Thursday, July 14, 2022

ပန်းများကို ပွင့်စေသူ (အပိုင်း - ၅)(ဇာတ်သိမ်းပိုင်း)

ကျွန်မတို့ငယ်စဉ်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုက်မိ ပြောခဲ့သောစကားများကို ချက်ချင်း သတိရ၏။ 


" ကိုယ်ယူလို့မဖြစ်နိုင်တဲ့ ယောက်ျားနဲများ ဘယ်တော့မှမတွဲနဲ့၊ တွဲချင်ရင် ယူလို့တော်မယ့်လူနဲ့ တွဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ တွဲလို့နီးစပ်ရင် ယောက်ျားနဲ့မိန်းမဟာ ညားဖို့ သေချာနေတာပဲ။ မဟုတ်တဲ့ မိန်းမလက်ရှိ လူပွေတွေ တွဲမိရင် သိပ်ဒုက္ခကြီးတာပဲ "


ကဲ ယခုတော့ ဆရာမကြီးပြောသလိုပင် ကျွန်မတွဲမိသောသူမှာ ကျွန်မ မယူနိုင်သောသူ ဖြစ်၍နေပေပြီ။ 


ကျောင်းနေစဉ်ကတည်းက ကျွန်မ၏အိပ်မက်ခန်းများဝယ် လူစွမ်းကောင်းမင်းသားတို့ကို အများကြီး တွေ့ခဲ့ရသည်။ ထိုသူတွေကို ကျွန်မက ကျောခိုင်းခဲ့၏။ သူတို့၏ချစ်ခွင့်တောင်းဆိုချက်များကို ငြင်းဆန်ခဲ့၏။ ဆရာမကြီးအဖြစ်သာ ခပ်အေးအေး နေခဲ့သည်။ သုံးဆယ်ကျော်ကာမှ တွေ့မယ့်တွေ့တော့ ကိုထင်ပေါ်လိုလူ။ 


ကျွန်မသည် ကျွန်မ၏လက်ဖမိုးလေးကို ယခုမှ ပြင်းစွာ နှမြောတသနေမိပေသည်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။ ကျွန်မသည် ဟိုစဉ်က ဘာကြောင့်များ လိုက်လျောစွာ နေထိုင်မိပါသလဲ။ 


ကျွန်မ၏ဒီဂရီများ၊ ဂုဏ်သိက္ခာများသည် ကျွန်မ၏စိတ်အကြောင်းကို တစ်ခါတစ်ရံ မရိပ်မိ မသိရှိနိုင်ကြပါတကား။ 


ထိုညတစ်ညလုံး အိပ်မပျော်တိုင်း သူနှင့်ဝေးရာသို့ ပြေးရန် အစီအစဉ်များ အများကြီးလုပ်၍နေမိပေသည်။ 


နောက်တစ်နေ့နံနက်တွင် ကျောင်းသို့ ခပ်စောစောပင် ထွက်ခဲ့သည်။ ကျောင်းတွင် စီမံစရာရှိသမျှကို စီမံကာ ပညာမင်းကြီးရုံးသို့ ခွင့်အတွက် ထွက်လာခဲ့သည်။ 


ကျွန်မ၏ကိုယ်ဟန်မှာလည်း ကျန်းမာရေးချွတ်ယွင်းဟန် ပေါက်နေ၍တစ်ကြောင်း၊ တစ်ခါမျှ ခွင့်မယူဖူး၍ အနားယူရန် ခွင့်နှစ်လအတွက် ချောမောစွာ စီစဉ်၍ ပြီးခဲ့လေသည်။ 


ကျောင်းသို့ ပြန်သွားချိန်တွင် ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်စောအေးက ကျွန်မအတွက် ခရီးစဉ်ကို စီစဉ်၍ နေလေသည်။ သူနှင့်ကျွန်မသည် ကျောင်းနေဘက်များဖြစ်၍ အားနာရန်အကြောင်းမရှိပေ။ 


" အိမ်က ဒေါ်ရှင်ကို မခင်သိုက်နဲ့အတူ ထည့်လိုက်မယ်၊ ဒါမှ အောင်ပန်းအထိ သွားရတာ အဆင်ပြေမယ်။ ကျွန်မအစ်ကို စောခွန်ရီက ဒေါက်တာသာဖြစ်တယ်၊ အောင်ပန်းမြို့ပေါ်မှာ မနေဘူး၊ တစ်မိုင်လောက်ဝေးတဲ့ခြံမှာ သူတစ်ယောက်တည်း နေတယ်။ ဒီတော့ အနားယူဖို့အတော်ပဲ။ ဟိုမှာ အိမ်နှစ်လုံးရှိတယ်။ မခင်သိုက်  လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေနိုင်ပါတယ် "ဟု သူက ဆီးကြို၍ ပြောပြပေသည်။ 


ကြီးကြီးကိုမူ ကျန်းမာရေးအတွက် ဆရာဝန်တိုက်တွန်းချက်အရ ခရီးထွက်မည်ဟု ပြောပြလိုက်လေသည်။ သူသည် အိမ်နှင့် ဝယ်စ ခြံမြေအတွက် နေရစ်ခဲ့ရမည်ဖြစ်သောကြောင့် မချိန်အား ကျွန်မနှင့် ထည့်လိုက်ရန် အစီစဉ်လုပ်၍နေပေသည်။ 


စီစဉ်မှုများအားလုံး ချောမောသည်ဆိုသော်လည်း တစ်ပတ်ကြာမှပင် ရန်ကုန်မှ ရှမ်းပြည်တောင်ပိုင်းသို့ ကျွန်မ ထွက်ဖြစ်တော့သည်။ ထိုတစ်ပတ်အတွင်းတွင် သူနှင့် မတွေ့ဖြစ်အောင် ရှောင်ခဲ့သည်။ သူ မလာစေရန်လည်း ဆုတောင်းမိပေသည်။ 


မီးရထားနှင့် ထွက်ခွာလာခဲ့ချိန်တွင် ကျွန်မသည် သူနှင့် ကမ္ဘာတစ်ခု ဝေးသွားသလို အောက်မေ့မိပေသည်။ 


လယ်တစ်ကွက်ကို ဖြတ်ကျော်လာလျှင် သူနှင့် လယ်တစ်ကွက်စာ ခြားရပြီမို့ စိတ်ပေါ့၍လာသည်။ မီးရထားသည် မြစ်တစ်ခုကို ဖြတ်ကျော်လိုက်လျှင်လည်း သူနှင့် မြစ်တစ်တန်ဝေးခဲ့ပြီမို့ စိတ်အေး၍လာလေသည်။ 


မီးရထားသည် တောင်တန်းတစ်ခုကို ကျော်လွန်ခဲ့ပြန်လျှင်လည်း တောင်တစ်စဉ် ဝေးခဲ့ပြီမို့ ကြောက်စိတ်ပြေလျော့ခဲ့ရလေသည်။ 


