Saturday, July 9, 2022

ကျီးမနိုးပွဲ(အပိုင်း - ၃)(ဇာတ်သိမ်းပိုင်း)

 ကျီးမနိုးပွဲ

အပိုင်း(၃)(ဇာတ်သိမ်း)

ခေါင်းတုံးအပြောင်သားနှင့် အပြစ်ဒဏ်ခံကြရမည့်ဆဲဆဲ ဖြစ်ကြသော ရာဇဝတ်ကောင်များပင်လျှင် ပရိတ်ချုပ်ဝင်းအတွင်းမှ သွားအဖြီးသား၊ ပါးစပ်အပြဲသားကြီးတွေနှင့် ရှိနေကြလေ၏။ ကောင်းမြတ်သည်လည်း ထိုသူများ၏ အကြား၌ ထိုသူများနှင့်အတူ ပြုံးနေ၏။ ထိုသူများနှင့်အတူ ခေါင်းတုံးကြီးဖြစ်၏။ ထိုသူများကဲ့သို့ပင် မိန်းကလေးတွေစိတ်ထင်သလို ဝိုင်းဝန်း လူးခြယ်ပေးကြသော သနပ်ခါးများ နနွင်းအထိန်သားနှင့် တကိုယ်လုံး ကျားလျက်ရှိ၏။ သို့ရာတွင် ထိုသူများကဲ့သို့ ပြောနေသမျှစကားများတို့ကိုလည်း ကြားနေသည်မဟုတ်၊ ပြုနေသမျှ လှုပ်လှုပ်ရွရွတို့ကိုလည်း မြင်နေရသည်မဟုတ်။


လူတို့သည် ကောင်းမြတ်၏ရှေ့၌ ရယ်ကြ၏၊ ပျော်ကြ၏၊ ပြောကြ၏၊ အသံတို့သည် ကောင်းမြတ်၏နားတွင်းသို့ ဝင်၏။ လှုပ်လှုပ်ရွရွ မြင်ကွင်းသည် ကောင်းမြတ်၏မျက်လုံးအကြည်သို့ ထင်ဟပ်၏။ သို့ပါလျက် ကောင်းမြတ်သည် ဘာတခုမျှ သတိမထားမိ။


ပြာညို့ညို့ မိုးဥယျာဉ်ပြင်၌ သစ်လွင်သော အရောင်တို့ဖြင့် ကလေးမြေးငယ်တို့ကို လက်တွဲကာ ဟိုတစု သည်တစု အစုလိုက် အပန်းဖြေနေကြသော ကြယ်မိသားစုတို့၏အကြား၌ ကြီးတောင့်ကြီးမား အထင်းသားမြင်လွယ်သော ဖိုးလသည် တကိုယ်တည်း ငေါင်းစင်းစင်း ယောင်လည်လည် ဖြစ်သန်းသွား၏။


ကြယ်မိသားစုတို့သည် အချိန်မှန် ဖြတ်သန်းလာလေ့ရှိသော ဖိုးလကို ပြက်သိပြက်သိဖြင့် စောင်းငဲ့ ကြည့်ကြ၏။ စိတ်ရှည်၍ လှပသော နုထွားကြီး ဖိုးလသည် ကြယ်ကလေးတွေကို အစဉ်ပြုံးပြရင်း ယခုအကြိမ်ဖြင့် တွေ့ရတော့လိမ့်နိုးဟု မိုးဥယျာဉ်ကို ဖြတ်သန်းကာ ချစ်သူကို ရှာမြဲရှာ၏။


ရက်ပေါင်းလပေါင်း နှစ်ပေါင်းများစွာ တချိန်ချိန်တွင် တွေ့လိမ့်နိုးနိုးဖြင့် မမောနိုင် မပန်းနိုင်ဘဲ ချစ်သူအဖေါ် ရှာနေခဲ့သော ဖိုးလသည် မိုးဥယျာဉ်၏အလယ်သို့ပင် ကျော်လာခဲ့၏။ ကံခေသောဖိုးလသည် ယခုအထိ ချစ်သူနှင့် မတွေ့ရသေး၊ ကံကောင်း၍စန်းထနေသော ကောင်းမြတ်ကား ဖိုးလကဲ့သို့ ချစ်သူကိုမရှာရပါဘဲ ဗြုံးကနဲ ချစ်သူနှင့်တွေ့၏။

          

‘မောင်ရင်ပြန်ကြက်’တွန်စကလေးမျှ ရှိသေး၏။ ကောင်းမြတ်နှင့်စံတုတ်တို့သည် အိပ်ပျော်နေသည့် အိမ်ခေါင်းကတော်ကြီးအား ကွပ်ပျစ်ပါမ၍ ယူလာကြပြီး ယခုကလေးတွင် ဘေးမဲ့စည်းဝိုင်းအတွင်းသို့ ထားပေးခဲ့ကြပြီး လူချင်းခွဲလာကာစရှိသေး၏။

          

အမှန်တော့ ကောင်းမြတ်သည် မိပဲနှင့်တွေ့ရန် ချိန်းထားရာသို့သွားမည်ဟု စံတုတ်ကြီးအား ခွဲထားခဲ့ခြင်းဖြစ်၏။ သို့သော် စံတုတ်သည်လည်း မြခက်ဆီသို့ သွားချင်သွားလိမ့်မည်ဟု သတိရလာကာ စံတုတ်ကို စလိုနောက်လိုသောစိတ် ပေါ်လာ၏။ ထို့ကြောင့် စံတုတ်ရောက်လာပါက အခြားတနေရာရာသို့ ခေါ်သွားရန်အတွက် မြခက်တို့အိမ်ရှေ့မှ စောင့်နေမည်ဟု မြခက်တို့အိမ်ရှေ့သို့ လှည့်လာခဲ့၏။


အိမ်ရှေ့သို့ရောက်သည်နှင့် ခြံဝင်းတံခါးသည် ရုတ်တရက်ပွင့်လာကာ မြခက် ထွက်လာတော့၏။ မြခက်မျက်နှာ၌  သနပ်ခါးတွေအဖွေးသားနှင့်၊ မြခက်၏ခေါင်း၌ ပန်းတွေ အဝေသားနှင့်၊ မြခက်၏ကိုယ်၌ အဝတ်တွေအသစ်သားနှင့်….. မြခက်၏မျက်နှာသည် ဖိုးလကြီးဝင်းပသလို ဝင်းပနေ၏။ သို့သော် ဖိုးလ၏ဝင်းပခြင်းသည် ချမ်းမြေ့ကြည်နှူးမှုကို ပေး၏။ မြခက်၏ဝင်းပခြင်းကား မအေးချမ်း၊ ယောကျ်ားတို့၏ စိတ်ကို လှုပ်ရှားစေစွမ်း၏။ ထို့ကြောင့်ကောင်းမြတ်သည် မြခက်ကို တွေ့ရသည်နှင့် ရွှင်မြူးလှုပ်ရှားလာ၏။ ပျော်ချင် နောက်ချင်သောစိတ်တွေ ဝင်လျက် အာရွှင်လာ၏။

