Thursday, July 14, 2022

ကားတိုက်မှု

 မီးတောက်တွေက ကျွန်တော့် ဆံပင်တွေကို နောက်ဆုံး ပြန်လွှတ်ပေးလိုက်တယ်။ ပြီးတော့ ကျွန်တော်ဟာ မီးသင်္ဂြိုဟ်စက်ထဲက ပြန်ထွက်လာတယ်။ နံရိုး အပြိုင်းပြိုင်းနဲ့ ပိန်လှီနေတဲ့ လူနှစ်ယောက်ရဲ့ လက်တွေက ကျွန်တော် လဲလျောင်းနေတဲ့ ဆေးနီ မခြောက်သေးတဲ့ ခနော်ခနဲ့ တလားခေါင်းကို ကပ်ဆွဲ ထုတ်လိုက်တာပါ။ 


ကျွန်တော့်အမေဟာလည်း ငိုနေရာက ပြန်တည်သွားတယ်။ အမေ့ရဲ့ အသံဟာ လောကဓာတ်တစ်ခွင်လုံးကနေ ပြန်လာပြီး အမေ့လည်ချောင်းထဲကို ဝင်သွားကြတယ်။ ကျွန်တော့်အမေရဲ့ လက်က ကျွန်တော့်ညာခြေထောက်ကို ကိုင်ထားလျက်က လွှတ်လိုက်တယ်။ ပြီးတော့ ကွန်တော့်ဆွေမျိုးတွေရဲ့ အကြည့်ဟာ ကျွန်တော့်ဆီကနေ ဖယ်ခွါသွားတယ်။ 


လူတချို့က ကျွန်တော့်ကို အသုဘယာဉ်ထဲ နောက်ပြန် ထမ်းသွားကြတယ်။ ကျွန်တော့်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့လူတွေဟာ ကားအသီးသီးထဲ နောက်ပြန် ဝင်သွားကြတယ်။ ပြီးတော့ ကျွန်တော် လဲလျောင်းနေရတဲ့ အသုဘယာဉ်ဟာ နောက်ဆုံးကနေ နောက်ပြန်ထွက်တယ်။ 


ကားတန်းဟာ မြို့ရှိရာ တောင်အရပ်ကို ခုတ်မောင်းနေကြတယ်။ ကားလမ်းဘေးတစ်လျှောက် လယ်ကွင်းတွေဟာ ခြောက်ခြားစရာကောင်းလောက်အောင် ငြိမ်သက်နေကြတယ်။ အစိမ်းရောင်ယဲ့ယဲ့သာ ကျန်တော့တဲ့ သူတို့ရဲ့ အခက်အလက်တွေဟာ မြေပေါ်မှာ ငိုက်စိုက်ကျလို့။ နေဟာ မွန်းလွဲပိုင်း အပူချိန်ကနေ တဖြည်းဖြည်း ပြန်မြင့်လာနေတယ်။ မြို့ မြောက်ဘက်က တောင်တစ်လုံးရဲ့ မြောက်ဘက် မျက်နှာစာဟာ ကျွန်တော် လိုက်ပါလာတဲ့ ကားနောက်မြီးကို တရွေ့ရွေ့ လာခဲ့ကြပြီး ကျွန်တော်နေခဲ့တဲ့ အရပ်ထဲကို နောက်ပြန် ဝင်လာကြတယ်။ 


ကျွန်တော် ပါလာတဲ့ အသုဘကားဟာ ဝိုင်းအော်ငိုယိုနေကြတဲ့ ကျွန်တော့်ဆွေမျိုးတွေရဲ့ အလယ်မှာ ပြန်ရောက်သွားတယ်။ လမ်းပေါ်မှာ တစ်စစီ လွင့်နေတဲ့ အိုးခြမ်းပဲ့တွေဟာ ဝုန်းခနဲ ရေအိုးတစ်လုံးအဖြစ် အရပ်ထဲက လူတစ်ယောက်ရဲ့ လက်ထဲမှာ ပြန်ဖြစ်သွားတယ်။ လက်နှစ်ဖက်မှာ ပတ်တီးဖြူဖြူတွေ စီးထားတဲ့ ကျွန်တော့် ညီမလေးဟာ ကျွန်တော့် အဒေါ်ရဲ့ လက်ထဲမှာ သတိမေ့သွားလျက်က ပြန်သတိဝင်လာတယ်။ ညီမလေးရဲ့ စူးစူးဝါးဝါး အော်ဟစ်သံဟာ ပြန်ပိတ်သွားတဲ့ ညီမလေးရဲ့ ပါးစပ်ထဲကို ပြန်ဝင်သွားကြတယ်။ 


