(၁)
လူတစ်ယောက်ဟာ သစ်ပင်တစ်ပင် ဖြစ်သွားဖူးတယ်။ အစကတော့ ရိုးရိုးသာမန်လူပါပဲ။ ရက်ပေါင်း သုံးဆယ် အလုပ်လုပ်ရင် လစာ သုံးရာ ရတယ်။ ချည်ပုဆိုးနွမ်းနဲ့ တိုက်ပုံအင်္ကျီ ခပ်ဟောင်းဟောင်း ဝတ်တတ်တယ်။ လက်ထဲမှာ ပိုက်ဆံမကပ်ရင် အမြဲဆူပူနေတတ်တဲ့ မိန်းမနဲ့ ကလေး သုံးယောက်ရှိတယ်။ သူ့မိန်းမကမှ သူ့ထက်စာရင် အဆင်ပြေအောင် ဟိုသည် လှည့်ပတ်ပြီး ကြံတတ်ဖန်တတ်သေးတယ်။ သူက တကယ့်မှ ထူထူအအ။ မျက်မှန်သာ ပါဝါဒီဂရီတွေ တိုးလာမယ်၊ ခေါင်းပေါ်မှာ ဆံပင်တွေသာ ပိုလို့ ဖြူဖွေးလာမယ်၊ လုပ်ငန်းခွင်ထဲမှာလည်း တက်လမ်း မျှော်လင့်စရာရယ်လို့ မရှိဘူး၊ အကြံအဖန်နဲ့ ဖြတ်စားလျှပ်စားလည်း မလုပ်တတ်ဘူး။ ဘယ်ဟာ ရောင်းရင် ဘယ်လို မြတ်ပြီး၊ ဘယ်သူ့ပေါင်းရင် ဘယ်လို အခွင့်အလမ်း ရှိတာလည်း မတွက်တတ်ဘူး။ ငယ်ငယ်ကတော့ ရွှေထီးဆောင်းခဲ့ရတယ် ဆိုသလို ဘိုကျောင်းမှာ စာကောင်းကောင်း သင်ခဲ့ရတယ်။ ဒါပေမဲ့ အဖေ ဆုံးတော့ ပညာတစ်ပိုင်းတစ်စနဲ့ အလုပ်ထဲ ရောက်လာတယ်။ ပြီးတော့ သူဟာ စာအုပ်တွေ သိပ်ဖတ်တယ်။ စာအုပ်ထဲက လူတွေကို အားကျတယ်။
‘ဆင်းရဲခြင်းသည် ရှက်စရာ မဟုတ်’ ဆိုတာမျိုးတွေ မှတ်စုစာအုပ်ထဲမှာ ကူးထားခဲ့ဖူးတယ်။ သည်လိုလူ တစ်ယောက်ပါပဲ။ သူဟာ သစ်ပင်တစ်ပင် ဖြစ်သွားခဲ့တယ်။
သူ့အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ မီးရထားသံလမ်း ရှိတယ်။ ခုခါမှာ ဘယ်ရထားမှ ဖြတ်သွားဖြတ်လာ မရှိသလောက် ဖြစ်နေတဲ့ လမ်းပဲ။ သည်လမ်း တစ်ဖက်တစ်ချက်မှာ ထူပိန်းတဲ့ ချုံပုတ်တွေနဲ့ တောအုပ်ကလေး ရှိတယ်။ သူ့ကလေးတွေက သည်တောထဲမှာ ထင်းခြောက် ကောက်ကြတယ်။ ငှက် ဖမ်းကြတယ်။
တစ်နေ့တော့ သူဟာ သူ့မိန်းမရဲ့ ဆူဆူပူပူ လုပ်တာကို မခံနိုင်တာနဲ့ တစ်ယောက်တည်း ထွက်လာခဲ့တယ်။ တကယ်ကတော့ ဒီလိုနေ့မျိုးဟာ ကြည်နူးချမ်းမြေ့စရာနေ့ပဲ ဖြစ်သင့်တယ်။ သို့ပေမယ့် ဒါမျိုး မကြုံမတွေ့ရတာ ကြာပါပြီ။ သူ့လစာကလေးကို မိန်းမ လက်ထဲ ထည့်လိုက်တာနဲ့ ဗုံးပေါက်ကွဲသလို ပေါက်ကွဲတော့တာပဲ။
