ကို့ကို တီးတိုးစွာ ပြောပြချင်ပါသည်။ ရှေးရှေးတုန်းက ရေသည်တစ်ယောက်အကြောင်း၊ ဖြစ်သောဘဝကို လက်မခံနိုင်၊ ဖြစ်ချင်သည်ကိုသာ ရှေးရှုခဲ့သည်။ ဒါပေမဲ့ ရေသည်ဇာတ်လမ်းက ဘုရင်အဖြစ်နှင့် ဇာတ်သိမ်းလှပခဲ့ပါသည်။
ခြင်ဆိုတာ ခကွေး ယရစ်သတ်နဲ့ ခြင်လို့ ရေးရတဲ့တိရစ္ဆာန်။ ခြင်ကောင်ဟာ လူကို ငှက်ဖျားဒုက္ခကိုပေးပြီး အလွန်ဆုံး သေရုံပေါ့။ ခကွေး ယပင့် ငသတ်နဲ့ ချင်က အကောင်အထည်မမြင်ရဘဲ စိတ်ကိုကိုက်ပြီဆိုမှဖြင့် သံသရာတစ်လျှောက်လုံး ဒုက္ခတွေ အထပ်ထပ် ခံရပြီပဲ။ ဒါကြောင့် မြတ်စွာဘုရားသခင်က “ချင်” ဆိုတဲ့ တပ်မက်နှစ်သက် တွယ်တာလိုချင်မှုကို ဆင်းရဲဖြစ်ကြောင်း အမှန်တရားလို့ ဆိုခဲ့တာပေါ့ ကိုရယ်။
* * *
ဒီလိုအတွေးတွေ လက်ခံယူဆချက်မရှိခင် တနေ့က ကျွန်မအကြောင်းများကို ကို မသိခဲ့ပါ။
ကျွန်မမွေးသော ရွာကလေးမှာ ချောင်းငယ်လေး ပတ်၍ စီးနေပါသည်။ ချောင်းကမ်းပါးမှာ မအူပင်က အုပ်မိုးလျက်ရှိသည်။ မိုးစိပ်စိပ် ရွာစပြုလျှင် မအူပွင့်ဖြူဖြူလုံးလုံးတွေ ပွင့်ကြပြီး ငယ်ငယ်က
ကျောင်းသွားလျှင် မအူပင်အမြစ်ရင်းမှာ ခေတ္တထိုင်ရသည်။ ဖြူဖြူလုံးလုံး မအူပွင့်လေးတွေ ရေပေါ်မျောပါသွားသည်ကို ကြည့်ရင်း ပျော်သည်။
မိုးက ညိုလာပြီး တိမ်လွှာက မှိုင်းအုံ့၍ မိုးသက်လေ တိုက်ခတ်လာသည်။ မြရည်ကြောမှာ မျောပါရသော ပန်းပွင့်လေးတွေ လေရှိန်နှင့် လှုပ်ခါနေကြသည်။ ချောင်းရေပြင်ကလည်း လှုပ်ရှား တွန့်ခါလျက်ရှိပြီး ဒီမြက်ခင်းကို ကြည့်နေချင်ပေမဲ့လည်း အဝေးက ခေါင်းလောင်းထိုးသံကြောင့် ကျောင်းကိုပြေးရပြီ။ ကျောင်းသင်ခန်းစာတွေ ရေးရင်း ဖတ်ရင်း ကျောင်းခန်းအပြင် မိုးစက်တွေထဲမှာ ကျီးသားပေါက်စလေးတွေ အော်မြည်နေသံကို ကြားနေရသည်။
ညနေ ကျောင်းဆင်းလျှင် ချောင်းကမ်းပါးမှာ ပြန်ထိုင်ချင်သေးသည်။ ကဇန်းပင်တန်းတွေ ကမ်းပါးဘေးမှာ ရေပြင်ပေါ် ညွှတ်နေကြသည်။ ရေငှက်တွေက ကြည်လင်သော မှန်ပြင်ကို ငုံ့၍ ကြည့်နေကြရင်း မြပုခက်မှာ တငြိမ့်ငြိမ့် မျောပါသွားကြသည်။ သူတို့ ဘယ်ကိုသွားကြမှာလဲ။ ဒီချောင်းလေး ဘယ်ကို စီးသွားသလဲ၊ သူတို့နှင့်အတူ ခရီးဝေးကိုသွားချင်လိုက်တာ...။
“မြသူ ကျောင်းဆင်းတာ ဘယ်လောက်ကြာပြီလဲ။ ပြန်ခဲ့” .
ဘွားဆုံကို အမေခေါ်ခိုင်းလိုက်ပြီး ချောင်းကမ်းပါးမှ ခွာကာ ဘွားဆုံနောက်ကို လိုက်ခဲ့ရသည်။ ဘွားဆုံက ကျွန်မကို ငယ်ငယ်ကတည်း က ထိန်းလာရသည်။
“အဲဒီချောင်းက ထမင်းစားရလားဟင်။ ကျောင်းဆင်းရင် အိမ်တန်းမပြန်ဘူး။ ချောင်းဘေးမှာ ငုတ်တုတ် ထိုင် ထိုင်နေရတာ”
အမေက ဆီး၍ ဆူကာ လွယ်အိတ်ကို သိမ်းသည်။ ဘွားဆုံက ရေချိုးပေးသည်။ ပြီးတော့ အငွေ့တထောင်းထောင်းနှင့် အမေခူးပေးသော ထမင်းပွဲမှာ မိသားစုနှင့်အတူ ကျွန်မ ဝင်စားသည်။ မိသားစု ဆိုသည်မှာ အဖေရယ်၊ အမေရယ်၊ အဘွားနှင့် ကျွန်မပဲ ဖြစ်သည်။
ချောင်းကမ်းဘေးတွင် ထိုင်နေ၍တော့ ထမင်းမစားရပါ။ အမေ ပြောသည်မှာ မှန်သည်။ ကြာကြာထိုင်နေရင်း ထမင်းဆာလာလျှင်တော့ အမေ့အိမ်ကို ပြေးမိမှာပဲ။ ဒါပေမဲ့လည်း ကျောင်းအားလျှင် သည်ချောင်းနံဘေးကို ပြေး၍ ထိုင်ချင်သည်။
* * *
အိမ်နောက်မှာ မိုးကုပ်စက်ဝိုင်းကြီးက မြလွင်ပြင်အဆုံးကို ထိနေသည်။ ပြာညိုမှိုင်းသော တိမ်လွှာတွေက ဗျိုင်းဖြူများနှင့်အတူ ပြေးလွှားနေကြသည်။ ကော်ဇောစိမ်းပေါ်တွင် မိုးစက်တွေ စိန်ရောင် လက်နေကြသည်။ မွေးဖွားစ ပျိုးပင်ကို မိုးသက်လေသည် ငုံ့၍ငုံ့၍ နမ်းရှုပ်သွားသည်။ ပြတင်းမှ ဒီမြင်ကွင်းကို ငေးမောနေမိသည်။
“မြသူ"
ကျွန်မသည် ငွေရီ ခေါ်သံကြောင့် ပြတင်းကို ကျောခိုင်းလိုက်သည်။ ငွေရီသည် ကျွန်မတို့ရွာက သူကြီးသမီး။ ကျွန်မနှင့် ကျောင်းအတူနေဖက်ဖြစ်သည်။
“တို့ စာမေးပွဲ အောင်တယ်လေ”
ငွေရီ့အသံက ရွှင်နေပေမဲ့ ကျွန်မက တည်ငြိမ်နေသည်။ နေရာမှ မရွေ့။
“နင် ဘာဖြစ်နေတာလဲ၊ မပျော်ဘူးလား”
“ပျော်ပါတယ်၊ အမေက မြောင်းမြမှာ ကျောင်းဆက်တက်ရ မယ်တဲ့”
ကျွန်မ လေးတွဲ့စွာ ပြောသည်။
“အဖေကလည်း ငါ့ကိုပြောတယ်။ မြောင်းမြမှာ ၁ဝ တန်း အောင်ရင် တက္ကသိုလ် ဆက်သွားရမယ်တဲ့”
“တို့အဖေကလည်း ပြောပါတယ်”
ကျွန်မက မထုံတက်သေး ဖြေမိသည်။ ပြီးတော့ ငွေရီက စကားဆက်ပြောပါသေးသည်။ ကျွန်မကတော့ မကြားမိသလိုပင်။
ကျွန်မ ရွာကျောင်းမှာ ကျောင်းတက်နေစဉ် အတန်းကြီးရောက်လာတော့ အမေက ချောင်းနံဘေးတွင် ထိုင်ခွင့်မပြုပါ။ ဒီတော့လည်း စာကြည့်ပြီး ပြတင်းမှမျှော်ကာ မြရည်သောက်သော စပါးပင်ပျိုးနွဲ့တွေကို ကြည့်ရသည်။ နွေကျောင်းပိတ်ချိန်မှာတော့ လယ်ကန်သင်းတွေကိုဖြတ်၍ ငွေရီနှင့်အတူ ရိုးပြတ်တွေပေါ်မှာ လျှောက်ရသည်။ လယ်ကွင်းစပ်က သရက်ပင်တွေက သရက်ဖူးရနံ့သည် လေထဲမှာ သင်းပျံ့နေသည်။ ဥဩသံသည် လေစီးမှာ မျောပါလာသည်။
ကျွန်မတို့လက်ထက်က ခုနစ်တန်း ဆရာဖြစ်၍ ဆရာဖြစ်သင်တန်းကိုပဲ ကျွန်မတက်ချင်ပါသည်။ ပြီးတော့ ကျွန်မတို့ရွာလေးမှာ ဆရာမလုပ်မည်။ ကျွန်မတို့ ငွေရီတို့မှလွဲ၍ ရွာမှာ ကျောင်းသားတွေ ဆင်းရဲကြသည်။ ရွာနီးချုပ်စပ်က ကျောင်းသားလေးတွေကိုတော့ ကျောင်းအိပ်ကျောင်းစား လက်ခံသည်။ ကျောင်းအပ်ကတည်းက စပါး၊ ဆန်၊ ငါးခြောက် ကိုယ်တတ်နိုင်တာတွေနှင့် မိဘတွေက ကျောင်းအပ်ကြသည်။ ဒီကျောင်းမှာ စိုက်ပျိုးရေးတစ်ချိန် သင်ရသည်။ ကျောင်းသားတွေစိုက်သော ဟင်းသီးဟင်းရွက်ကိုပဲ ငါးခြောက်တွေ၊ ငါးတွေနှင့် ရောကာ ကျောင်းသားတွေကို ကျွေးသည်။ မြစ်တွေ ချောင်းတွေ ပေါသောကြောင့် ကျွန်မတို့ရွာမှာ ငါးမရှားပါ။
ဆရာက အတန်းထဲတွင်“ကျွန်ုပ်ဖြစ်ချင်သောဘဝ" စာစီစာကုံး ရေးခိုင်းခဲ့စဉ်က ကျွန်မသည် ကျွန်မတို့မြယာပင်ရွာလေးက ကျောင်းမှာ ဆရာမ ဖြစ်ချင်သည်ဟုပဲ ရေးခဲ့သည်။ ယခုတော့ ငွေရီပြောသလိုပင် အမေက ဆရာဖြစ်ကျောင်း မသွားစေရ၊ ၁၀ တန်းကို ဆက်နေရမည်။
“ ဒီကျောင်းမှာ ဆရာဖြစ်တော့ ဘာဖြစ်မှာတဲ့လဲ၊ သမီး ဗွက်ထဲမှာပဲ နေရမှာပေါ့” တဲ့။ အမေ့စကား။
အရွယ်ရောက်စဆိုတော့ စိတ်ပန်းငုံက လူးလွန့်လှုပ်ရှားလာပါပြီ။ ဒီတော့လည်း ကျွန်မစိတ်ကူးမိသည်အမှန်ပါ။ ဒီရွာမှာ ကျွန်မ ကျောင်းဆရာမပဲ လုပ်မည်။ အရွယ်တန်တော့ ဒီရွာက ရွာသားတစ်ယောက်ကို လက်ထပ်မည်။ ဘာပဲဖြစ်ဖြစ် အမေတို့လို လယ်ပိုင် ချောင်းပိုင် သားတစ်ယောက်ယောက်နှင့် လက်ဆက်ရမည်ပဲ၊ အလုပ်တူ စိတ်တူ သဘောတူပေါ့။
ကျွန်မက ကျေးတောသူလို ဘီးဆံပတ်ကြီးပတ်မည်။ သူက လယ်တွေ ချောင်းတွေအတွက် စီမံခန့်ခွဲအလုပ်လုပ်နေစဉ် ကျွန်မက လယ်သူရင်းငှားတွေနှင့် လယ်သမားတွေအတွက် စားရေးသောက်ရေး စီစဉ်မည်။ လယ်သမားတွေ နှစ်လုံးပေါက် စားနိုင်ဖို့ ရေချိုငါးပိနှင့် ဆန်၊ ဆီ၊ ငရုတ် တစ်နှစ်စာ လယ်ပိုင်ရှင်က စီစဉ်ပေးရသည်။ တစ်ဖက်က စပါးကျီမှာ ကျွန်မ စပါးလှောင်မည်။ ပြီးတော့ သားလေးတွေမွေး၍ ရွာကျောင်းမှာ ထားမည်။ ကျောင်းသားတွေနဲ့အတူ ကျွန်မရင်သွေးတွေကို စာသင်ပေးမည်။ သိပ်တော့ ကြီးကြီးကျယ်ကျယ်မဟုတ်လှ၊ ကျွန်မရည်ရွယ်ချက်က ဒါပဲဖြစ်သည်။ ဒါပေမဲ့ အမေက ဆရာဖြစ်သင်တန်း မသွားရ ဆိုတော့ ငွေရီနှင့်အတူ မြောင်းမြမြို့ကျောင်းကို ဆက်တက်ကြရသည်။
ညိုပြာသောချောင်းလေး ကျွန်မရင်ခွင်တွင် စီးဝင်လာတတ်၍ တစ်ခါတစ်ခါ ဗျိုင်းများနှင့်အတူ မြရည်ကော်ဇောပြင်ပေါ်တွင် ကျွန်မ ပျံသန်းနေမိပါသည်။
* * *
