ဧပြီလ၏ နောက်ဆုံးပတ် စနေသည် ကျွန်မစိတ်အား လှုပ်ရှားစရာများ တစ်ပြိုင်နက်တွေ့သောနေ့ပင် ဖြစ်ပေသည်။
သင်္ကြန်လွန်ပြီးလျှင် မိုးသက်ရနံ့များ အနောက်တောင်လေတွင် ပါဝင်စ ပြုလာလေသည်။ နံနက်တွင် မိုးတိမ်များ ကောင်းကင်တွင် မှိုင်းနေသော်လည်း ရာသီဥတုမှာ ခြောက်ခြောက်သွေ့သွေ့ပင် ရှိနေသေးသည်။ သင်္ကြန်တုန်းက ပွင့်ခဲ့သော ပိတောက်အကြွင်းအကျန်တို့၏ ရနံ့သည်လည်း လေထဲတွင် ကျန်ရစ်နေသေး၍ မိုးပင်မရွာသော်လည်း နံနက်ခင်းသည် အေးမြကြည်လင်ပေသည်။
ရှည်လျားသော နွေရတုသည်လည်း ကုန်လွန်ခဲဘိခြင်း။ ကဏ္ဌပိုင်းခြားခြင်းမရှိသော မိုးသာ ဧပြီလလယ်တွင် မရွာသွန်းခဲ့ပါလျှင် ပူပြင်းခြောက်သွေ့သော နှောင်းနွေသည် ပျင်းရိငြီးငွေ့ဖွယ်ရာအတိ ဖြစ်ပေလိမ့်မည်။
နွေနှောင်းရက်များသည် သင်္ခါရတို့ ကြီးစိုးခြင်းကို ပြသည်ဖြစ်၍ ရွက်ဝါဟောင်းတို့ လွင့်ပါးပျောက်ပျက်ကြလေကုန်ပြီ။ နောက်တစ်လဆိုလျှင် ရွက်နုတို့သည် မိုးကို ကြိုကြပေတော့မည်။ ရွက်အိုဟောင်းတို့၏ ပုံပြင်တေးသည်လည်း လောကဓာတ်တခွင်တွင် တိမ်ကော ပပျောက်ကြရတော့မည်ပါတကား။
သွေ့ခြောက်သောနွေရက်များကို စာဖတ်ခြင်းဖြင့် ကုန်လွန်ခဲ့ရ၏။ တစ်နွေလုံး စုဆောင်းရှာဖွေထားသမျှကို မိုးဦးတွင် တပည့်တို့အား သင်ကြားပြသရပေဦးမည်။ ကျွန်မသံသရာသည် ယခုလို လည်ပတ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီး ဘာမျှ ထူးထွေဆန်းကျယ်ခြင်း မရှိပေ။
ကျွန်မ၏ချစ်သောသူတို့မှာ ကလေးများနှင့် စာအုပ်များဖြစ်၏။ စာအုပ်များကို သူတို့အတွက်လည်း ရွေးချယ်ပေးရ၏။ ကိုယ့်အတွက်လည်း ရွေးချယ်ရလေ၏။
ထိုနေ့နံနက် တစ်မနက်လုံး အပြင်ထွက်ရန် ပြင်ဆင်နေသော်လည်း ၁၀နာရီထိုးကာနီးမှပင် စာအုပ်ဆိုင်သို့ ထွက်ဖြစ်ပေတော့သည်။
ကျွန်မ၏တပည့်များသည် ကလေးဟု ဆိုရသော်လည်း တက္ကသိုလ်ဝင်သင်တန်းသူတို့မှာ အပျိုကြီးဖားဖားဖြစ်ကြလေ၏။ သူတို့အား မြန်မာမှုတွင် စိတ်ဝင်စားစေချင်သည်။ သူတို့အတွက် ပုံကျသော မြန်မာစာပေစာအုပ်များကို ရွေးချယ်ပေးရသည်။
ယခုနှစ်တွင် ၁၀တန်း မြန်မာစာသည် ဝေဿန္တရာဖြစ်၍ မြန်မာစာအတွက် အတော်အထောက်အကူရပေသည်။ မြန်မာစာပေသမိုင်းဆိုင်ရာ စာအုပ်နှစ်အုပ် သုံးအုပ် ကလေးတို့အတွက် ဝယ်ယူလိုက်၏။ ကျွန်မအတွက်မူ ဘာစာအုပ်ကိုမျှ မည်မည်ရရ ရွေးချယ်၍ မရသေးပေ။ ရှေးနှစ်ဟောင်း ရာဇဝင်ကြောင်းများကို ရေးသားထားသော ဝတ္ထုစာအုပ်နှစ်အုပ် သုံးအုပ်ကို ရွေးဝယ်ကာ ပြန်ထွက်လာခဲ့၏။ မျက်မှောက်ပစ္စုပ္ပန်ကို ငြီးငွေ့လာသောအခါ နှောင်းခဲ့သောခေတ်တို့တွင် ဘာဖြစ်ခဲ့သည်ကို ပြန်၍ကြည့်ချင်လာလေသည်။
စာအုပ်ဆိုင်မှအပြန် ဗိုလ်ချုပ်စျေးကို လှည့်ဝင်လိုက်၏။ ကျောင်းဖွင့်ရက်တွင် မိန်းကလေးများကို သိုးမွှေးထည်ထိုးနည်း၊ အင်္ကျီချုပ်နည်းများ သင်ကြားပြသရန်အတွက် အပ်ချုပ်ဘက်ဆိုင်ရာ ဆရာမကို ပစ္စည်းများ ဝယ်ပေးရန်ဖြစ်ပေသည်။ ကျွန်မသည် သိုးမွှေးချည်ခင်နှင့် ပစ္စည်းများကို ပိုက်ကာ တက္ကသိုလ်သမဝါယမ ဆိုင်ဝမှ ကားလမ်းပေါ်ရှိ အုတ်လှေကားမှ အဆင်းလိုက်တွင် တအံ့တဩနှင့် ရပ်နေမိပေသည်။ ကျွန်မရှေ့တည့်တည့်တွင် ကားအနက်တစ်စီးကို ထိုးရပ်လိုက်၍ ကားတံခါးကို ဖွင့်ကာ မိန်းမတစ်ယောက်သည် ဆင်းလာလေသည်။
သူသည်လည်း တအံ့တဩနှင့်ရပ်နေသော ကျွန်မကို မြင်လျှင်မြင်ချင်း အပြေးလေးလျှောက်လာကာ ကျွန်မကို လှမ်း၍ ဖက်လိုက်သည်။
" မျမေမ"
ကျွန်မအသံများသည် တုန်ယင်၍နေ၏။ သူ့ကို မမျှော်လင့်ဘဲတွေ့ရ၍ ဝမ်းသာနေ၏။။
" မခင်သိုက် ...ကိုယ်လေ ...ကိုယ် .. "
သူသည် အဓိပ္ပါယ်မရှိသော စကားပိုင်းများကို ပြောကာ ကျွန်မကိုယ်ကို ဖက်၍ လှုပ်လိုက်သည်။ ဤဟန်ပန်မှာ ငယ်ကတည်းက ချစ်ဖွယ်ကောင်းသောဟန်ပင် ဖြစ်သည်။ သူ့မျက်နှာကလေးသည် ပြုံးရယ်၍နေသော်လည်း အနည်းငယ်သွေ့ခြောက်နေပုံရသည်။ ဖြူ၍နွဲ့သော သူ့ကိုယ်လုံးတွင် နက်ပြာရင့်အောက်ခံပေါ်၌ နှင်းဆီပွင့်အနီကျဲကျဲများ ဖော်ထားသော ပိုးလုံချည်အဖျော့ကို ဝတ်၍ထားပေသည်။ ကျောင်းကတည်းက သူသည် အရောင်ရင့်ရင့်များကို ရွေးချယ်ဝတ်တတ်သည့်အပြင် များသောအားဖြင့် လုံချည်ဆင်တွင် နှင်းဆီခက်လေးများ ပါတတ်လေ၏။ သူသည် ပြောချင်စရာတွေ အများကြီး ရင်ထဲတွင် တစ်ဆို့နေ၍ ဘာမျှ ပြောမရသလို ငေးကြောင်ကြောင်ဖြစ်နေပြန်၏။
ကျွန်မထင်သလိုပင် မှန်ပေသည်။
" မခင်သိုက် ကိုယ် ဝမ်းသာလိုက်တာဟယ်၊ ဘာပြောရမှန်းတောင်မသိဘူး၊ မင်း ...အိမ်ထောင်မကျသေးဘူးနော် "
"အေး ...မကျသေးဘူး "
" ကိုယ် ကောလိပ်ဆက်သွားမိရင် မင်းနဲ့ကွဲမှာ မဟုတ်ဘူး။ အေးကွယ် ....မင်းဘဝက အေးချမ်းလိုက်တာနော် "
သူသည် ကျွန်မမျက်နှာကို ရွှန်းရွှန်းစားစားကြည့်ကာ ဝမ်းသာဝမ်းနည်းဟန်များ သူ့မျက်နှာပြင်တွင် လှုပ်ရှားရင်း ပြောနေလေသည်။ သူ့စိတ်ထဲတွင်လည်း ဤဗိုလ်ချုပ်စျေးကြီးတစ်ခုလုံး သူနှင့်ကျွန်မ နှစ်ယောက်တည်းရှိတော့သလို အားရပါးရ ပြောနေပေသည်။
" မင်းကိုတွေ့တော့ ကိုယ့်ဘဝက ဝမ်းနည်းစရာကြီး မခင်သိုက်ရယ်၊ ကိုယ့်မှာ ကလေးရှစ်ယောက်တောင်ရှိတယ်။ သူနဲ့ ကိုယ့်အကြောင်းရော မင်း ကြားပြီးပြီလား။ ကိုယ်တော့ စိတ်ပျက်ပျက်နဲ့ ဘယ်သူငယ်ချင်းမှ အကြောင်းမကြား မဆက်သွယ်မိတော့ဘူး "
သူ့ရုပ်ရည်မှာ ကလေးရှစ်ယောက်အမေဟူ၍ပင် မယုံကြည်နိုင်လောက်အောင် နုပျို၍ နေပေသေးသည်။
" တစ်နေ့တုန်းက မင်းရဲ့ကိုထင်ပေါ် ကိုယ်တို့အိမ်လာလည်တော့မှ မင်းတို့အကြောင်း သိရတယ်။ စိတ် သိပ်မကောင်းတာပဲကွယ် "
ကျွန်မသည် သူ့အတွက် ဝမ်းနည်းကြောင်းစကားသာ လွှတ်ခနဲ ထွက်လိုက်မိသည်။
"အမှန်တော့ မဆန်းပါဘူးလေ။ မဆန်းပါဘူး မခင်သိုက်ရယ်။ လောကကြီးမှာ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ရာသက်ပန် ရိုးမြေကျ စွဲစွဲလမ်းလမ်း ပေါင်းလိမ့်မယ်လို့ ယူဆတဲ့မိန်းမလောက် ရူးတာမရှိဘူး။ အိုလေ .... ကိုယ် မင်းနဲ့ စကားအများကြီး ပြောချင်တယ်။ ခုက စျေးထဲမှာ ..."
