Tuesday, July 5, 2022

လင်ပူလွန်ပူ (သုခ)

 


လင်ပူလွန်ပူ


ညဆယ့်နှစ်နာရီ ဆိုသော အချိန်မှာ ရန်ကုန်မြို့လယ်ခေါင်အတွက် ညဉ့်နက်လှသေးသည်ဟု မဆိုသာသေးသော်လည်း မြို့၏ဆင်ခြေဖုံး မြေနီကုန်းတစ်ဝိုက်တွင်ကား လူခြေတိတ်လှလေပြီ။ မိုးလင်းမှ နေ့လယ်၊ နေ့လယ်မှ ညဦးကလေးအထိ ပဲခူး၊ ထောက်ကြံ့၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ကမာရွတ် ဘတ်စ်ကားများ ဆူချင်သလောက် ဆူ၍ စည်ချင်သလောက် စည်ခဲ့သမျှ သန်းခေါင်လောက်ကျမှ လုံးဝ တိတ်ဆိတ်နိုင်ရကား ပြည်လမ်းမကြီးပေါ်ရှိ တိုက်ကလေးများမှာ အတွင်းမီးရောင် ဟူ၍ မတွေ့ရတော့ဘဲ မည်းမှောင်သော မိုးကောင်းကင်အောက်၌ ကုတ်ကုတ်ရို့ရို့ကလေး ငြိမ်ဆိမ်နေကြလေ၏။


သူခိုးဘစိုးသည် ယနေ့ညအတွက် အလုပ်ခွင်ဝင်ရမည့် တိုက်ကလေးကို ညနေခင်းကတည်းက လူးလာ တုံ့ခေါက် စောင်းပါးရိပ်ခြေ အကဲခတ်ပြီးဖြစ်လေသည်။ သူခိုးဘစိုးဟု နာမည်တွင်သော်လည်း သတ္တိမှာ ခေသူမဟုတ်၊ နောက်လိုက် နောက်ပါ အဖော်အပေါင်း မပါဘဲ လူအိပ်လျှင် ခိုး၊ လူနိုးလျှင်ဓားပြ ဧကစာရီ ကျင့်ရဲသူ ဖြစ်လေ၏။


တိုက်ကလေးအနီးသို့ ကပ်သည်နှင့်တစ်ပြိုင်နက် ဘစိုးသည် သူ့အလုပ်ကိုသူ ကျင်လည်စွာ စ,တင်လိုက်လေသည်။ သူခိုးမျက်စိ သူခိုးပညာနှင့် ကြည့်ရလျှင် မြေနီကုန်းတစ်ဝိုက်က တိုက်ကတုံးကလေးများမှာ သူခိုးဝိဇ္ဇာတို့ သွားရေကျစရာ အတော်ကောင်းလှသည်။ အကြောင်းကား...ကိုယ့်ခြံကိုယ့်ဝင်းနှင့် နေသဖြင့် တိုက်ခြင်း အလှမ်းကွာဝေးခြင်း၊ မနိမ့်မမြင့် မြေပြင်မှ အဆင်သင့် ကျော်လွှား ဝင်နိုင်ခြင်း၊ ဗိုလ်ဆန်ဆန် ပုံပန်းသဏ္ဌာန်နှင့် မှန်ပြတင်းပေါက်များမှာ ခိုင်ခံ့လွန်းသော တံခါးရွက်များ မရှိခြင်း၊ ပစ္စည်းတတ်နိုင်သူများသာ နေလေ့ရှိခြင်း၊ ရဲဌာနနှင့် ဝေး၍ ပတ္တရောင်များ လစ်ခြင်း၊ ထို့ပြင် တိတ်ဆိတ်သော လမ်းမ သဘာဝ ဖြစ်သောကြောင့် သန်းခေါင်က ကျော်လျှင် အိမ်ရှင်တွေ အိပ်မောကျခြင်းတို့ ဖြစ်လေ၏။