          

`အမယ်…….နင်က ဘလူမှတ်လို့ ထွက်လာသလဲ။ ငါဟ၊ စံတုတ် မှုတ်ဖူး`

          

‘ဟုတ်ပါသယ်၊ အဝေးကြီးထဲက တော်မှန်းသိပါသယ်တော့်…..။ မဏ္ဍပ်သွားမလို့ တယောက်ထဲမို့ လိုက်ပို့ပေးစမ်းပါတော်။ အို....ဒီထမီကလဲ ခဏခဏ တုံ့တုံ့နေတော့တာပါဘဲ။ ရော့ပါတော် ခဏကိုင်ထားပေးစမ်းပါ`

          

နှုတ်လျှာသွက်လှသောမြခက်သည် ပြောပြောဆိုဆို လက်ထဲမှ ရက်ဖျင်လိပ်တခုကို လှမ်းပေးရင်း ထမီကိုပြင်ဝတ်တော့မည်ကဲ့သို့ ပြု၏။ ကောင်းမြတ်က ပေးသည့်ဖျင်လိပ်ကို လှမ်းယူထားရင်း မြခက်၏မျက်နှာကို ပြုံးစနဲ့နဲ့ ကြည့်၏။

          

`ငါက ချိန်းထားသူရှိရာကို သွားမလို့ဟ။ စံတုတ်ကြီး အခုဘဲရောက်လာလိမ့်မယ်။ စံတုတ်လာမှ လိုက်အပို့ခိုင်းပေါ့ဟာ။ အေးလေ သာပေမင့် နင်က ဟိုကိုမသွားနဲ့အုံး၊ တော်ဘဲ ကျမကိုလိုက်ပို့ပါလို့ တောင်းတောင်းပန်ပန်ပြောရင်တော့ အားနာပါးနာ ငါက လိုက်ပို့ပေးရမှာပေါ့၊ ဟုတ်လား၊ သည်လို ပြောမှာလား`

          

လရောင်သည် ယောကျ်ားပျိုနှင့် မိန်းမပျိုတို့၏ တက်ကြွသောမျက်နှာကို ထင်ထင်ရှားရှား ပေါ်လွင်စေရန် ငွေရည်ဖြင့် လူးခြယ်ပေး၏။ ကောင်းမြတ်၏မျက်နှာသည် ခပ်ပြုံးပြုံးဖြစ်နေ၏။ မမြခက်၏မျက်နှာကလည်းခပ်ပြုံးပြုံးဖြစ်နေ၏။ နှစ်ယောက်သား တယောက်မျက်နှာ တစ်ယောက်ကြည့််ရင်း ပြုံးလိုက်ကြ၏။ ပြုံးရာမှ မြခက်က ရယ်၏။ ကောင်းမြတ်ကလည်း ရော၍ ရယ်၏။

          

`လာကြပါတော်၊ သူခိုးပါတော်၊ သူခိုးပါ၊ ဟောသည်မှာ မိထားပါသတော့်`

          

ဗြုံးကနဲ့ မြခက် ရယ်နေရာမှ သံကုန်အော်၏။ ထို့နောက် ကောင်းမြတ်၏ပုဆိုးစကို အမိအရှိ ဆွဲထား၏။ ဤလိုညဉ့်မျိုး၌ သူခိုးစောင့်သူချောင်းသူတို့ အသင့်ရှိနေတတ်ကြမြဲဖြစ်ရာ မြခက်၏အော်သံ မပျောက်မီပင် ကညင်ဆီတိုင်များ မီးခိုးတတန်းတန်းနှင့် ဟိုမှသည်မှ ဝင်းဝင်းထိန်ထိန် ပေါ်လာပြီး လူတွေဝိုင်းမိထားကြ၏။

          

`ဆွဲထားဟဲ့၊ ဆွဲထား။ မလွှတ်နဲ့၊ ပုဆိုးချွတ်ပြေးမယ်နော်၊ ပုဆိုးချွတ်ပြေးရင် လပြွတ် ဖမ်းဆွဲလိုက်၊ တပြုံလုံးမိအောင်ဆွဲဟဲ့၊ ငါလာပြီ…..ငါလာပြီ။ သည်သခိုးတော့ သိရစေ့မပေါ့ဟယ်။ မိလေးဘုံဆီမရောက်ခင် ငါနဲ့အရင်တွေ့ကြရသပ…၊ ဟယ် သခိုးက လက်စသပ်တော့ တကယ့် ရွာကျော်သူခိုးကြီးပါလား... ဟိ၊ သင်း ဘာဝင်ခိုးသတုံး၊ ညည်းကိုလား`

          

အရီးမမင်းသက်ဖြစ်၏။ အသံပြဲကြီးနှင့်အတူ လူကိုယ်တိုင်လာရောက်၏။ ထို့နောက် မြခက်ဆွဲထားသည့် ပုဆိုးစကို ကူဆွဲ၏။ ဆွဲရုံနှင့်မတန် ချွတ်ယူရန်ကြိုးစားတော့၏။ ကျန်လက်တဖက်ကလည်း ကောင်းမြတ်၏လက်ထဲမှ ဖျင်လိပ်ကို ဇတ်ကနဲ ဆွဲယူလိုက်သေး၏။ ဤမိန်းမကြီးက အသံသာပြဲသည်မဟုတ်၊ လူကြမ်းစိတ်ကြမ်း အာကြမ်းကြီးဖြစ်၏။ ရပ်ကျော် ရွာကျော် မိန်းမပျော်ကြီးမျိုးဖြစ်၏။ အကျီစားသန်၏။ ယောကျ်ားကြီးများနှင့် အပျော် သတ်ပုတ်ကြရာ၌ပင် ထမီကျွတ်လျှင် ကျွတ်နေသည့်ထမီကို ချွတ်ပစ်လိုက်၍ မိမိအနိုင်ရအောင် သတ်ပုတ်တတ်သော မိန်းမကြီးမျိုးတည်း။ ဤမိန်းမကြီးမျိုး၏ လက်ထည်းသို့ ရောက်လျှင် မသက်သာလှတော့။