အမှန်တော့ ကလေးငယ်တွေးသလိုပေ။ ထိုမြစ် တောတောင်များကို သူ ဖြတ်ကျော်၍ မနိုင်စွမ်းသလိုပင် ထင်မြင်နေခဲ့လေသည်။ 


မီးရထားသည် ပျဉ်းမနားတွင် တစ်ညအိပ်၍ နောက်တစ်နေ့ နေ့လည်တွင် သာစည်ကို ရောက်ခဲ့လေသည်။ 


စောခွန်ရီမှာ မစောအေး ကြိုတင်အကြောင်းကြားချက်အရ သာစည်မှ လာ၍စောင့်နေပေသည်။ ဒေါ်ရှင် ပါလာသောကြောင့် ကျွန်မတို့ကို ရှာဖွေရန် သူ့မှာ အခက်အခဲမရှိပေ။ 


သူသည် မစောအေးလိုပင် ကျွန်မကို ရင်းရင်းနှီးနှီး ဆက်ဆံပေသည်။ သာစည်တွင် ကလောသို့သွားသောရထားကို ပြောင်း၍ စီးခဲ့ကြသည်။ 


ရထားတွဲမှာ တို၍တောဆန်ပေသည်။ သာစည်ကို လွန်လျှင် မြေပြန့်အပူပိုင်းဇုံ၏ရှုခင်းသည် တဖြည်းဖြည်း ပြောင်းလဲ၍လာလေသည်။ တောင်ခြေသို့ မတက်ခင် လယ်ကွက်များကလည်း အောက်မြန်မာပြည်ကဲ့သို့ ပြန့်မကျယ်တော့ပေ။ ဆူးရစ်ပင်များ၊ ထနောင်းပင်များသည် တောဘူတာလမ်းတလျှောက်တွင် အပွင့်ဝါလေးများ တဝေဝေနှင့် ကျန်ရစ်ခဲ့ပေသည်။ 


အဝေးတွင် ပြာမှိုင်းသော တောင်စဉ်သည် ဆီးကြို၍နှုတ်ဆက်နေပေသည်။ တစ်ခါတစ်ရံတွင် ရေခန်းစပြုနေသော သဲချောင်းများကို ဖြတ်ကျော်၍လာခဲ့ပေသည်။ 


စောခွန်ရီမှာ ဆိုက်ရောက်လာသော ဘူတာငယ်လေးများနှင့် ပတ်ဝန်းကျင် လုပ်ခင်းကိုင်ခင်းများကို ကျွန်မအား ပြောပြနေပေသည်။ သူ့ရုပ်ရည်သည် လှပသော်လည်း ပြုံးချိုခြင်းမရှိပေ။ မစောအေးလောက် မသွက်သော်လည်း ခမ်းနားကြီးကျယ်ဟန် မရှိပေ။ နှာတံပေါ်၍ မျက်လုံးမှာ မို့မို့ဝိုင်းဝိုင်းရှိပေသည်။ နှုတ်ခမ်းပေါ်၌ စိမ်းရေးရေးပေါ်နေသော သူ့မျက်နှာ၏ကျက်သရေလိုပင် ဖြစ်၍နေပေသည်။ 


ဘုရားငါးဆူဘူတာကို ကျော်လျှင် လယ်ခင်းထက် ယာခင်း ကြိုးကျဲလေးများကို တွေ့ရသည်။ တောင်ခြေက စတက်လာလျှင်မူ တောသာ၍ ထူထပ်လာကာ တဖြည်းဖြည်း အေးစိမ့်၍ လာတော့သည်။ 


နေစောင်း၍လာလေလေ အအေးဓာတ်သည် ပို၍လာလေသည်။ နေခြည်များသည် တောင်စွယ်တို့တွင် မြုပ်လိုက်၊ နောက်ကြားများမှ ဘွားခနဲပေါ်လိုက်နှင့် ချစ်စဖွယ် ပြေးလွှားနေပုံရလေသည်။ 


မီးရထားတွဲလေးမှာ ကလောတောင်ကို တွန့်ကာ ကွေ့ကာနှင့် သနားစဖွယ် တက်နေပုံ ရပေသည်။ 


တိတ်ဆိတ်သော တောအုပ်အောက်တွင် တစ်သွယ်တည်း စီးလာသော စမ်းချောင်းလေးများကိုလည်း အေးမြမြ တွေ့ရပေသည်။ 


အဝေးတောင်စောင်းတွင် ပလောင်တို့၏ယာခင်းကွက်များ နီကြန်ကြန်ကို လှမ်း၍မြင်နေရသည်။ တစ်ခါတစ်ရံ ချင်းနှင့် ပြောင်းဖူးခင်းများကိုလည်း နီးကပ်စွာ ဖြတ်ကျော်၍ လာခဲ့ကြသည်။ နေခြည်သည် ပါးလွှာလွန်းသော ရွှေဇာပဝါလို အရောင်သာ လှနေတော့သည်။ အအေးဓာတ်ကို မကာကွယ်နိုင်တော့ပေ။ တောင်ကြားမှလေသည် စူးရှတိုက်ခတ်လာကာ မြူနှင့် တောင်ခိုးများပင် ဆိုင်း၍လာကြလေသည်။ 


ကလောသို့နီးလျှင် ခရမ်းရောင်ပန်းပွင့်များသည် ကျောက်ကပြင်လေးများပေါ်မှ ဆီး၍ကြိုကြပေသည်။ ဆောင်းလေအောက်တွင် ခိုက်ခိုက်တုန်နေဟန် လူးလွန့်လှုပ်ရှား၍နေကြပေပြီ။ ထင်းရှူးတောတန်းတစ်ခုကို ဖြတ်ကျော်လိုက်လျှင်မူ ကျွန်မတို့သည် ကလောကို ရောက်ခဲ့ကြလေသည်။ ကလောရောက်လျှင် နေရောင်ကို မတွေ့ကြရတော့ပေ။ 


ညဦးတွင် ကလောကိုဖြတ်ခဲ့ကြကာ ညတွင်းချင်းပင် အောင်ပန်းသို့ ကားနှင့် ထွက်လာခဲ့ကြသည်။


* * * * * 


ကျွန်မတို့အတွက် စောခွန်ရီပေးထားသော အိမ်လေးမှာ မဆိုးပေ။ ပျဉ်ထောင် အုတ်ကြွပ်မိုးထား၍ မီးဖို သုံးခု ပါသောကြောင့် ပူနွေးလျက်ရှိပေသည်။ မြို့နှင့် အလှမ်းကွာသောကြောင့် တိတ်ဆိတ်လျက်ရှိ၏။ 


သူနေသော အိမ်လေးမှာလည်း ကျွန်မတို့အိမ်ထက် မြင့်သည်ကလွဲ၍ ရွယ်တူလောက်ပင်ရှိလေသည်။ အိမ်နှစ်ခုကြားတွင် ပေအစိတ်ခန့် ပန်းခင်းတစ်ခု ခြား၍ နေပေသည်။ 


