Saturday, July 9, 2022

ကျီးမနိုးပွဲ(အပိုင်း -၁)


 

#ကျီးမနိုးပွဲ 


အပိုင်း(၁)


အောက်ပြည်အောက်ရွာတို့၌ `ဖုံးတုံးလုံးတုံး တန်ဆောင်မုန်း´ အချိန်အခါသည် အထက်အညာရှိ ကောင်းမြတ်တို့ စံတုတ်ကြီးတို့ ညောင်သာယာရွာကလေး၌ ခြေခင်းလက်ခင်း သာယာခြောက်သွေ့လှပေပြီ။ သစ်ပင်တို့သည် နွေကဲ့သို့မခြောက်ဘဲ စိမ်းစိမ်းစိုလျက် မြေအပြင်သည်သာ ခြောက်သွေ့သာယာ၏။ ကောင်းကင်သည် တိမ်တောင်တိမ်လိပ်တို့ ကင်းစင်လျက် တညီတညာတည်း ပြာ၏။ ညအခါ၌ လှပသော ကြယ်တာရာတို့သည် သူ့ထက်ငါ အပြိုင်ဝင်းပနေကြသဖြင့် ကြယ်အလှပြပွဲကြီး ပြုလုပ်သကဲ့သို့ မြင်ရ၏။ ထိုလသည် ရှေးရှေးမြန်မာတို့၏ ယူဆချက်အရ ကြတ္တိကာနက္ခတ်စန်းနှင့် ယှဉ်သောလဖြစ်သောကြောင့် အဟန့်၊ မှင်၊ မှောင်သျို သျှိမ်းမျိုးတို့ ပြီးစီးသည်ဟု ယုံကြည်ကြ၏။ 


ဓမ္မပဒတွင်ပါဝင်သော ပဉ္စပါပီ ဗကဘုရင်သည် ကြတ္တိကာ နက္ခပွဲသဘင်၌ တွေ့ခြင်းဖြစ်၏။ ဆင်းရဲလွန်းလှသည့်အတွက် အိမ်ထောင်ပြုချင်ကြပါလျက် မပြုဝံ့ကြသော ရေသယ်မောင်မယ်တို့သည် သည်တခါ ကြတ္တိကာပွဲသဘင်မှာတော့ ဖြစ်ချင်ရာဖြစ်ကြပါစေ မင်းနဲ့ငါအတူပျော်ကြရအောင်ဟုအဖေါ်စပ် သဘောတူကြလျက် မိမိစုဝှက်ထားသည့် အသပြာ ပဲဝက်ကိုယူရန် ခြစ်ခြစ်တောက်ပူလောင်လှသည့် နေရောင်အောက်၌ ဝမ်းမြောက်ဝမ်းသာ သွားနေကြစဉ် ဘုရင်က တွေ့မြင်လိုက်သောကြောင့် အကြင်ရေသယ်ယောက်ျားသည် ဘုရင်ဖြစ်ခဲ့ဖူးသတတ်ဟု နိပါတ်တော်က ဆို၏။


ကျမ်းဂန်နိပါတ်တို့တွင် ကြတ္တိကာပွဲသဘင် ပြုလေတိုင်း တိုင်းသူပြည်သားလူအများတို့ ပျော်ကြပါးကြ မောင်မယ်စုံတွဲကြ ယှဉ်နွှဲသည်ချည်းဖြစ်ရာ... မြန်မာတို့ကလည်း ထိုအတုကိုယူလျက် တန်ဆောင်မုန်းလ၌ ကြတ္တိကာပွဲသဘင်ကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆင်ယင်ကျင်းပကြ၏။ ပွဲအမည်ကို တန်ဆောင်တိုင်ကျီးမနိုးပွဲဟု ခေါ်ကြ၏။


ထိုပွဲသည် ညောင်သာယာရွာကလေးအဘို့ မြောက်ဖျားရှိ ကိုရင်ကြီး ဒိုးကလေးတို့ သီတင်းသုံးသော ပွဲကျောင်း၏ပွဲဖြစ်၏။ ထိုပွဲ နီးလာသည်နှင့် ညောင်သာယာပျိုဖြူတို့၏ ရက်ကန်းခတ်သံသည် ပို၍ ညံညံစီစီ မြည်လာ၏။ ပို၍ အချိန် ညနက်လာ၏။ ယက်ကန်းစင်ပေါ်မှ သီချင်းသံတို့ကလည်း ရက်ကန်းခတ်သံနှင့်အတူ ပို၍ကျယ်လောင်လာ၏။ သို့သော် ပျိုလေးတို့ရေခပ်ဆင်းကို ခြင်းခတ်ရင်း ချောင်းနေကြသည့် ကာလသားတို့အရေအတွက်ကား နည်းပါးသွားကြသည်။


ညောင်သာယာကိုလူပျိုတို့သည် တန်ဆောင်တိုင် ကျီးမနိုးပွဲ နီးလာသည်နှင့် ပွဲကျောင်းဆရာတော်နှင့် ကိုရင်ကြီးတို့၏ အမိန့်သံကို နာခံ၍ ဆေးဝါးရှာဖွေရန် ခရီးထွက်ကြ၏။ တောတက်ကြ၏။ ဂမုန်းပေါင်းတို့ ပန်းပေါင်းတို့ စုကြ၏။ ဤအတိုင်း ရွာထဲ၌ ကိုလူပျိုတို့ ရှားရှားပါးပါးဖြစ်လာကြသောကြောင့်လည်း ရွာအပျိုတို့၏အသံသည် ပို၍ကျယ်လောင်လာကြခြင်းဖြစ်၏။ ပွဲတော်အတွက် မုန့်လုပ်ရန် ဆန်ထောင်းကြ၏။ ဆန်မှုန့်ထောင်းကြ၏။ ထန်းလျက်စုကြ၏။ နှမ်းစုကြ၏။ ပဲလွန်း၊ မတ်ပဲ၊ ပဲဘိစပ်တို့ စုကြ၏။ တအိမ်နှင့်တအိမ်ကူးလူး၍ ယက်သစ်စ အထည်အဆင် ကြည့်ကြ၏။ သင်ကြ ပြကြ၏။ ကိုလူပျိုတို့အကြောင်းကို ပြောကြ၏။ လွန်ခဲ့သည့်နှစ်က ကျီးမနိုးပွဲ၏ ပျော်ရွှင်ဘွယ်ကို စမြုံ့ပြန်ကြ၏။ 


