Wednesday, July 20, 2022

​မွှေး (အပိုင်း - ၆)

နောက်နေ့ နံနက် ဆေးရုံသို့ ထမင်းသွားပို့ချိန်တွင် မွှေးသည် မမအေးအခန်းဝသို့ ဝင်ဝင်ချင်း ခြေလှမ်းတုံ့သွား၏။ မမအေးဘေးတွင် ဒေါ်လေးသူဇာသည် ပရိတ်များကို ရွတ်ဖတ်လျက်ရှိကာ မမအေးက မျက်စိကိုမှိတ်၍ မှိန်းနေပေသည်။ ​မွှေးသည် သူ့မှာ ဒုက္ခရောက်နေသော ကျဉ်းထဲကျပ်ထဲ အချိန်ကျလျှင် ဒေါ်လေးသူဇာ ရောက်လာတတ်၍ စိတ်ထဲမှ ကျေးဇူးတင်မိသည်။


“မွှေးလား” 


မမအေးက မျက်လုံးဖွင့်၍ မေးလိုက်၏။ 


“ဟုတ်တယ် မမအေး၊ ညက မွှေး နည်းနည်းပန်းနေတာနဲ့ လာမအိပ်တာ”


သူသည် ခေါင်းကိုညိတ်၍ မွှေးကို အနားသို့ခေါ်၏။ မွှေးက နားဝကို အေးပါးစပ်နားသို့ ကပ်လိုက်၏။


“ညက တစ်ညလုံး မမအေး မောလိုက်တာ၊ အောက်စီဂျင် ရှူရတယ်။ ဒီနေ့မနက်ကျတော့ မမအေးခြေထောက်တွေ အေးနေပြီ။ စမ်းကြည့်စမ်း၊ မေမေ့တုန်းက ဒီလိုပဲ အေးလာတာပဲ” 


မမအေးသည် တစ်လုံးချင်း အားယူပြောသော်လည်း မျက်နှာပုံပန်းက တစ်ချက်မျှမပျက်၊ တည်တည်ငြိမ်ငြိမ်ပင်ရှိ၏။ မွှေးရင်ထဲမှာမူ တဒိတ်ဒိတ်ခုန်ကာ ဗြောင်းဆန်သွားတော့သည်။ 


အေးသည် သူသေရတော့မည်ကို သိလျက်နှင့် မတုန်လှုပ်သည်ကို မွှေးက အံ့သြနေ၏။ အေးကို ပျော့ညံ့သည်၊ အေးစက်သည်၊ သတ္တိကြောင်သည် ဟူသော အယူအဆများသည် တစ်မုဟုတ်ချင်း ပျောက်သွားတော့သည်။ သူသည် စွာကျယ်စွာကျယ်နှင့် သတ္တိရှိသည်ဟု အများအထင်တွင် အထင်ခံခဲ့ရသော်လည်း သေခြင်းတရားကို ယခုလိုများ ရင်ဆိုင်ရပါလျှင်၊ သေမည်ကို သိရပါလျှင် မမအေးလိုမှ တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခံနိုင်မည်လား။


“ဒေါ်လေးသူဇာ ရွတ်ပြီးရင် မွှေး ဓမ္မစကြာကို ရွတ်ဖတ်နော်၊ ကဲ ... ငြိမ်ငြိမ် နားထောင်စမ်း”


အေးသည် ပါးစပ်မှ ပြောနေသော်လည်း မျက်စိကိုမှိတ်ကာ ပရိတ်ကို ဆက်လက်နားထောင်နေ၏။ မွှေးကမူ ငြိမ်ငြိမ် မနေနိုင်။ ပျာယာခတ်နေပေပြီ။ သူသည် အခန်းစောင့်ဆရာဝန်ထံ ပြေးသွား၏။ ထိုနေ့မှာ ဒေါက်တာဒေါ်မြကြည်အလှည့် ဖြစ်ပေသည်။ သူ့ကိုမြင်မြင်ချင်း ဒေါ်မြကြည်က ခေါင်းကို ဖြည်းညင်းစွာ ယမ်း၍ပြ၏။ 


မွှေးသည် လူက ​ကျောက်ရုပ်လို ငြိမ်သက်သွားသော်လည်း စိတ်ကမူ ဆောက်တည်ရာ မရသလို အော်ဟစ်၍ ထွက်ပြေးသွားချင်သည်။ 


“မနက်က ဒေါက်တာကိုကိုကြီးရော ဦးသန်းအောင်ရော လာပါတယ်။ သူ့ရောဂါက လွန်နေပြီပဲကွယ်။ သိပ်မောတဲ့ဒဏ်ကို မခံရအောင် ကိုယ်တို့ လုပ်ပေးပါ့မယ်၊ သူ သွေးဆုတ်နေပြီ” 


ဒေါ်မြကြည်သည် သူ့ပခုံးကို ပုတ်၍ ညင်သာစွာ ပြောပြ၏။ 


မွှေးသည် မျက်ရည်အဖြိုင်ဖြိုင် ကျရပြန်သည်။ ခဏခဏငိုကြွေးရသော ဒုက္ခမှ ဘယ်သောအခါမှ လွတ်မြောက်ရပါလိမ့်။ လူ့ဘဝဆိုသည်မှာ မျက်ရည်တို့ဖြင့်လွှမ်းနေသော ပင်လယ်ပြင်များလေလား။


သူသည် ဆရာဝန်အခန်းမှ ထွက်ကာ မျက်နှာကို ရွှင်လန်းအောင် ပြုပြင်ပြီးမှ အေးထံသို့ ဝင်သွားသည်။ အေးသည် လှမ်း၍ပြုံးပြ၏။ ဒီလိုပြုံးပြလေလေ မွှေးရင်ထဲတွင် မချိရလေဘဲ ဖြစ်၏။ သူတို့သားအမိသည် သေခြင်းတရားကို ရင်ဆိုင်ရသည့်တိုင်အောင် အပြုံးမပျက်ကြပါတကား။


“ကဲ ... မွှေး ရွတ်လေ” 


အေးက ဆိုပြန်၏။ 


မွှေးသည် ဓမ္မစကြာကို စ၍ရွတ်နေစဉ် ဆရာမတစ်ယောက်သည် အေးကို ဆေးတစ်လုံး လာထိုးပြန်၏။ အေး၏အသက်ရှူပုံမှာ ပြင်းလာ၍ အောက်စီဂျင်ပိုက်ကို သယ်ယူလာကာ နှာခေါင်းတွင် ပြွန်တံလေးကို တပ်ထား၏။


“ဇာတိပိဒုက္ခာ၊ ဇာရာပိဒုက္ခာ၊ ဗျာဓိပိဒုက္ခာ၊ မရဏမ္ပိဒုက္ခံ၊ အပိယေဟိ၊ သမ္မယောဂေါဒုက္ခာ၊ ပိယေဟိဝိပ္ပယောဂေါ ဒုက္ခာ၊ ယမုံ့ဝံ့လတိတမ္ပိဒုက္ခံ၊ သံဓိတွေ့နပဉ္စပါဒါနက္ခန္ဓာပိဒုက္ခာ”


မွှေးက ထိုအပိုဒ်ကို ရွတ်ဖတ်ရင်း အသံ တဖြည်းဖြည်း တုန်လာ၏။ ကွယ်လွန်အံ့ဆဲဆဲ လူတစ်ယောက်ကို ဤသံသရာဝယ် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပဋိသန္ဓေနေခြင်းတို့နှင့်တကွ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းဆင်းရဲ၊ လိုချင်ခြင်းကိုမရသောဆင်းရဲတို့ကို အဖန်တလဲလဲ ခံရခြင်းမှ လွတ်မြောက်ရာသည် မဂ္ဂင်ရှစ်ပါးတရားသည်သာလျှင် အခြေခံဖြစ်သည်ဟု သတိပေးလို၏။ သို့သော် သတိပေးချင်သူ မွှေးကိုယ်တိုင်က ဆောက်တည်ရာမရ တရားမဲ့လှ၏။ 


အသံမှာ တုန်၍တုန်၍သာလာသည်။ အေးကတော့ ငြိမ်သက်စွာပင် နားထောင်မြဲဖြစ်၏။ 


“​မွှေးကလဲ အသံတွေ တုန်လာလိုက်တာ၊ ပီပီရွတ်ပါကွယ်”


အေးကပင် ပြန်၍ သတိပေးပြန်၏။ မွှေးသည် စိတ်ကိုတင်းကာ အဆုံးသတ်သည်အထိ ရွတ်ဖတ်ရပြန်သည်။ 


နောက်တစ်ကြိမ်မူ ​မွှေးသည် ရတနာ့သုတ်ကို သတိရ၏။ ကံအကြောင်းကုန်ပြီဖြစ်၍ မစိုးပိုင် မတားဆီးနိုင်သော သေခြင်းတရားကို နောက်ဆုံးအကြိမ် တားဆီး၍ရလိုရငြား သူသည် ရတနာ့သုတ်အနက်ကို ရွတ်ဖတ်ပြန်၏။ မျက်စိစုံမှိတ်၍ စိတ်ကိုထိန်းကာ ရွတ်၏။ 


“နွေလေးလတို့တွင် ရှေးဦးစွာ နွေလဖြစ်သော တန်ခူးလတို့၌ ဖူးပွင့်စည်ကား ပင်လုံးကျွတ် အဖျားရှိသော တောအုပ်ကြီးသည် ရွှန်းရွှန်းအိအိ အသရေရှိသကဲ့သို့၊ ထိုတောအုပ်ကြီးသဖွယ် တင့်တယ်လှသော နိဗ္ဗာန်ရောက်ကြောင်း ပရိယတ္တိ တရားတော်မြတ်ကို လောကုတ္တရာစီးပွားအလို့ငှာ မြတ်စွာဘုရား ဟောကြားတော်မူလေ၏။ ဤမြတ်စွာဘုရားသာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော သစ္စာစကားကြောင့် သတ္တဝါတို့နှင့်တကွ တပည့် တော်မ၏အစ်မ၌ ကပ်ရောက်သော ဘေးရန်​ဝေဒနာခပ်သိမ်းသည် ချမ်းသာအေးမြခြင်းဖြစ်ပါစေသတည်း”


“စကြဝဠာတိုက်တိုင်း ..."