မနက်စောစောတွင် သူသည် နို့များယူလာကာ ဒေါ်ရှင်ကို ပေး၏။ 


" ကျွန်တော့်ဆီမှာ နေတဲ့အခါ နို့ကောင်းကောင်း၊ အသီးအရွက် လတ်လတ်ဆတ်ဆတ် စားရမှာပဲ၊ မခင်သိုက် ကျန်းမာရေးဟာ ချက်ချင်းလို ကောင်းလာမှာပဲ၊ အားတဲ့အခါ ကျွန်တော့်နွားခြံ ကြက်ခြံနဲ့ ယာခင်းတွေကို လျှောက်ကြည့်ပေါ့၊ ကျွန်တော် လူနာတွေဆီ မသွားတဲ့အခါ မခင်သိုက်နဲ့တူတူ လမ်းလျှောက်ပါ့မယ် "


သူသည် အိမ်သည်ဝတ္တရားကျေပွန်စွာ ပြောရှာ၏။ ကျွန်မကလည်း တစ်ရပ်တစ်မြေတွင် ယခုလို စောင့်ရှောက်သည့်အတွက် ကျေးဇူးတင်ကြောင်း ပြန်၍ပြောပြရပေသည်။ 


သူသည် ချယ်ရီပင်များ စီကာ စိုက်ထားသော လမ်းလေးမှ ဖြတ်ကာ သူ့အိမ်ဘက်သို့ ကူးသွားတော့သည်။ ချယ်ရီများကာ ဖူးစပြု၍နေပေသည်။ 


ကိုထင်ပေါ်ကို မေ့၍ရကာ အချိန်များကုန်လာခဲ့သည်ကို ကျွန်မစိတ်ထဲမှ ချမ်းမြေ့မိလေသည်။ အစာကို မှန်မှန်စားကာ လမ်းမှန်မှန်လျှောက် စာကြည့် ဒါလောက်ပဲ ကျွန်မလုပ်၍နေပေသည်။ နံနက်တွင်မူ နှင်းများသည် ထူထပ်စွာ ကျလာကြ၏။ ချယ်ရီပွင့် ပန်းရောင်လေးများသည် နှင်းဖြူများကြားတွင် ပွင့်နေကြပေသည်။ ခြံစည်းရိုး နှင်းဆီများသည်လည်း အခိုင်လိုက် အခိုင်လိုက် ဆုပ်ခဲ၍ ပွင့်နေကြသည်မှာ မျှော်မဆုံးတော့ပေ။


ညပိုင်းတွင် မီးဖိုလေးနားတွင် ကျွန်မသည် စာအုပ်များကို တစ်အုပ်ပြီး တစ်အုပ် ကုန်အောင် ဖတ်ပစ်လိုက်လေသည်။ 


စောခွန်ရီက လမ်းလျှောက်ဖို့ခေါ်သော်လည်း ကျွန်မသည် တစ်ခါတစ်ရံမှ လိုက်ပါသွား၏။ လိုက်လျှင်လည်း မချိန်ကို အမြဲခေါ်၍သွားပေသည်။ 


ခွင့်ရက်ကုန်ဆုံးလျှင်တောင်မှ ကျွန်မသည် ရှမ်းပြည်တွင်ပဲ ဆက်၍နေချင်သည်။ အောင်ပန်းတွင် ဆရာမလုပ်မည်ဟု စိတ်ကရည်ရွယ်ထား၏။ ရန်ကုန်မှ ခြံများ၊ အိမ်များကို သံယောဇဉ် မတွယ်ချင်တော့ပေ။ သူနဲ့ဝေးရာတွင် ယခုလိုနေရသည်က စိတ်ချမ်းသာသလိုဖြစ်ပေသည်။ 


* * * * * 


ဒီဇင်ဘာလတွင် အအေးဓာတ်သည် ပို၍ပြင်းထန်လာ၏။ အောင်ပန်းမြို့ထဲမှာ ကျွန်မတို့နေရာလောက် မအေးပေ။ ကျွန်မသည် နေ့လည်မှာပင် မီးဖိုလေးနား၌ မောင်လေးအတွက် ဆွယ်တာကို လက်စသတ်နေ၏။ ဒေါ်ရှင်က ဆတ်သားခြောက်နှင့် ရေနွေးကြမ်း လုပ်၍ပေးပေသည်။ ထမင်းစားပြီးချိန်လောက်တွင် ဒေါ်ရှင်သည် ဧည့်သည်တစ်ယောက် ရောက်လာကြောင်း ကျွန်မကို လာ၍ပြောသည်။ ဧည့်ခန်းကို မထွက်ခင်ကတည်း ကျွန်မစိတ်မှာ လှုပ်ရှား၍နေပေသည်။ 


ဧည့်ခန်းဝသို့ ခြေလှမ်းရောက်သည်နှင့်တပြိုင်နက် ကျွန်မသည် တုံ့၍သွားပေသည်။ 


"ရှင် ....ရှင် ကျွန်မနောက်ကို လိုက်လာပြန်ပြီ"


ကျွန်မသည် သေခါနီး လူမမာလို ကယောင်ကတန်း အော်လိုက်သည်။ ကိုထင်ပေါ်သည် ကုလားထိုင်တစ်ခုနားတွင် မတ်တတ်ရပ်ကာ ကျွန်မကို စိမ်းစိမ်းကြည့်နေပေသည်။ 


" ထိုင်ပါဦး မခင်သိုက်ရယ်၊ ဘာဖြစ်တာလဲ "


ကျွန်မသည် ခြေထောက်ကို မနည်းသယ်ကာ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ရ၏။ 


" ကျွန်တော့်ကို သိပ်မုန်းလို့ ဝေးရာကို ပြေးတာလား၊ တိမ်ကြားထဲမှာပဲ မခင်သိုက် ပုန်းနေနေ ကျွန်တော်တော့ တွေ့အောင် ရှာမှာပဲ၊ ဘာဖြစ်လို့ ဒုက္ခခံပြီး ဒီမှာလာနေရသလဲ မခင်သိုက်ရယ်၊ ပြန်လိုက်ခဲ့ပါ၊ ကြီးကြီးတို့လည်း လိုက်လာကြလိမ့်မယ် "


သူသည် ထိုင်၍ ဣနြေ္ဒရရ ပြောနေပြန်သည်။ 


" ဘာလို့ ကြီးကြီးက လိုက်လာရမှာလဲ "


" ကျွန်တော် ပြောလို့ "


သူသည် မရှင်းမလင်း ထိုမျှပင်ပြောကာ ကျွန်မကို ကြည့်ပြန်သည်။ သူ့မျက်နှာမှာ ပိန်ကျသွားပုံရကာ လန်းလန်းဆတ်ဆတ် မရှိပေ။ 


" ကျွန်တော် ဟိုတုန်းက ပြောခဲ့ပါပကော၊ မခင်သိုက်ကို မရ ရအောင် ယူမယ်လို့၊ ခုလဲ ကြီးကြီးတို့ ဒေါ်ဒေါ်တို့ကို ပြောပြလိုက်တယ်"


