Thursday, July 14, 2022

အမေ့ဆီက ဘတ်ကြိုး

မီးငယ်တို့အိမ်တွင် ဘီခြောက်ရာ ကားလေးတစ်စီးရှိခဲ့ဖူးသည်။ အဖေသည် အရာရှိငယ်တစ်ဦးဖြစ်သော်လည်း ညနေ ရုံးဆင်းချိန်တွင် ထိုကားကလေးနှင့် တက္ကစီဆွဲလေ့ရှိသည်။


“ကဲ သားကြီးရေ ... ဆန်ဖိုး၊ ဆီဖိုး၊ စာအုပ်ဖိုး၊ ကျူရှင်ဖိုးကလေးတွေ ရှာကြဦးစို့”ဟု ကားစတီယာရင်ကို ပုတ်ကာ ခပ်ရွှင်ရွှင်လေး ပြောလေ့ရှိသည်ကို မီးငယ် အမြဲတမ်း သတိရနေမည်ဖြစ်လေသည်။ 


အဖေ၏လခက အမေ၏ မီးဖိုချောင်စရိတ်ကိုပင် ယိုင်တိယိုင်တိုင်နှင့် ထမ်းနေရတော့ မီးငယ်တို့မောင်နှမ လေးဦး၏ ပညာသင်စရိတ်ကို အဖေ့ကားလေးက အများဆုံး ထမ်းရွက်သယ်ပိုးပေးခဲ့ရလေသည်။ ထို့ကြောင့်လည်း အဖေက သူ့ကားကို “ကား”ဟု မခေါ်၊ “သား”ဟု ခေါ်ခဲ့ခြင်းဖြစ်မည် ထင်သည်။ ကိုလတ်နှင့် ကိုငယ်တို့ကလည်း အဖေ့လေကို လိုက်ကာ ကားကလေးကို ရေဆေးကြသည့်အခါတိုင်း “လာဟေ့၊ ငါတို့အစ်ကိုကြီးကို ရေလေးမိုးလေး သန့်စင်ပေးကြဦးစို့”ဟု ပြောလေ့ရှိကြသည်ကို ပြန်တွေးမိလျှင် ပြုံးပျော်ချင်စရာ ကောင်းလှသည်။


“ငါ့သားသမီးလေးယောက်လုံးကို အဖေက ပညာအမွေ အပြည့်ပေးချင်တယ်။ ပညာသင်စရိတ် ဘယ်လောက်ကြီးကြီး အဖေရအောင်ရှာမယ်”


အဖေက မကြာခဏ ပြောတတ်သည်။ အဖေ၏ အရိပ်အောက်တွင် မီးငယ်နှင့် အစ်ကိုသုံးဦးလုံး မကြောင့်မကျ နေခဲ့ကြရသည်မှာ အစ်ကိုကြီး တက္ကသိုလ်တွင် တတိယနှစ်ရောက်သည်အထိ ဖြစ်လေသည်။


မီးငယ် ၁၃ နှစ်ပြည့်ပြီး တစ်လခန့်ရှိသောအခါ အဖေဆေးရုံ တက်ရသည်။ မျက်လုံးတွေ ဝါကာ ဆီးတွေလည်း ဝါလာသောကြောင့်ဖြစ်သည်။ အဖေ အပင်ပန်းမခံနိုင်တော့ဘဲ တဖြည်းဖြည်း ညှိုးလျကာ မောလာတတ်သည်။ အစ်ကိုကြီးက အဖေ့ကိုယ်စား တက္ကစီဆွဲကာ အဖေ့အတွက် ဆေးဖိုးရှာပေးခဲ့သော်လည်း အသည်းကင်ဆာဝေဒနာအတွက် လောက်ငနိုင်သည်မရှိခဲ့ချေ။ ဆရာဝန်ဖိုးက ကြီး၊ ဆေးဖိုးကလည်းကြီးနှင့် နောက်ဆုံးတော့ ကားကလေးကို ရောင်းပစ်ခဲ့ရသည်။ ကားရောင်းရငွေနှင့် အဖေ့ကို အစွမ်းကုန်ပြုစုခဲ့ကြသော်လည်း မီးငယ်တို့ သေခြင်းတရားကို မတားဆီးနိုင်ခဲ့ကြပေ။


သူ့ရောဂါကို သူသိ၍ သူ့ကိုယ်သူ မရနိုင်တော့ဟု နားလည်လာသောအခါ အဖေက မီးငယ်၏ဆံပင်လေးများကို ပွတ်သပ်ရင်း မချိပြုံး ပြုံးသည်။ သူ့ကို မျက်နှာငယ်လေးများနှင့် ကြည့်နေသော သားသုံးဦးကို ကြည့်ရင်း


“မင်းတို့ ယောက်ျားမဟုတ်လား၊ ဒီမျက်နှာထားကို ပြင်လိုက်စမ်း၊ အဖေမရှိရင် အမေ့စကားကို နားထောင်၊ အမေ့ကိုကူကြ”ဟု ခပ်တင်းတင်း ပြောသည်။ 


အမေက သားသုံးဦးနှင့်ယှဉ်လျက် ရပ်ရင်း အဖေ့ကို သဲ့သဲ့လေး ပြုံးပြသည်။ ထို့နောက် “ဘယ်သူ့အတွက်မှ ဘာအတွက်မှ နောက်ဆံမတင်းပါနဲ့ အစ်ကို၊ အားလုံးအတွက် ကျွန်မရှိပါတယ်”ဟု တိုးတိတ်ညင်သာသော်လည်း ပြတ်သားသောအသံနှင့် ပြောခဲ့လေသည်။