“ဟင် နှစ်ရာကျော်ရုံလေးပါလား။ ဘယ်မယားငယ်ကို ပေးပစ်ခဲ့လဲဟင်။ ရှင့်ကလေးတွေကို ကျုပ် ဘယ်လို ကျွေးမလဲ”
သူက ဒီလ ဖြတ်တောက်ငွေတွေ များကြောင်း ဖြေရှင်းတယ်။ မရဘူး။ ဒီလို ပြောခဲ့ရတာလည်း လစဉ်လိုလိုပဲ။ မိန်းမက ဆူဆောင့်တယ်။ ကလေးတွေက တစ်ယောက်တစ်ပေါက် ငိုကြတယ်။ ရုံးမှာတုန်းကလည်း သူဟာ အရာရှိရဲ့ အဆူအဟောက်ကို ခံခဲ့ရသေးတယ်။ စာအုပ်ထူထူတွေ ဖတ်ခဲ့ဖူးပေမဲ့ သူဟာ ကြောက်တတ်တယ်။ ကြောက်ကြောက်နဲ့ စွတ်ပြီး လုပ်မိတဲ့ အလုပ်တွေက တော်တော်များများ မှားခဲ့ဖူးတယ်။
“အလုပ်ကို ဒီလောက်မှ စိတ်မဝင်စားရင်လည်း ထွက်တော့ဗျာ။ ဘာလို့ လစာ ယူနေကြသေးတာလဲ”
သားအရွယ် အရာရှိပေါက်စက ဆူတယ်။
ဟုတ်တယ်။ သူဟာ လူ့လောကထဲမှာတောင်မှ မနေသင့်တဲ့ ဘဝ။ နိမ့်ကျအားငယ်ခြင်း၊ ရှက်ခြင်း၊ ရင်နာခြင်းတွေ ဖိစီး နှိပ်စက်လာကြတယ်။ ရထားတစ်စင်းလောက် ဖြတ်မောင်းလာစမ်းပါစေဗျာ။ သေပစ်လိုက်ချင်လာတယ်။
သူဟာ သံလမ်းပေါင်ပေါ်မှာ ထိုင်နေတယ်။ ဝင်လုဆဲ နေလုံးက နောက်ဆုံး ရွှေရည်တွေ သွန်ချပေးနေလို့ လမ်းဘေး တောအုပ်ကလေးဟာ လှနေတယ်။ သစ်ပင်တွေ ချုံပုတ်တွေကလည်း ရွက်နုတွေ ဝေပြီး နေခြည်ထဲမှာ ရွှေရောင် လွင်နေတယ်။ ရွက်စိမ်းရင့်မှောင်တွေကလည်း မှောင်တစ်ဝက် လင်းတစ်ဝက်နဲ့ အစိမ်းရောင် ကျောက်မျက်တွေလိုပဲ။ ပြီးတော့ နီကြင်ကြင် အဖူးကလေးတွေ၊ ဖြူဆွတ်ဆွတ် အပွင့်ကလေးတွေ။ သူ့ခြေဖမိုးပေါ်မှာတော့ ခရမ်းပြာရောင် ပန်းကလေးတစ်ပွင့် တင်လာတယ်။ သူဟာ ကြည့်မိကြည့်ရာ ကြောင်ပြီး ပန်းကလေးကို ငေးစိုက်ကြည့်တယ်။
“ကြည့်စမ်း၊ ဘာမဟုတ်တဲ့ အလေ့ကျ အပင်ကလေး တစ်ပင်မှာတောင် သူ့အပွင့် သူ့အဖူးနဲ့ တင့်တယ်နေသေးတာပဲ၊ လူ့ဘဝထက်စာရင် သစ်ပင်ဖြစ်ရတာမှ ပျော်စရာကောင်းဦးမယ်”
