ခပ်တိုးတိုး ညည်းသံကို မကြားသလို ကြားသလိုနှင့် ဝေဝေ၀ါးဝါး ဖြစ်နေသည်။ သူ့လက်မောင်းကို ပူနွေးနေသော လက်တဖက်က ခပ်သာသာ ဆုပ်ကိုင်ထားသည်ကိုလည်း မသိသလိုလို သိသလိုလိုနှင့် အိပ်ချင်စိတ်ကသာ ကြီးစိုးနေသည်။ သူ့မျက်ခွံ နှစ်ဖက်သည် ကျောက်ဖျာကြီး နှစ်ချပ်လို လေးလံနေသည်ဟု ထင်ရသည်။
" အကို ကျွန်မ နေမကောင်းဘူး "
ဒီတခါ ကြားလိုက်ရတော့ သူ့ဦးနှောက်က အနည်းငယ် နိုးကြားလာသည်။ ထို့ကြောင့် ထိုအသံသည် သူ့မိန်းမအသံ ဖြစ်ကြောင်း အသိ၀င်လာလေသည်။
" ကျွန်မ ဖျားနေပြီထင်တယ် "
ထို့နောက် သူ့လက်မောင်းကို ဆုပ်ကိုင်ထားသော လက်သည် သူ့မိန်းမလက်ဖြစ်ပြီး ထိုလက်သည် တရှိန်ရှိန် ပူနေကြောင်းကိုလဲ တဆက်တည်း အသိ၀င်သွားသည်။
" ဖျားနေပြီ "
သူက ထပ်ဆင့်ရေရွတ်ရင်း ခုတင်ခေါင်းရင်းမှ မီးခလုတ်ကို စမ်းပြီးဖွင့်လိုက်သည်။ ဖျတ်ခနဲ လင်းလာသော အလင်းရောင်၀ယ် ခပ်နွမ်းနွမ်း မျက်နှာတခုကို တွေ့ရလေသည်။ ထိုမျက်နှာ ပိုင်ရှင်သည် သူ့မိန်းမဖြစ်သည်။ အနှစ် ၂၀ နီးပါးခန့် သူနှင့်အတူ ပေါင်းသင်းနေထိုင်ခဲ့သော ထိုမိန်းမသည် သူ့အတွက် ကလေး လေးယောက်ကို မွေးဖွားပေးခဲ့လေသည်။ ကလေး မွေးပြီးကာစ ဆယ်လေးငါးရက်ခန့် ငြိမ်ငြိမ်နေတတ်သည်မှအပ ကျန်အချိန်များတွင် ရှိရှိသမျှ အိမ်မှုကိစ္စများကို သိမ်းကျုံး လုပ်ကိုင်နေတတ်သောသူဖြစ်သည်။
သူ့ကို မရဲတရဲ ကြည့်တတ်သော၊ မျက်လွှာချထားတတ်သော၊ ရယ်ခဲပြုံးခဲသော၊ စကားနည်းလှသော ထိုမိန်းမသည် ဖျားခဲနာခဲ လှသည်ကလည်း အမှန်ဖြစ်သည်။ ထို့ကြောင့် သူ့မိန်းမကို သူက ဖျားတတ် နာတတ်လိမ့်မည်ဟုပင် မထင်မှတ်ခဲ့မိပေ။
" ဖျားနေတယ် "
သူက အံ့သြသလို ထပ်ရေရွတ်မိပြန်သည်။ သူ့မိန်းမ နဖူးကို လက်နှင့် စမ်းကြည့်လိုက်တော့ ရုတ်တရက် လန့်ပင်သွားသည်။ ခြစ်ခြစ်တောက် ပူနေသောကြောင့် ဖြစ်လေသည်။
" ဟာ အတော်ပူနေတာပဲ၊ ဘယ်လိုဖြစ်တာလဲ "
" မနေ့တုန်းက မိုးတွေရွာတော့ ရေချိုးကန်ထဲ ရေဝင်အောင် ရေတံလျှောက် ထွက်ဆွဲတာ မိုးမိသွားလို့လား မသိဘူး "
မိန်းမက ထုံးစံအတိုင်း မျက်လွှာချကာ တိုးတိုး ပြောသည်။ အဖျားသွေးကြောင့် မျက်နှာက မသိမသာ နီနေကာ မျက်တောင်များ စင်းငိုက်နေသည်။
" အသက် လေးဆယ်ကျော်နေပြီလေ၊ ဆင်ဆင်ခြင်ခြင်လေး လုပ်မှပေါ့၊ ငယ်တော့တာမှ မဟုတ်တာ "
စေတနာနှင့် ပြောလိုက်သော်လဲ သူ့အသံက ထုံးစံအတိုင်းမို့ ပျော့ပျော့ပြောင်းပြောင်း မရှိလှပေ။ ပြောပြီးကာမှ အိမ်တွင် ကူဖော်လောင်ဖက် အိမ်ဖော်မလေး တဦးတစ်လေပင် မရှိသည်ကို သတိရသည်။ သူ့မိန်းမက ဘာမှပြန်မပြော။ ရီဝေ နွမ်းဖျော့သော မျက်လုံးများနှင့် သူ့ကို တချက် လှမ်းကြည့်သည်။
" ဒီအသက်ရွယ်မှာ သိပ်အပင်ပန်းခံလို့ မရတော့ဘူးလေ "
