Saturday, July 9, 2022

ချစ်လို့သာ ခွဲရ

ချစ်လို့သာခွဲရ 


လယ်တောက အပြန်

ပန်ချင်တယ် ကြာညိုဖူးဆိုလို့

မောင်ခူးကာပေး။ 

မနက်တုန်းဆီက၊ ကြော့ဆုံးကို မောင်မြင်တော့

သူ့ဆံပင် နှင်းဆီပန်းနဲ့ ဂုဏ်တင့်တယ်လေး...


တကယ်တမ်း ချစ်တာလားကွ...။


ခုလိုဆိုတော့ ငါ့စိတ်ထဲမှာ ၀မ်းနည်း၀မ်းသာကြီးပဲ။ တခါတခါ ရှေးဟောင်းနှောင်းဖြစ်တွေ တွေးမိရင်လည်း မချိတရိ ဖြစ်သွားတာပဲ။ ဒါပေမဲ့ ကိစ္စမရှိဘူး။ မင်း ချမ်းသာမယ်၊ ဂုဏ်ရှိမယ်ဆိုရင် ပြီးရော။ 


မင်း မှတ်မိသေးရဲ့လား။ ဘကြီးအောင်တို့တဲမှာပေါ့။ လယ်အပြန် ထွန်ရေး တငင်ငင်နဲ့ လယ်ကွက်ထဲမှာ ရေတွေကလည်း ပြည့်လို့။ အနောက်ဘက်ကောင်းကင်မှာ တိမ်တွေ တောက်နေတယ်။ မြက်ခင်းကလေးတွေကလည်း ညီလို့၊ ကတ္တီပါအစိမ်းကြီး ခင်းထားသလိုပဲ။ ရေလေး ပြောင်ပြောင်၊ တိမ်ရောင်ကလေး ဟပ်ဟပ်၊ မြက်ခင်းစပ်ကလေး အလွန်မှာ...


“ကိုထွန်းနွယ်ကြီး လုပ်ပါဦးတော့” 


လို့  အော်ပြီး လူဆီကို ပြေးလာတာနဲ့ 


ငါကလည်း 


"ဘာလဲ ဘာလဲ"


လို့ မေးရင်း ဆီးဖက်အထား...မင်းရင်ဘတ်ကလေးကလည်း ခုန်လို့၊ မင်းခြေထောက်ကလေး နှစ်ချောင်း ဆောင့်ဆောင့်ပြီး မင်းမျက်နှာလေးဟာ နီတျာတျာနဲ့ ဖြစ်သွားတာပဲ။ ရေစပ်နဲ့ မြက်ခင်းအကြားက ကျွဲမျှော့ကြီး တွယ်လိုက်တုန်းကပေါ့....။


ပြီးတော့ မင်းက နှုတ်ခမ်းကလေး စူပြီး ဇောင့်ဇောင့်နဲ့ ရှေ့ကအသွား ရေကတွတ်ပေါက်နားက ငွေဗျိုင်းဖြူကလေး နှစ်ကောင်ကလည်း လန့်အပျံ ...


ငါက ... 


"ငွေဗျိုင်းဖြူ ပညာရှိရယ်... ကျော့တို့မောင် ဒီမှာရှိတယ် ..." လို့ ဆိုလိုက်တော့...


မင်းမျက်လုံးကလေး နှစ်လုံးဟာ ထောင့်ကပ်ပြီး ကြည့်နေလိုက်တာ ငါ့ရင်ထဲမှာ ခုထက်ထိ ဖိုနေသလိုပဲ။ 


ဒီလိုနဲ့ပဲ မင်းနဲ့ငါ စကားမပြောဘဲ ငြိမ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် လာကြတော့ ကျွဲချောင်းရိုးကလေးနား အရောက်မှာ သီချင်းဆိုသံ ကြားရတယ် မဟုတ်လား...။ လှေနှစ်စင်းနဲ့လေ၊ ရှေ့က လှေက ကောက်စိုက်ပြန်လာတဲ့ မိန်းမတွေပေါ့။ 


သူတို့က... 


“တို့နန္ဒာ လယ်တော်တိုက်မအေ့

ညည်းစိုက်တဲ့ ကောက်ပင်သွယ်ငယ်

မှန်း ဘယ်မျှကြီး

ဟော .... ကြည့်စမ်း 

မွန်းတစ်နှံမှာ ဆယ်ပြန်ထွက်တယ် 

ဖြိုးအယ်လို့သီး”


လို့ ဆိုလိုက်တော့ .... 


နောက်က ပျိုးနုတ်ရာက ပြန်လာတဲ့ ယောက်ျားတွေ လှေက ... မင်း သောက်မြင်ကတ်တယ်ဆိုတဲ့ စံဖြိုးကြီးလည်း အားကျမခံ ပြန်ဆိုတယ် မဟုတ်လား။ ဘာဆိုလား။ အင်း ... သိပြီ သိပြီ။


“ယောက္ခမကြီး ဆိုလို့ဆဲ...