ယခုတော့လည်း ချောင်းညိုလေးအစား ပြတင်းမှမျှော်ကြည့်လျှင် အင်းလျားရေပြင်ကို မြင်ရသည်။ မြရည်လွှာသည် လူးလွန့်၍ နေခြည်လှုံနေသည်။ လွင့်ပြန့်ကျယ်ဝန်းသော ပျိုးလွင်ပြင်နေရာမှာ စိမ်းညိုညို ကံ့ကော်ပင်တန်းတွေကို အစားထိုးမြင်နေရသည်။ ချောင်းလေးဘေးက မအူပင်ကြီးကို သတိရနေဆဲ။ ရွာကျောင်းက ကလေးတွေနေရာမှာ ကျွန်မတပည့်တွေသည် တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေသည်။ ကျွန်မသည် ဘီးဆံပတ်ကြီးနှင့် ကျေးတောသူကြီးမဟုတ်၊ ဇာပဝါကြွရွနှင့် တက္ကသိုလ်နည်းပြ ဆရာမ၊ ခေတ်ပေါ် ဆံထုံးလှလှလေးနှင့်။
ငယ်ဘဝက အိပ်မက်မက်ခဲ့သော ပခုံးကားကား၊ ရင်အုပ်ကျယ်ကျယ်၊ ညိုရင့်သော လက်မောင်းကြွက်သားတွေနှင့် ကျေးတောသားကြီးသည်လည်း ကျွန်မအပါးတွင် မရှိပါ။
ယခု ကျွန်မအပါးတွင် လှုပ်ရှားနေသောသူက ပန်းရောင် ခေါင်းပေါင်း၊ မန္တလေးပိုးရောချည်ပါ အဆင်စိပ်စိပ် နုနုနှင့် တိုက်ပုံ ကြက်ဥနှစ်ရောင်ကို ဝတ်တတ်သော ဆရာမြတ်ဝင်းထွန်း၊ နွဲ့နွဲ့ပါးပါး ဖြူဖြူလေး။ စာပို့ချဖို့ရန် စာသင်ခန်းထဲသွားလျှင် မန္တလေးကတ္တီပါဖိနပ်ကို အမြဲစီးသည်။
ကျွန်မ သူငယ်ချင်းသည်လည်း ငွေရီမဟုတ်တော့။ ငွေရီ ဒုတိယနှစ်ကတည်းက ရည်းစားနောက် လိုက်ပြေးသည်။ ကျွန်မအခန်းဖော်မှာ ဆရာမမြကေသီတို့၊ သန်းသန်းရင်တို့၊ ချောပပတို့ ရောက်နေသည်။ သူတို့သည်လည်း စားပွဲကိုယ်စီနှင့် ကျွန်မလို ဆရာမတွေပါပဲ။ ကျွန်မတို့ခေတ်က တက္ကသိုလ်မှာ ဆရာမဆိုရင် ပဝါချ အင်္ကျီလက်ရှည် ဝတ်ရသည်။ ဆရာက တိုက်ပုံအင်္ကျီ ခေါင်းပေါင်းနှင့် ဝတ်ရသည်။
အမေတို့ကလည်း ရွာမှာ အေးချမ်းမှုမရှိကတည်းက ရန်ကုန် ပြောင်းလာကြသည်။ ယခုအေးချမ်းတော့လည်း အဖေမရှိတော့ပြီမို့ အမေက ရွာမပြန်တော့။ အဘွားဆုံလည်း မရှိတော့ပါ။ ဘောက်ထော်ခြံထဲက အိမ်လေးမှာ ကျွန်မတို့သားအမိနှစ်ယောက်နှင့် ထမင်းချက် မိန်းကလေးပဲ ရှိသည်။
“အမေရာ ငါးဖယ်အကောင်ကြီးကြီး ထုရိုက် ရေကျိုချက်ပြီး ငါးပိရည်မွှေးမွှေးနဲ့ ဉာဏ်ပွင့်ချဉ် တို့ချင်လိုက်တာ”
အရာရာက ပြောင်းလဲသွားပါပြီ။ ငါးဖယ်က ရေခဲစိမ်တွေပဲဖြစ်သည်။ လတ်လတ်ဆတ်ဆတ် မစားရ။ အရည်ကျိုငါးပိကောင်းကောင်းကိုလည်း ရွာကိုပြန်၍ မှာနေရသည်။
ကျွန်မ တွဲနေသောဆရာကို သူငယ်ချင်း ဆရာမတွေက ကိုဖြူ နွဲ့တဲ့၊ ဟုတ်ပါသည်၊ ခေါ်သင့်ပါသည်။ ဖြူဖြူနွဲ့နွဲ့ ၊ စာသင်လျှင်လည်း အေးအေးပျော့ပျော့ပင် ပို့ချသင်ကြားတတ်သည်။ သူသည် ဆရာဆောင်မှာနေသည်။ ကျွန်မကတော့ သူ့ကို “ထွန်း"လို့ပဲ ခေါ်သည်။
နံနက်စာကို ကျွန်မက စတီးချိုင့်လေးနှင့် နှစ်ယောက်စာ ထည့်ခဲ့သည်။ သူ့မျက်ဝန်းရွှန်းလဲ့လဲ့ကို ကြည့်ရင်း၊ ချိုအေးသော စကားလုံးကို နာထောင်ရင်း သင်တန်းနားချိန်မှာ ကျွန်မတို့နှစ်ယောက် အတူစားသည်။ ညနေကျောင်းဆင်းလျှင် တစ်ခါတစ်ရံ သူ့ကားလေးနှင့် ကျွန်မကိုလိုက်ပို့၍ ကျွန်မတို့ခြံလေးထဲတွင် လရောင်ရွှန်းလက်လာမှ သူပြန်တတ်သည်။ ထိုသည်ကလွဲ၍ ကျွန်မ သူနှင့်မတွဲခဲ့။ ရုပ်ရှင်ကိုလည်း မသွား။ တစ်ခါတစ်ရံတော့ စာသင်ခန်းအလွတ်မှာ နှစ်ယောက်ထိုင်၍ စကားတွေ ပြောမိသည်။
"ဘယ်ကိုမှလည်း ခေါ်လို့မရဘူး။ အိမ်အပြန်မှာ တို့များ ကားနဲ့ အတင်းခေါ်သွားပါဘိ"တဲ့။ သူ့စကားကို ကျွန်မ နှုတ်ခမ်းစူ၍ ပြန်ဆိုလိုက်ပါသည်။ ဒီအချိန်မှာ ချိုမြသော ဥဩသံသည် လေမှာစီးခို၍ ပြတင်းကိုဖြတ်သန်းလာတတ်သည်။ ဒီတော့လည်း ရွာကို လွမ်းမိသား။ ထွန်းကို ရွာနှင့် ချောင်းလေးအကြောင်း ခဏခဏ ပြောမိသည်။ အင်းလျားကန်ပေါင်ရိုးပေါ်တွင်တောင် ကျွန်မ ထွန်းနှင့်အတူ လမ်းမလျှောက်မိ၊ ပြတင်းမှာပဲ နှစ်ယောက်တူယှဉ် ရပ်ကာ ရေကြည်ပြာလဲ့ကို မျှော်မိကြသည်။ ချစ်၍ခေါ်ရာ လိုက်တော်မူဖို့ သူ ခဏခဏ ပြောပြတတ်သည်။
အိမ်ကို သူလိုက်လာသောနေ့က သူအပြန်တွင် အမေက မှတ်ချက်ချသည်။ “ဒီသူငယ်က မဟာဆန်လိုက်တာ”တဲ့ .. ။
အမေက ဘာသဘောနှင့် ပြောသည်မသိ၊ နောက်တော့လည်း ကိုဖြူနွဲ့ သို့မဟုတ် ကိုမြတ်ဝင်းထွန်းသည် မဟာဆန်သွားပါသည်။ မြစ်ကြီးနားကို ဌာနမှူးအဖြစ် ပြောင်းသွားကတည်းက ထွန်းထံမှ ဘာသတင်းမျှ မကြားရပါ။ မဟာသာကီ မင်းပျိုတွေလို နောက်အိမ်တော်ဆောင်ရိပ်မှာ ဆောင်တော်ကူးဇာတ်လမ်း ဖွင့်သွားပါသည်။ ကျွန်မ ဘယ်သူနှင့်လဲ ဟူ၍ပင် မစူးစမ်းတော့ပါ။
“မင်းဆက်ဆံပုံကလည်း ရှေးသရောအခါ ဗာရာဏသီမင်း လက်ထက်က ပဝါတစ်ကမ်း ယပ်တောင်တစ်လှမ်း ဆက်ဆံရေးမျိုး၊ ခုခေတ်မှာ ဒါမျိုးတွေ မရတော့ဘူး။ အတို့အဆိတ် ပါရသတဲ့”
သူငယ်ချင်း ဆရာမများက ပြောတတ်သည်။ ပြောပါစေ။ ကိုယ်ချင်းကတော့ လက်မထပ်ခင် ပဝါတစ်ကမ်းပဲ ကောင်းပါသည်။ ဒါပေမင့် နှလုံးသားတွင် ပထမဆုံးဖူးခဲ့ရသော ပုလဲငုံမို့ မေ့ဖျောက်၍ မရပါ။ ဝတ်လွှာတို့သည် နှလုံးသားကို ငုံလျက်ပင် ရှိပါသေးသည်။ သူတို့ ပြောသလို အဆိတ်သာ ခံရလျှင်တော့ မပွင့်မီ ညှိုးရပါမည်။ ထိုနေ့ကတည်းကစ၍ ကျွန်မ ပြတင်းမှာမရပ်၊ အင်းလျားရေပြင်ကိုလည်း မကြည့်တော့ပါ။ သို့သော် တစ်ခါတစ်ရံ တိမ်လွှာတံခါးပိတ်၍ လမင်းကြီးအိပ်ချိန်တောင်မှ အိပ်ခန်းပြတင်းမှရပ်ကာ ကောင်းကင်ကို ငေးနေမိသည်။ လွင့်ပျံ့ သောစိတ်ကို ထိန်းချုပ်မရ။ မန္တလေး ပိုးလုံချည်နှင့် ပန်းရောင်ခေါင်းပေါင်းရှင် မင်းသားကို တမ်းတမိသည်။ ပြီးတော့လည်း ကျေးဇူးတင်မိသေးသည်။ မယူနိုင်ကြမည်ကို စောစီးက သူ ကြိုတင်တွက်ဆပြီး ထင်ပါသည်။ ကျွန်မ၏စည်းသုံးတန်ကို သူ မကျော်ခဲ့၊ အကယ်၍များ သူပြောသလို ကားနှင့်အပြန် သူခေါ်ချင်ရာခေါ်သွားလျှင် ကျွန်မ ဘာများ တတ်နိုင်ပါမည်နည်း။ ခုတော့လည်း...။
* * *
ကို့ကို လက်ထပ်ရမည့်နေ့ ရောက်လာပါပြီ။ ကိုသည် ထွန်းနှင့် ဘာမျှမတူ၊ ကြံ့ခိုင်သည်။ ထောင်ထောင်မောင်းမောင်း၊ အရပ်မြင့်မြင့်နှင့် မျက်ခုံးမွေးထူထူ၊ မျက်ဝန်းကျယ်ကျယ်နှင့် နှာတံက ပြေသည်။ စကားပြောလျှင်တော့ ပြတ်သည်။ ပျားရည်ဆွတ်သော စကားလုံးတွေကို သွယ်သွယ်နွဲ့နွဲ့ မပြော၊ ပြတ်သည်။ အသားကတော့ ထွန်းလိုမဖြူ၊ ခပ်လတ်လတ်။ ရွာတုန်းက အိပ်မက်ခဲ့ရသော ကျေးတောသားနှင့်တော့ ရိုးတိုးရိပ်တိပ် တူသလိုလို။
သူကတော့ ကျေးတောသားမဟုတ်ပါ။ ရန်ကုန်မြို့ထဲမှာ အလုပ်ခန်းတစ်ခုရှိသည်။ သင်္ဘောသားတွေနှင့် ကားသွင်းလိုသူတို့နှင့် ဆက်သွယ်ကာ ကားအရောင်းအဝယ် လုပ်သည်။ ပြီးတော့ ဝပ်ရှော့နှင့် ကားကို သန့်စင်ပေးသော အလုပ်ရုံတစ်ခုလည်းရှိသည်။ ဒီတော့လည်း အမေ့အကြိုက် ကျွန်မကို အခါတော်ပေးတွေ ဘာတွေနှင့် ပန်းကုံးတွေ ရွှေလည်ဆွဲကာ လက်ထပ်ခဲ့ပါသည်။ ကျွန်မတို့အိမ်လေးလည်း တစ်ထပ်တိုက် ဖြစ်သွားပါသည်။
အမေက ကျွန်မကို နားချစဉ်က ယောက်ျားဆိုတာ ကျားကျားလျားလျား ရှိရမည်တဲ့။ ပြီးတော့လည်း ကိုယ့်ကို ဦးဆောင်နိုင်ရမယ် ဆိုခဲ့၏။ ဟုတ်ပေမည်။ ကျွန်မအဖေလည်း တကယ်ပင် ကြံ့ခိုင်တောင့်တင်း၍ သူ့လယ်ယာများကို သူဦးစီးလုပ်ခဲ့သူ။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ ပွင့်ခွင့်မရခဲ့ပါသော ပုလဲငုံသည် မွှေးထုံလျက်ပင် ရှိနေပါသေးသည်။
* * *