ဘစိုးသည် မှန်ပြတင်းပေါက် ခပ်နိမ့်နိမ့် တစ်ခုအနားသို့ ချဉ်းကပ်၍ အိမ်တွင်းသို့ အကဲခတ်လိုက်လေသည်။ မီးရောင် မရှိသော်လည်း အမှောင်ကို ကြည့်နေကျဖြစ်သောကြောင့် ဧည့်ခန်း၏အနေအထား၊ အိမ်ခန်း၏အဝင်အထွက်၊ ထို့နောက် သစ်သားတံခါးရွက် တပ်ထားသော အိမ်ခြေရင်း တစ်ဖက်က ပြတင်းပေါက်တစ်ခုပါ မှတ်မိလိုက်သည်။ ဧည့်ခန်းတွင်ပင် အဖိုးတန် ငွေထည်ပစ္စည်း အဝတ်အစား အသုံးအဆောင်များ တော်တော်တွေ့ ရသည်။


သူခိုးထုံးစံအရ မှန်ပြတင်းပေါက်ကို ချောင်းကြည့်ရန်သာ အသုံးချရုံရှိသည်။ တကယ်ဆိုတော့ မှန်ကိုခွဲ၍ အထဲဝင်ရန်မှာ အသံကြောင့် အနှောင့်အယှက်ဖြစ်သည်သာမက အများအားဖြင့် မှန်ပြတင်းပေါက်တိုင်း သံတိုင်ကလေးတွေ ရှိကြသည်။ သစ်သားအရွက် တပ်ထားသော တံခါးရွက်မှာ တစ်လက်မခွဲ လွန်ပူနှင့် တြိဂံသုံးခုဆက်၍ ဖောက်လိုက်ရလျှင် အတွင်းချက်ဖွင့်ဖို့ ချောင်ချောင်ကလေး လက်ဝင်သာသည်။ သစ်သားကို လွန်ပူနှင့် ဖောက်ခြင်းမှာ အဘယ်မျှလောက်မှ အသံမမြည်နိုင်။


ဘစိုးသည် ဆယ့်ငါးမိနစ် အချိန်နှင့် ရင်းလိုက်သဖြင့် အိမ်တွင်းသို့ ရောက်ခဲ့လေပြီ။ လိုချင်သောပစ္စည်း ရှိရာသို့ အလောသုံးဆယ် မသွားခဲ့သေး။ သူခိုးသင်ခန်းစာမှာ အိမ်တွင်းသို့ ခြေချမိသည်နှင့်တစ်ပြိုင်နက် ကျောက်ရုပ်လောက် ငြိမ်သက်စွာရပ်၍ လူသံကို နားစွင့်ရသေးသည်။ ထို့နောက် (ကတွတ်ပေါက်)ဟု ခေါ်သော ပြေးပေါက်ကိုလည်း အပိုဖွင့်ထားရသေးသည်။ ပြီးတော့မှ အိမ်ရှင်၏အိပ်ခန်း၊ အိမ်သာ သွားရာလမ်းတို့ကို စေ့ငုသေချာ ထောက်လှမ်းရပါသေးသည်။ ပြီးတော့မှ ငွေကို ရှာတန်ရှာ၍ ပစ္စည်းကိုသာ တွေ့လျှင်လည်း အဖိုးအတန်ဆုံးနှင့် အပေါ့ပါးဆုံး ပစ္စည်းကို ချက်ချင်း စိတ်ပိုင်းဖြတ်၍ ယူရပေသည်။


အိမ်ဦးခန်း ခပ်ကျကျလောက်တွင် မီးခံသေတ္တာတစ်လုံးကို မျက်စိကျမိသည်။ ထိုသေတ္တာမျိုးမှာ ရှေးရိုးအမျိုးအစားဖြစ်သောကြောင့် သော့တူအမျိုးမျိုးနှင့် ဘစိုး ဝီရိယစိုက်လိုက်ရလျှင် ပွင့်နိုင်ကောင်းစရာရှိသည်။