တစ်ခါတစ်ရံ မီးဖိုချောင်တွင် ကျိတ်ပြီး မျက်ရည်သုတ်နေတတ်သော်လည်း အမေသည် အဖေ့ရှေ့တွင် တစ်ခါမျှ မျက်ရည်မကျခဲ့ပေ။ အိပ်ရာထဲလဲနေသည့် အဖေ့ကို တရားအမှတ်နှင့် နေနိုင်အောင် သတိပေးတည့်မတ်ပေးသည်မှအပ ပူပန်စရာကိစ္စများကို လုံးဝမပြောခဲ့ပေ။


အဖေ၏အသုဘတွင်လည်း အမေသည် အချို့ သောမိန်းမများလို “ကိုဟိုဒင်းရေ... ကိုအငှာရေ... ကျွန်မဘယ်လိုနေခဲ့ရမလဲ” ဟု မအော်မဟစ်ခဲ့သည်ကို မီးငယ် သတိထားမိသည်။ အဖေ့မျက်နှာကို နောက်ဆုံးအနေနှင့် စိုက်ကြည့်ကာ မျက်ရည်တွေတွေကျနေသော်လည်း အံကို တင်းတင်းကြိတ်ထားသည်။ သည်းသည်းထန်ထန် ငိုကြွေးနေသော မီးငယ်ကို ဖက်​ပွေ့ထားရင်း “အမေရှိပါသေးတယ် သမီးရယ်” ဟု ကြေကွဲစွာ ပြောနေခဲ့သည်ကို မီးငယ် ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ချေ။


* * * 


ထိုနေ့က မီးပျက်သည်။

ဖယောင်းတိုင်မီးမှိန်မှိန်လေးအောက်ဝယ် ယိမ်းထိုးလှုပ်ရှားနေသော အရိပ်များကို ကြည့်ရင်း မီးငယ်တို့အားလုံး အဖေ့ကို သတိရနေမိကြသည်။ အဖေ ဆုံးခဲ့သည်မှာ ဆယ်ရက်ခန့်သာရှိသေးသည်မို့ အဖေ၏အငွေ့အသက်သည် အိမ်ထဲတွင် နွေးထွေးနေဆဲဖြစ်သည်။


အိမ်ကပြင် ဖိနပ်ချွတ်အောက်တွင် ပုစဉ်းရင်ကွဲလေးများက စူးစူးရှရှ အော်မြည်နေကြသည်။ သုံးလေးအိမ်ကျော်မှ ဦးဗိုလ်ထွေးကမူ ရေချိန်ကိုက်နေပြီမို့ “စိတ်ညစ်လို့ အရက်ကို သောက်တယ်... အရက်သောက်တော့... အေ... စိတ်ပိုညစ်တယ်”ဟု လျှာလေးအာလေးနှင့် သီချင်းဆိုနေပြီဖြစ်သည်။ ထိုအခါမျိုးတွင် အဖေက အစ်ကိုတို့အား အရက်သေစာမသောက်စားရန် ပုံတိုပတ်စလေးများပြောကာ ဆုံးမတတ်သည်ကို အားလုံး သတိရနေကြစဉ် အမေက “အမေတော့ သားတို့ သမီးတို့ဆီက အကူအညီတောင်းရဦးမယ်” ဟု ခပ်တိုးတိုးပြောသည်။ 


“အမေ့လက်ထဲမှာ ငွေတစ်သောင်းခွဲလောက် ကျန်တယ်။ အဲဒါ အမေ အိမ်ဆိုင်လေးထွက်ချင်တယ်ကွယ်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ နနွင်းကအစပေါ့။ အိမ်ရှေ့ဖိနပ်ချွတ်မှာပဲ အဖီလေးထပ်ချလိုက်ရင် ရောင်းလို့ဖြစ်မှာပါ။ ပထမတော့ တတ်နိုင်သမျှပဲ တင်တာပေါ့။ နောက်တော့လည်း ချဲ့တာပေါ့ကွယ်” 


“အမေက ဈေးရောင်းမလို့လား”


အစ်ကိုကြီးကမေးတော့ အမေက ပြုံးရင်း ခေါင်းညိတ်ပြသည်။ ဈေးရောင်းလိုက်၊ အဝတ်လျှော်လိုက်၊ ထမင်းချက်လိုက်၊ ဟင်းချက်လိုက်နှင့် နေ့ခင်းတိုင်ကျရင် အမေ့ခမျာ နည်းနည်းမှ နားရတော့မည်မထင်။ 


“နေ့ခင်းကျရင် အမေတစ်ယောက်တည်း”


"ဒါကြောင့်မို့လို့ သားတို့အကူအညီလိုတာပေါ့။ တစ်နေ့လုံးကျောင်းကနေ နေ့တစ်ဝက်ကျောင်း ပြောင်းတက်လိုက်ရင် အမေလည်း ချက်ဖို့ပြုတ်ဖို့ အချိန်ရတာပေါ့”


“တစ်ယောက်ယောက် အကူခေါ်ရင်ရော အမေ”


သူငယ်ချင်းများနှင့်မခွဲလိုသော ကိုလတ်က ဆင်ခြေတက်သည်။ ကြီးတန်းရောက်ကာမှ ကျောင်းသစ်မပြောင်းလို။ လူသစ်များနှင့်လည်း မပေါင်းလိုသောကြောင့် ဖြစ်သည်။