​မွှေး၏လက်ကို တစ်စုံတစ်ယောက် လာ၍လှုပ်၏။ မွှေးသည် မျက်လုံးကို ဖွင့်ဖွင့်ချင်း မမအေးမျက်နှာပေါ်သို့ သူ့မျက်လုံး ရောက်သွားတော့သည်။ မမအေးသည် ခပ်ပြုံးပြုံးပင် ငြိမ်သက်စွာ အိပ်ပျော်နေဟန်ရှိ၏။ သူ့ရင်တို့သည် ဘယ်သောအခါမျှ မလှုပ်သော ငြိမ်သက်ခြင်းမျိုးနှင့် ငြိမ်သက်လျက်ရှိပေပြီ။ 


သေခြင်းတရားကို ပြုံးရွှင်စွာ ရင်ဆိုင်နိုင်သူကလေးအတွက် ကောင်းရာသုဂတိသို့ လားစေရန် နောက်ဆုံးဆုမွန်ကိုသာ မွှေးက တောင်းမိ၏။ သူ့မှာတော့ မျက်ရည်ဖြိုင်ဖြိုင်တို့သည်သာလျှင် မိုးသို့ စွေရပြန်သည်တကား။


* * *


မတ်လဆန်းတွင် စစ်စခန်းတစ်နေရာမှ ကျိုင်းတုံသို့ ကိုကိုနိုင် ခေတ္တပြန်ရောက်လာ၏။ မမျှော်လင့်ဘဲ သူ့မိခင်ထံမှ စာတစ်စောင် ရောက်နေတော့သည်။ သူက မွှေးထံမှ စာရောက်နေမည်ထင်သော်လည်း မွှေး၏စာ အစအနကိုမျှ မတွေ့ရပေ။ မေမေ့ထံမှ စာကို ဖောက်၍ဖတ်လိုက်၏။ 


သား/

မေမေ စာရေးလိုက်တယ်။ သားဟာ မေမေထံကစာကို ချက်ချင်းရမည်မဟုတ်ဘူးဆိုတာတော့ သားရဲ့ တပ်ရင်းမှူး ပြောလို့ သိပါတယ်။ ဒါကြောင့် မေ​မေစီစဥ်ပုံတွေကို သားထံ ကြိုတင်အကြောင်းမကြားတာကို သားခွင့်လွှတ်လိမ့်မယ်လို့ မေမေ မျှော်လင့်တယ်။


အဖြစ်တွေကတော့ တော်တော် ဖရိုဖရဲပဲ။ ဒီဇင်ဘာလတုန်းက အေး ဆုံးသွားတယ်။ အေး ဆုံးပြီး မွှေးဟာ သိပ်အားနည်းပြီး လဲတာပဲ။ 


ကိုကိုနိုင်သည် စာကို ဆက်မဖတ်ရဲသလို တန့်သွား၏။ 


“ထင်သားပဲ။ တီဘီတွယ်ပြန်ပြီ” 


သူသည် တစ်ယောက်တည်း ပြောပြီးမှ စာဆက်ဖတ်၏။


မွှေးကို ချက်ချင်း ဆေးရုံတင်၊ နှစ်ကြိမ်လောက် စစ်ဆေး၊ ဓာတ်မှန်ရိုက်ကြည့်တယ်။ သားဆီ အကြောင်းကြားချင်ပေမယ့် သားဟာ ပြန်လာနိုင်မယ့်အခြေမဟုတ်ဘူးလို့ သိရတယ်။ အဆက်ကလည်း ဝေးလွန်းလို့ပဲ။ မွှေးရောဂါက တီဘီပဲ။ ဒီရောဂါဟာ အားနည်းနေတုန်း ရောဂါရှိသူ အနားမှာနေရင် ခြောက်ပတ်အတွင်း အလျင်အမြန် ကူးစက်နိုင်တယ်။ မေမေတော့ မေမေ့သဘောနဲ့ အစီအစဉ်တစ်ခု အမြန်ဆုံးလုပ်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း မဒရပ်ကို ပို့လိုက်တယ်။ 


သားက သားကိုမတိုင်ပင်ဘဲ ဗြုန်းစားကြီးလုပ်တာကို မေ​မေ့ကို အပြစ်တင်လိုမှာပဲ။ မေမေ့ဆန္ဒကတော့ အဆုတ်နာအမြစ်ကြီးကို မွှေးတို့အိမ်မှာ ပြတ်သွားစေချင်တယ်။ ဒါကြောင့် အထွေးနဲ့လေးလည်း စာမေးပွဲဖြေရင်း တန်းလန်းနဲ့မို့ ကျန်ရစ်ကြတယ်။ သူတို့နှစ်ယောက်တော့ မေမေနဲ့ အတွတ်ရဲ့အမေ စောင့်ရှောက်ထားပါတယ်။ 


မွှေးကို ဆရာဝန် လူကြုံတစ်ယောက်နဲ့ ထည့်လိုက်တယ်။ သား ခွင့်ရရင် ပြန်လာခဲ့ပြီး အိန္ဒိယကို လိုက်ချင်လိုက်သွားပါ။


မေမေရဲ့ အစီအစဉ် မြန်ဆန်ပုံကိုသာ ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မေမေလဲ အကောင်းဆုံးတွေး လုပ်လိုက်တာပဲ။


သား .. ချမ်းမြေ့ပါစေ။


/မေမေ


ကိုကိုနိုင်သည် ရုတ်တရက် ကြက်သေ, သေနေမိ၏။ ဘာလုပ်ရမှန်းမသိ။ ရန်ကုန်ပြေးလိုက်သွား၍လည်း မွှေးနှင့်တွေ့ရတော့မည်မဟုတ်။ ဒါလောက် သေရေးရှင်ရေးကိစ္စတွင် မေ​မေသည် ယခုလို မြန်မြန်ကြီး စီစဉ်လိုက်ခြင်းမှာ မသင့်လျော်လှဟု တွေးမိပြန်သည်။ သူ့ကိုစောင့်သင့်သေးသည်ဟု သူ့ဘက်မှ တွေးမိသော်လည်း သေရေးရှင်ရေးဖြစ်၍သာ မေမေက အလျှင်အမြန်စီစဉ်ခြင်း ဖြစ်ချင်ဖြစ်မည်။ 


ယခုစာပင် တစ်လနီးမှ သူ့ထံ ရောက်လာ၏။ မွှေးမှာ အဆုတ်မှရှိသေးရဲ့လား၊ ဒါလောက် မြန်မြန်နှင့်တော့လည်း အဆုတ်မှာ အပေါက်တွေ ဘာတွေ ဖြစ်သည်အထိတော့ မဖြစ်နိုင်ဟူ၍လည်း ရော်ရမ်းကာ သူတစ်ယောက်တည်း တွေးမိပြန်၏။


ချက်ချင်း မွှေးထံသို့ သံကြိုးရိုက်မေးရန် ထမည်လုပ်ပြီးမှ မွှေး၏လိပ်စာကိုလည်းမသိ၊ မွှေး ဘယ်ဆေးရုံတက်သည်ကိုတောင် မသိသောအဖြစ်ကို တွေးမိပြန်ကာ ​မေမေ့ကို ဒေါသဖြစ်လာပြန်သည်။ မေမေ့ထံသို့ သံကြိုးအရှည်ကြီးရိုက်ရန် ပြင်ဆင်ပြီးမှ စိတ်ကိုလျှော့လိုက်ပြန်၏။ မွှေး၏လိပ်စာကို ပို့ပေးရန် သံကြိုးတစ်စောင်သာ မေမေ့ထံ ရိုက်လိုက်၏။


အိန္ဒိယကို လိုက်ပါသွားဖို့အထိ တပ်၏အခြေအနေမှာ မဖြစ်နိုင်သေး။ ခွင့်ရက်ရှည်လည်း မပေးနိုင်သေးဆို၍ ကိုကိုနိုင်အဖို့ ဘာမျှမလုပ်ဖြစ်တော့ပေ။ သူသည် ရင်ထဲမှာ တင်းကြပ်ရှုပ်ပွလာသော အရှိန်ဒဏ်ကို မခံမရပ်နိုင်သလိုသာ ဖြစ်လာတော့သည်။ ဒေါ်တင်တင်နှင့် မမအေး၏ ဖြူလျော်လျော် ခြောက်သွေ့သွေ့ မျက်နှာတွေသာ သူ့မျက်လုံးထဲတွင် ပေါ်၍ပေါ်၍လာ၏။ မွှေးကို အိပ်ရာပေါ်တွင် ဒီလိုများ ခွေခွေလေး မြင်ရဦးမှာလား။ 


မွှေး မသေပါစေနဲ့။ သူများကို မသေအောင် စောင့်ရှောက်ရင်းမှ သူပါသေသွားမှဖြင့် ...။ 


ကိုကိုနိုင်သည် ကြောက်စရာ၊ စိတ်မချမ်းမြေ့စရာများကို တွေးရင်း တွေးရင်း စိတ်တိုလာသည်။ နှစ်လ ဆိုသည့် အချိန်အတွင်း မွှေးဘာဖြစ်သည်ကို သူသိသင့်သည် မဟုတ်ပါလား၊ တကယ်ဆို ခယ်မများကဖြစ်ဖြစ် စာရေးသင့်၏။ သူသည် ခယ်မလေးများကို ဒေါသဖြစ်ပြန်တော့သည်။


မွှေးသည် အိန္ဒိယကိုများ ဝမ်းနည်းအားငယ်စွာနှင့် လိုက်သွားရလေသလား။ ဘာမဆို သူများအလှည့်ကျရင် “မေမေ အားငယ်နေလိမ့်မယ် ကိုကိုနိုင်၊ မမ ဝမ်းနည်းနေတော့မယ်” စသည့် တွေးခေါ်မှုတွေနှင့် အားပေးလိုက်ရသည့်ဖြစ်ခြင်း၊ သူ့အလှည့်ကျတော့ တစ်ယောက်တည်း ဖရိုဖရဲ ထွက်ခွာသွားရသည်ကို ကိုကိုနိုင့်ရင်ထဲတွင် တငွေ့ငွေ့ဖြစ်နေသည်။


လိုက်သွားလိုက်မည်ကြံတိုင်း တာဝန်က နောက်ပိုင်းမှ ချည်ထားပြန်သောကြောင့် သူ့ရင်ထဲတွင် တနုံ့နုံ့သာ ဖြစ်လာပြန်တော့သည်။ သူသည် မကျေမနပ်ဖြစ်ရင်းနှင့်ပင် နယ်ခြားဘက်သို့ တစ်ခါပြန်၍ထွက်သွားရပြန်သည်။ 


မွှေး၏ပုံပြင်တစ်ပိုင်းတွင် ကိုကိုနိုင်ပါဝင်ခဲ့ရသော အခန်းမှာ ဤအတိုင်းသာ ဖြစ်ခဲ့သည်။ မွှေး၏အတိတ်သည် ဝါးခယ်မမြစ်ကမ်းခြေမှ စ,ခွာကတည်းက မလှမပအဖြစ်တွေ တစ်ပုံတစ်ပင် တဖြည်းဖြည်း ရွေ့လျားပျောက်ကွယ်ခဲ့လေသည်။ ယခုတော့ ပုံပြင်ထဲရှိ အရုပ်ဆိုးသော မိန်းကလေးသည် မဒနာပလီသို့ သွားသော လမ်းမကြီးပေါ်တွင် အတွတ်နှင့် ပြန်လည်၍တွေ့ဆုံရပါပကော။


* * *


မြစ်ကြောင်း အစပျောက်သလို မွှေးနှင့်တွေ့ခဲ့သောအချိန် အဖြစ်အပျက်ကလေးများသည် မြန်မာပြည်တွင် ကျန်ရစ်ကာ တဖြည်းဖြည်းနှင့်ဝေး၍ ​မေ့ပျောက် တိမ်​ကောသွားပေလိမ့်မည်ဟု အတွတ်က ထင်၏။ သို့သော် မြေအောက်​ရေစီးကြောင်းများကဲ့သို့ ကွယ်ပျောက်ရာမှ မွှေးသည် ဘွားခနဲ ပေါ်လာခဲ့ပြန်သည်။ 


ထိန်းချုပ်ရခက်သော စိတ်ကြောင့်သာ မွှေးကို မတွေ့လို မမြင်လို ထင်သော်လည်း အမှန်တော့ သူ့စိတ်လေးများသည် မွှေးနှင့် ပြန်လည်တွေ့ဆုံခြင်းအတွက် ကျေနပ်ရွှင်လန်းဟန်ကို ပြ၏။ 


သူသည် တိမ်တိုက်များ လွင့်သလိုပင် လွင့်ပျံထွက်ခွာသွားပါတော့မည့် အစီအစဉ်နှင့် မွှေးအပါးမှ ခွာခဲ့သည်။ အင်္ဂလန်တွင်နေပြီး ဆွစ်ဇာလန်သို့ရောက်ခဲ့၏။ ဆွစ်ဇာလန်မှအထွက်တွင် အမေ့ဆီသို့ပင် အကြောင်းမကြားပေ။ ဘဲလိုးသို့ဝင်ကာ အဆုတ်ထုတ်၍ကုသနည်းကို လေ့လာ၏။ ထိုမှ အာရောဂျံကို ရောက်လာခဲ့ခြင်းဖြစ်ပေသည်။

.

