Thursday, July 14, 2022

ပန်းများကို ပွင့်စေသူ (အပိုင်း - ၄)

သူ့မွေးနေ့သို့ ရောက်ခဲ့လေပြီ။ ကျွန်မသည် တစ်ယောက်တည်း အဝတ်အစားပြင်ဆင်နေ၏။ ကြီးကြီးမှာ နံနက်ကတည်းက သွားနှင့်ပြီဖြစ်၍ သူ့ကိုစောင့်ရန် မလိုတော့ပေ။ 


ကျောင်းကိစ္စမှလွဲ၍ ပါတီပွဲများကို ကျွန်မတက်နေကျမဟုတ်ပေ။ စိတ်ထဲတွင်လည်း ပါတီပွဲတွင်ရှိသော လူတန်းစားနှင့်သင်တင့်အောင် ရောနှောရမည်ကို စိတ်ပင်ပန်း၍နေပေသည်။ ကျွန်မ၏ဝတ်စားပြင်ဆင်ပုံကလည်း ဤလူတန်းစားဝယ် ခွင်မှ ကျပါလိမ့်မည်လားဟု ပူပန်မိပေသေးသည်။ သို့သော် ကျွန်မစိတ်ကပင် သွားချင်သောဆန္ဒ ထက်သန်၍နေပေသည်။ 


ကျွန်မသည် လုံချည်ဘီရိုထဲမှ နှင်းဆီပွင့်ပါသောအဆင်ကို ရွေးရပြန်သည်။ မမြမေ ထိုအိမ်ကြီးတွင် မရှိတော့သော်လည်း မမြမေကို လေးစားထိုက်သေးသည်ဟု ကျွန်မက ယူဆ၏။ ထို့ကြောင့် သူမြတ်နိုးသော အဆင်အသွေးများကို ကျွန်မ ဝတ်လိုပေသည်။ 


တစ်ကြောင်းကလည်း "ရှင် ဘယ်လိုမုန်းပေမယ့် ကျွန်မကတော့ မမြမေကို အစဉ်သတိရ မြတ်နိုးဆဲပဲ "ဟု ကိုထင်ပေါ်ကို ပြောလိုပေသေးသည်။ 


ကျွန်မလုံချည်များထဲတွင် သူငယ်ချင်းတစ်ယောက်က ပီကင်းမှ ဝယ်ပို့လိုက်သော ဖဲလုံချည်အနက်တစ်ထည်ကို ရွေးလိုက်၏။ ဖဲလုံချည်သည် အနက်ခံဖြစ်၏ ညပွဲနှင့်တော်သည်။ ထိုအနက်ပေါ်တွင် နှင်းဆီပွင့်ရဲရဲ တစ်ပွင့်ချင်းမှာ ကြွကြွရွရွနှင့် ကျဲကျဲခက်ထားသောကြောင့် အတော်ပင် လှပပေသည်။ ပဝါကိုမူ ရိုးရိုးအဖြူတွင် ငွေခြည်စက်အနက်များ ဖောက်ထားသည့်အဆင်ကို ရွေးလိုက်သည်။ ထိုညအတွက် လက်ဝတ်လက်စားများကို အထူးမရွေးချယ်တော့ပေ။ စိန်တစ်လုံးနားကပ်မှတစ်ပါး ကျွန်မ ဘာကိုမျှ မဝတ်ပေ။ 


မချိန် သီပေးသော ဇွန်ပန်းကုံးတစ်ကုံးကိုမူ နောက်တွဲဆံထုံးတွင် ရစ်ခွေ၍ ပန်လိုက်၏။ ၅နာရီမထိုးခင်ပင် သူကိုယ်တိုင် ရောက်၍လာသည်။ ကျွန်မ ဧည့်ခန်းသို့ ဆင်းလာသောအခါ သူသည် မျက်လုံးများကို စင်းစင်းကြီးလုပ်ကာ ကျွန်မကို စိုက်၍ကြည့်၏။ 


" ခင်ဗျားမှာ အလှတွေ အများကြီးရှိသေးတာပဲနော် "


သူက တုန်တုန်ယင်ယင်နှင့် ဆို၏။ ကျွန်မမှာ ဘာပြန်ပြောရမှန်းမသိဘဲ ခပ်ကြောင်ကြောင်ဖြစ်၍သွားသည်။ 


"ဒါနဲ့ ဘယ်သူတွေကို ဖိတ်ထားလဲ၊ ကျွန်မနဲ့မသိသူတွေ ဖြစ်နေရင် ကျွန်မက နှုတ်လေးလေးရယ် "


" အို လူတွေက မဆန်းပါဘူး၊ ခုတစ်ခေတ် ဝန်ကတော် အကြီးအသေးတွေဖြစ်နေတာ၊ များသောအားဖြင့် ကျွန်တော်တို့ကျောင်းနေဘက်တွေပဲဟာ၊ အိုက်စီအက်ကတော့ နှစ်ယောက်လောက်သာ တောက ပါတာပါ၊ ဒါကြီးတွေက ကြီးလှပါပြီ၊ ဒါနဲ့ ည မိုးမရွာရင် အငြိမ့်လဲ အပြင်မှာ ကမယ်၊ ရွာရင်တော့ သူတို့အိမ်ထဲမှာ ဘောလ်ဒန့် လုပ်ကြမယ်တဲ့ "


" ဟင်း ... အဲဒါတွေ ကတဲ့အထိတော့ ကျွန်မ မနေဘူးနော် "


" ကျွေးမွေးပြီးရင် ပြန်ချင်တဲ့အချိန် ပြန်ပါ အမရယ် "


သူသည် ခပ်ထေ့ထေ့လေး ပြုံးကာ ဆို၏။ ကျွန်မ၏နှုတ်ခမ်းများသည်လည်း ရှက်စနိုး ပြုံးမိလေသလားဟု စိတ်ထဲက ထင်မိ၏။ 


သူသည် တိမ်ခိုးမျှင် ငါးပိရောင် ဗန်ကောက်လုံချည်နှင့် မီးခိုးရောင် သက္ကလတ်အင်္ကျီကို ဝတ်ထားသည်။ သူ၏စိန်နက်မှာ ထိုညနေတွင် ပိုမိုတောက်ပနေသလို ဖြစ်နေပေသည်။ 


သူနှင့်အတူ ကားစီး၍ ထွက်လာရသည်ကို စိတ်ထဲမှာ ပျော်သလို ဖြစ်နေပေသည်။ 


သူ့အိမ်တွင် ပြင်ဆင်ထားပုံသည် သပ်သပ်ရပ်ရပ် ရိုးရိုးသားသားပင်ဖြစ်၏။ ဟိုတယ်ကလူများ၏လက်ရာဖြစ်၍ သူတို့ဘာသာ စီစဉ်နေကြ၏။ 


ဧည့်ခန်းနှင့် စာဖတ်ခန်းတွင် လူများထိုင်ရန် လေးယောက် တစ်စားပွဲ စားပွဲနိမ့်လေးများ ပြင်ထား၏။ ထမင်းစားခန်းတွင်မူ မတ်တတ်စားရန် ပြင်ဆင်ထားလေသည်။ 


" ကဲလေ၊ ပြင်ချင်တာရှိရင် ပြင်စမ်းပါဦး မခင်သိုက်ရဲ့၊ ကြိုက်သလိုသာ ပြင်ပါ "


သူသည် တစ်ခန်းဝင်တစ်ခန်းထွက် ကျွန်မကို ပြသရင်း ပြော၏။ ကျွန်မသည် ပန်းအိုးများထဲရှိ မတ်မတ်ကြီးဖြစ်နေသော အရိုးတံများနှင့် ပန်းတချို့ကို လဲလိုက်၏။ တရုတ်ပြည်ဖြစ် ကြွေဖြူထည်များမှာ ကြာရွက်ပေါ်တွင် နွဲ့ပျောင်းစွာ ရပ်နေသော နတ်သမီးအနားတွင် ရွက်မြွားနှင့် ဂန္ဓမာအဖြူများကို ရောဖက်ကာ ပန်းအိုးကို ပြင်ထားလိုက်၏။ တချို့စားပွဲတွင် ဂျပန်မယ်၏အလှဟန်၊ တချို့စားပွဲတွင် အိန္ဒိယလုပ် ကြေးရုပ်လေးများကို အလှပြင်၍ ထားလိုက်သည်။ 


" ခုနေ ကြာဖြူ ကြာနီ ၁၀ ပွင့်လောက်များ မရဘူးလား "


သူ့ကို လှမ်းမေးလိုက်လျှင် သူသည် နောက်ဖက်သို့ ပြေးဝင်သွား၏။ ခဏကြာ ပြန်ထွက်လာပြီးနောက် ၁ နာရီလောက်စောင့်ရန် ပြော၏။ နောက်တစ်နာရီတွင်မူ ဖိုးမောင်သည် လယ်တောကြာ ၁၀ ပွင့်လောက်ကို ဘယ်က ရှာလာသည်မသိ၊ ယူလာလေသည်။ ကျွန်မသည် အိမ်ရှေ့ကို ထွက်ကာ လပိုင်ရုပ် ရေကန်လေးထဲတွင် ရေလွှတ်လိုက်၏။ ပြီးလျှင် ကြာပွင့်လေးများကို အရိုးဖြတ်ကာ ရေထဲသို့ ထည့်လိုက်၏။ ကြာပွင့်လေးတို့သည် ရေကန်လေးထဲတွင် ဟိုဒီ မျောပါနေကြသည်။


သူသည် ကျွန်မအနားသို့ ရောက်လာပြန်သည်။ 


" စိတ်ထဲမှာ ပြည့်ပြီး ဝနေသလိုပဲ၊ ဟဲ ...ဟဲ ...၊ အဟုတ် ...အဟုတ် "


ညမီးများ ဖွင့်လိုက်သောအခါတွင်မူ လပိုင်ကြီးအနား မီးရောင်ပြာအောက်တွင် ကြာပွင့်လေးတို့သည် လှပစွာ မျော၍ နေကြလေပြီတကား။


ပါတီပွဲလာသူတို့မှာ သူ ပြောသကဲ့သို့ပင် သိဟောင်းကျွမ်းဟောင်းက များနေ၏။ လူကြီးပိုင်းကျကျအချို့ကိုသာ ကျွန်မ မသိပေ။ သူသည် လူတိုင်းနှင့် ကျွန်မကို မိတ်ဆက်ပေး၏။ သူ့အမူအရာမှာ လူပျိုပေါက်လေးလို ပေါ့ပါးပျော်ရွှင်၍နေပေသည်။ 


ကျွန်မ၏ငယ်သူငယ်ချင်းများနှင့် တွေ့ချိန်တွင်မူ ပွက်လောရိုက်၍နေတော့သည်။ 


"ဟေ မိခင်သိုက်ကြီးပါလား၊ မြုပ်နေလိုက်တာဟယ်၊ တို့က စစ်ကိုင်းချောင်ရောက်နေပြီလားလို့ "


" ဟယ်လို သိုက်၊ ယူ ဘယ် ဘယ်ပျောက်နေလဲ၊ အိုင် ယူ့သတင်းကို အမြဲမေးပါတယ်၊ ယူ ဆရာမကြီးလုပ်နေတယ်သာ ကြားတာ၊ ယူက ချောင်ကုပ်နေတာကိုး "


ကေတီတို့လူစုက အားပါးတရ အော်၍ပြော၏။ အားနာရမည့်ပရိသတ်များ မဟုတ်လေရကား ကျွန်မစိတ်ထဲတွင် အတော်ပင် ပျော်သလို ဖြစ်လာလေသည်။ နှုတ်စ လျှာစများလည်း ငယ်ခြေပြန်ပေါ်လာလေသည်။ 


" မခင်သိုက်သာ ဒီဧည့်ခံပွဲမှာမရှိရင် ကျွန်တော့်မွေးနေ့ဟာ ပျင်းခြောက်ခြောက်ကြီးနေမှာပဲ၊ ပြီးတော့ ဒီညမှာ မခင်သိုက်ဝတ်လာတာ အရိုးဆုံးမို့ အပေါ်ထင်ဆုံး အလှဆုံးပါပဲ" 


သူသည် ကျွန်မအနားတွင် ရစ်သီရစ်သီလုပ်နေရာမှ ဧည့်သည်များအလစ်တွင် တစ်ချက်တွယ်သွားပြန်ပါလေပြီ။ 