သည်အတွေးက လေးလံနေတဲ့ စိတ်ကို ပေါ့ပါးစေတယ်။ သည်လိုနဲ့ သူဟာ စိတ်ညစ်ညူးစရာတွေ ကြုံတိုင်း ဘယ်သူနဲ့မှ စကားမပြောဘဲ တိတ်တိတ်ကလေး ထွက်သွားပြီးသည်နေရာမှာ လာလာထိုင်တတ်လာတယ်။
* * *
(၂)
အိမ်နဲ့ ရုံးမှာ ပြောရေးဆိုခွင့် မရှိတဲ့ သူ့ခမျာ သစ်ပင်တွေနဲ့ စကားပြောတတ်လာတယ်။ သူ့ဘဝမှာ အခက်အခဲတွေ၊ ဘဝပြဿနာတွေနဲ့ ကြုံလာတိုင်း သစ်ပင်တွေကြားမှာ သွားပြီး ငြိမ်ငြိမ်ကြီး ထိုင်ရင်း စိတ်ထဲက ပြောတော့တာပဲတဲ့။
“ငါ သစ်ပင် ဖြစ်ချင်လိုက်တာ၊ သစ်ပင် ဖြစ်ချင်လိုက်တာ” တဲ့။
သစ်ပင်တွေက အရွက်စိမ်းစိမ်းတွေ ခါပြပြီး
“ကျုပ်တို့ ဘဝက မရွေ့နိုင်၊ မလျားနိုင်ပါဗျာ၊ အားမကျစမ်းပါနဲ့” တဲ့။
ဒါပေမဲ့ သစ်ပင်တွေရဲ့စကားကို မကြားနိုင် မသိတတ်သေးတဲ့ ဒီလူကတော့ သစ်ပင်ပဲ ဖြစ်ချင်မြဲ ဖြစ်ချင်နေရဲ့။ မိုးစက်ကလေးတွေ ထိရင် လန်းဆန်း သစ်လွင်လာတတ်တဲ့၊ လေနုအေးကလေး နော့ရင် ကြော့ကြော့မော့မော့နဲ့ ကခုန်ကစားတတ်တဲ့ သစ်ပင်ဘဝပဲ အားကျသတဲ့။
“ကြည့်စမ်းပါ၊ သူတို့ကတော့ အပူအပင် မရှိဘူးဗျာ” တဲ့။ နာရီရဲ့ ခြိမ်းခြောက်မှုကိုလည်း သူတို့ မခံကြရဘူးလေ။ ငှက်တွေ သီချင်းဆိုသံက လွဲရင် အိမ်က မိန်းမရဲ့ဆူသံ ပွက်သံနဲ့ ပိုက်ဆံစကားလည်း သူတို့ မကြားရဘူးမဟုတ်လား။
မနက် မိုးလင်းတာနဲ့ ဖူးပွင့်ဝေဆာပြီး ခေါင်းကလေးတွေ မော့နေလိုက်ကြတာ တစ်ကမ္ဘာလုံးမှာ သူတို့ အားမာန် အရှိဆုံး၊ ငြိမ်းချမ်းပျော်ရွှင်ဆုံး ဆိုတာ ပြနေသလိုပဲ။ သူတို့မှာက ဗြုတ်စဗျင်းတောင်းတွေ ထည့်ထားတဲ့ လက်ဆွဲအိတ်လည်း မရှိဘူး။ ရုံးက ပြန်လာရင် တိုင်မှာ စွပ်ထားတတ်တဲ့ ကြေးအထပ်ထပ်နဲ့ တိုက်ပုံအင်္ကျီကိုလည်း ဝတ်စရာ မလိုဘူးလေ။ နေသာရင် နိုးထလာမယ်။ နေညိုရင် အရွက်ကလေးတွေ လိပ်ပြီး အိပ်နေရုံပဲ။ အင်းပေါ့။ သူလည်း သစ်ပင်တွေကြားမှာပဲ နေတော့တယ်။
သူ သိခွင့် မရလို့သာ၊ သစ်ပင်တွေကတော့ သူ့ဘဝကို အားကျနေကြတယ်။ သူက ရွေ့လျားနိုင်တယ်၊ သန်မာတယ်။ ပေါင်းမြက်တွေ ဆင်ငိုမြက်တွေကို ဘယ်လောက်ပဲ ကြီးမား ကြီးမား အင်နဲ့ အားနဲ့ ဆွဲကိုင် နုတ်ပစ်နိုင်တယ်။ ပြီးတော့ သူ့မှာ အရာရာကို ကြည့်နိုင် မြင်နိုင်တတ်တဲ့ မျက်စိဆိုတာ ရှိတယ်။