“တစ်ယောက် အကူခေါ်ရင် အဲဒီတစ်ယောက်အတွက် စားစရိတ်က တိုးလာမှာပေါ့ သားရယ်။ နောက်ပြီး ဆိုင်ထိုင်ခိုင်းဖို့ဆိုတာ ငွေရေးကြေးရေးလည်း စိတ်ချရဦးမှဖြစ်မှာ။ အမေတို့တစ်ယောက်ချင်းအတွက် အဆင်မပြေတာလေးတွေ၊ နစ်နာတာလေးတွေတော့ ရှိမှာပဲ။ အဲဒါကိုတော့ သည်းခံရမယ်လေ။ အရင်တုန်းက အမေတို့အားလုံးဟာ အဖေ့ရဲ့ အရိပ်အောက်မှာ အေးအေးချမ်းချမ်း နေခဲ့ကြရတာမဟုတ်လား။ အခုကျတော့ အခြေအနေပြောင်းသွားပြီ။ အမေလည်း တတ်နိုင်သမျှတော့ ကြိုးစားမှာပါ။ ဒါပေမဲ့ သားတို့ သမီးတို့ရဲ့ အကူအညီလည်း လိုတယ်လေ”


အမေက ညင်သာစွာပြောတော့ ကိုလတ်က အမေ့လက်မောင်းကို ဖက်ကာ အပြစ်ရှိသူလို ရယ်သည်။


“သားကူမှာပါ အမေရ။ ကြည့်နေ အပြတ်ကိုကူပြမယ်။ ကူလွန်လွန်းလို့ အမေ အံ့သြစေရမယ်။ ပီတိလှိုင်းတံပိုးအောက်မှာ အမေ့ခမျာ မလူးသာ မလွန့်သာ နစ်မြုပ်နေစေရမယ်”


လေကြီးလေကျယ်ပြောလွန်းသော ကိုလတ်ကြောင့် မီးငယ်တို့အားလုံး ရယ်ကြရသည်။ အဖေဆုံးပြီးသည်၏နောက်ပိုင်း ပထမဦးဆုံးအကြိမ် ရယ်ကြရခြင်းဖြစ်လေသည်။


“သားလည်း တက္ကစီမောင်းရမလား စဉ်းစားနေတယ် အမေ။ အ​ဖေ့ရုံးက ဦးလေးဦးလှမောင်က သား မောင်းမယ်ဆိုရင် စပေါ်မယူပါဘူးတဲ့"


ကိုကြီးက ပြောသည်။


“အချိန်ပြည့်တော့ မမောင်းပါနဲ့ဦး သားရယ်၊ ကျောင်းပြီးတော့မှာပဲဟာ။ ညနေပိုင်းလောက်ပဲ အချိန်ပိုင်းနဲ့ မောင်းပါလား" 


“ ဒါဆိုရင် ညနေပိုင်းတွေရယ်၊ စနေ တနင်္ဂနွေရယ် မောင်းမယ်။ ဆန်ဖိုးနဲ့ ဆီဖိုးတော့ ရအောင်ရှာမယ်။ ကံကောင်းရင် ကိုငယ် မင်းအတွက် ကျူရှင်ဖိုးပါ ရမှာပေါ့” 


ကိုကြီးက တက်ကြွစွာပြောသော်လည်း ကိုငယ်က ခေါင်းခါသည်။ 


“ဟင့်အင်း သား ကျူရှင်မတက်တော့ဘူး။ အိမ်မှာပဲ ကျက်တော့မယ်”


“သမီးလည်း မတက်ဘူးမေမေ၊ ကျူရှင်တက်တဲ့သူတွေဆီမှာ မေးပြီး အိမ်မှာကျက်လည်း အတူတူပဲ”


“ဟုတ်တယ်၊ မင်းတို့နားမလည်တာတွေ ငါပြပေးမယ်။ ဟောဒီက ပညာရှိ ကဝိသုခမိန်ကြီးက အကုန်အစင် အစုံအလင် သွန်သင်ပြသ ဆုံးမ အစစအရာရာ....”


“တော်စမ်း ကိုလတ်၊ တော်စမ်း”


ကိုကြီးက ကိုလတ်၏ ခေါင်းကို ထုသည်။ ကိုလတ်က ရယ်မောရင်း ကိုငယ်၏ပခုံးကို တွန်းသည်။ ကိုငယ်က “ဟောဒီမှာ အမေ”ဟု အသံကျယ်ကြီးနှင့် အော်ရင်း အမေ့ကို လှမ်းဖက်သည်။ မီးငယ်တို့တစ်တွေ ဒုတိယအကြိမ် ရယ်မောကြရပြန်လေသည်။


* * * 


အဖေဆုံးပြီး ခြောက်လလောက်နေတော့ မီးငယ်တို့တစ်တွေ ငိုကြရပြန်သည်။ ကိုကြီးခမျာ တက္ကစီဆွဲရင်း ကားတိုက်ခံရကာ ညာဘက်ခြေထောက် အရိုးကျိုးလာသောကြောင့် ဖြစ်လေသည်။ တစ်ဖက်ကား၏ အမှားလုံးလုံးမို့ သူတို့က ကားကို အကောင်းပကတိဖြစ်အောင် ပြင်ပေးကာ လူကိုလည်း ဆေးကုပေး၍သာ တော်တော့သည်။ သို့သော် အမှုကျေအေးပြီး နောက်ပိုင်းတွင်တော့ သိပ်ပြီးအရေးတယူမရှိလှတော့ပေ။


“လူမသေတာပဲ တော်လှပြီကွယ်။ လူထက် အဖိုးတန်တာမရှိဘူး” 


