အရိုးများ
(၁)
ကျုပ် ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်တယ်။ အားလုံး ငြိမ်သက် တိတ်ဆိတ်။ လူနဲ့တူတာ ဆိုလို့ ဘာမှ မတွေ့ဘူး။ ကောင်းပြီ။ ဒီတဲကလေးထဲက ကျုပ် အမြန်ဆုံး ပြန်ထွက်မှ ဖြစ်မယ်။ ပိုးလိုးပက်လက် လဲကျ သေဆုံးနေတဲ့ အလောင်း သုံးလောင်းကို ကျုပ်ခဏ ရပ်ကြည့်နေလိုက်သေးတယ်။ သွေးတွေက မြင်မကောင်းအောင် အန်ထွက်နေဆဲ။ ကောင်းတယ်။ ဒါမှ ကျုပ်ရဲ့ လမ်းမှာ ခလုတ် ရှင်းသွားတော့မှာ။
ကျုပ် တဲအပြင်ကို ထွက်ပြီး လေကို တဝကြီး ရှူပစ်လိုက်တယ်။ မျက်စိတဆုံး မြင်နေရတဲ့ ချင်းတောင်တန်းကြီးတွေဟာ ကျုပ်ရဲ့ ရာဇဝတ်မှုကို ကောင်းကောင်းကြီး ကာကွယ်ပေးနေမှာပဲ။ ကျုပ် တူမီးသေနတ်ကို ထမ်းပြီး ခပ်တည်တည် ရွာမှာ ပြန်နေဖို့ စဉ်းစားလိုက်တယ်။ အခုဆို ကျုပ်ရွာမှာ ရွာခေါင်း လုပ်နိုင်ပြီ။ ကျုပ်ကို နှောက်ယှက်မယ့်လူတွေကို ကျုပ် ရှင်းလိုက်နိုင်ပြီ။ ရွာကလူတွေရဲ့ အားကိုး ကြည်ညိုမှုကို ခံပြီး နေရာတကာ သြဇပေးနေတဲ့ သူတို့အုပ်စုကို ကျုပ်က ကျည်ဆံဆု ပေးလိုက်ပြီလေ။
ကျုပ် ခပ်သွက်သွက်ပဲ တောင်ပေါ်က ဆင်းလာတယ်။ သေနတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး မြန်သထက် မြန်အောင် ကျုပ် ဆင်းလာခဲ့တယ်၊ ချင်းတောင်တန်းကြီးမှာ ဧရာမ ချောက်ကြီးတွေ၊ လျှိုမြောင်တွေကို ဖန်တီးပေးနေသားပဲ။ ကျုပ် အကြံတစ်ခု ရလိုက်တယ်။
ရွာကလူတွေ လူပျောက် လိုက်ရှာရင် ဒီနေရာကို မလွဲမသွေ ရောက်လာမှာပဲ။ ကျုပ် အလောင်းတွေကို ဒီအတိုင်း ထားပစ်ခဲ့တယ်။ ဒါဆို ရွာသားတွေ ရိပ်မိကုန်မယ်။ အား... လက်စသတ်၊ အကုန် အစဖျောက်မှ ဖြစ်မှာပါ။ ဒါမှ ဘယ်သူမှ ကျုပ်ကို သံသယမဖြစ်မှာ။ ကျုပ် သူတို့နောက် လိုက်သွားမှန်း သိတဲ့သူလည်း ဘယ်သူမှ မရှိ။ အဲ့ဒီတော့ …။
ကျုပ် လာလမ်းအတိုင်း ပြန်လှည့်လာခဲ့တယ်။ ယာယီ ဗိုလ်တဲကလေးဟာ မြင်မကောင်းအောင် အကျည်းတန်နေတယ်။ သွေးချင်းချင်း နီနေတယ်။ ပထမဆုံး “ဘဦး” ကို ကျုပ် ငုံ့ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက တအံ့တသြ ပြူးထွက်လို့၊ ပါးစပ် အဟောင်းသား ပွင့်လို့။ ကျုပ်ကြည့်ရင်း ကျောထဲက ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ ကဲ အခု ရွာရိုးလျှောက်ပြီး လူမှုရေးကိစ္စတွေ ဟိုပါဒီပါနဲ့ ရှုတ်(ပ်!)နိုင်သေးရဲ့လား။
