သည်မတိုင်မီက ကျွန်တော့်မျက်လုံးများကို ကျွန်တော် အလွန်ဂုဏ်ယူ ကျေနပ်ခဲ့သည်။
ကျွန်တော့်မျက်လုံးများမှာ အနက်ရောင် ဖြစ်၏။ အလျားသင့်တင့်ရုံ ရှည်ပြီး မျက်လုံးအိမ် ကျယ်ဝန်းသော ကျွန်တော့်မျက်လုံးများသည် စူးရှတောက်ပနေလေ့ရှိသည်။ မျက်လုံး၏ နက်မှောင် တောက်ပမှုကို ပို၍ အင်အားကောင်းအောင် ဖြည့်ပေးသည်က မျက်တောင်များ ဖြစ်၏။ ကျွန်တော့်မျက်တောင်များက ခပ်စိပ်စိပ်နှင့် ရှည်လျား မည်းနက်သောကြောင့် ကျွန်တော့်မျက်လုံးများသည် ကျွန်တော့်ခန္ဓာကိုယ် တစ်ခုလုံးတွင် အလှဆုံးဖြစ်သည်ဟု မေမေက ပြောဖူးပါသည်။
ခက်နေသည်က ကျွန်တော့်မျက်လုံးတွေ လှမှန်း ကျွန်တော်ကိုယ်တိုင်လည်း သိနေသည်။ ထိုမျက်လုံးများကြောင့်ပင် မိန်းမတွေအကြောင်း အခြားသူများထက် ပိုမိုစောစီးစွာ သိခွင့်ရခဲ့သည်။ ထိုမျက်လုံးများကြောင့်ပင် အချစ်စစ်နှင့် ဝေးခဲ့ရသည်။ ထိုမျက်လုံးများကြောင့်ပင် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ဖို့ အိပ်မက်တွေ မက်ခဲ့မိသည်။ သို့သော် ထိုမျက်လုံးများကြောင့်ပင် ဖက်ရှင်ဒီဇိုင်းကြော်ငြာသရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ရပါသည်။
ဘာဘဲဖြစ်ဖြစ် ကျွန်တော့်လက်ရှိဘဝကို ကျွန်တော် ကျေနပ်ခဲ့ပါသည်။ ယခုတော့ ကျွန်တော်သည် မိုဒယ်လ်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာခဲ့သည်ဟုပင် ပြောရမလောက် အောင်မြင် ကျော်ကြားလျက်ရှိသည်။ မဂ္ဂဇင်း ကြော်ငြာများ၊ ရုပ်မြင်သံကြား ကြော်ငြာများ၊ ဆံပင်အလှပြုပြင်ရေး ကြော်ငြာများနှင့် ဝတ်စုံဒီဇိုင်းကြော်ငြာများတွင် ကျွန်တော်သည် အားလပ်ချိန် မရှိသလောက်ပင် အလုပ်ရှုပ်နေခဲ့ရ၏။ သတင်းသမားများနှင့် ဓာတ်ပုံဆရာများအကြားတွင် သရုပ်ဆောင် ဟန်ပြရသည်မှာ ကျွန်တော့်အတွက် အလွန်စိတ်ဝင်စားစရာကောင်းခဲ့၏။ တကယ်တော့ ကျွန်တော်၏အောင်မြင်မှုကို ကျွန်တော့်မျက်လုံးများက ပေးခဲ့သည် မှန်သော်လည်း ငယ်စဉ်ကတည်းက အဝတ်အစား သေသေသပ်သပ် ကြွကြွရွရွ ဆင်ယင်ပေးပြီး ကိုယ်ခန္ဓာဟန်ပန်ကို ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့သော မေမေ၏စေတနာလည်း ပါဝင်ကြောင်း ဝန်ခံရပါမည်။
ကျွန်တော့်အသက် ဆယ်နှစ်သားအရွယ်ကစ၍ ကျွန်တော့်လမ်းလျှောက်ဟန်ကို မေမေ သတိထားမိခဲ့သည်။ ကျွန်တော့်ကိုယ်ကျွန်တော် ဂရုတစိုက် ထိန်းသိမ်းဖို့ မေမေက ကူညီအားပေးခဲ့သည်။
“သား အခုလို အောင်မြင်လာမယ် ဆိုတာ လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်ကတည်းက မေမေ သိခဲ့သားဘဲ” ဟု မေမေက ပြုံးရယ်၍ မှတ်ချက်ချလေ့ရှိသည်။
ကိုယ်ကာယ တည်ဆောက်မှု ထိန်းသိမ်းမှု အနေအထားအရ အခြားကိုယ်ဟန်ပြသူ မိုဒယ်လ်များနှင့် ကျွန်တော် သိပ်မကွာခြားလှပါ။ ကျွန်တော့်ကိုယ်ခန္ဓာ ပြေပြစ်သလောက် သူတို့လည်း ပြေပြစ်ကြသည်ဟု ကျွန်တော်ထင်၏။ ကျွန်တော့်အရပ်အမောင်းလောက်ပင် သူတို့ မြင့်မားကြ၏။ ကျွန်တော် နုနယ်ပျိုမျစ်သလောက် သူတို့လည်း နုနယ်ကြပါသည်။ ကျွန်တော်က သူတို့ထက်ပို၍ ထူးခြားစွာ ကျော်တက်၍ စံချိန်ချိုးနိုင်ခဲ့သည်မှာ တောက်ပစူးရှသော မျက်ဝန်းများကြောင့် ဖြစ်သည်။
ကျွန်တော့်မျက်ဝန်းများအောက်တွင် ကျွန်တော့်ဝတ်စုံများသည် သာမန်ထက်ပင် ထူးခြားစွာ အချိုးကျ ပြေပြစ်နေတတ်၏။ မည်သည့်အရောင်ကိုပဲ ကျွန်တော် ဝတ်ဆင်သည်ဖြစ်စေ ကျွန်တော့်မျက်လုံးများနှင့် လိုက်ဖက်စွာ ကြည့်ကောင်းသွားတတ်သည်။ ကျွန်တော့်မျက်ဝန်းများဖြင့် စိုက်ကြည့်လျှင် ကျွန်တော် ဝတ်ထားသော ဝတ်စုံသည် မျက်ဝန်းများ၏တောက်ပမှုကြောင့် ကြွရွကာ အားကျချင်စရာဖြစ်လာခဲ့သည်။ ထိုအချက်ကို ဓာတ်ပုံဆရာများ၊ ဗီဒီယို ကင်မရာသမားများအားလုံး သိကြ၏။ ထို့ကြောင့်လည်း ကျွန်တော့်မျက်လုံးများကို ဂရုတစိုက် ဦးစားပေး ရိုက်ကူးလေ့ရှိကြပါသည်။
ကျွန်တော် ဓာတ်ပုံရိုက်ခံသည့်အခါတိုင်း ဝတ်စုံနှင့် မည်မျှပင် လိုက်ဖက်နေပါစေ နေကာမျက်မှန်ကို ကျွန်တော် ဘယ်တော့မျှ မတပ်ဆင်ခဲ့ပါ။ လက်က ကိုင်သည့်အခါ ကိုင်ထားလိုက်သည်။ နဖူးအထက်တွင် တင်ထားသည့်အခါ တင်ထားလိုက်သည်။ သို့မဟုတ် ဘောင်းဘီမှာ ချိတ်သည့်အခါ ချိတ်လိုက်သည်။ မျက်မှန် ကြော်ငြာသည့်အခါမျိုးကလွဲလို့ပေါ့လေ။ ကျွန်တော့်မျက်လုံးများကို မည်ကဲ့သို့သော မှန်အရောင် အမျိုးအစားကမျှ ဖုံးကွယ်မထားစေလိုသည်က အမှန်ပဲ ဖြစ်ပါသည်။ သည်မျှပင် ကျွန်တော့်မျက်လုံးများအပေါ်တွင် ကျွန်တော် ဂုဏ်ယူ ကျေနပ်ခဲ့သည်။
ထိုအမျိုးသမီးနှင့် ထူးဆန်းစွာ မတွေ့ရမီ ကာလအထိ ဖြစ်ပါသည်။
* * *
တနင်္ဂနွေ ညနေခင်းများသည် ကျွန်တော် လုံးဝ အလုပ်လက်မခံသော အချိန်များ ဖြစ်သည်။ တနင်္ဂနွေ ညနေများတွင် ကျွန်တော်သည် စက်ဘီး (ပြိုင်ဘီး) တစ်စီးဖြင့် တစ်မြို့လုံးအနှံ့ လျှောက်သွားလေ့ ရှိသည်။ ကျွန်တော့်အသားကို လေတိုးသည့် အရသာကို ကျွန်တော် သဘောကျသည့်ပြင် ကျွန်တော့်ခြေထောက်များ သန်မာစေရန်အတွက် ကျွန်တော် စက်ဘီးစီးပါသည်။ စက်ဘီးစီးခြင်းသည် ကျွန်တော့်အတွက် တစ်ပတ်စာ အလုပ်လုပ်ရန် ခွန်အားအပြည့် ပေးနိုင်သော ကျန်းမာရေး လေ့ကျင့်နည်းတစ်ခုပင် ဖြစ်သည်။
နဖူးပေါ်မှ ဆံပင်များက သာမန်ထက် ပျော့ပျောင်းပြီး သာမန်ထက် ရှည်လျားစွာ ဖြောင့်စင်းကျနေတတ်သောကြောင့် ကျွန်တော် စက်ဘီး အမြန်နင်းသည့်အခါတိုင်း နဖူးအထက် ဆံပင်ကို နောက်ပြန်လှန်ပြီး သားရေ မျှော့ကြိုးပြားကလေးတစ်ခုဖြင့် စည်းနှောင်ထားရလေ့ရှိသည်။
ထိုနေ့ကလည်း ထုံးစံအတိုင်း နဖူးမှာ သားရေပြားကလေး စည်းနှောင်ပြီး စက်ဘီးနင်းလာနေခဲ့သည်။ သမတရုပ်ရှင်ရုံအနီး၌ ဘူတာရုံဖက်သို့ အကွေ့တွင် ကျွန်တော့်ဘေးမှ ကားနီကလေး တစ်စီး ဇွတ်ကပ်ကာ ဖြတ်ကျော်သွားသည်ကို သတိထားမိလိုက်သောကြောင့် ကျွန်တော် ပလက်ဖောင်းဖက် ကပ်ပေးလိုက်၏။ သို့သော် ကားသည် ခပ်လှမ်းလှမ်းသို့ ရောက်သွားပြီးမှ တုန့်ကနဲ ရပ်ကာ ကျွန်တော့်စက်ဘီး ရှေ့တည့်တည့် ရပ်မိသည်အထိ နောက်ဆုတ် မောင်းလာသည်။ ကျွန်တော် သတိထားမိသည့်အချိန်တွင် ကျွန်တော့်စက်ဘီး ရှေ့ဘီးက သူ့ကားနောက်မြီးနှင့် ထိနေပြီ။
ကျွန်တော်သည် ရုတ်တရက် ဒေါသ ထောင်းကနဲ ထွက်သွားပြီး ပလက်ဖောင်းကို ခြေဖြင့်ထောက်ကာ ရပ်ပစ်လိုက်ရသည်။ ကျွန်တော် ကားမောင်းသူကို လှမ်းဆဲဖို့ စကားတစ်ခွန်းက ပါးစပ်ဖျားသို့ ရောက်လာချိန်တွင်ပင် ကားမောင်းသူက တံခါးဖွင့်၍ ဆင်းလာသည်။ အမျိုးသမီးတစ်ယောက် ဖြစ်သည်။
ကျွန်တော် အမျိုးသမီးများကို ဦးစားပေးသည့် ယောက်ျားတစ်ယောက် ဖြစ်ဖို့ အမြဲကြိုးစားခဲ့သော်လည်း သည်တစ်ကြိမ်တွင် ကျွန်တော် အနည်းငယ်မျှပင် သည်းမခံနိုင်ပါ။
“ခင်ဗျား မိန်းမဖြစ်နေတာ သိပ်ကံကောင်းသွားတယ်"
ကျွန်တော် ခက်ထန် ပြတ်တောက်စွာ ငေါက်ငမ်းလိုက်သော စကားကြောင့် သူမ ဘာမျှ အမူအရာပျက်မသွားပါ။ သူမ ကျွန်တော်ထံ ပြုံးလျက် လမ်းလျှောက်လာနေသည်။ ကျွန်တော် သူမ၏ အပြုံးကြောင့် ဇဝေဇဝါ ဖြစ်သွားပြီး ဤအမျိုးသမီးကို ကျွန်တော် သိကျွမ်းဖူးသလားဟု ကပျာကရာ စဉ်းစားလိုက်၏။ သူမ၏မျက်နှာကို ကျွန်တော် လုံးဝ မမြင်ဖူးပါ။ ထိုမျက်နှာနှင့် ခပ်ဆင်ဆင် တူသော မျက်နှာကိုပင် ကျွန်တော် မမြင်ဖူးပါ။
အမျိုးသမီး၏မျက်နှာမှာ သွယ်သည် ဆိုရုံထက် မကဘဲ ရှည်လျားသည်ဟု ပြောနိုင်သည်။ နဖူးက တော်တော်ကျယ်၏။ ရှည်လျား သေးသွယ်သော နှာတံထိပ်ဖျားတွင် မည်းနက်သော မျက်ခုံးနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်လုနီးပါး ဖြစ်သည်။ မျက်လုံးများက အညိုရောင်လဲ့လဲ့။ အလျင်တုန်းက မိန်းမတစ်ယောက်တွင် အညိုရောင် မျက်ခုံး(လုံး?)များ ရှိနေခြင်းကို လုံးဝ မနှစ်မြို့ခဲ့သော ကျွန်တော်သည် ထိုမိန်းမ၏ အညိုရောင်မျက်လုံးများကို နှစ်သက်သွားမိ၏။
“ချာတိတ် အလုပ်လုပ်နေပြီလား”
သူမက ကျွန်တော့်ရှေ့မှာ ကပ်ပြီးရပ်လျက် မေးလိုက်သောအခါ ကျွန်တော် ထိုမျက်နှာကို နားမလည်စွာ ငေးစိုက်ရင်း ကျွန်တော့်ဒေါသတွေ ပျောက်ကွယ်ကုန်သည်။ အသက်က မေမေ့ထက် လေးငါးနှစ်တော့ ငယ်မှာဘဲ။ မေမေ့သူငယ်ချင်း တစ်ယောက်ယောက်များလား၊ မဖြစ်နိုင်ပါ။ မေမေ့သူငယ်ချင်းများကို ကျွန်တော်သိသည်။
“ကျွန်တော့်ကို သိသလား...”
