Sunday, July 10, 2022

ဘဝအိပ်မက် ပန်းအိပ်မက် (အပိုင်း - ၁)



ကွယ်လွန်အနိစ္စရောက်ခြင်းသည် ဤကမ္ဘာ၊ ဤလောက၊ ဤသံသရာကြီးတွင် သက်ရှိသတ္တဝါတိုင်း မလွဲမသွေ ရင်ဆိုင်ရမည့် အရိုးစင်းဆုံးသော ကိစ္စတစ်ရပ် ဖြစ်လေသည်။ အရေးကြီးသည်ကား လူ့ကမ္ဘာရောက်လာသော လူသားတစ်ဦးသည် သူအသက်ရှင်စဉ်ကာလတွင် ဘာတွေကိုတွေး၍ ဘယ်လိုခံယူကာ ဘယ်လိုပြောဆိုလှုပ်ရှား နေထိုင်သွားသည်ဟူသော အချက်သာဖြစ်သည်။ လူတစ်ဦးချင်းသည် သူ၏တန်ဖိုးကို သူ၏လုပ်ရပ်ဖြင့် ဘ၀ဇာတ်ခုံတွင် တင်ဆက်၍ သက်သေပြသွားကြမြဲ ဖြစ်လေသည်။

(((မစန္ဒာ)))


==================


ဘဝအိပ်မက် ပန်းအိပ်မက် (မစန္ဒာ)

____________________________


သပ်သပ်ရပ်ရပ်ရှိသော သာမန် ကန်ထရိုက်တိုက်ကလေးတစ်လုံးတွင်ဖြစ်သည်။ ရန်ကုန်မြို့ စမ်းချောင်းရပ်ကွက်၊ ဦးဖီးလမ်းထဲတွင် ရှိသည်။ အိမ်နံပါတ်က (၅၂) ဖြစ်သည်။ 


ဘယ်ဘက်ခြမ်း အောက်ထပ်တွင်နေသူက ဦးဘပွား၊ သူ့အပေါ်ထပ်တွင်ကား ကိုရန်ဝေးတို့မိသားစု၊ ညာဘက်ခြမ်း အောက်ထပ်တွင် အိမ်ရှင်ဖြစ်သော မမွှေးကြူတို့သားအမိ၊ အပေါ်ထပ်တွင် ကိုကောင်းထက်တို့သားအဖ နေထိုင်ကြသည်။ သူတို့အားလုံးသည် သာမန်လူသားများ ဖြစ်ကြသည်။ လူသာမန်တို့တွင် ရှိတတ်သော လောဘ၊ ဒေါသ၊ မောဟနှင့် မာနတို့ရှိကြသည်။ လူသာမန်တို့တွင် ရှိတတ်သော ကရုဏာတရားနှင့် အကြင်နာတရားတို့လည်း ရှိကြလေသည်။


အခန်းကလေးက ကျဉ်းသော်လည်း လင်းလင်းချင်းချင်းရှိလေသည်။ ခါတိုင်းလိုပင် နှင်းဆီနံ့ ပျံ့သင်းနေသည်။ နက်(စ်)ကော်ဖီအနံ့လည်း မွှေးနေသည်။ တိုးတိုးလေး ဖွင့်ထားသော ကက်ဆက်မှ “ရစ်ချတ်ကလေဒါမင်”၏ စန္ဒရားသံလေးကလည်း ခါတိုင်းလိုပင် စိတ်နှလုံးညွတ်ပျောင်းဖွယ် ငြိမ့်ညောင်းသာယာလှသည်။


သို့သော် ဦးဘပွားသည် မွှေးပျံ့သော နှင်းဆီရနံ့ကို ခါတိုင်းလို ခုံမင်နှစ်ခြိုက်စွာ မရှုရှိုက်မိပေ၊ သူ အလွန်နှစ်သက်သော စန္ဒရားသံကိုလည်း ယခင်တုန်းကလို စိတ်ဝင်တစား နားမထောင်နိုင်၊ သူ့ရှေ့မှ ကော်ဖီပန်းကန်ကိုလည်း တစ်ကျိုက်တလေပင် ကောက် မမော့ချင်၊ သာယာလှပမှုအပေါင်းသည် သူနှင့် လုံးဝမသက်ဆိုင်တော့ဘဲ အဝေးကြီး ဝေးသွားသည်ဟု ခံစားနေရသည်။ ပုံမှန် လည်ပတ်နေသော ကမ္ဘာကြီးသည် ရုတ်တရက် အသွင်ပြောင်းပြီး အရုပ်ဆိုး အကျည်းတန်သွားသည်ဟု ထင်မှတ်နေမိသည်။


“ကိုယ့်ကိုယ်ကို မကြာခင် သေရတော့မယ်လို့ သိနေရတဲ့ လူတစ်ယောက်အနေနဲ့ မသေခင်အချိန်ကလေးမှာ ဘယ်လို နေသင့်သလဲ၊ ဘာကို လုပ်သင့်သလဲ”


စစ်တုရင်ရုပ်ကလေးများကို နေရာချနေသော ဆရာဝန် ဦးကံမြင့်အား ကြည့်ရင်း ဦးဘပွားက စဉ်းစားသည်။ မနေ့ညက တစ်ညလုံး တလူးလူး တလိမ့်လိမ့်နှင့် တရေးမျှ အိပ်မပျော်၊ ညနှစ်ချက်တီး

လောက်ရှိခါမှ အိပ်ဆေးထသောက်ခဲ့ရသည်။ ထို့ကြောင့် အိပ်ဆေးအရှိန်က ယခုထိ မပြေသေးဘဲ ခေါင်းထဲတွင် နောက်ကျိကျိ ဖြစ်နေသည်။ မျက်ခွံတွေလေးကာ မောဟိုက်ဟိုက်နှင့် အသက်ရှူ၍လည်း မဝချင်။


“ငါ ဘယ်လိုနေရမလဲ”


ဦးဘပွားက ပင့်သက်ကို မသိမသာ ရှိုက်လိုက်မိသည်။ ထိတ်လန့်တုန်လှုပ်နေသော စိတ်ကို ထိန်းချုပ်ပြီး ဘုရားရှိခိုး၊ ပုတီးစိပ်၊ တရားထိုင်ခြင်းအမှုတို့ကို အချိန်ပြည့် လုပ်နေရလျှင် ကောင်းလေမလား။


သို့သော်လည်း သူ့တစ်သက်တာလုံး ဘုရား တရားကို ​မေ့​မေ့လျော့လျော့နှင့် ခပ်ပေါ့ပေါ့ နေလာသူမို့ သူ့ရင်ထဲတွင် ဘုရားစိတ်၊ တရားစိတ်များ ကိန်းအောင်းခြင်း၊ ညွှတ်နူးခြင်း မရှိသေးပေ။ ခြိုးခြံခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ သူတစ်ပါးအား မေတ္တာထားခြင်း၊ စိတ်နှလုံးအေးချမ်းသာယာခြင်း စသည်တို့သည် သူနှင့်အလွန်ဝေးကွာသောနေရာတွင် ရှိနေသည်ကို သူ့ကိုယ်သူ သိနေသည်။ 


သည်တော့ သေနေ့ကို ကြိုးစားကာ မေ့ထားလိုက်ပြီး၊ စိတ်လွတ်ကိုယ်လွတ် လျှောက်လည်ကာ သုံးဖြုန်း ပျော်ပါးပစ်လိုက်ရလျှင် ကောင်းလေမလားဟု တွေးမိပြန်သည်။ သို့သော် သုံးဖြုန်း၊ ပျော်ပါး၊ လည်ပတ်ခြင်းများက သူ့ကို

ပျော်ရွှင်မှု ပေးနိုင်တော့မည် မဟုတ်ကြောင်းကိုလည်း သူ သိ​နေပြန်သည်။ သည်လိုဆိုတော့လည်း သားသမီးတွေ​ရောက်​နေ​သော နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ လိုက်သွားကာ ဆေးကုသရင်း လူမမာကြီးလုံးလုံးလုပ်ကာ ​သေ​နေ့ကို လက်ချိုး​ရေတွက်ပြီး ​စောင့်​နေရမည်လား။


“သူတို့က ပစ္စည်းဥစ္စာရယ်၊ ပညာရယ်ကို လောဘတကြီးရှာနေကြတဲ့သူတွေ၊ ဘဝလှေကားကို အဆင့်ဆင့် ထောင်ပြီး မြင့်သည်ထက် မြင့်အောင် ကြိုးစားပြီး တက်နေကြတဲ့သူတွေ၊ ငါလိုက်သွားတော့ရော ငါ့အတွက် ဘယ်သူက အလုပ်အကိုင် အပျက်ခံပြီး အချိန်ပေးချင်မှာတဲ့လဲ။ ဝန်ထုပ်ဝန်ပိုးကြီးတောင် ဖြစ်ချင်ဖြစ်နေမှာ။ အင်း ဖြစ်ချင်ဖြစ်နေမှာ မဟုတ်ဘူး၊ ဖြစ်ကိုဖြစ်နေမှာပါ” 