သက်ရွယ်ကြီးရင့်သည့် ပျော်တတ်ရွှင်တတ် ဆေးဝါးဝါသနာပါတတ်ကြသော လူအိုလူကြီးများက ထူးထူးဆန်းဆန်း ဆီမီးထွန်းညှိရန် ကြံစည်တီထွင်ကြ၏။ အချို့သော အနည်ထိုင်ပြီးဖြစ်သည့် ကာလသားကြီးများနှင့်ပူးပေါင်လျက်တန်ဆောင်တိုင် မဏ္ဍပ်အလှအပ ဆောက်လုပ်ကြ၏။ ပျော်ပါးလိုသော မိကြီးမိထွေးအရွယ်များ အားလပ်သည့်အပျိုများကို ခေါ်၍ လမ်းပြင်ကြ၏။ သဲဖြူခင်း၊ ရာဇမတ်ကာလျက် ငှက်ပျောပင်စိုက်ကြ၏။ ရွာလမ်းတလျှောက်လုံးမှသည် ရွာလယ်မဏ္ဍပ်နှင့်တကွ အောင်မြေရာကွက်ဆီသို့၎င်း၊ ဘုရားကျောင်းကန်သို့၎င်း၊ မီးစောင်းတန်း မီးလမ်းမများ ပြုလုပ်ရန် ပြင်ဆင်ကြ၏။ နေရာသတ်မှတ်ကြ၊ တကျော်ကျော် တအော်အော် ဟစ်ခေါ်လျက် တပျော်တပါး လုပ်ကိုင်ထားနှင့်ကြ၏။ လှည်းကောက်သူကောက်၊ ဝါးခုတ်သူခုတ်၊ ငှက်ပျောခုတ်သူခုတ်၊ သဲကျုံးသူကျုံးနှင့် ပင်လုံးကျွတ်ပွင့်သည့် ပန်းရုံတွင် ပျားအုံကြီး လမ်းပေါက်၍ `ပျားပန်းခပ်´နေသကြဘိကဲ့သို့ တဝုန်းဝုန်း၊ တရုန်းရုန်း၊ တပြုံးပြုံး ရှိနေကြ၏။


တန်ဆောင်မုန်းလဆန်း အဖိတ် အကြိုနေ့ ညနေချမ်းသို့ ရောက်သည်နှင့်တပြိုင်နက် မီးစောင်းတန်းလုပ်ရန်၊ သဲခင်းရန်၊ ဝါးသယ်ရန် ခေါ်ထားသည့် မိန်းကလေးများကို သိကြားမင်းကြီး နားကင်းကြီးဖြင့် ဆင်းတားသည့်တိုင် တယောက်တလေမျှ ခေါ်၍မရတော့။


သူတို့သည် ရွာပြင်ဘက်ရှိ ယင်းမာသဲချောင်းသို့ ရေခပ်သွားရာလမ်းကြောင်း၌ အစီအရီ ရောက်နှင့်နေကြလေပြီ။ လမ်းတလျှောက်တွင် ပေါက်တတ်သည့် ချုံနွယ်တို့ကို ရှင်းလျက် မီးဖိုများ အပြိုင်ခင်းလျက် တသီတတန်းကြီး ဖြစ်နေကြပြီ။ ထင်းသယ်သူ၊ ရေခပ်သူ၊ မုံ့အိတ်သယ်သူ၊ အိုးခွက် ဒယ်ပြား ယူလာသူတို့ဖြင့် ပွဲဈေးတန်းကြီးကဲ့သို့ စည်ကားနေ၏။


သူတို့၏မျက်နှာ၌ သနပ်ခါးတွေ ဖွေးနေကြ၏။ သူတို့၏တောပန်းတွေ ဝေနေကြ၏။ သူတို့၏ပါးစပ်၌ တေးသံချိုကလေးများ သီနေကြ၏။ တုတ်တုတ်၀၀ ရင်ကြွ၍ တင်လှသလောက် ခါးသိမ်သော သူတို့တတွေသည် ထဘီတိုကို ရင်လျှားလျက် ပြေးလွှားချီရွက်ကာ ချွေးတစိုစိုနှင့် သနပ်ခါးများ ကွက်နေကြပြီ ဖြစ်သော်လည်း ထဘီခါးချပ် နို့ပျဉ်းဘတ်လတ်နှင့် တတ်သိနားလည်ပြီးသူများဖြစ်ကြသော မိကြီးမိထွေးတို့က ခိုင်းမြဲစေမြဲ အော်ဟစ်မြဲ။


ချိုးပြောက်ကလေးတွေ ကူချွဲ၍၊ တေးငှက်ကလေးတွေ ရွှေလည်တွဲကာ၊ တောကြက်ကလေးတွေ အဖေါ်ကွဲနေတတ်သည့်အချိန် နေကလေးမှိန်သည်နှင့် ပျောက်ခြင်းမလှ ပျောက်နေကြသော ကိုကာလသားတို့ တယောက်စ နှစ်ယောက်စ ပေါက်လာတတ်ကြ၏။ ကိုကာလသားတို့လက်ထဲ၌ တောမှ ရတတ်သော ထူးဆန်းသည့် ပန်းများ၊ ငှက်တို့၏ အမွှေးအတောင်များ၊ သားကောင်တို့၏ အရေများ စသည်တို့ ပါလာတတ်ကြ၏။ မိမိချစ်သူ အပျို့ထံသို့လက်ဆောင်အဖြစ် ပေးတတ်ကြ၏။ ထိုအခါ လက်ဆောင်အပေးခံရသည့် အပျိုက အခြားအပျိုအဖေါ်တို့အား မိမိရသည့် ထူးဆန်းသောလက်ဆောင်ကို ပြသ ကြွားဝါကြ၏။