အမေက တဖွဖွ ပြောကာ သူ့သားကြီးအတွက် အင်္ဂလိပ်နည်း၊ တရုတ်နည်းရော၊ မြန်မာနည်းရော ကောင်းဆိုသမျှ အကုန်လုပ်ပေးခဲ့သည်။ ကိုကြီးခမျာလည်း သုံးလခန့် အလုပ်အကိုင်ပျက်ကာ စာမေးပွဲကိုပင် ချိုင်းထောက်နှင့် သွား​ဖြေခဲ့ရသည်။ ထိုကာလအတောအတွင်းတွင် အမေ့လည်ပင်းမှ အမ်စီကြိုးလေးလည်း ပြုတ်ထွက်သွားခဲ့လေသည်။ ရွှေကြိုးလေး ရောင်းလိုက်ရ၍ အမေက အပြုံးမပျက်သော်လည်း ကိုကြီးကတော့ သိသိသာသာပင် မျက်နှာပျက်ခဲ့ရှာသည်။ 


“ကျွန်တော်ကြောင့် မတိုးတဲ့အပြင် အမေ့မှာရှိတာလေးတောင် လျော့သွားရတယ်ဗျာ” ဟု တစ်နေ့လျှင် သုံးလေးခါလောက် ပြောနေတတ်သည်။


“လျော့လည်း ဘာဖြစ်လဲ၊ ကုန်သေးတာမှမဟုတ်ဘဲ သားရဲ့၊ အမေ့မှာ ရှိပါသေးတယ်။ လူထက် အဖိုးတန်တာ ဘာမှမရှိဘူး၊ အမေ့အတွက်တော့ အမေ့သားသမီးလေးယောက်ဟာ အဖိုးအတန်ဆုံး ရတနာတွေပါ”


အမေကလည်း ထိုသို့ပင် ပြောတတ်သည်။ တစ်နေ့တော့ မှန်တင်ခုံ အံဆွဲထဲက ဘူးအနီလေးတစ်ခုကို ထုတ်ပြသည်။ ထိုအထဲတွင် အမေ၏ ပုလဲနားကပ်၊ နီလာလက်စွပ် နှစ်ကွင်းနှင့် ဝင်းပြီး အိနေသော ရွှေဆွဲကြိုး တစ်ကုံးရှိသည်။ အမေအရင်က ဝတ်သည်ကို မမြင်ဖူး၍ မီးငယ်တို့ အံ့သြနေသည်။


“တွေ့လား၊ အဲဒါ သုံးဘတ်သားရှိတယ်။ တစ်ဘတ်က တစ်ကျပ်သားထက် ခြောက်ပြားသာလျော့ပေမယ့် ရောင်းရင် တစ်ကျပ်သားဈေးရတယ်။ အမေတို့အတွက် အသုံးမလိုသေးလို့ သိမ်းထားတာ”


“အခု ရွှေဈေး ဘယ်လောက်လဲ အမေ” 


“နှစ်သောင်းလောက် ထင်ပါရဲ့”


“ဒီလိုဆိုရင် ဒီကြိုးက သုံးကျပ်သားဆိုတော့ ခြောက်သောင်း။ အဟေး... အမေ့မှာ ငွေ ခြောက်သောင်းတောင် ရှိသေးတယ်​​ဟေ့"



ကိုကြီးက ကလေးငယ်လို အော်ပြီး ဆွဲကြိုးလေးကို မြှောက်ကိုင်ကာ ရယ်မောလေသည်။ သူမလုပ်နိုင် မကိုင်နိုင်သေးသော်လည်း အမေ့မှာ ရွှေရှိသေးသည်ဆိုတော့ အတော်လေး အားတက်ရွှင်လန်းသွားသည်မှာ သိသာလှသည်။


“ရွှေရှိရင် ငွေရှိတာပဲ သားရယ်၊ ဘာပူစရာလိုလဲ၊ အခုဆိုရင် ကုန်စုံဆိုင်လေးကလည်း ရောင်းကောင်းလာပြီ၊ ကိုလတ်ရဲ့ သူငယ်ချင်းတစ်ယောက်က သူ့ဦးလေးဆီက ပုသိမ်မီးသွေး မှာပေးမယ်တဲ့၊ ကုန်စုံဆိုင်နဲ့ တွဲပြီး မီးသွေးပါ တင်မယ်လေ၊ အရင်းနည်းနည်း လိုတာကိုတော့ ဒီနီလာလက်စွပ်နှစ်ကွင်း ရောင်းလိုက်မှာပေါ့၊ သား ကားထွက်မမောင်းဘဲ မနက်တိုင်း ဆိုင်စောင့်ပေးတော့လည်း အမေ့မှာ ဟန်ကိုကျလို့၊ အဆိုးဆိုပေမယ့်လည်း အကောင်းလေးတွေလည်း ရှိပါတယ်သားရဲ့”


အမေက ကိုကြီးပခုံးကို ဖျစ်ကိုင်ကာ လေအေးလေးနှင့် ပြောသည်။ 


“မီးသွေးပါ တိုးလာတော့ အမေ ပိုပင်ပန်းမှာပေါ့”


“ပင်ပန်းပါစေ သားရယ်၊ အမေက ပင်ပန်းရတာကို ပျော်နေတာပါ။ ပင်ပန်းမှလည်း ပိုက်ဆံရမှာပေါ့၊ မဟုတ်ဘူးလား။ အမေ့သားတွေ သမီးတွေကလည်း ကူနေကြတာပဲဟာ အခုဆိုရင် အမေတို့တွေ အတော်လေး ရောင်းတတ် ဝယ်တတ်ဖြစ်လာပြီ။ အတွေ့အကြုံလေးတွေလည်း ရလာပြီ ဆိုတော့ အဖိတ်အစင် နည်းလာတယ်။ အမြတ်အစွန်းလေးလည်း များလာတယ်”