အန်တီဟု ခေါ်ရမှာ အားနာရလောက်အောင်ပင် သူမ၏နှုတ်ခမ်းနှင့် မျက်ဝန်းများက နုပျိုနေခဲ့သည်။ သိသားဘဲ ဟူသော အဖြေမျိုးကို ကျွန်တော် မျှော်လင့်ထားသည်။ မေမေ့သူငယ်ချင်း မဟုတ်သည့်တိုင် ကျွန်တော့်ကို ရုပ်မြင်သံကြားမှာ၊ မဂ္ဂဇင်းမှာ သူမ မြင်တွေ့ နိုင်သည် မဟုတ်လား။ သို့သော် အမျိုးသမီးက မရယ်မပြုံး ခေါင်းယမ်းပြ၏။
“မသိပါဘူး၊ ဒါပေမယ့် ကိုယ် မင်းကို အကူအညီတစ်ခု တောင်းချင်လို့...”
သူမ၏ကားလည်း ပျက်မနေပါ။ ကျွန်တော့်ဟန်အမူအရာကလည်း အမျိုးသမီးတစ်ယောက်ယောက်ကို အလွန် ကူညီချင်နေသော နှိမ့်ချရိုကျိုးသည့် အမူအရာမျိုး တစ်စက်မျှ မရှိပါ။
"ဆိုပါတော့၊ မင်းကို ကိုယ် အလုပ်တစ်ခု ပေးချင်လို့... စိတ်ဝင်စားစရာကောင်းမယ့် အလုပ်မျိုးပါ”
ကျွန်တော်သည် အယုတ္တ အနတ္တ စကားလုံးများကို စိတ်ထဲကသာ သရော်တော်တော် ရေရွတ်လိုက်မိပြီး အမျိုးသမီး၏ အိန္ဒြေရရ တည်ကြည်သော မျက်နှာထားကြောင့် စကားလုံးများကို မျိုချပစ်လိုက်ရသည်။
“တစ်ယောက်ယောက်က မင်းရဲ့ ကိုယ်ဟန်အနေအထားကို ပန်းချီပုံ ဆွဲချင်တယ်ဆိုရင် မင်း လက်ခံနိုင်မလား၊ မင်း ကုန်ဆုံးရမယ့်အချိန်တွေအတွက် မနစ်နာစေရပါဘူး...”
ကျွန်တော် စိတ်မှတ်မဲ့ လေချွန်လိုက်မိ၏။ ကျွန်တော့်လေချွန်သံကြောင့် သူမမျက်နှာ နည်းနည်းတင်းသွားသည်ဟု ကျွန်တော် ထင်သည်။ သို့သော် ကျွန်တော် ဂရုမစိုက်ပါ။ ဤအမျိုးသမီးသည် ကျွန်တော့်ကို တကယ် မသိဘူးဟု သေချာသွား၏။ ကျွန်တော်၏ မိုဒယ်လ်ကြေး ဘယ်လောက် ရှိသလဲဟု သူမ သိလျှင် ထိုစကားမျိုး ပြောမည်မထင်။
“ကျွန်တော့်အချိန်တွေက သိပ်တော့ မပေါဘူးနော်… အန်တီ”
မထိတထိ ပြောတော့ သူမက မရယ်မပြုံး ခေါင်းညိတ်၏။
“ကိစ္စမရှိပါဘူး... အချိန်ဆိုတာ ဈေးကြီးမှန်း ကိုယ် သိပါတယ်။ မင်း ကူညီနိုင်ဖို့ဘဲ ကိုယ် မျှော်လင့်တယ်”
တကယ်တမ်း ငွေစကား ပြောရမည် ဆိုတော့ ကျွန်တော် အနည်းငယ် တွန့်ဆုတ်သွားသည်။ ဤကိစ္စမှာ ကျွန်တော် တစ်ခါမှ မကြုံဘူးသေးသော ကိစ္စ ဖြစ်သည်။ ပန်းချီ ဟူသော စကားက ကျွန်တော်နှင့် သိပ်မရင်းနှီးပါ။ ပန်းချီ ကိုယ်ဟန်ပြသူများမှာ အများအားဖြင့် မိန်းကလေးများဟု ကျွန်တော် ထင်ခဲ့သည်။ ဤအမျိုးသမီးကို ကျွန်တော် ဘယ်လောက်ထိ ယုံကြည်ရမည်နည်း။ အမျိုးသမီး ကျွန်တော့်ထံမှ ဘာကို လိုချင်သနည်း။ ကျွန်တော် သူမကို စိုက်ကြည့်လိုက်မိသည်။
ကျွန်တော့်မျက်လုံးဒဏ်ကို မိန်းမတော်တော်များများ တင်းမခံနိုင်ပါ။ ယခုလည်း သူမ မျက်နှာလွှဲသွား၏။ ကျွန်တော် ကျေနပ်သွားသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဤကိစ္စကို စိတ်ဝင်စားနေမိပြီ။ ယခုကိစ္စမှာ မိန်းမနှင့် ယောက်ျား သာမန် တွေ့ဆုံသည့် ပုံစံမျိုး မဟုတ်ဘဲ လျှို့ဝှက်မှုများ၊ ကာကွယ်မှုများ ပါဝင်နေသည်ဟု ထင်သည်။ စွန့်စားရမည် ဟူသော အသိဖြင့် ကျွန်တော် အနည်းငယ် ရင်ခုန်သွားသည်။ ကျွန်တော် ခေါင်းတစ်ချက် ဆတ်လိုက်မိ၏။
“ကျွန်တော် စိတ်ဝင်စားပါတယ်”
အမျိုးသမီးက ကျွန်တော့်ကို ပြန်ကြည့်သည်။ သူမ အကြည့်က မိမိ ဝယ်ယူမည့်ပစ္စည်း ကောင်းမကောင်း၊ အပြစ်အနာအဆာ ရှိမရှိ အကဲခတ်သည့် အကြည့်မျိုးဖြစ်သည်။ ကျွန်တော့်လည်ကုပ်ဆီမှ စိမ့်ကနဲ အေးသွား၏။
“ဒီတော့ မင်းအချိန်တွေ ဘယ်လောက် တန်ဖိုးကြီးသလဲ ဆိုတာ ဆွေးနွေးရအောင်”
“အဲဒီကိစ္စက ဘယ်လောက်ကြာမှာလဲ အန်တီ”
ကျွန်တော် တမင် ခေါ်လိုက်သော အန်တီဟူသည့် အသုံးအနှုန်းသည် သူမအား လုံးဝ အနေအထား မပြောင်းလဲစေပါ။
“တစ်နေ့ တစ်နေ့ ရမယ့် အချိန်ပေါ်မှာ မူတည်တာပေါ့၊ နှစ်ရက်နဲ့ ပြီးချင် ပြီးမယ်၊ ဆယ်ရက်လောက် ကြာချင် ကြာသွားမယ်၊ တစ်ရက်ကို မင်း ဘယ်နှစ်နာရီ အချိန်ပေးနိုင်သလဲ”
ကျွန်တော် ပခုံး အသာ တွန့်လိုက်မိ၏။ တကယ့် အတည်ပေါက် ပုံစံကြီးပါလား။ တကယ် ဟုတ်မဟုတ်တော့ အလုပ်ချိန်ရောက်မှပဲ သိရတော့မည်။
“ညနေ ငါးနာရီ နောက်ပိုင်း ဆိုရင်တော့ အန်တီ့ကို ကျွန်တော် ညနေတိုင်း အချိန်ပေးနိုင်မယ်”
ဘောင်းဘီအိတ်တွေထဲ လက်နှစ်ဖက် ထိုးထည့်၍ ကျွန်တော် ခပ်တည်တည် ပြောလိုက်သည်။ သူမ မျက်နှာထား တည်ကြည်စွာ ခေါင်းယမ်း၏။
“မဖြစ်နိုင်ဘူး… ညနေ ငါးနာရီမှာ နေရောင်က သိပ်မကောင်းတော့ဘူး၊ ကိုယ်က မနက်ခင်း နေရောင် ဖြစ်ဖြစ်၊ ညနေ ဆိုရင် နဲနဲတောက်ပတဲ့ နေရောင်ဖြစ်ဖြစ် လိုချင်တာ”
နေရောင်ကို ဘာလုပ်ရမှာလဲ... ဟု ကျွန်တော့်စိတ်ထဲက ရယ်မော ရေရွတ်မိသည်။
“ညနေ လေးနာရီ အရောက် လာနိုင်မလား...”
ကျွန်တော့်အလုပ်ချိန်ထဲက တစ်နာရီ ဖဲ့ပေးရမည်။ တကယ်တော့ လောလောဆယ် ကျွန်တော်ပြောသလောက် အလုပ်ချိန်တွေ ကျပ်မနေခဲ့ပါ။
“ရမှာပါ…”
“တစ်နာရီကို ဘယ်လောက် တန်ဖိုးဖြတ်မလဲ...”
