Thursday, July 14, 2022

ပန်းများကို ပွင့်စေသူ (အပိုင်း - ၁)



ဖြိုင်ဖြိုင်ကျလာသော နှင်းမှုန်တို့သည် အိပ်ပျော်နေကြသော ကရမက်ပန်းငုံတို့ကို နှိုးလိုက်လေပြီ။ မြောက်လေတွင် သွယ်ပြောင်းသော ပန်းနွယ်ဖြူတို့သည် လှုပ်ရှား ယိမ်းနွဲ့၍ ဆောင်းကို ကြိုလင့်၏။ ထို ရှုမဆုံးသော ကရမက်ပန်းတို့သာလျှင် ကျွန်မခြံတွင် ဖြိုးဖြိုးကြွလျက် ရှိခဲ့လေသည်။ ယခုလိုအချိန်တွင် စနိုးနှင့် မြတ်လေးဖြူတို့သည် သူ့ခြံတွင်များ ပွင့်၍နေကြလေပြီလား ....။ 


နောက်ဆုံး သူနှင့်တွေ့ခဲ့သောနေ့က ပန်းရေတံခွန် သွန်၍များ စီးနေသလား ဟု ထင်ယောင်မှားအောင်ပင် မြတ်လေးဖြူ၊ စနိုးနှင့် ကရမက်ပန်းပွင့်တို့သည် သူ့ခြံတွင် ပြိုင်တူ ပွင့်ခဲ့ကြသည်တကား။ 


ပန်းတို့၏ အရှင်သခင်၊ ပန်းများကို ပွင့်စေသူ။ သူ ပွင့်စေခဲ့သော ပန်းပွင့်လေးတို့သည် ယခုအချိန်တွင် သူ့အကြောင်းကို ဘယ်လိုများ သိမှတ်ရှာကြပေလိမ့်မည်နည်း။ အကယ်၍သာ သူ့နှလုံးသားသည် ပန်းကဲ့သို့ အပြစ်ကင်းမည်။ နှင်းကဲ့သို့ ဖြူစင်၍ အေးချမ်းမည်သာဆိုလျှင် သူ၏ လွမ်းတ ရှုချင်ဖွယ်ကောင်းသော အကြောင်းတို့သည် ကျွန်မနှင့်အတူ ကျန်ရစ်ခဲ့မည်ဖြစ်၏။ 


ယခုတော့ ကျွန်မသည် သူ့ကို ကြိုးစား၍ မေ့ပျောက်ပစ်ခဲ့ရသည်။ 


* * * 


သူနှင့် မိတ်ဆွေဖြစ်ရခြင်းသည် ကြောက်မက်ဖွယ်ရာကောင်းသည်ဟု အများက ပြောဆိုကြသော်လည်း ကျွန်မက မယုံကြည်ခဲ့ပေ။ 


နောက်ဆုံး ရန်ကုန်၌ ပြန်လည်တွေ့ကြသည်တွင် သူ့အား အတွင်းဝန် ဦးထင်ပေါ်အဖြစ်နှင့် တွေ့ဆုံရလေသည်။ 


သူ့ပုံပန်းသဏ္ဌန်မှာ လှသည်ဟု မဆိုနိုင်သော်လည်း တွေးတောရခက်သော မူဟန်ပိုင်ရှင်ဖြစ်၍ ထူးဆန်းသည်ဟု ဆိုရပေမည်။ ပုခုံးထောင့် ကျယ်ကျယ်၊ ခြေတံရှည်ရှည်နှင့် နောက်ကကြည့်လျှင် ယောက်ျားပီသသော လူချောတစ်ယောက်လို ကြည့်၍ကောင်းပေသည်။ သူ့မျက်နှာကမူ မြင့်မားသော ခန္ဓာကိုယ်နှင့်မလိုက်အောင် ပုတိုလှသည်။ အများသောအားဖြင့် ထိုကဲ့သို့သော ခန္ဓာကိုယ်များတွင် ရှည်လျားသွယ်တန်းသော နှာတံများ ပါနေကျဖြစ်သော်လည်း သူ့နှာခေါင်းသည် အရင်းနိမ့်၍ အဖျားမှာ ပွထူကာ ဝက်နှာခေါင်းလို ရှိပေသည်။ အသားဖြူ၍ အစဉ်ပြုံးချိုနေသောကြောင့်သာ မျက်နှာမှာ အကြည့်ရမဆိုးပေ။ သေး၍ရှည်မျောမျော မျက်လုံးလေးများမှာ သူ ဘာကို စဉ်းစားနေသည်ကို အသိရခက်သော သဏ္ဌန်ရှိသည်။ တခြားသူများနှင့် စကားပြောနေစဉ် တဟဲဟဲနှင့် ရယ်မောကာ ကိုယ်ကို လှုပ်၍နေတတ်သည်။ လက်ချောင်းများမှာမူ တီးလုံးတစ်ခုခုကို တီးနေဟန်ရှိပေသည်။ စကားပြောလျှင်လည်း သက်တောင့်သက်သာ အေးအေးဆေးဆေးပင် ပြောတတ်ပေသည်။ 


ကျောင်းအတူနေစဉ်က သူ့တွင် ကြောက်မက်ဖွယ်ရာကောင်းသော အကျင့်ဟူ၍ ဘာမှ မတွေ့ရပေ။ ကျွန်မသူငယ်ချင်းတစ်ယောက်နှင့် တွေချိန်တွင် သူ့သတင်းကို စုံစမ်း၍ ကြည့်ရပေသည်။ ကျွန်မသူငယ်ချင်းမှာ နယ်ပိုင်ဖြစ်စပင် ရှိပေသေးသည်။ 


" ကိုထင်ပေါ်နဲ့ မိတ်ဆွေဖြစ်ရတာ ကြောက်စရာကောင်းတယ်တယ် ဆိုတာ ဘာဖြစ်လို့လဲ၊ ကျွန်မတို့ကျောင်းနေတုန်းကတော့ သူက လူရွှင်တစ်ယောက်ပဲ။ ဘာမှ လေးလေးနက်နက် ပြင်းပြင်းထန်ထန် မရှိလှပါဘူး "