အိမ်ခွဲပါလို့ ဆောင်ရအောင်၊

မဲဇာဆို ရွှေလီထဲ ဝါးတွဲခဲ့မောင်၊

တစ်ဆောင် နှစ်ဆောင် ကျယ်ကျယ်ဆောက်မှ၊

နေလောက်မယ် ပျို့သက်ထားရယ်...

အလို သားတွေကများ”တဲ့။


ဒီတော့ ရှေ့က လှေက မတိုးကြီးက...


“ခုံဖိနပ်စာရယ်

နာအုံစပ်မှာ တွယ်”နဲ့ ဆိုလို့။


သူတို့လှော်သွားတဲ့လှေက ရေလှိုင်းကလေးတွေဟာလေ အနိမ့်ပိုင်းက ကျွဲစားကျက် ချိုင့်ကြီးထဲ ဂယက်ရိုက်သွားတော့ ကားကားစွင့်စွင့်နဲ့ ပွင့်နေကြတဲ့ ကြာညိုပန်း သင်းသင်းကလေးတွေကလည်း ဟိုယိမ်း ဒီနွဲ့နဲ့ လှိုင်းသွဲ့တိုင်းတာလို့။


ကြာညိုပွင့်ကလေးတွေ မြင်တော့ မင်းမျက်နှာဟာ အဲဒီကြာညိုပွင့်ကလေးတွေနဲ့ ပြိုင်ပြီး ငါ့ကို ကြည့်နေတယ်လေ။ နောက် ... မင်းက ပန်ချင်လှချည်ရဲ့ဆိုလို့ ငါ သွားခူးတော့ ကြာညိုပန်းကလေးပေါ်မှာ ပိတုန်းကြီးတွေဟာ တဒီဒီနဲ့ တေးသီရင်း ဝဲလို့။ ငါ့ရင်ဘတ်ကိုလည်း ငွေလှိုင်းဖြူကလေးတွေက တဖျတ်ဖျတ်နဲ့ ခတ်လို့ ....။


မင်းနဲ့ငါလည်း ရွာခြေရောက်ကြရော ဖိုးလမင်းကြီးလည်း အရှေ့ဘက် ကျော်တက်လာရော။ သူ့ပတ်၀န်းကျင်မှာလည်း ကြယ်တာရာတွေ ခြံရံလို့ လယ်ကွင်းထဲမှာ ဖားငယ်ကလေးတွေသာ သြဘာပေးရင်း ကျန်ရစ်နေရှာတယ်။


ညစာထမင်းစားပြီးစ ရေနံဆီခွက်ကလေးတွေလည်း မှိတ်တုတ်မှိတ်တုတ်နဲ့ မပွင့်တပွင့် လင်းစ။ အချိန်ညဉ့်ဦး လေရူးသုန်သုန်၊ လကလေး မှုန်မှုန်မှာ မင်းတို့အိမ်ရှေ့က ခရေပင်ကြီးလည်း တကိုယ်တည်း ငြိမ်လို့။ တောင်ဘက်ခြံစပ်က ဝါးရုံပင်ကလေးတွေကလည်း လေသွဲ့တိုင်း ယိမ်းယိမ်းပြီး ခရေပင်ကြီးကို တီးတိုးစကား ပြောရှာကြတယ်။ အခက်အရွက်ကြားကို ဖောက်လာတဲ့ လရောင်ကတော့ ခရေပင်အောက်မှာ ပြိုးပြိုးပြောင်ပြောင် ထင်လို့။


ခရေပင်ပေါ်က ဒီးဒုတ်ကလေးဟာလည်း ငါးစက္ကန့် တစ်ကြိမ် မှန်မှန်အော်နေတယ်။ ခရေပင်ရိပ်အောက်က နေပြီး မင်းတို့အိမ်ထဲကို ကြည့်နေတုန်းပေါ့။ အဲဒီတုန်းက မင်းအမေ အရီးဗွေးဒုတ်ကြီးဟာ ခေါင်းရင်းခန်းဆီက ကျုံ့ကျုံ့ကလေးထိုင်ပြီး ကွမ်းစားနေရာက ဖက်ဖြူလိပ်ကြီးကို ဖွာနေတယ်။


ဖိုးလမင်းကြီးကို မနာလိုလို့ မိုးသားရိပ်တွေက မျက်နှာညိုပြီး တက်လာတော့ ငါလည်း မင်းတို့အိမ်ခြေရင်းဘက်က မှောက်ထားတဲ့ ပုတ်ကြီးတွေ ဘေးကို ရောက်လာတယ် မဟုတ်လား။ မိုးရိပ်တွေ ကင်းလို့ လရောင်ကလေး လင်းလာရော၊ မင်းမျက်နှာ ၀င်း၀င်းကလေးလည်း ငါ့အနား ရောက်လာရော။ မင်းက ငါနဲ့ တလံကွာလောက် လရောင်ကလေးအောက်မှာ စုံရပ်လို့။ ငါ့ကလည်း ပုတ်ကြီးကို  မှီလို့။ 