ယခုတော့လည်း လက်ထောက်ကထိက ဒေါ်မြသူ နံနက် ကျောင်းကိုလာတိုင်း ကိုက ကိုယ်တိုင်ကားမောင်း၍ ကျောင်းပို့သည်။ ညနေတော့ အလုပ်ရုံက ကောင်လေးပဲ လာကြိုနိုင်သည်။ တစ်ခါတစ်ရံ ညစာစားတောင်မှ ကို အမီပြန်မလာနိုင်ပါ။ သူ့မိတ်ဆွေတွေ အရောင်းအဝယ်နှင့် အကျွေးအမွေးနှင့် ဆိုတော့ အိမ်ပြန်နောက်ကျသည်။ တစ်ခါတစ်ရံ သူ့ အပြင်မှာစားခဲ့သည်။ ဘာပဲပြောပြော သီးကုန်းရွာက မမြသူ အခြေအနေနှင့်တော့ အားလုံးပဲ ကွာသည်။ ကောင်းသော ကွာဟချက်ပင်ဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်မအဖို့ ဘာမျှမထူးသလိုပင်။ ကျောင်းတက်၊ စာသင်၊ ကျောင်းကပြန်လာတော့လည်း စာအုပ်နှင့်ပင် လုံးထွေးနေရသည်။ ကိုနှင့်တွေဆုံသော ညနေဆည်းဆာများမှာ နည်းပါးလှသည်။ ဒီတော့လည်း ညဦးတွင် ခြံထဲမှာ တစ်ယောက်တည်းပဲ ထိုင်နေမိသည်။ ရွက်ကြိုရွက်ကြားမှ ဝင်လာသော လရောင်မျှင်တန်းတွေကို မျှော်နေမိသည်။ ညဉ့်ဦးလေတွင် စံပယ်နံ့က မွှေးပျံ့နေသော်လည်း ညဉ့်လွှာရုံဇာတ်လမ်းသည် မပီမသ ဝိုးတဝါးနှင့် နှစ်ပါးသွားခန်းက ခပ်ခြောက်ခြောက်ဖြစ်နေသည်။
ကို ပြန်လာပြီ။ သူပြန်လာချိန် ဆီးကြိုရသည်ကို ပျော်ပါသည်။ သူပင်ပန်းနွမ်းနယ်သလို ရှိပေမဲ့ ဘယ်တော့မျှ သောက်စား၍ မလာ။ ဒါကိုပဲ ကျွန်မကျေးဇူးတင်မိပါသည်။ သူနှင့် ညစာအတူစား၍ သူ တိတ်ဆိတ်စွာ နားနေချိန်မှာ သူ့ဘေးတွင် ကျွန်မဝင်ခွေနေမိသည်။ ထိုအခါမှ ချောင်းညိုလေးနှင့် ဘီးဆံပတ်ဆံထုံးနှင့် ကျေးတောသူအကြောင်းကို တွေးနေမိသည်။ ကျွန်မကိုယ်တိုင်က ဝေဝေဆာဆာ စကားတွေ မဆိုမိ။ ရွာမှာသာဆို စောစော အိမ်ထောင်ကျ၍ ကလေးတွေတစ်ပြုံကြီးနှင့် ရှိတော့မည်။ ကျွန်မ သားချော့သီချင်း ဆိုချင်လှပြီ။
စနေတစ်နေ့ ဈေးထွက်လာခဲ့သည်။ ရုံးသမားတွေအဖို့ စနေနေ့ အားပေမဲ့ ကိုယ်ပိုင်လုပ်ငန်းပိုင်ရှင် ကိုတစ်ယောက် မအားပါ။ ကားမောင်းသူ သူငယ်နှင့်ပင် ကျွန်မ ဗိုလ်ချုပ်ဈေးဘက် ထွက်ခဲ့သည်။ သူ၏မိတ်ဆွေ အရာရှိတစ်ယောက်ကိုပေးရန် ကိုက လက်ဆောင်ဝင်ဝယ်ခိုင်းခြင်းဖြစ်သည်။ ဈေးဝယ်ပြီး ကားကို ဗိုလ်ချုပ်လမ်းအတိုင်း မောင်းလာတော့ ပန်းဆိုးတန်းအရောက် ပေါင်းကူးတံတားဘေး ပလက်ဖောင်းမှာ မငွေရီကို မြင်လိုက်သည်။
“မောင်မြ၊ ရှေ့လမ်းထဲ ချိုးဝင်ပြီး ကားခဏရပ်လို့ရလား။ ခဏ ရပ်စမ်း”
ကျွန်မက ကားကိုခဏရပ်၍ မငွေရီရှိရာ ပြေးလာခဲ့သည်။
မငွေရီက ကျွန်မကို အံ့အားသင့်စွာ ကြည့်နေသည်။
“မြသူ”
သူ ဒါပဲခေါ်ကာ မျက်ရည်တွေ ဝိုင်းနေသည်။ ကျွတ်ကျွတ်အိတ်တစ်လုံးပဲ သူ့လက်ထဲမှာ ပါသည်။ အိတ်လေးထဲမှာ ဘာတွေမသိ။ အိတ်ကလည်းနွမ်း၊ လူကလည်းနွမ်း ညှိုးမှိန်ဖျော့တော့နေသည်။
“ငွေရီ ဘယ်မှာနေလဲဟင်။ ကိုယ်လိုက်ပို့မယ်၊ လာပါ”
ကျွန်မက သူ့လက်ကို အတင်းဆွဲ၍ ကားရှိရာ ခေါ်သွားသည်။ ကိုရိုလာ ကားတံခါးကို ဖွင့်၍ သူ့ကို အရင်တင်ပေးလိုက်ပါသည်။
“ကဲ ... လမ်းပြပေတော့ ငွေရီ၊ အိမ်ကို ကိုယ်လိုက်ခဲ့မယ်”
ငွေရီသည် သက်ပြင်းချ၍ ကျွန်မကိုကြည့်သည်။ ပုဇွန်တောင် ညောင်တန်းဘက်ကို သူမောင်းခိုင်းသည်။ သူရပ်ခိုင်းသောနေရာ လမ်းပေါ်မှာ ကားကိုထားခဲ့ရ၍ လမ်းကြားလေးထဲကို နှစ်ယောက်လျှောက်သွားရသည်။ လမ်းလေးနှင့် တဲအိမ်တွေသည် တစ်လံမျှသာ ကွာမည်။ အိမ်ရှေ့မှာ ရေချိုးကြ၍ ရေတွေ လမ်းပေါ်စီးကာ ဗွက်ပေါက်နေသည်။ ချဉ်စုတ်စုတ် ရေမြောင်းအနံ့တွေ ရနေသည်။ ငွေရီ့အိမ်သည် တဲလေးပဲ ဖြစ်သည်။ ကျွန်မတို့နှစ်ယောက် ဝင်လိုက်တော့ ကလေးနှစ်ယောက် ဖိနပ်ချွတ်မှာ ကစားနေသည်။
“အမေပြန်လာပြီ၊ ထမင်းစားရတော့မယ်။ ဘာပါလဲ”
ကလေးတွေ ပြေးလာကြ၏၊ ငွေရီ ခုမှ ကလေးတွေကို ထမင်းကျွေးရမည် ထင်သည်။
“မြသူ ထိုင်ဦးနော်”
ငွေရီက ကျွန်မကို ထိုင်းခိုင်းထားကာ နောက်ခန်းလေးကို ဝင်သွား သည်။ ပြန်ထွက်လာတော့ လက်ထဲက ဒန်ဇလုံထဲမှာ ထမင်းတွေ ပါလာသည်။ ကြွပ်ကြွပ်အိတ်ထဲမှ အထုပ်တစ်ထုပ်ကို ဖြေလိုက်သည်။ ခေါက်ဆွဲလက်သုပ်တွေကို ဇလုံပေါ် သွန်ထည့်၍ ကလေးတွေရှေ့ ချပေးလိုက်သည်။ ကလေးတွေက အားရပါးရ စားနေကြသည်။
ငယ်ငယ်ကတည်းက အလွန်သွက်သော ငွေရီ ယခုတော့ ထုံထုံအအကြီးလိုပင်။ အချောအလှကြီးမဟုတ်သော်လည်း စိုစိုပြည်ပြည် ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကျေးတောသူမ ငွေရီ၊ မြို့အရှိန်ငွေ့ဖြင့် ခြောက်သွေ့ နွမ်းရော်နေသည်။ ကျွန်မကလည်း မလှပသောအဖြစ်ကို မေးရန် စိတ်က မဝံ့ရဲ။
“ကလေးတွေ အဖေရော”
“ရှိတယ်လေ။ သူသောက်လွန်းတော့ အလုပ်က ပြုတ်သွားပြီ။ ကိုယ်က စာရေးဝင်လုပ်ပါတယ်။ သူလုပ်သက်မစေ့တော့လည်း ပင်စင် မရဘူး။ ဒီတော့ ကိုယ်က အားချိန် ကုန်တိုက်မှာ ပစ္စည်းလေး ဘာလေး တိုးရတာပေါ့။ အကြီးနှစ်ယောက်က ကျောင်းထားရတယ်။ ဟိုဘက်လမ်းမှာ သူတို့ဆရာဆီ ဒီနေ့သွားတယ်။ သူတော့ အချိန်မမှန်ဘူး၊ ပြန်ချင်တဲ့အချိန် ပြန်လာတယ်”
ပြောရင်း အသံတိမ်ဝင်သွားကာ မျက်ရည်တွေ တွေတွေ ကျလာသည်။ ကျွန်မသည် ဘာလုပ်ရမှန်းမသိ။ တစ်ခါက ငွေရီ ဆိုသည်မှာ ကျွန်မတို့ရွာ၏ အကြီးအကဲ၊ သူကြီး၏သမီး။ ယခုတော့ ရန်ကုန်ဆင်းရဲသားရပ်ကွက်၏ တဲလေးထဲမှာ။ ဘာပဲပြောပြော ရွာမှာဆို သူတို့အိမ်၏နောက်က လယ်ကွင်းပြင်ကြီး အသက်ရှူချောင်လိုက်တာ။
“ကိုယ် ဘာလုပ်ပေးရမလဲ ပြောပါငွေရီ၊ ကိုယ့်အိမ်ကိုသိအောင် အခု လိုက်လည်မလား။ လောလောဆယ်တော့ ကိုယ်တတ်နိုင်သရွေ့ ကူညီတာ လက်ခံပါ”
ကျွန်မ ငွေတစ်ရာ သူလက်ထဲ ထည့်တော့ ရှိုက်၍ ငိုသည်။
“ကိုယ့်ဘဝက မလှလို့ သူငယ်ချင်းကို မဆက်သွယ်မိတာ၊ အခုလည်း ကိုယ်မလိုက်သေးဘူး။ မြသူရဲ့ လိပ်စာ ပေးခဲ့လေ”
ကျွန်မသည် အိတ်ထဲမှ စာရွက်တစ်ခုယူကာ လိပ်စာရေးပေးခဲ့သည်။
“ဆက်ဆက်နော် ငွေရီ။ အမေကတွေ့ချင်မှာ။ အမေ့ဆီက အကြံဉာဏ် တောင်းနိုင်တာပေါ့”
ဒီလိုပဲ ရွာမှပြောင်းလာသူတချို့ အမေ့ဆီလာ၍ တိုင်ပင်ကြ၊ အကြံဉာဏ်တောင်းတတ်ကြတယ်။ ကျွန်မသည် လေးလံသော ခြေလှမ်းများနှင့် ငွေရီတို့အိမ်မှ ပြန်လာခဲ့သည်။
ကို ခိုင်းထားသော အရာရှိအိမ်က ဒုတိယ သော်မဆင်ရိပ်သာမှာ ဖြစ်သည်။ တိုက်ရှေ့ကားရပ်၍ အိမ်ထဲ ဝင်သွားသည်။ ဧည့်ခန်းမှာ ကလေးတစ်ပြုံနှင့် အရာရှိမောင်နှံ တီဗွီကြည့်နေကြသည်။ ကျွန်မကို မြင်မြင်ချင်း အရာရှိကတော် မေသင်းကြည်က ဆီးကြိုသည်။
“မြသူ လာပါ၊ ထိုင်ပါ။ ဦးမြင့်မောင် မပါဘူးလား”
ကျွန်မထိုင်လိုက်တော့ အရာရှိမင်း ဦးကျော်ဝင်းကပါ ထလာသည်။ ကလေးတွေက တီဗွီကြည့်ရင်း တဝါးဝါး တဟားဟားနှင့် ရယ်မောနေကြသည်။ စားထားလိုက်သည့် ကွတ်ကီးမုန့်အကြေတွေနှင့် အချဉ်ထုပ် အလွတ် ပလတ်စတစ်ခွံများ ပြောင်လက်သော ကြမ်းပြင်ပေါ်တွင် ဖွာရရာ ကြဲနေသည်။
“ကျွန်တော်တို့အိမ်ကတော့ ဟဲ... ဟဲ... စည်ပင်သာယာပဲဗျို့၊ ဒီကောင်တွေက အိမ်ရဲ့ ဆည်းလည်းမဟုတ်ဘူး၊ အိမ်ခေါင်းလောင်းတွေ ဖြစ်နေပြီ”
“ကိစ္စမရှိပါဘူး ဦးကျော်ဝင်းရယ်။ ကလေးဆို ဒီလိုပေါ့။ အိမ်ဆိုတာ ကလေးရှိမှ၊ ကိုက မအားလို့ ကျွန်မလာတာပါ”
ပြီးတော့ ကိုခိုင်းထားသော ကိစ္စကို ဆက်ပြော၍ လက်ဆောင်ပစ္စည်းပေးခဲ့သည်။ အရာရှိကတော်က ကော်ဖီလာပေး၍ သောက်ပြီး နှုတ်ဆက်ကာ ပြန်ခဲ့သည်။ ငွေရီ့အိမ်လေး၏ ညှိုးနွမ်းလျော့ရဲ့ခြင်းနှင့် ဦးကျော်ဝင်းတို့၏ ရွှန်းလက်တောက်ပခြင်းတွေမှာ ကျွန်မရင်ထဲမှာ လှိုင်းခတ်နေသည်။ ဒန်ဇလုံထဲက ခေါက်ဆွဲသုပ်၊ ထမင်းနှင့် ကြမ်းပြင်ပေါ်က မုန့်တွေ။
အိမ်ရောက်တော့ အမေက ဆီးကြို၍ စာတစ်စောင် ပေးသည်။
“မောင်မြင့်မောင် ပြန်လာတယ်။ ကမန်းကတန်းပဲ အခန်းထဲဝင် ပစ္စည်းတွေဝင်ပြင်ပြီး ထွက်သွားလေရဲ့။ တောင်ကြီးကို သွားမယ်ဆိုတယ်။ အဲဒီစာ ပေးသွားတယ်”
စာကိုလှမ်းယူ၍ အမေ့ရှေ့မှာ ဝင်ထိုင်ကာ စာကို ဖောက်၍ ဖတ်လိုက်ပါသည်။
မိန်းကလေး...
