ကျီးမနိုးပွဲ
အပိုင်း (၂)
နောက်တနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့် အဖိတ်နေ့၌ နက္ခတ်ပူဇော်ပွဲ လှည့်လာခြင်းကို ပြု၏။ ထိုနက္ခတ်လှည့်လည်ရာ၌ ဂြိုလ်များ နတ်များလည်း ပါရှိ၏။ ဆေးအင်းလက်ဖွဲ့တို့လည်း ပါ၏။ ထိုပွဲသည် နက္ခတ်ပွဲ နတ်ပွဲသက်သက်ဖြစ်သောကြောင့် ဘုရားနှင့် ရဟန်းသံဃာတော်တို့ မပါကြ။
သို့သော် ပွဲကျောင်းကိုရင်ကြီးသည် ဦးဆောင်ရှေ့ရွက်ပြု၍ စီစဉ်ပေးရသူဖြစ်သောကြောင့် ကိုယ်တိုင်ပါဝင်လှည့်လည်၏။
နက္ခတ်လှည့်လည်ပွဲ၌ လွန်ခဲ့သည့်ညဉ့်က လုယူရရှိသွားကြသော မဲဇလီဖူးများကို ဆေးဖက်အဖြစ်သုံးရန် အခြောက်ယူထားသောမဲဇလီဖူးများနှင့်အတူ ရောနှောပြုတ်လျက် လက်သုပ်ပြု၏။ ထိုမဲဇလီဖူးသုပ်ကို ဖက်စိမ်းဖြင့် အထုပ်အထုပ်ပြု၍ အချို့ဘုရားနှင့် ကျောင်းများသို့လှူ၏။ အချို့သက်ကြီးဝါကြီး မိဘဘိုးဘွားထံသို့ ပို့၏။ အချို့မိတ်ဆွေ အပေါင်းအသင်းများအိမ်သို့ ပေး၏။ ထို့အပြင် နက္ခတ်ပွဲ လှည့်လည်ရာ၌ ပါလာကြမည့် ကိုကာလသားတို့ကို ပစ်ပေါက်ရန်လည်း သိမ်းထားကြ၏။
အပျိုတို့သည် မိမိတို့ပစ်ပေါက်ရန်အတွက် ရည်ရွယ်ထားသည့် မဲဇလီဖူးသုပ်များကို မိမိတို့စိတ်ကြိုက် အထူးတလည် ထုပ်ကြ၏။ ထို့နောက် အိမ်အထက်ထပ်ရှိ ပိတ်ထားသော ပြတင်းပေါက်၊ သို့မဟုတ် အိမ်ရှေ့ ပုဏ္ဏားကွယ်တို့၌ ပန်းကန် လင်ပန်းစသည်တို့ဖြင့် အသင့်ထည့်ထား၏။ ထို့နောက် မိမိတို့ကိုယ်ကို ဝတ်သစ် ဆင်သစ်တို့ဖြင့် အသင့်ပြုပြင် ဖြီးလိမ်းလျက် စောင့်၏။
နက္ခတ်ပွဲလှည့်လည်လာသည်နှင့် မိမိတို့ပစ်ပေါက်လိုသည့် ကာလသားကို ချောင်းမြောင်းကြည့်ထားနှင့်လျက် မိမိစောင့်နေသည့် ပြတင်းပေါက်ရှေ့တည့်တည့်သို့ ရောက်သည်နှင့် သို့မဟုတ် ပုဏ္ဏားကွယ်ရှေ့တည့်တည့်သို့ ရောက်သည်နှင့် ဗြုန်းကနဲ လူလုံးပြ၍ မိမိပစ်ပေါက်လိုသည့် ကာလသားကို မဲဇလီဖူးထုပ်ဖြင့် ထိမှန်အောင် ပစ်ပေါက်၏။
ဤသို့ပစ်ပေါက်ခြင်းသည် အဘိပါရက စစ်သူကြီးကတော် ဥမ္မာဒန္တီက ဗြုန်းကနဲ လေသာတံခါးကို ဖွင့်၍ ပန်းများဖြင့် ပစ်ပေါက်လိုက်သောအခါ သိဝိဘုရင်မင်းရာဇာကြီးသည် ဥမ္မာဒန္တီကို အရူးအမူး စွဲမက်ခဲ့ရသည်ဆို၏။ မိန်းကလေးတို့သည် ဤထုံးအတိုင်း နက္ခတ်ပွဲ၌ လှည့်လည်လာကြသော ကိုကာလသားတို့ကို ပစ်ပေါက်လိုက်သောအခါ မိမိပစ်ပေါက်လိုသည့် ကာလသားအား ထိမှန်သည်နှင့် ကိုကာလသားသည် မိမိအား အရူးအမူး စွဲမက်လာသည်၊ မစွန့်ပစ်နိုင်ဟု ယုံကြည်ယူဆကြ၏။ သို့သော် ကိုကာလသားက မိမိအား ပြန်လည်ပစ်ခတ်၍ ထိလျှင် တန်ပြန်ခြင်းခံရသဖြင့် ဘာမျှမဖြစ်ဟု ယုံကြည်ထားကြသည်။
အဖိတ်နေ့ညနေချမ်း၌ နက္ခတ်ပူဇော်ရန် ပန်းအမွှေးနံ့သာ ငှက်ပျောပွဲ အုန်းပွဲတို့ဖြင့်၎င်း၊ ပုစ္ဆန်းသည်တို့၏ အကအခုန်ဖြင့်၎င်း အလွန်စည်ကားပျော်ရွှင်စွာ လှည့်လည်လာကြသောအခါ နက္ခတ်စံအိမ်တို့၏နောက်၌ ဆေးမင်တို့ကို သိဒ္ဓိတင်ကြမည့် ကိုကာလသားတို့ လိုက်ပါလာကြ၏။ ကိုကာလသားတို့၏နောက်၌ ဆေးမင် ဝါသနာပါကြသော သက်ကြီးရွယ်ကြီးတို့လည်း ပါ၏။
ထိုလှည့်လည်ပွဲတွင် မဲဇလီထုပ်ဖြင့် အများဆုံး အပစ်အခတ်ခံရသော ကာလသားကား ကောင်းမြတ်တည်း။ ဤအတိုင်းသာဆိုလျှင် ကောင်းမြတ်သည် မိန်းကလေးအတော်များများအဘို့ သိဝိဘုရင် မင်းတရားကြီးကဲ့သို့ အရူးအမူး ဖြစ်ရပေလိမ့်ဦးမည်။
ဖြစ်ချင်လျှင်ဖြစ်ပါစေ၊ ထိုသို့သောအချိန်အခါက ထိုကာလသား ယောက်ျားကလေးတိုင်းလိုလိုတို့သည် မိန်းမပျိုကလေးအတော်များများ၏ မဲဇလီဖူးသုပ် အထုပ်ဖြင့် ပစ်ပေါက်ခြင်းကို ခံယူလိုကြသည်ချည်း ဖြစ်ကြ၏။ ထို့နောက် မိမိတို့ကလည်း ယင်းသို့ မိမိအား ပစ်ပေါက်သည့် မိန်းကလေးတိုင်းတို့အား ပြန်လှန်၍ ထိမှန်အောင် ပစ်ပေါက်လိုကြသည်ချည်းဖြစ်ကြ၏။ သို့သော် ယခုချက်ခြင်း ပြန်လှန်ပစ်ပေါက်ခြင်းမျိုး မပြုလုပ်ကြရ။
နက္ခတ်ပွဲလှည့်လည်နေစဉ်အခါ၌ ဆေးမင်နှိုးကြမည့် သိဒ္ဓိတင်ကြရမည့် အခွင့်အရ ကိုကာလသားတို့သည် မိမိတို့ ကိုင်ဆောင်လာကြရသော ဆေးမင် ပန်းနံ့သာတို့ကြောင့် သိက္ခာတော်ရ မထေရ်ကြီးများကဲ့သို့ လှည့်လည်အဖွဲ့၏ ရှေ့နောက် အစီအစဉ်အတိုင်း ဣန္ဒြေရစွာ လိုက်ပါကြရမြဲဖြစ်၏။ မိမိအား ပန်းဖူးသုပ်အထုပ်ဖြင့် ပစ်ပေါက်လိုက်ကြသည့် အပျိုတို့ကို စိတ်တွင်းကသာ မှတ်သားလိုက်ကြရ၏။ လှည့်လည်ပွဲ ပြီးကြ၍ နက္ခတ်ပူဇော်ပွဲ စတင်ပြုလုပ်ကြသည့် ကြယ်စုံ ထွက်ပြီးသောအချိန်သို့ ရောက်မှသာလျှင် လှည့်လည်စဉ်က မိမိအား စ,လိုက်ကြသည့် အပျိုတို့ကို မိမိတို့ကိုယ်တိုင်ပြုလုပ်ပေးသည့် ပန်းဖူးသုပ် ဖက်ထုပ်များဖြင့် အတုံ့အပြန် လိုက်လံ ပစ်ပေါက်နိုင်ခွင့်ရှိ၏။ သို့သော် ယောက်ျားလေးတို့အား စ,လိုက်မိကြသော အပျိုတို့သည် ထိုအချိန်အခါမျိုး ရောက်သည်နှင့် မိမိတို့၏ အိပ်ခန်းအတွင်းသို့ဝင်ကာ တံခါးကို အလုံပိတ်လျက် တိတ်တိတ်ဆိတ်ဆိတ် ကျိတ်ရယ်နေတတ်ကြသည်ချည်းဖြစ်၏။ အတုံ့အပြန်ခံရကြရအောင် နေလေ့ မရှိကြ။
ထိုအခါ အပျိုတို့၏ ပန်းသုပ်အထုပ်ဖြင့် ပစ်ပေါက်ခံလိုက်မိကြရသော ကိုကာလသားသည် နောင်သောအခါ၌ ထိုအပျိုအား အရူးအမူး ကြိုက်မိနေရသော အချစ်သားကောင် ဖြစ်မလာစေရေးအတွက် အိပ်ခန်းအတွင်းမှ ထိုအပျိုထွက်လာအောင် နည်းအမျိုးမျိုးဖြင့် ကြံဆောင် ကြိုးစားရသည်မှာလည်း ပျော်စရာပွဲကြီးတခု ဖြစ်သတည်း။