          

`မှန်းစမ်းနင့်ခိုးရာပါပစ္စည်း`

          

လက်တဖက်က ကောင်းမြတ်၏ပုဆိုးကို ဆွဲချွတ်ရင်း ကျန်လက်တဖက်က မိမိလုယူလိုက်သော ဖျဉ်လိပ်ကို ဖြန့်ကြည့်၏။ မမင်းသက်၏လက်ထဲမှ ဖျဉ်လိပ်သည် ထမီဟောင်းတထည်သာလျှင်ဖြစ်၏။ မမင်းသက်သည် အားရပါးရရယ်လိုက်၏။ မမင်းသက်၏ရယ်သံသည် ညောင်သာယာရွာကလေးတခုလုံးကို ပဲ့တင်ထပ်အောင် ဘောင်ဘင်ခတ်သွားရာ မဏ္ဍပ်ဆီမှကြားနေရသည့် ဆိုင်းသံကိုပင် ဖုံးလွှမ်းသွား၏။

          

`ကြည့်လှဲ့ကြ ကရို့ရေ…..ငတို့မြောက်ပိုင်းက ရွာကျော်ကာလသားကြီး ကိုကောင်းမြတ်ရယ်တော့် ဟောသည့်မှာ ခိုးထုတ်ခိုးထယ်နဲ့ မိထားပကော၊ ဘဇာကို ခိုးသယ်ထင်သတုံး…။ ဟောသည်မှာ မိမြခက်၏ထမီကိုတော့။ ကျားညီနောင် ကြောင်နှစ်ကွင်းက ဆေးအင်းတွေ ထလာသာနဲ့ သူ့ခမျာ ထဘီသခိုးဖြစ်ရရှာတယ်တော့် ထဘီသခိုး`

          

ကောင်းမြတ်၏မျက်စိထည်း၌ လရောင်အောက်တွင်ဝှေ့ကာ ရမ်းကာပြနေသော မြခက်၏ အထက်ဆင့်အနီနှင့် ပလာထမီ အစိမ်းပုတ်ကြီးကိုသာ မြင်နေ၏။ ကောင်းမြတ်၏နားထဲ၌ မမင်းသက်၏ `ထမီသခိုး……ထမီသခိုး`ဟူသောအသံက ပဲ့တင်ထပ်နေ၏။

          

လူတွေက တဝေါဝေါရယ်လျက် ကောင်းမြတ်ကို ဝိုင်းအုံကြည့်နေ၏။ ကောင်းမြတ်အား ယိုးစွပ်ပြီးသော မြခက်သည် မချိုမချဥ်မျက်နှာနှင့် မဏ္ဍပ်တနေရာတွင် ရပ်နေ၏။ အနီးရှိအဖော်တယောက်က မိမိလက် ကိုင်လှုပ်လျက် တစုံတခု ပြောနေ၏။`ရာဇဝတ်ကောင် ငကောင်းမြတ်ကို ကျမ်းတိုက်`ဟူသော ခုံတော်တရားသူကြီးအသံ သဲ့သဲ့ဝင်လာ၏။ ကောင်းမြတ်သည် အိမ်မက်နေသူတယောက်ကဲ့သို့ နေရာမှ ထရပ်လိုက်၏။ ထို့နောက် အားတင်း၍ ပြုံးလိုက်ပြီးကျမ်းတိုက်ပေးသည်ကို အစဉ်အလာအတိုင်း လိုက်ဆို၍ တိုက်လာသော ညောင်ရေချမ်းကိုလည်း လှမ်းသောက်ယူ၏။

          

ရယ်မောပျော်ရွှင်ဘွယ်ရာတွေကိုချည်း ကြားနေရသဖြင့် အလျှဥ်ရလျက် ရယ်ချင်ချင်ဖြစ်နေသော တရားသူကြီးက ပြုံးစိစိချည်းဖြစ်နေသည့် မိမိမျက်နှာကို မာန်ပါပါ မျက်နှာပိုးသတ်လိုက်ရင်း ကောင်းမြတ်ကို လှမ်းကြည့်၏။

          

`ရိုးစွပ်သူမိမြခက်က မိမိ၏ထမီကို အိမ်နောက်ဖေး၌ လှမ်းထားရာ ရာဇဝတ်သားဖြစ်နေသည့် ငကောင်းမြတ် လာခိုးသဖြင့် မိမိသိရှိအော်ဟစ်သောကြောင့် ခိုးထုတ်ခိုးထည်နှင့်တကွ ဖမ်းမိပါသည်ဟု စွပ်စွဲသည်။ ငကောင်းမြတ်ချေဆိုရန်ရှိက ချေဆိုစေ`

          

မဏ္ဍပ်တခုလုံး တိတ်ဆိတ်သွား၏။ မြခက်နှင့်တကွ ပရိသတ်ကြီး၏မျက်လုံးတို့သည် ကောင်းမြတ်ကို ဝိုင်းကြည့်နေကြ၏။ ကောင်းမြတ်က ချေဆိုလျှင်လည်း မိမိကနိုင်အောင် စွပ်စွဲမည်ဟု မြခက်က အားတင်းလိုက်သလို ပရိသတ်ကြီးကလည်း ကောင်းမြတ်ချေပမည့် စကားလုံးကို ရယ်ရန် ကြိုတင်ပြုံးလာကြ၏။

          

ဗျောသံတို့အကြားမှ နှဲကြီးက တတိတတိနှင့် ချွဲနွဲ့စပြုလာ၏။ ကိုငလုံး၏အသံဝါကြီးသည် မဏ္ဍပ်တခုလုံးသို့ မင်းမူလာလေသည်။