“အမေ နေမကောင်းဖြစ်မှာသာ စိုးရိမ်ရတာပါ၊ အမေ သိပ်ပင်ပန်းတယ်။ အစားကျတော့လည်း ကျွန်တော်တို့ကို ညှာပြီး အမြဲလျှော့စားနေတာ”


“အို... ကောင်းမှကောင်း၊ ဒူးနာတာကလွဲလို့ ဘာမှမဖြစ်ဘူး။ ဒူးနာတာကလည်း ငါ့သမီးလေး ဆေးလိမ်းပေးနေတာပဲဟာ”


အမေက မီးငယ်၏ခေါင်းမှ ဆံပင်လေးများကို ချစ်စနိုး လှမ်းဖွသည်။ အမေ့လက်ဖဝါးများက နူးညံ့အိထွေးခြင်းမရှိလှချေ။ မီးငယ်က အမေ့လက်များကို ဖမ်းကိုင်ကာ ပါးနှင့် အပ်ထားလိုက်သည်။ ပူနွေးသန်မာသော

လက်ဖဝါးကြမ်းကြမ်းများက မီးငယ်၏ ပါးပြင်နုနုပေါ်တွင် ကြမ်းပြီး ရှတတဖြစ်နေသည်။ မီးငယ်က အမေ၏လက်နှစ်ဖက်ကို ပူးကိုင်ကာ ချစ်မြတ်နိုးစွာ နမ်းသည်။


“ဟဲ့.. အရူးမလေး၊ အမေ့လက်က အခုပဲ ကြက်သွန်တွေ နွှာလာတာ၊ မနံဘူးလား”


အမေက သူ့လက်ကို ရုန်းသည်။ မိငယ်က လွှတ်မပေးဘဲ ထပ်ခါ ထပ်ခါ နမ်းရင်း တခစ်ခစ်ရယ်နေသည်။ အမေ့လက်မှ ကြက်သွန်နံ့ကိုလည်း ချစ်သည်။ နနွင်းနံ့ကိုလည်း ချစ်သည်။ အမေ့ကိုယ်မှ ချွေးနံ့ကိုလည်း ချစ်သည်။ အမေ့ခေါင်းမှ အုန်းဆီနံ့ကိုလည်း ချစ်သည်။ အားလုံးကို မီးငယ် ချစ်သည်။ 


“ဟေ့.. ကောင်မလေးတစ်ကောင် အမေ့ဆီက ဘတ်ကြိုးကြီးလိုချင်လို့ မျက်နှာချိုသွေးနေတယ်ဟေ့”


ကိုကြီးနှင့် ကိုလတ်တို့က ဝိုင်းစကြသည်။ ဘာပြန်ပြောရမည်မသိဘဲ “ကိုကြီးနော်” “ကိုလတ်နော်”နှင့် အော်နေသော မီးငယ်ကို အမေက သိုင်း၍ ဖက်လိုက်သည်။ “ငါ့သမီးလေးကို မစကြပါနဲ့ဟယ်”ဟု ပြောရင်း နဖူးဆံစလေးများကို ငုံ့၍ နမ်းရှိုက်သည်။ အမေ့ရင်ခွင်ထဲတွင် ကျေနပ်နေသော မီးငယ်က အစ်ကိုသုံးဦးအား ပြုံးထေ့ထေ့နှင့် လှမ်းကြည့်သောအခါ “ဘတ်ကြိုး” “ဘတ်ကြိုး”ဟု ဝိုင်းအော်ပြီး ဝါးခနဲ ရယ်လိုက်ကြလေသည်။


အဖေ ဆုံးပြီး တစ်နှစ်ခွဲခန့်ရှိတော့ မီးငယ်တို့မိသားစု လူလိမ်ခံရပြန်သည်။ အဲဒါကတော့ ကိုလတ်တစ်ယောက် သင်္ဘောသားရူး ရူးသောကြောင့်ဖြစ်လေသည်။ သိုင်းသိုင်းဝိုင်းဝိုင်း ညာညာလှိုင်းလှိုင်း ပြောတတ်သူတစ်စုက ကုမ္ပဏီဖွဲ့ကာ လူငယ်တွေကို သင်္ဘောတင်ပေးမည်ဟု အတည်ပေါက်နှင့် လိမ်ခြင်းဖြစ်သည်။ ကံကောင်းထောက်မသဖြင့် ငွေငါးသောင်းသာ ကျွံသွားခြင်းဖြစ်သည်။ သို့သော်လည်း တစ်မိသားစုလုံး ခြိုးခြိုးခြံခြံစားကာ ခြစ်ခြုတ်၍စုထားသော ငွေလေးမို့ အားလုံးက နှမျောမဆုံးနိုင်အောင် ဖြစ်ခဲ့ရသည်။


"တော်သေးတာပေါ့ အမေရယ်၊ သူများတိုင်းပြည်သွားပြီးမှ ဒုက္ခရောက်နေရမှာနဲ့စာရင် ဒီမှာကတည်းက သိလိုက်ရတာ အရမ်းကံကောင်းတာပေါ့”


ကိုကြီးက ပြောသည်။ 


“ဟုတ်ပါရဲ့ကွယ်၊ ဘုရားကယ်ပေလို့၊ စောစောသာ မသိရင် ငါ့သားလေး ဒုက္ခ”


အမေက တွေး၍ ကြောက်ရင်း ကိုလတ်၏လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။