သူသည် စျေးထဲအဖြစ်ကို သတိရသလို သူ့စကားကို ရပ်နားလိုက်၏။
" အင်း ...ဒီလိုဆို မင်း အားလား ...အိမ်ကို လိုက်ခဲ့လေ "
" ခုတော့ မအားဘူးကွယ်။ ကိုယ့်သားကြီးနှစ်ယောက် အိုင်အေအောက်တန်းမှာ မနေ့က စာမေးပွဲအောင်စာရင်းထွက်လို့ သားတို့ကို ဆုချဖို့ ဆွယ်တာတွေ လာဝယ်တယ်။ ပြီးတော့ ဆေးတွေလည်း ဝယ်ရမယ် ။ ကိုယ် ဝယ်ပြီး လိုက်ခဲ့မယ်လေ။ မင်းအိမ် ဘယ်မှာလဲ။ ကိုယ် ၃နာရီလောက်မှ ပဲခူးကို ပြန်မယ်။ အဖော်တွေနဲ့ ဒေါက်တာကျော့်အိမ်မှာ ဆုံရမှာကိုး။ လာခဲ့မယ်လေ "
" ည မအိပ်နိုင်ဘူးလား "
" ဖေဖေတို့ကို ဘာမှ မပြောခဲ့သေးဘူးကွယ်၊ တစ်ခုလပ်ဆိုတော့ အနေအထိုင် ဆင်ခြင်ရဦးမယ်ကွယ့် "
သူ့အား ကုက္ကိုင်းလမ်းရှိ ကျွန်မအိမ်နံပါတ်ကို ပြောပြခဲ့ရ၏။ သူသည် ကျွန်မကိုယ်ကို လှုပ်ယမ်းနှုတ်ဆက်ရင်း မျက်နှာမှာ ညှိုးကျသွားကာ ငိုင်နေရစ်သည်။
" အိမ်ကို ထမင်းစားမီအောင် လာခဲ့ကွယ်၊ ဟိုတုန်းကလိုပေါ့၊ စာမေးပွဲဖြေပြီး နောက်ဆုံးနေ့တိုင်း ကိုယ်တို့အိမ်မှာ မင်းတို့စားတတ်တဲ့ ထမင်းလက်သုပ်အညာသုပ် လုပ်ထားလိုက်မယ် "
သူသည် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။ ကားပေါ်သို့ ပြန်တက်ကာ ကားမှာ ထွက်လာခဲ့သော်လည်း ကျွန်မစိတ်များသည် ကျောင်းနေတုန်းက အချိန်များကို ပြန်လည်သတိရ၍ နေပေသည်။ အေဘီအမ်မိန်းကလေးကျောင်းတွင် ဆယ်တန်းအောင်ပြီးနောက် မမြမေသည် ကျောင်းဆက်မနေတော့ဘဲ ပဲခူးသို့ ပြန်တော့၏။ ကျွန်မသာ ဆက်လက်ပညာသင်ရန် တက္ကသိုလ်သို့ ဆက်၍လာခဲ့လေသည်။
ကျောင်းတက်မည့်နေ့ နံနက်တိုင်း ခြံထဲမှ နှင်းဆီပန်းသုံးပွင့်ကို ကျွန်မသည် အမြဲခူး၏။ တစ်ပွင့်မှာ မမြမေအတွက်ဖြစ်ကာ တစ်ပွင့်မှာ မလှရင်အတွက်ဖြစ်ပေသည်။ ဘာအရသာမှန်းတော့ တွေးခေါ်၍မတတ်ပေ။ သူတို့ကို နှင်းဆီပန်းလေးများ ဝေပေးလိုက်ပြီး သုံးယောက်လုံးခေါင်းတွင် နှင်းဆီပွင့်လေးများပန်၍ ကျောင်းတက်ရသည်ကို ကြည်နူးမိပေသည်။ မိန်းမပျိုလေးများ၏ဖြစ်ပေါ်တတ်သော စိတ်ကူးယဉ်မှုပင်လား မသိ။
မလှရင်ကမူ ဆယ်တန်းအောင်ပြီး ဆရာမ ခေတ္တလုပ်ကာ ယခုတွင်မူ လူထုပညာရေးဘက်တွင် အလုပ်လုပ်နေပေသည်။
" သူငယ်ချင်းရေ ...အလုပ်ချင်း တူပေမယ့် အများအကျိုးအတွက် သက်ရောက်တဲ့အလုပ်ကို လုပ်ရတာ ပိုပြီးနှစ်သိမ့်တယ် "ဟု တစ်ခါက သူရေးလိုက်သော စာလေးထဲတွင် ဖတ်ရပေသည်။ သူသည် များသောအားဖြင့် လူသူအရောက်အပေါက်နည်းသော တောတောင်တွေထဲတွင် တာဝန်ကျတတ်ပေသည်။
မမြမေသည် သူ့လုံချည်ပေါ်ရှိ နှင်းဆီခက်များနှင့် ကျွန်မပေးသော နှင်းဆီပွင့်များ အရောင်ချင်းတူသောအခါ ဝမ်းသာအားရ ကျွန်မကိုဖက်၍ လှုပ်တတ်ပေသည်။
စာမေးပွဲများ စစ်ပြီးသော နောက်ဆုံးရက်တိုင်း မေမေသည် ကျွန်မသူငယ်ချင်းများကို ထမင်းသုပ်ကျွေးပေသည်။ မေမေ့ထမင်းသုပ်မှာ ရိုးရိုးအသုပ်ထက် နုပ်နုပ်စဉ်းထားသော ကြက်သားဆီပြန်ဟင်းတစ်ခွက် ပိုပေသည်။ ယခုတော့ မေမေလည်း မရှိတော့ပေ။ နှင်းဆီသုံးပွင့်၏ကံကြမ္မာသည်လည်း လောကဓံသမိုင်းတွင် ဘယ်သို့ ထင်ရစ်မည်မသိ။
* * * * *
ကား အိမ်ရှေ့ရောက်၍ ဒရိုင်ဘာလုပ်သူက တံခါးဖွင့်ပေးမှ စိတ်ကူးသည်လည်း ပြတ်သွားတော့သည်။ ကျွန်မသည် ပစ္စည်းများသယ်ကာ အိမ်ထဲသို့ ယူလာ၏။
" သမီး ပြန်လာပြီလား၊ ထမင်းစားစို့ "
ကြီးကြီးသည် ထမင်းစားရန် စောင့်နေပေသည်။
"စားနှင့်ပါလားကြီးကြီး၊ မမြမေနဲ့ စျေးမှာ တွေ့ခဲ့တယ်၊ သူ ထမင်းလာစားလိမ့်မယ်၊ အိမ်မှာ ကြက်သားပြုတ်ထားတာ ရှိတယ်မဟုတ်လား၊ မချိန်ကို ထမင်းသုပ်ထဲ ထည့်ဖို့ နုပ်နုပ်စဉ်းပြီး ချက်ခိုင်းရအောင်"
" ရှိတယ်၊ အေး အေး၊ မမြမေနဲ့ တွေ့ခဲ့တယ်လား၊ အေး ...သနားစရာမိန်းကလေးပဲ၊ သူနဲ့တွေ့ရမှာ စိတ်မကောင်းလိုက်တာကွယ်၊ ဝမ်းလည်း သာပါရဲ့ .... အေး ..အေး"
ကြီးကြီးသည် အေး စကားလုံးပေါင်း တပြုံကြီးနှင် သူ့အကျင့်အတိုင်း ပြောနေပြန်သည်။
မမြမေရောက်လာသောအခါတွင် ထမင်းပွဲမှာလည်း အဆင်သင့်ဖြစ်၍နေပေသည်။ သူသည် အတော်ပင် စိတ်လက်ပေါ့ပါးနေဟန်ရှိပေသည်။ ပြင်ပြီးသားထမင်းပန်းကန်ကို သူ့ရှေ့တွင် ချလိုက်လျှင် ငယ်ငယ်ကအကျင့်အတိုင်း ငရုတ်သီးမှုန့်များ ထပ်ထည့်ကာ ထမင်းသုပ်ကို ပယ်ပယ်နယ်နယ် နယ်၍နေပေသည်။
" ကွယ် ဒီနေ့ ဒီရောက်ရတာ ကိုယ့်စိတ်ထဲမှာ ၁၅နှစ်လောက် ပြန်ငယ်သွားသလိုပဲ၊ တို့များ အသက်တွေ ကြီးလှပြီနော်၊ ငယ်တုန်းက အချိန်တွေကို မလွမ်းဘူးလား၊ မခင်သိုက်က သိပ်ကြည်လင်ပြီး အေးချမ်းတယ်၊ ပွင့်စပန်းလိုပဲ သန့်ရှင်းလိုက်တာ"
"ဟာ ...မင်းတို့နှစ်ယောက် ကွဲသာနေတယ်၊ စကားလုံးကတော့ တစ်သံတည်း ထွက်ပါလား"
"ဘာလဲဟင်၊ ဘာဖြစ်လို့လဲ"
သူသည် မျက်လုံးပြူးကာ မေးလိုက်၏။ သူ့မျက်လုံးလေးများသည် ပြူးလိုက်ခါမှ ချစ်စဖွယ် ဝိုင်း၍ လက်သွားကြသည်။
"ကိုထင်ပေါ် ဒီအိမ်ကို ပထမဆုံး လာတဲ့နေ့ကလဲ ငယ်ငယ်တုန်းက ဘဝဟာ ပွင့်စပန်းလို တယ်ပြီး သန့်ရှင်းတယ်၊ မြတ်နိုးစရာကောင်းတယ်လို့ ပြောတယ် "
"ဒါပေမဲ့ စကားလုံးချင်းသာ တူကြတော့မယ်၊ လူချင်းကတော့ ဝေးကြပါပြီကွယ် "
သူ့အသံလေးသည် တိမ်ဝင်သွားသည်။
"ကဲ ဒီအကြောင်းတွေ ထမင်းစားပြီးမှ ပြောကြစမ်း"
ကြီးကြီးက ဝင်၍ ဟန့်လိုက်တော့မှ ကျွန်မတို့နှစ်ယောက်သည် စကားစပြတ်သွားတော့သည်။
ထမင်းပွဲအပြီးတွင်မူ ကျွန်မအိပ်ခန်းရှိရာသို့ နှစ်ယောက် တက်လာကြ၏။ ကျွန်မခုတင်ပေါ်တွင် သူသည် ပစ်လှဲရင်း သူ့နောက်ကြောင်းကို စ တော့သည်။ ကျွန်မသည် သူ့ဘေးတွင် တစောင်းအိပ်ကာ နားထောင်နေသည်။ တစ်ယောက်အိပ်ခုတင်ပေါ်တွင် နှစ်ယောက်သား ကျပ်ကျပ်တည်းတည်း အိပ်၍ စကားပြောရသည်မှာ နှစ်သိမ့်စရာလိုလို ပျော်စရာလိုလို ဖြစ်လိုက်ပေသေးသည်။
" အဖြစ်က ဘာလို့ကွဲလဲလို့ မေးရင် ကိုယ် ဘယ်က စ ဖြေရမှန်းတောင် မသိပါဘူး မခင်သိုက်ရယ်၊ မကျေနပ်စရာတွေ သူ့အပေါ် အများကြီးရှိပေမယ့် ကိုယ် ဘာတစ်လုံးမှ မပြောဘူး။ သူ့ကို မြဲမြဲစွဲစွဲ ပေါင်းချင်ပါတယ်၊ ကိုယ်တို့မှာ မိန်းမသားမဟုတ်လား။ ပြီးတော့ ကိုယ့်ဖာသာရွေးချယ်ခဲ့တဲ့လူလည်း ဖြစ်တယ်၊ ကိစ္စတစ်ခု ပြောပြရဦးမယ်၊ ပထမဆုံး ချောက်မှာတုန်းက မိန်းမတစ်ယောက်နဲ့ သူ့အဖြစ်ကလည်း ခပ်ဆန်းဆန်းပါ၊ အဲဒီမိန်းမက သူ့ဆီကို အထုပ်အထည်နဲ့ ရောက်လာတာ၊ သူက သူနဲ့ ဘာမှမဖြစ်ရပါဘူး ငြင်းပြီး ဟိုမိန်းမ ပြန်သွားရတာပဲ၊ ကိုယ်သိတာကတော့ ဒါပဲ၊ ညတိုင်းလိုလို သူ အလည်ကျူးတဲ့ကိစ္စတွေကတော့ ထည့်ပြောဖို့တောင် ရိုးနေပါပြီ။ အလကားပါကွယ်၊ မင်းကတော်ဖြစ်ရတာဟာ "
သူသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်ကာ ဆက်၍ ပြောပြန်သည်။
" အဲဒီတစ်ခါ ပထမဆုံး ကိုယ် အကျိုးအကြောင်း ဖွင့်မေးတယ်၊ သူက ရိုးရိုးခင်တာတဲ့၊ ဒီမိန်းမကသာ လိုက်လာတဲ့အကြောင်း ပြောတယ်၊ မင်း စဉ်းစားကြည့်စမ်း၊ မိန်းမတစ်ယောက်ဟာ သူ့ ဂုဏ်သရေနဲ့နေတာ ဘာမှမဖြစ်ဘဲ ဒီယောက်ျားဆီ ချစ်လှချည်ရဲ့ ဆိုပြီး လိုက်လာတယ်လို့ ကဲ ဖြစ်နိုင်မလား၊ ကိုယ်ယူဆတာကတော့ 'မှားတယ်'ဆိုတဲ့အဖြစ်တစ်ခု ဖြစ်လာတိုင်း ယောက်ျားနဲ့မိန်းမ ပြိုင်တူ မှားတာချည့်ပဲဟေ့၊ နောက်မှ အလကား သတ္တိကြောင်ပြီး ကိုယ့်အပြစ် ကိုယ်ဖုံးတာ "
သူ့ပြဿနာမှာ တစ်ထောင့်တစ်ညပုံပြင်များထဲမှ ပြဿနာများထက် ဖြေရှင်းရ ခက်နေပေသေးသည်။ ကျောင်းနေစဉ်က စကားတစ်လုံးတစ်လုံး မနည်းထွက်ကာ အေးစက်စက်နေတတ်သော မမြမေရုပ်ကို ပြန်၍ သတိရမိ၏။ ယခုအချိန် လင်မီးစာ မွေးမိသောအခါတွင်မူ တရားဟောဆရာမကြီးလို အဆက်မပြတ် ပြောနေပေတော့သည်။
"အဲဒီကိစ္စဟာ ကိုယ်တော့ ယောက်ျားတစ်ယောက်အနေနဲ့ မပြုသင့်ဘူးထင်တယ်၊ ကိုယ့်အနေနဲ့ကတော့ ကိုယ့်လင်တစ်ယောက်လုံး ဘယ် တခြားသူနဲ့ ဖြစ်စေချင်မလဲ၊ ဒါပေမဲ့ ခုကိစ္စမှာ ကိုယ် နောက်စုံစမ်းတော့ သူ ဒီမိန်းမနဲ့ ဝင်ထွက်ဆက်သွယ်ပြီးမှ ဒီမိန်းမလိုက်အလာမှာ ဘူးခံတာပဲ၊ ကဲ ...ဒါဟာ ယုတ်တာ မဟုတ်ဘူလား ကွယ် ...ဟင်"
ကျွန်မသူငယ်ချင်းထံမှ သိရသော ချောက်မှ ကိုသက်ဖေမိန်းမကိစ္စကို သူ နောက်ကြောင်းပြန်နေခြင်း ဖြစ်ပေသည်။
ကျွန်မသည် ဘာမျှ မသိသေးသလို ငြိမ်၍ နားထောင်နေ၏။
" ကိုယ်လေ သည်းခံခဲ့ပါတယ်၊ စကားမရှည်ချင်လို့ ဘာမှ ဆက်မပြောဘူး၊ အဲဒါဟာ ပထမဆုံး သူ ရှုပ်ခဲ့သမျှထဲမှာ ဝင်မေးမိတာပဲ၊ ဒုတိယကတော့ သူ ရန်ကုန်ပြောင်းရပြီ၊ တွဲဘက်အတွင်းဝန်ပေါ့ကွယ်၊ သူ လုပ်ခဲ့တဲ့ဌာနတော့ ဖွင့်မပြောပါရစေနဲ့တော့၊ သူက မနက် ဂေါ့ဖ်ရိုက်တယ်၊ ညမှာ မာကျောက်ဆွဲတယ်၊ စနေနေ့ဆို ရုံက အရေးတကြီး ဖုန်းဆက်၊ သူက ဂေါ့ဖ်ကွင်းက မတက်လာသေးဘူး၊ ကိုယ့်အနေနဲ့ ဘယ် ဖွင့်တော့ပြောမလဲ၊ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ကြာတော့ မချိဘူး"
"ဟင် ... သူ သိပ်ပြီး အလုပ်တော်တယ်ဆို"
ကျွန်မက ဖောက်၍ မေးလိုက်၏။
"အလုပ်တော်တာထက် အပေါင်းအသင်းတော်တယ်ဆိုရင် ပိုမှန်မယ်၊ တကယ်ဆို ရိုးရိုးသားသား ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ မလုပ်ထိုက်ဘူးပေါ့၊ တစ်နေ့တော့ သူ့တို့အမျိုး ဒေါက်တာကြီးတစ်ယောက် အိမ်မှာ ထမင်းလာစားရင်း သူကိုင်တဲ့စီမံကိန်းတစ်ခုအကြောင်း စကားစပ်ပြောကြတယ်၊ အဘိုးကြီးက အဲဒီစီမံကိန်းဟာ သောက်သောက်လဲ အရှုံးပေါ်နေတယ်ပေါ့၊ အစကသာ သေသေချာချာလုပ်ရင် မရှုံးနိုင်တာတွေ အဘိုးကြီးက တော်တော် စိတ်ဝင်ဝင်စားစား ပြောတယ်၊ ဆွေးနွေးတယ်၊ သူက ဘာပြန်ပြောတယ် အောက်မေ့လဲ"
" အို ...လေးရက်နဲ့ပြီးအောင် စီမံကိန်း ဆွဲ ဆိုတော့ ပြီးပြီးရော လုပ်ပေးလိုက်တာပေါ့တဲ့၊ ကဲ ပြန်ဖြေတာမှ ပေါ့ပေါ့လေး ဆရာ၊ ကိုယ်ဖြင့် မိန်းမတွေ တစ်ထောင်ပဲ ယူယူ၊ အရက်နဲ့ပဲ ရေချိုးနေနေ ခွင့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါလောက် စိတ်သဘောယုတ်တာ စေတနာမဲ့တာတော့ စက်ဆုပ်တယ်ကွယ်၊ ကိုယ့်လင်သားတစ်ယောက်ဟာ ဒီလိုလူမျိုးလို့ သိရတာ ကိုယ်ဝမ်းနည်းလိုက်တာ၊ တကယ်ဆို ဖြစ်ရမှာက ဝန်ကြီးက ဘာပြောပြော မဖြစ်နိုင်သေးရင် မဖြစ်သေးဘူး။ ဘယ်လောက်အချိန်ယူ ရေးဆွဲရမယ်ဆိုတာ ရှင်းလင်းပြောရဲရမှာပေါ့၊ ဝန်ကြီးက ငါ့အာခံတယ် ထင်ရင်လည်း မှန်တဲ့နေရာမှာ ခံရဲရမှာပဲ၊ သူ ပြောလိုက်ပုံက အဲဒီစီမံကိန်းတွေ သူနဲ့ ဘာမှ မဆိုင်သလိုပဲ "
မမြမေ ပြောဟန်များသည် သာမာန်မင်းကတော်များကဲ့သို့ မဟုတ်ပေ၊ အေဘီအမ်ကျောင်းထွက်ဖြစ်သော်လည်း သူ၏တာဝန်သိတတ်သော မျိုးချစ်စိတ်ကို ကျွန်မစိတ်ထဲမှ ချီးကျူးမိ၏။
" အမှန်တော့ အတွင်းကျကျ သိလေ ဝမ်းနည်းစရာတွေ အများကြီးပဲ၊ ကိုယ်ထင်တယ်လေ၊ အစိုးရအဖွဲ့ကလည်း စေတနာတွေ တပုံတပင်နဲ့ ဘာမဆို လောလွန်းတယ်၊ သူ့နောက်ပိုင်းက လိုက်တဲ့လူတွေကလည်း စေတနာမဲ့လွန်းတယ်၊ ဒီတော့ အစိုးရမှာ ခါးပြတ်နေသလိုပဲ "
" လူတွေအားလုံးတော့လည်း မဟုတ်ပါဘူးကွယ် "
" အေးပါလေ၊ သန်းခေါင်အထိ မီးထွန်းပြီး လုပ်ရတဲ့အတွင်းဝန်တွေလည်း အများကြီးပါ၊ ဒါတွေလည်း ချီးကျူးပါတယ်၊ ကိုယ့်ယောက်ျားလိုဟာမျိုးက ဘယ်နှယောက်ပါနေမလဲ မင်း သိလား၊ သူ့ပြောပုံတွေက 'ဒါ ငါ့တာဝန်'လို့ လေးလေးနက်နက် ရှိပုံ မရပါဘူး၊ 'ဘယ်အစိုးရ တက်တက် တို့ကတော့ အမြဲရှိနေရမှာ' ဆိုတာလဲ သူ့ပါးစပ်က ပြောနေတော့ ကိုယ် သိပ်စိတ်ပျက်တာပဲ၊ အဲဒီတုန်းက ဒုတိယတစ်ခါ ကိုယ် နည်းနည်း သူ့အလုပ်မှာ စွက်ဖက်ပြောမိတယ်၊ သူ့အမျိုး ဒေါက်တာကြီးကတောင် ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလို တာဝန်မဲ့ မပြောသင့်ကြောင်း ပြောသွားသေးတယ်၊ ကိုယ်ကတော့ ဘာမှ မပြောတော့ပါဘူး၊ ခဏခဏ ဆိုသလို သူ့စကားလုံးတွေက သရော်တော်တော်နဲ့ မိတ်ဆွေတွေချင်းပေမယ့် 'မကြာတော့ပါဘူး၊ အစိုးရလုပ် ရှူးဖိနပ်တွေ ပေါ်တော့မယ်၊ အင်္ကျီတွေလည်း မချုပ်ကြနဲ့ဦး၊ အိမ်လည်း မဆောက်ကြနဲ့ဦး၊ သံရေကျိုစက်ကြီးတွေက သံတွေ ထုတ်ပေးလိမ့်မယ်နဲ့ လှောင်ပြီး ပြောတယ်၊ နိုင်ငံရေးသမားတစ်ယောက်ပါးစပ်က သူ့ဝါဒချင်းမှ မတူဘဲ သရော်ချင် သရော်နိုင်တယ်၊ သူ့ပါတီတက်မှ သူ စားရမှာကိုး၊ အစိုးရအရာရှိကတော့ သေအထိ သူတို့ကို တိုင်းပြည်က ငွေပေးနေရတယ်၊ နာမည်ကိုက ' ပြည်သူ့ဝန်ထမ်း'၊ သေသေချာချာ စဉ်းစားကြည့်စမ်း၊ ဘယ်လောက်တာဝန်ကြီးလဲ ဆိုတာ၊ သူ့အနေနဲ့က တာဝန်ရှိတယ်ကွဲ့၊ လေးစားရမယ်၊ မဖြစ်ရင် ဖြစ်အောင် နည်းလမ်းရှာကြရမယ်၊ ကိုယ့်မှာတော့ ဝမ်းနည်းစရာကြီးပါပဲ၊ သူ့အယူအဆတွေနဲ့ဟာ အရှေ့နဲ့အနောက်ပဲ၊ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက် ကွဲတာ အဲဒီအကြောင်းတွေကြောင့် မဟုတ်ဘူးလို့ ကိုယ်ယုံကြည်တယ် "
မမြမေသည် အိပ်၍ပြောရာမှ အားမရသလို ထထိုင်လိုက်ပြန်ကာ-