သူမ အမေးက ထူးဆန်းနေသောကြောင့် ကျွန်တော် မပြုံးမိအောင် သတိထား ထိန်းချုပ်လိုက်ရသည်။
“သိပ်တော့လဲ မများပါဘူး အန်တီ... တစ်နာရီကို မြန်မာငွေ တစ်ထောင်ထဲပါ”
သရော်သည့် ဟန်မျိုး မပါအောင် သတိထား၍ ဖြေလိုက်သောအခါ အမျိုးသမီးက ခေါင်းတစ်ချက် ညိတ်၏။
“အိုကေ… ရစေရမယ်၊ ဗုဒ္ဓဟူးနေ့ ညနေ ၄နာရီက စပြီး အလုပ်ဆင်းပါ။ တစ်ရက်ကို နှစ်နာရီ အချိန်ပေးပါ...”
သူမ၏ လိပ်စာကတ်ပြားကလေးကို လက်ခံလိုက်ရသော အချိန်မှာတော့ ကျွန်တော်တောင်းလိုက်သည့် ကြေးမှာ နည်းသွားပြီလား... ဟု သံသယဝင်မိ၏။ ဆယ်မိုင်ကုန်းအထိ နေ့စဉ် သွားရမည့် ဓာတ်ဆီဖိုးကို ကျွန်တော် နစ်နာသွားပြီလား။
“ဘာပြဿနာရှိလဲ ချာတိတ်... ကားနဲ့ လာခေါ်ပေးရမလား"
အမျိုးအမီး၏ တည်ကြည်စွာ လိုက်လျောသော အမေးကြောင့် ကျွန်တော် ချက်ချင်း ခေါင်းခါယမ်းပစ်လိုက်၏။ သည်လောက်တော့ ကျွန်တော် အနစ်နာခံလိုက်ပါမည်။ သဘောတူညီမှု ရပြီး ကိုယ့်လမ်းကိုယ် ဆက်သွားကြတော့မည့် အချိန်ကျမှ ကျွန်တော့်အလုပ်အတွက် အရေးကြီးသော မေးခွန်းတစ်ခုကို မေးမိသည်။
“ဒါနဲ့…. အဲဒီနေ့ကျတော့ ကျွန်တော် ဘယ်လို အဝတ်အစားမျိုး ဝတ်လာခဲ့ရမလဲ”
အမျိုးအမီးက ကျွန်တော့်စက်ဘီးလက်ကိုင်ကို လက်ဖြင့် ခပ်ဖွဖွ တင်လျက် ကျွန်တော့်မျက်လုံးထဲ စိုက်ကြည့်၏။
“အို... အရေးမကြီးပါဘူး၊ ဘာပဲ ဝတ်လာ ဝတ်လာပေါ့၊ ပြဿနာ မရှိပါဘူး”
ကျွန်တော် သူမ စကားကြောင့် စိတ်မတင်မကျကြီး ဖြစ်သွားသည်။
“ဘယ်လိုပါလိမ့်..."
ကျွန်တော့်အထင် မှန်နေပြီလား။ ကျွန်တော် သူမ၏ ညိုလဲ့သော မျက်ဝန်းများကို ငေးစိုက်ကာ အဖြေရှာကြည့်လိုက်၏။
“ဘာဖြစ်လို့လဲ ဆိုတော့ မင်းကိုယ်ခန္ဓာ အပေါ်ပိုင်းကို အဝတ်မပါဘဲ ပန်းချီ ဆွဲချင်လို့ပဲ...”
သည်တစ်ခါ မျက်လွှာချရသူက ကျွန်တော် ဖြစ်သည်။ ကျွန်တော့်ကျောထဲက စိမ့်အေးသွားပါသည်။
* * *
ပထမနေ့ ညနေခင်းသည် ကျွန်တော့်အတွက် ပြောပလောက်အောင် ထူးခြားမှု မပေးခဲ့ပါ။ အံ့သြစရာ သုံးမျိုး ပေးခဲ့သည်ပဲ ပြောစရာရှိသည်။
ကျွန်တော် ခြံရှေ့သို့ ရောက်သွားသော အချိန်သည် ညနေ လေးနာရီ ထိုးရန် ဆယ့်ငါးမိနစ်ပင် လိုသေး၏။ တံခါးခေါင်းလောင်း တီးလိုက်သောအခါ အသက် ဆယ့်သုံးနှစ် အရွယ် ကလေးမကလေး တစ်ဦး တံခါးလာဖွင့်သည်။ သွယ်လျသော မျက်နှာလေးနှင့် ညိုလဲ့သော မျက်လုံးတောက်တောက်ကလေးများကို မြင်လိုက်ကတည်းက အမျိုးသမီး၏သမီး ဖြစ်ရမည်ဟု ကျွန်တော် ကောက်ချက်ချလိုက်သည်။ ယခုလို သူမ၏သမီးတစ်ယောက်က တံခါးလာဖွင့်ပေးလိမ့်မည်ဟု ကျွန်တော် လုံးဝ ထင်မထားခဲ့မိကြောင်း ဝန်ခံရပါမည်။
အုတ်တံတိုင်းအတွင်း ဝင်လျှင်ဝင်ချင်း ကျွန်တော့်ကို ဖမ်းစားလိုက်သော မြင်ကွင်းမှာ ခြံဝန်းထဲက ပန်းပုရုပ်ထုများ ဖြစ်၏။ ဤမျှ ကျယ်ဝန်းသော ခြံဝန်းထဲတွင် ဤမျှ ထူးဆန်းသောမြင်ကွင်း မြင်ရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့မိပါ။ သစ်ပင်အမျိုးမျိုးသည် အရွယ်အစား စုံလင်စွာ ပေါက်ရောက်နေပြီး ထိုသစ်ပင်များ၏ဝန်းကျင်တွင် ကျောက်ဆစ် ရုပ်ထုများ၊ ကြေးသွန်း ရုပ်ထုများ၊ သစ်သား ရုပ်ထုများ ပြန့်ကျဲစွာ တည်ရှိသည်။
ကျွန်တော်သည် အနောက်ဖက်တွင် ဝေးကွာစွာ တည်ရှိသော တိုက်အိမ်ဆီသို့ ပန်းခြံကိုဖြတ်၍ လျှောက်လာခိုက် လူသွားလမ်းဘေးရှိ ပန်းပုရုပ်များကို တစ်ခုချင်း နီးကပ်စွာ ကြည့်မိသည်။ ရေထဲမှ လောလောဆယ် ခုန်ထွက်လာဟန် ရှိသော ငါးကြီးတစ်ကောင်၏ ရုပ်ထုသည် ရေပန်းဖွားများအောက်တွင် အသက်ဝင် လှုပ်ရှားလျက် ရှိသည်။ အစာကို ငုံ့၍ ထိုးယူနေဟန် ရှိသော ဗျိုင်းငှက်တစ်ကောင်၏ ရုပ်ထုသည် သွယ်ပျောင်း ရှည်လျားသော လည်ပင်းကြောင့် နွဲ့နှောင်းလျက် ရှိသည်။ ဆွတ်ဆွတ်ဖြူသော ကျောက်သားတွင် စိမ်းပြာရောင် အကြောမျှင် အရစ်များ ထလျက် ရုပ်ထုသည် ကြွရွနေ၏။ ပြောစရာရှိသည်မှာ ကျွန်တော် မြင်ဖူးသော ဗျိုင်းများထက် နှုတ်သီးပိုရှည်နေခြင်းပင် ဖြစ်သည်။
တစ်ခုသော သရက်ပင်ပျို တစ်ပင်၏အောက်တွင် အသက် ၆ဝ အရွယ် ယောက်ျားကြီးတစ်ဦး၏ ကိုယ်အထက်ပိုင်း ပုံတူ ရုပ်ထုရှိသည်။ ကျွန်တော် လက်ဖြင့် ထိကိုင်ကြည့်သောအခါ မျက်နှာပေါ်က အရေးအကြောင်းများသည် ပြေပြစ်မှုမှ ကင်းဝေးလျက် အနည်းငယ် ကြမ်းတမ်းနေသည်ကို သတိထားမိသည်။ ဥပမာ နှာခေါင်းထိပ်၌ နှာသီးဖျားသည် ဖုထစ်နေခြင်း၊ ပါးပြင်အောက်က အရေးအကြောင်း သုံးလေးခုက အထစ်အထစ်လိုက် မညီမညာ ဖြစ်နေခြင်း၊ နားထင် သွေးကြောများ တစ်ဖက်နှင့် တစ်ဖက် အတုတ် လုံးပတ် သိပ်မညီခြင်း။ သို့သော် ခဏအတွင်း ကျွန်တော် ဤကိစ္စကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်၏။ ပန်းချီပန်းပု ဆိုသည်မှာ ကျွန်တော် နားလည်နိုင်သော ပညာမဟုတ်၊ ထို့ပြင် ကျွန်တော် စိတ်ဝင်စားခဲ့သော ပညာမျိုးလည်း မဟုတ်။
အိမ်အဝင် အနီးရှိ သံချောင်းကွေးများဖြင့် ပြုလုပ်ထားသော အရာတစ်ခုကိုတော့ ကျွန်တော် ပန်းပုဟု ခေါ်ဖို့ ခက်ခဲနေသည်။ ဤအရာသည် ပန်းပု ဖြစ်လျှင် ဤပန်းပုကို ပြုလုပ်သူမှာ ပန်းပဲသမား တစ်ယောက်နှင့် သံဂဟေဆော်သူ တစ်ယောက်ပင် ဖြစ်ရမည်။ ကော့ညွတ်နေသော အနီရောင် သံချောင်းသည် ကောင်းကင်ဆီသို့ အရှိန်ဖြင့် ပျံသန်းတော့မည့် ငှက်တစ်ကောင်နှင့် ဆင်ဆင်တူသည်။
ကျွန်တော် ပန်းပုမှ မျက်နှာလွှဲလိုက်သောအခါ အဖြူရောင် တိုက်အိမ်၏ ရှေ့မျက်နှာစာ မှန်ချပ်ကြီးများတစ်ဖက်၌ ကြမ်းပြင်ပေါ်မှာ ထိုင်လျက် တစ်စုံတစ်ခု စိတ်ပါဝင်စားစွာ ပြုလုပ်နေသော ထိုအမျိုးသမီးကို လှမ်းမြင်ရသည်။ အိမ်သည် နှစ်ထပ်အိမ် ဖြစ်ပြီး အပေါ်ထပ် မျက်နှာစာသည်လည်း အောက်ထပ်လိုပင် မှန်အပြည့် ကာထား၏။ အပေါ်ထပ် မှန်နံရံ၏ နောက်တွင်တော့ ခန်းဆီး အညိုနုရောင်ပါးပါး အပြည့် ဆွဲချထားသည်။ ပါးသော်လည်း အတွင်းသို့ ထွင်းဖောက် မမြင်ရပါ။