သူချစ်သော သူ့တိုင်းပြည်ကို ပြန်သည့်အချိန်တွင်ပင် သူသည် ​မွှေးနှင့် ဝေးသောနေရာတွင် အစဖျောက်ကာ အဆုတ်နာဒုက္ခသည်များကို ကုသရန် စီစဉ်ပြီးဖြစ်ပေသည်။ သို့သော် 'အကြောင်း' ဆိုသည့် သဘောမှာ စကားနှစ်လုံးတည်းသာရှိ၍ ဆုပ်ကိုင်ပြနိုင်ခဲသောအရာ မဟုတ်သော်လည်း ထိုအကြောင်းတရားကိုမူ မည်သူမျှ ပြုပြင်ဖန်တီး၍လည်းမရ၊ ကြိုတင်တွက်ဆ၍လည်း မရပါတကား။ 


ယခုတော့ အတွတ်အဖို့ ကောင်းတာတွေဖြစ်လာမည်လား၊ မကောင်းတာတွေ ဖြစ်လာမည်လား မတွေးတတ်သော်လည်း စိတ်မှာ ယခင်ကထက် ချမ်းသာလာသည်။ ယခင်ကလို အာရောဂျံတွင် နေချိန်များသည် ပျင်းရိရိ သွေ့ခြောက်ခြောက် မဖြစ်တော့ပေ။ ညနေစောင်းလျှင် တာဝန်ရှိသောရက်များမှအပ မွှေးထံသို့ အမြဲလျှောက်လာခဲ့၏။


မွှေးသည် အတော်ကြာပင် အိပ်ရာထက်တွင် နေရဦးမည်။ သူ့ဘေးရှိခုံပေါ်တွင် ထားရစ်သော အချိန်ပြ နေ့စဉ်မှတ်တမ်းထဲတွင် အဝါရောင်ရေးသားထားသေး၏။ အဝါရောင် ရေးထားသ၍ အိပ်ရာမှာ အမြဲလှဲနေရမည်ပင် ဖြစ်သည်။ မွှေး၏အိမ်ရှေ့တွင် တမာပင်မှ ပွင့်ဖတ်လေးများသည် မြေပြင်ပေါ် တဖွေးဖွေးကျလာကာ ပန်းမွေ့ရာ ခင်းသကဲ့သို့ ဖွေးဖွေးလှုပ်နေတော့သည်။ တစ်ခါတစ်ရံ ပွင့်ကြွေများသည် မွှေး၏ခုတင်ရှိရာသို့ လွင့်ပျံ့လာကြ၏။


မွှေးသည် ပန်းခက်ပန်းပွင့်လေးများကို ​ငေးမျှော်ရင်း အတွတ်လျှောက်လာသည်ကိုမြင်လျှင် မျက်နှာလေးမှာ ဝင်းဝင်းပပဖြစ်၍လာတတ်လေသည်။ တွေ့တဲ့အခါတိုင်းလည်း “မွှေး ဘယ်တော့လမ်းလျှောက်ရမလဲ အတွတ်ရယ်” ဟူသော မေးခွန်းကိုသာ ခဏခဏ မေးတတ်ပေသည်။


“ကိုကိုနိုင့်ဆီက ဒီနေ့ စာလာတယ် အတွတ်ရဲ့"


တစ်ခါတစ်ရံလည်း သူ့ချစ်လင်ထံမှ စာရကြောင်း၊ အိမ်အကြောင်းတွေကို တသီကြီး လျှောက်၍ မွှေးက ပြောတတ်၏။ အိပ်ရာပေါ်တွင် နေရချိန်များကို မွှေး ပျင်းရိငြီးငွေ့မည်ဆိုလျှင်လည်း ငြီးငွေ့စရာပင် ဖြစ်ပေသည်။ 


နွေ၏အရိပ်အရောင်များပင် အာရောဂျံဝယ် တစ်စတစ်စ ပျောက်ကွယ်၍လာတော့သည်။ တောင်ဘက်ဆီမှ တောင်တန်းပေါ်တွင် ညိုမှောင်နေသော မိုးသား မိုးခြေများကို မြင်ရစပြုလာ၏။ တစ်ခါတစ်ရံတွင် ညင်သာစွာ တိုက်ခတ်လာသော လေတွင် မိုးသက်ရနံ့ပင် ပါ၍လာလေသည်။ ဥဩသံသည်လည်း နွေနှင့်အတူ တဖြည်းဖြည်း ထွက်ခွာသွားတော့မည်ဖြစ်သည်အတွက် နွေကို တမ်းတသော ရင့်ကျူးသံ သေးသေးနွဲ့နွဲ့ကိုသာ အဝေးမှကြားရတော့သည်။


“အတွတ် ...မွှေး လမ်းမလျှောက်ရသေးဘူးလား”


အတွတ်သည် မွှေး၏မေးခွန်းကို အလွတ်ရပြီး ဖြစ်၏။ 


“လျှောက်ရမှာပေါ့ မွှေးရယ်၊ ဖြည်းဖြည်းပေါ့။ ဒီရောဂါက စိတ်ရှည်ရတယ်၊ စိတ်အေးအေးထားရတယ်၊ စိတ်အေးနိုင်သ၍ ကျန်းမာရေး ကောင်းလာမှာပဲ။ မွှေး ခုလို စိတ်ပူနေမယ်၊ စိတ်စောနေမယ်ဆိုရင် ဘယ်လိုနားနား အလေးချိန်တက်မှာ မဟုတ်ဘူး။ အလေးချိန်က မွှေးလာကတည်းက ၉၄ ပေါင်၊ ခုထိ မတက်သေးဘူး၊ စိတ်အေးအေးထားပေါ့။ ပြီးတော့ ဂျွန်ဆင်ကြီးရဲ့လက်ထဲက ဖိုင်တွဲကို ပိုက်ဆံပေးပြီး မကြည့်ရဘူးနော်၊ သစ္စာဆိုတာ ရှိရမယ်”  


အတွတ်က ညီမငယ်လိုပင် မွှေးကို ပြောပြ၏။ မွှေးသည် သူ့ကိုပင် ကမ္ဘာထင်နေသလား မသိ။ ငြိမ်သက်စွာ နားထောင်နေ၏။


“ဒီမှာ မစ္စတာဘာတင်ဆိုတာ ပိုးတွေဘာတွေ စစ်တဲ့ဘက်က လူကြီးဟာ ဒီရောဂါကို ခြောက်နှစ်လုံးလုံး ခံစားရပြီး ဒီဆေးရုံမှာ ကုတယ်။ ရောဂါပျောက်တော့ သူအလုပ်ဝင်လုပ်ပြီး သူ့လို ဒုက္ခရောက်ရှာတဲ့ လူနာတွေကိုကုနေတယ်၊ ကဲ ...မွှေးက ဘာကြာမှာလိုက်လို့”


“အတွတ်ကလဲ ပြောတာပဲ၊ မွှေးလဲ ပျင်းလှပြီ။ စာလဲ ဖတ်ချင်သလောက် မဖတ်ရဘူး၊ အိမ်ကိုလဲ အောက်မေ့တာပေါ့။ ခုလောက်ဆို မြန်မာပြည်မှာ ပိတောက်ပန်းတွေ ပွင့်တော့မယ်” 


“ဟုတ်တယ်၊ တို့များ ဝါးခယ်မက အိမ်ဝင်းထဲမှာလေ”


သူတို့နှစ်ယောက်သည် ငြိမ်သက်သွားကြ၏။ အေးချိုသော ပိတောက်ရနံ့ သင်းပျံ့၍လာသလို ထင်ယောင်လာကြတော့သည်။ အပြင်မှ နေရောင်ခြည်သည် တဖြည်းဖြည်း ကျသွားတော့၏။


“တစ်ညလွဲတာကို ရက်ပေါင်းခုနစ်ရာ ဆွေးခဲ့တယ်၊ မောင့်မှာ ခင်နှင့်ဝေးခဲ့တာဖြင့် ကြာပါပြီကောကွယ်...။ မိုးတွေညိုရင် မျက်ရည်စို့တယ်... စောင့်စားကာပဲ မောင့်မှာ တဝဲလည်လည်"


အသံလွှင့်တိုင်ကြီး မကျိုးခင် မြန်မာ့အသံမှ ရေဒီယိုသီချင်းသံမှာ သူတို့နှစ်ယောက်ဆီသို့ လွင့်လာပြန်သည်။ ခပ်ဝေးဝေးတွင် တစ်ကိုယ်တည်းနေသော လူပျိုကြီး ဦးထွန်းတင်အခန်းမှ သီချင်းသံပင်ဖြစ်တော့သည်။ သူသည်လည်း အာရောဂျံသက် သုံးနှစ်တိုင်ခဲ့လေပြီ။ 


မိုးဦးကျပြီဖြစ်၍ မိုးသက်လေမှာ ထန်လာကာ တစ်ဖြိုက်တော့ ခပ်သဲသဲပင် ရွာချလိုက်၏။ မိုးရွာပြီးမှ အာရောဂျံ၏ညနေသည် ပိုမို၍လှပနေသည်။ နေရောင်သည် ရွှေရောင်ဖျော့ဖျော့အသွေးဖြင့် စိမ်းနုသော ရွက်ပျိုများပေါ်တွင် လူး၍နေတော့သည်။ သဲမြေများပေါ်တွင် ရေစိမ့်ဝင်သွားပြီဖြစ်သည့်အတွက် လမ်းလျှောက်ရသည်မှာ ပို၍သန့်ရှင်း၏။ 


ယခုလို လှပသော ညနေခင်းတွင် မရွှေမွှေးတစ်ယောက် လမ်းလျှောက်ချင်ရှာတော့မည်ဟု အတွတ်က တွေးမိ၏။ သူသည် မွှေးထံသို့ ခပ်သုတ်သုတ်ပင် လာခဲ့လေသည်။ ယနေ့ညနေတွင်တော့ မွှေး ခုတင်ပတ်လည်တွင် ပရိသတ်

စည်ကားနေတော့သည်။ သူရောက်လာလျှင် ဆီး၍ကြိုကြ၏။ 


“ထိုင်ပါဦး ဒေါက်တာမိုးရဲ့” 


ဝမ်းသာအားရ နေရာပေးကြသည်။ ဧည့်သည်များမှာ မြန်မာပြည်မှလူနာများ ဖြစ်ကြသည်။ သူတို့သည် မွှေးနှင့် အတော်ပင် ရင်းနှီးနေကြပေပြီ။ 


သူတို့ ဆွေးနွေးလက်စ စကားကို ဆက်၍ပြောကြ၏။ စိတ်ပါလက်ပါ ပြောနေသူမှာ ရခိုင်သား ကိုသန်းမောင်ပင် ဖြစ်သည်။ အတွတ်သည် မွှေးခုတင်နှင့် အနီးဆုံး ကုလားထိုင်တွင် ဝင်၍ထိုင်လိုက်၏။ မွှေးက စံပယ်ကုံးကို ဆံထုံးတွင်ပန်ကာ သနပ်ခါးရေကျဲ လူး၍ထားပေသည်။ ကိုသန်းမောင် စကားပြောသည်ကို အားလုံးပင် နားထောင်နေကြ၏။


“စကားပြော ဆက်ဆံတာ ရိုင်းရုံမကဘူး၊ တချို့ ဆရာမတွေကလဲ ဘယ်လိုလဲ မသိပါဘူးဗျာ ..." 