သူခိုးဝိဇ္ဇာ ကိရိယာတွေ ပါသော ရွက်ထည်လွယ်အိတ်ကို ဘေးတွင်ချ၍ သေတ္တာရှေ့၌ မုဆိုးဒူးထောက် ထိုင်လိုက်ကာ သော့အိမ်ကို စူးစမ်းကြည့်လိုက်သည်။ ထိုအခိုက် တစ်အိမ်လုံး မီးတွေ လင်းလာသောကြောင့် ဘစိုးမှာ တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်လိုက်သလို ဖြစ်သွားတော့လေ၏။


“ဘယ့်နှယ် ကိုတော်ချော၊ ဒီနားတစ်ဝိုက် မင်းချည်းပဲ ကျက်စားနေတယ် မှတ်တယ်"


အိပ်ခန်းဝက အသက်သုံးဆယ်ခန့် မိန်းမတစ်ယောက်ကို မြင်လိုက်ရသော်လည်း ဗြုန်းခနဲ ကြက်သေသေ၍ ထိုင်ရာမထ နေလိုက်မိသေးသည်။ ဗြုန်းခနဲ သတိရ၍ ထတော့မည်အပြုတွင်... 


"ဒီမှာ... မထလိုက်နဲ့နော်...မိန်းမပေမယ့် မူးစေ့လောက်ကို မှန်အောင်ပစ်နိုင်တယ် သိလား"


ဘစိုး တွေ့ ခဲ့ဖူးသမျှ မိန်းမတွေထဲက ထူးကဲသော လေသံနှင့် တည်ကြည် ရင့်ကျက်သော မျက်နှာထားပါ တွေ့ရလျက် လက်ထဲတွင်လည်း ဒန်ရောင် တဖိတ်ဖိတ်တောက်နေသည့် ခြောက်လုံးပြူးကလေးကို တွေ့ရသေးသည်။ တကယ်ဆိုတော့ သူခိုးဆိုလျှင် မိန်းမတိုင်း အူတုန် အသည်းတုန် တဆတ်ဆတ်ခုန်၍ မျက်ကလဲဆန်ပြာ ဖြစ်တတ်ကြသည်။ ယခုမိန်းမကတော့ ခပ်အေးအေးနှင့်ပင် မျက်စိနှစ်လုံးသာ ဝင်းဝင်းတောက်နေကြောင်း ဘစိုး သတိထားမိသည်။ 


သူခိုး၊ ဓားပြတို့၏ ပညာတစ်ရပ်မှာလည်း လူနှင့်လူချင်း တွေ့မိပြီ ဆိုကြလျှင် ထိုလူကို မိမိနိုင်မည် မနိုင်မည်၊ စိတ်ဓာတ်အားတွင် ကြောက်ရွံ့သည် ရဲဝံ့သည်တို့ကို ချက်ချင်း ဆုံးဖြတ်နိုင်ကြသည်။ သို့မှ မီးစင်ကို ကြည့်၍က,ကာ ကိုယ်လွတ်ရုန်း၍ ပြေးတန်လျှင်ပြေး၊ ခုခံနိုင်လျှင်ခုခံ၊ နောက်ဆုံး တောင်းပန်၍ ရမည်ဆိုက တောင်းပန်ကာ ပြေးကြရသည်။


ဘစိုး ရိပ်မိသမျှဆိုလျှင် ထိုမိန်းမကား အရုပ်မဆိုးပေမင့် သတ္တိရှိကြောင်း သိရသည်။


“ကဲ... ခင်ဗျား မိပြီ ဆိုပါတော့၊ ကျုပ်ကို ဘာလုပ်မလဲ၊ ရဲကို တယ်လီဖုန်းဆက်ပေါ့”