" ဘာ ပြောပြလိုက်တာလဲ "


"တီးတိုးဝါဒဖြန့်တယ်ဆိုတာ ယုံလား၊ နိုင်ငံရေးသမားတွေ သုံးတာလေ၊ ခုလဲ မခင်သိုက် ကျွန်တော့်မွေးနေ့မှာ ဧည့်ခံတာတွေ ရင်းနှီးတာတွေက စပြီး ကျွန်တော်လျှောက်လုပ်လိုက်တာ ကျွန်တော့်ပတ်ဝန်းကျင်မှာ မခင်သိုက်နဲ့ကျွန်တော် ယူမယ်ဆိုတာ သတင်းလွင့်သွားပြီ၊ ကြီးကြီးနားလည်း ပေါက်သွားလို့ ဒေါ်ဒေါ်ခင်ကိုယ်တိုင် နားဖောက်ပြီးပြီ၊ ကြီးကြီးကလဲ မခင်သိုက်ဟာ ဒုက္ခခံပြီး ဒီလိုထွက်သွားဖို့ မလိုပါဘူး တဲ့၊ စောစောက ဖွင့်ပြောရင် သူလဲ သဘောတူသတဲ့ "


"ဘာ ....ဘာ "


ကျွန်မသည် စုံမတ်တတ် ဗြုန်းခနဲ ရပ်လိုက်၏။


" ရှင်းရှင်း ဖွင့်ပြောပါရစေ၊ မခင်သိုက်ကို ရဖို့ ကျွန်တော် တရားတဲ့နည်းရော မတရားတဲ့နည်းရော အားလုံး သုံးရမှာပဲ၊ ခု ပတ်ဝန်းကျင်မှာ ထင်နေတာက မခင်သိုက် ကျွန်တော့်ကိုယူဖို့ ရှက်လို့ ထွက်လာတယ်၊ ခု ကျွန်တော်လိုက်လာတယ်လို့ လူတွေက ယူဆတယ် "


ကျွန်မတစ်သက်တွင် ထိုမျှအဖြစ်ဆိုးနှင့် တွေ့ကြုံဖူးသည် မထင်ပေ၊ ကျွန်မသည် စကားတစ်လုံးမျှ ပြန်မပြောနိုင်ဘဲ ငယ်သံပါအောင် ဟစ်၍ အော်လိုက်ရင်း သတိလစ်သွားတော့သည်။ 


သတိရလာသောအခါ ကျွန်မသည် အိပ်ရာပေါ်ရောက်၍ နေပေသည်။ စောခွန်ရီသည် ဆေးထိုးပြီးဟန်တူသော အပ်နှင့် ဖန်ပြွန်ကို ရေဆေး၍နေပေသည်။


မချိန်နှင့် ဒေါ်ရှင်မှာ အနားတွင် မတ်တတ်ရပ်နေသည်။  


" မခင်သိုက် အိပ်ရာပေါ်မှာ ၇ ရက်လောက် နေနော်၊ သွေးအားနည်းတယ်၊ သွေးတိုးလည်း နှေးနေတယ်၊ ကဲ ...ကျွန်တော် ညကျ တစ်ခေါက်လာဦးမယ်"


သူ့ကို ခေါင်းညိတ်၍သာ ပြနိုင်တော့သည်။ စောခွန်ရီထွက်သွားမှ ကျွန်မသည် ကိုယ့်အဖြစ်ကို မချိန်အား မေးယူရတော့သည်။ 


" မမလေး ငယ်သံပါအောင် အော်သံကြားတာနဲ့ ကျွန်မတိုနှစ်ယောက် ပြေးထွက်လာတော့ မမက ကုလားထိုင်ပေါ်မှာ ခွေကျနေတယ်၊ ကိုထင်ပေါ်ကြီးက ဟိုဘက်ကုလားထိုင်မှာ မတ်တတ်ရပ်လို့.....၊ သူက ကျွန်မကို မြင်မြင်ချင်း 'မချိန် ဒီမှာ ဆရာဝန် ဘယ်မှာရှိလဲ၊....ခင်ဗျားမမ စကားပြောရင်း ထအော်ပြီး ဘာဖြစ်လဲမသိဘူး' တဲ့။ အဲဒါနဲ့ ဒေါ်ရှင်က ဒေါက်တာစောခွန်ရီကို သွားခေါ်၊ ကျွန်မနဲ့သူနဲ့က မမလေးကို ပွေ့ပြီး ခုတင်ပေါ် သယ်လာကြတာပဲ။ ဒေါက်တာနဲ့ကျွန်မတို့ မမကို ပြုစုနေတုန်း သူလဲ ဘယ်ပျောက်သွားလဲ မသိဘူး "


ကျွန်မသည် မျက်လုံးကို ပြန်မှေးကာ ကျွန်မဇာတ်ထုပ်ကို ကျွန်မ ဘယ်လိုရှင်းရမှန်း မတွေးတတ်အောင် ဖြစ်၍နေပေသည်။ 


"နောက် သုံး လေးရက်အတွင်း ကြီးကြီး လိုက်လာလိမ့်မယ်"ဟု မချိန်အား ပြောပြကာ ကျွန်မသည် ဆက်၍မှိန်းနေတော့သည်။ 


* * * * *


ကြီးကြီး ရောက်လာချိန်အထိ ကိုထင်ပေါ်သည် နောက်ထပ်ပေါ်မလာတော့ပေ။ ကြီးကြီးသည် ရောက်ရောက်ချင်းပင် ကျွန်မနဖူးကို စမ်း၊ လက်များကို ဆုပ်နယ်ကာ မျက်ရည် လည်လည် လည်လည်နှင့် ဖြစ်နေတော့သည်။ 


" သမီးရဲ့၊ တကယ်ဆိုရင် ဖွင့်ပြောရောပေါ့၊ ဒီလောက်ဒုက္ခခံပြီး ထွက်လာဖို့မလိုပါဘူး၊ ခု သူများသိပြီးမှ ကြီးကြီး သိရတယ်၊ စိုးမြင့်အောင်ရော မစောအေးတို့ကလဲ လာမေးတယ်၊ ဗြောင်ဖွင့်ပြောရင် ကြီးကြီးက သဘောတူပါတယ်၊  တရားဥပဒေအရ သူ့မှာက ကွာရှင်းပြီးသားပဲဟာ "


ကျွန်မသည် ကြီးကြီးအား အော်မပစ်မိရန် မနည်း စိတ်ကို ချုပ်၍ ထားလိုက်ရ၏။ 


" ကြီးကြီးတို့ ပြောနေတာတွေ တစ်ခုမှ မဟုတ်ဘူး၊ အဲဒီအကြောင်းကိုလဲ ဆက်မပြောပါနဲ့တော့၊ ဆက်ပြောရင် ကျွန်မ ရောဂါတိုးမှာပဲ "