ကို ကားတစ်စီးရစရာရှိလို့ တောင်ကြီးကို လိုက်သွားရတယ်။ အချိန်မရလို့ ဒီစာနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
မြင့်မောင်
"လုပ်လိုက်ရင် ဒီလိုချည်းပဲ”
ကျွန်မသည် စာကို အိတ်ထဲ ဆောင့်ထည့်ကာ မျက်နှာစူပုပ်၍ ပြောလိုက်သည်။
“သိပ် သူတစိမ်းဆန်တာပဲ”
စူပွစူပွနှင့် ကျွန်မ ထပ်မံရေရွတ်မိသည်။
“သမီးကလည်းကွယ်၊ ကုန်သည်ဆိုတာ ဒီလိုပဲ အချိန်လုရတာပဲ။ အလုပ်အကိုင်နဲ့သွားတာပဲ ဘာဖြစ်တာလဲ”
“ဟုတ်ပါဘူး၊ သမီးကို စောင့်ခေါ်တော့ ဘာဖြစ်လဲ။ နှစ်ယောက်အတူ လက်ထပ်ပြီးမှ တစ်ခါမှ ဟန်းနီးမွန်း မထွက်ရသေးဘူး”
အမေက ကျွန်မကို တအံ့တဩ နားမလည်သလို ကြည့်နေသည်။ အမေ ဘာမျှ ထပ်မံမပြောခင် ကျွန်မ အခန်းထဲကို ဝင်ခဲ့သည်။ ကို့ကိုလည်း မကျေနပ်၊ အမေ့ကိုလည်း မကျေနပ်။ စိတ်ပေါက်ပေါက်နှင့် လက်ကိုင်အိတ်ကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်မိသည်။
စိတ်မောမောနှင့် အိပ်ရာပေါ် ပစ်လှဲလိုက်သည်။ ရင်ထဲမှ ဒေါသတွေ မျက်လုံးမှ မျက်ရည်အဖြစ် စီးကျလာကြသည်။ ဒေါသတို့ မျက်ရည်တို့ ဆိုသည်မှာလည်း တစ်ယောက်တည်း လှိမ့်ငိုနေ၍ အဓိပ္ပာယ်မရှိသလိုပင်။ တကယ်ဆို ချော့သည့်လူလေး၊ မျက်ရည်ကို သုတ်ပေးမယ့်လူတော့ ရှိဦးမှပေါ့။ ချော့သူမရှိဘဲ စိတ်ကောက်ရသည်ကလည်း တန်ဖိုးမရှိ။ ထွန်းသာဆိုလျှင် ကျွန်မ စိတ်ကောက်၍ နှုတ်ခမ်းစူနေလျှင် ပျားရည်လူးစကားလုံးတွေနှင့် ရွှန်းအိသွားအောင် ချော့တတ်သည်။
“ကို အလကားပါ၊ လူကိုတန်ဖိုးမထားဘူး”
အသံထွက်အောင် ရေရွတ်မိသည်။
နောက်နေ့ တနင်္လာနေ့ ကျောင်းကို ထွက်လာသည့်အချိန်ထိပင် ကျွန်မ ဒေါသက မပြေသေး။ ကျွန်မ ပို့ချရမည့်သင်တန်းက ၁၁ နာရီမှာ ရှိသည်။ ရုံးခန်းထဲ ဝင်လိုက်တော့ ချောပပ စားပွဲရှေ့မှာ အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်ရင်း စကားပြောနေသည်။
“သွားတော့မယ်ချော၊ စားချင်သောက်ချင် ပြောနော်။ အရင်ကမေ မဟုတ်တော့ဘူး၊ အမြည်းဆို အစုံလုပ်တတ်တယ်။ အကြော်ရော၊ အသုပ်ရော”
ပြုံးပြုံးရယ်ရယ် ပြောရင်း ချောပပကို နှုတ်ဆက်ကာ ကျွန်မရှေ့မှဖြတ်၍ အခန်းပြင်ထွက်သွားသည်။
အမျိုးသမီးက ကျွန်မနှင့် ရွယ်တူလောက်ပင်ရှိမည်။ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကြည့်ပျော်ရှုပျော်ရှိသည်။ ကျွန်မစားပွဲမှာ ကျွန်မထိုင်လိုက်၍ အံဆွဲသော့ကို ဖွင့်နေစဉ်. “မမြသူ သူ့ကို သိလား” ချောက မေးလာ၏။
“ဟင် ... မသိပါဘူး”
“ပြောရဦးမယ် ... သူက ထွန်းရဲ့ မေပေါ့”
“ဘာ ...”
ကျွန်မက နားမလည်သလို မေးလိုက်၏။
“ကိုဖြူနွဲ့ ရဲ့ မေလေ။ ခင်သန်းဆွေနဲ့ လက်ထပ်တယ်ဆိုလို့ တခြားအမျိုးသမီး အောက်မေ့နေတာ၊ မေက နာမည်ပြောင်းထားတာကိုး။ ချောတို့နဲ့ မန္တလေးမှာ ၁၀ တန်းတုန်းက သူ့နာမည် မေပဲ။ ခု ကိုမြတ်ဝင်းထွန်း မြစ်ကြီးနားကနေ မော်လမြိုင်ကောလိပ်ပြောင်းရမယ်ဆိုလို့ သူ့ကိုပါ ချက်ချင်း ပြောင်းမပေးနိုင်သေးတော့ အနည်းဆုံး ရန်ကုန်တက္ကသိုလ် ပြောင်းပေးဖို့ လာကြိုးစားနေတာတဲ့။ ချောနဲ့ အဆက်အသွယ် ပြတ်သွားတာကြာပြီ။ ဖေဖေ မန္တလေးက ပြောင်းကတည်းက ချောနဲ့မေနဲ့က ကွဲသွားတာ။ မေကလည်း မြစ်ကြီးနားကောလိပ်မှာ ကျူတာ"
"အဲဒါ ဘာဖြစ်လဲ"
ရင်ထဲက ဒေါသအရှိန်က မပြေသေး၍ ကျွန်မ ဘုကျကျ ပြောလိုက်သည်။
“ပွင့်ဦးရဲ့ အမူးဋီကာ အကြောင်းလေး ဆက်ပြောမလို့ပါ၊ သူကဖြင့် သူရဲ့ ထွန်းအကြောင်းကို ဘာမျှ မသိဘဲနဲ့။ မေနဲ့ရတော့ ကိုဖြူနွဲ့က သောက်တတ်နေပြီတဲ့။ ဒီတော့ သိက္ခာထိန်းရမှာမို့ ဆိုင်မှာ မသောက်ပါနဲ့။ အိမ်မှာ ဣန္ဒြေရရသောက်ပါ။ မေကိုယ်တိုင် အမြည်းလုပ်ပေးပါ့မယ်လို့ ချော့ရတယ်တဲ့”
“ချော့ရတယ်”
ကျွန်မက တအံ့တံသြ မေးလိုက်သည်။
“အေးပေါ့ဟဲ့၊ ခုတော့လည်း အိမ်မှာပဲ ဣန္ဒြေရရသောက်တယ်တဲ့။ ဒါကြောင့် မေကပြောသွားတာ၊ မကြားဘူးလား။ သူ အမြည်းအကြော်မျိုးစုံ၊ အသုပ်မျိုးစုံလုပ်တတ်တယ်ဆိုတာ အရက်နဲ့မြည်းဖို့လေ”
ကျွန်မ မကြားချင်ပါ၊ ဘာမျှမကြားချင်ပါ။ ကျောင်းသားတွေ၏စာအုပ်တွေကို စားပွဲပေါ်တင်ကာ ဖတ်မည်လုပ်နေစဉ်မှာပင် အပျိုကြီး မမချောက စကားဆက်ပြန်သည်။
“ချောတော့ မေ့ကို တော်လေးဝထဲ ထည့်ချင်တယ်။ မေနဲ့ ပေါင်းရင် တော်ငါးဝပေါ့”
ဘာအဓိပ္ပာယ်ပါလိမ့်။ ချောစကားကို ကျွန်မနားမလည်ပါ။
“ရှင်းစမ်းပါဦး ပါမောက္ခကြီးရယ်”
ကျွန်မ အရင်ရောက်နေနှင့်သော မျက်နှာချင်းဆိုင်မှ ဆရာမ မြကေသီက ဝင်ထောက်၏။
“အမရာ ကိန္နရီတို့ မဒ္ဒီ သမ္ဘူလတို့ဆိုတာတွေဟာ သူတို့ယောက်ျားတွေက လင်သူတော်ကောင်းကြီးတွေကွာ။ ဘုရားလောင်းတွေ မဟုတ်လား။ ဒီလိုလင်မျိုးဆို ပြုစုစမ်းပါရစေ။ သစ်သီးရှာရုံမကဘူး အမဲလိုက်ရ လိုက်ရ”
“ဟဲ .... ဟဲ သူ့အတွက်ဆိုရင်ပေါ့လေ"
မြကေသီက ရွှန်းပြန်သည်။
“ဟုတ်တယ်လေ။ မေ့ယောက်ျားက အရက်သမား။ ဒါကို သူပြုစုပြီး အရက်နဲ့ အမြည်းနဲ့ကြို၊ ထမင်းပွဲ အဆင်သင့်နဲ့ သူပြုစုနိုင်တာကို ချီးကျူးချင်လို့ပါ။ ဒါတင်မကပါဘူးလေ၊ လောင်းကစား ဖဲရိုက်၊ မယားငယ်အိမ်က ပြန်လာတဲ့ယောက်ျားတွေကို ထမင်းပွဲနဲ့ ဆီးကြိုနိုင်တဲ့ မိန်းမတွေကိုလည်း သိပ်အံ့ဩတာပဲ”
“အဲဒီမိန်းမတွေပါ တော်လေးဝထဲထည့်ရရင် တော် ၅၅၀ ပေါ့ ဟား.. ဟား။ အဲဒီ တော်တွေထဲဝင်အောင် ချောတစ်ယောက် မြန်မြန်လက်ထပ်လေကွာ”
မြကေသီက ဆက်၍ ဟားသည်။
“ဝေးသေး ... ဝေးသေး တော်ထဲလည်း မဝင်နိုင်ဘူး။ ချောတော့ အဲဒီအရက်သမား ဖဲသမားလည်း မယူနိုင်ဘူး”
“အပျိုကြီးမမရဲ့၊ ယောက်ျားဆိုတာ လက်မထပ်ခင်က စင်းလုံးချောပေမဲ့ ကိုယ့်လက်ထဲကျတော့ တစ်ခုမဟုတ်တစ်ခုတော့ ဖောက်လာတတ်တာပဲ။ အဲဒါကို အခြေအနေအရ ကိုယ်နဲ့ ဘောင်ဝင်အောင် ကြည့် စခန်းသွားရတာပဲ။ တစ်ခါတလေ ကိုယ်ကပဲ သူ့ဘောင်ထဲ ဝင်နိုင်အောင် ကြိုးစားရတာတွေလည်း ရှိတာပဲ။ မမချောရေ... ဟိုတုန်းက စိတ်ကူးယဉ်အိပ်မတ်တွေကို မေ့ပစ်ရတယ်။ ပန်းလေးလိုလှတာကိုလည်း ကြည့်နေချင်သည်ဆိုတာတွေ၊ မြင်းမိုရ်တောင်ကို တုံးမှတ်လို့ ခုန်မှာတွေ အားလုံး မေ့ပစ်ရတယ်။ တစ်ခါ တစ်ခါ အဲဒီ ဘသားချောတွေက မြေပေါ်မှာ ကြိုးလေး တန်းနေတာတောင် မခုန်ချင်လို့ လမ်းရှင်းပေးရတယ်”
“အောင်မယ် စောစောစီးစီး ဘာတွေများ ပြောနေလဲ အောက်မေ့တယ်၊ လင်အကြောင်း သားအကြောင်း”
သန်းသန်းရင်သည် အခန်းဝမှာ ပေါ်လာသည်။
“သန်းတို့တော့ ပါမောက္ခနဲ့ တွေ့ခဲ့ပြီး ဟန်းနီးမွန်းထွက်ဖို့ ခွင့်လည်းတောင်း၊ ခွင့်စာလည်းတင်ခဲ့တယ်။ လက်ထပ်တုန်းက သန်း ခွင့်မရခဲ့ဘူးလေ။ ပါမောက္ခက ပေးမယ်တဲ့။ မောင်ပျော်သွားအောင် မောင့်ရုံးကို ဖုန်းဆက်လိုက်ဦးမယ်”
မျက်စမျက်နနှင့် မြူးကြွရွှင်နေသော သန်းသန်းရင်သည် ပဝါကို ခေါက်သိမ်းကာ အခန်းအပြင် ထွက်သွားသည်။
ကျွန်မသည် ဘယ်သူ့စကားကိုမျှ မကြားလိုပါ။ ရင်ထဲမှာတော့ ထွန်းဘာလို့ အရက်သောက်နေပြီလဲ။ ထွန်းတစ်ယောက် ကျွန်မနှင့် တွဲနေကတည်းက အရက်သောက်တတ်ပါသလား။
