Saturday, July 9, 2022

တီဗွီနာ

ဦးမောင်မောင်လတ်သည် မှန်ထဲတွင် သူ့ကိုယ်သူ အသေအချာ ကြည့်မိသည်။ အသားအရေက ခြောက်နေသည်။ အိပ်ရေးမဝသော မျက်လုံးများက ခပ်စင်းစင်း၊ မျက်တွင်းက ခပ်ကျကျ။


ဦးမောင်မောင်လတ် သက်ပြင်းချမိသည်။ ဧည့်ခန်းထောင့်က တီဗွီကို စောင်းကြည့်သည်။ ဒါကြောင့် ......


* * *


သူတို့နေသော ရပ်ကွက်ကလေးက မြန်မာရပ်ကွက် ဖြစ်သည်။ အိမ်ခြေ စိပ်သည်၊ ဖုန်ထူသည်၊ ခြင်ပေါသည်၊ ကလေးပေါသည်။ 


ညနေတိုင်ကျလျှင် သူတို့လမ်းကျဉ်းလေးတွင် ကလေးများနှင့် ပြည့်နေသည်။ ကစားကွင်းကလည်း သီးသန့်မရှိလေတော့ ဒီလမ်းပေါ် တွင်ပင် ဂေါ်လီရိုက်ကြ၊ သားရေကွင်းပစ်ကြ၊ ထုပ်ဆီးတိုးကြ၊ လိုက်တမ်း ပြေးတမ်း ကစားကြနှင့် ဆူညံနေသည်။ တစ်ခါတစ်ရံတော့လည်း ငိုသံကြားရသည်။ ဟိုဘက်အိမ်က ကလေးကို ဒီဘက်အိမ်က ကလေးက ထိပ်ကိုထုသောကြောင့် ဖြစ်သည်။ ဟိုဘက်အိမ်က ကလေးကလည်း ဒီဘက်အိမ်က ကလေး၏မျက်နှာကို ပြန်ကုတ်သည်။ 


ကစားပွဲပျက်ကာ လုံးထွေးသတ်ပုတ်ကြသည်။ အမေချင်း ဆက်၍စကားများကြသည်။ အဖေတွေက မျက်နှာထားတင်းတင်းနှင့် တစ်ဦးကိုတစ်ဦး မျက်စောင်းခဲသည်။ ကိုယ့်ကလေးကို ကိုယ့်အိမ်ထဲ ဆွဲသွင်းသည်။ တံခါးကို ဂျိုင်းခနဲ ပိတ်သည်။ တခြားအိမ်တွေက တခြားအမေတွေကလည်း "အေ သံချောင်းရေ ထမင်းစားရအောင်၊ လာတော့လေ" ၊ " ပူစူးရေ.. အေ ပူစူး လာတော့၊ အိမ်ထဲဝင်" အော်ကြဟစ်ကြသည်။ ကလေးအပေါင်း သူတော်ကောင်း မျောက် လောင်းလေးများလည်း အိမ်ထဲသို့ ကုပ်ချောင်းချောင်း ဝင်ကြရကုန်သည်။


သို့သော် နောက်တစ်နေ့ ညနေစောင်းလျှင် အကုန်လုံး လမ်းမပေါ်သို့ ပြန်ရောက်ကုန်ကြသည်။ ဟိုဘက်အိမ်က ကလေးနှင့် ဒီဘက်အိမ်က ကလေးလည်း "စိန်ပလိမ်တိမ် မုန့်ကြိုးလိမ် စိန်စိန်” ဟု အော်နေကြပြီဖြစ်သည်။ ဟိုဘက်အိမ်က အမေနှင့် ဒီဘက်အိမ်က အဖေတွေကလည်း မျက်နှာထားပျော့နေပေပြီ။


“မြတော့ ဒီရပ်ကွက်ကလေးမှာ နေရတာ သိပ်ပျော်တာပဲ။ မြတို့ငယ်ငယ်တုန်းက နေခဲ့တဲ့ ရွာကလေးလိုပဲ၊ ကူညီစရာရှိရင် ဝိုင်းပြီး လာကြတာ၊ တစ်ယောက်တစ်လက် ဝိုင်းလုပ်လိုက်ကြတာ၊ ဘာမှ ပြောမနေရဘူး"


“လုပ်စရာရှိရင် လုပ်သလို အတင်းပြောစရာရှိရင်လည်း ပါးစပ်ပေါက်ပေါင်း သောင်းခြောက်ထောင်က ပြောကြတာကိုလည်း သတိရဦး”


