ဒန်အိုးထဲမှာ မုန့်ဟင်းခါးဟင်းရည်များက ငရုတ်ဆီဝေ့ကာ စပါးလင်နံ့ မွှေးနေသည်။ ဟင်းရည်ဝပြီး နူးနေသော ငှက်ပျောအူဖတ်များနှင့် ကြက်သွန်ဥများက စားချင်စဖွယ် ပေါလောမျောနေသည်။
“လေးပိဿာတည်းချက်တာ ဆိုပေမယ့် ငါးရော၊ မုန့်ဖတ်ရော ဈေးတက်နေတော့ ပိုက်ဆံတော့ တော်တော်ထိသွားပြီ”
မခင်လှသည် မီးဖိုဘေးတွင် ထိုင်ရင်း ကုန်ကျစရိတ်ကို စိတ်ထဲမှ တွက်နေမိသည်။ သားအကြီးနှစ်ယောက်ဖြစ်သော ကိုဦးတို့ ကိုတူးတို့၏ မွေးနေ့များတွင် ဘာမှမလုပ်ဖြစ်သော်လည်း အငယ်ဆုံး သမီးလေး ကဲကဲ၏ မွေးနေ့ ဆိုလျှင်ကား အုန်းနို့ခေါက်ဆွဲလေးအစ၊ မုန့်ဟင်းခါးလေးအစ ချက်ပြီး ကုသိုလ်ဆက်သည့်အနေနှင့် ဘုန်းကြီးကျောင်းသို့ ပို့ဖြစ်သည်။ ကုသိုလ်မဆက်၍လည်း မဖြစ်။ ကဲကဲက ချူချူချာချာလေး မွေးလာသောကလေး ဖြစ်သည်။ လေထိုး၊ လေနာ၊ ရင်ကျပ်၊ ချောင်းဆိုး၊ အသားဝါ၊ သွေးလွန်တုပ်ကွေးစသည့် ကလေးငယ်များတွင် ဖြစ်တတ်သမျှသော ရောဂါဟူသမျှ သူ မဖြစ်ဖူးသောရောဂါ မရှိ၊ မဖျားမနာနှင့် နေကောင်းနေသောအခါတွင်ပင် သူ့ခမျာ နှာရည်လေးတော့ တရွှဲရွှဲ ယိုနေတတ်သေးသည်။ ထို့ကြောင့် ပိုးမွေးသလို မွေးလာခဲ့ရာမှ အသက်ငါးနှစ် ကျော်လာတော့ တဖြည်းဖြည်း ကျန်းမာလာခဲ့သည်။ ချူချာသောကလေးဖြစ်၍ သူ့အလိုကို အမြဲလိုက်နေရသဖြင့် ခပ်ကဲကဲလေး ဖြစ်လာရာ နာမည်ပါ “ကဲကဲ”ဟု တွင်သည်အထိ ဖြစ်ခဲ့ရသည်။
“ခုတော့ မရွှေကဲတို့က ကျန်းမာလာလိုက်တာ ဒေါင်ဒေါင်ကို မြည်လို့”
မခင်လှက ကြည်နူးစွာ ပြုံးမိသည်။ ကဲကဲလေး ကျန်းမာလာတော့မှ သူ့တို့လည်း အတန်ငယ် အသက်ရှူချောင်ရသည်။ ဆေးဖိုးဝါးခ သက်သာလာသဖြင့် ထမင်းဝိုင်းတွင် အသားချိုချို၊ ဆီစိုစိုလေးများကို မြင်လာနိုင်သည်။
“ဒါပေမယ့် နေ့တိုင်းတော့ အသားဟင်း စားနေရတယ် မထင်နဲ့၊ သရက်သီးသနပ်နဲ့ ပဲဟင်းနဲ့ ပြီးခဲ့ရတဲ့ နေ့တွေမှ ပြည့်လို့”
ပဲဟင်းနှင့် ထမင်းပြီးရသောနေ့များ ရှိသော်လည်း ကလေးတို့အဖေ ဦးရန်ဝေးက နှယ်နှယ်ရရ မဟုတ်။ ရန်ကုန်တက္ကသိုလ်မှ ဆရာတစ်ဦး ဖြစ်သည်။
“ဆရာမှ နည်းပြဆရာတောင် မဟုတ်ပါဘူး၊ ကထိကကြီးပါတဲ့တော်... ဒါပေမယ့် ဝတ္ထုထဲက ကထိကကြီးတွေနဲ့တော့ နည်းနည်းမှ မတူပါဘူး”
ဝတ္ထုထဲ ရုပ်ရှင်ထဲမှ တက္ကသိုလ်ဆရာများသည် ချောင်ချောင်လည်လည် ထည်ထည်ဝါဝါရှိကြသည်ကို မခင်လှ ဖတ်ဖူး ကြည့်ဖူးသည်။ သူတို့ လက်ထပ်ခဲ့စဉ်က ကိုရန်ဝေးသည် နည်းပြဆရာပေါက်စလေး ဖြစ်သည်။ စတစ်ကော်လာ အင်္ကျီအဖြူ၊ ရခိုင်ပုဆိုးနှင့် ပင်နီတိုက်ပုံအင်္ကျီလေးသည် ကိုရန်ဝေး၏အမှတ်အသားများ ဖြစ်သည်။ ရိုးသားသော၊ ကြိုးစားသော တက္ကသိုလ်ဆရာကလေးသည် သူ့အတွက် စည်းစိမ်ချမ်းသာနှင့် ပျော်ရွှင်ဖွယ် သုခအပေါင်းကို ယူဆောင်လာလိမ့်မည်ဟု မခင်လှ မျှော်လင့်ခဲ့ဖူးသည်။ သူတို့ အသက်ကြီးလာသောတစ်နေ့တွင် ကထိကကြီး ဦးရန်ဝေးသည် မျက်မှန်ထူထူကြီးတပ်ပြီး ဂန္တဝင်စာအုပ်ကြီးများ ဖတ်နေလိမ့်မည်။ စန္ဒရားကြီး တီးနေလိမ့်မည်။ ဇိမ်ခံကားကြီး စီးနေရလိမ့်မည်ဟု သူ တွေးထင်မြင်ယောင်ခဲ့ဖူးသည်။
“အခုတော့ ငါ့ယောက်ျား ကထိကကြီးရဲ့ အိမ်မှာ အသံမြည်အောင် တီးစရာဆိုလို့ ဇလုံပဲရှိတယ်။ စီးစရာကတော့ ရှိပါရဲ့ ဖိနပ်”
မခင်လှက တွေးရင်း ခစ်ခနဲ ရယ်လိုက်မိသည်။
တစ်ခါတစ်ရံ ကိုရန်ဝေးတစ်ယောက် အိမ်ရှေ့ကြမ်းပြင်တွင် ကလေးတွေနှင့်အတူ အားလျားမှောက်ပြီး သမိန်ပေါသွပ်၊ မြိုင်ရာဇာတွတ်ပီတို့ကို စိတ်ဝင်တစား ဖတ်နေလျှင် မခင်လှသည် သူတွေးထင် မြင်ယောင်ခဲ့ဖူးသော ကထိကကြီးအသွင်အပြင်ကို ပြန်လည် မြင်ယောင်ပြီး တစ်ဦးတည်း ရယ်မောရတတ်သည်။
“မေမေ "
ကဲကဲက မီးဖိုချောင်သို့ တဒိုင်းဒိုင်း ပြေးဝင်လာသည်။
““ဖြည်းဖြည်း လျှောက်ပါ သမီးရဲ့ ... အောက်ထပ်က ပုပ်ပုပ်ကြီးအကြောင်းလဲ သိသားနဲ့”
မခင်လှက စိုးရိမ်တကြီး ပြောသည်။ ဦးဘပွားကို ကလေးတွေက ဘဘကြီးဟု ခေါ်သော်လည်း သူကတော့ ပုပ်ပုပ်ကြီးဟုပင် ခေါ်သည်။ မျက်နှာထား တင်းလွန်း ပုပ်လွန်းသည့်အတွက်ကြောင့် ဖြစ်လေသည်။
“ဒီတစ်ခါတော့ ပုပ်ပုပ်ကြီးက မပုပ်ဘူး မေမေရ၊ မိကဲကို ချော့ကလက်တွေ ဘာတွေပေးလို့”
“အမယ်တော် ကြားသားမိုးကြိုး”
ဦးဘပွားကို မခင်လှ မေတ္တာမရှိလှချေ။ အလိုလိုနေရင်း ရှိန်နေသည်။ သူ ရောက်လာသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း မည်သူနှင့်မျှ ရောရောနှောနှော ခင်ခင်မင်မင် မနေခဲ့ပေ။ သူ တန်းတူ ရည်တူထားပြီး ဆက်ဆံသူဆို၍ မင်္ဂလာလမ်းထဲမှ ဆရာဝန်ကြီး ဦးကံမြင့်တစ်ဦးတည်းသာ ရှိသည်။
“ချော့ကလက်ဘူးကြီးက လှမှလှ မေမေရ၊ ဟော့ဒီလောက်ရှိတယ်”
ကဲကဲက လက်ကလေးနှစ်ဖက်ကို ဝိုင်းပြသည်။
“သမီး မယူခဲ့ဘူး မဟုတ်လား”
“ယူပါဘူး”
“အေး... လိမ္မာတယ်၊ ကလေးဆိုပြီး သူများပေးတိုင်း ယူတယ်၊ စားတယ်ဆိုတာ ကောင်းတာမဟုတ်ဘူး”
“သမီးသိပါတယ်။ မေမေကလဲ”