သင်တန်းခန်းမသို့ စာသင်ရန် ထွက်သာလာသည်။ ကျွန်မရင်ထဲမှာ လေးလံမွန်းသိပ်နေပါသည်။ လရောင်ရွှန်းမြသော အချစ်ညမှာ ချစ်သူရုပ်သွင်သည် ဝိုးတဝါးပေပဲပေါ့။ နေရောင်ရွှန်းပမှ လက်ထပ်မည့်သူကို ရွေးတာပဲကောင်းသည်။ ယခု ကို့ကို နေရောင်အောက်မှာတွေ့ခဲ့၍ လက်ထပ်ပြီးပြီ မဟုတ်လား။ ဘာကြောင့် လရောင်ကို တမ်းတမိနေသလဲ။ လရောင်အောက်မှာတွေ့ခဲ့သူ ပန်းရောင်ခေါင်းပေါင်းရှင်ကို ကျွန်မစိတ်ထဲက ရွှေကျင်ခပ် ပဝါပေါင်းနှင့် မင်းလောင်းလို အထင်ကြီးခဲ့တာတွေလည်း အို... သူကလည်း အရက်သမားတဲ့။
ကျွန်မသည် ထွေပြားသောစိတ် ထိန်းချုပ်ရင်း သင်တန်းတစ်ချိန် စာသင်ကြားကာ အခန်းသို့ ပြန်လာခဲ့သည်။ ကျောင်းသားများ စာအုပ်တွေကို စိစစ်နေသော သန်းသန်းရင်တစ်ယောက်ပဲ အခန်းထဲမှာရှိသည်။ ကျန်လူတွေ သင်တန်းပို့ချရန် သွားကြသည်။
“သန်း ဘယ်တော့ ဟန်းနီးမွန်းထွက်မလဲ”
ကျွန်မက ပဝါခေါက်ရင်း မေးလိုက်၏။
“လာမယ့် စနေလေ၊ မောင်က နက်ဖြန်လက်မှတ်သွားလုပ်မယ်၊ လေယာဉ်ရရ ရထားရရ”
“မြသူလည်း လိုက်မယ်”
သန်းသန်းရင်သည် ရုတ်တရက် အဖြေမပေးဘဲ ပါးစပ်လေး ဟနေပြီးမှ “လိုက်လေ” ဟု ဖြည်းညင်းစွာ ပြော၏။
“မြသူ ဒီလိုလုပ်မယ်။ အမေ့ကိုပြောပြီး နက်ဖြန် သန်းကို အကြောင်းပြန်မယ်နော်"
သန်းက ခေါင်းညိတ်လိုက်၏။ ကျွန်မသည် အမှန်တော့ ထိုစဉ်က နားလည်ဖို့ ́ကောင်းပါသည်။ လွတ်လပ်စွာ သွားချင်သော လက်ထပ်ပြီးစ ဇနီးမောင်နှံကြား ကျွန်မလိုက်ပါသွားဖို့ မသင့်ပါ။ အို ... သွားကိုသွားမယ်။ ကိုပြန်လာရင် ကျွန်မကို ကို မတွေ့ရ၊ ကျွန်မ မရှိခြင်းကို သူမြင်ရမှ ကျွန်မဝေဒနာကို သူသိရမည်။ သူ့လိုပဲ သူစိမ်းဆန်ဆန် နေပြလိုက်မည်။
* * *
အိမ်ရောက်တော့ ဧည့်ခန်းမှာ ဧည့်သည်နှစ်ယောက်နှင့် အမေ။
“သမီးရေ... ဒီမှာ ငွေရီနဲ့ မစန်းမြင့်”
ကျွန်မ ငွေရီကိုတွေ့တော့ ဝမ်းသာလွန်း၍ သူ့အပါးမှာ ဝင်ထိုင်လိုက်သည်။
“သိပ်အဆင်ပြေတာပဲ။ ညစာစားပြီးမှ ပြန်၊ မောင်မြကို လိုက်ပို့ခိုင်းပါ့မယ်”
ကျွန်မက ပြောလိုက်၏။
“အောင်မလေး ခုမှ ပိုမနေနဲ့။ အမေက စိန်မေကို ညစာချက်ခိုင်းထားပြီ”
အမေပြောသံကြားမှ ကျွန်မ ပြုံးမိ၏။
“ငွေရီ လာ၊ အမေတို့ စကားပြောနေတုန်း တို့များအခန်းထဲ လိုက်ခဲ့"
ကျွန်မက ငွေရီကိုဆွဲခေါ်ကာ အိပ်ခန်းထဲမှာ အဝတ်လဲရင်း စကားပြောသည်။
“မြသူ၊ နင် မမစန်းကို မသိဘူးလား”
ငွေရီက ခုတင်ပေါ်ထိုင်ရင်း မေး၏။
“သိပါဘူး”
“ဟို သီးကုန်းက ကျောင်းအုပ်ကြီး ဦးကျော်အောင့်သမီးလေ”
“ဪ ... တို့ခုနစ်တန်းမှာတုန်းက သူက မော်လမြိုင် ဆရာဖြစ် အောင်လို့ မြောင်းမြမှာလုပ်နေတာပဲ သိတယ်၊ ငါတော့မမှတ်မိဘူး”
“အမေ ပြောတော့ သူလည်း တောင်ဥက္ကလာမှာတဲ့။ အမေနဲ့ ခဏခဏတွေ့ကြတယ်တဲ့။ ကံဘဲ့ဈေးမှာ တွေ့ကြတယ်တဲ့။ လာပါဟယ် နင်ကလည်း ရိုင်းရာကျမယ်၊ သွားစကားပြောရအောင်”
ကျွန်မကလည်း အဝတ်လဲပြီး ငွေရီနှင့် အတူ ဧည့်ခန်းပြန်လာကြသည်။
“မြသူ သမီး၊ ဒါ ဆရာကြီး ဦးကျော်အောင့် သမီးလေ၊ ဆရာမ ဒေါ်စန်းမြင့်”
အမေက မိတ်ဆက်ပေးသည်။
“ကျွန်မ မမှတ်မိလို့ပါ။ ငွေရီ ပြောမှ သတိရတယ်”
“အေး ဟုတ်တာပေါ့။ မမစန်းက ရွာမှာနေတဲ့အချိန်ကလည်း နည်းတာ။ ပြီးတော့ ရုပ်ရည်ကလည်း အရင်ကနဲ့ မတူဘူးမို့လား”
သူ ပြောတာဟုတ်ပါသည်။ ကျွန်မမြင်ဖူးသော အရင်က မစန်းမြင့်က အပျို၊ ရင်မို့မို့ တင်ပြည့်ပြည့်နှင့် ဒေါင်ကောင်းကောင်း၊ ယခုတော့လည်း ပိန်ရှည်ရှည် ပါးလျားလျား ဖြစ်နေသည်။
“မီးဖိုမှာ ထမင်းစားဖို့ သွားကူလိုက်ဦးမယ်နော် မမစန်း”
ကျွန်မက ခွင့်တောင်းကာ မီးဖိုထလာသည်။ ငွေရီပါ ကျွန်မနှင့်အတူ လိုက်လာကာ ထမင်းဝိုင်းပြင်သည်။
“မမစန်းနဲ့ မချိန်းဘဲ လာတွေ့တာပေါ့”
ကျွန်မက ငွေရီကို မေး၏။
“အေး ဟုတ်တယ်။ ရုံးအားရက်ဆို ငါက အလုပ်ရှိသေးတယ်လေ၊ ကုန်တိုက် ဝင်တိုးရမှာ။ ဒီတော့ ဒီနေ့ တို့ရုံးက ဖယ်ရီကားက ဘောက်ထော်ကြုံလို့ လိုက်လာတာ မမစန်းနဲ့တွေ့တော့ တစ်ယောက်နဲ့တစ်ယောက် မမှတ်မိပါဘူး။ ငါကလည်း သိပ်ရုပ်ပြောင်းသွားတာ”
“သူ ဘယ်မှာလုပ်လဲ”
“ကံဘဲ့ကျောင်းမှာပြောတယ်။ သူအိမ်မိုးမလို့တဲ့။ သူ့ယောက်ျားကလည်း ကျောင်းဆရာပဲ။ လူက လူအေး။ ဘယ်လောက် အေးသလဲဆို လခအပ်တာကလွဲလို့ ဘာမျှ မလုပ်တတ်ဘူးတဲ့။ အခုလည်း ဆရာမက သူ့လက်ကောက်လေး အမေ့ဆီ လာထားပြီး ငွေယူတာ။ မိုးမကျခင် အိမ်မိုးမလို့တဲ့။ သူ့မှာ ကလေးကလည်း ၆ယောက်တဲ့”
“အိမ်လေးရှိတာပဲ တော်သေး။ ကဲ ... အမေတို့ သွားခေါ်မယ် ထမင်းစားရအောင်”
ကျွန်မက ဧည့်ခန်းသွားကာ အမေနှင့် မမစန်းကို ခေါ်လာခဲ့သည်။ ထမင်းဝိုင်းမှာ ရွာတုန်းကလိုပဲ အားလုံး စားသောက်ကြသည်။ မြို့ပြဟန် မပါပါ။
“ငွေရီရော မစန်းရော ရွာကလူတွေကို သိပ်တွေ့ချင်တာ။ မြသူ ဆိုတာကလည်း သူ့ကျောင်းအလုပ်နဲ့သူ”
အမေက ထမင်းစားရင်း ဆက်ပြော၏။
“အကူအညီလိုလည်း တစ်ယောက်နဲ့တစ်ယောက် ပေးရတာပေါ့”
“ဟုတ်ကဲ့ အမေ၊ ကျွန်မကလည်း တတ်နိုင်သလောက်တော့ ကိုယ့်ဘဝကိုယ် ဖြေရှင်းပါတယ်။ ကလေးကလည်း ၆ ယောက်။ အကြီးဆုံးကောင်က တက္ကသိုလ်သာရောက်ရော ကျူရှင်နဲ့ဆိုတော့ လုံးလည်လိုက်နေတာ၊ အိမ်ကလည်း မမိုးမဖြစ်ဘူးလေ၊ ကြယ်မြင်လမြင်။ ဒီလက်ကောက်ကလည်း မေမေပေးခဲ့တာ။ ကလေးတွေအဖေတော့ ဘာမျှမပြောချင်တော့ဘူး။ ဘာမျှလည်း ကြံဖန်တတ်တာမဟုတ်ဘူး”
“ဒီလိုပေါ့လေ၊ သူ ဒီလိုနေတာပဲ ကျေးဇူးတင်ဦး။ ကဲ ... သူက အရက်သောက်ပြီတဲ့၊ မယားငယ် ယူပါပြီတဲ့။ ဒါမှမဟုတ် ကစားဝါသနာပါပါပြီတဲ့။ မစန်း အိမ်ပိုင်နဲ့တောင် နေရမှာမဟုတ်ဘူး။ စိတ်ဆင်းရဲမှာ၊ ဒီလိုလည်း လှည့်တွက်ပေါ့”
အရက်သမားမယား ငွေရီမှာ ခေါင်းမဖော်၊ ကျွန်မနှင့်အတူ ထမင်းပဲ ငုံ့စားကြသည်။ ငွေရီအကြောင်းတော့ အမေသိဟန်မတူ။ ထမင်းစားပြီး ကားစီစဉ်ကာ ဧည့်သည်များကို ကားနှင့် မောင်မြ လိုက်ပို့လိုက်ပါသည်။ ဧည့်ခန်းတွင် နှစ်ယောက်တည်းကျန်မှ ကျွန်မက ငွေရီအကြောင်း အမေ့ကို ပြောပြ၏။
“ဟယ်... ဒီလောက်ဖြစ်မှန်း အမေမသိပါဘူး။ သူကလည်း ဘာမှ မပြောဘူး”
“အမေကလဲ ဘာပြောမလဲ၊ သမီးတောင် လမ်းပေါ်မှာ တွေ့လို့ အတင်းလိုက်သွားတာနဲ့ ငွေရီအဖြစ်ကို သိခဲ့ရတာ။ ဆိုင်နဲ့ ကနားနဲ့ ရောင်းရအောင်လည်း သူ့မှာ အရင်းအနှီး ရှိပုံမရဘူး။ အဲဒါ ရုံးမှာ အလုပ်လုပ် ကုန်တိုက်တိုးနဲ့ပဲ ပြီးရတာ"
“အေး ...မစန်းကျတော့လည်း လင်က မကြံတတ် မဖန်တတ်၊ ငွေရီအတွက်လည်း မကြွေဆီ အကြံဉာဏ် တောင်းဦးမယ်။ အမေ ကံဘဲ့ဈေးထဲမှာ မကြွေနဲ့ တွေ့နေကျ၊ သူကတော့ ကျပန်းရောင်းနေတာပဲ။ ငွေရီအတွက် သူနဲ့ တိုင်ပင်ဦးမယ်။ သူ့သမီးလေးက မြို့ထဲက ဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးလုပ်တယ်။ အဲဒါ ရောင်းရင်းဝယ်ရင်း နားလည်သွားတော့ သူ့ဘာသာ ပစ္စည်းကောက် ပြန်ရောင်းနဲ့ ခု လဟာပြင် အပြင်ဘက်တန်းမှာ ဆိုင်ခန်းလေးတစ်ခုတောင် ငှားနိုင်ပြီ။ ငွေရီ့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ မေးရဦးမယ်။ ခုလည်း အမေက မစန်းဆီက လက်ကောက်သာ ယူထားလိုက်တာ၊ အတိုးမယူပါဘူးလို့ ပြောလိုက်တယ်။ တစ်ကျပ်သား ရှိသတဲ့။ ငါးထောင် ခဏပေးပါဆိုလို့ ပေးလိုက်တာ။ ဪ... တို့ရွာက လူတွေလည်း တစ်ဖြစ်လဲနေပါလား”
