ဦးရောင်ပိုမှာ စာရေးလိုသော ဆန္ဒရှိနေသူတဦး ဖြစ်၏။ နွဲ့ပြော့ နက်မှောင်သော ရောင်တစောင်း ထုံး၍ ပန်းရောင်ပဝါ ဖြော့ဖြော့ကို ဆံပင်အောက်ခြေမှ ပေါင်းထားလေ့ရှိသောကြောင့် ဤထုံးဖွဲ့မှုမှာ ယခုခတ် မျက်စိတွင် ထူးဆန်း၍နေပေသည်။ ဥပဓိရုပ်မှာ သန့်စင်ချောမောသူဟု ဆိုရမည်ဖြစ်၏။ အရပ်မှာ သွယ်ပျောင်းမြင့်မား၍ အနည်းငယ် ကိုယ်ဟန်နွဲ့ပေသည်။ မျက်နှာမှာ ဖြူဖြူသွယ်သွယ်နှင့် အစဉ် ချိုပြုံးဟန်ရှိသည်။ မြင့်သောနှာတံသည် နဖူးကျယ်ပုံနှင့် အဆင်ပြေအောင် ရှည်လျက်ရှိ၏။ ပါးနှစ်ဖက်မှာလည်း ငယ်ရွယ် နုစဉ်ကကဲ့သို့ပင် ပြည့်ဖောင်းလျက် ရှိပေသေးသောကြောင့် ဦးရောင်ပိုအား ၅၀ တွင်းဟူ၍ မည်သူမျှ မမှန်းပေ။
ဤလှပသော၊ ပိတုန်းရောင် ရောင်ချောကြောင့် ဦးရောင်ပိုဟူ၍ပင် နာမသညာ တပ်လေသလား မသိနိုင်ပေ။
စာရေးလိုသောဆန္ဒ ရှိသည် ဆိုသော်လည်း ဦးရောင်ပိုနာမည်ရင်းနှင့်ရော၊ ကလောင်နာမည်နှင့်ရော တခါဘူးမျှ မြန်မာပြည်၌ စာနယ်ဇင်းများတွင် သူ၏လက်စလက်နများကို မတွေ့ဘူးသေးပေ။ သို့သော် တနေ့သောအခါတွင် ဂန္ထ၀င် စာအုပ်ကို ဖြစ်မြောက်အောင် ရေးမည်ဟု ဦးရောင်ပိုက အစဉ် ဆိုလျက်ရှိ၏။
ဦးရောင်ပိုသည် မြစ်ဝကျွန်းပေါ်ရှိ မြို့ကြီးတမြို့မှာ မွေးဖွားလာသူ ဖြစ်၏။ ယခု အသက်တိုင်လည်း ထိုမြို့ကြီးမှ ဖဲခွာသွားခြင်း မပြုခဲ့ဘူးသေးပေ။ သူ၏အိမ်စာဖတ်ခန်းတွင်မူ လောကကြောင်း၊ ဓမ္မကြောင်းတို့ကို စာရေးဆရာအသီးသီးတို့ ပြုစုရေးသားခဲ့သမျှ စုဆောင်း၍ အစဉ်ဖတ်လေ့ရှိ၏။ အင်္ဂလိပ်စာပေများကို အထူးလေ့လာလျက်ရှိ၏။
မြို့တွင်းသို့ လမ်းလျှောံစဉ်တွင်မူ သူသည် ပခုက္ကူ ပိုးရောချည်ပါ ပန်းရောင်နှင့် အဖြူရောကွက်ထားသော လုံချည်ကို ဝတ်လေ့ဝတ်ထရှိ၍ ပင်နီအင်္ကျီ ရင်စေ့အရောင်ဖြော့ဖြော့နှင့် အလွန်ပနာရပေသည်။
အိမ်တော်ရာထီးကို ဆောင်းကာ လမ်းလျှောံသွားစဉ်တွင်မူ သူသည် ဝံသာနုခေတ်မှ မင်းသားလေးတပါးဟန် ပေါက်လျက်ရှိ၏။ သူ့နောက်တွင် အစဥ်ပါသူ စာရေးဆရာကိုသန့်ဇင်မှာ အတော်ပင် အရပ်ပုရှာသည်။ ကိုသန့်ဇင်က မိတ်ဆွေများအား သူသည် ဆရာဦးရောင်ပို၏ တပည့်ဖြစ်ကြောင်း ပြော၍ပြတတ်၏။