" သူ့အဖေ ဦးအောင်ကျော်ကြီး ဆုံးတော့ ကိုယ် ကိုယ်တိုင် ပဲခူးသွား သင်္ဂြိုဟ်၊ မဆုံးခင်လည်း ပြုစုပါတယ်၊ အဲဒီကတည်းက ဖေဖေလဲ နည်းနည်းနေမကောင်းဘူး၊ ကိစ္စပြီးလို့ ပြန်လာပြီး ငါးလလောက်ကြာတယ်၊ မေမေ မမာတာနဲ့ ကိုယ့်ကို ဖုန်းဆက်ခေါ်တယ်၊ ကိုယ်လဲ သည်းနေတယ်ဆိုတော့ ကမန်းကတန်းပေါ့၊ ပြင်ဆင်ပြီး သူ့ကိုလဲ ပြောရော 'မင်း ပြန်သွားပြီးရင် ပြန်မလာနဲ့တော့တဲ့'၊ ကဲကွယ် ဘာမှန်းကို မသိဘူး၊ ကိုယ်ဖြင့် ယုံတောင်မယုံနိုင်ဘူး၊ နောက်တော့မှ ကလေးတွေပါ အားလုံးခေါ်သွားလို့ ပြောတယ်၊ အဲဒီကတည်းက ပြတ်ကြတာပဲလေ၊ ကဲ ဒီတော့ 'မင်းတို့ ဘာလို့ ကွဲလဲ 'မေးရင် ကိုယ့်အနေနဲ့ ဘာပြန်ဖြေရမှန်းတောင်မသိဘူး၊ မေမေလဲ ပထမတော့ သက်သာသလိုလိုနဲ့ ကိုယ်တို့အဖြစ်လဲ ရိပ်မိရော တစ်နှစ်လောက် ပြန်လဲသွားတယ်၊ ခုလဲ သိပ်မမာလှဘူး "
သူသည် စကားစ ဖြတ်ပစ်လိုက်ကာ လက်ပတ်နာရီလေးကို ငုံ့၍ကြည့်နေပေသည်။
"မင်းတို့ကို တစ်လ ငါးရာထောက်တယ် ဆို"
"အေး အဲဒါလည်း ကိုယ့်ငွေထဲကပါ၊ ကိုယ့်လက်ဝတ်လက်စားတွေ ဘဏ်မှာ အပ်ထားတယ်ဆိုတာလဲ ကိုယ့်ကိုသာ နှင်လိုက်တယ်၊ ဘာတစ်ခုမှ မပေးလိုက်ဘူး၊ ဒါတွေလည်း ကိုယ် မမက်ပါဘူး၊ သူတို့ယောက်ျားတွေဟာ တို့များကို တယ် အထင်သေးတယ်၊ ပိုက်ဆံရရုံလောက် သူတို့ကိုများ ပေါင်းနေတယ် ထင်တယ်ကွယ်၊ ပိုက်ဆံရရုံလောက်သာဆို လင်တောင်မယူဘူး "
သူသည် ခပ်မဲ့မဲ့လေး ပြောပြီးမှ "ယောက်ျားတစ်ယောက်ရဲ့ စေတနာ မေတ္တာကို မပိုင်တော့တဲ့နောက် ဘာလုပ်တော့မလဲ၊ ရွှေပုံကြီးလဲ မတို့ချင်တော့ပါဘူး "
ဆက်ပြောရင်းမှ ခေါင်းကို ဖြည်းညင်းစွာ ယမ်း၍ နေလေသည်။ ပိုးခန်းဆီးနောက်ကွယ်မှ သူ့ငရဲခန်းလေးကလည်း တစ်မျိုးပင်ဖြစ်ပေသည်။ ပြတင်းဆီသို့ကြည့်နေသော သူ့မျက်လုံးညိုမှောင်မှောင်မှ မျက်ရည်လေးများပင် ဥလာကြသည်။ အပြင်တွင်လည်း မိုးသားတွေ အုံ့၍ မှိုင်းပျပျဖြစ်လာပြန်သည်။ လေအေးများသည် ပြတင်းမှ တိုးဝှေ့ဝင်လာကြရင်း ဝရန်တာရှိနှင်းဆီပန်းရနံ့များကို ကျွန်မတို့နှစ်ဦးရှိရာသို့ သယ်ယူလာလေသည်။ ကျွန်မသည် နှင်းဆီပန်းလေးများကို ချက်ချင်းသတိရ၍ အိပ်ရာမှ ထလိုက်ကာ ဝရန်တာကို ထွက်လာခဲ့သည်။ နှင်းဆီခိုင်များကို ကတ်ကြေးနှင့် ဖြတ်ကာ သူ့ဆီသို့ ယူလာခဲ့သည်။
"မင်း ပြန်ရင် နှင်းဆီပန်းတွေ ယူသွားနော် "
သူသည် ခေါင်းကို ညိတ်ကာ ရှိုက်၍နေလေသည်။
"နှင်းဆီပန်းလေးတွေဟာ သန့်ရှင်းကြည်လင်တဲ့ ငယ်တုန်းက တို့များဘဝရဲ့အထိမ်းအမှတ်အဖြစ်ပေါ့၊ ကိုယ်တော့ ဒီပန်းလေးတွေမြင်တိုင်း စိတ်အေးချမ်းပါတယ်၊ မင်း ငိုနေရင် ကိုယ်လည်း စိတ်မကောင်းပါဘူး၊ 'အချစ်' ဆိုတာ အသည်းနှလုံးမှာ တည်နေတဲ့ ဝိညာဉ်တစ်ခုပါပဲ၊ အသည်းနှလုံးတွေတောင် ပျက်စီးကြေပြုန်းရသေးတာပဲ၊ အချစ်ဆိုတာကတော့ တည်မြဲနိုင်မတဲ့လား၊ ဘေကွန် ပြောသလိုပဲ 'ဘာမှမတည်မြဲတဲ့ လူ့လဝကြီးရဲ့ အဖြစ်အပျက်ဖြစ်ရပ်တွေကို အဟုတ်ကြီး ထင်မှတ်ယုံကြည်နေတဲ့သူဟာ ရေပေါ်မှာ ပန်းချီဆွဲတဲ့သူလို ဘာမှ အရာမထင် အချည်းအနှီးဖြစ်မှာပါပဲ' ဆိုတာလိုပေါ့၊ မငိုပါနဲ့ကွယ်၊ သူတို့အချစ်ကို ယုံမိတဲ့ ကိုယ်တို့စိတ်ကိုပဲ ပြန်ပြီး ထိန်းရမှာပဲ"
သူသည် မျက်ရည်စများကို လက်ကိုင်ပဝါဖြူဖြင့် တို့ကာ သုတ်ရင်း ကျွန်မလက်များကို ဆုပ်၍ ကိုင်လိုက်၏။
"မင်းရဲ့အသည်းနှလုံးမှာ အချစ်ဆိုတဲ့သဘော မဝင်လေသေးတော့ ပြောနိုင်တယ် မခင်သိုက်၊ တကယ့်တကယ် စွဲလမ်းမိကြပြီ ဆိုတော့ မေ့ပျောက်ဖို့ အင်မတန် ခဲယဉ်းတယ်၊ ပြီး ကလေးတွေ တစ်ပုံနဲ့ဟာ၊ ဘာပဲပြောပြော သူ့ကလေးတွေမှာ သူ့ဟန်ပန်သဏ္ဌန်တွေဟာ ပါနေလေတော့ နေ့တိုင်းပဲ အသစ်ဖြစ်ရတယ်၊ ပြီးတော့ မင်း ပြောသလိုမဟုတ်ဘူး၊ ဒီခန္ဓာကိုယ်သာ မစိုးပိုင်လို့ ပျက်စီးဘဝပြောင်းရမယ်၊ အချစ်ကတော့ ဘယ်တော့မှ မသေစေရဘူး။ (အင်မော်တယ်လဖ်) Immortal love ပေါ့ "
သူသည် အင်္ဂလိပ်လို ညှပ်၍ ပြောနေပြန်သည်။
" ကဲ ဒီစကားတွေ ရပ်လိုက်ကြပါစို့၊ ကိုယ် စန္ဒယားတီးပြမယ်လေ၊ မချိန်ကိုလဲ ပန်းတွေ ငှက်ပျောရွက်နဲ့ ထုပ်ခိုင်းလိုက်ဦးမယ် "
သူသည် ခေါင်းခါလိုက်ကာ ခုတင်ပေါ်မှ ဆင်းလိုက်၏။
" အချိန်မရှိတော့ဘူး၊ ကိုယ် သွားမယ်၊ မင် ဘဝပဲ အေးပါတယ်ကွယ်။ ပန်းပွင့်လေးတွေရယ်၊ စန္ဒယားရယ် စာအုပ်ရယ် ဒါတွေနဲ့ပဲ နေတာကောင်းပါတယ်"
သူသည် ခုတင်ခေါင်းရင်း စားပွဲပေါ်မှ ကျွန်မစာအုပ်တစ်အုပ်ကို ကိုင်ကာ ပြောနေပြန်၏။
" ပြီးတော့ မင်းအသည်းနှလုံးဟာ မင်း ငယ်ငယ်ကရေးတဲ့ ကဗျာထဲကလိုပဲ ရှိနေပါစေ ဆိုတာ ကိုယ် အမြဲဆုတောင်းပါတယ်၊ ကိုယ် အဲဒီကဗျာလေးကို မမေ့ပါဘူး၊ မဉ္ဇူသကနတ်ပန်းလို အစဉ်လန်းဆတ် သန့်ရှင်းတဲ့ မင်းရဲ့အသည်းနှလုံး ဆိုတာလေ၊ ကဗျာစပ်တဲ့လူက မေ့နေပြီလား၊ ရှင်ပစ္စေကဗုဒ္ဓါတို့လို တန်ခိုးတော်ရှင် ကိလေသာကင်းငြိမ်းသူတွေသာ ဒီပန်းရှိရာ ရောက်နိုင်တယ် ဆိုတာလေ"
ကျွန်မသည် ပြုံးစနဲ့နဲ့လုပ်ကာ သူ့ပါးကို လိမ်၍ဆွဲလိုက်သည်။
"အဲဒါ အခု မဟုတ်တော့ဘူး၊ ကိုယ့်အသည်းနှလုံးထဲမှာ မင်းနဲ့ခွဲသွားပြီးမှ တစ်ယောက်ယောက် ရှိနေမယ် ဆိုရင်ကော မဖြစ်နိုင်ဘူးလား "
" မဖြစ်နိုင်ဘူး၊ မင်းမျက်လုံးတွေ ဒီလို ကြည်လင်နေသေးသမျှ မင်းပြောတာကို မယုံဘူး၊ မေတ္တာနဲ့အချစ်ဟာ မတူဘူးကွယ့်၊ အချစ်မှာ တဏှာပါလေတော့ အချစ်ဝင်လာရင် ပင်ကိုယ်အရောင်အသွေးဟာ နောက်ကျိလာတယ်၊ အရောင်ဆိုးထားတဲ့ အရည်တစ်ခုခုလိုပေါ့၊ ကဲ မိုးတောင် ရွာလာပြီ၊ သွားမယ် "
သူ ရှေ့က စထွက်နှင့်၍ ကျွန်မသည် ပန်းများကို ကိုင်ကာ သူ့နောက်မှ လိုက်သွားရသည်။ ပန်းများကို ငှက်ပျောရွက်နှင့်ထုပ်ကာ သူ့ကားပေါ်သို့ တင်ပေးလိုက်၏။ ကြီးကြီးကို မသွားခင် သူသည် ကန်တော့လိုက်သေးသည်။
ကားပေါ်ရောက်လျှင်မူ မိုးစက်များကို ကြည့်ရင်း "ယောက်ျားတွေဟာ မိုးလိုပဲဟေ့၊ သူတို့ ရွာချင်တဲ့အချိန် ရွာတတ်တယ် "ဟု ကျွန်မကို ခပ်ဟစ်ဟစ်ပြော၍ သွားလေသည်။
သူ့ကို တွေ့လိုက်ရသည်မှာ ကြည်နူးနှစ်သိမ့်သလို ဖြစ်၍သွားလေသည်။ သူ့အကြောင်းများကြောင့် စိတ်မကောင်းရသည်မှာ တခြားသက်သက်လို ဖြစ်နေပေသည်။
* * *
ညနေစောင်းတွင်မူ မိုးစဲသွား၍ မြေသင်းနံ့များပင် သင်း၍နေလေသည်။ မြေကြီးမှာလည်း ခပ်သိပ်သိပ်ဖြစ်၍သွားကာ နင်း၍ကောင်းရုံ ရှိနေတော့သည်။ ကောင်းကင်ပြာတွင် တိမ်ညိုတို့ တစ်စွန်းတစ်စ ကျန်ရစ်သေးသော်လည်း နေရောင်ခြည်ဝင်းဝင်းမှာ သစ်ပင်များ ထိပ်ဖျားတွင် ရစ်ဝဲကာ နားနေပေသည်။ နွေမိုးဖြစ်၍ တိမ်ညိုတို့အင်အားမှာ လျော့ပါးလျက်ရှိပေသည်။ ပိတောက်ကို နှိုးပေးပြီးနောက် မိုးဦးကျမှပင် ပေါ်လာတော့မည်ဖြစ်၍ မိုးလွှာမိုးတိမ်များကို ရုတ်သိမ်းနေဟန် ရှိပေသည်။ ပိတောက်ကြွင်းသည်လည်း မြေတွင် သက်ကြရပြီဖြစ်၍ ရနံ့လေးများလောက်သာ လေတွင် မျောပါရပေတော့သည်။