ကြီးကြီးသည် မျက်ခုံးပြူးလေးနှင့် ဖြစ်သွားကာ "ဟင် ....ဒီလိုဆို ဘာဖြစ်ကြတာလဲ"ဟု ဆိုပြန်၏။ 


ကျွန်မသည် အစအဆုံး ဖြည်းဖြည်းချင်း ပြောပြလိုက်၏။


" အို ...ဒီလိုဆိုလဲ မိန်းကလေးရယ်၊ သူလုပ်တိုင်း ဖြစ်ရောလား၊ ကိုယ်က ဟန်မပျက် နေပြလိုက်ပေါ့၊ ခုလို ထွက်လာတော့ သူ ဆင်ထားတဲ့အကွက်ထဲ ကိုယ် ဝင်နင်းသလိုဖြစ်သွားတယ်၊ ကဲ ...နေကောင်းရင် ပြန်စို့"


"မပြန်ချင်ဘူး၊ ဒီမှာပဲ နေမယ်၊ ရှမ်းပြည်မှာပဲ အခြေစိုက်တော့မယ် "


" နောက်မှ အေးအေးဆေးဆေး ပြင်ဆင်ပါကွယ်၊ ခု တစ်ဆက်တည်းနေလိုက်ရင် ဘာလိုလို လူထင်ခံရဦးမယ်၊ ကြီးကြီးစကား နားထောင်ပါ၊ မရွှေခင်ကိုလည်း ဟိုရောက်ရင် ကြီးကြီး ပြောပြမှာပေါ့ "


ကျွန်မသည် ကြီးကြီးကို ဘာမျှ ပြန်မပြောဘဲ ဆိတ်ဆိတ်ပင် နေလိုက်လေသည်။


စောခွန်ရီနှင့် တစ်ပတ်လောက် ဆေးထိုးပြီး ကျွန်မသည် ထူထူထောင်ထောင် ဖြစ်၍လာလေသည်။ 


ကျွန်မတို့ပြန်ကြရန် ပြင်ဆင်ချိန်တွင် စောခွန်ရီသည် လာ၍နှုတ်ဆက်၏။ ခြင်းတောင်းတစ်ခုနှင့် သန့်စင်ပန်းများကို ထည့်၍ယူလာလေသည်။ သူ့ညီမ မစောအေးအတွက်မူ ဆတ်သားခြောက်တစ်ထုပ် ပေးလိုက်၏။


သန့်စင်ပန်းများကို ကျွန်မလက်ထဲသို့ ထည့်လိုက်ကာ " ကျွန်တော်တို့နှစ်ယောက် မိတ်ဆွေဖြစ်ခဲ့ကြတဲ့ အထိမ်းအမှတ်ပေါ့ "ဟု သူက ဆို၏။ 


ကျွန်မသည် ရုတ်တရက် ကိုထင်ပေါ် ပထမဆုံးပေးသော မြတ်လေးပန်းများကို သတိသွားရ၏။ 


" ဟုတ်ကဲ့၊ ရန်ကုန်အထိ ကျွန်မ ယူသွားပါ့မယ်၊ ဒေါက်တာ့ကျေးဇူးတွေလဲ ကျွန်မ မမေ့ပါဘူး။ တစ်နေ့နေ့ ကျွန်မ ဒီကို ပြန်လာဖြစ်လိမ့်မယ်လို့ ထင်ပါတယ် "


" အို ...အချိန်မရွေး လာနိုင်ပါတယ်၊ ကျွန်တော်တစ်ယောက်တည်းမို့ ဒီမှာ လွတ်လပ်ပါတယ်၊ ကျွန်တော်လည်း လာခဲ့ပါဦးမယ် "


ကျွန်မသည် သူ့ကို လက်ဆောင်တစ်ခုခု ပြန်ပေးရန် သတိရလာ၏။ သူ့ကို ခေတ္တအထိုင်ခိုင်းကာ အခန်းတွင်းသို့ ဝင်လာခဲ့၏။ မောင်လေးအတွက် ထိုးထားသော ဆွယ်တာကို သေတ္တာထဲမှ ထုတ်ယူလာခဲ့၏။ 


" ကဲ ...ရုတ်တရက်မို့ အထိမ်းအမှတ်သဘောပဲ ဆိုကြပါစို့၊ ကျွန်မလက်ဆောင်ကို လက်ခံပါ "


ကျွန်မသည် ဆွယ်တာကို သူပေါင်ပေါ်သို့ တင်လိုက်လျှင် သူ့မျက်နှာသည် ဝင်းထိန်၍သွားပေသည်။ 


" ကျေးဇူတင်ပါတယ်ဗျာ၊ ကျွန်တော်လည်း မခင်သိုက်နဲ့ ပြန်ပြီးတွေ့ချင်ပါသေးတယ်"


ကြီးကြီး ရောက်လာ၍ ကျွန်မတို့သည် စကားဆက်ပြောကြသည်။ 


ပြန်ကြသောနေ့တွင် သူသည် ကျွန်မပေးသော ဆွယ်တာကို ဝတ်၍လာလေသည်။ လာတုန်းကလိုပင် သာစည်အထိ လိုက်၍ ပို့လေသည်။ 


ရန်ကုန်သို့ ရောက်ခဲ့သော်လည်း သန့်စင်ရနံ့သည် မွှေးနေဆဲပင်ဖြစ်ပေသည်။


* * * 


ခွင့်ရက်စေ့၍ ကျောင်းပြန်တက်ရသော်လည်း ယခင်လို စိတ်မှာ မပျော်ပိုက်တော့ပေ။ သူသည်လည်း ကျွန်မထံသို့ လုံးဝမလာတော့ပေ။ 


ပြာသိုတွင် ကရမက်ပန်းတို့ ခြံတွင်း၌ လှိုင်လှိုင်ပွင့်၍နေလေသည်။ နံနက်က နှင်းဖြိုင်ဖြိုင်ကျလိုက်၍ ပန်းများသည် အစွမ်းကုန် အဆုပ်ခဲလိုက် ပွင့်နေကြဟန်တူပေသည်။ 


ဘုရားတွင် နံနက်က ပန်းကပ်လှူပြီးဖြစ်၏။ ယခုနေ့လည်တွင် မိတ်ဆွေများအိမ်သို့ ပန်းခက်များဝေရန် ကျွန်မသည် ငှက်ပျောဖက်များနှင့် ပန်းကို စည်းလျက်နေပေသည်။ တနင်္ဂနွေနေ့ဖြစ်၍ အိမ်ကကားနှင့် ဆရာမများထံ အပေးလွှတ်ရန် စီစဉ်နေ၏။ 


တစ်ချက်ကျော်ကျော်လောက်တွင် ဖိုးမောင်သည် ရေးကြီးသုတ်ပြာ ပေါက်၍လာလေသည်။ 


" မမ ....မမ၊ ဆရာက ဆေးရုံ လာခဲ့ပါတဲ့ "