ကိုသန်းမောင်သည် ရန်ကုန်ဆေးရုံကြီးမှ တချို့ဆရာမလေးတွေ၏ ဆက်ဆံရေး ညံ့ဖျင်းပုံကို ပြောနေဟန်တူ၏။ သူသည် အာ​ရောဂျံသက်တမ်း ခြောက်လကျော်ပြီဖြစ်၍ ရောဂါသက်သာသောကြောင့် လမ်းလျှောက်ခွင့်ရပေပြီ။ ဦးသော်ဇင်ဆိုသူမှာ အဘိုးကြီးဖြစ်၍ ညာဘက်မှ နံရိုးသုံးချောင်းကျိုးကာ ခွဲစိတ်ကုသပြီးဖြစ်၍ နှစ်လမျှ နားပြီးလျှင် ပြန်ရတော့မည်ဖြစ်သည်။ သူကလည်း ရန်ကုန်ဆေးရုံကို နာကြည်းဟန်ရှိသည်။ 


“ကျွန်တော့်တုန်းကဆို ဒေါက်တာက ငြိမ်ငြိမ် အိပ်ခိုင်းတယ်။ နောက်ဖေးတောင် ထ, မသွားခိုင်းဘူး။ ဟိုဘက်က လူနာက ဗိုက်ခွဲပြီးလို့ ဆင်းရတော့မယ်။ အဲဒါဗျာ ကျွန်တော့်ဆီက နောက်ဖေးသွားတဲ့ မတ်တတ်ကမုတ်ကိုယူပြီး အဲဒီဆင်းတဲ့လူနာကို အိမ်အထိ ငှားလိုက်တယ်။ ကျွန်တော်ဖြင့် အံ့ရော။ ကျွန်တော့်ရောဂါမကြီးလို့ အိမ်သာရောက်အောင် သွားဆိုရင် သွားပါတယ်ဗျာ၊ ခုတော့ ဟိုလူနာကျတော့ စေတနာပိုပြီး ဆေးရုံကပစ္စည်း အိမ်အထိ ငှားတာတော့ တရားလွန်တယ်ထင်တယ်။ နောက်နေ့ကျ ငှားလိုက်တဲ့ တာဝန်ကျဆရာမနဲ့ မတည့်တဲ့ ဆရာမ ခေါင်းမြီးရှည်လေးတစ်ယောက် မေးကြည့်တော့မှ ဘရိုကိတ်အကောင်းစားတစ်ထည် ရလိုက်တယ်ဆိုပဲ"


“အဲဒါတွေကို သိသိချင်း ဆေးရုံအုပ်ကြီးကို တိုင်ဖို့ကောင်းတယ်။ လူကြီးတွေ သိရင် ချက်ချင်းအရေးယူပါတယ်”


အတွတ်က ဆေးရုံဘက်က ကာကွယ်၍ ပြောလိုက်၏။


“မတိုင်လိုပါဘူးဗျာ။ သူတို့နဲ့ အလွမ်းသင့်အောင်ပဲ အတော် လိုက်လျော​ပေါင်းနေရတာ။ တိုင်မိရင် စွာတဲ့အကောင်ဆိုပြီး ဘေးဖယ်ထားမှ ဒုက္ခရောက်နေမယ်” 


အဘိုးကြီးက ခေါင်းလေးပွတ်ကာ ရယ်မော၍ ပြောပြ၏။


“ပြီးတော့ အလွမ်းသင့်သူတွေ ဆေးရုံတက်ရင် ပွဲတော်လားတောင် အောက်မေ့ရတယ်။ စားဟယ်...သောက်ဟယ် တပြုံးပြုံးနဲ့။ အချိန်လဲ မကန့်သတ်ဘူး။ ကျွန်တော့်နှမ ဗိုက်ခွဲတုန်းက ကိုယ်တွေ့။ သူတို့ မလိုတဲ့သူကျတော့ အစောင့်တစ်ယောက်ကို ဆရာဝန်လက်မှတ်နဲ့ ထားတာတောင် ဘာဖြစ်ပြန်ပြီ၊ ညာဖြစ်ပြန်ပြီနဲ့။ ကျွန်တော်တော့ ဆေးရုံကို မလွှဲသာလို့ တက်ရတယ်၊ စိတ်ကုန်ပါတယ်ဗျာ။ ဒါတောင် ပိုက်ဆံခန်းရဲ့ ဒုက္ခနော်”


“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ဒီမှာကျတော့ကော ဆက်ဆံပုံတော့ ပြေပြစ်ပါရဲ့၊ ဆရာဝန်မျက်နှာ မနက်တစ်ခါမြင် ၊ ပျောက်သွားရော။ သူနာပြုဆရာမကလဲ တစ်နေ့သုံးကြိမ် အပူချိန်လာယူတာကလွဲလို့ အနားမှာမရှိ။ ဦးထွန်းစိန်ကြီး ရောဂါသည်းလာတာ ဘယ်သူမှ သွားခေါ်လို့မရတာ ကြည့်လေ"


ဦးပုက ဝင်၍ စိတ်ဖြေသာအောင် ပြောလိုက်သည်။ ဦးပု ရောက်လာသည်မှာ တစ်နှစ်နီးပေတော့မည်။ သူ့အဆုတ်တစ်ဖက်တွင် အပေါက်ရှိ၍ လာရောက်ကုသခြင်းဖြစ်သည်။ 


"ဒါကြောင့် အကောင်းဆုံးနည်းက ကျွန်တော် စဉ်းစားတယ်။ ဒီမှာလဲ ဒီပီအေအက်စ်နဲ့ အိုက်ဆိုနက်စ်စားပြီး ထိုးဆေးက စတက်ရက်တိုမိုက်စင် ထိုးရတာပဲ။ တစ်ခုပဲ သာတာက စည်းကမ်းကြီးတော့ လူတွေကလဲ လိုက်နာတယ်။ ရေနဲ့လေ ကောင်းတယ်။ နေရာက ကျယ်ဝန်းတယ်။ ဒီတော့ မြန်မာပြည်မှာ ဒီလိုလုပ်နိုင်ရင် ကျုပ်တို့လဲ ဒုက္ခမရောက်ဘူး၊ ခုတော့ ငွေမလောက်လို့ ငွေရှာရတဲ့ဒုက္ခ၊ သားတကွဲ မယားတကွဲ ဒုက္ခ"


“ဟုတ်တယ်ဗျို့” 


ကိုသန်းမောင်သည် ဦးပုစကားကို ဆက်လက်၍ ထောက်ခံလိုက်၏။ 


“ဟုတ်တယ်၊ ဘယ်လိုဖြစ်လဲမသိ၊ တကယ်လိုတဲ့ တကယ့်လူနာကျတော့ ငွေစစ်လိုက်တာ၊ ဒီမှာ မနည်းချွေတာသုံးရတယ်။ လူနာယောင်ဆောင်ပြီး လာကုတဲ့လူကျတော့ ငွေနှစ်ထောင်လောက်များ အေးအေးပဲ ရတယ်” 


“အို ..ဒီလိုလူတွေ ရှိသေးတယ်”


မွှေးက ရောဂါနှင့်ပင်း၍ ငွေရှာသည့်အဖြစ်ကို အံ့သြစွာ မေးလိုက်၏။


“မွှေး ဘာမှ မသိသေးဘူး၊ တချို့က ရောဂါက တော်တော်ရယ်၊ ကုလားတွေနဲ့ပင်းပြီး ငွေခိုးထုတ်တာ တစ်ပုံကြီးပဲ"


ကိုသန်းမောင် အဖြေကြောင့် မွှေးမှာ မျက်လုံးလေး ပြူးသွား၏။


“ဖြစ်နိုင်ရင်တော့ ကောင်းပါတယ်။ ဒီလိုသွေ့ခြောက်တဲ့ လေတိုက်တဲ့ရာသီဥတုရှိတဲ့နေရာတွေ မြန်မာပြည်အလယ်ပိုင်းမှာ ရှိနေတာပဲ။ အဲဒီမှာ နေရာကျယ်ကျယ်ဝန်းဝန်းရှာ၊ ပစ္စည်းကိရိယာရှာနိုင်ရင် ဆရာဝန်တွေလဲ ရှိလာမှာပါပဲ။ ပြီးတော့ ရေကလဲ ထုံးဓာတ်ပါတဲ့ရေ ရနိုင်တာပဲ”


အတွတ်သည် ထိုလုပ်ငန်းကို စိတ်ပါလာဟန်ရှိကာ ဝင်၍ဆွေးနွေး၏။ 


ဦးပုက ခေါင်းညိတ်ရင်း ဆက်ပြော၏။


“တစ်ခု ဒေါက်တာမိုး စဉ်းစားကြည့်၊ အာ​ရောဂျံကို ထူထောင်တုန်းက ခုလို အကြီးကြီးမှ မဟုတ်ဘဲ။ မစ်ရှင်သာသနာပြုတွေက စတာပဲ။ ဟို ရုံးအနောက်က အဆောက်အဦးဟာ လူ (၂၀)လောက်ပဲ ဆန့်တယ်၊ အဲဒါက စခဲ့တာ။ ခုဟောင်းလို့ ပြိုနေပြီလေ။ အဲဒီက တစ်စတစ်စ ရောဂါပျောက်ကင်းသူတွေမှာ ဆင်းရဲသူလဲ ပါတယ်။ သူ​ဌေးလဲပါတယ်။ သူ​ဌေးတွေက တစ်ဆောင် တစ်အိမ်စီ လှူရင်းက ခုလို ကျယ်လာတာ။ သူတို့လဲ အစမှာ အစိုးရကို အပူမကပ်ဘူး”


“ကဲ.. ဦးပုတို့ လမ်းလျှောက်ကြဦး၊ ဟိုဘက်က ဆရာမတစ်ယောက် ဖြတ်လျှောက်သွားတာ မြင်တယ်။ လမ်းလျှောက်ချိန် မလျှောက်ရင် လာဆူဦးမယ်”


ဒေါ်မြညွန့်နှင့် ဒေါ်အေးကျင်ဆိုသူ အမျိုးသမီးနှစ်ဦးက သတိပေးလိုက်မှ သူတို့သည် လမ်းလျှောက်ရန် ထ,သွားကြတော့သည်။ မွှေးအနားတွင် အတွတ်တစ်ယောက်တည်း ကျန်ရစ်၏။


“ဒီဆေးရုံရဲ့ ထုံးစံက လမ်းမလျှောက်နဲ့ဆိုလဲ မလျှောက်ရဘူး၊ လျှောက်ခွင့်ပြုတဲ့လူကျရင်လဲ မှန်မှန်လျှောက်ရတယ်။ တစ်တိုင်း ၊ တစ်ပြည်မှာဆိုတော့လဲ လူနာတွေက နာခံတယ်” 


“အတွတ် စားပွဲအံဆွဲထဲက နေ့စဉ်မှတ်တမ်းကို ယူကြည့်ပါဦး၊ မနက်က ဒေါက်တာ​ဂျေဇူ ဆေးရုံအုပ်ကြီး ကိုယ်တိုင်လာတယ်။ အဝါရောင်ဖျက်ပြီး အဝါနုလို့ ရေးသွားတယ်။ မွှေး ထိုင်ရပြီ သိလား။ ပြီးတော့လဲ လေးနဲ့အထွေးလဲ ဒီဂရီရပြီတဲ့၊ ဒီနေ့ စာလာတယ်။ သူတို့ အလုပ်လုပ်ပြီး မွှေးဆီကို ငွေပို့မယ်တဲ့” 


မွှေးက အားရဝမ်းသာ ပြော၏။ 


"ဒါကြောင့် မရွှေစာ ပန်းတွေပန်၊ သနပ်ခါးတွေ လူးနေတာကိုး။ မြန်မြန်ကျန်းမာလာမှာပါ။ ကဲ...ကဲ အတွတ် ကုလားထိုင် ရွှေ့ပေးမယ်။ ရှေ့ဘက်က မြေကွက်လပ်မှာ ဆင်းပြီးထိုင်" 


အတွတ်နှင့် အဖော်ကုလားမသည် ကုလားထိုင်နှစ်လုံးကို ရွှေ့လိုက်ကြ၏။ 


မွှေးသည် ကုလားထိုင်ပေါ်ထိုင်ရင်း အသက်ဝဝ ရှူလိုက်သည်။ 


“အမလေး ခုမှပဲ ကမ္ဘာကြီး မြင်ရတာ ကျနေတာပဲ” 


မွှေးက ရွှင်လန်းစွာဆို၏။


“ဒီလိုပဲ မွှေး၊ တချို့ဆို တစ်နှစ်လုံးလုံး နေရတယ်၊ မွှေးနေတာ ခြောက်လကျော်ကျော်လေးပဲ"