မကြွေမှာ ယခင်က ရွာမှ ကုန်စိမ်းများကို မြောင်းမြပို့သူ ဖြစ်သည်။ ယခုတော့ ရန်ကုန် ရောက်နေသည်။
“အမေ သမီးခရီးထွက်မလို့”
ကျွန်မ စကားမစပ် ကောက်ကာငင်ကာ ခွင့်တောင်းလိုက်၏။ အမေ့မျက်နှာသည် အံ့သြသွားသည်။
“ဘယ်ကိုလဲ၊ ဘာလုပ်လဲ။ မောင်မြင့်မောင်ဖြင့် မရှိဘဲနဲ့”
“အို... သူရှိကော ဘာထူးမှာလဲ။ သန်းသန်းရင်တို့ ဟန်းနီးမွန်းသွားတာ လိုက်မလို့”
ကျွန်မက စူဆောင့်ဆောင့်နှင့် ပြောလိုက်၏။
“ဒီဟန်းနီးမွန်းပဲ ပြောနေတာပဲ၊ မောင်မြင့်မောင် ခရီးထွက်တုန်းကလည်း ဒီဟန်းနီးမွန်းပဲ ပြောနေတာပဲ။ ဘာဖြစ်လို့ ဒါလောက် မွန်းချင်နေတာလဲ။ အဲဒီ စကားကရော ဘာလဲ”
အမေက ကျွန်မကို မျက်နှာထားတင်းတင်းနှင့် ကြည့်၍ မေး၏။
“လက်ထပ်ပြီးစဆို ဒီလိုပဲ နှစ်ယောက်တည်း ခရီးထွက်ကြတယ်။ လွတ်လွတ်လပ်လပ် အပျော်ခရီးပေါ့။ သူများတွေ ဘယ်လောက်များ အားကျစရာကောင်းလဲ။ မြန်မာလို ပျားရည်ဆမ်းခရီးထွက်တယ်ခေါ် တယ်”
“သမီးက ကိုယ့်လင်မှ မပါဘဲ”
“အိုး ... ကိုယ့်လင်က ကိုယ့်မှ ဂရုမစိုက်ဘဲ”
“ဒီလို မပြောနဲ့လေ”
အမေက မျက်မှောင်ကြုတ်၍ ကြည့်သည်။
“တက္ကသိုလ်က ကျောင်းဆရာမ စကားကလည်း ဘယ်လိုလဲ၊ ၁၀-တန်းကျောင်းသူ ကျနေတာပဲ။ အတွေးအခေါ်တွေက ကလေးလိုပဲ။ ရွာမှာများ ဒီစကား မကြားဖူးပေါင်"
“ရွာမှာနေရင်တော့ ရွာသားနဲ့ညားနေမှာပေါ့။ ဒီတော့လည်း ကျေးတောသားက ကို့လို သမီးကို ပစ်ထားမှာမဟုတ်ဘူး”
“ခက် ခက်ရချည်ရဲ့။ မောင်မြင့်မောင်က သမီးကို ပစ်ထားသလား၊ အလုပ်နဲ့ အကိုင်နဲ့ သွားနေရတာ၊ မသိတာမဟုတ်။ ဒီလိုပဲ အမေတို့ငယ်ငယ်တုန်းက ကျုံးလုပ်ရတယ်။ သမီးထက်အကြီး ဆုံးသွားတဲ့ သူငယ်လေး မွေးတုန်းကအထိ အမေတို့ လယ်ပိုင် ချောင်းပိုင် မရှိသေးဘူး။ နေရတာ နွားတင်းကုပ်သာသာရယ်။ အမေ့ကို အဖေနဲ့ပေးစားတော့ လှည်းတစ်စီးပဲ ရှိတယ်။ ဒီလှည်းကလည်း အရီးလေးက နွားတစ်ကောင်၊ အဖေ့အစ်မ ကြီးတော်က တစ်ကောင်၊ အဘိုးက လှည်းအိမ်၊ စုစုပေါင်းမှ လှည်းတစ်စီး ဖြစ်တာ။ ကိုသာအောင်က မိုးကျရင် လယ်အငှားစိုက်ရတာ၊ နွေမှာ စပါးတိုက် ထင်းသယ်။ ထင်းကုန်သည်တွေက ပင်လယ်မျှောခုတ်၊ ကနစိုခုတ် သွားရင်လည်း အငှားထင်းခုတ်ဖို့ သူက လှေနဲ့လိုက်သွားရတာ၊ တစ်လ ကိုးသီတင်း အမေ့မှာ ဒီလိုပဲ ကျန်ရစ်ရတာပဲ။ တို့မြေလေး တစ်ကွက်ပိုင်အောင် ဆိုပြီး ကြိုးစားလိုက်ရတာ။ ဘာပျားရည်မှလည်း ညားကတည်းက မဆမ်းခဲ့ရပါဘူး။ သမီးမွေးတော့ စီးပွားတက်ပြီး ပျဉ်ထောင်အိမ်နဲ့ လယ်ပိုင် နွားပိုင်နဲ့ ဖြစ်နေမှကိုး။ သမီးက ဆင်းရဲတာကို ဘယ်သိမလဲ၊ ဘာစိတ်ကူးတွေ ပေါက်နေတာလဲ”
ကျွန်မက ဘာမျှပြန်မပြောနိုင်၊ မျက်ရည်တွေသာ တွေတွေကျနေပါသည်။
“စဉ်းစားများ ကြည့်စမ်းပါဦး။ ငွေရီ့လင်လို အရက်နဲ့ပဲ အဖော်လုပ်နေပါပြီတဲ့။ မစန်းယောက်ျားလို တာဝန်မသိ၊ ဘာမှ ဦးမဆောင်တတ်ပါဘူးတဲ့။ အငယ်တွေနဲ့ ပျော်ပါးနေပါပြီတဲ့။ ဒီလိုဆိုရင်တော့ပြောပေါ့။ ခုတော့ မောင်မြင့်မောင်က အလုပ်ကို စိတ်ဝင်စားလွန်းလို့ သမီးကို အချိန်မပေးနိုင်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါလောက်တော့ ကိုယ်ကလိုက်လျောရမှာပေါ့။ အမေတို့ဘဝဆို သမီးအဖေကလည်း ကျွဲနဲ့နွားနဲ့ ရုန်းရတဲ့ဘဝက လွတ်အောင်ဆိုပြီး၊ ကြိုးစားတဲ့နေရာမှာ ထမင်းမေ့ ဟင်းမေ့၊ သားမေ့ မယားမေ့ပဲ။ တစ်ခါများ ထင်းလှေကနေ အလုပ်ပြီးလို့တဲ့ ကျိုက္ခမီ ဆက်ထွက်သွားပြီး ဆားအပြည့် လှေနဲ့တင်ပြီး အညာတက်သွားတာ၊ အမေ့ဆီ လူကြုံနဲ့ပဲ အကြောင်းကြားနိုင်တယ်။ အမလေး သူတို့လိုသာ လင်က ခရီးထွက်တိုင်း စိတ်ကောက်ပြီး ကိုယ်ကပါ ခရီးထွက်ရရင် ငါ အိမ်မှာ တစ်နှစ်လုံးရှိမှာ မဟုတ်ဘူး။ တို့များဖြင့် လင်ခရီးထွက်သွားရင် ပန်းကပ်ရ၊ ဆွမ်းကပ်ရနဲ့ နေ့တိုင်း မေတ္တာပို့ ဆုတောင်းရတာ။ သူကဖြင့် ဆောင့်အောင့် စူပွလို့၊ ခရီးသွားတဲ့လူ စိတ်ထင့်စရာ”
အမေက ဒေါသဖြစ်လာဟန် တူပါသည်။ “ငါ”တွေ ဘာတွေ သုံးလာပါသည်။
“သားကြီးမွေးတော့ တဲအမိုးမပြင်နိုင်သေးဘူး။ မိုးစက်စက်နဲ့ မီးယပ်ချမ်းကလည်း ထ၊ ငါ့သားလေး ဆင်းရဲရှာတယ်။ ဒီတုန်းက အအေးပတ်ပြီး သူဆုံးရှာတာပါ။ အဖေက လယ်ထဲမှာတစ်နေကုန်၊ အမေ့မှာလည်း တစ်ယောက်တည်း၊ သွေးနုနုနဲ့ ချောင်းရေခပ်ရ လျှော်ရဖွပ်ရနဲ့ အအေးပတ် အဖျားဝင် လေးဘက်နာဖြစ်၊ သားရောအမေရော အိပ်ရာပေါ်လဲ။ သားလေးဆုံးသွားရော အမေက နာလန်မထူဘူး။ ကျုံမငေးက ဆရာကြီး ဦးဘိုးသင်းနဲ့ ကုမှ ပျောက်တော့တယ်။ ၆ လ လောက်ဟာ အဖေ့ကို ဘာမှမကူနိုင်ဘူး။ အဖေကလည်း အနားမနေနိုင်၊ ဆေးလည်း စောင့်မတိုက်ပါဘူး။ လယ်ချိန် လယ်ထဲမဆင်းရင် ငတ်မှာပေါ့။ သူတို့မှာဖြင့် လင်အနားမကပ်လို့တဲ့။ ရောဂါကလည်း ထထနိုင်လွန်းတယ်။ မသွားရပါဘူး။ သမီးမွေးလာတော့ ဖွားဆုံတို့လို လူပိုခေါ်ထားနိုင်တဲ့အချိန်၊ ငါ့သားလေးလို ဒုက္ခမခံရဘူး။ အစတုန်းကတော့ သမီးကပြောတယ်၊ ရွာက ချောင်းလေးပဲ လွမ်းတယ်၊ ရွာမှာပဲ ဆရာမ ဖြစ်ချင်တယ်နဲ့၊ သမီးနေပုံ ထိုင်ပုံက ရွာက မြသူဘဝကို မေ့နေသလိုပဲ။ ဒါပဲ ပြောလိုက်မယ်၊ မသွားရဘူး”
အမေက တရစပ် ပြောကာ တစ်ချက်လွှတ် အမိန့်ချ၍ ထသွားသည်။ ကျွန်မ တရှုပ်ရှုပ် ငိုနေမိသည်။ အိပ်ရာထဲ သွားလှဲနေပေမဲ့ အိပ်မပျော်၊ အမေ့စကားတွေသာ နားထဲမှာ ဆူညံနေသည်။
သန်းသန်းရင်တို့ ဟန်းနီးမွန်း ထွက်သည်ကို ကျွန်မ မလိုက်ဖြစ်ပါ။ ဒါပေမဲ့ နောက်နေ့တွေ ကျောင်းတက်ရသည်ကို စိတ်မပါ။ ရင်ထဲမှာ မကျေမနပ် ဖြစ်နေဆဲ။
တစ်နေ့ သင်တန်းပြီးချိန် အခန်းဘက်ပြန်လျှောက်လာတော့ ရှေ့တူရူမှ သူလျှောက်လာသည်ကို မြင်နေရသည်။ ကျွန်မရင်ထဲမှာ တဒိတ်ဒိတ် ခုန်လာသည်။ ကျွန်မ အခန်းဝရောက်ပေမဲ့ ချိုးမဝင်သေးဘဲ ခြေထောက်က သူ့အလိုလို ရပ်သွားသည်။ သူရှေ့မှာ မားမား ရပ်လာသည်အထိ စောင့်နေမိသည်။ ကျွန်မခြေထောက်တွေ ရေခဲတိုင်တွေလို အေးစက်လာသည်ဟု ထင်မိသည်။
“ဒီမှာ မြ ရှိနေမှာကို သိလို့ ထွန်းလာနှုတ်ဆက်တာ”
ကျွန်မ မျက်လွှာချနေမိသည်။ ဘာပြန်ပြောရမှန်း မသိပါ။ ယခင်အချိန်တွေက ဒီစာသင်ခန်းတွေထဲမှာ သူနှင့် စကားပြောနေကျပဲ၊ ယခုလောက် လှုပ်ရှားခြင်း မဖြစ်မိပါ။
“တို့များကို သိပ်စိတ်နာနေပြီလား။ နက်ဖြန်ဆိုရင် တို့များ သွားရတော့မယ်။ ခု အင်းလျားကန်ဘက် လျှောက်ရအောင်လေ”
အခန်းထဲရှိ ဆရာမတွေ ကျွန်မတို့နှစ်ယောက် ဘာပြောနေသည်ကို ကြည့်နေကြသည် ထင်သည်။ ပြီးတော့ ကျွန်မအပြုအမူကို အံ့ဩနေကြသည်။ ကျွန်မ အခန်းထဲ စာအုပ်ထား၍ သူနှင့်အတူ ဝရန်တာဘက် ထွက်လာသည်။ ချစ်သူဘဝတုန်းကတောင် အတူမလျှောက်ခဲ့သော အင်းလျားကန်ပေါင်ပေါ်မှာ ယခု ကျွန်မ သူနှင့်အတူ လျှောက်နေမိသည်။
ဆောင်းပြယ်စ ပြုပေမင့် ဆောင်းလေ ကျန်သည်။ ရေပြင်ပေါ်မှာ တိုးဝှေ့နေဆဲ၊ အေးမြ၍ လန်းဆတ်နေသည်။
“ထွန်းရဲ့ မေ့ကို တွေ့ပါတယ်”
ကျွန်မက မြက်ခင်းပေါ်ထိုင်ရင်း ပြောလိုက်၏။
“ဪ ... သူ့သူငယ်ချင်း ချောပပကို.လာတွေ့မှာပေါ့”
“ဟုတ်တယ်။ ထွန်းအရက်တွေ သောက်နေတယ်ဆို၊ ဘာဖြစ်လို့”