သစ်ပင်တွေဘဝမှာတော့ သူ့လို ကြောင့်ကြပူပန်စရာ မရှိပါဘူး။ တာဝန်ဝတ္တရားလည်း နည်းပါးပါတယ်။ နေ့ဖို့ ညစာ အစာချက်ဖို့ နေရောင်ထဲမှာ သူတို့ အရွက်တွေ လှမ်းကြရတယ်။ နေရောင် ရဖို့ တစ်ပင်ထက် တစ်ပင် အလုအယက် အကိုင်းတွေ ရှည်ထွက်ပြီး မိုးကောင်းကင်ဆီ အပြိုင်တက်ရပေမဲ့လည်း မစ္ဆေရစိတ်တွေ အဘိဇ္ဇာ မောဟတွေနဲ့ မလိုတမာ မရှိကြပါဘူး။ သန်မာထွားကျိုင်းတဲ့ အပင်တွေ ဖြစ်ဖို့ဆိုတာက ကိုယ်တည်မှီတဲ့ မြေဆီပေါ်မှာပဲ တည်တာကလား။ ရေကြည်ရရင် မြေဆီရရင် ရှင်ချင်သလောက် ရှင်နိုင်တယ်။ ကိုင်းခက်တွေ ဖြာချင်သလောက် ဖြာပြီး နေရောင်ခြည်ကို ရှာဖွေနိုင်တယ်။ ရွက်အိုရွက်ဝါတွေ မြေမှာကျပြီး ဆွေးသွားရင်လည်း ဘာအရေးလဲ။ မြေထဲမှာ ဆွေးလေ မြေဆီမြေသား တက်လေမို့ အမြစ်ကနေ အာဟာရ ပြန်ယူ၊ ကိုယ့်အပင် ကိုယ်ပဲ ပြန်ပြီး ဝေစည်စေတာ မဟုတ်လား။ တကယ်လို့များ အပင်တစ်ပင် သေသွားပြီ ဆိုပါစို့။ သူ့မျိုးဆက်ကတော့ ဘယ်တော့မှ ပျက်သုဉ်း မသွားဘူး။ မြေမှာ နစ်ဝင်နေတဲ့ မမြင်နိုင်တဲ့ အစေ့အသီးတွေကတောင်မှ မြေမှာ ပြန်ပြီး တောထအောင် မျိုးဆက်သစ်တွေ ပေါက်ဖွားလာစေတော့တာပဲ။
သူက သစ်ပင်ဘဝကို သိပ်အားကျနေတယ်။
အပင်တွေမှာက တုံ့ပြန်သတ္တိရှိတာကလွဲလို့ သူ နေ့စဉ် ရေရွတ်နေတဲ့ ဖရုဿဝါစာ စကားတွေ၊ ခံစားနေရတဲ့ လောကဓံ အညစ်အကြေးတွေ သိမှ မသိကြတာပဲ။ တစ်နေ့တော့ သူဟာ ရထား သံလမ်းဟောင်းကနေ ဖယ်ခွာပြီး တောနက်နက်ထဲထိ တိုးဝင်လာတယ်။
“အဖေရေ၊ အဖေ”
လို့ အော်ခေါ်နေကြတဲ့ သူ့ကလေးတွေ အသံကြားတော့ သူဟာ ချုံတစ်ချုံထဲ တိုးဝင်ပြီး နားတွေကို လက်နှစ်ဖက်နဲ့ ပိတ်ထားလိုက်တယ်။ သူတို့အသံ မကြားချင်ဘူး။ အနှောင်အဖွဲ့တွေက လွတ်ချင်ပြီ။ ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် ကြောက်ရွံ့ချောက်ချားနေတဲ့ သူဟာ တွယ်တာမှု ကြိုးမျှင်တွေကိုလည်း ရင်နာနာနဲ့ပဲ ဖြတ်တောက်ပစ်ချင်ပြီ။ သည်တစ်ခါမှ လွတ်အောင်မရုန်းရင် ဘယ်တော့မှ ရုန်းထွက်နိုင်တော့မယ် မဟုတ်ဘူး။ ဘဝရဲ့ချည်တိုင်မှာ ပြန်ပြီး ခိုင်ခိုင်ကြီး ချည်မိတော့မှာပဲ။ သူ မုန်းတီးရွံရွာတဲ့ ကမ္ဘာကြီးကို ကြောက်လန့်လာတယ်။
ကမ္ဘာက သူ့ကို သမုဒယ မာယာတွေနဲ့ လှည့်စားလာတာ ကြာပြီ။ တရားရတာ မဟုတ်ဘဲ လောကကို ကြောက်ရွံ့နေတဲ့ သူဟာ ချုံကွယ်ထဲမှာ တုတ်တုတ်မှ မလှုပ်ရဲဘဲ ငြိမ်ကုပ်နေလိုက်တယ်။ သူ့ကို လိုက်ရှာနေကြတဲ့ သားတွေရဲ့ အသံဟာ ဝေးဝေးသွားတယ်။ သူက မျက်ရည်လည်နေတယ်။ သက်ပြင်းချလိုက်တယ်။ သားတွေကို သူက ချစ်ပေမယ့် သူတို့တစ်တွေကလည်း စားဖို့ ကစားဖို့က လွဲရင် အဖေ့ကို ခင်တွယ်ရကောင်း သိတာ မဟုတ်ဘူးလို့ ရင်နာနာနဲ့ တွေးတယ်။ အရွယ်မှ မရောက်သေးဘူး။ သူ့အပေါ်မှာ မအေ့ လေသံနဲ့ ဆက်ဆံတတ်ကြပြီ။
* * *
(၃)
တောနက်ထဲကို ရောက်တာနဲ့ သူဟာ နေရောင် ကောင်းကောင်းရမယ့် နေရာမှာ လက်နဲ့ယက်၊ တုတ်နဲ့ တူးဆွပြီး မြေကျင်း တူးတယ်။ သစ်ပင်အုပ်တွေကြားထဲမို့ မြေဟာ အပေါ်ယံ တင်းမာပေမယ့် အောက်မှာ ပျော့ပျောင်းနေတယ်။ ကြာရှည် မတူးလိုက်ရပါဘူး။ ဒူးဆစ်လောက် အနက် ရောက်တာနဲ့ သူဟာ ခြေထောက်တွေကို မြေထဲမှာ မြှုပ်ထားလိုက်တယ်။ သူ့လက်တွေကို နေရောင်မှာ ဆန့်တန်းလို့ အရွက်တွေကို နေလှန်းသလို လှန်းတယ်။
မြေအစိုဓာတ်ကြောင့် သူ့ခြေထောက်တွေ ရောင်ကိုင်းလာတာကို သူက အမြစ်တွေ ကြွလာပြီမို့ ဖူးဖူးရောင်လာတာ ထင်နေတယ်။ လေး ငါးရက် ကြာတော့ သူ့အသားအရေတွေလည်း နေလောင်လို့ ခြောက်သွေ့ ညိုမည်းလာတယ်။ သူ့နှုတ်ခမ်းတွေလည်း ဖူးရောင်အက်ကွဲ ကုန်တယ်။ လက်တွေ ခြေတွေလည်း လှုပ်ရှား မရတော့ဘူး။ ဗိုက်ထဲက အူအသည်း ကလီစာတွေတောင် ဆာလွန်းလို့ ခြောက်ကပ် တွန့်လိပ် သွားလောက်ပြီ။ ဒါပေမဲ့ သစ်ပင်ဘဝလည်း မရောက်သေးဘူးလေ။ ခြေက အမြစ်တွေ ဖြာထွက်မလာဘဲ ခါချဉ်ကောင်နဲ့ ပုရွက်ဆိတ်တွေ ဝိုင်းခဲတာပဲ ခံရတယ်။