သို့သော် သူ၏စာပေများ တစွန်းတစနှင့် မဂ္ဂဇင်းကြီး ၃-၄ ခုတွင် တကြိမ်စီပါပြီးသောကြောင့် သူသည် ရန်ကုန်မြို့ရှိ စာရေးဆရာအသင်းကြီးသို့ပင် ဝင်ပြီးလေပြီ။
သူ့ဆရာကမူ သူ့စာပေများကို တခါမျှ အထင်မကြီးပေ။ မြန်မာစာရေးဆရာတို့ အရေးအသားညံ့ပုံ၊ အတွေးအခေါ် မနက်နဲပုံ၊ သဘာဝတ္ထမကျပုံကို အစဉ်ရှုတ်ချ ဝေဖန်လျက်ရှိပေသည်။
ဘယ်လိုပင် ဆရာက ဝေဖန်သော်လည်း ကိုသန့်ဇင်သည် ဆရာ့အပါးမှ ခွဲခွာ၍ မသွားပေ။ ဆရာနှင့် ကြာကြာ ပူးပေါင်းနေသမျှ ကာလပတ်လုံး ဆရာ့စာကြည့်ခန်းရှိ စာအုပ်များကို ဖတ်ရှုလာနိုင်မည်။ များများဖတ်သာလျှင် တနေ့ စာအရေးအသားတွင်လည်း တော်လာရမည် မဟုတ်ပါလား။ 'ဆရာ' တလုံး ခေါ်ရသည်မှာ နစ်နာစရာအကြောင်းလည်း မရှိ။ ဆရာ ဆိုသမျှ ပြောသမျှ နားထောင်ရမှာလည်း ဘာမျှ စိတ်ညစ်ညူးစရာ မရှိပေ။ ဒီကြားထဲမှ 'စာဖတ်ခြင်း' ကို အမြတ်ထုတ်ရမည် ဖြစ်၏။
ဆရာဦးရောင်ပိုမှာသာ ဘာ့ကြောင့်များ ဒါလောက် စာပေများကို ဖတ်ရှု လေ့လာနေပါလျက်နှင့် သူ့လို “စာညွန့်”တပုဒ်တောင် ခေါင်းထဲမှ ထွက်နိုင်သေးပါလိမ့်။
တနေ့သောအခါတွင်မူ မြန်မာတပြည်လုံး သိမ့်သိမ့်တုန်သွားသော စာတအုပ် ထွက်လာလိမ့်မည်ဟု တပည့်ဖြစ်သူက အစဉ်မြှော်လင့်ထား၏။ အသက်ကလည်း တဖြည်းဖြည်းနှင့် ၅၀-တွင်းသို့ ရောက်လာရပြန်သည်။ အနောက်နိုင်ငံတွင်သာ ဘဝသည် အသက်-၄၀ တွင် စ,ကြသည် ဆိုပေမင့် မြန်မာပြည်လို အရှေ့နိုင်ငံတွင် အသက် ၅၀ တွင်းသည် လောကနှင့် ဘဝကို အဆက်ဖြတ်ရန် ဓမ္မကြောင်းများ စတင်လေ့လာသောအချိန်ဖြစ်ပေသည်။
တနည်းအားဖြင့် ၅ဝ တွင်းသည် မငယ်သေး ဆိုပါလျှင်လည်း ငယ်ငယ်ရွယ်ရွယ် အတွေးအခေါ် စိတ်ကူးဥာဏ် ရှင်သန်တုန်း စာတစောင် ပေတဖွဲ့ကိုတော့ သူ့ဆရာ ရေးသားစေခဲ့ချင်ပေသည်။
မိုးဦးညနေစောင်းတွင် ဆရာတပည့် ၂-ယောက်သည် မြို့ပြင်သို့ လမ်းလျှောက်ထွက်ခဲ့ကြပေသည်။ မြို့ပြင်သည် တိတ်ဆိတ်၍ လယ်ကွင်းတို့သာရှိ၏။ လယ်ကွင်းများဘေးကို ပတ်၍သွားသော လမ်းမှာ သုသာန်ဆီသို့ ရှေးရှူလျက် ရှိ၏။ သုသာန် မရောက်ခင် ပေ ၁၀ဝခန့် အလိုတွင်မူ ဆရာတော် ဦးကောသလ္လ၏ကျောင်းတိုက်ကို မြင့်မြင့်မားမား ခံ့ခံ့ထည်ထည်ကြီး တွေ့ရပေသည်။ ဆရာတော်သည် မိုးညှင်းဆရာတော် ဘုရားကြီး၏ တပည့်ရင်းဖြစ်သောကြောင့် သူ့ကျောင်းတိုက်တွင် “မိုးညှင်း ဝိပဿနာ ကမ္မဋ္ဌာန်း" ရိပ်သာကိုလည်း သက်သက်ဖွင့်ထားပေသည်။