                   ယောင်ကြီးဗွေ ပျိုနဲ့ညား။

                   လားလားမှ မကြာခင်

                   မွေးမယ်ရှင် ငါ့အိမ်တွင်းက

                   ဆင်းကွယ်တဲ့ နှင်လေ့။

                   ဘယ်အတွက်ကြောင့် မွေးမယ်ရှင်

                   ဆင်းကွယ်တဲ့နှင်

                   ပြစ်ရှိရင်ရွှေရောင်ထုံးကို

                   ဆုံးမပါလေး။

                   နင့်လူမှာ ကာလသားဟာမို့

                   သောက်စားမှု တတန်ပို

                   ဓါးမြောင်ကို ခါးမှာညှပ်

                   ခိုးတတ်တယ်ဆိုလေ့။

                   ဆင်းကြပါဆို

                   ငါတို့မှာ လူအိုမို့

                   အမှုကို ရိုသေရတယ်

                   ဆင်းကြပါလေး။

                   မွေးမယ်ရှင် ကျွန်ုပ်ပြောမယ်

                   သဘောကျနားထောင်။

                   လက်ညှိုးမှာ ကြောင်ညီနောင်ကြောင့်

                   သန်းခေါင်ကျော် လေပြည်ထ

                   ခိုးရသလေး။

                   ငါဆိုရင် စိတ်မဆိုးနဲ့

                   ခိုးတတ်တဲ့   ကြောင်ညီနောင်

                   မကြွအောင် အမေပြောမယ်

                   ဘောနှင့်နားထောင်လေ့။

                   မကြွအောင်

                   လက်ညှိုးကိုရှေ့ဆောင်လို့

                   ကြောင်နှစ်ကောင် သည်မျက်လုံးကို

                   စုံးဖေါက်စို့လေး။

                   တိုက်တွင်းလှောင်ခတ်ခြေချင်း

                   ကိုးကွင်းကျွတ်ဆိုတဲ့ကြောင်

                   ရွှေတစ်ထောင် ပျို့မောင်ပေးလို့

                   ထိုးရသလေ။

                   မှိုက်ညီနောင် ကြောင်တန်ခိုး

                   နှိုးလိုက်ရင် ရှိမ်းဆာယာ။

                   ရွှေဖြစ်ရင် ကျော်တစောပေါ့

                   အောချထိုက်စွာလေ့။

                   မွေးမတာ

                   သေးသေးရယ်မထင်ပါနှင့်

                   ဆယ့်ငါးတာတပ်တိုင်ဖျားကို

                   လွှားထွက်တဲ့ဆေး။

          

စကားဝှက်ကြ ပန်းဝှက်ကြရာ၌ အာစလျှာစ ရွှင်လှသော ကောင်းမြတ်သည် ပရိသတ်ကြီးက မြှော်လင့်ထားသကဲ့သို့ မြခက်က ယိုးစွတ်ခဲ့ခြင်းကို ဟုတ်ပါသည်ဟုလည်း မဆို၊ ငြင်းကွယ်လိုမှုလဲမပြ၊ ချေပခြင်းကိုမျှမပြု။

          

`ကျွန်တော့်အတွက် ခုံတော်တရားသူကြီးတို့ ဆုံးဖြတ်သည့်အတိုင်း ခံရန် အသင့်ရှိပါသည်။ ဟုတ်၏မဟုတ်၏ မပြောလိုပါခင်ဗျား။

          

နားထောင်နေကြသည့်ပရိသတ်က မကျေနပ်ကြ။ `ကိုရင်ကောင်းမြတ် ထုချေပါအုံး။ တခွန်းလောက်လေးဖြစ်ဖြစ် ပြန်ပြောပါအုံး`ဟု အော်ကြ၏။ ကောင်းမြတ်က မကြားသလို ခပ်ပြုံးပြုံး နေမြဲနေ၏။ အနီး၌ ရှိနေကြသော ရာဇဝတ်ကောင်အဖော်များကလည်း`တခွန်းလောက်ဖြစ်ဖြစ် ပြန်ပြောလိုက်စမ်းကွာ' ဟု တိုက်တွန်းကြ၏။ မနီးမဝေး၌ အတူတူ ရာဇဝတ်ကောင်ဖြစ်နေရသော ငနပ်ရှိ၏။ ငနပ်သည် ကောင်းမြတ်ရှိရာသို့ သုံးလှမ်းမျှဖြင့် ဖင်ထိုင်လျက် ရွေ့လာ၏။

          

`ဟေ့ကောင် ပြောကွာ…..ကျွန်တော်မျိုးနဲ့ ချိန်းတွေ့ကြသည့်နေရာမှာ မြေကြီးပေါ်ကို ခင်းဘို့အတွက် မြခက်ကိုယ်တိုင် ယူလာသည့်ထဘီပါ…….လူမိသာနှင့် ကျွန်တော်မျိုးလက်ထဲ ထည့်ပြီး ခိုးသည်ဟု သင်းက စွပ်စွဲသာပါလို့ ပြောကွာ`

          

ငနပ်သည် မိမိပြောသည်ကို ငုံ့၍မျှကြည့်ဖော်မရသော ကောင်းမြတ်၏ခြေထောက်အား လှုပ်ကာ--လှုပ်ကာ သင်ပေးရင်း အားမလို အားမရ ဖြစ်နေ၏။ ကောင်းမြတ်က မည်သို့မျှ အလေးမမူ။

          

ခုံတော်တရားသူကြီးတို့သည် ကောင်းမြတ်အား ငါးရက်သင်္ကန်းဆီးရမည်ဟု အပြစ်ပေးလိုက်၏။ ဤသို့ဖြင့် ခုံတော်တရားသူကြီးများ တရားစီရင်ပြီးကြသောအခါ `ဘေးမဲ့စည်းဝင်း` မြေအတွင်းရှိ ကျီးမနိုးပဒေသာပင်မှ ပစ္စည်းမျိုးစုံတို့ကို ပစ္စည်းရှင်တို့အား သင်္ကန်းပရိက္ခရာစုံတို့ဖြင့် လဲလှယ်ရောင်းချကြ၏။


လဲလှယ်ရာ၌ ပစ္စည်းကိုခိုးယူလာသူတို့ကိုယ်တိုင်က တန်ဘိုး ဆိုရ၏။ ပစ္စည်းဝယ်ယူမည့် ပစ္စည်းရှင်နှင့် လဲလှယ်ရောင်းဝယ်ရန် ဈေးနှုန်းမသင့်တင့်သောအခါ ရွာလူကြီးတို့က သင့်တင့်အောင် ကြားဖြန်စေ့စပ်ပေးကြ၏။ ယခုနှစ် ပစ္စည်းတို့ကား အဖိုးတန်တွေချည်းများ၏။ အိမ်ခေါင်းကတော်ကြီးတဦးတည်းကိုပင် အိမ်ခေါင်းမင်းက သင်္ကန်းပရိက္ခရာရှစ်စုံဖြင့် လဲလှယ်ယူရ၏။

          