“မင်းကိုငါ ရဲဌာန မပို့ဘူး စိတ်ချ... ဟေ့- ဟေ့ ထ,မယ် မကြံနဲ့နော်၊ မင်း ဒီလိုထိုင်နေရာက ခြေတဖက် ပြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဒိုင်းခနဲ အသက်ထွက်မယ်မှတ်” 


ဘစိုးက စကားရော ဖောရောနှင့် ခုခံတန် ခုခံ၍ လစ်တန်လျှင် လစ်ရန် ကြံရွယ်ထားသမျှမှာ ပျက်ပြယ်၍သွားလေတော့၏။ ထိုအခါ မျက်ရည်ခံထိုးရန် အဆင့် ကျန်သေးသည်။ မိန်းမ ဟူသည်မှာ အကြင်နာ မကင်းကြ၊ နောင်ဂျိန်ခန်းထက် လွမ်းခန်းကို ပိုကြိုက်ကြသည်။


“ကျွန်တော်ဘာမှ မယူရသေးပါဘူး ခင်ဗျာ...သွားပါရစေတော့၊ တကယ်ဆိုတော့ မရှိဆင်းရဲလို့ ဒီလိုကြံမိတာပါ”


“အေးလေ၊ စားစရာရှိအောင် ငါပေးပါ့မယ်...သွားတော့ မသွားရသေးဘူး”


“ဒါဖြင့် သူခိုးကို ထမင်းများ ကျွေးဦးမလို့လား” 


ဘစိုးက ပျော်တတ်သူ ဖြစ်သဖြင့် ပြက်လုံးကလေး ထုတ်လိုက်မိသည်။ အိမ်ရှင်က ဘစိုးကို သဘောကျသလို ကြည့်ပြီး ပြုံးလိုက်လေ၏။


“မင်းကို ထမင်းကျွေးဖို့ထက် ငါ့ယောက်ျား ပြန်လာဖို့ အရေးကြီးတယ်။ သူ ပြန်မလာမချင်း ဘယ်မှ မသွားရသေးဘူး”


“မလုပ်ပါနဲ့ မမရယ်… မမပြောတော့ ရဲဌာန မပို့ဘူးဆို”


“အေးပါ... ရဲဌာန မပို့တဲ့အပြင် မင့်ကို ငွေတစ်ရာ ပေးလိုက်ဦးမယ်၊ ဘာမှလည်း မလုပ်စေရပါဘူး”


ဘစိုးသည် မမျှော်လင့်သော စကားကြောင့် အံ့အားသင့်သွားလေသည်။ အိမ်ရှင်မကား ဘစိုးကို ပြန်မပြောသေးဘဲ လွန်ပူ ဖောက်ထားသော တံခါးရွက်ကို ကြည့်လိုက်လေသည်။


“အင်း... လွန်ပေါက်က နေရာအကျသားပဲ”


“ကဲ- ကျွန်တော် သွားပါရစေတော့ မမရယ်”


“မင်း ငွေတစ်ရာ မလိုချင်ဘူးလား... အေး တစ်ခုတော့ ရှိတယ်၊ မင့် လွန်ပူကိုတော့ ငါ့ကို ပေးပစ်ခဲ့ရမယ်”


ထိုအခိုက် မော်တော်ကားမီးရောင်တစ်ခု အိမ်ဝင်းထဲသို့ ထိုးဖောက် ဝင်ရောက်လာလေ၏။ စက်သံကို ကြားလိုက်လျှင် ကြားလိုက်ချင်း အိမ်ရှင်မသည် သူ့ယောက်ျား ပြန်လာကြောင်း ယုံမှားမရှိ သိလေသည်။


“ကဲ- မင်း ဟောသည် ပြတင်းပေါက်က ဆင်းပြီးတော့ ဝင်းအပြင် ရောက်အောင် ပြေးပေတော့၊ အင့်… ငါပြောတဲ့ ငွေတစ်ရာ… မင့် လွန်ပူတော့ ထားခဲ့နော်”