အိမ်ထဲ ဝင်လိုက်သောအခါကျမှ အမျိုးသမီးသည် အဖြူရောင် ပုံဆွဲစက္ကူကြီးတစ်ချပ်ကို ဘုတ်ပြားပေါ်၌ အပြားကြီးကြီး တိပ်စဖြင့် တင်းတင်းကျပ်ကျပ် ကပ်နေသည်ကို တွေ့ ရသည်။
“အဆင်ပြေတဲ့တစ်နေရာရာမှာ ထိုင်ကွာ...” ဟု မော့မကြည့်ဘဲ ပြောသည်။
သို့သော် ကျွန်တော် မထိုင်ပါ။ အခန်းကျယ်ကြီးသည် ကျွန်တော့်အတွက် စိတ်ဝင်စားစရာကောင်းနေသောကြောင့် ဖြစ်သည်။ ဖြူဖွေးသော နံရံများပေါ်တွင် ပန်းချီကားများကို ခပ်ကျဲကျဲ အဆင်ပြေအောင် ချိတ်ထားသည်။ အခန်းထောင့်တွင် ထုလက်စ ပန်းပုရုပ်လုံးတစ်ခု ရှိသည်။ သို့သော် ကိရိယာ တန်ဆာပလာတော့ မတွေ့ ရ။ သစ်သားရုပ် ဖြစ်သည်။ ကျွန်တော့်ခါးလောက် မြင့်မည်။ ကျွန်တော် ထိုရုပ်ထု တစ်ပိုင်းတစ်စဆီ ချဉ်းကပ် ကြည့်မိသည်။ ရေအိုး တစ်လုံး ဖြစ်လာမလား၊ တိရိစ္ဆာန်တစ်ကောင် ဖြစ်လာမလား ကျွန်တော်မသိ။
ကျွန်တော်တို့သည် တကယ်ပင် ပန်းချီဆွဲခြင်း အလုပ်ဖြင့် ညနေခင်းကို ကုန်ဆုံးစေရမည် ဖြစ်ပါသည်။
ကျွန်တော့် အင်္ကျီကို ချွတ်လိုက်ရသည့်အချိန်၌ ကျွန်တော့်မျက်နှာမှာ ပူနွေးလျက် ရှိသည်။ ကျွန်တော်သည် သူစိမ်း မိန်းမတစ်ဦးရှေ့တွင် အချစ်နှင့်မပတ်သက်ဘဲ တစ်ကြိမ်မျှ အဝတ်အစား မချွတ်ခဲ့ဖူးပါ။ ကျွန်တော့်အသားအရေကို သည်မိန်းမလောက်လည်း ဘယ်မိန်းမမျှ စူးစမ်းလေ့လာ အကဲခတ်နေခဲ့ခြင်း မရှိပါ။ သူမ နေစေချင်သည့် ကိုယ်ဟန်အတိုင်း နေပေးဖို့ ကျွန်တော် အောင့်သက်သက်ဖြစ်သွားသည့် အချိန်မှစ၍ ကျွန်တော် ရှက်ရွံ့ပူထူမှုများ ကွယ်ပျောက်သွားခဲ့သည်။
သူမက ကျွန်တော့်ကို သူမအား ကျောပေးသည့် ခပ်စောင်စောင်း အနေအထား နေစေချင်သည်။ သူမ ရေးဆွဲမည့် ပန်းချီပုံတွင် ကျွန်တော့်မျက်လုံးများ၏ ဆွဲဆောင်နိုင်စွမ်းကို အသုံးချခွင့် မရသည့်အတွက် ကျွန်တော် မကျေနပ်ပါ။
“ကျွန်တော့်နောက်ကျောပိုင်းက ကျွန်တော့်မျက်နှာလောက် အဆင်ပြေမယ်လို့ မထင်ဘူး”
ကျွန်တော် စောဒက တက်လိုက်မိတော့ သူမ မျက်မှောင်ကြုတ်သည်။
“ဘယ်နေရာက အဆင်ပြေတယ် ဆိုတာ မင်းထက် ကိုယ်က ပိုသိပါတယ်”
ကျွန်တော် မကျေမနပ်ဖြင့်ပင် ငြိမ်သက်သွားရသည်။ သူမက ကျွန်တော့်ကို ထူးဆန်းသော ကိုယ်နေကိုယ်ထား ပြင်ဆင်ပေး၏။ ကြမ်းခင်းပေါ်တွင် ထိုင်လျက် ကျွန်တော်၏ဒူးနှစ်ဖက်ကို လက်က ပြန်ပွေ့ကာ ဒူးပေါ် မျက်နှာ ခပ်စောင်းစောင်း အပ်လျက် အနေအထားဖြစ်သည်။ ကျွန်တော် ဤအနေအထားမျိုးဖြင့် တစ်ခါမှ ကိုယ်ဟန် မပြခဲ့ဖူးပါ။ သို့သော် ဤအနေအထားကို ကျွန်တော် မကြာခဏ ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ လောကကြီးတွင် အဆင်မပြေမှုများ၊ စိတ်ပျက်စရာများ၊ နိမ့်ကျ သိမ်ငယ်မှုများ ပေါ်ပေါက်လာတိုင်း ဤပုံစံမျိုးဖြင့် ကျွန်တော့်အခန်းထဲမှာ အကြာကြီး တိတ်ဆိတ်စွာ ဝမ်းနည်းခဲ့ဖူးပါသည်။
ယခုလို ကျယ်ဝန်းသော အခန်းကြီးထောင့် တစ်နေရာမှာ ဆိုတော့ကျွန်တော်ဟာ နဂို အနေအ(ထား?)ထက် ပို၍ပင် ကျုံ့ဝင်သေးငယ်သွားတော့မှာဘဲ... ဟု စိတ်မကောင်းဖြစ်မိသည်။
“လက်နှစ်ဖက်ကို လျော့လျဲလျဲ မထားနဲ့၊ တင်းကျပ်နေအောင် ပိုက်လိုက်၊ လက်ဖျံက ကြွက်သားတွေ ပေါ်လာအောင်”
သူမက ကောက်ကြောင်း ခြစ်ရင်း ခပ်ဆတ်ဆတ် အော်ပြောတော့ ကျွန်တော် ဒေါသ ထောင်းကနဲ ထွက်သွား၏။ အနေအထား ပျက်သွားမှာ ဂရုမစိုက်ဘဲ သူမကို ဗြုန်းကနဲ လှည့်ကြည့်ပစ်လိုက်သည်။
“ဒါပေမယ့် ကျွန်တော်က ယွန်းကလို့(ဒ်)ဗန်းဒမ်း မဟုတ်ဖူးဗျ"
အံ့သြစရာပင် သူမ လှစ်ကနဲ ပြုံးလိုက်လေသည်။
“ကိုယ်ကလဲ ဗန်ဒမ်းဆိုရင် နဲနဲမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး"
နေရောင်သည် ကျွန်တော့်ညာဖက် ပခုံးမှတစ်ဆင့် ဖြာကျလျက် ရှိသည်။ သို့သော် တစ်ချိန်လုံး ဖြာကျနေသော နေရောင်သည် စက္ကန့်ပိုင်းမျှ အနေအထား ပြင်ဆင်ပေးတတ်သည့် သူမ၏ သွယ်လျသော လက်ချောင်းများလောက် ပူနွေးမှု မရှိပါ။
တစ်နာရီတိတိအကြာတွင် ကော်ဖီ သောက်ရန် ကျွန်တော်တို့ ၁၅မိနစ် ရပ်နားလိုက်သောအခါ ကျွန်တော့်ကိုယ်ခန္ဓာ ကောက်ကြောင်းသည် တော်တော် ပြည့်စုံလျက်ရှိပြီကို တွေ့ရ၏။ သူမ၏လက်ချောင်းများ စနစ်တကျ ကျွမ်းကျင်ကြောင်း ကျွန်တော် တိတ်တခိုး မှတ်ချက်ချလိုက်သည်။
* * *
ဒုတိယမြောက် ညနေခင်းသည် ကျွန်တော့်အား အံ့သြတုန်လှုပ်မှုများ ပေးခဲ့ပါသည်။
ဒုတိယ ညနေ၏ ပထမပိုင်းအချိန်များသည် ကျွန်တော်နှင့် သူမအကြား ပိုမို နွေးထွေးလာသော ရင်းနှီးမှုများကြောင့် စိုပြည် လန်းဆန်းလျက်ရှိ၏။ ကျွန်တော် ရောက်သွားသောအချိန်မှာ လေးနာရီတိတိ ဖြစ်ပြီး သူမ၏ ပန်းချီဘုတ်ပြား ရှေ့တွင် သူမ အလုပ်လုပ်နေပြီ ဖြစ်သည်။ ပထမနေ့ ကျွန်တော် မပြန်မီ မြင်ခဲ့ရသည့် ပုံစံထက်ပို၍ အရောင်ကြွကာ သက်ဝင် လှုပ်ရှားနေသော ပန်းချီကားကို ကြည့်၍ ကျွန်တော် နားမလည်စွာ ရယ်မောမိသေး၏။
“ကျွန်တော် မရှိသေးဘဲနဲ့ … ဒီလောက် ပြည့်ပြည်စုံစုံ ဆွဲထားနိုင်သလား"
သူမ၏စိတ်အာရုံထဲတွင် ကျွန်တော် နက်ရှိုင်းစွာ ဝင်ရောက်နေခဲ့ပြီဟု ကျေနပ် ဂုဏ်ယူချင်သော်လည်း သူမ၏အဖြေက ရိုးရိုးရှင်းရှင်းပင် ဖြစ်၏။
“ဒီလိုဘဲကွ... ပန်းချီဆရာတွေက အချိန်ကို လုတတ်ရမယ်။ ခိုးတတ်ရမယ်၊ အစားလဲ ထိုးတတ်ရမယ်လေ... သမီးက ကိုယ် မင်းကို ပန်းချီဆွဲနေတုန်း ဓာတ်ပုံ ရိုက်ထားခဲ့တယ်၊ အဲဒီဓာတ်ပုံကို နဲနဲကိုးကားလိုက်တာပါပဲ...”
သူမ၏စားပွဲပေါ်တွင် ကျွန်တော့်ဓာတ်ပုံကို ထင်ထင်ရှားရှား ပုံကြီးအဖြစ် မြင်ရသည်။ ကျွန်တော် ခေါင်းခါယမ်း၍ ရယ်လိုက်ပါသည်။
“ဒီနည်းမျိုးကို လူတိုင်းသုံးတယ်၊ အင်ဒရူးဝိုင်ယက် ဆိုတဲ့ ပန်းချီဆရာကြီး နာမည်ကို မင်း ကြားဖူးရဲ့လား"
“ဟင့်အင်း...”