ကျွန်မသည် ပန်းခင်းများထဲသို့ ဖောက်ထားသော မြေနီလမ်းကို တဖြည်းဖြည်းလျှောက်ရင်း တ သ ဖွယ်ကောင်းသော ပိတောက်ရနံ့ကို လိုက်၍ ရှူနေမိပေသည်။ ပိတောက်သင်းပုံသည် ထင်ယောင်ဝိုးဝါးဖြစ်နေသော ဝတ္ထုပုံပြင်များကို ပြောကြားနေသလိုလို တစ်ခုခုနှင့် တွေ့လုခါနီးမှ ပျောက်ကွယ်သွားရသော ခံစားမှုများကို ဖန်ဆင်းဟန်ရှိပေသည်။ ရင်ထဲတွင် ဟာ၍ လွမ်းတဟန်ရှိလာသောအခါ ကျွန်မသည် ပန်းရုံများအနားတွင် ရပ်လိုက်၏။ ခြေရင်းရှိပန်းခင်းများသည် စံပယ်နှင့် နှင်းဆီများဖြစ်၍ ရာသီမပြတ် ပွင့်ကြဆဲဖြစ်ပေသည်။
ထာဝစဉ် ကျွန်မနားတွင် ရှိသော ချစ်စဖွယ်ပန်းလေးများကို မေ့ပျောက်ကာ ရှောင်တခင်ပေါ်လာပြီး လျှင်မြန်စွာ ကွယ်ပျောက်တတ်သောပိတောက်ကို တသ လွမ်းဆွတ်မိသည်ကို ပန်းလေးများက တီးတိုး ပြောဆိုနေကြဟန်ရှိပေသည်။
တစ်ကိုယ်တည်းနေရသော ကျွန်မလိုဘဝတွင် အတွေးနှင့် အငွေ့သည်သာလျှင် ကျွန်မ၏ဘဝပေပဲလား မတွေးတတ်နိုင်တော့ပေ။
ဤသို့နှင့် နွေလည်း နှောင်းကာ ပြောင်းရပေတော့မည်။ ကျွန်မသည်လည်း အိုမင်းရင့်ရော်ရဦးမည်ပါတကား။
မြင်းခွာသံများသည် ကျွန်မအတွေးကို ရုတ်တရက် ဖျက်ဆီးပစ်လိုက်ကြ၏။ ခြံအဝင်ဝတွင် မြင်းကိုယ်စီနှင့် လူလေးယောက်သည် လှပစွာ စီးကာ မြေနီလမ်းအတိုင်း ကျွန်မရှိရာသို့ လာနေကြသည်။ သူတို့သည် အချိုးကျ၍ ရုပ်ရှင်ထဲမှ အမေရိကန်နွားကျောင်းသား ဇာတ်ကောင်များဟန် ပေါက်နေပေသည်။ နောက်မှ မြင်းနှစ်ကောင်ကို စီးလာသူများမှာ ၁၃ နှစ် ကျော်ကျော်ခန့်ရှိ ကလေးများဖြစ်၍ ရှေ့က နှစ်ယောက်မှာ ကိုထင်ပေါ်နှင့် အခြားသူတစ်ဦး ဖြစ်ပေသည်။
ကျွန်မအနီးရောက်လျှင် သူတို့သည် တပြိုင်တည်းလိုလို မြင်းပေါ်မှ ဆင်းကြ၏။ ကိုထင်ပေါ်က မြင်းဇက်ကြိုးကို လက်တစ်ဖက်နှင့် ဆွဲရင်း ကျွန်မအနီး ကပ်လာကာ လူစိမ်းနှင့် မိတ်ဆက်ပေးလေသည်။
" ဦးဝင်းမောင် ဆိုတာ သစ်ထုတ်လုပ်ရေးဘုတ်အဖွဲ့ အတွင်းရေးမှူးပေါ့ မခင်သိုက်၊ ဒီကတော့ ကျွန်တော့်မိတ်ဆွေရင်းကြီး မခင်သိုက်၊ ဘီအေကျောင်းအုပ်ဆရာမကြီးပေါ့ ဦးဝင်းမောင် "
သူက အပြန်အလှန် မိတ်ဆက်ပေးလိုက်လျှင် ဦးဝင်းမောင်သည် ချိုပြုံးသော မျက်နှာထားနှင့် ကျွန်မရှေ့သို့ ကပ်လာကာ အနောက်တိုင်းဆန်ဆန် လက်ကမ်းပေးလိုက်၍ ကျွန်မသည်လည်း လက်ဆွဲနှုတ်ဆက်လိုက်ရသည်။
" ကျွန်တော်က ဦးထင်ပေါ်နဲ့ ခြံနီးချင်းဆိုတော့ ခင်မင်နေကြပါတယ်၊ ဒေါ်ခင်သိုက်နဲ့ မိတ်ဆွေဖြစ်ရတာလဲ အထူးဝမ်းသာပါတယ်၊ ဟောဒါက ကျွန်တော့်သားနှစ်ယောက်၊ သားကြီးက ဝင်းမြင့်အောင်၊ အငယ်က ဝင်းမြင့်နိုင် ...."
ကလေးငယ်များသည် သွက်လက်စွာ ကျွန်မအနားသို့ တိုးလာကြသည်။ နာမည်များကလည်း ခု ခေတ်စားနေသော ဆန်းဆန်း သုံးလုံးတွဲများဖြစ်၍ ကျွန်မ စိတ်ထဲက ပြုံး၍နေမိပေသည်။
" ကဲ ...ဒီခုံတန်းမှာ နားကြပါဦး၊ အမောပြေ လိမ္မော်ရည်လေး ဘာလေး သောက်ကြရအောင် "
ကလေးများသည် ကျွန်မလက်ကို ဆွဲ၍ လှုပ်ကြရင်း -
" မမောသေးဘူး ဆရာမ၊ ကျွန်တော်တို့ ခုမှ ထွက်လာတာ ...၊ ဒယ်ဒီ ဆက်ပြီး စီးရအောင် "
ကျွန်မကိုတလှည့် သူတို့ဖခင်ကိုတလှည့် ပြောနေကြသည်။
" ဟုတ်ပါတယ်ဆရာမ၊ ကျွန်တော်တို့ကို ခွင့်ပြုပါဦး၊ အပြန်မှာ လှည့်ဝင်ခဲ့ပါဦးမယ်၊ ဦးထင်ပေါ်ရော လိုက်ဦးမှာလား ....နေလိုလည်း နေရစ်ခဲ့ပါ၊ အားမနာပါနဲ့ "
ဦးဝင်းမောင်သည် ဦးထင်ပေါ်ဘက်သို့ လှည့်၍ မေးလိုက်၏။
" ကျွန်တော် စကားပြောရစ်ဦးမယ်၊ မနက်က တော်တော်လေး စီးလိုက်သေးတယ် "
သူတို့သည် ခေါင်းကလေးများ ညွှတ်ကာ ကျွန်မကို နှုတ်ဆက်၍ မြင်းပေါ်တက်ကာ ထွက်သွားကြသည်။ ကလေး အကြီးမှာ ကျွန်မဘက်သို့ လက်တဝှေ့ဝှေ့ နှုတ်ဆက်ကာ နေရောင်ခြည်ထဲသို့ ထွက်သွားတော့သည်။ ပါးချိုင့်ကလေးများပေါ်အောင် ပြုံးနေသော သူ့မျက်နှာကလေးမှာ ချစ်စဖွယ် ဖြစ်နေပေသည်။
" ဒီအချိန်ဟာ တော်တော်သာယာတာပဲ၊ မြင်းစီးလို့ အရသာရှိတယ်၊ ဒါပေမဲ့ မခက်သိုက်နဲ့တွေ့ရင် ဘာရယ်မဟုတ်ဘူး၊ စကားပြောချင်တာပဲ "
ကျွန်မသည် သူ့ကို လှည့်ကြည့်ရင်း ရုတ်တရက် အံ့အားသင့်သွားသည်။ ပြီးမှ ဣနြေ္ဒပြန်ဆည်၍ ဘာမှ နားမလည်လိုက်ဟန်လုပ်ပြီး "ကဲ ...လိမ္မော်ရည်သောက်ရအောင် မချိန်ကို သွားခေါ်လိုက်ဦးမယ် "ဟု မြန်မြန်ပြောကာ သူ့စကား ပြန်မစောင့်တော့ဘဲ အိမ်ဘက်သို့ ထွက်လာခဲ့သည်။ မချိန်ကို ရှာပြီး လိမ္မော်ရည်လုပ်ခိုင်းကာ ကြီးကြီးကို ရှာရပြန်သည်။ ကြီးကြီးသည် အိမ်နောက်ဘက်ပန်းခင်းတွင် ပန်းများခူးနေ၍ သွားခေါ်ရပြန်သည်။
" ကြီးကြီး အိမ်ရှေ့မှာ ကိုထင်ပေါ်ရောက်နေတယ်၊ လာပါဦး၊ အနားမှာဖြစ်ဖြစ် နေပါ၊ သူနဲ့ နှစ်ယောက်တည်း စကားမပြောချင်ဘူး "
ကျွန်မသည် ခပ်တိုးတိုးပြော၍ အိမ်ရှေ့ဘက်သို့ ပြန်လာခဲ့၏။ သူသည် မြက်ခင်းအစွန်ရှိ စကားပင်တွင် မြင်းကို ချည်ခဲ့ကာ ကျွန်မရှိရာသို့ ပြန်လျှောက်လာသည်။
"ဟော ...ကြီကြီးလည်း ထွက်လာသကိုး "
သူက ပြုံးရယ်၍ စတင်နှုတ်ဆက်လိုက်၏။
"အေး ..အေး ....၊ ထိုင်ဦး၊ လိမ္မော်ရည်လေး ဘာလေး သောက်ပါဦး၊ ကြီးကြီး ဘုရားဖို့ စပယ်တွေ ခူးလိုက်ဦးမယ် "
ကြီးကြီးသည် သူ့အနား ကပ်လာပြီးမှ လက်ထဲမှ ပန်းခြင်းလေးကို မြှောက်ပြကာ စပယ်ခင်းများဘက်သို့ ထွက်သွားသည်။
သူနှင့်ကျွန်မ ခုံတန်းတစ်ခုတည်းတွင် တစ်ဖက် တစ်စွန်းစီ ထိုင်ကြလေသည်။ မချိန်က လိမ္မော်ရည် နှစ်ဖန်ခွက်ကို ဗန်းလေးနှင့်ထည့်ကာ နှစ်ယောက်ကြားတွင် လာချလေသည်။
" ခင်ဗျားမလဲ တစ်နေ့ တစ်နေ့ ပန်းရယ် စာအုပ်ရယ်ပဲ ပြီးနေတာပဲ "
ကျွန်မရင်များသည် အလိုလို တုန်နေ၍ သူ့စကားကို ခဏ နားထောင်နေမိ၏။
" ဟင် လာပြန်ပြီတစ်ယောက်၊ ရှင်တို့လင်မယားနှစ်ယောက်ဟာ ကွဲနေကြတယ်ဆိုပေမယ့် တစ်စိတ်ထဲ ရှိနေကြသေးတယ်၊ နေ့လည်က မမြမေကလဲ ကျွန်မကို မင်းဘဝက ပန်းရယ် စန္ဒရားရယ် စာအုပ်ရယ်လို့ ပြောသွားသေးတယ်၊ ကဲ ဒီလောက် စကားလုံးချင်း အတွေးချင်း တူနေကြသေးရင် ပြန်ပေါင်းဖို့ သိပ်ကောင်းတာပဲ "
"ဘာ နေ့လည်က ခင်ဗျား မမြမေနဲ့ တွေ့တယ်လား "
သူသည် အံ့ဩစွာ မေးလိုက်၏။
" တွေ့ရုံတင်မကဘူး၊ ထမင်းစား စကားပြောပြီးမှ ပြန်တယ် "