ဘစိုးမှာ စဉ်းစားနေစရာ အံ့သြနေစရာ အချိန်မရတော့ပေ။ ယောက်ျားတစ်ယောက် ဝင်လာမှာကို စိုးရိမ်ရသဖြင့် အိမ်ရှင်မ လက်ထဲက ရာတန်တစ်ရွက်ကို ခပ်သုတ်သုတ် ဆွဲယူကာ လွယ်အိတ်ကို လွယ်၍ ခုန်ဆင်းလိုက်ရလေသည်။


“ဟေ့... ဘယ်သူလဲ”


မော်တော်ကားပေါ်မှ အော်မေးသံကို ကြားလိုက်ရသည်။ သို့သော် ဖနောင့်နှင့် တင်ပါး တစ်သားတည်း နေအောင် ပြေးခဲ့ရတော့သည်။ သို့သော် ဘစိုး မကျေနပ်။ သူ၏ သူခိုးသက်တမ်းတွင် ဤဇာတ်မျိုး ဘယ်အခါကမှ မက,ခဲ့ရ။ ယခုမှ ရှုပ်ရှုပ်ပွေပွေ က,ခဲ့ရသည်။ အိမ်ရှင်မ အဘယ်ကြောင့် လွန်ပူကို ငွေတစ်ရာနှင့် လဲယူလိုက်သနည်း။ သူ့ယောက်ျားဆိုသူ ပြန်လာမှ ကိုယ့်ကို အဘယ့်ကြောင့် လွှတ်လိုက်ရသနည်း။


လူတို့မည်သည် ရှုပ်ထွေးလာမှ ပို၍ ရှင်းချင်ကြသည်။ မသိနိုင်တာမှ ပို၍ စပ်စုချင်ကြသည်။ ဘစိုးသည် ပြေးရာက စဉ်းစားပြီး ရပ်ကာ ထိုအိမ်ဆီသို့ ပြန်ကြည့်မိသည်။ အိမ်မှာ မီးလင်းလျက် ရှိသေးရုံမျှမက လှုပ်လှုပ်ရှားရှား သွားနေသော အရိပ်တွေပါ မြင်နေရသေးသည်။ ဘစိုးကား မတင်မကျဖြစ်နေသော ဆန္ဒကြောင့် ဘေးမကြောက် ရန်မကြောက် အိမ်အနီးသို့ ပြန်လည် ချဉ်းကပ်မိတော့သည်။ အိမ်နားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဒေါသဖြစ်နေသော အသံကို ကြားရလေ၏။


“ပြောကွာ... ပြောကွာ၊ ခုနထွက်သွားတာ ဘယ်သူလဲ”


အသက် သုံးဆယ့်ငါးနှစ်ခန့် မွန်မွန်ရည်ရည် အလတ်တန်းစားလူက ကုလားထိုင်ပေါ်တွင် ခေါင်းငုံ့၍ ထိုင်နေသော အိမ်ရှင်မအား ခေါက်တုံ့ခေါက်ပြန် လျှောက်ရာက မေးနေခြင်း ဖြစ်တော့သည်။


“ဘယ်သူမှ မဟုတ်တာ၊ ဘယ်သူလို့ ပြောရမှာလဲ၊ သူခိုး ဖြစ်မှာပေါ့”


“သူခိုး… သူခိုး… ဒါ သူခိုး မဟုတ်ဘူးကွ၊ သူခိုးက မီးထွန်းပြီး ခိုးမလား၊ နောက်ပြီး နောက်ပြီး မင်းလည်း ဘာဖြစ်လို့ ဧည့်ခန်းထဲကို ကမန်းကတန်း ထ,လာခဲ့ရတာလဲ၊ ဒါ မင်း မူမမှန်တာ မဟုတ်လား၊ ပြောစမ်း ပြောစမ်း၊ ဘယ်သူလဲ၊ ဘောင်ဒရီက အေးဖေဆိုတဲ့ အကောင် မဟုတ်လား၊ ဒီကောင်ဟာ မင်းနဲ့ ဆွေမျိုး မကင်းပါဘူး ဆိုပြီး လာလည်နေတဲ့ အကောင်ပဲ၊ ငါ အစကတည်းက မသင်္ကာနေတာ၊ ပြောကွာ၊ ပြော၊ အေးဖေ မဟုတ်လား၊ ငါ့ကို လိမ်လို့မရဘူး၊ သူများ မျက်ခုံးမွေးပေါ်မှာ စင်္ကြံလျှောက်တဲ့ အကောင်ကွာ၊ မြွေပွေးမ ပိုးထိခံရတာ ရှက်လှတယ်”