ဤပွဲသည်  သူခိုးအောင်သော ကာလသားတို့အဖို့ အလွန်မျက်နှာပွင့်သည့်ပွဲဖြစ်၏။ ခဲရာခဲစစ်ခိုးလာနိုင်သူကို အပျိုတွေက အထင်ကြီးစွာ တအံ့တသြ ဝိုင်းဝန်းကြည့်ကြရ၏။

          

`ကွပ်ပျစ်နှင့်တကွ အိမ်ခေါင်းကတော်ကြီးကို ရောင်းချမည့်ပိုင်ရှင် ဈေးဆိုပါဟု’ တာဝန်ကျ ရွာကာလသားကြီးက ခေါ်လိုက်သောအခါ အပျိုတွေ၏မျက်လုံးများမှာ ပြူးနေကြ၏။ ဘယ်သူတွေများ ထွက်လာကြပါမလဲဟု ရင်တလှပ်လှပ်နှင့် စောင့်ကြည့်နေကြ၏။ စံတုတ်ကြီးတယောက်တည်း ရှေ့သို့ တိုးထွက်လာ၏။

          

`ကိုစံတုတ်ကြီးတော့်`

          

အပျိုတွေရှိရာမှထွက်လာသည့်အသံ ဖြစ်၏။ လူကြီးများက စံတုတ်ကြီးကိုကြည့်ရင်း ဟိုဟိုသည်သည် လှည့်ကြည့်ပြန်၏။

          

`မင်းတယောက်တည်းလား။ အခြားပိုင်ရှင်ရှိသေးလား`

          

`ကျနော့်အဖေါ်က ကောင်းမြတ်၊ ကောင်းမြတ်က သူမလာတော့ဘူး။ မင်းကြိုက်သလောက် ဈေးဆို၊ ငါသဘောတူသယ်….တဲ့`

          

ဤသို့ဖြင့် အိမ်ခေါင်းကတော်ကြီးအား စံတုတ်က သင်္ကန်းပရိက္ခရာ ဆယ်စုံဖြင့် ရောင်းချနေရာ အိမ်ခေါင်းမင်းသည် ငါးစုံဖြင့် ဆစ်နေသေး၏။ အပြိုင်ဝယ်မည့်သူ ပေါ်လာသောကြောင့်သာ အိမ်ခေါင်းမင်း သင်္ကန်းပရိက္ခရာရှစ်စုံထိပေး၍ ဝယ်ယူခြင်းဖြစ်၏။

          

ဤပွဲတွင်အပျိုလေးတွေအဘို့ ပြောစရာတခု ရသွား၏။ အိမ်ခေါင်းကတော်ကြီးကိုပင် ကွပ်ပစ်နှင့်အတူ ပါလာအောင် ခိုးယူလာနိုင်သော ကောင်းမြတ်သည် မြခက်ထမီကို ခိုးကာမှ လူအမိခံလိုက်ရသည်ဟူသော စကားဖြစ်၏။

          

ဘေးမဲ့စည်းဝင်းအတွင်းမှ ကျီးမနိုးပစ္စည်းများကို ရောင်းပြီးသောအခါ အပြစ်ဒဏ်ပေးခံရသဖြင့် သင်္ကန်းဆီးကြရမည့် ရာဇဝတ်သားများဦးရေထက် သင်္ကန်းပရိက္ခရာတို့က အဆမတန်ပိုနေသေး၏။ ထို့ကြောင့် ယခင်ကတည်းက ရည်ရွယ်ထားကြသည့်အတိုင်း ရွာတွင်းရှိ ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ်သားမှအစ အရွယ်ရောက်သူအားလုံးတို့ကိုပါ တပါတည်း သင်္ကန်းဆီးစေကြ၏။ ထို့ကြောင့် ကြတ္တိကာ နက္ခတ်ပွဲသဘင်ဟု ခေါ်သော ဤနှစ်တန်ဆောင်မုန်းလ ကျီးမနိုးပွဲကား နှစ်တိုင်းနှင့်မတူ တမူထူးခြားသည့် ကျီးမနိုးပွဲဖြစ်လာသတည်း။

    

* * * 

     

အပျော်ကြီးပျော်လိုက်ကြရသော တန်ဆောင်းမုန်းလ ကျီးမနိုးနက္ခတ်သဘင်ကြီး ပြီးဆုံးခဲ့သည့်နောက် ညောင်သာယာရွာကလေးအတွင်းရှိ တောင်ကျောင်း မြောက်ကျောင်း နှစ်ကျောင်းလုံးတို့၌ ရှင်သာမဏေတို့ဖြင့် ဝင်းဝင်းဝါနေကြ၏။ ညောင်သာယာရွာသူအပျိုတို့ကလည်း ထိုပြုသစ်စ ရှင်သာမဏေတို့အား သာသနာ့ဘောင်၌ ပျော်ပိုက်သမျှ ကာလပတ်လုံး အာရုံဆွမ်းခံ ကြွကြပါမည့်အကြောင်း လျှောက်ကြား ပင့်ဘိတ်ထားကြ၏။

         

သို့နှင့် ညောင်သာယာ၏ညတို့၌ မြွေသံဆိတ် တေးသံတိတ်ခဲ့သော်လည်း လင်းကြက်မတွန်မီ အာရုံဦးအရောက် တောင်ကျောင်း မြောက်ကျောင်းတို့မှ တုံးခေါက်ပြီးလေတိုင်း ကြည်နှုးဘွယ်သော ဝတ်တက်သံသည် တရွာလုံးသို့ လျှံလာမြဲဖြစ်၏။ ကြေးစည်နှက်အပြီး ​ကြေကွဲဘွယ်သော ခွေးအူသံတို့အဆုံး၌ ဥသြငှက်ကလေး၏အော်မြည်သံသည် တိတ်ဆိတ်သောနံနက်ခင်းအား သာယာနာပျော်ဘွယ် မင်းမူလာ၏။

          

ထိုအချိန်တို့၌ အာရုံဆွမ်းခံကြွလာကြသည့် များပြားလှသော သံဃာတော်တန်းကြီးသည် ဥသြငှက်ကလေး၏ လွမ်းစချင့်ဘွယ်ကြိုဆိုသံနှင့်အတူ ရွာတွင်းသို့ ရောက်လာလေ့ရှိသည်။

          