ဦးဘပွားက သက်ပြင်းချသည်။


“ကဲ ဦးဘပွား စလေဗျာ” 


ဦးကံမြင့်က စစ်တုရင်ခုံကို ဦးဘပွားဘက်သို့ တွန်းပေးသည်။ ဦးဘပွားက စစ်တုရင်ရုပ်ကလေးများကို တစ်ခါမျှမမြင်ဖူးသလို ငေးစိုက်၍ ကြည့်နေမိသည်။ သူ့ဘက်က အရုပ်များက အနက်ရောင်၊ ဦးကံမြင့်ဘက်မှ အရုပ်များက အဖြူရောင်ဖြစ်သည်။


“အင်း ငါ့ဘက်က အရုပ်တွေဟာ အနက်ရောင်တွေပါလား၊ အနက်ဆိုတာ မင်္ဂလာမရှိတဲ့အရောင်ပဲ။ သေမင်းရဲ့ နိမိတ်ပဲ”


ယခင်က တစ်ခါမျှ မတွေးခဲ့ဖူးသော အတွေးကို တွေးမိပြီး ကျောရိုးထဲတွင် စိမ့်တက်သွားသလို ခံစားရသည်။ အသက် ခြောက်ဆယ်ပြည့်ရန် လပိုင်းမျှသာ လိုတော့သော်လည်း သူသည် သေခြင်းတရားအကြောင်းကို တစ်ခါမျှ ရေရေရာရာ မတွေးတောခဲ့မိချေ။ သေခြင်းတရားဟူသည်မှာ ရှောင်လွှဲ၍မရကောင်းဟုသာ ယေဘူယျအားဖြင့် လက်ခံထားသော်လည်း သူနှင့် ဝေးလံသော နေရာတစ်နေရာတွင် သီးသန့်ရှိနေသော အရာတစ်ခုသာ ထင်မှတ်နေခဲ့မိသည်။ အခုတော့ သူကပင် သေခြင်းတရားဆီသို့ ပြေးသွားမိလေလား၊ သေခြင်းတရားကပင် သူ့ဆီသို့ ပြေးလာလေသလားမသိ၊ ဗြုန်းခနဲ နီးကပ်သွားသည်ကတော့ အမှန်ပင်။


“ဒီမှာ ဆရာ”


“ဟုတ်ကဲ့ ” 


ဦးကံမြင့်က သူ့ကို မော်ကြည့်သည်။ သူက တည်ငြိမ်အေးဆေးစွာ ပြုံးပြရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ 


“လောကမှာ လူ နှစ်မျိုးနှစ်စားရှိတယ် ဆရာရဲ့”


“ဟုတ်ကဲ့ ” 


ဦးကံမြင့်က ဦးဘပွားအား မသိမသာ အကဲခတ်နေသည်။ ဦးဘပွားသည် သူ၏လူနာလည်းဖြစ်သည်။ ခင်မင်ရင်းနှီးသောမိတ်ဆွေလည်းဖြစ်သည်။ ဦးဘပွား၏ ကိုယ်ရေးကိုယ်တာကိစ္စများကို သူ အတော်များများသိသည်။ ဦးဘပွား ရင်ဖွင့်သမျှကိုလည်း အခါခါ နားထောင်ဖူးသည်။


“သူ့မှာ ရောဂါကြီးကြီးမားမား ဖြစ်နေပြီဆိုရင် သူ့ကို အသိမပေးဘဲ လျှို့ဝှက်ထားရမယ့်လူက တစ်မျိုးဗျ။ အဲဒီလိုလူမျိုးက စိတ်ပျော့ညံ့တယ်၊ ဘဝကို ခုန်မင်တယ်၊ သေရမှာလဲ သိပ်ကြောက်တယ်” 


အခွေကုန်သွားပြီဖြစ်၍ ကက်ဆက်ထဲမှ စန္ဒရားသံက အလိုလို ရပ်သွားသည်။ ဦးကံမြင့်က ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်။ တစ်စုံတစ်ရာ စကားပြောမှားသွားမှာကိုလည်း ​တွေး​တော စိုးရိမ်နေမိသောကြောင့် ဖြစ်သည်။


“နောက်တစ်မျိုးကတော့ သူ့မှာ သေလောက်တဲ့ရောဂါ စွဲကပ်နေပြီဆိုရင် အသိပေးကို ပေးရမယ့် လူမျိုး၊ အဲဒီလိုလူမျိုးကတော့ သေခြင်းတရားကို ကြောက်ပေမယ့်လဲ မျက်နှာ တည့်တည့်မူပြီး သတ္တိရှိရှိ ရင်ဆိုင်ချင်တဲ့လူမျိုး၊ ဥပမာ ကျွန်တော့်လိုလူမျိုးဆိုပါတော့”


ဦးကံမြင့်၏မျက်နှာသည် ကွက်ခနဲ ပျက်သွားသည်။ “ဘုရားရေ  သူ သိများ သိနေပြီလား”ဟု တွေးရင်း ထူထူပူပူ ဖြစ်သွားသည်။ စိုးရိမ်သွားသည်။ ပန်းအိုးထဲတွင် အတန်ငယ်ညှိုးကာ ငိုက်ကျနေသော နှင်းဆီပွင့်လေးကို ဦးဘပွားက လက်ညှိုးနှင့် မထိတထိတောက်ကာ ခြွေချလိုက်သည်။ ပဲ့ကြွေကျလာသော ပန်းနုရောင် ပွင့်ဖတ်ကလေးကို အသာကောက်ယူကာ လက်ဝါးပြင်ပေါ်တွင် တင်ကြည့်ရင်း ခြောက်သွေ့စွာ ရယ်သည်။ 


“လူက အလကားနေရင်း မောမောနေတတ်တယ်။ ကိုယ်အလေးချိန်ကလဲ တဖြည်းဖြည်း လျော့လာနေတယ်။ ရင်ဘတ်ထဲကလဲ တစ်ချက်တစ်ချက် အောင့်တယ်၊ စားလို့ သောက်လို့ကလဲ မကောင်းဘူး၊ ဒါကြောင့် ဆီး၊ ဝမ်း၊သွေး၊ သလိပ်တွေ အကုန်စစ်၊ ဓာတ်မှန်တွေ၊ အာလ်ထရာဆောင်းတွေ အပြန်ပြန် အလှန်လှန် ရိုက်၊ အားလုံးပြီးတော့ ဆရာက အားဆေးထိုးပေးပြီး ဆေးလိပ်တော့ အသောက်လျှော့ပါ ဦးဘပွားရယ်တဲ့ အဟက် ... အဟက်”


သူ့ လက်ထဲမှ နှင်းဆီပွင့်ကလေးကို စားပွဲပေါ်သို့ အသာအယာ ပြန်ချလိုက်သည်။ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသော ဆရာဝန် ဦးကံမြင့်အား မျက်လုံးချင်း တည့်တည့် ရင်ဆိုင်ကြည့်ကာ မေးသည်။


“ခုအချိန်မှာ ဆေးလိပ်ကို လုံးဝမသောက်တော့ဘဲ ဖြတ်လိုက်ရင်ကော ဆရာရယ်၊ အချိန်မီဦးမှာမို့တဲ့လား၊ ကျွန်တော့် အသက် ဘယ်နှစ်လ ပိုပြီးရှည်နိုင်မယ်လို့ ဆရာ ထင်သလဲ”


အဖြေခက်၊ အနေခက်ကာ ချွေးပျံလာသော ဦးကံမြင့်အား အရသာခံ၍ ကြည့်ရင်း ဦးဘပွားက မလိုတမာ ရယ်သည်။ မထိခိုက်၊ မလှုပ်ရှားဟန်နှင့် သူ့ကိုယ်သူ ကြိုးစားကာ တည်ငြိမ်ဟန်ဆောင်​နေ​သော်လည်း သူ့အသံက ပင်ကိုယ်သံမဟုတ်ဘဲ အက်ကွဲကာ ရှတတ ဖြစ်နေသည်။


“မနေ့တုန်းက ကနေဒါမှာရောက်နေတဲ့ သားအလတ်ကောင်ဆီက လူကြုံနဲ့ ပါဆယ်တစ်ထုပ်ရတယ် ဆရာ။ ရှပ်အင်္ကျီသုံးလေးထည်နဲ့ ချော့ကလက်တို့၊ အားဆေးတို့ပေါ့ ဆရာရယ်။ ဒါနဲ့ ရှပ်အင်္ကျီတစ်ထည်နဲ့ ​ချောကလက်နှစ်တောင့်ကို ဆရာ့အတွက် ခွဲပေးဦးမှပဲလို့ စိတ်ကူးပြီး မနေ့ညက ဆရာ့အိမ်ကို ကျွန်တော် လျှောက်လာသေးတယ်” 