သူသည် ဖန်ခွက်ကိုင်ကာ ခေါင်းတညိတ်ညိတ်နှင့် ခပ်လှမ်းလှမ်းသို့ ကြည့်နေရင်း ချက်ချင်းလိုပင် တည်ငြိမ်သောဟန်ကို ပြောင်းလိုက်သည်။
"သူက ကိုထင်ပေါ် ဆိုးတာ ဘာတာ ဘာမှမပြောဘူး၊ ဘာကြောင့် ကွဲရမှန်းတောင် သူ မသိဘူးတဲ့ "
ကျွန်မသည် ရင်ကြားစေ့နိုင်မည့်စကားကို ရွေး၍ သုံးလိုက်လေသည်။
" သူ ဘယ်သိမလဲ၊ သူ မသိဘူး၊ အချိန်တန်လာလို့ ကွဲရတာပဲ၊ ဒီအကြောင်းကို ပြန်ပြောသင့်တယ်လို့ မယူဆဘူး၊ ဒါပေမဲ့ မခင်သိုက်တော့ သိစေချင်တယ်၊ မခင်သိုက်ဟာ ကျွန်တော့်ကို အမှန်အတိုင်း သိရမယ်လို့ ဆိုချင်တာပါလေ "
သူ့စကားလုံးများကြောင့် ကျွန်မရင်သည် တဒိတ်ဒိတ် ခုန်ပြန်သည်။ သူ့မျက်လုံးများသည် ကျွန်မမျက်နှာပေါ်သို့ စူးစိုက်စွာ ကျရောက်လာပြန်သည်။
" အဲဒီအခါ မခင်သိုက်ဟာ ကျွန်တော် ဘယ်လိုလူစားဆိုတာ တွေးခေါ်လိမ့်မယ်၊ ကျွန်တော့်ကို မခင်သိုက် တွေးတယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပြီ "
" ဘာ့ကြောင့် ကွဲတယ်ဆိုတာပဲ စ ပါဦး"
ကျွန်မသည် ကလေးများကို စာသင်ရင်း ပြောဟန် မနည်းပါအောင် လုပ်၍ ရင့်ကျက်စွာ ပြောလိုက်ရ၏။ အမှန်တော့ သူ့မျက်လုံးဒဏ်သည် ကျွန်မခြေဖျားများထိ အေးစက်သွားအောင် တန်ခိုးထက်နေပေသည်။
"လောကကြီးမှာ လူတွေဟာ လူတစ်စုံတစ်ယောက်ရဲ့အပြုအမူကို မနှစ်သက်လာရင် စုံးစုံးနစ်အောင် ဒီလူကို လုပ်လိုက်ကြတာပဲ၊ သူတို့စိတ်ထဲမှာ ထင်တယ်၊ ဒီလူဟာ ပြန်ထမလာတော့ဘူးလို့၊ ဒါပေမဲ့ မခင်သိုက် မှတ်ထား၊ အဲဒီ နစ်ပြီးတဲ့လူ ပြန်ထလာမှ အရှိန်ပိုပြင်းတယ်၊ သူတို့အပြုအမူထက် နှစ်ဆပြင်းတဲ့အရှိန်နဲ့ လက်စားပြန်ချေလိမ့်မယ် အောက်မေ့၊ စစ်ပွဲတွေမှာ ကြည့်ပါလား၊ ဝိုင်းအနှိမ်ခံလိုက်ရတဲ့ပြည်တွေ တရှိန်ထိုး ပြန်တက်လာရင် အားလုံး မျက်လုံးပြူးတာပဲ၊ ဂျပန် ဂျာမနီတက်လာပုံကို ကြည့်စမ်း၊ ပြီးတော့ ဂျပန်ခံရပုံကို ကြည့်စမ်း၊ သူတို့စိတ်ထဲမှာ စုံးစုံးနစ် ဘယ်တော့မှ ပြန်တက်မလာတော့ဘူးအထင်နဲ့ ပုလဲဆိပ်ကမ်းက သင်္ဘောတွေ ဗုံးကြဲ နစ်မြုပ်ပစ်လိုက်တာလေ၊ ခု အဲဒီ သင်္ဘောတွေက သူတို့ကျွန်း ပြန်တက်ပြီး ယဉ်ကျေးမှုကိုတောင် မျိုနေပြီ၊ တစ်ဆက်က ခေါင်းငုံ့ခံလိုက်ရပေမဲ့ နောက်တစ်ဆက်ကျတော့ ခေါင်းထောင်ထလာတာပဲ "
သူ့စကားလုံးထဲတွင် သူတို့အိမ်ထောင်ရေးအကြောင်းကို ကျွန်မ မသိရသေးပေ။ သို့သော် နောက်ပိုင်းတွင်မူ တစ်စုံတစ်ရာ ကွယ်ဝှက်ဟန်ဆောင်ထားခြင်းမရှိဘဲ သူသည် ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောပြ၏။ သူ ပြောပြစဉ် ကျွန်မသည် သူ့ကို မုန်း၏။ ရွံ၏။ စက်ဆုပ်၏။ ကြောက်၏။ အော်ဟစ်ပစ်လိုက်ချင်သည်။
"အဲဒီက စပြီး ကျွန်တော့်ဘဝကို သင်လိုက်တာပဲ၊ သေးသေးလေးဖြစ်ဖြစ် ကြီးကြီးကိစ္စဖြစ်ဖြစ် ကျွန်တော် လက်စားချေရမှ ကျေနပ်မယ် "
ကျွန်မသည် လှုပ်ရှား၍မရအောင် ဣနြေ္ဒပျက်နေပေသည်။ သူ့မျက်လုံးများသည် တဖျပ်ဖျပ်နှင့် မှော်ဆရာကြီးများ မျက်လုံးလို တန်ခိုးကြီးလာပေသည်။
" ဘုရားသခင်ရဲ့ရန်ငြိုးကို ခွင့်လွှတ်ရမယ်၊ မေ့ပျောက်ရမယ်ဆိုတဲ့ စကားလုံးကို မေ့နေပြီလား "
ကျွန်မသည် ခပ်တိုးတိုးပြောလိုက်လျှင် သူသည် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။။
" ဆရာမကြီး ပီသလိုက်တာဗျာ၊ စကားလုံးတွေက ဆုံးမသံ ပါလိုက်တာ၊ အင်း ...အင်း ...ဝမ်းသာလိုက်တာ၊ ကျွန်တော့်ကို အစဉ်ဆုံးမနိုင်ပါစေဗျာ "
သူ့စကားမှာ အဓိပ္ပါယ်အများကြီးပါ၍ ကျွန်မ ကြောင်သွားစဉ်မှာပင် စကားဆက်ခွင့်မရတော့ပေ။ ကားတစ်စီးသည် အိမ်ရှေ့ဆင်ဝင်တွင် ထိုးရပ်၍ ကားမောင်းသူ ပြေးဆင်းလာ၏။ ကားမောင်းသူသည် တုန်တုန်ယင်ယင်ဖြစ်ကာ အသံကိုပင် ထိန်းမရနိုင်အောင် အော်ကျယ်ဟစ်ကျယ် ပြောနေပေသည်။
" ဆရာ၊ ဆရာဦးဝင်းမောင်က ပြန်ချင် ပြန်တော့တဲ့၊ ကျွန်တော့်ဆရာတော့ ဆေးရုံရောက်နေပြီ "
"ဟေ ဘယ်လိုဖြစ်တာလဲ "
သူသည် ခုံတန်းမှ ရုတ်တရက် ထလိုက်၏။
"ဒီက မြင်းစီးထွက်သွားတာ ကမ္ဘာအေးမရောက်ခင် ဝင်းမြင့်အောင်ရဲ့မြင်းက ထ ခုန်လိုက် ပေါက်လိုက်တာ ဝင်းမြင့်အောင် မြေကြီးပေါ် ကျရော၊ အဲဒါ မြင်းက တစ်ခါ ပြန်နင်းတာ ခြေတစ်ဖက် ကျိုးသလား ကြေသလား မသိဘူး၊ ပြီးတော့ မြောက်တက်သွားပြီးမှ ပြန်ကျလို့ ခါးလည်း ကောင်းလိမ့်မယ် မထင်ဘူးတဲ့ "
"ဟင်... ဦးဝင်းမောင်က ဘယ်မှာလဲ "
"ဆရာက ချက်ချင်း ကားတစ်စီးကြုံတာနဲ့ သားနှစ်ယောက် တင်ပြီး ဆေးရုံတန်းသွားတယ်၊ ဆေးရုံက ဖုန်းဆက်ပြောလို့ ကျွန်တော် မမ သွားပို့ခဲ့တယ်၊ ခု မြင်းတွေ ထားရစ်ခဲ့တာ ကျွန်တော် သွားသိမ်းမလို့၊ ကလေးကတော့ ခွဲတဲ့အခန်းထဲ ရောက်နေလို့ ကျွန်တော် မတွေ့ခဲ့ရဘူး"
" အို ...ဖြစ်မှ ဖြစ်ရလေကွယ် "
ကိုထင်ပေါ် နဖူးတွင် ချွေးသီးများ စို့လာကာ အလွန်ပင် စိတ်ထိခိုက်ဟန် ပေါက်နေပေတော့သည်။
"ကဲ ...ဒီလိုဆို ကျွန်မကားနဲ့ လိုက်သွားရအောင် "
သူသည် ငိုင်နေရာမှ သတိရသလို "အင်း ...ကောင်းသားပဲ"ဟု ဆို၏။
ကြီးကြီးလည်း အနားရောက်လာကာ စုပ်တသပ်သပ် ဖြစ်နေတော့သည်။ ကျွန်မကားနှင့် သုံးယောက်သား ဆေးရုံသို့ ထွက်လာခဲ့ချိန်တွင် ပါးချိုင့်ကလေးများပေါ်အောင် ပြုံး၍ လက်တဝှေ့ဝှေ့ နှုတ်ဆက်သွားသော ဝင်းမြင့်အောင်ကို မျက်စိထဲတွင် မြင်၍ နေပေတော့သည်။
* * *
ဆေးရုံကြီးရောက်လျှင် ခွဲစိတ်သည့် အခန်းရှိရာသို့ အပြေးအလွှား တက်ကြသည်။ အခန်းဝတွင် မိန်းမတစ်ယောက်သည် ငို၍နေပေသည်။ ဝင်းမြင့်နိုင်နှင့် အိမ်ဖော်ဖြစ်ဟန်တူသော မိန်းမကြီးတစ်ယောက်သည်လည်း အနားမှာ ရပ်လျက်ရှိ၏။
"အဲဒါ ဝင်းမြင့်အောင်တို့ရဲ့အမေ" ဟု ကိုထင်ပေါ်က ကျွန်မကို ခပ်တိုးတိုး ပြောလိုက်သည်။ ကိုထင်ပေါ်သည် ထိုမိန်းမအနားသို့ တိုးကပ်သွားကာ ကလေးအခြေအနေကို မေးလိုက်၏။
"မပြောနိုင်သေးဘူး ကိုထင်ပေါ်၊ ကျွန်မကိုလည်း ကြည့်ခွင့် မပေးသေးဘူး၊ အကြာကြီး အထဲမှာ နေရမှာ ထင်တယ်၊ ခြေနှစ်ချောင်းလုံးလိုလို ကျိုးသွားတာတဲ့"
ကတုန်ကရင်နှင့် ပြောကာ သူမမှာ ဆက်၍ ငိုပြန်ရှာသည်။
ရုပ်ရည်မှာ ချောလှသည် မဟုတ်သော်လည်း အသားအတော်ဖြူသော မိန်းမဖြစ်၏။ ဦးဝင်းမောင်က အဆက်အပေါက် ပို၍ချောဟန်ရှိပေသည်။ ဝင်းမြင့်နိုင်၏ပခုံးကို ကျွန်မသည် အသာ ဖက်ထားရင်း "ဆရာမဖြင့် ရင်တွေ တုန်နေတာပဲကွယ်၊ ခုလေးပဲ မင်းတို့နဲ့တွေ့ရပြီး မျက်စိအောက်က ပျောက်ကာရှိသေးတယ်၊ ဖြစ်ရတာများနှယ် "ဟုပင် ကလေးကို စ၍ ပြောနေမိသည်။