သူက လေသံကို နည်းနည်း လျှော့ကာ စေတနာစကား ထပ်ပြောသည်။ သူနှင့် သားသမီးများ ရုံးသွားကျောင်းသွားကြလျှင် သူ့မိန်းမတဦးထဲ ကျန်ရစ်ရမြဲ ဖြစ်သည်။ လျှော်လိုက်၊ ဖွပ်လိုက်၊ လှဲလိုက်၊ ကျင်းလိုက်၊ ချက်လိုက်၊ ပြုတ်လိုက်နှင့် တကုတ်ကုတ် လုပ်နေတတ်သော မိန်းမကို သူက ပင်ပန်းတတ်လိမ့်မည်ဟုလည်း မထင်မှတ်ခဲ့မိပြန်ချေ။
" အင်းလေ ဒါက မိန်းမတွေရဲ့အလုပ်ပဲ၊ အိမ်ရှင်မတွေရဲ့အလုပ်ပဲ၊ သူက အိမ်အလုပ် လုပ်ရသလို ငါကလည်း စီးပွားရှာရတာပဲ "
သူက တွေးနေကျအတိုင်း တွေးကာ အိပ်ရာမှ ထသည်။ ခုတင်ခြေရင်းမှ ဆေးဗီရိုကလေး ဖွင့်သည်။ အခါတိုင်း ဘယ်သူ ဘာဖြစ်ဖြစ် သူ့မိန်းမက ထိုဗီရိုကလေးဖွင့်ပြီး လိုအပ်သမျှ သောက်ဆေး လိမ်းဆေးများကို ထုတ်ပေးလေ့ ရှိသည်ကို သတိရသည်။ အခု ကိုယ့်ဟာကိုယ် ရှာရတော့ ဘယ်ပုလင်း ဘယ်ဘူး ဖွင့်ရမည်ပင် မသိ။
" ပါရာစီတမောက သုံးလုံးပဲ ကျန်တော့တယ်၊ စီဗစ်ပုလင်းလေးထဲမှာ၊ ညာဘက်ထောင့်က ချပ်စက္ကူဘူးလေးထဲမှာတော့ ဒီလ်ကိုဂျင် တကတ်ရှိတယ် "
သူ့အခက်ခဲကို သိဟန်နှင့် မိန်းမက ခပ်သဲ့သဲ့ လှမ်းပြောသည်။ သူကမ်းပေးသော ဆေးတလုံးကို ရေနှင့်မျှောချပြီး သူ့မိန်းမက ခေါင်းအုံးပေါ် ပြန်လှဲချသည်။
" ခေါင်းကို မထူချင်ဘူး၊ ကိုက်လိုက်တာလဲ အုံခဲနေတာပဲ "
ဟု ပြောရင်း နားထင်နားရင်းများကို ပရုပ်ဆီနှင့် ပွတ်နေသည်။ ပင်ပန်း နွမ်းလျဟန်နှင့် ညှိးမှိန်နေသော မိန်းမကို ငေးကြည့်ရင်း ထိုနေရာတွင်သာ မေမီ ဖြစ်နေလျှင် ပရုပ်ဆီပူပူလေးကို သူကိုယ်တိုင် တယုတယ လိမ်းပေးဖြစ်လေမလားဟု တွေးလိုက်မိသည်။ ထို့နောက် လေထက် လျင်မြန်သောစိတ်က မေမီ့ဆီသို့ ချက်ချင်းရောက်သွားသည်။
" မေမီ "
သူက ရင်ထဲမှ တိုးတိုး ခေါ်မိသည်။ မေမီသည် သူ့ချစ်သူ ဖြစ်သည်။ သူနှင့် မေမီတို့ အကြောင်းကို သစ်ပုတ်ပင်ကြီးသည်လည်းကောင်း၊ အင်းလျားရေပြင်သည်လည်းကောင်း၊ တက္ကသိုလ်စာကြည့်တိုက်အနီးက ကံ့ကော်ပင်များသည် လည်းကောင်း ကောင်းကောင်း သိခဲ့ကြမည်ဖြစ်သည်။ ထို ချစ်စဖွယ် မိန်းကလေးကို တဘ၀လုံးအတွက် လက်တွဲရန် ရည်ရွယ်ခဲ့သော်လဲ အခွင့်မသာခဲ့ပေ။ အမေက သူ့ကို သူဌေးသမီး တက္ကသိုလ်ကျောင်းသူနှင့် သဘောမတူဘဲ ဆယ်တန်း သုံးခါကျ မိန်းကလေးနှင့် လက်ထပ်စေခဲ့သည်။
" သားကောင်မလေးက ချမ်းသာတယ်၊ နောက်ပြီး ပညာတတ်တယ်၊ ငွေတို့ ပညာတို့ဆိုတာ လူကို မာနတတ်စေတာ အမှန်ပဲ၊ ဒါပေမဲ့ တချို့က သတိနဲ့ ထိန်းနိုင်တယ်၊ သူ့မှာတော့ အဲ့ဒီသတိ မရှိဘူး၊ သူ့မျက်နှာပေါ်မှာရော မျက်လုံးထဲမှာရော မာနတွေ လျှံထွက်နေတာ အမေတွေ့ရတယ် " ဟု အကြောင်းပြခဲ့သည်။