မိုးဦးတွင် လယ်ကွင်းတို့သည် ပျိုးပင်တို့ဖြင့် စိမ်းစိမ်းနုကာ ရေသွင်သွင်ဖုံးနေသောကြောင့် ကျောင်းဆောင်ရိပ်သည် လယ်ကွက် ရေပြင်တွင် ထင်လျက် ရှိသည်။ အနောက်တောင်ဘက် တိမ်ပါးသောအကွက်တွင်သာ နေရောင်ခြည် တစွန်းတစကို တွေ့မြင်နိုင်ပေသည်။ စိမ်းညို့ညို့ ဖြစ်နေသော ကျောင်းပရဝုဏ်အတွင်းရှိ အုန်းပင်တန်းမှာ ကောင်းကင်ညိုနှင့် ပနာဟပ်လျက်ရှိပေ၏။
ဝိပဿနာကျောင်းတိုက်မှာ ဆရာတော်၏ကျောင်းဝင်းထဲတွင်ရှိသော်လည်း အုတ်နံရံတံတိုင်းနှင့် သတ်သတ် ကျောင်းရှေ့တွင် လုပ်ထားသောကြောင့် မြို့ထဲမှသွားလျှင် ဝိပဿနာကျောင်းတိုက်ကို အရင်တွေ့ကြရသည်။ အုတ်နံရံ တံတိုင်းများတွင်လည်း ၆ ပေ အကျယ်လောံတွင် အုတ်တိုင်တတိုင်စီ စိုက်လျက် အုတ် ၂-တိုင်ကြား အင်္ဂတေနံရံတွင်မူ အလှူရှင်တို့၏ကမ္ဗည်းများကို ထိုးထားလျက်ရှိပေသည်။
“မြေပိုင်ရှင် ဦးလာဘ၊ ဇနီး ဒေါ်ရွှေကျေး၊ သမီး ခင်နုနု ကောင်းမှု”
“အစိုးရ ရိက္ခာတော်ရ အရေးပိုင်မင်း ဦးကောင်းကြွယ်၊ ဇနီး ဒေါ်ခင်ခင်လေး ကောင်းမှု
အစရှိသော စာတန်းများမှာ တနည်းအားဖြင့် ပြောင်ချောနေသော အုတ်နံရံကို လှပစေသလို ဖြစ်နေပေသည်။
ဆရာ ဦးရောင်ပိုသည် ကျောင်းတိုက်အနီး လမ်းပေါ်တွင်ရပ်ကာ တံတိုင်းများကို ကြည့်လျက်နေ၏။ တပည့်ဖြစ်သူ ကိုသန့်ဇင်ကလည်း ဆရာနှင့်အတူ ရပ်လျက်ရှိသည်။ ဆရာသည် မိုးဦး၏အလှအပကိုများ ကြည့်နေလေသလား။
လယ်ကွက်တို့ကလည်း လှပဘိခြင်း၊ စိမ်းရင့်ရင့်ရေပြင်တွင် နေခြည်ပြောက်ငယ်များ လူးလွန့်လှပ်ရှားဟန်သည် ကြည့်ရက်စရာ မရှိပါတကား။ အုန်းပင်တို့၏ ယိမ်းနွဲ့ဟန်သည် ကောင်းကင်ရှိ ရွေ့ရှားသွားလာနေသော တိမ်ညိုတို့ကိုပင် ဝှေ့ယမ်းနှုတ်ဆက်နေပေသလား။
“ဆရာပြောချင်တာ ဒါတွေဘဲကွယ်…"
ဦးရောင်ပိုသည် ရုတ်တရက် စကားဆို၏။