စံတုတ်သည် ထိုဒုက္ခမှ ကင်းလွတ်ရသော ကာလသားတယောက်ဖြစ်၏။ စံတုတ်၏စိတ်ဆန္ဒ၌ ထိုဒုက္ခမျိုး ရချင်ရပါစေ၊ အပျိုတယောက်ယောက်၏ ပန်းဖူးသုတ်ဖြင့် ပစ်ပေါက်လိုက်ခြင်းကို ခံယူလိုနေ၏။ အထူးသဖြင့် မြခက်၏ပစ်ပေါက်မှုကို ပို၍ ခံယူလို၏။ သို့သော် စံတုတ်ကြီးအား မည်သည့်အပျို တစုံတယောက်ကမှ ပန်းဖူးသုပ်ဖြင့် ပစ်ပေါက်ခြင်း မပြုလုပ်လိုက်ကြလေ။
အထူးသဖြင့် မိမိအား မင်ခံပုဆိုးပေးသောကြောင့်… ဝဲမှောင်တွင် ထောင်ပုဆိုးနှင့် ကြွားဝင့်လာခဲ့ရပါလျက် ပုဆိုးရှင်ဖြစ်သည့် မြခက်ကပင်လျှင် မိမိအား ပန်းဖူးသုပ်ဖြင့် ပစ်ပေါက်ခြင်း မပြုလိုက်။
မြခက်တို့ အိမ်ရှေ့သို့ ရောက်သည်နှင့် ပုဏ္ဏားကွယ်မှ အိမ်ခြံဝသို့ရောက်သည်အထိ ဗြုန်းကနဲ ပြေးထွက်လာကာ ပန်းဖူးသုပ်အထုပ်ဖြင့် သေသေချာချာ မိမိရရကြီး ပစ်ပေါက်လိုက်သည်ကား ကောင်းမြတ်ကိုသာဖြစ်၏။ မြခက်သည်ပစ်ပေါက်လိုက်တိုင်း မိမိထိမှန်လိုသူကို သေသေချာချာ ထိမှန်ပါလျက် တထုပ်တည်းဖြင့် မပြီးမစီးနိုင်သေးဘဲ သုံးထုပ်တိတိ ဆက်ကာဆက်ကာ ပစ်ပေါက်၏။ မြခက်၏တကိုယ်လုံးမှာ သစ်လွင်နေ၏။ မြခက်၏မျက်နှာ၌ သနပ်ခါး အဖွေးသားနှင့် ဖြစ်၏။ မြခက်၏ပါးစပ်မှ ပြုံးနေ၏။ မြခက်၏မျက်လုံးမှာ တောက်ပကြည်လင်နေ၏။ မြခက်၏လှုပ်ရှားမှုမှာ ကြော့မော့၏။ ထို့နောက် မြခက်သည် အလွန်ကျေနပ်စွာ မျက်လုံးညို့ကြီးဖြင့် ကောင်းမြတ်ကို စူးစိုက်ကြည့်လျက် မည်သူ့ကိုမျှ တွေ့လိုက်ဟန်မရှိဘဲ အိမ်ထဲသို့ ပြေးဝင်သွား၏။
ညောင်သာယာရွာကလေးအတွင်း၌ ပန်း၊ ဆီမီး၊ တံခွန်ကုက္ကား၊ နတ်ရုပ်စသော အဆောင်အယောင်တို့ဖြင့် နက္ခတ်ပွဲလှည့်လာကြသောအခါ ပန်းထုပ်ဖြင့် ပစ်ပေါက်ကြသော အပျိုတို့မှတပါး အိမ်တိုင်း အိမ်တိုင်းရှိ ကလေးလူကြီး လူကုန်လိုလို အိမ်ရှေ့လမ်းဘေးသို့ထွက်လာကြလျက် အမွှေးနံ့သာ၊ ပန်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ဆွမ်းကြီးလောင်းသကဲ့သို့ လောင်းကြရသေး၏။ ပူဇော်ကြ၏။ နက္ခတ်တို့ကို ဦးခိုက်ကြ၏။ ထိုအခါ လှည့်လည်ရာ၌ ပါဝင်သူတို့က ပေးလှူပူဇော်သမျှကို ယူဆောင်သွားကြရ၏။
စင်စစ် ထိုအရာအားလုံးတို့သည် နက္ခတ်များ၊ နတ်များနှင့်သာ သက်ဆိုင်ခဲ့သော်လည်း ဦးစီးဦးဆောင်ပြုလုပ်၍ လှည်လည်လာသော ကိုရင်ကြီးသည် မိမိကိုယ်တိုင် ရှင်သာမဏေကြီး ဖြစ်နေရသောကြောင့် ရှေးဦးစွာ ဘုရားကျောင်းများသို့ ပို့၏။ ထို့နောက် နက္ခတ်စင်၊ နတ်စင်များသို့ ပေးပို့၏။ ညဘက်၌ မီးထွန်းညှိပူဇော်ကြသောအခါတွင်လည်း နက္ခတ်များ၊ နတ်များအတွက်ချည်း မပြုကြဘဲ ရှေးဦးစွာ ဘုရားကျောင်းများနှင့်စေတီတော် ဗုဒ္ဓရုပ်ပွားတော်တို့ကို မီးထွန်းညှိပြီးမှ ကျန်သော ပန်းဆီမီးတို့ကို နက္ခတ်စင် နတ်စင်တို့သို့ ပေးပို့၏။ မီးထွန်းညှိပူဇော်ခြင်း ပြု၏။ ဤသို့ဖြင့် ပွဲကျောင်းမှကိုရင်ကြီးက ဦးဆောင်ပြုလုပ်လာခဲ့သဖြင့် ညောင်သာယာရွာကလေး၏ နက္ခတ်ပူဇော်ပွဲ ဆီမီးထွန်းညှိပွဲသည် စေတီတော်နှင့်တကွ ဗုဒ္ဓရုပ်ပွားတော်တို့အတွက်ပါ ပွဲတော်ကဲ့သို့ ဖြစ်လာရ၏။
ကိုရင်ကြီးသည် တန်ဆောင်မုန်းလပြည့် အဖိတ်နေ့ကစ၍ ပန်းဆီမီးတို့ဖြင့် နက္ခတ်ပူဇော်ပွဲ ပြုလုပ်ပြီးနောက် ဆေးအင်း ကျူးရင့်ခြင်း၊ အချိန်အခါတွက်ခြင်း၊ မန္တာန်စိပ်ခြင်း စသော အမှုတို့ကို ပြုမြဲပြု၏။ ထို့နောက် အဆောင်အင်း, ဆေး, လက်ဖွဲ့တို့ကို သိဒ္ဓိနှိုးခွင့် ဆေးမင်ထပ်ခွင့်ရသော ကာလသားတို့အား ပေးဝေလျက် လပြည့်နေ့ညအတွက် အချိန်အခါ ကြားပြီးလျှင် လွှတ်လိုက်၏။
ထိုအချိန်၌ ညောင်သာယာတရွာလုံး နက္ခတ်တို့အား ပူဇော်သောမီးများဖြင့် ဝင်းထိန်လျက်ရှိ၏။ ရေတွင်းရေကန်၊ ကျီကျလယ်ယာ၊ အိမ်လှေကားတက်နှင့်တကွ ခြံတွင်းဥယျာဉ်ရှိ ပန်းခြုံတို့ကိုပါမကျန် ဆီမီးခွက်များဖြင့် ထွန်းညှိပူဇော်ထားကြ၏။ ဝတ်သစ် ဆင်သစ်တို့ဖြင့် တရွာလုံး လှည့်လည် လည်ပတ်ကြ၏။ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံ၏။ တအိမ်နှင့်တအိမ် စားဘွယ်သောက်ဖွယ်တို့ကို ပေးပို့ကြ၏။ အရွယ်လွန်ပြီးသောအဖိုးအို အဖွားအိုတို့ပင်လျှင် အိမ်ထောင်ကျသစ်စ လူငယ်တို့နှင့်အပြိုင် ပူးတွဲလှည်လည်ကြ၏။ ရွာတွင်းရှိ တောစိုးသစ်ပင်ကြီးများ၊ ပညောင်ပင်ကြီးများ၌လည်း မီးတွေထိန်လျက် ရှိ၏။ ပညောင်ပင်ရင်း၌ ဆီမီးတို့ ပို၍များပြား တောက်ပ၏။ သားဆုပန်သူတို့သည် ပညောင်ပင်အောက်၌ ဝင်လာမစဲ တသဲသဲဖြစ်၏။
ရွာကလေးတခုလုံး၌ ဆီမီးရောင်စုံတို့သည် ကောင်းကင်၌ ဆင်ယင်ထားသော ကြယ်တာရာတို့ကို အနိုင်ရအောင် တုပြိုင်နေသကဲ့သို့ရှိ၏။ ဝတ်သစ်ဆင်သစ်တို့ဖြင့် ရောင်စုံဆင်မြန်းထားကြသော သူတို့သည် ကောင်းကင်၌ ရွေ့လျားနေကြသည့် တိမ်ရောင်စုံကို ပြိုင်လျက် အနိုင်ယူကာ သွားလာနေကြ၏။ ကြိုတင်ဆောက်လုပ်ထားသည့် ရွာလယ်မဏ္ဍပ်ကြီးအတွင်း၌ မြေဝိုင်းကချေသည်တို့သည် နိပါတ်တော် ဇာတ်ထုပ်များ ခင်းကျင်း က,ပြနေကြ၏။ ထိုမြေဝိုင်းဇာတ်ပွဲ၏ ပတ်ပတ်လည်၌ အစုံအစုံသော ဇနီးမောင်နှံတို့သည် ပခုံးချင်းပြိုင် လက်ချင်းကိုင်ကြလျက် ကယုကယင် တပူးတွဲတွဲ ရှိနေကြ၏။
အဖေါ်မရှိသေးသော တကိုယ်တည်းသမား အပျိုလူပျိုများက ချစ်ငွေ့သန်းသော မျက်လုံးတို့ဖြင့် စွန်ရဲသည် သားကောင်တို့ကို ရှာသကဲ့သို့ လူစုလူဝေးတို့၏ကြား၌ ချစ်ဖက်ချစ်ဖေါ်ကို ရွေးချယ် ရှာဖွေနေကြ၏။ တခါတရံ လူစုလူဝေးကြီး၏အကြားမှ လေးလုံးသော မျက်ဆန်၊ လေးတန်သော မျက်စောင်း၊ လေးချောင်းသောမျက်ကြောတို့သည် အချင်းချင်း ထိတွေ့ကပ်ငြိမိကြရာမှ တဦးရှိရာသို့တဦး တိုးဝှေ့ရောက်လာကြလျက် ပုခုံးချင်းယှက် လက်ချင်းဆက်မိသွားတတ်ကြ၏။
