အသက်လေးဆယ်ကျော်ပြီဖြစ်သော တိုင်ကပ်နာရီကြီးကို မှုန်ရီ မွဲသီသော မျက်လုံးများနှင့် မော့ကြည့်မိသည်။ လေးနာရီထိုးကာနီးပြီ။ အဖေကြီးနှင့်တကွ အမေ့သားတွေ သမီးတွေ အသီးသီး ပြန်လာကြရန် အချိန်နီးပြီ။
အမေသည် လက်ထဲက စိပ်ပုတီးကို အသာပတ်လိုက်ရင်း ထိုင်ရာမှ ထသည်။ ထမင်းအိုးကို အခုနေ တည်ထားပါမှ မိသားစုထမင်းဝိုင်းတွင် မပူမအေး ခပ်နွေးနွေး ထမင်းကလေးကို စားရမည်ဖြစ်သည်။ အဖေကြီးက ဟင်းချေးမများသော်လည်း ထမင်းကျတော့ အတော်လေး ချေးများလေသည်။ ဆန်ကောင်းဆန်ညံ့ ရွေးပြီး ကြီးကျယ်သည်တော့မဟုတ်။ ဖိုပေါ်မှ ချကာစ ပူလွန်းသောထမင်းကိုလည်း မစားတတ်။ အေးစက်နေသော ထမင်းကြမ်းကိုလည်း မစားတတ်။ ချက်ပြီး တဖြည်းဖြည်းအပူလျော့လာသော ထမင်းနွေးနွေးကလေးကို စားတတ်လေတော့ အမေ၏ဦးနှောက်က ထမင်းချက်ချိန်၊ ကျက်ချိန်နှင့် စားချိန်ကို အစဉ်အမြဲ ချိန်ရတွက်ရ စဉ်းစားနေရလေသည်။
" ပြည်သူ့ဆိုင်ကလည်းတော် .. ဘယ်တော့များမှ ကောက်ကြီးဆန်ပေးပါ့မလဲ မသိဘူး ... "
အမေက မဆုံးသေးသောသံဗုဒ္ဓေကို ဆက်ရွတ်နေရင်း ကြားဖြတ်စဉ်းစားမိသည်။
" ဒီတခါဆိုရင်တော့ အပြင်က ဆန်ကောင်းကောင်းလေး တတင်းလောက် ဝယ်ပြီး ရောစားမယ်။ တတင်း တရာကျော်လည်း ကျော်ပေါ့။ တခါတလေပဲဟာ ဘာဖြစ်သေးလဲ။ အဖေကြီးလခက သုံးရာ၊ သားကြီးက ငါးရာ့လေးဆယ်၊ သမီးကြီးက သုံးရာ့ငါးဆယ်၊ သားငယ်က နှစ်ရာ့အစိတ်။ ကဲ ... နည်းတဲ့ဝင်ငွေလား .. " ဟု ဆက်၍စဉ်းစားမိတော့ သံဗုဒ္ဓေကို ဆက်ရွတ်ရန် မေ့သွားလေသည်။
တချိန်တုန်းကတော့ အမေတို့ တော်တော်လေး ကျပ်တည်းခဲ့သည်။ အဖေ့တဦးတည်းလစာနှင့် သားသမီးတွေအကုန်လုံး ကျောင်းစားရိတ်၊ စားစရိတ်ကို ထမ်းရလေတော့ မနိုင်ဝန်ကို ထမ်းရသည်သို့ ရှိလေသည်။ သမီးကြီးက ဆယ်တန်းအောင်တော့ တက္ကသိုလ်ဆက်မတက်ဘဲ အလုပ်ဝင်ခဲ့သောကြောင့်သာ အဖေကြီးခမျာ အသက်ရှူသာသွားခြင်းဖြစ်လေသည်။ အခုတော့ သားနှစ်ယောက်လည်း ပညာစုံပြီ။ အလုပ်ကိုယ်စီနှင့် ဝင်ငွေလေးတွေလည်း အသီးသီးရှိလာပြီဆိုတော့ အမေသည် အခါတိုင်း ရပ်နေကျ ဘဲဥဆိုင်ရှေ့တွင် နေ့တိုင်း ရပ်စရာမလိုတော့ဘဲ ကြက်သားဆိုင်၊ ဆိတ်သားဆိုင်ရှေ့တွင်လည်း တခါတရံ ရပ်နိုင်ပြီဖြစ်သည်။ တခါတရံလည်း " ရှင်အေးမေ .. ဘာရခဲ့တုံး။ ကျွန်မတော့ ပုစွန်ထုပ်ချဉ်လေး ကောင်းတာနဲ့ ဝယ်လာခဲ့တယ်။ ကြက်သွန်ဖြူလေး လှီးထည့်၊ ပင်စိမ်းရွက်လေး အုပ်ပြီး ဆီရွှဲရွှဲ ငရုတ်သီးစပ်စပ်နဲ့ သုပ်စားရအောင်လေ .. " ဟု ခပ်ကျယ်ကျယ်လေး ပြောနိုင်ပြီဖြစ်သည်။