အခြား အပျိုဖေါ်တို့သည် ယင်းလက်ဆောင်ကိုကြည့်လျက် တအံ့တသြ ချီးမွမ်းသူလည်းရှိ၏။ တမင်အပြစ်ဖွဲ့၍ ချိုးဖဲ့နှိမ်နင်း ပြောဆိုသူလည်း ရှိ၏။ လမ်းကလေး၏ဘေးတလျှောက်၌ ဟိုနားစုရုံးရုံး သည်နားစုရုံးရုံး ဖြစ်နေတတ်ကြ၏။ 


မှောင်ရီပျိုးသည်နှင့် တောခြုံသစ်ပင်တို့ မိုးမိုးမဲမဲဖြစ်လာကြသောအခါ ဖိုးရွှေလသည် ကောင်းကင်ဝမှစောင့်၍ ထိုမဟူရာတောချုံသစ်ပင်တို့အား ငွေရည်ဖြင့် သွန်းလောင်းပုံဖေါ်နှင့်၏။ ငွေနားကွပ်ထားသည့် မဟူရာတောချုံသစ်ပင်တို့ကို ရွှေရောင်ဖြင့် ကျိုထားသည့် ပတ္တမြားမီးတန်းကြီးက ဂုဏ်ပြိုင်တောက်ပ၏။ အဝေးရပ်မှ သီချင်းသံတို့သည် ယင်းမာသဲချောင်းလမ်း၌ အတန်းလိုက် မြင်နေရသည့် ထိုပတ္တမြားမီးတန်းကြီးသို့ ဦးတည်လာနေသည်ချည်းဖြစ်၏။ သူငယ်အိပ်ဆိပ် ကြက်မတွန်မီကလေး၌ပင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ရွာမှ ပျောက်နေကြသည့် ကာလသားအချို့အဝက်တို့ မီးဖိုဘေးနားတွင် စားလားသောက်လား၊ စကားပြောလား ပြုနေကြပေပြီ။


သူတို့သည် အပျိုတွေက ချကျွေးသော မုံ့ဖြူကြော်၊ မုံ့နီကြော်၊ ပဲကြော်၊ မုံ့ဆီကြော်၊ မုံ့လုံးကြီးကျော်၊ မုံ့လက်ကောက်ကြော်၊ မုံ့ဖက်ထုပ်၊ ငှက်ပျော်ဖက်ထုပ် စသော မုံ့မျိုးစုံတို့ကို စကားပြောရင်း စားမြီးရင်း၊ အဖန်ရည် ကျိုက်ရင်း တော၌ မိမိတွေ့ခဲ့ကြသော အတွေ့အကြုံများကို ပြောပြတတ်ကြ၏။


ပဒူအုံကြီးများတွေ့ခဲ့ရပုံ၊ ပျားတွေကို တွေ့သောကြောင့် ပျားနောက်သို့လိုက်ပြီး ပျားအုံရှာခဲ့ဖွပ်ခဲ့ပုံ၊ ပျားဖွပ်ရင်း မျောက်ဝံကြီးများနှင့် တွေ့သောကြောင့် ပျားအုံးကို လုခဲ့ ပေးခဲ့ရပုံ၊ မြင့်မားသော တောသစ်ပင်ကြီး၏ထိပ်ဖျား၌ သန့်စင်နီပန်းကို တွေ့နေသဖြင့် မည်သို့ ခဲရာခဲဆစ် ခူးယူလာခဲ့ပုံ စသည် စသည်တို့ကို ပြောပြ၏။ ရောင်တွင်း၌ ဝှက်၍ ပန်ဆင်ထားသော သန့်စင်နီပန်းကို ပြ၏။ ထိုအခါ အထူးအဆန်း ဝိုင်းအုံကြည့်ကြ တောင်းကြ၏။ သို့သော် ကိုကာလသားက ထိုသန့်စင်နီပန်းကို ချစ်သူအပျိုသို့သာ ပေး၏။


ထို့ပြင် တောဝက်အုပ်ကြီးနှင့် မရှောင်သာ မပြေးသာဘဲ ရင်ဆိုင်တိုးနေရသောကြောင့် ပွဲကျောင်းဆရာတော်၏အဟန့်ဂါထာကို စိတ်ထဲမှရွတ်ဆိုလျက် သစ်ပင်လို ငြိမ်သက်နေရပုံ၊ ဝက်အုပ်ကြီး မိမိကိုမော်မကြည့်ဘဲ အတင်းတိုးဝှေ့တိုက်ခိုက်၍ ထွက်သွားကြပုံ၊ ဝက်ကလေးတအုပ်က မိမိခြေထောက်နှစ်ချောင်းကြားမှ စွပ်ကြောင်းပြုလျက် တိုးဝင်သွားကြပုံ စသည် စသည်များကို အားပါးတရ ပြော၏။ ကျွေးကြပေးကြသည်တို့ကိုလည်း အားပါးတရ စား၏။ အပျိုတွေကလည်း တအံ့တသြ မေးကြမြန်းကြ၊ နားထောင်ကြ၊ လုပ်ထား ကြော်ထားသမျှ မုံ့တွေကို ချကြွေးကြနှင့် တောမှပြန်လာသူ ကိုကာလသားတို့ တောတွင်း၌ တွေ့သမျှ ကြုံသမျှ စွန့်စားခဲ့ကြသမျှတွေကို ပြော၍ အားရသောအခါ မုံ့ကြော်နေကြသည့် အဒေါ်ကြီးများက မည်သူ့သားနှင့် မည်သူ့သမီးတို့ ချစ်ကြိုက်နေကြသည်၊ မည်သူနှင့် မည်ဝါတို့ ယူကြမလိုလိုနှင့် မည်သည့်အကြောင်းကြောင့် ကွဲသွားကြပြန်ပြီတဲ့၊ မင်္ဂလာဆောင်ပြီးစ ညကြီးမင်းကြီး အတင်းလာခေါ်သဖြင့် နယ်စပ်သို့သွားမည့် အောင်တပ်မတော်နှင့်ပါသွားရရှာသော မည်သူဖြင့် စစ်မြေပြင်မှာ ကျပြီဆိုသည့် သတင်းကို မည်သူက ယူလာလေရဲ့ စသော အတင်းအဖျင်း သတင်းမျိုးစုံတွေ ဆက်ကြပြန်၏။