“တော်ပါပြီကွယ်... ဘယ်သူတွေ ဘယ်လို ချမ်းသာချမ်းသာ ငါ့သားတွေ အားမကျကြပါနဲ့၊ အမေတို့မိသားစု ဒီမှာပဲ ဥမကွဲ သိုက်မပျက် လုပ်ကိုင်စားကြရအောင်နော်”


အမေက တုန်ရီစွာပြောသည်။ နေ့လယ်ခင်းအိပ်မက်မှ လန့်နိုးလာသော ကိုလတ်ကတော့ ငိုင်နေသည်။ ပြန်မရနိုင်တော့သော ငွေကိုလည်း တွေးပြီး နှမျောနေဟန်ရှိသည်။


“နောက် သုံးလေးရက်ဆိုရင် မီးသွေးဖိုးတွေ ပေးရတော့မယ် အမေ” 


အတန်ကြာတော့ ကိုငယ်က ပြောသည်။


“နောက်ပြီး ပုသိမ်ပေါ်ဆန်းမွှေးဆန်တွေလည်း သင်္ဘောကလူတွေနဲ့ အဆက်ရပြီ၊ ကျွန်တော် စမ်းပြီး တင်ကြည့်ချင်တယ်” 


ကိုငယ်က ကိုကြီးနှင့်ကိုလတ်ထက် အရောင်းအဝယ်တွင် ပိုပြီးနှံ့စပ်သည်။ ဝါသနာပါသည်။ မိတ်ဆွေလည်းများသည်။ အပြောလည်း ချိုသည်။ မီးငယ်သည် ကိုငယ်အား ငေးကြည့်နေရင်း “ဒါဆိုရင် အရင်းလိုဦးမှာပဲ”ဟု တွေးရင်း အမေ့ဘတ်ကြိုးကို သတိရသည်။


“အရင်းကတော့ သိပ်မလိုပါဘူး အမေရယ်၊ ပစ္စည်းရောင်းပြီးမှ ငွေပေးရမှာ၊ လောလောဆယ် မီးသွေးဖိုးတော့ ကိုကြီးမိတ်ဆွေတွေဆီက ခဏလောက် လှည့်ပေးပါလား”


ကိုငယ်က သူ့ဟာသူပင် အဖြေရသွားသည်။ 


မီးငယ်သည် “ဒါဆိုရင် အမေဘတ်ကြိုး မရောင်းရသေးဘူးပေါ့”ဟု တွေးရင်း မသိမသာ သက်ပြင်းချသည်။ ဘာပဲပြောပြော အမေ့တွင် ရွှေသုံးဘတ်သား ရှိနေခြင်းအတွက် သူတို့အားလုံး အားတက်ကြရသည်။ 


“အခုဆိုရင် ရွှေဈေးတက်လာပြီ၊ သုံးသောင်းဈေးလို့ ပြောသံကြားတယ်၊ သုံးသောင်းဆိုတော့ အမေ့ဆီမှာ ကိုးသောင်းရှိတာပေါ့၊ အရေးအကြောင်းရယ်ဆိုရင် ငွေကိုးသောင်းရှိနေတယ်ဆိုတော့ မဆိုးလှပါဘူး"


မီးငယ်က အမေ့အတွက် တောင်တန်ကြီး သွေးရင်း စဉ်းစားသည်။ အစ်ကိုတွေကလည်း တစ်ခုခုဆိုလျှင် “အမေ့ဘတ်ကြိုး ရှိသားပဲကွ” ပြောလေ့ရှိသည်ကို သတိရသည်။ အမေ့ဘတ်ကြိုးသည် သူတို့အားလုံးအတွက် “အားဆေး” ဖြစ်နေသည်ကို တွေးမိပြီး မီးငယ်တစ်ဦးတည်း ပြုံးနေမိသည်။


အမေ ရေမိုးချိုးပြီးတော့ အမေ့တစ်ကိုယ်လုံးကို တောင်တန်ကြီးဝါဝါတွေ ပျစ်နှစ်နေအောင် လိမ်းပေးရင်း “အမွေဆွဲကြိုးကြီးကို ဘာလို့သိမ်းထားတာလဲ၊ ဆွဲထားပါလား အမေရဲ့”ဟု ပြောမိသည်။ အမေက ပြုံးရယ်ရင်း “ဆွဲချင်ပါဘူးအေ၊ အရေးအကြောင်းရှိရင် သုံးရအောင်သာ သိမ်းထားတာပါ” ဟု ပြောသည်။ မီးငယ်က “သမီးကြီးလာမှ အဲဒီထက်ကြီးတဲ့ ရွှေကြိုးကြီး လုပ်ပြီး အမေ့ကို ဆွဲခိုင်းမယ်”ဟု ပြောတော့ အမေက သဘောကျပြီး၊ ရယ်၍ မဆုံးအောင်ရှိသည်။ ကိုကြီးတို့က “ဒီကောင်မလေး အမေ့ကို ဘာကပ်ညာနေတာလဲ၊ ဘတ်ကြိုးနော်၊ ဘတ်ကြိုး”ဟု ပြောကာ ရယ်ကြပြန်လေသည်။


* * * 


ရှစ်နှစ်ဟူသော အချိန်သည် အလွန်လျင်မြန်စွာ ကုန်လွန်သွားခဲ့လေသည်။ အခုတော့ သားသမီးအားလုံးအတွက် အမေ ရင်အေးခဲ့ရပြီ ဖြစ်သည်။