“ကျွန်တော့်အိမ်ကို” 


ဦးကံမြင့်က အတန်ငယ် ခေါင်းရှုပ်သွားသည်။ မနေ့ညက ဦးဘပွားတစ်ယောက် သူ့ဆီသို့ ရောက်မလာခဲ့ပါ။ 


“ရောက်ခဲ့ပါတယ် ဆရာရယ်၊ လက်ထဲက အထုပ်ကို​တောင် ပန်းကန်စင်အောက်က အံဆွဲထဲ ထည့်ခဲ့ပါသေးတယ်၊ ဆရာ ပြန်တော့ ဖွင့်ကြည့်”


"ဘယ်အချိန်ကလဲ” 


စိတ်ရှုပ်ထွေးနေဟန်ရှိသော ဦးကံမြင့်အား ခပ်မဲ့မဲ့ပြုံးကာ ကြည့်ရင်း ဦးဘပွားက စီးကရက်တစ်လိပ်ကို အေးအေးဆေးဆေး မီးညှိကာ ဖွာရှိုက်လိုက်သည်။ ဆေးလိပ်မသောက်ပါနဲ့ဟု တားမြစ်ထားသူ ဆရာဝန်၏ရှေ့တွင် ဆေးလိပ်ကို အရသာခံကာ အချိန်ဆွဲ၍ သောက်ပြရသည်မှာ အရသာတစ်မျိုးရှိနေသည်။


“ဒီလိုဆရာရဲ့၊ ကျွန်တော် ရောက်တဲ့အချိန်က ကိုးနာရီကျော်လောက်ရှိပြီ၊ ဆရာ့ဆေးခန်းထဲမှာ နော်ဆဲလာက ရှင်းလင်းနေတယ်ထင်ပါရဲ့၊ ဆရာက လူနာပါးလာပြီမို့ အိမ်ထဲဝင်သွားပြီတဲ့၊ ဒါနဲ့ ကျွန်တော်လဲ ဘေးပေါက်ကနေ လှည့်ပြီး ထမင်းစားခန်းထဲ ဝင်ခဲ့တယ်၊ ပထမတော့ ဧည့်ခန်းထဲ ဝင်လာမလို့ပဲ၊ ဒါပေမယ့် ဆရာတို့ဇနီးမောင်နှံ စကားပြောနေသံ ကြားရတာနဲ့” 


ဦးကံမြင့်သည် ကုလားထိုင်လက်ရန်းကို ယောင်ယမ်းပြီး ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ ထိုစဉ်က သူ၏ဇနီးသည်အား ဦးဘပွား၏အကြောင်းကို ပြောပြနေမိသည်ဟု ထင်သည်။ ဟုတ်သည်။ သူပြောနေခဲ့ပါသည်။


“စိတ်မကောင်းစရာပဲ ခင်မရယ်၊ ဦးဘပွားက လူပေကြီး၊ သူ့ရောဂါအကြောင်း သူသိရင် ပြန်ပြီး ပေပေတေတေ လုပ်ချင်လုပ်နေမှာ” ဟု သူ ပြောနေခဲ့ပါသည်။ 


သူ့ဇနီးက “ရေဒီရေးရှင်း ပေးရင်ကော”ဟု ပြောတော့ သူက “ဟာ ဦးဘပွားက လူပါးပဲ၊ နောက်ပြီး ပညာတတ်ပဲဟာ၊ စီအေကေ့(စ်) မှ ရေဒီရေးရှင်း ပေးရတယ်ဆိုတာ မသိဘဲနေပါ့မလား၊ နောက်ပြီး ဒါကလဲ ရေဒီရေးရှင်း ပေးလို့မရပါဘူးကွာ၊ ဒီလို ကေ့(စ်)မျိုးက သိတာနဲ့ စိတ်ဓာတ်ကျပြီး လူက လုယူပစ်လိုက်သလို ချုံးကျသွားတတ်တယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ပါဘူး၊ သူ့သားသမီးတွေဆီကို လှမ်းပြီး အကြောင်းကြားရရင် ကောင်းမလား၊ စဉ်းစားပါဦး၊ ကိုယ့်စိတ်ထင်တော့ သိပ်လဲ ကြာကြာခံမှာ မဟုတ်ပါဘူး၊ စီအေလန်း(ခ)စ် ဆိုတာ သိပ်မြန်တာ”ဟု ပြောနေခဲ့ပါသည်။ 


“ဆေးပညာ ဝေါဟာရတွေကို သိပ်မကျွမ်းကြပေမယ့် စီအေဆိုတာ ကင်ဆာကိုပြောမှန်း လူတော်တော်များများက သိကြပါတယ် ဆရာ”


သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး တည့်တည့်ရင်ဆိုင်ကာ ကြည့်မိကြသည်။ ဦးဘပွား၏မျက်လုံးများက သေဒဏ်အပေးခံလိုက်ရသူ၏ မျက်လုံးများလို မှုန်မှိုင်းရီဝေနေပြီး ဦးကံမြင့်၏မျက်လုံးများကမူ မည်သို့မည်ပုံ အားပေး နှစ်သိမ့်ရမည်ကို မသိတတ်နိုင်ဘဲ အားတုံ့အားနာဖြစ်နေသော မျက်လုံးများဖြစ်လေသည်။


“ကဲ ဒီတော့ ကျွန်တော့်အတွက် အချိန်ဘယ်လောက်ကျန်သေးလဲ မသိရဘူးလား ဆရာ၊ အဆုပ်ကင်ဆာဆိုတာ အင်မတန်မြန်တာပဲဆို ဆရာရဲ့”


ဦးဘပွားက အက်ကွဲ ကြမ်းရှနေသောအသံနှင့် မလိုတမာ ရယ်သည်။


“မဟုတ်သေးဘူးလေ ဦးဘပွားရဲ့” 


ဦးကံမြင့်က ချောင်းဟန့်သည်။ 


“အဲဒါကို အဟမ်း ဒါကို တစ်ထစ်ချဖြစ်တော့မယ်ရယ်လို့ စိတ်ထဲမှာ ပုံသေစွဲမထားနဲ့လေ၊ ဘယ်သူ့ကို ဘယ်တော့သေမယ်ဆိုတာ ဘယ်သူကမှ ကံသေကံမ ပြောလို့ရတာမဟုတ်ဘူး၊ ဆေးပညာ ရှုဒေါင့်အရက ဘာပဲပြောပြော ဘာပဲမြင်မြင် ကံတရားဆိုတာက ရှိသေးတာပဲ”


“အဟက် ဟက် ဟက် ဟား” 


သည်တစ်ခါတော့ ဦးဘပွားက ပြက်လုံးကောင်းကောင်းတစ်ခုကို ကြားလိုက်ရသလို ဟက်ဟက်ပက်ပက် ရယ်သည်။ 


“ကိုယ်ပြောတဲ့စကားကို ကိုယ်ဟာကိုယ်တောင် မယုံဘဲနဲ့ လာမပြောပါနဲ့ ဆရာရယ်၊ ဘပွားဆိုတဲ့ အကောင်ဟာ ဘယ်တုန်းကမှ ကံကောင်းခဲ့တဲ့ကောင် မဟုတ်ဘူးဆိုတာကိုလဲ သိသားနဲ့”


အိုက်စပ်စပ်ဖြစ်ကာ ချွေးပျံလာသဖြင့် ဦးကံမြင့်သည် စားပွဲတင်ပန်ကာလေး၏ခလုတ်ကို လှမ်း၍ နှိပ်လိုက်သည်။ ညင်သာသော လည်ပတ်သံနှင့်အတူ လေပြည်လေညင်းကလေး တိုက်ခတ်လာသည်။ ပန်းအိုးထဲမှ နှင်းဆီပန်းကလေးများ ယိမ်းယိုင် လှုပ်ရှားသွားကြသည်။ စားပွဲပေါ်မှ နှင်းဆီပွင့်ဖတ်ကလေးသည်လည်း လျောလိုက်ပြီး လွင့်သွားသည်။ 


“ကျွန်တော့် မွေးပြီးတော့ ဘာမှမကြာဘူး၊ ကျွန်တော့်အမေသေတာပဲတဲ့ဗျာ။ အဟား ဟား ကျွန်တော်က မွေးလာကတည်းက အဲဒီလို ကံကောင်းခဲ့တဲ့အကောင်” 


ဦးဘပွားက သူ့ကိုယ်သူ သရော်သောအသံနှင့် ပြောသည်။ ပစ္စုပ္ပန်အခြေအနေကို ခေတ္တမျှ မေ့သွားပြီး သူ့စိတ်က အတိတ်ဆီသို့ ဝဲပျံသွားသည်။