မခင်လှက ချိုင့်ထဲသို့ မုန့်ဖတ်ထပ်ထည့်သည်။ ဦးဘပွားဟူသည့်လူကြီး ဘာစိတ်ကူးပေါက်ပြီး ကလေးတွေကို ချော့ကလက်ပေးပါလိမ့်ဟု စဉ်းစားနေပါသည်။ သူနှင့် သွားရင်းလာရင်း ဆင်းရင်းတက်ရင်း မကြာခဏ ဆုံဖူးသော်လည်း တစ်ခါမျှ ပြုံးပြုံးရယ်ရယ် မရှိခဲ့ချေ။ တစ်ခါကတော့ ကိုရန်ဝေးက ...“ဦး နေကောင်းပါရဲ့လား ခင်ဗျာ” ဟု စ၍နှုတ်ဆက်သည်။
သူက ဘာမှ ပြန်မပြောဘဲ ခေါင်းတစ်ချက်သာ ဆတ်ပြသွားခဲ့သည်။
ကိုရန်ဝေးက မလျှော့သေးဘဲ နောက်တစ်ခါ ဆုံတော့...“ကလေးတွေကလဲ ဆော့ကြတဲ့အရွယ်ဆိုတော့ အောက်ထပ်က ဦးကို အားနာတယ်ခင်ဗျ၊ တစ်ခါတလေ ဆူဆူညံညံနဲ့ အနှောင့်အယှက်များ ဖြစ်မလား မသိဘူး” ဟု အားနာစကား ပြောသေးသည်။
သူက ကိုရန်ဝေးကို ခပ်စူးစူး ကြည့်ပြီး... “ဘယ်တတ်နိုင်ပါ့မလဲ၊ ကျုပ်ဆိုတဲ့အကောင်က ဒီတိုက်ခန်းကိုမှ ပြောင်းလာမိတာကိုး” ဟု ခပ်ပြတ်ပြတ် ပြောခဲ့လေသည်။
ထို့ကြောင့် လူတကာနှင့် သင့်မြတ်၍ အဆင်ပြေအောင်နေတတ်သော ကိုရန်ဝေးပင်လျှင် ဦးဘပွားကိုတော့ လက်မြှောက်ခဲ့ရလေသည်။
“အဘိုးကြီးကတော့ မလွယ်ဘူးဟေ့၊ ညွှန်ချုပ်ဘဝကနေ အငြိမ်းစားယူလာတော့လဲ ဘဝင်က ခပ်မြင့်မြင့်ထင်ပါရဲ့ "ဟု ထောမနာပြုခဲ့သည်။
“ဘဝင်မြင့်ရုံတင်မကဘူး၊ ကပ်စေးကလဲ နဲသေး။ သူ့မှာ တယ်လီဖုန်းရှိတာတောင် သူများ လာဆက်ရင် မီတာတက်မှာစိုးလို့ အိပ်ခန်းထဲ ထည့်ထားတဲ့ဟာကြီး”
တစ်အိမ်တည်းနေသူတွင် တယ်လီဖုန်း ရှိပါလျှက်နှင့် သူတို့ ဆက်ခွင့်မရှိသည်ကိုတော့ မခင်လှ အသည်းနာလှသည်။
ဟိုဘက်ခန်းက ကိုကောင်းထက် တယ်လီဖုန်း ဆက်ချင်၍ သွားပြီး ခွင့်တောင်းတော့... “အရေးကြီးရင်တော့ ဆက်သွားလေ၊ ဒါပေမယ့် ကျုပ်က အိမ်မှာ လူဝင်လူထွက်ရှုပ်ရင် သိပ်မကြိုက်ဘူးဗျ” ဟု ပြောခဲ့ဖူးသည်ဟု ဆိုသည်။
ထို့ကြောင့် အရေးအကြောင်းရှိ၍ တယ်လီဖုန်း ဆက်ချင်လျှင် ကလေးများ၏သူငယ်ချင်း ဖိုးမူတို့ ဖိုးခွာတို့အိမ် ပြေးရသည်။ သူတို့အမေ နော်ဒိုင်ယာနာက သဘောကောင်း၍ ကဲကဲတို့မောင်နှမတစ်တွေကိုလည်း ချစ်ချစ်ခင်ခင် ရှိလေသည်။
“ဒီတစ်ခါ ဘွားရွှေတို့အခန်းလား မေမေ”
“အေး... သူတို့အခန်း သွားပို့ချေ၊ ဘွားရွှေက ဘာနဲ့ ချက်တာလဲလို့ မေးရင် ငါးကြင်းနဲ့ငါးကျည်း တစ်ဝက်စီရောပြီး ချက်တယ်လို့ပြော”
ချိုင့်နှုတ်ခမ်းတွင် ဟင်းရည်နည်းနည်းဖိတ်ကာ ပေနေသဖြင့် မခင်လှ ပြန်ယူပြီး အဝတ်စုတ်နှင့် အသေအချာ သုတ်ပေးသည်။ ဘွားရွှေက ဇီဇာကြောင်သောကြောင့် သူ့အတွက်ဆိုလျှင် သူများထက်တော့ နည်းနည်း ပိုပြီး ဂရုစိုက်ရလေသည်။
“ဘယ်အချိုးနဲ့ ချက်တာလဲဆိုရင်တော့ မုန့်ကို သုံးပိဿာကို ငါးတစ်ပိဿာနှုန်းနဲ့ ချက်တာလို့ပြော၊ အခုချက်တာက မုန့်ခြောက်ပိဿာ၊ ငါးက နှစ်ပိဿာလို့ပြော၊ သိလား ကိုဦး၊ အသေအချာ မှတ်ထားဦး”
ကဲကဲ မမှတ်မိမည်စိုး၍ မခင်လှက ကိုဦးကို ထပ်မှာသည်။ စင်စစ်အားဖြင့် မုန့်လေးပိဿာကို ငါးကြင်း ကိုးဆယ်သားနှင့် ချက်ထားခြင်းဖြစ်သည်။
သို့သော်လည်း ဇီဇာကြောင်ပြီး စပ်စပ်စုစုနိုင်လှသော ဘွားရွှေအတွက် မခင်လှက မုသာဝါဒ အမြဲစွက်ရလေ့ရှိသည်။ ထိုသို့မဟုတ်လျှင် ဘွားရွှေက... "ဪ ... မခင်လှတို့ကလဲ၊ ကောင်းကောင်းလေး စားချင်လို့ ကိုယ့်အိမ်ကိုယ် ချက်စားတာ တယ်ပြီး ချွေတာတာကိုး၊ ကောင်းစေချင်ရင် အကုန်ခံရတယ်ကွယ့်”ဟု ခပ်နှိမ်နှိမ်လေး ပြောတော့မည်ကို ကြိုတင်၍ သိထားသောကြောင့် ဖြစ်သည်။
"အလကား အဘွားကြီး”
တကယ့်တကယ်တော့ သူ့ဆီ လာပေါင်တဲ့ ရွှေကို မှတ်ကျောက်နဲ့ နာနာတိုက်ကြည့်တတ်တာကလွဲလို့ ဘာမှလည်း သိတာမဟုတ်၊ တတ်တာမဟုတ်။ အဲသည်လို လိမ်ညာလိုက်ရင်တော့ အထင်ကိုကြီးလို့။
“ ဒါ့ကြောင့် ဒီလောက် ကောင်းနေတာပေါ့ မခင်လှရယ်၊ အန်တီက လျှာပေါ် တင်လိုက်ရင် သိပြီးသားလို့ ပြောပါလိမ့်မယ် ဟင်း”
ဘွားရွှေတို့သားအမိက တိုက်ခန်းများ၏ မူလမြေပိုင်ရှင်များဖြစ်ကြသည်။ အပြောကောင်းသော ကန်ထရိုက်တစ်ဦးနှင့် ဆက်မိကာ ဤတိုက်ကို ဆောက်ခဲ့ခြင်းဖြစ်သည်။ ကြိုက်ရာအခန်းတစ်ခန်းအပြင် ငွေတစ်သိန်း ထပ်လောင်း၍ ရဦးမည်ဆိုတော့ ဝမ်းသာအားရ သဘောတူကာ မြေကို ထိုး၍အပ်ခဲ့ကြသည်။ ကန်ထရိုက်တာကလည်း တိုက်ပုံစံ ခပ်သွက်သွက်၊ ခပ်လှလှ၊ ခပ်ပါးပါးကို ခြောက်လအတွင်း အပြီးဆောက်ကာ မြိုးမြိုးမြက်မြက်ကလေး စားသွားသည်။ ဘွားရွှေတို့လည်း ငွေတစ်သိန်း ပိုက်မိသည်။ သို့သော် တိုက်ခန်းနံရံမှ ပလာစတာများ တဖြုတ်ဖြုတ် ကြွေတတ်သည်ကိုတော့ အားလုံးသော တိုက်ခန်းပိုင်ရှင်များက သည်းခံကြရလေသည်။
“မေမေ... ဦးကောင်းတို့အိမ် မပို့ရသေးဘူးနော်၊ ဘဖိုးထင်က မုန့်ဟင်းခါးသိပ်ကြိုက်တာ”
ပဲသီးစိမ်းလေးများကို ပါးပါးလှီးနေသော သားအလတ် ကိုတူးက သတိပေးသည်။ သူ့သားသမီး သုံးယောက်တွင် ကိုဦးက ကဲကဲနှင့် တွဲမိပြီး အလတ်ကောင် ကိုတူးက အမေနားတွင် ကပ်ကပ် နေတတ်လေသည်။ ကိုဦးနှင့် ကိုတူးက အသက် တစ်နှစ်ခွဲခန့်သာ ကွာသော်လည်း ကိုဦးက အရွယ်နှင့်မလိုက်အောင် လူကြီးဆန်ကာ တည်ငြိမ်ပြီး ကိုတူးကတော့ ကဲကဲနှင့်အပြိုင် ဆိုးနွဲ့ချင်လေသည်။