သူငယ်အိပ်ဆိပ်ကြက်တွန်ပြီးစ အချိန်သို့ ရောက်သောအခါ ရွာမှပျောက်နေခဲ့ကြသော ကာလသားများသည် ထိုမုံ့ကြော်သည့် မီးဖိုတန်းကြီးရှိရာသို့ အတော်စုံစုံ ရောက်လာကုန်ကြ၏။ ကွဲကွာနေကြရသော ချစ်သူတို့လည်း လှုပ်ရှားသောရင် ဝမ်းပန်းသာသော မျက်လုံးတို့ဖြင့် တဦးနှင့်တဦး တပ်မက်စွာ ကြည့်ကြ၏။ ကိုကာလသားက ယူလာသည့် လက်ဆောင်များကို ထုတ်ပေးသလို ရွာအပျိုကလည်း ကြော်ထားသည့် မုံ့တွေကို ရက်ရက်ရောရော ချကြွေး၏။ ချစ်စ ခင်စ ရည်မှန်းစ သူတွေကလည်း ထင်းမီးရောင်ဖြင့် မှုန်ခြယ်သည့် လရောင်ဆမ်းသော ချစ်သူ၏မျက်နှာပန်းကို အငမ်းမရ တတပ်မက်မက် ကြည့်ရင်း မထိတထိ စကားဆို၏။ မီးဖိုရောင်၌ပွင့်၍ လရောင်အောက်၌ ရွှန်းတင့်နေကြသော မိအပျိုတို့ရှိရာသို့ အမွေးအတောင်စုံစ မောင်ပိတုန်း ကိုပေါက်စတို့က ဟိုနားရကောင်းနိုးနိုး၊ သည်နားရကောင်းနိုးနိုးဖြင့် လူးလာတုံ့ခေါက် ယောက်ယက်ခတ် ရွေးချယ်နေကြ၏။


ဆီအိုးကင်းမှ ပွက်ပွက်စီစီ ဆီမြည်သံ၊ မီးဖိုတွင်းမှ မီးတောက် ဟုန်းဟုန်းထသံ၊ ထင်းဖျစ်ဖျစ်ပေါက်သံ၊ ချစ်သူနှစ်ယောက်တို့ စကားတွတ်တွတ်ထိုးထိုးပြောသံ၊ မိန်းမကြီးတို့၏ အတင်းအဖျင်းသံ၊ လူစုလူဝေးကောင်းသော ?အုပ်ဆီမှ  ရယ်မောသံတို့သည် ညဉ့်ပိုးကောင်တို့၏ အော်ညည်းသံကို ဖုံးအုပ်စေလျက် အေးမြသော ညဉ့်လေပြေတွင် သောသောရုတ်ရုတ် မြည်၏။ လရောင်သည် ပို၍ကြည်လင်တောက်ပလာ၏။ ကောင်းကင်၌ ကြယ်တာရာများ စုံချေပြီ။


ရွာဘက်ဆီမှ’ဗျို့’ ဟစ်လာသော ဆော်သြသံသည် ရွာထိပ်မှနေ၍ မုံ့ကြော်နေကြသူများဆီသို့ တဖြည်းဖြည်း နီးကပ်လာ၏။ ကျောင်းသားကလေးများ အော်ဟစ်လိုက်ကြသော အသံဖြစ်သည်။


ဗုဒ္ဓ၏သာသနာတော် မပြန့်ပွားသေးမီ ပုဂံခေတ်ဆီက ကြွင်းကျန်ခဲ့ဟန်ရှိသော အလွန်ရှေးကျသည့် တီးမှုတ်သံတမျိုး သုန်သုန်ညှင်းသော လေပြေနှင့်အတူ ငြိမ့်ငြိမ့်ငြောင်းငြောင်း ပါလာ၏။ ပုစ္ဆိန်းသည်တို့၏တေးဂီတသံများသည် တူရိယာအသံတို့၏အကြားမှ တချက်တချက် ထိုးဖေါက်ပေါ်လာကြ၏။ ထိုအသံသည် သားကောင်တို့ဟိန်းဟောက်သကဲ့သို့၎င်း၊ လူတို့ ရှိုက်ကြီးတငင် ဝမ်းနည်းကြေကွဲစွာ ငိုကြွေးသံကဲ့သို့၎င်း၊ စိတ်နှလုံး တုန်လှုပ်ဖွယ်ရာ အဝေးရပ်ဆီမှ လွင့်ပါးလားခြင်းဖြစ်၏။


စကားတတွတ်တွတ်ပြောလျက်၊ နောက်ပြောင်ရွှတ်သောလျက်၊ ပျော်ရွှင်ရယ်မောလျက် မုံ့ကြော်ဖိုတို့အနီးတွင် တဝါးဝါး တဟားဟားရှိနေကြသော သူတို့သည် အသံလာရာဘက်သို့ နားစွင့်လိုက်ကြသည်။ မျက်လုံးတို့သည် တဦးမျက်နှာတဦးသို့ ငြိမ်သက်စူးစိုက်စွာ ကြည့်လိုက်ကြ၏။ ထိုမျက်လုံးတို့၌ လေးနက်သော အဓိပ္ပါယ်ရှိ၏။ ယင်းအဓိပ္ပါယ်ကို အချင်းချင်းသာလျှင် စိတ်တွင်းမှ သိသလိုလို ရှိကြသော်လည်း တဦးနှင့်တဦး ထုတ်ဖေါ် မမေးကြ၊ မျက်နှာတို့သည် တည်ငြိမ်သောအသွင်သို့ ပြောင်းလာပြီးနောက် တခဏအတွင်း နှုတ်ခမ်းတို့၌ ဣန္ဒြေရသောအပြုံးပန်းကလေးများ ပွင့်လာကြ၏။