စကားမပြောဘဲ မင်းရင်ဘတ်က ဖန်ကြယ်သီးကလေးကို မင်းလက်ချောင်းကလေးတွေနဲ့ ကစားနေကြတော့ ကြယ်သီးက အရောင်ဟာ လရောင်နဲ့ ဟပ်ပြီး လက်ခနဲ လက်ခနဲ ဖြစ်သွားတယ်လေ။ မင်းတကိုယ်လုံးလည်း တုတ်ကျသလို တဆတ်ဆတ်နဲ့ တုန်နေတာပဲ။ လယ်ကွင်းဆီက ပုစဉ်းရင်ကွဲကလေးတွေကလည်း သံစုံကျူးလို့။ ဖားတလက်ကလေးတွေ မြူးကြတဲ့ တေးသံကလည်း တညံညံနဲ့။ တောင်လေကလေးကလည်း အိမ်ရှေ့က ခရေပင်ပန်းနံ့တွေကို သယ်ယူပြီး တို့နှစ်ယောက်ကြားမှာ ပတ်သွားတယ်။ မြောက်ပိုင်းက ပလွေသံကလေးကလည်း ရွာပေါ်ကို ပြန်တက်လာတုန်း၊ ရွာလယ်လမ်းက သာဂေါင်ကြီး သီချင်း ဆိုလာတယ် မဟုတ်လား။ သူ ဆိုလာတဲ့ သီချင်းက...


“လသာနေသောအခါ

မောင့်ကို ချစ်စမ်းပါ။

မိုးမှောင်နေသောအခါ

နှစ်ယောက်တည်း တွေ့ချင်တာ”


အဲဒီသီချင်းကလည်း အဆို၊ ငါကလည်း မင်းကို အကြည့်လိုက် မင်းကလည်း ငါ့ကိုအကြည့်၊ မျက်စိလေး အဆုံ ရင်ထဲမှာ ကတုန်ကယင်ကြီးဖြစ်ရင်း ငါက အပြုံးလိုက်မှာ မင်းက နှုတ်ခမ်းကလေး စူပြီး ခေါင်းငုံ့သွားတယ် မဟုတ်လား။


နောက်သီချင်းသံက...


“လလည်း သာပါဘူး။

မောင်လည်း ချစ်နိုင်ဘူး။

မိုးလည်း မှောင်ပါဘူး။

တွေ့လည်း တွေ့ချင်ဘူး” 


လို့ ဆိုလိုက်တော့ မင်းက ငါ့ကို ပြုံးပြီး ကြည့်ပြန်တယ်။ 


ပုစဉ်း ရင်ကွဲသံတွေလည်း ရပ်သွားရော၊ တရွာလုံးကို တိတ်လို့။ တခါတခါမှ ပလွေသံ သဲ့သဲ့ကလေးကို ကြားရတယ်။ ဖိုးလမင်းကြီးကလည်း သာမြဲသာလို့၊ မင်းမျက်နှာကလေးကလည်း လှမြဲလှလို့။ ငါ့စိတ်ထဲမှာ မချင့်မရဲကြီး ဖြစ်ပြီး ရှေ့ကို တလှမ်း အတိုးလိုက်မှာ .....


" မကျော့ရေ "


လို့ အိမ်ပေါ်က အရီးဗွေးတုတ်က ခေါ်တော့ ငါ့တောင် လှည့်မကြည့်နိုင်ဘဲ မင်း အပြေးတက်သွားရတယ် မဟုတ်လား။


ငါလည်း ခေါင်းငိုက်စိုက်ပြီး အိမ်ဘေးက တလှမ်းချင်း လှမ်းပြီး ပြန်လာခဲ့တော့ မင်းတို့အိမ်ပေါ်က သူကြီးသား သာအေးတို့ စကားပြောသံ၊ ရယ်သံတွေ ကြားခဲ့ရတာပဲ။ အိမ်ပြန်ရောက်ပေမဲ့ ဖားအော်သံ၊ ခွေးအူသံ၊ ကြက်တွန်သံ၊ တုံးခေါက်သံ၊ ကြေးစည်သံတွေကို တညလုံး နားထောင်ရင်း မိုးလင်းခဲ့ရတယ်။