သူငယ်ချင်းမှာ ကျွန်မမေးခွန်းကို မဖြေသေးဘဲ ခေတ္တ စဉ်းစား၍ နေပေသည်။ 


"ဒါက ငယ်ကြသေးလို့ ထင်တာပဲ။ လူတွေဟာ အလုပ်အကိုင်နဲ့ ဖြစ်လာကြတော့မှ အပြိုင်အဆိုင်တို့ အချစ်အမုန်းတို့ ဖြစ်လာပြီး မုန်းရင်မုန်းသလို ချစ်ရက် ချစ်သလို ပြုကြရင်းနဲ့ အကျင့်တွေ ပေါ်လာကြတာပဲ။ ကိုထင်ပေါ်က သူချစ်ရင်တော့ ကောင်းပါရဲ့။ သူ မုန်းလာရင် (ဆိုပါတော့ ...)အလုပ်နဲ့ပတ်သက်လို့ လုပ်ကြကိုင်ကြရင်းဖြစ်ဖြစ်၊ မိန်းမကိစ္စဖြစ်ဖြစ် သူ့ကို ထိခိုက်သွားတာတွေ ဘာတွေရှိရင် သိပ်တေးတာပဲ။ တေးပြီးတော့ မကျေနပ်ရင် မကျေနပ်သလို ဆွဲထိုးလိုက် အလုပ်ဖြုတ်ပစ်နိုင်ရင် ဖြုတ်ပစ်လိုက် 

ဒါကမှ ကောင်းသေးတယ်။ သူက ဒီလို တိုက်ရိုက် လက်စားမချေဘူး"


သူငယ်ချင်းသည် ခေတ္တ တွေးနေပြီးမှ_

 "ဥပမာ စက်ရှင်မင်းကြီး ဦးသောင်းဒန်ကို ကြားဖူးမှာပေါ့။ မော်လမြိုင်က .... "


"ဆိုပါဦး"


" ကဲ ... သူ့တုန်းကဆို အဲဒီလူကြီးဟာ အသည်းကွဲတာပဲ။ ကလပ်မှာ သောက်ကြ စားကြရာက သူနဲ့လက်ရေးတိုစာရေးမလေးကိစ္စကို ဦးသောင်းဒန်က နောက်ကြပြောင်ကြရင်း သူ့ကို လူတွေရှေ့မှာ ပြောလိုက်တာပေါ့လေ။ ပြုံးပြုံးလေးတော့ နားထောင်သွားတာပဲ၊ နောက်မှ လက်စားချေတယ်။ ဘယ်လိုချေသလဲ ဆိုတော့ ထမင်းချက် ပေါစံနဲ့ ဦးသောင်းဒန်သမီးနဲ့ မရ ရအောင် လုပ်ပေးလိုက်တယ်"


"ဟင်"


ကျွန်မသည် မဖြစ်နိုင်သောပုံပြင်တစ်ခုကို ကြားလိုက်ရသလို ထိတ်လန့်၍ သွားပေသည်။ 


"မယုံမရှိနဲ့လေ။ ဦးသောင်းဒန်ဆိုတာလဲ ရင်ကွဲ၊ အမေလုပ်တဲ့လူလဲ အိပ်ရာထဲ ဗုန်းဗုန်းလဲတာပါပဲ။ ပေါစံဘက်က သူက ငွေရေးကြေးရေး အားလုံး ထောက်ပံ့တယ်။ သူ့လက်စားချေနည်းက တိုက်ရိုက်မဟုတ်ဘူး။ အဲဒီလိုနဲ့ တမြည့်မြည့် ဆွေးအောင်လုပ်တာပဲ။ သူ့ကိုလည်း ဘယ့်နှယ်မှ အရေးယူလို့ မရဘူး "


" ရှင် ဒါ ... ဘယ်လိုလုပ်သိသလဲ "


" ပထမတော့ သူများပြောတာ ကြားတာပဲ၊ စစ်ကိုင်းမှာ ကျွန်တော် အလုပ်ဝင်စက သူ့လက်ထောက် အလုပ်သင် ငွေတိုက်ဝန်ထောက်တို့ ဘာတို့ လုပ်ရသေးတယ်လေ။ အဲဒီတော့ တစ်နေ့ အရက်သောက်ကြရင်း သူက ပြောတယ်။ သူ ဆိုလိုချင်တာကတော့ 'ငါ့ကို သိပ်မစမ်းနဲ့ဟေ့၊ ငါက တမြည့်မြည့် ရာသက်ပန် လက်စားချေတတ်တယ်လို့ ' သွယ်ဝိုက်တဲ့နည်းနဲ့ ကျွန်တော့်ကို ခြောက်တယ်လို့ ထင်တာပဲ" 


ကျွန်မ သူငယ်ချင်းစကားများကို မယုံတဝက် ယုံတဝက်နှင့် ကျွန်မမှာ ဆက်လက်နားထောင်၍ နေရလေသည်။ 


" ချောက် ဘီအိုစီက ကိုသက်ဖေနဲ့တုန်းကလည်း ဘယ်လောက်ကြောက်စရာကောင်းလဲ။ ဟိုမှာက ကပွဲတွေ ခဏခဏလုပ်တယ်။ တစ်နေ့ တွဲကဖို့ မိန်းမလုရာက ရန်ဖြစ်ကြတာပေါ့။ ကိုသက်ဖေက လက်ဝှေ့သမားမဟုတ်လား။ သူ့ကို လူတောထဲမှာ အလဲထိုးတာပဲ။ အဲဒါ ခံသွားတာပဲ။ နောက်တော့သာ ကြောက်စရာ လက်စားချေတာပဲ "


" သူ ဆေးရုံတက်နေတာကို ကိုသက်ဖေမိန်းမက သွားတောင်းပန်တယ်။ အဲဒီကနေ တစ်ယောက်နဲ့တစ်ယောက် ခင်မင်သွားပြီး ဝင်ထွက်နေတာပဲ။ ကိုသက်ဖေကလည်း ပြီးပြီးပျောက်ပျောက်လူ ဆိုတော့ ပြန်တည့်သွားကြတာပေါ့။ နောက်ပိုင်းကျတော့ ကိုသက်ဖေက ကပွဲသွားတတ်တဲ့ဝါသနာ ကလပ်သွားတတ်တာတွေကို သူ သိပြီးသားကိုး။ သူ့ကိုတော့ ညပွဲတွေမှာ မတွေ့ရဘူး။ သူ ဘယ်သွားနေတယ် ထင်လဲ ... "