ကျုပ် သေနတ်ကို တဲနံရံမှာ အသာထောင်ပြီး သွေးကွက်တွေကို ကျော်လွှားပြီး သူ့ခေါင်းရင်းဘက် သွားလိုက်တယ်။ လက်နှစ်ဖက်ကနေ တရွတ်တိုက် ဆွဲပြီး ချောက်ကြီးဘက် ဆွဲလာခဲ့တယ်။ ဒီချောက်က သည်တောင်မှာ အနက်ဆုံး ချောက်။ ဒီ ချောက်ထဲ ဘယ်သူမှ တော်တန်ရုံ မဆင်းနိုင်ဘူး။ အခုဆို ဘယ်သူမှလည်း မသိ။ ဒါ အကောင်းဆုံးပဲ။ ကျုပ် သူ့ကိုယ်ကြီးကို ကန်ချပစ်လိုက်တယ်၊ ဟား... ဟား။ ဒီကောင် လူရုပ်မပေါ်အောင် စုတ်ပြတ်သွားမှာပဲ။
ကဲ... နောက်တစ်ယောက် ကျုပ် လှထွန်းရဲ့ အလောင်းဆီ အရင်သွားလိုက်တယ်။ သူက ပိန်တော့ ပေါ့မယ်လေ။ ကျုပ်ကို သူက မသေခင်မှာ လက်ကာပြီး “ဟေ့ ဆိုင်ကြီး၊ မလုပ်နဲ့၊ မလုပ်နဲ့” လို့ တားလိုက်သေးတယ်၊ ကျုပ်က သူ့စကား နားထောင်မယ့်ကောင်များ အောက်မေ့နေသလား မသိဘူး။ ဒီကောင်နဲ့ ကျုပ်က ငယ်ပေါင်းကြီးဖော်။ ဒါပေမယ့် စိတ်ချင်းကတော့ တစ်ခြားစီပဲ။
သူက သူ့မိန်းမနဲ့ ကလေးတွေ ငတ်သေတော့မယ့်အတိုင်း ဆင်းရဲနေတာတောင် ဂရုမစိုက်ဘူး။ ရွာက မေတ္တာနဲ့ ဝနေတဲ့သူ။ သူ့မိန်းမလည်း ဘာမှ မထူးဘူး၊ ရွာမှာ ရှိသမျှအလုပ် သူတို့အလုပ်ချည်း ထင်တာ။ တစ်အိမ်တက်ဆင်း စာပြပေးရတာ၊ ကျန်းမာရေး ဗဟုသုတ ပြောရတာ သူတို့မှာ အမော။ ကဲ… အခုတော့ မင်းကို အနားပေးလိုက်ပြီ။
နောက်ဆုံး ထွန်းအောင် အလှည့်မှာ ကျုပ် အတော်မောနေပြီ။ သူကတော့ နောက်စေ့ကို ကျည်ဆံနှစ်ချက် မှန်သွားတာ။ မျက်နှာမှာ ပွင့်ထွက်ပြီး စုတ်ပြတ်နေတယ်၊ ဒီကောင်ကတော့ ချောက်ထဲ မကျခင် စုတ်ပြတ်နေတဲ့ အကောင်ပဲ။
မင်းလည်း အမဲလေး တစ်ကောင် မရနဲ့။ ရွာမှာ လိုက်ဝေနေတဲ့ အကောင်။ ငါတို့လို ရောင်းစားသူတွေ လာဘ်တိတ်အောင် လုပ်တဲ့အကောင်။ အခု စောင့်ကြည့်နေ ငါ မင်းတို့နေရာ ဝင်ပြမယ်။ မြို့မေတ္တာ ခံယူမယ့်သား ဖြစ်အောင် အစမှာတော့ မင်းတို့နည်းတွေကို စိတ်မပါလည်း လုပ်လိုက်ဦးမယ်။ ဒါဆို တစ်ချိန်ချိန်မှာ ငါဟာ ရွာရဲ့ “ရွာခေါင်း” ဖြစ်လာမှာပဲ။ ငါ့သြဇာ ညောင်းလာမှာပဲ။ ဒါ ငါလိုချင်တဲ့အကွက်ပဲ။
ကျုပ် သူ့ကို တွန်းချပြီး ခြေပစ်လက်ပစ် ခဏ နားလိုက်သေးတယ်။ ပြီးတော့ သူတို့ရဲ့ ရိုင်ဖယ်သေနတ်တွေလည်း ချောက်ထဲမှာ သူတို့သခင်တွေနဲ့ နေခဲ့ပေတော့။ တဲတစ်ခုလုံးရဲ့ သွေးတွေကို မြေကြီးနဲ့ ဖုံးတန်ဖုံး၊ ရှင်းတန်ရှင်း၊ လုပ်ပစ်လိုက်တယ်။ ကဲ... ကျုပ်ဟာ လူသတ်ကောင်လို့ ဘယ်သူ ပြောနိုင်သေးလဲ။