ကျွန်တော် ရိုးသားစွာ ငြင်းလိုက်ပါသည်။ သူမသည် ဤအဖြေကို မျှော်လင့်ထားဟန်ဖြင့် ပြုံး၏။
“အင်ဒရူးဝိုင်ယက်ရဲ့ ပုံတူကို သူ့အစ်မ အွန်(ဟ်)ရီယက်(တ်)က ဆွဲတော့လဲ ဒီလိုပဲ လုပ်ရတာပဲ၊ အင်ဒရူးဝိုင်ယက် လာထိုင်မပေးနိုင်တဲ့အချိန်၊ သူ့ပန်းချီကိစ္စနဲ့ သူအလုပ်ရှုပ်နေတဲ့အချိန်မှာ အင်ဒရူး ဝတ်ခဲ့တဲ့ အပေါ်ဝတ်အင်္ကျီကို မဲင်နီကင်း တစ်ယောက် ပခုံးပေါ်မှာ ဝတ်ပေးပြီး အဲဒီအင်္ကျီကို အသေးစိတ် ဆွဲနေခဲ့ရတယ်လေ”
သူမ၏ ညိုလဲ့သော မျက်ဝန်းများမှာ လျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်ရသည့် ကလေးငယ်တစ်ယောက်၏ အားရကျေနပ်မှုမျိုးဖြင့် တက်ကြွ ရွှင်လန်းလျက်ရှိသည်။ အသက် လေးဆယ်အရွယ် မိန်းမတစ်ယောက်မှာ ဤမျှ နုပျိုလန်းဆန်းသော မျက်လုံးများ ရှိနေသည်က မယုံနိုင်စရာဘဲဖြစ်၏။
ဒုတိယနေ့ ညနေခင်း နှစ်နာရီ အချိန်ကာလသည် ကျွန်တော့်အတွက် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျွန်တော့်ကိုယ်ဟန် အနေအထားကို သူမ လာရောက် ပြင်ဆင် ပေးမလားဟု မျှော်လင့်ရခဲ့သော်လည်း သူမ မလာခဲ့ပါ။ ခပ်လှမ်းလှမ်းမှ ပန်းချီဆွဲရင်းသာ “ဟိုဖက် နဲနဲစောင်းလိုက်ပါ ...” “ခေါင်းကို နဲနဲပိုငုံ့လိုက်ပါ ...” “ကိုယ်ကို မလိမ်ထားနဲ့” စသည့် စကားများဖြင့် ညွှန်ကြားနေခဲ့သည်။
ကျွန်တော်သည် ဒူးနှစ်ဖက်ကို လက်ဖြင့် တင်းကျပ်စွာ ပွေ့ပိုက်ထားရင်း ဖြစ်ပျက်နေသော အနေအထားကို တဖြည်းဖြည်း မကျေမနပ်ဖြစ်လာသည်။ ကျွန်တော်က ကိုယ်ပေါ်တွင် အဝတ်မပါဘဲ နှစ်နာရီကြာအောင် ထိုမိန်းမ၏ရှေ့၌ ထင်းထင်းကြီး ထိုင်နေရချိန်တွင် ထိုမိန်းမကတော့ အလွန်လုံခြုံသော ရှပ်အင်္ကျီ လက်ရှည်ပွပွကြီးကို လည်ပင်း ကြယ်သီးပင် မဖြုတ်ဘဲ ဝတ်ဆင်ထားသည်။ သူမ၏ ထဘီက သူမ၏ ခြေမျက်စိကိုပင် ကျွန်တော် မမြင်ရလောက်အောင် ရှည်လျား၏။ ကျွန်တော်၏ တစ်နာရီလျှင် တစ်ထောင် ဟူသော ကြေးသည် ကျွန်တော့်ကို ဓားသွား ပါးပါးမြမြကလေးဖြင့် လှီးနေသလို စပ်ဖျဉ်းဖျဉ်း နာကျင်စေလျက် ရှိသည်။ ပုံတူဆွဲခံနေရာမှ ဗြုန်းကနဲ ထရပ်ကာ အော်ဟစ်ပေါက်ကွဲပစ်ချင်စိတ် မကြာခဏ ပေါ်ပေါက်လာသည်။ ခင်ဗျားရဲ့ ပိုက်ဆံကို ကျုပ် တစ်ပြားမှ မလိုချင်ဘူး၊ ခင်ဗျားရှေ့မှာလဲ တိရစ္ဆာန်တစ်ကောင်လို ခင်ဗျား ထားတဲ့အတိုင်း နေမပေးနိုင်ဘူး...။ ငွေမက်တဲ့ သူတောင်းစား တစ်ယောက်သာ ဒီလိုအလုပ်ကို လုပ်မှာ... ကျွန်တော်တော့ မလုပ်နိုင်ဘူး။ သို့သော် ကျွန်တော်သည် ဤကိစ္စအတွက် ဘာမျှ မတတ်နိုင်တော့ပါ။
ကျွန်တော့်ကိုယ်ခန္ဓာသည် သူမ ထိန်းချုပ်မပေးရဘဲ အလိုအလျောက် တဖြည်းဖြည်း ကျုံ့ဝင်လျက် ရှိသည်။ ကျွန်တော့်မှာ ငွေမလိုပါ... ၊ ကျွန်တော် ဘာဖြစ်လို့ ဤအလုပ်ကို လက်ခံလိုက်မိပါလိမ့်။
“မဟုတ်ဘူး... မင်းမျက်လွှာကို အဲဒီလောက် ချမပစ်နဲ့… မင်းမျက်တောင်တွေရဲ့ ခွန်အားတွေ လျော့ကုန်မှာပေါ့၊ ဟောဟိုက သစ်တုံးကလေးဆီကိုပဲ ကြည့်နေ”
မျက်လုံးကို မမြင်ရမှတော့ မျက်တောင်ဆိုတာ ဘာများ ခွန်အားရှိတော့မှာလဲ။ ကျွန်တော် မရယ်ချင်ဘဲ ဖျစ်ညှစ် ရယ်ပစ်လိုက်သည်။
“စိတ်ရှည်ရှည် ထားစမ်း ချာတိတ်... မင်းရဲ့ ပန်းချီကားဟာ နိုင်ငံခြားမှာ ပြပွဲတင်မယ့်ကား ဆိုတာ သဘောပေါက်ပြီး ဂုဏ်ယူစမ်းပါ...။ ဒို့မြန်မာလူမျိုးရဲ့ ရိုးဖြောင့်မှု၊ အပြစ်ကင်းမှု၊ သန့်စင်မှု အားလုံးကို မင်းက ကိုယ်စားပြုပေးရမှာ...”
“သိမ်ငယ်မှုတွေရော မပါဘူးလား...”
မပြောတော့ပါဘူးဟု ထိန်းချုပ်ထားလျက်က ကျွန်တော် လွှတ်ကနဲ ပြောမိသည်။ သူမသည် စားပွဲပေါ်က ရေခွက်ထဲသို့ စုတ်တံကို ဖြည်းညင်းစွာ နှစ်ချထားလိုက်ပြီး ကျွန်တော်ရှိရာသို့ လျှောက်လာ၏။ ကျွန်တော့်အနီးမှာ ရပ်၍ ငုံ့ကြည့်မိနေသော သူမ၏မျက်နှာတွင် ကျွန်တော် ထင်ထားခဲ့သော တမ်းမက်ရိပ်၊ ယစ်မူးရိပ်များ မရှိဘဲ နူးညံ့ ကြင်နာမှုများကို တွေ့ရသည်။ ကျွန်တော် သူမကို မော့ကြည့်ရင်း ဤမျက်လုံးများသည် မေမေ့မျက်လုံးများနှင့် ဆင်တူသလား... ဟု တွေးနေမိသည်။
“မင်း နဲနဲငြီးငွေ့ နေပြီ... လာ... ထ၊ သမီး ကော်ဖီ ဖျော်နေတုန်း ခြံထဲက ပန်းပုရုပ်တွေ လိုက်ကြည့်ရအောင်...”
ကျွန်တော် မကြည့်ရသေးသော ပန်းပုရုပ်ထုများကို ခြံထဲမှာ လိုက်ကြည့်နေစဉ် နေရောင်ခြည်သည် လျင်မြန်စွာ ကျဆင်းလျက် ရှိသည်။
“ဒီရုပ်ထုတွေထဲမှာ လူပုံတွေအားလုံးက ယောက်ျားပုံတွေချည်းပဲနော်...”
“အင်း...”
“ဘာဖြစ်လို့ မိန်းမပုံ မပါရတာလဲ...”
သူမ ပြုံးလိုက်သည့် အပြုံးက တစ်ခုခုကို စိတ်မကောင်းသည့်အပြုံးမျိုး ဖြစ်၏။
“ဘာဖြစ်လို့လဲ ဆိုတော့ မိုဒယ်လ်တွေအားလုံးက ယောက်ျားတွေချည်းမို့ပေါ့ကွာ...”
ဘာဖြစ်လို့ ယောက်ျား မိုဒယ်လ်တွေချည်း ခင်ဗျား စိတ်ဝင်စားရတာလဲ...။ ဤမေးခွန်းကို ကျွန်တော် မမေးပါ။ သူမ၏ ကြင်နာတတ်သော၊ သိမ်မွေ့သော မျက်ဝန်းများကို ထောက်ထား၍ ကျွန်တော် မမေးအပ်ပါ။ အခြားမေးခွန်း တစ်ခုကိုသာ မေးဖြစ်သည်။
“အန်တီ အဲလို ယောက်ျားမိုဒယ်လ်တွေနဲ့ အလုပ်လုပ်တာကို အန်တီ့အမျိုးသားက စိတ်ချရဲ့လား...”
သူမ ကျွန်တော့်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည့် အကြည့်တွင် အံ့သြမှုများ ပါဝင်နေ၏။ ထိုအံ့သြမှုသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ပင့်သက် တစ်ချက်ကို လေးပင်စွာ ရှိုက်လိုက်လေသည်။
“ဒီပန်းပုရုပ်တွေကို ထုတဲ့လူက ကိုယ်မှ မဟုတ်ဘဲ...ဒါတွေအားလုံး ကိုယ့်ယောက်ျားရဲ့ လက်ရာတွေ..."
ကျွန်တော် တစ်ခဏ ငြိမ်သက်သွားပါသည်။ သူမကို ကြည့်မိတော့ သူမ၏ယောက်ျားအတွက် ဂုဏ်ယူသော မျက်လုံးများကို ကျွန်တော် မြင်ရသည်။ မိန်းမတစ်ယောက်က ယောက်ျား မိုဒယ်လ်တွေ အသုံးပြုတာ ကျွန်တော် မအံ့သြသင့်သော်လည်း ယောက်ျားတစ်ယောက်က ယောက်ျား မိုဒယ်လ်တွေချည်း အသုံးပြုတာကိုတော့ ကျွန်တော် အံ့သြသင့်သည်ဟု ထင်သည်။ အံ့သြမိသည့်အတွက်လည်း ကျွန်တော် အားနာစရာ မလိုဘူး... ဟု ထင်ပါသည်။ သူမက ကျွန်တော် ဘာတွေးနေသည်ကို သိပုံမျိုးဖြင့် ခပ်မဲ့မဲ့ ပြုံး၏။
“ယောက်ျား မိုဒယ်လ်တွေချည်း ဘာဖြစ်လို့ သုံးသလဲလို့ မင်း ဖွင့်မေးလိုက်ရောပေါ့… တခြားအတွေးတွေ ဘာမှ တွေးမနေစေချင်ဘူးလေ...”