သစ်လွင်သန့်ပြန့်သော အဝတ်တန်ဆာတို့ကိုဝတ်ဆင်လျက် ပုဝါဖျင်ကလေးများကို ပခုံးထက်သို့ တင်ကာ အရုဏ်ဆွမ်းလောင်းရန် ရိုသေစွာစောင့်လင့်နေကြသော ညောင်သာယာ ရွာသူ အပျိုဖြူတို့သည် ဆွမ်းလောင်းရာတွင်အချင်းချင်း တွေ့ကြသည်နှင့် မရိုးနိုင်သေးသည့် ပြီးခဲ့သောတန်ဆောင်တိုင်ပွဲတော်အကြောင်းကို စားမြုံ့ပြန်တုန်း ပြောကောင်းတုန်းရှိသေး၏။

          

ကာလသားတို့က ဆေးအင်းတို့ သိဒ္ဓိတင်ရန် နှိုးဆွရန် နက္ခတ်ပူဇော်လှည့်လည်ရန် လုံးပန်းနေကြသကဲ့သို့ မိမိတို့ကလည်း နတ်ကျွေးရန်၊ မီးပူဇော်ရန်၊ နက္ခတ်ပူဇော်ရန် မုံ့လုပ်ကြရပုံ၊ မီးထွန်းကြရပုံ ပန်းဖူးသုပ်တို့ဖြင့် ကြဲပေါက်ကြရပုံ၊ ခိုးသားချောင်းကြရပုံ၊ အဝတ်သစ်တို့ကိုဝတ်လျက် တအိမ်နှင့်တအိမ် ကူးလူးကာ စားဘွယ်သောက်ဘွယ် ပေးကြရပုံတို့ကို ပြောမဆုံးအောင် ရှိနေကြ၏။

          

သို့သော် ယခုနှစ်အဖို့ ယခင်နှစ်တွေကကဲ့သို့ မသိုးသင်္ကန်းမရက်နိုင်ကြရခြင်းကို စိတ်မကောင်းနိုင် မကျေနပ်နိုင်ဘဲ ဖြစ်နေကြရရှာသေး၏။ ယခင်နှစ်တွေကဆိုလျှင် သူတို့သည် မီးတုတ်မီးစည်းကြီးများ တထိန်ထိန်ဖြင့် ညတွင်းချင်း ဝါကောက်ကြ၏။ ဝါကြိတ်ကြ၏။ ဝါဖတ်ကြ၏။ ဗိုင်းတောင့် လုပ်ကြ၏။ ချည်ငင်ကြ၏။ ချည်လေ့ကြ၏။ ချည်ဆိုးကြ၏။ ချည်မီးဆင်ကြ၏။ ချည်ချ၏။ ချည်စာသက်ကြ၏။ ရက်ကန်းရှည်ကြ၏။ ရက်ဖောက်ကြ၏။ ထို့နောက် ရက်ကြ၏။ ရက်စများကို ဖြတ်ကြ၏၊ ဖြတ်စများကို ချုပ်ကြ၏။ တောင်ပိုင်းအပျိုတို့နှင့် မြောက်ပိုင်းအပျိုတို့ အစုလိုက် အအုပ်လိုက် ယှဉ်ပြိုင်ကြ၏။ ဆိုင်းသံဗုံသံတွေ ခြိမ့်ခြိမ့်ညံလျက် ကိုကာလသားတို့ကလည်း မိမိတို့အရပ် မိမိတို့အပိုင်းမှ အပျိုများဘက်က တပျော်တပါးကြီး ညာသံ တဟေးဟေးဖြင့် ဝိုင်းဝန်းကူညီပေးကြသေး၏။

         

ထို့နောက် ရက်ပြီးချုပ်ပြီး သင်္ကန်းတို့အနက် အလှအပသက်သက်ကို ဘုရားအတွက် သီးသန့်ဖယ်၍ သင်္ကန်းအင်္ဂါနှင့် ပြည့်စုံညီညွတ်သည့် သင်္ကန်းကို ကထိန်သင်္ကန်းအဖြစ်ဖြင့်၎င်း၊ ကျီးမနိုးရာဇဝတ်ကောင် မောင်ရင်လောင်းအတွက်၎င်း ရည်ရွယ်ပြီးသားဖြစ်၏။ ထို့ကြောင့် မိမိတို့ရက်လုပ်သည့် သင်္ကန်းဖြင့် တဖက်အပိုင်းမှ ကိုလူပျိုကိုဖမ်း၍ ဦးပြည်းရိတ်ပြီး သင်္ကန်းဆည်းပေးနိုင်ကြရန် ခိုးသားဖမ်းကြရသည့်အလုပ်ကလည်း တမောတကော။

          

ယခုနှစ်အဖို့မူ ယခင်နှစ်တွေကကဲ့သို့ မပြုလုပ်နိုင်တော့။ လူကြီးတွေ၏စီမံပေးချက်အရ မောင်ရှင်လောင်းတွေများမည်။ ပြစ်ဒဏ်ရသည့်ခိုးသားတို့သာမက ရွာရှိကာလသားတွေမှန်သမျှ အားလုံး မောင်ရှင်လောင်းတွေချည်းဖြစ်ကြလိမ့်မည်ဆို၏။ ထို့ကြောင့် မသိုးသင်္ကန်း တထည် နှစ်ထည်အတွက် အချိန်ကုန် လူကုန်မခံနိုင်ကြတော့ဘဲ ဆွမ်းခဲဘွယ် လှူဘွယ်တို့နှင့်တကွ လိုအပ်သမျှတွေကို ဝိုင်းဝန်းလုပ်နေကြရသောကြောင့် သင်္ကန်းအပြိုင် မရက်လိုက်နိုင်ကြရသည့်အတွက် တဖူနာနေကြ၏။ ထိုသို့မဟုတ်ပါက နိုင်နေကျ မြောက်ပိုင်းသူအပျိုတို့ကလည်း သည်နှစ်အဖို့ တောင်ပိုင်းက ရှူနာရှိုက်ကုန်းမတွေကို အပြတ်သတ်ဖြစ်စေရမည်ဟု အားခဲထား၏။ တောင်ပိုင်းမှအပျိုတို့ကလည်း ယခုနှစ်တော့ မြောက်ပိုင်းသူ မ,ရှပ်ပလာတို့ကို အသာမပေးတော့ဟု ကြုံးဝါးထား၏။ 