* * * 


သူသည် လူ့ဘဝသို့ ကံကောင်းခြင်းနှင့် ကံဆိုးခြင်း နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း သယ်ဆောင်လာသူ ဖြစ်သည်။ သူ့ကို မွေးအပြီးတွင် မိခင်က သေဆုံးခဲ့သော်လည်း ဖခင်ကတော့ စီးပွားတွေ တရှိန်ထိုး တက်ခဲ့သည်။


“ကျွန် တော် လူပျိုပေါက်အရွယ်ရောက်တော့ အဖေကလဲ လေယာဉ်ပျံပျက်တဲ့အထဲ ပါသွားတာ အလောင်းတောင် မရတော့ဘူး၊ အဖေယူထားတဲ့ ကျွန်တော့်မိထွေး ငယ်ငယ်လေးကပါ အဖေနဲ့အတူ လေယာဉ်ပျံထဲ ပါသွားတာကတော့ ကျန်ခဲ့သမျှပစ္စည်း ကျွန်တော်အကုန်ရဖို့ ဖြစ်လာတာပေါ့လေ။ အဖေဘက်ကလည်း ချမ်းသာ၊ အမေဘက်ကလည်း ချမ်းသာ ဆိုတော့ ဟိုဘက်ဒီဘက် ရလိုက်တဲ့ အမွေဆိုတာ မနည်းဘူးဗျ၊ အသက်ကလေးကလည်း ငယ်၊ ရုပ်ကလေးကလည်းဖြောင့်၊ ပစ္စည်းကလည်း ချမ်းသာ ဆိုတော့ အင်း ချိုတပ်ထားတဲ့ မြင်းလို ဖြစ်ခဲ့တာပေါ့” 


ဦးဘပွားသည် သည်နေ့အတွက် ပထမဆုံးအကြိမ် ပြုံးမိသည်။ သူ၏ရွှေရောင်လွှမ်းသောနေ့ရက်များသည် ဟိုး အဝေးတွင် ကျန်ရစ်ခဲ့သော်လည်း ပြန်တွေးလျှင် ကြည်နူးရသေးသည်။ 


“အင်း နောက်ဆုံးတော့ ဒီငွေ၊ ဒီပစ္စည်း၊ ဒီစည်းစိမ်ချမ်းသာတွေကြောင့်ပဲ ကျွန်တော်ဟာ မေတ္တာစစ် မေတ္တာမှန်ကို မရခဲ့တာ ထင်ပါရဲ့”


သည်အပိုင်းကိုတော့ ဦးကံမြင့် သိပြီးသားဖြစ်သည်။ ဦးဘပွား၏ဇနီးသည် ပြစ်မျိုးမှဲ့ မထင်အောင် လှပတင့်တယ်သူဖြစ်သည်။ သူ့ကို အားကစားပွဲတစ်ခုတွင် တွေ့ပြီး၊ တွေ့လျှင်တွေ့ ချင်း ဦးဘပွားသည် “ဒီမိန်းကလေးကို ငါ ရအောင်ယူမယ်”ဟု ဆုံးဖြတ်ခဲ့လေသည်။ မိန်းကလေးတွင် ချစ်သူရှိနေကြောင်း သိခဲ့သော်လည်း သူက နောက်မဆုတ်ခဲ့။ အသိုင်းအဝိုင်း၊ အရှိန်အဝါ၊ ပစ္စည်းဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ် အကုန်လုံးကို အသုံးပြုကာ မိန်းကလေးအား အရယူခဲ့သည်။ မင်္ဂလာဦးညတွင် မိန်းကလေးက သူ့အား စေ့စေ့ကြည့်ကာ ....“ကျွန်မက ရှင့်ရဲ့ ဇနီးဖြစ်ပြီပဲ...  ရှင်ထားရာမှာ နေ၊ စေရာကို သွားရတော့မှာပေါ့။ စိတ်ချပါ ကိုကိုရယ် .... ကျွန်မလေ အချစ်ဟောင်းကိုလည်း တမ်းတမနေပါဘူး၊ ဘယ်တော့မှလဲ မဖောက်ပြားပါဘူး၊ ကျွန်မရဲ့ ကိုယ်ခန္ဓာကို ရှင်ပဲ ပိုင်ပါတယ်”ဟု ပြောခဲ့သည်။ သူပြောသည့်အတိုင်းလည်း ဇနီးကောင်း ပီသစွာ နေသွားခဲ့သည်။ 


သူ ရေချိုးလျှင် မျက်နှာသုတ်ပဝါကိုင်ကာ စောင့်နေတတ်သည်။ သူထမင်းစားလျှင် ဘေးတွင် ထိုင်ကာ ငါးရိုးထွင်ပေးတတ်သည်။ သူရုံးမှပြန်လာလျှင် သနပ်ခါးနံ့ သင်းသင်းလေးနှင့် အိမ်ဝမှ ဆီးကြိုတတ်သည်။ သူ မအိပ်သေးလျှင် မည်မျှပင် ညဉ့်နက်ပါစေ၊ မအိပ်ဘဲ စောင့်နေတတ်သည်။ သို့သော် ထိုအပြုအမူအားလုံးသည် သံပတ်ပေးထားသော အရုပ်တစ်ခုလို လှုပ်ရှားသွားခြင်းဖြစ်ကြောင်း သူသိနေသည်။ ဇနီးသည်၏မျက်လုံးများသည် ချစ်ခြင်းမေတ္တာနှင့် ရွှန်းလက်တောက်ပခြင်းမရှိဘဲ နက်ရှိုင်းသော ကန်ရေပြင်လို ငြိမ်သက် အေးစက်နေတတ်သည်ကို သူ အမြဲတမ်း သတိထားမိနေသည်။ မင်းပွဲ စိုးပွဲများတွင် သူ့ဘေး၌ လှပတင့်တယ်စွာ ယှဉ်တွဲပါလာသော ဇနီးကို လူတိုင်းက အံ့သြချီးမွမ်းကြသည်။


“ဦးဘပွား ကံကောင်းတယ်ဗျာ”ဟု ပြောသံကြားလျှင် အပြင်မှ အလိုက်သင့် ပြုံးနေရသော်လည်း ဝမ်းတွင်းမှ ကျိတ်ပြီး ဒေါသဖြစ်နေတတ်သည်။ သူသည် လူသားတစ်ဦးကို ပိုင်ဆိုင်ခဲ့ရခြင်းမဟုတ်ဘဲ လှပသော အရုပ်တစ်ရုပ်ကိုသာ ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သူ့ကိုယ်သူသာ အသိဆုံးဖြစ်လေသည်။


သူ၏ချစ်ဇနီးသည် အသက်လေးဆယ်ကျော်တွင် ဆုံးပါးသွားခဲ့သည်။ အိမ်ထောင်သက် အနှစ် နှစ်ဆယ်လောက်အတွင်းတွင် သူ့အတွက် ချစ်စဖွယ် သားသမီး သုံးယောက်ကို မွေးဖွားပေးခဲ့သော်လည်း သူ့အား... “ချစ်သည်” ဟူသော စကားကိုတော့ တစ်ခါမျှ ပြောမသွားခဲ့ဖူးချေ။ ဦးဘပွားသည် အပြင်ပန်းက အင်မတန် ကံထူးသူတစ်ဦးအဖြစ် ဟန်ဆောင်နေရင်း ရင်ထဲတွင် ကျိတ်ပြီး နာကြည်းကြေကွဲနေရသူတစ်ဦး ဖြစ်သည်။


“ကလေးတွေ မိထွေးလက်ထဲ ရောက်မှာစိုးလို့၊ မိထွေးနဲ့ မသင့်မမြတ်ဖြစ်မှာစိုးလို့ အစစအရာရာပေါ့လေ၊ သူတို့အတွက် ​တွေးပြီး ကျွန်တော် နောက်အိမ်ထောင် မပြုခဲ့ပါဘူး၊ လေးဆယ့်ရှစ်နှစ်ဆိုတဲ့ အသက်ဟာ ယောက်ျားတစ်ယောက်အတွက် အင်မတန်ကို ငယ်ပါသေးတယ် ဆရာရဲ့ ၊ နောက်အိမ်ထောင် ထူဖို့လဲ လွယ်ပါတယ်၊ အထူးသဖြင့် ကျွန်တော့်လို အစစအရာရာမှာ ပြည့်စုံတဲ့ လူတစ်ယောက်အနေနဲ့ပေါ့”


ဦးဘပွားက သူ့ဝသီအတိုင်း ခပ်ကြွားကြွား ပြောသည်။ ဇနီးသည် ဆုံးသွားပြီးသည့်နောက်ပိုင်းတွင် သူသည် ကျားနာကြီးလို ဖြစ်ခဲ့သည်။ 