ဤသို့သောအချိန်မျိုးတွင် နက္ခတ်ပွဲလှည့်ကြည့်စဉ်က ပန်းဖူးသုပ် ဖက်ထုပ် အထိခံကြရသူတို့ကား မိမိတို့အပျိုများအား ‘တန်ပြန်’ နိုင်ကြရေးအတွက် မဲဇလီဖူးအသုပ် ဖက်စိမ်းထုပ်များဖြင့် ရွာရိုးသို့ လှည့်နေကြပေပြီ။
ဤအတိုင်း တညကုန်ခဲ့၏။ နံနက်လင်းသည်နှင့် တန်ဆောင်မုန်းလ၏ ကြည်လင်သော နေရောင်အောက်တွင် ညောင်သာယာရွာကလေး၏ခြဝင်းနှင့် အိမ်ကပြင်တို့၌ ရွှေညိုရောင် လုနေသော မဲဇလီအပွင့်အဖူးတို့သည် တမင်ဖြန့်ကြဲထားသကဲ့သို့ ပြန့်ကျဲနေ၏။ ပြေပွင့်စ ဖက်စိမ်းထုပ်များအတွင်းမှ ထွက်အန် ကျနေကြသည့် မဲဇလီအဖူးအပွင့်တို့ကလည်း ရွှေတုံး ရွှေခဲများ အန်ထုတ်နေသည့် မြစိမ်းတုံးကြီးများကဲ့သို့ ဟိုနားတထုပ် သည်နားတထုပ် မြင်နေကြရ၏။ ရွာလမ်းမပေါ်၌မူ ညောင်သာယာရွာသူ အပျိုအအိုတို့ ခေါင်းမှ ကျွတ်ကျကုန်ကြသော နွမ်းကြေနေသည့် ပန်းပွင့်ပန်းခက်များ၊ လည်မှ ပြတ်ကျ ပြန့်ကျဲနေသည့် ပုတီးများ၊ ရင်မှ ကျွတ်ကျနေသည့် ရင်စည်း ရင်ဝတ်တို့ဖြင့် တလမ်းလုံး ဖုံးလုမတတ် မြင်နေရ၏။
သို့သော် လမ်းတဖက်တချက်ရှိ အိမ်တို့၌ကား လူသူမရှိတော့ဘိသို့ ခြောက်သွေ့တိတ်ဆိတ်၏။ ရွာသူရွာသားတို့သည် တညလုံး ပျော်ပါးသွားလာပြီးနောက် လင်းအားကြီးမှ အိမ်ပြန်ရောက်ကြသဖြင့် အိပ်မောကျနေဟန်ရှိ၏။သက်ကြီးရွယ်ရင့် လူကြီးသူမတို့ကမူ ခပ်စောစော အရုဏ်တက်လောက်က အိပ်ရာမှ ထကြလျက် ဘုရားကျောင်းကန်သို့ သွားနေဟန်ရှိ၏။ ထိုအချိန်၌ တာဝန်ရှိသော ကာလသားခေါင်းတို့ကား လမ်းပေါ်၌ ကျကျန်ရစ်သည့်အသုံးအဆောင်ပစ္စည်း မှန်သမျှကို ကောက်ယူကာ ရွာလယ်မဏ္ဍပ်ရှေ့ရှိ ပဒေသာပင်၌ သီလိုက်ကြ၏။။
ထို့နေ့၏ညဉ့်သည် ကြတ္တိကာနက္ခတ်စန်းနှင့် ယှဉ်ပြိုင်သည့် နေ့ဖြစ်၏။ သစ်ပင်ဆေးဝါးတို့ အစွမ်းထက်ကြသောနေ့ဖြစ်၏။ မဲဇလီပင်၌ ဆေးပေါင်းခသော နေ့ဖြစ်၏။ ထို့ကြောင့် ယင်းသည့် နေ့တနေ့လုံး၌ ပွဲကျောင်းကိုရင်ကြီးအဘို့ တပည့်လက်သား အစုံအလင်နှင့် အလုပ်ရှုပ်ရတော့၏။ ပွဲကျောင်းဆရာတော်ကြီးကိုယ်တိုင် ဆေးအင်း ပြုပြင်စီရင်ရေးအတွက် ကြပ်မတ်ညွှန်ကြား အမိန့်ပေးနေရ၏။ ထို့နေ့၌ ပွဲဝင်ခွင့်ရ ကိုကလသားတို့အား အင်းဆေး မင်သေ့များကို တပ်ဆင်ထိုးနှံလျက် သိဒ္ဓိ အသစ်တင်ပေးကြ၏။ ယခင်မင်ကြောင် ထိုးစဉ်က တမင် ချန်ထားခဲ့သော မင်ဝိုင်း၏အလည်မှ ကွက်လပ်ကို ဂဝံရုပ်၊ ကြောင်ရုပ်၊ သူရဿတီ နတ်သမီးရုပ်တို့ ဖြည့်သွင်း ထိုးနှံ၏။ ကြတ္တိကာ နက္ခတ်သည် အဟန့်၊ အမှောင်၊ မှင်၊ အရိပ်၊ ရှိမ်းတို့အတွက် အကျိုးပေးသည်ဟု အယုံအကြည်ရှိကြ၏။ ယင်းယုံကြည်ချက်အတိုင်း အဟန့်အမှောင်နှင့်ဆိုင်သော ဆေးအင်းတို့ကို စီရင်ထိုးနှံကြ၏။ ဆေးမင်ဝိုင်းမှ ထခဲ့ ထွက်ခဲ့ကြကုန်သောကိုကာလသားတို့အဘို့ ဤမျှနှင့် ကိစ္စပြီးသည် မဟုတ်သေး၊ သူတို့သည် မိမိထိုးနှံခဲ့သော ဆေးမင်တို့ မည်မျှအောင်မြင် ပြီးစီးသည်ကို လက်တွေ့စမ်းသပ်ရသည့် ထုံးတမ်းရှိ၏။ ထို့ကြောင့် ဆေးမင်ဝိုင်းမှ ထွက်လာသည်နှင့် အမှောင်ခို၍ သန်းခေါင်ဗိုလ် လုပ်ကြရ၏။
ဤညဉ့်သည် သန်ခေါင်ဗိုလ်လုပ်ရန်အတွက် လွယ်ကူသောညဉ့်မဟုတ်၊ တိမ်စင်သော ကောင်းကင်၌ မြူကင်းသော လသည် ကောင်းကင်၌ ထိန်ထိန်သာလျက် ရှိ၏။ တရပ်လုံး တရွာလုံး၌ ရှိနေကြသော အိမ်တိုင်းအိမ်တိုင်းမှ အိမ်ရှင်တို့သည် ဤညဉ့်အဖို့ သူခိုးဖမ်းရန် ကြိုးစားပမ်းစား စောင့်နေကြ၏။ မကြီး လေးဘုံတို့ ဦးဆောင်သော မိန်းမကြမ်းကြီးများနှင့် အပျိုတသိုက်တို့သည် မဏ္ဍပ်ကြီးအတွင်းမှ အသင့်စောင့်နေကြ၏။
သူတို့နှင့်မနီးမဝေး စားပွဲခုံကြီးတခုပေါ်တွင် သူတို့အတွက် ယခုညဉ့်အဘို့ အရေးကြီးသည့် အသုံးအဆောင်များဖြစ်ကြသော သင်တုံးဓား၊ ကတ်ကျေး၊ ကြိုးခွေ၊ ကြိမ်လုံး၊ ထမင်းခွက် စသည်တို့ ရှိနေကြ၏။ ထို့ပြင် သင်္ကန်းပရိက္ခရာ အစုံတို့လည်း ရှိနေကြသေး၏။ သို့သော် သူတို့သည် နံနက် ဆွမ်းချက်ရန်အတွက် စုစုရုံးရုံး ကြက်သွန်လှီးခြင်း၊ ချင်းလှီးခြင်း စသော အမှုများကို ရယ်ရယ်မောမော ယဉ်ကျေးဖွယ်ရာပြုလုပ်နေကြ၏။ သူတို့နှင့် အတွဲဖြစ်သော ကိုငလုံးတို့အရပ်တီးဝိုင်းကလည်း လက်ကောင်းတိုင်း ရွလျက် အမြိုင်သားဖြင့် အယိုင်သွားကို တီးနေကြ၏။ ယင်းသည့် ညဉ့်အဘို့ ကလေးတို့ပင်လျှင် မအိပ်ကြ၊ ဆိုင်းသံကလေး ရွလာတိုင်း မဏ္ဍပ်တွင်းရှိ နေရာလွတ်တို့၌ ကကြခုန်ကြနှင့် အမောသား။
သို့ပါလျက်နှင့်ပင် ဆေးမင်ဝိုင်းမှ ထခဲ့ထွက်ခဲ့ကြသူတို့သည် အမှောင်ရိပ်အောက် ရောက်သည်နှင့် လူရိပ်လူရောင်ပျောက်သည်ဟု ယုံကြည်ကြ၏။ ဟောင်မည့်ခွေးကို အံခဲ၍ကြည့်လိုက်ရုံဖြင့် မဟောင်နိုင်ဘဲ အမြီးကုပ်လျက် ထွက်သွားရအောင် ဟန့်တားနိုင်သည်ဆို၏။ အော်မည်ပြုသူတို့ကို ‘ဟိတ်’ဟု ချောက်လိုက်ရုံဖြင့် တစ္ဆေသရဲ အချောက်ခံဘိသို့ ‘မှိုင်း’ မိ သတိလစ် ကျန်ရစ်နိုင်သည်ဆို၏။ ကြောင်အတက်ကို ပုတ်၍ ဟုတ်ကနဲ ခုန်လိုက်သည်နှင့် ဖြုတ်ကနဲ အိမ်ခေါင်ပေါ်သို့ပင် ရောက်သွားနိုင်သည်ဆို၏။ လက်ညိုးက အိမ်မြှောင်ကို ယောင်၍ကုပ်မိလျှင် လှေကားကို မြင်ပါလျက် နံရံသို့ တက်ချင်သော စိတ်တွေ ပေါ်လာနိုင်သည် ဆို၏။ ထိုအဆိုတို့ မည်မျှ မှန်သည် မှားသည် မသိငြားသော်လည်း မဏ္ဍပ်ရှေ့ရှိ ဘေးမဲ့ စည်းဝိုင်းအတွင်းသို့ နွားများ၊ လှည်းများ၊ စဉ့်အိုးကြီးများ၊ သေတ္တာများ ရက်ကန်းစင်များ၊ လူအိပ်ပျော်နေလျက် မ,ယူရာသို့ ပါလာခဲ့ရသည့် ကွပ်ပျစ်များ စသည် စသည်တို့ အကယ်ရောက်ရှိလာကြ၏။