ဟုတ်သည်။ မေမီက အမှန်တကယ်ပင် မာနကြီးလှလေသည်။ အမေ့သဘောထားကို အရိပ်အယောင်လေး သိရုံမျှဖြင့် ဆတ်ဆတ်ခါ နာကျည်းခဲ့သည်။ နိုင်ငံခြားသင်္ဘောလိုက်နေသော သင်္ဘောသားတဦးနှင့် သူ့ထက် အလျင်ဦးအောင် လက်ထပ်သွားခဲ့လေသည်။ ထိုစဉ်က သူ့ အသည်းတွေ ဖျတ်ဖျတ်လူးအောင် နာခဲ့ရသည်။
" အတန်းပညာ မတတ်ပေမဲ့ အညွန့်လေးက အိမ်ထောင်နိုင်တယ်ကွဲ့။ မိဘမရှိဘဲ အဒေါ်အိမ်မှာ နေရတော့ မျက်နှာလေးလဲ ငယ်ရှာတယ်။ ငါ့သားကို ရိုရိုသေသေ မြတ်မြတ်နိုးနိုးနဲ့ အိမ်ဦးနတ်လို ကိုးကွယ်မဲ့ မိန်းမမျိုး "
ဟုတ်ပါသည်။ အမေပြောသလိုပင် သူ့မိန်းမက သူ့ကို ရိုသေမြတ်နိုးခဲ့သည်ကတော့ အမှန်ပင်။ သူ့ထက် ခြေတလှမ်းမျှမက သုံးလေးငါးလှမ်း နောက်ဆုတ်ပြီး ခပ်ယို့ယို့ နေတတ်သည်ကတော့ ရခါစကတည်းက ဖြစ်သည်။ အမေ့ကြောင့် ချစ်သူနှင့်လွဲခဲ့ရသော သူကတော့ အမေ့သဘောကျ ချွေးမဖြစ်သောကြောင့်ပင် အတန်ငယ် မျက်မုန်းကျိုးချင်သည်။ အမေ့ကို အတိုက်အခံမလုပ်ချင်တော့ မိန်းမအပေါ်တွင် အခုအခံ ဖြစ်နေသည်။ သူ့ဆီမှ တစုံတရာကို မျှော်လင့် တမ်းတဟန်ရှိသော မျက်လုံးဝိုင်းဝိုင်းလေးများကို လျစ်လျူရှုထားခဲ့သည်ကတော့ ယနေ့ထိတိုင်အောင်ပင်ဖြစ်သည်။ သားမှတ်မှတ် မယားမှတ်မှတ်နှင့် မဖောက်မပြား ပေါင်းသင်းခဲ့သော်ငြားလည်း " ချစ်သည် " ဟူသော စကားကိုတော့ ယနေ့ထက်တိုင် မပြောခဲ့ဖူးသေးချေ။ သူတို့အိမ်ထောင်ရေးသည် ဆားမပါသော ဟင်းချိုကို သောက်ရသလို သူ့ရင်ထဲတွင် ပေါ့ပျက်ပျက် ဖြစ်နေခဲ့လေသည်။
" မိုးတောင်လင်းခါနီးပြီ "
အလင်းရောင် မလာသေးသော်လဲ ကျေးငှက်သံကလေးများကို စိုးစိုးစိစိ ကြားနေရသည်။ အခါတိုင်း ဒီအချိန်ဆိုလျှင် သူ့မိန်းမ အိပ်ရာထဲတွင် မရှိတော့ချေ။ မီးဖိုချောင်တွင် ညင်သာ သွက်လက်စွာ လှုပ်ရှားလုပ်ကိုင်နေပြီဖြစ်သည်။ သံဒယ်အိုးနှင့် သံယောက်မ ထိခတ်သော အသံနှင့်အတူ ထမင်းကြော်နံ့၊ ကြက်သားဟင်းနံ့၊ ငါးပိချက်နံ့၊ ပဲကြီးနှပ်နံ့၊ သီးစုံချဉ်ရည်နံ့၊ ချဉ်ပေါင်ကြော်နံ့ စသော အနံ့ပေါင်းစုံက အိပ်ရာနားအထိ တိုးဝှေ့ ၀င်ရောက်လာတတ်သည်။ သားတို့ သမီးတို့က အိပ်ရာမထမီ ဟင်းနံ့ရှုရှိုက်ရင်း သူတို့အမေ ချက်သောဟင်းကို မှန်းဆကြည့်တတ်ကြမြဲဖြစ်သည်။
" ထမင်းလဲ မချက်နိုင်တော့ဘူး "
သူ့မိန်းမက ညည်းညူသလို ပြောသည်။ လူကသာ မထနိုင်သော်လဲ စိတ်က မီးဖိုချောင် ရောက်နေသည်။
" ကလေးတွေ ထမင်းဘူး ယူနိုင်တော့မှာ မဟုတ်ဘူးကွယ်။ ၀ယ်စားလဲ ၀မှာ မဟုတ် "
" တနေ့တလေပဲကွာ သက်သက် သာသာနေစမ်းပါ "
ဒီတခါတော့ သူ့အသံက အတန်ငယ် ပျော့ပျောင်းနေသည်။
" မေမီက ထမင်းလဲ မချက်၊ ဟင်းလဲ မချက်တတ်ဘူးနော်။ အ၀တ်လျှော် မီးပူတိုက်လဲ လုပ်လိမ့်မယ် မထင်နဲ့ "ဟု ပြောလေ့ရှိသော ချစ်သူစကားကိုလဲ တဆက်တည်း ကြားယောင်နေမိသည်။ ထို့နောက်" ဒါတွေ ဒါတွေကြောင့် အမေက ဒီလို စီစဉ်ခဲ့တာကိုး " ဟု ပထမဆုံးအကြိမ်အဖြစ် လျှောလျှောရှူရှူ အတွေးပေါက်မိသည်။