“အတွတ် နေကြည့်ပါလား၊ အိပ်ရာထဲ ခြောက်လ​နေရတဲ့ဒုက္ခကို သိမယ်” 


မွှေးက ရန်တွေ့လိုက်မှ အတွတ်က ဟက်ဟက်ပက်ပက် ရယ်လိုက်တော့သည်။ သူတို့အနားတွင် လေများ ဖြည်းညင်းစွာ တိုက်ခတ်၍ စိတ်ရွှင်လန်းစရာဖြစ်နေပေသည်။ အဝေးရှိ ကျောက်တောင်ကုန်းများပေါ်တွင်လည်း ရွှေဝါနုရောင်ခြည်သွေးက လွှမ်းခြုံထားသောကြောင့် ရွှေတောင်ထွတ်များသဖွယ် လှပလှလေသည်။ စကားဝိုင်းမှ ထသွားသူတို့ လျှောက်သွားသော မြောက်ဘက်ယွန်းယွန်းနေရာတွင်မူ စိမ်းစိုသောတောအုပ်ငယ်လို သစ်ပင်ပျိုတို့ စုရုံးလျက် သာယာလှသည်။ လေတိုက်လိုက်တိုင်း နေရောင်ခြည်အောက်တွင် သစ်ရွက်များသည် လှပစွာလှုပ်ရှားကြလျက် ကြက်တူရွေးငယ်တို့၏အော်သံမှာလည်း တစ်ပြိုင်နက်လိုလို ကြားရတတ်၏။ 


မွှေးသည် အနီးကပ်၍မကြည့်နိုင်သော ဥယျာဉ်ဆီသို့ လည်ဆန့်၍မျှော်ကာ ကြည့်ရသည်။ သူ့အခန်းရှေ့တည့်တည့် ကွင်းပြင်ကိုကျော်လိုက်လျှင် အရှေ့တောင်ဘက်ယွန်းယွန်းတွင် အပြင်လူနာများအတွက် ဆေးပေးရုံကို တွေ့ရပြီး ဆေးပေးရုံနောက်တွင်မူ သဘာဝအလျောက်ဖြစ်နေသော ကျောက်သားလွင်ပြင်ကြီးကို တစ်စွန်းတစ်စ တွေ့ရသည်။ သဘာဝမှာ လှသည်ဆိုသော်လည်း ကိုယ့်ဌာနီမဟုတ်လေသောကြောင့် မွှေးအဖို့ ပျော်စရာလို့ မမြင်ပေ။ မြက်ခင်းသည် လွမ်းဆွတ်ကြည်နူးဖွယ်ရာသာတည်း။


မွှေးအဖို့ ကိုယ်အလေးချိန် မှန်မှန်မတက်လေသမျှ လမ်းလျှောက်ခွင့် နှောင့်နှေးမည်ဖြစ်၏။ လမ်းလျှောက်ခွင့်မရလျှင်လည်း ထိုကျောက်တောင်ကုန်းများနှင့် တောအုပ်ဆီသို့ သွားရဦးမည် မဟုတ်ပေ။ အဝေးကသာ မျှော်မှန်းရမည်ဖြစ်ပေသည်။ 


အကယ်၍သာ ယခုလို နားရပုံမျိုးနှင့် မြန်မာပြည်ရှိ အစားအစာများသာဆိုလျှင် လူနာတစ်ယောက်အတွက် အလေးချိန်သည် လျှင်မြန်စွာ တက်နိုင်မည်ဖြစ်သည်။ အိန္ဒိယတွင်မူ အစားအသောက်ကလည်း မြန်မာဟန်နှင့်မတူ၊ လိုချင်တာကိုလည်းမရ။ ကြက်ဥ၊ နွားနို့ကိုသာ ညှီစော် ဘယ်လိုပင်နံနံ နှစ်၍သောက်ရ၏။ ဆိတ်သားနှင့် ကြက်မှတစ်ပါး ဆေးရုံးဈေးတွင် တခြားအသားမရှိပေ။ 


အတွတ်သည် မွှေး လည်တဆန့်ဆန့်နှင့် မျှော်ကြည့်နေရာအနားသို့ ကပ်လာ၏။ မွှေး၏ရွှင်လန်းဆန်းလာသောဟန်ကို မြင်ရသည့်အတွက် သူ့စိတ်မှာလည်း ချမ်းမြေ့လာပေသည်။ 


“မွှေး... ဟိုဥယျာဉ်ကို ကျော်လိုက်ရင် မဒနာပလီသွားတဲ့လမ်းမကြီးကို ရောက်ရော၊ အဲဒီလမ်းမကြီးဘေးမှာ မန်ကျည်းပင်လေးတွေ စီပြီးပေါက်နေတာ သိပ်လှတာပဲ။ အညာကျေးလက်တွေနဲ့ တူတယ်။ အဲဒီကနေ အတွတ်တို့နေတဲ့ အိမ်ဆီ လာနိုင်တယ်။ မွှေး အလေးချိန် မှန်မှန်တက်ရင် မကြာဘူး လမ်းလျှောက်ရမယ်..."


အတွတ် လက်ညှိုးညွှန်ရာသို့ မွှေးက မျှော်ကြည့်လိုက်သေး၏။ သူ အလေးချိန်တက်ဖို့ သိပ်မမျှော်လင့်ပေ။


“ကိုယ်အလေးချိန်တက်ဖို့ အသားများများ စားရမယ်လို့ ဒေါက်တာက ပြောပါတယ်။ အထူးသဖြင့် အမဲသားစားခိုင်းတယ်။ မွှေးကလဲ ဒါတွေ မစားချင်ဘူး...”


“ဘာလို့ မစားချင်တာလဲ” .


“ဟင် .... အတွတ်ကလဲ အမဲသားကို မွှေးမစားဘူး။ ဈေးက ကြက်နဲ့ဆိတ်ပဲရတာ၊ ဒီမှာ ငါးပုစွန်က မြင်တောင်မမြင်ရဘူး။ ကြက်က အရှင်ကြီး။ ကုလားမက သူသတ်ပေးမယ်လို့ ပြောပါတယ်။ ဟိုဘဝက အကုသိုလ်ကြီးလွန်းလို့ ခုဘဝ ဒုက္ခတွေ အနန္တခံရတဲ့အထဲ ဒီကြက်တော့ မသတ်ခိုင်းတော့ဘူး။ ဆိတ်လဲ ဆိတ်စော်နံလှပြီ”


အတွတ်သည် ခေါင်းတညိတ်ညိတ်နှင့် အယူသည်းလွန်းလှသော သူ့မွှေးကို အထူးအဆန်းသဖွယ် ကြည့်နေ၏။ 


"ဒီတော့ ဦးပုတို့ ပြောသွားသလို မွှေးတို့ မြန်မာပြည်ပြန်ရောက်ရင် အဖွဲ့တစ်ခုဖွဲ့ပြီး ဆောင်ရွက်ရအောင်၊ ဒီအဖွဲ့ရဲ့ လုပ်ငန်း အောင်မြင်အောင် ကူမယ်”


“ဒီလိုဆိုရင် အစိုးရမှာလဲ နိုင်ငံခြားငွေ အကုန်သက်သာမယ်မဟုတ်လား”


“သက်သာရုံတင်မကဘူး၊ ငွေကြေးမတတ်နိုင်လို့ သေရတဲ့ လူမမာတွေအတွက်လဲ ကာကွယ်ရာကျမယ်။ ဟိုမှာက ရိုးရိုးကုသိုလ်ဖြစ်အခန်းမှာကို ခုတင်တစ်ခုရဖို့ ခဲယဉ်းတယ်။ ပြီးတော့ အဆုတ်နာ ဆိုပြန်တော့ တခြားလူနာတွေနဲ့ ရောထားဖို့ ဆရာဝန်တွေက လက်မခံချင်ဘူး၊ ဒီတိုးချဲ့ အဆုတ်ခန်းမှာမှ ထားလို့ဖြစ်တာ။ အမှန်ဆိုရင် ဒီရောဂါဟာ ဖြစ်စမှာ ကောင်းကောင်းနားပြီး ကောင်းကောင်းစားရင် သိပ်ပျောက်လွယ်တယ်။ ရန်ကုန်လို ပြွတ်သိပ်နေတဲ့ သေတ္တာလို အိမ်လေးတွေမှာ နေတဲ့ လူတွေအဖို့ ဘယ်မှာသွားနားနိုင်မှာလဲ။ ဆေးရုံကလဲ တင်ရတယ်ထားဦး၊ နေရာကျဉ်းတော့ နည်းနည်းဖြစ်တဲ့လူကို များများဖြစ်တဲ့လူဆီက ကူးမှာ စိုးရပြန်ရော”


မွှေးသည် နားထောင်နေရာမှ သက်ပြင်းချရင်း ခေါင်းကို ဖြည်းဖြည်းယမ်းလိုက်၏။ 


“ဆရာဝန်တွေက ဘယ်လိုပဲပြောပြော၊ မွှေး စိတ်ထင်တာက ဒီရောဂါဟာ လွန်လာတဲ့အချိန်မှာ ကုရင် ရောဂါမတိုးအောင်သာ လုပ်လို့ရမယ်။ လူစဉ်တော့ မီမယ် မထင်ဘူး။ ဒီတော့ ရောဂါတွယ်မှန်း သိသိချင်း မြန်မြန်နား၊ မြန်မြန်စားနိုင်အောင်ကို လုပ်ပေးရမယ်။ ရောဂါပိုးတွယ်ကို မခံမှဖြစ်မှာပဲ။ ဒီရောဂါရဲ့ ဒုက္ခဟာ အသည်းခိုက်အောင် ဒုက္ခပေးပြီး တစ်အိမ်ထောင်လုံးရဲ့ စီးပွားရေး၊ အခြားတိုးတက်​ရေးတွေပါ ဘယ်လောက်ထိခိုက်တယ်ဆိုတာ ဒီ​ဝေဒနာကို ခံစားရဖူးသူတွေမှ တကယ်သိတာ” 


အတွတ်သည် လန့်သွား၏၊ သူ့စကားများသည် စိတ်ဓာတ်ကို မြင့်အောင် လုပ်မပေးနိုင်ဘဲ ပိုမိုပင်ကျဆင်းအောင် ပြောမိနေသလား။


“ဘာဖြစ်လို့လဲ မွှေး၊ လူစဉ်မီပါတယ်။ ဆေးရုံဆင်းသွားပြီးမှ အလုပ်လုပ်နေတဲ့လူတွေ အများကြီးပဲ” 


“တချို့တော့ ဟုတ်ပါတယ်လေ၊ ဒါပေမယ့် ဘယ်နှစ်နာရီ အလုပ်လုပ်ရမယ်၊ ဘယ်နှစ်နာရီ နားရမယ်နဲ့ သူဌေးနာကြီး။ ဆင်းရဲသူ ဆင်းရဲသားမှာ အချိန်ရသလောက် အလုပ်လုပ်ရတာပဲ၊ ဒီတော့ သူတို့ညွှန်ကြားသလို မလိုက်နာနိုင်ရင် မြန်မြန်သေတာပေါ့။ ဒီရောဂါဟာ အင်မတန် စိတ်ချောက်ချားစရာကောင်းပါတယ်။ အမျိုးတွေကတောင် ပိုင်းပယ်၊ အပေါင်းအသင်းကလဲ ဝိုင်းပယ်နဲ့ နူနာလိုပဲ”


​မွှေးသည် မျက်နှာညှိုးကျကာ ပြောပြ၏။ သူတို့စကားပြောနေစဉ် ကျောက်တောင်ကုန်းဘက်ဆီမှ လာသော လမ်းလေးပေါ်တွင် သူငယ်တစ်စု လမ်းလျှောက်လာကြသည်။ 