ကျွန်မသည် ခေါင်းကို ခါလိုက်သည်။ 


" ကိုသက်ဖေမိန်းမဆီ ညတိုင်း သွားတာပေါ့။ အပြောကလည်း ချိုချိုနဲ့ ဟိုမိန်းမကို ဆွယ်တာပါပဲ။ ရှင်းရှင်းပြောရရင် တစ်နှစ်လောက်သာ ကြာတယ် ထင်တယ်။ နောက်ဆုံး မိန်းမက ပါသွားတာပဲ။ ပါသွားတယ်ဆိုတာ လူမပါသေးဘူး။ တစ်နေ့ မိန်းမက သူ့နောက် လိုက်မယ်ဆိုတာ ကိုသက်ဖေ သိသွားရော၊ ကိုသက်ဖေကလည်း ဇွတ်တရွတ်သမားဆိုတော့ မိန်းမကို ကားနဲ့ တင်သွားပြီး သူ့ဆီ သွားပို့တယ်။ သူက ဘာပြောတယ် ထင်လဲ ...။ ခပ်တည်တည်ပဲ။ ဒီမိန်းမနဲ့ သူနဲ့ အရှင်းကြီးတဲ့။ ဘယ်လိုမှ သဘောမထားဘူးတဲ့လေ။ ရိုးရိုးသားသား ဝင်ထွက်နေတာတဲ့။ ခု ... ဘာလာလုပ်တာလဲ ဆိုပြီး ဗြောင်ငြင်းတာပဲ။ မိန်းမဆိုတာ လိမ့်နေတာပဲ ငိုလိုက်တာ။ မိန်းမလုပ်တဲ့လူက စပြီး ကျွန်မနဲ့ဖြစ်နေပါတယ်၊ ဘာညာပြောလို့ ဘယ်ဖြစ်မလဲဗျာ။ ပိုင်လိုက်ပုံက သူက လူကိုယ်တိုင်သာသွားတာ။ ချိန်းတာ ချက်တာတွေ စာတတန် ပေတတန်ရေးတာတွေ မဟုတ်ဘူး။ ဒီတော့ မိန်းမအဖို့ သက်သေပြစရာလည်း ခဲယဉ်းတယ်။ သူ့မှာလည်း မိန်းမငုတ်တုတ်ကြီးနဲ့ ဆိုတော့ ကိုသက်ဖေလည်း အရှက်နှစ်ခါကွဲပြီး ပြန်ခဲ့ရတာပေါ့ "


သူ့စကားအဆုံးတွင် ကြက်သီးများ ထ မတတ် ကျွန်မစိတ်ထဲတွင် ကိုထင်ပေါ်ကို ကြောက်ရွံ့၍ သွားပေသည်။ 


ထိုအကြောင်းများသည် ကျွန်မသူငယ်ချင်းထံမှ သိရသော ဦးထင်ပေါ်၏ကြောက်မက်ဖွယ်ရာ ဆိုးသွမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်ပေသည်။ ငယ်ကတည်းက အတူတူ အိမ်နီးချင်အဖြစ် နေလာလျှက် ကောလိပ်တွင်လည်း အတူတူ နေလာကြသော်လည်း သူ အိုင်အက်စ်စီ အောင်အပြီးတွင် သူက ဆေးပညာဘက်ပြောင်း၍ ယူသွားသောကြောင့် တစ်ယောက်နှင့်တစ်ယောက် ကွဲ၍ သွားကြသည်။ သို့သော် ဆရာဝန်ဒီဂရီယူရန် နှစ်နှစ်အလိုတွင် ဘာကြောင့်မှန်းမသိ ရိုးရိုးဘီအေကို ပြန်ဖြေသည်ဟု ကြားလိုက်ရလေသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြရပေ။ သူငယ်ချင်းများ ဆုံကြရင်း ဘယ်သူက ဘာဖြစ်သွားသည်၊ ဘယ်သူက ဘာလုပ်သည်၊ သတင်းမေးကြရင်းမှ သူ ဘီစီအက်စ်အောင်ကာ အစိုးရအလုပ်သို့ ကူးပြောင်းသွားကြောင်း သိရလေသည်။ 


ကျွန်မကမူ ဘီအေအောင်ပြီး ကျောင်းဆရာမပင် အေးအေးလုပ်၍ နေပေသည်။ 


* * * 


နွေဦးပေါက် တစ်နေ့၌ သူနှင့် မမျှော်လင့်ဘဲ တွေ့ဆုံကြလေသည်။ 


ကျွန်မအိမ်လေးသည် ကုက္ကိုင်းလမ်းပေါ်တွင်ရှိ၍ ဝင်းခြံမှာ ကျယ်ဝန်းသော်လည်း အိမ်မှာ ပျဉ်ထောင်နှစ်ထပ် ခပ်သေးသေးပင် ဆောက်၍ထားလေသည်။ ခြံဝင်းထဲသို့ ကျောင်းမသွားရသောနံနက်တိုင်း ပန်းပင်များကို ကျွန်မကိုယ်တိုင် ရေလောင်းလေ့ရှိပေသည်။ ယခုအချိန်မှာ နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ခြံကို ပြုပြင်ရန် အချိန်များစွာရပေသည်။ 


အနောက်ဘက်သို့ လှည့်ကာ နေကြာပင်များကို ရေလောင်းနေစဉ် မြင်းခွာသံတစ်ခုကို ဝင်းခြံဝဆီမှ ကြားရလေသည်။ နေကြာပန်းများသည် ဆောင်းအကုန်တွင် ကျကုန်ကြပြီဖြစ်သော်လည်း ရေနှင့်မြေ အပြုအပြင်ကောင်း၍ တချို့မှာ အပွင့်ဝါများ ပွင့်လျက်ရှိပေသေးသည်။ 


မကြာခင်ပင် မြင်းစီးလျက် လူတစ်ယောက်သည် ကျွန်မအနားသို့ ရောက်လာလေသည်။ 


ကျွန်မသည် ဝမ်းသာရမည် ဝမ်းနည်းရမည် မဝေခွဲတတ်သလို ငေးကြောင်၍ သူ့ကို ကြည့်နေမိသည်။ မြင်းပေါ်ကလူမှာ ကိုထင်ပေါ်ပင်ဖြစ်ပေသည်။ သူသည် ကျဉ်းသော မျက်လုံးပေါက်ကလေးများ ပိတ်သွားမတတ် ပြုံးရယ်ကာ ကျွန်မကို ကြည့်လျက်ရှိပေသည်။


* * * 


မြင်းအကြောင်းကို ကျွန်မ နားမလည်သော်လည်း သူ့မြင်းမှာ အမျိုးကောင်းဖြစ်ဟန်တူသည်။ မြင့်မားထွားကျိုင်းလွန်း၍ စစ်မြင်းသဏ္ဌန် ပေါက်နေပေသည်။ 