၆ နာရီခွဲလောက်ကျတော့ သားတွေ သမီးတွေ နိုးလာသည်။ သူတို့အမေကို အခါတိုင်းလို မီးဖိုချောင်တွင် မတွေ့ရတော့ အခန်းထဲသို့ တဦးပြီး တဦး ရောက်လာကြသည်။ ခေါင်းကို လက်ကိုင်ပုဝါနှင့် တင်းတင်း စည်းကာ စောင်ကြီး ပိန်းနေအောင် ခြုံထားသော မိခင်ဖြစ်သူအား တအံ့တသြ ဝိုင်းကြည့်နေကြလေသည်။
" မေမေ ဖျားတယ်တဲ့ "
" အေးလေ ဘာလို့ဖျားတာလဲ မသိဘူး "
" အရင်တုန်းက မဖျားဖူးပါဘူးနော် "
သားတွေ သမီးတွေကလဲ သူ့လိုပင် ဖြစ်နေပုံရသည်။ သူတို့အမေကို သံတုံး သံခဲကြီးဟုများ ထင်နေကြသလားမသိ။ ဖျားတတ် နာတတ်လိမ့်မည်ဟု ထင်ထားကြပုံမရပေ။
သမီးကြီးကသာ " မေမေ ဘာဆေးသောက်ပြီးပြီလဲ "ဟုမေးကာ ကော်ဖီပြေးဖျော်သည်။ ငါးတန်း ရောက်နေပြီဖြစ်သော သမီးအငယ်ဆုံးကတော့ သူ့နား ကပ်ကာ " ဖေဖေ မေမေ သေမှာလားဟင် "ဟု ငိုမဲ့မဲ့ မေးလေသည်။ သမီးက ကလေးစိတ်နှင့် မေးလိုက်သော်လဲ သူ့ခေါင်းထဲတွင်တော့ လျှပ်စီးတွေ ပြိုးပြိုးပြက်ပြက်လက်ပြီး မိုးပြိုတော့မလို ဖြစ်သွားသည်။
" ကြောင်အိမ်ထဲမှာ ငါးဖက်ဆုပ်ဟင်းလေး ရှိတယ်။ အုပ်ဆောင်းအောက်မှာတော့ ထမင်းကြမ်းဇလုံ ရှိတယ်။ ကလေးတွေကို ကြည့် ကျွေးလိုက်နော်သမီး။ အမေ ပဲပြုတ်လဲ မ၀ယ်ဖြစ် ထမင်းလဲ မကြော်နိုင်ဘူး "
သူ့ခေါင်းသူ မထူနိုင်သော်လဲ နှုတ်ကတော့ စီစဉ်နေသေးသည်။ အသံတော့ သိပ်မထွက်။ ပျော့နဲ့နဲ့ ဖြစ်နေသည်။ သမီးငယ် ပြောသလိုများ သူသေသွားရင် ဘယ်လို လုပ်ကြရပါ့မလဲ။ ခြေတွေ လက်တွေ မသယ်နိုင် မလှုပ်နိုင်တော့ သလို လှဲနေသော သူ့မိန်းမကို ငေးကြည့်ရင်း သူက ကယောက်ချောက်ချား အတွေးပွားနေမိသည်။
ရပ်ရြှင်ကြည့်ချင်သည်ဟုလည်းကောင်း၊ ရွှေပါတိတ် ကြိုက်သည်ဟု လည်းကောင်း၊ စိန်နားကပ် ပန်ချင်သည်ဟု လည်းကောင်း၊ မော်တော်ကား စီးချင်သည်ဟု လည်းကောင်း တခါမျှ မပြောခဲ့ဖူးသော မိန်းမ၊ သူ ထမင်းစားလျှင် ဘေးမှ လိုသမျှ ဖြည့်ဆည်းပေးကာ ယပ်ခပ်ပေးနေတတ်သောမိန်းမ၊ သူ့ဟာသူသာ ဆယ်တန်း သုံးခါ ကျခဲ့သော်လဲ သမီးတို့ သားတို့ကို ခုနှစ်တန်း ရှစ်တန်းလောက်ထိ သင်္ချာတွေ ရှင်လင်း သင်ပေးနေတတ်သော မိန်းမ၊ ထိုမိန်းမသာ ရုတ်တရက် ကွယ်ပျောက်သွားခဲ့မည်ဆိုလျှင်.....။
သူက ရှေ့ကို ဆက်ပင် မတွေးရဲဘဲ ချွေးတွေ ပြန်လာသည်။
" မေမေ စိတ်ချ လက်ချနေပါ မေမေရဲ့ ။ သမီး ဒီနေ့ ကျောင်းဖျက်လိုက်မယ် "