ထိုကာလသားတို့သည် မိမိတို့အပျိုများ၏မျက်နှာကို တချက်စိုက်ကြည့်လိုက်ပြီးနောက် နှုတ်မဆက်ဘဲ နေရာမှ ထလိုက်ကြ၏။ သူတို့သည် တန်ခိုးရှင်တစုံတယောက်၏ အမိန့်ကို နာခံနေကြရဘိကဲ့သို့ အလိုအလျောက် အချင်းချင်း စုပေါင်းမိကြပြီးလျင် ရွာဘက်သို့ တိတ်တိတ်ဆိတ်ဆိတ် ထလာခဲ့ကြ၏။


ထိုအချိန်၌ အရွယ်လွန်ပြီးသော ယောက်ျားနှင့် မိန်းမကြီးတို့သည် မိမိတို့မုံ့ကြော်သည့်လုပ်ငန်းကို လက်စသတ်လိုက်ကြသည်။ မိန်းမပျိုကလေးတို့သည် အလွန်လျှင်မြန်စွာ ကူညီသိမ်းဆည်းကြသည်။ မီးတောက်များကို ငြိမ်းသတ်ကြ၏။ ထို့နောက် ကြော်ပြီး ပြုတ်ပြီး ပြုလုပ်ပြီး မုံ့များနှင့်တကွ အိုးခွက်စသည်တို့ကို ရွက်ယူကြ၍ ရွာဘက်ဆီသို့ ရှေ့မှသွားနှင့်ကြ၏။


ဟုန်းဟုန်းတောက်ခဲ့ကြသော မီးတောက်ရှိသည့် မီးဖိုတန်းကြီးမှ ရွှေညိုရောင်တို့သည် ဖိုးလမင်းကြီး၏ ပုလဲဖြူရောင်အောက်၌ ဖြည်းဖြည်းချင်း ပျော်ဝင် ပျောက်ကွယ်သွားရလေပြီ။


ထို့သည့်နောက်၌ ကိုကာလသားတို့သည် မြောက်ဖျားရှိ ပွဲကျောင်းရှိရာသို့ တိတ်ဆိတ်ငြိမ်သက်စွာ ဆက်လက်သွားနေကြ၏။ သူတို့သည် မိမိတို့အိမ်သို့ဝင်လျက် ဝတ်သစ်စုံတို့ကို လဲလှယ်ဝတ်ဆင်လာခဲ့ကြ၏။ ထိုဝတ်သစ်စုံတို့၌ မပါလျှင် မပြီးသော အဆောင်အယောင်ကား မင်ကြောင်ထိုးစဉ်က ဝတ်ခဲ့ကြသည့် မင်ခံပုဆိုးနှင့် အမိက အမှတ်တရ ပြုလုပ်ပေးသော တဘက် စသည့် အသုံးအဆောင်တို့ ဖြစ်၏။ အခြားသော အင်းအိုင်လက်ဖွဲ့၊ ဆေးဝါး၊ ပုတီး၊ အဆောင်ရုပ် စသည်တို့ကိုလည်း ယူဆောင်လာကြရ၏။ ဤပွဲတွင် မိခင်၏ထမီစကို အကယ်၍ နား စသည်တို့၌ ပန်ဆင်ထားပြီးရှိနေလျှင် ခေတ္တဖြုတ်ထားခဲ့ရ၏။ ချစ်သူ၏လက်ဆောင်နှင့် ချစ်သူမဖြစ်သေးသော အပျိုတို့၏ လက်ဆောင်ကိုလည်း ယူဆောင်လာနိုင်ကြသေး၏။ သို့သော် ထိုအမျိုးမပါလျှင်လည်း ဖြစ်၏။


ထိုကာလသားတို့သည် သိက္ခာရပြီးသော သံဃာတော်တို့ ဆွမ်းခံကြွဘိသို့ ရှေ့နောက်တန်းစီလျက် မိမိတို့အဝတ်အဆောင်များ၊ ပန်းနံ့သာအမွှေးအကြိုင်များ စသည်တို့ကို လက်ဆွဲလျက် ပွဲကျောင်းရှိရာသို့ ရှေ့ရှုလာရ၏။


ထိုအချိန် ပွဲကျောင်းဆရာတော်နှင့် ကိုရင်ကြီးဒိုးကလေးတို့က လေ့ကျက် အကျင့်လုပ်ပေးထားသဖြင့် နတ်တို့၏ဝိညာဉ်နှင့် ယဉ်ပါးနေကြသော ပုစ္ဆန်းသည်တို့သည် ကခုန်လျက်ရှိကြလေပြီ။


ပုစ္ဆန်းသည်တို့မှာ မျိုးရိုးဖြင့် ရှိကြရသူတို့ဖြစ်၏။ နတ်ဝင်ခြင်း၊ နတ်ပင့်ခြင်း၊ နတ်တင်ခြင်း၊ နတ်ဟောခြင်း စသည်တို့ကို မျိုးရိုးရှိသူတို့မှတပါး အခြားသူတို့ လုပ်ရိုးမရှိ။ နတ်၏ဝိညာဉ်သည် မျိုးရိုးမရှိသောအခြားသူတို့၌ ယဉ်ပါးလျှင် ယင်းသည့်သူကို မျိုးရိုးအစဉ်အဆက်ဖြစ်လာအောင် ပွဲကြီးလမ်းကြီးပေးလျက် မျိုးရိုးဇာတ်ဝင်အဖြစ် သွတ်သွင်းရ၏။ စွဲကပ်ယဉ်ပါးသော နတ်နှင့် ပေးစားယူကြရ၏။ ဤသို့သောနည်းဖြင့် မျိုးရိုးအစဉ်အဆက် ဖြစ်လာကုန်သော ပု စ္ဆန်းသည်တို့သည် မြောက်ကျောင်းပြင်ဘက်ရှိ နတ်စင်နတ်ကွန်းးများတည်ဆောက်ထားရာ လက်ပန်သုံးပင်၏အကြား သတ်မှတ်ပြင်ဆင်ထားသော မြေကွက်၌ ကခုန်နေကြခြင်းဖြစ်၏။