“ဟုတ်ကဲ့…၊ သဘာဝကို ဆိုလိုပါသလားခင်ဗျာ၊ အင်မတန် လှပပါပေတယ်၊ ချမ်းမြေ့ကြည်နူးစရာကောင်းတယ် ဆိုရင် ပိုမှန်ပေမပေါ့။ နွေဦးနေခြည်လိုတော့ ရွှင်စရာ မကောင်းပေဘူးပေါ့ ဆရာ။ ဆရာက သဘာဝကို မြင်တတ်ရမယ်၊ ကြည့်တတ်အောင် ကြည့်တတ်ရမယ်ဆိုလို့ ကျနော်လဲ အထူးလေ့လာပါတယ်"
ကိုသန့်ဇင်က ခပ်သွက်သွက် ဆိုလိုက်လျှင် ဆရာ ဦးရောင်ပိုသည် ခပ်ထေ့ထေ့ ပြုံးလိုက်၏။
“အေးကွယ်.……။ ဒါပေမင့် စာပေဆိုတာ သစ်ပင်လေး စိမ်းတာ၊ ကောင်းကင် ပြာတာနဲ့ မပြီးသေးဘူးကွယ့်။ ဒါတွေက အမွှမ်းအမံရယ်၊ ဇာတ်ကောင် သို့မဟုတ် ဇာတ်ကြောင်းပင်မရဲ့ လှုပ်ရှားမှုကို လေ့လာရအုံးမယ်။ အဲဒါလေးတွေကို မြန်မာစာရေးဆရာတွေ မမြင်တတ်သေးဘူး..."
အိမ်တော်ရာထီး၏ အရိုးဘက်ကို ... အုတ်ခဲပေါ် တွင် တဒေါက်ဒေါက် ခေါက်ကာ ဆရာက ဆို၏။
“ဘာကိုဆိုလိုပါလိမ့်ဆရာ၊ အမိန့်ရှိပါ..."
“ဟောဟိုမှာ ကြည့်စမ်း၊ ဦးလာဘ ကမ္ဗည်းရဲ့ ညာဘက်က အုန်းပင်တပင် ကပ်ပေါက်နေတဲ့ အုတ်တံတိုင်းကို တွေ့လား...”
“တွေ့ပါတယ်ဆရာ...”
“အဲဒီ တံတိုင်းနံရံကွက်ပေါ်မှာ ဘာကမ္ဗည်းများ တွေ့လဲ"
“ဘာမှ မတွေ့ဘူးဆရာ..."
“ကြည့်စမ်း…..အဲဒါကို ပြောတာပေါ့ကွယ်၊ ဘယ်လောက်ချီးကျူးဘို့ကောင်းတဲ့ အလှူရှင်လဲ၊ မွန်မြတ်တဲ့စိတ်ဓာတ်လဲ ကြည့်စမ်း၊ သူတကာ ဂုဏ်ပကာသနကို လိုလားကြလေတော့ နိဗ္ဗာန်ကိုရည်စူးပြီး လှူဒါန်းတဲ့နေရာမှာတောင် ဘယ်သူ့ကောင်းမှု၊ ဘယ်ဝါကောင်းမှုရယ်လို့ ကမ္ဗည်းထိုးကြရတာ အမော။ သူကတော့ လှူသာ လှူလိုက်ရတာပဲ၊ ဘာမှ မထင်ပေါ်ချင်ဘူး။ မှတ်တမ်း မတင်ချင်ဘူး။ အဲဒီလို စိတ်ဓာတ်ရှင်မျိုးကို မင်းတို့ လေ့လာတွေ့ဆုံပြီး စာရေးသင့်တယ်ကွယ်"
ဆရာ့စကားများသည် အထူးပင် မှန်လှပေ၏။ ဆရာသည် စာရေးဆရာကောင်းတို့ ရှိသင့် ရှိထိုက်သော၊ သူများ မမြင်တတ်သော အကွက်များကို ကြည့်ရှုမြင်တတ်သော “ဂုဏ်”နှင့် ပြည့်စုံပေသည်တကား…။
“ကျနော် ဆရာတော် ဦးကောသလ္လဆီ သွားပြီး စုံစမ်းအုံးမယ်၊ စုံစမ်းပြီး ဒီအလှူရှင်နဲ့ သွားတွေ့လိုက်မယ်လေ...မကောင်းဘူးလား ဆရာ…. “
“အေး …၊ သွားတွေ့တဲ့အခါ ငါလိုက်မယ်၊ အဲဒီလူမျိုးအကြောင်း စာတပုဒ်တော့ ရေးအုံးမယ်..”