သူသည် တုန်တုန်ယင်ယင်ဖြစ်နေ၍ ကျွန်မပင် ထိတ်လန့်သွားလေသည်။ 


" ဘာဖြစ်တာလဲဖိုးမောင်၊ နင့်ဆရာ ဘာဖြစ်လို့လဲ "


" သူ့ကိုယ်သူ သေနတ်နဲ့ပစ်လို့ အခု ဆေးရုံမှာ၊ စောစောကတည်းက ခေါ်ခိုင်းတယ်၊ ကျွန်တော် ကျောင်းက သူ့သားတွေ သွားခေါ်ပေးနေလို့ ကြာသွားတယ် "


"ဟင်"


ကျွန်မလက်မှ ပန်းခက်များသည် လွတ်၍ ကျသွားတော့သည်။ ဘယ်သူ့ကိုမှ လှမ်းမပြောတော့ဘဲ ဖိုးမောင်ကားပေါ်သို့ ပြေးတက်သွားမိသည်။ 


ဆေးရုံရောက်လျှင် ခွဲစိတ်သောအခန်းနားရှိ အရေးတကြီးလူနာများထားသောနေရာတွင် သူ့ကို ထားလေသည်။ ကျွန်မ အခန်းဝရောက်လျှင် အခန်းထဲမှ ကျွန်မ၏မိတ်ဆွေ တရားသူကြီး ဦးလှမြင့်၊ ပုလိပ်အရာရှိနှစ်ယောက်၊ လူကြီးတစ်ယောက်နှင့် ဒေါက်တာ ထွက်၍လာသည်။ ကျွန်မသည် သူတို့ကိုပင် နှုတ်မဆက်မိဘဲ အခန်းတွင်းသို့ ဖြတ်ကျော်ကာ ဝင်လာခဲ့သည်။


သွေးသစ်ထည့်သောပုလင်းတန်းလန်းနှင့် အပ်မှာ လက်မောင်းမှ မဖြုတ်သေး။ အောက်ဆီဂျင်ပိုက်မှာလည်း အနားမှာ ရှိနေသေးသော်လည်း ပိုက်အဖျားမှာ နှာခေါင်းဝမှ ကျွတ်လျက်ရှိလေသည်။ 


ပြုံးနေသော သူ့မျက်နှာသည် အရောင်မရှိတော့ပေ။ နှုတ်ခမ်းများမှာ ပြာ၍ မျက်လုံးတို့သည် စင်း၍နေကြပေပြီ။ ဆရာမလေးတစ်ယောက်သည် လက်မှ သွေးပေသောအပ်ကို ဖြုတ်၍ပစ်လိုက်၏။ 


ကျွန်မလက်များသည် သူ့လက်ဖျားများကို ဆုပ်နယ်၍နေမိပေသည်။ အေးစက်နေသော သူ့လက်များပေါ်သို့ ကျွန်မမျက်ရည်စက်များသည် သွန်ကျလာကြသည်။ 


"နောက်ဆုံးအချိန်ထိ ဖေဖေက အန်တီကို မေးနေပါသေးတယ်။ အန်တီ ဒီအခန်းဝမရောက်ခင်လေးပဲ အသက်ထွက်သွားပါတယ်"


သူ့မျက်နှာနှင့် အတော်ဆင်သော သူငယ်နှစ်ယောက်သည် ဘေးတွင် ရပ်လျက်ရှိသည်ကို ခုမှ ကျွန်မ ဂရုပြုမိ၏။ အငယ်လုပ်သူသည် တရှုပ်ရှုပ်ငိုလျက်ရှိပေသည်။ ကျွန်မသည် အငယ်သူငယ်၏ခေါင်းကို ပွေ့၍ဖက်ကာ ချော့လိုက်ရ၏။ 


" မင်တို့မေမေရော အကြောင်းကြားပြီးပလား "


" ဟုတ်ကဲ့၊ မေမေက စက်ကိစ္စလာပြီးလုပ်တာ၊ ၁၂ နာရီလောက်မှ ပဲခူးပြန်တယ်။ ခုဆို ရောက်မှ ရောက်သေးရဲ့လားမသိဘူး။ ဖေဖေက တော်တော် စကားပြောနိုင်သေးတာပဲ၊ ကျွန်တော်တို့ကို ဝတ်လုံဆီက စာချုပ်တွေ ဘာတွေ ပေးသေးတယ်။ သေတမ်းစစ်ချက်လည်း ပေးပြီးမှ သွေးက မနိုင်နိုင်ဘူး၊ လွန်လို့သေရတာ။ သူ 'အန်တီ မလာသေးဘူးလား 'မေးပြီးမှ အသက်ထွက်သွားတယ်"


ကျွန်မသည် နှုတ်ခမ်းများကို ပြတ်မတတ် တင်းမာစွာ ကိုက်၍ ထားလိုက်ရသည်။


* * * * *


နောက်တစ်နေ့ သတင်းစာများတွင်မူ အတွင်းဝန်ဦးထင်ပေါ် ကိုယ့်ကိုယ်ကို သတ်သေကြောင်း၊ သေတမ်းစစ်ချက်တွင် ထူးထူးထွေထွေ ဖော်မပြောကြောင်းများ ပါလာ၍ သူ့စွမ်းရည်၊ သူ့လုပ်သက်များ၊ သူ ပန်းများကို ချစ်တတ်ကြောင်းများကို ဖော်ပြကြသည်။ အထူးသဖြင့် စိုးမြင့်အောင်၏ဗြဟ္မာ့ဗျူဟာသတင်းစာကမူ သူ၏ရုက္ခဗေဒတွင် အစွမ်းထက်မြက်ပုံကို ချီးကျူးဖော်ပြကြလေသည်။ 


ကျွန်မသည် ဟန်မပျက် ကျောင်းတက်ရသော်လည်း ရင်ထဲတွင် ကြီးစွာသောဝေဒနာကို ခံစားနေရသလိုဖြစ်၍ နေပေသည်။ 


သူသေဆုံးရခြင်းတွင် 'ကျွန်မပယောဂ မပါပါစေနှင့်' ဟု ကြိတ်၍ ဆုတောင်းမိ၏။ သူ့အလောင်းကို ဂူသွင်းသောနေ့တွင်လည်း စိတ်ထဲ တတွတ်တွတ်ရေရွတ်ကာ သူ့ကို တောင်းပန်မိသည်။


" ကျွန်မကို ခွင့်လွှတ်ပါ ကိုထင်ပေါ်ရယ်၊ ရှင့်ကိုယူဖို့ မဖြစ်နိုင်လွန်းလို့ပါ၊ ကျွန်မကို ခွင့်လွှတ်ပါနော်၊ ဘဝဆက်တိုင်း ရှင်ဟာလည်း ငြိုးမာန်ကင်းတဲ့လူဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပါတယ် "


ကျွန်မသည် ဝမ်းထဲက တီးတိုးပြောနေမိသည်။ 


မမြမေကမူ လူးလိမ့်၍ ငိုရှာသည်။ သူသည် ပွင့်လင်းစွာ ဟစ်အော်ငိုကြွေးသည်နှင့်အမျှ  ကျွန်မက ကြိတ်ဆွေးရ၏။ ပရိသတ်ရှေ့တွင် မျက်ရည်တစ်စက်မကျအောင် ကျွန်မ ထိန်း၍ ထားရပေသည်။ 


အသုဘကိစ္စအပြီးတွင် မမြမေသည် ဂွတ္တလစ်လမ်းအိမ် မပြန်ဘဲ ကျွန်မအိမ်ကို ဆက်၍လိုက်လာသည်။ 


အိမ်ရောက်လျှင် သူသည် ကျွန်မအခန်းသို့ ပြေးတက်ကာ ရုပ်ပျက်ဆင်းပျက် ငိုရှာသည်။ သူသည် ငိုသင့်သည်ထက် ပို၍ငိုသည်ဟု ကျွန်မ ထင်ပေသည်။ 


" မမြမေ မိတ်ဆွေတွေလဲ ဟိုအိမ်မှာ လာနေကြမှာ၊ စိတ်ကို တင်းပေါ့ကွယ်၊ သွားပြီး ဧည့်ခံရဦးမယ်။ သူက ကွာထားတယ်ဆိုပေမယ့် မင်းကို အားလုံးက သူ့အိမ်ရှင်မအဖြစ် အသိအမှတ်ပြုထားတာ "


" ဟုတ်ပါတယ်သူငယ်ချင်းရယ်၊ ဒါပေမဲ့ ....ဒါပေမဲ့ ...မင်းကိုမှ ဖွင့်မပြောရရင် ငါပါသေလိမ့်မယ်၊ သူဟာ ငါထင်သလိုမဟုတ်ဘူး၊ ကိုယ့်ကို ချစ်နေသေးတယ်ဆိုတာ သူသေပြီးမှ သိရလို့ ကိုယ် ယူကျုံးမရ သိပ်ဖြစ်တာပဲ "


"ဟင် "


ကျွန်မသည် ဘာကြောင့် ထို ဟင် ဆိုသော အာမေဋိတ်ကို ပြုမိမှန်းမသိပေ။ 


" မင်းတို့က ထင်တာက သူ့ကိုယ်သူ သတ်သေတယ်လို့ ထင်တာ၊ ခု သေတာက ကိုယ်က ပစ်သတ်လိုက်တာ "


"ဟယ် ..."


" ဟုတ်တယ်၊ အဲဒါ ကိုယ် ဘာလုပ်ရမလဲဟင် မခင်သိုက်၊ ကိုယ် ဘာလုပ်ရမလဲ။ အဲဒီနေ့မနက်က ကိုယ် စက်ကိစ္စအတွက် ထွက်လာတယ်။ ကိုယ့်အဖေစက်ကို သောင်းကျန်းသူနဲ့ဆက်တယ်လို့ မသင်္ကာဘူးဆိုပြီး ပိတ်ခိုင်းတယ်။ နောက်တစ်ဆင့် ဖေဖေ့ကိုပါ ဖမ်းမယ်ဆိုပြီး သတင်းထွက်လာတယ်။ အဲဒီကိစ္စတွေမှာ သူ ရှို့တာက ၅၀ ရာခိုင်နှုန်းလောက်ပါတယ် ဆိုတော့ ကိုယ်လည်း သက်ဆိုင်ရာဆီလာတွေ့ရင်း သူဆီ အရဲစွန့်ပြီး ဝင်ခဲ့တယ်၊ ကိုယ်တို့မှာ စီးပွားရေးလဲ ဆုတ်ယုတ်လာလို့ ဒီလို မညှင်းဖို့ လာပြောတာ၊ အိမ်မှာ ဘယ်သူမှမရှိဘူး၊ သူနဲ့ကိုယ် နှစ်ယောက်တည်း။ သူ့အိပ်ခန်းဘက်မှာ စကားပြောနေတုန်း သူက သူ့အနွေးထည်ထားတဲ့ အနွေးခန်းထဲ ခဏဝင်နေပါ ပြောတယ်၊ အဲဒီအခန်းက မှန်ကာပြီး ခန်းဆီးတပ်ထားတယ်။ ကိုယ် အထဲဝင်လိုက်တော့ ခန်းဆီး အလုံဆွဲပိတ်တယ်။ ဒါပေမဲ့ ခန်းဆီးကြားကနေ သူ ဘာလုပ်နေတယ်ဆိုတာ  တွေ့ရတယ် "


" တော်ကြာ ကောင်မငယ်ငယ်တစ်ယောက်ဝင်လာပြီး သူနဲ့ပလူးပလဲ ကို့ယို့ကားယားဖြစ်ပြီးမှ သူ အပြင်လိုက်ပို့တယ်၊ ကိုယ့်စိတ်ထဲမှာလေ ကွယ်ရာမှာ ဘာဖြစ်နေနေ မျက်စိရှေ့ တခြားမိန်းမနဲ့တွေ့ရတော့ ဘာလုပ်ရမှာမှ ကိုယ် မကြောက်တော့ဘူး။ သူလဲ ပြန်ဝင်လာရော ကိုယ် အံဆွဲထဲက သေနတ်ဆွဲထုတ်ပြီး အနားကပ်ရက် သူ့ကို ပစ်တာပဲ၊ သူက ချက်ချင်းမလဲသေးဘူး။ ခဏ ရပ် တွေနေပြီး သေနတ်ကို လှမ်းယူပြီးမှ 'ပြေး ပြေး ...မြန်မြန်ပြေး' ဆိုတာနဲ့ ကိုယ်လဲ ပြေးထွက်လာတာ။ တကယ်လို့သာ ကိုယ်ထင်သလို သူက မုန်းရင်၊ ကိုယ်သတ်ကြောင်း ပုလိပ်ကို ပြောလိုက်ရင် ကိုယ် စက်တိုင်တက်ရမှာ သေချာတယ်။ ခုတော့ သူ့ကိုယ်သူ သတ်သေတယ်လို့ သေတမ်းစစ်ချက်မှာ ဖွင့် ဝန်ခံထားတယ်။ ပုလိပ်ကလည်း အမှုပိတ်ပြီ။ ဒီတော့ ...ဒီတော့ သူဟာ ကိုယ့်ကို ချစ်နေသေးလို့ပေါ့နော် "


မမြမေသည် တရှုပ်ရှုပ်နှင့် ငိုရှာပြန်သည်။ ကျွန်မကမူ မြန်ဆန်ပြောင်းလဲလွန်းသောကြောင့် ဘာကိုမျှ အတည်တကျ မတွေးနိုင်သေးပေ။ 


" အေးပေါ့ကွယ်၊ ဘယ်နှယ့် ဒီလောက်ကြာအောင်ပေါင်းလာတာ မချစ်ဘဲနေမလဲ"


" ဒါကြောင့် ပိုမချိတာပေါ့ မခင်သိုက်ရယ်၊ ကိုယ် ပုလိပ်ဆီသွားပြီး ဖြောင့်ချက်ပေးလိုက်မယ် "