ကျုပ် လေတချွန်ချွန်နဲ့ အောင်ပွဲရ ပုဂ္ဂိုလ်လို ပြန်လာခဲ့တာပေါ့။ ကျုပ် အစီအစဉ် ပိရိပြီး ဘယ်သူမှ မသိဘဲ သိုသိုသိပ်သိပ် ပြီးသွားလို့ ကျေနပ်ပြီး ကျုပ် ကြိတ်ပြုံးနေမိတယ်။
“ဗျို့- ဦးဆိုင်ကြီး၊ အမဲပစ် ပြန်လာတာလားဗျ။ ဘာကောင်တွေ ရလဲဗျို့”
ကျုပ် ချက်ချင်း ကြောင်အန်းသွားတယ်၊ ဟာ ဟုတ်သားပဲ။ ကျုပ် အမဲတစ်ကောင်မှ မပစ်ခဲ့ရပါလား။
“ဟို... ဟို ဒီနေ့ ဘာကောင်မှ မရခဲ့ဘူး။ သိပ်စိတ်မပါတာနဲ့... အဲ …”
ကျုပ် ဖြေမိဖြေရာ ဖြေလိုက်မိတယ်။ အိုးနင်းခွက်နင်း ဖြစ်သွားတဲ့ ကျုပ်ကိုယ်ကျုပ် စိတ်ထဲက ကျိန်ဆဲပစ်လိုက်တယ်၊ ကောင်းကွာ ...။
(၂)
ကျုပ် နောက်တစ်နေ့ မနက်ကစပြီး ပုံစံပြောင်း လိုက်တယ်။ ကျုပ် လူတိုင်းကို ပြုံးပြတယ်။ ကလေးတွေကို ဂရုစိုက်တယ်။ ကြင်နာတယ်။ အရင်က ကျုပ်ရဲ့ မာတင်းတင်း မျက်နှာထားနဲ့ အဖက်မတန်သလို ဆက်ဆံရေးကြောင့် အခု ကျုပ်ရဲ့ ဖောချင်းသောချင်း အပြုံးတွေကို အိုးတိုးအန်းတန်း အကြည့်တွေနဲ့ အံ့သြနေကြတာပေါ့။ ကျုပ်ကလည်း လှိုင်လှိုင်ကြီးကို ပြုံးပြတော့တာပဲ။ ကျုပ် သည်းခံပြီး အချိန်ယူဖို့ လိုတယ်လေ၊ ဒါ ပထမ ကြိုးစားမှု။
ကျုပ် အမဲ ရလာရင် အိမ်နီးနားချင်းတွေ ဝေခိုင်းလိုက်တယ်၊ ဒါ ကျုပ်ရဲ့ ဒုတိယ ကြိုးစားမှု။ ဒါပေမယ့် ခက်တာက ကျုပ်မိန်းမ သူက ရှေ့ရေးကို မကြည့်တတ်ဘူး။ နောင်တစ်ချိန်မှာ လူကြီးကတော် ဆိုပြီး “မမ“၊ “မမ” လုပ်လာမှာကို မမြင်ဘူး။ ဒီနား ကွက်ကွက်ကလေးပဲ မြင်တယ်။ အရင်ကဖြင့် ရောင်းစားလာပြီး တစ်ခါမှ အလကား မပေးဖူးဘဲနဲ့ ဘာအခုမှ ကျုပ်တို့က ပေးရမှာလဲတဲ့၊ ကဲ။
ကျုပ်က အခုအချိန်မှာ နာမည်ကောင်း ရအောင် လုပ်နေချိန် ဆိုတော့ အရင်က ပေးဖူးတာတွေ၊ မပေးဖူးတာတွေ ဂရုမစိုက်နိုင်ဘူး။ ဒါကြောင့် တစ်ချက်လွှတ် အမိန့်နဲ့ ကျုပ်မိန်းမကို ပေးခိုင်းရတယ်။ အဲဒီတော့ သူ့မှာ မျက်ရည်လေး စမ်းစမ်းနဲ့ ပေးရှာပါတယ်။ ပေးတော့လည်း သူ မစားချင်တဲ့ အရိအရွဲတွေ။
တကယ်တော့ ကောင်းတဲ့အလုပ်တွေ ဟန်ဆောင် သဘောကျ ပြရတာ၊ လူတွေကို ချစ်ခင်ပြရတာ၊ ဒီလို လိမ်ညာရတာ အရသာရှိသားဗျ။ ဒါပေမယ့် ထင်သလောက်တော့ မလွယ်ဘူးပေါ့။
