဲ့သော်လည်း နေရာမရချေ။ သူ့ထက်ဦးအောင် ပြေးနိုင်သူများက နှစ်ယောက်စာ၊ သုံးယောက်စာ ဦးထားနှင့်ကြသည်။
“လူရှိတယ်၊ လူရှိတယ်” ဟု ခပ်တင်းတင်း အော်နေကြသည်။
ချောအိသည် တွဲတံခါးဘောင်ကိုမှီကာ ရပ်ရင်း မောနေသည်။ အသက်ရှူသံက အလိုလိုပြင်းလာသည်။ ခေါင်းမှ ဖဲပြားလည်း ဘယ်နေရာ ပြုတ်ကျခဲ့သည်မသိ။ ဆံပင်များလည်း ပွနေပြီး မျက်နှာကလည်း အဆီပြန်ကာ ညိုမည်းပြီး ပြောင်တင်းနေသည်။ ရှန်သားအင်္ကျီလက်တို ပွင့်ရိုက်က ချွေးနှင့်စိုကာ အသားမှာ ကပ်နေတော့ ရှုံ့တွတွဖြစ်နေလေသည်။
"သူက ဒီမှာကိုး”
အတန်ကြာမှပင် ထိုင်နေသော သူ့ကို သတိထားမိတော့သည်။ သို့သော်လည်း စိတ်ဝင်စားမှု မရှိလှတော့ချေ။ ပူလောင်အိုက်စပ်နေပြီး နုံးနေပြီ၊ ဆာလောင်နေပြီမို့ ချောအိအတွက် အိမ်အမြန်ပြန်ရောက်ဖို့က ပို၍စိတ်ဝင်စားဖွယ်ဖြစ်နေသည်။
"ဟာ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ”
ချောအိခမျာ အမောမှမပြေသေး၊ အော်သံများကို ကြားရပြန်သည်။ ချောအိတို့ စွန့်ပြေးခဲ့သော ရထားကြီးဆီသို့ ခေါင်းတွဲတစ်တွဲက ဦးတည်၍ ခုတ်မောင်းနေသောကြောင့် ဖြစ်သည်။ ထိုရထားတွင် ခေါင်းတွဲ သွားချိတ်တော့ ချောအိခမျာ ငိုချင်စိတ်ပင်ပေါက်လာသည်။
“တောင်ပြေး မြောက်ပြေး ရွာဆော်ကြီးခွေးတဲ့ကွ” `
"ဟာ…ပြေးကြဦး၊ ပြေးကြဦး”
အများက ဝရုန်းသုန်းကား ပြေးကြပြန်လေတော့ ချောအိလည်း ငိုချင်စိတ် ဘေးချိတ်ပြီး ပြေးရပြန်သည်။ ငိုချင်စိတ်ကိုသာမက အလှအပ၊ အယဉ်အနုတွေကိုပါ ဘေးချိတ်ပစ်လိုက်သည်။ ချွေးနှင့်စိုကာ ကပ်နေသော ထဘီကိုခြေသလုံးလယ်ရောက်အောင်ဆွဲပြီး ခြေကားယား၊ လက်ကားယားနှင့် ပြေးမိလေသည်။
“ဒီတစ်ခါတော့ ရအောင်ထိုင်မယ်”
ချောအိသည် တွဲဝတွင် ပြုံတိုးနေသော လူများထဲသို့ ကိုယ်တစ်စောင်းတိုက်ကာ အတင်းတိုးဝင်လိုက်သည်။ ကုလားကြီးသော၊ တရုတ်ကြီးသော၊ မြန်မာကြီးသော ဘယ်သူ့ကိုမျှမရှောင်။ ထိုင်စရာလေး ရရန်အတွက် ခြင်းတောင်းကို မြှောက်ကိုင်ပြီး လက်ရော၊ ခြေရော၊ တတောင်ရော၊ ဒူးရောသုံးကာ အတင်းတိုး၊ အတင်းတက်သည်။ ထိုစဉ်တွင် ချောအိဘေးမှ “အား” ခနဲ အော်သံကို ကြားရသည်။ ချောအိ မြှောက်၍ကိုင်ထားသောကြိမ်ခြင်းလေးကို တစ်စုံတစ်ဦးက ခပ်ကြမ်းကြမ်း အတင်းပြန်၍တွန်းလိုက်သည်။ ဆွေးနေသော ကြိမ်ဘောင်အခွေက ဂျွတ်ခနဲ မြည်သည်။ ထို့နောက် ချောအိ၏လက်မောင်းကို ကြိမ်ခြင်းက တအားလာပိပြီး အိခနဲ အော်ရသည်။ ကြိမ်ကိုင်းကို ပြန် ချည်ထားသော သွပ်နန်းကြိုးအစက ချောအိ၏လက်မောင်းသားထဲ နက်နက်စူးဝင်ကာ ဆွဲခြစ်သွားသောကြောင့် ဖြစ်သည်။