ဆရာသည် သူ့စကားကို နိဂုံးချုပ်ကာ ရှေ့မှ လမ်းဆက်လျှောက်သွား၏။
ဆရာတော် ဦးကောသလ္လအား ကိုသန့်ဇင် သွားရောက်တွေ့ဆုံသောနေ့တွင်မူ ဆရာတော်သည် မိုးညှင်းသို့ ကြွသွားကြောင်း သိရလေသည်။ ဒုတိယကျောင်းထိုင် ကိုယ်တော်မှာ သူသိလိုသောအကြောင်းကို ဘာမျှမဖြေပေ။ ဦးပဥ္စင်း ဦးမဟိန္ဒကမူ အကြံဉာဏ်တခု ပေး၏။
“ဒကာကြီး သိချင်ရင် ဒီတံတိုင်းတွေမှာ ကမ္ဗည်းထိုးတဲ့ ပရန် ကိုစံရွေးဆီ သွားပါလား၊ စာရေးဘို့ နာမယ်တွေကို သူ့ကို စာရင်းနဲ့တကွ အပ်ထားတာ၊ အသေးစိတ်စာရင်းတွေက ဒကာကြီးဦးဘစံဆီမှာ ရှိပေမဲ့ သူကလဲ ဆရာတော်နဲ့အတူ မိုးညှင်း လိုက်သွားတယ်”
ကိုသန့်ဇင်သည် သုသာန်၏အနောံဖက် ချောင်းတဖက်ကမ်း၌ နေသည့် ဦးစံရွေးဆီသို့ လိုက်၍သွား၏။
ဦးစံရွေးသည် ပန်းရန်ဆရာကြီးနှင့် မတူအောင်ပင် ပြည့်ဖြိုးခံ့ထည်လှသည်။ ခေါင်းတွင် ဆံပင်ရှည်မရှိသော်လည်း ပုဝါပန်းရောင်တပတ်နွမ်းကို ရစ်ပေါင်း၍ ထားပေသည်။ သူ့ကိုတွေ့လျှင်ပင် ဖျာထိုးပေးကာ ရေနွေးကြမ်း လဖက်တို့ကို ချက်ခြင်း တည်ရှာသည်။
“ဆိုပါအုံးဆရာလေးရဲ့……၊ လာတဲ့ကိစ္စကို”
ဦးစံရွေးက ပျူပျူငှာငှာ ဆို၏။
“အထွေအထူးတော့ ဟုတ်ပါဘူး၊ ဆရာတော် ဦးကောသလ္လရဲ့ ဝိပဿနာကျောင်းတိုက်က အုတ်တံတိုင်းတွေမှာ ဆရာကြီး ကမ္ဗည်းထိုးတယ်မှတ်လား"
“ဟုတ်ပါတယ်...။ ဟုတ်ပါတယ်.."