“ဘဖိုးထင်ကို သားက မုန့်ဟင်းခါး လာပို့မယ် ပြောတော့ များများပို့ပါတဲ့၊ ထမင်းမစားဘဲ စောင့်နေမယ်တဲ့”
“အေးပါကွယ်... ချိုင့်ပြန်လာတော့ ပို့တာပေါ့၊ ဒီပြင် ပို့စရာလဲ ချိုင့်အပိုမှ မရှိတဲ့ဟာကို”
“ဟင်းရည်ကို ထမင်းအုပ်နဲ့ ထည့်ပြီး မုန့်ဖတ်ကို ပန်းကန်ပြားထဲ ထည့်ပြီး ပို့လိုက်ရင် ရတယ်လေ မေမေရဲ့”
“သားက ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ”
“ဘဖိုးထင်ကို သနားလို့ မေမေရ၊ သူတို့မှာ တစ်ခါလာ ငါးခြောက်ဖုတ်၊ နောက်တစ်ခါလာ ဘဲဥပြုတ်၊ ဒါပဲ စားနေရတာ။ ဟင်းလဲ မချက်တတ်ဘူး”
“အမယ်လေး ဒီခေတ်မှာ ငါးခြောက်ဖုတ်၊ ဘဲဥပြုတ် စားနေနိုင်ရင် နည်းသလား၊ နောက်ပြီး နင့်ဘဘကရော ထမင်းစားဖို့ကို တကယ်စိတ်ဝင်စားလို့လား၊ ဒီအသက်ဒီအရွယ်ကြီးနဲ့ ဟိုအရေတွေပဲ မျိုနေတာဟာကို”
အဘထင်ကိုလည်း မခင်လှက သိပ်ပြီးကြည့်၍မရချေ။ အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သော်လည်း သူ့ခြေထောက်အစုံက ဘုရားကျောင်းကန်ဘက်သို့ လှည့်သည်မဟုတ်။ အရက်ဖြူဆိုင်ဘက်သို့သာ အချိန်မှန်မှန် လျှောက်နေသောသူ ဖြစ်သည်။ တစ်ခါတစ်ရံလည်း မူးပြီးယိုင်နေသော ဖခင်ကို ကိုကောင်းထက်က တွဲပြီး ပြန်ခေါ်လာရတတ်သည်။ အဘထင် အချိန်မှန် အိမ်ပြန်မရောက်လျှင်လည်း ကိုကောင်းထက်က အရှာထွက်ရတတ်သည်။ ထို့နောက် ရေချိန်လွန်နေသော ဖခင်ကို ဆိုက်ကားနှင့် တင်ကာ ပြန်ခေါ်ခဲ့ရတတ်သည်။ အဘထင်ကတော့ အရက်မူးလေ ပြုံးလေနှင့် တစ်ခါတစ်ရံ သီချင်းဆိုတတ်သည်မှအပ သွေးမဆိုးချေ။ သူမူးပုံက ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်တော့လည်း အားလုံးက ဥပေက္ခာပြုထားရသည်။ အောက်ထပ်မှ ဘွားရွှေတစ်ယောက်ကသာ ဦးထင်နှင့် စကားပြောတိုင်း “မူးထင်... အဲလေ ဦးထင်“ဟု လုပ်တတ်လေသည်။
“သူက မူးလဲ သူဟာသူ သီချင်းဆိုနေတတ်တာပါ မေမေရာ၊ မဆိုးပါဘူး။ တစ်ခါတလေ သားတို့ကိုတောင် အရုပ်ကလေးတွေ ဆွဲပြသေးတယ်”
အဘထင်က ပန်းချီဆရာတစ်ဦး ဖြစ်သည်ဟုတော့ ပြောသံကြားဖူးသည်။ မဂ္ဂဇင်းများတွင်လည်း ဆွဲခဲ့ဖူးသည်ဟု ပြောသော်လည်း သူ့အမည်ကို ဘယ်သူမှ သိပ်မကြားဖူးကြပေ။ ကိုရန်ဝေးကတော့ “ကားနံပါတ်ရေးတဲ့ သူကိုလည်း ခေါ်ချင်တဲ့သူက ပန်းချီဆရာလို့ ခေါ်တာပဲ”ဟု ပြောဖူးလေသည်။
ထိုစဉ်တွင် ကဲကဲက အိမ်နောက်ဖေးသို့ တဒိုင်းဒိုင်းနှင့် ပြေးဝင်လာပြန်လေသည်။
“မေမေရေ... ဘွားရွှေကြီးက ဆုတွေပေးလိုက်တာ တစ်ပုံကြီးပဲ။ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ ပညာတွေအများကြီး တတ်ပါစေ၊ နောက် ပြီး ... နောက်ပြီး လင်ကောင်း သားကောင်း ရပါစေတဲ့ ဟိ... ”
စပ်ဖြည်းဖြည်း ဖြစ်နေသော ကဲကဲ၏မျက်နှာလေးကို ဝိုင်းကြည့်ကာ သူတို့အားလုံး ဝါးခနဲ ရယ်လိုက်ကြသည်။
* * *
“အမေကလဲ ဘာဖြစ်လို့များ ဆုပေးရင် အဲဒီလို လင်ကောင်း သားကောင်း ရပါစေ ဆိုတာကြီးကို ထည့်ထည့်ပြီး ရွတ်မှန်းမသိဘူး”
အပျိုကြီး မမွှေးကြူက စိတ်အလိုမကျစွာ တွေးသည်။
“လင်မရရင် ဘဝမှာ မပြည့်စုံတာ ကျနေတာပဲ ဟွန်း..”
လင်ကောင်း သားကောင်း ရပါစေဟူသော စကားကို တစ်ခါ ကြားရတိုင်း သူ့ကို တစ်ခါ နှိမ်ခြင်း ဖြစ်သည်ဟု မမွှေးကြူ ထင်သည်။ “မယူချင်လို့ မယူတာ၊ မရလို့ မဟုတ်ပေါင်ရှင်”ဟု စိတ်ထဲမှ ပြန်၍ ပြောမိတတ်သည်။
သူ့ရုပ်ရည်က သိပ်အချောကြီး မဟုတ်သော်လည်း ရွက်ကြမ်းရေကျိုထက်တော့ သာသည်ဟု ထင်သည်။ ငယ်ငယ်တုန်းကတော့ ပိုးပန်းသူတွေ၊ ရိပ်ဖမ်းသံဖမ်း စကားစ,သူတွေ၊ အောင်သွယ်တော်နှင့်တစ်ဆင့် ကြိုးစားသူတွေ အတော်များများ ရှိခဲ့သည်။ အသားမည်းသည်၊ သွားခေါသည်၊ ဥစ္စာမပေါ၊ ရုပ်မချောဟူသော အကြောင်းပြချက်များနှင့် ရွေးရင်းရွေးရင်း အရွယ်လွန်လာခဲ့သည်။
“အင်း... အခုတော့ ငါ့အသက်က သုံးဆယ့်ငါးကျော်နေပြီ၊ ရွယ်တူထဲကဆိုရင် လူပျိုလူလွတ်တောင် မရှိကြတော့ဘူး ထင်ပါရဲ့၊ အင်း ... မုဆိုးဖိုတို့ တစ်ခုလပ်တို့တော့ ရှိတာပေါ့လေ”
မမွှေးကြူက သူ့ဟာသူ တွေးရင်း အပေါ်ထပ်မှ လူပျိုကြီး ကိုကောင်းထက်ကို တွေးရင်း ရှက်တက်တက် ဖြစ်သွားလေသည်။ အမှန်ကတော့ လူပျိုကြီးမဟုတ်၊ အိမ်ထောင်တစ်ခါကျဖူးသော မုဆိုးဖိုဖြစ်သည်။ သို့သော် သည်ရပ်ကွက် သည်လမ်းထဲက လူများကမူ သူ့ကို လူပျိုကြီးအနေနှင့်သာ သတ်မှတ်ထားကြသည်။ အောက်ထပ်က မမွှေးကြူတို့သားအမိနှစ်ယောက်၊ အပေါ်ထပ်က ကိုကောင်းထက်တို့ သားအဖနှစ်ယောက်ဆိုတော့ ခင်မင်သူများက မထိတထိ စချင် နောက်ချင်ကြသည်။
“ဟွန်း... ဟိုဘက်လမ်းက စာအုပ်အငှားဆိုင်ကဆိုရင် သာဆိုးသေးတယ်”
မမွှေးကြူ ဈေးမှအပြန် သူတို့ဆိုင်ရှေ့မှ ဖြတ်လျှင် “အပျိုကြီးရေ ... ဆွဲခြင်းက မလေးဘူးလား၊ နီးနီးနားနား ကူညီပြီး ဆွဲပေးမယ့်သူကို ခေါ်လာခဲ့ရောပေါ့”ဟု ပြောတတ်သည်။