ကြီးကြီးလည်း ထိုမင်းကတော်နားတွင် ဝင်ထိုင်ကာ ခုခေတ်တွင် ဆေးများ တန်ခိုးထက်ကြောင်း၊ ကျိုးသွားတောင် စိုးရိမ်စရာမရှိကြောင်းနှင့် စိတ်သက်သာအောင် ပြောပြနေပုံရပေသည်။
ကိုထင်ပေါ့်မျက်နှာကမူ သွေးမရှိသလို ဖြူဖပ်ဖြူရော်ပင် ဖြစ်နေပေသည်။
"အတော် အသည်းငယ်သူပေပဲလား၊ အလွန်ပင် သနားကြင်နာတတ်သော သူပဲလား "
ကျွန်မသည် ကွဲပြားစွာ မတွေးတတ်ပေ။
စောင့်နေရသော အချိန်သည် ကြောက်မက်ဖွယ်ရာကောင်းသော အကြောင်းများကို ဖန်ဆင်းနေသလိုပင်ဖြစ်နေပေသည်။ မိခင်လုပ်သူက စိတ်တွင်မူ သေသည်အထိလည်း တွေး၍ ပူပန်ချင် ပူပန်ရှာပေမည်။
ခွဲစိတ်ခန်းထဲမှ လူတစ်ယောက် ဖြည်းညင်းစွာ ထွက်လာသည်။
"ကိုကိုဝင်း သား ဘယ်နှယ့်နေလဲ"
မိခင်သည် ထခုန်မတတ် သူ့ယောက်ျားကို ဆွဲကိုင်ကာ မေးလိုက်၏။
" မသေနိုင်ဘူး တင်တင်၊ သား မသေပါဘူး၊ သိပ် စိတ်မညစ်ပါနဲ့၊ ခြေထောက်ကျိုးတာလောက်ပဲ၊ ပလာစတာကိုင်ပြီး ပြန်ကောင်းလာမှာပေါ့၊ မြင်းလေးဟာ အင်မတန် သဘောကောင်းတာ၊ ဘယ်လိုများ ဖြစ်လဲ မသိဘူး၊ သားရဲ့ကံပေါ့"
ဦးဝင်းမောင်သည် သူ့ဇနီးအား စိတ်သက်သာအောင် ပြောနေသည်။
"အမလေး လူစဉ်မှ မှီပါဦးမလား သားရယ်"
ကျွန်မသည် နံရံကို ခေါင်းမှီကာ မိခင်၏ကြေကွဲစွာ ပြောသံကို နားထောင်နေရင်း ကြက်သီးများ ထကာ လက်များပင် အေးစက်သွားသည်။
ကိုထင်ပေါ် ဦးဝင်မောင်အနား ကပ်လာစဉ်တွင် ဦးဝင်းမောင်သည် ကုသိုလ်ဖြစ်လူနာများ ထားရာဘက်ဆီသို့ ကိုထင်ပေါ်ကို ခေါ်၍သွားလေသည်။ အတော်ကြာမှ နှစ်ယောက်သား ပြန်၍လာသည်။
"ဆရာမလည်း ပါသကိုး၊ သားက နည်းနည်းကြာဦးမယ်၊ နက်ဖြန်မှ ဆေးရုံလာတွေ့ကြပါလား၊ ဖြစ်ပြီးတာတော့ ပြီးပါပြီ၊ နောက်လူတွေ ပင်ပန်းရတာ မကောင်းပါဘူး၊ တင်တင်လည်း ပြန်လိုက်သွားပါလား၊ ညမှ တစ်ခါလာလေ "
ဦးဝင်းမောင်က ကျွန်မအားတစ်လှည့် သူ့ဇနီးအား တစ်လှည့် ပြောလိုက်၏။
"ဟင့်အင်း မပြန်ဘူး၊ သားမျက်နှာ ကြည့်ရပြီးမှ ပြန်မယ် "
မင်းကတော်သည် ပြင်းပြင်းထန်ထန် ငြင်းဆန်နေသည်။
" သူ နေချင် နေပါစေဗျာ"
ကိုထင်ပေါ် ဝင်ပြောလိုက်၏။
"ကဲ... ဒါဖြင် သားလေး အိမ်ပြန်ပြီး ထမင်းတွေဘာတွေ စားနော်၊ ဆရာမတို့နဲ့ လိုက်သွား "
ဝင်းမြင့်နိုင်သည် ပြန်ချင်ဟန်မရှိသေးသော်လည်း ဖခင်အား ငြင်းဆန်လိုပုံမပေါ်ဘဲ ခေါင်းညိတ်၍ပြ၏။
"ကဲ ...ကျွန်တော် ခဏ ပြန်ဝင်သွားဦးမယ် "
ဦးဝင်းမောင်သည် တံခါးကို အသာတွန်းကာ ပြန်ဝင်သွားတော့သည်။ ကျွန်မတို့သည် ဝင်းမြင့်နိုင်အား ခေါ်ခဲ့ကာ မင်းကတော်ကို နှုတ်ဆက်၍ ပြန်လာခဲ့ကြပေသည်။
လမ်းတလျှောက်လုံးတွင် ကိုထင်ပေါ်သည် စကားတစ်လုံးမျှ မပြောပေ။ သူတို့နှစ်ယောက်ကို ဂွတ္တလစ်လမ်းပေါ်ရှိ တိုက်အိမ်များတွင် ပို့၍ ထားခဲ့၏။ အိမ်များမှာ နဂါးဘတ်စ်ကားလမ်း ကုက္ကိုင်းဘက်မှ ဝင်သွားလျှင် ဘယ်ဘက်လမ်းပေါ်တွင်ဖြစ်၍ မြင်းပြိုင်ကွင်းဘက်ကို ပို၍နီးပေသည်။
* * * * *
အိမ်ပြန်ရောက်လျှင် ရင်နာနေသလိုလို ခေါင်းခဲနေသလိုလို ဖြစ်၍နေပေသည်။
"ကြီးကြီး ထမင်းစားချင်လဲ စားနှင့်၊ ကျွန်မတော့ မစားချင်တော့ဘူး၊ ဆာမှ ဟောလစ်လေးဘာလေး မချိန်ဆီ တောင်းသောက်တော့မယ် "ဟု ကြီးကြီးကို ပြောခဲ့ကာ အပေါ်အိပ်ခန်းဆီသို့ တက်လာခဲ့၏။
ခုတင်ပေါ်တွင် ပစ်လှဲကာ စိတ်ကို နားကြည့်မိ၏။ သို့သော် နား၍မရ။ တစ်နေ့လုံး ပင်ပင်ပန်းပန်း စိတ်သောက ရောက်ခဲ့ရသလို ဖြစ်၍နေပေသည်။ စနေနေ့၏ နေ့လယ်ပိုင်းမှသည် သည်ညနေစောင်းအထိ မကြာလှသော အချိန်လေးအတွင်းတွင် အဖြစ်အပျက်အများကြီးကို ကျွန်မ သိလိုက်၏။ စိတ်မချမ်းမြေ့စရာလည်း ဖြစ်လိုက်၏။ ဆရာမဖြစ်နေ၍ ကလေးတစ်ယောက်အတွက် များစွာ စိတ်ထိခိုက်နေမိသလားမသိပေ။
ခဏခဏဆိုသလို မျက်လုံးထဲတွင် ဝဲကာ ပေါ်၍လာသောမျက်နှာမှာ ကိုထင်ပေါ့်မျက်နှာဖြစ်၏။ သေးငယ်စူးရှသော မျက်လုံးအိမ်မှ ရောင်ခြည်များပင် ဖြာထွက်လာသလို ထင်ရပေ၏။ သူ ညနေက ပြောသမျှစကားသံတွေ စကားလုံးတွေကို အားလုံးလိုလိုပင် ကြား၍နေရပေ၏။
" ကျွန်တော့်အဖေကို မယားခိုးတဲ့သူရယ်လို့ ပဲခူးရဲ့ပတ်ဝန်းကျင်က ဝိုင်းပယ်တယ်၊ ဦးဆောင်လှုံ့ဆော်တဲ့သူက မမြမေအဖေပဲ၊ ကျွန်တော်ရယ်ချင်တာက သူတို့တွေကရော ဘယ်လောက်များ သန့်လို့လဲ၊ တစ်ခါ အလှူပွဲတစ်ခုမှာ အရှက်ခွဲပုံက သူတို့ဝိုင်းထဲကို အဖေက နောက်မှရောက်လာလို့ ဝင်လဲ ထိုင်လိုက်ရော ဗြောင်ပဲ အားလုံး ထသွားကြတယ်၊ ပထမဆုံး ထသွားတာက မမြမေအဖေပဲ၊ ဖေဖေ့အနေနဲ့ အဲဒီတုန်းက သိပ်ပြီး အရှက်ရခဲ့ရတယ်၊ ဒုတိယ အဖေက စပါးအဝယ်တော်၊ အဖေ့ကို စီးပွားရေးနဲ့ ဝိုင်းသတ်ကြတယ်၊ မမြမေအဖေက စက်ရော လယ်မြေတွေရော သောက်သောက်လဲချမ်းသာတော့ သူက ဟိတ်ဆို အားလုံးက မီးသေရတဲ့ခေတ်၊ ကျွန်တော့်အဖေဟာ အလူးအလဲ ခံရတယ်၊ ဒါတွေကို ကျွန်တော် မသိဘူး၊ ကျွန်တော်က အဒေါ့်ဆီမှာ၊ ကျွန်တော့်မိထွေး ဆုံးပြီး ဖေဖေ တော်တော် မမာတယ်၊ အဲဒီတုန်းက ကျွန်တော် အပြန်မှာ ဖေဖေက အားလုံးပြောပြတယ်၊ သူ စပါးတွေ ဝယ်မရလေတော့ နယ်ပြောင်းမလိုတောင် ဖြစ်ခဲ့ရတယ်၊ ရှင်းရှင်း ဝန်ခံရရင် စီးပွားရေးလည်း ကသောင်းကနင်းဖြစ်သွားလိုက်တာ မိထွေးသေမှ မိထွေးပစ္စည်းကို ကျွန်တော်ရတယ်၊ အများထင်သလို ကျွန်တော့်အဖေမှာ မစားသာခဲ့ဘူး၊ မိထွေးက သူသေမှ သူ့ပစ္စည်းကို အထိခံတယ်၊ လူတစ်ယောက်ဟာ ဆင်းရဲရတာထက် (society)ဆိုဆိုင်တီက ဝိုင်းပယ်ခံရတယ် ဆိုတာ သိပ်ရှက်ဖို့ကောင်းတယ်၊ ကျွန်တော့်အဖေဟာ အဲဒီအကြောင်းတွေ ပြောတုန်းက အသားတွေတုန်ပြီး မျက်ရည် ပေါက်ပေါက်ကျလာတယ်၊ ဒီမှာ မခင်သိုက် ... လောကမှာ မယားခိုးတာဟာ အပြစ်ကြီးတာ မှန်ပါတယ်၊ ဒါပေမဲ့ ' ဖောက်ပြားတယ် 'ဆိုတဲ့ကိစ္စမှာ နှစ်ဦး သဘောတူမှပါ "
သူ့စကားကို နားထောင်ရင်း မမြမေ စကားလုံးကို ကျွန်မသည် ပြန်၍ သတိရပြန်သည်။ နားထဲတွင် ပျားပျံနေသလို သူ့စကားသံများ တစီစီဖြစ်နေ၏။ ခေါင်းကိုပင် ထုချင်လာပေသည်။
မချိန်သည် ခေါင်းရင်းမှ မီးခလုတ်ကို လာဖွင့်သည်။
" မမလေး အခန်းကလည်း မှောင်မည်းလို့၊ ပြတင်းတွေလည်း မပိတ်သေးပါလား"
သူသည် ပြတင်းပေါက်များကို လိုက်၍ ပိတ်နေသည်။ သူ့စကားသံကို ကြားမှ အိပ်ရာမှ လူးလဲထကာ ညအိပ်ရန် အဝတ်များကို လဲလိုက်ရ၏။
" မမလေး အိပ်တော့မလို့လား၊ ဘာမှ မစားဘူးလား "
"ဟောလစ်တစ်ခွက်ပဲ ယူခဲ့တော့ "
မချိန် ထွက်သွားလျှင် ခုတင်ပေါ် ပြန်လှဲနေပြန်သည်။