" ဘာများ ငေးကြည့်နေတာလဲ။ တနင်္ဂနွေနေ့တိုင်း ကျွန်တော် ဒီဘက်ကို မြင်းစီးထွက်တယ်။ ဒီမနက်မှ ခင်ဗျားကို တွေ့တော့တယ် "


သူသည် မြင်းပေါ်မှ ဆင်းလိုက်ကာ တိုင်ငုတ်တစ်ခုတွင် မြင်းကို ချည်ထားလိုက်၏။ 


" ဘာကို အံ့အားသင့်နေတာလဲ "


ပြန်လှည့်လာ၍ ကျွန်မကို မေးလိုက်စဉ်တွင် သူ့အရပ်သည် ကျွန်မအပေါ်တွင် မိုးလျက်ရှိပေသည်။ မြင်းစီးဘောင်းဘီဝတ်ထားသောကြောင့် အရပ်မှာ ပို၍မြင့်သလို ထင်ရပေသည်။ 


" တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ဘဲ တွေ့ရလို့ပါ "


ကျွန်မသည် အားယူ၍ပြုံးကာ သူ့ကို ဖြေလိုက်ရသည်။ နောက်မှ အိမ်တွင်းသို့ ဖိတ်ခေါ်သင့်သည်ကို သတိရကာ သူ့ကို ခေါ်သွားရလေသည်။ 


" အေးဗျာ။ ခင်ဗျားနေရာလေးက အေးချမ်းလိုက်တာ။ ကျွန်တော်လည်း ရန်ကုန်မှာ  သူငယ်ချင်းတွေ တစ်နေ့တော့ လိုက်ရှာမယ် စိတ်ကူးနေတာ။ မအားနိုင်ဘူး။ ဒီနေ့များ အခန့်သင့်လိုက်တာ။ ကျွန်တော်လေ အဝေးကြီးကနေ ခင်ဗျားရဲ့ဟန်ကို မှတ်မိနေတာ။ အံ့ဩစရာမကောင်းဘူးလား။ ခင်ဗျား ငယ်ရုပ်မပျောက်သေးဘူးနော်။ အိမ်ထောင်လည်း မကျသေးဘူးထင်တယ် "


ကိုထင်ပေါ်က နောက်မှ စကားတတွတ်တွတ်ပြောကာ လိုက်လာပေသည်။ ကျွန်မသည် လက်မထပ်သေးကြောင်း သူ့ကို ပြန်ဖြေလိုက်ရသည်။ 


ဧည့်ခန်းအတွင်းသို့ ရောက်လျှင် သူသည် အလွန်ရင်းနှီးသော သူငယ်ချင်းဓလေ့ကို မမေ့သေးသလိုပင် ဧည့်ခန်းကို ပတ်လည်လှည့်၍ ဟိုဟိုဒီဒီ ကြည့်၍နေသည်။ ပန်းချီကားချပ်၊ အလှပြမှန်ဗီရိုထဲမှ ပန်းပုများ၊ ပန်းအိုး၊ ပန်းပွင့်လေးများကအစ တစ်ခုစီ လိုက်၍ ကြည့်နေပေသည်။ ပါးစပ်မှလည်း ငယ်ငယ်တုန်းက ဘဝသည် ပျော်စရာကောင်းကြောင်းကို တတွတ်တွတ် ပြော၍နေပေသည်။ 


" သိပ်လည်း သန့်ရှင်းတာပဲဗျ နော်။ ကျွန်တော် တစ်ခါတစ်ခါ ပြန်တွေးမိရင် တယ်ပြီး ကိုယ့်ဘဝကို နှမြောတယ်။ ဟိုတုန်းက မာနဆိုတာ လောဘရမ္မက်ဆိုတာတွေ မတွေးခဲ့မိဖူးပါဘူး။ ပြီးတော့ သူငယ်ချင်းချင်း တယ် သဒ္ဓါတယ်နော် "


" ပြီးတော့ ငြိုးတာတို့ လက်စားချေတာတို့လဲ မရှိခဲ့ပါဘူး။  စိတ်ဆိုးရင် ထချကြတာပဲ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လည်ပင်း ပြန်ဖက်လိုက်ကြတာပဲ "


သူ့စကားကို ဖြတ်၍ ကျွန်မက ဝင်ပြောလိုက်လျှင် သူသည် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ 


" ဟုတ်တယ်ဗျို့ ဟုတ်တယ်။ အဲဒီအချိန်ဟာ ပွင့်စပန်းလို တယ်ပြီး သန့်ရှင်းတယ်။ မြတ်နိုးစရာကောင်းတယ်နော်"


သူသည် ခပ်ဟဲဟဲပင် ဆက်လက်ရယ်မောလျက်ရှိပေသည်။ ကျွန်မသည် သူ့ကို ဧည့်ခန်းထဲတွင် ထားခဲ့ပြီး စားစရာတစ်ခုခုကျွေးမွေးရန် မီးဖိုခန်းထဲသို့ ထွက်လာခဲ့သည်။ 


ကောက်ညှင်ပေါင်း၊ ငါးရံ့ခြောက်ဖုတ်၊ ရေနွေးကြမ်း၊ ကော်ဖီများကို ပြင်ဆင်၍ အိမ်ရှေ့သို့ သယ်ယူလာ၏။ ဧည့်ခန်းတွင်မူ သူသည် ကျွန်မကြီးကြီးနှင့် ဝမ်းသာအယ်လဲ စကားပြောနေလေသည်။ 


" အပေါ်မှာ ဘုရားရှိခိုးရင်း အသံကြားကတည်းက ကြီးကြီးက မောင်ထင်ပေါ်လို့ ထင်နေတာ။ ဟော မခင်သိုက် ဘာတွေယူလာတာလဲ။ ချ ချ။ ကဲ မောင်ထင်ပေါ် စားဦးကွယ် "


ကျွန်မ စားပွဲပေါ် ချလိုက်သော အစားများကို ကြီးကြီးသည် သူ့ဘက်သို့ လှမ်း၍ပေး၏။ 


" မောင်အောင်ကျော်တစ်ယောက်ကော ကျန်းမာရဲ့လား။ တို့များ လူချင်းကွဲသွားတာ ကြာပြီကွယ် "


" ဖေဖေဆုံးတာ ငါးနှစ်လောက်ရှိသွားပြီ ကြီးကြီး "


" အို "