သူက “ဘယ်သူ့ကို ခေါ်လာရမှာလဲ”ဟု မျက်နှာထားနှင့် ပြောလိုက်တော့“အဟီး... ကဲကဲတို့ မောင်နှမတွေလေ”ဟု လျောချသည်။ တစ်ခါကလည်း ကိုကောင်းထက်ကို ...“လူပျိုကြီးရေ၊ အပျိုကြီးကို ပြောပေးပါ။ မောင်စိန်ဝင်း (ပုတီးကုန်း) ရပြီလို့”ဟု အော်လိုက်သည်။
သူတို့နှစ်ဦးကို ရိပ်ဖမ်း သံဖမ်း စ,နေမှန်း မမွှေးကြူ သိသလို ကိုကောင်းထက်လည်း သိပုံပင်။ ထို့ကြောင့်လည်း သူ့ကိုမြင်တော့ အယောင်ယောင် အမှားမှားနှင့် ..“မောင်စိန်ဝင်း ပုတီးကုန်း ရမယ်၊ ယူမှာလားတဲ့”ဟု ပြောသည်။
သူကလည်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ကာ...“အင်း... ယူမယ်၊ ယူမယ်၊ စောင့်နေရတာ ကြာလှပြီ”ဟု အားတက်သရော ပြောပြီးမှ ..... “စာအုပ်နော်... စာအုပ်”ဟု နောက်ဆက်တွဲ စကားကို ကမန်းကတန်း ဖြည့်စွက်ခဲ့ရလေသည်။
“မုန့်ဟင်းခါးလေးက ကောင်းသကွယ်၊ မုန့်ဖတ်က ဂျမားမုန့်ဖတ်၊ ဟင်းရည်ကတော့ မေမေ ပြောသလို မုန့်နဲ့ ငါး သုံးချိုးတစ်ချိုးနဲ့ ချက်တာလေ”
ဒေါ်ရွှေနုက တစ်ပန်းကန်နှင့် မဝဘဲ နောက်ထပ်တစ်ပန်းကန် ပြင်၍ ဆက်စားသည်။
“ဘဲဥလေး ဘာလေးပါရင် ဒီထက်ကောင်းမှာ၊ မခင်လှတို့ကလဲ လှူချင်သေး၊ ကပ်စေးကလဲ နဲသေး”
“ဘဲဥတစ်လုံးလဲ ငါးကျပ်ကျော်နေပြီ အမေရ၊ ဘယ်များများ ထည့်နိုင်မှာလဲ၊ အခုလဲ ကောင်းနေတာပဲဟာ"
“ဘဲဥပါရင်တော့ ဒီထက် ကောင်းမှာပေါ့ဟယ်”
“ပါပါတယ် အမေရဲ့၊ ဒီမှာကြည့်၊ ဘဲဥဖတ်ကလေးတွေ”
မမွှေးကြူက ဟင်းရည်ပန်းကန်ထဲမှ ဘဲဥဖတ်ကလေးများကို ဆယ်ပြသည်။
“အံမာလေး... ညည်းဘဲဥက မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရမယ့်ဟာကလေးတွေ”
မမွှေးကြူက သူ့အမေကို စကားဖက်ပြိုင် ပြောမနေတော့ဘဲ ငြိမ်နေလိုက်သည်။ ပြိုင်ပြောလျှင် “ဒါလား ဘဲဥ၊ အိမ်မြှောင်ဥကို စိတ်ထည့်ထားတာ မဟုတ်လား”ဟု ပြောတော့မည်ကို ကြိုသိထားလေသည်။ သူ့မိခင် ဒေါ်ရွှေနုက ရပ်ရေး၊ ရွာရေး၊ သာရေး၊ နာရေး ရှိလျှင် ကိုယ်ဖိရင်ဖိ ကူညီတတ်သော်လည်း အလွန်ပစိပစပ်များကြောင်းကို တစ်လမ်းလုံး သိကြသည်။ နောက်ပြီး သူကိုယ်တိုင် မချက်သော ဟင်း ဆိုပါက မည်မျှကောင်းနေပါစေ၊ အပြစ်တစ်ခုခုကိုတော့ သူ တွေ့အောင် ရှာတတ်လေသည်။
“ဟိုဘက်ခန်းက လူကြီးလဲ ဘယ်လိုများ နေထိုင် စားသောက်နေတယ် မသိဘူး”
မုန့်ဟင်းခါး နှစ်ပန်းကန်ကုန်ပြီး ဗိုက်တင်းသွားတော့ ဒေါ်ရွှေနုသည် ဟိုဘက်ခန်းမှ ဦးဘပွားကို သတိရသည်။ သူတို့လမ်းထဲတွင် နေသော်လည်း မည်သူနှင့်မျှ အရောမဝင်ဘဲ ခပ်တည်တည်၊ ခပ်တင်းတင်း၊ ခပ်ကင်းကင်းနေသော ဦးဘပွားကို သူ အတော်လေး စိတ်ဝင်စားနေမိသည်။ ထို့နောက် မြင်ပြင်းလည်း ကပ်နေမိသည်။
“ထမင်းချိုင့် ယူစားနေတာပဲ မေမေရယ်၊ ရွှေဘဆိုင်က ဟင်းလဲ ကောင်းတာပဲဟာ”
“တစ်နေ့တုန်းကတော့ ငါးသေတ္တာဘူးတွေရော၊ အသားဘူးတွေရော ကားထဲကနေ ချတာ တွေ့ လိုက်တယ်”
“ဟုတ်လား”
“အရက်နဲ့ မြည်းနေလားမှ မသိတာ”
“သူ့ ကြည့်ရတာ သောက်တတ်ပုံ မရပါဘူး မေမေရယ်"
“အို.. သောက်ချင်သောက်မှာပေါ့။ အလျင်တုန်းက တော်တော် ပွေခဲ့ဖူးတာတဲ့”
ဒေါ်ရွှေနုက ဦးဘပွား၏ အသက်ကို စိတ်ထဲမှ မှန်းကြည့်ရင်း...“ငါ့ထက်တော့ ကြီးမှာပေါ့”ဟု တွေးသည်။ ပင်စင် ယူထားပြီး ဆိုတော့ သက်ပြည့်ပင်စင် မဟုတ်သည့်တိုင်အောင် ခြောက်ဆယ်ဝန်းကျင်လောက်တော့ ရှိရော့မည်။ ဆံပင်မဖြူသည်က မြေကြီးလက်ခတ်မလွဲ ဆိုးထားသည်ပင် ဖြစ်ရမည်။
သည်နေ့မနက်တော့ အပေါ်ထပ်မှ မခင်လှတို့ သားအမိအကြောင်း တွေးလိုက်၊ ဘေးခန်းမှ ဦးဘပွားအကြောင်း တွေးလိုက်နှင့်မို့ ဒေါ်ရွှေနုတစ်ယောက် သူ့ရင်ခေါင်းထဲတွင် အောင်တောင့်တောင့် ဖြစ်နေသည်ကို မေ့နေသည်။ အခါတိုင်းလို ရင်ထဲက အောင့်တောင့်တောင့်နဲ့ "လေထိုးတာ ထင်ပါရဲ့ "ဟူ၍ လည်းကောင်း၊ “အင်း... အသည်းကင်ဆာ ဆိုတာများလား၊ ဒါမှမဟုတ် သည်းခြေမှာ ကျောက်တည်တာများလား၊ ဘုရား ... ဘုရား”ဟု ပေါက်တတ်ကရ မတွေးမိသေးချေ။
“သားတွေ သမီးတွေ အကုန်လုံးကတော့ နိုင်ငံခြားမှာချည်းပဲတဲ့”
“ဒါနဲ့ သူက ဘာဖြစ်လို့များ တစ်ယောက်တည်း နေရစ်ရတယ် မသိဘူး၊ လိုက်သွားရောပေါ့နော်”
“သားသမီးတွေကလဲ လိုလိုချင်ချင် ခေါ်ကြ ရဲ့ လားမှ မသိတာအေ”
. “အို ... အဖေကြီး တစ်ယောက်တည်းရှိတာ၊ မခေါ်ဘဲ ရှိပါ့မလား အမေရဲ့”
“ကိုယ့်အိမ်ထောင်တွေနဲ့ ကိုယ်ဆိုရင် သူစိမ်းတွေ ဖက်ကုန်ကြပြီ သမီးရဲ့၊ သားက ကောင်းချင်ဦး၊ သမီးက ကောင်းချင်ဦးတော့၊ ချွေးမတွေ၊ သမက်တွေကလဲလည်း ကောင်းပါဦးမှ၊ ညည်းယောင်းမလို မိန်မမျိုးဆိုရင် ခက်ရချည့်”
ဒေါ်ရွှေနုသည် သူ့ချွေးမကို သိပ်ပြီး ကြည့်မရချေ၊ အမေရဲ့ .. အမေရဲ့ နှင့် အပြောလေးချိုသော်လည်း အတွင်းက စိတ်မပါလှဟု ယူဆထားလေသည်။
“အပေါ်ထပ်က ဦးထင်ကြီး ကြည့်ပါလား၊ ချွေးမနဲ့ သမက်နဲ့သာဆိုရင် သူ ဒီလိုမူးရူးနေလို့ ဘယ်ရလိမ့်မလဲ၊ သားတစ်ယောက်တည်း သူစိမ်း မဖက်လို့သာ၊ အဖေ့ သည်း သည်းခံ... ခံ... ခံ အဟီး...”