မနက်လင်းပြန်တော့ လယ်ကွင်းကို ပျိုးနုတ်ဆင်းမလို့၊  မင်းကိုလည်း ကောက်စိုက်ရအောင် ၀င်အခေါ်မှာ မင်းမျက်နှာမှာလည်း သနပ်ခါးရေကျဲကလေး ပွတ်လို့၊ မင်းဆံပင်မှာလည်း နှင်းဆီပွင့်ကလေးတွေ စီရရီနဲ့ နှင်းဆီငုံကလေးတွေနဲ့ ပြိုင်နေတဲ့ မင်းနှုတ်ခမ်းကလေးက


“ဒီနေ့ ကျုပ် မလိုက်နိုင်တော့ဘူး” တဲ့။


အဲဒီနေ့ဟာ ငါ လယ်ထဲသာ ဆင်းရတယ် စိတ်ပါ မှတ်သလား။ မပါဘူး အကျော့ရေ။ မပါဘူး။ ဟဲ့ မင့်ခေါင်းက နှင်းဆီပွင့်ကလေးတွေဟာ သာအေးတို့ အိမ်ရှေ့မှာ စိုက်ထားတဲ့ နှင်းဆီပင်က အပွင့်တွေပဲ၊ ငါမှတ်မိပါတယ်ဟယ်။ 


မင်းကုသိုလ် ထူးလှချည်ရဲ့။ ခြင်္သေ့ဆီနဲ့ သိင်္ဂီခွက်၊ နတ်တင် ထိုက်တာပေါ့ကွယ်။ သာအေးဟာ လူကောင်းတယောက်လည်း ဖြစ်တယ်။ ပိုက်ဆံရှိတယ်။ ဂုဏ်ရှိတယ်။ ငါ့ကို အလုပ်ပေးတဲ့ ထမင်းကျွေးတဲ့ ငါ့ကျေးဇူးရှင်ပဲ။ ဦးဝိသုဒ္ဓကျောင်းမှာ ငါနဲ့အတူ နေခဲ့ရဖူးလို့ သာအေးအကြောင်း ငါကောင်းကောင်း သိတာပေါ့။ လူကောင်းတယောက်ပါဟာ။


သာအေးကို ယူရင် မင်း ဂုဏ်ရှိမယ်။ ချမ်းသာမယ်။ ငါ့ကို ယူရင် မင်းဂုဏ်ငယ်မှာ၊ ဆင်းရဲမှာပေါ့။ မင်းကိုလေ ငါသိပ်ချစ်တယ်။ ဒါကြောင့် မင်းဂုဏ်ငယ်မှာ ဆင်းရဲမှာကို ငါ မကြည့်လိုဘူး။ 


အို... မိုးလေးကလည်း တစိမ့်စိမ့် ရွာနေတုန်းပါလား။ ရေတွေကလည်း ပြည့်လို့။ ငါ့အနားမှာလည်း ဘယ်သူမှ မရှိတော့ဘူး။ ငွေဗျိုင်းဖြူကလေးတွေကလည်း အိပ်တန်းတက်ရအောင် ပြန်ကုန်ကြပြီ။ တနေ့လုံး တကုန်းကုန်းနဲ့ ပျိုးနုတ်နေရတယ်။ ဘယ်လောက်ကုန်လို့ ဘယ်လောက် ပြီးမှန်းလည်း မသိဘူး။


ရွာကလေးမှာလည်း ရီဝေ​ဝေနဲ့။ ရွာကိုပဲ ပြန်ရ ကောင်းလေမှာလား။ 


မပြန်လို။ ငါ မပြန်ချင်ပြီ။


ရွာဘက်ကို စူးစူးစိုက်စိုက် တချက်ကြည့်ပြီး အံကြိတ်မိသေးရဲ့။ ငါ့စိတ်ထဲမှာလည်း မချိတယ်နဲ့ပေါ့။ ဒါပေမဲ့ မျက်စိကိုမှိတ် ရွာဘက်ကို ကျောခိုင်းပြီး ထွက်လာခဲ့တော့တာပဲ။ 


အကျော့... မင်း နေရစ်ခဲ့တော့လို့ ညည်းညူမိရင်း ရွာဘက်ကို လှည့်ကြည့်မိတော့ ရွာဘက်ထိပ်က လမုပင်ကြီးတွေဟာလေ ခေါင်းတညိတ်ညိတ်နဲ့ လက်ယပ် ခေါ်နေကြသလိုလို။


တနှစ်က .. ဒီလ ဒီအချိန်တုန်းကပေါ့။ အခုလိုပဲ တမိုးလုံး မိုးဖွဲ မိုးမှုန်တွေနဲ့ ဖုံးလို့။ အကျော့ရေ မင်း အခုအချိန်ဆိုရင် သားဦးကလေးတောင် ရနေရောပေါ့။ ငါတော့ ... ငါတော့...။


သြော် အချစ်ဦး... အချစ်ဦး။

ရန်ကုန်ဘဆွေ


No comments:

Post a Comment