သမီးကြီးက သူ့ဟာသူ စီစဉ်သည်။ အသက် ၁၅ နှစ်ကျော်ပြီး ကိုးတန်းလည်း ရောက်နေပြီမို့ အတော်လေး အားကိုးနေရပြီ ဖြစ်သည်။ ခုတင်ပေါ် တက်ပြီး သူတို့အမေဘေးတွင် ငုတ်တုတ်ကလေးတွေ ထိုင်နေကြသော အလတ်နှစ်ကောင်နှင့် အငယ်မလေးကို မီးဖိုချောင်သို့ ခေါ်သွားသည်။ ထမင်းကြမ်းခဲကြီးက အေးစက်စက်နှင့်မို့ စားမကောင်းလှသော်လဲ အငယ်တွေက ဘာမှ ပြောမနေကြချေ။ မျက်နှာငယ်ငယ်လေးတွေနှင့်ပင် ၀င်သလောက်သာ တိတ်တိတ် ဆိတ်ဆိတ် စားသွားကြသည်။ သူကတော့ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့် ယောင်ပေပေ ဖြစ်နေသည်။ ထမင်းစားပွဲပေါ်တွင် အဆင်သင့် တွေ့နေကျ ထမင်းကြော် ပူပူနွေးနွေးလေးကိုလည်းကောင်း၊ လှော်ခြောက်နံ့ မွှေးနေသော ရေနွေးကြမ်းအိုးကလေးကို လည်းကောင်း မတွေ့ရတော့ ရေတခွက် သောက်ကာ ပြန်ထွက်လာရသည်။
" ကလေးတွေကိုတော့ မုန့်ဖိုး ပိုပေးလိုက်တယ်။ ဖေဖေလည်း ထမင်းဘူးပါမှာ မဟုတ်တော့ဘူးနော် "
စောင်တွေ ခေါက်သိမ်းနေသော သမီးက ပြောသည်။
" ရပါတယ်သမီးရယ်၊ ဖြစ်သလိုပေါ့ "
သူက အခန်းထဲ ပြန်ဝင်လာကာ မိန်းမနဖူးကို စမ်းကြည့်ပြန်သည်။ ဒါကလွဲလို့လဲ မလုပ်တတ်။
" အသားတွေက ခြစ်ပီး ပူနေတာပဲ ဆရာ၀န် တယောက်ယောက် ပြမှနဲ့တူတယ် "
" ရပါတယ်။ ညနေမှ မသက်သာရင်တော့ အိချိုကိုခေါ်လိုက်မယ်လေ "
သူ့မိန်းမကသူ့ကို ခပ်နွမ်းနွမ်း ပြုံးပြရင်းပြောသည်။ အိအိချိုသည် တစ်လမ်းကျော်တွင်နေသော ဆရာ၀န်ပေါက်စမလေးဖြစ်သည်။ သူ့မိန်းမ အစ်မ၀မ်းကွဲက မွေးသည်မို့ ဆွေမျိုးစပ်လျှင် တူမ နှစ်၀မ်းကွဲ တော်သည်။ ထို့ကြောင့် အိအိချိုကို အိမ်ခေါ်လျှင် ခြေကြွခရော ကုသခရော ပေးစရာ မလိုချေ။ တခါတလေ ကံကောင်းလျှင် သူ့မှာရှိသော ဆေးများကိုပင် ပေးသွားတတ်သေးသည်။ မိန်းမကလဲ အိမ်မှာလုပ်သော သရက်သီးသနပ်တို့၊ ငါးပိကြော်တို့ကို နိုက်ဂျူတီ ကျလျှင် စားရန်အတွက် အိချိုဆီသို့ ပို့ပေးတတ်မြဲဖြစ်သည်။
၈ နာရီ ထိုးခါနီးတော့ သူ ရေချိုးသည်။ ရေချိုးခန်းက ထွက်လာတော့ ခါတိုင်းလို မွေးပွတဘက်ကြီး ကမ်းပေးသော မိန်းမကို မတွေ့ရ။ ခုတင်ပေါ်တွင် အဆင်သင့် တင်ထားနေကျ လည်ကတုံး ရှပ်လက်ရှည်အဖြူနှင့်အတူ အဆင်သင့်ဖြန့်ပြီး လွှားထားသော ပုဆိုးကိုလဲ မမြင်ရ။ အ၀တ်ဗီရို ဖွင့်ကာ ကိုယ့်အင်္ကျီကိုယ် ဆွဲထုတ်ရင်း " အရင်က ငါ့အင်္ကျီကိုတောင် ငါ ထုတ်၀တ်စရာ မလိုခဲ့ပါလား " ဟု တွေးမိသည်။
ရုံးမသွားခင်တော့ မိန်းမနဖူးကို တခါ ထပ်ပြီး စမ်းကြည့်မိပြန်သည်။
" ဒီနေ့ ဘာစားမလဲ "
" ညနေ ဘာ၀ယ်ခဲ့ရမလဲ "
" နေရတာ သက်သာရဲ့လား "
" ခေါင်းတွေရော သိပ်ကိုက်နေသလားဟင် "
စသည့် အကြင်နာစကားလေး တခုခု ပြောဖို့ကောင်းမှန်း သိသော်လဲ ပြောရန်လဲ စိတ်ကူးသော်လဲ ဘာဆိုဘာမှ မပြောဖြစ်ခဲ့ချေ။
၈ နာရီ ခွဲခါနီးတော့ ကားဂိတ်သို့ ခပ်သုတ်သုတ်ထွက်ခဲ့သည်။ သူက အရာရှိငယ်မို့ ရုံးကား သီးသန့် မရသေးချေ။ ရုံးကြို ရုံးပို့ လုပ်သော ရုံးကားတော့ရှိသည်။ လမ်းထိပ်စုရပ်မို့ အချိန်မီ ရောက်ရန်တော့ လိုသည်။