ကိုကြီးက မှော်ဘီ ဗိုလ်သင်တန်းကျောင်းတက်ပြီး စစ်ဗိုလ်ကြီး ဖြစ်သွားသည်။ မိသားစုတစ်စုလုံးကို အငှားကားမောင်းရင်း လုပ်ကျွေးခဲ့ဖူးသူ ကိုကြီးသည် ဇနီးမယားနှင့်သာမက သမီးသားနှင့်ပါ ဘဝမှာ အခြေကျ​နေပြီဖြစ်သည်။ 


ကိုလတ်ကတော့ ဂျီတီအိုင်ကျောင်းတက်ကာ အင်ဂျင်နီယာ ဖြစ်သွားသည်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် လခကောင်းကောင်းနှင့် အလုပ်ရသည်။


ကိုငယ်ကတော့ အဝေးသင်တက္ကသိုလ်မှ ဘွဲ့ကိုပင် ရယူခဲ့သည်။ အမေဆိုင်ကို ဦးစီးရင်း တဖြည်းဖြည်း ချဲ့လာလိုက်သည်မှာ အိမ်ကို နှစ်ထပ်တင်ပြီး အောက်ထပ်တစ်ထပ်လုံး ဈေးဆိုင်ဖြစ်သွားသည်အထိ ဖြစ်သည်။ အခုတော့ ဆိုင်ကို တပည့်လက်သား အစုံအလင်နှင့် ဦးစီးလုပ်ကိုင်နေသည်။ အမေလည်း အရင်တုန်းကလို မပင်ပန်းရတော့ပေ။


မီးငယ်ကလည်း ကိုငယ့်လိုပင် အဝေးသင် တက်ရင်း ဂျပန်စကားသင်သည်။ အရေး၊ အဖတ်နှင့် အပြောပါ ကျွမ်းကျွမ်းကျင်ကျင်ရှိလာသဖြင့် ဂျပန်ကုမ္ပဏီတစ်ခုတွင် အလုပ်ရသည်။ ကံကောင်းချင်တော့ လခကို ဒေါ်လာနှင့်ရသဖြင့် အစ်ကိုတွေထက်ပင် ဟန်ကျချင်နေသေးသည်။


“မီးငယ်တို့ မောင်နှမလေးယောက် အမေ့အတွက် တစ်ယောက် တစ်ကျပ်သားစီ စုပြီး ရွှေလေးကျပ်သားကြိုးကြီး ဝယ်ပေးရအောင်လေ၊ အမေက သူ့ရှိတဲ့ ဆွဲကြိုးကို အရေးအကြောင်းကျရင် ရောင်းရအောင် တစ်သက်လုံး သိမ်းထားရရှာတာ”


အဝေးမှ ကိုကြီးရောက်လာစဉ် မီးငယ်က ဆော်သြပြီး ရွှေကြိုးတစ်ကုံး ဝယ်ဖြစ်သည်။ လေးကျပ်သားပင်မက ငါးကျပ်သားကြိုးကြီး ဖြစ်သည်။


ညနေကျတော့ ကိုလတ်ကလည်း စောစောပြန်လာသဖြင့် အိမ်မှာ လူစုံသည်။ သားသမီးတွေစုံတော့ အမေလည်း ထမင်းမြိန်ကာ ပြုံးပျော်နေသည်။


“မနေ့ညက အမေလေ သားတို့အဖေကို အိပ်မက်မက်တယ်။ အမေတို့က အခုလိုပဲ စားသောက်ပြီး ရယ်မောနေကြတာ၊ အဖေကလည်း အမေ့ဘေးမှာ ထိုင်လို့ ပြုံးနေလိုက်တာကွယ်၊ ကြည်နေတာပဲ”


အမေက သတိရလွမ်းမောစွာ ပြောသည်။


 “ကျွန်တော်တို့အားလုံး အခုလို လူတစ်လုံးသူတစ်လုံးဖြစ်နေတာကို သိရင် အဖေလည်း အရမ်းဝမ်းသာမှာပေါ့ အမေရာ”


"ဟုတ်တယ်... အဖေ အရမ်းဝမ်းသာမှာ၊ အမေကလည်း အဖေ့ကို ကတိပေးခဲ့တယ်လေ၊ ဘာကိုမှ နောက်ဆံမတင်းပါနဲ့၊ အားလုံးအတွက် ကျွန်မရှိတယ်လို့လေ၊ အဲဒီစကားကို ကျွန်တော် အမြဲကြားယောင်တယ်။ နောက်ပြီး အမေ့ကိုလည်း အမြဲကျေးဇူးတင်တယ်”


ကိုကြီးက အမေ့လက်ဖဝါးကြမ်းကြမ်းများကို တယုတယဆုပ်ကိုင်ရင်း ပြောတော့ အမေက ခပ်ဖျော့ဖျော့ ပြုံးသည်။


“အမေက အမေတစ်ယောက်ရဲ့အလုပ်ကိုပဲ လုပ်ခဲ့တာပါ၊ ဘာမှ မထူးဆန်းပါဘူး သားရယ်” 


“အဲဒီအမေတစ်ယောက်ရဲ့ အလုပ်ဆိုတာ ဘယ်လောက် အနစ်နာခံရ၊ အပင်ပန်းခံရသလဲ ဆိုတာ ကျွန်တော်တို့သိတယ်လေ၊ အဖေဆုံးပြီးတဲ့နောက်ပိုင်းမှာ အမေအရမ်းပင်ပန်းခဲ့ရတာပဲ”