ကျွန်တော့်ကို ကျွန်တော့်ညီရယ်၊ ကျွန်တော့်အစ်ကိုဝမ်းကွဲရယ်၊ နောက် ကျွန်တော့် သူငယ်ချင်းတွေရယ်က အသုဘယာဉ်ပေါ်ကနေ အိမ်အပြင်ဘက်မှာ ခင်းထားတဲ့ ကျွန်တော့်ခုတင်ပေါ် ပြန်တင်ကြတယ်။ ရေအိုး ကိုင်ထားတဲ့ လူဟာ ရေအိုးကို ကျွန်တော့် ကုတင်ဘေးမှာ နောက်ပြန် လာတင်သွားတယ်။ နေဟာ တဖြည်းဖြည်းနဲ့ မွန်းတည့်သွားတယ်။ အရှေ့ဘက်ကို ရှည်ယိုင်နေတဲ့ လူရိပ်တွေဟာ တဖြည်းဖြည်း ပြန်တိုသွားတယ်။ ကျွန်တော့်အမေဟာ ငိုနေတယ်။ တစ်စုံတစ်ခုကို ပြောပြီး အံကိုကြိတ်သွားတယ်။ 


ဘုန်းကြီး သုံးပါးဟာ ကျွန်တော့်အလောင်း ပြင်ထားတဲ့ ခုတင်ဘေးမှာ ရှိတဲ့ ကော်ဇောနီနီ ခင်းထားတဲ့ တန်းလျားပေါ်ကို နောက်ပြန် ကြွလာပြီး ထိုင်ကြတယ်။ ကျွန်တော့် ဆွေမျိုးတွေက ကန်တော့ပွဲ သုံးပွဲကို ဘုန်းကြီးသုံးပါးရှေ့ ပြန်လာပို့ကြတယ်။ သာဓုခေါ်သံ သုံးကြိမ်ဟာ လောကဓာတ် တစ်ခုလုံးကနေ ပြန်လာကြတယ်။ အမေ့လက်ထဲက ရေကရားထဲကို အောက်ဖလားထဲက ရေစက်တွေ  ပြန်ဝင်သွားတယ်။ ကျွန်တော်ဟာ ခုတင်ပေါ်မှာ လဲလျောင်းနေရတယ်။ အမျှ သုံးကြိမ် ဝေသံဟာ ထပ်ပြီး ပေါ်လာပြန်တယ်။ နောက် ဘုန်းကြီးတွေရဲ့ ရွတ်ဖတ်သံတွေက ရှည်လျားစွာ  ပြန်ဝင်သွားတယ်။ ပြီးတော့ ကျွန်တော့်ဘေးက ဘုန်းကြီးတွေ ပြန်ကြွသွားတယ်။ လူတွေဟာ တစ်စ တစ်စ နောက်ပြန် ပြန်သွားကြတယ်။ 


နောက်ဆုံးတော့ ကျွန်တော့်ဘေးမှာ ကျွန်တော့် မိသားစုရယ်၊ ကျွန်တော့် သူငယ်ချင်းတွေ၊ ကျွန်တော့်ကျောင်းက ဆရာ၊ ဆရာမတွေပဲ ကျန်ရစ်တယ်။ အားလုံးရဲ့ မျက်လုံးတွေဟာ ကျွန်တော့်ဆီ ရောက်နေတဲ့ အကြည့်ကို ပြန်ရုတ်သိမ်းသွားကြတယ်။ ပြီးတော့ အမေရယ်၊ ကျွန်တော့် ညီမလေးရယ်၊ ပြီးတော့ အနားက အသားမည်းမည်းနဲ့ မိန်းမကြီးတစ်ယောက်ရယ်က အကြောင်းအရာ တစ်ခုကို ဒေါသသံတွေနဲ့ ပြောနေလျက်က နှုတ်ဆိတ်သွားကြတယ်။ အိမ်နံရံမှာ ကပ်ထားတဲ့ နာရီလက်တံဟာ နောက်ပြန် လည်ပတ်နေတယ်။ ပြီးတော့ မနက် ရှစ်နာရီ ထိုးခါနီးမှ ကျွန်တော့်ကို ကားတစ်စီးပေါ် တင်ကြတယ်။ ဒီကားရဲ့ တံခါးရွက်မှာ ဆေးရုံရဲ့ လူနာတင်ယာဉ်လို့ အင်္ဂလိပ်လို ရေးထားတယ်။ အဲဒီအထဲမှာ အမေဟာ ပြန်ထိုင်တယ်။ ကားလေးဟာ ကျွန်တော်နေတဲ့ အရပ်ထဲကနေ နောက်ပြန် ထွက်ခွါလာပြီး ဆေးရုံကြီးထဲက ဆင်ဝင်တစ်ခုရဲ့ အောက်မှာ ရပ်တယ်။ ပြီးတော့ အရေးပေါ် လူနာဆောင်ရဲ့ ဘေးမှာရှိတဲ့ အလုံပိတ် အခန်းတစ်ခုထဲကို ပြန်သွင်းကြတယ်။ အမေရဲ့ အသံဟာ တဖြည်းဖြည်း ဝေးသွားတယ်။ 