စကားပြောရင်း တံခါးဝသို့ အမှတ်မထင် လှမ်းအကြည့်တွင် မားမားကြီးရပ်နေသော ဦးထင်ကို တွေ့တော့ ဒေါ်ရွှေနု လန့်ဖျန့်သွားသည်။ ဘာစကား ဆက်ရတော့မည် မသိဘဲ မလုံမလဲနှင့် သွားဖြီးပြီး ရယ်ပြသည်။
“အဟီး.. မူးထင်၊ အဲ... ဦးထင် "
“ထမင်းကြမ်းခဲလေးများ အနည်းအပါး မပိုဘူးလား ကျောင်းအစ်မရဲ့ ”
“ပိုမယ် ထင်ပါ့ ... သမီးရေ”
“မုန့်ဟင်းခါးနဲ့ ရောစားချင်လို့ဗျာ၊ ကျုပ်က မုန့်ဟင်းခါး ဆိုရင် ထမင်းလေးနဲ့ ရောစားရမှ ကြိုက်တာ၊ ဒါမှလဲ ရင်အေးတာ၊ ခုတော့ ထမင်းချက်တာကလဲ နောက်ကျ၊၊ ညက ထမင်းကြမ်းကလဲ မကျန်”
အမှန်ကတော့ မုန့်ဟင်းခါး လာပို့မည်ဟု ကလေးတွေက သတင်းပေးထား၍ ထမင်းမချက်ဘဲ စောင့်နေခြင်း ဖြစ်သည်။ မုန့်ဟင်းခါးရတော့မှ ထမင်းနှင့် ရောနယ်ကာ အားရပါးရ စားချင်စိတ်ပေါက်လာသည်။ ပြန်ချက်လျှင်လည်း ကြာ၊ ဆာလည်း ဆာလှပြီမို့ လွယ်လွယ်ကူကူပင် ထမင်းဆင်းတောင်းခြင်း ဖြစ်သည်။ သည်အိမ်မှာ မရလျှင် ဟိုဘက်အိမ်သွားတောင်းမည်။ ဆန်ဈေးတွေ ဘယ်လိုပင်တက်ပါစေ၊ စမ်းချောင်းကဲ့သို့သော မြန်မာရပ်ကွက်တွင် တမင်း တစ်ပန်းကန်အတွက် ပါးပါးရှားရှား၊ တိုတိုထွာထွာ မရှိကြသည်ကို ဦးထင် သဘောပေါက်ပြီးသား ဖြစ်သည်။
“ဝင်ထိုင်လေ အဘထင်ရဲ့၊ ကျွန်မ ထမင်းထည့်လိုက်ဦးမယ်”
မမွှေးကြူက ဦးထင်၏လက်ထဲမှ ကြွေရည်သုတ် သံဇလုံကို လှမ်းယူကာ မီးဖိုဘက် ဝင်သွားသည်။ ဦးဘထင်က အိမ်ထဲ မဝင်ဘဲ အပေါက်ဝတွင်ရပ်ရင်း နံရံတွင် ချိတ်ထားသော ဒေါ်ရွှေနုတို၏ ဇနီးမောင်နှံပုံကို လှမ်းကြည့်သည်။ လွန်ခဲ့သော အနှစ် သုံးဆယ်ခန့်က ပုံဆိုတော့ ဒေါ်ရွှေနုကလည်း ချောတုန်း၊ သူ့ခင်ပွန်းကလည်း ခန့်တုန်း ဖြစ်လေသည်။
“ကျောင်းအစ်မတို့ ဥပုသ်ရတယ် ထင်ပါ့”
“ဪ... ဟုတ်ကဲ့”
ဦးထင် ပြောမှပင် သည်နေ့ လကွယ်နေ့ ဖြစ်ကြောင်း ဖျတ်ခနဲ သတိရသည်။ လပြည့် လကွယ် ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သည်ဟု တစ်ခါက ပြောထားဖူးသည်ကို အမှတ်တရ မေးမြန်းခြင်း ဖြစ်ဟန်တူသည်။ ပြောတုန်းကသာ ခပ်ကြွားကြွားပြောထားသော်လည်း သည်နေ့ လကွယ်နေ့ဖြစ်ကြောင်း ဒေါ်ရွှေနု သတိပင် မထားမိခဲ့။ သီလလည်း မယူမိ။
“ဦးထင်ရော ဥပုသ်ရသလား”
“မရပါဘူးဗျာ”
ဦးထင်က ခေါင်းခါသည်။ သူ ဥပုသ်မစောင့်ဖြစ်သည်မှာ နှစ်ပေါင်း အတော်ကြာနေပေပြီ။ သူတို့အိမ်က ဘုရားစင်မှာလည်း ပလပ်စတစ်ပန်းခြောက် သုံးလေးခက်ကို ပန်းအိုးထဲ ထည့်ထားသည်မှအပ ဘာအဆောင်အယောင်မျှ မရှိ။ ဘုရားရုပ်ပွားတော်လေးကလည်း သူ့ကို စေ့စေ့မကြည့်လိုဟန်နှင့် မျက်လွှာချထားသည်ဟု သူ့စိတ်ထဲတွင် ခံစားနေရသည်။ သူကလည်း ဘုရားကို တည့်တည့် ရင်ဆိုင်မကြည့်ရဲ၊ ခပ်လွှဲလွှဲသာ မရဲတရဲ ဖူးရသည်။
“အသက်တွေက မငယ်တော့ဘူး ဦးထင်ရဲ့ ၊ သွားနှင့်တဲ့သူတွေလဲ သွားကုန်ကြပြီ၊ အားတဲ့အချိန်လေးမှာ ပုတီးလေးစိပ်၊ တရားလေး ထိုင်နဲ့ တရားနှလုံးကို တတ်နိုင်သမျှသွင်းပြီး ကိုယ့်ကိုယ်ကို အေးချမ်းအောင် နေရတယ်၊
ဒါမှလဲ ဒီဘဝမှာ အရင်းမရှုံးဘဲ အမြတ်ရတော့မှာပေါ့”
ဒေါ်ရွှေနုက လက်ကောက်ဝတ်တွင် ဝတ်ထားသော နံ့သာဖြူပုတီးကို ဖြုတ်ကာ စိပ်ရန်ဟန်ပြင်သည်။ ပုတီးလေး ဂျောက်ဂျောက်စိပ်ရင်း စိတ်တွေက ပျံ့လွင့်ကာ ဟိုလူ့ကို စိတ်ဆိုးလိုက်၊ သည်လူ့ကို ဒေါသဖြစ်လိုက် ဖြစ်နေတတ်တာကိုတော့ သူ့ကိုယ်သူ မတတ်နိုင်။
“တရားအားထုတ်တာတော့ ကျုပ်လဲ တတ်နိုင်သမျှ လုပ်တယ်ဗျာ”
ငွေမလည်သောအခါများတွင် ရှိသမျှ ပစ္စည်းလေးများကို အပေါင်ဆိုင်ပို့ရသည်ကို ရည်ရွယ်ပြီး ဦးထင်က ခပ်ပြုံးပြုံး ပြောသည်။ ဦးထင်တို့သားအဖက အပေါင်ဆိုင် သွားရသည်ကို “တရုတ်အားထား ရသည်ဟု ပြောလေ့ ရှိသည်။ သို့သော် နားလည်ပုံမရ။
“အင်းလေ...၊ သူ့အသက်လဲ ကြီးလှပြီပဲ။ သောက်တဲ့အခါလဲ သောက်၊ မသောက်တဲ့အခါလဲ တရားလေး ဘာလေး ထိုင်တယ်ထင်ပါရဲ့”ဟု တွေးသည်။
“ဟုတ်တာပေါ့ ဦးထင်ရယ်... တစ်နေ့ ငါးမိနစ် မှတ်မှတ်၊ ဆယ်မိနစ် မှတ်မှတ် တတ်နိုင်သမျှ ရှုမှတ်သွားပေါ့"
“ဟုတ်ကဲ့“
“ကိုယ်နောက်ပါမည့် အထုပ်က ဒါလေးပဲ ရှိတာ"
“ဟုတ်ကဲ့”
“ကျန်တာတွေ အကုန်ထားခဲ့ရမှာ”
“ဟုတ်ကဲ့”
ဦးထင်က အလိုက်သင့် ထောက်ခံရင်း.. “ကျုပ်ကတော့ ထားခဲ့စရာ ဘာပစ္စည်းမှ မရှိပေါင်၊ ယူသွားစရာလဲ ဘာအထုပ်မှ မရှိသေးဘူး” ဟု ခပ်ပျော်ပျော် တွေးသည်။
“ကုသိုလ်ထုပ် မရှိပေမယ့် အကုသိုလ်ထုပ်ကြီးကတော့ အတော်ကြီးနေပြီလား မသိဘူး”ဟု ဆက်၍ တွေးမိသောအခါတွင်ကား ရင်ထဲတွင် တော်တော်ကြီး လေးလံသွားသည်။ အခြားအကုသိုလ်များကို ကြီးကြီးကျယ်ကျယ်
မလုပ်ဖူးသော်လည်း ငါးပါးသီလထဲမှ သူရာမေရိယကံကို နေ့စဥ် ချိုးဖောက်နေမိမှတော့ သူသည် ရေစုန်တွင် တရွေ့ရွေ့ မျောနေသူတစ်ဦး ဖြစ်နေမှန်း သူကိုယ်သူ အသေအချာ သိနေသည်။
“တရားဆိုတာ ထိုင်ခါစတော့ စိတ်ကို ငြိမ်အောင်ထိန်းရတာ ဘယ်လွယ်မလဲ၊ ဟိုနားက နာသလိုလို၊ ဒီအနားက ကျဉ်သလိုလိုနဲ့ တစ်ကိုယ်လုံးကို ပရွက်ဆိတ်တွေ အုံခဲပြီး ကိုက်သလိုလိုနဲ့ ဝေဒနာတွေ ပြတာပေါ့ ဦးထင်ရေ၊
အိမ်မှာ ထိုင်ရကာ စိတ်မငြိမ်ရင် ရိပ်သာလေး ဘာလေး၊ ဆယ်ရက်စခန်းလေး ဘာလေး ဝင်ပြီး ကြိုးစားကြည့်ပါလား”
ဒေါ်ရွှေနုက တရားဟောရန် ဟန်ပြင်စဉ် မမွှေးကြူပြန်ထွက်လာ၍ ဦးထင် အတော်ကြီး စိတ်သက်သာရာရသွားသည်။
“ထမင်းကြမ်းတော့ မရှိဘူး အဘရေ၊ ထမင်းပူပဲ ယူခဲ့တယ်”
“အေးဗျာ... ကျေးဇူးပါပဲ”
ထမင်းမောက်မောက်ပါသော သံဇလုံကို လှမ်းယူကာ ဦးထင်က ကျေးဇူးစကား ဆိုသည်။ မုန့်ဟင်းခါးပန်းကန်ထဲသို့ ထမင်းခဲကို ချေထည့်၊ ငံပြာရည်နှင့် ငရုတ်သီးမှုန့် ထပ်ထည့်၊ နှံ့အောင်နယ်ပြီး ပဲသီးစိမ်းတောင့်လေး ကိုက်ကာ စား၊ ဟား.... တွေးရင်းနှင့်ပင် ဆာသည်ထက် ဆာလာပေပြီ။
“ရိပ်သာမသွားဖြစ်ဘဲ အိမ်မှာပဲ ရသလောက် မှတ် မူးထင် အဲ... အဲ.. ဦးထင်ရေ... တရားရှာ ကိုယ်မှာတွေ့တယ်တဲ့...”
“ဟုတ်ပါ့... ဟုတ်ပါ့၊ သွားမယ်နော်... ကျောင်းအစ်မကြီး”
ဦးထင်က စကားကို ဇွတ်ဖြတ်သည်။ ပြတ်ခါနီး ဖိနပ်ကို အသာလေး မှေး၍စီးကာ လှေကားမှ ခပ်သုတ်သုတ် ပြန်တက်လာသည်။
“ထမင်းတစ်ပန်းကန် အလကား ယူတော့လဲ ဒီလောက်တရားဟောတာတော့ ခံပေါ့ကွာ”ဟု တွေးကာ တစ်ဦးတည်း ရယ်မိသည်။
“ငါကလဲ ပြန်ပြောခဲ့ဖို့ကောင်းသား... ။ မူးထင် အဲလေ.. ဦးထင်ကို ရှာ အဖြူဆိုင်မှာ တွေ့မယ်လို့လေ ...အဟေ... ဟေ့ ....."