ကြီးကြီးသည် လူကြီးတို့ထုံးစံအတိုင်း စုတ်တသပ်သပ်နှင့် ညည်းညူ၍နေပေသည်။ 


" အေးအေး တို့' ဘက်' တွေလည်း တဖြည်းဖြည်း မရှိတော့ဘူး။ ကြီးကြီးလည်း ခင်သိုက်အမေ ဆုံးသွားကတည်းက ပဲခူးက ထွက်လာပြီး သူနဲ့အတူတူ လာနေရတာပဲ။ မိန်းကလေးက အိမ်ထောင်လည်း မပြုဘူး။ အခု ဒီမှာ ကြီးကြီးသားရယ်၊ ကြီးကြီးရယ် သူနဲ့ အတူတူနေရတယ်။ ကြီးကြီးသားက အင်ဂျင်နီယာအောင်ပြီးလို့ လောပီတမှာ အလုပ်လုပ်နေတယ်။ မောင်ထင်ပေါ် ကလေး ဘယ်နှယောက်ရပြီလဲ "


" ရှစ်ယောက်ပေါ့ကြီးကြီးရယ်။ အကြီး သားနှစ်ယောက်ကတော့ ကောလိပ်၊ စစ်ကိုင်းကျောင်းဆောင်မှာ၊ အငယ်ခြောက်ယောက်က သူ့အမေဆီမှာ "


" သူ့အမေဆီမှာ ဆိုတော့ ... "


ကျွန်မသည် ငါးခြောက်ပန်းကန်ကို သူ့အနားသို့ ရွှေ့ပေးလိုက်ရင်း ထိတ်လန့်သလို စကားဖြတ်၍ မေးလိုက်သည်။ 


" ဟုတ်တယ်။ သူ့အမေဆီမှာ ....၊ ကျွန်တော်တို့ကွဲနေတာ သုံးနှစ်ရှိပြီလေ "


သူသည် ငါးခြောက်ဖုတ်နှင့် ကောက်ညှင်းပေါင်းကို ရော၍ ဝါးရင်း ခပ်အေးအေးပင် ဖြေလိုက်သည်။ 


" အခု ဂွတ္တလစ်လမ်းပေါ်က အိမ်ကလည်း သူနဲ့ကွဲပြီးမှ ဆောက်တာ။ သူ့ကို ရှင်းလင်းပေးပြီးသားပဲ။ ကလေးတွေအတွက်ရော သူ့အတွက်ပါ တစ်လ ငါးရာ ကျွန်တော်က ထောက်ရတယ်လေ "


" ဖြစ်ရလေ မောင်ထင်ပေါ်ရယ် ....။ ဘယ်လိုဖြစ်ကြတာလဲကွယ့်။ မမြမေဟာ အင်မတန်အေးတဲ့ မိန်းကလေးပဲ "


" အကြောင်းပေါ့ ကြီးကြီးရယ် "


ကြီးကြီးသည် ပါးစပ်ဟမည် ပြင်စဉ်တွင် ကျွန်မသည် မျက်စိမှိတ်၍ ပြလိုက်၏။ သူတို့ကိုယ်ရေးကိုယ်တာတွင် မမြမေ ရိုးကြောင်း အေးကြောင်း ဆက်ပြောနေလျှင် ကိုထင်ပေါ့်ကို စော်ကားရာရောက်ချင်လည်း ရောက်နေပေမည်။ သို့ကြောင့် စကားစ ဖြတ်လိုက်ရန် ကြီးကြီးကို မျက်ရိပ်ပြလိုက်ရပေသည်။


" အခု ကျွန်တော့်အိမ်က အပင်မျိုး တော်တော်စုံတယ်။ နောက် တနင်္ဂနွေ တစ်နေ့နေ့ကျရင် ကျွန်တော် အလည်ခေါ်မယ်။ ကြီးကြီးနဲ့ မခင်သိုက် လိုက်ကြည့်ပါဦး။ လိုချင်တဲ့ပန်းပင်ရှိရင် ကြိုက်တာယူပေါ့။ နောက် အလုပ်ပြောင်းသွားရလည်း ဒီအိမ်ကတော့ အငြိမ်းစားယူရင် နေဖို့ ရည်စူးပြီး ဆောက်ထားတော့ ခုကတည်းက အပင်စုံ စိုက်ထားတယ်။ ကျွန်တော်တော့ လည်စရာအိမ်တစ်အိမ် တိုးလာလို့ သိပ် ဝမ်းသာတယ်။ အရင်လိုလည်း အပြင်သိပ်မထွက်ချင်တော့ဘူး။ အဲဒါ အားတဲ့နေ့ဆို ဥယျာဉ်လုပ်၊ မြင်းစီးတာပဲ။ ခုတော့ ကျွန်တော် ခဏခဏ ဒီကို လာလည်နိုင်ပြီ။ ကဲ ....စားလို့လည်း ကောင်း၊ စကားပြောလို့လည်း ကောင်းလိုက်တာ။ နေ နည်းနည်းပူလာလို့ ကျွန်တော် ပြန်ဦးမယ်"


သူသည် တစ်ယောက်တည်း အမျှင်မပြတ် ပြောရာမှ စကားသတ်ကာ ပြန်ရန် မတ်တတ်ရပ်လိုက်၏။ ကျွန်မမှာမူ ပြုံးရသည်ကိုပင် ရဲရဲ မပြုံးရဲ။ ငယ်ငယ်တုန်းက ကလေးများ သူတို့အလွန်ကြောက်ရွံ့သည့် အရက်သမားကြီးတစ်ဦးရှေ့ ရောက်နေသလိုပင် ကြိုးစား၍ပြုံးသော အပြုံးကပင် မဲ့တဲ့တဲ့ဖြစ်၍နေပေသည်။ 


ကြီးကြီးနှင့် ကျွန်မသည် သူ့ကို မြင်းချည်ထားသည့်နေရာအထိ လိုက်ပို့ကြသည်။ သူ မြင်းစီး၍ ထွက်သွားသောဟန်မှာ အလွန်လှပပေသည်။ မြင်းစီးဘောင်းဘီ အုန်းခွံရောင်မှာ မြင်းကျောရောင်နှင့်ရောသွား၍ ပိုးပဝါဖျော့ ရှပ်အင်္ကျီခပ်ပွပွမှာ ပခုံးမှလျောကျနေသော်လည်း ဒေါက်ကောင်းသော ပခုံး၏အလှကို နောက်ပိုင်းမှ ဖော်ထားလျက်ရှိပေသည်။ 