ဒီနေ့တော့ အဆင်မပြေလှချေ။ အစည်းအဝေးဖိုင်တွဲ မေ့ကျန်ခဲ့သဖြင့် လမ်းတ၀က် ရောက်မှ ပြန်လှည့်လာရသည်။ အခါတိုင်း သူ ရုံးသွားခါနီးတိုင်း လိုမည် ထင်သမျှ ပစ္စည်းများကို သူ့မိန်းမက အမှတ်တရ စုဆောင်းပေးထား တတ်သည်ကို သတိရသည်။ ဖိုင်ယူပီး ခပ်သုတ်သုတ် ပြန်လာသော်လည်း ရုံးကားက ထွက်သွားပြီမို့ မမှီတော့ချေ။ နေ့လည်ကျလျှင်လဲ ထမင်း၀ယ်စားရဦးမည် ဖြစ်လို့ အငှားကား ငှားစီးရန် နှမျောပြီး ဘတ်စ်ကား ကြပ်ကြပ်ကို အတင်းတိုးဝှေ့ စီးလာခဲ့သည်။
ရုံးကို ၁၀ နာရီကျော်မှ ရောက်ကာ ချွေးတွေလဲ နစ်နေသည်။
" မောင်အေးရေ ထမင်းကြော်ဖြစ်ဖြစ် မုန့်ဟင်းခါး ဖြစ်ဖြစ် တခုခု ၀ယ်ချေစမ်းကွာ " ဟု ခိုင်းရင်း ရှပ်အကျီအိတ်ထဲမှ သားရေပိုက်ဆံအိတ်ကလေးကို ဆွဲထုတ်လိုက်တော့ ပြားချပ်နေသော အင်္ကျီအိတ်ကိုသာ စမ်းမိသည်။ ငွေတထောင်ကျော်သာမက သာမညဆရာတော်ဘုရားကြီး ဓါတ်ပုံကိုပါ ခါးပိုက်နှိုက်က လစ်သွားပြီဖြစ်သည်။
" ငါတော့ မြိုင်ရာဇာတွတ်ပီလို ဒီနေ့ ကံမကောင်းပါလားကွယ်လို့ ရွတ်ရတော့မယ် ထင်တယ် "
ညနေကျတော့ စိတ်လက် မကြည်မသာနှင့် အိမ်ပြန်လာရသည်။
" နင်တို့အမေ သက်သာလား "
" ကိုယ်တွေအရမ်းပူနေလို့ နေ့လည်က ရေခဲတင်ပေးထားရသေးတယ် "
" အိချိုကို သွားမခေါ်ဘူးလား သမီးရယ် "
" လာကြည့်ပြီးပြီ၊ ဆေးတွေ ၀ယ်ခိုင်းသွားတယ် "
" ဘာဖြစ်တာတဲ့လဲ "
" ပန်းဖျား ဖျားတာပါလို့ ပြောတယ်၊ သွေးအားနည်းနေတယ်၊ သိပ်အပင်ပန်း မခံပါနဲ့တဲ့၊ အားဖြစ်တာစားပါတဲ့၊ မစိုးရိမ်နဲ့လို့တော့ ပြောတာပဲ "
မစိုးရိမ်ပါနဲ့ ဆိုသော်လဲ သမီးကြီးက စိုးရိမ်နေဟန်ရှိသည်။ သူတို့အမေကို ဒီလိုအနေအထားနဲ့ တခါမျှ မတွေ့ဖူးတော့ အငယ်လေးတွေလဲ မျက်နှာမကောင်းကြချေ။ အခါတိုင်း ဆူညံခုန်ပေါက် ကစားတတ်သော အလတ်နှစ်ကောင်ပင် ငြိမ်ငြိမ်ကုပ်ကုပ် ကလေးတွေ ဖြစ်နေကြသည်။
" ပန်းဖျားဆိုတာ ပင်ပန်းလို့ ဖျားတာတဲ့၊ မမကြီးက ပြောတယ် "
" ဟုတ်တယ်၊ မေမေက အရမ်းပင်ပန်းတာကိုး "
" နောက်ပြီး အားနည်းနေတယ်တဲ့ "
" နည်းမှာပေါ့၊ မေမေက ဟင်းမှ မစားတာ၊ မကြိုက်လို့လား မသိဘူး "
" မကြိုက်ဘဲနေမလား ဟေ့ကောင်ရ၊ မင်းပန်းကန်ထဲမှာ ဟင်းကုန်သွားတိုင်း သူမစားဘဲ လှမ်းထည့်ပေးနေတာ "
" အောင်မာ ကိုကိုလဲ တူတူပဲ၊ သားချည်းပဲ မဟုတ်ပါဘူး "
အလတ်နှစ်ကောင် စာကျက်ရင်း တီးတိုး တီးတိုး ပြောနေကြသည်။ အင်း ငါလဲ အတူတူပါပဲ။ သူက စိတ်ထဲက တွေးရင်း သက်ပြင်းကို မသိမသာ ရှီုက်လိုက်သည်။