ဒီတော့မှ သူက တွေးတယ်။
“သစ်ပင်ဘဝက မစားသာပါကလား” လို့။
သူ့ကလေးတွေ ခေါ်သံလည်း သူ မကြားရတော့ဘူး။
သူ့မိန်းမ အော်ငေါက် ဆူပူသံလည်း သူ နားမထောင်ရတော့ဘူး။ သူ ဝမ်းနည်းလာတယ်။ ဒီအသံတွေကို အောက်မေ့တသမိ ပြန်တယ်။ ခုတော့ အထီးကျန်ပဲ။
အပင်တွေကလည်း ကိုင်းခက် လက်တံရှည်တွေနဲ့ နေခြည်ကို အလုအယက် သောက်ဖို့ ကြိုးစားနေကြတယ်။ နေ့ရက်တွေ ကြာလာတာနဲ့အမျှ သူ့မှာလည်း ကြားခြင်း၊ မြင်ခြင်းတွေ တဖြည်းဖြည်း ဆုတ်ယုတ် ချို့တဲ့ခဲ့ပြီ။ သစ်ပင်တွေ ဖုံးအုပ်နေတဲ့ ကြားထဲမှာမို့ သူ့ကို ဘယ်သူကမှလည်း မမြင်ကြဘူး။ သူ ရှိနေတာလည်း သတိမပြုမိကြဘူးလေ။ အငယ်အနှောင်း ယူသွားပြီလို့ ထင်နေတဲ့ သူ့မိန်းမကလည်း သူ့ကို ရှာမှာ မဟုတ်ဘူး။ သူ့ ပတ်ဝန်းကျင်မှာလည်း မရှိရင်လည်း ဖြစ်တဲ့၊ ဘာမှ အရေးမပါတဲ့ သာမန်စာရေးကလေး တစ်ယောက်ကြောင့် နှောင့်နှေးမှု တစ်စုံတစ်ရာလည်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလေ။ ကြာရင် သေသလို မေ့တော့မှာပဲလို့ သူ တွေးမိတယ်။ သည်အတွေးက သူ့ရင်ကို တင်းကျပ် ပူလောင်စေတယ်။ ငှက်ကလေးတွေကတော့ အင်္ကျီစုတ်နဲ့ စာခြောက်ရုပ် မှတ်လို့ အနားမကပ်ကြဘူး။
နေကလည်း ပူလွန်းမက ပူလှတော့ သူက အသံနက်နက်ကြီးနဲ့ အော်လိုက်တယ်။ လည်ချောင်းထဲက အက်ကွဲ ထွက်လာတဲ့ အသံနက်ကြီးနဲ့ နာနာကြည်းကြည်း အော်လိုက်တာကတော့
“ငါ သစ်ပင် မဖြစ်ချင်တော့ဘူး ဟေ့”
* * *
(၄)
သစ်ပင်တွေက သူ့ကို ကရုဏာနဲ့ ဝိုင်းကြည့်နေကြတယ်။
“ခုမှတော့ မရတော့ဘူးလေ”
သူ ခြေကို ကြွကြည့်တယ်။ မရဘူး။ သူ့ခြေထောက်တွေ မလှုပ်နိုင်တာ ကြာပြီပဲ။ လက်ကို ရုတ်ကြည့်တယ်။ ပြုတ်ကျမလာဘူး။ သူ အော်ငိုတယ်။
“ငါ လှုပ်ရှားချင်တယ်၊ သွားချင် လာချင်တယ်၊ ကစားနေတဲ့ ငါ့ကလေးတွေ ရယ်သံ ကြားချင်တယ်”