အိပ်လျက်ပါလာခဲ့ရသော မိန်းမယောက်ျား တစုံတယောက်သည် ဘေးမဲ့စည်းဝိုင်းအတွင်းသို့ ရောက်ပြီးမှ မဏ္ဍပ်အတွင်းက ဆိုင်းသံကြောင့် နိုးလာလျှင် မပြေးရ မသွားရ၊ ခိုးယူ မယူလာကြသော ကာလသားတို့က ပိုင်၏။ ထို့ကြောင့် မိမိအိပ်နေသည့် ကွပ်ပျစ်ပေါ်မှ ဘယ်ကိုမျှ မဆင်းရတော့၊ အလေးအပေါ့အပါးသွားလိုသည့်တိုင် ကိုကာလသား ခွင့်ပြုပါမှ သွားပြီး ပြန်လာရ၏။ သို့ပါလျက် အလကား သွားခွင့်မပေးသေး။ တကြိမ်ခွင့်ပြုလျှင် ငွေကြေးမည်မျှ ပေးရမည်ဟု တောင်းဆိုခြင်း ခံကြရသေး၏။
လဝန်းကြီးခပ်သာသာတွင် ခိုးဝှက်ရာတို့၌ အောင်မြင်သူများရှိသလို မအောင်မြင်သူများတို့လည်း ရှိကြ၏။ ထိုသူတို့သည် တစုံတခု သစ္စာဖေါက်သောကြောင့်၊ စည်းမစောင့်သောကြောင့် ဤသို့ အမိခံ အဖမ်းခံကြရသည်ဟု ယုံကြည်ကြ၏။
အမိအဖမ်းခံရသူတို့အဖို့လည်း မသက်သာလှ၊ စောင့်ဖမ်းသောအိမ်ရှင်သည် အဖေါ်အပေါင်း လူစုလူဝေး မီးတုတ် မီးစည်းကြီးများဖြင့် ပွဲတော်လှည့်လာသကဲ့သို့ ထိုဖမ်းဆီးရမိသော သူခိုးကို ခေါ်လာ၏။ ကလေးတသိုက်တို့သည် သူခိုး၏နောက်မှကပ်လျက် သံချပ်ထိုးရင်း ဆူဆူညံညံ လိုက်လာလေ့ရှိကြ၏။
ဤအသံမျိုးကိုကြားရသည်နှင့် မကြီးလေးဘုံ ဦးဆောင်သော မိန်းမကြီးတသိုက်သည် ကြိုးခွေ၊ ကြိမ်လုံး၊ ကတ်ကျေး၊ သင်တုန်းဓား စသည်တို့ကို တယောက်တခုစီ ကိုင်လျက် မဏ္ဍပ်ရှေ့မှ ကြောက်ဖွယ် လန့်ဖွယ် ဟန်ရေးပြရင်းကခုန်နေတတ်၏။ ဝိုင်းတော်တီးတို့ကလည်း က,ကွက်နှင့် အညီ တီးတတ် တီးနိုင်လွန်း၏။ ကြက်သွန်နီလှီးနေသော မိန်းမပျိုတစုသည် မဏ္ဍပ်တွင်းမှ ပြေးထွက်လာကြကာ “ဘယ်သူကြီးများပါလိမ့်” ဟူသော အတွေးဖြင့် ပျော်မြူး ပြုံးရွှင်စွာ စုပြုံကြည့်ကြ၏။
မဏ္ဍပ်ရှေ့သို့ ရောက်လာသည်နှင့် ကံခေသော သူခိုးသားသည် မကြီးလေးဘုံတို့ လက်ထဲသို့ ရောက်၏။
“ဟယ် x ဆင်းရဲလွန်းလို့ ခိုးရရှာသာထင်ပါ့”
အသံနှင့်အတူ ခိုးသား၏ပုဆိုးကို အတင်းဆွဲချွတ်ယူကြ၏။ ခိုးသားအဖို့ ပုဆိုးချွတ်ယူခြင်း ခံရသည် ကိစ္စမရှိ၊ အပျိုတွေရှေ့၌ ဖြစ်သောကြောင့် ရှက်လှ၏။ သို့သော် ‘ရှက်ရှက်ပါသော်ကော’ ဟု ချမ်းသာပေးလေ့မရှိ။ ခိုးသားသည် မိမိခေါင်းမှ တဘက်ကို ဖြုတ်ကာ အရှက်လုံရေးအတွက် ခါးသို့ အမြန် ရစ်ပတ်လိုက်ရ၏။
“ဟယ်…… ငတ်ရှာလွန်းလို့ ခိုးရရှာသာထင်ပါ့”
စကားဆုံးသည်နှင့် ပါးစပ်ဖြင့် ဝါးထားသည့် ထမင်းကို ခိုးသားရှေ့၌ နို့ရည်ဖြင့် ညှစ်ချ ဆမ်းထားသော ကစီဖတ်များအား ခိုးသား ပါးစပ် ဖြဲလျက် အတင်းထည့်ပေးကြ၏။
ရွံရှာသည်ဟု ရုန်းလျှင် ကန်လျှင် နကန်သေးသေးဖြင့် စပ်စပ်ပါအောင် ရိုက်၏။ ထို့နောက် ကကြိုးအမျိုးမျိုး က,ခိုင်း၏။ ထို့သည့်နောက်ကား မကောင်းသည့်အကျင့်ဆိုးတို့ကို ဆေးကြောပစ်မည်ဟု တကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့်လောင်း၏။ ပြီးလျှင် ဆံပင်ကို ကပ်ကျေးဖြင့် ဖြတ်၏။ ထို့နောက် သင်တုန်းဓားဖြင့် ဦးပြည်းရိတ်ပေးပြီးလျှင် မဏ္ဍပ်တိုင်တခု၌ ကြိုးဖြင့် ချည်နှောင်၏။ သို့သော် နောက်ထပ် ခိုးသားတယောက် မရလာသေးမီအထိကား မဏ္ဍပ်တိုင်တွင် အနားယူခွင့် မရနိုင်သေး။
ဘေးမဲ့စည်းဝိုင်းအတွင်း ပစ္စည်းတွေ အစုစု အပုံပုံ ဖြစ်လာသည်နှင့်အမျှ မဏ္ဍပ်တိုင်တို့၌လည်း ခိုးသားများ တယောက်ပြီးတယောက် ရောက်လာတတ်ကြ၏။ အရုဏ်ဦး၌ ရောင်နီမြူးလာသည်နှင့် ဘေးမဲ့ကြိုးဝိုင်းအတွင်းရှိ ပစ္စည်းစုံအစုအပုံကြီးသည် တိုင်မပါဘဲ ပဒေသာပင် စိုက်ထူထားသကဲ့သို့ မြင့်မားစွာ စိုက်ထူပြီး ဖြစ်နေရ၏။ အယူ အမ ခက်လှသော လှည်းများ နွားများပင်လျှင် ကောင်းကင်အမြင့်သို့ ရောက်ရှိနေလေအောင် အစွမ်းပြထားလေ့ရှိကြ၏။
ရောင်နီအမြူးတွင် ပစ္စည်းစုံတို့ ပဒေသာပင် ပေါက်သကဲ့သို့ စိုက်ထူပြီး ဖြစ်နေသလို မဏ္ဍပ်တိုင်တို့၌ ရှိနေကြသော ခိုးသားတို့သည်လည်း အားလုံး ခေါင်းတုံးရိတ်ပြီးဖြစ်နေကြ၏။ နံနက် နေရောင်ပြူသည်နှင့် ပစ္စည်းအခိုးခံရသော အိမ်ရှင်တို့သည် မဏ္ဍပ်ရှိရာသို့ စုပြုံရောက်ရှိလာကြရ၏။ ထို့နောက် မိမိတို့၏ ပစ္စည်းများကို ငွေကြေးတန်ဘိုးထား၍ ဝယ်ယူကြရ၏။
ပစ္စည်းကိုဝယ်ယူရုံမျှဖြင့် မရကြနိုင်သေး၊ မိမိတို့ပစ္စည်းကို မိမိတို့ဘာသာ ဖြုတ်ယူမသွားနိုင်ကြလျှင် ဖြုတ်ယူခ ပေးကြရသေး၏။ အကယ်၍ မိမိကိုယ်တိုင် ဖြုတ်ယူသဖြင့် အခြားပစ္စည်းများ ပြိုကျ ကွဲပျက်ကုန်ပါက တန်ဘိုးထားသမျှ လျော်ကြရတတ်သောကြောင့် မည်သူမျှ မိမိ၏ပစ္စည်းကို မိမိဘာသာ ဖြုတ်ယူခြင်းမပြုကြ။
ခိုးရာပါပစ္စည်းများကို ရောင်းချ၍ရသော ငွေစသည် မဏ္ဍပ်အတွင်း အသင့်ရှိနေသော သင်္ကန်းပရိက္ခရာတို့ကို ဝယ်ယူရန်ဖြစ်၏။ ထိုဝယ်၍ရသော သင်္ကန်းပရိက္ခရာတို့ဖြင့် ဖမ်းမိ ခေါင်းတုံးပြီး ဖြစ်နေသော ခိုးသားတို့အား ရှင်ပြုခြင်း၊ ပဉ္စင်းခံခြင်းတို့ ပြုလုပ်ကြရ၏။ ထို့ကြောင့် တန်ဆောင်မုန်း လပြည့်ကျော်တရက်နေ့ နံနက်၌ တရွာလုံးရှိလူတို့သည် ထိုရွာလယ်မဏ္ဍပ်ကြီးရှိရာသို့ ရောက်ရှိလာကြကုန်၏။ တောင်ကျောင်း မြောက်ကျောင်းတို့မှ ဆရာတော်ကြီးများနှင့်တကွ ရဟန်း ရှင်သာမဏေတို့လည်း ထိုမဏ္ဍပ်ကြီးရှိရာသို့ အရုဏ်ဆွမ်း ဘုန်းပေးရန် ကြွရောက်တော်မူပါမည့်အကြောင်း ပင့်ဖိတ်ပြီးဖြစ်နေကြ၏။