အမှန်မှာ ကျွန်မမိတ်ဆွေများ၏ ဆင်ယင်ထုံးဖွဲ့မှုများ အတော်နုပျိုနေပေသည်။ ကျွန်မ ဘီအေ အရောက်တွင် တစ်နှစ်စော ကျောင်းထွက်သွားသော ခင်သန်းအေးဆိုလျှင် သူ့ဆံပင်များကို ပိုးပဝါအပြာနုနှင့် အနောက်နိုင်ငံ ရုပ်ရှင်ဇာတ်လိုက်မလေးသဖွယ် စည်းထားသောကြောင့် ၃၀ကျော်ဟု ဘယ်သူမှမထင်ပေ။ ခင်သန်းအေးသည် တရားရေးဌာန အတွင်းဝန်ကတော်ဖြစ်၍နေလေသည်။ သူသည်လည်း အေဘီအမ်ကျောင်းထွက်မို့ သူနှင့်ကျွန်မတို့သည် မမြမေအကြောင်းကို အားရပါးရ ပြောနေကြသည်။ 


ကျွန်မနှင့်ကိုထင်ပေါ်တို့ ရင်နှီးမှုအဆက်အသွယ်ကိုလည်း သူ သိပြီးဖြစ်၍ သူတို့နှစ်ယောက် ပြန်ပေါင်းနိုင်ရေးကိုသာ ခင်သန်းအေးက ဆွေးနွေး၍နေလေသည်။ 


" မခင်သိုက် ....မခင်သိုက်ရေ ...ဒီကောင်ကြီးကို မှတ်မိသေးလား "


ကိုထင်ပေါ်သည် လူတစ်ယောက်ကို လက်ဆွဲကာ ဘယ်ထောင့်က ရောက်လာမှန်းမသိပေ။ ကျွန်မအနားကို ရောက်၍လာလေသည်။ သူ လက်ဆွဲလာသောသူသည် ကျွန်မကို ပြုံးပြုံးကြီး ရပ်၍ကြည့်နေသည်။ 


" ကိုစိုးမြင့်အောင် မဟုတ်လား"


"ဟုတ်ပါ့ခင်ဗျာ၊ ဟုတ်ပါ့၊ ဒီပွဲမှာ ထူးထူးဆန်းဆန်းတွေ့ရလို့ ဝမ်းသာပါသဗျာ၊ ကျွန်တော်ကတော့ အဝေးကတည်းက ခင်ဗျားရဲ့ငယ်ရုပ်ကို မှတ်မိနေတယ်"


ကျွန်မသည် ပြုံး၍နေလိုက်၏။ 


" အခု သူက ဗြဟ္မာ့ဗျူဟာ သတင်းစာမှာ အယ်ဒီတာလုပ်နေတယ် မခင်သိုက်ရဲ့ "


သူက ထပ်မံ၍ ကိုစိုးမြင့်အောင်အကြောင်း ပြောပြနေသည်။ 


"ဟုတ်ပါတယ်၊ ကျွန်တော်တော့ အဲဒီဘက်ပဲ ပျော်တယ်ဗျာ၊ ကျွန်တော်ကတော့ ဟုတ်ပြီ၊ ခင်ဗျားကကော ခုထိ အပျိုကြီးဝဋ် မကျွတ်သေးဘူးလားဗျာ၊ ဟဲ ...ဟဲ ..."


သူ၏ငယ်ကျင့်ကလေးကို ဖျောက်နိုင်ပုံမရသေးပေ။ အသက်ကြီးလာသည့်တိုင်အောင် ရွှတ်နောက်နောက်ပြောတုန်း ရှိသေးသည်။ 


"ဒါပေမဲ့ ဝတ်တာစားတာတော့ ကျောင်းတုန်းကထက် ခေတ်မီနေပါလား၊ တရုတ်နှင်းဆီပွင့်ဟာ ခုခေတ်ပါတီပွဲတွေမှာ အတော်ခေတ်စားနေတယ်၊ ဟဲ ...ဟဲ ... အမေရိကန်ဘရိုကိတ်နဲ့ အပြိုင်ပဲ "


ကျွန်မသည် ကျဗန်းချေ ပြန်မချေနိုင်သေးပေ။ 


" ခင်သန်းအေးက အမေရိကန် ဘရိုကိတ်ဗျ"


ခင်သန်းအေးကိုပါ ရော၍အုပ်လိုက်ပြန်၏။ 


"ဒါကတော့ ပိုက်ဆံပေး ဝယ်ဝတ်ရင် တရုတ်နီဖဲဖြစ်ဖြစ် အမေရိကန်ဘရိုကိတ်ဖြစ်ဖြစ် ဝတ်နိုင်ကြတာချည်းပဲ၊ အလကားရတဲ့ဆီက စောင့်ဝတ်ရင်သာ အပေါစားဆန်တာ မဟုတ်လား၊ သူများပြောမနေနဲ့၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်းပါဦး "


"အဲဗျာ...၊ ဆရာမကြီးက စကားပြောလဲ မဆိုးဘူးဗျို့၊ ကျုပ်တော့ ခင်ဗျားကို တစ်ယောက်ယောက်နဲ့ ပေးစားချင်နေပြီ "


" မလိုပါဘူးရှင်၊ ဆရာမဆိုတော့ သတင်းထောက်တို့ အယ်ဒီတာတို့နဲ့တွေ့ရင် ဘယ်လိုစကားပြောရမယ်ဆိုတာ တစ်ခါတည်း သင်ထားပြီးသားပါ၊ ခုလဲ ဒီနှင်းဆီပွင့်က ဒီအိမ်ရဲ့အိမ်ရှင်မ မမြမေကို ဂုဏ်ပြုတဲ့အနေနဲ့ ဝတ်လာတာပါ "


ကိုထင်ပေါ့်မျက်နှာသည် တစ်ချက်ညှိုး၍ သွားလေသည်။ ပရိသတ်မှာ ကိုယ့်လူစုနှင့်ကိုယ် အဖွဲ့ကျနေကြ၍ ကျွန်မတို့စားပွဲတွင် ခင်သန်းအေး၊ ကျွန်မနှင့် ကိုစိုးမြင့်အောင်သာ ကျန်တော့သည်။ သူသည်လည်း ခပ်လှမ်းလှမ်းရှိ မိတ်ဆွေတစ်ယောက်ထံ ထွက်၍သွားလေသည်။ 


" ခင်သန်းအေးတို့ဆို အတွင်းဝန်တစ်ယောက်ပိုင်နေပြီ၊ ဟန်မကျလား၊ သူ့မှာသာ လုပ်လိုက်ရတဲ့အပျိုကြီး "


ခင်သန်းအေးသည် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။


" တော်စမ်းပါ ကိုစိုးမြင့်အောင်ရာ၊ ရှင် ကျောင်းတုန်းကလိုပဲ မဟုတ်တာက စတယ်၊ တစ်ခုတော့ ချီးကျူးရဦးမယ်၊ စာတွေကျတော့ ရှင်ရေးတာ တည်သားပဲ၊ ရှင်ကိုယ်တိုင်ရေးတာမှ ဟုတ်ရဲ့လား "


" ေဩာ် ...ငယ်သူငယ်ချင်းတွေ ပြန်တွေ့တော့ ပျော်လို့ပါဗျာ၊ ခင်ဗျားလဲ စာတွေ ဖတ်အားသေးတယ်နော် "


"ဖတ်တာပေါ့၊ ဒါမှ အဖြစ်မှန် တွက်ယူလို့ရတာပဲ၊ သတင်းစာခေါင်းကြီးပိုင်းတွေလဲ ဖတ်တယ်၊ ဝတ္ထုတွေလဲ ဖတ်ပါတယ်၊ မြန်မာဝတ္ထုရေးဆရာတွေအကြောင်း မေးရဦးမယ်၊ တချို့ဟာ တယ် အာဏာရှင်ဆန်တယ်ရှင်၊ တစ်ခါတစ်ခါ သူတို့လိုချင်တဲ့ ပါတီနိုင်ငံရေးကို ဝတ္ထုထဲ အတင်းရိုက်သွင်းတာ၊ ဝတ္ထုအရသာခံပြီး ဖတ်သူအဖို့ သိပ်အန်ချင်စရာကောင်းတာပဲ၊ အေး,အနေနဲ့တော့ မကြိုက်ဘူး၊ ဝတ္ထုဖတ်ပရိသတ်ကို စော်ကားသလိုပဲ၊ ကွန်မြူနစ်ဝါဒအကြောင်းဖြစ်ဖြစ် ဆိုရှယ်လစ်ဝါဒအကြောင်းဖြစ်ဖြစ် သိချင်ရင် ကွန်မြူနစ် ဆိုရှယ်လစ်ဝါဒအကြောင်းရေးတဲ့ အထူးဘာသာရပ်စာတွေ ဖတ်မှာပေါ့၊ ဝတ္ထုထဲ အတင်းရိုက်သွင်း၊ စကားလုံးတွေကလည်း ဘာမှန်းမသိဘူး "


ကိုစိုးမြင့်အောင်သည် ခင်သန်းအေးအား မျက်လုံးပြူးကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်နေသည်။ 


" ဘာလဲ၊ ရှင်က အေးကို အေဘီအမ်ကျောင်းထွက်ဆိုပြီး အထင်သေးလို့လား၊ ရှင့်မို့ ပြောပြရဲတာပါ၊ ရှင်တို့လူစုကို ကြောက်လဲကြောက်ပါရဲ့၊ ဟိုဒင်းပြောမလို့ပါ။ သောမတ်ဟာဒီတို့၊ တော်စတွိုင်းတို့ရေးတဲ့ ဝတ္ထုတွေများဆို ကုန်ထုတ်လုပ်မှုတို့ ဘာတို့ ဆိုတဲ့ စကားလုံးရှုပ်ရှုပ် တစ်လုံးမှသာ မတွေ့ရတယ်။ ဖတ်ရတာလဲ အရသာရှိ၊ လူ့ဘဝအကြောင်းဆိုလဲ ထိမိလိုက်တာ ပရိသတ်အသည်းစွဲပဲ၊ ဒီမှာဖြင့် ပြောတော့ ဘဝသရုပ်ဖော်စာပေတဲ့၊ အဲဒီ သရုပ်ဖော်စာပေဖတ်ဖို့ အဘိဓာန်အသစ်တစ်အုပ် လက်မှာ ကိုင်ထားရမယ် "


ခင်သန်းအေးသည် ပက်ပက်စက်စက် ပြောပြလိုက်၏။ 


" ကျွန်တော်တို့တော့ စာဖတ်ပရိသတ်ကို အထင်မသေးရဲပါဘူးဗျာ၊ ခက်တာက ပုံစံအမျိုးမျိုးပဲဗျ၊ ခင်ဗျားပြောတာလဲ မှန်တာပဲ၊ ပရိသတ် စိတ်ကသိကအောက်ဖြစ်ပြီး ဖတ်ရမယ့်စာမျိုးတော့ ရှောင်ဖို့ကောင်းတာပေါ့လေ၊ နားလည်အောင်တော့ ကျွန်တော်တို့ စာရေးဆရာတွေ ရေးသင့်တာပေါ့၊ ဝတ္ထုဖတ်ကတည်းက ဝတ္ထုရဲ့အရသာကို ရှောခနဲ ရှောခနဲနေအောင် ခံစားချင်လို့ ဖတ်တာပေါ့၊ ထစ်အ ထစ်အ ဖြစ်နေရင် အပင်းဆို့နေရသလို နေမှာပေါ့၊ အေး,ဆိုလိုချင်တာ အဲဒါ မဟုတ်လား "


"အေး,ပြောတဲ့စကားကို ရှင်က အတွင်းဝန်ကတော်စကားမို့ အောက်ခြေလွတ်တယ် ပြောချင်ပြော၊ အေး,ဆိုချင်တာက ဥပမာ တင့်တယ် မောင်ထင်တို့ဆို အချစ်အကြောင်း တင့်တယ်ဖွဲ့လဲ လူဆန်တယ်၊ မောင်ထင်က ဘဝကို သရုပ်ဖော်တာဆိုတယ် လူဆန်တယ်၊ တချို့စာတွေ ဖတ်ရတာ သူတို့ဇာတ်လိုက်က ဘုရားသခင်ဖန်ဆင်းပေးလိုက်တဲ့ တန်ခိုးတော်ရှင်ကြီးတွေလိုပဲ၊ မဟာဆွေတုန်းကသာ ဝေဖန်လိုက်ကြတာ၊ သူတို့ဇာတ်လိုက်တွေက သာပြီး လူမဆန်သေးတယ်၊ ပြီးတော့ သူတို့ဇာတ်ရိုက်သွင်းချင်နေတဲ့ နိုင်ငံရေးလေသံကြီး အသက်သွင်းထားလေတော့ အဲဒီဇာတ်လိုက်မှာ သိပ်တော်ချင်သာ တော်နေမယ်၊ ဇာတ်လိုက်ပိုင်း အသက်မပါတော့ဘူး "