ကျွန်မသည် သူ့ကိုမကြည့်ဘဲ ရေပြင်ကို စူးစိုက်၍ငေးရင်း မေးနေမိသည်။ ကျွန်မကို ခွဲခွာရသောဝေဒနာကို ဖြေသိမ့်ဖို့ သူ အရက်သောက်နေသည်ဟု ထင်သည်။ သူ ကျွန်မကို မေ့မရနိုင်၍လား။
“တို့များကိုလည်း ကြည့်ပါဦး မိန်းကလေးရဲ့”
သူက သူ့မျက်နှာကို ကျွန်မ ရှေ့သို့ ထိုးပြလိုက်သည်။ ကျွန်မရင်ထဲမှာ တလှပ်လှပ် တုန်ခါသွားပါသည်။ သူ့မျက်နှာကြည့်၍ တုန်လှုပ်သွားခြင်း မဟုတ်ပါ။ “မိန်းကလေး” ဟူ၍ ကိုခေါ်သလို သူက ကျွန်မကိုခေါ်လိုက်ခြင်းအတွက် နာကျင်သွားခြင်းဖြစ်ပါသည်။
“အို ... မြင်ပါတယ်”
ကျွန်မက တတုန်ကယင် ဆိုလိုက်၏။
“တကတည်း ရေကသိုဏ်းရှုနေသလိုပဲ၊ ရေပြင်ကိုပဲ ငေးနေတာ"
“ဟုတ်တယ်၊ ရေပြင်က သန့်စင်တယ်”
“တို့များက မသန့်စင်ဘူးပေါ့လေ”
“မဆိုလိုပါဘူး”
“မြရဲ့ မျက်နှာကိုလည်း ရေပြင်မှာ ကြည့်ပါလား”
သူ့မေးခွန်းကြောင့် ကျွန်မ တုန်လှုပ်သွားပါသည်။
“မကြည့်ချင်ပါဘူး ထွန်းရယ်။ မြ သိချင်တာတွေ ရေပြင်က ပြောပြမှာလည်း မဟုတ်ဘူး။ သိပ်စိတ်ရှုပ်စရာကောင်းတာပဲနော်။ ဒါနဲ့ ထွန်း ကြိုက်တဲ့မိန်းမကို ရရက်သားနဲ့ ဘာလို့ အရက်တွေသောက်နေရတာလဲ”
ကျွန်မ စကားကြောင်းပြောင်းလိုက်ကာ မေးခွန်းဟောင်းကို မေးလိုက်၏။
ကျွန်မသည် အံ့ဩစွာ သူ့ကို စူးစိုက်ကြည့်နေမိ၏။
“ထွန်း မြကို ပြောမပြဘူး”
“ပြောဖို့ မလိုဘူးလေ”
“ဘာဖြစ်လို့”
“မြက အရက်သောက်တာကို ကြိုက်မှ မကြိုက်ဘဲ”
“အို ... ချစ်တဲ့သူကို ဘာပဲဖြစ်ဖြစ် ကိုယ့်စရိုက်အမှန် သိစေရမှာပေါ့"
“ဟုတ်ပါတယ်လေ၊ ချစ်ကြတဲ့ခဏ ချစ်တဲ့သူလေး စိတ်ချမ်းသာစေချင်တဲ့ စေတနာ တို့များမှာ ရှိပါတယ်လို့ ဆိုရင်ကော”
“ချစ်တဲ့ခဏ”
ကျွန်မက ရေရွတ်ရင်း မျက်ရည်ပေါက်ကြီးတွေ မျက်လုံးမှ လှိမ့်ဆင်းလာသည်။ ထွန်းတစ်ယောက် ကျွန်မကို တစ်ခဏတာ ချစ်သွားခြင်းပေကိုး။ ကျွန်မ ထင်မြင်ချက်တွေ တစ်ခုမျှမဟုတ်။ ကျွန်မကိုလည်း မေ့မရ၍ မဟုတ်ပါလား။ ပြီးတော့ တစ်ခဏတဲ့။ သိပ်ရှက်ဖို့ကောင်းတာပဲ။ ကျွန်မ ရှိုက်၍ငိုနေမိသည်။
“အို... ဘာလို့ငိုနေလဲမြရယ်။ ထွန်း မျက်ရည်သုတ်ပေးရမလား"
“မလိုပါဘူး။ မြ လက်ကိုင်ပဝါ ပါပါတယ်”
“ဟုတ်ပါတယ်၊ အခြေအနေကလည်း မပေးတော့ဘူး”
ကျွန်မရင်ထဲမှာ သိပ်ခံပြင်းလာပါသည်။ လမ်းလျှောက်ရင်း ပန်းကောက်ခဲ့ခြင်းထက် ထွန်းအချစ်က မပိုခဲ့ပါ။ ကိုယ့်မှာသာ စွဲလမ်းတမ်းတခြင်း ပြင်းစွာနှင့် နှလုံးသားတွင် သိုဝှက်ခဲ့ရပါသောထွန်း။
“တစ်ခဏ ဆိုလို့ မြ ဝမ်းနည်းသွားသလား။ ဟုတ်တယ်၊ တစ်ခဏ ဆိုတာမှာ မလေးစားတဲ့သဘော မပါပါဘူး။ မြနဲ့ အတူချစ်နေချိန်မှာ တစ်ယောက်တစ်ယောက် လေ့လာခွင့်တွေ သိပ်ရခဲ့ပါတယ်။ အင်မတန် စည်းအတန်တန်ခြား၊ သတ်မှတ်ချက်တွေများနေတဲ့ မိန်းကလေးစရိုက်ကို ထွန်း သိလာခဲ့တာပေါ့။ ချစ်သူအနေနဲ့ ဒါတွေဟာ ပြဿနာမဟုတ်ဘူး။ ဒါပေမဲ့ လက်ထပ်ပြီးရင် အိမ်ထောင်သည်ဘဝ ရောက်လာတယ်ဆို စရိုက်က စကားပြောလာပြီ။ သူ့စည်းထဲ ကိုယ်ဝင်မလား၊ ကိုယ့်စည်းထဲ သူ ဝင်မလားနဲ့ စိတ်ပင်ပန်း ရင်လေးစရာတွေ တစ်ပြုံကြီးနဲ့ နယ်လုရတဲ့ပဋိပက္ခတွေ ဖြစ်လာရတာ စိတ်မောစရာ မကောင်းဘူးလား။ ဒီတော့လည်း အိမ်ထောင်ရေးရဲ့ သုခဟာ ပျောက်ကွယ်သွားမှာပဲ။ မြဟာ ထွန်းချစ်သူအနေနဲ့ လေ့လာရသလောက် မြလိုချင်တာကို ရှေ့တန်းတင်ရာမှာ သိပ်တင်းမာတဲ့ မိန်းကလေး”
“အို... "
ကျွန်မသည် မျက်နှာကို လက်နှင့်အုပ်မိလိုက်၍ တသိမ့်သိမ့် ငိုမိပြန်သည်။ အရင်ကဆို သူ ကျွန်မပခုံးကိုင်၍ ချော့မည်။ ယခုတော့လည်း နှစ်ယောက်လုံး ထိန်းသိမ်းရမည်ကို နားလည်နေမိသည်။
“လက်ထပ်ချိန်မှာ ကိုယ်လိုချင်တာတွေကို နှစ်ယောက်လုံး ရှေ့တန်းတင်နေရင် ဘယ်တော့မှ အိမ်ထောင်ရေးဟာ သာယာမှာ မဟုတ်ဘူး၊ တို့များ လက်ထပ်တာ ဘာမလုပ်ရ ဘာမကိုင်ရဆိုတဲ့ စည်းကမ်းဘောင်တွေနဲ့ ဘော်ဒါဆောင် နေဖို့မဟုတ်ဘူး”
“ဒီလိုဆို ထွန်းအရက်သောက်တာကရော ကိုယ်သောက်ချင်တာကို ရှေ့တန်းတင်ရာ မရောက်ဘူးလား”
“တို့များ အရက်သောက်တာကို မေက လိုက်လျောတော့ မေ့ရဲ့ ပျော့ညံ့ချက်တချို့တွေကိုလည်း တို့က လိုက်လျောရတာပဲ၊ ဥပမာ သူက ပိုက်ဆံဆိုသရွေ့ သူ့အပ်စေချင်တယ်။ တို့များက တပြားမကျန် အပ်တယ်။ တခြားနေရာတွေမှာလည်း အပေးအယူ ရှိရတာပေါ့။ ယောက်ျားတစ်ယောက်ဆီက ကိုယ်လိုချင်တာ အပြည့်ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့မိန်းမဟာ မှားသလိုပဲ မိန်းကလေးတစ်ယောက်ဆီက ကိုယ်လိုချင်တာ အကုန်ရမယ်လို့ မျှော်လင့်ထားတဲ့ ယောက်ျားဟာလည်း မှားတာပဲ။ အခု ဒီကိုလာပြီး မြနဲ့ တွေ့မယ်ဆိုတာလည်း မေ့ကို ပြောပြီးမှ သူ့ခွင့်ပြုချက်နဲ့ လာခဲ့တာ”
“သူ့ ခွင့်ပြုချက်”
ကျွန်မ ထိုစကားလုံးကို လိုက်ဆိုမိ၏။ ကျွန်မရင်ထဲမှာ ပြောစရာတွေရှိပေမဲ့ ဘာမျှ ပြန်မပြောရဲပါ။
“တစ်ခါတလေ လူတွေဟာ ရဲရဲ မတွေးရဲဘူး။ ကိုယ်ဖြစ်နေတဲ့ အခြေအနေဟာ ကိုယ်ဖြစ်ချင်တာတွေထက် အရာရာ ကောင်းနေပေမဲ့လည်း မရောင့်ရဲနိုင်ဘူး။ ဟုတ်တယ်မို့လား မြ။ ဒီတော့လည်း ဖြစ်ချင်တာနဲ့ ဖြစ်နေတာကြားမှာ ပဋိပက္ခဖြစ်ပြီး ဒုက္ခက စလာတာပဲ။ အမှန်တော့ စရိုက်ချင်းတူဖို့ မျှော်လင့်တာထက် တစ်ယောက်စရိုက် တစ်ယောက် လိုက်လျောနိုင်ဖို့က ပိုအရေးကြီးတယ်။ သွေးမတော် သားမစပ်တဲ့ လူနှစ်ယောက် စရိုက်ဟာ ထပ်တူကျဖို့ မလွယ်ပါဘူး”
“မြ ပြန်တော့မယ်”
ကျွန်မ ဘာစကားမျှ ဆက်မပြောချင်တော့ပါ။ အမှန်တော့ ပြန်လည်တွေ့ဆုံခြင်းကို “အရှုံး” နှင့် ကျွန်မပိုင်းလိုက်ခြင်းပင်။ ထွန်း၏နှလုံးသားမှာ ကျွန်မနှင့်မေ အပြေးပြိုင်ရာတွင် ကျွန်မအသာစီးရနေသည်ထင်ပေမဲ့ မေက ပန်းဝင်သွားပြီး ကျွန်မသည် နောက်မှာ ကျန်ရစ်ခဲ့ပြီကော။
“ပြန်ပါလေ၊ ဒါပေမဲ့ မျက်နှာကို ပြင်လိုက်ပါဦး။ တော်ကြာ တို့များကို အထင်လွဲနေမယ်”
ကျွန်မသည် လက်ကိုင်အိတ်ကို ဖွင့်၍ ကရင်မ်ပတ်ဖ်ကို ယူကာ မျက်နှာကို တို့လိုက်သည်။
“သွားမယ် ထွန်း၊ မေကြော်ပေးတဲ့ အကြော်တွေကို အရက်နဲ့မြည်းရင် ထွန်းစိတ်ချမ်းသာမယ်ဆိုရင် မြ ဝမ်းသာပါတယ်။ သွားစို့”
“အင်း... အချိန်တွေဟာနောက်ကျခဲ့ပြီ။ အင်းလျားကန်ပေါင်မှာ တို့များ လမ်းလျှောက်သင့်တာ ဟိုးအစောကြီးက"
သူက ဒါပဲပြော၏။ ကျွန်မက ဘာမျှမပြော၊ ကျောင်းခန်းရောက်တော့ ထွန်း အခန်းထဲရှိ ဆရာမတွေကို နှုတ်ဆက်ပြီး ပြန်သွားသည်။ တစ်ခန်းလုံးက ဆရာမတွေသည် နှုတ်ဆိတ်၍ ကျွန်မကို ကြည့်နေကြသည်။ လွတ်လပ်တဲ့ဘဝမှာ တွေ့ကြစဉ်က စည်းသုံးတန်ခြားကာနေသူ မိန်းကလေးက ယခုမှ ကန်ပေါင်ရိုးတွင် နှစ်ပါးသွားသည်ကို အံ့သြနေပုံရသည်။ သို့ပေမဲ့ ဒီနှစ်ပါးသွားကလည်း ပဝါတစ်ကမ်း မြေဝိုင်းခေတ်ပုံစံ ဆိုတာကိုတော့ ပြောမပြမိခဲ့။
ကျွန်မကတော့ သူတို့ကို ဘာစကားမျှမဆို၊ ကျွန်မပစ္စည်းများ သိမ်း၍ တိတ်ဆိတ်စွာ အိမ်ပြန်လာခဲ့သည်။ ကားပေါ်တွင် ပန်းရောင်ခေါင်းပေါင်းရှင်၏ အဘိဓမ္မာတွေကို ပြန်လည် ကြားယောင်လာသည်။ ဟုတ်မှာပါ။ မေသည် သူ့အတွက် အကောင်းဆုံးဇနီးဖြစ်မှာပဲ။ ကျွန်မသာဆို သူကိုင်လာသော အရက်ခွက်ကို ပုတ်ချမိမှာ အမှန်။ ချစ်သူဘဝကတည်းက “မြကြိုက်တာတွေ ဒါပဲ” ဆိုပြီး ကျွန်မ အသာစီးရနေခဲ့သူ။ လက်ထပ်ပြီးတော့လည်း ကျွန်မရနေသော နေရာမှ ဖယ်နိုင်လိမ့်မည် မဟုတ်။ ပြီးတော့ ကျွန်မနှင့် တွေ့မည်ကို မေ သိသတဲ့။ မေက တွေ့ဆုံကြခြင်းကို လိုက်လျောခဲ့သည်။
တစ်ခါက ကျွန်မတစ်ယောက်တည်းသာ သိသော မိုက်မဲမှုလေးကို သတိရမိသည်။ ကိုတစ်ယောက် ညဘက် အိမ်ပြန်နောက်ကျတာတွေ များသည်။ စနေဆိုလည်း အလုပ်ရုံမှာ အမြဲလိုလို၊ စိတ်ထဲက မယုံနိုင်ပါ။ စနေ၊တနင်္ဂနွေ တစ်နေ့ ရုတ်တရက် စစ်ဆေးရေးဝင်သလို အမေနှင့်အတူ ဈေးဝယ်ရင်း ကို့ဝပ်ရှော့ကို ဝင်ခဲ့သည်။ အလုပ်ရုံမှာကို့ကို မတွေ့လျှင် တွေ့အောင်ရှာမည်။ ကို တစ်ယောက်ယောက်နှင့်များ တွဲနေလျှင် ထဘီစွန်တောင်ဆွဲ၍ ကက်ကက်ပါအောင် ရန်တွေ့လိုက်မည်။ အလုပ်အကြောင်းပြ၍ အိမ်မပြန်ဘဲ ပွေသောကို့ကို နားရွက်ဆွဲ ခေါ်လာခဲ့မည်။
ဝပ်ရှော့ရောက်တော့ ကားတစ်စီးအောက်မှာ ပက်လက်လှန်နေသော ကို၊ အပြာရောင် အလုပ်ဝတ်စုံ ဝတ်လျက်။ ကျွန်မ ရောက်လာသည်ဆိုတော့ ကားအောက်မှ ထွက်လာသည်။ သူ့လက်မှာ ဆီတွေပေကျံ၍ မျက်နှာမှာလည်း ပေရေနေသည်။ ကျွန်မ ဘာပြောရမည်လဲ မသိ။ ပြီးတော့မှ ကို့ကို ပြုံးပြီးနှုတ်ဆက်ရသည်။
“ကို... ထမင်းစားပြီးပြီလား”
အဆက်အစပ်မရှိသော စကားကို မေးမိသည်။ ကိုက ခေါင်းခါလိုက်ပါသည်။ အချိန်က ၁၂ နာရီကျော်နေပြီ။ အမေက“ထမင်းချိုင့်ရော သမီး၊ ပြင်ပေးလိုက်” ဆိုတော့မှ ကျွန်မ သတိရသည်။ ကိုသည် ထမင်းကို လက်မည်းကြီးနှင့် ဇွန်းခက်ရင်းကိုင်ကာ စားနေသည်။
ကျွန်မ အတွေးအထင်တွေကို ယနေ့ထိ ဘယ်သူမျှ မပြောပြမိပါ။ အမေသာသိလျှင်လည်း ကလေးဆန်သည်ဟု ကျွန်မကို ပြောမည်။
ဪ...ကိုနှင့် လက်ထပ်သည်မှာ ၂ နှစ်နှစ်ပြည့်တော့မည်။ ကို အရက်ခွက်ကိုင်လာလို့ ပုတ်ချလိုက်ရသည့် အဖြစ်မျိုး တစ်ခါမျှ မကြုံခဲ့ရသေးပါ။
အရင်က ထင်ခဲ့သည်။ ကို ကျွန်မကို တန်ဖိုးမထားဘူးလို့။ ယခုတော့လည်း ကျွန်မက ကို့တန်ဖိုးကို လျစ်လျူရှုနေမိသည်။ ကိုယ့်လက်ဝယ်ရောက်လာသော ရတနာ၏တန်ဖိုးကို နားမလည်သော ကျွန်မ၏မိုက်မဲမှုသည် အထွတ်အထိပ်ကို ရောက်နေပါပကော။ မန်နေဂျာ ဦးသန်းမောင်ကိုမေး၍ ကိုရှိရာတောင်ကြီးကို လိုက်သွားမည်။ ပြီးတော့ တစ်ကိုယ်တော် စိတ်ကူးယဉ် မိုက်မဲမှုတွေကို ကို့ကို တီးတိုးပြောပြမည်။ ပန်းရောင်ခေါင်းပေါင်းရှင်၏ မှတ်ချက်ကလည်း ဖြစ်ချင်သောဘဝကိုသာ ရှေ့တန်းတင်ပြီး ဖြစ်နေသောဘဝကို မရောင့်ရဲနိုင်သူတဲ့။ ဟုတ်ပါတယ်လေ၊ ခုတော့ ကိုယ့်ဘဝ ကိုယ်နားလည်တဲ့ မိန်းကလေးပါ။ ပျားရည်ဆွတ်ဖျန်းထားတဲ့ ပန်းပွင့်တွေ ကို့ကို ပေးပြီး ဒီခရီးမှာ ကိုနဲ့ နားလည်မှုယူမှာပေါ့။
ကား အိမ်ရှေ့ရောက်တော့ ကျွန်မအတွေး ပြတ်သွားသည်။ အမေသည် ဆိုဖာပေါ် ငုတ်တုတ်ကြီးထိုင်လျက် တွေ့ရသည်။ တုန်ယင်သော သူ့လက်တွေနှင့် စာတစ်စောင်ပေးသည်။ အလုပ်တိုက် မန်နေဂျာ ဦးသန်းမောင်ဆီက စာ။
“ကို တောင်ကြီးမှာ ကားမှောက်၍ ဆုံးကြောင်း”
ဘုရား... ဘုရား။ ကျွန်မ ရင်ထဲမှာ နာကျင်သွားပါသည်။
“သူ တယ်လီဖုန်းရရချင်း အိမ်ကိုလာပြောတာ၊ သမီး ကျောင်းမဆင်းသေးဘူးဆိုလို့ စာထားခဲ့ပြီး ကျောင်းလိုက်သွားတယ်။ နက်ဖြန်မနက် အစောကြီးသွားဖို့ အဆင်သင့် ပြင်ထားပါတဲ့”
အမေက ပြောရင်း ငိုနေသည်။ ကျွန်မ ဘာမျှ ပြန်မပြောနိုင်ပါ။ အခန်းထဲကို ဖြည်းညင်းစွာ လျှောက်သွားမိသည်။
ကို သွားသည့်နေ့က ဒေါတွေပွကာ လက်ကိုင်အိတ်ကို အခန်းထောင့် လွှင့်ပစ်ခဲ့သည်။ လက်ကိုင်အိတ်သည် အခန်းထောင့်မှာ ပွင့်လျက်။ အနီးကို လျှောက်သွားပြီး လက်ကိုင်အိတ်ကို ကောက်လိုက်တော့ အမှောင်ထောင့်မှာ လက်စွပ်ကလေး။ ကျွန်မ ကောက်ယူလိုက်ပါသည်။
“မိန်းကလေးအတွက် မင်္ဂလာဦးအထိမ်းအမှတ်အဖြစ် ကိုပေးတဲ့ လက်ဆောင်”
ကျွန်မလက်ကို ညင်သာစွာ မ၍ ကို ဝတ်ပေးခဲ့ပါသည်။ ဖွဖွလေး လက်ဖမိုးကို နမ်းနေစဉ်မှာ ကို့မျက်ဝန်း စိမ်းလဲ့လဲ့မှာ အေးမြရွှန်းပနေပါသည်။ ယခုတော့ မြကိုရံထားသော စိန်ကလေးများသည် ကျွန်မကို အထိတ်တလန့် တဖျတ်ဖျတ် မျက်တောင်ခတ်၍ ကြည့်နေသည်။ လက်စွပ်ကို ကျွန်မပါးမှာ အပ်မိ၏။
“ဘယ်လိုဖြစ်ရတာလဲ ကိုရယ်။ မိန်းကလေးရဲ့ မိုက်မဲမှုတွေကြောင့် ကို အန္တရာယ်တွေ့ရတာထင်တယ်။ ကို ကားမှောက်ချိန်ဟာ ထွန်းနဲ့မိန်းကလေး အင်းလျားကန်ပေါင်ပေါ်မှာ စကားပြောချိန်များလား”
ခုတင်ဘက်ကို လျှောက်သွား၍ အိပ်ရာပေါ် လှဲနေမိသည်။ လက်စွပ်လေးကို ရင်မှာ အပ်ထားမိသည်။ ချစ်သူ့လက်ဆောင်ကိုပင် တန်ဖိုးမထား မိုက်မဲခြင်း၊ လျစ်လျူရှုခြင်း၊ ရက်စက်ခြင်း၊ ရိုင်းပြခြင်းတွေနှင့် ပြည့်နေတဲ့ မိန်ကလေးဟု သူတို့ စကားဆိုနေသလား။
ဟုတ်ပါတယ်။ ကို့ကို ကျိန်ခဲ့မိတယ်။ ကို မရှိတုန်း မိန်းကလေးတစ်ယောက်တည်း ခရီးထွက်သွားမယ်။ ဒီတော့ ကိုပြန်လာရင် ဟင်းလင်းဖြစ်နေတဲ့ မွေ့ရာကိုပဲ မြင်ရမယ်။ ဒီတော့မှ ငါခံစားရသလို ခံစားရမယ်။ တကယ်တော့ ဒါဟာကျိန်စာပဲ။ အခု ကျွန်မကျိန်စာ ကို့ကို ဖြစ်စေလိုသော မနောကံ၊ ကျွန်မဘက်ကို ဦးတည်လာပြီ။ ကိုယ့်ကျိန်စာ ကိုယ်ပြန်ခံရပြီ။ ပြန့်ကျယ်သော မွေ့ရာပေါ်တွင် အထီးကျန်ဘဝနှင့် ကာလရှည်လျားစွာ ကျွန်မ အိပ်ရတော့မည်။
"ကိုယ့်လင်သား ခရီးသွားလျှင် တို့မှာ ဆုတောင်းလိုက်ရတာ"
ကျေးတောသူ အမေ့စကား။
ကျွန်မကတော့ ဆောင့်ခဲ့အောင့်ခဲ့ အရွဲ့တိုက်သဘောနှင့် ခရီးထွက်ဖို့တောင် ပြင်ခဲ့သည်။ ပြီးတော့ ထွန်းနှင့်လည်း တွေ့ခဲ့သေးသည်။ မြို့ပြ၏ ဝေဒနာတွေနှင့် လိမ်းကျံ ညစ်ပတ်နေသော မိန်းကလေး။ 'ခွင့်လွှတ်ပါလို့လည်း မဆိုချင်တော့ပါဘူးကိုရယ်။ ဒီမိန်းကလေးအပေါ်မှာ မွင့်လွှတ်နိုင်စရာအကြောင်းလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ကို့ကို တီးတိုးပြောပြချင်ပါတယ်။ ရေသည်တစ်ယောက်အကြောင်းတော့ မဟုတ်တော့ဘူး။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာကို အထာကျအောင် လက်မခံတတ်တဲ့ မိန်းကလေးတစ်ယောက်အကြောင်း။
မဟူရာအတ္တခြုံထည်အောက်က မိန်းကလေးဟာ ကို့ရဲ့ မေတ္တာလဝန်းရောင်ခြည်တန်ဖိုးကို မခံစားနိုင်ဘူး။ လိုချင်တာ ဖြစ်ချင်တာ တစ်ခုတည်းကိုသာ ရှေ့တန်းတင်တဲ့ မိန်းကလေး၊ ကိုယ်ဖြစ်ချင်တာအတွက် ဘာနဲ့ပေးဆပ်ရမယ်ဆိုတာကို မသိတဲ့ မိန်းကလေး။
ရယူခြင်းနဲ့ ပေးဆပ်ခြင်းဟာ တန်ဖိုးဆတူ ရှိတယ်ဆိုတဲ့ နိယာမတရားကို မေ့လျော့မှုကြောင့် ကိုတစ်ယောက် ယဇ်ပလ္လင်ပေါ် ရောက်ခဲ့ရပြီ။ ဘာကြောင့်များ လောကယဇ်ပလ္လင်မှာ အပြစ်မဲ့သူတွေ စတေးခံနေရပါလိမ့်။ ကို့ကိုပေးဖို့ ပျားရည်ဆွတ်ဖျန်းထားတဲ့ ပန်းတွေဟာ ယဇ်ပူဇော်တဲ့ မီးတိုင်တွေအောက်မှာ နွမ်းခြောက် ညှိုးဖျော့ပြီး ပြန့်ကျဲနေကြသည်။
ဖြစ်ချင်တာတွေသာ ဖြစ်ရမယ်ဆိုရင် ရှင်တော်မြတ်ဘုရားဟာ အနတ္တတရားကို ဟောခဲ့မှာမဟုတ်ဘူး ဆိုတာကိုလည်း မိန်းကလေး မေ့လျော့နေတယ်။ မဟူရာအတ္တစောင်ကို ခွာပြီး မိန်းကလေးဆက်လျှောက်ရမယ့် ခရီးဟာ မှောင်တရီ ဝိုးတဝါးနဲ့ မပြတ်သားလှဘူး။ ရွှန်းပကြည်လင်တဲ့ အလင်းရောင်ကိုပေးမယ့် လဝန်းဟာ အနောက်မှာ နွမ်းဖျော့မွေးမှိန်ခဲ့ပြီလေ။
ခင်နှင်းယု
(ချယ်ရီ၊ နိုဝင်ဘာ၊ ၁၉၈၈)
No comments:
Post a Comment