“မိန်းမတစ်ယောက်ကို လက်ထပ်မှ ရတယ်ဆိုတာ မဟုတ်ဘူးဗျ”ဟု သရော်မော်ကား ပြောရင်း မိန်းမအတော်များများကို လက်မထပ်ဘဲ အရယူခဲ့သည်။ ရလည်းရခဲ့သည်။ သူ့ဇနီးသည် ဆုံးပြီးစ လေးငါးနှစ်ပိုင်းတွင် သူသည် အိမ်ပြန်အိပ်သောနေ့ပင် မရှိသလောက် နည်းပါးခဲ့သည်။ သားသမီး သုံးဦးကို ပြည့်စုံကြွယ်ဝစွာ ထားခဲ့ခြင်းအားဖြင့် သူ့ကိုယ်သူ ဖခင်တစ်ဦး၏တာဝန် ကျေပွန်ပြီဟူ၍ ယူဆထားခဲ့သည်။


“သားသမီး မွေးထားပြီး မချစ်တတ်တဲ့ အဖေဟာ အလကားပဲ ဖေဖေရဲ့” 


သူ့ကို စတင်၍ တိုက်ခိုက်သူက သမီးကြီး ဖြစ်သည်။


“နင်တို့ ကို ငါမချစ်ဘူး ထင်လို့လား ... ငါ့လောက် ပြည့်စုံအောင်ထားနိုင်တဲ့အဖေ နင်တို့ ရှာကြည့်စမ်း၊ တွေ့နိုင်မလား”


“သမီးတို့ကို အစစအရာရာ လိုလေသေး မရှိဘူးလို့ ဖေဖေက ထင်မှာပဲ၊ ဒါပေမယ့် သမီးတို့မှာမပြည့်စုံဘူးဖေဖေ၊ သမီးတို့ လိုချင်တာက ဖေဖေ့ဆီက မေတ္တာနဲ့ အချိန်ပါ” 


“အောင်မယ်... ငါက နင်တို့ကို ချစ်တယ်၊ ချစ်တယ်နဲ့ ထိုင်အော်နေရမှာလား၊ ဒီအရွယ်ကြီးတွေကို ပုံပြောပြီး ပုတ်သိပ်နေရဦးမှာလားကွ...ဟေ...”


သူက ဒေါသတကြီးနှင့် အော်တော့ သမီးကြီးက ဘာမှမပြောတော့ဘဲ သူ့ကို ငြိမ်သက်တိတ်ဆိတ်စွာ ကြည့်နေခဲ့လေသည်။ ဦးဘပွားသည် အတိတ်ကို ပြန်တွေးရင်း အရက်မသောက်ဘဲ မူးဝေချင်လာသည်။ ခြောက်နှစ်ကျော်ကျော်ခန့် စိတ်လွှတ်ကိုယ်လွှတ်နှင့် စိတ်၏အလိုကို လိုက်ပြီးသောအခါတွင်ကား သူသည် အတန်ငယ် တည်ငြိမ်မှုရခဲ့သည်။


သမီးကြီး ပြောသလို မေတ္တာနှင့်အချိန်ကို သားသမီးများဆီသို့ ဖြန့်ဝေပေးရန် အသိတရားရခဲ့သည်။ သို့သော် ထိုအချိန်တွင် သားသမီးများသည် သူ့ကို မလိုကြတော့ပေ။ အတောင်အလက်လည်း စုံကြပြီမို့ ဝေဟင်တွင် ပျံဝဲရန် အရှိန်ယူနေကြလေပြီ။ 


“အတောင်စုံတော့ အသိုက်ကို ခွာကြတာပေါ့လေ။ နောက်ဆုံးတော့ ငါတစ်ယောက်တည်း” 


ဦးဘပွား၏မျက်လုံးများသည် နီရောင်သမ်းပြီး ရီဝေဝေ ဖြစ်လာသည်။ ပထမဆုံး စ၍ခွာသူက သားလတ်ဖြစ်သည်။ အင်ဂျင်နီယာဘွဲ့ရပြီး မကြာမီပင် စင်္ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်သည်။ အလုပ်လုပ်ရင်း အမေရိကန်မလေး တစ်ယောက်နှင့် တွေ့ဆုံချစ်ကြိုက်ကာ ဟိုမှာပင် လက်ထပ်လိုက်ကြသည်။ အခုတော့ ဇနီးသည်နှင့်အတူ ကနေဒါတွင် ရောက်နေပေပြီ။ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ပြီး လခလည်း ကောင်းသည် ဆိုသည်။


နောက်ပြီးတော့ သမီးကြီး၊ သူ အိမ်ထောင်ကျ၍ မကြာမီ ကြိုတင်စီစဉ်ထားသည့်အတိုင်း သူ့ခင်ပွန်းသည်က ဂျပန်နိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်သည်။ “သမီး သွားမယ်နော် ဖေဖေ”ဟု နှုတ်ဆက် ကန်တော့ကာ ယောက်ျားနှင့် တပါတည်း လိုက်သွားသည်။ ထိုမှတစ်ဆင့် အဆက်အသွယ်ရကာ သြစတြေးလျသို့ ပြောင်းသွားကြသည်။ အခုတော့ သူတို့မိသားစု ဟိုမှာပင် အခြေကျနေကြပေပြီ။ 


နောက်ဆုံးတော့ သားငယ်၊ သူကတော့ ယူအင်ဒီပီ အလုပ်ဖြင့် ဒိုမီနီကန်ကျွန်းက သစ်တောများကြားထဲသို့ ရောက်သွားသည်။ ထိုမှတစ်ဆင့် ဘယ်နိုင်ငံကို ရောက်သွားဦးမလဲ သူလည်း မခန့်မှန်းနိုင်။ အသိုက်အမြုံကို စွန့်ခွာကာ ဝေးလံသောအရပ်သို့ ခြေဆန့် ပျံသန်းကြသော သားသမီးတို့အတွက် သူက အစစအရာရာ ပူပင်နေပါသည်။ သို့သော် သူတို့ကမူ သူ့အတွက် ပြန်လှန်ပူပန်ခြင်း လုံးဝမရှိခဲ့ကြပေ။ သူတို့ မရှိတော့သောဘဝတွင် သူတို့၏ဖခင်သည်  အချိန် နာရီပေါင်းများစွာကို တစ်ဦးတည်း တိတ်ဆိတ်ခြောက်ကပ်စွာ အထီးကျန် ဖြတ်သန်းရတော့မှာပါလားဟု ယောင်ယမ်း၍ပင် မတွေးတောခဲ့ကြပေ။ သူတို့၏ဖခင် ဦးဘပွားဟူသည့် ပုဂ္ဂိုလ်ကြီးသည် အစစအရာရာ ပြီးပြည့်စုံနေသူမို့ ဖခင်၏အနားတွင် သူတို့ရှိနေရန်လည်း မလိုအပ် ဟူ၍သာ ယုံကြည်နေကြဟန်တူသည်။ သားသမီးတွေက သူ့ကို လိုနေသောအချိန်တွင် သူက ဝေးကွာနေခဲ့ရာ၊ သူက သားသမီးတွေကို ပြန်ပြီးအလိုရှိသောအခါတွင်ကား တစ်ဦးတစ်ယောက်ကိုမျှ မရရှိခဲ့တော့ပေ။


နောက်ဆုံးသွားသူ သားငယ်ကို လေယာဉ်ပျံကွင်း လိုက်ပို့ပြီး ပြန်လာတော့ သူသည် ရွှေတောင်ကြားလမ်းက အိမ်တွင် နေချင်စိတ် လုံးဝမရှိတော့ပေ။ ခမ်းနားကျယ်ဝန်းသော အိမ်ထဲတွင် ချစ်သောဇနီးနှင့် သားသမီးတို့၏ အသံနှင့်အရိပ်တို့သည် တိတ်ဆိတ်ကွယ်ပျောက်ခဲ့လေပြီ။


အထီးကျန်နေရသောဘဝတွင် အလုပ်ထဲ၌ အမှားအယွင်း များလာသည်။ ထို့ကြောင့် အပြစ်မဖြစ်မီ ဆေးပင်စင် တင်ကာ ကြိုတင်ပြီး အနားယူခဲ့သည်။ အိမ်ကို ပြုပြင်ပြီး သံရုံးသို့ ငှားလိုက်သည်။ နှစ်ရှည်လများနေလာခဲ့သော အခြွေအရံများကို သုံးလခစီ ကြိုပေးကာ အလုပ်မှ ရပ်စဲခဲ့သည်။ ထိုနောက် စမ်းချောင်းရပ်ကွက်ထဲရှိ ယခု တိုက်ခန်းကလေးကို ဝယ်ယူကာ တစ်ဦးတည်း ပြောင်းလာခဲ့သည်။


လူတစ်ယောက်၊ တိုက်ခန်းတစ်ခန်း၊ အက်(စ်)အီးကား တစ်စီးနှင့် တိတ်ဆိတ်ငြိမ်သက်စွာ နေလာခဲ့သည်မှာ တစ်နှစ်ခန့် ရှိပေပြီ။ သူ့ဘဝတွင် လောကီစည်းစိမ် ချမ်းသာ ပျော်မွေ့ဖွယ်ရာ ဟူသမျှကို အခါခါ ခံစားဖူးခဲ့ပြီမို့ မည်သည့် လောကီချမ်းသာ သုခကိုမှလည်း ထပ်မံ ခံစားလိုစိတ် မရှိတော့ပေ။