ကျီးမနိုးသေးမီအတွင်း၌ ကိုငလုံးတို့၏ ဝိုင်းတော်ကြီးမှ ဗျောနှက်လိုက်လေသည်။ လေပြေလေညှင်းတိုက်ခတ်နေသည့် သာယာသောနံနက်ခင်း၌ တိမ်တောင်တို့ကလည်း လှပစွာ တောက်ပနေကြ၏။ အနောက်အရပ်၌ ဝင်မည့်ဆဲဆဲပြုနေသော ဖိုးရွှေလမင်းကြီးသည် ပို၍ နုထွားလျက် အဝန်းအဝိုင်း ကြီးမားကျယ်ပြန့်ကာ ချစ်စရာကြီး ဝါနုနေ၏။
မဏ္ဍပ်မှ ခပ်စောစောပြန်ကုန်ကြသော အပျိုတစုတို့သည် ရေချိုး ဖြီးကြ လိမ်းကြပြီးနောက် ဝတ်သစ်ဆင်သစ်တို့ကို ဝတ်ဆင်လျက် လှုဒါန်းဘွယ်အစုံစုံတို့ကို ကိုင်ဆောင်ကာ မဏ္ဍပ်ရှိရာသို့ ပြန်လာကြလေပြီ။
မိမိတို့အား မဲဇလီပန်းသုပ် ဖက်စိမ်းထုပ်ဖြင့် တန်ပြန် ပစ်ခတ်ခြင်းခံရမည်ကို စိုးရွံ့လျက် လွန်ခဲ့သည့်နေ့မှစ၍ တညဉ့်လုံး ပုန်းရှောင် အိပ်နေကြသည့် အပျိုချော အပျိုကျော်တစုတို့သည်လည်း ထိုအပျိုအုပ်စုတို့နှင့်အတူ ရောနှောပါလာခဲ့ကြ၏။ ထိုသူတို့သည် ကိုကာလသားတို့ကို စ,မိလေသောကြောင့် တနေ့နှင့် တညဉ့်လုံးလုံး ပုန်းရှောင်နေကြရသူများ ဖြစ်၏။ သူတို့သည် ပျော်မြူးဘွယ်ကောင်းသည့်ညက အတွေ့အကြုံများကို လုံး၀ မတွေ့မသိကြရသေး၊ ထို့ကြောင့် အချင်းချင်း မေးမြန်းရင်း လိုက်ပါလာကြ၏။ ကိုယ်တွေ့သိရှိသူတို့ပြောသမျှကို တအံ့တသြ နားထောင်ကြရင်း ရယ်မော ရွှင်ပျနေကြ၏။
စိမ်းညို့ညို့မြေပြင်ကို မခွဲနိုင်ရှာသော ဖိုးရွှေလသည် ပြုံးစစအသွင်မှ ဝါဖျော့ဖျော့နှင့် ညှိုးလျော်ဆဲ၊ နီလာရောင် ပြာညို့သည့် ကောင်းကင်ကို စကားရောင် နီဝင်းသည့် တိမ်တောင်တို့က ရမ္မက်ပြင်းစွာ ပွတ်သပ် ပွေ့ဖက်လိုက်၏။ လေပြေနုသည် မိခင်ရင်၌ ခေါင်းဖြင့်တိုးနေသော ??? တော၊ တောင်ကမ်း၊ ချောင်း၊ ရေမြောင်း၊ မြေပြန့်တို့ကို တိုးဝှေ့ပွတ်သပ်ဆဲ။ ကိုငလုံးတို့ဗျောဝိုင်းမှ နှဲကြီးသည် လောကဓါတ်ကြီးက သီဆိုလိုက်သည့် လွမ်းချင်းသံကဲ့သို့ တိတ်ဆိတ်သည့် နံနက်ခင်းတခုလုံးကို လွှမ်းမိုးအောင် ကူချွဲလိုက်၏။ မှုန်ရီသော အမှောင်ညို့ညို့အတွင်းမှ စိမ်းရောင်စို့သည့်ထနောင်းပင်၊ တမာပင်၊ မန်ကျည်းပင်တို့သည် ရွာလမ်းဘေး၏ တဘက်တချက်မှ တဖြည်းဖြည်း သဲသဲကွဲကွဲ ထင်၍ထင်၍ ပေါ်လာဆဲ၊ လှသော မွှေးသော အပျိုတန်းကြီးသည် ကြည်လင် ရွှန်းလဲ့ ပြုံးစနဲ့နဲ့မျက်နှာတို့ဖြင့် တသောသောရယ်မောကြလျက် မဏ္ဍပ်ရှိရာသို့ ရောက်လာ၏။
စကားကောင်းလာသောအပျိုတသိုက်သည် မဏ္ဍပ်ရှေ့ရှိ ဘေးမဲ့ကွက်လပ်၌ အိမ်ခေါင်ကျော်ကျော်မျှ မြင့်မားသည့် ကျီးမနိုးပဒေသာပင်ကြီးကို ကြည့်ရန် မေ့လျော့နေကြ၏။
‘ဘောအော…ဘောအော’
‘အမေ့.. လန့်လိုက်သာတော့…’
အမိပျောက်သောနွားသူငယ်သည် ကျီးမနိုး ပဒေသာပင်ကြီး၏ ထိပ်ဖျား၌ လေးဘက်ကားရပ်၍ အသီးခံနေရ၏။ နွားသူငယ်၏ခြေလေးချောင်းသည် မလှုပ်နိုင်၊ မရုန်းနိုင်အောင် တုပ်နှောင်ထားခြင်း ခံနေရရှာ၏။ အရှေ့ဘက်မှ ယိုထွက်လာသောရောင်ခြည်သည် ကျီးမနိုးပဒေသာပင်ကြီး၏ထိပ်ဖျားကို ရွှေရည်ဖြင့် လူးပေစေ၏။ နွားသူငယ်၏ တကိုယ်လုံးသည် ရွှေရုပ်ရွှေတုံးကဲ့သို့ လှပ သစ်လွင်နေ၏။ ကြည်လဲ့နက်ရှိုင်းသော နွားသူငယ်၏ မျက်မည်းသည် ထိတ်လန့်စိုးရွံ့စွာ လှုပ်ရှားသဖြင့် ချစ်စဘွယ် လှလွန်းရ၏။
‘ချစ်စရာကလေးတော်၊ ကြည့်လိုက်ကြပါအုံး၊ သူရို့မို့ ကြံကြံဖန်ဖန် ကြံကြီးစည်ရာ လုပ်တတ်သယ်’
‘ဟဲ့နေစမ်းပါအုံး၊ သာ… ဘယ်သူ့နွားတုံး၊ ဦးကြီးကောက်ရ နွားပေါက်ကလေး မှုတ်လား၊ ဦးကြီးကောက်ရကိုတော့ ပရိက္ခရာတစုံနဲ့ ရွေးယူရမှာပ တော်ရေ့’
‘ဟဲ့…ဟဲ့နွားလေးက ရုန်းသဟဲ့၊ ကြံကြံဖန်ဖန်တော် နွားလေးအောက်ကလှည်းက လှည်းဘီးကြီးများ လိမ့်ပြီးပြိုကျလာမှဖြင့်’
‘ ဟိတ်…ဟိတ် လှည်းမြီးစွန်းအောက်နဲ့တည့်တည့် ကွပ်ပစ်ဖက် ကြည့်လိုက်စမ်းပါအုံးဟဲ့၊ တင်းတိမ်ကြီးခြုံထားသာ လူမှုတ်လား၊ အစစ်ပတော် လူကြီးဟဲ့ လူကြီး’
စီတန်းလာကြသောအပျိုတစုသည် အတန်းပျက်လျက် လူစုလူဝေးကြီး ဖြစ်သွား၏။ တယောက်နှင့်တယောက် လက်ညှိးဖြင့် ညွှန်ကာညွှန်ကာ ပြောကြ၏။ မမြင်မတွေ့သူများက ‘ဘယ်မှာလဲ ဘယ်မှာလဲ’ဟု မေးကြ၏။ တခဏချင်းပို၍ ရုံးစုရုံးစု ဆူညံဆူညံ ဖြစ်လာကြ၏။
‘ဟုတ်ပတော်၊ ဒို့များဖြင့် အံ့ဘဲ အံ့ပါရဲ့။ ဟောတော့ မိန်းမကြီးတော့၊ ဘယ်သူများပါလိမ့်၊ ဒိုများဖြင့် ခိုးသိသူထက် အခိုးခံရသာကို ပါလာပြီး မသိလိုက်ရသူကို ပိုပြီး အံ့သြပါရဲ့’
‘သူရို့က ဆေးတွေဝါးတွေ အဟန့်တွေနဲ့ အိပ်မွေ့ချပြီး ခိုးလာတော့ နိုးချင်မှ နိုးမှာပေါ့အေ၊ ခိုးသိသူကိုဘဲ အံ့သြလှပါသတော်’
‘အိမ်း ဒို့လဲ ခိုးလာနိုင်သိသူဘဲ အံ့သြသာဘဲ၊ သည်နေ့သည်ရက် သည်လို လုပ်တတ်မှန်းသိရက်နဲ့ ပေါ့ပေါ့ရော့ရော့ အိပ်သာကိုအေ့၊ သည်အခိုးခံရသာ နဲတောင် နဲသေး၊ ခိုးသိသူက ခိုးရုံလာလို့သာပ’
‘ဗိုင်းနာမ သူများ များဖြင့် စောစောစီးစီး ပြောလိုက်သာ၊ ခိုးရုံခိုးလို့ ညည်းက ဘယ်လိုများ လုပ်စေချင်သေးလို့တုန်း၊ အဲသည်လို လူကိုပါခိုးယူနိုင်သူဆိုတာ အင်မတန်သစ္စာရှိပြီး သမာဓိ ခိုင်မှ ခိုးယူနိုင်တဲ့အစွမ်းမျိုးရှိသာတော့၊ ညည်းက ယုတ်မာစေချင်ပေမင့် သူခိုးက မယုတ်မာနိုင်ဘူး’
‘ဟိတ် ဟိတ် ကောင်မတွေရေ ဟောတော့် အမယ်လေး ကြည့်လိုက်ကြပါအုံး၊ မြောက်ဖျားက ခေါင်းကတော်ကြီးရယ်တော့်။ ဟိုမှာ ဟိုမှာ တင်းတိမ်ကြီးကို လှစ်လိုက်ပြီ ဝမ်းသာလိုက်တာတော်ရေ၊ ကောင်းပါလေစ။ အိမ်ခေါင်းမင်းဆီက အနဲဆုံး ပရိက္ခရာငါးစုံလောက် အတောင်းခိုင်းရမယ်၊ မရရင် ငါရို့ အပြိုင်ဝယ်ယူကြရမည့် ပရိက္ခရာဆယ်စုံလောက်နဲ့ ဝယ်ကြရအောင်၊ ဟိတ် ကြားကြလားအေ့’