“မွှေး ဟိုသူငယ်တွေထဲမှာ ရှေ့ဆုံးက ဖြူဖြူမြင့်မြင့်နဲ့ မြန်မာလူငယ်လေးတစ်ယောက် တွေ့လား”


အတွတ်က လူငယ်များဆီသို့ ညွှန်ပြကာ မေးလိုက်သည်။ 


“တွေ့ပါတယ်” 


“ဒီသူငယ်လေးဆို အသက် ၂၀ ကျော်ပဲ ရှိသေးတယ်။ လောကကြီးမှာ တက်စအရွယ်၊ ဘယ်လောက် ပျော်ရွှင်စရာတွေကို ခံစားလို့ကောင်းတဲ့အရွယ်လဲလို့။ မိဘက ချမ်းလဲချမ်းသာတယ်။ သူ့နာမည် မောင်ရန်ခွင်းလို့ ခေါ်တယ်။ ဒါပေမယ့် အဆုတ်နာကြောင့် သွေးအန်လို့ ဒီမှာလာကုရတယ်။ သူ့ဘဝကို သူထိုင်ပြီး ဝမ်းနည်းမနေဘူး။ သူဝါသနာပါတဲ့ ကင်မရာတစ်လုံးနဲ့ သူ့စိတ်သူ အလုပ်ပေးနေတာပဲ။ ဒီမှာနေတာ တစ်နှစ်နီးတော့မယ်” 


အတွတ်သည် မွှေးအား စိတ်ဖြေသာအောင် စကားပြောင်း၍ပြောပြနေပေသည်။ လူငယ်တစ်စုသည် သစ်ခက်များ၊ တောပန်းရိုင်းအပွင့်များကို ကိုင်ကာ သီချင်းဆို၍ သွားကြတော့သည်။


* * * 


နောက်နေ့ နံနက်တွင် စိတ်မချမ်းသာစရာကောင်းသည့် အလုပ်တစ်ခု လုပ်ရမည့်မို့ မွှေးသည် စိတ်ညစ်နေ၏။ ထုံးစံအတိုင်း အဝတ်အစားလဲကာ လန်ခြားပေါ်တွင် လိုက်ပါသွားရသည်။ 


တစ်လတစ်ခါ မှန်မှန် ဓာတ်မှန်ရိုက်ခြင်း၊ အမှောင်ခန်းတွင် ကြည့်ခြင်း၊ သွေးစစ်ခြင်း၊ ကိုယ်ခန္ဓာကို စစ်ဆေးရခြင်းများကို မွှေးက မကြောက်ခဲ့ပေ။ ယနေ့ သွား၍လုပ်ရမည်မှာ ပိုက်ကိုမျိုချ၍ အစာအိမ်ထဲမှ အရည်ကိုထုတ်ကာ စစ်ဆေးကြည့်မည်ဖြစ်၏။ လစဉ်လတိုင်း မွှေးသည် ကြိုးစား၍မျို၏။ ပိုက်ကို မျို၍မကျပေ။


အခန်းထဲတွင် အသက် ၄၀ ခန့် ကုလားကြီးတစ်ယောက်နှင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက် ရောက်နေ၏၊ သူတို့သည် ဇလုံတစ်လုံးစီ ရှေ့ချကာ ပိုက်ကို စ၍ မျိုနေကြပြီ။ သူတို့အနားတွင် ရာဘာပိုက်အဖျား အစာအိမ်သို့ ရောက်လျှင် စုပ်ယူရန် ကိရိယာနှင့်တကွ သူနာပြုဆရာမများသည် စောင့်နေသည်။ 


မွှေးက အခန်းထဲဝင်ဝင်ချင်း ပျို့လာသည်။ ကလေးငယ်သည် ပိုက်ကို ကြိုးစား၍ မျိုချနေစဉ် တံတွေးများမှာ နှုတ်ခမ်းတွင် ပလုံစီကာ ထွက်နေတော့သည်။ ​မွှေးသည် အလိုလို အန်ချင်လာသည်။ သူ့အတွက် ရာဘာပိုက်မှာ ရေနွေးနှင့် ပြုတ်နေတုန်း ဖြစ်ပေသည်။ 


ဆရာမလေးသည် ရာဘာပိုက် အဆင်သင့်ဖြစ်လျှင် သူ့ထံ ယူလာသည်။


“အသက် ဝဝရှုလိုက်ပါ" 


ဆရာမလေး၏ အင်္ဂလိပ်စကားပြောပုံမှာ နှုတ်ခမ်းလေးများ လှပသော်လည်း မွှေးက ကြောက်ရွံ့နေသည်။ အသက်ဝဝ ရှူလိုက်ကာ ပါးစပ်ဟပေးလိုက်လျှင်ပင် ဆရာမသည် ပိုက်အဖျားကို အာခေါင်တွင်းချကာ မျိုခိုင်းတော့၏။ မွှေးသည် ကြိုးစား၍မျိုသော်လည်း ပျို့၍ပျို့၍သာလာကာ ပိုက်ကို အန်ထုတ်လိုက်တော့သည်။ သုံးခါ​လောက် အန်ထုတ်လိုက်လျှင် ဆရာမသည် စိတ်တိုလာပုံရ၏။


“ဟိုကလေး ကြည့်စမ်း၊ မျိုရလို့ ဝမ်းထဲက အရည်တောင် စုပ်ထုတ်နေပြီ၊ ရှင် မရဘူးလား"


ဆရာမက ဒေါသသံနှင့် ငေါက်လျှင် မွှေးကလည်း ဒေါသဖြစ်လာ၏။ ပိုက်မျိုချမရ၍ မောနေရသည့်အထဲ ဆရာမ ငေါက်သည်ကို စိတ်တိုလာ၏။


“ဒါလောက်ပဲ ဒီအရည်ကို လိုချင်သလား"


“လိုချင်တယ်၊ ရှင့်အစာအိမ်မှာ တီဘီပိုး ရှိမရှိ စစ်ဆေးကြည့်ရမယ်။ အခု ရှင် ခြောက်လကျော်ပြီ၊ တစ်ခါမှ မျိုမရဘူး”


“ကျွန်မလဲ ကြိုးစားတာပဲ၊ မောလို့ သေတော့မယ်။ ဒါလောက် လိုချင်ရင် ဗိုက်ခွဲပြီး အစာအိမ်ထဲက အရည်ထုတ်ယူလေ”


မွှေးက ခပ်ပြတ်ပြတ် ပြောလိုက်တော့မှ ဆရာမမှာ လက်လျှော့သွားကာ မွှေးကို ပြန်ခွင့်ပြုလိုက်တော့သည်။ 


မွှေးသည် မောလည်း မောလည်းလာ၍ လစဉ်လတိုင်း ဒီပိုက်မျိုနေသည်မှာ ငရဲခံရသလို သူ့မှာခဲယဉ်းနေသည်။ တခြားလူများ အလွယ်တကူ မျိုရလျက်နှင့် သူဘာကြောင့် မရသည်ကိုလည်း တွေးမရပေ။ 


အခန်းသို့ ပြန်ရောက်လျှင် သူအိပ်နေတော့၏။ နံနက်စာကို နဂိုက စားမရသည့်အထဲ ပိုက်ကို မျိုရ၍ လည်ချောင်းမှာ နာကျင်နေတော့သည်။ 


သူသည် စိတ်ပျက်လက်ပျက်နှင့် အိပ်၍နေ၏။ ထမင်းမစားတော့လျှင် ချက်ပြီးသား ထမင်းများကို သူယူကာ ထမင်းစားပြန်တော့မည့်အကြောင်း ထမင်းချက်ကုလားမက လာ၍​ပြောလေသည်။ ကုလားမကို ပြန်လွှတ်လိုက်ကာ အိပ်မြဲအိပ်နေလိုက်သည်။


တစ်ရေးနိုးလျှင် တဂျိုင်းဂျိုင်းနှင့် လှည်းတစ်ခု သူ့အိမ်ခြေရင်း လမ်းပေါ်မှ ဖြတ်သွားသံကို ကြားရ၏။ နေ့လယ်၏ တိတ်ဆိတ်ပုံမှာ တစ်မျိုးခြောက်သွေ့ ရသည့်အထဲ ထိုလှည်းသံမှာ စိတ်လှုပ်ရှားစရာလို သူ ထင်မိ၏။ မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူသည် လန့်သွား၏။ ဟင်းလင်းဖြစ်နေသော လှည်းပေါ်တွင် ခေါင်းကြီးတစ်ခုကို အဝတ်စနှင့် အုပ်ထား၏။ အဝတ်ဖြူပေါ်တွင် ပန်းသုံးပွင့် ခပ်ကျဲကျဲ တင်ထားသည်။ ကုလားနှစ်ယောက်သည် ထိုခေါင်းကြီးကို ကျောက်တောင်ကုန်းမြင့် ဘေးဘက်ဆီသို့ တွန်း၍ယူသွားကြသည်။ ကျောထဲမှ စိမ့်ခနဲဖြစ်ကာ အလိုလို ကြောက်သွားသည်။ 


“ဘုရား... ဘုရား ဘယ်သူများပါလိမ့်၊ သူတို့ သယ်သွားတဲ့နေရာဟာ သင်္ချိုင်းများလား”


သူသည် မျက်စိမှိတ်ထားသော်လည်း အိပ်မရ။ လေရှိန်က ခပ်ပြင်းပြင်း တိုက်လာပြန်သည်။ ဂျပ်ဂျပ် ဂျပ်ဂျပ်နှင့် ယင်းမှ ဝါးလုံးများ တိုင်ကိုရိုက်သံသည် တစ်ယောက်တည်းနေရစဉ် ပိုမိုကျယ်သလိုဖြစ်လာပြန်သည်။ သူသည် ထ,ထိုင်လိုက်၏။ 


လူနာများသည် အိပ်နေဆဲဖြစ်ဟန်ရှိ၏။ အနီးအနား အိမ်များကလည်း ငြိမ်သက်နေသည်။ နေ့ခင်းကြီးကြောင်တောင် ထိုမျှ ငြိမ်သက်နေသည်ကို သူ့မှာ အနေခက်နေတော့သည်။ 


“ကိုထွန်းရေ ... ကိုထွန်းရဲ့ ... အနွဲ့ကို တစ်ယောက်တည်း ထားခဲ့တော့မလား” 


“ဟော.... ဘုရားရေ”


မွှေးသည် အသံထွက်အောင် အော်လိုက်၏။ သူကြားသောအသံမှာ စကားလုံး ကွဲသော်လည်း အဝေးမှကြားသော အသံသဲ့သဲ့ ဖြစ်၏။


“တို့မြန်မာလူမျိုးထဲက သေတာ ဖြစ်မယ်။ ဒုက္ခပါပဲ” 


သေသည့်အတွက် ဝမ်းနည်းသည် မှန်သော်လည်း ကျန်ရစ်သူအတွက် ပို၍စိတ်မချမ်းမြေ့ပေ။ သူသည် ခုတင်ခြေရင်းသို့ ဆင်းကာ ကျောက်တောင်ခြေရှိရာသို့ စူးစိုက်ကြည့်နေမိ၏။ မြန်မာ လေးငါးယောက် ခပ်လှမ်းလှမ်းတွင် စုနေသည်ကို မြင်ရတော့သည်။ 


ညနေ သုံးနာရီတွင် အဘီဂေးလ်သည် လာနေကျအတိုင်း သူ့ဆီလာကာ အပူချိန် လာယူ၏။ 


“ရှင်တို့ မြန်မာထဲကပဲ ဦးထွန်းစိန်ဆိုတာ ဆုံးသွားပြီ၊ ဒီကနေ့ပဲ မီးသင်္ဂြိုဟ်တယ်" 


အဘီဂေးလ်က သူ့ကို ပြောပြ၏။


“ကျွန်မ သူ့မိန်းမကို သွားမတွေ့ရဘူးလား”