ယောက်ျား လုပ်သူက ကြိမ်းလိုက် မေးလိုက်နှင့် သူ့မိန်းမ၏ ပေါင်ဒါပျက်နေသော မျက်နှာကိုလည်း သတိထား ကြည့်နေလိုက်သေးသည်။ ထိုအခါမှ ရင်, တင်, ခါး စသည်တို့ကိုလည်း အကဲခတ်နေလိုက်သေးသည်။ မိန်းမဖြစ်သူကား အေးစက်စက်ပင် မျက်မှောင်ကုတ်လျက်ပင် ရှိလေ၏။


“ပြောလေ... အေးဖေ မဟုတ်လား”


“အို- မဟုတ်ပါဘူး ဆိုနေ”


“ဘာမဟုတ်ရမှာလဲ၊ လက်ဆုပ်လက်ကိုင် မိတာ မုန်လာဥ လုပ်ချင်သေးသလား၊ မျောက်မထားမ”


“ရှင် ဒီလိုမစွပ်စွဲနဲ့၊ ရှင်သာ... ရှင်သာ မယားငယ် ယူတာ”


“မယားငယ် ယူတာ ဘာဖြစ်သလဲ...၊ ယောက်ျားကွ၊ သွေးနဲ့သားနဲ့”


“အို- ဒါတော့ ယောက်ျားလည်း သွေးနဲ့သားနဲ့ ၊ မိန်းမလည်း သွေးနဲ့သားနဲ့”


“ဟင်- နင် ဒါဝန်ခံတာပေါ့၊ ငါ မယားငယ်ဆီ သွားသွားနေလို့ နင်က လင်ငယ်ကို ခေါ်အိပ်တာပေါ့လေ၊ ကမြင်းမ” 


ယောက်ျားပျိုက ပြောပြောဆိုဆို မိန်းမ၏ပါးကို ရိုက်လိုက်သောကြောင့် အပြင်ဘက်က ချောင်းကြည့်နေသော ဘစိုးပင်လျှင် လန့်သွားလေ၏။