စိတ်ကသာ ဟိုတွေးဒီတွေး တွေးနေသော်လည်း ဆန်ခြင်ရာတွင်တော့ မမှား။ အကျင့်ပါနေသောလက်က ဆန် နို့ဆီဘူးသုံးလုံးကို ထမင်းအိုးထဲ ထည့်အပြီး ဆန်ပုံးကို အလိုလိုပိတ်မိပြီး ဖြစ်နေသည်။ အမေ စပါးလုံးရွေး၊ ဆန်ကွဲပြာ၊ ဆန်ခြင်၊ ထမင်းအိုးတည်၊ ထမင်းရည်ငှဲ့ခဲ့သောနှစ်ကာလကလည်း ရွှေရတုသဘင်ပင် ကျင်းပလို့ရနေပြီဆိုတော့ ဒီလက်တွေကလည်း ပြေးလမ်းကျင့်ထားသောမြင်းလို အလိုလို လှုပ်ရှားတတ်နေပြီဖြစ်ထင်သည်။
" မနက်တုန်းက ငါးဖယ်ဆုပ်ကျန်တာနဲ့ မြင်ခွာရွက်ဟင်းချိုလေး ထပ်ချက်လိုက်မယ်ဆိုရင် တော်ရောပေါ့။ ငပိရည်ကိုတော့ ရေထပ်ထိုးပြီး ကျိုလိုက်ဦးမယ်။ တို့စရာအတွက်တော့ သခွားသီးလေးတလုံး ကျန်သေးတယ် ထင်ပါရဲ့ ... "
အမေက ထမင်းအိုးကို ဖိုပေါ်တင်ပြီး ဆက်၍တွေးပြန်သည်။ တနေကုန် တယောက်တည်းနေရသော သူ့အတွက်တော့ အတွေးသည်သာ အကောင်းဆုံးအဖော်ဖြစ်လေသည်။ သူက အိမ်လည်း မလည်တတ်။ စာလည်း ဖတ်လေ့ဖတ်ထမရှိ။ သီချင်းလည်း မညည်းတတ်ဆိုတော့ လုပ်စရာရှိသည်များကို လက်က လုပ်ရင်း တွေးစရာရှိသည်များကိုလည်း စိတ်ကတွေးရင်း တနေကုန်ရတတ်လေသည်။
" တညင်းသီးကလည်း ခုထိကို ပေါ်မလာသေးဘူး။ တရာကို ငါးကျပ် ခြောက်ကျပ်စျေးလောက်နဲ့ ရမှ သုံးလေးရာဝယ်ပြီး ဆားစိမ်ထားလိုက်ဦးမယ် .. "
အမေ့အတွေးက သခွားသီးမှနေပြီး တညင်းသီးသို့ ခုန်၍ကူးသွားပြန်လေသည်။
" တညင်းသီးဆားစိမ်ကတော့ ဟုတ်ပါရဲ့။ အိမ်သာကို ရေလောင်းလို့မနိုင်အောင် နံတာက ခက်လှတယ်။ အင်း .. ငါတို့ကလည်း ဘာလို့များ နံနံစော်စော်အသီးကို မက်မက်မောမော ကြိုက်နေကြတယ် မသိပါဘူး။ ဒုက္ခ ... ဒုက္ခ ... "
အမေက ထမင်းအိုးတည်ထားစဉ် သံဗုဒ္ဓေဆက်၍ ပုတီးစိပ်မည် စဉ်းစားထားသော်လည်း အတွေးနောက် တကောက်ကောက်လိုက်နေသော စိတ်အလျဉ်ကြောင့် မေ့သွားပြန်လေသည်။ စကာထဲထည့်ထားသော သခွားသီးကလေးကို ယူကာ အခွံသင် ရေဆေးပြီး အဆင်သင့်စားနိုင်ရန် အဝိုင်းလေးတွေ လှီးသည်။ မြင်းခွာရွက်ကို ရေဆေးပြီးတော့ ထမင်းအိုး ပွက်ပွက်ဆူလေသည်။ ယောက်မနဲ့လှမ်းမွှေစဉ် ပွက်ခနဲပွက်လာသော ထမင်းရေစက်က လက်ခုံကို လာစင်တော့ တွန့်ခနဲဖြစ်သွားသည်။