”ဒီတော့ အလှူရှင်တွေရဲ့ စာရင်း ဆရာတော့်ထံ ပါသွားတယ်လို့ ဆိုတယ်၊ ဆရာကြီး ကမ္ဗည်းရေးတုန်းက ကော်ပီတော့ ပေးထားမှာပေါ့"
“ပေးထားပါတယ်၊ ဒီအထဲ ဘာများသိချင်လို့လဲ”
“နံရံတခုမှာ ကမ္ဗည်းမထိုးဘဲ ကွက်လပ်ဖြစ်နေတယ်၊ အဲဒီဟာ ဘယ်သူများ လှူတာလဲလို့….”
ဦးစံရွေးသည် မျက်ခုန်းအနည်းငယ်ရှုံ့၍ တွေးနေပြန်၏။ သူ့အသက်မှာ ၆ဝ-လောက် ခန့်မှန်းရသော်လည်း မျက်နှာသွင်ပြင်သည် မျက်ခုန်းရှုံ့နေချိန်တွင်သော်မှ ကြည်ကြည်လင်လင်ရှိလှသည်။
"ဪ… မှတ်မိသပေါ့၊ ကိုလာဘ အနား တံတိုင်း ဖြစ်ရမယ်..."
“အဲ ...အဲဒီဟာ ဘယ်သူလှူတာလဲဟင်..”
“ဟိုလေ..အရှေ့ပိုင်းက ဝတ်လုံတော်ရဟောင်း ဦးမြတ်စိုးတို့မိသားစုပေါ့။ ကျုပ်မှတ်မိနေတာက နောက်ဆုံး စာကမ္ဗည်းထိုးဘို့ ကျန်လို့ ဆရာတော်က နေအုံး ဆိုတော့ သေသေချာချာ ဒီအကွက်ကို မှတ်မိနေတာပါ ”
“ဒီလိုဆို သူတို့ ဘာလို့ အလှူရှင်အမည် ကမ္ဗည်းမထိုးလဲဆိုတာ တဆိတ် သိပါရစေခင်ဗျာ"
“ဟေ ..ဟေ...မောင်ရင်ရေ၊ ဒါတခုတာ့ ဆရာကြီးလဲ မသိဘူးမောင်ရေ့၊ အေးကွယ့်.… ဆရာတော် အမိန့်မရသေးလို့ မရေးတာပဲ...”
ကိုသန့်ဇင်မှာ ကျေနပ်စရာမကောင်းသောအဖြေကြောင့် အောင့်သက်သက်နှင့် ပြန်လာခဲ့ရသည်။ နောက်နေ့တွင်မူ ဆရာလေးဦးရောင်ပိုနှင့်အတူ ဦးမြတ်စိုးထံသို့ သွားရောက်လည်ပတ်ကြသည်။
ဦးမြတ်စိုးသည် ဆရာလေးအား ဖော်ဖော်ရွေရွေ ဧည့်ခံ၏။ ဦးမြတ်စိုးမှာ ၆ဝ-ကျော်လောက်ရှိ၍ ထူးခြားသော သွင်ပြင်ရုပ်ရည်မရှိသော်လည်း မည်းနက် သေးသွယ်သော နှုတ်ခမ်းမွေးသွယ်သွယ်မှာ ဦးမြတ်စိုးမျက်နှာ၏ အဆောင်အယောင်တခုပင်တည်း။ သူတို့ကို ဆီးကြိုသောအခါတွင် ဝတ်လုံတော်ရမင်းသည် ဘန်ကောက်လုံချည်တပတ်နွမ်း ရေနံရောင် ဝတ်ထားလျက် ရှပ်အင်္ကျီမှာ ဝါဖြော့ဖြော့ လက်ရှည်ဖြစ်သောကြောင့် နုပျိုဟန်ရှိသည်။ ခြေထောက်တွင် ရာဘာခံထားသော ဂျပန်ဖိနပ်ကို စီးထားသောကြောင့် သူလှုပ်ရှားနေစဉ်တွင် ကြမ်းပြင်ပေါ်၌ ခြေသံမကြားရပေ။