ထို့ပြင် ပြိုင်ပွဲအတွင်း ဝါကောက်ကြရာ၌လည်း ကိုကာလသားတို့က အတီးအမှုတ်တွေနှင့် မီးတုတ်မီးစည်းကြီးတွေကို ပြင်ကြ။ မိမိတို့အပျိုတွေကလည်း လရောင်နှင့် မီးရောင်အကြား အပြေးအလွှား ကူးချည်သန်းချည်  ပြုလျက် ဝါကောက်ကြ ဝါဆွတ်ကြ။ ကွင်းပြင်ကြီးအတွင်း ဝါခင်းထဲအရောက် လရောင်က လင်းလင်း မီးရောင်တွေက တဝင်းဝင်းနှင့် မောလည်းအမောသား ပျော်လည်းအပျော်သား…….။          


ရွာထိပ်ဆီမှ ကြေးစည်သံနှင့်အတူ သံဃာတော်တန်းကြီးက တည်တည်ငြိမ်ငြိမ် ကြွလာနေကြပြီးဖြစ်၏။ စကားပြောနေကြသော အပျိုတသိုက်တို့က သံဃာတော်တန်းကြီးရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ပြုသစ်စ ရှင်သာမဏေတန်းကြီး၏ အကြား၌ မိမိတို့၏ချစ်သူများလည်း ဝါတော် ခြောက်ဆယ်ရ မထေရ်ကြီးတို့ကဲ့သို့ မျက်လွှာတော်ချကာ သိက္ခာတော်ကြီး တခွဲသားနှင့် မိမိတို့ရှိရာကိုမှ လှမ်းကြည့်ဖော်မရဘဲ က္ဋန္ဒြေကြီးတွေလုပ်လာနေကြသည်မှာ ပြေးပြေးပြီး ရင်ပတ်ကြီးကို ထုချင်ရိုက်ချင်စရာကောင်းလှ၏။ မျက်လွှာချထားသော မျက်နှာကြီးတွေကို ပြေးတည့် ပြေးတည့်ပြီး ကုတ်ဖဲ့ပစ်လိုက်ချင်၏။ တဖြည်းဖြည်းနီးလာသော သံဃာတန်းကြီးကို အသည်းတယားယားနှင့် ကြည့်ရင်း တိတ်ဆိတ်နေကြစဉ် အပျိုတစ်ယောက်က ပင့်သက်နှင့်အတူ ဆုံးဖြတ်ချက်ချလိုက်၏။

          

'အေးလေ၊ ဒါပေမယ့် သည်နှစ်လဲ တမျိုးတဖုံတော့ ထူးထူးခြားခြား ပျော်ကြရသာပါဘဲ၊ နှစ်တိုင်းနဲ့မတူဘူးပေါ့အေတို့ရယ်

          

မည်သူမျှမတုံ့ပြန်ကြ၊ တဖြည်းဖြည်း ပို၍ ပို၍ နီးလာပြီဖြစ်သော သံဃာတော်တန်းကြီးရှိရာသို့ မျက်တောင်မခတ် ငေးမောနေကြ၏။

          

မအပျိုတို့ဆီမှ သစ်လွင်သော အဝတ်အရောင်တို့သည် မျက်လွှာချထားကြသော ရှင်သာမဏေကြီးတို့၏ မျက်လုံးအကြည်ဓါတ်သို့ ရိုက်ခတ်အရိပ်ထင်၏။ မအပျိုတို့ လူးခြယ်ထားကြသည့် သင်းပျံ့ပျံ့ သနပ်ခါးနံ့သည် ရှင်သာမဏေကြီးတို့၏နှာခေါင်းအတွင်း သိမ်မွေ့စွာ ဝင်ရောက်လှုံ့ဆော်၏။ သို့သော် ရှင်သာမဏေတို့ကား မျက်လွှာကို ချမြဲချလျက်။


ကဲလွန်းသူတို့က မျက်လွှာလှန်၍ ကြည့်ရုံကလေးမှ မကြည့်ကြတော့ဘဲ ဟုတ်တိပတ်တိ အိန္ဒြေကြီး သိက္ခာကြီးတွေ ဤသို့လုပ်နေလေသောအခါ ထုချင်ရိုက် ကုတ်ဖဲ့ပစ်လိုက်ချင်သောစိတ်တွေကို အနိုင်နိုင် ချိုးနှိမ်နေကြရ၏။ ကြည့်ရင်းကြည့်ရင်း အသဲထဲက ယားနေကြ၏။ ထိုစဉ်


'ကျောင်းကြီးပေါ် မပျော်ရင် ထွက်ခဲ့မောင်ရယ်၊ ရွှေရစ်တံထိုးပါလို့ တိမ်ခိုးဆင်ရတော့မယ်'

          

အိမ်တဆောင်၏ဝင်းပန်းခြံထဲမှ အပျိုမတစ်ယောက် သီဆိုလိုက်သည့် သီချင်းသံဖြစ်၏။ ဆွမ်းလောင်းမည်ဟု စောင့်နေကြသော အပျိုအဖော်များက ပြုံးလိုက်ကြ၏။ သို့သော် ကိုရှင်သာမဏေတို့ကမူ မကြားဘိသို့ မျက်လွှာချရိုး ချမြဲ။

          

ကိုရင်တန်းကြီး ဆုံးသွားသောအခါ ထိုကိုရှင်သာမဏေတို့အထဲ၌ ကောင်းမြတ်တယောက် မပါလာသည်ကို မြခက်သည် ပထမဆုံး သတိထားမိသူဖြစ်၏။ လွန်ခဲ့သည့် သုံးရက်က နံနက် အာရုံဆွမ်းခံကြွလာတိုင်း ကိုရင်ကောင်းမြတ် ပါလာမြဲ။

          

ယခုမူ ကိုရင်ကောင်းမြတ် မပါလာတော့။ နေထိုင်မကောင်းဖြစ်နေသလား၊ သို့တည်းမဟုတ် ဝတ်ကြောင်လဲလျက် ကိုရင်လူထွက် ငပိချက် ဖြစ်နေပြီလား။

          

ကိုရင်စံတုတ်ကမူ ဣန္ဒြေရရ သိက္ခာရှိရှိ ရှိမြဲရှိနေ၏။ ဆွမ်းခံကြွရာ၌ အမြဲပါလာ၏။ ယခင်နေ့တွေကဆိုယင် ကိုရင်စံတုတ်၏နောက်မှ ကိုရင်ကောင်းမြတ်တယောက် ပါလာမြဲ…..၊

          

