Thursday, July 14, 2022

မြန်မာပြည်မှာ ဝယ်ကြသည်

ရပ်ကွက်အမှတ် (၁)


“ကလင် ကလင် ကလင်” 


“ဟဲလို မေမေခင် ပြောနေပါတယ်၊ ဪ မြမြလား” 


“မပေါ်လာတာ အတော်ကြာနေပြီနော့၊ အလုပ်တွေ ရှုပ်နေလား”


“ဪ.. မမခင် ကတော့ ထုံးစံအတိုင်းပေါ့ကွယ်။ သာရေး၊ နာရေး၊ လူမှုရေးတွေနဲ့ ကျင်လည်နေရတာ”


“ဦးဝင်းမောင်ကြီးကလည်းကွယ်၊ သူ့သမီးကိစ္စ သူကိုယ်တိုင်ပြောရင် ဖြစ်ရဲ့သားနဲ့”


“ဪ ကူညီပါတယ်ကွယ်၊ မမခင်တို့က ဘယ်သူရယ် ဘယ်ဝါရယ် မျက်နှာကြီးငယ် မရွေးပါဘူး၊ လူမှုရေးမဟုတ်လား” 


“အင်း အပြာတော့ မယူချင်ဘူး၊ အစိမ်းရရင်တော့ ကရောင်းတစ်ကုံးစာလောက် လိုချင်သားပဲ၊ အခုချက်ချင်းတော့ မဟုတ်သေးဘူးလေ၊ အင်း အင်း ကြည့်ထားလိုက်ပေါ့”


"ဟုတ်လား ကေသီဆိုင်ကို မမခင် မရောက်ဖြစ်တာ ဆယ်ရက်လောက် ရှိသွားပြီ၊ အဆင်တွေ လှသလား”


"ဪ ဒေါ်ဖြူဖြူ လာသွားပြီလား၊ ဘယ်နှဝတ်စာ ဖြတ်သွားလဲ"


“မြမြရယ် မမခင်တို့က အဲဒီလို မတတ်နိုင်ပါဘူး၊ သူတို့ကတော့ ငွေကို ရေလိုသုံးနိုင်တဲ့သူတွေလေ၊ သိတယ်မဟုတ်လား”


“လက်ကိုင်အိတ်လား၊ အင်း အဲဒါတော့ ဝါသနာပါတယ် အရောင်စုံသလား”


“ဟုတ်တယ် မြမြရဲ့ ဒါကြောင့်လည်း မမခင်က ကေသီဆိုင်မှာပဲ အမြဲဝယ်ဖြစ်တာ၊ သူက လိုကယ်လ်ဆိုရင် ဆိုင်ပေါ်လုံးဝတင်တာမဟုတ်ဘူး၊ ဖောရိန်းအစစ်မှ သိပ်စိတ်ချရတယ်”


“အင်း အင်း နေ့ခင်းကျမှ သွားလိုက်ဦးမယ်၊ မြမြရော လာမလား၊ အေးကွယ်၊ ကေသီဆိုင်မှာပဲ ဆုံကြတာပေါ့”


* * * 


ရပ်ကွက်အမှတ် (၂၊ ၃)


“ကိုကိုရေ နေ့ခင်းတုန်းက မတင်အုန်းကြီး လာတယ်သိလား” 


“ဘာလဲ အထည်အဆန်းတွေ၊ ဖိနပ်အဆန်းတွေ လာပြပြန်ပြီလား"


“သူလာပြလို့ ဘယ်မှမသွားရဘဲ သက်သက်သာသာ ကြည့်ရတာ ကျေးဇူးတင်ဖို့တောင် ကောင်းသေး”


“တင်ပါဗျာ တင်ပါ။ ထိုင်ပြီးတော့ရော ကန်တော့လိုက်သေးလား “


"မနောက်ပါနဲ့ ကိုကိုရာ၊ အင်ဒိုနီးရှားပါတိတ်တွေ ပါလာတယ် သိလား၊ ဟာ ပြောမနေနဲ့တော့၊ လှလိုက်တာမှ တအားပဲ” 


“ဘုရား ဘုရား၊ ဝယ်လိုက်ရောလား” 


“မဝယ်ပါဘူး” 


''ဟူး တော်ပါသေးရဲ့၊ မနေ့တုန်းက ဓာတ်ဆီရောင်းတာလေး ​လျှောများ သွားပြီလားလို့”


“ အင်ဒိုနီးရှား မဝယ်ပေမယ့် ရိုးရိုးပါတိတ်လေးတစ်ထည်လောက်တော့ ဝယ်မလားလို့


“အင်း”


“ပါတိတ်က အဝတ်ခံတယ် ကိုကိုရဲ့၊ နောက်ပြီး မတင်အုန်းရဲ့ ပါတိတ်တွေက မြိတ်ပါတိတ်တွေ၊ မော်လမြိုင်မဟုတ်ဘူး”


“ဘာများကွာလို့လဲကွာ” 