"အို အတင်းပြောတယ်ဆိုတာက လူတွေအကျင့်ပဲ ကိုကိုရဲ့၊ ဘယ်မှာမဆို ပြောကြမှာပဲ။ ခြံကြီးဝင်းကြီးတွေနဲ့နေတဲ့ ဝင်ဒါမီယာတွေ၊ အင်းလျားလမ်းတွေ၊ ရွှေတောင်ကြားတွေမှာရော အတင်းမပြောဘဲ နေကြမှာမို့လား၊ တစ်အိမ်နဲ့တစ်အိမ် ဝေးလို့ မကူးနိုင်ရင် တယ်လီဖုန်းဆက်ပြီး အတင်းပြောကြမှာ"


" ဒီမှာတော့ တစ်အိမ်က အီးသံတောင် တစ်အိမ်က ကြားနေရတော့ ပိုပြီးပြောလို့ လွယ်တာပေါ့”


“ပြောစမ်းပါစေ ကိုကိုရယ်၊ အတင်းပြောတယ်ဆိုတာ လူတွေရဲ့ ဓာတ်စာပဲ။ မြတော့ အတင်းပြောတာ ဝါသနာပါတယ်။ နားထောင်ရတာလည်း ဝါသနာပါတယ်။ ကိုယ်ကလည်း အတင်းမပြောရ၊ သူများ အတင်းလည်း နားမထောင်ရရင် ပျင်းလို့ သေရချည်ရဲ့"


"ကောင်းဗျာ၊ ကြွားတာလေးရော ဝါသနာမပါဘူးလား"


“ အဲဒါလည်း လူတွေရဲ့ ဓာတ်စာပဲ” 


"ကောင်းဗျာ”


ဦးမောင်မောင်လတ် ရယ်မိသည်။ သူ့ဇနီးကို ပြောမယ့်သာ ပြောနေရသော်လည်း သူလည်း ဒီရပ်ကွက်ထဲမှာ ပျော်သည်ပင်။ မပျော်၍လည်းမရ။ သူက ၄၅၀- ၂၅- ၇ဝဝ တန်း အရာရှိငယ်တစ်ဦးမို့ ပြည်ထောင်စုရိပ်သာလို အရာရှိကြီးများရိပ်သာအနီးသို့ ကပ်ပင်မကပ်နိုင်။ စပေါ်ငွေ လေးငါးသောင်းနှင့် အိမ်လခ သုံးရာလောက်လည်း မတတ်နိုင်။ ဒီတော့ တန်ရာတန်ရာ ဒီရပ်ကွက်ကလေးထဲသို့ပင် ရောက်ခဲ့သည်။ ဒါတောင်မှ သက်သာသည်တော့ မဟုတ်။ စပေါ်က နှစ်သောင်း၊ အိမ်လခက တစ်ရာ့အစိတ်။


သူတို့ပတ်ချာလည်တွင်လည်း သူလိုကိုယ်လိုလူချည်းပင် များသည်။ အားလုံးက လူလတ်တန်းစားများ။ ရေခဲသေတ္တာမရှိ၊ တယ်လီဖုန်း မရှိ၊ တီဗွီမရှိ၊ ရေခဲရေသောက်ချင်လျှင် ရေခဲဆိုင်က ရေခဲတစ်ကျပ်ဖိုး ပြေးဝယ်ကြရသည်။ တယ်လီဖုန်းဆက်ချင်လျှင် ဈေးရှေ့ကတိုက်တွင် တစ်ကျပ်ပေး၍ ဆက်ကြရသည်။ တီဗွီကြည့်ချင်လျှင်တော့ ကိုယ့်ဖျာလိပ် ကိုယ်ပိုက်ပြီး ကောင်စီရုံး ပြေးကြရလေသည်။


ဒီလို ဒီလို ရပ်ကွက်ကလေးအတွင်းကိုမှ သူက တီဗွီဝယ်လာခဲ့မိသည်။


* * *


တီဗွီမှ သေးသေးကလေးမဟုတ်၊ လက်မနှစ်ဆယ် တီဗွီဖြစ်သည်။ ဂျပန်ငွေနှင့် ယန်းတစ်သိန်းနီးပါး ပေးရသည်။ 