ကျုပ်က “ဘဦး” လုပ်နေတဲ့ လမ်းဖောက်တဲ့ ကိစ္စတွေမှာလည်း ဝင်ပါရတယ်။ လှထွန်း လုပ်တဲ့ တစ်အိမ်တက်ဆင်း ဆေးပေးမီးယူ လူမမာမေး ကိစ္စတွေမှာလည်း ကျုပ် တစ်လုံးမှ နားမလည်ပေမယ့်လည်း ခပ်တည်တည် လူမမာ မေးတာပါပဲ။ ဆေးမှားပေးမိ ပြောမိတာကလည်း ခဏခဏ၊ ကျုပ်က ဘာကိုမှ မသိမတတ်ခဲ့လေတော့ အခုအချိန်မှာ တတ်ပြီးသားလေဟန် ဟိုဆရာလုပ်၊ ဒီဆရာလုပ်ပေမယ့်လည်း တစ်ရွာတည်းသားချင်း အတူနေလေတော့ အူမချေးခါးကအစ ကျုပ်အကြောင်း သိနေတယ်။
ကျုပ်မှာကလည်း တပူပူနဲ့ပါ။ လူတွေကို လိုက်ပြုံးပြနေရပေမယ့် ရင်မအေးရပါဘူး။ ရွာကလူတွေက ပထမတော့ ဘဦးတို့ကို ရပ်ရွာကိစ္စ မြို့တက်သွားတယ် အောက်မေ့နေတာ။ နောက်တော့ တစ်ရက်လည်း ပေါ်မလာ၊ တစ်ရက်လည်း ပေါ်မလာ ဆိုတော့ သူတို့မိသားစုတွေက ပူလှပြီ။ ကျုပ်နဲ့ ပူပုံချင်းတော့ မတူဘူးပေါ့လေ။ ဒီလိုနဲ့ မျှော်ရင်း မျှော်ရင်းနဲ့ တစ်လလောက် ကြာသွားပါရောလား။
ရွာမှာက အဲ့ဒီကိစ္စကိုပဲ တစ်အုံနွေးနွေးကြီး ခေါင်းခဲနေကြတယ်။ နောက်တော့ ကျုပ် ဆုံးဖြတ်လိုက်ပါတယ်၊ နံပါတ် (၁) အချက်၊ ကျုပ် အလောင်းတွေကို လက်စလက်န မကျန်အောင် လက်စဖျောက်ပစ်ခဲ့တာ သေချာတယ်။ နံပါတ် (၂) အချက် မျက်မြင်သက်သေ မရှိဘူး။ နံပါတ် (၃) အချက်၊ ကျုပ် ပစ်ချခဲ့တဲ့ ချောက်ကမ်းပါးကြီးကို တော်ရုံလူ ဆင်းနိုင်တာမှ မဟုတ်ဘဲ။ ဆင်းနိုင်စေဦး။ အခုအချိန်မှာ အရိုးဆွေးလောက်ပြီ။
ဒါနဲ့ ကျုပ် စွန့်စားလိုက်တယ်။ မစွန့်စားလို့လည်း မရဘူးလေ။ ကျုပ် ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ ဆရာလုပ်၊ မေတ္တာပေးနေပေမယ့် ရွာကလူတွေက ကျုပ်ကိုမှ မယုံကြည်ဘဲကိုး။ သူတို့ ချစ်ခင်တဲ့လူတွေ ပျောက်ဆုံးနေတဲ့ ကိစ္စမှာ ကျုပ်သာ အားတက်သရော ကူညီ၊ ဝမ်းနည်းပြရင် ဒါ ကျုပ်ရမယ့် “အမှတ်”ပဲ။ ကျုပ် ဒီလိုပဲ တွက်တယ်။
ကျုပ် ပထမဆုံး လှထွန်းအိမ်ကို သတင်းသွားမေးတယ်၊ လှထွန်းမိန်းမကလည်း ကျုပ်ကို ကောင်းကောင်းမွန်မွန်ပဲ ကြိုဆိုပါတယ်။ အံ့လည်း အံ့ဩမှာပေါ့လေ။ ကျုပ် သူ့အိမ်ကို သွားမှ မသွားဘဲကိုး။ ကျုပ်က ပြောရတယ်။ ကျုပ်က လှထွန်းနဲ့ ငယ်ပေါင်းတွေ ဆိုတော့ ပိုသံယောဇဉ်ကြီးရတယ်ပေါ့။ အခုလို သူပြန်မလာတာ ဘယ်သွားတယ် ထင်ပါသလဲပေါ့။ ဘယ်ကိုများ သွားတတ်သေးလဲပေါ့လေ။ ကျုပ်က အရေးတယူ နွေးနွေးထွေးထွေး သတင်းမေးပါတယ်။ ရွာကလူတွေ သတင်းမေးတဲ့လူအစုံဆုံး အချိန်ကိုမှ ရွေးသွားတယ်လေ။