"ဒါနဲ့ မပြီးသေးဘူး၊ နောက်တစ်ခုတွေ့တာလဲ ပြောရဦးမယ်၊ အဲဒီလေသံကြီးနဲ့ အသက်သွင်းထားတဲ့ဇာတ်လိုက်တွေကို သရုပ်ဖော်တဲ့အခါမှာလဲ ဇာတ်လိုက်တွေရဲ့အသည်းနှလုံးဟာ အို ...နူးညံ့ပျော့ပြောင်း မေတ္တာတရားတွေနဲ့ပြည်ဝလိုက်တာ လွန်ရော၊ တမန်တော်တွေတောင် မနှိုင်းအပ်သလောက်ပဲ၊ ကျန်လူတွေက အပုပ်အသိုးတွေ ဆိုတာလို ရေးသေး၊ ယုံချင်ယုံ မယုံချင်နေ ဆိုတာမျိုး၊ စိတ်ထားနဲ့ပတ်သက်လို့ ယူဆမိတာကတော့ ဘာဝါဒ သက်ဝင် သက်ဝင် လူ့စိတ်မှာ တည်တယ်လို့ ထင်တာပဲ၊ ဘုရားသခင်ရဲ့ဓမ္မတော်တွေဟာ မေတ္တာတရားတွေနဲ့ပြည့်လှိုင်ပြီး အေးချမ်းငြိမ်သက်ရာ အမတနိဗ္ဗာန်ကို လမ်းညွှန်နေပေမယ့် ဘုရားသခင်သားတော်တွေထဲမှာကို ညွှန်ပြတဲ့တရားဥပဒေနဲ့မညီဘဲ ခက်ထန်တဲ့ နှလုံးသားတွေရှိတာ ပြည့်လို့၊ မကောင်းတဲ့အပိုင်းကိုလည်း မကောင်းတဲ့အရသာပေါ်အောင် ဖော်မှပေါ့၊ ကိုယ့်ဇာတ်လိုက်ကို ပထမတန်းချည်း လုပ်ထားတော့ ဖတ်ရတဲ့လူမှာ တစ်ဖက်သတ်ချည်း ပျင်းစရာကြီးဖြစ်နေတာပေါ့ "


"အဟုတ်ဗျို့၊ ခင်ဗျားတို့နှစ်ယောက် တော်တော်ဝေဖန်တတ်သားပဲ "


" ဟဲ ...ဟဲ ...အေးတို့လူစုကို အေဘီအမ်ထွက်တွေ အမျိုးသားစာပေကို ဂရုမစိုက်ဘူး ထင်လို့လား၊ အေးက အားလုံးဖတ်တယ်၊ အေးတို့ ဆိုခဲ့တဲ့အထဲမှာ အားလုံးကိုတော့ ပြောတာမဟုတ်ဘူးနော် အယ်ဒီတာကြီး "


" ဟော...စကားကောင်းနေလိုက်တာ၊ ဟိုကလာတာ ပင်စီတို့လူစု၊ ကိုယ် သွားတွေ့လိုက်ဦးမယ်၊ ယူတို့နှစ်ယောက် စကားပြောရစ်ဦးနော် "


ခင်သန်းအေးသည် စကားတဖောင်ဖောင်ပြောရာမှ နောက်ဝင်လာသော ဧည့်သည်တစ်စုထံ ထ၍ သွားလေသည်။ 


ကျွန်မနှင့် ကိုစိုးမြင့်အောင်သည် ဟိုနှောင်းတစ်ခေတ်က တက္ကသိုလ်ပတ်ဝန်းကျင်ကို စမြုံ့ပြန်ကြ၏။ လက်ရှိလုပ်ငန်းများကို နှီးနှောကြသည်။ မိတ်ဆွေများအကြောင်းကို ဟိုတစ်စ ဒီတစ်စ သတင်းပေးကြသည်။ နောက်ဆုံး မမြမေအကြောင်းကို ရောက်၍သွားတော့သည်။


" မမြမေနဲ့ ကျွန်တော်တော့ အသိမိတ်ဆွေ မဖြစ်လိုက်ရဘူး၊ ဒါပေမဲ့ ကိုထင်ပေါ်မိန်းမအနေနဲ့တော့ သိခဲ့ရတယ်၊ တော်တော်ရည်ရည်မွန်မွန်ထဲကပါပဲဗျာ၊ ခုတော့ဖြင့် ရေစက်ကုန်ပြီ ထင်ပါရဲ့၊ ဒီလူက မမြမေအကြောင်း စကားစပ်တောင်မခံဘူး "


"ခက်သားလား၊ ရှင့်သူငယ်ချင်းစိတ်ဟာ ကြောက်စရာကြီး၊ တစ်နေ့နေ့ အေးအေးဆေးဆေး ဆုံမိကြမှ မမြမေအပေါ် သူထားတဲ့ သဘောထားတွေ ပြောပြရဦးမယ်၊ လူ့အန္ဓကြီးပဲ "


" မခင်သိုက်ကို ကျွန်တော် တစ်ခုပြောပြရင် မခင်သိုက် စိတ်ဆိုးမလား "


" ဘာကို ပြောမှာလဲ၊ ကျွန်မ စိတ်မဆိုးတတ်ပါဘူး "


ကျွန်မသည် မျက်မှောင်လေးကြုတ်ကာ သူ့ကို မေးလိုက်၏။ 


" တောင်းပန်ချင်တာပါ၊ မမြမေ မရှိတော့တဲ့နောက် ဒီအိမ်ထောင်ကြီးရဲ့ ရှင်မအဖြစ် မခင်သိုက် တာဝန်ယူနိုင်ရင် ကိုထင်ပေါ်အဖို့ သိပ်အဆင်ပြေမှာပဲ "


" ဟယ် "


ကျွန်မသည် ရုပ်ပျက်ဆင်းပျက် ဣနြေ္ဒပျက်လောက်အောင် အော်လိုက်မိသည် ထင်သည်။ လက်များကိုလည်း အလိုအလျောက် ယမ်း၍နေမိ၏။ 


" ဆောရီး မခင်သိုက်၊ ခင်ဗျားစိတ် ဒီလောက်ထိခိုက်သွားလိမ့်မယ် မထင်လို့ ပြောမိတာ၊ တစ်ခုက ကျွန်တော့်ဆန္ဒအလျောက်ပြောတာပါ၊ ဒီကိစ္စ ကိုထင်ပေါ်မသိသေးပါဘူး၊ ခင်ဗျား မျက်နှာပူစရာမရှိပါဘူး "


ကျွန်မသည် ဘာပြန်ပြောရမှန်းမသိ ကြောင်၍နေစဉ် ကိုထင်ပေါ် ရောက်၍လာ၏။ 


" မခင်သိုက် .. ထမင်းပွဲ အဆင်သင့်ဖြစ်ပြီ၊ မိတ်ဆွေတွေ ခေါ်ပါ၊ ပြီးတော့ ကြီးကြီးကလည်း သူ့စားပွဲ လာပါဦးတဲ့ "


သူ ပြောပြီး ထွက်သွားမှ ကျွန်မ အလုပ် စ၍ လုပ်၏။


မိတ်ဆွေများကို ထမင်းစားခန်း ပို့၊ ဘွိုင်များနှင့်အတူ ပန်းကန်ပြားပေး၊ လက်သုတ်ပုဝါ ဇွန်းခက်ရင်းများ သုတ်ပေး လုပ်နေမှပင် ကျွန်မစိတ်သည် နည်းနည်း ငြိမ်၍သွားတော့သည်။ ကိုစိုးမြင့်အောင်ကိုမူ ရှာ၍မတွေ့ပေ။ 


ကြီးကြီးအနားသွားကာ ထမင်းဟင်းများ ထည့်ပေးလိုက်၏။ သူငယ်ချင်းများဆီသို့ သွားရောက်ကျွေးမွေးသော်လည်း ကိုယ့်စကားကိုယ် ဘာပြောမိမှန်းမသိအောင် စိတ်မှာ ချောက်ချား၍နေပေသည်။ 


ထမင်းစားပြီးကြလျှင် ကိုထင်ပေါ်သည် ကျွန်မအနားသို့ ရောက်လာပြန်သည်။ 


" မိုးမရွာဘူး မခင်သိုက်၊ ရာသီဥတု ကောင်းနေတယ်၊ အငြိမ့် က ဖြစ်တယ်၊ ပွဲပြီးမှ ပြန်ပါလား "


" ဟင့်အင်း၊ ဒါလောက် ဧည့်ခံပေးရတာ ကျေနပ်ပါတော့ ကိုထင်ပေါ်၊ သူတို့တွေ ပွဲခင်းရောက်ရင် ကျွန်မ ပြန်ချင်ပြီ "


" ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် လိုက်ပို့မယ် "


" မလိုပါဘူး၊ ဧည့်သည်တွေ ထားပြီး ကျွန်မလိုက်ပို့လို့ ဘယ်တော်ပါ့မလဲ "


သူသည် ညှို့မှိုင်းမှိုင်း မျက်လုံးရိပ်ဖြင့် ကျွန်မမျက်နှာကို စီး၍ကြည့်ကာ_

" သဘောမတူရင်လည်း မပို့ပါဘူး၊ ဖိုးမောင်နဲ့ ကားနဲ့ အဆင်သင့် လုပ်ထားလိုက်မယ်နော်၊ ကဲ ...ကဲ ...ပွဲခင်းထဲ မိတ်ဆွေတွေ ပို့ပေးခဲ့ပါဦး "


ကျွန်မသည် မြက်ခင်းပေါ်ရှိ ကုလားထိုင်များသို့ ဧည့်သည်များကို နေရာချပေး၏။ တချို့စုံတွဲများမှာ အရက်ဖန်ခွက်ကိုယ်စီဖြင့် လပိုင်ရုပ်ကြီးအနားတွင် ရပ်ကာ စကားပြော၍နေကြသည်။ မြက်ခင်းဝိုင်းပေါ်တွင် ထွန်းညှိထားသော မီးရောင်စုံများကြားသို့ ရေဖွားများသည် ဖြတ်သန်းသွားကြသည်။ မီးရောင်ပြာအောက်တွင် ကြာပန်းလေးများသည်လည်း ပေါလောမျောကာ ဧည့်ခံကြပေသည်။ 


ကျွန်မနှင့်ကြီးကြီး ပြန်ချိန်တွင် သူရောဒေါ်ရွှေခင်ကပါ တံခါးဖွင့်ပေးသည်အထိ နှုတ်ဆက်ကြသည်။ ဒေါ်ရွှေခင်က အငြိမ့်ပြီးအောင် မနေကောင်းလားဟု တဖျစ်တောက်တောက် ပြော၍နေလေသည်။ သူကမူ ကျေးဇူးတင်ကြောင်း ခပ်ငိုင်ငိုင်ပင်ပြောကာ ကားတံခါး ပိတ်ပေးလိုက်လေသည်။ 


* * * * * 


ထိုညတွင် အိပ်၍မရ ဖြစ်ရပြန်လေသည်။ ပါတီပွဲသို့ တက်ရောက်ခြင်းသည် မှားလေသလော မှန်လေသလော တွေးတောမိပြန်သည်။ 


စိုးမြင့်အောင်ကမူ ကျောင်းတုန်းက အကျင့်အတိုင်း နှုတ်ဆော့ခြင်းပင်လေလား၊ ကျောင်းနေစဉ်က သူ့နှုတ်ဆော့မှုကြောင့် အတော်များများ စုံတွဲဖြစ်သွားခဲ့ကြဖူးလေသည်။ 


ကျွန်မသည် အိပ်ရာမှ ထ၍ မှန်တင်ခုံဘေးရှိ မီးလုံးကို ဖွင့်လိုက်မိသည်။ မှန်ထဲတွင် ကျွန်မမျက်လုံးများကို စူးစိုက်စွာ ကြည့်နေမိသည်။ 


" သူငယ်ချင်းရေ ...ငါ့မျက်လုံးလေးတွေဟာ မင်းပြောသလို ကြည်လင်မှ ကြည်လင်သေးရဲ့လား ... "


ကျွန်မသည် စိတ်ထဲမှ ရေရွတ်ရင်း မမြမေကို တမ်းတမိ၏။ ပူနွေးသော မျက်ရည်စတို့သည် ကျွန်မ၏မျက်လုံးအစုံမှ ဖြည်းညင်းစွာ လိမ့်ဆင်းလာကြလေသည်။ 