မနက်ပိုင်း ဘုရားတက်၊ ညနေပိုင်း တီဗွီကြည့်၊ တစ်ခါတစ်ရံလည်း ဗွီဒီယိုခွေလေး ဘာလေး ငှားကြည့်၊ နေ့လယ်ပိုင်းတွင် ဦးကံမြင့်နှင့် စစ်တုရင်ထိုး၊ (ဦးကံမြင့်သည် နံနက်ပိုင်းနှင့် ညနေပိုင်းတွင်သာ ဆေးခန်းဖွင့်၍ နေ့လယ်ပိုင်းတွင် အချိန် အားရတတ်သည်။)မြို့ထဲထွက်ပြီး ဈေးဝယ်သောအခါဝယ်၊ ရုပ်ရှင်ကြည့်သောအခါ ကြည့်၊ သို့သော်လည်း သွားခဲလှသည်မို့ သူ့အတွက် ကားတစ်စီးလုံးသည် အပိုပစ္စည်းလို့ ဖြစ်နေသည်။


“တကယ်တော့လဲ ငါကိုယ်တိုင်လဲ လူပိုတစ်ယောက် ဖြစ်နေပြီပဲ၊ အချိန်တွေလဲ ပိုနေတယ်၊ ငွေတွေလဲ ပိုနေတယ်၊ ပစ္စည်းတွေလဲ ပိုနေတယ်၊ ငါ ဘာကိုမှလဲ မလိုချင်တော့ဘူး”


ဦးဘပွားက နာကျင်ကြေကွဲစွာ တွေးသည်။ သို့သော် သူသည် သားသမီးများ၊ မြေးများနှင့် သိုက်သိုက်ဝန်းဝန်း နေလိုကြောင်း၊ နွေးထွေးလှသော မိသားစုမေတ္တာကို တမ်းတ လိုချင်နေကြောင်း သူ့ကိုယ်သူ သိသည်။ သို့သော်လည်း သူ တိတ်တခိုး လိုချင်နေသော ထိုအရာကို မရနိုင်တော့ကြောင်း ဆက်၍ သိနေသည်ကတော့ ဆိုးလှသည်။ 


“အခုတော့ ကျုပ်သေရတော့မယ်လေ၊ သေခါနီးမှာ ငွေမက်တဲ့ကောင်မတစ်ကောင်လောက်ကို ထပ်ယူလိုက်ရင် ကောင်းမလား၊ သေခါနီး အဘိုးကြီးဖြစ်ပေမယ့်လဲ အမွေတွေ ရမယ်ဆိုရင် ယူချင်တဲ့ နုနုငယ်ငယ်လေးတွေတော့ ရှိမှာပါဗျ၊ ဟာ... ဟ” 


ဦးဘပွားက သရော်သံနှင့် ပြောကာ မရယ်ချင်ဘဲ ရယ်နေပြန်သည်။ သူ တုန်လှုပ်ကြောက်ရွံ့ နေကြောင်းကို ဦးကံမြင့် သိသွားမှာလည်း တွေးတောစိုးရိမ်နေသောကြောင့်ဖြစ်သည်။


“ဦးဘပွား”


ဦးကံမြင့်က ခပ်တိုးတိုး ခေါ်သည်။


"သားတွေ သမီးတွေဆီ လိုက်သွားပြီး ကုကြည့်ပါလား” 


ထိုအတွေးသည် မနေ့ညက သူ တစ်ညလုံး တွေးနေမိသောအတွေးဖြစ်သည်။ သားနှင့် ချွေးမဆီကို သွားဖို့တော့ စိတ်မသန်လှ။ သမီးဆီကို လိုက်သွားရကောင်းမလားဟု ချီတုံချတုံ စဉ်းစားနေမိသည်။ သို့သော် သမီးနှင့် သမက်က အလုပ်ကိုယ်စီနှင့်၊ ကလေးများကလည်း ကျောင်းကိုယ်စီနှင့်မို့ သူလိုက်သွားလျှင်လည်း သူ့နားမှာ ဘယ်သူမျှ ကြာရှည်ရှိမည်မဟုတ်၊ နေ့ခင်းတိုင်ကျလျှင် တစ်ဦးတည်း တိတ်ဆိတ်ခြောက်ကပ်စွာ နေခဲ့ရမည်ကို သူသိနှင့်နေသည်။


ဆေးရုံတက်ရလျှင်ကော၊ သူက ခေါင်းကို ဖြည်းညင်းစွာခါရင်း သက်ပြင်းချမိသည်။ သူက သမီးကြီးဆီမှ မေတ္တာနှင့်အချိန်ကိုသာ လိုချင်သူ ဖြစ်သည်။ မေတ္တာကို အတိုင်းအတာတစ်ခုအထိ ရကောင်းရနိုင်မည် ဖြစ်သော်လည်း အချိန်ကိုတော့ သူလိုချင်သလို ရနိုင်မည်မဟုတ်သည်ကိုလည်း သူဆက်၍သိနေပြန်သည်ကတော့ ခက်လှသည်။ ဆေးရုံ လူနာမေးချိန်ရောက်မှ ပန်းစည်းလေးတစ်စည်းကိုင်ကာ သုတ်သီးသုတ်ပျာရောက်လာသည့် သမီးကို သူက လူနာခုတင်ပေါ်မှ ထိုင်ကာ မျှော်မနေချင်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စအဝဝကြောင့် သူ့နားတွင် ကြာရှည်မနေနိုင်ဘဲ ခပ်သုပ်သုတ် ပြန်သွားမည့် သမီးကို ငေးကြည့်ရင်းလည်း ရင်မနာချင်။ ထိုသို့ မဖြစ်ဘူးဟူ၍ရော မည်သူ ပြောနိုင်ပါမည်နည်း။




“တော်ပါပြီ ဆရာရယ်၊ ဘယ်ကို သွားပြီး ဘယ်လိုကုကု ကင်ဆာဆိုတာ ပျောက်ရိုးထုံးစံမှ မရှိဘဲ”


“သူတို့ဆီမှာ ဆေးကောင်းဝါးကောင်းတော့ ပိုပြီး စုံတာပေါ့ဗျာ” 


"ဒါပေမယ့် မသေအောင်တော့ မတားနိုင်ပါဘူးမဟုတ်ဘူးလား၊ ဒီတော့လဲ သေချင်းသေရင် ကိုယ့်တိုင်းပြည်မှာပဲ ကိုယ်သေပါတော့မယ်ဗျာ”


“ဒါဆိုရင် သူတို့ကို အကြောင်းကြားမယ် မဟုတ်လား”


“ဟင့်... အင်း”


ရင်ထဲတွင် ပူပူဆာဆာကြီးဖြစ်လာသော ဦးဘပွားက အေးစက်နေသော ကော်ဖီပန်းကန်ကို ဆွဲယူကာ တရှိန်ထိုး မော့ချလိုက်သည်။


“သေခါနီးအချိန်မှာ ကိုယ်ရဲ့ ဘေးမှာ ဆွေမျိုးတွေ၊ သားသမီးတွေ ဝိုင်းဝိုင်းလည်နေသင့်တယ်လို့ ဆရာက ထင်တာကိုး၊ မလိုပါဘူး ဆရာရယ်။ ကျွန်တော့်အတွက်တော့ မလိုအပ်ပါဘူး”


စားပွဲပေါ်ရှိ မှန်ချပ်အောက်မှ ဓာတ်ပုံလေးများကို ငုံ့၍ကြည့်ရင်း ဦးဘပွားက ထီမထင်သောအသံနှင့် ပြောသည်။ ဂျပန်ရိုးရာအိမ်ကလေးရှေ့တွင် ရယ်မော ပျော်ရွှင်နေကြသော သမီးကြီးတို့မိသားစု (ယခုတော့ သြစတြေးလျသို့ ရောက်နေကြပါပြီ)၊ ကနေဒါ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သားလတ် (နောက်တစ်ပုံတွင် သူ၏ဇနီးသည်နှင့်အတူ နိုင်ရာဂရာရေတံခွန်ကို နောက်ခံထား၍ ရိုက်ထားသည်)။ ထို့နောက် မြန်မာပြည်မှ သစ်ပင်များနှင့် ဆင်ဆင်တူသော သစ်ပင်များကြားထဲတွင် လက်ပိုက်လျက် ရပ်နေသော သားငယ်၊ သားငယ်သည် သူ၏ဝါသနာအတိုင်း မပြုံးမရယ် ရှုတည်တည် မျက်နှာထားနှင့် သူ့ကို စူးစူးစိုက်စိုက် လှမ်း၍ ကြည့်နေဟန်ရှိသည်။