ကံကောင်းထောက်မ၍ ဂျပန်ပြည်သို့ လေ့လာရေးသွားရသည်။ သွားရသောကာလက တစ်လခွဲဆိုတော့ ဘာမှမကြာ၍ ဘာမှမစုဆောင်နိုင်။ သို့သော်လည်း ရသမျှငွေလေးကို ချွေတာပြီး တီဗွီတစ်လုံး ပါအောင် သယ်ခဲ့သည်။ အိမ်က မိန်းမကလည်း “တီဗွီနော် ကိုကို တီဗွီဝယ်ခဲ့” ဟု မှာသည်။ သားငယ်နှင့် သမီးငယ်ကလည်း "ဖေဖေရေ တီဗွီဝယ်ခဲ့ပါ၊ ချောကလက် မဝယ်ချင်ရင် နေပါ” ဟု ပြောသည်။ ခုနစ်တန်းနှင့် ရှစ်တန်းသို့ရောက်နေပြီဖြစ်သော သမီးအကြီးနှစ်ယောက်ကလည်း “တီဗွီပါမလာရင်တော့ သမီးတို့ ထမင်းမစားတော့ဘူး” ဟု ကြိုတင်ဆန္ဒပြနှင့်သည်။ ဦးမောင်မောင်လတ်ကိုယ်တိုင်ကလည်း တီဗွီ ဝယ်ချင်ချင်ပင်။ ရုံးက ထမင်းဝိုင်းတွင် "ညက ပြသွားတဲ့ကားလေး ကောင်းသားဗျ။ ရုံတင်သွားတာ မကြာသေးဘူး ပြောတယ်”ဟု မကြားတကြားလေး ပြောချင်သည်။


ထိုကဲ့သို့ အကြောင်းကြောင်းသော အကြောင်းများကို အကြောင်းပြုပြီးသကာလ ဂျပန်ပြည်မှ တီဗွီထမ်း၍ ပြန်လာသော ဦးမောင်မောင်လတ်ကို တွေ့ကြရလေသည်။


* * *


“ဟာ တီဗွီကြီး လှလိုက်တာကွာ၊ အဲဒါ မင်းတို့ဟာလားဟင်”


“အေးပေါ့ဟ၊ ငါတို့အဖေကြီး ဝယ်လာတာ” 


"လှလိုက်တာကွာ” 


“ညကျရင် ဖွင့်မယ်၊ မင်းတို့ လာကြည့်လှည့်ကြ"


"ပွတာပဲ အဟီး”


သားငယ်နှင့် သူ၏သူငယ်ချင်းအသံကို ကြားရသည်။ ဦးမောင်မောင်လတ် ပြုံးနေသည်။


“တွေ့လား၊ အဲဒါ ဖေဖေဝယ်လာတာ”


"ညကျရင် ဖွင့်မှာလားဟင်” 


"ဖွင့်မှာပေါ၊ နင်လာကြည်ချင်ရင် ကြည့်လေ၊ နင့်မောင်လေးလည်း ခေါ်ခဲ့”


" မောင်လေးက ငိုနေမလားမသိဘူး”


“ငိုရင် ထန်းလျက်ကျွေးမယ်လေ၊ ငါတို့တွေ ဒီနားမှာ ထိုင်ကြမယ်၊ ဒီမှာ ရှေ့ဆုံးတန်းက ဖျာခင်းထားတာ၊ ငါတို့တွေအတွက် သိလား”


သမီးငယ်နှင့် သူ့သူငယ်ချင်းအသံကို ကြားရပြန်သည်။ ဦးမောင်မောင်လတ် ပြုံးနေသည်။ 


* * *


“ဟာ ဇိမ်ပဲ၊ ကောင်စီရုံးရှေ့ သွားမကြည့်ရတော့ဘူးပေါ့”


"အေးလေ၊ ဟိုမှာဆို ဟိုလူက စ၊ ဒီလူက စနဲ့”


"ဟန်ကျလိုက်တာဟာ၊ အဲဒါကြီးဆိုရင် အရမ်းအဖိုးတန်မှာ၊ ဘယ်လောက်ပေးရလဲဟင် မတိုး"


"ဂျပန်ငွေနဲ့ တစ်သိန်းတဲ့” 


“ဟယ် တစ်သိန်းတောင်၊ နင်တို့တွေ တကယ်ချမ်းသာတာပဲ”


“သိပ်မချမ်းသာပါဘူးဟာ”


ဒါကတော့ သမီးကြီး၏အသံဖြစ်သည်။ ဦးမောင်မောင်လတ် ပြုံးမိပြန်သည်။


"ရှင်ရွှေမြတို့ကတော့ တကယ်ကုသိုလ်ကောင်းတာပဲ၊ ကြည့်စမ်းပါဦး၊ လှလိုက်တဲ့တီဗွီကြီး၊ ကာလတန်ဖိုးဆိုရင် နည်းမှာမဟုတ်ဘူး”