" အင်း ... ဒီလောက်ကလေး စင်တာတောင် ပူလိုက်တာ။ ငရဲပြည်ရောက်ပြီး ငရဲမီးများ အလောင်ခံရရင် ဘယ်လောက်များ ပူလိုက်မလဲ မသိဘူး ... "
အမေက စဉ်းစားရင်း ပုခုံးကို အလိုလို ကြုံ့ထားမိလေသည်။ ငရဲပြည်ဆိုတာ ဘယ်မှာရှိသလဲ။ မြေကြီးထဲမှာလား အသေအချာမသိသော်လည်း လောက၏တနေရာ၌ တကယ်ပင်ရှိသည်ဟု အမေ ယုံကြည်သည်။ မိမိပြုလုပ်သောကောင်းမှုအတွက်သော်လည်းကောင်း၊ မကောင်းမှုအတွက်သော်လည်းကောင်း ကောင်းကျိုး ဆိုကျိုးဟူသည်မှာ ရှိလည်းရှိသင့်သည်။ ထို့အပြင် ရှိလည်း ရှိရမည်။
တနေ့တုန်းကတော့ ကြက်သားသည် အလေးခိုးလိုက်တုန်းက " သူ့တို့မို့လို့ ငရဲမကြောက် ဘာမကြောက် တကျပ်တပြားအတွက်နဲ့ လုပ်ရဲလိုက်တာ "ဟု အိမ်မှာ မကျေမနပ် ပြန်ပြောမိတော့ သားငယ်က နောက်နောက်ပြောင်ပြောင်ပြောနေကျ သူ့ဝါသနာအတိုင်း " အမေကလည်း သူတို့က ငရဲဘယ်ကြောက်တာ့မလဲ။ ဆီပူအိုးထဲမှာ ဆီမှမရှိတော့တာ။ စျေးကြီးလို့ မဝယ်နိုင်ဘူးတဲ့ ... " ဟု ရယ်စရာပြောတာ သတိရမိသည်။ သမီးကြီးက သူ့မောင်၏ထိပ်ကို လှမ်းခေါက်ကာ " အမယ် .. ဆီမရှိလည်း ရေနဲ့ပြုတ်လို့ ရတာပါပဲနော် "ဟု ဆိုတော့ သားငယ်က " ရေနဲ့ပြုတ်စရာ မီးသွေးလည်းမရှိတော့ဘူး။ ငရဲသားတွေက မီးသွေးကို ဝါးစားလိုက်ကြပြီ "ဟု ကဲ၍ပြောကာ တဟားဟားရယ်ရင်း နေရာမှ ထပြေးသွားလေသည်။
" ဘာပဲဖြစ်ဖြစ် တို့များကတော့ ငရဲကို သိပ်ကြောက်တာပဲ။ ဆီပူနဲ့ အကြော်မခံရလည်း မကောင်းတာလုပ်တဲ့သူဟာ မကောင်းတာ ပြန်ဖြစ်တတ်တာပဲ။ စေတနာ အကျိုးပေးတယ်ဆိုတာ နောက်ဘဝအထိတောင် စောင့်တာမဟုတ်ဘူး။ တခါတလေ လက်ငင်းကို အကျိုးပေးတတ်တာ ... "
အမေက ထမင်းရည်ငှဲ့ရင်းက ဆက်၍စဉ်းစားသည်။
" ဒီနေ့ ငါးဖယ်ဆုပ်သည်ကျတော့လည်း တရားလွန်တယ်။ တဆယ်သား ခြောက်ကျပ်ဆိုတာ နည်းတဲ့စျေးလား။ ဒီလောက်စျေးကြီးဆိုပြီး ရောင်းနေမှတော့ မှန်မှန်ကန်ကန်ရောင်းပေါ့။ ပါးစပ်ကတော့ အော်နေလိုက်တာ .. ငါးဖယ်
အစစ်ကို စား .. အစစ်ကိုစားတဲ့။ နောက်ပြီး ငါးပုတ်သင်က ရောထားတယ်။ အဲဒါကတော့ တကယ့်ကို မတရားလောဘ ... "
အမေက တွေးရင်း ဒေါသဖြစ်လာသည်။ တဆယ်သား ခြောက်ကျပ်ဆိုတာ နည်းနည်းနောနောစျေးမဟုတ်။ တအိမ်သားလုံး ည မနက် စားဖို့ဆိုတော့ အစိတ်သား ဝယ်ရသည်။