ကိုသန့်ဇင်သည် ကုလားထိုင်တွင် မထိုင်ခင် ဧည့်ခန်းကို ကြည့်လိုက်၏။ ရှေးသူဌေးတို့ပုံစံအတိုင်း ကြေးပန်းအိုးပြောင်ပြောင်အောက်တွင် ဇာစားပွဲခင်း ခင်းထားသော စားပွဲများမှာ အခန်းဝနှင့် ပြူတင်းဝများတွင်ရှိကြသည်။
ဧည့်ခန်း အဝင်ဝအပေါက်နှင့် မျက်နှာချင်းဆိုင်တွင်မူ ၄-ပေလောက် အမြင့်ရှိသည့် ရွှေမင်သုတ် ဘောင်ခတ်ထားသော ဓာတ်ပုံကြီးတပုံ တွေ့ရသည်။ ဓာတ်ပုံထဲက လူကြီးမင်းသည်လည်း အသက် ?? နီးပါးခန့်ရှိ၍ ဦးမြတ်စိုးကဲ့သို့ပင် နှုတ်ခမ်းမွေးသယ်သွယ်နှင့် ဖြစ်သော်လည်း မျက်နှာပေါက်မှာမူ ဦးမြတ်စိုးထက် လှပခံ့ညားပုံရပေသည်။
ဓာတ်ပုံထဲမှအဖိုးကြီးသည် ပုဆိုးရှည် ထိုင်မသိမ်း အင်္ကျီရှည်ကို ဝတ်ပြီး၊ လည်ပင်းတွင်မူ ဖဲပြားကြိုးနှင့်ဆွဲထားသော ရွှေတံဆိပ်တခုကို ဆင်ယင်၍ထားပေသည်။ ခေါင်းဗောင်းသည် ပြောင်မဟုတ်ဘဲ အနက်ခံပေါ်တွင် ပန်းကွက်ပန်းနွယ်များ ဆေးရေးထားဟန်ရှိပေ၏။
အောက်ဆုံး ရွှေမင်မှန်ဘောင်၏အပေါ်နားတွင် အစိုးရရိက္ခာတော်ရ ကေအက်စ်အမ် တီဒီအမ် အရေးပိုင်မင်း “ဦးဖိုးရွှေ”ဟူသော စာလုံးကို တွေ့ရ၏။
ကိုသန့်ဇင်၏မျက်လုံးများသည် ဓာတ်ပုံမှ ခဏခွာ၍ ဦးမြတ်စိုးကို ပြုံး၍ နှုတ်ဆက်လိုက်ရသေးသည်။
“လာတဲ့ကိစ္စ ဆိုပါအုံး ဆရာလေး.."
ခပ်ပြုံးပြုံးပင် ဆရာလေးဦးရောင်ပိုကို ကြည့်ကာ ဦးမြတ်စိုးက မေးလိုက်၏။
“ဒီလိုပါခင်ဗျား၊ စပ်စုတယ်လို့ တော့ မထင်ပါနဲ့၊ ဦးကောသလ္လရဲ့ ဝိပဿနာကျောင်းတိုက်မှာ ဝတ်လုံတော်ရကြီး အုတ်တံတိုင်း တခန်း လှူထားတယ်လို့ သိရပါတယ်”ဟု ဦးရောင်ပိုက ပြန်ဖြေ၏။
“ဟုတ်တာပေါ့ … ၊ ဆိုစမ်းပါအုံး၊ ဟုတ်ပါတယ်”
အားရပါးရ ဆိုလိုက်စဉ် နှုတ်ခမ်းမွေးများမှာ ကော့ထောင်သွားကြသည်။
“ကျနော်သိချင်တာက သူများတွေလှူဒါန်းကြတဲ့ အုတ်တံတိုင်းအသီးသီးမှာ ကိုယ့်အကွက်နဲ့ကိုယ် ဘယ်သူ့ကောင်းမှု၊ ဘယ်ဝါ့ကောင်းမှုဆိုတာ ကမ္ဗည်းရေးထိုးထားပါတယ်...။ ဒီက လူကြီးမင်း တံတိုင်းမှာတော့ ဘာမှ ရေးထားတာ မတွေ့သေးလို့ပါ။ ဘာကြောင့်များ ဦးမြတ်စိုးကောင်းမှုကို ကမ္ဗည်းမတင်သေးတာလဲခင်ဗျာ...“
"ဪ…. ဪ..ဟုတ်..ဟုတ်ကဲ့ …၊ အဲဒါ မဆံ့လို့ ဗျို့.... မဆံ့လို့ ..."