“ဟင့်အင်း ... ဆရာဝန်ကြီး ဆူလိမ့်မယ်၊ ရှင် လမ်းလျှောက်ခွင့်မှ မရသေးဘဲ။ ရလဲ ဘာဖြစ်လို့ စိတ်မချမ်းသာစရာတွေ သွားကြည့်မလဲ။ အေးအေး အိပ်နေပါ”


အဘီဂေးလ် ထွက်သွားသည့်တိုင်အောင် သူ့နားထဲတွင်မူ ကိုထွန်းရေ ... ဆိုသော အသံ ကြားယောင်နေတော့သည်။ ဒီလိုနေရာတွင် မြန်မာထုံးစံအတိုင်း သရဏဂုံတင်ရန် ဘုန်းတော်ကြီးလည်း ရှိရှာလိမ့်မည် မဟုတ်ပေ။


ထိုတစ်ညနေလုံးတွင် အထူးတိတ်ဆိတ်နေသည်။ မြန်မာများလည်း လမ်းလျှောက်မထွက်ကြ၊ သူတို့စိတ်ထဲတွင် ဦးထွန်းစိန်အတွက် ဝမ်းနည်းနေဟန်ရှိ၏။ 


မွှေးသည် ညဉ့်ဦးတွင် ဘုရားအရှည်ကြီး ရှိခိုးကာ မေတ္တာပို့ အမျှဝေသည်။ အထူးသဖြင့် ဦးထွန်းစိန်ကို ရည်ရွယ်၍ အမျှဝေတော့သည်။ 


ခြောက်သွေ့သော ညတစ်ညလုံးတွင် သူသည် မျက်စိကြီး အကြောင်သားနှင့် အိပ်၍မရပေ။ ရှည်လျားသော ခွေးအူသံများမှာ သန်းခေါင်ယံကို ပို၍ချောက်ချားစေပေသည်။


မနက်မိုးလင်း လမ်းလျှောက်ချိန်တွင် ဦးပုနှင့် ဦးထွန်းတင်တို့က သူ့ထံ သတင်းဝင်ပေးသွားကြ၏။ ဦးထွန်းစိန် ရောဂါမှာ ဘဲလိုးသို့ သွားရောက် စစ်ဆေးရန် စောင့်​နေစဥ် သေဆုံးသွားကြောင်း၊ အဆုတ်မှာ ကင်ဆာလား... အဆုတ်နာလား.. ခွဲ၍ မရခင် လည်ချောင်းမှာလည်း ကင်ဆာလိုဖြစ်ကာ အစာမဝင်တော့ဘဲ မောလာကြောင်း၊ အမောဖောက်၍ သေဆုံးသွားကြောင်းနှင့် သူ့ဇနီး စိတ်အားငယ်စွာ ကျန်ရစ်ပုံ အကြောင်းများကို ပြောလျှင် မွှေးက သူပါရော၍ ငိုချင်လာသည်။


“ပြီးတော့ဗျာ ... သူတို့ဆီ သေရတာ ဂေါ်ရင်ဂျီသေနည်း ကျနေတာပဲ၊ ဘုရားသိကြားမလို့ ကျုပ်တို့အားလုံး မြန်မာပြည် ပြန်ရောက်ပါစေလို့ ဆုတောင်းပါတယ်”


ဦးပုသည် ဆုတောင်းကာ ထွက်သွား၏။ သူတို့မှာလည်း စိတ်ဓာတ်ကျနေပုံရတော့သည်။


မွှေးသည် ယခု သုံးလေးရက် အိပ်မပျော်နိုင်ဘဲ စိတ်က ချောက်ချား၍နေပေတော့သည်။ အတွတ်ကလည်း ညနေတိုင်း မပေါ် လာသည်မှာ နှစ်ရက်ပင် ရှိ၍သွားလေသည်။ သုံးရက်မြောက် ညနေတွင် အတွတ်သည် ခပ်သွက်သွက် လျှောက်လာ၏။ 


“မွှေး...”


မွှေးသည် ခုတင်ပေါ်တွင် ခွေနေရာမှ ရုတ်တရက် ထထိုင်လိုက်၏။


“ဟော ... အတွတ် ခုတလော ဘာလို့ မလာသလဲ” 


အတွတ်သည် ကုလားထိုင်တစ်ခုကို ဆွဲထိုင်ရင်း ... “ခုတလော မအားဘူး မွှေး”ဟု ပြောလိုက်၏။


“ထူးဆန်းလိုက်တာ၊ မြန်မာပြည်က လူနာကလေးတစ်ယောက် ကိုယ် အမြဲ သွားကြည့်တယ်၊ သနားစရာ အလွန်ကောင်းပဲ၊ ငွေမတတ်နိုင်လို့ အဖော်မပါဘဲ တစ်ယောက်တည်း လာနေရတယ်၊ ကိုယ်ကလဲ စကားမစပ်မိတော့ သေသေချာချာ မမေးမိဘူး။ ဒီကနေ့ မနက် ထမင်းစားရင်း သွေးအန်ပြီး သေနေလေရဲ့”


“ဟယ်”


မွှေးသည် ပါးစပ်ဟောင်းလောင်းနှင့် ကြောင်သွားတော့သည်။ 


“အဲဒါ ဘယ်သူထင်သလဲ၊ သူ့လိပ်စာနဲ့ ဘာနဲ့ အခြေအနေ အနားကလူတွေ မေးကြည့်မှ မောင်မောင် ဖြစ်နေတယ်”


“ဘယ်က မောင်မောင်လဲ" 


“တို့များ ဝါးခယ်မ ဘုရားကြီးလမ်းက ကိုအီဆွတ်သား အငယ်ဆုံးလေးလေ၊ အတွတ် ထွက်လာတော့ သူတို့က ငယ်ငယ်ရှိသေးတာ၊ သူတို့မှာ အမေလဲ မရှိဘူးလေ ..." 


“သိပြီ ... သိပြီ”


မွှေးသည် ပိုမို၍ စိတ်မချမ်းမသာဖြစ်လာသည်။ သူသည်ပင် မြန်မာပြည်သို့ ရောက်ပါဦးမလားဟူသော စိတ်မှာ ချောက်ချား၍လာတော့သည်။


“အဲဒါကွယ် ... ငွေလည်း ဘာမှမကျန်တော့လို့ ဦးထွန်းလှိုင်တို့၊ ဦးသာဉာဏ်တို့နဲ့ ဝိုင်းစုပြီး သဂြိုဟ်ဖို့ စီစဉ်ပေးနေရတယ်။ မွှေး စိတ်ငယ်သွားပြန်ပလား။ တစ်ခါမှ ဒီလိုဆက်တိုက် မြန်မာပြည်ကလူနာတွေ မသေဖူးဘူး၊ ဘယ်တတ်နိုင်မလဲ၊ အခိုက်မသင့်ရင် ဖြစ်တတ်တာပဲ။ မွှေးရောဂါက သေကိုမသေနိုင်ဘူး၊ စိတ်ချ။ သိပ်ပြီး ကောင်းလာပြီ။ စိတ်မပျက်နဲ့”


မွှေးက ဘာမှ ပြန်မပြောဘဲ ငိုချင်သလိုသာ ငိုင်၍ နေမိတော့သည်။


“ခုတလော ကြားရတာတွေဟာ စိတ်မချမ်းမြေ့စရာချည်းပဲကွယ်"


“ညဘက်ဆို အိပ်မပျော်ပြန်ဘူးထင်တယ်၊ မျက်နှာချောင်နေတယ်"


မွှေးသည် အိပ်ရာပေါ် ပြန်ခွေလိုက်၏။ အတွတ်မျက်နှာမှာ အနည်းငယ် ပျက်သွားတော့သည်။ မွှေး စိတ်ငယ်နေပြီကို သိပြီး ဖြစ်ပေသည်။


“ဘယ့်နှယ့် အိပ်ရမလဲ ..."


“ဘာမှ မဖြစ်ပါဘူးကွယ် ... ။ ညကျ မေတ္တာသုတ်ကို ရွတ်ပြီးအိပ်။ အတွတ်လဲ မွှေးဆီကို အထူးမေတ္တာပို့ပါတယ်၊ စိတ်ချမ်းသာအောင်နေနော်။ တော်ကြာ ကိုယ်အလေးချိန်လျော့သွားလို့ yellow bed ပြန်အလျှော့ခံနေရဦးမယ်။ ကဲ ... အတွတ် ပြန်ဦးမယ်"


မွှေးက ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။ ထိုညတွင် မွှေးသည် ခေါင်းရင်းဘက်နံရံတွင် ချိတ်ထားသော ဘုရားရုပ်ပုံတော်ရှေ့တွင် မီးများထိန်ထိန်ညီးအောင် ပူဇော်ထား၏။ ဗောဓိပင်ခြေရှိ ပလ္လင်ထက်တွင် ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူသော ဘုရားသခင်၏မျက်နှာတော်မှာ တည်ငြိမ်လျက်ရှိသည်။ ပလ္လင်တော်မှာမူ မီးရောင်ကြောင့် တလက်လက်တောက်ပနေ၏။ ဗောဓိညောင်ရွက်များကမူ စိမ်းစိုနုပျိုနေကြသည်။ 


မွှေးသည် ဘုရားရှိခိုးပြီး မေတ္တာသုတ်ကို ရွတ်၏။ အဝေးစစ်မြေရှိ ချစ်လင်ထံသို့ မေတ္တာပို့ရင်း မျက်ရည်များ စို့လာသည်။ ညီမလေးများနှင့် အဖေ့ထံ မေတ္တာထပ်ပို့ကာ ကွယ်လွန်သူ မေမေ၊ မမတို့နှင့် ဦးထွန်းစိန်၊ မောင်မောင်တို့ကိုပါ မှန်းဆ၍ အမျှဝေလိုက်ရပြန်သည်။ ဘုရားသခင်၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လား မသိ၊ သူ့စိတ်မှာ အတော်ပင် ငြိမ်သက်ကာ အေးချမ်းမှုကို ရတော့သည်။


ဘုရားရှိခိုးပြီး ထကာ ဖျာကိုသိမ်းနေစဉ် ညစောင့်အိပ်သော ကုလားမသည် သူ့အနားတွင် မတ်တတ်လာရပ်၏။ ဘုရားရုပ်ပုံကို မော့ကြည့်ရင်း လက်ညှိုးထိုးပြနေသည်။ 


“ဒီပုံကို ဒီမှာ ဘာလို့ချိတ်ထားတာလဲ အစ်မ”


မွှေးသည် ကုလားမ ပြောသည်ကို ရုတ်တရက် နားမလည်ပေ။ 


“ဘာပြောတယ်...”


“ဒီပုံကို ဒီမှာချိတ်ထားတာတွေ့ရင် မစ္စလွန်းက ဖြုတ်ခိုင်းလိမ့်မယ်” .


မွှေး၏ငြိမ်နေသော စိတ်များကို လာ၍ဆွပြန်သည်။ ညစောင့် ကုလားမမှာ ခရစ်ယာန်ဖြစ်ပေသည်။


“ကိုယ် အမြဲရှိခိုးဖို့ပေါ့...”


“အစ်မ ဖြုတ်ထားရင် ကောင်းမယ်၊ မစ္စလွန်း တွေ့သွားရင် ဖြုတ်ခိုင်းလိမ့်မယ်”


မွှေးသည် ခုတင်ပေါ် ပစ်ထိုင်လိုက်၏။ 


“ဟေ့ မင်း ဘာမှမပြောနဲ့ ... ၊ ငါ့ဘုရားကို ငါ့ဘာသာ ကိုးကွယ်တာ မင်းတို့ဆေးရုံမှာ ဒီဘုရားပုံတော်ကို မချိတ်ရဘူး... မရှိခိုးရဘူးဆိုရင် ငါသေသွားပစေ... ၊ ဒီမှာလဲ ဆေးမကုတော့ဘူး၊ ငါပြန်မယ်၊ ဘယ်သူလာဖြုတ်ခိုင်း ဖြုတ်ခိုင်း ငါမဖြုတ်ဘူး။ အေးအေးအိပ်စမ်း...”