“ဪ မြိတ်ပစ္စည်းက ကော့သောင်းက တိုက်ရိုက်ဝင်တာ၊ ပိုကောင်းတယ် ကိုကိုရဲ့၊ အသားပိုချောတယ်၊ အဆင်ပိုခိုင်တယ်၊ အရောင်ပိုစိုတယ်”


“ ဪ”


* * * 


ရပ်ကွက်အမှတ် (၄၊ ၅၊ ၆)


“သမီးရဲ့ ထီးလေးလည်း ကြည့်ပါဦး အမေရာ” 


“အင်း ဟောင်းလှပေါ့” 


“ဒါလေးပဲ နွေရော၊ မိုးရော ဆောင်းနေရတာ ကြာလှပြီ အမေရဲ့” 


“အင်း အရောင်တောင် ဖြူနေပြီ၊ အရွက်ကလေး အသစ်လဲလိုက်ပါလား သမီး”


“ကိုင်းတွေကလည်း ကော့လိုက်ကန်လိုက်နဲ့ ခဏ ခဏ ပြင်ရလွန်းလို့ မကောင်းတော့ဘူး အမေရယ်၊ အသစ်ကလေးတစ်လက်လောက် လိုချင်လိုက်တာ”


“သမီးရဲ့ လေ့ကျင့်ခန်းစာအုပ်တွေ ရောင်းထားတာ ရှိတယ်လေ။ အဲဒါနဲ့ ဝယ်လိုက်ပါလား”


"ငွေကလေး ရှစ်ဆယ်လောက်နဲ့ ထီးတစ်လက်မဖြစ်တော့ဘူး အမေရဲ့၊ ခေါက်ထီးတွေ ချာလီထီးတွေက နှစ်ရာနားကပ်နေပြီ"


“ဟို အလျင်တုန်းက ကုန်တိုက်မှာ ရတယ်နော်၊ မိန်းမခေါက်ထီး အနက်ကလေးတွေလေ”


“ဪ အမေရယ် မရတာဖြင့် ကြာ ကြာလှပြီ” 


“အင်း ဘာလုပ်ရပါ့မလဲ”


“ဒီထီးလေးပဲ ကတ်ကတ်သတ်သတ် ဆောင်းရင်း ပိုက်ဆံစုမယ်လေ၊ ပိုက်ဆံပြည့်တော့မှ အသစ်ဝယ်တော့မယ်”


“ဘယ်က ဝယ်မှာလဲ” 


“အမေကလည်းလေ မင်္ဂလာဈေးကပေါ့လို့၊ ခွဲတမ်းကများ ရတယ် အောက်မေ့လို့လား”


* * * 


ရပ်ကွက်အမှတ် (ရ၊ ၈၊ ၉၊ ၁၀)


“သွားတိုက်ဆေး မရှိတော့ဘူး အစ်မ” 


“သိသားပဲ”


“ဆပ်ပြာလည်း ကုန်နေပြီ”


“သိသားပဲ”


“မဝယ်တော့ဘူးလား ဟင်” 


“အဲဒီမှာ ဝယ်ထားတယ်လေဟယ်၊ ဟိုခြင်းတောင်းထဲမှာ”


“အင်း အဲဒီမုတ်ဆိတ်ဆပ်ပြာက အဝတ်လျှော်လို့ ကောင်းတယ်ဗျ။ အမြှုပ်သိပ်ထွက်တာ၊ အစ်မ ဘယ်လောက်ပေးခဲ့ရတုံး၊ ဟင် သွားတိုက်ဆေးကတော့ တရုတ်ဘူးကြီး၊ ပက်ဆိုးဒင့်လည်း မဟုတ်ဘူး"


“ပက်ဆိုးဒင့်က ဆယ့်လေးကျပ်တဲ့”


“ဒါကြီးက တိုက်လို့မကောင်းဘူး အစ်မရ၊ ပူရှရှ ချိုရဲရဲကြီး၊ အရသာလည်း မရှိဘူး”


“သွားတိုက်ပြီး ထွေးပစ်ရတာ မဟုတ်လား၊ မျိုချရတာမှ မဟုတ်ဘဲ အရသာရှိဖို့ မလိုပါဘူးဟာ”


“အစ်မကလည်းဗျာ၊ ဘာလဲ ဒီဘူးခွံက ပက်ဆီးဒင့် ဘူးခွံထက် ဈေးပိုကောင်းလို့လား”


“တော်စမ်းပါဟယ်။ ဈေးသက်သာတာ ဝယ်, ရတာကိုလည်း သိသားနဲ့ သိပ်ပြီးစကားများမနေနဲ့၊ အဲဒါနဲ့ မတိုက်ချင်ရင် ဆားနဲ့တိုက်၊ ဒါပဲ”


* * * 


ရပ်ကွက်အမှတ် (၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅)


“မိန်းမရယ် မင်းရဲ့ ဓာတ်ဘူးကြီးလည်း ဟောင်းလှစုတ်လှပေါ့”


“ဪ ဟောင်းဆို ကြာပဲကြာပြီဟာကို” 


“အသစ်လဲဖို့ ကောင်းနေပြီနော့”