* * * 


သီတင်းကျွတ်လျှင် မိုးတိမ်ညိုတို့သည် တဖြည်းဖြည်း လွင့်ပါးစပြုလာလေသည်။ ဖြူ၍ ပါးလွှာသော တိမ်တိုက်တို့သာ ကောင်းကင်၌ လွင့်ပျံလျက်ရှိလေသည်။ 


တစ်ချက် တစ်ချက် မိုးကြွင်းလေလိုလို ဆောင်းသက်ပါယောင်ယောင် လေအေးလေးများ ဝှေ့ယမ်းတိုက်ခတ်စပြု၍လာလေသည်။ 


သီတင်းကျွတ်ကျောင်းပိတ်ရက်သည်လည်း ကုန်ဆုံးပေတော့မည်။ ကျောင်းပိတ်ရက်အတွင်း သူသည် ခဏခဏဆိုသလို ညနေခင်းများတွင် ရောက်၍လာလေသည်။ မြေနီလမ်းပေါ်တွင် နှစ်ယောက်သား လမ်းလျှောက်ကြသည်။ တစ်ခါတစ်ရံ တိမ်ရောင်များ တောက်နေဆဲ မိုးဖွဲဖွဲ သွန်ချချိန်တွင်လည်း ရောင်ခြည်များထဲတွင် လမ်းလျှောက်ကြသည်။ 


ဘာရယ်လို့ မယ်မယ်ရရမရှိသော်လည်း ဟိုအကြောင်း ဒီအကြောင်း စကားစလေးများကို ပြောကာ ရယ်မောကြရသည်မှာ နှစ်နှစ်ခြိုက်ခြိုက် ပျော်ရွှင်စရာလို ဖြစ်၍နေပေသည်။ 


သူသည် မြင်းစီးလေ့ကျင့်မှုကို မနက်ပိုင်းတစ်ချိန်သာ လုပ်တော့သည်။ များသောအားဖြင့် မိုးကင်းသော ညနေပိုင်းများတွင် ကျွန်မနှင့်အတူ အချိန်ကုန်သွားလေ့ရှိ၏။ 


မောင်လေး၏ခြံသစ်ဖက်သို့ လျှောက်ကြသော ညနေအချိန်တွင်မူ ရှုခင်းမှာ အထူးလှပ၍နေပေသည်။ 


မာလီသည် ဆောင်းအမီ နိုကိုနှင့်ဂေါ်ဖီကို ပျိုးစပြု၍ထားပေသည်။ ခြံအနားသတ်တွင်မူ မော်လမြိုင်ပန်းဖူးလေးပင် ဖူးငုံစ ပြုလာလေပြီ။ ဆောင်းလေဝှေ့လာလျှင် ပင်လုံးကျွတ် ပွင့်လာကြပေတော့မည်။ အနောက်ဘက်တွင် ယာသမား ဇနီးမောင်နှံသည် ဘူးစင်သစ်ကို ပြင်ဆင်နေကြပေသည်။ မိုးပါးသည့်နှင့်တပြိုင်နက် ပျိုးထားဟန်ရှိသော ဘူးပင်ပေါက်ကလေးများသည် ပေါင်းဘူးစင်ပေါ်တွင် တွားတက်စပြုလာ၍ ညနေ နေခြည်အောက်ဝယ် ရွှန်းရွှန်းစိမ်းလျက်ရှိပေသည်။ တချို့အပင်များသည် စင်ပေါ်ရောက်နှင့်၍ပင်နေကာ အညွန့်များ ဝေလျက်ရှိပေသည်။ 


ဤနေရာတဝိုက်သည် မီးရောင်စုံပြိုးပြက်နေသော ရန်ကုန်မြို့တော်၏အလှနှင့် တစ်ဘာသာစီ ခြား၍နေပေသည်။ 


ကျွန်မချစ်သောငွေပန်းရုံကိုမူ မာလီသည် အထူးဂရုစိုက် ပြုပြင်ထားလေသည်။ လူထိုင်ခုံပေါ်တွင် ငွေပန်း၏ပွင့်ဖတ်လေးတချို့ပင် တင်၍နေပေသည်။ ရေမှန်မှန်လောင်း၍ ငွေပန်းတို့သည် မပြတ်ပွင့်လျက်ရှိပေသည်။ ညက ရွာထားသော မိုးရေစက်များသည်လည်း ပန်းရုံပေါ်တွင် တင်လျက်ရှိပေသည်။ 


သူနှင့်ကျွန်မ ခုံပေါ်တွင် ယှဉ်၍ ထိုင်ကြသောအခါ နေရောင်ခြည်များသည် ငွေပန်းပွင့်များအပေါ် နားစပြုနေလေသည်။ ပန်းတစ်ပွင့် နှစ်ပွင့်ကို ကျွန်မက ခူးလိုက်၏။ သူသည် ထိုင်ခုံပေါ်ရှိအပွင့်ဟောင်းလေးများကို ယူကာ ပွင့်ဖတ်လေးများကို တစ်ခုချင်း ဖဲ့နေလေသည်။ 


" ဝင်းမြင့်အောင်လေး ပြန်ရောက်လာပြီ မခင်သိုက် "


ကျွန်မကို မကြည့်ဘဲ သူက ခပ်တိုးတိုးပြော၏။ 


" အို ...ဒါဖြင့် လာတွေ့ရဦးမယ်၊ ကောင်းသွားပြီလား "


"ဘယ်ကောင်းမလဲ၊ ခြေထောက်က ပလာစတာ ခွာလိုက်ပေမယ့် အောက်ပိုင်းသေသလိုဖြစ်နေတော့တယ်၊ ဦးဝင်းမောင်က ဆရာမပါ တစ်ခါတည်း အိမ်ခေါ်လာခဲ့တယ်၊ မနေ့ညနေကတောင် ကျွန်တော် သူနဲ့အတူ ကစားခဲ့ရသေးတယ်၊ အန်ကယ် မီးပန်းရှို့ပြပါဆိုလို့ ပြရသေးတယ် "


သူသည် ခပ်လေးလေး တစ်လုံးချင်း ပြော၍နေ၏။ ကျွန်မသည် သူ့ကို စကားစရန် အကွက်ပေါ်လာတော့သည်။ 


" ဒီကိစ္စဟာ သူ့အလိုအလျောက်ဖြစ်ရတာဆိုရင်တော့ ကံလို့ ယိုးမယ်ဖွဲ့ပြီး စိတ်ဖြေရမှာပဲ၊ တစ်စုံတစ်ယောက်ပယောဂကြောင့်သာ ဖြစ်ရတယ်ဆိုရင်တော့ တစ်သက်လုံး ယူကျုံးမရစရာကြီး "


" ဘယ်လို ...ဘာကို ဆိုလိုတယ်"


ကျွန်မမျက်နှာကို စေ့စေ့ကြည့်ကာ သူက မေး၏။ 


" ဒီလိုလေ၊ ဒီကလေးလေး ဖြစ်ရတာကို ကျွန်မက တွေးကြည့်မိတာပါ၊ သွေးရိုးသားရိုး ဟုတ်ချင်မှလည်း ဟုတ်မယ်၊ ဒီမြင်းကလေးကို တစ်ယောက်ယောက်က စိတ်ရူးပေါက်အောင် လုပ်လိုက်လို့ ခုလိုဖြစ်ရတယ်ဆိုရင် အတော်ယူကျုံးမရစရာပဲ၊ ခံရတဲ့ဘက်က မပြောနဲ့၊ လုပ်လိုက်တဲ့သူသာ ကျွန်မဆိုရင် ကျွန်မတစ်သက်လုံး ဘယ်တော့မှ စိတ်ချမ်းသာမှာမဟုတ်ဘူး "


သူသည် အေးစက်စက် တဖြည်းဖြည်း ပြုံးလာကာ ကျွန်မမျက်လုံးကို စူးစိုက်ကြည့်နေပြန်လေသည်။ သူ့လက်ထဲမှာရှိသော ငွေပန်းပွင့်မှ ရေစက်များကို ခါ၍နေလေသည်။ ရေစက်လေးများသည် တစ်ခါတစ်ခါ ကျွန်မလက်ကို လာ၍စင်ပေသည်။ ပန်းပွင့်လေးတစ်ပွင့်ကို သူသည် ကျွန်မလက်ထဲမှ ဆတ်ခနဲ ဆွဲယူကာ အားရပါးရ နမ်းရှုပ်လိုက်၏။ 


" မခင်သိုက်ဟာ ကျွန်တော် ထင်တာထက် စကားပြောလိမ္မာတယ်နော်၊ တော်တော် လှလှပပ သပ်သပ်ရပ်ရပ် ပြောတတ်တာပဲ "ဟု ခပ်လေးလေး ဆိုလိုက်၏။ 


" ကျွန်တော့်ကို မခင်သိုက် နိုင်နေပါပြီဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အဖို့ မခင်သိုက်အပေါ်မှာ ဘာမှလျှို့ဝှက်ချက်မထားပါဘူး၊ အားလုံး ကျွန်တော် ပြောပြဖွင့်ဟ ဝန်ခံမှာပဲ၊ ရှင်းရှင်းပြောရရင် မခင်သိုက်အပေါ်မှာ ကျွန်တော် စိတ်ချအယုံကြည်ဆုံးပါပဲ၊ ဒါ့ကြောင့် ကျွန်တော့်ရဲ့လျှို့ဝှက်မှုတွေကို အားလုံသိနေတဲ့ မခင်သိုက်ဟာ ကျွန်တော့ကို နိုင်နေပြီလို့ ပြောတာပါ၊ ခု ဝင်းမြင့်အောင်ကိစ္စမှာလည်း မခင်သိုက်ထင်သလိုပဲ တရားခံဟာ ကျွန်တော်ပဲ"


ကြိုတင်တွေးတောထားမိပြီး ဖြစ်သော်လည်း သူ ခုလို ဝန်ခံချက်မှာ ရဲလွန်းသောအခါ ကျွန်မပါးစပ်သည် ဟ သွားကာ အံ့အားသင့်မိပေသေးသည်။ 


" ယောင်တတ်တဲ့လူ အိပ်ပျော်နေတဲ့အခါ သွားထိရင် ထထိုးမိသလိုပဲ၊ ကျွန်တော်တော့ အကျင့်ဖြစ်နေပြီ၊ ကျွန်တော့်အဖေကို ခိုက်မပြောလိုက်နဲ့၊ ပြောလိုက်ရင် ကျွန်တော် ချတော့မှာပဲ၊ မရတော့ဘူး မခင်သိုက်၊ ကျွန်တော့်ကို တရားမဟောပါနဲ့တော့"


ကျွန်မသည် ဘာပြန်ပြောရမှန်းမသိဘဲ ငိုင်နေမိပေသည်။ 


" ကျွန်တော်လည်း လုပ်တုန်း လုပ်လိုက်ပြီး ခုလိုတွေ့ရတဲ့အခါ စိတ်မချမ်းသာပါဘူး၊ ကျွန်တော့်အကျင့် မဖျောက်နိုင်လို့လည်း ယူကျုံးမရဖြစ်ပါတယ် "


သူ့မျက်နှာသည် ထိုစကားလုံးကို ပြောစဉ် အတော်ဖျော့တော့၍ လာလေသည်။ 


" ကဲ ကလဲ့စားချေချင်တဲ့အကျင့်ကို ဖျောက်မရဘူးဆိုရင် ထားပါတော၊ ဒါပေမဲ့ ကိုထင်ပေါ့်ကိစ္စတွေက လူကြီးချင်းမကျေမနပ်ဖြစ်ကြတာ ဘယ်သူတရားတယ်၊ ဘယ်သူ မတရားဘူးလို့လဲ မဆိုလိုပါဘူး။ ဒါပေမဲ့ ကိုယ်မကျေနပ်ရင် မကျေနပ်သူကို သတ်ပစ်တာကမှ တော်ဦးမယ်၊ ခုလို အပြစ်မဲ့ရှာတဲ့ကလေးတွေ မိန်းမတွေအပေါ်မှာ ဘာလို့ အပြစ်ဒဏ်ကို ပုံချင်တာလဲ။ သူတို့ဟာ တခြားလူတွေရဲ့ ဆိုးဝါးယုတ်မာတာတွေကို ခေါင်းထိုးပြီး ခံရတာ ရှင် မသနားဘူးလား"


သူသည် အိတ်ထောင်ထဲမှ သတင်းစာစက္ကူတစ်ပိုင်းကို ယူကာ ခုံပေါ်ရှိရေများကို သုတ်နေသည်။ စက္ကူပိုင်းကို လွှင့်မပစ်ဘဲ ဖြန့်လျက် တင်ထား၏။ စက္ကူပေါ်တွင် မီးရထားတွဲမှောက်၍ ကိုယ်တုံးလုံး တွဲလောင်းကြီးဖြစ်နေသော မိန်းကလေးတစ်ယောက်အလောင်းပုံမှာ ရေစက်များနှင့် စိုနေပေသည်။ 


ထိုပုံပေါ်သို့ သူသည် ရေစက်များကို ထပ်၍ ခါချနေပြန်သည်။ သက်ပြင်းတစ်ချက် ချရင်း စကားတိုးတိုးပြောနေ၏။ 


" ခက်သားကလား မခင်သိုက်၊ ကျွန်တော်က သေတာမှ မလိုချင်ဘဲ။ သေတယ်ဆိုတာ ဒုက္ခတစ်ခုက လွတ်မြောက်သွားတာ၊ လက်စားချေတယ်ဆိုကတည်းက ဒုက္ခက လွတ်စေချင်လို့မှမဟုတ်ဘဲ၊ တမြည့်မြည့် ခံစေချင်လို့။ ကျွန်တော့်အဖေ တလှိမ့်လှိမ့်ခံရသလို သူတို့တွေဟာလည်း သူတို့သမီး သူတို့ကလေးတွေ မချိတရိဖြစ်နေတဲ့ဝေဒနာကို ကြည့်ပြီး တလှိမ့်လှိမ့်ခံစားနေရမှ ကျွန်တော် ကျေနပ်မယ်။ ခုတော့လေ ဖေဖေနဲ့ပတ်သက်သက် မပတ်သက်သက် ကျွန်တော် လက်စားချေဖို့ အကျင့်ပါနေပြီ "


" ကျွန်တော်နဲ့ စကားပြောရတာ မခင်သိုက် သိပ်ပြီး ပင်ပန်းနေပြီ ထင်တယ်၊ ကျွန်တော့်အဖို့လည်း မသက်သာပါဘူး။ ကျွန်တော့်အပြုအမူတွေမှာ ခုလို ယှဉ်ပြိုင်ပြီး ကလဲ့စားချေရတာကို ကျွန်တော် သိပ်သာယာတယ်လို့ မခင်သိုက် ထင်သလား၊ ဒီမှာ မခင်သိုက်၊ အသည်းခွဲတမ်းကစားကြတဲ့နေရာမှာ ဘယ်သူမှမနိုင်ပါဘူး။  သူများ အသည်းနှလုံးကို ကွဲအောင်ခွဲရတဲ့ ကျွန်တော့်အသည်းနှလုံးကရော ဘာမို့လဲ။ ကွဲလုနီးနီး ရင်နာရတာပဲ၊ ကဲပါလေ တော်ကြပါစို့ ၊ ခုလို လှပတဲ့ညနေမှာ ကျွန်တော်တို့ ဒီလောက်ကြမ်းတမ်းတဲ့စကားလုံးတွေ ပြောဖို့မကောင်းပါဘူး။ လာ ...လာ လမ်းလျှောက်လိုက်ကြဦးစို့"


သူခေါ်ရာသို့ ကျွန်မ ထ လိုက်သွားစဉ်တွင် ကျွန်မခြေလှမ်းများသည် တုံ့နှေးကာ အားမရှိတော့ပေ။ 


မှောင်ရိပ်သန်း၍ သူ ပြန်သွားသောအခါ ကျွန်မသည် အိပ်ခန်းရှိရာသို့ သွားရန် လှေကားကို တစ်ထစ်ချင်း လေးတွဲ့စွာ တက်နေ၏။


" မောင်ထင်ပေါ် ပြန်သွားပြီလားဟေ့ "


ကြီးကြီးသည် ထမင်းစားခန်းဝမှ လှမ်း၍ မေးလိုက်၏။ ကြီးကြီး၏မျက်လုံးများကို စိုက်၍ကြည့်ကာ ခေါင်းညိတ်ပြလိုက်မိ၏။ သို့သော် ကျွန်မသည် ဘာ့ကြောင့်မှန်းမသိ၊ ကြီးကြီးမျက်လုံးများကို ရဲဝံ့စွာ ရင်မဆိုင်ရဲသလို ကမန်းကတန်း ခေါင်းငုံ့ပစ်လိုက်၏။ 


" ဘယ့်နှယ့်လဲ မိန်းကလေးရဲ့၊ အရင်တုန်းကတော့ သူနဲ့ကျွန်မ နှစ်ယောက်တည်း စကားပြောလို့ မတင့်တယ်ဘူးဆို၊ ကြီးကြီး အနားမှာ အမြဲရှိပါဆို၊ ခုတော့ မိန်းကလေးတို့နှစ်ယောက် လမ်းလျှောက်နေတုန်းများ ကြီးကြီးကို သတိရပါစ "


ကြီးကြီးမျက်လုံးများက ကျွန်မနောက်ကို လိုက်ကာ ပြောနေသလိုပင် ထင်လာကာ ကျွန်မသည် လှေကားတစ်ဝက် ရောက်ခါမှ ကသုတ်ကယက်နှင့် အပေါ်သို့ ပြေးတက်သွားမိ၏။


* * * * * 


နောက်နေ့ညနေတွင် ကျွန်မနှင့်ကြီးကြီးသည် ဝင်းမြင့်အောင်ကိုကြည့်ရန် ဦးဝင်းမောင်အိမ်သို့ ထွက်လာခဲ့ကြ၏။ 


အိမ်ဝတွင် ဒေါ်တင်တင်ဦးသည် ကျွန်မတို့ကို ဆီးကြိုကာ ဝင်းမြင့်အောင် အခန်းရှိရာသို့ တခါတည်း ခေါ်သွားလေ၏။ ဝင်းမြင့်အောင်သည် အိပ်ရာပေါ်တွင် ခေါင်းအုံးများကို ကျောမှီထိုင်ကာ ကိုထင်ပေါ်နှင့်အတူ တရုတ်ကျားထိုးကွက်နှင့် ကစား၍နေလေသည်။ သူတို့ဘေးတွင် ဦးဝင်းမောင်သည် ပန်းချီကားတစ်ခုကို ရေးဆွဲနေလေသည်။ 


ကျွန်မတို့ဝင်လာသည်ကို မြင်မြင်ချင်း ဝင်းမြင့်အောင်သည် ပါးခွက်လေးများပေါ်အောင် ပြုံးလိုက်၏။


" ဆရာမ တစ်ခါမှ သားတို့ဆီ မလာတော့ဘူး "


သူသည် ချစ်စဖွယ် လှမ်း၍ပြော၏။ 


" ဆရာမလည်း စိတ်က သတိရပါတယ်ကွယ်၊ လူကလေးဆီ မလာနိုင်တာ ခွင့်လွှတ်ပါနော်"


ကျွန်မသည် သူ့ကို တောင်းပန်လိုက်ရ၏။ ဦးဝင်းမောင်က နေရာမှထကာ ကျွန်မတို့ကို နေရာပေးလေသည်။ 


ဝင်းမြင့်အောင်သည် အရိပ်ထဲတွင် ကြာရှည် အိပ်စက် နားနေရဖန်များ၍ မျက်နှာမှာ ဖြူနုကာ ဝိုင်းပြည့်ပြည့်လေး ဖြစ်နေပေသည်။ အောက်ပိုင်း ခြေဖျားများကမူ မွဲခြောက်ခြောက် ညိုညစ်ညစ်အရောင် ဖြစ်နေပေသည်။ 


" သားတော့ မြင်း ဘယ်တော့စီးနိုင်မလဲ မသိဘူး၊ အခု သိပ်ပျင်းတာပဲ၊ အန်ကယ် လာလာပြီး ကစားနေလို့ပေါ့။ ဒယ်ဒီကတော့ ပန်းချီကားတွေ အများကြီးဆွဲပေးပါတယ်"


ကျွန်မသည် သူ တစ်လုံးချင်း ပြောသည်ကို နားထောင်ရင်း အလိုလို မျက်ရည်စို့လာကာ ရင်ထဲတွင် နင့်သွားမိလေသည်။ ကိုထင်ပေါ်သည် ထိုင်နေရာတွင် မရှိတော့ပေ။ 


ဝင်းမြင့်နိုင်သည် ဘယ်က ပေါက်လာသည်မသိ၊ ကျွန်မလက်ကို ဆွဲ၍ လှုပ်၏။ 


" ဆရာမ ကိုကို့အဖို့ ဒယ်ဒီက ပန်းချီဆရာ ခေါ်ထားတယ်၊ နောက်တစ်ပတ် တနင်္လာက စပြီး သင်ရတော့မယ်၊ သားလဲ မြင်းစီးမထွက်တော့ဘူး၊ ကိုကိုနဲ့အတူ ပန်းချီဆွဲသင်မယ် "


သူတို့နှစ်ယောက်သည် ကျွန်မကို တစ်လှည့်စီ စကားပြောကာ ဧည့်ခံကြသည်။


ကြီးကြီးနှင့် သူတို့အဖေ ဦးဝင်းမောင်တို့က တစ်ဝိုင်း စကားပြောနေကြလေသည်။ 


ကိုထင်ပေါ်သည် တစ်ခါတစ်ရံ ကျွန်မတို့အနားသို့ ရောက်၍လာလေသည်။ ကျွန်မတို့အချင်းချင်းကတော့ မျက်လုံးချင်းဆုံတိုင်း စကားအများကြီး ပြောမိသလို ဖြစ်၍နေပေသည်။ သူပြုလုပ်ခဲ့ပြီးသော အပြစ်တစ်ခုတွင် သူသည် ထိုမျှ ဣနြေ္ဒဆည်ကာ ဆက်ဆံနေနိုင်သေးသည့် သူ့အမူအရာကိုမူ ကျွန်မ မချီးကျူးဘဲ မနေနိုင်ချေ။ သို့သော် ကျွန်မကိုမူ ကလေးများရှေ့တွင် စကားများများ မပြောပေ။ ဦးဝင်းမောင်နှင့် သူ့ဆက်ဆံပုံမှာ ညီအစ်ကိုသဖွယ် ရင်းရင်းနှီးနှီး ချေချေငံငံ ရှိပေသည်။ 


" သား ပန်းချီတတ်တော့မှ ဆရာမပုံကို လှလှလေး ဆွဲပေးမယ်၊ ပြီးတော့ ပန်းချီဆွဲတတ်ရင် ဒယ်ဒီ့ကို ပြောရဦးမယ်၊ တယောထိုးလည်း သင်ဦးမယ်၊ ဒယ်ဒီကတော့ စာသင်ရဦးမယ်တဲ့၊ နောက်မှ တယောထိုးရမတဲ့။ သားကတော့ သိပ်ပျင်းတာပဲ ဆရာမရယ်၊ အိပ်ရာပေါ်မှာ သားနေရတာ ကြာလှပြီ" 


ကျွန်မသည် သူ့လက်ဝါးလေးကို ဆုပ်နယ်လိုက်၏။ သူ့ကို စကားဆက်မပြောစေချင်ပေ။ ကိုထင်ပေါ်သည် မျက်စိမျက်နှာ ပျက်သွားကာ တစ်ခါတည်း အနားမှ ထွက်သွားတော့သည်။ 


" ဒါဟာ ... ရာဇဝတ်ပြစ်မှုကြီးတစ်ခုပဲ၊ အင်မတန်ဆိုးဝါးတဲ့ ရက်စက်မှုကြီးပဲ ... "


ကျွန်မသည် စိတ်ထဲမှ ရေရွတ်၍ နေမိပေသည်။ 


အိမ်ပြန်ရောက်လျှင် ဘာလုပ်ရမည်မှန်းမသိ။ နေမထိ ထိုင်မထိကြီး ဖြစ်နေပေသည်။ တစ်သက်လုံး အိပ်ရာပေါ်တွင်နေ အိပ်ရာပေါ်တွင် ဘဝဆုံးရမည်မှာ အတော်စိတ်မောစရာကောင်းသောဘဝ ဖြစ်နေပေပြီ။ မျက်နှာမမြင်နိုင်သော မီးနေသည်တစ်ယောက်အနားတွင် နေရသလို ကိုယ်တိုင်ကလည်း မစွမ်းဆောင်နိုင်။ စိတ်ထဲမှာလည်း မချိတရိနှင့် ဘာဝင်လုပ်ပေးရမှန်း မသိပေ။ 


သိုသော် တစ်ခုကလည်း ကျွန်မကိုယ်ကို အလွန်အမင်း အံ့ဩနေသည်မှာ ကျွန်မစိတ်က တရားမျှတသည်ဟု မထင်သောပြစ်မှုကို ကျူးလွန်နေသူနှင့် ဆက်ဆံရခြင်းကို ကျွန်မသည် ဘာကြောင့်များ သာယာနှစ်သိမ့်နေပါသနည်း ဆိုသော အကြောင်းပင်ဖြစ်ပေသည်။


* * * 


တန်ဆောင်မုန်းလဆန်း ၁၄ ရက်သို့ ရောက်ခဲ့လေသည်။ ထိုနေ့သည် ကျွန်မမွေးနေ့ဖြစ်၏။ မွေးနေ့မတိုင်မီ တစ်ပတ်ကတည်းက ကျွန်မသည် အစာမကြေနိုင်သောရောဂါလိုလို ဖြစ်၍နေပေသည်။ အစာဝအောင် မစားရ၍ ကျွန်မမွေးနေ့တွင် ကြီးကြီးကမူ ဥပုသ်စောင့်ခွင့် မပေးပေ။ 


ထိုနေ့တွင် ခွင့်ယူကာ အိမ်မှာနား၍နေပေသည်။ သမ္ဗုဒ္ဓေသက်စေ့ပုတီးစိပ်၊ ဂုဏ်တော်တစ်ထောင်စိပ်၊ မေတ္တာပို့နှင့် တစ်နေ့လုံးလိုလို အခန်းထဲမှ မထွက်မိပေ။ ကြီးကြီးမူ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းပို့ကာ ညနေပိုင်းတွင် ကမ္ဘာအေးသို့ သွားမည်ဟု ဆိုသည်။ ကျွန်မအတွက် ပန်းသက်စေ့ ဆီမီးသက်စေ့လှူရန် ပြင်ဆင်၍နေပေသည်။ 


ကျွန်မသည် အိမ်ရှိဘုရားတွင်ပင် ဆီမီးသက်စေ့လှူကာ နေရစ်ခဲ့ပေသည်။ 


ကြီးကြီးနှင့် မချိန်တို့ ဘုရားထွက်သွားချိန်တွင် ကောင်းကင်၌ မိုးများ အုံ့မှိုင်းလျက်ရှိပေသည်။ 


ကျွန်မ၏မွေးနေ့သည် တန်ဆောင်မုန်းတွင်ဖြစ်ပါလျက် ရာသီဥတုမှာ ကြည်လင်၍မနေပေ။ မိုးစက်လေးများ ဖွားဖွားကျလာကြ၍ ဘုရားခန်းတံခါးများကို ပိတ်နေဆဲ အောက်မှ ဧည့်သည်ခေါ် ခေါင်းလောင်းသံကို ကြားရပေသည်။ 


ကျွန်မသည် အောက်ကို ဖြည်းညင်းစွာပင် ဆင်း၍ သွား၏။ သံ ဆွဲတံခါးနားတွင် ရပ်ကာ တံခါးကို မဖွင့်နိုင်သေးဘဲ ကျွန်မသည် ငေး၍နေမိသည်။ တံခါးအပြင်တွင်မူ မားမားကြီးရပ်နေသော ကိုထင်ပေါ်ကို လှမ်း၍ မြင်နေရပေသည်။ ယခုအခါ သူ့ကို မြင်ရခြင်းသည် ကျွန်မစိတ်တွင် ပျော်ရွှင်ခြင်းမဖြစ်ပေ။ သံ,ဆွဲတံခါးသော့ကို ကျွန်မက ဖွင့်ပေးလိုက်လျှင် သူသည် အသာဆွဲဖွင့်ကာ ဝင်၍လာလေသည်။ သူ့ဘာသာပင် ပြန်၍ ပိတ်လိုက်၏။ 


" ဒီနေ့ မခင်သိုက်မွေးနေ့မှာ ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ရွှင်လန်းပါစေလို့ ဆုတောင်းပါတယ်ဗျာ "


သူသည် ခပ်အေးအေးပင် ရပ်၍ကြည့်ကာ ပြော၏။ 


" ကျွန်မမွေးနေ့ကို ရှင် သိတယ် "


" သိပါတယ်၊ ပြီးတော့ မခင်သိုက် ကောင်းကောင်း နေမကောင်းနေဘူး၊ ကျောင်းတက်နေပေမယ့် အစာဝအောင် မစားရဘူးဆိုတာလဲ သိတာပဲ "


သူက စကားပြောကာ ရှေ့မှ ဧည့်ခန်းသို့ သွားနှင့်၍ ဆိုဖာတစ်ခုတွင် ဝင်၍ထိုင်၏။ 


" အသားအရည် နည်းနည်း စစ်သွားတယ်နော်၊ ညနေစောစောကပဲ ကမ္ဘာအေးမှာ မခင်သိုက်အတွက် ပန်းတွေ သွားလှူခဲ့ပါသေးတယ်၊ အပြန်မှာ ကြီးကြီးကို လမ်းမှာ တွေ့လိုက်တယ်။ မခင်သိုက်ဆီကို ပန်းတွေပို့ရင် တော်ကြာမေ့ပြီး ဘုရားကို မလှူမှာစိုးလို့ "


ကျွန်မသည် ခပ်ပျော့ပျော့ပင် ပြုံးလိုက်ကာ သူ့ဘေးရှိဆိုဖာပေါ်တွင် ထိုင်လိုက်ပေသည်။ အပြင်မှာ မိုးသည် ပိုမို၍ သည်းလာဟန်ရှိပေသည်။ 


" ကျွန်တော့်မွေးနေ့တုန်းက မိုးတွင်းကြီးပေမယ့် ရာသီဥတု ကြည်လင်တယ်နော်၊ မခင်သိုက်မွေးနေ့က ဆောင်းပဲ စတော့မယ့်ဟာ မိုးက ရွာသေးတယ် "


သူက မှန်ပြတင်းဆီသို့ ကြည့်ကာ ပြောပြန်သည်။ 


မီးရောင်ကြောင့် ဧည့်ခန်းမှာ လင်းနေသော်လည်း အပြင်တွင် မိုးကြောင့် အတော်မှောင်၍နေပေသည်။ 


"ကံပေါ့လေ၊ ဇာတာစန်းလဂ်ကောင်းသူတွေအတွက် ဘာပဲလုပ်လုပ် ရာသီဥတု ကြည်လင်ရပေမပေါ့၊ ကျွန်မတို့ကတော့ ဘဝမှာ တယ် အဆင်မပြေချင်တာကိုး "


သူက ခပ်ဟဲဟဲ ရယ်မောကာ ကျွန်မကို စိုက်၍ ကြည့်ပြန်သည်။ 


" ကျွန်တော် မခင်သိုက်ကို စကားပြောစရာလဲ ရှိ၊ မွေးနေ့လက်ဆောင်လဲ ပေးချင်လို့ လာခဲ့တာပါ "


" မလိုပါဘူး၊ ကျွန်မအတွက် မေတ္တာပို့ရင်ပဲ ဗုဒ္ဓဘာသာထုံးစံအတိုင်း ဝမ်းသာကျေးဇူးတင်ပါတယ်၊ မွေးနေ့လက်ဆောင်တွေက အနောက်တိုင်းအယူတွေပါ "


" ထားပါတော့လေ၊ ဘာအယူပဲဖြစ်ဖြစ် ကျွန်တော့်အဖို့ကတော့ ကိုယ့်မွေးနေ့တုန်းက ကိုယ်ဖိရင်ဖိကူညီခဲ့သူတစ်ယောက်ရဲ့ မွေးနေ့ကိုတော့ ဂရုပြုရမှာပဲ၊ ဒါနဲ့ ကျွန်တော့်စကားတွေကိုတော့ မခင်သိုက် ခေါင်းအေးအေးနဲ့ နားထောင်ပါနော် "


သူ ဘာပြောမည် မသိသေးသော်လည်း ကျွန်မရင်များမှာ ခုန်၍နေပေသည်။ အနည်းငယ် အားလျော့နေ၍ ကျွန်မသည် ဆိုဖာနောက်ကို မှီလိုက်ကာ ခပ်နွဲ့နွဲ့ထိုင်လိုက်၏။


" ကဲလေ ... နားထောင်ပါ့မယ်"


" ဟိုတစ်ညနေက ကျွန်တော် ဝင်းမြင့်အောင်ကိစ္စကို ဖွင့်ပြီး ဝန်ခံခဲ့တာ မခင်သိုက် သတိရဦးမှာပေါ့ "


" ဟုတ်ကဲ့"


" ကျွန်တော့်အဖေ ကိစ္စဖြစ်တုန်းက မတင်တင်ဦးအဖေက ပဲခူးမှာ လယ်ဝန်ပဲ၊ သူတို့ ကြီးလာတော့ ဖေဖေ့ကိစ္စကို ကောင်းကောင်းသိကြတာပဲ၊ ဒီမိန်းမက ကိစ္စတစ်ခုပေါ်တိုင်း ဖေဖေ့ကိစ္စကို ဖော်ဖော်ပြီး တယ်ပြောချင်တယ်၊ ထားပါတော့လေ၊ ကျွန်တော်ကလဲ ဘာတွေ စမိနေပြန်လဲ မသိပါဘူး၊ ကျွန်တော်ပြောချင်တာက ကျွန်တော်ကျူးလွန်သမျှ မကျေနပ်သမျှတွေကို မခင်သိုက်ကို အားလုံး ဖွင့်ဟဝန်ခံခဲ့တာတွေ မခင်သိုက် သိမှာပေါ့ "


" ဟုတ်ကဲ့၊ ဆိုပါဦး "


" ကျွန်တော့်ကိစ္စတွေက ကာယကံရှင်ကိုယ်တိုင်က ကျွန်တော်လုပ်ပါတယ်လို့ ဖွင့်ဟ ဝန်မခံသမျှ ခြေရာခံဖို့ တော်တော်ခက်တယ်၊ ခု ကိုယ့်လည်ပင်းကို ကြိုးတပ်ရမယ့်ကိစ္စဖြစ်နေပေမယ့် မခင်သိုက်ကို ကျွန်တော် ဘာလို့ အကြောင်းစုံ ဖွင့်ပြောသလဲဆိုရင် ...."


သူသည် အားယူရန် ခေတ္တ နားပြီးမှ_

" မခင်သိုက်ဟာ ကျွန်တော် အမြတ်နိုးဆုံး မိန်းမမို့လို့ပဲ "


ပတ်ဝန်းကျင်သည် ခေတ္တ တိတ်ဆိတ်ငြိမ်သက်သွား၏။ ကျွန်မအကြောထဲရှိ သွေးများပင် မသွားတော့ဘဲ ရပ်သွားဟန်ရှိသည်။ ကျောက်ရုပ်ကဲ့သို့ပင် ကျွန်မသည် ခွေ၍ ငြိမ်သက်နေမိ၏။ 


" ဒီတော့ ကိုယ် အင်မတန်မြတ်နိုးပြီး ချစ်တဲ့မိန်းမတစ်ယောက်အပေါ်မှာ လိမ်ဖို့ ဖုံးကွယ်ထားဖို့ ကိစ္စတွေဟာ မရှိအပ်ဘူးလို့ ကျွန်တော် ယူဆတယ်၊ အထူးသဖြင့် အပြစ်ရှိရင် သာပြီး ဖုံးကွယ်ထားဖို့ မသင့်သေးတယ်၊ ကျွန်တော့်အယူအဆကို မခင်သိုက် သဘောပေါက်ပြီလား "


ကျွန်မသည် ခေါင်းကိုမျှ ညိတ်၍မပြနိုင်ပေ။ 


" ဒီနေ့ဟာ ကျွန်တော့်အချစ်ကို ဖော်ပြဖို့ အကောင်းဆုံးနေ့လို့ ကျွန်တော် ယူဆတယ်၊ ကျွန်တော်တို့နှစ်ယောက် ပြန်တွေ့စ နေ့တုန်းက ကျွန်တော်ဟာ စိတ် သိပ်လှုပ်ရှားတာပဲ၊ မခင်သိုက်ဟာ ယောက်ျားတစ်ယောက် စိတ်လှုပ်ရှားလောက်အောင် ဘာမှ ထွေထွေထူးထူး မပြုပြင်ထားဘူးဆိုတာ ကျွန်တော်သိတယ်၊ ကျွန်တော့်မွေးနေ့ကျတော့ ကျွန်တော် တစ်သက်လုံး အမြတ်နိုးဆုံး အချစ်ဆုံးလူဟာ မခင်သိုက်လို့ ကျွန်တော့်ကိုယ်ကို ကျွန်တော်ပြောမိတယ်၊ ဘာလို့ငြိမ်နေတာလဲ၊ ကျွန်တော့်ကို စကားပြန်ပြောပါဦး "