" ဟာ ဒီလိုလုပ်ရင် မှားမှာပေါ့၊ ပြီးတာတွေက အားလုံးပြီးကုန်ပြီ။ နောက်ထပ် ဒုက္ခ ထပ်မရှာနဲ့။ မင်းမှာလည်း ကလေးတွေက တပြုံကြီးနဲ့၊ မင်း မရှိမှ ကလေးတွေ သာ ဒုက္ခရောက်မပေါ့၊ စိတ်ကို ဖြေ၊ သူ့အတွက် ကောင်းမှုလုပ်၊ ကဲ ...ကဲ ...ပြီးခဲ့တာတွေကို တရားနဲ့ဖြေဖျောက်ပစ်လိုက်တော့၊ ထ ...ထ၊ အိမ်ပြန်စို့။ ကိုယ်လိုက်ပို့မယ်  "


သူ့ကိုချော့ခေါ်ကာ ဂွတ္တလစ်လမ်းအိမ်သို့ လိုက်၍ ပို့ရ၏။ သားလေးနှစ်ယောက်သည် အမေလုပ်သူကို ယုယစွာ ဆီးကြိုကြ၏။ ထိုအိမ်ကြီးကိုရော ဘဏ်ရှိပစ္စည်းများကိုပါ သားနှစ်ယောက်နာမည်နှင့် ထားခဲ့သည်ဟု သိရလေသည်။ 


ကျွန်မသည် ထိုအိမ်ကြီးတွင် ကြာကြာမနေချင်သောကြောင့် ပြန်လာခဲ့သည်။ ကားပေါ်အတက်တွင် မျက်လုံးများသည် ပန်းခုံတန်းများပေါ်သို့ ရောက်၍သွားလေသည်။ ကရမက်၊ မြတ်လေးဖြူနှင့် စနိုးတို့သည် ဖြိုးဖြိုးဝေကာ ပွင့်နေကြသည်။ 


" အဲဒီပန်း သုံးမျိုး ယှဉ်ပြီး ပွင့်တဲ့အခါကျရင် မခင်သိုက်ကို ကျွန်တော် ခေါ်ပြဦးမယ် "


သူ့စကားသံများကို ကျွန်မ ကြားယောင်လာသည်။ ကျွန်မသည် ခပ်မြန်မြန်ပင် အိမ်သို့ ပြန်ခဲ့၏။ 


အိမ်ရောက်လျှင် အိပ်ရာပေါ် ပုံလဲနေတော့သည်။ ခုမှ တစ်ခုစီ ပြန်တွေးကြည့်ရ၏။ သူ့ကိုယ်သူ သတ်သေသည်ဟု အဘယ်ကြောင့် လိမ်ကာ သူသည် ဖွင့်ဟဝန်ခံခဲ့သနည်း။ မမြမေ ထင်သကဲ့သို့ မမြမေအား ချစ်နေသေးသလော။ 


မဟုတ်နိုင်၊ ထိုအတွေးမှာ လုံးဝမဖြစ်နိုင်၊ သူသည် မမြမေကို ရက်စက်စွာ လက်စားချေခဲ့၏။ မုန်းတီးစွာ စွန့်ပစ်ခဲ့၏။ ဘယ်တုန်းကမှ မမြမေအပေါ်တွင် ကြင်နာစိတ်ရှိကြောင်း အရိပ်အယောင်မျှ ကျွန်မတို့ရော တခြားသူကိုပါ ဖွင့်၍ ပြောမပြခဲ့။ 


ကျွန်မနားထဲတွင် ကြားယောင်၍လာပြန်သည်။


" ကျွန်တော်က သေတာကို မလိုချင်ဘူး မခင်သိုက်၊  ကျွန်တော့်အဖေ တလှိမ့်လှိမ့်ခံရသလို သူတို့ဟာ မသေဘဲ တမြည့်မြည့်ဆွေး တစိမ့်စိမ့်ခံရမှ ကျွန်တော်ကျေနပ်မယ်" 


ထိုစကားအရ သူ အမှန်အတိုင်း အစစ်ခံလိုက်လျှင် မမြမေသည် သေစားသေရမည်ဖြစ်သည်။ သူက သေခြင်းဖြင့် လက်စားချေလိုသူမဟုတ်။ ယခုလို သူ့ကိုယ်သူ သတ်သေသည်ဟု ပြောလိုက်ခြင်းဖြင့် မမြမေသည် အသက်ရှင်တည်နေသမျှ တမြည့်မြည့် ဆွေးနေရှာမည်ကို သူ ကြိုတင်တွက်ပြီးဖြစ်ပေသည်။ 


ဒုတိယအချက်မှာ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှကိစ္စကို မမြမေက ကျွန်မထံ လာပြောမည်ကို သူ ကြိုတင်သိပြီးဖြစ်လေသည်။ သူ၏သေခါနီး အစစ်ခံချက်အမှားကို မမြမေထံမှ ကျွန်မသိသည့်တပြိုက်နက်"မခင်သိုက်ရေ ...ခင်ဗျားအပေါ် ကျွန်တော်ဝန်ခံခဲ့တာတွေဟာလဲ အမှားတွေချည်းပဲ "ဟူ၍ နောက်ဆုံး သူ့ကိုယ်သူ သူတော်ကောင်းကြီးအဖြစ် ကာကွယ်လျှောက်လဲချင်သေး၍လား မပြောနိုင်တော့ပေ။ 


ကျွန်မသည် သူပေးခဲ့သော စိန်နက်လက်စွပ်လေးကို ယုယစွာ ထုတ်ယူ၍ ကြည့်မိ၏။ ယခုမှပင် တစိမ့်စိမ့် ငိုကြွေးမိပေသည်။ 


သူပွင့်စေခဲ့သော ပန်းလေးတို့သည် မေတ္တာဓာတ်ဖြင့်သာ ဖြိုးဝေခဲ့ပါလျှင် လောကဓာတ်တစ်ခုလုံးအား ထိုပန်းလေးတို့သည် ချမ်းမြေ့ရွှင်လန်းဖွယ် တန်ဆာဆင်ကြမည် မလွဲပေ။ 


ခုတော့ သူပွင့်စေခဲ့သောပန်းများမှာ အမုန်းပန်း ငြိုးပန်းတို့သာတကား။ 


မည်သို့ပင်ဖြစ်စေ ပန်းများကိုချစ်သူ၊ ပန်းများကိုပွင့်စေသူအား ကျွန်မတစ်သက်တွင် ဘယ်လိုပင်ကြိုးစား၍ မေ့ပျောက်ပစ်သော်လည်း မေ့နိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်မစိတ်ကလေးက သူ့အား ကျွန်မချစ်နေမိကြောင်း ယခုမှပင် ဖွင့်ဟဝန်ခံသောကြောင့်ဖြစ်လေသည်။ 


(ပြီးပါပြီ)

ခင်နှင်းယု


No comments:

Post a Comment