အမှန်တော့ သူ့အလှသည် နောက်ပိုင်းမှကြည့်၍သာ လှသလို သူ့အကျင့်စာရိတ္တသည်လည်း ရှေ့ပိုင်းမှ စေ့စေ့ကြည့်မခံသော အကျင့်မျိုးပေလား။ 


သူ ထွက်သွားရာသို့ လှမ်းမျှော်ကြည့်ရင်း စိတ်ထဲမှ လေးတေးတေးကြီး ဖြစ်၍နေလေသည်။ သူနှင့် ပြန်လည်တွေ့ဆုံရခြင်းမှာ အခြားငယ်သူငယ်ချင်းများနှင့် ပြန်၍တွေ့ရသကဲ့သို့ နှစ်နှစ်ကာကာ ဟက်ဟက်ပက်ပက် မပျော်မိပေ။ 


ကြီးကြီးမှာ အိမ်မီးဖိုအခန်းဘက်သို့ လှည့်ဝင်မည် ဟန်ပြင်နေ၍ ကျွန်မသည် လှမ်းကာ တားလိုက်ရ၏။ 


" ခဏ ကြီးကြီး၊ ခုန မျက်စိမှိတ်ပြလိုက်တာ ကြီးကြီး စိတ်ဆိုးသွားလားမသိဘူး။ ကျွန်မက သူ့ကိုကြောက်လို့၊ သူ့အကြောင်းတွေကြားရတာ သိပ်မကောင်းဘူး။ ကြီးကြီးက မမြမေ ကောင်းကြောင်း သိပ်ပြောနေရင် တော်ကြာ သူ ဆိုးတာကို အလိုအလျောက်ဖော်သလို ဖြစ်သွားမှာမို့လို့။ သူက သိပ် လက်စားချေတတ်တာပဲတဲ့။ ပြီးတော့ တိုက်ရိုက်ချေတာမဟုတ်ဘူးတဲ့။ ကြီကြီးကို စိတ်နာရင် ကြီးကြီးချစ်တဲ့ ကြီးကြီးသား သို့မဟုတ် ကျွန်မလို တူမကို ဆိုပါတော့။ စုံးစုံးနစ်အောင် လက်စားချေတာ။ ဒါကြောင့် ဆက်မပြောဖို့ မျက်ရိပ်ပြတာပဲ "


"သမီးကို စိတ်မဆိုးပါဘူး။ ကြီးကြီးကလည်း ထူးခြားတာနဲ့ ဆက်မပြောတော့တာ။ တို့များနဲ့ သူ့မိဘများနဲ့က အင်မတန်ခင်တာ။ သူ ဒီလိုတော့ စိတ်နာ စိတ်ဆိုးမယ် မဟုတ်ပါဘူး"


"ဒါပေမဲ့ ဒီလိုလူမျိုး အဝေးကရှောင်တာ ကောင်းတယ်။ ပြီးတော့ သူက တစ်ခုလပ်၊ ကျွန်မက အပျိုကြီးဆိုတော့ ရင်းနှီးတာလည်း မသင့်တော်ပါဘူးလေ"


"အို ....တွေးပြီး ကြောက်ရန်ကော မိန်းကလေးရယ်။ မိတ်ဆွေသင်္ဂဟဆိုတာ အဆိုးရော အကောင်းရော ရှိတတ်တာပေါ့ "


ကြီးကြီးသည် လူကြီးလေသံအတိုင်း ပြောကာ အိမ်ထဲသို့ ဝင်သွားတော့သည်။ ကျွန်မတစ်ယောက်တည်း လက်ဆွဲပန်းကရားကိုကိုင်ကာ ကျန်သောအပင်များကို ရေလောင်းရစ်ခဲ့ပေသည်။ 


ကျွန်မ ရေလောင်းရာသို့ ကားဒရိုင်ဘာနှင့် မာလီမှာ ကူရန် ရောက်လာကြသည်။ မာလီသည် ကျကုန်သော ရွှေဒင်္ဂါးရောင်စုံ အပင်တန်းများကို နုတ်လျက်ရှိ၏။ ဒရိုင်ဘာကမူ ရေပိုက်ခေါင်းရှိရာသို့ ရာဘာပိုက်လုံးနှင့် ဆက်လိုက်ရင်း အိမ်ရှေ့မြက်ခင်းကို ရေပေးရန် ပြင်ဆင်နေပေသည်။ သူသည် ရာဘာပိုက်ကို သယ်လာရာမှ ကျွန်မအနီးသို့ ကပ်လာရင်း " ခုန လူကာ မမမိတ်ဆွေလား "ဟု သူက မေးလိုက်၏။ 


"မြင်းစီးလာတဲ့လူလား "


"ဟုတ်တယ်"


"အေး ....ငယ်ငယ်တုန်းကတော့ အိမ်နီးချင်းပဲ။ ကောလိပ်ကျတော့ တစ်တန်းတည်းတွေပဲ၊ ဘာဖြစ်လို့လဲ "


" ေဩာ် ....သူ့တပည့် ဒရိုင်ဘာဖိုးမောင်က ကျွန်တော့်သူငယ်ချင်းမို့ပါ။ သူက ဂွတ္တလစ်မှာ နေတယ်လေ။ သူ့အိမ်က ပန်းမျိုး သိပ်စုံတာပဲ။ သူ့မိန်းမကလည်း ငယ်ငယ်လှလှလေး .... "


" ဟင် "


ကျွန်မသည် ဒရိုင်ဘာမျက်နှာကို တအံ့တဩ လှမ်း၍ ကြည့်လိုက်၏။ 


" ဘယ်ဟုတ်ရမှာလဲ။ သူ့မိန်းမနဲ့ကွဲနေတာ သုံးနှစ်ရှိနေပြီ။ ဒီလူ တစ်ယောက်တည်းပါ။ သူ့နှမတွေ ဘာတွေ မင်း မြင်လာပါလိမ့်မယ်"


"မဟုတ်တာ မမကလဲ၊ သူ့အိပ်ခန်းပြတင်းမှာ ရပ်နေတာ ကျွန်တော်တောင် တွေ့ခဲ့သေးတယ်။ ဆံပင်အကောက်တိုတိုလေးကို ဖဲကြိုးအပြာလေးနဲ့ နောက်မှာ စုချည်ထားတယ်။ ကျွန်တော်က မသင်္ကာလို့ ဖိုးမောင် မေးကြည့်တော့ မိန်းမလို့ ပြောတာပဲ "