မရတော့ဘူး။ သစ်ပင်တွေကလွဲလို့ သူ့အသံကို ဘယ်သူမှ မကြားနိုင်တော့ဘူးလေ။ သူ့စကားကိုလည်း သစ်ပင်တွေက လွဲလို့ ဘယ်သူမှ နားမလည်နိုင်ကြတော့ဘူး။ ဒါကြောင့် သူ့ကို ဝိုင်းပြောကြတယ်။
“ဘာကြောင့် အချိန်တွေ ဖြုန်းနေတာလဲ၊ ကိုယ့်အလုပ်ကိုယ် လုပ်ပါတော့လား” တဲ့။
* * *
(၅)
နောက်တစ်နေ့ကျ မိုးကြီး ရွာချတယ်။
မိုးစက်တွေကြားမှာ သူ မေ့မြောသွားတယ်။
ခုတော့ သူ ဘာမှ သတိမရတော့ဘူး။
သူ နိုးလာတော့ သူ့နားရွက်ထဲက အတက် တစ်တက် ထွက်နေတယ်။
ခက်ညွန့်ကလေး စီလို့။
သူ့ ခြေဖဝါးတွေလည်း ရှည်လျားလာပြီး အမြွှာမြွှာ ဖြာထွက်သွားကြပြီ။ သူ့လက် သူ့ခြေ သူ့ကိုယ်ခန္ဓာ အားလုံး အစိမ်းရောင် ဖုံးသွားပြီ။
ပေါက်ဖတ် တစ်ကောင်က သူ့ရွက်ညွန့်ကို လာဆိတ်တော့ သူ ထိတ်လန့်သွားတယ်။
တစ်ခါက သူ့လက်ညှိုးနဲ့ လက်မကြားမှာ ဖျစ်ညှစ် သတ်ပစ်နိုင်တဲ့ ပေါက်ဖတ်ကိုတောင်မှ သူ ကြောက်နေရပြီ။
အခြားအပင်တွေရဲ့ သစ်မြစ်တွေက ရေကြောရှိရာ တရွေ့ရွေ့ လိုက်ရှာနေကြခိုက်မှာ သူကတော့ ဘာကိုမှ မကြိုးစားနိုင်အားဘဲ …
“ငါ့ဖိုင်တွဲတွေ ဘယ်မှာလဲ၊ ရုံးအိတ်ကော၊ ဒီနေ့ ငါ ထမင်းဘူး မယူဘူးဟေ့”
ကယောင်ချောက်ချား ပြောနေတယ်။ ပေါက်ဖတ်က ရယ်ရင်း သူ့ အရွက်တွေကို အကုန် စားပစ်လိုက်တယ်။
ညမှောင်ရီစမှာ လ ထွက်ပြူလာတော့ ပင်စည် အဖုအထစ်တွေ ဖြစ်သွားတဲ့ သူ့မျက်လုံးတွေက လကို မော့ကြည့်တယ်။ သစ်စိမ်းရည် တလက်လက် စိမ့်ယိုရင်း လမင်းကို မလိုတမာ ကြည့်တယ်။
“မင်း ဒီလိုသာ တစ်ညလုံး ထွန်းနေရင် မီတာခတွေ သိပ်ကျတော့မှာပါလား” တဲ့။ ဒေါသနဲ့ ပြောတယ်။
လ ကတော့ မကြားဘူး။ တိမ်ကြားထဲကို ရွေ့သွားပြီ။
သူက မိုးသားနဲ့ မည်းမှောင်နေတဲ့ ကောင်းကင်ကို မမြင်နိုင်တော့သလို ဝမ်းပန်းတနည်း စိုက်ကြည့်တယ်။ သူ မသိလိုက်ခင်မှာပဲ သစ်ပင်တစ်ပင် ဖြစ်သွားတယ်။ အစကတော့ သာမန် ရိုးရိုးလူပါပဲ။
ခင်မြဇင်
သည်းဦးပန်း မဂ္ဂဇင်း၊ မေ၊ ၁၉၈၆။
crd 👉 OpenRead
No comments:
Post a Comment