ဆရာလေး ဦးရောင်ပိုမှာ ပါးစပ်အဟောင်းသားနှင့် ငေး၍သွားတော့သည်။ ကိုသန့်ဇင်ကမူ အဓိပ္ပါယ်ကို နားမလည်နိုင်သေးဘဲဖြစ်နေ၍ ...“ဘယ်လိုမဆံ့တာလဲ ခင်ဗျာ...၊ သိခွင့်များ ရှိပါရင်..”ဟု မေးလိုက်၏။
“ရှိပါတယ်...ဒီလိုလေ ဆရာလေးတို့ရဲ့ ၊ ဒီအကွက်တကွက်က ကျနော်တယောက်ထဲ လှူထားတာမဟုတ်ဖူး။ ဆရာလေးသိတဲ့အတိုင်း ဆရာလေးတပည့်တောင် ဖြစ်ဖူးသေးသားဘဲ၊ ကျနော့်သားကြီး ကျောက်ဆယ်က ဆည်မြောင်း အင်ဂျင်နီယာ မောင်ဘသွင်-ခင်မမ၊ ပြီးတော့ သားလတ် မော်လမြိုင်က နယ်ပိုင်မင်း သန်းလှရွှေ-ခင်လေးမြင့်၊ အတွင်းဝန်ရုံးက သမီးနဲ့ သားမက် အတွင်းဝန်လေး ခင်မောင်ဦး-လှသက်မော်တို့၊ တလောကမှ ဗိုလ်သင်တန်းဆင်းတဲ့သားအထွေး ဗိုလ်အောင်စံထား-တင်မမကြီး၊ ပီးတော့ ကျနော့်နှမ ယစ်မျိုးဝန်ထောက်ကတော် ခင်ခင်သက်နဲ့ ဦးစိန်ထွားကလဲ ပါသေးဗျာ.….။ ဒီတော့ ဆရာလေးဘဲ စဉ်းစားပါအုံး။ ကမ္ဗည်းက အစချီရရင် ကျနော့်မိဘများကို အမှု ထားရမှာ ဖြစ်လေတော့ “အစိုးရ ရိက္ခာတော်ရ ကေအက်စ်အမ် တီဒီအမ် အရေးပိုင်မင်း ဦးဖိုးရွှေ၊ ဇနီး အနောက်ဝန်မင်း မြေးတော် ခင်မမနှောင်းတို့အား အမှူးထား၍လို့ ဆိုပီး ဟိုပြောခဲ့တဲ့ ကျနော့်သားသမီးတွေ အကုန်ထဲ့မှ။ ဒီတော့ တတောင်ပတ်လည်လောက် အကွက်မှာ စာလုံးကြီးနဲ့ဆို ဘယ်ဆံတော့မလဲ။ ဒါကြောင့် အားလုံးလဲ ပါအောင်၊ ရေးလို့လဲ ပြေပြစ်အောင် ... စာလုံးအသေးနဲ့လဲ မထိုးချင်လို့ စဉ်းစားနေတုန်း ဆရာတော်ကို တောင်းပန်ထားသေးတာ...”
“ခွင့်ပြုပါအုံး”
ဆရာလေးဦးရောင်ပိုသည် မျက်စိပျက်မျက်နှာပျက်နှင့် ရုတ်တရက် ထသွားသောကြောင့် ကိုသန့်ဇင် ဦးမြတ်စိုးကို အားနာသွားတော့သည်။
“ကျေးဇူးတင်ပါတယ် ဝတ်လုံတော်ရမင်း၊ ကျနော်တို့ကို ခွင့်ပြုပါ....”
သူက လောကဝတ်အတိုင်း နှုတ်ဆက်၍ ဦးရောင်ပိုနောက် လိုက်သွားရတော့သည်။ ဦးရောင်ပို၏ဝတ္ထုသည် ထွက်ပေါ်လာအုံးမည် မဟုတ်သေးပေ။
ခင်နှင်းယု
No comments:
Post a Comment