ကျွန်တော် အနည်းငယ် အားနာကာ ရှက်ပြုံး ပြုံးမိ၏။ သူမက ပြုံး၍ ဆက်ပြောသည်။
“ဘာဖြစ်လို့လဲ ဆိုတော့ မိန်းမ မိုဒယ်လ်သုံးဖို့ သူ့ခမျာ အခွင့်အရေး မရရှာလို့ဘဲ။ အန်တီ့ယောက်ျားက ပန်းပုထုတဲ့အခါ မျက်စိနဲ့ကြည့်ပြီး မထုနိုင်ဘူး... လက်နဲ့ စမ်းသပ် ခံစားကြည့်ပြီးမှ ထုရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက မျက်မမြင်တစ်ယောက် ဖြစ်နေလို့။ သူ့ဘဝမှာ မိန်းမပုံတူကို တစ်ခါပဲ ထုဖူးတယ်... အဲဒါကတော့ ကိုယ့်ရဲ့ပုံတူ ပန်းပုရုပ်ဘဲ”
ထိုစကားသည် ကျွန်တော့်ရင်ထဲသို့ နက်ရှိုင်းစွာ စူးနစ်ဝင်ရောက်သွားပါသည်။
* * *
တတိယ ညနေခင်းတွင် အလွန်အံသြစရာကောင်းသော လူတစ်ယောက်နှင့် ကျွန်တော် စကားပြောခဲ့ရသည်။
တတိယနေ့ ပထမ တစ်နာရီတွင် ကျွန်တော့် ပုံတူပန်းချီ ပြီးဆုံးသွား၏။ သူမ၏အမျိုးသားအကြောင်းကို သိမထားသေးဘူး ဆိုလျှင် ကျွန်တော့်ပုံတူကို ကျွန်တော် တော်တော် စိတ်ဝင်စားမိမည်။ ယခုတော့ ကျွန်တော့်ပုံတူထက် ပို၍ စိတ်ဝင်စားစရာကောင်းသော လူတစ်ယောက် ရှိနေပြီ။ ထိုကြောင့် သူနှင့်တွေ့ဖို့ကို ကျွန်တော် စိတ်စောနေခဲ့သည်။
ပန်းပုဆရာသည် ဖေဖေ့ထက် အသက်ပိုငယ်၏။ သူ အလုပ်လုပ်သော အခန်းမှာ အမျိုးသမီး အလုပ်လုပ်သော အခန်းနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။ သူ့အလုပ်ခန်းသည် အိမ်၏နောက်ဖက်က ကားဂိုဒေါင်ဟောင်းတစ်ခု ဖြစ်သည်။ အခန်းသည် ကျယ်ဝန်းသော်လည်း မှောင်မိုက်သည်။ သစ်သားတုံးများ၊ ကျောက်တုံးများ၊ ရွှံ့စေးတုံးများ ပြန့်ကျဲလျက် ရှိ၏။ လျှပ်စစ်ကြိုးများ အခန်းထောင့်တွင် ပြန့်ကျဲလျက်ရှိသည်။ မျက်စိမမြင်သော လူတစ်ယောက်နှင့် လျှပ်စစ်ပစ္စည်းများ မသင့်တော်ဟု ကျွန်တော် ထင်ခဲ့သော်လည်, တကယ်တော့ ဤပစ္စည်းများသည် သူ့အလုပ်အတွက် အထောက်အကူပစ္စည်းများ ဖြစ်သည်ဟု သိသွားသည်။
ကျွန်တော်တို့နှစ်ယောက် ပန်းပုဆရာ၏ခပ်လှမ်းလှမ်းမှာ ငြိမ်သက်စွာ ရပ်ကြည့်နေစဉ် အေးစိမ့်နေသည့် အခန်းတွင် ကျွန်တော် စိတ်လှုပ်ရှားမှုကြောင့် ချွေးပြန်နေသည်။ သူ၏လက်ချောင်းများသည် ထုလက်စ ကျောက်ဖြူတုံးနှင့် ဆောက်သွားပေါ်တွင် လှုပ်ရှားလျက် ရှိသည်။ ခဏကြာတော့ သူ့လက်ချောင်းများ ရပ်သွားပြီး ကျွန်တော်တို့နှစ်ယောက်ဖက်သို့ ခေါင်းငဲ့လိုက်သည်။
"လီလီ..."
“ဟုတ်တယ် အစ်ကို... ကျွန်မရဲ့ မိုဒယ်လ်ချာတိတ်လဲ ပါတယ်...သူက အစ်ကို အလုပ်လုပ်တာ ကြည့်ချင်လို့... တဲ့...”
ပန်းပုဆရာသည် သူ၏လုပ်လက်စ အလုပ်ကို ရပ်ထားပြီး ထိုင်ရာမှ ထရပ်ဖို့ ကြိုးစားသည်။ အမျိုးသမီးက ကျွန်တော့်နောက်ကျောကို ခပ်ဆတ်ဆတ် ပုတ်လိုက်ပြီး ရှေ့သို့ တွန်းပို့လိုက်သောကြောင့် ကျွန်တော် သူ့အနီးသို့ လျင်မြန်စွာ ရောက်သွားကာ ထိုင်ချပစ်လိုက်ရပါသည်။
“ကျွန်တော့်နာမည် မိုးအောင်လို့ ခေါ်ပါတယ်... ဆရာ”
ကျွန်တော် သူ့ညာဖက်လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သောအခါ သူက ခွန်အားပါပါဖြင့် ကျွန်တော့်လက်ကို ဆုပ်ညှစ် အသိအမှတ်ပြုသည်။
“ဘာအလုပ် လုပ်သလဲ...”
သုံးရက်လုံးလုံး အမျိုးသမီး မမေးခဲ့သည့် မေးခွန်းကို သူမေးသောအခါ ကျွန်တော် တွန့်ဆုတ်စွာ ဖြေမိ၏။
“ဖက်ရှင်မိုဒယ်လ် အလုပ် လုပ်ပါတယ်"
“ခင်ဗျားဟာ မိုဒယ်လ်ကောင်းတစ်ယောက်ဘဲလို့... လီလီက ပြောတာ...ဒါဆို သိပ်အံ့သြစရာမရှိတော့ဘူးပေါ့..."
ကျွန်တော်တို့ တစ်ခဏ ငြိမ်သက်သွားသည်။ ထို့နောက် သူက ကျွန်တော့်မျက်နှာရှိရာသို့ တည့်တည့် လှည့်ကြည့်သည်။ သူ့မျက်လုံးများကို ဖြူဖွေးသော အဝတ်စတစ်ခုဖြင့် သေသပ်စွာ စည်းနှောင်ထား၏။
“ကျွန်တော် အလုပ်လုပ်တဲ့အခါ ကျောက်မှုန့်တွေ မြေမှုန့်တွေ သစ်သားမှုန့်တွေနဲ့ တစ်ခန်းလုံး ပြည့်နေတတ်တယ်ဗျ... ကျွန်တော့်မျက်လုံးတွေကို အဲဒီအမှုန့်တွေ ဝင်ပြီး ရောဂါရမှာ မလိုလားဘူးလေ၊ ဒါကြောင့် အဝတ်စည်းပြီး ကာကွယ်ထားရတာပါ...၊ အင်း တစ်နည်းအားဖြင့်တော့ ဟောင်းလောင်းဖြစ်နေတဲ့ မျက်လုံးတွေကို ကျွန်တော့်ပတ်ဝန်းကျင်က လူတွေ မမြင်စေချင်တာလဲ ပါမှာပေါ့ …”
နူးညံ့သိမ်မွေ့သော သူ့အသံသည် ဘဝအပေါ် ကြေကွဲမှု လုံးဝမပါဘဲ ချိုမြနေ၏။
“ဒါနဲ့ ခင်ဗျား ပန်းပု ဝါသနာပါသလား”
ကျွန်တော် ရှက်ရွံ့သွားသည်။
“လုံးဝ မပါပါဘူးခင်ဗျာ”
သူ အံ့သြသွားဟန် မရှိပါ။ သူ့အတွက် အံ့သြခြင်း၊ ဒေါသထွက်ခြင်း၊ ပူပန်ခြင်း စသည့် စိတ်ခံစားမှုများ မရှိတော့သလိုပင် ဖြစ်သည်။
“ဒါဖြင့် ဘာဖြစ်လို့ ကျွန်တော် အလုပ်လုပ်တာ ကြည့်ချင်ရတာလဲ...”
ကျွန်တော် ဘာဖြေရမှန်း မသိဘဲ ကြောင်အသွား၏။ ကျွန်တော့်အဖြေသည် သူ့အတွက် ထူးခြားမှာမဟုတ်မှန်း သိပါလျက်က အဖြေကို ရွေးချယ်နေမိသည်။
“ကျွန်တော့်မှာ သိပ်လှတယ်လို့ သူများတွေက ခဏခဏ ချီးကျူးခံရတဲ့ မျက်လုံးတစ်စုံ ရှိပါတယ်...၊ ဒါပေမယ့်... အဲဒီ မျက်လုံးကို အသုံးချပြီး ကျွန်တော် တစ်ခါမှ အလုပ် မလုပ်ဖူးသေးပါဘူး...”
ကျွန်တော် ဘာဆက် ပြောရမှန်း မသိပါ။ သူက ကျွန်တော့်အဖြေမှာ သူ့အတွက် ပြီးပြည့်စုံသွားသလိုပင် ခေါင်းညိတ်ပါသည်။
တစ်ခဏအကြာတွင် ကျွန်တော်တို့သုံးယောက် ကော်ဖီသောက်ရင်း စကားလက်ဆုံကျလျက်ရှိသည်။
သူ့အသက် နှစ်ဆယ် အရွယ်တွင် မတော်တဆ ပေါက်ကွဲမှုတစ်ခုကြောင့် သူ့မျက်လုံးများ ဆုံးရှုံးသွားခဲ့သည်။ ပတ်တီးအထပ်ထပ် မျက်နှာပေါ်မှာ စည်းနှောင်လျက် ခွဲစိတ်ပြီး နေ့ရက်များသည် သူ့အတွက် ချောက်ချားစွာ ဝမ်းနည်းနာကျင်ခဲ့ရသော ငရဲနေ့ရက်များပင် ဖြစ်သည်။
“ကျွန်တော် အသက် ၁၆ နှစ် အရွယ်မှာ ပန်းပုကို စိတ်ဝင်စားခဲ့တယ်။ မိုက်ကယ်လ်အင်ဂျလိုညအကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကို ကြည့်ရတဲ့အခါ ကျွန်တော့်ဘဝမှာ ကျွန်တော် ဘာဖြစ်ချင်သလဲ ဆိုတာ အသေအချာ သိလိုက်ရတာပါပဲ။ ဒါပေမယ့် အဖေက ကျွန်တော် ကောလိပ်ပညာကို ပြီးအောင် သင်ပြီးမှ ဝါသနာပါရာကို လုပ်ပါ ...လို့ တောင်းပန်လို့ ၄နှစ်လုံးလုံး ကောလိပ်ပညာ ဆက်သင်ခဲ့တယ်။ ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲ မဖြေရသေးခင်မှာပဲ အက်ဆီးဒင့်ကြောင့် ကျွန်တော့်မျက်စိတစ်လုံးကို ခွဲထုတ်ပစ်လိုက်ရတယ်၊ တစ်ဖက်က မျက်စိလည်း လုံးဝကွယ်ခဲ့တာပဲ။ ကျွန်တော် မျက်မမြင်ကျောင်း တက်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် အဲဒီကျောင်းက သင်ပေးတဲ့ ပညာတွေအားလုံး ကျွန်တော် ဝါသနာ မပါတဲ့ ပညာတွေ ဖြစ်နေတယ်၊ ကျွန်တော့်အဖေဆီက ရွှံ့စေးတုံးတွေ တောင်းပြီး ပန်းပု စထုခဲ့တယ်...၊ ကျွန်တော်သာ မျက်စိ မကွယ်ခင်က ပန်းပုရုပ်ထုတစ်ခု ပြီးအောင် ထုခဲ့ဖူးရင် သိပ်ကောင်းမှာပဲ... လို့ ကျွန်တော် ယူကြုံးမရ တမ်းတမိတဲ့အခါတိုင်း အဖေ ငိုတယ်ဗျာ...၊ ဒါနဲ့ပဲ... ကျွန်တော်ရဲ့ မဖြစ်နိုင်တဲ့ ဆန္ဒတွေကို မောင်းထုတ်ပစ်လိုက်ရတယ်…”