“သူတို့ မသိတာပဲ ကောင်းပါတယ်လေ၊ သူတို့ သိအောင် လှမ်းအကြောင်းကြားပြီးကာမှ သိလျက်နဲ့ ဘယ်သူမှ ပြန်မလာနိုင်ရင် ပိုမဆိုးပေဘူးလား၊ ငါ့ဘဝမှာ သူတို့ကို လိုအပ်တယ်လို့လဲ သူတို့က ဘယ်တုန်းကမှ ထင်ခဲ့တာ မဟုတ်ဘူး။ နောက်ပြီး တကယ်လို့ ပြန်လာကြပြန်တော့ရော”


လွန်ခဲ့သောနှစ်က ကွယ်လွန်သွားသော မိတ်ဆွေတစ်ဦးကို သတိရသည်။ ထိုမိတ်ဆွေက သူ့လိုပင် သားသမီးများက နိုင်ငံရပ်ခြား အနှံ့အပြားသို့ ရောက်နေကြသည်။ ထို့ပြင် သူလိုပင် ချမ်းသာသည်။ ကွယ်လွန်ခါနီး အသည်းအသန်ဖြစ်တော့ သားသမီးများ စုရုံးပြီး ​ရောက်လာကြသည်။ သူ မသေဆုံးမီပင် သားသမီးများက အမွေလုကာ သူ့ရှေ့တွင်ပင် စစ်ဖြစ်ကုန်ကြသည်။ အကယ်၍ သူ့သားသမီးတွေသာ ထိုသို့ဖြစ်လျှင်၊ သူ့ဆီသို့ မေတ္တာနှင့် လာခြင်းမဟုတ်ဘဲ ပစ္စည်းဥစ္စာများဆီသို့ လောဘနှင့် လာခြင်းဖြစ်ခဲ့လျှင်၊ ထိုသို့ မဖြစ်ဘူးဟူ၍ကာ မည်သူ ပြောနိုင်မည်နည်း။


ဦးဘပွား၏ရင်ထဲတွင် ပို၍ပူလောင်ကာ လှိုက်မော ဆို့နင့်လာသည်။ ထိုကဲ့သို့ဖြစ်မည်ကို သူကြောက်လှသည်။ ထိုသို့သောအဖြစ်သည် ကင်ဆာရောဂါ ဖြစ်ပွားရခြင်းထက်လည်းကောင်း၊ သေခြင်းတရားနှင့် ရင်ဆိုင်ရခြင်းထက်လည်းကောင်း၊ ပိုပြီး ကြေကွဲ ဝမ်းနည်းဖွယ်ကောင်းမည်ကို သူသိပါသည်။


“အနားမှာ ကူဖော်လောင်ဖက်၊ ဆေးပေးမီးယူလေး တစ်ယောက်လောက်တော့ ရှိသင့်တာပေါ့ ဦးဘပွားရယ်”


“လာမယ်လေ ဆရာရဲ့ လာပါလိမ့်မယ်၊ ကျွန်တော့်မှာ အဖေဘက်ကရော အမေ့ဘက်ကရော ဆွေမျိုးတွေမှ တစ်ပုံတစ်ပင်ကြီး” 


သူသေတော့မည်ဟု သတင်းပျံ့သွားပါက ဝိုင်းအုံ စုပြုံလာမည့် ဆွေမျိုးများကို စိတ်ထဲမှ ရေတွက်ကြည့်ရင်း ဦးဘပွားက သရော်သလို ပြုံးသည်။


“ထွီ... အလကားလူတွေ၊ ချမ်းသာတာကလွဲလို့ ဘာမှ အဆံမရှိတဲ့သူတွေ။ ငွေကိုပဲ အထင်ကြီး၊ ငွေနောက်ပဲ လိုက်၊ ငွေကိုပဲ ကိုးကွယ်နေတဲ့လူတွေ”


ဦးဘပွားသည် သူ့ဆွေမျိုးများကို အထင်တကြီးမရှိလှပေ။ ချမ်းသာသောအမျိုးများကို ဘဝင်မြင့်ပြီး ကြွားဝါနေတတ်သူများဟု မြင်ပြင်းကပ်သည်။ နွမ်းပါးသော ဆွေမျိုးများကိုမူ အတောင်းအရမ်းထူသူများ၊ ရသမျှ လိုချင်နေသူများဟူ၍ အထင်အမြင်သေးပြန်လေသည်။ အိမ်ထောင်ရေး အဆင်မပြေသော မိဘမှ ပေါက်ဖွားကြီးပြင်းခဲ့ရသူ ဖြစ်သဖြင့် သူ၏အတွင်းစိတ်က အားငယ်ပျော့ညံ့သည်။ အတွင်းစိတ်က ပျော့သဖြင့် အပြင်ဘက်က ကြိုးစားဟန်ဆောင်ကာ မာကြောရင်း တင်းမာခက်ထန်သူတစ်ဦး ဖြစ်ခဲ့ရသည်။ 


သူ၏အပြောအဆို အမူအရာများသည် မောက်မာကြွားဝါသလို ဖြစ်နေတတ်ကြောင်းကိုလည်း သူ့ကိုယ်သူ သိသည်။ သို့သော် သူက အများအမြင်တွင် အားငယ်ပျော့ညံ့သူ ဖြစ်ရသည်ထက် မောက်မာခက်ထန်သူ ဖြစ်ရသည်က တော်သေးသည်ဟု အထင်ရောက်သူ ဖြစ်သည်။ သူ့မှာ ပြည့်စုံချမ်းသာလေ၊ သူ့ကို ခင်မင်ပေါင်းသင်း ဆက်ဆံနေကြသူများကို ငွေမျက်နှာနှင့် မျက်နှာချိုသွေးနေကြတာပဲဟု သံသယကြီးမားလာလေ ဖြစ်နေသည်။ သူ၏ ဇနီးသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း၊ ဆွေမျိုးများသည် လည်းကောင်း၊ သူစိမ်းတရံစာများသည်လည်းကောင်း သူ့ကို မည်သူကမှ စိတ်စေတနာ မှန်ကန်စွာနှင့် ချစ်ခင်ခြင်းမရှိခဲ့ကြဟု စွဲလမ်းယုံကြည်နေခဲ့လေသည်။ 


“ဘ... ဘ... ကြီး” 


တံခါးဝမှ မရဲတရဲ ခေါ်သံလေးကို ကြားလိုက်ရသဖြင့် ဦးဘပွား၏အတွေးအမျှင်သည် ရုတ်တရက် ပြတ်သွားသည်။


အပေါ်ထပ်မှာ ကလေးနှစ်ဦးက ချိုင့်ကလေးဆွဲကာ တံခါးဝတွင် ရပ်နေကြသည်။ 


“မုန်ဟင်းခါး လာပို့တာပါ ဘဘကြီး”


“ဘာအတွက်လဲကွာ” 


အပေါ်ထပ်မှကလေးများကို ဦးဘပွားက သိပ်ပြီး ကြည့်၍မရပေ။ တိတ်ဆိတ်အေးချမ်းစွာနေလိုသော သူ့အဖို့ ကလေးများ၏စာကျက်သံ၊ စကားပြောသံ၊ ကျယ်လောင်စွာ ရယ်မောသံ၊ တစ်ခါတစ်ရံ ပြေးလွှားဆော့ကစားသံများသည် အနှောင့်အယှက် ဖြစ်ရသည်။


“ဒီနေ့ သမီးမွေးနေ့လေ ဘဘကြီးရဲ့၊ ဒါကြောင့် မေမေက မုန့်ဟင်းခါး ချက်ပေးတာ” 


ရှစ်နှစ်ခန့် ရှိသော အငယ်မလေးက သွက်လက်ချက်ချာစွာ ပြောသည်။


“များများတော့ မပို့နိုင်ပါဘူး ဘဘကြီးရယ်၊ ဘုန်းကြီးကျောင်းနဲ့ ဒီအခန်း လေးခန်းပါပဲ” 


ဆယ့်သုံးနှစ်ခန့်ရှိပြီဖြစ်သော အကြီးကောင်လေးက ဆက်လက်၍ ရှင်းပြသည်။ နေရာမှ ထလာသော ဦးဘပွား၏လက်ထဲသို့ မုန့်ဟင်းခါးချိုင့်ကို ရိုရိုသေသေ လှမ်းပေးသည်။


ချောင်ထဲတွင် ပိတ်ပြီး အလှောင်ခံထားရသလို မွန်းကျပ်နေသော ဦးကံမြင့်သည် ယခုမှ ထွက်ပေါက်ရသွားပြီး အသက်ကို တစ်ဝကြီး ရှိုက်၍ ရှူလိုက်သည်။ 


“မင်းတို့မုန့်က တစ်ယောက်စာပဲလားကွာ ဟေ..."