“အမေ ပင်ပန်းသလို သားတို့ သမီးတို့လည်း ပင်ပန်းကြရတာပဲလေ။ သားတွေ သမီးတွေ လိမ္မာလို့သာ ဒီလိုဖြစ်လာတာပါ။ အမေကတော့ လိမ္မာတဲ့သားသမီးတွေရဲ့ အမေဖြစ်ရတာ အကျေနပ်ဆုံးပါကွယ်”


အမေက ရိုးသားစွာ ပြောသည်။ အသက် ၆ဝ ခန့် ရှိပြီမို့ အမေ့မျက်နှာတွင် ဇရာ၏အရိပ်အယောင်များ လွှမ်းနေသော်လည်း အမေ့အပြုံးက နုပျိုလှပနေသည်ဟု မီးငယ် ထင်သည်။


“ဒီမှာ အမေ”


မီးငယ်က အမေ့ရှေ့က ကြမ်းပြင်ပေါ်တွင် ကိုကြီးနှင့်အတူ ရောထိုင်လိုက်သည်။


“ဒီမှာ အမေ့အတွက် သမီးတို့ရဲ့ လက်ဆောင်"


အမေ့လက်ထဲသို့ ကတ္တီပါဘူးနီလေးကို ထည့်လိုက်တော့ အမေက အံ့ဩနေသည်။ ဘာလုပ်ရမည်မသိသလို ဘူနီလေးကို ခပ်ငေးငေးကြည့်သည်။


“ဖွင့်ကြည့်ပါဦး အမေရဲ့”


ကိုလတ်တို့က ဘေးတွင် ဝိုင်းအုံလာပြီး စိတ်စောစွာ ပြောကြတော့မှ အမေလည်း ဘူးလေးကို အတန်ငယ် တုန်ရီသော လက်ချောင်းလေးများနှင့် အသာဖွင့်လိုက်သည်။ ဝင်းပြီး အိနေသော ရွှေဆွဲကြိုးကို တွေ့တော့ မင်သက်မိသလို ခေတ္တမျှကြည့်နေပြီး “ဒါ ဘယ်သူ့ဖို့လဲ” ဟု ခပ်တိုးတိုး မေးသည်။


“အမေ့အတွက်လေ” 

“အမေ့ဖို့ပေါ့” 

“အမေဆွဲဖို့” 

“အမေ့ဖို့ပေါ့ အမေရဲ့”


သူတို့လေးဦးက တစ်ယောက်တစ်ပေါက်နှင့် အလုအယက် ပြောကြသည်။ အမေသည် တဖြည်းဖြည်း ပြုံးလာပြီး ဆွဲကြိုးလေးကို ထုတ်ယူကာ မြှောက်ကြည့်သည်။ “လှလိုက်တာ”ဟု တိုးတိုးလေး ပြောသည်။ အမေ၏မျက်နှာတွင် ဝမ်းသာခြင်း၊ ကြည်နူးခြင်း၊ ဂုဏ်ယူပီတိဖြစ်ခြင်းတို့ အကုန် ဟပ်ကာ ဝင်းလက်နေသည်။ 


အမေ ဝမ်းသာနေပုံကိုကြည့်ပြီး မီးငယ်တို့အားလုံး ပျော်လာသည်။ မီငယ်က အမေ့ကို မှီနွဲ့ရင်း “အမေအမြဲသိမ်းထားတဲ့ ဘတ်ကြိုးကြီး ရွှေတိဂုံဘုရား လှူလိုက်တော့နော်”ဟု ပြောရန် စဉ်းစားနေဆဲတွင် ကိုလတ်က အရင်ဦးအောင် ပြောသွားသည်။


“အမေ.. အမေ့ဘတ်ကြိုးကြီး ဘုရားလှူလိုက်တော့လေ၊ ဒီကြိုးကို အမြဲဆွဲထားတော့နော်”


ကိုလတ်၏စကားကို ကြားတော့ အမေက ပိုပြီးပြုံးလာသည်။


“အမေလေ ရွှေတိဂုံထီးတော်ကြီးမှာ တန်တန်ရာရာ လှူချင်နေတာ သားတို့ သမီးတို့ကို သိပ်ကျေးဇူးတင်တာပဲ”


“လှူလိုက်တော့လေ အမေရဲ့၊ အမေသိမ်းထားတဲ့ ဘတ်ကြိုးကြီး လှူလိုက်တော့လေ”


မီးငယ်က လျှာခလုတ်တိုက်အောင် အလောတကြီးပြောတော့ အမေက ပြုံးပျော်ကြည်နူးစွာ ရယ်မောသည်။ 


“လှူရမယ် သမီးရဲ့၊ ဘတ်ကြိုးကို မဟုတ်ဘူး၊ ဒီကြိုးကိုလှူမှာ၊ သမီးတို့ သားတို့ သဘောတူတယ်မဟုတ်လား”


အမေက သူ့လက်ထဲမှ ရွှေကြိုးကို လက်ထဲတွင် တယုတယ ကိုင်ကာ ဆကြည့်နေရင်း မီးငယ်တို့အား ပြုံးစစနှင့် ကြည့်သည်။ ထို့နောက် ဘေးလူတွေ ကြားသွားမှာစိုးဟန်နှင့် တိုးတိုးလေး ပြောသည်။


“အမေ အမြဲ သိမ်းထားတဲ့ ဘတ်ကြိုးဆိုတာ ပုဇွန်တောင်ဈေးထဲက တစ်ရာ့နှစ်ဆယ်နှင့် ဝယ်ထားတဲ့ ရွှေတုကြီး ကလေးတို့ရဲ့”တဲ့။


မစန္ဒာ

အမျိုးသမီးရေးရာမဂ္ဂဇင်း၊ ၁၉၉၉။

No comments:

Post a Comment