မွှေး စိတ်တိုလာသည်ကို သိ၍လားမသိ၊ ကုလားမသည် ငြိမ်သွား၏။ 


မွှေစိတ်ထဲမှာလည်း ယခုတလော သုံးလေးရက်အတွင်း ပိုက်မျိုရသည့် နေ့ကတည်းက အဆင်မပြေ၊ စိတ်မချမ်းမြေ့သည်မှာ ယနေ့ညတိုင်အောင် ဖြစ်လာ၍ ဒေါသထွက်နေတော့သည်။ အမှန်လည်း ထိုဆေးရုံမှာ ခရစ်ယာန်သာသနာပြုဆေးရုံဖြစ်၍ လူနာများက ကိုယ်ကိုးကွယ်လိုသော ဘာသာအလိုက် ရုပ်ပုံရုပ်ထုများကို လူမြင်သာသောနေရာတွင် ထုတ်၍ထားခြင်းကို ယခင်က ခွင့်မပြုဟု ဆိုပေသည်။ သို့သော် မွှေး၏နံရံတွင် ချိတ်ဆွဲထားသော ဘုရားပုံတော်အတွက်မူ ဆရာဝန်များက ဘာမျှ တစ်စုံတစ်ရာပြောသည်ကို မတွေ့ ပေ။ ညစောင့်အိပ်သော ကုလားမက သက်သက်ဗိုလ်ကျခြင်းဖြစ်၏။ 


* * * 


နောက်နေ့နံနက်တွင် screening Reading ခေါ် အမှောင်ထဲတွင် ရောင်ခြည်ဖြင့် အဆုတ်ကို စမ်းသပ်ကြည့်ရှုစစ်ဆေးရန် ဆေးရုံဘက်သို့ တစ်ခါသွားရပြန်သည်။ သူ့အိမ်နှင့် မျက်စောင်းထိုးအိမ်မှ အိန္ဒိယတိုင်းသူတစ်ယောက်မှာလည်း နောက်မှ လန်ခြားတစ်စီးပေါ်တွင် တလှုပ်လှုပ်ပါလာ၏။


ထိုမိန်းမနောက်တွင် ခေါင်းဆွတ်ဆွတ်ဖြူနေသော အသက်(၆၀)ခန့် အဘိုးကြီးသည် မြေတွင်လျှောက်ကာ ပါလာလေသည်။ 


အခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်သွားကြသည်။ ကြည့်တော့မည့်အချိန်တွင် လူနာအား လေးထောင့်မှန်နောက်တွင် ရပ်ခိုင်း၍ မှန်သားကို ရင်ဘတ်ဖြင့် ထိထား၏။ ဆရာဝန်မှာ မှန်ရှေ့တည့်တည့်တွင် သားရေအင်္ကျီအထူကြီးကို ဝတ်ကာ ထိုင်နေလေသည်။ ထိုရောင်ခြည်မှာ လူ၏အသားအရေကို ထိခိုက်စေ၍ လူကောင်းဆရာဝန်အဖို့ အကာအကွယ်ယူထားခြင်း ဖြစ်ပေသည်။ လူနာတစ်ယောက် ကြည့်ချိန်မှာလည်း သိပ်ကြာရှည်ခြင်းမရှိလှ။ စက္ကန့်ပိုင်းလောက်ပင်ဖြစ်သည်။ ကြည့်မည့်အချိန်ရောက်လျှင် မှောင်ချလိုက်ကာ ခလုတ်တစ်ခုကို နှိပ်လိုက်လျှင် မှန်သားပေါ်တွင် လူ၏ခန္ဓာကိုယ်ထဲမှ အဆုတ်နေပုံကို တိုက်ရိုက်မြင်ရသည်။ 


မွှေးသည့် သူ့ကိုယ်သူ ကြည့်ရှုပြီးလျှင် ထွက်မသွားသေးဘဲ အိန္ဒိယသူကို သူကြည့်ရန် စောင့်နေ၏။ ဆရာဝန်နောက်မှ ရပ်ကာ ကြည့်နေစဉ် မှန်ထဲတွင် မြင်ရသော ထိုကုလားမလူနာ၏အဆုတ်မှာ ဖြူနေကာ အပေါ်တွင် အမည်းစက်လေးများ သမ်းနေတော့သည်။


သူသည် အဓိပ္ပာယ်ကိုတော့ ဘာမျှနားမလည်ပေ။ အခန်းအပြင်ဘက်သို့ရောက်လျှင် ထိုမိန်းမကို ဂရုစိုက်ကြည့်မိ၍ အသားမှာ ဝါညိုညိုကြီးဖြစ်ကာ ပိန်ချည့်နေတော့သည်။ ဆံပင်ဖြူဖြူနှင့် အဘိုးကြီးက သူ့ကိုတွဲ၍ လန်ခြားပေါ်တင်ကာ ထွက်သွားကြသည်။ 


မွှေးသည် ထမင်းချက် တပည့် ဘီဘီကိုမူ တမာပင်အောက်တွင် တွေ့ရသည်။


မွှေးတစ်ယောက်တည်း အားငယ်မည်စိုး၍ သူလိုက်လာကြောင်း လက်ဟန်ခြေဟန်နှင့် ပြ၏။ မွှေးသည် သူ့အိမ်သို့ ပြန်ရောက်လျှင် အရှေ့တောင်ဘက်ရှိ ဆီးပင်အောက်တွင်ထိုင်ကာ လူနာမိန်းမရှိရာကိုသာ လှမ်း၍ကြည့်နေမိသည်။ ဘီဘီက မီးဖိုထဲတွင် ထမင်းချက်လျက်ရှိ၏။ ခဏကြာလျှင် ဆံပင်ဖြူဖြူ အဘိုးကြီးသည် ကုလားလို စာတစ်စောင်ကို ဖတ်ပြလိုက် ပြောလိုက်နှင့် လုပ်နေသည်ကို လူနာက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။


မွှေးသည် သူတို့ ဘာပြောသည်ကို သိချင်လာ၏။ ဘီဘီကို မေးလျှင် ဘီဘီသည် လက်ဟန်ခြေဟန်ထက်ပို၍ ပြောပြတတ်မည်မဟုတ်ပေ။ ခပ်လှမ်းလှမ်းမှ ဆေးရုံစာရေးလေးတစ်ယောက် လျှောက်လာ၍ ထိုလူနာနှင့် အဘိုးကြီးအနားမှာ ရပ်ကာ ဝင်ရောက် စကားပြောနေလေသည်။ ထိုစာရေးလေးမှာ အိန္ဒိယသားပင် ဖြစ်သော်လည်း အင်္ဂလိပ်လို မွတ်၍နေတော့သည်။


“အဘိုးကြီးက ဒီမိန်းမနဲ့ ဘာတော်လဲ" 


မွှေးက စာရေးလေးကို မေးလိုက်၏။


“သူ့အဖေလေ၊ ဟိုက်ဒရာဗတ်က လာဆေးကုတာ၊ သူ့မှာ ကလေးသုံးယောက်ရှိတယ်။ အဲဒါ ရှေ့လကုန်ရင် သူ့ယောက်ျားက ခေါ်ပြီးလာပြမလို့တဲ့။ တစ်ယောက်တည်းသမီးမို့ အဖေကိုယ်တိုင် လိုက်ပြုစုတာ”


“ဪ...ဪ သူ့ယောက်ျားဆီက စာလာလို့ သူနားထောင်နေတာကိုး၊ သူ့ကလေးတွေနဲ့ တွေ့ရတော့မယ်နော်” 


“ဟုတ်တယ်၊ ဟိုလထဲက သူက စာရေးလိုက်တယ်၊ သူ ဒီမှာနေတာ သုံးနှစ်ရှိပြီ၊ သူ့ရောဂါဟာ ကုမရတော့ဘူး၊ သိပ်ပြီးလဲ ကြာမှာမို့ နောက်မိန်းမယူတော့လို့ သူက စာရေးလိုက်တယ်တဲ့။ ဒါကြောင့် သူ့ယောက်ျားဟာ ရှေ့အပတ်ဆို မိန်းမယူတော့မယ်တဲ့၊ စာလာလို့ အဘိုးကြီးက ဖတ်ပြနေတာ” 


“ဘုရားရေ ..." 


မွှေးသည် ဘုရားတမိ၏။ 


“ကျွန်တော် သွားဦးမယ်”


စာရေးလေးက နှုတ်ဆက်ကာ ထွက်သွား၏။ မွှေးသာ တစ်ယောက်တည်း ငိုင်ကာ ကျန်ရစ်၏။ နောက်မိန်းမယူသည်ပဲ ထားဦး၊ ဘာကြောင့်များ မယားရှိရာသို့ စာရေးရပါသနည်း။ ထိုစာကိုရော အဖေလုပ်သူက ဘာကြောင့် ဖတ်ပြသည်မသိပေ။ 


မွှေးသည် သားအဖနှစ်ယောက်ကို အံ့သြနေသည်။ လူနာကို ကြည့်ရသည်မှာ ကလေးများကို တွေ့ရတော့မည်မို့ စိတ်လန်းနေလေသလား၊ သူ့ချစ်သူ လင်သားအပေါ် စိတ်​လျှော့ကာ ခွင့်လွှတ်လိုက်ပြီမို့ နေသာနေလေသလားမသိ၊ ခပ်ပေါ့ပေါ့ ခပ်အေးအေးဟန်ကို တွေ့ရတော့သည်။ 


မွှေးစိတ်ထဲတွင် ထိုအိန္ဒိယသူကို ချီးကျူးနေမိသည်။ အမှန်တော့ ထိုဆေးရုံတွင် တကယ့်ဝတ္ထုအများအပြား ရှိကြသည်သာတည်း။ တီဘီရောဂါကြီးက ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ဇာတ်လမ်းအနန္တကို ဖန်ဆင်း၍ပေး၏။ လူနာလူသားများသည် ခေါင်းငုံ့ကာ ကပြကြရ၏။ မရွှင်သောနှလုံးကို အားယူ၍ ဖုံးကာ အနိုင်နိုင်ပြုံးကြဟန်မှာ ရင်ထဲတွင် မချိစရာပါတကား။


သူ့မျက်စိထဲတွင် စစ်သားတစ်ယောက်ပီပီ ရင်ချီနေသော ကိုကိုနိုင့်ရုပ်ပုံလွှာသည် အထင်းသား ပေါ်လာပြန်၏။ သက်ပြင်းချလိုက်ရင်း စိတ်မှာ မောသွားတော့သည်။ တစ်လ နှစ်ကြိမ်ကျ သူ့ထံသို့ စာမှန်မှန်ထည့်ရှာသည်။ သူသည် လက်ချိုး၍ တွက်ကြည့်၏။ မြန်မာပြည်မှ ထွက်လာသည်မှာ ခြောက်လကျော် ခုနစ်လအတွင်းသို့ ဝင်ခဲ့ပြီ။ အိန္ဒိယသို့ မထွက်ခွာခင် ခွဲခွာခဲ့သည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကြာခဲ့၏။ မမအေး မဆုံးခင်က တစ်ကြိမ် နှစ်ယောက်တွေ့ခဲ့ကြရသည်။ ထိုအချိန်မှာ နောက်ဆုံး တွေ့ကြခြင်းသာတည်း။ 


သူ့အနားဝယ် ဆီးရွက်ခြောက်တို့သည် ပရွက်ကောင်လေးများလို ပျံဝဲကာ ကျလာကြ၏။ တောင်လေသည် ခပ်ထန်ထန်ပင် တိုက်လာကာ မိုးသားတို့ အုံ့မှိုင်းလာကြပြန်သည်။ သူ စိတ်မပျော်သည်မှာ သုံးရက်လုံးလုံးပင် ဖြစ်၏။


အပိုင်း(၇) ဆက်ရန်

ခင်နှင်းယု

No comments:

Post a Comment