အသက် နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်၏ အနာဂတ်ပျောက်ဆုံးမှုမှာ မတွေးရဲစရာပင် ဖြစ်မည်။ ကျွန်တော် ကိုယ်ချင်းစာကြည့်နိုင်ပါသည်။
“ကျွန်တော့်မှာ မျက်စိ မရှိတော့ပေမယ့် လက်နှစ်ဖက် ရှိနေတယ်၊ ကျွန်တော် ပန်းပုရုပ်တွေကို လက်နဲ့ စမ်းသပ် ခံစားနိုင်တာပဲ... အဲဒီလို ကျွန်တော် အားတင်းခဲ့တယ်၊ ပန်းပုနဲ့တွဲပြီး ပြတဲ့ ပန်းချီပြခန်းတိုင်းကို အဖေက လိုက်ပို့ပေးလေ့ရှိတယ်ဗျ၊ အဲဒီမှာ လီလီနဲ့ တွေ့ခဲ့တာပဲ။ ခင်ဗျားသိလား မသိဘူး။ ပန်းပုရုပ်ထု တော်တော်များများဟာ လက်နဲ့ ထိကိုင်ခွင့် မပေးထားဘူးဗျ၊ ကျွန်တော့်အတွက်ကျတော့ လက်နဲ့မှ မြင်ရတာ မဟုတ်လား၊ ကျွန်တော်က လက်နဲ့ ထိကိုင် စမ်းသပ်ခွင့် တောင်းတယ်။ ပြပွဲ တာဝန်ခံက မပေးဘူး၊ ကျွန်တော့်မှာ လက်အိတ်တွေ ပါပါတယ်၊ လက်အိတ်စွပ်ပြီး စမ်းသပ်ကြည့်ပါရစေ ဆိုလဲ မရဘူးဗျ... ဒါနဲ့ပဲ ပန်းပုဆရာနဲ့ တွေ့ပြီး အကူအညီတောင်းဖို့ ကြိုးစားမိတော့ ပန်းပုဆရာက ကွယ်လွန်ပြီ ဆိုတာ သိရတယ်။ လီလီက အဲ့ဒီပန်းပုဆရာရဲ့ သမီးပါပဲ။ လီလီနဲ့ တွေ့တော့ လီလီက ကျွန်တော့်ကို လက်နဲ့ ထိကိုင် စမ်းသပ်ခွင့် ပေးခဲ့တယ်၊ အဲ့ဒီနောက်တော့ လီလီနဲ့ ကျွန်တော် မြတ်မြတ်နိုးနိုး ပေါင်းဖက်ခဲ့ကြတော့တာပါ”
မျက်မမြင်တစ်ဦးအား လက်ထပ်ယူရလောက်အောင် ထိုမျက်မမြင်၏တန်ဖိုးကို သူမ ဘယ်လောက်တောင် နားလည်ခံစားခဲ့နိုင်ပါသလဲ။ ကျွန်တော် အမျိုးသမီးကို တအံ့တသြ ငေးမောမိသည်။ အမျိုးသမီးက သူမခင်ပွန်း၏ ပန်းကန်ထဲသို့ ကော်ဖီငှဲ့ပေးရင်း လျှို့ဝှက်စွာ ပြုံးနေ၏။
“ကျွန်တော်ရဲ့ လက်တွေဟာ မျက်စိပဲ၊ လက်နဲ့ ထိတို့ စမ်းသပ်ပြီး ရတဲ့ ရသကို ကျွန်တော်စိတ်နဲ့ ပြန်ခံစားကြည့်ရတယ်။ အချိန်တော့ တော်တော်ကြာပါတယ်။ တစ်ခါ တစ်ခါ နှစ်နာရီ သုံးနာရီလောက် ကြာအောင် ပန်းပုရုပ်တစ်ခုကို ကြည့်ရတယ်။ ကျွန်တော့် လက်ထိပ်ကလေးတွေနဲ့ ကျွန်တော်စိတ်ရဲ့ ဆက်သွယ်မှုအင်အားဟာ တဖြည်းဖြည်းနဲ့ ကောင်းလာတယ်၊ ကျွန်တော့်လက်ရာ မှန်မမှန်ကို ကျွန်တော့်စိတ်ကပဲ ပြောပေးသွားတယ်။ အရာဝတ္ထု တစ်ခုဟာ ရှည်သွားသလား... တိုသွားသလား...ကျွန်တော့်စိတ်က သိတယ်၊ တခြားလူရဲ့ အမြင်က ကျွန်တော့်အတွက် အလုပ်မဖြစ်ဘူးဗျ၊ ကျွန်တော် ထုထားတဲ့ နှာခေါင်းကို တစ်ယောက်က တိုတယ်လို့ ပြောတယ်၊ တခြားတစ်ယောက်က ရှည်တယ်လို့ ပြောတယ်၊ ဘယ်သူ မှန်သလဲ၊ ဘယ်သူ့စကားကို ကျွန်တော် ယုံရမလဲ…၊ ဘေးလူရဲ့ အမြင်နဲ့သာ ဆုံးဖြတ်ပြီး အလုပ် လုပ်ရမယ် ဆိုရင် ကျွန်တော် ဘာအလုပ်မှ ပြီးမှာ မဟုတ်တော့ဘူးဗျ”
သူ့ကို ကျွန်တော် လေးစားစွာ ကူညီလိုသော ဆန္ဒဖြင့် ကျွန်တော့်၏ကိုယ်ခန္ဓာကို မိုဒယ်လ်အဖြစ် အသုံးပြုခွင့် ပေးလိုက်သည်။ သူသည် ကျွန်တော့်ကို ကျေးဇူးတင်စွာဖြင့် ဝမ်းသာအားရ လက်ခံလေသည်။
သူ့လက်ချောင်းများသည် အသားမာတက်၍ ကြမ်းရှရှ အတွေ့ကို ပေးသည်။ ကျွန်တော်၏ အဝတ်ကင်းမဲ့သော ကိုယ်ခန္ဓာကို သူ့လက်ချောင်းများဖြင့် စမ်းသပ်ခံစားကြည့်နေစဉ် ကျွန်တော်သည် ဖေဖေမှတပါး အခြား ယောက်ျားတစ်ဦးအပေါ် ပထမဆုံး ချစ်ခင်စိတ် ဝင်မိပြီဟု သိရပါသည်။ သူ၏လက်က ကြမ်းတမ်းသော်လည်း သူကိုင်တွယ်ပုံက နူးညံ့သည်။ ကျွန်တော်သည် ထူးဆန်းသော ထိတို့မှုကြောင့် ကျွန်တော့်ကိုယ်ခန္ဓာထဲသို့ သူ့ဆီက ခွန်အားများစွာ ဝင်ရောက်ပူးပေါင်းပေးလိုက်သလို ခံစားရသည်။ အမျိုးသမီးက ကျွန်တော့်ကိုယ်ခန္ဓာကို ဆယ်ပေကျော် အကွာအဝေးမှ ပန်းချီ ရေးဆွဲနေစဉ် ကျွန်တော် ခံစားရသော စိတ်ကျဉ်းကျပ်မှုမျိုး၊ သိမ်ငယ်မှုမျိုးနှင့် ဒေါသ နာကြည်းမှုမျိုးကို ယခုအခါ ကျွန်တော် မခံစားရ။ ကျွန်တော် ခံစားရသည်က နူးညံ့သော မျှဝေ ပေးအပ်ခြင်းသာ ဖြစ်သည်။
“ဖယောင်းရုပ်တု လုပ်ရတာနဲ့ ကျောက်ဆစ်ရုပ်ထု လုပ်ရတာနဲ့ ပြောင်းပြန်ဘဲဗျ၊ ဖယောင်းခဲ တစ်ခုဆီကနေ ခင်ဗျား မကြိုက်တဲ့ အပိုင်းကို ဖယ်ထုတ်ပြီးပြီ ဆိုပေမယ့် ဒီနေရာကို ခင်ဗျား ပြန်ဖြည့်ချင်သေးတယ် ဆိုရင် ထပ်ဖြည့်နိုင်ခွင့် ရှိသေးတယ်… အဲ … ဒါပေမယ့် ကျောက်ဆစ်ရုပ်ထု (?) အခါမှာတော့ ခင်ဗျားစိတ်က သိပ်သေချာဖို့ လိုတယ်၊ ကျောက်တုံးကနေ ခင်ဗျား အစိတ်အပိုင်းတစ်ခု ဖဲ့ထုတ်ပြီးပြီ ဆိုရင် အဲဒီ အစိတ်အပိုင်းကို ခင်ဗျား ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး၊ ဒီတော့ ခင်ဗျားလက်က ဘာကို လိုချင်တယ် ဆိုတာကို စိတ်က တိတိကျကျ ဆုံးဖြတ်ပေးဖို့ လိုတယ်”
ကျွန်တော့်ဘဝအကြောင်းကို ပြောရသည့်အခါမှာတော့ ကျွန်တော် ဘယ်တုန်းကမျှ မတွေးခဲ့ဖူးသည့် ဝမ်းနည်းမှုမျိုးဖြင့် ပြောပြနေမိသည်ကို နားလည်လိုက်ရသည်။
“ကျွန်တော်တို့လို ကိုယ်ဟန်ပြသူတွေအတွက်ကတော့ နုပျိုမှုက အရေးကြီးဆုံးပါပဲ။ နောက်ဆယ်နှစ်ကြာတဲ့အခါမှာ ကျွန်တော့်ရဲ့ အခုအရွယ်လောက် ချာတိတ်တွေကို ကျွန်တော် နေရာဖယ်ပေးရတော့မယ်၊ ကျွန်တော် ဘယ်လောက်ကျွမ်းကျင်သည် ဖြစ်စေပေါ့၊ ဇရာဟာ ကျွန်တော့်အလုပ်ကို ကောင်းကောင်းကြီး ဆုံးဖြတ်ပေးနိုင်တယ် ဆရာ ...”
သူက ကျွန်တော့်လက်မောင်းကို ထိကိုင်နေရာမှ တင်းကျပ်စွာ ဆုပ်ညှစ်လိုက်၏။
“မဟုတ်သေးဘူးဗျ... ရင့်ကျက်မှုအလှဟာ တစ်ခါ တစ်ခါမှာ နုပျိုမှုအလှထက် ပိုပြီး အားကောင်းတတ်ပါတယ်... ခင်ဗျားရဲ့ ရင့်ကျက်မှုကို တခြားနေရာမှာ ဒါထက် အောင်မြင်အောင် အသုံးချနိုင်တယ်၊ အရေးကြီးတာက ဖြစ်လာသမျှထဲကနေ အကောင်းဆုံးကို ရအောင် ယူတတ်ဖို့ပဲ...”
အမျိုးသမီးက ကျွန်တော်တို့အလုပ်ခန်းထဲသို့ ဝင်လာပြီး ကျွန်တော့်လုပ်အားခကို ရှင်းရန်အချိန်ရောက်ပြီ... ဟု အသိပေးချိန်တွင် ကျွန်တော် ခံစားလိုက်ရသော နာကျင်မှုကို ကျွန်တော် ဘယ်လိုမျှ မဖော်ပြနိုင်တော့ပါ။
“ကိုယ့်ကို မင်း ကူညီပေးခဲ့တာ ခြောက်နာရီ...၊ နောက်ပြီး ကိုယ့်အမျိုးသားကို မင်း အကူအညီပေးခဲ့တဲ့ နှစ်နာရီက ကိုယ့်အချိန် ခြောက်နာရီနဲ့ ညီမျှလောက်အောင် ကျေးဇူးတင်ဖို့...”
“မဟုတ်ဘူး ...”
ကျွန်တော် နာကျင်စွာ အော်ဟစ်ကာ စကားဖြတ်လိုက်တော့ အမျိုးသမီးက လန့်ဖျပ်သွားသည်။ သို့သော် ပန်းပုဆရာကတော့ မျက်နှာထား မပြောင်းလဲပါ။ အမျိုးသမီးသည် အခန်း၏လိုက်ကာများကို ဆွဲဖွင့်ရင်း တိတ်ဆိတ်စွာ ငြိမ်သက်သွား၏။ အလင်းရောင်သည် ကျွန်တော်တို့သုံးယောက်၏ ကသိကအောင့်ဖြစ်မှုကို ပယ်ဖျက်ပေးလိုက်သည်။
“ကျွန်တော်… ကျွန်တော် အန်တီတို့ကို လေးလေးစားစားနဲ့ ကူညီတယ်လို့ အန်တီ သဘောထားပါနော်... ကျွန်တော့်အချိန်တွေအတွက် အန်တီတို့ဆီက ငွေတစ်ပြားမှ မယူပါရစေနဲ့၊ ကျွန်တော့်ကို...”