အရုဏ်တက်ပြီလို့ မနက် လေးနာရီလောက်ကတည်းက ည သန်းခေါင်ယံအထိ ကျွန်တော်နေတဲ့ အခန်းလေးထဲကို မှုခင်း ဆရာဝန်တွေ၊ ရဲအရာရှိတွေ၊ ယာဉ်ထိန်းချုပ်တွေ စစ်ဗိုလ်ကြီးတွေ နောက်ပြန် အဆက်မပြတ် ရောက်လာကြပြီး နောက်ပြန်လှည့် ပြန်သွားကြတယ်၊ ည ဆယ်နာရီ လောက်ကနေ ညနေ ခုနစ်နာရီ အထိ ကျွန်တော့်ကို ဆေးစစ်ချက် ယူနေကြတယ်။ ကျွန်တော့်ရဲ့ ကျိုးကြေသွားတဲ့ နံရိုးချောင်းတွေကို ဆရာဝန်ကြီးက ပြန်ထားတယ်။ ပြီးတော့ ကြွေမွသွားတဲ့ ကျွန်တော့်ရင်ဘတ်တစ်ခုလုံးကို စူးစမ်းကြတဲ့ မျက်လုံးတွေဟာ ကျွန်တော့်ဆီကနေ သူတို့အချင်းချင်းဆီကို ပြန်ရောက်သွားကြတယ်။ တဖြည်းဖြည်းနဲ့ ဆရာဝန်ကြီးရဲ့ လက်ပတ်နာရီက ခြောက်နာရီ ဆယ့်ငါး အ​ရောက်မှာ ကျွန်တော့်ကို အရေးပေါ် လူနာဌာနမှာရှိတဲ့ ကားတစ်စီးထဲကို နောက်ပြန် ပြန်ထည့်တယ်။ အဲဒီအထဲကို အသားမည်းမည်းနဲ့ မိန်းမကြီးရယ်၊ ယာဉ်ထိန်း လေးယောက်ရယ်၊ ရဲသား နှစ်ယောက်ရယ် လာထိုင်ကြတယ်။ ပြီးတော့ အဲဒီကားက ကျွန်တော့်ကို မြို့ရဲ့ မြို့လယ်လမ်းမကြီးနှစ်ခု ဆုံရာ လမ်းဘေးထောင့် တစ်ခုကို သယ်သွားတယ်။ 


လမ်း အချက်ပြ မီးတိုင်တွေဟာ စိမ်းလိုက်၊ ဝါလိုက်၊ နီလိုက် ဖြစ်နေကြတယ်။ ရဲအရာရှိနှစ်ယောက်ဟာ ကျွန်တော့်ရဲ့ ကြေမွနေတဲ့ ခန္ဓာကိုယ်ကို ကားပေါ်ကနေ လမ်းမပေါ်ကို ပြန်ရွေ့ ထားလိုက်ကြတယ်။ ကျွန်တော့်ရဲ့ ပြတ်သွားတဲ့ ညာလက်ကို ယာဉ်ထိန်းတစ်ယောက်က ကောက်ပြီး လမ်းပေါ်က ခွေခေါက် ကျိုးပဲ့နေတဲ့ ကျွန်တော့်စက်ဘီးကြားထဲ ပြန်ထားတယ်။ ဝိုင်းအုံနေတဲ့ အပြာရောင်လူအုပ်ကြီး ကြားထဲကို ရဲအရာရှိ နှစ်ယောက် နောက်ပြန် တိုးဝှေ့ ဝင်သွားကြတယ်။ 


ယာဉ်ထိန်းတွေဟာ ကြိုးဝိုင်းတစ်ခုလို ကျွန်တော်တို့ကို စောင့်ကြပ်နေကြတယ်။ ယာဉ်ထိန်းတစ်ယောက်ဟာ မျက်စိ မှေးမှေးကျဉ်းကျဉ်း၊ အသားနီစပ်စပ်လူနဲ့ စကားပြောနေလျက်က ဒေါသတွေ ထွက်နေတယ်။ ကျွန်တော့်ဘေးက ညီမလေးရဲ့ လက်မှာ သွေးတွေ ချင်းချင်း နီညိုနေတယ်။ ကားလမ်းပေါ်မှာ ပျံ့စီးနေတဲ့ ညိုညိုရဲရဲ သွေးတွေဟာ ကျွန်တော့်ခန္ဓာကိုယ်ထဲကို တစိမ့်စိမ့် ပြန်ဝင်နေကြတယ်။ ကျွန်တော့်ဘေးက အသားမည်းမည်းနဲ့ မိန်းမကြီးရယ်၊ ယာဉ်ထိန်းတချို့ရယ် ခွာရှဲ သွားကြတယ်။ လူအုပ်ကြီးဟာ ကျဲပါးသွားတယ်။ 


ကျွန်တော့်ရဲ့ ဘယ်ဘက်လက်က နာရီလက်တံဟာ နောက်ပြန် လည်နေတယ်။ အသားနီစပ်စပ် လူတစ်ယောက်ဟာ ယာဉ်ထိန်းတွေနဲ့ စကားများနေတယ်။ အဲဒီလူရဲ့ --လိုလို တစ်ခုဟာ ယာဉ်ထိန်းတွေရဲ့ မြင်ကွင်းကနေ အနွေးထည်အိတ်ထဲ ပြန်ဝင်သွားတယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခုရဲ့ အမည်ဟာ ယာဉ်ထိန်းတွေရဲ့ နားစည်တွေကနေ အဲဒီလူရဲ့ ပါးစပ်ထဲ ပြန်ဝင်သွားတယ်။ အဲဒီလူဟာ နံပါတ်ပြား မပါတဲ့ ကားပေါ်ကို နောက်ပြန် တက်ထိုင်ပြီး ယာဉ်ထိန်းတွေနဲ့ အပြန်အလှန် ဆဲရေးကြတယ်။ မကြာခင်မှာ အဲဒီလူရဲ့ ကားဟာ လဲနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို နောက်ပြန်ဆောင့်ပြီး တက်တယ်။ ပြီးတော့ ပြတ်လုပြတ်ခင် ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ ညာလက်နဲ့ သွေးသံရဲရဲ ကျွန်တော့်ညီမလေးရဲ့ လက်နှစ်ဖက်ရယ်၊ ခွေခေါက် တွန့်ကြေနေတဲ့ ကျွန်တော့်စက်ဘီးလေးရယ်ကို တုံ့ခနဲ ထပ်ပြီး ကျော်တယ်။ ကားက နောက်ပြန်မောင်းကျော်သွားတဲ့အခါ ကျွန်တော်နဲ့ ညီမလေးဟာ ချက်ချင်း ကောင်းသွားတဲ့စက်ဘီးပေါ်ကို မြေကြီးပေါ်က ပြိုင်တူ ကြွတက်သွားကြပြီး နောက်ပြန် ထိုင်စီးနေကြတယ်။ 


ညီမလေးက စက်ဘီးကယ်ရီယာရဲ့ အပေါ်၊  ကျွန်တော့် ကျောရဲ့ ရှေ့ကပါ။ လမ်းမီးဟာ စိမ်းနေတယ်။ မကြာခင် နီသွားပြီး ကျွန်တော်တို့ရဲ့ နောက်ပြန် ပြေးနေတဲ့ စက်ဘီးက လမ်းတစ်ဘက်မှာ ရပ်သွားတယ်။ ညီမလေးရဲ့ “ညဈေးတန်းဘက် သွားရအောင်နော်” လို့ပြောတဲ့ အသံက ယာဉ်ထိန်း ခရာသံနဲ့အတူ လောကဓာတ် တစ်ခွင်လုံးကနေ ပြန်ပေါ်လာပါတယ်။ 

နေထွတ်

၂၀ . ၁၁ . ၉၅။

(ပန်းဝေသီ၊ ဇွန်၊ ၁၉၉၆။)


crd 👉 OpenRead

No comments:

Post a Comment