ဒီလိုပါပဲ။ ကျန်တဲ့ ဘဦးတို့၊ ထွန်းအောင်တို့ အိမ်လည်း ရွာသားတွေနဲ့အတူ ကျုပ် သတင်းသွားမေးတယ်။ သူတို့မိသားစုတွေ အားငယ်နေတဲ့အချိန်မှာ ကျုပ်တို့က ပိုပြီးအားပေးသင့်တယ် ဆိုပြီး ရွာသားတွေကို ကျုပ်ကပဲ လောဆော်ပါတယ်။ ကျုပ်ကိုယ်တိုင်လည်း မကြာခဏ သွားအားပေးပါတယ်။
မိသားစုကတော့ တစ်ညီတည်း ဖြေကြတယ်။ အရေးတကြီး ခရီးထွက်စရာရှိတယ်လည်း မပြောဘူး။ အလျင်စလို ထွက်သွားရအောင်လည်း ရွာမှာ လက်ငင်း လိုအပ်နေတဲ့ကိစ္စ မရှိပါဘူးတဲ့။ သူတို့ကတော့ တောသွား အမဲရှာတယ်ပဲ ထင်ပါတယ်တဲ့။
အခုတော့ ကျုပ်က ကျုပ် ငယ်ပေါင်းကြီးလည်းဖြစ်၊ ရပ်ရွာအကျိုးလည်း စေတနာကောင်းတဲ့သူ ဖြစ်တဲ့ လှထွန်းကြီးတို့ ပျောက်နေတာ ကျုပ်ကိုယ်တိုင် ရှာပါရစေလို့ ကျုပ် ရပ်ရွာကို ခွင့်တောင်းတယ်။ ဒါဟာ လူကောင်းတွေ ဆုံးရှုံးတဲ့ ကိစ္စမို့ ရပ်ရွာလည်း နစ်နာတယ်။ အဲ့ဒီတော့ ဒီကိစ္စအပေါ်မှာ ကျုပ် စိတ်ထိခိုက်လွန်းလို့ ကျုပ် တာဝန်ယူရပါမှ စိတ်ကျေနပ်နိုင်မယ်လို့ စိတ်ထိခိုက်နေတဲ့ အသံတုန်တုန်ယင်ယင်နဲ့ ကျုပ် ပြောလိုက်တယ်။ အို... ဘာပြောကောင်းမလဲ။ ကျုပ် ပီပြင်ပုံများ ကျုပ်အသံတောင် ကျုပ် ပြန်လန့်သွားတယ်။
အမြတ်ကတော့ ကျုပ်ကို လူတွေများ ယုံကြည်လာကြတာပဲ။ သူတို့သိချင်တဲ့၊ သူတို့ဖြစ်ချင်တဲ့ ဆန္ဒကို ကျုပ်က ဦးဆောင် အကောင်အထည်ဖော်ပေးမှာ ဆိုတော့ ကျုပ်ကို အားကိုးလာကြတယ်။ ကျုပ်တို့ ရှာဖွေရေးအဖွဲ့ ဖွဲ့လိုက်တယ်လေ၊ အဲ့ဒီမှာ ကျုပ်က ခေါင်းဆောင်။
(၃)
ကျုပ်က လိုအပ်တာထက် ပိုပြီး ရှာဖွေဖို့ စာရင်းဇယားတွေ ဆွဲတယ်။ ရွာက ကာလသားတွေက ကျုပ်ရဲ့ စေ့စပ် သေချာမှုကို ချီးကျူးကြတာပေါ့။ တကယ်တော့ ကျုပ်က အချိန်ဆွဲနေတာပါ။ ရွာကလူတွေကလည်း ဟိုမုန့်လေး လာပို့၊ ဒီမုန့်လေး လာပို့နဲ့ လှိုင်လှိုင်ကြီး ဖြစ်နေတာပဲ။
ကျုပ် သတ်ခဲ့တဲ့ တောင်ကျောဘက် မဟုတ်တဲ့ အခြမ်းကို စပြီး ရှာဖွေဖို့ ကျုပ် အစီအစဉ်ဆွဲလိုက်တယ်၊ သိပ်ပြီး အားတက်သရောဖြစ်နေတဲ့ ရွာသားတွေက ကျုပ် ညွှန်ကြားစရာမလိုအောင် ထောင့်စေ့ကြပါတယ်။