ကိုရင်ကောင်းမြတ်၏မျက်နှာမှာ ညှိုးလျော်နေ၏။ မိမိပြုလုပ်လိုက်သဖြင့် သူ့ခမျာ အတော်အရှက်ရသွားဟန်တူ၏။ မိမိကိုလည်း အတော်စိတ်နာသွားပုံ၏။ ဤမျှစိတ်ထိခိုက်လိမ့်မည်၊ မျက်နေလိမ့်မည်ဟု မိမိသိရလျှင် ပြုလုပ်ရက်မည်မဟုတ်၊ သို့သော် သူများစိတ်ကို သူက ညှဉ်းဆဲလှသောကြောင့် မိမိက ဤသို့ ပြုလုပ်မိခြင်းဖြစ်၏။

          

`ကိုရင်ကောင်းမြတ်ရယ်……တော် သာလောက်ထိခိုက်သွားလိမ့်မည်ဆိုတာကို သိရင် ကျုပ်မလုပ်ပါဘူးတော်`

          

မြခက်သည် စိတ်ထဲမှ တွေးတောပြောဆိုရင်း ဆွမ်းအုပ်ကြီးပိုက်လျက် ငြိမ်သက်နေ၏။       

                   

`ဟဲ့ မိမြခက် နင့်ရှေ့မှာ ဆွမ်းရပ်နေတယ်လေ၊ ဘာငိုင်နေသတုံး`


ဘေးမှ ဝိုင်းအော်လိုက်သံကြောင့် အိပ်ရာမှနိုးလာသလို သံဃာတော်တန်းကြီးအား သတိထားလိုက်မိ၏။ သပိတ်ဖုံးတွေ ပွင့်ပွင့်လာကြ၏။ ဆွမ်းများကို တဇွန်းပြီးတဇွန်း ခပ်ခပ်  လောင်းနေမိ၏။ သံဃာတော်တန်းကြီးသာ ဆုံးသွား၏။ အိမ်ထဲသို့ပြန်ရောက်၍ ပုခုံးပေါ်ရှိပုဝါရှည်ကြီးကို တန်းပေါ်သို့ တင်လိုက်သည့်တိုင် မိမိဘာတွေလုပ်၍ အိမ်တွင်းသို့ မည်ကဲ့သို့ပြန်ရောက်လာသည်ကို  သတိမထင်မိ။

          

အမိတို့အား ပြောပြီးလျှင် လှူဘွယ်ဝတ္တု တစုံတခုကိုယူလျက် ကျောင်းသို့သွား၍ ကိုရင်ကောင်းမြတ်ကို တွေ့မည်။ ထို့နောက် မိမိပြုလုပ်ခဲ့သည့်ပြစ်မှု ပြစ်ချက်ကို ဝန်ခံ၍ ခွင့်လွှတ်ပါရန် ရှိခိုးတောင်းပန်မည်ဟု စိတ်ကူး၏။ စိတ်ကူးသည့်အတိုင်း ထန်းလျက်ဖြူဆုပ်များကို ပန်းကန်ပြားငယ်တချက်ပေါ်၌ လှပစွာထည့်ပြီးလျှင် ထန်းလျက်ဖြူဆုပ်တို့အပေါ်မှ ဆိတ်ဖလူးပန်းပွင့်ကလေးဖြင့် ဖုံးလွှမ်း၍ မြောက်ကျောင်းသို့ သွားခဲ့၏။ ကျောင်းထဲသို့ အဝင်တွင်မျက်ရည်ကလေးစို့စို့နှင့် ကျောင်းထဲမှထွက်လာသော မိပဲကို တွေ့၏။

          

`သည်ကောင်မ ပူပုံပန်းဖြစ်လာလိုက်ထာ၊ မျက်နှာကိုက ကြာရုပ်နှင့်`ဟု စိတ်ထဲမှာတွေးရင်း တဖတ်သို့လှည့်လျက် မျက်နှာထားတင်းတင်းဖြင့် ကျောင်းဝင်းသို့ဝင်လာခဲ့၏။

          

မိမိကသာ ဤသို့ပြုလုပ်ခဲ့ရသည်။ မိပဲကမူ မိမိအား မြင်ပုံသိပုံမရ။ သူအပူနှင့်သူ ရင်ထဲ၌ လောင်မြိုက်နေဟန်ရှိ၏။`သည်ကောင်မ ဘာများ သာလောက်ဖြစ်ရပါလိမ့်`ဟုတွေးရင်း `ကိုရင်ကောင်းမြတ်နှင့် ပတ်သက်သည့်ဟာနေမှာဘဲ`ဟု စဉ်းစားမိရာမှ ရင်ထဲကပူလာပြန်၏။

          

ပူသည့်အတိုင်းလဲ ဟုတ်ပေပြီ။ ကိုရင်ကောင်းမြတ်သည် မနေ့ညနေကတည်းက သဲဒဏ် ရေဒဏ်တို့ကို ထမ်းပြီးနောက် ရှင်လိင်ပြန်သွားခဲ့လေပြီတဲ့။

          

မကြည်သောနှလုံးကို ဖုံးဖိလျက် မပြုံးလိုသည့်မျက်နှာကို အားခဲပြုံးရင်း ယူလာသည့် ထန်းလျက်ဆုပ်ဖြူများကို ကိုရင်စံတုတ်ကြီးအား လှူဒါန်းခဲ့ပြီးနောက် မြခက်သည် မြောက်ကျောင်းမှ ပြန်လာခဲ့၏။

         

ကိုရင်စံတုတ်သည် ဝမ်းမြောက်ကြည်နူးစွာ ဣန္ဒြေသိက္ခာကိုမျှ မပြုနိုင်ဘဲ မိမိနား နောက်ကျောမှ ကြည့်လျက် ကျန်ရစ်ရှာလိမ့်မည်ဟု စိတ်တွင်းမှ အလိုလို သိနေရသော်လည်း ရင်ထဲက မည်သို့မျှ မလှုပ်ရှားမိ။

          

မြခက်ရင်ထဲ၌ ဗြောင်းဆန်နေသည်ကား ရှင်လိင်ပြန်သွားသော ကောင်းမြတ်ကို မိမိမည်သို့ ရှာဖွေရပါမည်နည်း။ မည်သို့ တောင်းပန်ရပါမည်နည်း။ မိမိက တောင်းပန်ပါသော်လည်း ကောင်းမြတ်က ကျေမှကျေနိုင်ပါဦးမည်လားဟူသောပြဿနာများ ဖြစ်သတည်း။      


ရန်ကုန်ဘဆွေ

No comments:

Post a Comment