မိန်းကလေးတွေပီပီ တယောက်တပေါက် တအံ့တဩ ပြောနေကြစဉ် ဆိုင်းချိုးသံကြားရသဖြင့် မဏ္ဍပ်အတွင်းသို့ လှည့်ဝင်လိုက်ကြ၏။ ထိုဆိုင်းချိုးသံသည် သံဃာတော်များ ဆွမ်းဘုန်းပေးပြီး ပြကြသည့် အချက်ပြဆိုင်းသံဖြစ်၏။သံဃာတော်များ ဆွမ်းဘုန်းပေးပြီး၍ လဘက်ရည် အကြမ်းဖြင့် နားနားနေနေ လဘက်ပွဲ ဘုန်းပေးနေကြစဉ် ဖမ်းမိထားသော ရွာပျော်သူခိုးများအတွက် ကျီးမနိုးပစ္စည်းများကို ပရိက္ခရာများဖြင့် လဲလှယ်ရောင်းချမြဲ။
မဏ္ဍပ်တွင်းသို့ ဝင်မိကြသည်နှင့် ညောင်သာယာအပျိုတို့၏ မျက်လုံးများသည် ရွာကျော်သူခိုးများရှိရာသို့ ရောက်သွားကြ၏။ တုတ်နှောင်ထားကြသည့် ကြိုးများကို ဖြေပြီးသဖြင့် သံဃာစင်အနီး မလှမ်းမကမ်း၌ ပရိတ်ချည်များဖြင့် ခြံထားသည့် လေးထောင့်စပ်စပ် ‘ပရိတ်ချူပ်ဝင်း’ အတွင်းတွင် ဖမ်းမိထားသောရွာပျော်သူခိုးများကို ကတုံးအပြောင်သားနှင့် တွေ့ကြရသည်။ အားလုံး မိထားသည့် သူခိုးပေါင်း ဆယ့်ရှစ်ယောက်ခန့်ရှိ၏။ သူခိုးတို့၏ရှေ့၌လည်း မိမိတို့ခိုးရာပါ ပစ္စည်းများကို ထုံးစံအတိုင်း ချထားကြ၏။
ယင်းပစ္စည်းတို့ကား စုံလှသည်။ လက်ဆုံနှင့် လက်ဆုံကျည်ပွေ့မှအစ အိုးခွက်၊ ရေပုံး၊ ရေပုံးကြိုး၊ ထွန်တုံး၊ ထယ်တုံး၊ ထန်းခေါက်ဖာ၊ စောင်၊ စောင်းကောက်၊ ဝါးပတ္တလျားတို့ဖြစ်ကြ၏။
သူခိုးတို့ကား အချို့က မျက်နှာထား ခပ်ပြောင်ပြောင် တင်းတင်းရှိ၏။ အချို့တို့က ရှက်ပြုံးပြုံးလျက် အနိုင်နိုင် မျက်နှာတင်းထားနေကြရသည့်ဟန် ပေါ်၏။ အချို့တို့ မျက်နှာသုန်သုန်မှုန်မှုန်ဖြင့် ဖြေဆည်မရအောင် မျက်နှာထားပျက် ရှက်ကြောက်လျက်ရှိနေကြ၏။ အချို့ကား မရယ်မပြုံး ခပ်တည်တည် မှင်သေ စသဖြင့်….။
ညောင်သာယာအပျိုတို့သည် ရွာပျော်သူခိုးတွေကို ပြုံးစေ့စေ့နှင့် ကြည့်ကြရင်း ပရိတ်ချုပ်ဝင်း၏တဖက်ထောင့်သို့ မျက်စိအရောက်တွင် အံ့ဩပျော်ရွှင်သွားကြ၏။ သူတို့မျက်နှာ၌ တိမ်စင်လကဲ့သို့ ဝင်းပသည်ကား ကျော်ကြားသော ကာလသားပေါက်ကြီး ကောင်းမြတ်ပါတည်း။
ကောင်းမြတ်ကား ခပ်တည်တည်ပင်ဖြစ်၏။ ကောင်းမြတ်၏မျက်နှာသည် မငုံ့မမော်၊ ရှေ့တည့်တည့်ရှိ သံဃာတော်များသို့သာ ကြည့်နေ၏။ သို့သော် ကောင်းမြတ်၏မျက်စိက သံဃာတော်တို့အား မြင်ပုံမရ။
ကောင်းမြတ်၏ရှေ့၌ ခိုးရာပါပစ္စည်းရှိ၏။ ကောင်းမြတ်၏ ခိုးရာပါပစ္စည်းသည် ရွာပျော်သူခိုးတို့၏ ရှေ့၌ချထားကြသော ခိုးရာပါပစ္စည်းများအနက် အသေးငယ်ဆုံး၊ ပေါ့ပါးဆုံး၊ တန်ဘိုးအနည်းဆုံး။
ယင်းပစ္စည်းကား ရင်စည်းနှင့် အထက်ဆင် တဆက်တည်း ချူပ်စပ်ထားသည့် သစ်လွင်သော ပလာထဘီတထည်မျှ ဖြစ်သတည်း။
‘ဟောတော့ ကိုရင်ကောင်းမြတ်ကြီးရယ်တော့’
လှမယ်၏အသံသည် အထိတ်တလန့် ထွက်လာ၏။ ညောင်သာယာအပျိုတို့သည် လှမယ်ကြည့်ရာသို့ ဝိုင်းအုံကြည့်လိုက်ကြ၏။ မိပဲ၏မျက်လုံးသည် မိမိမြင်နေရသည့် ကောင်းမြတ်ကြည့်ရင်း မယုံနိုင်သလို ဖြစ်နေ၏။ ‘ဖြစ်မှုဖြစ်ရလေ ကိုရင်ကောင်းမြတ်ရယ်’ဟု စိတ်ထဲမှ မြည်တမ်းရင်း မျက်ရည်တွေ စို့လာ၏။ ထိုစဉ်၌ပင် ခိုးမှုများကို စီရင်ဆုံးဖြတ်ကြမည့် ရွာကာလသားခေါင်းများနှင့် အပျိုခေါင်းကြီးများ ‘ပရိတ်ချည်ဝင်း’ရှေ့သို့ ရောက်လာကြ၏။ သူတို့သည် ခိုးမှုများကို စစ်ဆေးစီရင်ရမည့် ခုံမင်းကြီးများဖြစ်ကြ၏။
ကိုငလုံးတို့တီးဝိုင်းမှ ပတ်တုတ်သံနှင့် မဏ္ဍပ်ကြီးတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ ခိုးသားများလှောင်ထားသော ပရိတ်ချည်ဝင်းရှိရာသို့ လူတွေ စုပြုံတိုးလာကြ၏။ မိမိတို့အချင်းချင်း တာဝန်အသီးသီး ခန့်အပ်ခြင်းခံကြရသော ခုံတရားသူကြီးများ၊ ခုံတော်ရှေ့နေများ၊ အာဏာပါးကွပ်များ စသည်တို့မှာ မိမိတို့ဆောင်ရွက်ရမည့်အလုပ်နှင့် မမျှအောင် မာန်ပါလွန်းလှ၏။ အာဏာပါးကွက်ခေါင်းဖြစ်သော အပျိုကြီး မမင်းဘုံမှာ လူနို့ဖြင့် ဆမ်းထားသည့် အပျိုတွေ၏ထမင်းဝါးဖတ်ခွက်က တဖက်၊ နွားကန်ကြီးက တဖက်ဖြင့် ကိုယ်ကြီးကို နဲ့၍နဲ့၍ လမ်းသလားလျက်ရှိရာ ပရိသတ်က အထူးပွဲကျနေ၏။ မကြာမီ ခိုးမှုများ စစ်တော့မည့်အကြောင်း ကျေညာလိုက်သဖြင့် မဏ္ဍပ်တခုလုံး တိတ်သွား၏။ သို့သော် လူအားလုံးတို့၏မျက်နှာသည် တရားရုံးတို့၌ မြင်ရသကဲသို့ ထိတ်လန့်စိုးရိမ်နေကြသည့် မျက်နှာမျိုးမဟုတ်၊ အလွန်ရယ်ချင်လှသည်ကို အောင့်အည်းမျိုသိပ်ထားရသကဲ့သို့ ဝိုင်းဝန်းနားထောင်နေကြသော ပရိသတ်သည် လှုပ်ကနဲ ဖြစ်လိုက်က တအားချည်း ရယ်ပြလိုက်တော့မည်ဟု အားခဲ တာစူထားသကဲ့သို့ ရှိနေကြ၏။
‘တောင်ပိုင်းက အရီးနွားသား ချက်ကြီး မမယ်ခအိမ်က ပန်းအိုးနှစ်လုံးခိုးမှု၊ ချက်ကြီး ခုံတော်ရှေ့မှာအစစ်ခံရန် မတ်မတ်ရပ်…’
ခုံတော် အမှုလိုက်ကာလသားခေါင်း ကိုတိမ်တောင်က လျှာလိပ် ပါးလိပ်ဖြင့် အော်လိုက်၏။ ပြုံးနေသော ပရိသတ်၏မျက်လုံးသည် ပရိတ်ချည်ဝင်း ရှိရာသို့ စူးစိုက်နေကြ၏။ ထောင့်တထောင့်မှ ချက်ကြီးသည် ပန်းအိုးနှစ်လုံးကိုပိုက်လျက် ပြုံးဖြဲဖြဲမျက်နှာဖြင့် ဖြည်းညှင်းစွာ ထရပ်၏။
‘ဟိတ် မြန်မြန်ထ၊ ဘာဖြဲစပ်စပ်လုပ်နေရသာလဲ၊ နင့်ကို အပြစ်ပေးမလို့ဟဲ့ အပြစ်’
မကြီးလေးဘုံက ထမင်းဝါးဖတ်ခွက်ကြီးကို မြှောက်ပြလိုက်၊ နကန်ကြီးကို မြှောက်ပြလိုက်ဖြင့် လှမ်းအော်လိုက်ရာ ချက်ကြီးက ကြောက်ရွံ့ဟန် ဒူးနှစ်လုံးကို ပူး၍တုန်ပြလိုက်သောကြောင့် ပရိသတ်က ပတ်တုတ်မရအောင် ပွဲကျသွား၏။ ထိုစဉ်….