ကျုပ် သတ်ခဲ့တဲ့ တောင်ကျောကို ရှာတော့ ကျုပ် ရင်ထဲမယ် ဘာဖြစ်မှန်း မသိဘူး။ တထိတ်ထိတ်နဲ့ စိုးရိမ်နေတယ်။ သူတို့က ဇောနဲ့ ရှာနေတော့ ကျုပ် မူပျက်နေတာကို မရိပ်မိကြဘူး။ တစ်ခါတစ်လေများ ကျုပ်ကို ဝိဉာဉ်တွေ ပူးပြောနေသလား မဆိုနိုင်ဘူး။ ခင်ဗျားတို့ နေရာမှားနေပြီ။ ဒီနေရာမှာ ကျုပ် သတ်ခဲ့တာလို့ ပြောချင်စိတ်တွေ တရွရွ ပြေးတက်လာတယ်။ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးပေါ်မှာ ဖင်ခုထိုင်ရသလိုပါပဲ။
ရှာနေတဲ့ ရက်အတွင်း ကျုပ် အစားပျက်၊ အအိပ်ပျက် ဖြစ်လာတယ်။ မျက်ကွင်းဟောက်ပက်ဖြစ်လာတယ်၊ လူလည်း ချုံးချုံးကျသွားတာပဲ။ ဒီလို တစ်နေ့၊ တစ်နေ့ တထင့်ထင့်နဲ့ စိုးရိမ်နေတာထက်စာရင် ဖွင့်ပြောလိုက်ရတာကမှ သက်သာဦးမယ်လို့လည်း တစ်ခါ တစ်ခါ စိတ်ရူးပေါက် တွေးမိသေးတယ်၊ သစ်ပင် လေတိုးသံကိုလည်း၊ “အဲ့ဒါ လူသတ်ကောင်၊ ကျုပ်တို့ကို သတ်တဲ့ လူသတ်ကောင်” လို့ လက်ညှိုးထိုး စွပ်စွဲနေသလို ကျုပ် ချောက်ချားနေတယ်။
အဲ့ဒီနေ့ကတော့ ကျုပ် သတ်ခဲ့တဲ့ တဲကလေးကို ရှာတဲ့နေ့ပါ။ တဲက ပျက်စီးနေပါပြီ။ ကျုပ် ဇောချွေးတွေနဲ့ မောပြီး တဲကို အဝေးကနေ ထိုင်ငေးနေမိတယ်။ ကျုပ် သတ်ခဲ့တဲ့ အဖြစ်အပျက် အစအဆုံး ကျုပ် ပြန်မြင်ယောင်နေတယ်၊ ကျုပ် သူတို့နောက်ကို အသာလေး နောက်ယောင်ခံ လိုက်လာခဲ့တာကအစ ဟောဟို ချောက်ကြီးထဲ ကန်ချခဲ့တာအဆုံး မြင်ယောင်နေတယ်။ ကျုပ် စိတ်ထဲမှာ ချောက်ထဲ ငုံ့ကြည့်ချင်လိုက်တဲ့စိတ် တားမရအောင် ပေါ်လာတယ်။ တစ်ယောက်ယောက်က အတင်းတွန်းထိုးပြီး ကျုပ်ကိုသွားဖို့ တိုက်တွန်းနေသလိုပဲ။
“ဦးလေး- ဒီချောက်ထဲ ရှာချင်လို့လား"
ကျုပ် ငုံ့ကြည့်နေရာမှ ဆတ်ကနဲ ပြန်မော့လိုက်တယ်၊ ဘာပြောရမှန်း မသိဘဲ
“ဟေ... အေး... အေး”
“လာကြဟေ့၊ တို့ ဒီချောက်ထဲ ဆင်းရှာကြရအောင်”
"အေး ဟုတ်တယ်။ ချောက်ထဲကျရင် ကျနေမှာကွ”
“လာဟေ့၊ လာဟေ့”
ရွာသားတွေ ခက်ခက်ခဲခဲ တက်ကြွစွာ ညာသံပေး ဆင်းသွားတော့ ကျုပ်ပါ ရောဆင်းလိုက်သွားတယ်။ ချောက်က အတော်ကြီး နက်တာကလား။ ကျုပ်မှာ တထိတ်ထိတ်နဲ့ ဘယ်လို ပုံစံမျိုးနဲ့ တွေ့မလဲ သိချင်ဇောနဲ့ ကျုပ်ပါ အားတက်သရော ရှာလို့။
တကယ်တော့ ကိုယ်သတ်ခဲ့တဲ့ လူကို လူသတ်သမားကိုယ်တိုင် ဦးဆောင်ဦးရွက် ပြုပြီး ရှာနေရတဲ့ ကျုပ်တို့အဖြစ်ကိုး။
“ဟာ... ဒီမှာ ဘာတွေလဲ၊ လူအရိုးတွေပါလား”