မြေကွက်၏တဖက်ထိပ်၌ နတ်ရုပ်ထုတို့ထားရန်အတွက် အနိမ့်အမြင့်ပြုလုပ်၍ တန်းစီဆောက်လုပ်ထားသော နတ်ကွန်းများ တန်းလျက်ရှိ၏။ ထိုနတ်ကွန်းတန်းကြီးကို နတ်ရွာဟု ခေါ်ကြ၏။ နတ်ရွာရှိ နတ်ကွန်းအိမ်တခုခုကို ဝါးတလုံးတည်းသာလျှင် တိုင်ပြု၍ ဆောက်လုပ်ရ၏။ ဝါးပိုးဝါးလုံးကြီး တလုံးကို သုံးစိတ်သော်၎င်း၊ ငါးစိတ်သော်၎င်း၊ ခုနစ်စိတ်သော်၎င်း၊ ကိုးစိတ်သော်၎င်း စိတ်လျက် ထိုစိတ်သည့်ဘက်၌ ဝါးကပ်ယက်၍ နတ်ရုပ်တင်ရန် နတ်နန်းဆောင်ပြုလုပ်၏။ ကျန်တဖက်ကို မြေပြင်၌ အလုံးအတိုင်း စိုက်ထူ၏။ ထိုအခါ တလုံးတည်းသော တိုင်ပေါ်မှ နတ်နန်းဆောင် ဖြစ်လာ၏။ နတ်နန်းဆောင်ရှိ ဝါးကပ်ပေါ်၌ ပြသာဒ်အထွတ်ကို ငှက်ပျောရွက် အုန်းလက်ရွက်တို့ဖြင့် ပုစ္ဆန်းသည်များကိုယ်တိုင် ပြုလုပ်ကြ၏။ နတ်ပန်းမျိုးတို့ကိုလည်း ထိုးစိုက်ကြ၏။ ထိုငှက်ပျောရွက် ပန်းပြသာဒ်တို့အတွင်း၌သာ နတ်ရုပ်ထုတို့ ထည့်ထား၏။ ပန်းပြသာဒ်၏မျက်နှာစာတွင် နန်းကြမ်းပြင် ချန်ထားရသေး၏။ ထိုနန်းကြမ်းပြင်ပေါ်၌ တခါတရံ နတ်ဝင်သည်များ ကိုယ်တိုင်နတ်ဝင်လျက် ခုန်ပျံ တက်ကလေ့ ရှိတတ်ကြ၏။


နတ်ကွန်းတခုတခုလျှင် နက္ခတ်စင်တခုနှင့် နတ်တင်စင်တခု ပေါင်းနှစ်ခုစီ ပါရသေး၏။ နက္ခတ်စင်ပေါ်တွင် နက္ခတ်ကြိုက်ပန်းတို့သာလျှင်ရှိ၍ နတ်တင်စင်ပေါ်တွင် နံ့သာခွက်များ၊ ဆီမီးခွက်များ ပြုလုပ်ထားသော ထင်းရှုးအမွှေးတိုင်များ၊ အင်းဆေးများ စသည်တို့ရှိကြ၏။


နတ်ကွန်းနတ်စင်၏ရှေ့၌ လေးထောင့်စပ်စပ်ပုံသဏ္ဍာန် ကွက်လပ်တခုရှိ၏။ ထိုကွက်လပ်ကို သဲဖြူခင်းလျက် ရာဇမတ်ကွက်ကာရံပြီးလျှင် တိုင်တို့၌ ငှက်ပျောပင်များ စိုက်ထူထား၏။ ငှက်ပျောပင် တပင်မှ တပင်သို့ ပန်းနွယ်ကြိုးများ သွယ်တန်းလျက် နက္ခတ်ပန်းများ ချည်နှောင် ချိတ်ဆွဲထား၏။ ထိုကွက်လပ်အတွင်း၌ ဆေးအင်းထပ်မည့် ကိုကာလသားများ၊ ပုစ္ဆန်းသည်များနှင့် ပုစ္ဆန်းခေါင်းဖြစ်သော ကိုရင်ကြီးဒိုးကလေးတို့သာလျှင် ဝင်ခွင့်ရှိ၏။ ရာဇမတ်ကွက်ကာရံထားသည့် ကွက်လပ်၏ရှေ့၌ သဲဖြူ ထုံးဖြူတို့ခင်းထားသော “နက္ခတ်ယင်ပြင်” ရှိ၏။ ထို နက္ခတ်ယင်ပြင်ကို ပုစ္ဆန်းလောင်းမိန်းမများ၊ သို့မဟုတ် ပုစ္ဆန်းထိန်းမိန်းမကြီးများက စောင့်၏။


“နက္ခတ်ယင်ပြင်”အတွင်းသို့ နတ်ပူဇော်မည့်သူများ ဝင်ထိုင်လျက် မိမိတို့လက်၌ပါသော ပန်း၊ အမွှေးနံ့သာတို့ဖြင့် နတ်ပူဇော်ဆုတောင်းကြ၏။ ထိုအခါ ပုစ္ဆန်းထိန်းမိန်းမကြီးများက နတ်ပူဇော်သူတို့၏လက်မှ အမွှေးနံ့သာ၊ ပန်း စသည်တို့ကို နတ်ကွန်းသို့သွားပို့လျက် နတ်ကွန်းမှ ပန်တော်ကျ အမွှေးနံ့သာ၊ ပန်းစသည်တို့ကို နတ်ပူဇော်သူတို့အား ပြန်ပေးကြရပါ၏။ ပန်တော်ကျများကို ရပြီးသူတို့သည် “နက္ခတ်ယင်ပြင်” အတွင်းမှ ထွက်သွားကြရရိုးဖြစ်၏။ နတ်ပွဲကြည့်သူတို့ကမူ နတ်ကွန်းယင်ပြင်နှင့် နတ်ကန္နား နတ်ရွာတို့၏ အပြင်မှသာ ဝိုင်းဝန်းကြည့်ရ၏။