အစိတ်သားဆိုတော့ ဆယ့်ငါးကျပ်။ ထိုဆယ့်ငါးကျပ်ဖိုးကို မနက်စာ ညစာ လောက်လောက်ငင စားနိုင်ရန် ထမင်းဘူး လေးဘူး လှလှပပထည့်နိုင်ရန်အတွက် လက်သည်းခွံလောက် အလုံးလေးတွေ လုံးရသည်။ မျက်စိကိုလှည့်စားပြီး ဟင်းများသည်ထင်ရန် ပြုလုပ်ခြင်းဖြစ်လေသည်။ အမေသည် စိတ်ပညာမသင်ခဲ့သော်လည်း ဘဝက သင်လေတော့ ဒီလောက်တော့ အလိုလိုတတ်လေသည်။ ထိုသို့ တိုရေရှားရေဝယ်ရသော ငါးဖယ်တွင် ငါးပုတ်သင်ရောလေပြီဆိုတော့ ဘယ်လိုထောင်းထောင်း တန်းပြည့်ငါးဖယ်အစစ်လို စီးပြီး မာမလာတော့။ အသားက ပွစိစိ၊ အနံ့က အောက်တောက်တောက်နှင့်မို့ လွှင့်ပစ်လောက်အောင်လည်း မချမ်းသာ၊ စားရပြန်တော့လည်း ဒေါသဖြစ်နှင့် အကုသိုလ်များလှသည်။
ငါးဖယ်အကောင်ကို သုံးဆယ် လေးဆယ်စျေးလောက် ဝယ်နေရသောအချိန်တွင် ငါးပုတ်သင်က ခုနစ်ကျပ် ရှစ်ကျပ်လောက်နှင့် ရတတ်သည်။ ဒီတော့လည်း စျေးကြီးတွင် စျေးနည်းကို ရောထည့်သလောက် အမြတ်များနေသည်။ သူလည်းလေ လောဘသားပေမို့ ရောချင်လှပေလိမ့်မယ်ဟု ကရုဏာရှုထောင့်က ကြည့်ပြီး တရားနှလုံးသွင်းကာ ခွင့်လွှတ်ချင်လို့ကလည်း ဘာမှမလုပ်တတ်။ အ သူ ခံစတမ်းဟူသော နိယာမသည် ကျောက်ခေတ်ကတည်း စ,ပေါ်လာခဲ့သည်ဖြစ်ရာ ကမ္ဘာပျက်သည်အထိ ဆက်လက်တည်ရှိသွားမည်ဖြစ်လေသည်။
" တကယ်က ငါ အ လို့ ခံရတာပဲ။ ငါးဖယ်နဲ့ငါးပုတ်သင်ကို ခွဲပြီးမှ မသိတာ ... "
မသိတာမှ တကယ်ကို မသိခြင်းဖြစ်သည်။ ငါးဖယ်ခြစ်နှင့်ငါးပုတ်သင်ခြစ်ကိုမထောင်းခင် မထုခင် မကြော်ခင် မလှော်ခင် အမေက ဘယ်လိုမှ ခွဲခြားပြီးမသိ။ တခါခံရရုံနှင့်လည်း မမှတ်။ စျေးသည်က ငါးဖယ်ရိုးတွေ အရှေ့မှာပုံထားပြီး " ငါးဖယ်အစစ်တွေနော် .. "ဟု အော်ပြန်လျှင် ယုံမိပြန်သည်သာဖြစ်သည်။ နက်ဖြန်ခါကျမှ ငါးဖယ်လည်းမစစ်ဘူးလို့ ပြောလိုက်ဦးမယ်။ ဒီတော့လည်း သူက တပြန်စီးပြီး ဒေါင်းတင်မောင်းတင်နဲ့ ဘယ်မှာလဲ ပြန်ယူလာခဲ့ဆိုမှအခက်။ စစ်စစ် မစစ်စစ် စားလို့ကတော့ ကုန်ပြီ။
အမေသည် ထမင်းအိုးကို တချက်နှစ်ချက် ဆောင့်ကာ မီးဖိုပေါ် ပြန်တင်သည်။ သံဗုဒ္ဓေပုတီးပတ်ကို ဆက်စိပ်ရန် စိတ်ကူးမိစဉ် " အမေရေ .... တံခါးဖွင့်ပါဦဗျ "ဟူသောအသံကို ကြားရသည်။ အမေက လက်ထဲရောက်နေသော ပုတီးကို လက်ကောက်ဝတ်တွင် ပြန်ပတ်သည်။ ရုံးအနီးဆုံးမို့ အရင်ဆုံးရောက်လေ့ရှိသော သားငယ် ပြန်လာပြီ။
* * *
တနေ့ခင်းလုံး တိတ်ဆိတ်ငြိမ်သက်နေသော အမေ့အိမ်လေး ဆူညံစိုပြေလာတော့သည်။
" မင်းငါးဖယ်ကလည်း သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ စစ်တယ်ထင်ပါရဲ့ကွာ ... "