“ဪ ဘယ်မလဲ ပိုက်ဆံ” 


“ဒီတစ်ခါ ရုံးက ကာဘော်လစ်ရရင် ပိုက်ဆံဖြစ်မှာပေါ့၊ မဟုတ်လား”


“ပိုက်ဆံကို ရာကျော် မကိုင်နိုင်ဘဲနဲ့ ဓာတ်ဘူးဝယ်ဖို့ စိတ်မကူးနဲ့ ကိုဘကျော်ရေ”


“ရာမကျော်တဲ့ ဓာတ်ဘူးတွေလည်း ရှိပါတယ်ကွာ”


“အဲဒီ မိတ်အင်ဒီတင် ဓာတ်ဘူးတွေက ညက ထည့်ထားတဲ့ ရေနွေး မနက်ကျရင် အေးလိုက်တာ စက်လို့”


“မင်းက တရုတ်ဓာတ်ဘူးမှ အကောင်းထင်တယ်၊ ဝယ်ချင်တယ်ပေါ့လေ ဟုတ်လား” 


“တတ်နိုင်ရင်တော့ မဝယ်ချင်ပါဘူးတော်၊ အလကားလိုချင်တာပါ” 


“လက်ဆောင်လေးဘာလေး အကန်တော့ခံပစ္စည်းလေးအဖြစ် အိမ်ပေါ် အလိုလိုရောက်လာရင် ဘယ်လောက်ကောင်းမလဲ၊ အခုတော့ ကျုပ်ယောက်ျားက ရာထူးကလည်း မကြီး၊ ဌာနကလည်း မဖီး"


"တော်တော့ကွာ တော်တော့၊ ဒီ ဓာတ်ဘူးအစုတ်ပဲ ဆက်သုံး.."


“မသုံးချင်ပါဘူးတော်၊ ကျုပ်ကတော့ အသစ်ပဲလိုချင်တာပါ"


"ဒါဆိုရင်လည်း ဝယ်ကွာ”


“ဟင် ပိုက်ဆံရှိလို့ကတော့ ရှင့်ပြောစရာတောင် မလိုဘူး၊ မင်္ဂလာဈေး တစ်ဈေးလုံးတောင် ဝယ်ပစ်လိုက်ချင်သေး"


* * * 


ရပ်ကွက်အမှတ် (၁၆၊ ၁၅၊ ၁၈၊ ၁၉၊ ၂၀) 


“ကိုသာအောင် နေသာရဲ့လားဟင်၊ ဆန်ပြုတ်ပူပူလေး သောက်မလား”


“အင်း တစ်ခေါင်းလုံးတော့ အုံပြီးခဲနေတာပဲ၊ ဘာမှလည်း မစားချင်ပါဘူးကွာ”


“ပါရာစင်တီမောလေးတစ်လုံးလောက် သောက်လိုက်ရင် သက်သာသွားမှာပါ။ ရော့ ရေနွေးပူပူကလေးနဲ့ မှုတ်သောက်လိုက်ရအောင်”


“မင်းဟာက ချိုင်းနားလား” 


“အင်း” 


“အေးလေ ယိုးဒယားတော့ မဝယ်နဲ့နော်” 


“မဝယ်ပါဘူးရှင်၊ သိပါတယ်”


* * * 


ရပ်ကွက်အမှတ် (၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅)


“မနေ့ကပြောတော့ ငွေပြတ်နေပြီဆို၊ အခုတော့ ဘယ်က ချေးလာတာတုံး”


“မချေးတော့ဘူးလေ၊ ရုံးက ထဘီတစ်ထည်ကို လပေးနဲ့ယူလာပြီး အပြင်မှာ လက်ငင်းနဲ့ လျှော့ရောင်းလိုက်တယ်”


“ဟင်း” 


“အငယ်ကောင်ရဲ့ သွားဖုံးက သွေးထွက်နေတာတောင် စီဗစ်သောက်ကြရမယ်ဆိုလို့ ဝယ်လာသေးတယ်”


“ဘီပီအိုင်လား” 


“ဟင့်အင်း မဝယ်နိုင်ပါဘူး၊ ချိုင်းနားပဲပေါ့” 


“ဟင်း”


* * * 


ရပ်ကွက်အမှတ် (၄ မှ ၂၀)


“ဒီမှာ သူငယ်ချင်း ငါနေတာက မြန်မာပြည်မှာပါကွာနော်၊ ဟုတ်တယ် မဟုတ်လား”


“အေးလေကွာ ဘာဖြစ်လို့တုံး”


“ဪ မြန်မာဖြစ် ပစ္စည်းလေးကောင်းကောင်းလေးတွေကို ပေါပေါ များများ သုံးချင်လို့ပါ”


“သုံးချင်ရင် ဝယ်ပေါ့၊ ရှင်းနေတာပဲဟာ” 


“ဝယ်ချင်ပါတယ်ကွာ၊ ဒါပေမဲ့”


မစန္ဒာ

မဟေသီ၊ မတ်လ၊ ၁၉၈၈။

No comments:

Post a Comment