“အများကြီးပါ ဘဘကြီးရဲ့၊ မေမေက ဆရာဝန်ဘဘကြီးအတွက် ယူသွားဆိုပြီး အများကြီး ထည့်​ပေးလိုက်တာပါ”


“ကျုပ် တကယ်စားရင် အဲဒီတစ်ချိုင့်လုံးတောင် လောက်မှာမဟုတ်ဘူး”


“ဒီလိုဆို အခုသွားပြီး ထပ်ယူလိုက်မယ်လေ ဘဘကြီးရဲ့၊ ခဏလေး စောင့်နော်” 


“နေပါစေဗျာ၊ ဘဘက စ,တာပါ” 


ဦးကံမြင့်က စကားရော ဖောရောပြောရင်း နေရာမှ ထသည်။ မည်သို့မည်ပုံ ဖြေသိမ့်ရမည်၊ အားပေးရမည်ကို မသိဘဲ ကြာရှည် ဆက်ပြီး စကားပြောရန် ဝန်းလေးနေသောကြောင့်ဖြစ်သည်။ ဦးဘပွားလို လူကို “ကင်ဆာ ဆိုပေမယ့်လဲ ကြောက်စရာမရှိပါဘူး၊ ပျောက်သွားတဲ့လူတွေမှ အများကြီးပါ”ဟု ပြော၍လည်း ရနိုင်စရာအကြောင်းမရှိချေ။ ခဏနေတော့ မုန့်ဟင်းခါးချိုင့်ကို လှယ်ပြီး ဦးဘပွား ပြန်ထွက်လာသည်။ လက်ထဲတွင် တစ်ထွာရှည်သော ချော့ကလက်ဘူးတစ်ဘူးကို ကိုင်ထားသည်။


“ဒါကတော့ သူ့အကျင့်ပဲ၊ မုန့်ဟင်းခါးကို ချော့ကလက်နဲ့ပြန်ပြီး တန်ဖိုးဖြတ်လိုက်ပြန်တာပေါ့” 


ဦးကံမြင့်က တွေးသည်။ ဦးဘပွား ဆိုသည့် လူသည် သူ့ကို ငါးကျပ်ဖိုးလောက်ပေးလျှင် သူက တစ်ဆယ်၊ ဆယ့်ငါးကျပ်ဖိုးလောက် ပြန်ပေးရမှ ကျေနပ်တတ်သူ ဖြစ်သည်။ စိတ်စေတနာရှိလွန်း၍ ပြန်ပေးသည်တော့ မဟုတ်ပေ။ 

“ငါက ဘယ်သူ့ဆီကမှ ဘာကိုမှ အလကားယူတာ မဟုတ်ဘူး” ဆိုသော မာန်မာနကြောင့် ဖြစ်လေသည်။


“ငါက တစ်ကျပ်ဖိုးယူရင် နှစ်ကျပ်ဖိုးပြန်ပေးတတ်တဲ့​ကောင်"ဟု တွေးတော ကျေနပ်ချင်သောကြောင့် ဖြစ်လေသည်။ 


ခင်မင်ရင်းနှီးစွဲရှိသော မိတ်ဆွေချင်းဖြစ်၍ ဦးဘပွားအား ဆေးကုသပေးရခြင်းများအတွက် သူက ဆေးဖိုးဝါးခ မယူလိုခဲ့ပေ။ သို့သော်လည်း ဦးဘပွားက “သူ ဒီလောက် လုပ်ပေးရတာ ဒီလောက်တော့ တန်မှာပဲ” ' ဟု ပစ္စည်းနှင့် တန်ဖိုးဖြတ်ကာ မကြာခဏ အကြောင်းရှာပြီး လက်ဆောင်ပေးလေ့ရှိသည်။


“ရော့... ကလေးဖို့”


“ဟင်.. ချော့ကလက်” 


အညိုရောင်ကိုးကိုးသီး ပုံလေးများပါသော ချော့ကလက်ဘူးလှလှကို ကလေးမက တအံတသြ လှမ်းကြည့်သည်။ သို့သော် နောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်ကာ ခေါင်းကို ဖျတ်ခနဲ ယမ်းခါလိုက်သည်။


“နေပါစေ ဘဘကြီးရဲ့ ” 


“ဘာလဲ ကလေးက ချော့ကလက် မကြိုက်ဘူးလား”


“ဟာ... ကြိုက်တာပေါ့” 


ကလေးမလေးက သွားကျိုးပေါက်ကလေး ပေါ်အောင် ရယ်သည်။


“အဲဒီလို အကောင်းစားမျိုးဆိုရင် တစ်ခါမှတောင် မစားဖူးပါဘူး၊ ဘာလဲ ကိုဦးက အဟုတ်ပြောတာပဲဟာ၊ သူလဲ စားဖူးတာ ဟုတ်ပဲနဲ့ ဟွန်း...”


သူ့ကို ဟန့်တားသလို မျက်နှာထားနှင့် လှမ်းကြည့်သော အစ်ကိုဖြစ်သူအား မေးကလေး​ငေါ့ကာ ပြုံးကျဲကျဲနှင့် လှမ်းကြည့်သည်။


“ဒါဆို အခု စားကြည့်လေ”


“ဟင့်အင်း..."


ကလေးမလေးက ချော့ကလက်ဘူးလှလှကို အံ့ဩ ချီးမွမ်းဟန်နှင့် သဘောကျစွာ ကြည့်နေသော်လည်း မုန့်ဟင်းခါးချိုင့်ကို လှမ်းယူသည်။ ထို့နောက် မျက်မှောင်ကြီး ကုတ်နေသော ဦးဘအား မရဲတရဲလေး တောင်းပန်သည်။


“မယူပါရစေနဲ့ ဘဘကြီးရယ်။ သမီးက ချော့ကလက် စားချင်လို့ မုန့်ဟင်းခါး လာပို့တာမှမဟုတ်ဘဲ”


သူ့အသံလေးက တိုးသော်လည်း ဦးဘပွား၏နားထဲတွင်မူ အကျယ်ကြီး မြည်ဟည်းသွားသည်။ အံ့သြစိတ်တွေ ကဲပြီး သူ့အတွေးကို ဖိစီးနှိပ်စက်နေသော သေခြင်းတရားကိုပင် ခေတ္တ မေ့သွားသည်။ သူက မုန့်ဟင်းခါးချိုင့်လှယ်ရင်း ဘာပြန်ပေးလိုက်ရပါမလဲဟု စဉ်းစားသည်။ မုန့်ဟင်းခါးပမာဏကို မှန်းကြည့်ရင်း ငွေအစိတ် သုံးဆယ်လောက် ရှိလိမ့်မည်ဟု တန်ဖိုးဖြတ်သည်။ ဒီတော့ ငါက ရာကျော်တန်ပြန်ပေးလိုက်မည်ဟူသော စိတ်နှင့် ချော့ကလက်ဘူးကလေးဆွဲကာ ပြန်ထွက်လာခြင်း ဖြစ်သည်။ သူ၏လက်ထဲမှ ချော့ကလက်ဘူးကို မြင်လျှင် ကလေးနှစ်လုံး ဝမ်းသာအားရဖြစ်သွားလိမ့်မည်။ တအံ့တဩဖြစ်သွားလိမ့်မည်။ ကျေးဇူးတတင် လှမ်းယူလိမ့်မည်ဟုပင် သူ ယုံကြည်ထားခဲ့မိသည်။ 


“ခုတော့ ချော့ကလက်စားချင်လို့၊ မုန့်ဟင်းခါး လာပို့တာ မဟုတ်ပါဘူးတဲ့”


“ဟွန်း.....လက်တောက်လောက် ကောင်မလေးကများ” 


ဦးဘပွားက တွေးရင်း တွေးရင်း မခံချင်ဖြစ်လာသည်။ မုန့်ဟင်းခါးချိုင့်လေး ဆွဲကာ ပြန်ထွက်သွားကြသော ကလေးနှစ်ဦး၏နောက်ကျောကို မကျေမနပ် လှမ်းကြည့်ရင်း ဒီချော့ကလက် ဘယ်လောက် စားကောင်းသလဲဆိုတာ သင်းကလေးတို့ မသိလို့ပဲ ဖြစ်ရမည်ဟု တွေးသည်။ 


ထိုစဉ်တွင် ဦးကံမြင့်က သူ၏ပခုံးကို ခပ်သာသာ ဆုပ်ကိုင်လိုက်သည်။


“ခင်ဗျားကို တစ်ခုခု လာပေးပေမယ့်လဲ ခင်ဗျားဆီက ဘာကိုမှ ပြန်မလိုချင်တဲ့သူ၊ မမျှော်လင့်တဲ့သူတွေလဲ ဒီလောကမှာ ရှိပါသေးတယ် ဦးဘပွားရယ်"


အပိုင်း(၂) ဆက်ရန်

မစန္ဒာ


crd 👉 https://www.facebook.com/108529964142302/posts/145544033774228/


No comments:

Post a Comment