‘ငချက်ကြီးကို ခိုးရာပါပစ္စည်းနှင့်တကွ ဖမ်းဆီးရမိသူ မိမယ်ခနှင့် သမီးပန်းမြတို့ ထ၊ ငချက်ကြီး ခိုးကြောင်းနှင့် မည်သို့ဖမ်းမိကြောင်း ယိုးစွပ် စွဲဆိုစေ’
မမယ်ခနှင့်သမီးပန်းမြတို့ မိမိတို့နေရာမှ ထ,လိုက်ကြ၏။ တရားလိုတို့၏ မျက်နှာများကလည်း အတော်အောင့်နေရဟန်ဖြင့် ပြုံးလျက်၊ ပရိသတ်ကလည်း မမယ်ခတို့ကို ရယ်တော့မလိုပြုံးကြလျှက်၊ မမယ်ခက ခုံတော်ဘက်သို့လက်အုပ်ချီလိုက်သည်နှင့် ခုံတော်အမှုလိုက်က မမယ်ခရှိရာသို့ ညောင်ရေချမ်းအိုးတလုံးကို ယူသွားပြီးလျှင် ရေချမ်းအိုးကို ကိုင်စေလျက် ကျမ်းကျိန်စေ၏။
‘ကျနော်မျိုးမသည်’
‘ကျနော်မျိုးမသည်’
‘ယခုဖြစ်ပွားသောအမှုနှင့် ပတ်သက်၍’
‘ယခုဖြစ်ပွားသောအမှုနှင့် ပတ်သက်၍’
‘အမှန်အတိုင်းဆိုပါမည်’
‘အမှန်အတိုင်းဆိုပါမည်’
‘အကယ်၍’
‘အကယ်၍’
‘မမှန်မကန် ဆိုမိပချေ (ပါချေ)သော်’
‘မမှန်မကန်ဆိုမိပချေသော်’
‘နောက်နောင်ဖြစ်လေရာဘဝတို့၌’
‘နောက်နောင်ဖြစ်လေရာဘဝတို့၌’
‘အဆင်းရဲနှင့် ငရဲ ကင်းရပါစေသား’
‘အဆင်းရဲနှင့်ငရဲ ကင်းရပါစေသား’
‘တည်ကြည်ဖြောင့်မတ်’
‘တည်ကြည်ဖြောင့်မတ်’
‘မှန်ကန်သော စကားကို ဆိုမိခဲ့ပါမူ’
‘မှန်ကန်သောစကားကို ဆိုမိခဲ့ပါမူ’
‘ယခုမျက်မှောက် ဘဝ၌ပင်လျှင်’
‘ယခုမျက်မှောက်ဘဝ၌ပင်လျှင်’
‘စည်းစိမ်ချမ်းသာတို့ဖြင့် လတ်တလော ပြည့်စုံရပါစေသား’
‘စည်းစိမ်ချမ်းသာတို့ဖြင့် လတ်တလော ပြည့်စုံရပါစေသား’
ခုံတော်အမှုလိုက်တိုင်ပေးသည့်အတိုင်း မမယ်ခက လိုက်ဆိုပြီးသည်နှင့် အမှုလိုက်သည် သန့်ပြန့်စွာ ထည့်လာစဖြစ်သောညောင်ရေအိုးမှ ရေကို မမယ်ခအား သောက်စေ၏။ မမယ်ခက ညောင်ရေအိုးက တကျိုက်မျှ သောက်၏။ ထို့နောက် မျက်နှာကို ရှုံ့၍ ကြက်သီးထပြလိုက်ရာ ပရိသတ်က ပွဲကျသွားပြန်၏။
ခုံတော်တရားသူကြီးတို့က ပရိသတ်ကို လက်ပြလိုက်သဖြင့် ပရိသတ်က တဖြည်းဖြည်း ငြိမ်သွားပြန်၏။
‘မိမယ်ခ စွဲဆိုစေ’
တရားသူကြီး၏အမိန့်ကို ကြားသည်နှင့် မမယ်ခက တရားသူကြီးဘက်သို့ လက်အုပ်ချီလိုက် အသံကို မြှင့်၍ အော်လိုက်၏။
‘ကျနော်မျိုးမ’
မယ်ခ၏အသံသည် ကျယ်လွန်းလှသောကြောင့် မိမိအသံကို မိမိလန့်လျက် ရပ်သွား၏။ ပရိသတ်က ရယ်ကြ၏။ ပြုံးနေသောခုံတော်တရားသူကြီးက လက်ကာပြလျက် မမယ်ခအား ဆက်လက်စွဲဆိုစေ၏။
‘ကျနော်မျိုးမသည် ည သင်းရို့လာမယ်ဆိုသာ သိသမို့ တမင်စောင့်နေခဲ့ပါသည်ဖယား၊ ထင်သိတိုင်း သင်းရောက်လာပြီး ပန်းအိုးနှစ်လုံးကို သင်းအခုပိုက်ထားသလို ဆွဲအပိုက်လိုက်မှာ ကျနော်မျိုးမက ချောင်းဟန့်လိုက်ပါသဖယား၊ သည်တော့ခါ သင်းက ပန်းအိုး နှစ်လုံးကို ပိုက်လျက် ရေစင်အောက်မှာ ဝင်ခိုနေပါသဖယား၊ သည်တော့် ကျနော်မျိုးမကလည်း မသိယောင်ပြု၍ သူ့အပေါ်တည့်တည့်က အပေါ့သွားချလိုက်ပါသဖယား၊ ခုံတော်တရားသူကြီးနဲ့တကွ အားလုံး ကတော့်ပါတော်’
ပရိသတ်တို့ဆီမှ ရယ်သံများ ထွက်လာကြ၏။ သို့သော် ပြုံးနေသော ခုံတရားသူကြီးများက ပရိသတ်ကို မရယ်ရန် လက်ကာပြလျက် မမယ်ခအား ဆက်လက် လျှောက်ကြားရန် အချက်ပေး၏။
‘အဲသည်တော့ခါ ရေစင်အောက်မှာရှိတဲ့ သင်းဆီက ‘ထွီ ငန်လိုက်သာ၊ တော်တော်ယုတ်တီးယုတ်ကန်းသိ ဂန်းမကြီး’တဲ့၊ အသာနဲ့ ကျနော်မျိုးမကလဲ ‘လာကြပါတော်၊ သခိုးပါတော် ဟောသည်ရေစင်အောက်မှာ ဝပ်နေပါသယ်တော်’လို့လဲ အော်လိုက်ရော’
မမယ်ခ၏စွဲဆိုချက်ကို မည်သူမျှ မကြားကြတော့၊ တရားသူကြီးများကလည်း မကြားရတော့၊ ပရိသတ်တခုလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ရယ်နေကြ၏။ သံဃာစင်ပေါ်ရှိ ဣန္ဒြေသိက္ခာကြီးလှသော တောင်ကျောင်းဆရာတော်ပင်လျှင် ပြုံးတော်မူနေ၏။ မြောက်ကျောင်းပွဲကျောင်းဆရာတော်ကား ကွမ်းဝါးရင်း အလွန်တက်ကြွစွာ ရယ်မော၏။ ပရိသတ်ကြီးလည်း တော်တော်နှင့် ငြိမ်သက်မသွားလေ။
ခုံတော်တရားသူကြီးတို့က လက်တား၍ အတင်းငြိမ်ခိုင်းသော်လည်း မရ၊ ကိုငလုံးတို့လူစုက ဗျောလည်းရိုက် ပတ်လည်းတုတ်၊ လင်းကွင်းကြီးနှင့်လည်း ဂျမ်းဂျမ်းမည်အောင် နာနာအုပ်လိုက်မှ ပရိသတ်က တဖြည်းဖြည်း ငြိမ်သွား၏။ခုံတော်တရားသူကြီးများက ဆက်လက်စွပ်စွဲခိုင်းသဖြင့် ပါးစပ်ကို တဘက်စဖြင့်ပတ်လျက် စပ်ဖြဲဖြဲဖြစ်နေသော မမယ်ခသည် အနိုင်နိုင် အားတင်းလျက် မျက်နှာပိုးသတ်လိုက်၏။
‘ကျနော်မျိုး..ကျနော်မျိုးမက လာကြပါတော် သခိုးပါတော့် ရေစင်အောက်မှာပါတော့လို့ အော်လိုက်ရော အစကတည်းက ကညင်ဆီတိုင်တွေ အသင့်ထွန်းပြီး စောင့်နေသိ ကျနော်မျိုးမ သမီး ပန်းမြကလည်း ထွန်းထားသည့်ကညင်ဆီတိုင်တွေ ယူလာပြီး အိမ်ဘေးပတ်လည်မှာ အပြေးအလွှား လိုက်စိုက်ထူရော သင်းလဲ မပြေးသာမပုန်းသာဘဲ မီးရောင်အောက်မှာ အထင်းသားကြီးဖြစ်နေပြီး ဝိုင်းလာသည့် ကိုငထွန်းရို့ ကိုရာကျော်ရို့ လူစုလက်ထည်းမှာ ခိုးရာပါပစ္စည်းနဲ့အတူ မိလာပါ ဖယား’