“ဘယ်နည်းပါ့မလဲရှင်၊ အိမ်မှာ ထားသင့်ထားအပ်တဲ့ ပစ္စည်းမို့သာ ထားရတာ၊ ရောင်းစားလိုက်ရရင် တစ်သောင်းခွဲ နှစ်သောင်းခွဲလောက် မြတ်မှာ”


"ဒီလောက်အမြတ်ကြီးကို စွန့်ပြီး အိမ်မှာထားထားနိုင်တာ တော်ရုံတန်ရုံ ကုသိုလ်လားရှင့်”


"အိမ်အတွက်ရော၊ အများအတွက်ရောပေါ့ရှင်၊ ဒီအိမ်မှာရှိ​တော့ အားလုံး လာကြည့်နိုင်ကြတယ်မဟုတ်လား”


"ဒါပေါ့ ဒါပေါ့၊ ကျုပ်တို့ကတော့ တီဗွီပိတ်မှ ပြန်မှာရှင်၊ နှင်တော့မထုတ်နဲ့"


"မနှင်ပါဘူးရှင် မနှင်ပါဘူး၊ လာသာလာခဲ့၊ လက်ဖက်ပွဲနဲ့ ဧည့်ခံလိုက်ဦးမယ်”


“အောင်မယ်လေး ဟန်ကျလိုက်တာ၊ ပုစွန်ခြောက်နိုင်းချင်း၊ ဆီရွှဲရွှဲလေးနဲ့မှနော်၊ အဟင်း ဟင်း”


“စိတ်ချ စိတ်ချ"


ဇနီးသည်၏အသံက ရွှင်နေသည်။ ဦးမောင်မောင်လတ် ပြုံးနေသည်။


* * *


ညကျတော့ ပရိသတ်က ထင်တာထက် များသည်။ သူတို့အိမ်ကျဉ်းကျဉ်းလေး တစ်အိမ်လုံး ပြည့်သွားသည်။ ရှေ့တန်းက ကလေးများ၊ နောက်တန်းက လူကြီးများ။


ဦးမောင်မောင်လတ် ထိုင်နေကျ ပက်လက်ကုလားထိုင်လေးကို အိမ်ရှေ့ ဖိနပ်ချွတ်သို့ ရွှေ့ရသည်။ ဖိနပ်ချွတ်တွင်လည်း လူအပြည့်။ ဦးမောင်မောင်လတ်က ပရိသတ်ကြားထဲတွင် ညပ်နေသည်။ ပရိသတ်တွေက ရယ်ကြမောကြနှင့် တအုန်းအုန်း။ ပိတ်ကားပေါ်တွင် အရုပ်ထင်တော့ လက်ခုပ်တီးကြသည်။


ဦးမောင်မောင်လတ် ပြုံးနေသည်။


* * *


“ဟင်၊ ဟင်းကလည်း ဒါပဲလား”


“ဘဲဥကြော်ဆိုလည်း တန်ဖိုးက မသေးပါဘူး။ ဘဲဥက ပြားခြောက်ဆယ်၊ ဆီနဲ့ ထင်းနဲ့ မီးသွေးနဲ့ ထည့်တွက်လိုက်ရင် ဘဲဥကြော် တစ်လုံးတန်ဖိုး တစ်ကျပ်ကျော်တယ်ရှင့်"


“နေပါဦးကွာ၊ တစ်ကျပ်ကျော်တာ ထားပါဦး၊ ဘေးအရန်ဟင်း အနေနဲ့ ခရမ်းသီးနှပ်လေး၊ ချဉ်ပေါင်ကြော်လေး၊ ကုလားဟင်းလေးပါရင် တော်သေးတာပေါ့၊ စားလို့ဖြစ်သေးတာပေါ့"


“ပိုက်ဆံက မကျန်တော့ဘူးရှင့်၊ ခရမ်းသီးက တစ်လုံး ငါးမူး၊ ချဉ်ပေါင်က တစ်စည်း တစ်မတ်၊ ခြွေလိုက်ရင် ခြောက်ရွက်လောက်ပဲ ရှိတာ။ ကုလားဟင်းချက်ဖို့က ငါးခြောက်ရိုး ပါရဦးမယ်။ ဒန့်သလွန်သီး၊ ရုံးပတီသီး လိုသေးတယ်။ လွယ်တာအောက်မေ့လို့”