* * *
ငါးပိ ငါးချဉ် သိပ်သလို လူတွေ မောက်လျှံ၊ ကျပ်ညပ်နေသော ဘတ်(စ်)ကားထဲတွင် ကိုကောင်းထက် ပါလာသည်။ ဂိတ်ဆုံးမှ ပတ်၍စီးလာသည့်အတွက် ထိုင်စရာ နေရာကလေး တစ်နေရာ ရကာ ဟန်ကျပန်ကျ ထိုင်လျက် စီးလာနိုင်သည်။
“ဒီအချိန်ဆိုရင် အဖေတော့ အရက်ဆိုင်များ ရောက်နေပြီလား မသိဘူး”
သူ့ဘေးတွင် ကပ်လျက် ထိုင်နေသူထံမှ အရက်နံ့ရတော့ ကိုကောင်းထက်သည် ဖခင်ဖြစ်သူကို သတိရသည်။
"ဒီလောက်တောင် လူတွေ ကျပ်ညပ်နေတဲ့ကြားထဲမှာ ဒီအရေမျိုတဲ့လူက မျိုလာသေးတယ်၊ ဟွန်း... အသက်ရှူလို့ မရဘူး၊ နံလိုက်တာလွန်ရော”
အရှေ့တွင် ရပ်နေသော မိန်းမကြီးက မကျေမချမ်းနှင့် ပွစိပွစိပြောနေသည်ကို ကိုရွှေအမူးသမားက သူ့ကို ထောပနာပြုနေသည်ဟု ထင်သလားမသိ။ တပြုံးပြုံးနှင့် နားထောင်ရင်း လေချဥ်တွေ တအေ့အေ့ တက်နေသည်။ သူ့ဆီက ချဉ်နံ့ရတော့ အမျိုးသမီးကြီးက နှာခေါင်းကို သိသိသာသာ ရှုံ့ကာ ကိုကောင်းထက်ဘက်သို့ ဖိ၍ တိုးသည်။ သူတိုးသည်က ကိစ္စမရှိ၊ ကိစ္စရှိနေသည်က သူ၏ခန္ဓာကိုယ်ဝ၀ကြီး ဖြစ်သည်။ ခန္ဓာကိုယ်အောက်ပိုင်းက လမ်းကိုပိတ်ပြီး နှစ်ယောက်စာ နေရာယူထားသည်။ အထက်ပိုင်းကတော့ ကိုကောင်းထက်၏မျက်နှာနားတွင် ဝဲနေသည်။ မွှေးမွှေးကြိုင်ကြိုင်တော့ မရှိလှ။ ချွေးနံ့က တော်တော်လေး ပြင်းပြလေသည်။
“မိန်းမတွေက မတ်တပ်ရပ်ပြီး ယောက်ျားတွေက ထိုင်စီးနေရတာ အားတော့နာစရာပဲ၊ ဒါပေမယ့်လဲ မတတ်နိုင်ဘူး၊ နေရာလေး တစ်နေရာကို တော်ရုံကုသိုလ်နဲ့ ရတာမဟုတ်ဘူး”
ကိုကောင်းထက်က တွေးသည်။
“အရေးကြီးတာက ကိုယ်ဝန်ဆောင် တက်မလာဖို့ပဲ”
ကိုယ်ဝန်ဆောင် တက်လာလျှင်တော့ သူ မနေနိုင်၊ နေရာမှ ထ,ပေးရတော့မည် ဖြစ်သည်။ လူတွေက တအားဖိပြီး တိုးတော့ သူ့ဘက်သို့ ပိုပြီး ငိုက်ကျလာသော ခန္ဓာကိုယ်အပေါ်ပိုင်းကြီးကို ကိုကောင်းထက်က အားနာပါးနာနှင့် တိမ်းငဲ့ကာ ရှောင်ရှားနေရသည်။
“ကန်တော့ အစ်ကိုကြီးရေ... ကန်တော့”
အမျိုးသမီးကြီးက တောင်းပန်ရှာသည်။
“ဟိုက်ရော သူကဖြင့် ငါ့အမေလောက်ရှိတာကို ငါ့ကို အစ်ကိုကြီးတဲ့”
“ဟွန်း... ဒီဟာမကြီးကို နေရာဖယ်မပေးမိတာ တော်တော် မှန်သွားတာပေါ့”
တစ်ဘက်ကို တိမ်းတော့ တစ်ဘက်လူဆီမှ ချဉ်စုတ်စုတ်အနံ့က ပိုပြီး ပြင်းထန်လာသည်။ သည်အနံ့က သူနှင့် ယဉ်ပါးပြီးဖြစ်သော်လည်း သူနည်းနည်းမှ မကြိုက်။ သူ့ဖခင်ကို ဖျက်ဆီးခဲ့သော အရာသည်လည်း ထိုအရက်ပင် ဖြစ်သည်။ အရက်စွဲခဲ့ပြီးသည့်နောက်ပိုင်းတွင် အဖေသည် အလုပ်ကို ကောင်းကောင်း မလုပ်တော့ပေ။ ရက်ချိန်းလည်း မမှန်၊ အနုပညာစွမ်းရည်လည်း လျော့ပါးလာခဲ့သည်။ အခုတော့ အဖေ့လက်ရာများသည် မဂ္ဂဇင်းထဲတွင် ပါဖူးသည်ဟု ပြောလျှင်ပင် ယုံကြည်မည့်သူ မရှိတော့ဟု ထင်သည်။
“မြတ်စေတနာ ဆေးခန်း”
“စက်ချုပ်အမြန်အတတ်သင်ကျောင်း”
စသော ဆိုင်းဘုတ်တို့ကို ရေးသော အဖိုးကြီးတစ်ဦးအဖြစ်သာ သိကြတော့သည်။ ဘယ်သူသိသိ အဖေကတော့ မမှု၊ ဟိုဟာလေးဆွဲလိုက်၊ သည်ဟာလေး ရေးလိုက်နှင့် သူ့အရက်ဖိုးကိုကား သူ အလျင်မီအောင် ရှာနိုင်နေနိုင်လေသည်။
“ဆင်းမယ်... ဆင်းမယ်”
အမျိုးသမီးဆေးရုံ ရောက်တော့ မိန်းမဝဝကြီးက ကားပေါ်မှ တိုးကာ ဝှေ့ကာ ဆင်းသည်။
“ဆင်းမယ်တဲ့ ဆင်းဦးမယ်၊ ဆင်းဦးမယ်”
ကိုကောင်းထက်က ဝမ်းသာအားရနှင့် ကူညီကာ အော်သည်။ သည်အမျိုးသမီးကြီး ဆင်းသွားခြင်းအားဖြင့် သူ အတန်ငယ် သက်သာရာရမည် ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။
“ဟောဗျ .. ကလေးအမေ”
သို့သော် ဝမ်းသာချိန်မှာ မကြာလိုက်ရ။ ခြောက်လသားခန့်ရှိသော ကလေးငယ်ကို ချီကာ တိုးပြီး တက်လာသော မိန်းကလေးတစ်ယောက်ကိုမြင်တော့ သူ လန့်သွားသည်။ သူထိုင်နေသောနေရာက အပေါက်နှင့် အနီးဆုံးမို့ သည်ကလေးနှင့် သည်မိန်းမသည် သူ့ရှေ့ ရောက်လာတော့မည်။ သူ ဘာလုပ်ရမည်နည်း။
ရထားသော နေရာလေးကိုလည်း နှမြော၊ ကြောင်တောင်ထားပြီး ထိုင်နေရအောင်ကလည်း သူ့အနေနှင့် မလွယ်လှ။ ယောက်ျားရင့်မကြီး ဖြစ်သော်လည်း အချို့က ကိုယ်ဝန်ဆောင်နှင့်ပင် နေရာလု ထိုင်တတ်ကြရာ ထိုယောက်ျား အမျိုးအစားထဲတွင် သူ ပါသွားမည်ကို ကိုကောင်းထက်က အမြဲစိုးရိမ်နေမိတတ်သည်။
“ဖြည်းဖြည်းတိုးပါရှင့်၊ ဒီမှာ ကလေးတစ်ဖက်နဲ့”
“မြန်မြန်တက်ဗျ၊ နောက်မှာ လူတွေအများကြီး”
“တက်နေတာပဲ၊ ဘယ်သူက ရပ်နေလို့လဲ”
“ဘတ်(စ်)ကားဆိုတာ မြန်မြန်တက် မြန်မြန်ဆင်း ဒီလို မလုပ်ချင်ရင် ကိုယ်ပိုင်ကားဝယ်”
“ကိုယ်ပိုင်ကား မစီးနိုင်လို့ ဘတ်(စ်)ကားစီးနေတာ တော်ရေ၊ ခရီးသည်အချင်းချင်း ရှင်က အီးတစ်လုံး ပိုရှူမနေနဲ့”
အောက်ဘက်မှ လူများက အတင်းတိုးတော့ ကလေးချီထားသော မိန်းမသည် ကိုကောင်းထက် ရှေ့သို့ တဖျစ်တောက်တောက် ရေရွတ်ရင်း ရောက်လာသည်။ လူတိုးသဖြင့် တအီအီ ငိုနေသော ကလေး၏တင်ပါးကို ဖြန်းခနဲ ရိုက်ကာ...“တိတ်တိတ်နေစမ်း၊ စိတ်ညစ်ရတဲ့အထဲ” ဟု ငေါက်သည်။
လန့်ဖျန့်ပြီး အငိုတိတ်သွားသော ကလေးက သူ့ကို ကြည့်နေသော ကိုကောင်းထက်အား မျက်လုံးလေး အဝိုင်းသားနှင့် ပြန်ကြည့်နေသည်။
“ကလေး ပေးထားမလား”
နေရာမပေး?သော ကိုကောင်းထက်က ကလေးကို လှမ်းတောင်းသည်။ အမျိုးသမီးက သူ့ကို ခေတ္တမျှ တွေကြည့်နေပြီး လက်ထဲမှ ကလေးကို ခပ်ဆိုင်းဆိုင်း လှမ်းပေးသည်။ ကလေးလေးက ဖွံ့ဖွံ့ ထွားထွား မရှိလှသော်လည်း မျက်နှာထားလေးက ချို၍ ပျော့သည်။ ကိုကောင်းထက်ကို မျက်လုံးဝိုင်းလေးနှင့် ကြည့်ရင်း အသာတကြည် လိုက်လာသည်။
