Friday, July 22, 2022

ဗညားရှိန်း (အပိုင်း -၈)(ဇာတ်သိမ်းပိုင်း)

နိုင်ငံခြားကို ထွက်သွားသောအခါ ဝဏ္ဏရှိန်း မလိုက်ဖြစ်ပါ။ ခေါင်းကို ထိခိုက်သော ဒဏ်ရာက မူးမူးနေ၍ ဝဏ္ဏရှိန်း အိမ်မှာ နားနေဖို့ ဆရာဝန်က အကြံဉာဏ်ပေး၍ နေရစ်ခဲ့ရသည်။


သူဇာကတော့ ဆေးတိုက်မှာ ဖြူပြာနှင့်အတူ ရုံးအဖွဲ့မှာ ဝင်လုပ်သည်ဟု အေးကို ပြောထားကာ မှန်မှန် အလုပ်ဆင်းသည်။ မီးဖိုကို ကွပ်ကဲသောအလုပ်မှာ သူ ပျော်ပါသည်။ ကဖြည်းဖြည်းနှင့်တော့ ရင်ထဲမှ ဝေဒနာကို ကုစား၍ရလာသည်။ ပျောက်ကင်းသွားသည်တော့ မဟုတ်ပါ။ အားလပ်ချိန်များတွင် မလေးနှင့် စကားပြောချိန် ပိုရလာသည်။ အလုပ်လုပ်ချိန်မှာ သွက်လက်ဖျတ်လတ်သလောက် အနားယူချိန်မှာ မလေးနုတစ်ယောက် အေးဆေးငြိမ်သက်စွာ တစ်ကိုယ်တည်းနေသည်ကို သူဇာက အံ့သြနေသည်။


ညဉ့်ဘက် ဂျူတီကျ၍ဖြစ်စေ၊ အရေးပေါ်လူနာ ခွဲစိတ်ရ၍ဖြစ်စေ မလေးနု နေ့လယ်ဘက် နားနေချိန်တွင် သူဇာသည် နို့များ၊ ဟောလစ်များ တစ်ခုခုဖျော်၍ မလေးနု ခုတင်ဘေးမှာ၊ စားပွဲမှာ ချထားတတ်သည်။ ယနေ့တော့ မလေးနု နိုးချိန်ကို သူစောင့်နေသည်။ 


မလေးနု နိုးလာလျှင် အံ့အားသင့်သွားသည်။ အိပ်ရာမှ ထထိုင်လိုက်ကာ မလေးနုက ပြောလိုက်သည်။


“အန်တီမလေးကို ဂရုစိုက်တာ ကျေးဇူးတင်ပါတယ်ကွယ်၊ ဒုက္ခမရှာပါနဲ့"


ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်သော သူဇာကို ကြည့်ရင်း မလေးနုက ပြောသည်။


“နေ့ခင်းပိုင်း သူဇာ အားပေမယ့် အန်တီမလေးက မအားဘူး၊ ခုလို ညဂျူတီရှိချိန်မှာမှ နေ့ခင်း အန်တီမလေး နားချိန်တွေ့ရတာ၊ သူဇာ အလုပ်မများပါဘူး၊ အန်တီမလေးကိုကြည့်ပြီး တစ်ယောက်တည်း နေနေရတာ သူဇာ သနားလို့"


“မသနားပါနဲ့ကွယ်၊ အန်တီမလေးက ဒီလိုနေရတာ ရိုးနေပြီ၊ သိုက်သိုက်ဝန်းဝန်း လူများများနဲ့တောင် မနေတတ်သလိုပဲ၊ ဆေးတိုက်အလုပ်ကတော့ လူပေါင်းစုံနဲ့ ဆက်ဆံပြီး အေးအေးနေရတယ် မရှိပါဘူး၊ ခုလို နားချိန်မှာပဲ နေရတာ”


အန်တီမလေးကိုကြည့်ပြီး... 


“သူဇာက စိတ်ဖြေလို့ရလို့ပါ”


"အန်တီမလေးတောင် ချစ်သူသေဆုံးသွားပြီး ဒါလောက်ကြာကြာ တစ်ယောက်တည်းနေနိုင်သေးတာပဲ၊ သူဇာကရော ဘာလို့ မနေနိုင်ရမှာလဲလို့ စိတ်တင်းပြီး ဖြေရတယ်၊ တစ်ခါတစ်ခါတော့ ကိုကို့ကို သိပ်သတိရတယ်၊ သူဇာ့ကို တစ်ခါတည်း သစ်စိမ်းချိုး ချိုးသွားတာပဲ”


“ဒါတွေ မေ့လိုက်ပါတော့ သူဇာရယ်၊ မင်းကို ဘမောင်ချိန်က တကယ်ချစ်လို့မှ မဟုတ်တာ”


"သူဇာ တွေးတယ်လေ”


“ဘာတွေးတာလဲ”


"အန်ကီမလေးချစ်သူနဲ့ အန်တီမလေးက သိပ်ချစ်ကြတယ်၊ စေ့စပ်ပွဲလုပ်ပြီးမှ သေသွားရတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်နဲ့ ခွဲခွာသွားကြရတာဆိုတော့ အန်တီမလေး ရင်မှာ မမေ့နိုင်အောင် တမြည့်မြည့်ဖြစ်နေမှာပေါ့၊ သူဇာကိုတော့ ကိုကိုက ရက်ရက်စက်စက် ကလဲ့စား ​ချေသွားတာ၊ အမုန်းနဲ့ ခွဲခွာတာ ဆို​တော့ သူဇာ ခံစားရတာက နာကြည်းခံခက် ဒေါသထွက်စရာပဲ”


"ဟုတ်ပါတယ်၊ ဒါပေမဲ့ သူဇာရယ်၊ ကိုယ့်မှာ အစွန်းအထင်းမှ မကျန်ရစ်တာ၊ တစ်နေ့နေ့ ကိုယ့်ကို သစ္စာရှိစွာနဲ့ မြတ်နိုးတဲ့သူ တစ်ယောက်ယောက် တွေ့လာဦးမှာပေါ့၊ အဲဒီအခါမှာ အလျင်စလိုတော့ မဆုံးဖြတ်နဲ့ပေါ့ "


"အန်တီမလေးရယ်၊ ခန္ဓာကိုယ်က မနွမ်းပေမယ့် သူဇာရဲ့ နှလုံးသားကတော့ နွမ်းခဲ့ပါပြီ၊ အန်တီမလေးလိုပဲ နမူနာထားရမှာပဲ၊ နို့သောက်လိုက်ဦး၊ အန်တီမလေး အားတဲ့အချိန်ကို သူဇာ နှောင့်ယှက်သလိုဖြစ်နေပြီ”


“ကိစ္စမရှိပါဘူး၊ အန်တီမလေး အားတဲ့အချိန်ဆို အချိန်မရွေး တွေ့နိုင်ပါတယ်၊ ဒါနဲ့ ဝဏ္ဏရှိန်းရော နေကောင်းလား"


မလေးနုက နို့သောက်ရင်း မေးလိုက်သည်။


“နေကောင်းပါတယ် အန်တီမလေး၊ လနဲ့ချီ နားတာပဲ” 


သူဇာက မလေးနု နို့သောက်သည်ကို စောင့်၍ ဖန်ခွက်ကို ယူကာ ထွက်သွားသည်။ သူ့ရင်ထဲမှာ မလေးနုနှင့် တွေ့ရသော အချိန်များတွင် စိတ်သက်သာရာရသလိုဖြစ်၍ ခဏခဏ အကြောင်းရှာ၍ သွားခြင်းဖြစ်သည်။ ယနေ့လည်း ဆေးတိုက်က ညနေအချိန်ကုန်၍ ပြန်သွားလည်း မလေးနုနှင့် စကားပြောခဲ့သည်ကို သတိရနေသည်။ ဖြူပြာရော သူဇာပါ ထမင်းစားပြီး ဝဏ္ဏရှိန်းအခန်းကို ဝင်သွားကြသည်။ ဝဏ္ဏရှိန်းအနားမှာ အေးက ထိုင်နေသည်။


ညီအစ်မနှစ်ယောက် ဝဏ္ဏရှိန်း၏တစ်ဖက်စီမှာ ထိုင်လိုက် “ယူကေကနေပြီး ဖေဖေ့ဆီက ဖုန်းလာတယ် မေမေ၊ ဝဏ္ဏ နေကောင်းရဲ့လားတဲ့”


သူဇာက ဝဏ္ဏကို ပြောလိုက်သည်။ အေးသည် စီးကရက်တစ်လိပ် ညှိသောက်ရင်း သားသမီးတွေ စကားပြောသည်ကို နားထောင်နေသည်။ ဝဏ္ဏရှိန်းက ပြုံးနေသည်။


"ဘာပြုံးတာလဲ”


ဖြူပြာက မေးလိုက်သည်။


"မြရည်ဦးနဲ့တွေ့တော့ ဝဏ္ဏကို ပြောတယ်၊ ဖေဖေဟာ သူ့ဆီမလာတာ ကြာပြီတဲ့"


ဝဏ္ဏက ဖြေလိုက်၏။


"ဘယ်လာတော့မလဲ။ ဟိုဆေးတိုက်မှာ ဟိုဟာမ ရှိနေတာကို၊ တမင် မြရည်ဦးဆီမှာ သားရှိနေတာ တွေ့အောင်လို့ မေမေက ပြောတာ၊ သူ့သားဟာ သူ့လိုပဲ မြရည်ဦးရဲ့ ထဘီကျွန်ဖြစ်နေတာ သူသိအောင်လို့”


အေးက ကောက်ကာငင်ကာ ဖြေလိုက်၍ ဖြူပြာရော သူဇာပါ အံ့အားသင့်သွားသည်။


"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မေမေ၊ ဒီ စာရိတ္တမကောင်းတဲ့မိန်းမတွေဆီ ဖေ​ဖေ မသွားတော့ဘူးဆိုရင် ဝမ်းသာရမှာပေါ့၊ အဲဒီနေ့က ကျွန်တော်ကလည်း အရက်မူးမူးနဲ့ ဖေဖေ့ကို မချေမငံပြောမိလို့ ဖေဖေက လက်သီးနဲ့ထိုးတာ၊ သူ့မောင်ဆိုတဲ့လူကလည်း သူလွှတ်ချင်တဲ့လူနဲ့ မြရည်ဦးကို လွှတ်ပေးပြီး ခုမှ ဖေဖေ့ကို ငွေညှစ်ပေါက်ဆင်တော့ ဖေဖေက သိပ်စိတ်ဆိုးသွားတာ၊ သားကိုလည်း တော်တော်စိတ်ဆိုးတယ်ထင်တယ်၊ သားကလည်း အဲဒီနေ့က မြရည်ဦးဆီ သွားမိတာကိုး၊ နို့မို့ရင် ခုလောက်ဆို ဖေဖေနဲ့ အင်္ဂလန်ရောက်နေပြီ” 


"မှားမှန်းသိရင် နောင်ကို မသွားနဲ့ပေါ့၊ အရက်လည်း ​လျှော့သောက်တော့၊ ဖေဖေတောင် မသောက်တော့ဘူး”


ဖြူပြာက မောင်ကို ဆုံးမသည်။


“အန်တီမလေးနဲ့တွေ့မှ ဖေဖေက တော်တော် ​ခြေလှမ်း​ပြောင်းသွားတယ်နော်၊ အန်တီမလေးက ကိုယ့်ကိုလည်း သိပ်ဂရုစိုက်တယ်”


ဝဏ္ဏက ပြောလိုက်သည်။


“သူဇာ့ကိုလည်း ဂရုစိုက်တယ်၊ သူဇာလေ အားရင် သူနဲ့ စကားသွားပြောနေရတာ စိတ်ချမ်းသာတယ်၊ ဘာပဲပြောပြော အန်တီမလေးက သူ့ပတ်ဝန်းကျင်ကို ထိန်းနိုင်တယ်" 


“ဘာပြောတယ်”


အေးက မိုးချုန်းသံလို အော်လိုက်ရင်း ကတုန်ကယင်ဖြစ်လာသည်။ ဖြူပြာက သူဇာ့ကို လက်ကုတ်ရမှာ အလှမ်းက ဝေးနေသည်။ သူ မျက်စိမှိတ်ပြသည်ကိုလည်း သူဇာက မမြင်၊ အေး မျက်နှာတွေက ပြာလာသလိုပင် နှုတ်ခမ်းတွေလည်း တဆတ်ဆတ် တုန်လာသည်။


“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ နင်တို့အမေလေးက ထိန်းတတ် သိမ်းတတ်ပါတယ်။ နင်တို့အဖေကိုလည်း ထိန်း၊ နင်တို့ကိုလည်း တစ်ယောက်ပြီးတစ်ယောက် သူ့ဘက်ပါအောင် သိမ်းသွင်းတာ ငါမသိဘူးမှတ်လို့၊ နင်တို့က ဒီကောင်မခြေလှမ်းကို အကောင်း ထင်နေတာ၊ မကြာဘူး၊ နင်တို့ အဖေရော ဆေးခန်းရော သူက အပိုင်စီးတော့မှာ သိရဲ့လား၊ သားတို့ သမီးတို့ အားလုံး အားလုံး မေမေ့အနားမှာ ဘယ်သူမှမရှိအောင် ဒီဆရာဝန်မ လုပ်နေတာ"


အေးသည် အော်ဟစ်ပြောနေရာမှ စကားဆက်မပြောနိုင်ဘဲ စီးကရက် လက်ထဲက လွတ်ကျသွားသည်။ အင့်ခနဲဖြစ်ကာ ထိုးအန်လိုက်၍ ဝဏ္ဏနှင့် ဖြူပြာ ဖက်ထားလိုက်ရသည်။ ပါးစပ်ထဲမှ သွေးများထွက်လာသည်။


“မေမေ… မေမေ သတိထားပါ၊ မိသူဇာကလည်း ဘာတွေပြောမှန်း မသိဘူး၊ သွား အန်တီသက်မာကို ဖုန်းဆက်"


ဖြူပြာက အမေကိုပွေ့ကာ ပြောလိုက်သည်။ သူဇာသည် ကြောက်အားလန့်အားနှင့် တယ်လီဖုန်းရှိရာ ပြေးတော့သည်။ အေး ပါးစပ်မှ သွေးများ အခဲလိုက် အန်ကျလာသည်။ သူဇာက အခန်းထဲ ပြန်ဝင်လာသည်။


“အန်တီသက်မာ ဆေးတိုက်ကနေ သူနာပြုကား လွှတ်လိုက်မယ်၊ အခု မေမေ့ကို ခေါ်ပြီး လာခဲ့ပါတဲ့၊ ဆေးရုံတင်မှ ဖြစ်မှာတဲ့” 


“ငါ မလိုက်ဘူး။ အဲဒီကောင်မဆေးခန်း ငါ မသွားဘူး၊ အိမ်မှာ အသေခံမယ်"


အေးက အားယူ ဖျစ်ညှစ် အော်နေသည်။


"မေမေ မောမယ်၊ စကားမပြောနဲ့၊ အန်တီသက်မာကို အကြောင်းကြားရုံကြားတာ၊ မေမေ့ကို ဆေးရုံကြီးတင်မှာ၊ ရှိန်းဆေးခန်းကို မခေါ်ဘူး၊ စိတ်ချ၊ သွား သူဇာ၊ ပြင်စရာရှိတာ ပြင်"


ဖြူပြာ သူဇာ့ကို ပြောလိုက်သည်။


ဝဏ္ဏရှိန်းက အမေကို ပွေ့ထားရင်းမှ ခေါင်းက မူးနောက်နောက်ဖြစ်လာသည်။ အေးသည် နောက်တစ်ချက် သွေးခဲတစ်ခု အန်ရင်း သတိလစ်သွားသည်။


ရှိန်းဆေးတိုက်မှ သူနာပြုကား ရောက်ရောက်ချင်း အေးကို တင်ကာ သူဇာနှင့်ဖြူပြာ လိုက်သွားကြသည်။ ဝဏ္ဏအနားမှာ ဦးပြူး၊ ဦးထွန်းတို့လင်မယား ထားခဲ့ရသည်။ 


အေးတို့သားအမိ ဆေးတိုက်ရောက်သောအခါ တင်သက်မာနှင့် မလေးနုသည် အဆင်သင့် သက်ဆိုင်ရာ ဆရာဝန်ကြီးနှင့် စောင့်နေကြသည်။ ဆရာဝန်ကြီးက စမ်းသပ်ကြည့်ပြီး စီးကရက်သောက်လွန်း၍ အသည်းခြောက်ရာမှ သွေးအန်သည်ဟု ပြောသည်။ အေးကို သတိရအောင်လုပ်ရင်းမှ သွေး ထပ်မံ မအန်အောင် ဆေးတစ်လုံးထိုးလိုက်သည်။ ချက်ချင်းပဲ သူနာပြုဆရာမလေးက ​သွေးတစ်ပုလင်း သွင်းလိုက်သည်။


တင်သက်မာနှင့် မလေးနုမှာ ဆရာဝန်ကြီးအနားတွင် ရှိ​နေသည်။ ဆရာဝန်ကြီးက မ​လေးနုကို တီးတိုး​ပြော​နေသည်။


"အခုလောလောဆယ် ငြိမ်ငြိမ်နေခိုင်းထားရမယ်၊ သွေးမအန်တော့မှ စမ်းသပ်မှုတွေ ဆက်လုပ်ရမယ်၊ ဓာတ်မှန်ရော အာထရာဆောင်းပါ ရိုက်မယ်၊ သူ့ခံနိုင်ရည်အပေါ်မှာ တည်ပြီး ရင်ထဲကြည့်မှန်ပြောင်းနဲ့လည်း စမ်းသပ်ကြည့်မယ်။ ပြီးတော့ အဖြေအားလုံး ရမှ ခွဲစိတ်သင့် ခွဲရမှာပဲ”


သူတို့ စကားပြောနေစဉ် လူနာက လူးလွန့်လာ၍ ဆရာဝန်ကြီးနှင့် မလေးနု အနားကပ်သွားသည်။ မလေးနုသည် တစ်ခါမှ အေး ဆိုသူကို မမြင်ဖူး၊ ယခုတစ်ခါ တွေ့ခြင်းပဲ။ မျက်နှာဝိုင်းဝိုင်း၊ နှာတံ မပေါ်တပေါ်၊ နှုတ်ခမ်းပါးနှင့် လူက ခပ်ဝဝပုပု၊ အသားက နဂိုဖြူရသည့်အထဲ သွေးအန်ထား၍ ဖြူဖျော့နေရာမှ အဝါဘက် သန်းနေသည်။ အေးသည် မျက်လုံးဖွင့်လိုက်ပေမယ့် မလေးနုတို့ကို မြင်ပုံမရ။ 


ဖြူပြာက အနားတိုးကပ်ကာ "မေမေ သတိရလာပြီနော်” ဟု ပြောလိုက်သည်။


"ဖြူပြာ အခု မေမေ ဘယ်ရောက်နေလဲ”


အေးအသံက အံ့ဩစရာ မာမာထန်ထန်ဖြစ်နေသည်။ ဆရာဝန်ကြီးကပါ အနားတိုးကပ်သွားလေသည်။ ဖြူပြာက အေးလက်ကို ကိုင်ရင်း “ဆေးရုံကြီးလေ၊ မေမေ ဆေးရုံကြီးရောက်နေတယ်၊ ဒီမှာ မေမေ့ကိုကုတဲ့ ဆရာဝန်ကြီး ဦးခင်မောင်လွင်”ဟု ပြောကာ သူဇာ့ကို မျက်ရိပ်ပြလိုက်သည်။ မလေးနုကတော့ ဖြူပြာ ဘာလို့ ဒီလိုပြောသည်ကို နားမလည်။ အေးသည် ငြိမ်မနေ။ ဆရာဝန်ကြီးဆိုသူကို ကြည့်ရင်း စကားပြောနေသည်။


“အေးကို ရှိန်းဆေးတိုက် မတင်ပါနဲ့၊ ဟို ဒေါက်တာမလေးနုကို မကြည့်ပါရစေနဲ့။ သူ့ဆေးကို မကုပါရစေနဲ့၊ ဖြူပြာ ဖြူပြာ”


"မေမေ ဖြူပြာ အနားမှာရှိတယ်”


"အဲဒီဟာမကို အကြောင်းမကြားနဲ့၊ မေမေ မကြည့်ချင်ဘူး၊ မိန်းမက ပျော့ပျော့ ပျော့ပျော့နဲ့ အပျော့ဆွဲ”


ဖြူပြာက မျက်စိမျက်နှာပျက်လာကာ အေးလက်ကို ဆုပ်ကိုင်ရင်း . . .


"သတိထားပါ မေမေ၊ အနားမှာ ဆရာဝန်ကြီး ဦးခင်မောင်လွင်လည်း ရှိပါတယ်”


"ငါ့လင်ကိုရော ငါ့သားသမီးတွေအားလုံး အားလုံး သူက အပိုင်စီးပြီး ငါ့ကို ငါ့ကို"


ဆက်မပြောနိုင်တော့ဘဲ အေး သတိလစ်သွားသည်။ ဆရာဝန်ကြီးက ပျာပျာသလဲ သူကိုယ်တိုင် သွေးချိန်၊ ရင်ဘတ်ကို စမ်းသပ်ကြည့်နေသည်။ သူဇာရော ဖြူပြာရော အမေ့ကိုတစ်လှည့်၊ မလေးနုမျက်နှာကိုတစ်လှည့် သူတို့ကြည့်ရင်း မျက်စိမျက်နှာပျက်နေသည်။ သူဇာက မလေးနုလက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ အေးက လူးလွန့်လှုပ်ရှား၍ မျက်လုံးဖွင့်လာပြန်သည်။ မလေးနုသည် တင်သက်မာနားကပ်ကာ တီးတိုးပြောလိုက်သည်။


“တင်သက်မာ ဆရာဝန်ကြီးရော မင်းရော ရှိပြီပဲ၊ မလေး အခန်းပြန်ပါရစေ”


တင်သက်မာက မလေး အခြေအနေကို ရိပ်မိပါသည်။


“ကိစ္စရှိရင် ခေါ်လိုက်ပေါ့” 


မလေးက ပြောကာ ထွက်သွားသည်။


တင်သက်မာ ခေါင်းညိတ်ပြလိုက်၏။ ဆရာဝန်ကြီးက နောက်ထပ်ဆေးတစ်လုံး ထပ်ထိုးလိုက်သောအခါ အေး မကြာမီ အိပ်ပျော်သွားသည်။ အေး အိပ်ပျော်သွား၍ ဆရာဝန်ကြီးက သူ့လက်ထောက်ကို ထပ်မံလုပ်စရာရှိသည်များကို ညွှန်ကြားကာ ပြန်သွားတော့သည်။ တင်သက်မာသည် သူဇာနှင့် ဖြူပြာကို လက်တို့လိုက်၍ အနားခေါ်လိုက်သည်။


“အန်တီသက်မာနဲ့ သူဇာ မလေးနောက် လိုက်သွားဦးမယ်၊ ဖြူပြာ နေရစ်ခဲ့နော်"


ဖြူပြာက ခေါင်းညိတ်ပြလိုက်သည်။ တင်သက်မာနှင့် သူဇာ မလေးနုကို ရုံးခန်းမှာ မတွေ့။ အပေါ်ထပ် အိပ်ခန်းရှိရာ လိုက်သွားကြသည်။ မလေးနုသည် အိပ်ခန်းထဲမှာ ပစ္စည်းများကို သိမ်းနေသည်ကို တွေ့ရသည်။ သူဇာသည်အပြေးကလေး မလေးနုလက်ကို ဆုပ်ကိုင်လိုက်သည်။


“အန်တီမလေး ဘာလုပ်တာလဲ” 


မလေးနုသည် ခုတင်ပေါ် ထိုင်လိုက်၏။


"သူဇာရော သက်မာရော အေးအေးဆေးဆေး ထိုင်ဦး"


သူက ကုလားထိုင်ကို ညွှန်ပြလိုက်၏။ သူဇာက ကုလားထိုင်ပေါ်ထိုင်ရင်း မလေးနုကို စူးစိုက်ကြည့်နေသည်။


“အခြေအနေအားလုံးကို တင်သက်မာ သိပါတယ်၊ မလေးနု ဒီဆေးတိုက်မှာ ဒါလောက်အထိပဲ လုပ်သင့်တယ်၊ မလေး ပြန်တော့မယ်၊ သူဇာတို့လည်း အရှိန်ရနေပြီပဲ၊ မင်းတို့အန်တီသက်မာလည်း ရှိပါတယ်၊ သူက ဆက်ပြီး အလုပ်လုပ်သွားနိုင်တယ်၊ ဒီညနေ ရုံးအုပ်ကြီးကို ရုံးခန်းမှာ ခေါ်ထားတယ်၊ စာရင်းအင်းအားလုံး လွှဲပြီး နက်ဖြန် မလေး ကလောပြန်မယ်၊ ဆေးရုံအုပ်ကြီးဆီကို ဒီည မလေး ထွက်မယ့်အကြောင်း သွားပြောမယ်”


မလေး စကားဆုံးတော့ သူဇာသည် မလေးရှေ့ရှိ ကြမ်းပေါ်ထိုင်ကာ လက်နှစ်ဖက်ကို ဒူးပေါ်တင်၍ မျက်နှာလေး မော့ကာ ပြောလိုက်သည်။


“အန်တီမလေးရဲ့၊ သူဇာတို့ကို ပစ်သွားတော့မလား၊ ဖေဖေလည်း မရှိ၊ မေမေ့အခြေအနေက စိတ်မချရသေးဘူး၊ ဒီဆေးတိုက်ကြီးနဲ့ သူဇာတို့ကို ထားခဲ့မယ်”


“မင်းတို့မှာ အသိုင်းအဝိုင်းကြီးနဲ့ တောင့်တင်းပါတယ်၊ အန်တီမလေးက တစ်ယောက်တည်းပါ၊ ပြီးတော့လည်း သက်ဆိုင်ရာဆရာဝန်ကြီးကို မင်းတို့မေမေကို အန်တီမလေး အပ်ခဲ့ပြီးပြီ၊ လိုအပ်တာတွေ စီစဉ်ခဲ့တယ်”


မလေးနုက သူဇာ့မျက်နှာကို မကြည့်၊ ကြေကွဲစွာ ပြောလိုက်သည်။


“မလေးရယ် ... မင်း အနစ်နာခံလာခဲ့ပြီးမှ ရှိန်းပြန်လာတဲ့အထိတော့ စောင့်ပါ၊ ရှိန်း ပြန်လာတော့ သွားပေါ့၊ မင်းကို စိတ်ချပြီး ရှိန်းက ထားခဲ့တာ၊ တစ်သက်လုံးကောင်းခဲ့တာ သံပရာတစ်ခြမ်းနဲ့ မခြေလိုက်ပါနဲ့တော့၊ သက်မာ တောင်းပန်ပါတယ်” 


သက်မာကပါ ဝင်၍ပြောလာသည်။


“ဝမ်းနည်းပါတယ် သက်မာ၊ မလေးဘက်က ကြည့်ပါဦး၊ အေးပြောတဲ့ စကားတွေဟာ ဆရာဝန်ကြီး ဦးခင်မောင်လွင်ပါ ကြားတယ်။ သူနာပြုဆရာမတွေ၊ လက်ထောက်ဆရာဝန်တွေပါ အကုန် ကြားတယ်၊ မလေး သိက္ခာဘယ်လောက်ကျလဲ”


“မေမေကလေ သတိလစ်ပြီး ကယောင်ကတမ်းပြောတာပါ အန်တီမလေး၊ မေမေ နေကောင်းလာရင် သူဇာတို့ မေမေ့ကို ရှင်းပြပါ့မယ်”


“ကယောင်ကတမ်းဆိုတာ စိတ်ထဲမှာရှိနေတာကို စွဲလမ်းပြီး ပြောတာ၊ သူ့ရင်ထဲမှာ ဘယ်လောက် အစိုင်အခဲဖြစ်နေလဲမှ မသိ၊ ဘေးလူတွေ ဘယ်လိုစွပ်စွဲစွပ်စွဲ မလေး ဂရုမစိုက်ပါဘူး၊ ကာယကံရှင်ကိုယ်တိုင်က သံသယဖြစ်နေမှ မလေး ဆက်လုပ်ဖို့မလိုဘူး၊ မင်းတို့မေမေ နေကောင်းလာလို့ သံသယရှင်းသွားလည်း အန်တီမလေး ပြန်မလာတော့ဘူး”


တင်သက်မာက ခေါင်းငိုက်စိုက်ဖြစ်သွားသည်။ 


“သူတို့ မငဲ့တောင် မင်းလူနာတွေကို ငဲ့ပါဦး မလေးရယ်”


"လူနာတွေအတွက် အသေးစိတ်စီမံခဲ့မှာပါ သက်မာ၊ အခုပဲ မ​လေးနဲ့ တွဲလုပ်တဲ့ အိုဂျီကြည်ကြည်သန်းကို ဖန်းဆက်လိုက်မယ်။ အားလုံး ကိစ္စရှင်းပြီးမှ သွားမှာပါ” 


“ဟုတ်ပါတယ် အန်တီမလေးရယ်၊ ဖေဖေ ပြန်လာမှ သွားဖို့ သူဇာ တောင်းပန်ပါတယ်၊ မေမေဟာ ခုတလော စိတ်မမှန်ပါဘူး၊ တိတ်ချင်လည်း တိတ်ဆိတ်ပြီး စကားတစ်လုံးမှ မပြောဘူး၊ ဒေါသထွက်လာရင် ကယောင်ချောက်ချားဖြစ်ပြီး ဆူပူသောင်းကျန်းလာတတ်ပါတယ်၊ အန်တီမလေးက ဆရာဝန်ဆိုတော့ မေမေ့စိတ်ဝေဒနာကို သိပါတယ်။ စိတ်တက်ကြွတဲ့အခါလည်း အလွန်ကဲ၊ စိတ်ဓာတ်ကျရင်လည်း တစ်ယောက်တည်း ငြိမ်နေရော။ မေမေ့ကို ခွင့်လွှတ်ပါ။ မေမေ့ကိုယ်စား သူဇာ တောင်းပန်ပါတယ်”


"ဘယ်သူ့အပြစ်မှ မရှိဘူး၊ အန့်တီမလေးကို တောင်းပန်နေစရာ မလိုဘူး၊ သူဇာတို့မေမေမှာလည်း အပြစ်မရှိဘူး၊ အန်တီမလေးအကျင့်က တစ်ခုခုအပြစ်ဖြစ်လာရင် အန်တီမလေးဘက်က ဘာမှားလဲဆိုတာ အမြဲပြန်ပြီး သုံးသပ်တတ်တယ်၊ ဒီဆေးခန်းမှာ ရှိန်း ရည်ရွယ်ချက်ရော အန်တီမလေး ရည်ရွယ်ချက်ရော ကောင်းပါတယ်၊ တစ်ခါ ရှိန်းကလည်း မိန်းမနဲ့စိတ်ဆိုးပြီး ဒီဆေးတိုက်ပြောင်းလာတယ်၊ ဘာပဲဖြစ်ဖြစ် မပြေးသော် ကံရာရှိဆိုသလို သူများအထင် လွဲစရာဖြစ်တယ်၊ ဇနီးတစ်ယောက်အနေနဲ့ အေးက ပိုပြီးသံသယဝင်စရာ ဖြစ်လာတာပေါ့၊ အေး အပြစ်မရှိပါဘူး၊ တစ်ခါတုန်းက ဒီကိစ္စ သက်မာကို မလေး ဖွင့်ပြောပြီး တိုင်ပင်ခဲ့ဖူးတယ်မို့လား”


"ဟုတ်ပါတယ်၊ ဒီတုန်းက သက်မာ ပြောခဲ့ပါတယ်၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုတာ၊ ဒါပေမဲ့ ခုက ရှိန်းမရှိတဲ့အချိန် မင်းထွက်သွားရင် မင်းအပေါ် ရှိန်းက လုပ်ရက်တယ်လို့ ထင်မှာစိုးတယ်”


“မပူပါနဲ့၊ ရှိန်းပြန်လာလည်း ကိုယ့်ကို တာဝန်မကျေလို့ အဆက်ဖြတ်ပါစေ၊ မလေး ခံရဲတယ်၊ ရှိန်းကိုသာ ပြောလိုက်၊ မလေးနုဆိုတဲ့ မိန်းမမှာ ကောင်းတဲ့အရည်အချင်းချည်း မရှိပါဘူးလို့၊ သူ့မှာ ပျော့ညံ့ချက်တွေလည်း ရှိပါတယ်လို့၊ ကဲ... မင်းတို့နှစ်ယောက် အေးဆီပြန်သွားပါ၊ မလေး လုပ်စရာတွေလုပ်ပြီး သက်ဆိုင်ရာဆရာဝန်တွေနဲ့ တွေ့ရမှာ ရှိသေးတယ်၊ မလေး လူနာတွေကိုတော့ ခွဲခွာသွားရမှာ ဝမ်းနည်းပါတယ်"


တင်သက်မာက သူဇာ့လက်ကိုဆွဲကာ ထွက်လာကြသည်။ သူဇာသည် တရှုပ်ရှုပ်ငို၍ လိုက်ပါလာသည်။ အေးအခန်းထဲ ရောက်တော့ အေးက အိပ်ပျော်နေဆဲ၊ သူဇာသည် ဖြူပြာနားနား ကပ်ကာ တီးတိုးပြောလိုက်သည်။ ဖြူပြာသည် မျက်နှာပျက်သွားသည်။ ညမှပဲ မလေးနုကို သွားတွေ့တော့မည်။ တင်သက်မာကတော့ ကိုအောင်ဝင်းထံ အကျိုးအကြောင်း ဖုန်းဆက်၍ အေးကို ညဉ့်နက်အောင် စောင့်ကြည့်လိုကြောင်း ကိုအောင်ဝင်းထံ ပြန်ပြောပြီး တင်သက်မာ အေးအနားကို ပြန်လာသည်။ အေးအနား ထိုင်သာနေရသည်၊ မလေးနုအတွက် စိတ်မကောင်း။ သူ့သူငယ်ချင်းအကြောင်း သူသိပါသည်။ ဘာလုပ်လုပ် အေးအေးနှင့် အခက်အခဲကို သည်းခံဖြတ်ကျော်တတ်ပေမယ့် စိတ်ထိခိုက်၍ ပေါက်ကွဲလျှင်တော့ တစ်ဖက်စွန်း ရောက်တတ်သည်။ 


မလေးနုအနေနှင့် ကျောင်းကတည်းက အင်မတန် ထိန်းထိန်းသိမ်းသိမ်းနေသူ၊ ကာယကံရှင် အေးက စတင်စွပ်စွဲလေတော့ မလေးနု စိတ်ထိခိုက်မည်။ သူသည် ခုတင်ဘေးထိုင်ရင်း အေးမျက်နှာကို စိုက်ကြည့်နေမိသည်။ ဘာမဆို အရှေ့ကို တွေးတွေးခေါ် ခေါ် မလုပ်တတ်၊ မလိမ္မာ၊ မပါးနပ်ဘူး ဆိုရမည်။ ရှိန်းဖြစ်လာသောကိစ္စ၊ သားသမီးတွေကိစ္စမှာ အေး မလိမ္မာမှုတွေက အများကြီးပါသည်။ နေမကောင်းဖြစ်လာတော့ သူ့စိတ် ပိုဆိုးလာသည်။ စိတ်ရောဂါဖြစ် ကာ အတွေးအခေါ်တွေလည်း ပုံမှန်မဖြစ်တော့ပါ။ ဖြူပြာပြောပြ၍ မြရည်ဦးဆီမှာ ဝဏ္ဏ ရောက်နေခြင်းကို တမင်အရွဲ့တိုက်ပြောတဲ့ အေး အယူအဆကို နားမလည်နိုင်တော့ပေ။ သူနှင့် မလေးနု သည် ရှိန်း မိသားစုကြီးကို တတ်နိုင်သ​လောက် ထိန်းသိမ်း​ပေးကြသည်။ စေတနာ ဖြူစင်စွာထားသော မလေးနု မရှိ​တော့သည့်​နောက် သူတစ်​ယောက်တည်း စခန်းသွားရမည်ကို သက်မာက စိတ်မ​ကောင်း။  အေးအပေါ်မှာ ငယ်သူငယ်ချင်းအဖြစ် အစစ သူသတိပေးပေမယ့် အေးရဲ့ အတွေးအခေါ်က တိမ်လွန်းသည်။ အေးအဖြစ်အပျက်ကို ကြည့်၍ သူ သင်ခန်းစာယူကာ ကိုအောင်ဝင်း အခြေအနေကို အချိန်မီ ထိန်းသိမ်းလိုက်နိုင်သည့်အတွက်တော့ အေးကို ကျေးဇူးတင်ပါသည်။ ထိုညက ဖြူပြာက အေးအနား အိပ်၍ သူဇာက မူယာတစ်ယောက်တည်းဖြစ်နေ၍ ပြန်သွားရသည်။ တင်သက်မာကလည်း ညဉ့်နက်မှ ပြန်ခဲ့သည်။


မလေးနုသည် ရှိန်းဆေးတိုက်က ထွက်ခွာရမည့်ညက အိပ်၍မရပါ။ လူနာများကို လွှဲပြောင်းပေးသောကိစ္စ၊ ငွေရေး ကြေးရေးကိစ္စ၊ ရုံးပြဿနာတွေနှင့် တော်တော်နှင့်မပြီး။ တစ်ခုကလည်း ဆေးရုံအုပ်ကြီးလုပ်သူ ဦးအောင်ထွန်းကို တယ်လီဖုန်းနှင့်ပြော၍ မတော်သောကြောင့် တွေ့ခွင့်တောင်းကာ အိမ်အထိလိုက်သွား၍ သူ ရှိန်းဆေးခန်းမှ နုတ်ထွက်မည့်အကြောင်း ပြောပြရသည်။ ဆရာကြီးကလည်း ရုတ်တရက်မို့ စိတ်မကောင်း၊ ရှိန်း ပြန်လာသည်အထိ စောင့်ဖို့ ဝမ်းနည်းစွာ ပြောပြသည်။ သူကလည်း ဝမ်းနည်းစွာနှင့်ပင် ဆရာကြီးဆန္ဒကို ငြင်းပယ်ခဲ့ပါသည်။ 


ဆရာကြီး အိမ်ကအပြန် ဦးအေးကြူတို့ကို ဝင်ပြောရသေးသည်။ အဘိုးကြီး အဘွားကြီးကလည်း အံ့အားသင့်နေသည်။ ဆေးတိုက်မှ ပြန်ရောက်မှ ဒေါ်လေးသန်းကို ဖုန်းဆက်ပြောလိုက်သည်။ ဒေါ်လေးသန်းကလည်း မလေးနုကိုယ်တိုင် လာမပြောသည့်အတွက် ကျေနပ်ပုံမပေါ်။ သူသည် အခုအချိန်မှာ တာဝန်ကျေသည်၊ မကျေသည်များကို စဉ်းစား၍ မရနိုင်တော့ပါ။ အလုပ်ကိစ္စများပြတ်မှ ပစ္စည်းများပြင်ဆင်၍ စားပွဲမှာ ထိုင်လိုက်သည်။ ရှိန်းထံ စာတစ်စောင်ရေးရန် ပြင်ဆင်တော့မှ မျက်ရည်များက တွေတွေကျလာသည်။ ဤမျက်ရည်များသည် ရှိန်းကို တွယ်တာသော သံယောဇဉ်၏ အတိုင်းအတာကို ဖော်ပြနေသည်။ သူသည် မျက်ရည်စက်လက်နှင့်ပဲ စာကိုရေးလိုက်သည်။


ချစ်လှစွာသော ရာဟုလာ/

 မလေး ဒီစာနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ ရှိန်းကို ရာဟုလာလို့ခေါ်လို့ မလေးကို စိတ်ဆိုးသွားပြီလား။ အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်ဖို့ဆန္ဒနဲ့ သူ့စိတ်ဟာ လမင်းလို ကြည်လင်အေးမြနေပါတယ်။ အဲဒီအချိန်မှာ သားတော်လေး မွေးလာတယ်လို့ မင်းချင်းများ လာရောက်လျှောက်ထားတဲ့အခါ သားဆိုတဲ့ အနှောင်အဖွဲ့ သံယောဇဉ်တစ်ခု ရစ်ပတ်လာတဲ့အတွက် ခုန တောထွက်လိုတဲ့ ကြည်လင်တဲ့စိတ်ဆန္ဒမှာ လမင်းကို လငပုပ်ဖမ်းသလို အမှောင်နဲ့ ရစ်ပတ်ဖုံးလွှမ်း ညစ်နွမ်းစေတဲ့အတွက် သားတော်လေးကို ရာဟုလာ လို့ အမည်ပေးလိုက်တယ်တဲ့။


မလေးရင်မှာ သန့်စင်တဲ့ စေတနာမေတ္တာနဲ့ ရှိန်း ဆေးခန်းကြီးကို ဖြစ်မြောက်အောင် ထူထောင်ပြီး မလေး ကျေးဇူးရှင် ရှိန်းကို ကူညီဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကာလကြာလေလေ ရှိန်းရဲ့ စရိုက်အပြုအမူနဲ့ ရှိန်းပတ်ဝန်းကျင်ရဲ့အကြောင်းကြောင်းတွေကြောင့် မလေးရဲ့ နှလုံးသားလဝန်းကို လငပုပ်ဖမ်းသလို ညစ်နွမ်းစေခဲ့ပါတယ်။


ဒါ့ကြောင့် မလေး ရှိန်းကို ရာဟုလာလို့ ခေါ်လိုက်တာပါ၊ ရှိန်း ဒီစာဖတ်နေချိန်မှာ မလေးတစ်ယောက် ကလောအိမ်ကြီးမှာ အေးချမ်းစွာ ရောက်နေပါပြီ။ ပြဿနာအရပ်ရပ်ကို ရှိန်းနဲ့အတူ လက်တွဲဖြေရှင်းခဲ့တဲ့ မလေးရဲ့စေတနာကို နားလည်ရင်ဖြင့် ရှိန်း ပြန်တဲ့အထိမစောင့်ဘဲ ထွက်သွားတဲ့ မလေးအပေါ် ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရှိန်းဆေးတိုက်ကြီး တိုးတက်ပါစေ။

/မလေး


မလေးနုသည် စာကို လုံခြုံစွာပိတ်၍ တင်သက်မာမှတစ်ဆင့် ရှိန်း အင်္ဂလန်ကအပြန် ပေးဖို့ စီစဉ်ခဲ့သည်။ နောက်နေ့ နံနက်​စောစောမှာ ရှိန်းဆေးတိုက်ကြီးကို မလေး ​ကျောခိုင်းကာ ထွက်လာခဲ့ပါတော့သည်။


* * *


ကလော၏ မိုးဦး။


မုတ်သုံသည် စောစီးစွာ ဝင်ရောက်လာသည်။ ဆင်တောင် မှိုင်းလုံးတောင်တန်းများအပေါ်ရှိ ထင်းရှူးတောများသည် ကိုင်းခက်များ ဝှေ့ယမ်း၍ အော်မြည်ဟစ်ကြွေးကာ မုတ်သုံကို ကြိုဆိုကြသည်။ ညို့မှိုင်းသော တိမ်ညိုများက ချစ်သူတောင်ထိပ်များကို ရင်ခွင်မှာ ပွေ့ဖက်လိုက်သည်။ ချစ်သူ၏အအေးဓာတ်ဖြင် တိမ်စိုင်တိမ်ခဲတွေ ဖွဲ့စည်းကာ မိုးအဖြစ် ရွာချလာသည်။ ချစ်၍ရွာသော ပုလဲမိုးများ တောင်ခြေရွာကလေးများနှင့် ကလောတစ်မြို့လုံးကို ကြဲဖြန့်လိုက်သည်။ 


မလေးနုသည် ပြတင်းမှ မိုးဦးအလှကို ငေးနေမိသည်။ အိမ်ကြီးကတော့ တိတ်ဆိတ်နေသည်။ အပြင်မှာသာ မိုးပေါက်သံတွေနှင့် သစ်ရွက်များ ရိုက်ခတ်သံတွေ ကြားနေရသည်။


"အန်တီမလေး ဖေဖေ နက်ဖြန် ပြန်လာမယ်တဲ့၊ မေမေ့ကို မီပါ့မလား မသိ၊ မေမေ့အခြေအနေက မကောင်းဘူး၊ သူတို့နှစ်ယောက် နောက်ဆုံးအချိန်မှာတော့ အေးချမ်းစွာ တွေ့ဆုံစေချင်ပါတယ်၊ တစ်သက်လုံး မတည့်ခဲ့တဲ့ လင်မယား"


ဖြူပြာထံက လူကြုံနှင့် စာရခဲ့သည်မှာ ဟိုအပတ်ကတည်းက မကြာမီ တင်သက်မာထံမှ အေး ဆုံးကြောင်း၊ အေး ဆုံးပြီး နောက်နေ့မှာမှ ရှိန်း ရောက်လာကြောင်း၊ အေး အခြေအနေမကောင်းသည်ကို ဖုန်းဆက်ချိန်တွင် ရှိန်းက လန်ဒန်မှာ မရှိ၊ အီဒင်ဗာရာကို ရောက်နေ၍ ရှိန်း ပြန်လာချိန်တွင် အသက်မမီကြောင်းပါ တင်သက်မာက စာထဲတွင် ရေးပြသည်။ အေး၏နောက်ဆုံးအချိန်ကို ရေးပြသည်ကတော့ . . .


“ဖြူပြာနဲ့ သူဇာ အေးအလောင်းကို အေး အိပ်ခန်းထဲမှာပဲ ပြင်ထားတယ်၊ သူ့မေမေ မဆုံးခင်က ဝဏ္ဏနဲ့ အာကာကို မေးတယ်၊ အာကာကလည်း ရဲဘက်က မလွတ်သေး၊ ဝဏ္ဏက ဆေးရုံတက်ရာ အကြောသေရောဂါဖြစ်နေလို့ အေး ဘယ်သူနဲ့မှမတွေ့ရဘူး၊ ဆေးရုံက ဆင်းပြီး အိမ်မှာ တစ်လလောက်အကြာမှာ ပြန်ပြီး သွေးအန်တယ်၊ ဆေးရုံတင်ဖို့ အချိန်မရဘူး၊ ဆရာကြီးလာတုန်းက လမ်းမှာပဲရှိသေးတယ်၊ အေးက ဆုံးသွားတယ်၊ သူတို့မေမေဟာ ပူပန်လွန်းလို့တဲ့၊ အေး အလောင်းပြင်ထားတဲ့ အိပ်ခန်းမှာ လျှပ်စစ်မီးထွန်းမထားဘူး၊ ဖယောင်းတိုင်ကြီးတွေပဲ အလောင်းပတ်လည်မှာ ချထားတယ်၊ သူ့မျက်နှာဟာ ဖြူနုနေသလိုပဲ၊ ပန်းတွေအလယ်မှာ အိပ်ပျော်နေသလိုပဲကွယ်”


သက်မာထံမှ စာကိုဖတ်ရင်း မလေးနုက စိတ်မကောင်းပါ။ အေးသည် ချစ်သူတို့နှင့် နောက်ဆုံးအချိန်မှာ မတွေ့ရဘဲ လူ့လောကမှ ထွက်ခွာသွားရသည်။ ဖြူပြာကိုလည်းကောင်း၊ အရေးအကြောင်းဆို သူ့ထံပြေးလာသော သူဇာကို သတိရသည်။ ဝဏ္ဏနှင့် အာကာတို့အကြောင်းကလည်း စိတ်မချမ်းသာစရာ။


တင်သက်မာက သူအလုပ်များသည်ကို ရေးသားဖော်ပြ၍ မလေးနုသည် စေတနာခန်းမှ လူနာများနှင့် ဘဝမြင့်ရိပ်သာမှ ဘဝမမြင့်နိုင်သော ကိုစိန်မောင်တို့အုပ်စုကိုလည်း သတိရသည်။ သူ့မွေးနေ့ ရွှေတိဂုံဘုရားအပေါ် တွေ့စဉ်ကတော့ ကိုစိန်မောင် သန်လျင်ကို ပြောင်းသွားပြီတဲ့။ ဘဝမြင့်ရိပ်သာ ရပ်ကွက်တစ်ခုလုံးကို ဖျက်လိုက်ပြီဟု ဆိုသည်။ သန်လျင်မြို့စွန်မှာပဲ ဖြစ်ပါစေ၊ ကိုစိန်မောင်တစ်ယောက် သန့်ရှင်းသော တဲလေးထဲမှာ လေကောင်းလေသန့် ရပါစေလို့ပဲ ဆုတောင်းမိသည်။ ကျန်သောရပ်ကွက်များမှ နာလန်ထလူမမာများကိုလည်း ပြန်သတိရသည်။ ကြက်ဥရောင်းဝယ်လုပ်နေသော ကုလားမလေး ညွန့်ရီနှင့် လူနာများ၊ အဆုတ်နာဆေးရုံမှာ ပေးထားသောဆေးများ မသောက်ဘဲ ပြန်ရောင်း၍ သေသွားရသော ကိုမြအောင်ကအစ သူ အသေးစိတ် ပြန်သတိရနေသည်ပြီးတော့လည်း ကော်ဇောပေါ်မှာ ဟင်းခွက်မျိုးစုံ ပွဲတော်တည်၍ လူနာစောင့်နေကြသော ငွေကြေးခန်းမှ လူနာများကိုလည်း မြင်ယောင်လာသည်။ သူတို့အဖို့တော့ သိန်းဂဏန်းချီ၍ လူနာအတွက် ကုန်ကျလည်း မမှုပါ။ ငွေကိုလမ်းခင်း၍ အသက်ကိုကယ်နိုင်ကြသည်။


ဆင်းရဲသူများကျတော့လည်း ရှိန်းက ငွေကုန်ကြေးကျခံ ကုသပေးသည်တောင်မှ အိမ်မှာကျန်ရစ်သော မိသားစုအတွက် လူနာက ငွေရှာပေးရသတဲ့၊ သူလုပ်ခဲ့သော အချိန်အတွင်းမှာ မဖြေရှင်းနိုင်သောပြဿနာ ဒီတစ်ခုပဲရှိခဲ့သည်။ အိမ်ထောင်ဦးစီး ဆေးရုံတက်နေစဉ် မိသားစု ဝင်ငွေမရှိ၍ စားစရာမရှိခြင်းပဲ။ ဆင်းရဲသားလူနာများကို ကုရ၍ ကုသိုလ်ရသည်တော့ မှန်ပါသည်။ သို့သော် တစ်နေ့ တစ်နေ့ ဆင်းရဲသူတွေလည်းဖြစ်ပြန်၊ မကျန်းမာလေတော့ ပြဿနာပေါင်းစုံ မဆုံးနိုင်တော့ပါ။ 


အဓိက စီးပွားရေးပြဿနာဆိုတော့ သူတို့ဆရာဝန်က စေတနာသာ ပေးနိုင်သည်။ အသပြာ မပေးနိုင်ပါ။ ရောဂါပျောက်ကင်းသွားသော စေတနာခန်းက လူနာတွေအတွက်ပဲ စိတ်ချမ်းသာမှုရယူကာ ကိုယ့်လုပ်ငန်းကို ဂုဏ်ယူစိတ်ဖြေရသည်။ တကယ်တော့ ရှိန်းဆေးတိုက်လုပ်ငန်းကြီးက သေသေချာချာလုပ်လေ မသက်သာလေနှင့် တော်တော်ပင်ပန်း၍ ပြဿနာစုံသောအလုပ်၊ ဆရာဝန်ဆိုတာ လူနာကျန်းမာအောင် ဆေးကုရုံပဲ၊ ခုတော့ မလေးကိုအဖို့ ဆရာဝန်ဆိုပေမယ့် ဆေးတိုက်အုပ်ချုပ်ရေး၊ မီးဖိုလူနာတွေ စားသောက်မှုပါ တာဝန်ယူရလေတော့ သူလုပ်ခဲ့သော လုပ်ငန်းများကို ပြန်တွေးကြည့်တော့မှ တော်တော်မောစရာကောင်းသော အလုပ်ပါပဲ။


ယခု အေးဆေးစွာ ထိုင်စဉ်းစားမှ ရှိန်းဆေးတိုက်ကြီးမှာ လုပ်စဉ်က ကြုံတွေ့ခဲ့ရသော စိတ်မောလူမော ပြဿနာတွေက ပို၍ ရုပ်လုံးပေါ်ခဲ့သည်။ ဆေးတိုက်ပြဿနာက ရှုပ်ရသည့်အထဲ ရှိန်းမိသားစုပြဿနာကတစ်မျိုး၊ သူနှင့် တင်သက်မာသည့် စာနာစိတ်နှင့် အစစ ရှိန်းမိသားစုကိုလည်း မိသားစုစိတ်ဓာတ်နှင့် ကူညီခဲ့ခြင်းပါပဲ။ အေးတစ်ယောက် အထင်လွဲရက်လေခြင်း။ 


မလေးနုတို့ဘဝသည် အပြင်လောကမှာ ယောက်ျားများနှင့် တွဲဖက်လုပ်ကိုင် ရှာဖွေစားသောက်ခဲ့ရပေမယ့် ကိုယ်ကျင့်စာရိတ္တကို ထိန်းသိမ်းလာခဲ့ကြသူများပါ။ ခုတော့ သူတစ်ပါးလင်ကို အပိုင်စီးလိုသည်ဟူသော စွပ်စွဲချက်မှာ လူရော ပစ္စည်းကိုပါ ဆိုလိုခြင်းဖြစ်၍ ဒါလောက် ပက်စက်သော အကြံအစည်မျိုး မလေးနုမှာ မရှိသည်ကို အေး နားလည်စေချင်ပါသည်။ သူ မထွက်လာခင်က အေးကို ဖြေရှင်းဖို့ကလည်း အသည်းအသန် လူမမာနှင့် ပြဿနာရင်မဆိုင်ချင်၍ ကျန်းမာမှ တစ်နေ့နေ့ တွေ့တော့မည်ဟု သူဆုံးဖြတ်ကာ ကလောကို ထွက်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ဖြေရှင်းရမည့် ကာယကံရှင်က ကွယ်လွန်ခဲ့ပြီ၊ သေပြီဆိုတော့ အေးအပေါ် ခွင့်လွှတ်လိုက်ပါပြီ။ 


ပြဿနာ ဆိုတာ မကိုင်တွယ်တတ်လျှင် တရားခံပြန်ဖြစ်တတ်သလို အေးအကြောင်း ပြန်စဉ်းစားလိုက်လျှင် လင်နှင့် သားသမီးပြဿနာကို မကိုင်တွယ်တတ်၍ သူ့ခမျာ တရားခံပြန်ဖြစ်သွားသည်။ စိတ်ညစ်ညူးပါများတော့ မလေးအပေါ်မှာလည်း အမှန်ရောက်အောင် မတွေးခေါ်နိုင်ပေဘူးပေါ့။


ရှိန်းဆိုသူကတော့ အေး သွားလည်း သူက ဆေး​ပေးမီးယူတစ်ယောက်တော့ ယူဦးမှာပဲ၊ အသက်ခုနစ်ဆယ်ကျော် လူအိုကြီးတွေ မိန်းမသေလျှင် 'ဆေးပေးမီးယူအတွက်တော့ သမီးက ပြုစုနိုင်တာမဟုတ်”ဟူ၍ အကြောင်းပြကာ ငယ်ငယ် ယူကြသေးသည်ပဲ။ မိန်းမတွေမှာ ဘယ်လောက်အိုအို ကိုယ့်ဆေး ကိုယ်ယူသောက်ရသည်။ အိုနာရွတ်တွ မိန်းမတစ်ယောက်ကိုလည်း ဘယ်ယောက်ျားကမှ ဆေးပေးမီးယူ ပြုစုမည်မဟုတ်ပါ။ ဒေဝစ္ဆရာ ဆိုရင်တော့ အနားကမခွာ ပြုစုကောင်း ပြုစုကြမည်။ (Gentlemen Prefer Blonde) ဆိုစကားလို နွားအို မြက်နုကြိုက်ကြပါသည်။ လူအိုယောက်ျားတွေအတွက် “ဆေးပေးမီးယူ”ဆိုသည် မိန်းမငယ်ငယ်ယူဖို့ လက်သုံးစကား အကြောင်းပြစကားပဲပေါ့။


ပြန်တွေးလိုက်တော့လည်း ရှိန်းတို့မိသားစုအဖြစ်က ပူလောင်လိုက်တာ၊ ရှိန်းဆေးခန်းအလုပ်ကလည်း ပင်ပန်းလိုက်တာ။ ယခုလို ပူလောင်ခြင်း၊ ပင်ပန်းခြင်းများကို ဖြတ်သန်းလာခဲ့ရသည်ကို တွေးမိတိုင်း သူ၏ငယ်ဘဝလေး အေးချမ်းမှုကို ပြန်လည်တွေးမိသည်။


သူတို့မှာ သားအမိ သားအဖ သုံးယောက်တည်း။ သူကလည်း တစ်ဦးတည်းသော သမီး။ သူငယ်စဉ်က ကစားဖော် ကစားဖက်ဆို၍ ဦးစောထီးသမီးတွေပဲ ရှိသည်။ ဦးစောထီးတို့က ခရစ်ယာန်များဖြစ်သည်။ တနင်္ဂနွေနေ့တိုင်း သူတို့ ဂါဝန်လှလှလေးတွေဝတ်၍ ဝေဘဲလ်လမ်း တောင်ခြေက ဘုရားရှိခိုးကျောင်းကို သွားကြသည်။ စန္ဒရားနှင့် သီချင်းဆိုရသည်ကို ပျော်သည်။ ပြီးတော့ တရားဟောဆရာက ဘိုင်ဘယ်လ် Bible ကျမ်းထဲမှ ပုံပြင်တွေကို ညင်သာ အေးချမ်းစွာ ရှာဟောပြောပြသည်။


တနင်္ဂနွေနေ့မှာ သူငယ်ချင်းတွေနှင့် ဘုရားရှိခိုးကျောင်းသွား၍ အဖိတ်နေ့မှာ ဓမ္မစကြာလမ်းက သီလရှင်တိုက်က ဆရာလေး ဒေါ်ဣန္ဒာဆီကို မေမေက သူ့ကိုပို့သည်။ ဆရာလေးကလည်း ဘုရားဂုဏ်တော်တွေ သင်ကြားရင်း မင်္ဂလသုတ်ကိုလည်း သင်ပေးသည်။ အသက်စွန့်ကာ ဆွေမျိုးနောက်လိုက်ငယ်သားကို ကယ်တင်သော မျောက်မင်းအကြောင်း၊ ရပ်ရေးရွာရေး၊ အများအကျိုးကိုဆောင်ရွက်သော မာဂဓတိုင်းသား မောင်မာဃ အမှူးရှိသော ရွာသားများ အကြောင်း ဆရာလေးကလည်း ပြောပြသည်။ ဆရာလေးကလည်း ဆရာမဲခရာဇ်စတီးလိုပင် ပုံပြောကောင်းသည်။ ဒီလို ပုံပြင်လေးတွေနှင့် သူကြီးပြင်းလာခဲ့ရသည်။ ဆယ်တန်းအောင်၍ တက္ကသိုလ်ရောက်စကများ ဆူဆူ ဆူဆူကျောင်းသားများ ပတ်ဝန်းကျင်မှာ မနေတတ်သလိုတောင် သူဖြစ်မိသည်။ နောက်မှ တဖြည်းဖြည်း အသားကျလာသည်။ ဒါပေမဲ့ အေးချမ်းတိတ်ဆိတ်စွာ မိသားစု နေခဲ့ရသော ကလောအိမ်ကြီး၏အငွေ့အသက်ကတော့ သူ ဘယ်ရောက်နေနေ လွှမ်းမိုးလျက်ရှိသည်။ 


ဘဝထဲကို တိုးဝှေ့ဝင်ရောက်ရသောအခါ ခရစ်ယာန်ဆရာမများနှင့် ဓမ္မစကြာကျောင်းက ဆရာလေး ဒေါ်ဣန္ဒာတို့၏ ပုံပြင်များသည် သူ့အတွက် အဖော်ကောင်းတွေ ဖြစ်လာကြသည်။ သူသည် အရွယ်ရောက်တော့ စိတ်ကူးယဉ်သား။ သူ့ဌာနေ ကလောကို ဝိုင်းရံထားသော တောင်တန်းကြီးတွေမြင်လျှင် အားတက်သည်။ ညို့မှိုင်းစိမ်းစိုသော တောင်တန်းတွေက အေးချမ်းခြင်းနှင့် ကြံ့ခိုင်ခြင်းကို သရုပ်ဆောင်နေကြသည်။ ဒါပေမဲ့ ရေငွေ့များ သယ်ဆောင်လာသော တိမ်စိုင်ခဲတွေတိမ်တောင်များဘဝကိုတော့ သူ သနားသည်။ စွန့်လွှတ်ရဲသူများဟု ထင်သည်။ သူတို့ အဝေးကြီးက သမုဒ္ဒရာနှင့် ရေအိုင်ကြီးများကို ဖြတ်သန်း၍ မုတ်သုံလေကို အဖော်ပြုလာကြသည်။ ချစ်သူတောင်တန်း ညို့ညို့စိမ်းစိမ်းများကို တွေ့လိုတော့ နှင်လာခဲ့ရပေမယ့် တိမ်တောင်တွေက သိပါသည်။ ချစ်သူတောင်တန်းများကို ပွေ့ဖက်နှုတ်ဆက်လိုက်သည့် တစ်ပြိုင်နက် ချစ်သူ တောရိပ် တောင်ရိပ်၏ အအေးဓာတ်ကြောင့် သူ့ရင်မှ ရေငွေ့များ စုခဲကာ ပုလဲရည် ပုလဲပေါက်များအဖြစ် သွန်ချရတော့မည်ကို သိပါသည်။ တောင်တန်းကြီးများအပေါ်မှာ တိမ်စိုင်များ ရစ်သိုင်းညိုမှောင်လာလျှင် သူ့အလိုလို ဝမ်းနည်းလာသည်။ ချစ်သူတို့နှစ်ဦး တွေ့ဆုံလျှင် တိမ်တိုက်များ ရင်ခွင်မှာ တောင်ထွတ်များ ရင်ငွေ့လှုံကြခြင်းသည် ကြည်နူးစရာလိုလိုနှင့် မကြာခင် တိမ်ဖိုင်တိမ်ခဲများ၏ရင်မှ ပုလဲရည်မိုးစက်များ သွန်ကျလာသည်နှင့်တစ်ပြိုင်နက် တိမ်တောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားကြရသည်။


တောင်ခြေရွာများနှင့် လယ်မြေယာတွေ၊ သစ်ပင်တောတောင်တွေမှာတော့ မိုးစက်မိုးရေများနှင့် စိမ်းလန်းစိုပြည်သလောက် တိမ်တောင်များကတော့ အသက်စွန့်လွှတ်သွားကြရပြီ။ အသက်သေရတော့မည်။ သူတို့ဘဝ ကုန်ဆုံးရမည်ကို သိပါလျက်နှင့် ချစ်သူတောင်တန်းများကို ပွေ့ဖက်နမ်းရှုပ်သော မိုးတိမ်များ၊ စွန့်လွှတ်ရဲသော မိုးသားတိမ်တိုက်များ၏သတ္တိကို ချီးကျူးပါသည်။ သူတို့ရင်မှ ခိုးပုလဲရတနာများကို မြေသားများအတွက် လယ်ယာမြေနှင့် သစ်တောကြီးများအပေါ်သို့ သွန်ချရင်း လူ့လောကမှ ထွက်ခွာသွားကြသည်။


သူ့ချစ်သူ ကိုမျိုးဇင်လည်း အသက်အန္တရာယ်ကို မသိ၍မှမဟုတ်၊ စစ်မြေပြင်ကိုရောက်လျှင် သေခြင်းတရားဆိုတာက ဆီးကြိုနေမြဲ။ ဒါပေမဲ့ အမိမြေကိုချစ်သော အချစ်က ဇင်၏စိတ်ကို မတားနိုင်ပါ။ သူ့အသက်ကို အမိမြေကိုအပ်ကာ ဇင်လည်း လူ့လောကထဲက ထွက်ခွာသွားပါပြီ။


မလေးနုသည် ဇင်နှင့် နောက်ဆုံးထိုင်ခဲ့သော ယူကလစ်ပင်မြေမှာ ထိုင်ရင်း မျိုးစုံတွေးနေမိသည်။ တိမ်တောင်တွေ နိမ့်ဆင်းလာပြန်သည်။ လေက မိုးသက်ငွေ့ဖြင့် အေးစိမ့်နေသည်။ အဝေးထင်းရှူးပင်တန်း၏ ပင်ခြေမှာတော့ ရွှေရောင်သန်းနေသော နေခြည်မျှင်တန်းတွေကို တွေ့နေရသည်။


ခြံထဲသို့ ကားတစ်စီးဝင်လာ၍ ဦးဘသာက စောင့်ကြည့်နေသည်။ ဆင်ဝင်အောက်တွင် ကားကရပ်လိုက်၍ ကားပေါ်မှ ဆင်းလာသူကို မလေးနု ကြည့်လိုက်တော့ ရှိန်း။


"ရှိန်း"


မလေးနုသည် ထိုင်ရာမှ ရုတ်တရက်ထကာ အော်ဟစ်ခေါ်လိုက်ပေမယ့် သူ့ခြေများ လှမ်း၍မရ၊ အားမရှိသလို တုံ့နှေးနေသည်။ ရှိန်းက သူရှိရာသို့ တဖြည်းဖြည်း လျှောက်လှမ်းလာသည်။


"ရှိန်း လိုက်လာတယ်လား” 


“လိုက်လာတယ်လေ၊ တွေ့ချင်လွန်းလို့”


ရှိန်းက ပြောရင်း မလေးနု စကားမဆက်ခင် မလေးနုအပါး ထိုင်ချလိုက်သည်။ မလေးနုကလည်း ပြန်ထိုင်လိုက်သည်။ ရန်ကုန်က သွားစဉ်ကနှင့်မတူ ပိန်သွားသော ရှိန်းမျက်နှာကို မလေးနုက ငေးကြည့်နေမိသည်။


“အေးအတွက် မလေး စိတ်မကောင်းပါဘူး ရှိန်း၊ မလေးဟာ ဒီတစ်ခါ လုပ်သင့်တာထက် လုပ်ချင်တာကို လုပ်လိုက်လို့ မလေးကို ခွင့်လွှတ်ပါ"


မလေးနုက တောင်းပန်စကား ဆိုလိုက်သည်။ 


“ဒါတွေ ထားလိုက်၊ ရှိန်းပြန်လာတော့ သမီးတွေဆီက​ရော တင်သက်မာဆီကရော အကြောင်းစုံ ကြားပြီးပြီ၊ မလေးက ခွင့်လွှတ်ပါလို့ စကားဆိုစရာ မရှိပါဘူး၊ ရှိန်းအတွက် မလေး လုပ်သင့်လုပ်ထိုက်တာထက်တောင် ပိုလုပ်ပေးခဲ့တယ်လို့ ရှိန်း ယူဆပါတယ်၊ ဒါပေမဲ့ ရင်ထဲမှာ ပြောချင်တဲ့စကားတွေ ရှိသေးလို့ လိုက်လာရတာပါ၊ ဒီကောင့်ကို လက်ခံမယ်မို့လား"


“ဧည့်သည်ကို မနှင်ပါဘူး ရှိန်း၊ ကဲ ... ထမင်းစားပြီးမှ အေးအေးဆေးဆေး စကားပြောရအောင်၊ အခု ရေမိုးချိုး နားလိုက်ဦး၊ ရှိန်း ခရီးပန်းလာတယ်၊ ဦးဘသာ”


မလေးနုက ဦးဘသာကို လှမ်းခေါ်လိုက်သည်။


"သူက ရှိန်းဆေးတိုက်ပိုင်ရှင် မလေး ပြောပြောနေတဲ့ ဦးဗညားရှိန်းပဲ၊ အောက်ထပ်မှာ အိပ်ခန်းပြင်ပြီး ထားလိုက်ပါ။ ည​နေစာလည်းကျွေးမယ်၊ ဒေါ်မြကို ပြောလိုက်ပါ၊ ပစ္စည်းတွေလည်း သယ်ပါဦး"


ရှိန်း၏ကားကို ဂိုဒေါင်ထဲ သွင်းခိုင်းလိုက်သည်။ ရှိန်း ဒီလိုလိုက်လာတော့လည်း မလေးနု ဝမ်းသာပါသည်။ အိမ်ထဲကို ရှိန်းကို ခေါ်သွားလိုက်၏။ ရှိန်းသည် တအံ့တသြ ကျွန်းသားများနှင့် မွမ်းမံထားသော အိမ်ကြီး၏ ခံ့ညားပုံကို ကြည့်နေသည်။ သူဌေးကြီးတစ်ယောက်အဖြစ် ရန်ကုန်မှာနေပေမယ့် သူနေသောအိမ်မှာ မလေးနုအိမ်လို ခမ်းနားခြင်းမရှိ။


“ဒီအိမ်ကြီးမှာ မလေးနုတစ်ယောက်တည်းနေတယ်” 


အပါးမှာရပ်နေသော မလေးနုကို ရှိန်းက မေးလိုက်သည်။


“ဟုတ်တယ်၊ ဒါက ဖေဖေနဲ့ မေမေ့ပုံ"


မလေးနု ဧည့်ခန်းထိပ်တွင် ချိတ်ထားသော ဇနီးမောင်နှံ စုံတွဲ ဓာတ်ပုံကြီးကို ပြလိုက်သည်။ ရှိန်းက ငေးနေမိသည်။ မလေးနုသည် ဖခင်နှင့် ရုပ်ချင်းဆင်ပုံရသည်။ ဦးမောင်မောင်ကြီးက ရှေးလူကြီး အပြင်အဆင် တောင်ရှည်ပုဆိုး၊ အပေါ်အင်္ကျီရင်ဖုံး၊ ခေါင်းပေါင်းနှင့် ဘေးက ဇနီးဖြစ်သူက ဘီးဆံထုံးကြီးထုံးကာ ပဝါစုံချထားသည်။ ချိတ်ထဘီနှင့် အတော်ကျက်သရေရှိသောပုံ ဖြစ်သည်။


"အေးကွယ် ... ဒီအိမ်ကြီးကို သူ စိတ်တိုင်းကျ ဆောက်ထားပုံရတယ်နော်၊ အပေါ်ထပ်လည်း ကိုယ်သွားကြည့်ချင်တယ်”


မလေးနုက ရှိန်းကို အပေါ်ထပ်သို့ ခေါ်သွားသည်။ အပေါ် `ထပ်မှာ ကျယ်ဝန်းသော ဧည့်ခန်းမကြီးရှိ၍ ဘေးတစ်ဖက်မှာ အိပ်ခန်းတွေရှိသည်။ အခန်းတွဲထားသည်မှာ အုတ်နံရံတွေဖြစ်ပေမယ့် ကျွန်းသားများ အပေါ်မှာ ထပ်၍ ကပ်ထားသည်။ ဘုရားခန်းကအစ ရှိန်းက လိုက်ကြည့်သည်။


"ရှိန်းတို့အိမ်မှာ ဘုရားခန်း မရှိဘူးဆို"


"ဟုတ်တယ်လေ၊ မရှိဘူး”


ရှိန်းက တုံးတိတိ ဖြေလိုက်သည်။ ပြတင်းမှာ သွားရပ်ကာ အပြင်ခြံဝင်း၏အလှကို ငုံ့ကြည့်နေသည်။


“ဆောင်းဆိုရင်တော့ အလှစိုက် ဆောင်းတွင်းပန်းတွေ ခြံထဲမှာ ပြည့်နေတာပဲ၊ မိုးတွင်းမှာတော့ ဒေလီနဲ့ နှင်းဆီပဲ၊ ဟိုဘက်က ကက္ကရုနဲ့ ပင်စိမ်းနီ”


ပင်စိမ်းနီတွေမှာ ပတ္တမြားခဲလို ရဲတွတ်နေ၍ ကက္ကရူပန်းတွေက ပန်းလက်တံရှည်များ၊ အဖျားမှာ အဖြူအပွင့်ဆုပ်များ အိနေသည်။ ဒေလီယာပန်းတွေက အပွင့်ကြီးတွေ ကော်ဖီပန်းကန်ပြားလောက်ရှိသည်။ ဘဝ၏နားချိန်ကို အသေအချာ ပြင်ဆင်သွားသော မလေးနုအဖေကို ရှိန်းက သတိရနေသည်။ သူ့ခမျာ ပြင်ဆင်ထားပေမယ့် နေမသွားရ။


"ဒီအိမ်ကြီးမှာ မျိုးဇင်နဲ့ မလေးတို့ စေ့စပ်တာပေါ့၊ ဟုတ်လား” 


"ဟုတ်တယ်၊ ဟိုမှာလေ မလေး ခုနထိုင်နေတဲ့ ယူကလစ်ပင်ကြီးအောက်က ခုံတန်းလေး၊ ဇင်နဲ့ စေ့စပ်တဲ့နေ့ နောက်ဆုံးတွေ့ ရတဲ့နေရာ"


မလေးဇုက ယူကလစ်ပင်လုံး ဖြူဖြူကြီး၏ အောက်ခြေကို ညွှန်ပြနေသည်။ ရှိန်းသည် မျှော်ကြည့်ရင်း တစ်ယောက်တည်း ပြောနေသည်။


"ဪ... ဘဝမှာ မမေ့နိုင်လောက်အောင် ချစ်သူနဲ့တွေ့ခဲ့တဲ့ နေရာတို့၊ ဘာတို့ မလေးတို့လို ရှိန်း ပြောပြချင်လိုက်တာ၊ ရှိန်းမှာ အမှတ်တရပြောစရာ ဘာမှလည်းမရှိဘူး၊ တွေ့ခဲ့တဲ့ မိန်းမတွေကလည်း အများကြီး"


မလေးနုသည် ရှိန်းစကားကို နားထောင်ရင်း အံ့သြသွားသည်။


“မလေး ဧည့်သည် ရေချိုးဖို့ ​ရေ​နွေး အဆင်သင့် ရှိပြီ"


ဦးဘသာ လာခေါ်သွား၍ ရှိန်းက အောက်ဆင်းသွားသည်။ မလေးနုသည် ဒေါ်မြနှင့်အတူ ရှိန်းကို ညစာကျွေးဖို့ ကူညီလုပ်ကိုင်ပေးနေသည်။


ထမင်းစားချိန်တွင် အပြင်မှာ အလင်းရောင်မရှိတော့ပေ။


ထမင်းစားခန်းကြီးထဲမှာ မီးများ ထိန်ထိန်လင်း၍နေသည်။ မိုးရွာချလာ၍ ပြတင်းတံခါးများကို ဦးဘသာ လိုက်ပိတ်နေသည်။


“ဦးဘသာရယ် ရေချိုးပြီးစ၊ ရှိန်း အေးနေမယ်၊ အပြင်က မိုးကောင်းတယ်၊ မီးလင်းဖို ထင်းထည့်ပြီး မီးဖိုလိုက်ပါ၊ ကဲ... ရှိန်း ထိုင်၊ ထမင်းစားစို့”


ထမင်းစားပွဲမှာ ဒေါ်မြက ထမင်းထည့်ထားပေမယ့် ဟင်းများကို မလေးနုက ရှိန်းပန်းကန်ထဲ ကိုယ်တိုင်ထည့်ပေးသည်။ ရှိန်းသည် ရွေ့လျားနေသော မလေးနု လက်များကို စူးစိုက်ကြည့်နေမိသည်။ ညာဘက် လက်ခလယ်မှာ မလေးနု မွေးနေ့တုန်းက ရှိန်းကိုယ်တိုင် ဝတ်ပေးခဲ့သော စိန်လက်စွပ်ကလေးက တလက်လက်နှင့် ဝင်းပနေသည်။


မလေးနုသည် သူပေးသော လက်စွပ်လေးကိုတော့ အမှတ်တရ ဝတ်ဆင်နေဆဲဆိုသည်ကို သိရတော့ ကျေနပ်ဝမ်းသာမိသည်။ သို့သော် မလေးနုက သူ၏ရှိန်းဆေးခန်းကို ပြန်လာဖို့ဆန္ဒမှ ရှိပါဦးမည်လော၊ သူကြိုးစား၍တော့ မလေးနု ပြန်လာဖို့ကို ပြောရမည်။


"ရှိန်း ဘာတွေးနေလဲ၊ စားလေ၊ မလေး အိမ်မှာရှိတာတွေပဲ ချက်ထားတယ်၊ ရှိန်းဘာကြိုက်လဲ ပြော၊ နက်ဖြန်မှ ဝယ်ချက်မယ်”


“ဟင်းတွေ စုံပါတယ်၊ စားလို့ရပါတယ်၊ စိတ်ထဲက ဆေးတိုက်မှာ ထမင်းစားရတဲ့အချိန်တွေကို ပြန်သတိရနေလို့ပါ၊ မလေးတို့ သမီးတို့နဲ့ သိုက်သိုက်ဝန်းဝန်း စားခဲ့ရတာ ရှိန်း အမြဲသတိရတယ်”


“မလေးလည်း ညနေတိုင်ဆို နေသာတဲ့ညနေမှာ ခြံထဲထွက်ထိုင်ရင်း ဆေးခန်းရော လူနာတွေရော သတိရတယ်၊ အထူးသဖြင့် ဖြူပြာနဲ့ သူဇာကို သတိရတယ်၊ သူဇာ မဆိုးဘူးနော်၊ မလေးတို့ ထင်တာထက် သူ့စိတ်ကို ထိန်းနိုင်သားပဲ၊ ကဲ... နောက်ကျမှပြော၊ ထမင်းစားဦး။ ဒီမှာ ဟင်းသီးဟင်းရွက်ပေါတယ်၊ မလေးက ဟင်းသီးဟင်းရွက်ကြော်တာထက် အရိုးစွပ်ပြုတ်မှာ ခပ်သောက်တာ ကြိုက်တယ်၊ ဒါက ဂေါ်ရခါးညွန့်ကြော်ချက်၊ ခရမ်းချဉ်သီးတွေ ပန်ထွေ ဖျော်၊ ကြက်သားဆီပြန် စားတယ်မို့လား”


“စားပါတယ်”


“မလေးကိုယ်တိုင် ချက်လား”


"ကျောင်းထွက်စက မချက်တတ်သေးဘူး၊ နောက်တော့ မေမေနဲ့ မီးဖိုချောင်ဝင်ကူရင်း ချက်တတ်လာတာ၊ မနက်ဖြန် ဈေးနေ့ ဆိုရင် မှိုပေါတယ်၊ မှိုဝအောင် စားသွားနော်”


ရှိန်းက ထမင်းကို ငုံ့စားနေရင်းမှ အရင်းမရှိ အဖျားမရှိ ပြောလိုက်သည်။


“လူမှာ စေတနာလိုတာပဲနော်”


“ဘာကိုပြောတာလဲ ရှိန်း” 


"စေတနာက စေ့ဆော်ရင် အလုပ်လုပ်ဖြစ်တာပဲ၊ အေးဟာ ရှိန်းနဲ့ ချစ်လို့ လက်ထပ်ခဲ့ပေမယ့် စေတနာမရှိဘူးထင်တယ်၊ စေတနာ မရှိတော့ “လင်စားပါစေလို့” ကြိုးစားချက်ချင်တဲ့စိတ် မရှိဘူး၊ ရှိန်းကို သူ တစ်ခါမှ ချက်မကျွေးဘူး၊ ကျွေးလည်း ပေါက်ကရ အဆီအငေါ်မတည့်ဘူး၊ ကြိုးစားရင် ဘာပဲဖြစ်ဖြစ် ဖြစ်ပါတယ်”


မလေးနုသည် ဘာဝင်၍ပြောရမည်ကို မသိသလို ကြောင်နေသည်။ တခြားစကားကို လွှဲပြောင်းလိုက်ဖို့ ကြိုးစားရသည်။ 


“အရင်လို ထမင်းမစားခင် အမြည်းနဲ့ သောက်တော်ရေတွေ ဘာတွေ သုံးဆောင်သေးလား”


မလေးနု ရယ်မောသလို၊ နောက်သလို ​ပြောလိုက်သည်။


"ဪ… မလေးရယ်၊ မလေးကို ရှိန်း ဘယ်တော့မှ မညာဘူးဆိုတာ ယုံ၊ ဖြစ်ခဲ့တာတွေ ကြိုမပြောမိတာပဲ ရှိန်းအပြစ်၊ ရှိန်း ဝမ်းနည်းပါတယ်၊ အခုလည်း ရှိန်းဟာ ဆေးတိုက်ကိုပြောင်းလာမှ ရှိန်း ညနေခင်း သောက်ပွဲမလုပ်တော့ဘူး၊ အင်္ဂလန်ရောက်တော့တောင် သောက်ဖော်သောက်ဖက်တွေက ရှိန်းကို မစ္စတာဆော်ဒါတဲ့၊ အရက်က နည်းနည်း ဆော်ဒါပဲ သောက်နေလို့၊ မလေး စကားတွေကို ရှိန်း အမြဲနားထောင်တယ်မှတ်၊ လူချင်း ဘယ်လောက်ဝေးဝေး နေနေ ကိုယ့်ရင်ထဲမှာ မလေး အမြဲရှိနေတယ်၊ မလေး စကားတွေကို ကြားနေတယ်”


ရှိန်းက စကားပြောပြီး ခက်ရင်းနှင့် ဇွန်း ချလိုက်သည်။ မလေးက နေရာမှထသွားကာ အသင့်လုပ်ထားသော သီးစုံကို ယူလာခဲ့သည်။ ဦးဘသာ သိမ်းသွားသော ထမင်းပန်းကန်နေရာမှာ သီးစုံပန်းကန်နှင့် နို့ခွက်ကို ချလိုက်သည်။


"ကလောမှာ နို့ သိပ်ကောင်းတယ် ရှိန်း၊ သွေးတိုးမရှိဘူးမို့လား၊ နို့နဲ့ရောလိုက်မယ်”


“မရှိပါဘူး”


မလေးနုက သီးစုံပန်းကန်ထဲ နို့ရောလိုက်သည်။ 


“သီးစုံကလည်း နိုင်ငံခြားကလာတဲ့ဘူးတွေ ရှိပေမယ့် မလေး မသုံးဘူး။ ကလောမှာ သစ်သီးစုံပေါတော့ ငှက်ပျောသီး၊ နာနတ်သီး၊ သစ်တော်သုံး အစုံပဲ။ ကိုယ့်ဘာသာလုပ်တယ်၊ ရှိန်း စားနော်"


ရှိန်းက ဇွန်းငယ်နှင့် သစ်သီးများကို ခပ်စားနေသည်။ သူ့စိတ်ထဲမှာ တစ်ခုခု တွေးနေပုံရသည်။ အချိုပွဲသိမ်းသွားမှ မလေးနုကို ရှိန်းက ပြောလိုက်သည်။


"မလေးနဲ့ ရှိန်း စကားပြောချင်တယ်၊ ဧည့်ခန်းမှာ ပြောရမလား၊ ဒီမှာပဲ ပြောရမလား”


“ကြိုက်တဲ့နေရာ ပြောလေ၊ ဒီအခန်းထဲက မီးဖိုဘေးမှာ ပြောလည်း ရတယ်”


မလေးနုသည် ဦးဘသာကို လှမ်းခေါ်ကာ မီးလင်းဖိုနားမှာ ကြိမ်ကုလားထိုင်ပုလေးများ ချခိုင်းလိုက်သည်။


“ဦးဘသာ ကော်ဖီယူခဲ့နော်”


မီးဖိုနား ထိုင်ရင်း ကော်ဖီသောက်နေကြသည်။ ရှိန်း ဘာပြောမည်ကို မလေးက နားထောင်နေသည်။ ရှိန်းက ကော်ဖီကို လက်စသတ် သောက်ပြီးမှ ပြောတော့သည်။


“မလေး ဆေးတိုက်က ထွက်သွားတဲ့အကြောင်း အေး မဆုံးခင် ဖြူပြာက ရှိန်းကို ဖုန်းနဲ့ပြောပါတယ်၊ ရှိန်း တော်တော် စိတ်ထိခိုက်ပါတယ်၊ တော်ရုံတန်ရုံအကြောင်းနဲ့လည်း မလေး မထွက်သွားပါဘူး၊ ဒါပေမဲ့ ဘာ့ကြောင့်ဆိုတာကိုလည်း ရှိန်းမသိချင်ပါဘူး” 


ရှိန်းသည် စကား ခေတ္တရပ်ထား၏။


“မလေး ထားခဲ့တဲ့စာလည်း ဖတ်ရတယ်၊ ရှိန်းကို ချစ်လှစွာသော ရာဟုလာ ခေါ်လို့ ရှိန်း ဝမ်းနည်းမိတယ်၊ မလေးရဲ့ သန့်ရှင်းဖြူစင်တဲ့ နှလုံးသားကို ရာဟုဖမ်းသလို လငပုပ်ဖမ်းသလို ရှိန်းရဲ့ အပြုအမူတွေကြောင့် အမှောင်ဖုံးလွှမ်းပြီး ညစ်ခဲ့ရတဲ့ သဘောဖြစ်နေလို့ ရှိန်း စိတ်မကောင်းဖြစ်ရပါတယ်၊ ရှိန်း တောင်းပန်ပါတယ်၊ နောက်ကို ရှိန်းကို ဘယ်တော့မှ ရာဟုလာလို့ မခေါ်ပါနဲ့၊ ရှိန်း အမှောင်ကို ကိုယ်စားပြုတဲ့ရာဟု မဖြစ်ချင်ဘူး"


လူးလွန့်နေသော မီးညွန့်များက တရှိန်ရှိန်တက်နေသည်။ မီးညွန့်ရောင်ဖြင့် ရှိန်းအသားသည် ဝင်းပနေပေမယ့် မျက်ကွင်းများ ချောင်ကာ နွမ်းနယ်နေသည်ကို မလေး သတိထားမိသည်။ ရှိန်း မျက်လုံးသည် လဟာနယ်ကို ကြည့်နေသလို အဝေးကို စူးစိုက်ကြည့်နေသည်။


“မလေးနုနဲ့ ရှိန်းဆေးတိုက်ထောင်ပြီးမှ ရှိန်း အနေအထိုင်ကို ပြောင်းလဲခဲ့တယ်ဆိုတာကိုတော့ မလေး လက်ခံပါတယ်​နော်၊ မလေး မှန်ရင် ဟုတ်ကဲ့လို့ ပြောပါ"


“ဟုတ်ပါတယ်၊ ပြောင်းလဲခဲ့ပါတယ်”


"သေဆုံးသူရဲ့အကြောင်း မကောင်းမပြောရဘူးဆိုတဲ့ စကားရှိလို့ အေးအကြောင်း ဘာမှ မပြောချင်တော့ပါဘူး၊ ဒါပေမဲ့ ရှိန်းတို့ယောက်ျားတွေဟာ ဦးစီးခေါင်းဆောင်တဲ့နေရာမှာ နေရပေမယ့် ငယ်စဉ်က မိခင်ဆိုတဲ့ မိန်းမ အမျိုးသမီးက ပုံသွင်းသွန်သင်တာကို ခံရတယ်၊ ကြီးလာလို့ အိမ်ထောင်ပြုရင် ဇနီးမယားက ပုံသွင်းပြုပြင်တာကို ခံရတယ်၊ ရေဆိုရင်လည်း မှန်မယ်၊ ထည့်ရာခွက်နဲ့ ပုံသဏ္ဌာန်ကို လိုက်တယ်၊ ခွက်ပုံစံ မမှန်ပြန်ရင်လည်း ဒီလူ ပုံမပေါ်ဘူး၊ ပြီးတော့ ပုံသွင်းခံရတဲ့ ယောက်ျားရဲ့ လေးစားမှုကလည်း ရှိသေးတယ်၊ မိခင်ကို လေးစားတယ်၊ ဇနီးကို လေးစားတယ်ဆိုရင် သူတို့ရဲ့ ပဲ့ကိုင်မှုကို ယောက်ျားတွေဟာ နာခံတယ်၊ လေးစားအပ်တဲ့ အရည်အချင်းမရှိတဲ့သူတွေလည်း ရှိပါတယ်”


ရှိန်းက ခေတ္တနားလိုက်ပြန်သည်။ 


“မလေးကိုတော့ ရှိန်း လေးစားတယ်၊ လေးစားတယ်ဆိုတဲ့ အရည်အချင်းရှိဖို့က မိန်းမတိုင်းမှာ ရခဲတဲ့ အရည်အချင်းပါ၊ မလေးကို ရှိန်း ပြောခဲ့ဖူးတယ်၊ မျိုးဇင်ကိုချစ်တဲ့ အချစ်ဟာ ကိုယ့်ဇနီး အေးကို ချစ်တာထက် ပိုခဲ့တယ်လို့။ ဇင်ဟာ လေးစားအပ်၊ မြတ်နိုးအပ်တဲ့ ကိုယ့်ရဲ့သူငယ်ချင်း အဆွေခင်ပွန်းကောင်း Comrade ပဲ၊ မျိုးဇင် ကွယ်လွန်ပြီးနောက် မျိုးဇင်ကိုချစ်တဲ့ အချစ်မျိုးနဲ့ မျိုးဇင်ရဲ့ ချစ်သူ မလေးကို စောင့်ရှောက်ရမယ့်တာဝန်ရှိတယ်လို့ ရှိန်းပြော

ခဲ့တယ်၊ မှတ်မိလား"


"မှတ်မိပါတယ်"


“မျိုးဇင်ကို ချစ်တဲ့အချစ်နဲ့ မလေးအပေါ် ချစ်ခဲ့လေတော့ မလေးကိုချစ်တာ ကိုယ့်ဇနီးထက်ပိုတယ်”


“ဘယ်လို"


မလေးက မျက်ခုံးလေးပင့်ကာ မေးလိုက်သည်။ 


"သည်းခံနားထောင်ပါ၊ ရုတ်တရက်တော့ စကားလုံးက အချစ်ပါလာတော့ အဓိပ္ပာယ်ကောက်လွဲစရာ ဖြစ်မယ်၊ မျိုးဇင်ကို ရှိန်းချစ်ခဲ့တာ ရာဂနဲ့မှ မဟုတ်တာ၊ ဒီလိုပဲ မိန်းမကိုချစ်တဲ့ ရာဂဆိုတာကို နုတ်လိုက်ရင်တောင် မျိုးဇင်ကို ရှိန်းချစ်တဲ့အချစ်က ပိုခဲ့ပါတယ်၊ ဒီလိုပါပဲ၊ ရာဂကင်းသောအချစ်နဲ့ မလေးကို ရှိန်း မြတ်မြတ်နိုးနိုး ချစ်ခဲ့တာပါ၊ အားလည်း ကိုးမိတယ် မလေး။ မလေးတို့က ထင်တယ်၊ မိန်းမသားဟာ အားငယ်သူမို့ ယောက်ျားကို အားကိုးစိတ်နဲ့ ချစ်တာလို့၊ အားကြီးတယ်ဆိုတဲ့ ယောက်ျားတွေကလည်း မိန်းမကို အားကိုးတယ်ဆိုရင်ရော မလေး ဘယ်လိုထင်လဲ၊ မင်းတုန်းမင်းတရားကြီးဟာ ကုန်းဘောင်ဆက်မှာ ထူးချွန်တဲ့မင်းပဲ၊ အရည်အချင်းလည်းရှိတယ်၊ ဒါပေမဲ့ သူ့မိဖုရားခေါင်ကြီးကို အလွန်အားကိုးတယ်၊ ဘာမဆို အကြံဉာဏ်တောင်းယူတယ်၊ ရှိန်းလည်း မလေးနဲ့ လက်တွဲလုပ်လေလေ မလေး အရည်အချင်းကို သိရပြီး သိပ်အားကိုးမိတယ်၊ ယုံလား"


မလေးနုက ခေါင်းညိတ်ပြ၏။ ခုမှ သက်ပြင်းချနိုင်တော့သည်။


“ယုံလို့ ရှိန်းဆေးတိုက်တစ်ခုလုံး ပုံအပ်ခဲ့တာပါ၊ ရှိန်းရဲ့ အတိတ်က ကျူးလွန်ခဲ့တဲ့ အပြစ်တွေဟာ မလေး စိတ်ကို အနှောင့်အယှက်ဖြစ်ခဲ့မှာပါ။ မလေးချစ်ခဲ့တဲ့ မလေးတွေ့ဖူးတဲ့ ယောက်ျားသား နှစ်ယောက်ဟာ တစ်ယောက်က အဖေဖြစ်သူ သစ်တောဝန်ထောက် ဦးမောင်မောင်ကြီး၊ တစ်ယောက်က ချစ်သူ မျိုးဇင်၊ သူတို့နှစ်ယောက်ဟာ ယောက်ျားတို့နယ်မြေမှာ စံထားလောက်အောင် စာရိတ္တကိုထိန်းချုပ်တဲ့သူတွေဆိုတော့ မလေးဟာ ယောက်ျားတွေတွေ့တိုင်း ဒီစံ ဒီပေတံနဲ့ တိုင်းမှာပဲလို့ ရှိန်း ယုံကြည်တယ်၊ ဟုတ်တယ်မို့လား"


"ဟုတ်ပါတယ်”


မလေးရင်ထဲမှာ ရှိန်း ဒါလောက် စကားကို ရှည်လျားစွာ ပြောလိမ့်မည်မထင်။ ပြောင်မြောက်သော စကားလုံးများကို သုံးတတ်လိမ့်မည်ဟုလည်း မထင်ခဲ့ပေ။ ရှိန်း စကားလုံးများကို ကြားရတော့ သူ အံ့အားသင့်နေသည်။ သူက ဟုတ်ကဲ့လိုက်ရမည့်အလှည့်ပေပဲ။ ရှိန်းက သူ့စကားကို ဆက်လက်ပြောသည်။


“မလေးရဲ့ပေတံနဲ့ တိုင်းတဲ့အခါ ရှိန်းဟာ ပေမမီ ကိုက်မမီပေါ့၊ မှန်ပါတယ်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ရှိန်းဆိုတာ ရန်ကုန်မှာရော နိုင်ငံခြားကုမ္ပဏီတွေမှာရော ထင်ရှားတဲ့လူ မြန်မာမီလျှံနာပေါ့၊ ဒါပေမဲ့ မျိုးဇင်ရဲ့ စာရိတ္တကိုတော့ မမီပါဘူး၊ ဒါ့ကြောင့် ရှိန်းကို မလေးဟာ လေးစားချင်မှ လေးစားမယ်၊ ချစ်ချင်မှ ချစ်မယ်၊ ဒါပေမဲ့ အခု ရှိန်း ဒီကိုလာတာ ဘာလို့လဲ၊ သိလား”


“မသိပါဘူး"


"ရှိန်းအချစ်ကို ဖွင့်ပြောချင်လို့"


တောက်လျှောက်ကြီး ရှိန်းက ပြောလိုက်သောအခါ မလေးနုသည် ပါးစပ်လေးဟကာ အံ့အားသင့်သွားပုံရသည်။ 


“ဟုတ်တယ် ဆက်နားထောင်ဦး၊ ရှိန်းက မလေးကို ချစ်တယ်ဆိုတာကိုသာ ပြောဖို့လာတာ၊ မလေးရဲ့အချစ်ကို တောင်းခံဖို့ လာတာ မဟုတ်ဘူး၊ တောင်းခံလည်း မလေးကိုင်ထားတဲ့ ပေတံနဲ့ မမီတဲ့ ဒီကောင်ကို မလေးရင်ထဲက ချစ်နေရင်တောင်မှ ဒီအချစ်ကို ပေးမှာ မဟုတ်ဘူးဆိုတာလည်း ဒီကောင် သိတယ်။ ရှိန်းမှာလေ သူတကာတွေမှာမရှိတဲ့ အရည်အချင်းတစ်ခု သူတစ်ပါးစိတ်ကို ထိုးဖောက်သိတဲ့ ဉာဏ်ဆိုတာ ရှိပါတယ်။ မလေးရင်ထဲမှာ အချစ်ရှိချင်ရှိမယ်၊ ဒါပေမဲ့ အချစ်ကိုပေးဖို့ဆိုတာက တခြားပဲ၊ ဒါက ကာယကံရှင်က ဆုံးဖြတ်ပိုင်ခွင့်ပါ၊ ဒါ့ကြောင့် ရှိန်းပြောချင်တာတစ်ခုက ရှိန်းဟာ မိန်းမများများကို ချစ်ခဲ့တယ်၊ ဒီနေရာမှာ “မွေ့ရာချစ်”လို့ပဲ သုံးရမယ်၊ သူတို့ကလည်း ကိုယ့်ဆီကငွေ ဒါမှမဟုတ် ခန္ဓာကိုယ်ကို လိုချင်လို့ အလဲအလှယ် လုပ်ကြတာကိုး၊ ရှိန်းကိုလည်း သူတို့ရင်ထဲ မထည့်သလို ရှိန်းရင်ထဲမှာလည်း သူတို့တစ်ယောက်မှ မရှိဘူး၊ ကိုယ့်မိန်းမ အေးတောင် မရှိဘူး၊ မွေ့ရာတစ်ခုတည်း အိပ်နေပေမယ့် ကမ္ဘာခြားသလို အတွေးအခေါ်မတူတဲ့ မိန်းမတစ်ယောက်နဲ့ အတူမနေလိုလို့ ရှိန်းဆေးတိုက်ကို ဆင်းလာခဲ့တယ်၊ ရှိန်း ပြောခဲ့ဖူးတယ်၊ အမြဲလို ရှိန်း အတီးကျန်နေတယ်၊ ဒါပေမဲ့ ဆေးခန်းမှာ မလေးနဲ့အတူ အလုပ်လုပ်ကတည်းက ရှိန်းရင်ထဲမှာ မလေး အမြဲရှိနေတယ်” 


မလေးနုမှာ နားထောင်ရင်း တုန်လှုပ်သွားသည်။


“ငါ့အပေါ် နားလည်တဲ့ မိန်းမ၊ ငါ့ကို သန့်စင်တဲ့ မေတ္တာနဲ့ ချစ်တဲ့မိန်းမတစ်ယောက် ရှိပါသေးလားဆိုပြီး ရှိန်း အားတက်တယ်၊ အခု အကြောင်းကြောင်းတွေကြောင့် မလေး ရှိန်းကိုခွဲသွားလည်း ကိုယ့်ရင်ထဲမှာ မလေး ရှိနေတယ်ဆိုတာ ထပ်ပြောပါရစေ၊ မျိုးဇင်က ပြောခဲ့ဖူးတယ်၊ မလေးအပေါ် သူချစ်တဲ့အချစ်ဟာ ၅၂၈ ထက် ပိုတယ်၊ ၁၅ဝဝ ထက်လည်း ပိုတယ်၊ သူ့အချစ် ဒီဂရီကို ဂဏန်းစာလုံးတွေနဲ့ ဖော်မပြနိုင်ဘူးတဲ့၊ ဘယ်လောက်ပဲချစ်ချစ် ဒီအချစ်မှာ မြတ်နိုးတာ ပါခဲ့လေတော့ မလေးကို … သမီးရည်းစားဖြစ်ပေမယ့် လက်ဖျားနဲ့ မတို့ခဲ့ဘူးလို့ မျိုးဇင်က ပြောခဲ့ဖူးတယ်၊ တစ်နေ့ ရှိန်းဟာ ချစ်ပေမယ့် လက်ဖျားနဲ့မတို့ရက်အောင် မြတ်နိုးအပ်တဲ့ မိန်းမတစ်ယောက်ယောက်ကို တွေ့ရဦးမှာပါတဲ့။ အခု ရှိန်း ပြောချင်တာက မျိုးဇင်စိတ်ဓာတ်တွေ ရှိန်းမှာ ဝင်ခဲ့ပြီ၊ ရှိန်းမှာ မိန်းမမျိုးစုံနဲ့ တွေ့ခဲ့ ပွေ့ခဲ့တာတွေ နှစ်ပါးသွားခဲ့တာတွေ မလေးကို ပြောခဲ့ပြီးပါပြီ၊ မလေးနဲ့ ရှိန်းနဲ့ အတူလက်တွဲလုပ်စဉ်က ရှိန်းစရိုက်တွေကို သိခဲ့ပါပြီ၊ အဲဒီစဉ်အခါကတည်းက မလေးကို ရှိန်း လက်ဖျားနဲ့ မတို့ခဲ့ပါဘူး၊ ရှိန်းကို ချစ်အောင်လည်း သွေးမဆောင်ခဲ့ပါဘူး၊ ဒါပေမဲ့ အခု မျိုးဇင်စကားအတိုင်း လေးစားမြတ်နိုးအပ်တဲ့ မိန်းမတစ်ယောက်ကို တွေ့ခဲ့ပါပြီ၊ အဲဒါဟာ ဘယ်သူလဲဆိုတော့ မလေးပါပဲ"


ခေတ္တနားပြီး ရှိန်းက သူ့စကားကို ဆက်ပြန်သည်။ 


"မလေးကို ရှိန်း ဘယ်လောက်မြတ်နိုးတယ် ချစ်တယ်ဆိုတာ ပြောရာက နောက်ဆုံး တစ်ခုပြောချင်တာ ရှိပါတယ်၊ ရှိန်းကို မချစ်ချင်နေပါ၊ ရှိန်းရဲ့ ဆေးတိုက်ကိုတော့ ချစ်ပါ၊ ဆေးတိုက်က လူနာတွေကိုလည်း ချစ်တဲ့အနေနဲ့ မလေး ရန်ကုန်ပြန်လာခဲ့ပါ၊ ဒါ တစ်ခုတော့ လေးလေးနက်နက် တောင်းဆိုပါရစေ၊ မလေးရဲ့ဘဝအာမခံချက်ကို တစ်သက်လုံး သေတဲ့အထိ ရှိန်း တာဝန်ယူတယ်လို့ ကတိပေးပါတယ်”


ရှိန်းက စကားပြောရာမှ မတ်တတ်ရပ်လိုက်ကာ...


“ကဲ... ပြောချင်တာတော့ ပြီးပြီ၊ နောက်ဆုံး ရှိန်းရဲ့ဆန္ဒတစ်ခု ကျန်သေးတယ်၊ ခဏလောက်စောင့်ပါ”


ရှိန်းသည် သူ့အိပ်ခန်းထဲကို ဝင်သွားကာ ပြန်ထွက်လာတော့ လက်ထဲမှာပါလာသော ဘူးကို မလေးနုကို လှမ်းပေးသည်။ ဘူးလေးက အရှည် နှစ်လက်မခွဲ၊ အမြင့် တစ်လက်မခွဲလောက်ရှိသော ငွေကြုတ်လေး ဖြစ်သည်။


“ဒါကို ယူသွားပါ၊ အဲဒီ ကြုတ်ထဲမှာ ရှိန်းရဲ့ ဆံပင်လေးတွေ ရှိပါကယ်၊ မလေး ရှိန်းကို အချစ်မပေးချင်နေပါ၊ မလေး ခေါင်းက ဆံပင်နည်းနည်းဖြတ်ပြီး ဒီကြုတ်ထဲထည့်ပြီး ဒီညပဲ ရှိန်းကို ပြန်ပေးပါ"


“ဘာလုပ်ဖို့"


ငွေကြုတ်ကိုကိုင်ရင်း မလေးနုက နားမလည်သလို မေးလိုက်သည်။ ရှိန်းသည် မလေးနုကို စူးစူးစိုက်စိုက် ပြန်ကြည့်ရင်း သက်ပြင်းချလိုက်သည်။


“ရှိန်း ကျန်းမာရေးက သိပ်မကောင်းဘူးလေ၊ နိုင်ငံခြားမှာလည်း ဆေးစစ်ခဲ့ပါသေးတယ်၊ တို့နှစ်ယောက် ဘယ်သူအရင်သေမယ်ဆိုတာ မသိဘူး၊ ရိုမီရိုနဲ့ ဂျူးလီယက်တောင် သေတဲ့အခါ တူပြိုင် ဂူလိုဏ် အတူသေနိုင်ကြတဲ့ အခွင့်အရေးရှိပါတယ်၊ ရှိန်းဆိုတဲ့ အကောင်မှာ ကိုယ်ချစ်တဲ့ မလေးနဲ့ အတူနေခွင့်မရှိပါဘူး၊ ဒါပေမဲ့ မလေးကိုယ်စား ရှိန်းအပါးမှာ တစ်ခုခုရှိစေချင်တယ်၊ ရှိန်း သေရင်တောင် အုတ်ဂူထဲမှာထည့်မြုပ်ဖို့ မလေးရဲ့ဆံပင် လိုချင်တယ်။ တို့နှစ်ယောက် အသက်ရှင်စဉ် လူချင်းပူးပေါင်းလို့မရတဲ့နောက် ဆံပင်ခွေလေးနှစ်ခုတော့ သေပြီးတဲ့နောက် ပူးပေါင်းခွင့်ပြုပါ၊ ရှိန်းက ပူလောင်လွန်းလို့ တမလွန်မှာ မလေးရင်ထဲက အအေးဓာတ်ကို ရှိန်း ယူသွားပါရစေ၊ ဒါလောက်တော့ ရှိန်းကိုခွင့်ပြုပါ၊ ရှိန်းအလိုကို လိုက်ပါ မလေး။ ဒီညပဲ ဒီကြုတ်ကို မလေးဆံပင်နဲ့အတူ ပြန်ပြီးပို့လိုက်ပါ၊ ဒီည ရှိန်း ချစ်သူဆံပင် ရင်မှာပိုက်ပြီး ကောင်းမွန်စွာအိပ်ပါရစေ၊ စကားပြောတာတွေ ရှည်လှပြီ၊ ရှိန်းသွားတော့မယ်၊ ဂွတ်နိုက်”


ရှိန်းက စကားစဖြတ်ကာ ထသွားတော့သည်။ မလေးနုကတော့ လှုပ်ရှား၍မရသေး။ သူ့ရင်ထဲမှာ ရှိန်းနှင့်ပတ်သက်၍ မမျှော်လင့်သော အပြုအမူ အပြောအဆိုတွေ လှိုင်းထနေသည်။ နှလုံးသားမရှိသော ရှိန်း၊ ကျောက်တုံးလို ခံစားမှုမရှိသော နှလုံးသားကို ရင်မှာပိုက်ထားသူတစ်ယောက်။ ရှိန်းပြောသလို မွေ့ရာချစ်နှင့်သာ မိန်းမတွေနှင့် နှစ်ပါးသွားသူ၊ အရက်အိုး ခေါင်းစိုက်နေသူ၊ အထိန်းအကွပ်မရှိသူတစ်ယောက်အဖြစ် သူ ယူဆခဲ့သည်။ ဆက်ဆံခဲ့သည်။ ပြောချင်သလို ပြောခဲ့သည်။ ယနေ့ည ရှိန်း၏ ပြောစကားနှင့် အပြုအမူတွေက ရှိန်း၏နှလုံးသားတွင် သိမ်မွေ့သန့်စင်သော အချစ်ဆိုတာ ရှိသေးသည်ကို ပြသလိုက်သည်။


ငွေကြုတ်ငယ်ကို ကိုင်ကာ မလေးနုသည် မီးပုံကို စူးစိုက်ကြည့်နေသည်။ ထင်းများ လောင်ကျွမ်း၍ ပြာပုံပေါ်မှာ မီးငွေ့ငွေ့ ပဲ ကျန်တော့သည်။ 


* * *


မ​လေးနုသည် မီးပုံဘေးမှ အသာထကာ တက်လာခဲ့သည်။ သူ့အခန်းသို့ ဝင်ကာ ခုတင်ခေါင်းရင်းဘက်ရှိ စားပွဲပေါ်မှာ ငွေကြုတ်လေးကို တင်လိုက်သည်။ ပြတင်းဆီသို့ လျှောက်သွားကာ ခန်းဆီးကို ဖယ်လိုက်သည်။ အပြင်မှာ ​လေက ပြင်းထန်စွာ တိုက်နေဆဲ၊ ထင်းရှူးပင်များ ဖရိုဖရဲဖြစ်နေကြသည်။ မိုးသီးမိုးပေါက်တွေအောက်မှာ သစ်ကိုင်းတွေ လက်မြှောက်အော်မြည်နေသလို ထင်ရသည်။ ညနေက အလှမြင်ကွင်းလေး ပျက်သွားသည်။ ခြံထဲမှာ လုံခြုံရေးအတွက် ထွန်းထားသော အလင်းရောင် မှုန်ဝါးဝါးအောက်မှာ သစ်ပင်ရှည်ကြီးများသည် အရိပ်မည်းမည်းကြီးတွေအဖြစ် ယိမ်းယိုင်နေကြသည်။


မလေးနုသည် အပြင်ကိုပဲ စူးစိုက်ကြည့်နေမိသည်။ ညဉ့်ဦးက မီးဖိုဘေးမှာ ရှိန်းပြောခဲ့သော စကားများ၊ သူ့ကို ပွင့်ပွင့်လင်းလင်း အားလုံးဖွင့်ပြောသွားခဲ့သည်။ ပြီးတော့ ဆေးတိုက်သို့ ပြန်လာပါတဲ့၊ လူနာများကို ချစ်ပါတဲ့။


ရှိန်းကသာ ထင်သည်။ လူတွေ၏စိတ်အကြံကို သူက ထိုးဖောက်သိမြင်သူတဲ့။ ရှိန်းမသိတာတွေ အများကြီးရှိသေးသည် ဆိုတာကို သူပြောပြချင်သည်။


မလေးနုအနေနှင့် လူနာများအပေါ် သံယောဇဉ်မဖြတ်နိုင်၍ ပြန်သွားသည်ထားဦး။ မလေးနုအပေါ် ချစ်နေသော ရှိန်းနှင့် အချိန်ကြာမြင့်စွာ နေသွားဖို့က မလွယ်။ အထူးသဖြင့် ရှိန်းဇနီး အေးက ကွယ်လွန်သွားပြီ။ မုဆိုးဖိုတစ်ယောက်နှင့် နီးနီးကပ်ကပ် အလုပ်တွဲလုပ်သည်က သူတစ်ပါး အပြောခံရသည့်အတွက် မလေးနု မမှုပါ။ နီးစပ်မှုမှ ပေါက်ပွားလာသော မလေးနုစိတ်၏ အတိုင်းအတာကို မလေးနုကိုယ်တိုင် မသိနိုင်ပါ။ ရှိန်းလည်း မသိပါပေ။ ဤနီးစပ်မှု၏ အကျိုးဆက် အရှိန်အဟုန်သည် ရှိန်းပြောသည့် ရာဂမပါသော အချစ်ထက် နယ်လွန်နိုင်သည်ကို ရှိန်း တွေးတောမိမည်မဟုတ်ပါ။ 


မလေးနုကတော့ မိန်းမသား၊ တွေ့းရပေမည်။ အသည်းနှင့် နှလုံးနှင့် ခံစားချက်နှင့် မိန်းမသားတစ်ယောက် အရွယ်မလွန်ခင် ရေရှည် နီးနီးစပ်စပ် ယောက်ျားတစ်ယောက်နှင့် နေသွားဖို့ဆိုသည်က အန္တရာယ်ကြီးလှသည်။ အခါခပ်သိမ်း နှလုံးသားကို ထိန်းသိမ်းနိုင်ပါသည်ဟု အာမ မခံနိုင်။ နှလုံးသား၏အလိုကို လိုက်မိမှဖြင့် နောက်ဆက်တွဲ သက်ရောက်လာမည့် အကျိုးဆက်တွေကို မလေးနု မတွေးရဲပါ။ ကြိုတင်ကာကွယ်ဖို့က သူ့တာဝန်၊ ရန်ကုန်မှာတင် ဆင်းရဲသားလူနာ ရှိသည်မဟုတ်၊ တောင်ပေါ်ဒေသအနှံ့ ရောက်ခဲ့သော သူ့အဖို့ ချို့တဲ့သောလူနာမျိုးစုံကို တွေ့ခဲ့ရဖူးပြီ။ ကလောမှာပင် အခြေစိုက်ကာ သူ့မွေးရပ်မြေမှာရှိသော ချို့ငဲ့သူတွေကို သူ ကူညီသွားနိုင်သည်ပဲ။ ရှိန်း ဆေးတိုက်ကြီးက အရှိန်နှင့် လည်ပတ်နေပါပြီ။ ဒီယန္တရားကို ဘယ်သူတက်မောင်းမောင်း ရသည်။ မလေးနု သေသွားတော့ရော တစ်ယောက်ယောက်က ဆက်ခံရမည်ပဲ။


ရှိန်းကျေးဇူးတရားတွေကို မေ့လျော့၍ မဟုတ်သည်ကိုလည်း ရှိန်း သိစေချင်သည်။ ရှိန်းအတွက် ၁၀ နှစ်နီးပါး ဆောင်ရွက်ပေးခြင်းဖြင့် ကျေးဇူးတစ်စိတ်တစ်ဒေသ ဆပ်ခဲ့ပါပြီ။ သူ့အတွက် ငွေကြေးခံစားမှုကို ခွင့်ပေးသော ရှိန်း၏ ကျေးဇူးတရားကို အမြဲပဲ သတိရနေပေမယ့် ရှိန်းဆေးတိုက်ကို ပြန်သွားဖို့တော့ မလွယ်ပါ။ သူသည် ရင်ထဲမှာ မတင်မကျနှင့် ရှိန်းကို ဘယ်လိုပြောရပါ့။ သွားလေသူ အေးက သူ့အပေါ် စွဲချက်တင်ကာ တမလွန်ကို အာဃာတကြီး သယ်သွားပြီကိုလည်း သူ ရှိန်းကို ဖွင့်မပြောလိုပါ။ ဘဝခြားကာမှ အေးအပေါ် ရှိန်း၏နာကြည်းမှု ပိုလာမှာလည်း စိုးပါသည်။ တစ်စုံတစ်ယောက်ထံမှ သူ့ဘာသာ သိပါစေတော့။


မလေးနုသည် အတွေးစဖြတ်ကာ ပြတင်းမှခွာလိုက်သည်။ စားပွဲပေါ်ရှိ ငွေကြုတ်လေးကို လှမ်းယူ၍ ဖွင့်လိုက်သည်။ ငွေကြုတ်ထဲမှာ မွှေးပျံ့သောရေမွှေးများနှင့် စိုစွတ်နေသော ဆံပင်​လေးများ ​ခွေ​ခွေလေး အိပ်ပျော်နေသလိုပင်။ အချစ်ကိုတန်ဖိုးမထားတတ်သူဟု မ​လေး စွပ်စွဲခဲ့သော ရှိန်းက အချစ်ကို သိမ်သိမ်မွေ့မွေ့၊ လေး​လေးနက်နက် ဖော်ထုတ်လိုက်ပါပကော။ ဤငွေကြုတ်လေးထဲတွင် သူတို့နှစ်ဦး၏ ဆံခွေလေးများ ထာဝရ လည်ချင်းယှက်ကာ အိပ်​ပျော်ကြမည်ပေါ့။ 


သူသည် စားပွဲအံဆွဲကိုဖွင့်ကာ ကတ်ကြေးကို ယူလိုက်သည်။ ထုံးထားသောဆံပင်ကို ဖြေလိုက်ကာ ဆံပင်အနည်းငယ်ယူ၍ တစ်မိုက်လောက် ကတ်ကြေးနှင့် ဖြတ်လိုက်သည်။ သူ့ဆံပင်များကို ရှိန်း ဆံပင်လေးများအပေါ် ခွေ၍ထည့်လိုက်စဉ် လက်များက တုန်နေသည်။


“ရှိန်းရေ ... မလေး ဒီလောက်အထိပဲ လိုက်လျောနိုင်ပါတယ်”


သူသည် တီးတိုးရေရွတ်လိုက်၍ ငွေကြုတ်ကိုပိတ်ကာ ပလာစတာနှင့် အဖုံးအစပ်ကို ပတ်လိုက်သည်။ စက္ကူအိတ်ကြီးတစ်ခုထဲတွင် ငွေကြုတ်ကို ထည့်လိုက်သည်။ တစ်ဖက်ခန်းသို့ ထွက်သွားကာ တံခါးခေါက်လိုက်သည်။


“ဒေါ်မြ… ဒေါ်မြ၊ အိပ်ပျော်နေပြီလား”


“မအိပ်သေးပါဘူး၊ ဘာကိစ္စရှိလို့လဲ” 


ဒေါ်မြက တံခါးဖွင့်လိုက်သည်။


“ဒီအိတ်လေး အောက်ထပ်ကဧည့်သည်ကို သွားပေးလိုက်ပါ"


ဒေါ်မြလက်ကို ငွေကြုတ်အပ်ကာ မလေးနုသည် သူ့အိပ်ခန်းကို ပြန်လာခဲ့သည်။ ထိုညက အိပ်မပျော်ပါ။ မိုးလင်းခါနီးမှ အိပ်ပျော်သလိုဖြစ်သွားသည်။ အိပ်မက်ထဲမှာ ငွေကြုတ်ကလေးထဲမှ ဆံပင်လေးများ ကောင်းကင်ပျံတက်ကာ ပန်းကုံးလေးတွေအဖြစ် တစ်ခွေနှင့်တစ်ခွေ ယှက်၍ ဝဲပျံနေကြသည်တဲ့။ သူ လန့်နိုးတော့ နေတော်တော်မြင့်နေပါပြီ။ ဒေါ်မြက သတင်းလာပို့သည်။ ဧည့်သည်သည် နံနက်ခြောက်နာရီလောက်က ပြန်သွားသည့်အကြောင်း၊ ဦးဘ သာကို ညကတည်းက မှာထား၍ နံနက်စာ ကြက်ဥ၊ ပေါင်မုန့်နှင့် ကော်ဖီများ တိုက်လိုက်ကြောင်း ပြောပြပါသည်။ ရှိန်း မလေးနုကို နှုတ်မဆက်လိုတော့ပြီ ထင်ပါရဲ့။


* * * 


နောက်တစ်ပတ်မှာ မလေးနုထံသို့ ဦးစောထီး ရောက်လာသည်။ ကြိုတင်ချိန်းဆိုမထား၍ မလေးနု အံ့အားသင့်နေသည်။ ဘာပဲဖြစ်ဖြစ် ကျန်ငွေများကို တောင်းခံလျှင်လည်း နှစ်ရက်လောက်ပဲ အချိန်ယူ၍ သူ့လက်ကျန်ငွေနှင့် လက်ဝတ်လက်စားများကို ထုခွဲ၍ ရသောငွေကို ပေးလိုက်တော့မည်။


ကော်ဖီနှင့် ကြိုဆိုဧည့်ခံ စကားပြောနေပေမယ့် ဦးစောထီးသည် လာရင်းအကြောင်းကို စကားမစသေး။ မလေးနု ကလောပြန်လာ၍ ဝမ်းသာကြောင်းသာ ပြောနေသည်။ အတန်ကြာ​သော် လက်ထဲမှ ဖိုင်တွဲကြီးကို ဖွင့်လိုက်သည်။ စာရွက်စာတမ်းများကိုယူ၍ မလေးနုကို လှမ်းပေးသည်။


“ရော့...ဒီအိမ်ကြီးရဲ့စာချုပ်”


မလေးနုသည် နားမလည်သလို လှမ်းယူရင်း ငေးနေသည်။ 


“အန်ကယ် ပြောပြပါ့မယ်၊ ဟိုအပတ်ကတည်းက ဗညားရှိန်းဆိုတဲ့ လူတစ်ယောက် အန်ကယ့်ဆီလာပြီး တွေ့သွားတယ်၊ ရှိန်းဆေးတိုက်က မလေးနု လွှတ်လိုက်လို့တဲ့၊ မလေးနု အကြွေးကျန် ငွေနှစ်သိန်းနဲ့ အတိုးပါ ဆပ်သွားတယ်၊ အန်ကယ်က အပြေအလည် အတိုးရော အရင်းပါ ငွေရကြောင်း တံဆိပ်ခေါင်းကပ်ပြီး လက်မှတ်ထိုးပေးလိုက်ပါတယ်၊ သူက ပြောသွားလို့ နောက်အပတ်ထဲမှာမှ မလေးနု ကလောကို ရောက်လာမယ်၊ ဒီစာချုပ်စာတမ်းတွေ သွားပေး

ပါဆိုလို့ လာတာ၊ အန်ကယ် ဝမ်းသာလိုက်တာ၊ နီးနီးစပ်စပ် ဆရာဝန်တစ်ယောက် အန်ကယ်တို့အနားမှာရှိလာလို့၊ ဒီမှာပဲ ပြန်နေတော့မယ် မဟုတ်လား၊ ပြန်သွားဦးမှာလား"


မလေးနုသည် ဘာမှပြန်မပြောနိုင်။ မျက်လုံးမှ ဝိုင်းလာသော မျက်ရည်ကိုသာ ထိန်းထားရသည်။


"မလေးလည်း ဖေဖေ့အိမ် ပြန်ရွေးနိုင်တော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျချင်ပါတယ်၊ နှစ်ရှည်လများ မလေးကို လိုက်လျောပြီး ငွေစောင့်ယူတဲ့အတွက် အန်ကယ့်ကို ကျေးဇူးတင်ပါတယ်၊ မလေး ပြန်မယ် မပြန်ဘူးကတော့ အခြေအနေအရပါပဲ”


မလေးသည် တည်ငြိမ်အောင် စကားကို ကြိုးစား၍ပြောနေရသည်။ အတော်ကြာမှ ဦးစောထီး ပြန်သွားတော့သည်။ ဦးစောထီး ပြန်သွားမှ သူသည် အိမ်စာချုပ်ကိုပိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ ဖေဖေ့အိမ်ကို ပြန်လည်ရွေးယူရ၍ ဝမ်းသာဝမ်းနည်းဖြစ်သည့်အတွက်လည်း ပါသည်။ နောက်တစ်ကြောင်းက ရှိန်းအတွက်။


ရှိန်း... သူ့အပေါ် အစစ တာဝန်ယူခဲ့သော ရှိန်း၊ သူ့အကျပ်အတည်းတွေအားလုံးကို ဖြေရှင်းပေးသော ရှိန်း။


"မလေးရဲ့ ဘဝ တည်ငြိမ်မှု အာမခံချက်ကို ရှိန်း တာဝန်ယူပါတယ်တဲ့"။ ဟိုညက မီးဖိုဘေးမှာ ပြောသွားသလို တကယ်ဆောင်ရွက်သွားသော ရှိန်းကို သူ ပြန်လည်ပေးနိုင်သည်က သူ့ခေါင်းမှ ဆံချည်မျှင်များပါပဲ။


ဒါပေမဲ့ “ပျို့ခေါင်းက ဆံပင်၊ ရင်မှာဖြင့် အသည်း”ဆိုသော စကား ရှိသည်မဟုတ်ပါလား။ မြတ်နိုးမှုကို ရင်မှ အသည်းဖြင့် တစ်တန်းတစ်စားတည်း တင်စားခြင်းခံရသော သူ့ခေါင်းမှ ဆံချည်မျှင်များကို ပေးအပ်ခြင်းဖြင့် သူ့အပေါ် ရှိန်းတစ်ယောက် ကျေနပ်လောက်ကောင်းပါရဲ့။


ချမ်းမြေ့ရွှင်လန်းပါစေ။ 


ခင်နှင်းယု



No comments:

Post a Comment