"မသိပါဘူးကွယ်။ နောက် ဘာမှလည်း မစုံစမ်းပါနဲ့။ သူ့မှာလည်း နှမအရင်းတော့ မရှိပေမယ့် ဝမ်းကွဲတွေ ဘာတွေ ရှိမှာပဲ "


သူ စကားဆက်ပြောဖို့ကို မလိုလားဟန် ကျွန်မက ပြလိုက်လျှင် သူသည် ရာဘာပိုက်ကို ကိုင်ကာ မြက်ခင်းရှိရာ အိမ်ရှေ့ဘက်သို့ ထွက်သွားတော့သည်။


* * * * *


ညနေချမ်းတွင် ကြီးကြီးအတွက်  ဘုရားညောင်ရေအိုးများ လဲပေးရန် ကျွန်မသည် အပေါ်ထပ် ဘုရားဆောင်သို့ ထွက်လာခဲ့သည်။ ဘုရားဆောင်အပြင်တွင် ဝရန်တာထုတ်ထား၍ ဘုရားပန်းလဲရန် ရေပိုက်ခေါင်းရော ကြွေဇလုံပါ အဆင်သင့် တပ်ထားသောကြောင့် ဘုရားပန်းများကို အပေါ်တွင်ပင် လဲလှယ်နိုင်ပေသည်။ 


ပန်းအိုးများကို ဆေးနေစဉ် ကြီးကြီးသည် ဝမ်းသာသောမျက်နှာထားနှင့် ဘုရားခန်းသို့ ဝင်လာသည်။ သူ့လက်ထဲတွင် နှင်းဆီအဖြူပွင့်များ၊ ဒေလီယာရောင်စုံများကို ပိုက်လာသည်။ ဒေလီယာပွင့်များမှာ ကျွန်မမျက်နှာနီးနီးခန့် ကြီးထွားလျက်ရှိပေသည်။ 


" မခင်သိုက် သမီးရေ ...မောင်ထင်ပေါ် ပို့လိုက်တယ်တဲ့ကွယ်။ ပန်းတွေ လှလိုက်တာ၊ ဒီနွေဦးမှာ ဒေလီယာကို ဘယ်လိုများ သူစိုက်လဲမသိဘူး။ ကြည့်စမ်း ကြီးလိုက်တာ၊ ရော့ ရော့ ဘုရားပန်း လဲဖို့ "


ကြီးကြီးသည် ဝရန်တာသို့ ထွက်လာကာ ပန်းများကို ကျွန်မလက်ထဲသို့ ကမ်းပေးလိုက်၏။ ပန်းများသည် အံ့ဩဖွယ်ကောင်းလှပါပေ၏။ နှင်းဆီပွင့်များမှာ ကျွန်မတို့အိမ်တွင် ပွင့်ဆဲဖြစ်၍ အံ့ဩစရာမဟုတ်ပေ။ ဒေလီယာများမှာမူ အထူးအံ့ဩစရာကောင်းအောင် လတ်ဆတ် လှပ၍ နေပေသည်။ 


" အပေါင်းအသင်းမှာတော့ သူ့အဖေလိုပဲ အင်မတန်ရက်ရော ဖော်ရွေတယ်။ သူတစိမ်းက သူ့ကို အမြဲပဲ ဂရုစိုက်နေတယ် လေးစားနေတယ်လို့ ထင်အောင် လုပ်တတ်တယ်။ အေး ...သူ့အဖေနဲ့ တခြားအကျင့်တော့ တူမှာ စိုးရတယ် "


ကြီးကြီးသည် နှင်းဆီခက်များကို ဆူးများခြွေရာက သူ့အကြောင်းကို ပြောနေပြန်သည်။ 


" သူ့အဖေကို သမီးက မှတ်မိချင်မှ မှတ်မိမယ်။ သမီးမေမေကလည်း မိန်းမအေးဆိုတော့ စကားစပ်မိမယ်မဟုတ်ဘူး။ ပြီးတော့ သမီးက ရန်ကုန်မှာ အနေများတာကိုး။ သမီးမေမေ နေတဲ့ ပြည်လမ်းအိမ်နဲ့ကပ်လျက်အိမ်က မောင်ထင်ပေါ့်အဖေရဲ့ နှမအိမ်ပါ။ ဒါကြောင့် မောင်ထင်ပေါ်ကို ကျောင်းနေဖို့ ပို့ထားတာ။ သူတို့အမျိုးက ကျော်ဇော၊ မြတ်ကောင်း၊ အောင်နိုင်တို့ ထင်လင်းတို့ ကျော်စွာ အောင်ကျော်တို့ဆိုတဲ့ နာမည်တွေ တယ်မှည့်တယ်။ ဦးမြတ်ကောင်း တရားဝန်ကြီးဆိုတာ သမီး ကြားဖူးမှာပေါ။ သူတို့ ဦးမင်းပဲ။ မောင်ထင်ပေါ့်အဖေနာမည်က ဦးအောင်ကျော် တဲ့။ ဦးလေးတစ်ယောက်က ဦးစံတိုင်းမြင့် တဲ့ "


"နာမည်တွေကလည်း ထင်ရှားကြီးကျယ်လိုက်တာ ကြီးကြီးရယ် "


ကျွန်မသည် ဤမျှခမ်းနားကြီးကျယ်သော နာမည်များကို ရယ်ချင်သလို ပြောလိုက်၏။ 


" အေး ....၊ လူတွေကလည်း အကောင်းမှာရော မကောင်းမှာပါ ထိတ်ထိတ်ကျဲနေတာပဲ။ သူ့အဖေ ကိုအောင်ကျော်ဟာ ပဲခူးမှာဆို နာမည်ကြီးပဲ။ တခြားသားချင်းတွေလို အစိုးရအလုပ် မလုပ်ဘူး။ စပါးအဝယ်တော်လုပ်တယ်။ ဖြစ်ပုံက .... "


 ကြီးကြီးသည် စကားကို စိတ်ဝင်စားလာဟန်ရှိ၏။ ဝရန်တာကြမ်းပေါ်တွင် ဖင်ထိုင်ချရင်း ပန်းများကိုခြွေ၍ ဆက်လက်ပြောနေပေသည်။ 