“အမယ်.. ခေါ်လို့ ရသားပဲ၊ အမေများ ကပ်နေမလား ထင်တာ”
“ကျွန်မကလေး မဟုတ်ပါဘူး၊ သူ့အမေဆုံးသွားလို့ လက်ထဲ သောင်တင်နေတာ”
အမျိုးသမီးက ခပ်ဆတ်ဆတ် ပြောသည်။ အမေမဟုတ်သူကို အမေဟု ပြောမိ၍ ကိုကောင်းထက်ကလည်း အားနာသွားသည်။ သို့သော် အမျိုးသမီးက ထိုစကားအတွက်တော့ စိတ်ဆိုးပုံမရ။
“သူ့အဖေက အရောင်းအဝယ် လုပ်မယ်ဆိုပြီး သူ့ဗိုက်နဲ့ကတည်းက ထွက်သွားတာ ဘယ်သောင် ဘယ်ကမ်း ဆိုက်ပြီး ဘယ်နေရာမှာ ကာလနာတိုက်နေတယ် မသိဘူး။ သူ့အမေကတော့ သူ့ မွေးပြီးကတည်းက တချူချူ တချာ
ချာနဲ့ ဆွေမရှိ မျိုးမရှိဆိုတော့ ပြုစုမယ့် စောင့်ရှောက်မယ့်သူလဲ မရှိ၊ ကျွန်မတို့က အိမ်နီးချင်းတွေက မနေနိုင်တော့ ကိုယ်စားမယ့်ထဲက ဖဲ့ကျွေးပြီး တတ်နိုင်သမျှ ပြုစုနေရတယ်။ ဒီကြားထဲ လွန်ခဲ့တဲ့ တစ်လလောက်က ကောက်ကာငင်ကာ ဖျားပြီး ဆုံးပါရော”
“ဪ... ဖြစ်မှ ဖြစ်ရလေ”
နောက်တစ်မှတ်တိုင်တွင် လူတွေ ထပ်တက်လာတော့ အမျိုးသမီးသည် ကိုကောင်းထက်၏ရှေ့မှနေပြီး ဘေးသို့ရွှေ့သွားသည်။
“အစ်ကိုကြီးသိတဲ့အတိုင်း ဒီခေတ် စားစရိတ်က တစ်ယောက်ဆိုတစ်ယောက်ပဲ၊ ကျွန်မမှာ ကိုယ့်ကလေးတွေနဲ့ ကိုယ့်ဝန်တာကိုယ်တောင် မနည်းထမ်းပြီး မဝတဝ စားနေရတာ”
ခြေနင်းခုံတွင် ရပ်နေသော ကောင်မလေးနှစ်ယောက်က အတင်းတိုးတက်လာတော့ အမျိုးသမီးသည် ကိုကောင်းထက်၏ဘေးမှနေပြီး နောက်ဘက်သို့ ရွှေ့သွားသည်။
“ဪ... တော်တော်ကံဆိုးတဲ့ ကလေးလေးပါလား”
ကလေးငယ်၏လက်ချောင်းပိန်ပိန်လေးများကို အသာဆုပ်ကိုင်ရင်း ကိုကောင်းထက်က တွေးမိသည်။ ကွယ်လွန်လေပြီးသော ဇနီးနှင့် သားကလေးကိုလည်း သတိရကာ ကြေကြေကွဲကွဲဖြစ်သွားသည်။
“ကလေးလေးက ညှက်သလိုပဲ၊ အင်းလေ... အမေ မရှိတဲ့ ကလေးဆိုတော့လဲ ဘယ်လိုလုပ်ပြီး နို့ဝပါ့မလဲ။ ကြည့်ရတဲ့ အခြေအနေက နို့မှုန့်တိုက်နိုင်မယ့်ပုံလဲ မရှိဘူး”
ကလေးငယ်၏ ခြေသလုံး ပိန်ပိန်လေးများကို သူက ကရုဏာနှင့် အသာ ဆုပ်ကိုင်ကြည့်မိသည်။
“ငါ့သားကလေးသာရှိရင် အခုလောက်ဆိုရင် ခြောက်နှစ်ကျော်နေပြီ၊ ကျောင်းနေလို့ စာတွေ ဘာတွေလဲ တတ်လောက်ရောပေါ့”
တကယ်တော့ သူအိမ်ထောင်ကျခဲ့ရသည်မှာ အတော် အူကြောင်ကြောင်နိုင်လေသည်။ လူကလည်း ရိုး၊ သတ္တိကလည်း မရှိတော့ အသက် အစိတ်ကျော်ကာ သုံးဆယ်နီးလာသည်အထိ သူ့တွင် လက်ညှိုးညွှန်ပြစရာ ချစ်သူ မရှိခဲ့ချေ။
အဖေကလည်း “ငကောင်း... မင်းမိန်းမယူဖို့ ကောင်းပြီနော်” ဟု တဖွဖွ ပြောသည်။
တစ်ခါတစ်ရံကျတော့လည်း “မင်းမိန်းမယူချင်ယူ၊ မယူရင် ငါယူမှ ဖြစ်တော့မယ် ထင်ပါရဲ့၊ ဒါမှလဲ ငါ မီးဖိုထဲက ထွက်ရတော့မှာ”ဟု ခြိမ်းခြောက်သလို ပြောသည်။
အသက်သုံးဆယ်နားနီးကာမှ ကိုယ်နှင့် အသက်မတိမ်းမယိမ်း မိထွေးငယ်ငယ်ကို “မာမီလေး”ခေါ်နေရမှာ စိုးရိမ်သော်လည်း သူ့မှာလည်း အစွမ်းအစမရှိ၊ နောက်ဆုံးတော့ အဖေက သူ့သူငယ်ချင်းတစ်ဦးနှင့် အရက်ဆိုင်တွင် တွေ့လာသည်။ သူ့မှာလည်း သားတစ်ယောက်ရှိကြောင်း၊ ဟိုကလည်း သမီးတစ်ယောက်ရှိကြောင်း စကားစပ်မိကြပြီး အရက်ခွက် သက်သေထားကာ စေ့စပ်ကြောင်းလမ်းလာခဲ့သည်။ နောက်နေ့တော့ သူ့ကို ခေါ်ပြီး ထိုအိမ်သို့သွားသည်။ အိမ်ဝမှနေပြီး...“ငဖြိုးရေ” “မင့်သမက်လောင်း ခေါ်လာပြီ၊ ငါ့ချွေးမလေးလဲ ပြပါဦး"ဟု အော်သည်။ တုန်လှုပ် ရှက်ရွံ့ဟန်ရှိသော မိန်းကလေး အိမ်ထဲမှ တော်တော်နှင့် မထွက်၊ အားနာစိတ်သည်သာ လူတစ်ဦးကို သေစေနိုင်လျှင် မိန်းကလေးကို သနား အားနာစိတ်နှင့် သူသည် ထိုနေ့တွင် သေသွားလိမ့်မည်ဟု ထင်သည်။
“အဖေတစ်ခု သမီးတစ်ခုနေရတာပါ အစ်ကိုရယ်"
“အရက်သမားသမီးဆိုတော့ အရပ်ကလဲ အထင်အမြင်သေးတယ်၊ အခု အစ်ကိုတို့သားအဖ လုပ်ပုံက ညီမကို ပိုပြီး အထင်အမြင်သေးအောင် လုပ်သလိုပဲ”
မိန်းကလေးက မျက်ရည်လေး အဝဲသားနှင့် ဒေါသမပါ? ပြောတော့ သူ့မှာ အားနာလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ အရက်ဆိုင်တွင် တွေ့လာသော အဖေ၏သူငယ်ချင်းတွင် သည်လိုလိမ္မာရေးခြားရှိသော သမီးပျိုမျိုး ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
“ညီမတို့ဟာ အရက်သမားတွေရဲ့ သားနဲ့သမီးပါ? "
"ဒါပေမယ့် အစ်ကို ညီမကို လက်ထပ်မယ်ဆိုရင် အစ်ကို့ဘက်က ကတိတစ်ခုပေးမှ ညီမလက်ခံနိုင်မယ် “
"ဘာ ကတိလဲ”
“အစ်ကို ဘယ်တော့မှ အရက်မသောက်ပါဘူး ဆိုတဲ့ကတိ"
မိန်းကလေးကို မြတ်နိုးစွာကြည့်ရင်း သူ ခေါင်းညိတ် ကတိပေးသည်။ မည်သည့်မိန်းကလေးနှင့်မှ လက်မထပ်ဖြစ်ဘဲ သည်မိန်းကလေးနှင့် တွေ့အောင် ဖန်လာသော ကံတရားကိုလည်း ကျိတ်ပြီး ကျေးဇူးတင်မိသည်။
မိန်းကလေးက ငယ်သော်လည်း အရည်အချင်းရှိသည်။ ရုပ်ရည် ?မလှသော်လည်း လိမ္မာရေးခြားရှိသည်။ မိန်းကလေးနှင့် လက်ထပ်ပြီးနောက်ပိုင်း နေ့ရက်များသည် သူ့အတွက် ပျော်ရွှင်ကြည်နူးဖွယ်နေ့ရက်များ ဖြစ်ခဲ့သည်။