ယခုနေများ အကယ်၍ သူသည် ကျွန်မလက်ဖျားများကို ဆုပ်ကိုင်၍ ကြည့်ပါက ရေခဲတမျှ အေးစက်နေမည်ကို တွေ့ရပေမည်။ ကျွန်မသည် စကားပြောဖို့ထက် လှုပ်ရှားဖို့ကိုပင် မနည်းအားယူ၍နေရလေသည်။ ကလေးရှစ်ယောက်အဖေ မိန်းမမျိုးစုံနဲ့တွေ့ခဲ့သူအဖို့ အချစ်ကိစ္စများကို လှလှပပ ဣနြေ္ဒရရပြောနိုင်ပေမယ့် ကျွန်မလို အပျိုကြီးအဖို့ ရင်ဆိုင်အပြောခံနေရသည်မှာ ဘယ်မျှ ဝေဒနာကြီးမားသည်ကို သူ တွေးမိမည်မထင်ပေ၊ သူ့မျက်လုံးအရောင်များသည် ယခင်တစ်ခါလို တောက်ပခြင်းမရှိဘဲ ရီဝေဝေဖြစ်နေပေသည်။ 


" မခင်သိုက် အခု အသက် ၃၅ နှစ် တင်းတင်းပြည့်ပြီနော်"


ကျွန်မသည် အားယူ၍ ခေါင်းညိတ်လိုက်၏။ 


" ကဲ မခင်သိုက်က ၃၅ နှစ်၊ ကျွန်တော်က ၄၀ ထဲမှာ၊ ကျွန်တော်တို့ ဘဝကို စကြရအောင်နော်၊ မခင်သိုက်စိတ်တွေကို မခင်သိုက် ဆန့်ကျင်ပြီး မနေချင်ပါနဲ့တော့၊ တကယ်တော့ မခင်သိုက်လည်း ကျွန်တော်နဲ့အတူ သွားလာနေရတာ ပျော်ပါတယ်၊ စိတ်ချမ်းသာတယ်မဟုတ်လား၊ ကျွန်တော်တို့နှစ်ယောက် လမ်းလျှောက်ချိန်မှာဆို မခင်သိုက်မျက်လုံးထဲမှာလေ ကြည်နူးတဲ့အရောင်လေးတွေ ကျွန်တော် တွေ့ရတယ်၊ ကျွန်တော့်မွေးနေ့ ဧည့်ခံပွဲတုန်းကလဲ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အရောင်ချင်း ဟပ်နေတာပဲ "


 သူသည် သူငယ်တို့၏ပျော်ရွှင်ခြင်းဆန်ဆန် ဟန်ပန်မျိုးဖြင့် ပေါ့ပါးစွာ ပြောနေ၏။ ကျွန်မအဖို့တွင်မူ ကလေးများရှေ့ စာပြနေသော ဆရာမကြီးစိတ်ဓာတ်မျိုးကို မနည်း ပြန်ရအောင် ကြိုးစားလိုက်ရ၏။


" ဝင်းမြင့်အောင် သွားကြည့်တဲ့ ညနေကတော့ ကျွန်မမျက်လုံးထဲမှာ ဘာအရိပ်အရောင် ရှင် တွေ့သလဲ" 


ကျွန်မသည် ဣနြေ္ဒအရနိုင်ဆုံး ကြိုးစား၍ ပြောလိုက်သော်လည်း ကျွန်မအသံများသည် တုန်ယင်၍ အားနည်းနေပေသည်။ ကျွန်မကိုယ်ကိုမူ မတ်၍နေရန် အားယူ၍ မရသေးပေ။ 


" ကျွန်တော် အဲဒီနေ့ ညနေတုန်းက ရှင်းရှင်းပြောရရင် မခင်သိုက်မျက်လုံးကို ဆိုင်ပြီး မကြည့်ရဲဘူး "


ကျွန်မသည် စိတ်ကို အတော်ပင် ထိန်း၍ ရလာလေသည်။


" သေသေချာချာ စဉ်းစားကြည့်ပါဦး ကိုထင်ပေါ်၊ ရှင်သာ ဝင်းမြင့်အောင်လို အိပ်ရာပေါ်မှာ တစ်သက်လုံး ဘဝဆုံးရရင် ဘယ်လိုနေမလဲ၊ ရှင်လုပ်တာတွေဟာ ရာဇဝတ်မှုတွေ ကိုထင်ပေါ်... သိရဲ့လား၊ ဒါတွေဟာ ရာဇဝတ်မှုတွေ၊ ရှင်က ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး တစ်ခါ ကျွန်မကို အားလုံး ဖွင့်ဟဝန်ခံတယ်၊ ပြီးတော့ ကျွန်မက ရှင့်ကို ချစ်ရမယ်ဆိုတော့ ကျွန်မဟာ ဒီရာဇဝတ်မှုတွေကို အလိုတူအလိုပါ အားပေးရာ မရောက်ပေဘူးလား "


ကျွန်မအသံများသည် မာ၍မလာသေးပေ။ 


" ကျူးလွန်ခဲ့တဲ့သူကို ချစ်တာနဲ့တော့ မခင်သိုက်ပါ ကျူးလွန်ရာ မရောက်ပါဘူး၊ ပြီးတော့ မခင်သိုက်နဲ့ မတွေ့ခင်က ဖြစ်ခဲ့တဲ့အကြောင်းတွေ "


" အဲဒီအကြောင်းတွေဟာ ကျွန်မတို့နှစ်ယောက်ကြားမှာ နောင် အနှောင့်အယှက် ဘယ်လောက်ဖြစ်လာမယ်ဆိုတာ မတွေးမိဘူးလား "


" မခင်သိုက်ကလဲ မတွေးမိပါဘူး၊ မတွေးမိလို့သာ ကျွန်တော်နဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်ဆံနေတာပါ၊ စတွေ့ကတည်းက ကျွန်တော် ဘာများ လျှို့ဝှက်ခဲ့လို့လဲ"


သူသည် အေးအေးလေးနှင့် ကျွန်မကို ချည်နှောင်လိုက်လေပြီ။ 


" ကျွန်တော့်ကို မညာပါနဲ့ မခင်သိုက်ရယ်၊ ကျွန်တော်လေ ကိုယ့်ကိုယ်ကို ကာကွယ်ချင်လှလို့ ပြောတာမဟုတ်ပါဘူး၊ အမှန်ကို လိုချင်လွန်းလို့ ရှာရာက ကျွန်တော် ခုလိုဖြစ်ရတာပါ၊ မခင်သိုက် ကျွန်တော့်ကို မညာပါနဲ့၊ မခင်သိုက်စိတ်ထဲမှာ ချစ်နေပြီးတော့မှ ခုမှ ဟန်မဆောင်ပါနဲ့ "


သူ့အသံသည် ပြင်းထန်သောဆန္ဒဖြင့် လွှမ်းမိုး၍ ခက်ထန်လာသည်။ ကျွန်မသည် ကိုယ်ကို တည့်မတ်လာ၏။ 


" ရှင့်ကို ငယ်သူငယ်ချင်းထက် မပိုဘူးဆိုတာ ရှင် ယုံပါ"


သူသည် ခေါင်းကို သွက်သွက် ခါယမ်းလိုက်၏။ 


" မယုံဘူး၊ တစ်ခုကလဲ ကျွန်တော်လုပ်သမျှတွေကို ဖွင့်ဟပြောလို့ အားလုံးသိနေတဲ့မိန်းမတစ်ယောက်ကို ကျွန်တော် လက်လွတ်မခံနိုင်ဘူး"


"ဘာ၊ ရှင် ကျွန်မကို ခြိမ်းခြောက်နေတာပေါ့၊ ရှင့်အကြောင်းတွေကို ကျွန်မဖွင့်ချပြီး ရာဇဝတ်မှုလုပ်မှာစိုးလို့ ရှင် ကျွန်မကို သိမ်းပိုက်မယ်ပေါ့၊ ရှင် .... ကျွန်မကို ..."


ကျွန်မအသံများသည် မာကျော၍လာသည်။ 


" ဒေါသမကြီးပါနဲ့မခင်သိုက်၊ ကျွန်တော် မခင်သိုက်ကို မလိမ်ပါရစေနဲ့၊ တကယ်ချစ်တာက ရာခိုင်နှုန်းအပြည့်ပါနေပါတယ်၊ ဒုတိယအကြောင်းကလည်း ကျွန်တော့်ရင်မှာ မထားချင်လို့ ဖွင့်ပြောတာ၊ မခင်သိုက်က ရာဇဝတ်မှုလို့ ဘယ်လိုပဲဆိုဆို ဘယ်မှာလဲ သက်သေ၊ ဘယ်တုန်းက ဒါတွေ ကျူးလွန်သလဲ။ ကဲလေ မခင်သိုက်က သက်သေခံပြီ ထား၊ မခင်သိုက် ဘယ်လို ထွက်ဆိုမလဲ၊ ကျွန်မကို သူ ဖွင့်ပြောတယ်ဆိုရုံနဲ့ တရားဝင်မလား၊ ပြီးတော့ ကျွန်တော့်အချစ်ဆုံးသူက တပ်တဲ့ကြိုးကွင်းတော့ ကျွန်တော်ခံရဲပါတယ်"


သူသည် လေသံကို လျှော့လိုက်၏။


" ခက်သားကလား ကိုထင်ပေါ်၊ ကျွန်မတို့ဟာ လောကကြီးကို သာယာစိုပြည်ချင်ရင် အခါခပ်သိမ်း ဥပဒေပါ စကားလုံးလောက်ကို အပေါ်ယံရှပ်သုံးပြီး  ပြောလို့မရပါဘူး၊ ဥပဒေက ရှာကြံအပြစ်ပေးလို့မရတိုင်း ကျွန်မတို့ဟာ ပြစ်မှုတွေကို ထပ်ဆင့်ကျူးလွန်ကြရင် အားနည်းသူတွေအဖို့ ခိုကိုးရာဆိုတာ ရှိပါဦးမလား၊ ပညာရှိတွေ မိုက်ကြတော့ ဥပဒေလိုက်လို့မရဘူးဆိုတာ ကျွန်မနားလည်ပါတယ်။ မွန်မြတ်တဲ့စိတ်ဓာတ်ရဲ့ထိန်းသိမ်းမှုကိုတော့ အားမပေးချင်ဘဲ ဘယ်မှာလဲဥပဒေ၊ ကျွန်တော့်မှာ တတ်နိုင်တဲ့အား ရှိတယ်ဆိုပြီး အားကို မူတည်ပြီး သိပ်စကားပြောလို့မကောင်းပါဘူး "


ကျွန်မသည် ချစ်ရေးဆိုခြင်းမှ စကားလမ်းကြောင်းကို မနည်းပြောင်း၍ပစ်ရ၏။ သူနှင့်စကားပြောရသည်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ 


" ထားပါတော့။ ခံရတဲ့သူတွေကလည်း အားနွဲ့သူတွေ၊ ဒီပြစ်မှုကျူးလွန်တာတွေ သိတယ်ဆိုတဲ့ ကျွန်မကလဲ ဘာမှတတ်နိုင်တဲ့သူမဟုတ်ပါဘူး၊ ဒီတော့ ရှင့်လက်ခုပ်ထဲကရေပေါ့၊ ဒါပေမဲ့ ကျုပ်လုပ်တာတွေ ဘယ်သူမှမသိဘူး၊ သိလဲ ဘယ်သူမှမတတ်နိုင်ဘူးလို့တော့ ဇက်မရဲစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးမှာ ဘာမှ အရှည်မတည်မြဲကြပါဘူး။ ရှင်တစ်ခါပြောသလိုပဲ သူများအသည်းကို ကွဲအောင်ခွဲရတဲ့ ရှင့်အသည်းဟာလဲ ဗြန်းဗြန်းကွဲရမယ့်အချိန်ကို တစ်နေ့ ဆိုက်လာဦးမှာပေါ့။ ရှင် အများကြီးမှားခဲ့တယ် ကိုထင်ပေါ်၊ အစကတည်းက ဒေါက်တာဖြစ်အောင်လုပ်ပြီး အေးအေးနေရင် လူသားတွေအတွက် ဘယ်လောက်အကျိုးရှိမလဲ"