“ဒီမှာရောဟ”
ကျုပ် ခေါင်းနပန်းကြီးသွားတယ်၊ ဘယ်မှာလဲ… ဘယ်မှာလဲ။
“ဒီမှာဗျို့… ဒီမှာလဲ အရိုးစုတွေ”
ကျုပ် အခုမှပဲ စိတ်ဒုန်းဒုန်း ချနိုင်တော့တယ်။ အလောင်းတွေက ကျုပ် ထင်ထားတဲ့အတိုင်း အားလုံး ဆွေးမြည့်ပြီး အရိုးချည်း ကျန်တော့တယ်။ ဘယ်ဟာ ဘယ်သူ့အလောင်းမှန်းတောင် မခန့်မှန်းနိုင်တော့ဘူးလေ။ ဒါဆို ကျုပ်ဘယ်မှာ စိတ်ပူစရာလိုတော့လို့လဲ။ ဘာကြောင့် သေမှန်း၊ ဘယ်သူမှ မပြောနိုင်ဘူး။ တောကောင် ကိုက်သလား၊ လူ သတ်သလား ဘယ်သူမှ ဒုဋ္ဌ(ဒိဋ္ဌ?) မပြောနိုင်ဘူး။
ရွာသားတွေက ကြေကွဲဝမ်းနည်းကြတယ်။ သူတို့ ချစ်ခင်လေးစားတဲ့သူတွေအတွက် ငိုကြွေးကြတယ်၊ ကျုပ်ကတော့ ဝမ်းနည်းချင်ယောင်ဆောင်ပြီး ကျိတ်ဝမ်းသာရတာပေါ့လေ၊ အခုမှ ရင်ထဲက အလုံးကြီး ကျသွားတာကိုး။
ကျုပ်တို့ အရိုးတွေ ကောက်ကြတယ်။ အဲ့ဒီမှာ ကျုပ် အကြံတစ်ခု ရလာတာပဲ။ ဒီအရိုးတွေကိုပါ အစဖျောက်ချင်စိတ် ပေါ်လာတယ်။ ဒီအရိုးတွေ မရှိရင် ကျုပ် ပိုစိတ်အေးနိုင်မယ်။ အကုန်လုံး အစအနပျောက်၊ မကောင်းဘူးလား။
ကျုပ်က အရိုးတွေကို တစ်နေရာမှာ ပုံပြီး မီးရှို့လိုက်ဖို့ အကြံပေးလိုက်တယ်။ အရိုးတွေက မတရား နံစော်နေတော့ သယ်ဖို့လည်း မသင့်တော်ဘူးပေါ့၊ ဘယ်ဟာ ဘယ်သူ့အလောင်းမှန်းလည်း မသိ၊ ပြာအိုးတွေပဲ ယူသွားရင် ကောင်းမယ်ပေါ့။ အားလုံးကပဲ ကျုပ် ပြောတာကို သဘောတူကြတယ်လေ။
အဲဒီမှာ ကျုပ်တို့ အရိုးတွေကို တစ်နေရာမှာ စုပြီး ပုံကြတာပေါ့။ အားလုံး စိတ်မကောင်းဖြစ်ပြီး ဂရုဏာသက်မဆုံးပေါ့လေ။ ဘာဖြစ်လို့များ ဒီချောက်ထဲ ကျသေရတာပါလိမ့်လို့ ကျုပ် ဝမ်းပန်းတနည်း တတွတ်တွတ် ရွတ်လို့။ “ဘယ်တတ်နိုင်ပါ့မလဲလေ” လို့ တရားနဲ့ ဖြေနေရသပေါ့။
အားလုံး အဆင်သင့်ဖြစ်လို့ မီးရှို့ခါနီးမှ
“ဟာ... ခဏ၊ ခဏ နေကြပါဦး၊ ဒီမှာ ဘာအပေါက်လေးလဲ မသိဘူး”
“ဘယ်မှာလဲကွ”
“ဒီခေါင်းခွံမှာ အပေါက်လေး နှစ်ပေါက်ကို ပြောတာ”
“ပြစမ်း၊ ပြစမ်း”
“အေး၊ ဟုတ်တယ်ဟ”
“ဟေ့... ဒီခေါင်းခွံမှာ ကပ်နေတာ ကျည်ဖူးလေး မဟုတ်လား”
“ဟင်... ဒါဆို အသတ်ခံရတာပေါ့ ဟုတ်လား”
“ဖြစ်နိုင်တယ်ဟေ့၊ အရိုးတွေကို မီးမရှို့ကြသေးနဲ့ဦး။ စစ်ဆေးရဦးမယ်”
“ဒါ… ဒါ တူမီး ကျည်ဖူး မဟုတ်လား”
သူတို့ အားလုံး ကျုပ်ကို တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြတယ်။