“မဟုတ်သေးဘူးလေ... ချာတိတ်... မင်းနဲ့ကိုယ် သဘောတူခဲ့ကြတုန်းက...”
အမျိုးသမီးက မှန်ပြတင်းမှာ ရပ်လျက် နားမလည်နိုင်သလို ပြောရင်း စကားတန်းလန်း ရပ်သွားသည်။
“အဲဒီတုန်းက ဘာပဲပြောခဲ့ ပြောခဲ့... အခုအချိန်မှာတော့ အဲဒီစကားတွေကို မေ့လိုက်ပါ…။ အန်တီက ကျွန်တော့်ကို ငွေပေးဖို့ ထပ်ကြိုးစားရင်… ကျွန်တော့်ကို ပါးရိုက်လိုက်သလိုပဲ ကျွန်တော် ဝမ်းနည်းမိမှာ သေချာပါတယ်…”
ပန်းပုဆရာက ပထမဦးဆုံးအကြိမ် ပြုံးသည်။ သူ့အပြုံးမှာ သိမ်မွေ့နူးညံ့လှသည်။
“ဒီအချိန်တွေအတွက် ခင်ဗျားရဲ့ နစ်နာမှုကျတော့ ခင်ဗျား မေ့ထားတော့မှာလား၊ အဲဒီအတွက် ကျွန်တော်တို့က ဘယ်လို ကျေးဇူးဆပ်ရမလဲ”
ကျွန်တော်သည် တစ်ခဏ စဉ်းစားတွေဝေနေပြီးမှ အားတင်း၍ ပြောချလိုက်မိသည်။
“ဆရာတို့ဆီက ကျွန်တော် အခွင့်အရေးတစ်ခုပဲ... တောင်းချင်ပါတယ်၊ ကျွန်တော့်ကို စိတ်မဆိုးဘူး ဆိုရင်ပေါ့”
အမျိုးသမီးက ကျွန်တော့်မျက်လုံးကို ငေးစိုက် ကြည့်နေ၏။
“အို… ပြောပါဗျာ၊ စိတ်ဆိုးမှာ မဟုတ်ပါဘူး”
“ဆရာက ဒီအန်တီရဲ့ ပုံတူပန်းပု ထုခဲ့ဖူးတယ်လို့ သိရပါတယ်၊ အဲဒီ ပန်းပုရုပ်ထုကို ကျွန်တော် ကြည့်ခွင့်ရမယ် ဆိုရင် ကြည့်ပါရစေ ...”
အမျိုးသမီး၏ ဖြူဖွေးသောပါးပြင်များ ပန်းသွေးရောင် ရဲသွား၏။ အမျိုးသမီး၏ရှက်ပြုံးကို ကျွန်တော် ပထမဆုံးအကြိမ် မြင်လိုက်ရသောအခါ ထိုအပြုံးကို ကျွန်တော် စွဲလမ်းသွားတော့သည်။
“အင်း… ဒါက ကျွန်တော်တစ်ယောက်ထဲရဲ့ ဆန္ဒနဲ့ မဖြစ်တော့ဘူးဗျ...”
သူက အမျိုးသမီးရှိရာသို့ လှမ်းကြည့်သည်။
“လီလီ...”
အမျိုးသမီးက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“အစ်ကို လိုက်ပြလိုက်လေ...ဒါပေမယ့်... ရုပ်ထုပေါ်က ပိုးစကိုတော့ မဖယ်လိုက်နဲ့နော်… အစ်ကို...”
ကျွန်တော်သည် ကျွန်တော် တောင်းဆိုသော အခွင့်အရေး အလွန်များသွားပြီဟု ထိုအချိန်ကတည်းက သိလိုက်ပါသည်။
အပေါ်ထပ်သို့ ကျွန်တော့်အား ပန်းပုဆရာက ဦးဆောင် ခေါ်သွားသည်။ နှစ်ပေါင်းနှစ်ဆယ် ရင်းနှီးခဲ့သော အိမ်အသုံးအဆောင်များ၊ လှေကားများ၊ နံရံများသည် သူ့အတွက် ဘာမျှ အခက်အခဲမရှိ။ ကျွန်တော့်အတွက်သာ အမှောင်သည် အခက်အခဲ ဖြစ်နေသည်။
အခန်းကျယ်တစ်ခုထဲသို့ ဝင်လိုက်လျှင် ဝင်လိုက်ချင်း အခန်း၏အဆင်အပြင်သည် ကျွန်တော့်စိတ်ကို သိမ်မွေ့ နူးညံ့သွားအောင် ဖန်တီးလိုက်သည်။ အညိုနုရောင် ခန်းဆီးများ အပြည့် ဆွဲချထားသဖြင့် မှန်ပြတင်းမှ အလင်းသည် မှိန်ပျပျလေးသာ ဖြစ်နေသည်။ အခန်းလယ်တွင် အမျိုးသမီး၏ အရွယ်အစားအတိုင်း တစ်ဝက်လဲလျောင်းနေသော ရုပ်ထုကို မြင်ရသည်။ ကျောက်ရုပ်ထုသည် ဖြူဖွေးလွန်း၍ စိမ်းလဲ့နေ၏။ ရုပ်ထုပေါ်တွင် ရင်ညွန့်နေရာနှင့် ခါးတင်ပါး နေရာတို့ကို ဖြူလွ ပါးလျားသော ပိုးစဖြင့် ရစ်ပတ် ခြုံလွှမ်းထားသည်။ ကျွန်တော်သည် ထိုရုပ်ထုကို တိတ်ဆိတ်စွာပင် ငေးမောနေမိ၏။
“လီလီကို ကျွန်တော် သိပ်မြင်ဖူးချင်တယ်... ကျွန်တော်တို့ရဲ့ သမီးကလေး နှစ်ယောက်ဟာ လီလီ လိုပဲလား... လီလီနဲ့ ဘယ်နေရာမှာ တူသလဲ ... ကျွန်တော်နဲ့ ဘယ်နေရာမှာ တူသလဲ... သိချင်တယ်၊ သူများတွေက လီလီဟာ ချောမောတယ်... တဲ့”
ကျွန်တော် ခေါင်းညိတ်ကာ တိတ်တဆိတ် ထောက်ခံမိ၏။
“သမီးလေး နှစ်ယောက်ကလဲ ချောတယ် ...တဲ့။ ကျွန်တော့်ဇနီးနဲ့ သမီးနှစ်ယောက်ကို မြင်ရဖို့အတွက် ကျွန်တော့်ဘဝရဲ့ ဘာကိုဘဲ ပေးရပေးရ ကျွန်တော် ပေးနိုင်တယ်…. လီလီကို ကျွန်တော်... သိပ်ချစ်တယ်”
ဤရုပ်ထုကို မြင်ရသူတိုင်း သူ၏အချစ်ကို ခံစားနိုင်လိမ့်မည်ဟု ထင်ပါသည်။ လက်မောင်းသားများသည် ပျော့ပျောင်း နူးညံ့မှုနှင့်အတူ ခိုင်မြဲမှုကို ဖော်ပြလျက် ရှိသည်။ လက်ချောင်းများကတော့ ကျွမ်းကျင်သော ပန်းချီဆရာမ တစ်ယောက်၏လက်ချောင်းများ အစစ်အမှန် ဖြစ်သည်။ မျက်လွှာချထားသောကြောင့် ကျွန်တော် ကြည့်ဖူးသမျှ ရုပ်ထုတွေ၏မျက်လုံးလို ကြောင်ကြောင်ကြီး ဖြစ်မနေသော သူမမျက်ခွံ မို့မို့ကလေးများ အလွန်ပြေပြစ်နေပါသည်။ နှုတ်ခမ်းများ၏ အချိုးကျကျ ပြေပြစ်စွာ ပြည့်ဖြိုးမှုသည် ကျွန်တော့်အား အလွန်အံ့သြစေလျက် ရှိသည်။ ထိုနှုတ်ခမ်းများသည် ယခုချက်ချင်း အချိန်မရွေး ပွင့်ဟပြီး တစ်စုံတစ်ခု ပြောပြတော့မလို ထင်ရသည်။
ကျွန်တော်သည် ရုပ်ထုကို လက်ဖျားကလေးဖြင့် ထိတို့ ခံစားချင်စိတ်ဖြင့် လှိုက်လှဲစွာ ရင်ခုန်လျက်ရှိ၏။ သို့သော် သူ့ကို ခွင့်တောင်းရမှာ ရှက်ရွံ့ အားနာမိသည်။ ထို့အတူပင် ခွင့်မတောင်းဘဲလည်း မထိတို့ရဲ့ပြန်ပါ။ သူ မျက်စိမမြင်ဘူးဟု သေချာပါလျက်နှင့် မျက်မမြင်တစ်ဦးရှေ့တွင် ခိုးကြောင်ခိုးဝှက် မထိတို့ မလှုပ်ရှားရဲပြန်ပါ။
ပိုးစကလေး လေဖြင့် လှုပ်ခတ်မည် မဟုတ်မှန်း သိလျက်နှင့် တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသော ကျွန်တော့်အဖြစ်မှာ ဘယ်လောက် ရယ်မောစရာ ကောင်းလိုက်သလဲ။ သို့သော် ကျွန်တော် မရယ်နိုင်ပါ။
ပြည့်သည်ဆိုနိုင်ရုံ ပါးပြင်ကလေး၏နူးညံ့မှုကို စိတ်ဖြင့် ခံစားရင်းသာ ကျွန်တော် ငြိမ်သက်နေမိသည်။ ထို့နောက် တဖြည်းဖြည်း ကျွန်တော် ဝမ်းနည်းလာသည်။
လူဆိုသည်မှာ မိမိ၌ရှိသော အရာတစ်ခုကို တန်ဖိုးရှိရှိ အသုံးမချတတ်ဘဲ မိမိဘယ်တော့မျှ ရနိုင်မှာ မဟုတ်သည့် တစ်စုံတစ်ရာကို မက်မော တမ်းတတတ်သည့် အမျိုးအစားပါလား။
ကျွန်တော့်မျက်လုံးများသည် မျက်ရည်ဖြင့် ဝေဝါးလာ၏။ ကျွန်တော့်ခန္ဓာကိုယ်သည် အင်အားများ ဆုတ်ယုတ်လျှက် ပျော့ခွေလာသည်။ ကျွန်တော်သည် ဤနေရာမှ လှည့်ထွက်မှ ဖြစ်တော့မည်ဟု သိလျှင်သိချင်း လှည့်ထွက်ရန် ဟန်ပြင်မိ၏။ သို့သော် အလွန်ရှားပါးသော ကျွန်တော့်မျက်ရည် တစ်စက်သည် ရုပ်ထု၏ပါးပြင်ပေါ်သို့ ကျသွားခဲ့ပေသေးသည်။ ထိုမျက်ရည်စက်အကြောင်းတော့ ကျွန်တော် ဖွင့်ပြော၍ တောင်းပန်စရာ မလိုဘူးဟု ထင်ပါသည်။
တတိယမြောက် ညနေခင်းသည် ကျွန်တော့်အား ကြေကွဲမှုများကိုသာ ပေးအပ်ခဲ့သည်။
(JEAN KENNEDY SMITH နှင့် GEORGE PLIMPTON တို့ရေးသား ပြုစုသော CHRONICLES OF COURAGE စာအုပ်မှ MICHAEL NARANJO နှင့်တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍကို ဖတ်ပြီးနောက် ဤဝတ္ထုကို ဖန်တီးဖြစ်ပါသည်။)
ဂျူး
သရဖူ မဂ္ဂဇင်း၊
(စာ ၁၅၂-၁၆၄)
No comments:
Post a Comment