ပန်တော်ကျပန်းများနှင့် နံ့သာမွှေးများကို ရကြ၍ မြခက်တို့“နတ်ကွန်းယင်ပြင်”မှ ထသွားကြရသည့်အချိန်၌ ဖိုးလမင်းသည် ထိုနက္ခတ်ပွဲရှိ လူစုလူဝေးကြီးအား ပုလဲရည်တို့ဖြင့် သွန်းလောင်းချနေ၏။ လက်ပံပင်ရိပ်၌ ထွန်းလင်းနေသော ကညင်ဆီတိုင်မှတပါး ကျန်သော မီးရောင်တို့သည် အလိုလို မှေးမှိန်ကုန်ကြရ၏။


ထိုအချိန်၌ ကိုရင်ကြီး၏ဆေးကျူသံသည် ကိုရင်ကြီးဆီမှ ထွက်လာသည်ဟု မထင်ရဘဲ ကောင်းကင်ယံမှ ကြားရသည်ဟု ပရိသတ်တို့က ထင်လိုက်ရ၏။ ပုစ္ဆန်းသည်တို့သည် ကိုရင်ကြီး၏အသံနှင့်အတူ ညင်သာစွာ ယိမ်းယိုင်လှုပ်ရှားလျက်ရှိနေကြရာ လေထဲ၌ ဖြည်းညှင်းစွာ လွင့်ပါးနေကြဘိသို့ ထင်ကြရ၏။ နတ်ပွဲကြည့်သူတို့၏စိတ်၌လည်း ကိုရင်ကြီး၏ဆေးကျူသံနှင့်အတူ မိမိတို့၏ဝိညာဉ်များသည် မိမိတို့ကိုယ်မှ ခွာလျက် ကောင်းကင်ယံ၌ လွင့်ပျံကာဆေးကျူးရင့်သံ၏နောက်၌ လိုက်ပါလာရသကဲ့သို့ ထင်လာကြ၏။ ဆေးကျူးရင့်သံ၏နောက်မှ ကောင်းကင်ယံထက် လိုက်ပါလွင့်ပျံနေကြရသည်မှာ ရင်တလှပ်လှပ်ခုန်လျက် လေဟုန်စီးရင်း မောနေကြရ၏။ ရှေးကျလှသော ဆိုင်းသံသည် ဆေးကျူးသံနှင့်အတူ ထက်ကြပ်လိုက်ပါလာလျက် နားထောင်နေသူတို့ကို ချောက်ချားအောင် ဖမ်းစားထား၏။ နတ်ဝင်ကခုန်နေကြသော ပုစ္ဆန်းသည်တို့သည် အသံအနိမ့်အမြင့်နှင့်အတူ ဘယ်ညာယိမ်းနွဲ့နေရာမှ လွင့်ပါးနေသကဲ့သို့ ပိုမိုယိမ်းနွဲ့လာ၏။


တူရိယာသံသည် တိကနဲ ဖြတ်လိုက်သည်နှင့် မည်သည့်အချိန်က ရပ်ဆိုင်းသွားသည် မသိသော ဆေးကျူးရင့်သံကိုလည်း မကြားကြရတော့။


လူတို့သည် အခြားဝိညာဉ်လောကသို့ ဗြုန်းကနဲ ရောက်သွားကြရဘိသို့ မလှုပ်မရှား တိတ်ဆိတ် ကြက်သေသေနေကြ၏။ ရင်တွင်းမှ နှလုံးသွေးကျသံသည် ပြင်းထန်ကျယ်လောင်စွာ တဒိန်းဒိန်း မြည်လာ၏။ လေတိုးသံသည် နားထဲ၌ တဝီဝီ မြည်နေ၏။ ထိုစဉ် တီးဝိုင်းမှ စည်တိုနှင့်လင်းကွင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ကြသည်။ လူအားလုံးတို့သည် မိမိတို့တည်နေရာ ကမ္ဘာကြီး ပေါက်ကွဲသွားသဖြင့် လွင့်စဉ်ထွက်ကျရဘိသို့ ’ဖို’ ကနဲ ထိတ်လန့်ကုန်ကြ၏။ က,ကြိုးပြောင်းလိုက်သည့် တီးချက်ဖြစ်လေသည်။ ပုစ္ဆန်းသည်တို့သည် ဘယ်ညာယိမ်းနွဲ့နေရာမှ ရုတ်ခြည်း စက်ဝိုင်းကဲ့သို့ လှည့်,ပတ် ဝိုင်းကကြ၏။ ပုစ္ဆန်းသည်တို့၏အလယ်၌ ထိပ်ဝအကျယ် တလံကျော်ကျော်ခန့်ရှိသော ခြေထောက်မြင့်သည့် ရွှေပွတ်ထားသော ဒေါင်းလန်းနီကြီးရှိ၏။


ထိုဒေါင်းလန်းနီကြီးပေါ်၌ ဘေးသို့ဖိတ်လျှံကျအောင် ထည့်တင်ထားသော မဲဇလီပန်းဖူးပန်းပွင့်များ ရှိနေ၏။ ပုစ္ဆန်းသည်တို့သည် ထိုဒေါင်းလန်းနီကြီးနှင့်တကွသော ပန်းပုံကြီးကို ဝိုင်းပတ်လျှက် ကနေကြ၏။ ကကြိုးစက်ဝိုင်းသည်တဖက်တည်းသို့ လည်နေခြင်းမဟုတ်၊ လက်ျာရစ် သုံးပတ်ခန့်လည်လိုက်၊ လက်ဝဲရစ် သုံးပတ်ခန့်လည်လိုက်၊ ထို့နောက် နှစ်ပတ်ခန့်စီ လည်လိုက်၊ ထို့နောက် လကျ်ာရစ်တပတ်၊ လက်ဝဲရစ် တပတ် လည်လိုက် စသဖြင့် လှည့်ပတ် က,နေကြခြင်းဖြစ်၏။