ကျုပ်လက်ထဲမှာ တူမီးသေနတ်က ကိုင်လျက်သား။ ဒီနေ့မှ လိုရမယ်ရ ကျုပ် ယူလာခဲ့တာ။
ကျုပ် ကယောင်ချောက်ချား သွေးရူးသွေးတန်း ထွက်ပြေးလာခဲ့တယ်။ ကျုပ် နောက်မှာ လူတွေက ညာသံပေး လိုက်လာကြတယ်။ ဒီရွာမှာ တူမီးသေနတ် ကိုင်တာ ကျုပ်တစ်ယောက်တည်း ရှိတာလေ။
(၄)
ကျုပ် တရားရုံးမှာ တစ်ချိန်လုံး ငြင်းခဲ့ပါတယ်၊ မျက်မြင်သက်သေမှ မရှိဘဲ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ကျုပ် တောထဲက ပြန်လာတော့ ရွာအဝင်ဝမှာ ရွာသားတစ်ဦးနဲ့ တွေ့ခဲ့သေးတယ်လေ။
အဲဒီရွာသားက လွန်ခဲ့တဲ့ တစ်လလောက်က ကျုပ် တောထဲက ပြန်လာတာကို သူတွေ့တဲ့အကြောင်း၊ လက်ထဲမှာ တူမီးသေနတ်က လွဲရင် ဘာအမဲမှ မပါတဲ့အကြောင်း၊ သူ မေးတော့လည်း စိတ်မပါလို့ ဘာအမဲမှ မရဘူးလို့ ပြောတဲ့အကြောင်း ထွက်ဆိုသွားတယ်လေ။ ကျုပ် အဲဒီရွာသားကို စိမ်းစိမ်းကြည့်ပြီး မှတ်တေးထားလိုက်တယ်။ နေနှင့်ဦးပေါ့။
ကျုပ်ကို မုန်းတီးစိတ်အပြည့်နဲ့ ကျုပ် ရုံးချိန်းတိုင်း လူအပြည့် လာနားထောင်ကြတယ်။ နောက်ပြီး တူမီးကျည်ဆံ၊ သေဆုံးသူတွေအားလုံး ရိုင်ဖယ်ပဲ ကိုင်တယ်။ တူမီး မကိုင်ဘူး။ ကျုပ် ထောင်ကျဖို့ သေချာသွားပြီ။ ကျုပ် လူသုံးယောက်ကို သတ်ပြီးပြီ။ နောက် လူတစ်ယောက်ကို သတ်ဖို့ ဝန်မလေးတော့ဘူး။ ဒီလိုနဲ့ ကျုပ် ဖြောင့်ချက်ပေးရမယ့်နေ့ကို ရောက်လာတယ်။
“ဟုတ်ပါတယ်။ ဘဦး၊ လှထွန်းနဲ့ ထွန်းအောင်ကို ကျုပ် သတ်ခဲ့တယ်၊ ဒါပေမယ့် ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး၊ ဟောဟိုမှာ ထိုင်နေတဲ့ ရွာသားလည်း ပါတယ်။ သူနဲ့ ကျုပ် နှစ်ယောက် ပေါင်းပြီး သတ်ခဲ့ကြတာပါ”
ကျုပ် လက်ညှိုးထိုးလိုက်တဲ့ သက်သေ ရွာသားဟာ အံ့သြတကြီးနဲ့ အော်ဟစ် ငြင်းဆိုပါတော့တယ်။ ကျုပ်ကတော့ ကျုပ် သတ်ခဲ့ပုံတွေကို လူနှစ်ယောက် ပူးပေါင်းလုပ်ခဲ့သလိုလို၊ ဖြည့်စွက် လိမ်လည်ပြောရင်း ပြုံးနေလိုက်တယ်။ မျက်မြင်သက်သေမှ မရှိတာ။ ရုန်းကန်အော်ဟစ် ဆဲဆိုနေတဲ့ အဲ့ဒီရွာသားကို ရဲသားတွေက ဖမ်းချုပ် ခေါ်သွားကြတယ်။
နောက်ဆုံးတော့ ကျုပ်တို့နှစ်ယောက် တစ်ယောက်ကို သုံးကျွန်း (နှစ်ခြောက်ဆယ်) စီ ပြစ်ဒဏ်ချလိုက်တယ်။
ကျုပ်ကတော့ ကျုပ်ငရဲသွားရင်တောင်မှ အဖော်ခေါ် သွားမှာပဲ။
No comments:
Post a Comment