ပြုံးစိစိရှိနေကြသော ခုံတော်တရားသူကြီးတို့သည် မမယ်ခ၏ ယိုးစွပ်ချက်ကို ကြားနာပြီးသည့်နောက် တရားခံချက်ကြီး၏ ထုချေချက်ကို ဆက်လက်ကြားနာ၏။ ချက်ကြီးကား မျက်နှာပြောင်သူတည်း။ ထုံးစံအတိုင်း ညောင်ရေချမ်းနှင့် ကျမ်းတိုက်ခံပြီးသည်နှင့် တပြိုင်နက် သူသည် မမယ်ခကို ကျော်လျက် ပန်းမြဘက်သို့ မျက်စချီလိုက်ပြီး ခုံတော်တရားသူကြီးများဘက်သို့ လှည့်လိုက်၏။
‘မှန်လှပါ၊ သည်ပန်းအိုးနှစ်လုံးကို ကျနော်မျိုးကြီး ယူလာခဲ့သာ အမှန်ပါဘဲ ဖယား၊ ကျနော်မျိုး ငချက်ကြီးသည် သို့ယူလာရခြင်းမှာလဲ ခုလာမည့် နွေတပေါင်းမှာ မောင်မယ်နှင့်အတူ ပေါင်းရအောင် ဘုရားကိုလှူပြီး ဆုတောင်းပေးပါလို့ သူ့အမိမသိအောင် သူ့သမီးပန်းမြက တိတ်တဆိတ် ပေးလိုက်သည့်အတွက် ကျနော်မျိုးကြီး ယူလာရခြင်းပါ’
ပန်းမြ၏မျက်စောင်းသည် လောက်လေးဖြင့် ပစ်လိုက်သကဲ့သို့ ချက်ကြီးဆီသို့ ရောက်သွား၏။
‘အလကား သည်ကာလနာကြီး မဟုတ်တာတွေ ပြောနေပါသဖယား၊ ဟုတ်လဲဟုတ်ပဲနဲ့၊ သေခြင်းဆိုးကြီး၊ တွေ့ကရာတွေ ပြောနေသာပါဖယား၊ ချက်ကြီး နင်တော်နော်’
ပန်းမြက ကြားဖြတ်ဝင်ပြောရာမှ ပြောရင်းပြောရင်း ဒေါသဖြစ်လာ၏။ ပန်းမြ၏မျက်နှာမှာ နီရဲလာ၏၊ ပန်းမြ၏အသံမှာ ငိုသံပါလာ၏။ သို့သော် ခုံတရားသူကြီးတို့က ‘သူပြောတိုင်း ဒို့က ယုံမှာလား၊ သာပေမင့် ထုံးစံအတိုင်း ပြောပါစေ၊ သူ့မှာ ပြောခွင့်ရှိတယ်’ ဖျောင်းဖျ၍ ဆက်လက်ပြောစေ၏။ မမယ်ခကလည်း သမီးကို လှည့်ကြိမ်း၏။ ‘ဟဲ့ သည်လို ပြောကြရသာဘဲ၊ နင်က ဘာလို့မခံနိုင်ဖြစ်နေရသာလဲ၊ နင်မခံနိုင်ရင် နင်ရှုံးသာပ’ဟု ဆို၏။ ပရိသတ်ကြီးက ချက်ကြီးကို သဘောကျနေကြ၏။ သားအမိနှစ်ယောက် ဤသို့တတွတ်တွတ်ဖြစ်နေကြသောကြောင့် ချက်ကြီးက ပို၍ အားတက်လာ၏။
‘ဝေဟင်မှာ မိုးရိပ် မမြင်ရပါဘဲနှင့် ရေစင်ပေါ်မှာသာ ဘူဘင်နှင့် လေဆင်ပြီး မိုးရွာချလိုက်စဉ်က သူ့သမီး ပန်းမြပါ ကျနော်မျိုးကြီးနှင့်အတူ မိုးစိုခဲ့ကြရပါသဖယား’
‘ကြည့်စမ်း၊ကြည့်စမ်း ချက်ကြီးနော် နင်မဟုတ်သာတွေ’
ပန်းမြက ငိုသံပါနှင့် တအားအော်၏။ ချက်ကြီးက ရယ်ဖြဲဖြဲပြုံးနေ၏။ ခုံတော်တရားသူကြီးတို့က ပန်းမြကို တားကြ၏။ တရားခံချက်ကြီး၏မျက်နှာ၌ အောင်နိုင်သူတို့အပြုံးနှင့်။
‘ကျနော်မျိုးကြီး အဟုတ်အမှန်တွေကို အစစ်ခံနေခြင်း ဖြစ်ပါသဖယား၊ မယုံလျှင် အဲသည် မိုးနံ့ဟာ အခုအချိန်အထိ မိပန်းမြ ပါးပြင်မှာ စွဲထင်နေပါသေးသဖြင့် သင်းရို့အချင်းချင်း ယိုင်းပင်းကြမည့် အမျိုးသမီးတွေမပါ၊ ကာလသားတွေကို တယောက်စီ အနမ်းခိုင်းကြည့်ပါဖယား၊ အကယ်၍ ကျနော်မျိုးကြီး ခေါင်း၌စိုခဲ့သော မိုးနံ့နှင့် မိပန်းမြပါး၌ စိုခဲ့သော မိုးနံ့တို့ အနံ့ချင်းမတူကြဘူးဆိုပါက ကျနော်မျိုးကြီး လိမ်ညာအစစ်ခံခြင်းသာ ဖြစ်သဖြင့် ခုံတော်တရားသူကြီးများပေးသမျှ အပြစ်ဒဏ်ကို ကျနော်မျိုးကြီး ခံရန် အသင့်ရှိကြောင်းပါဖယား’
တရားသူကြီးများသည် တရားခံ ချက်ကြီး၏ဆန္ဒအတိုင်း ပန်းမြ၏ပါးကို သူ့အမေရွာချလိုက်သည့် မိုးနံ့ နံ မနံ နမ်းကြည့်စေရန် ကာလသား နှစ်ဆယ်ကျော်လောက် ဆွဲထုတ်လိုက်၏။ ပန်းမြငိုတော့မှ ပန်းမြကိုသက်ညှာသည့်သဘောဖြင့် ပန်းမြ၏ပါးကို နမ်းမကြည့်စေတော့ဘဲ တရားခံချက်ကြီးအား အပြစ်ပေး၏။ တရားခံချက်ကြီး ရရှိသောအပြစ်ကား ယခုချက်ခြင်း သင်္ကန်းစည်းလျက် ရက်ပေါင်းနှစ်ဆယ်တိတိ ကျောင်း၌ ရှင်သာမဏေအဖြစ်နှင့် နေရလိမ့်မည် ဖြစ်သတည်း။
တရားသူကြီးတရားစီရင်ချက်အဆုံး၌ ကိုငလုံးတို့အဖွဲ့က ဗျောနှက်လိုက်ကြသောအခါ ငိုနေသော မိပန်းမြပင် ပြုံးလာရ၏။ ဤသို့ဖြင့် အမှုများကို တမှုပြီးတမှု စစ်ဆေးလာခဲ့၏။ ရွာပရိသတ်ကြီးတခုလုံးသည် အမှုစစ်ဆေးခြင်းကို နားထောင်ကြလျက် ပျော်ကြ၏။ ရယ်ကြ၏။ ကြည်နူးကြ၏၊ ဝမ်းမြောက်ကြ၏။ တနှစ်လုံးလုံး ကြုံခဲ့တွေ့ခဲ့ကြရသည့် ဆင်းရဲမှု၊ စိုးရိမ်မှု၊ ပူပန်မှုတို့သည် မေ့ပင်အောက်သို့ရောက်သဖြင့် မေ့ပျောက်သွားကြရသလို အားလုံးမေ့ပျောက်ကုန်ကြ၏။ အိမ်မက်ထဲ၌သာ ရောက်နိုင်ကြသည့် ပျော်မြို့တော်ကြီးတွင် ပျော်ဥယျာဉ်သို့ဝင်၍ ပျော်ပင်တွေအောက်ရောက်ခါ ခုန်ပေါက်ပျော်မြူးနေကြရသကဲ့သို့ ပျော်တပြုံးပြုံး ပျော်မဆုံးဘဲ တရွာလုံး အုံးအုံးကျွက်ကျွက်ပျော်၏။ ပါးစပ်တိုင်း ပြုံး၏။ မျက်လုံးတိုင်း ရယ်၏။ ဘယ်သူမှ မပြုံးမရယ်သူ မရှိ။
အပိုင်း(၃) ဆက်ရန်
ရန်ကုန်ဘဆွေ
No comments:
Post a Comment