" အို ဗျာ .. ငါးဆယ်ရာခိုင်နှုန်းလောက် စစ်ပါတယ်အဖေရဲ့ "
" စျေးနည်းလို့ အတုရောတယ်ဆိုရင် ထားပါတော့။ ဒီလောက်တောင်စျေးကြီးကြီးနဲ့ ရောင်းပြီး တခါထပ် အတုရောတယ်ဆိုတာကတော့ တရားလွန်တာပေါ့။ အမြတ်ကို နှစ်ခါယူတာ .. "
" အို .. အမေကလဲ၊ ဘယ် ကမှာလဲ၊ အလေးကရော မှန်တယ်ပြောနိုင်လို့လား။ အလေးခိုးပြန်တော့ သုံးခါ မြတ်ကရော... "
ညနေထမင်းဝိုင်းကျတော့ အမေ့ငါးဖယ်က ဇာတ်လိုက်ဖြစ်နေသည်။ အဖေကြီးနှင့်တကွ သားတွေသမီးတွေ တယောက်တပေါက်ပြောနေသည်ကို နားထောင်ရင်း အမေက ငါးဖယ်သည်ကို အခါခါ မေတ္တာပို့နေမိလေသည်။
" ဒါ .. မတရားလောဘကွ။ မင်းငါးဖယ်သည်တော့ ချမ်းသာလှရောပေါ့ အမေကြီးရေ။ ရွှေလက်ကောက်တွေဆင်ပြီး ဝတ်မထားဘူးလား ... "
" ဟင်အင်း ... ကလေးကို ရင်ခွင်ထဲထည့်ပြီး နို့တိုက်ရင် ဒူးထောင်ပေါင်ကားနဲ့ ငါဖယ်ခြစ်နေရတာ ... နွမ်းလို့ ... နယ်လို့ "
အမေသည် ငါးသည်မလေး၏ နွမ်းနယ်ပန်းလျသောသဏ္ဍန်ကို ပြန်၍စဉ်းစားမိသည်။
" အဲဒါ ... စေတနာအကျိုးပေးတာပေါ့။ သူများကို အကောင်းမရောင်းတော့ သူရော ချမ်းသာလို့လား ... "ဟု ဆက်၍တွေးသည်။
" သူလည်း လက်ဖက်ရည်ဖိုးရှာရတာပေါ့ အမေရာ။ ကျွန်တော်တို့လို ရုံးမှာလုပ်တဲ့သူတချို့ကျတော့ ရုံးကိစ္စနဲ့ ပတ်သက်ရာပတ်သက်ကြောင်း ကိစ္စလေးတွေ ဆောင်ရွက်ပေးတော့ ပတ်သက်တဲ့သူတွေဆီက လက်ဖက်ရည်ဖိုးလေး ဘာလေး ရတယ်မဟုတ်လား "
သားကြီးက ခပ်ပြုံးပြုံး ပြောသည်။ အမေတို့မိသားစုတွင် သားအကြီးက စာအဖတ်ဆုံးဖြစ်သည်။ ထို့အပြင် အအေးဆုံး အငြိမ်သက်ဆုံးလည်းဖြစ်သည်။ ပြဿနာတစုံတခုဖြစ်လာလျှင် အဖေက ဒေါသဖြစ်ကာ အမေနှင့်သမီးက တဗြစ်တောက်တောက်ပြောတတ်ပြီး သားငယ်က ရယ်မောပစ်တတ်သည်။ သားကြီးကတော့ " စဉ်းစဉ်းစားစား လုပ်ကြပါဗျာ။ အရမ်းမဆုံးဖြတ်ပါနဲ့ "ဟု ပြောလေ့ရှိလေသည်။
" အင်း ... ဦးစဉ်းစားကြီးကတော့ စဉ်းစားပြီးရင်း စဉ်းစားရင်းနဲ့ ရည်စားထားဖို့တောင် အခါခါ စဉ်းစားနေပုံပဲ။ ဒီလိုပုံနဲ့တော့ အသက်လေးဆယ်ကျော်ရင်တောင် မိန်းမရမှာမဟုတ်ဘူး ... "
သားငယ်က သူ့အစ်ကိုကြီးအား ထောမနာပြုလေ့ရှိသည်။