"မောင်ထင်ပေါ် မွေးစ ရှိဦးမယ်။ သမီးတို့မေမေက လက်ထပ်ပြီးစ သမီတောင် မမွေးသေးဘူး။ ရန်ကုန်မပြောင်းရခင်ပေါ့။ ပဲခူးမှာ ဆန်စက်တွေ သိပ်အကျိုးရှိနေတုန်း စပါးစျေးတွေကလည်း ကောင်းလိုက်တာ အလွန်ပဲ။ သီရိဘောဂ ဆန်စက်ပိုင်ရှင် ဦးပြုံးချိုဆိုတာ ရှိတယ်။ သမီးရဲ့ဖွားဖွား ကြီးကြီးရဲ့အမေတို့နဲ့က မောင်နှမလိုပဲ သိပ်ခင်တယ်။ သူ့မိန်းမ ဒေါ်မြရင် ဆိုတာ ရှေးအခေါ်ဆို ဘိုကြိုက်ပေါ့ကွယ်။ အရပ်က မြင့်မြင့် သွယ်သွယ်၊ မျက်လုံးက ဝန်းဝန်းနဲ့ အသားဝါဝါရယ်၊ သိပ်ကြည့်လို့ ကျက်သရေရှိတာပဲ။ ဦးပြုံးချိုကလည်း လူချောပဲ။ သူတို့နှစ်ယောက်များ ယှဉ်လျှောက်သွားရင် တယ် ပနာရတာကိုး။ သမီးလေး မဖြူဝင်းကလည်း အရုပ်ကလေးလိုပဲ လှတာ။ ဦးပြုံးချိုက မယားလည်း သိပ်ချစ်၊ စီးပွားလည်း ကုန်းရှာတာ။ ရှေးတုန်းက စတီးဘရားသားက စပါးဝယ်ရင် သန်းခေါင်ထိပစေ၊ မပြီးရင် မီးထွန်းပြီး ခြင်တယ်။ အဲဒါ စက်ဝင်းထဲက တယ်ပြန်တယ်မရှိဘူး။ စက်ရော စပါးကျီပါ တွဲထားပြီး သူတို့လယ်ကရတဲ့ စပါးရော၊ စပါးပေး စပါးတွေပါ သိမ်းပြီးလို့ ရောင်းချိန်ဆို ဦးပြုံးချိုဟာ အိမ်မှာ တယ် မရှိလှဘူး။ အဲဒါ တစ်နေ့တော့သာ ဦးပြုံးချိုဟာ သမီးတို့ဖွားဖွားဆီ ရောက်လာတာပဲ။ မေမေ့ကို ဘာပြောလဲ ဆိုတော့ ' မမြရင် ကိုအောင်ကျော်နဲ့ လိုက်သွားပြီ'တဲ့။ အို .... သူ့မျက်နှာဆိုတာ သွေးဆုတ်နေတဲ့သူလိုပဲ၊ သနားစရာ။ ကြီးကြီးတို့လည်း မေမေ့အနားမှာ ထိုင်ရင်း ငိုင်သွားတာပဲ။ မေမေကလည်း အမျိုးမျိုး ဖျောင်းဖျလိုက်တာ စိတ်ပြေပုံ မရပါဘူး။ နောက်ဆုံး မေမေက လူကြီးတွေနဲ့ စေ့စပ်ပေးမယ်ပေါ့။ ပြန်ပြီး သိမ်းဖို့ပြောတော့ ဦးပြုံးချိုမျက်နှာဟာ တယ်ပြီး စိတ်ထိခိုက်စရာ ကောင်းလိုက်တာ၊ တစ်ခါတည်း သူ့မျက်လုံးကို စုံမှိတ်ပြီး 'အမကြီးရယ် ....တစ်ခါတုန်းက ကျွန်တော် အလွန်ပဲ မြတ်နိုးခဲ့ပေမယ့် ခုချိန်မှာ ကျွန်တော့်မျက်လုံးကို စုံမှိတ်ပြီး သူ့ရုပ်ကို တွေးကြည့်လို့တောင် မပေါ်လာတော့ဘူးတဲ့ '။ ကဲကွယ် ....သူ တုန်တုန်ယင်ယင်နဲ့ ပြောပြီး ပြန်သွားတာပဲ။ နောက် ဘာ ကြာလဲ။ စက်ကို မဖြူဝင်း လွှဲပြီး ဟင်္သာကုန်းမှာ ကျောင်းဆောက် ဘုန်းကြီးဝတ်သွားလိုက်တာ အင်္ဂလိပ်ဝင်ခါနီးမှ ပျံလွန်တော်မူတယ် ..."


" ဟင် ....သူ့အဖေကလဲ ဘယ်လိုလူလဲ၊ ကိုထင်ပေါ်ကရော ဘယ်သူနဲ့ နေလဲ "


" မောင်ထင်ပေါ့်အမေလဲ ဒီစိတ်နဲ့ သေတာပဲ။ မောင်ထင်ပေါ်ကို သူ့အဒေါ်ဆီ ပို့ပြီး ကျောင်းထားတယ်။ မမြရင်ဆီက ပစ္စည်းတွေ ကိုအောင်ကျော် မနည်းဘူး ရတယ်။ အဲဒီအမွေတွေကို မောင်ထင်ပေါ် ဆက်ခံရတာပေါ့ "


" အို ....ဖအေ့အမွေကို ပစ္စည်းတင် ရတာမဟုတ်ဘူး။ အကျင့်ပါ ရတယ်ထင်တယ်။ ဒါကြောင့် ကိုထင်ပေါ်ဟာ ကြောက်စရာကောင်းတယ် .... "


ကျွန်မစကားကို ကြီးကြီးသည် အံ့ဩသလို နားထောင်ရင်း_

"မောင်ထင်ပေါ်က အေးပါတယ်ဟယ်၊  ဒီလို သူများမယားနဲ့ ရှုပ်ရှုပ်ရှက်ရှက်မရှိပါဘူး ... "


" ကြီးကြီးမှ မသိဘဲ ...."


ကျွန်မသည် နောက်ဆုံး ကိုထင်ပေါ့်အကြောင်း သူငယ်ချင်းထံမှ သိရသမျှ ချောက်မှာနေစဉ်က ရာဇဝင်များကိုပါ ပြန်လည်ရှင်းလင်း၍ ပြောပြမိပေသည်။ 


ထိုနေ့ညနေ ကြီးကြီးသည် ဘုရားကို အာရုံပြုရာတွင် စိတ်တည်ငြိမ်နိုင်မည်မဟုတ်ပေ။ ဦးအောင်ကျော်နှင့် ကိုထင်ပေါ်တို့သည် သူ့အာရုံတွင် လှုပ်ရှားဖြတ်သန်းလျက် ရှိနေကြပေလိမ့်မည်။

အပိုင်း(၂)ဆက်ရန်


ခင်နှင်းယု

No comments:

Post a Comment