"ရှင်…ရှင်…အရမ်းချည်းပဲ”
လက်မောင်းမှ သွေးများဖြာကျလာတော့ ချောအိက ဒေါသဖြစ်ဖြစ်နှင့် အော်သည်။
“ခင်ဗျားကရော မရမ်းဘူးလား။ ကျုပ်ကိုလဲ ကြည့်ဦး "
တစ်ဖက်မှပြန်အော်သည်။ ချောအိ၏ရှားပါးကုန်ကြီး ဖြစ်သည်။ သူ့လက်ကောက်ဝတ်တွင်လည်း သွေးဖြာကျနေသော ခြစ်ရာတစ်ခု။ ချောအိ အားမနာမိ၊ ဝမ်းမနည်းမိ၊ ပူလောင်အိုက်စပ်ကာ နုံးချိနေရသည့်အထဲ အသားနာလာတော့ စိတ်တိုပြီး ရန်လိုနေသည်။
“အရာရှိကတော်လေး ဘာလေးဖြစ်ရင်တော့ အကောင်းသား"ဟူသော အတွေးယဉ်ယဉ်ကလည်း ချွေးသွင်သွင်နှင့်အတူ ရောပါသွားပြီ ထင်သည်။ ထို့ကြောင့် ရန်လိုသောအကြည့်ကို ကြည့်ပြီး ရန်စကားကိုပင် ပြောမိသည်။
"ရှင် ယောက်ျားပဲ၊ မတော်တဆဖြစ်မိတာ ဘာ ဒီလောက်ဖြစ်စရာလိုလဲ တကတဲ"
ချောအိက နှုတ်ခမ်းကိုမဲ့ကာ မျက်စောင်းပစ်ထိုးလိုက်သည်။ ထို့နောက် လက်မောင်းမှ သွေးများကို လက်နှင့်ဖိသုတ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်လေသည်။ တွဲပေါ်ကို ခြေဆောင့်၍ တက်လိုက်သည်။ နေရာလည်း မရတော့။
အိုးစားကွဲကြပြီဖြစ်သော သူ၏ရှားပါးကုန်ကြီးကို ချောအိ မျက်စောင်းနှင့်ကြည့်သည်။ လက်မောင်းက တစစ်စစ်နှင့် နာနေသည်။ “အချစ်ကြီးတော့ အမျက်ကြီးတယ်တဲ့" ဟု စဉ်းစားရင်း အောက်နှုတ်ခမ်းကို ဒေါသနှင့် ဖိကိုက်သည်။
ရှားရှားပါးပါးပေါ်လာသော မျှော်လင့်ချက် ရောင်ခြည်ကလေးသည် လေထဲတွင် လွင့်ပျောက်သွားချေပြီ။ ချောအိ သက်ပြင်းချသည်။
ကြိမ်ခြင်းတောင်းအပျက်ကို တင်းတင်းဆုပ်ကိုင်သည်။ ထိုစဉ်တွင် ရထားဘီးများ စတင်၍လိမ့်သည်။
မူးနောက်ရီဝေနေသော ချောအိသည် ရထားတွဲထဲ တိုးဝင်လာသော လေကလေး မအေးတအေးကို ရှိုက်၍ရှူသည်။ “ဂျိန်းဂျိန်း ကုတ်ကုတ် ဂျိန်းကုတ်ကုတ်"ဟု မြည်သော ရထားသံကိုကား နားထဲတွင် တစ်မျိုးကြားနေရလေသည်။
" ခြစ်ခြင်းဒုက္ခ ခြစ်ဒုက္ခ"
" ခြစ်ခြင်းဒုက္ခ ခြစ်ဒုက္ခ" … ဟူ၍။
မစန္ဒာ
No comments:
Post a Comment