အမေက ထမင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စားရင်း " အင်း ... သားကြီးစဉ်းစားတာလည်း မမှားဘူး။ အခုတော့ ငါတို့မိသားစုလေး တစုတစည်းတည်းမို့ သိုက်သိုက်ဝန်းဝန်းနဲ့မို့ ပြည့်စုံလုံလောက်တယ် ဆိုပါတော့။ သူတို့တွေ အိမ်ထောင်ပြုသွားရင် တယောက်စီရဲ့ဝင်ငွေဟာ အိမ်ထောင်တခုစီရဲ့ ဝင်ငွေဖြစ်တော့မှာ။ သားတွေသမီးတွေ တို့လို့တန်းလန်း မွေးလာရင် ဘယ်လိုလုပ်ပြီး လောက်လောက်ငငရှိတော့မှာလဲ "ဟု တွေးမိပြီး ရင်ပူသွားသည်။
သားကြီးကလည်း သူတို့ငယ်စဉ်က ခံစားခဲ့ရသော ကျပ်တည်းမှုဒဏ်ကို အစဉ်အမြဲ သတိတရရှိနေဟန်တူလေသည်။ ထို့ကြောင့်လည်း အသက်သာ သုံးဆယ်နီးလာသော်လည်း ချစ်ရေးကြိုက်ရေး အိမ်ထောင်ရေးတွင် တုံ့နှေးတုံ့နှေးလုပ်ကာ ချီတုံချတုံ စဉ်းစားပြီးရင်း စဉ်းစားရင်းနှင့် သူများလက်သို့သာ တဦးပြီးတဦး ပါကုန်တတ်လေသည်။
" ဒူးယားတွေကလည်း စျေးကောင်းလိုက်တာ။ တတောင့်ကို ကောက်စျေး ရှစ်ဆယ့်ငါးကျပ်တဲ့ "
အဖေကြီး၏အတွေးတွေက လက်ဖက်ရည်ဖိုးကနေပြီး စီးကရက်ဖိုးဆီသို့ ရောက်သွားလေသည်။
" အမယ်... အဖေက ဒူးယားအတောင့်လိုက် ဝယ်သောက်မလို့လား .. ဟား ... ဟား .. "
" ထီပေါက်အောင် စောင့်လိုက်ဦးမယ် သားရေ ... "
အဖေကြီးက တခြားအပျော်အပါး ဘာမှမရှိသော်လည်း ဆေးလိပ်တော့ကြိုက်သည်။ ပထမ တလိပ် ပြားသုံးဆယ်၊ ထို့နောက် တကျပ် သုံးလိပ်ဆိုတုန်းက တခါတရံဝယ်ပြီး သောက်တတ်သည်။ ယခုတော့ တလိပ်ကို ငါးမူး ပြားခြောက်ဆယ်ဖြစ်နေပြီဟု ဆိုသည်။ အဖေကြီး မတတ်နိုင်တော့။ သားကြီး ပဲခူးမြို့ကို အလုပ်ကိစ္စနှင့်သွားတိုင်း အပြန်တွင် အစည်းလိုက်ဝယ်လာတတ်သော ပူစီဆေးလိပ်ကိုသာ သားနှင့်အတူတူ ရောပြီး ခဲရတော့သည်။
" ဒီနေ့ မင်းတို့အမေမှာလိုက်လို့ ဆပ်ပြာသွားဝယ်တာဟေ့။ ရွှေဝါတပိုင်း ဆယ့်နှစ်ကျပ်ဆိုလို့ အင်္ကျီကို ဆပ်ပြာမတိုက်ဘဲ ရေနဲ့ပဲလျှော်တော့မယ်ပြောပြီး ပြန်လာခဲ့တယ်။ ဒူးယားက အဲဒီကုန်စုံဆိုင်မှာ သူများလာသွင်းတာ။ ဘယ်သူလာသွင်းတာလဲတော့ ငါ့ကိုမမေးနဲ့ ... "
အဖေကြီးက စိတ်တိုလာဟန်နှင့် ခပ်ဆတ်ဆတ်ပြောတော့ သားငယ်က " ဪ ... ဂလိုကိုး .. "ဟု ပြာဂလောင်လေသံနှင့် ပြောကာ ငြိမ်သွားလေသည်။
အမေတို့ထမင်းဝိုင်းကလေးသည် အတွေးကိုယ်စီနှင့်မို့ ခေတ္တမျှ ငြိမ်သွားသည်။ အမေက ပန်းကန်ထဲတွင် ကုန်နေပြီဖြစ်သော ငပိရည်ကျဲကို ထပ်ဖြည့်ရင်း ငရုတ်သီးမှုန့်ပုလင်းကို အကုန် သွန်မှောက်ချလိုက်သည်။ ပုလင်းဖင်တွင်ကပ်နေသော ငရုတ်သီးမှုန့် အကပ်အသတ်ကလေးများက ငပိရည်ပန်းကန်ထဲသို့ မဆင်းချင် ဆင်းချင်နှင့် ခုန်ဆင်းလာကြလေသည်။ မြင်းခွာရွက်ဟင်းချိုကိုလည်း ပန်းကန်ထဲ သွန်မှောက်ဖြည့်လိုက်ရင်း " စီးကရက်တတောင့် ခြောက်ဆယ်မြတ်တော့ရော ... ကြက်တပိဿာ ဝက်တပိဿာဝယ်လိုက်ရင် ကုန်ရောပေါ့။ ငါးမြင်းတို့ ပုစွန်ကျားတို့ စားချင်ရင်တော့ တပိဿာတောင်မရဘူး။ ငါးဆယ်သားစီပဲ ရမှာ .. "ဟု စဉ်းစားမိတော့ ပြုံးချင်ချင်ဖြစ်သွားလေသည်။
" သမ္မတရုံမှာ သန်ဘက်ခါ ကားသစ်လဲမယ်ဗျ "
အမေ့အတွေးက ငါးမြင်းဗိုက်သားဆီ ရောက်နေသော်လည်း သားငယ်၏အတွေးကမူ ရုပ်ရှင်ရုံသို့ ရောက်သွားသည်။
"ဒီနေ့ ကြိုတင်လက်မှတ်သွားလုပ်တာ ကျွန်တော့်ရှေ့မှာ နည်းတဲ့လူတန်းကြီး မဟုတ်ဘူးဗျာ .. "
"ကြည့်မယ့်သူတွေလား "
"ဟင့်အင်း ... ပြန်ရောင်းမယ့်သူတွေ "
" နေပါဦး။ မင်းကရော ကြိုတင်လက်မှတ် ဘာလုပ်ဖို့ သွားဝယ်တာလဲ "
" ကြည့်ဖို့ပေါ့ အကိုရ "
" ဘယ်သူနဲ့လဲ"
" ဟာဗျာ .. သိသားနဲ့ .."
သားကြီးက မေးတော့ သားငယ်သည် အမေ့ကို ခိုးကြည့်ကာ မလုံမလဲပြုံးသည်။ အမေက ခွင့်လွှတ်ပြုံး ပြုံးနေလိုက်သည်။ သားငယ်၏အသက်သည် ယခုလာမည့်ဩဂုတ်လဆိုလျှင် နှစ်ဆယ့်သုံးနှစ်ပြည့်ပြီ။ အမေက ငယ်သေးသည်ထင်သော်လည်း အခြားသူများက လူလားမြောက်ပြီဟု သတ်မှတ်ထားပြီးဖြစ်သည်။ ချစ်သူရည်းစားထားသည်ကို အပြစ်တင် ဆူပူနေလို့လည်း ရမည်မဟုတ်။ အချိန်တန်လျှင် အဝေးသို့ ပျံကြရမည်မှာ သဘာဝမို့ အဖေတို့အမေတို့က ခွင့်လွှတ်ဖို့သာရှိသည်။
သားငယ်ကတော့ အစ်ကိုနှင့်အစ်မလို ရှည်ရှည်ဝေးဝေး စဉ်းစားတတ်သူမဟုတ်ပေ။ လှတာမြင်လျှင် ကြိုက်ချင်ချင်သဘာဝမို့ ကြိုက်လိုက် ကွဲလိုက်နှင့် ယခုလက်ရှိအသက်အထိ ချစ်သူ သုံးဦး လေးဦးတော့ ရှိပြီးပြီထင်သည်။
" လက်မှတ်ရော ရခဲ့လား "
" ဘယ် ရမှာလဲ "
" ဒီလိုဆို မင်း ရုံးချိန်ကြီးလစ်ထွက်ရပြီး မောတာပေါ့ "
"အင်း ... မောတာပေါ့။ ဒါပေမဲ့ ဝတ္ထုလေးတပုဒ်တော့ စိတ်ကူးရလာတယ် "
" ဘာတဲ့တုံး "
သားငယ်က စာပေဝါသနာပါသည်။ အစ်ကိုကြီးလောက် စာမဖတ်သော်လည်း စာတိုပေစ ကဗျာတို ကဗျာစလေးများကို ရေးတတ်သည်။ သူ့ကဗျာလေးစာလေးများကို ဖတ်ပြီး သူ့အစ်ကိုကြီးက " မင်းဟာက အတွေးနည်းနည်းနုနေသေးတယ် "ဟု ဝေဖန်လျှင် " ရင့်ချိန်တန်တော့ ရင့်မှာပေါ့ဗျာ။ ကျွန်တော်က အစ်ကို့လို အဘိုးကြီးမှမဟုတ်တာ "ဟု နှုတ်လှန်ထိုးတတ်လေသည်။
" ကျွန်တော့်ရှေ့က မှောင်ခို ... ပြီးတော့ .. ကျွန်တော် ဆိုပြီးတော့လေ။ မကောင်းဘူးလား ... "