သူသည် မဲ့လိုက်၏။ 


" ကျွန်တော် တစ်ခါက ပြောမယ်ဆိုတာ ပြောဖို့အချိန်ရောက်လာပြီ၊ ဒေါက်တာဘွဲ့ယူလိုက်ရင် ပိုဆိုးမယ်၊ အမှန်တော့ ဆရာဝန်ဆိုတာ လူသားတွေ အသက်ချမ်းသာရေး စိတ်ပျော်ရွှင်ရေးကို ဖန်တီးပေးရမယ့်လူ၊ ကျွန်တော်က အဲဒီဘွဲ့ယူပြီး လူတွေလိုက်သတ်နေမိမှ ပိုဆိုးမယ်၊ ဒါကြောင့် ကျွန်တော်က ဆေးပညာစွန့်ပြီး အာဏာပိုင်နိုင်တဲ့ ဘီစီအက်စ်ကို ဝင်တာပေါ့၊ ကျွန်တော်သာ ဆေးပညာဘက်လိုက်ရင် မြန်မာပြည်မှာ လောကဓာတ်ပညာကို ဘယ်သူမှ ကျွန်တော့်ကို ယှဉ်ရဲမှာမဟုတ်ဘူး၊ ကျွန်တော် ဆေးကောလိပ်က ထွက်ချိန်က ဆရာတွေဆိုတာ ရင်ကွဲတာပဲ၊ ကျုပ်ဟာ ကျောင်းသားဘဝကတည်းက အစွမ်းရှိပါတယ်"


အပြင်မှာ မိုးများ ပို၍သည်းလာ၏။ 


"ယုံပါတယ်၊ ရှင့်ရဲ့စွမ်းရည်ကို ကျွန်မ ယုံကြည်ပါတယ်၊ အဲဒီအစွမ်းတွေနဲ့သာ လူသားတွေ အကျိုးရှိအောင် လုပ်နိုင်ရင် ရှင်ဟာ ဘယ်လောက်ချစ်စရာကောင်းလိုက်မလဲ၊ ခုတော့ ရှင်ပွင့်စေတဲ့ပန်းတွေက အဆိပ်ပန်းတွေ ... အလျှံညီးညီး တောက်နေတဲ့ အညှိုးပန်းတွေ ... အမုန်းပန်းတွေ ..."


သူသည် ပါးစပ်အဟောင်းသားနှင့် ကျွန်မ တစ်လုံးချင်း ပြောသည်ကို နားထောင်နေသည်။ ဆုံးလျှင် ဆုံးချင်း ...."ခင်ဗျားအပေါ်မှာတော့ အချစ်ပန်းပဲ ပွင့်ပါတယ်၊ ကျွန်တော် အမြတ်နိုးဆုံးလူကို ပေးမယ်လို့ အစကတည်းက ရည်စူးခဲ့တဲ့အတိုင်း ဒီစိန်အနက်လက်စွပ်ကို မွေးနေ့လက်ဆောင်အဖြစ် ကျွန်တော် ပေးပါတယ် " ဟု ပြောကာ ဗြုန်းခနဲပင် ကျွန်မ၏ဘယ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၍ လက်ခလယ်တွင် သူ့လက်စွပ်ကို အတင်းစွပ်၍ပေးကာ နမ်းရှုပ်နေတော့သည်။ ကျွန်မသည် ဘာလုပ်၍ ဘာကိုင်မိမှန်းမသိအောင် သတိလက်လွတ်သွားပေသည်။ နောက်ဆုံး သတိပြုမိသည်မှာ ကျွန်မ၏လွတ်နေသော ညာလက်များသည် သူ့ပါးကို တဖြန်းဖြန်း ရိုက်နေခြင်းပင် ဖြစ်တော့သည်။ 


လက်ထဲမှ လက်စွပ်ကိုလည်း ကျွန်မသည် ဗြုန်းခနဲ ဆွဲယူကာ လွှတ်ပစ်လိုက်၏။ လက်စွပ်ကလေးသည် အခန်းထောင့်ဆီသို့ ခုန်၍လိမ့်သွားသည်။ 


" ရှင့်ကို မချစ်ဘူး၊ ရှင့်လက်ဆောင်ကိုလည်း မယူဘူး၊ လူက ပျော့နဲ့နဲ့ပေမယ့် အခုလို အနိုင်အထက်လုပ်လာရင်တော့ သေပေစေ၊ မခံဘူး သိလား "


သူသည် လက်တစ်ချောင်းကို ပါးစပ်သို့ ကပ်လိုက်ရင်း_

"တိုးတိုး...တိုးတိုး ...ကြီးကြီး ပြန်လာနေပြီ၊ လက်စွပ်လဲ ပြန်ကောက်ထားလိုက်ပါဦး "ဟု ဣနြေ္ဒရရ တံခါးဆီသို့ ထွက်သွားတော့သည်။ 


ကျွန်မသည် ရုတ်တရက် ဘာလုပ်ရမှန်းမသိ၊ ဆရာ့ရှေ့တွင် စာပေးခံရသော ကျောင်းသူလို ဆရာ စာမိသွားမှာကိုလည်း စိုးပေသည်။ လက်စွပ်ကို ကမန်းကတန်းကောက်၍ ဘော်လီအိတ်ထဲသို့ လျှင်မြန်စွာ ထည့်လိုက်မိ၏။ ကျွန်မ၌ ဆရာမကြီးတစ်ယောက်၏ဟန်ပန်များ မရှိတော့ပေ။ 


သူသည် တံခါးဝတွင် ကြီးကြီးကို အချိန်ယူ၍ စကားပြောနေသည်။ 


"မောင့်နှမက အစားကောင်းကောင်း မဝင်တော့ ခြေဖျားလက်ဖျား အမြဲအေးတယ်၊ ဒါ့ကြောင့် အပြင်မခေါ်တာ၊ ရောက်နေတာ ကြာပြီလား "


ကြီးကြီးသည် သူ့ကို စကားပြန်ပြောကာ ဧည့်ခန်းသို့ ဝင်လာသည်။ 


ကျွန်မသည် ဣနြေ္ဒမနည်းဆောင်ကာ _

"ကြီးကြီးနဲ့ ကိုထင်ပေါ် စကားပြောရစ်ပါဦး၊ ကျွန်မ လှဲနေချင်လို့ "ဟု ပြောကာ လှေကားရှိရာသို့ ထွက်လာခဲ့လေသည်။  


အိပ်ရာပေါ်ရောက်လျှင် ပစ်လှဲကာ ရှိုက်၍ ငိုကြွေးမိပေသည်။ ကျွန်မ၏ဘယ်လက်ဖမိုးမှာလည်း ထားစရာမရှိတော့ချေ။ အပျိုရည်ပျက်၍ ဘဝဆုံးရတော့သလိုပင် ယူကျုံးမရ ဖြစ်မိပေသည်။ 


ကျွန်မကိုယ်ကျွန်မလည်း အပြစ်များစွာ တင်မိသည်။ သူပြောသကဲ့သို့ပင် သူနှင့်တွဲကာ သွားလာတိုင်း သာယာမိသောစိတ်မှာ ကျွန်မ၏အမှားဖြစ်သည်ကို ကျွန်မ ဝန်ခံရပေမည်။ 


ကျွန်မ၏အမှားကို နင်းကာ သူ လိုက်လာခြင်းဖြစ်ပေသည်။ သူ့အပြုအမူများမှာ စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်သော်လည်း သူ့ကို မုန်းလေသလား ချစ်လေသလားဟု ကျွန်မစိတ်ကို ကျွန်မ မမေးရဲပေ။


ကျွန်မတို့ငယ်စဉ်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုက်မိ ပြောခဲ့သောစကားများကို ချက်ချင်း သတိရ၏။ 


" ကိုယ်ယူလို့မဖြစ်နိုင်တဲ့ ယောက်ျားနဲများ ဘယ်တော့မှမတွဲနဲ့၊ တွဲချင်ရင် ယူလို့တော်မယ့်လူနဲ့ တွဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ တွဲလို့နီးစပ်ရင် ယောက်ျားနဲ့မိန်းမဟာ ညားဖို့ သေချာနေတာပဲ။ မဟုတ်တဲ့ မိန်းမလက်ရှိ လူပွေတွေ တွဲမိရင် သိပ်ဒုက္ခကြီးတာပဲ "


ကဲ ယခုတော့ ဆရာမကြီးပြောသလိုပင် ကျွန်မတွဲမိသောသူမှာ ကျွန်မ မယူနိုင်သောသူ ဖြစ်၍နေပေပြီ။ 


ကျောင်းနေစဉ်ကတည်းက ကျွန်မ၏အိပ်မက်ခန်းများဝယ် လူစွမ်းကောင်းမင်းသားတို့ကို အများကြီး တွေ့ခဲ့ရသည်။ ထိုသူတွေကို ကျွန်မက ကျောခိုင်းခဲ့၏။ သူတို့၏ချစ်ခွင့်တောင်းဆိုချက်များကို ငြင်းဆန်ခဲ့၏။ ဆရာမကြီးအဖြစ်သာ ခပ်အေးအေး နေခဲ့သည်။ သုံးဆယ်ကျော်ကာမှ တွေ့မယ့်တွေ့တော့ ကိုထင်ပေါ်လိုလူ။ 


ကျွန်မသည် ကျွန်မ၏လက်ဖမိုးလေးကို ယခုမှ ပြင်းစွာ နှမြောတသနေမိပေသည်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။ ကျွန်မသည် ဟိုစဉ်က ဘာကြောင့်များ လိုက်လျောစွာ နေထိုင်မိပါသလဲ။ 


ကျွန်မ၏ဒီဂရီများ၊ ဂုဏ်သိက္ခာများသည် ကျွန်မ၏စိတ်အကြောင်းကို တစ်ခါတစ်ရံ မရိပ်မိ မသိရှိနိုင်ကြပါတကား။ 


ထိုညတစ်ညလုံး အိပ်မပျော်တိုင်း သူနှင့်ဝေးရာသို့ ပြေးရန် အစီအစဉ်များ အများကြီးလုပ်၍နေမိပေသည်။ 


နောက်တစ်နေ့နံနက်တွင် ကျောင်းသို့ ခပ်စောစောပင် ထွက်ခဲ့သည်။ ကျောင်းတွင် စီမံစရာရှိသမျှကို စီမံကာ ပညာမင်းကြီးရုံးသို့ ခွင့်အတွက် ထွက်လာခဲ့သည်။ 


ကျွန်မ၏ကိုယ်ဟန်မှာလည်း ကျန်းမာရေးချွတ်ယွင်းဟန် ပေါက်နေ၍တစ်ကြောင်း၊ တစ်ခါမျှ ခွင့်မယူဖူး၍ အနားယူရန် ခွင့်နှစ်လအတွက် ချောမောစွာ စီစဉ်၍ ပြီးခဲ့လေသည်။ 


ကျောင်းသို့ ပြန်သွားချိန်တွင် ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်စောအေးက ကျွန်မအတွက် ခရီးစဉ်ကို စီစဉ်၍ နေလေသည်။ သူနှင့်ကျွန်မသည် ကျောင်းနေဘက်များဖြစ်၍ အားနာရန်အကြောင်းမရှိပေ။ 


" အိမ်က ဒေါ်ရှင်ကို မခင်သိုက်နဲ့အတူ ထည့်လိုက်မယ်၊ ဒါမှ အောင်ပန်းအထိ သွားရတာ အဆင်ပြေမယ်။ ကျွန်မအစ်ကို စောခွန်ရီက ဒေါက်တာသာဖြစ်တယ်၊ အောင်ပန်းမြို့ပေါ်မှာ မနေဘူး၊ တစ်မိုင်လောက်ဝေးတဲ့ခြံမှာ သူတစ်ယောက်တည်း နေတယ်။ ဒီတော့ အနားယူဖို့အတော်ပဲ။ ဟိုမှာ အိမ်နှစ်လုံးရှိတယ်။ မခင်သိုက်  လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေနိုင်ပါတယ် "ဟု သူက ဆီးကြို၍ ပြောပြပေသည်။ 


ကြီးကြီးကိုမူ ကျန်းမာရေးအတွက် ဆရာဝန်တိုက်တွန်းချက်အရ ခရီးထွက်မည်ဟု ပြောပြလိုက်လေသည်။ သူသည် အိမ်နှင့် ဝယ်စ ခြံမြေအတွက် နေရစ်ခဲ့ရမည်ဖြစ်သောကြောင့် မချိန်အား ကျွန်မနှင့် ထည့်လိုက်ရန် အစီစဉ်လုပ်၍နေပေသည်။ 

အပိုင်း(၅)(ဇာတ်သိမ်းပိုင်း)ဆက်ရန်

ခင်နှင်းယု



No comments:

Post a Comment