သူ့ ပန်းကန်ထဲသို့ ကြက်ရင်ပုံ၊ အသည်းအမြစ်နှင့် ငါးမြင်းဗိုက်သားတို့ကို ထည့်ပေးတတ်သော မိန်းမ၊ ငါးခူ ငါးကျည်းကြော်လျှင် အရိုးမပါအောင် ဘေးမှထိုင်ပြီး အရိုးနွှင်ပေးတတ်သောမိန်းမ၊ သူ့ကို စားဦးစားဖျား သီးသန့် ကျွေးပြီး ကလေးတွေနှင့်အတူ နောက်ချန်စားတတ်သောမိန်းမ၊ ထိုမိန်းမသည် သူ့ဗိုက်အတွက်တော့ သူ လျှော့ပေါ့ စားနေလိမ့်မည်ဟု ယခင်က မတွေးခဲ့မိချေ။
" ညနေစာတော့ ထမင်းနဲ့ ဘဲဥကြော်ပဲဖေဖေ၊ ဒါတောင် မီးမလာလို့ မီးသွေးမီးဖို မွှေးပြီး ချက်ထားရတာ "
သမီးကြီးဆံပင်တွင် ပြာမှုန့်တွေ လူးပေနေသည်။ မျက်နှာလေး ဆီအပြောင်သားနှင့် ပင်ပန်းနေဟန်ရှိသည်။ လက်ခုံတွင်လဲ ထမင်းရည်ပူလောင်ကာ နီရဲနေသည်ကို တွေ့ရသည်။
ညနေ ထမင်းဝိုင်းကတော့ ခြောက်သွေ့ နေသည်။ သမီးကြီးက သူ့အမေနား စောင့်နေစဉ် သူက ခါတိုင်းလို တဦးတည်း မစားတော့ဘဲ အငယ်သုံးယောက်နှင့် အတူ စားလိုက်သည်။ သမီးကြီးခမျာ ပင်ပင်ပန်းပန်း ချက်ထားရှာသော်လဲ ထမင်းရည်မစင်သော ထမင်းက ပျော့ပြဲပြဲ ဖြစ်နေသည်။ ဆားမပါသော ဘဲဥကြော်ကလဲ စားလို့ မကောင်းလှချေ။ အစားမက်သော အလတ်နှစ်ကောင်က ကြိတ်မှိတ်ပြီး စားနေကြသော်လဲ အငယ်ကလေးကတော့ မစားနိုင်။ ထမင်းတလုတ်ပြီးတိုင်း " မေမေ ချက်သလိုလဲ မကောင်းဘူး " ဟု တခါ ပြောတတ်သည်။ သူ့အစ်မ ကြားသွားမှာစိုးလို့ ကျယ်ကျယ်လဲ မပြောရဲရှာပေ။
နောက်တနေ့ကျတော့ စနေနေ့မို့ ရုံးပိတ် ကျောင်းပိတ်ရက်ဖြစ်သည်။ သမီးကြီးက အမေ့ကိုယ်စား စျေးသွားပြီး အငယ်တွေက အိမ်ရှင်းကြသည်။
" ငါးခူ၀ယ်လာတယ်၊ ငါးကြော် ဆိုတာ့ မေမေလဲ ဆန်ပြုတ်လေးနဲ့ သောက်လို့ရတာပေါ့ "
သမီးကြီးက ဆွဲခြင်းလေး တရမ်းရမ်းနှင့် မီးဖိုချောင် ဝင်သွားသည်။ ခဏနေတော့ ငယ်သံပါအောင် အော်သံကို ကြားရသည်။ မီးဖိုချောင်ထဲ မြွေများ ၀င်လေပြီလား ဟု စိုးရိမ်တကြီး ပြေးလာသူများမှာ ဖရိုဖရဲ မှောက်နေသော ခြင်းတောင်းနှင့် အတူ တဖျတ်ဖျတ် ခုန်နေသော ငါးများကို တွေ့ရသည်။ သားလှီးဓားကြီး ကိုင်ထားသော သမီးကမူ ငါးတွေကို ကွေ့ပတ်ကာ ရှောင်ရင်း အသားကုန် အော်နေသည်။
နောက်ဆုံးတော့ အသေထင်ပြီး ၀ယ်လာသော မသေမရှင် ငါးခူငါးကောင်ကို ပုဇွန်တောင်ချောင်းထဲ ပြန်လွှတ်ပြီး ဘဲဥကြော်နှင့် စခန်းသွားကြရပြန်သည်။ ဒီနေ့ကျတော့ အပြောင်းအလဲလေးနှင့် ဖြစ်သည်။ ထမင်းက မာပြီး ဘဲဥက ငန်နေသောကြောင့်ဖြစ်လေသည်။
နေ့ခင်းကျတော့ အငယ် နှစ်ကောင် ဆပ်ပြာရည်စိမ်ထားသော အ၀တ်များကို မောင်နှမတတွေ လျှော်ကြသည်။ ထို့နောက် ဆူညံပူညံတွေ ထွက်လာပြန်သည်။ သားနှစ်ကောင်က သူတို့ စပို့ရှပ် အနီရောင် နှစ်ထည်ကို ကျောင်းအင်္ကျီ အဖြူများနှင့် ရောပြီး စိမ်ထားသောကြောင့် ဖြစ်သည်။
" ကုန်ပါပြီဟယ်၊ ငါ့မှာ ကျောင်းအင်္ကျီအကောင်း နှစ်ထည်ပဲ ရှိတာဟဲ့ "