" အမလေး ... အဲဒီဝတ္ထုကြီးကိုတော့ လက်ညောင်းခံပြီး ရေးမနေပါနဲ့တော့ဟယ်။ စိတ်ကူးဘဝကတည်းက အမှိုက်ပုံးထဲသာ ကြိုကြိုတင်တင် ထည့်ပစ်လိုက် "
သမီးကြီးက ရယ်ရယ်မောမောနှင့် အားပေးစကားဆိုတော့ သားငယ်၏မျက်နှာလေး ရှုံ့သွားသည်။ အစ်မဖြစ်သူအား မကျေမနပ်နှင့် ကြည့်သည်။
" အစ်မကလဲ တကယ်ကြည့်ချင်တဲ့သူက တနေရာစာကို သုံးလေးကျပ် အမြတ်ပေးရမှာဗျ။ တရားသလား "
အဖေကြီး၏သက်ပြင်းချသံကို ကြားရသည်။ အမေကလည်း ရောယောင်ပြီး ပင့်သက်ရှိုက်သည်။ ထမင်းပန်းကန်ထဲတွင် နောက်ဆုံးကျန်နေသေးသော ထမင်းတလုတ်စာပေါ်သို့ ငပိရည်ထပ်ဆမ်းပြီး သခွားသီးစိတ်ကလေး မြုပ်လိုက်သည်။
" လူတွေလည်း ပျက်စီးလိုက်ကြတာဟယ် "
နောက်ဆုံးထမင်းလုတ်ကျမှ ကံဆိုးသည်။ ငပိရည်က အငန်ကဲရသည့်အထဲ သခွားသီးကလည်း ထိပ်ပိုင်းကျသွားလို့လားတော့ မသိ။ ခါးလှသည်။ ပါးစပ်ထဲရောက်ပြီးတော့ ထွေးမထုတ်ချင်သည့်အတွက် ကျိတ်မှိတ်ဝါးပြီး မျိုချလိုက်သည်။
" သူတို့အပြစ်ကြီးပဲလည်း မဟုတ်သေးဘူးအမေရဲ့။ ကြိုတင်တစောင်ကို လေးယောက်စာ တယောက်စာကို နှစ်ကျပ်သုံးကျပ်အမြတ်ရတယ်ဆိုတော့ တမနက်ခင်း လာစီရုံနဲ့ တဆယ်ဝန်းကျင်မှာ အမြတ်ရတာကိုး "
" ဒါပေမဲ့ နေ့စားလုပ်တယ်ဆိုတာ သမ္မာပါဇီဝ အစ်ကိုရ။ ဒါက ခေါင်းပုံဖြတ်တာ ... "
"သူတို့ကတော့ အဲဒီလိုစဉ်းစားမှာ မဟုတ်ဘူး ငါ့ညီ "
" ဒါ့ကြောင့် ပျက်စီးတယ် ပြောတာပေါ့ "
" အေးလေ ... ဒါပေမဲ့ အကြောင်းနဲ့အကျိုးဆိုတာ အပြန်အလှန် ဆက်သွယ်မှုရှိတယ် .."
ပါးစပ်က ငန်ရ ခါးသည့်အထဲ ဦးစဉ်းစားကြီးက ရှေ့နေအလိုက်ကောင်းနေတော့ အမေ အတော်လေး စိတ်တိုလာသည်။
" ကဲ .. ကိုယ်တော်ကြီး ငါးဖယ်ခြစ်ထဲ ငါးပုတ်သင်ရောတာကိုရော .. ကျုပ်က ငါးသည်ကို အပြစ်မတင်လို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ ... မိန့်တော်မူပါဦး ... ဘယ်လိုအကြောင်းနဲ့ ဘယ်လိုအကျိုးလည်း အမိန့်ရှိပါဦး ... "
အမေက ခပ်ငေါ့ငေါ့ပြောတော့ သားငယ်က တဟားဟား ထရယ်သည်။ သားကြီးကတော့ အမေ့မျက်နှာကို ခပ်ငေးငေးကြည့်နေပြီးမှ သူ့ခေါင်းကို သူကုတ်ကာ မရယ်ချင့် ရယ်ချင်နှင့် ရယ်သည်။ ထို့နောက် ပင့်သက်ကို မသိမသာ ရှိုက်သည်။
" ဒါတော့ သိဘူးလေ ... "ဟု ခပ်တိုးတိုး ခပ်လျော့လျော့ ပြောလေသည်။
မစန္ဒာ
No comments:
Post a Comment