ရသမျှ လခကို မိန်းမလက်ထဲအပ်၊ မိန်းမစီမံသမျှ နာခံ၊ ?စီးလာမည့် သားသမီးများကို ချစ်၊ သူ့ဘဝရှေ့ရေးသည် သာယာအေးချမ်းနေပြီဟု တွေးထင်နေခဲ့မိသည်။ အဖေကလည်း " ငါပေးစားတဲ့ မိန်းမ မတော်ဘူးလားကွ”ဟု မကြာခဏ အသားယူတတ်သည်။ “မင်းကို မိန်းမကောင်းကောင်း ပေးစားပြီးပြီ၊ အဖေ သေဖြောင့်ပြီ” ဟူလည်း ပြောတတ်သည်။ သို့သော် သေခြင်းတရားက အဖေ့ဆီသို့ မလာခဲ့။ အဖေထက် အသက်အများကြီးငယ်သော ဇနီးသည်ဆီသို့သာ ဖြုန်းခနဲ ရောက်လာခဲ့လေသည်။
သားငယ်လေးကို မီးဖွားစဉ် သွေးတက်ပြီး သူ၏ဇနီးသည် သေဆုံးခဲ့သည်။ ခြောက်ကပ်ကပ်နိုင်လှသော သူ၏ဘဝကို စိုပြည်သာယာအောင် လာရောက် ဖန်တီးပေးခဲ့သော ချစ်ဇနီးသည် ဧည့်သည်တစ်ယောက် ပြန်သွားသလို ဖြုတ်ခနဲ ပြန်ပြီး ထွက်ခွာခဲ့သည်။ ကျန်ရစ်သော သားငယ် နီတာရဲလေးကို သူတို့သားအဖ နို့ဘူးတိုက်ကာ တယုတယ မွေးကြသော်လည်း သက်ဆိုးမရှည် သုံးလသားအရွယ်တွင် သူ့မိခင်နောက်သို့ လိုက်ပါသွားခဲ့ရရှာသည်။
“အစ်ကိုတို့နဲ့ ထားခဲ့ရတာ စိတ်မချလို့ ပြန်ခေါ်သွားတာလား ညီမရယ်”
ခံစားခဲ့ရသော ဝေဒနာများသည် အသစ်တဖန် ပြန်ဖြစ်လို့ ရင်ထဲတွင် မွန်းပြီး ကျပ်လာသည်။ ချစ်ဇနီးကိုသာ ဘယ်တော့မှ အရက်မသောက်ပါဘူး ဟူသော ကတိကို မပေးခဲ့လျှင် ထိုအချိန်တွင် သူ အရက်သမားကြီးလုံးလုံး ဖြစ်သွားနိုင်လေသည်။
“ရှမ်းလမ်းပါသလား”
“ရှမ်းလမ်း”
“ရှမ်းလမ်းဆင်းမယ့်သူတွေ တိုးထားပါ”
စပယ်ယာလေး၏ အော်သံကိုကြားသောအခါမှ အတိတ်သို့ ပြေးသွားနေသော သူ၏စိတ်သည် ဘတ်(စ်)ကားထဲ ပြန်ရောက်လာသည်။
“ရှမ်းလမ်း ပါတယ်”
သူက အသံကျယ်ကျယ်နှင့် အော်ရင်း နေရာမှ ထရန် ဟန်ပြင်သည်။ သည်တော့မှ ပေါင်ပေါ်တွင် ငြိမ်ချက်သားကောင်းနေသော ကလေးငယ်လေးကို သတိရသည်။ ခုနက အမျိုးသမီးကို မော်ကြည့်သည်။ မတွေ့ရချေ။ နောက်ဘက် သွားသည်ထင်၍ ခါးကိုလိမ်ကာ လှည့်ကြည့်သည်။ မတွေ့ရ။ ထို့ကြောင့် တိမ်းကာ ငဲ့ကာနှင့် ရှာသည်။ မတွေ့ရချေ။
“ကလေး ခေါ်ပါ”
“ကျွန်တော် ဆင်းတော့မယ်”
ကိုကောင်းထက် အတန်ငယ် ထိတ်လန့်သွားသည်။ ထိုကြောင့် မျက်ကလဲဆန်ပြာနှင့် ရှာရင်း ကလေးကို မြှောက်ချီကာ အော်သည်။ တစ်ကားလုံး သူ့ကို ဝိုင်းကြည့်သည်။
“ခုနက မိန်းမရော”
“ဘယ်မိန်းမလဲ”
“ဒီကလေး ပေးသွားတဲ့ မိန်းမလေ”
“အင်္ကျီပန်းရောင်နဲ့လား”
“အင်း... ဟုတ်မလား မသိဘူး”
အမျိုးသမီး ဘာအရောင်အင်္ကျီ ဝတ်ထားသနည်း သူ သတိမထားမိလိုက်။
“ထဘီခရမ်းရောင် မဟုတ်လား”
“အင်း... အင်း ... ဟုတ်မယ် ထင်ပါရဲ့”
သူက စိတ်ရှုပ်ထွေးစွာ ပြောသည်။ အသေအချာ စဉ်းစားတော့ အမျိုးသမီးကို ဖြူသလား၊ မည်းသလားပင် စိတ်ထဲတွင် မသဲကွဲလှချေ။ အသံမာဆတ်ဆတ်နှင့် စိတ်ညစ်ညူးနေဟန်ရှိသည်ကိုသာ သတိရတော့သည်။
“ထဘီခရမ်းရောင်နဲ့ မိန်းမတစ်ယောက်တော့ ခုန မှတ်တိုင်တုန်းက နောက်ပေါက်ကနေ ဆင်းသွားတယ်”
“သေပါပြီဗျာ”
သူက လက်ထဲမှ ကလေးကို ထိတ်လန့်တကြား ကြည့်သည်။ ကလေးငယ်က သူ၏လက်ပတ်နာရီကို လက်ကလေးနှင့် ရိုက်ကစားရင်း သွားငုတ်တုတ်ကလေးပေါ်အောင် ရယ်နေသည်။
“ကလေး ထားသွားလို့တဲ့”
“အို ... ဘယ်လိုအမေလဲ”
“သနားပါတယ်ဟယ်... ကြည့်ပါဦး”
“ခုနက ဆင်းသွားတဲ့မိန်းမ နေမှာပဲ”
“ကားပေါ်က အတင်းတိုးဆင်းပြီး သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွားတာ ကျွန်တော်မြင်လိုက်တယ်”
“ရက်စက်လိုက်တာတော်”
တစ်ယောက်တစ်ပေါက် ပြောနေသော အသံများက ဆူညံနေသည်။ ကိုကောင်းထက်၏ခေါင်းထဲတွင်လည်း ဆူဝေရှုပ်ထွေးနေသည်။ လက်ထဲမှ ကလေးကို ငုံ့ကြည့်လိုက်၊ ဟလိုက် စေ့လိုက် ဖြစ်နေသော ပါးစပ်များကို မော်ကြည့်လိုက်နှင့် ခိုးကိုးရာမဲ့ကို ခံစားနေရသည်။ သည်ကလေးကို လှမ်းပေးဖို့လည်း သူ့တုန်းကလို လိုလိုချင်ချင် လှမ်းခေါ်မည့်သူ တစ်စုံတစ်ဦးမျှ ရှိမည်မဟုတ်၊ အုတ်အော်သောင်းတင်း မဖြစ်သေးလျှင်လည်း နေရာတွင် အသာလေး ချထားခဲ့ကာ ဆင်းပြေးရလျှင် ကောင်းရဲ့။
“ဒီမှာပဲ ထားခဲ့လိုက်တော့မယ်နော်”
သူက စပယ်ယာလေးကို အားကိုးတကြီး ကြည့်ရင်း ပြောမိသည်။ ကိုရွှေစပယ်ယာက ခေါင်းသွက်သွက်ခါအောင် ယမ်းသည်။
“ဘုန်းကြီးအမှု ရွာမပတ်ပါနဲ့ဆရာရယ်။ ဆရာ့ဟာ ဆရာပဲ ရှင်းပါ”
“ဟ.. ဒါ ငါ့ကိစ္စ မဟုတ်ဘူးကွ”
သူက အလန့်တကြား ငြင်းသည်။
“ကလေးက ဘာလို့ သူ့ပေါင်ပေါ် ရောက်နေရတာလဲ”
“အဲဒီမိန်းမက သူ့အသိလားမှ မသိတာ”
“ဒါဆို သူ့အိမ်ကို လိုက်ပြန်ပို့လိုက်ပေါ့၊ ရသားပဲဟာ”
“ဟာ... ကားကျပ်လို့ ခဏခေါ်ချီထားတာ ဖြစ်မှာပါ”
လူတွေက တစ်ယောက်တစ်ပေါက် ပြောကြပြန်သည်။
“မောင်းမယ်ဟေ့ မောင်းမယ်”
စိတ်မရှည်သော ဒရိုင်ဘာက အော်နေသည်။ စက်ရပ်ထားသော ကားကို စက်ပြန်နှိုးသည်။ ဂီယာတွေ တစ်ထစ်ချင်း ထိုးနေသည်။
ခုနတုန်းက သူ့ဘေးတွင် ထိုင်နေသော အရက်စော်နံနေသည့် လူကြီးကတော့ သူ့ကိုကြည့်ကာ အဟစ်... အဟစ်နှင့် ရယ်နေလေသည်။
“ကျွန်တော် ဘာလုပ်ရမလဲ”
သူက အူကြောင်ကြောင်နှင့် မေးမိသည်။ တတ်နိုင်လျှင်တော့ သူ့လက်ထဲမှ ကလေးကို ထိုလူကြီး၏ပေါင်ပေါ်တွင် အသာကလေး တင်ထားခဲ့ကာ ဆင်းပြေးသွားချင်သည်။
“သူ့ဟာသူချီပြီး တက်လာတာ၊ မင်းဟာမင်း မနေနိုင် မထိုင်နိုင် လှမ်းခေါ်တာပဲ၊ မင်းနဲ့ ကံစပ်တယ်သာမှတ်။ ဟား... ဟား ... ဘာမှ လုပ်မနေနဲ့ ကိုယ့်လူရေ၊ အိမ်ကိုသာ ခေါ်သွားပေတော့ အာဟား... ဟား... ဟား”
အပိုင်(၃) ဆက်ရန်
မစန္ဒာ
crd 👉 https://www.facebook.com/108529964142302/posts/146371797024785/
No comments:
Post a Comment