“ရှင် ကျွန်မပါးကို ရိုက်တယ် ဟင်၊ ဒါ ကျွန်မ လင်ငယ် နေတယ်လို့ ထင်ရုံကလေးနဲ့ ရက်စက်တဲ့ စိတ်ရိုင်း ပေါ်လာတာ မဟုတ်လား၊ ရှင့်လို မယားငယ်ကို အထင်အရှား ယူထားပြီး ညအချိန်မတော်ကြီးကျမှ ပြန်ပြန်လာတဲ့လူကို မယားက ဘယ်လောက်များ စိတ်နာမလဲ၊ ကိုယ်ချင်းစာကြည့်စမ်း၊ ရှင့်ကို ဘွင်းဘွင်းပဲ ဖွင့်ပြောမယ်၊ သူခိုး လွန်ပူနဲ့ ဖောက်ပြီး အိမ်ပေါ် တက်လာတာ တွေ့ လို့ ရှင့်ကို ကိုယ်ချင်းစာနိုင်လောက်အောင် အစွပ်စွဲခံ၊ ပါးအရိုက်ခံ ပြလိုက်ရတာ၊ ဟောသည်မှာ ကြည့်၊ သူ ဖောက်ဝင်တဲ့ တံခါးရွက်၊ ဟောသည်မှာ သူ့ဆီက လွန်ပူ၊ အဲဒါကို ရှင်ပြန်လာမှ မတူတရူ ဖြစ်အောင် အထွက်ခိုင်းရတာ၊ ငွေတစ်ရာတောင် ပေးလိုက်ရသေးတယ်၊ ဒါ့ကြောင့်မို့ ရှင်နားလည်အောင် ပြောပြမယ်၊ ရှင် မယားငယ်နေချင်ရင် ကျွန်မ လင်ငယ်ကို ဒီလို တကယ်ထားတဲ့အခါ ဒေါသမဖြစ်ဘဲ ကျေကျေနပ်နပ် ခွင့်ပြုနိုင်မှ ယူထိုက်တယ်။ ယောက်ျားတွေထက် အူတိုတယ်၊ ပညာမဲ့တယ်၊ ရာဂစရိုက် အားကြီးတယ်လို့ ယောက်ျားတွေက ပြောပြောပြီး သူတို့ထင်သလို နေတာကျတော့ မိန်းမတွေက သည်းခံရမယ်၊ သဘောကြီးရမယ် ဆိုတာ အတော်ကို မတရားရာ မကျပေဘူးလား၊ စဉ်းစားကြည့်စမ်း”


ယောက်ျား လုပ်သူက နားထောင်ရင်း... နားထောင်ရင်း သူ့မျက်နှာမှာ ပြုံးဖြီးဖြီး ဖြစ်လာလေသည်။ ထိုအပြုံးမှာ ရှုံးပြီးသားအရင်း ပြန်ရောက်ပြီး၊ ပျောက်ခဲ့သော ဥစ္စာကို ပြန်တွေ့၍ ပြုံးသော အပြုံးမျိုး ဖြစ်လေ၏။


“ခင်- ခင်၊ မင်း ဒါတွေဟာ တကယ် ပြောနေတာလား၊ သူခိုးအစစ်နော်” ဟု အပါးက ကပ်ထိုင်ပြီး ကြင်နာယုယစွာ ချော့လေရာ ထိုအခါကျမှ မိန်းမက မျက်ရည်တွေ ကျလာလေ၏(။!)


တကယ်တမ်းပြောရလျှင် ထိုမျက်ရည်သည်လည်း ဝမ်းနည်းကြေကွဲ၍ ထွက်လာရသော မျက်ရည်မဟုတ်။ လမ်းမှန်ကို မြင်သွားသော လင်သည်အား အကျေနပ်ကြီး ကျေနပ်၍ ပီတိသောမနဿတွေက ချူလိုက်သော အသည်းထဲက မျက်ရည် ဖြစ်ပေ၏။


“ဟုတ်တယ်... လင်ငယ်ဆိုရင် ဒီလိုလွန်ပူနဲ့ ဖောက်ပြီးမှ ဝင်ရမှာတဲ့လား၊ သူမလာခင် ကိုယ်က တံခါးဖွင့်ပြီး ကြိုနေမှာပေါ့...” 


“အမယ်လေးလေး… မလုပ်လိုက်ပါနဲ့ မယ်မင်းကြီးမရယ်”


အပြင်ဘက်က ဘစိုးမှာ ယခုမှပင် သဘောပေါက်သွားပြီး တစ်ကိုယ်တည်း ပြုံးမိလေ၏။ 


“ဪ… လက်စသတ်တော့ သူ့လင်ပူကို ငါ့လွန်ပူနဲ့ ကုသတာကိုး၊ ဟဲ-ဟဲ”

-----------

သုခ

သုခဝတ္ထုတိုများ

ဆဋ္ဌမအကြိမ်၊ ၁၉၉၆၊ ဇန်နဝါရီ၊ ပါရမီစာပေ။

(စာမျက်နှာ ၁၆၃-၁၆၇)

No comments:

Post a Comment