သမီးကြီးက အော်သည်။
" သားတို့အင်္ကျီတွေလဲ စွန်းတာပါပဲ မမကြီးရ "
သားတွေက လျှောက်လဲချက် ပေးသည်။
" သမီးကျောင်းအင်္ကျီလေးလည်း စွန်းသွားပြီ။ ရင်ဘတ်မှာ အနီရောင်ကြီး "
သမီးငယ်က ငိုသည်။
ထို့ကြောင့် သူက " ငါရဲ့ လည်ကတုံး ရှပ်လက်ရှည်လေးလဲ သွားပါပြီကွာ " ဟု ၀င်ပြီး ညည်းမနေဖြစ်တော့ပေ။
* * *
သုံးရက်လုံးလုံး အပြင်းဖျားပြီးကာမှ သူ့မိန်းမ အဖျားကျလေသည်။ နဂိုကမှ မ၀ရသည့်အထဲ ပိုပြီး ပိန်သွားသည်။ အခုမှပင် ဂရုတစိုက် ကြည့်မိတော့ နားသယ်ဆံစတွေလည်း ဖြူစ ပြုနေပီကို တွေ့ရသည်။ တအိမ်လုံးမှာတော့ ဖုန် အလိမ်းလိမ်း တက်ကာ ကမောက်ကမတွေလဲ အတော် ဖြစ်ပြီးနေပြီဖြစ်သည်။
" ဒီတခါ အမေနေကောင်းရင် အရင်တုန်းကလို အပင်ပန်း မခံနဲ့တော့နော်၊ အ၀တ်တွေကို သားတို့ ကူလျှော်မယ် "
သားနှစ်ယောက်က သူတို့အမေကို အကြင်နာစကား ဆိုကြသည်။
" ပန်းကန်ဆေးစရာတွေကို စုထား၊ သမီး ကျောင်းကပြန်တော့ ဆေးပေးမယ်နော် "
သမီးငယ်က ပြောသည်။
" ကြမ်းတိုက်ဖို့နဲ့ မီးပူတိုက်ဖို့ကတော့ သမီးတာ၀န်ထား "
သမီးကြီးက တာ၀န်ယူသည်။
နားထင်နားရင်းတွေကျကာ နွမ်းလျနေသောမိန်းမသည် သူ့သားသမီးများကို တလှည့်စီ ကြည့်ရင်း မသိမသာ မျက်ရည်တွေ လည်လာသည်။
ထို့နောက် "ခဏတဖြုတ် နေမကောင်းတာပါကွယ်၊ အမေလုပ်နိုင်ပါတယ် ကလေးတို့ရယ် "ဟု ပြုံးယောင်ယောင်နှင့် ပြောသည်။
သူကတော့ ... အင်း.... သူကတော့ သားသမီးတွေ ကွယ်ရာကျမှသာ ခပ်တိုးတိုးပြောဖြစ်သည်။
" သိပ်လည်း အပင်ပန်းမခံပါနဲ့ မိန်းမရယ်၊ မင်းမရှိရင် အစ်ကိုဘယ်လိုနေရမလဲ "
ကြားလိုက်ရသော စကားကို သူ့မိန်းမ ယုံဟန်မရှိ။ သူ့ကို တအံ့တသြ လှမ်းကြည့်သည်။ သူက နူးညံ့နွေးထွေးစွာ ပြုံးပြလိုက်တော့ ပိုပြီး အံ့သြသွားဟန်ရှိသည်။
" အစ်ကိုတို့တမိသားစုလုံးကို သာယာပျော်ရွှင်အောင်၊ လုံခြုံ နွေးထွေးနေအောင် မင်း ဘယ်လိုအနစ်နာခံပြီး စွမ်းဆောင်နေရသလဲဆိုတာ အရင်က လေးလေးနက်နက်နဲ့ မတွေးခဲ့မိဘူး။ အခုမှပဲ တစိမ့်စိမ့်တွေးပြီး ကျေးဇူးတင်မိတယ် ။ နောက်ပြီး... နောက်ပြီး…"
သူက ရုတ်တရက် ပြောမထွက်ဘဲ ထစ်ငေါ့နေသည်။ သူ့ကို ငေးကြည့်နေသာ မိန်းမကမူ သူ့မျက်လုံးထဲတွင် တသက်လုံး မျှော်လင့် စောင့်စားနေခဲ့သော တစုံတရာကို ရှာဖွေတွေ့ရှိသွားဟန် ရှိလေသည်။
" တကယ်လား ဟင်၊ ဒါ ... တကယ်ပဲလား "
သူ့မိန်းမက မယုံနိုင်သလို တိုးတိုးလေး ပြောနေသည်။ ညှိုးမှိန်နေသော မျက်လုံးများသည် အရည်လည်ကာ အရောင် တဖျတ်ဖျတ် မြူးလာသည်။ ထို့နောက် သူ့ရင်ခွင်ထဲ တိုး၀င်ကာ ရှိုက်ကြီးတင် ငိုရှာလေသည်။
#မစန္ဒာ
အမျိုးသမီးရေးရာ မဂ္ဂဇင်း၊ ၂၀၀၀ ပြည့်နှစ်၊
ဝတ္ထုတိုများ (၇)။
No comments:
Post a Comment