"ဒါတော့ ဘယ်လွယ်မလဲ။ ညတိုင်း လက်ဖက်ကျွေးလိုက်၊ ထန်းလျက်ကျွေးလိုက်၊ ပဲကြီးလှော်ကျွေးလိုက်နဲ့ အဲဒါတော့ လွယ်သလား” 


"ကျွေးရမှာပဲရှင့်၊ ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို ကြောင်တောင်ထားလို့ ဖြစ်မလား"


"သူတို့က တီဗွီလာကြည့်တာပဲ”


"ဘာ လာကြည့်ကြည့်၊ ရေနွေးကြမ်းနဲ့ ပဲလှော်လောက်တော့ ကျွေးရမှာပဲ၊ ရေနွေးကျိုလို့ မီးသွေး တစ်အိတ်က နှစ်အိတ် ကုန်ချင်လည်း ကုန်၊ မတတ်နိုင်ဘူး"


ဒေါ်ရွှေမြက မျက်နှာထားနှင့် ခပ်တင်းတင်း ပြောသည်။ ဦးမောင်မောင်လတ် မဲ့နေသည်။


* * *


“သမီး ရီပို့ကတ်ကလည်း မင်နီတွေနဲ့ ရဲလို့ပါလား”


“ဒီတစ်လတည်းပါ ဖေဖေ”


“ဒီတစ်လတည်းလည်း ဘာလို့ ဒီလောက်ကျရလဲ” 


“စာကျက်လို့မရဘူး၊ အိပ်ချင်တယ် ဖေဖေ” 


“အေး စာကျက်ချိန်မှာလည်း တီဗွီပဲကြည့်နေတာကိုး” 


သမီးက ငြိမ်နေသည်။ သည် ဦးမောင်မောင်လတ် မဲ့နေသည်။ 


* * *


“ဘာမှ ထူးထူးထွေထွေ ဖြစ်တာမဟုတ်ပါဘူး၊ အားနည်းနေတာပါ”


ဆရာဝန်က ဦးမောင်မောင်လတ်၏ရင်ဘတ်ကို ဟိုထောက် သည်ထောက်နှင့် စမ်းကြည့်သည်။ လျှာထုတ်ခိုင်းသည်။ မျက်စိကြည့်သည်။ နံရိုးတွေကို ခေါက်ကြည့်သည်။ ဒူးခေါင်းကို ခေါက်ကြည့်သည်။


"အိပ်ရေးဝဝ အိပ်ပါ"


ညဆယ်နာရီကျော်သည်အထိ အင်အားကောင်းမြဲဖြစ်သော ပရိသတ်ကို မြင်ယောင်သည်။


"ရုံးအားရက်မှာ ကောင်းကောင်းအနားယူပါ"


တနင်္ဂနွေနေ့တွင် မြန်မာရုပ်ရှင်မို့ ညပရိသတ်ထက်ပင် အားကောင်းသော နေ့ပရိသတ်ကို မြင်ယောင်သည်။ 


"အပူအပင် မထားပါနဲ့”


သားသမီးတို့၏ ပညာရည်မှတ်တမ်းများမှ မင်နီများကို မြင်ယောင်သည်။ 


“အားဖြစ်တာကို စားပါ၊ အသားများများ၊ ပဲများများပေါ့"


ထမင်းဝိုင်းမှ ငါးပိရည်ချက်နဲ့ ဘဲဥကြော်ကို မြင်ယောင်သည်။


“ဦးမောင်မောင်လတ်က တယ်လီဖုန်းထဲကနေပြီး မောတယ်၊ မူးတယ်၊ ကတုန်ကယင်ဖြစ်တယ်ပြောတော့ ကျွန်တော်က စိုးရိမ်သွားတယ်။ နောက်ပြီး ကိုယ်အလေးချိန်လည်း ကျတယ်၊ ပိန်လာတယ် ဆိုတော့ အဆုတ်နာများလားလို့”


ဆရာဝန်က နားကျပ်ကို ခေါက်သိမ်းသည်။ ဆေးသေတ္တာကို ပိတ်သည်။


“အားနည်းတာတစ်ခုပါပဲ၊ ဘာရောဂါမှ မရှိပါဘူး” 


“ရှိပါတယ်ဆရာ” 


“ဗျာ” 


“ဒါပေမဲ့ ဆရာကုလို့ ရတဲ့ရောဂါ မဟုတ်ဘူး”


“ဘာများပါလိမ့်” 


“တီဗွီနာတဲ့”

မစန္ဒာ

သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ ဇွန်၊ ၁၉၈၂။

No comments:

Post a Comment