တပတ်ထက်တပတ် ကကြိုးသည် တေးသံနှင့်အတူ ပို၍ပို၍ မြန်လာ၏။ ထိုအချိန်၌ ဝိုင်းကြည့်နေကြသော လူအုပ်ကြီးသည် လူချင်းကပ်ကျလာအောင် ရှေ့သို့ ပူးကပ်တိုးဝှေ့လာကြ၏။ ပုစ္ဆန်းထိန်းတို့က ကတ္တီပါဖြင့်ဖုံးထားသည့် နတ်သိုင်းကြိမ်လုံးကြီး တချောင်းစီ ကိုင်ကြလျက် ရှေ့သို တိုးလာသည့် လူအုပ်ကြီးကို တားဆီးနေကြရ၏။ ဤလူအုပ်ကြီးကို ပုစ္ဆန်းထိန်းတို့ဖြင့် တားဆီး၍ မလုံလောက်၊ ထိုအခါ ဆေးအင်းထပ်နှိုးကြမည့် ကိုကာလသားတို့ကပါ တယောက်နှင့်တယောက် လက်ချင်းဆက်ကြလျက် ကာရံ တားဆီးပေးနေကြရ၏။


တီးသံသည် ပို၍ပြင်းထန်လာ၏။ စည်တိုနှက်လိုက်သည့် အသံသည် ကြားရသူတို့၏ရင်၌ တလှပ်လှပ် လှုပ်ရှားစေ၏။ ပုစ္ဆန်းသည်တို့၏ အကလည်း ပို၍မြူးကြွလာ၏။ တဦးနှင့်တဦး ဖက်ယမ်း နမ်းစုတ်ကြတော့မည့် ဟန်ပန်မျိုးဖြင့် မြွေနှစ်ကောင် အရွေလိုက်သကဲ့သို့ အစုံအစုံတွဲလျက် လေထဲ၌ လွင့်ပါးနေကြ၏။ စက်ဝိုင်းသဏ္ဍာန် ရစ်ပတ်ပုံသည် ပို၍မြန်ဆန်လာ၏။


ပုစ္ဆန်းသည်တို့သာလျှင် မဟုတ်သေး၊ အပြင်မှ စုပုံနေကြသော လူအုပ်ကြီးပါ လှုပ်ရှားလာ၏။ နီးရာလူအချင်းချင်း ပွေ့ဖက်လျက် စည်တိုချက်အလိုက် တဝုန်းဝုန်း ခုန်နေကြ၏။ အရွယ်မရောက်တရောက် ကိုကာလသားပေါက်ကလေးတို့သည် ကြီးသူငယ်မရွေး နီးရာ မိန်းမတဦးကို ပွေ့ဖက်လျက် စည်တိုချက်၌ အညီ တဝုန်းဝုန်း ခုန်၏။ လင်မယားအစုံသည်၎င်း၊ သူ့လင်ငါ့လင် သူ့မယားငါ့မယားတို့သည်၎င်း၊ မိန်းမအချင်းချင်း ယောကျ်ားအချင်းချင်းတို့သည်၎င်း တဦးနှင့်တဦး ပွေ့ဖက်ကြလျက် ခုန်၏။ ပါးစပ်မှလည်း အမြှုပ်ထွက်မတတ် သံကုန်အော်၏။ နောက်မှ လိုက်လာသကဲ့သို့လည်း မြန်မြန်လည်း အော်ကြ၏။


ပုပ္ပကြယ်မြေလူး၊ ကောက်ပဲဝါနှမ်းမြူး

ပုပ္ပကြယ်မြေလူး၊ အင်းဆေးပက်မြင်မြူး

ပုပ္ပကြယ်မြေလူး၊ ညဉ်းရောငါရောမြူး


ဒေါင်းလန်းနီကြီးကို ဝိုင်းပတ်က,နေကြသော ပုစ္ဆန်းသည်တို့သည် ပို၍ပို၍ မြန်လာကြကာ လဲပြိုကုန်၏။ ထိုအခါ ‘ဝေးဟေးဟေး’ဟူသော မြူးပျော်သံတို့ကို ပြုကြလျက် ဒေါင်းလန်းကြီးထဲမှ မဲဇလီဖူးပွင့်တို့ကို ဆုပ်၍ဆုပ်၍ လူအုပ်ကြီးထဲသို့ ပစ်ပေါက် ဖြန့်ကျဲပစ်ကြ၏။ ထိုအခါ လူအုပ်ကြီးက မိမိတို့ဆီသို့ ကျလာသည့် မဲဇလီဖူးပွင့်များကို လုယက်ကောက်ယူကြ၏။ ပစ်ပေါက်သူတို့ကလည်း အလုအယက် ပစ်ပေါက်၏။ ကောက်ယူသူတို့လည်း အလုအယက် ကောက်ယူ၏။ ဒေါင်းလန်းကြီးထဲရှိ မဲဇလီဖူးများ ကုန်သောအခါ ပုစ္ဆန်းသည်တို့သည် ဝမ်းမြောက်ဝမ်းသာ ကခုန်နေကြရာမှ သတိလစ်လျက် လဲပြိုကုန်ကြ၏။ ထိုအခါ လူအုပ်ကြီးသည် မိမိတို့လုယူရရှီသော မဲဇလီဖူးများကို မြတ်နိုးစွာ ယူဆောင်လျှက် မိမိတို့အိမ်သို့ ပြန်ကုန်ကြလေပြီ။


သို့သော် ကိုရင်ကြီးနှင့် ကိုကာလသားတို့ကား မပြန်ကြကုန်သေး။ သူတို့သည် ပုစ္ဆန်းသည်တို့ ပြန်ကုန်ကြသည့်တိုင် တညလုံး ရှိနေကြ၏။ ဆေးကျူးခြင်း၊ မန္တန်စုတ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊ သစ္စာစောင့်ထိန်းခြင်း စသည်တို့ကို ပြုလုပ်လျက် မိုးအလင်း နေကြကုန်၏။

အပိုင်း(၂) ဆက်ရန်


ရန်ကုန်ဘဆွေ

No comments:

Post a Comment