သူ ဆက်ပြောသောစကားမှာ လူမိုက်ဆန်သည်ဟု ကျွန်မ ထင်၏။
" အဲဒီကတည်းက ကျွန်တော်ဟာ သိပ် လက်စားချေချင်တာပဲ၊ စစ်ဖြစ်တော့မယ်ဆိုတော့ သူ့အဖေက မမာနေပြီ၊ ကျွန်တော်က ပဲခူးမှာ နယ်ပိုင်၊ ကျွန်တော် မရ ရတဲ့နည်းနဲ့ သိုင်းဝိုင်းပြီး လုပ်တာ မမြမေကို ရခဲ့တယ်၊ ဒီတုန်းက ကာလပျက်ခါနီး ဆိုတော့ ခြောက်လို့ လှိမ့်လို့ သိပ်ကောင်းတာပဲ၊ ခင်ဗျား မမြမေကလည်း ကျွန်တော့်ဘက် ပါတယ်၊ အရေးအကြီးဆုံးက မမြမေပဲ၊ ဒီခလုတ်ကို ပိုင်အောင် နှိပ်ထားလိုက်တော့ ပြီးနေတာပေါ့၊ ဒါပေမဲ့ ကျုပ် ချစ်လို့လက်ထပ်ခဲ့တာ မဟုတ်ဘူး၊ လက်စားချေချင်လို့၊ အဲဒီကတည်းက အာဏာဆိုတဲ့အရသာကို ကျုပ် မြည်းစမ်း သိခဲ့ပါတယ် "
ပြန်တွေးသော အချိန်ပိုင်းလေးတွင်တောင်မှ ကျွန်မသည် သူ့ကို မုန်းသောစိတ် ပို၍ဖြစ်လာ၏။ ကြောက်လည်း ကြောက်၍လာလေသည်။ ကြိုးစားကာ မေ့ပျောက်ပစ်၏။ အတင်းအိပ်ကြည့်၏။ မရပေ။ မမြမေ၏အဖေသည်လည်း သူ ရွံရှာမုန်းတီးသူ၏ သားနှင့်မှ သမီးရ၍ စိတ္တဇနှင့် နာတာရှည်လဲပြန်သည်ဟု ဆိုသည်။ မေးချင်သည်များကို ပြန်လည်မမေးရခင် ဝင်းမြင့်အောင်ကိစ္စက ပေါ်၍လာလေသည်။
" တစ်ခါတစ်လေ လောကကြီးမှာ လူဆိုးဆိုတဲ့လူတွေဟာ ပင်ကိုယ်က ဆိုးချင်တာမဟုတ်ဘူး၊ ဘေးက ဖိလာတဲ့ဒဏ်ကို ပြန်ပြီးခံချရင်းနဲ့ ဆိုး ဆိုးလာရတယ်၊ အပြစ်တွေကို ကျူးလွန်လာရတယ်၊ ခင်ဗျားဘဝက ရိုးရိုးနဲ့အေးအေးလေးရယ်၊ ကျွန်တော်တို့ကျတော့ ငြိမ်ခံနေရင် ပတ်ဝန်းကျင်က ဝိုင်းနှစ်လိုက်မှာပေါ့၊ မြုပ်သွားမှာပေါ့ "
ထိုစကားလုံးများကို သူသည် သူ့အပြစ်များကို ဖုံးကွယ်လို၍ပြောသည်ဟု ကျွန်မက ယူဆမိပေသည်။ သူ စကားပြောနေစဉ် ကြောက်မက်ဖွယ်ရာကောင်းသော မျက်လုံးများသာ တလက်လက် တောက်ပလာပြန်၏။ မီးလျှံတို့ပင် ထိုမျက်လုံးတို့မှ သွန်ထွက်လာလေသလား ထင်ရအောင် ဝင်းဝင်တောက်လာပေသည်။
" ဒါမှလည်း သံသရာဆိုတာ မဆုံးမှာပေါ့"ဟု ဆက်ပြောပြန်သည်။
" တစ်ယောက်က ပြုခဲ့တဲ့အမှုကို ခေါင်းငုံ့ခံလိုက်ရင် သံသရာက ပြတ်သွားမှာပေါ့၊ ကျွန်တော့်ရဲ့အယူအဆကတော့ မပြတ်ရဘူး၊ အစဉ် လည်သွားရမယ်၊ ကျွန်တော်ရှုံးသွားရင် လှိမ့်ခံမယ်၊ ကျွန်တော် နိုင်တဲ့အလှည့်ကျရင်လဲ ဟဲ ...ဟဲ ...ခါးစည်းခံကြပေတော့ "
" ဒီလိုသာဆို လောကကြီးက သိပ်ကြောက်စရာကောင်းလာမှာပေါ့၊ သည်းခံမှုနဲ့ အနိုင်ယူရမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ စကားတွေကလဲ အဓိပ္ပါယ် ဘယ်ရှိတော့မလဲ၊ ဘဝတစ်ခုလုံးကလဲ ဘယ်တော့ ချမ်းငြိမ်းနိုင်ပါ့မလဲ၊ ရှင့်ကို လူတွေက သိပ်မုန်းလာမှာပေါ့ "
ကျွန်မသည် ကတုန်ကရင်နှင့် ဝင်စွက်ကာ ပြောလိုက်၏။
" ကျွန်တော့်ကိုချည်း သိပ်တရားပြမနေနဲ့ ဆရာမကြီးရဲ့၊ သူတို့ လျှမ်းလျှမ်းတောက်ခဲ့တဲ့အချိန်တုန်းကတော့ 'မောင်ထင်ပေါ်တို့သားအဖ သနားစရာကောင်းလှချည့်'လို့ ငဲ့များ ငဲ့ခဲ့ကြသလား၊ လူတစ်ယောက်မှာ စားကွက်မရှိအောင် အပေါင်းအသင်းက ဝိုင်းပယ်အောင်လုပ်တယ် ဆိုတာလောက် ညှင်းတာ ဆိုးတာဟာ မရှိတော့ဘူး၊ သူတို့အလှည့်တုန်းကတော့ ကျုပ်အဖေကို ခွေးကျကျအောင် ကလေကချေဖြစ်အောင် လုပ်ခဲ့တယ်၊ ကျုပ်ဟာ စာသင်ရင်း ကသီလင်တဖြစ်လို့ အဒေါ်က ဆက်ထောက်ပံ့ခဲ့ရတယ်၊ ကျုပ်အလှည့်ကျတော့လည်း ကျုပ် ထောင်လာပြီလေ၊ သတိသာ ထားကြတော့၊ အလှည့်ကျရင် မနွဲ့ရဘူးပေါ့၊ ဟား ....ဟား ....ဟား ..."
နားနားတွင် ဟစ်၍ ရယ်လိုက်သလို သူ့ရယ်သံကြီးကို ကြားမိပြန်သည်။ ကျွန်မသည် ရုတ်တရက် ယောင်၍ နားများကိုပင် ပိတ်ထားလိုက်မိပြန်သည်။ သူ့အတွေးအခေါ်များ၏ ကြောက်မက်ဖွယ်ရာအဓိပ္ပါယ်များကို တွေးမိပြန်လျှင် ကြက်သီးမွေးညင်း ထလာ၏။ သူ့ဘဝဝယ် အလင်းရောင်လမ်းစကို မမြင်နိုင်တော့ပေတကား။ မှောင်အတိကျနေသော ကန္တာရတွင် သူ စုံးစုံးနစ်နေပြီဟူသော အသိပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျွန်မ၏နှလုံးသားများသည် နာကျင်သလို ဖြစ်၍သွားပြန်သည်။
ယခင့်ယခင်က သူ့အကြောင်းများသည် တစ်ဆင့်စကား ကြားရခြင်းဖြစ်သည်။ ထိုသို့ကြားခဲ့ရစဉ်က သူ့အပေါ်တွင် မုန်းတီးရွံရှာခဲ့ပြီး ယခု သူ့ဖွင့်ဟဝန်ခံချက်ကို ကြားသောအခါ ယူကျုံးမရသောစိတ်မှာ ပေါ်လာပြန်သည်။ ကျွန်မသည် ကိုယ့်စိတ်ကိုယ် သံသယဖြစ်လာပြန်၏။ သူ့ကို တကယ်မှ မုန်းတီးပါလေစ။
အမှန်စင်စစ်တော့ အမုန်းမီးလျှံတို့ တညီးညီးလောင်နေသော သူ၏အသည်းနှလုံးအား ငြိမ်းအေးစေချင်သော ကရုဏာစိတ်သာလျှင် ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို ပြန်၍အဖြေပေးမိပြန်သည်။
ထိုကရုဏာစိတ်၏တိုက်တွန်းနှိုးဆော်ချက်ကြောင့်သာ သူ့အပေါ်တွင် စိတ်ဝင်စားကာ သူ့အကြောင်းများကို ယခုလို ညဉ့်နက်သည့်တိုင်အောင် တွေးခေါ်မိခြင်းဖြစ်သည်ဟု မည်သူကမျှ မစစ်ဆေးဘဲ ကျွန်မကိုယ်ကျွန်မ ထပ်မံအဖြေပေးမိပြန်သည်။
မှန်၏။ ထိုမျှ ညဉ့်နက်သောအချိန်တိုင် ကျွန်မသည် သူ့အကြောင်းကို ဘာကြောင့် စဉ်းစားမိနေသည်ကို အဖြေရှာရပေမည်။ သေးငယ်သည်ဆိုသော သူ့မျက်လုံးလေးများသည် တန်ခိုးထက်မြက်၍ ကျွန်မအသည်းနှလုံးကို ဖောက်ထွင်းမည့်ဟန် ရှိကြ၏။ အကယ်၍ ထိုမျက်လုံးသည် ဝိုင်းစက်ကျယ်ဝန်းခဲ့ပါလျှင် နဂါးမျက်လုံးကဲ့သို့ တန်ခိုးထက်ပေမည်လား မသိပေ။
တစ်မှေး အိပ်မည်ကြံတိုင်း ထိုမျက်လုံးတို့သည် ဝဲယာမှ ပေါ်လာကြ၏။ မျက်လုံးငယ်များ၏နောက်ကွယ်မှ စကားသံတို့သည် ဝေးဝေးဆီမှ ရေရွတ်နေသလိုလို အနားကပ်၍ တီးတိုးပြောနေသလို ကြားနေရပြန်၏။
သူ့အကြောင်းများ သူ ရှင်းလင်းပြောပြခဲ့သော နောက်ကြောင်းများတွင် ဘယ်သူ တရားသည် မတရားသည်ကို စဉ်းစားရန် မှော်ဆရာကြီးတစ်ယောက်က အမိန့်ပေးနေသလို စိတ်ထဲ၌ ထင်နေရပြန်သည်။
သူ၏သေးငယ်သောမျက်လုံးလေးများကို ရင်ဆိုင်ကြည့်ရှုရန်ကိုလည်း ကြောက်ရွံ့နေသေးသည်။
ကလေးအကြောင်း တွေးမိပြန်လျှင် သူ့ကို မုန်းလာပြန်လေသည်။ ကြောက်ရွံ့ခြင်း၊ ကရုဏာသက်ခြင်း၊ မုန်းတီးခြင်းတို့သည် ကျွန်မစိတ်ဝယ် တစ်လှည့်စီ ပေါ်လာကြ၏။ စိတ်များကို ကြိုးစားငြိမ်သက်၍ တစ်ချက် မှေးလိုက်သောအခါ ဝင်းမြင့်အောင်၏မျက်နှာမှာ ပြုံးပြုံးလေး ပေါ်လာရာမှ ရုတ်တရက် ငယ်သံပါအောင် အော်ဟစ်လိုက်သလို ကြားရကာ ဖျတ်ခနဲ လန့်နိုးရပြန်၏။ တစ်ခါတစ်ရံ သူ၏ရယ်သံကြီးကို ကြားလိုက်ရပြန်သည်။
အပိုင်း(၃)ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment