ဦးကံမြင့်၏ ဆေးခန်းကလေးက အတော်လေး သပ်သပ်ရပ်ရပ်ရှိသည်။ ပတ်ပတ်လည် နံရံများကို အဖြူရောင် သုတ်ထားပြီး ခန်းဆီးအဖြူရောင်များကို တပ်ထားရာ စိတ်နှလုံး ကြည်လင်လန်းဆန်းဖွယ် လင်းပြီး သန့်နေသည်။
စားပွဲပေါ်က ပန်းအိုးထဲတွင် နှင်းဆီပန်း အနီနှစ်ပွင့် ထိုးထားသည်။ ဖူးငုံရာမှ ပွင့်လာခါစဖြစ်သော နှင်းဆီနှစ်ပွင့်သည် ရှုမငြီးဖွယ် လှပနေသော်လည်း အခန်းထဲတွင် နှင်းဆီနံ့တော့ သင်းမနေပေ။ အရက်ပျံနံ့နှင့် ပင်နယ်စလင်အနံ့သာ ပျံ့လွင့်နေသည်။
“ဆရာ့ကို ပြောစရာရှိတာနဲ့ လျှောက်လာခဲ့တာ”
“ဆို... ဦးဘပွား”
“မနက်တုန်းကလဲ စကားပြတ်သွားတာနဲ့”
“ဟုတ်ကဲ့...”
ဦးကံမြင့်သည် သူ့ရှေ့မှ ဦးဘပွားကို စကားပြော မမှားအောင် ကိုယ့်ကိုယ်ကို သတိပေးနေပါသည်။ မနက်တုန်းက ဦးဘပွားဆီက ပြန်လာပြီး သူ တစ်နေ့လုံး စိတ်မကောင်းဖြစ်နေရသည်။ ကင်ဆာဝေဒနာရှင် ဟူသည်မှာ သူ့ကိုယ်သူ ကင်ဆာဖြစ်နေမှန်း သိလျှင် သေမင်းဆီသို့ တစ်ဝက် ရောက်သွားသလို ခံစားကြရမြဲဖြစ်သည်ကို သူသိထားသည်။ ဦးဘပွားသည်လည်း သူ့ရောဂါကို သူသိသွားပြီမို့ ဘယ်လို ခံစားရမလဲ။ သူ ကိုယ်ချင်းစာနိုင်သည်။ အဆိုးဆုံးအချက်ကတော့ သူ့အနားတွင် သားရင်းသမီးရင်း သွေးရင်းသားရင်း တစ်ဦးတစ်ယောက်မှ ရှိမနေခြင်းပင် ဖြစ်သည်။
“ကျွန်တော့်မှာ ဒီရောဂါ ... အင်း... ဒီရောဂါ ဖြစ်နေပြီဆိုတာ ကျွန်တော့်သားသမီးတွေဆီ၊ နောက်ပြီး ကျွန်တော့်ဆွေမျိုးတွေဆီ လှမ်းပြီး အကြောင်းမကြားပါနဲ့လို့”
သည်လို ရောဂါမျိုးဆိုသည်မှာ ကာယကံရှင်ကို ဘာမှ အသိမပေးဘဲ သားသမီး ဆွေမျိုးသားချင်းများကိုသာ အသိပေးကာ ဝိုင်းဝန်းပြုစုကြမြဲ ဖြစ်သည်။ အခုတော့ ကာယကံရှင်တစ်ဦးတည်းက သိပြီး ကျန်လူများကို အသိမပေးပါနှင့်ဟု တောင်းဆိုနေချေပြီ။ ကပြောင်းကပြန်တွေတော့ ဖြစ်ကုန်ပြီဟု တွေးမိသည်။ သူ ဘာလုပ်ရမည်နည်း။
“ကျွန်တော့်ကို အဲဒီကတိတစ်ခုတော့ ပေးပါ ဆရာ”
“ဘာဖြစ်လို့လဲဗျာ”
“သူတို့ကို ဒုက္ခမပေးချင်လို့”
“မဟုတ်သေးပါဘူး ဦးဘပွားရယ်”
“နောက်ပြီး သူတို့အကူအညီကိုလဲ မယူချင်ဘူး၊ သူတို့ သနားတာကိုလဲ မခံချင်ဘူး”
“သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ဆိုတာ ကိုယ်ရဲ့ အရင်းအနှီးဆုံး လူသားတွေပဲဗျာ။ သူတို့ရဲ့အပြုအစု၊ သူတို့ရဲ့မေတ္တာကို ခင်ဗျား ယူရမှာပေါ့”
“လူတွေကို ကျွန်တော် မယုံဘူးဆရာ”
ဦးဘပွားက ခပ်ပြတ်ပြတ် ပြောသည်။
“ကျွန်တော် သေခါနီး ရုတ်ရုတ်သဲသဲ လာလုပ်ကြရင်လဲ ကျွန်တော် ဘဝကူးတောင် ကောင်းမှာမဟုတ်ဘူး၊ ကျွန်တော်သေသွားတော့မှ ဦးဘပွားကြီးတစ်ယောက်တော့ သေသွားပြီဟေ့လို့ သိကြပါစေတော့”
တစ်ညလုံး တစ်နေ့လုံးလုံး ဆောက်တည်ရာမရ စိတ်ဆင်းရဲပြီးသောအခါတွင်ကား ဦးဘပွားသည် သူ့ကို ခြောက်လှန့်နေသော သေခြင်းတရားကို စိတ်ဆိုးလာတော့သည်။ "ဒီလောက်တောင် လာချင်တဲ့သေမင်း လာစမ်းဟ၊ ဒီလောကမှာ ငါတစ်ယောက်တည်း သေရမှာ မဟုတ်ဘူး၊ တစ်နေ့ကျရင် လူတိုင်း သေရမှာပဲ၊ အလျင်သေတော့ အရင်အေးတာပေါ့”ဟု တွေးသည်။ လူတကာကို အပေါ်စီးမှနေပြီး ခပ်ကြွားကြွား ဆက်ဆံလေ့ရှိသူမို့ သေခြင်းတရားကိုလည်း မျက်နှာတည့်တည့်မူကာ ခပ်ကြွားကြွားရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။
“ခင်ဗျားကို ပြုစုဖို့လူ လိုလာလိမ့်မယ် ဦးဘပွား"
ဦးကံမြင့်က ခပ်ဆတ်ဆတ်ပြောသည်။ သူ လူမမာကြီးလုံးလုံးဖြစ်ကာ အိပ်ရာထဲ လဲလျှင် အနားတွင် ဆွေမျိုးရင်းချာတွေ ရှိသင့်သည်ကတော့ အမှန်ပင်။ ဒါကို ဦးဘပွားလည်း နားလည်လိမ့်မည်ဟု ထင်သည်။
“အဲဒါအတွက်တော့ ဆရာ့ကိုပဲ အားကိုးပါရစေတော့ ဆရာရယ်။ ယောက်ျားသူနာပြုကောင်းကောင်း တစ်ယောက် နှစ်ယောက်လောက် ရှာပေးပေါ့ဆရာရယ်၊ ဟုတ်ဘူးလား။ လခကောင်းကောင်းပေးရင် လူကောင်းကောင်းလေး ရနိုင်ပါတယ်နော်... ဆရာ”
သူ၏ နောက်ဆုံးအချိန်များအတွက် သူ့ဟာသူ စီစဉ်နေသော ဦးဘပွားကိုကြည့်ရင်း ဦးကံမြင့်၏စိတ်ထဲတွင် ထိထိခိုက်ခိုက်ကြီး ဖြစ်လာသည်။
“ဒါတွေကို သိပ်တွေးမနေပါနဲ့ ဦးဘပွားရယ်၊ အဝေးကြီး လိုပါသေးတယ်”
“သိပ်ဝေးမယ် မထင်ပါဘူး ဆရာရဲ့ ၊ ဆရာပဲပြောတယ်လေ၊ အဆုပ်ကင်ဆာဆိုတာ သိပ်မြန်တာဆို အဟက်... အဟက်"
ဦးဘပွားက မရယ်ချင်ဘဲ ရယ်ကာ နေရာမှ ထသည်။
“ကဲ... ဆရာလဲ လူနာတွေ စောင့်နေတယ်၊ သွားမယ်နော်”
“ဦးဘပွား”
ဦးကံမြင့်က လှမ်းခေါ်သည်။
“အိပ်ဆေးများ လိုမလား”
“မလိုဘူး ဆရာ၊ ကျွန်တော့်မှာ ရှိတယ်၊ ဒါပေမယ့် မလိုရင် မသောက်ပါဘူး၊ ဒီအတိုင်း အိပ်နိုင်အောင် ကြိုစားကြည့်ပါ့မယ်”
အခုတော့ သူတို့နှစ်ဦး ဟန်ဆောင်စရာမလိုတော့၊ ဖုံးကွယ်စရာလည်း မလိုတော့ပြီမို့ နှစ်ဦးစလုံး အနေရ အထိုင်ရ သက်သာသွားသည်။
“သားသမီးတွေကိုရော၊ ဆွေမျိုးတွေကိုရော မပြောရဘူးဆိုတော့လဲ ခင်ဗျားဆီက ကျွန်တော် ကတိတစ်ခုတော့ ပြန်တောင်းရလိမ့်မယ်”
ဦးကံမြင့် သူ့ဘေးသို့ လျှောက်လာရင်း ပြောသည်။ သူ့ကို စူးစမ်းဟန်နှင့် လှမ်းကြည့်သော ဦးဘပွားကို နွေးထွေးစွာ ပြုံးပြသည်။
“လူတွေကို မယုံဘူးဆိုရပေမယ့် ကျွန်တော့်ကိုတော့ ယုံပါဗျာ”
ဦးဘပွား၏ပခုံးနှစ်ဖက်ကို ခင်မင်ရင်းနှီးစွာ ဆုပ်ကိုင်ကာ တိုးတိတ်ညင်သာသောအသံနှင့် ပြောသည်။
“ဦးဘပွားရဲ့ ဆွေမျိုးရင်းချာ၊ ညီရင်းအစ်ကိုတစ်ယောက်ရဲ့ နေရာမှာ ကျွန်တော်နေပါရစေ၊ လိုလာမယ့် အကူအညီတွေကိုလဲ ပေးပါရစေ။ အဲဒီအခွင့်အရေးတစ်ခုကိုတော့ ကျွန်တော့်ကို ပေးပါနော်”
ဦးဘပွားသည် ဦးကံမြင့်အား ငေးစိုက်ကြည့်နေရင်း မသိမသာ မျက်ရည်ရစ်ဝဲလာသည်။ မျက်လွှာကို ဖျတ်ခနဲချကာ ခေါင်းကို ခပ်လေးလေး ညိတ်ပြသည်။ ထို့နောက် ဘာမှမပြောဘဲ ဆေးခန်းထဲမှ ထွက်ရန် ခြေလှမ်းပြင်သည်။
“မနက်ကျရင် ရွှေတိဂုံဘုရားကို လမ်းလျှောက်ကြမယ်နော်”
ဦးကံမြင့်က လှမ်းပြောတော့ “လျှောက်တာပေါ့”ဟု ပေါ့ပါးသွက်လက်ဟန်ရှိသော အသံနှင့် ပြောသည်။ ချယ်ရီသား လက်ကိုင်တုတ်ကို ဟန်ပါပါလွှဲကာ မျက်နှာမော့ပြီး ခပ်သွက်သွက် ထွက်သွားသည်။ လူအများအမြင်တွင် ကျန်းမာလန်းဆန်း ရွှင်ပြနေသူတစ်ဦးအဖြစ် ဟန်ဆောင်ခြင်းဖြစ်သော်လည်း သူ့ဟန်သည် လိုသည်ထက် ပိုနေ၍ ဦးကံမြင့်က ကရုဏာစိတ်တွေကဲကာ ငေးလျက် ကြည့်နေရစ်သည်။
ဆေးခန်းကလေးနှင့် အတန်ငယ်လှမ်းသော နေရာရောက်တော့ ဦးဘပွား၏ခြေလှမ်းများ နှေးသွားသည်။ မော့နေသော ဦးခေါင်းသည်လည်း အတန်ငယ် ငိုက်သွားသည်။
“ကိုယ့်ကိုယ်ကို မကြာခင် သေရတော့မယ်လို့ သိနေတဲ့ လူတစ်ယောက်အနေနဲ့ အကူအညီတွေဆိုတာ အများကြီးလိုတာပေါ့ ဦးကံမြင့်ရယ်။ ခင်ဗျားရဲ့စကား၊ ခင်ဗျားရဲ့စေတနာအတွက် ကျေးဇူးလဲတင်မိပါရဲ့၊ ဝမ်းလဲသာမိပါရဲ့”
ဦးဘပွားက စိတ်ထဲမှ ပြောမိသည်။ မျက်လုံးအိမ်တွင် ရစ်ဝဲလာသော မျက်ရည်များကို မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ပြီး ထိန်းသည်။
“ဘယ်သွားရမလဲ၊ ပွဲဈေးလျှောက်ရရင် ကောင်းမလား”
ပဒုမ္မာကွင်းဘက်တွင် ပွဲတန်းလေး ဖြစ်နေသည်။ သူကြိုက်သော မုန့်ကလေးတို့၊ ကောက်ညှင်းကျည်တောက်တို့ကို ဝယ်ယူ ရရှိနိုင်သည်။ ဘူးသီးကြော်ကြွပ်ကြွပ်များသာမက ရေမုန့်များလည်းရှိသည်။
“အင်း... ငါက မုန့်တွေ ဝယ်ပြီးပြန်သွား၊ အိမ်ကျတော့ မြေးတွေက ဟေး... ဘိုးဘိုးကြီး မုန့်တွေ ဝယ်လာတယ်ဟေ့လို့ ဝမ်းသာအားရ ဆီးကြိုကြ၊ အင်း... ဒီလိုဘဝ... ဒီလိုဘ၀”
အတွေးမဆုံးမီ တွေးမိသောသူ့စိတ်ကို သူ ဒေါသဖြစ်သွားသည်။
“ဒီလို ဘဝမျိုးကို ငါ ဘာလုပ်ရမှာလဲ၊ သံယောဇဉ်တွေ တစ်ထပ်ပြီးတစ်ထပ် ပတ်ပြီး နစ်မွန်းနေမယ့်ဘဝ၊ အလကားဘဝ”
ဦးဘပွားက မျက်နှာကို တင်းပြီး ခေါင်းကို ပြန်မော့လိုက်သည်။ အစစအရာရာပြည့်စုံသော သူ့ဘဝတွင် ဘာကိုမျှမလို။ သူ့မှာ ရွှေရှိသည်၊ ငွေရှိသည်၊ တိုက်ရှိသည်၊ ကားရှိသည်၊ အခြွေအရံများကိုလည်း လိုချင်လျှင် လိုသလောက်ရနိုင်သည်။
သူက ဝါကြွားစွာ ပြုံးသည်။ လမ်းဘေးတွင်ရှိသော မြက်ပင်ငယ်ကို တုတ်နှင့် ယမ်းကာ ရိုက်ပစ်လိုက်သည်။ မြက်ပင်လေး ပြတ်ထွက်သွားသည်ကို မြင်တော့ စိတ်ထဲတွင် အတန်ငယ် ကျေနပ်သွားသယောင်ရှိသည်။
ပန်းခြံလမ်းထိပ်ရောက်တော့ ရပ်ပြီး ညာဘက်ကွေ့ ရမလား၊ ဘယ်ဘက်ကွေ့ရမလား စဉ်းစားသည်။ ညာဘက်ကွေ့လျှင် ပဒုမ္မာကွင်းဘက် ရောက်သည်။ ပွဲဈေးရှိသည်။ ဘယ်ဘက်ကွေ့လျှင်ကား ဗားကရားလမ်းအတိုင်း လျှောက်ပြီး အိမ်ပြန်ရုံပင် ဖြစ်သည်။
နောက်ဆုံးကျတော့ စိတ်ကိုဆုံးဖြတ်ကာ ဘယ်ဘက်သို့ ကွေ့ လိုက်သည်။ အိမ်ကိုပဲ ပြန်တော့မည်။ အိမ်ရောက်လျှင် ဖျော်ရည်အေးအေး တစ်ခွက် သောက်မည်။ ဝတ္ထုဖတ်မည်။ ဂြိုဟ်တုသတင်း ကြည့်မည်။ ဗွီဒီယိုကြည့်မည်။ စိတ်ပေါက်လာလျှင် တရားစာအုပ် ဘာလေး ကောက်ဖတ်ချင်ဖတ်မည်။ ထို့နောက် အဆုံးအစမရှိဘဲ လွင့်ချင်သော စိတ်ကို လွှတ်ပေးမည်။ ကုန်လွန်ခဲ့ပြီးသော အချိန်များဆီသို့ သွားချင်လျှင်သွား၊ ကွယ်လွန်ခဲ့ပြီးသော ဇနီးသည်ဆီသို့ သွားချင်လျှင်သွား၊ ရေခြားမြေခြားမှ သားသမီးများထံသို့ သွားချင်လျှင်လည်းသွား၊ သွားချင်ရာသွား သူ စက်ကုန်လွှတ်ပေးလိုက်မည်။
နောက်ဆုံးတော့ အတွေးသည်သာ သူ့အတွက် အကောင်းဆုံးသောအဖော် ဖြစ်ရတော့မည် ထင်သည်။
“မြူးကြွတဲ့ တေးသံ၊ ပျံ့လွင့်လို့နေ၊ ကူးပြောင်းစ တန်ခူးလေမှာ တစ်ယောက်တစ်လက်မို့ လှမ်းကာ ဖျန်းပက်ကြစဉ် ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ....”
မြူးကြွသောသီချင်းသံကို ကြားရသည်။ လမ်းဘေးလက်ဖက်ရည်ဆိုင်မှ ဖြစ်သည်။
“အင်း...ဘာလိုလိုနဲ့ သင်္ကြန်တောင် နီးလာပြီထင်ပါရဲ့"
သူက ရောက်လာမည်အချိန်များကို တွေးနေမိသည်။ နောက် နှစ်လကျော်ကျော်လောက်နေလျှင် သင်္ကြန်ကျဦးတော့မည်။ ထိုအချိန်တွင် သူ၏ကျန်းမာရေးသည် မည်မျှလောက် ယိုယွင်းလာချေမည်နည်း၊ သူ မည်မျှကြာအောင် ဆက်ပြီး လန်းဆန်း ကျန်းမာဟန်ဆောင်နိုင်မည်နည်း။
မှောင်ရီသမ်းနေပြီ ဖြစ်သော်လည်း ဘတ်(စ်)ကားဂိတ်တွင်တော့ လူရှုပ်တုန်းပင် ဖြစ်သည်။ လူတွေအပြည့်တင်လာသော ဘတ်(စ်)ကားကြီးများသည် ငြူစူ စိတ်ဆိုးတတ်သော အဘိုးကြီးများလို တရှူးရှူး တရှဲရှဲ မြည်ကာ ဒေါကြီးမောကြီးနှင့် ပြေးလာနေကြသည်။ ကားတစ်စင်းရပ်လိုက်တိုင်း ကားထဲမှ ချွေးစော်နံနေသောလူများ လျှံထွက်လာတတ်သော်လည်း ကားကြီးကတော့ ချောင်သွားဟန် မရှိချေ။
“ကားတွေက ဘာဖြစ်လို့များ ဒီလောက် ကျပ်နေရတာလဲ၊ ရုံးဆင်းချိန်မို့လို့လား၊ ဒီပြင် အချိန်တွေမှာရော ဒီလိုပဲ ကျပ်တတ်တာပဲလား”
ဦးဘပွားက စဉ်းစားသည်။ သူ့တစ်သက်နှင့် တစ်ကိုယ် ငယ်စဉ်တန်းက တစ်ခါနှစ်ခါလောက်သာ ဘတ်(စ်)ကားစီးဖူးသည်။ ထိုစဉ်က ကားများသည် အခုအချိန်လောက် မောက်လျှံ ကျပ်ညပ်ခြင်း မရှိသေးချေ။
“ဒီလိုကားတွေကိုသာ နေ့တိုင်း စီးနေရရင် ငါတော့ အသက်တောင်ရှည်မှာ မဟုတ်ဘူး”
သူက စဉ်းစားသည်။ ထိုနောက်...“အခုရော ငါ့အသက်က ဘယ်လောက်ကြာအောင် ထပ်ရှည်ဦးမှာမို့လဲ” ဟု ဆက်တွေးမိကာ ရင်ထဲတွင် ပူဆာဆာကြီး ဖြစ်သွားသည်။
“အင်းလေ... ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဒီလမ်းကတော့ လူတိုင်း လူတိုင်း နောက်ဆုံး တစ်နေ့မှာ မလွဲမသွေ လျှောက်ရမယ့်လမ်း ဟ... ဟာ .... အမယ်လေး”
လမ်းမကျယ်ကို ကမူးရှူးထိုး ဖြတ်လာသူတစ်ဦးက ဦးဘပွားကို တည့်တည့်ကြီး ဝင်တိုက်သည်။ ဦးဘပွားခမျာ ဘေးသို့ ယိုင်ကာ ဟပ်ထိုးဟပ်ထိုးဖြစ်သွားသော်လည်း တုတ်နှင့်ထောက်ကာ ထိန်းလိုက်နိုင်၍ မြေပေါ်သို့ လဲတော့ ကျမသွား။
“ဟာ.. ဘကြီး သိုင်းကျူးနော် သိုင်းကျူး”
“အဲ.. ဆောရီးပါ ဆောရီး၊ ဟောဗျာ... အန်ကယ်ကြီး ကန်တော့ပါဗျာ”
“ကန်တော့... ကန်တော့”
သူ့ကို ဝင်တိုက်သူက ကလေးတစ်ယောက် ချီထားသည်။ သူ့လက်ထဲမှ ကလေးကို ပလက်ဖောင်းပေါ် ချလိုက်တော့မလို့၊ ခါးထစ်ပဲ ခွင်လိုက်တော့မလိုနှင့် ပျာယာခတ်ရင်း ကယောင်ကတန်းတွေ ပြောကာ တောင်းပန်သည်။ မြင်ပြင်းကတ်စရာကောင်းလှသော ထိုသူကို ပထမတော့ မြင်ဖူးသလိုလိုပဲဟု ထင်သည်။ နောက်တော့မှ အိမ်ပေါ်ထပ်တွင် နေသောသူဖြစ်မှန်း သတိရသည်။
“ကန်တော့ပါ အန်ကယ်ကြီးရယ်၊ ကန်တော့နော် ကန်တော့၊ ကျွန်တော်လဲ စိတ်ညစ်ညစ်နဲ့မို့ ဘယ်သူ့ကိုမှတောင် မမြင်မိတော့ဘူး”
ထိုသူက ထပ်ပြန်တလဲလဲ တောင်းပန်နေသည်။ အားတုံ့အားနာဖြစ်ခြင်းနှင့် စိတ်ညစ်ညူးခြင်းတို့ ရောထွေးနေသော မျက်နှာသည် ရယ်စရာလည်း ကောင်း၊ သနားစရာလည်း ကောင်းနေသည်။
"ရပါတယ်ကွ.. မနာပါဘူး”
အတန်ငယ် စိတ်နှလုံးပျော့ပျောင်းနေသော ဦးဘပွားက အလိုက်သင့် ပြောလိုက်သည်။ ထို့နောက် ထိုလူသည် လူပျိုကြီးဖြစ်ကြောင်းကို တစ်ဆက်တည်း သတိရသည်။ လူပျိုကြီးသည် ဘယ်က ကလေးကို ချီလာလေသနည်းဟု ဆက်၍ စဉ်းစားမိလေသည်။
“ကားပေါ်ကနေ ကလေးတစ်ယောက် ကောက်ရလာလို့ အန်ကယ်ကြီးရယ်”
ထိုသူက သူ့အတွေးကို သိလိုက်သလို မမေးဘဲနှင့် ဖြေသည်။ ရယ်စရာပြောခြင်း ဖြစ်လေသလားဟု ဦးဘပွားက တွေးလိုက်မိသော်လည်း သူအသံက ငိုသံပါနေသည်ဟု ထင်ရလေသည်။
* * *
“ဟောတော့... ဘယ်လိုဖြစ်တာလဲ”
မခင်လှက တအံ့တသြ ရေရွတ်မိသည်။ ကြားရသောစကားကို မယုံ။
“ဟုတ်တယ် မေမေရဲ့၊ ဦးကောင်းက ကလေးလေး တစ်ယောက်ကို ခေါ်လာလို့ ဘဖိုးထင်က ဆူနေတယ်”
“ဘယ်က ကလေးလေးတုန်း”
“ဘတ်(စ်)ကားပေါ်က ရခဲ့တာတဲ့”
“ဘယ်တုန်းကလဲ”
“ခု.. ညနေ ရုံးက ပြန်လာတုန်းကတဲ့”
“နေစမ်းပါဦးဟယ် ကိုတူးရဲ့ ၊ နင်ပြောနေတာတွေ မဟုတ်သေးပါဘူး”
မခင်လှက ဆေးလက်စပန်းကန်များကို ကမန်းကတန်း ဆက်ဆေးသည်။ ကိုတူး သယ်ဆောင်လာသော သတင်းက ထူးသော်လည်း မှန်ချင်မှ မှန်မည်။
“လာပါ မေမေရဲ့၊ သွားကြည့်ရအောင်”
ကိုတူးက ဆေးပြီးသား ပန်းကန်များကို ပန်းကန်စင်ပေါ်တင်ပေးရင်း လောဆော်နေသည်။
“ကိုဦးနဲ့ မိကဲတောင် အဲဒီမှာ ရောက်နေကြပြီ”
မခင်လှသည် ရေစိုနေသော လက်နှစ်ဖက် တင်ပါးတွင် သုတ်လိုက်ပြီး ထဘီကို ပြင်ဝတ်သည်။
“ဘယ်လိုပါလိမ့်၊ လူပျိုကြီး ကားပေါ်ကနေ ကလေးတစ်ယောက်ရလာတယ်လို့၊ ဘယ်လို ဖြစ်တလဲ” ဟု တွေးရင်း ပြေကျနေသော ဆံပင်ကို စုသိမ်းကာ ဘီးနှင့် ပြန်ပတ်သည်။
“လာပါ မေမေကလေဲ”
“အေးပါဟယ်... အေးပါ”
မခင်လှ မီးဖိုထဲမှ ခပ်သွက်သွက် ထွက်လာတော့ ဒရောသောပါးဝင်လာသော ကိုရန်ဝေးနှင့် အပေါက်ဝတွင် တိုက်မိသည်။ မခင်လှ နဖူးနှင့် ဆောင့်မိ၍ မေးစေ့နာသွားသော်လဲ ကိုရန်ဝေးက လက်နှင့်ပင် မပွတ်အားသေးဘဲ “ဟိုဘက်ခန်းမှာ ကလေးလေး တစ်ကောင်ရောက်နေတယ်ဟ”ဟု အလောတကြီး ပြောသည်။
“အဲဒါ တကယ်လား”
“သား ပြောနေတာ မေမေက မယုံဘူး ဖေဖေရ”
ကိုတူးက မခံချင်ဟန်နှင့် ပြောသည်။ အရေးအခင်းကာလတုန်းက လူတကာ သယ်ဆောင်လာသော ကောလဟလများကို ခဏခဏ ယုံခဲ့ရလွန်းသဖြင့် ခုတော့ မခင်လှသည် ကိုယ့်မျက်စိနှင့် ကိုယ်မမြင်ရလျှင် ဘာကိုမျှ သိပ်ပြီးမယုံချင်တော့ပေ။
“ကလေးလေးကို ဘာလို့ ခေါ်လာတာတဲ့လဲ”
“အဲဒါတော့ မသိဘူး၊ ကိုယ့်ဟာကိုယ် မေးကြည့်”
တစ်ဘက်ခန်းကို မရောက်မီ ကလေးသံကို အလျင်ကြားလိုက်ဘော့ အမေးအမြန်း ထူနေသော မခင်လှ နည်းနည်း ယုံချင်သွားသည်။ အခန်းကျဉ်းကလေးထဲတွင် လူတွေ ပြည့်နေတာကို မြင်ရတော့ ပိုပြီးယုံချင်သွားလေသည်။
ကိုကောင်းထက်တို့ဧည့်ခန်းထဲတွင် လူတွေ ပြည့်နေသည်။ အောက်ထပ်က ဒေါ်ရွှေနုတို့သားအမိ နှစ်ယောက်လုံး ရောက်နေသည်။ လက်ပံလမ်းထဲမှ မောင်သူရတို့သားအမိကိုလည်း တွေ့ရသည်။ ဖိုးမူ၊ ဖိုးခွားတို့ မောင်နှမနှင့် သူတို့ ဖခင် ကိုနေဝင်း၊ နောက်ပြီး ကိုနေဝင်းတို့အိမ်နားမှ ကိုခင်မောင်ဆွေနှင့် ကိုညီညီဝင်း၊ တက္ကသိုလ်မှ ဆရာမ ဒေါ်တင်တင်အေးတို့ကိုလည်း တွေ့ရသည်။
တအံ့တသြဖြစ်နေဟန်ရှိသော သူတို့မျက်နှာတွေကို လှမ်းမြင်လိုက်တော့ ရရှိသောသတင်းသည် သတင်းဦး မဟုတ်သော်လည်း သတင်းထူး၊ သတင်းမှန်ဖြစ်ကြောင်း သေချာသွားသည်။
သူတို့ကိုကျော်ပြီး ကဲကြည့်လိုက်သောအခါမှ ငိုနေသော ကလေးလေးတစ်ယောက်ကို မောင်သူရ၏ညီမလေး ခိုင်ရွှေဝါက ချီပြီးချော့နေသည်ကို တွေ့ရသည်။
“နို့ဆာနေတာ ထင်တယ်”
မမွှေးကြူက ပြောသည်။
“ကြောက်နေတာလား မသိဘူး”
ကိုခင်မောင်ဆွေက ဆိုသည်။
“နို့မှုန့်ရှိရင်တော့ ကောင်းသား”
“ဟဲ့ ဒီအရွယ်ဆိုရင် ထမင်းစားတတ်ပါပြီဟဲ့၊ လာစမ်း... ထမင်းလေး ဝါးခွံ့ရအောင်”
“ထမင်းတစ်ပန်းကန်လောက် ပေးစမ်းပါ”
ဒေါ်ရွှေနုက တဟဲ့ဟဲ့အော်ကာ တောင်းနေသော်လည်း အိမ်ရှင်ဖြစ်သော ဦးထင်နှင့် ကိုကောင်းထက်တို့က မကြားချေ။ ကြည့်ရသည်မှာလည်း ခါတိုင်းနှင့်မတူ ပြောင်းပြန်ဖြစ်နေသည်။ အရက်သောက်ထားသော ဦးထင်က မမူးဘဲ ကိုကောင်းထက်က မသောက်ဘဲ မူးနေဟန်ရှိသဖြင့် ကိုရန်ဝေး ရယ်ချင်သွားသည်။
“သင်္ကြန်နှစ်ဦး၊ ထူးပို့ ထူးပို့ တူးသံ မြူးသာသာ"
“သင်္ကြန်မယ်များ ထူးပို့ ထူးပို့၊ တူးမာရဲ့ နော်ဗျာ"
ဖိုးခွားနှင့် ကိုတူးက ကလေးငယ်၏လက်ကလေးကို တစ်ယောက် တစ်ဖက်စီကိုင်ကာ သီချင်းဆိုပြီး ချော့နေကြသည်။
“မောင်လေးရေ... မောင်လေး”
“ဒီမှာကြည့်၊ ချိုမိုင်မိုင် ချိုချို... ချိုမိုင်မိုင်...ချိုချို ချိုမိုင်မိုင်"
ကဲကဲကတော့ ကလေး၏ရှေ့တွင် အစွမ်းကုန် ချိုသာသော မျက်နှာလေးနှင့် ချိုမိုင်မိုင် ကပြနေသည်။ ကလေးကို အငိုတိတ်အောင် ချော့နေကြခြင်းဖြစ်သော်လည်း သူတို့လုပ်ပုံက ချော့သည်နှင့်မတူ ခြောက်နေသည်နှင့် တူသည်ဟု ကိုရန်ဝေးက တွေးရင်း ရယ်မိပြန်သည်။
မျက်စိနောက်ပြီး ထိတ်လန့်နေဟန်ရှိသော ကလေးက ကိုကောင်းထက်ဘက်သို့ ကိုယ်ကလေး ယိမ်းထိုးကာ ငိုသည်။ အဆူခံနေရသာ ကိုကောင်းထက်ကလည်း သူ့ကို လှည့်၍ပင် မကြည့်အားရှာချေ။
“တွေ့ကရာ ကလေးကို တွေ့ရာ မိန်းမက မင်းပေါင်ပေါ် တင်သွားတာနဲ့ အိမ်ကိုခေါ်ယူရရောလား ဟကောင်ရ၊ အခု ဒီကလေး နို့ဆာနေပြီ၊ ငိုနေပြီ၊ ဘယ်လိုလုပ်မလဲ၊ မင်းနို့က လှန်တိုက်လို့ ရလို့လားကွာ... ဟေ”
ဦးထင်က အော်သည်။ လက်ထဲတွင် ငွေနည်းနေ၍ ခြစ်ခြစ်ခြုတ်ခြုတ် ခံစားခဲ့ရသော ဆက်ရက်မင်းစည်းစိမ်လေးလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီမို့ တော်တော်လေး စိတ်တိုနေပုံရသည်။
“ခေါ်မလာလို့ ဘယ်နှယ့်လုပ်ရမလဲ အဖေရ၊ ကားပေါ် မှာ ချထားခဲ့လို့လဲမရ၊ လမ်းပေါ်မှာ ထားခဲ့ရအောင်ကလဲ သနားစရာ”
“ဟကောင် ... သူတို့ကတောင် မသနားတာ၊ မင်းက ဆွေမတော် မျိုးမစပ် ဘာကိစ္စ သနားနေရတာတုန်း”
“လူမို့လို့ သနားတာ အဖေရ...၊ လူမို့လို့ သနားတာ”
ကိုကောင်းထက်က စိတ်ညစ်ညစ်နှင့် အော်သည်။ ပြဿနာထုပ်ကို အိမ်သယ်လာရသော်လည်း သည်ပြဿနာက သူ့အလိုလို ခေါင်းပေါ်ရောက်လာသော ပြဿနာဖြစ်သည်။ သည်ကလေးကို အိမ်ပေါ် ခေါ်မလာဘဲ လမ်းဘေးချပစ်ခဲ့ရလျှင် ကောင်းမလား၊ လက်ဖက်ရည်ဆိုင်ထဲ အသာထားခဲ့ရလျှင် ကောင်းမလား၊ သူ စဉ်းစားမိသေးသည်။ သို့ပါသော်လည်း ကလေးငယ်၏ မျက်နှာနုနုလေးကို ငုံ့ကြည့်မိတော့ သူဘယ်လိုမှ မလုပ်ရက်။ သည်ကလေးသည်သာ သူ၏သားကလေးဖြစ်လျှင် သူဘယ်လိုခံစားရမလဲ၊ သူ၏ဘဝထဲမှ ထွက်ခွာသွားသော ကလေးငယ်သည် နောက်နောင်ဘဝများ သည်လိုအဖြစ်မျိုး ကြုံနေရလျှင် သူဘယ်လိုလုပ်ရပါ့မလဲ၊ ခိုကိုးရာမဲ့သော ကလေးငယ်၊ ဆွေမရှိ မျိုးမရှိသော တွယ်ရာမဲ့ ကလေးငယ်၊ ထိုကလေးငယ်ကို သူကလည်း မျက်နှာလွှဲလိုက်၍ မသမာသူလက်ထဲ ရောက်သွားသည် ဆိုပါစို့၊ သူတောင်းစားကလေး ဖြစ်သွားသည် ဆိုပါစို့...၊ အသက် ဆုံးရှုံးသွားသည် ဆိုပါစို့ .... ။
သူ ဆက်၍ မတွေးရဲ၊ ထိုသို့သာဆိုလျှင် သူ၏ ကျန်ရှိနေသေးသည့် ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ထိုအဖြစ်ကို အမြဲသတိရပြီး စိတ်ဆင်းရဲနေရတော့မည် ဖြစ်သည်။
"ထမင်း ရပြီဗျို့ ... ထမင်း... ထမင်း”
အိမ်ပြန်ပြီး ထမင်းယူလာသော ကိုဦးက ထမင်းဇလုံကြီးကို ပိုက်ကာ ပြန်ပြီးပြေးဝင်လာသည်။ သူ့လက်ထဲမှ ထမင်းဇလုံကြီးကို ကြည့်ရင်း မခင်လှက စိတ်ထဲမှနေပြီး “ကုန်ပါပြီတော်” ဟု ရေရွတ်လိုက်မိသည်။ သူ မနက်စောစော ထမင်းကြော် ကြော်ရန် ရည်ရွယ်ပြီး ကြောင်အိမ်ထဲ ထည့်သိမ်းခဲ့သော ထမင်းဇလုံကို ကိုဦး အကုန်ယူချလာချေပြီ။
“ပေး... ပေး”
ဖွားရွှေက ကိုဦး၏လက်ထဲမှ ထမင်းဇလုံကို အလောတကြီး လှမ်းယူသည်။ ထို့နောက် သူ့ပါးစပ်ထဲ တစ်လုပ်ကောက်ထည့်လိုက်ကာ တပြက်ပြက်နှင့် ဝါးသည်။
“ဟာ... သူ့ပါးစပ်ကြီးက သန့်မှသန့်ရဲ့ လား မသိပါဘူး”
ကိုရန်ဝေးက အတန်ငယ် စိတ်ညစ်သွားသည်။
“လက်မဆေး ဘာမဆေးနဲ့ သူ့လက်ကြီးနဲ့ နှိုက်လိုက်တာ၊ ကျန်တဲ့ထမင်းတွေတော့ သိုးကုန်တော့မှာပဲ ထင်ပါရဲ့ တော်”
မခင်လှက ပိုပြီး စိတ်ညစ်သွားသည်။ သို့သော် ခိုင်ရွှေဝါဆီမှတစ်ဆင့် နော်ဒိုင်ယာနာ၏လက်ထဲ ရောက်နေသော ကလေးလေးကတော့ တော်တော်ပျော်သွားပုံရသည်။ သူ့ပါးစပ်ထဲသို့ ထမင်းဝါးဖတ်ကလေး ခွံ့ပေးလိုက်တော့ ချက်ချင်း အငိုတိတ်သွားသည်။ စုံစုံမက်မက်နှင့် တမြုံ့မြုံဝါးကာ အလောတကြီး မျိုချသည်။
“ဟုတ်တယ်ဟဲ့... ဆာနေရှာတာ”
ဖွားရွှေက ဝမ်းသာအားရနှင့် အော်သည်။ ထမင်းတွေကို အပြက်ပြက်နှင့် ဆက်ဝါးသည်။ နေ့ခင်းတုန်းက ခေါင်းကိုက်နေသဖြင့် တစ်ညလုံးထိုင်ကာ...“အင်း.. ခေါင်းတွေကလဲ တစစ်စစ် ကိုက်လိုက်တာ၊ ငါ့ဦးနှောက်ထဲမှာ ကျူမာဆိုတာများ ဖြစ်နေသလား မသိဘူး”ဟု တွေးနေမိသော အတွေးများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
“ဒီတစ်ညတော့...ဒီမှာပဲ ထားလိုက်ပါ အဖေရာ၊ နက်ဖြန် မနက်ကျတော့မှ အဖေကြိုက်တာလုပ် ဟုတ်လား”
ကိုကောင်းထက်က သူ့အဖေကို ချော့နေသည်။
“အိုဗျာ... ကိုယ်နဲ့ ကံစပ်လို့ ကိုယ့်လက်ထဲ ရောက်လာတာ သားတစ်ယောက် ကောက်ရတာပေါ့။ ပထမအနေနဲ့ သားတစ်ယောက်ရပြီးတော့ ဒုတိယအနေနဲ့ အမေလုပ်မယ့်သူကို ရှာ...”
ကိုနေဝင်းက ကိုကောင်းထက်၏ပခုံးကို ပုတ်ကာ ရယ်ရယ်မောမောပြောသည်။ ထိုနောက် မမွှေးကြူဘက်သို့ လှည့်ကာ... . “နော်ဗျာ... ဟုတ်ဘူးလား”ဟု ထောက်ခံမဲ တောင်းသည်။ သူက သဘောရိုးနှင့် အမှတ်တမဲ့ ပြောလိုက်ခြင်းဖြစ်သော်လည်း အတန်ငယ် ရှက်သွားသော မမွှေးကြူက မကြားချင်ဟန်ဆောင်နေလေသည်။
“အဝတ်အစား နွမ်းပေမယ့် ကလေးလေးက ရုပ်ရည်သန့်သန့် လေးပါဟယ်”
“နေပါဦး... ကလေးက ဘာလေးတဲ့တုန်း”
“ဟုတ်ပါရဲ့ .. ဘာလေးပါလိမ့်”
“ယောကျာ်းလေး... ယောက်ျားလေး”
“ဆီဆုံလမ်းထဲက မဝင်းကို သွားခေါ်ရအောင် သူက နို့သိပ်ရွှင်တာ”
“ခြောက်လသားလောက်ဆိုရင် နို့ဖြတ်လို့ရပါပြီ။ ကြည့်ပါဦး.. သွားကလေးတွေတောင် ငုတ်တုတ်ကလေး ထွက်နေပြီပဲ"
“အံမယ်.. သူ့ခေါင်းမှာ ဗွေနှစ်လုံးနဲ့”
“ကြည့်စမ်း၊ ထီးရိုးကြီးမှ ထင်းလို့၊ ဒီကလေး ကောင်းစားမယ့်ကလေး သေချာတယ်”
ကလေးက အငိုတိတ်သွားတော့ လူကြီးများက တစခန်း ထလာသည်။ ကလေးကို ဘောင်းဘီလှန်ကြည့်သူကကြည့်၊ ဆံပင်ဖြဲကြည့်သူက ကြည့်၊ လက်ဝါးဖြန့်ပြီး ကြည့်သူက ကြည့် ဆူညံနေသည်။
“အင်း... ခုနတုန်းက ကလေးငိုနေတဲ့အသံကမှ နည်းနည်း နားခံသာသေးတယ်”
နံရံကိုမှီကာ ငူငူကြီး ထိုင်နေသော ဦးထင်က တွေးသည်။ သူ့သား ကိုကောင်းထက်ကိုလည်းကောင်း၊ ကလေးလေးကိုလည်းကောင်း၊ တစ်ယောက်တစ်ပေါက် ဆူညံနေသောလူများကိုလည်းကောင်း၊ အကုန်လုံးကို မြင်ပြင်းကတ်ပြီး စိတ်တိုနေသည်။
“သူ့ကို“ကောက်ရ”လို့ နာမည်ပေးရအောင်လေ”
ကလေးဝိုင်းမှ အသံများက သူ့နားထဲ ဝင်လာပြန်သည်။
“ဟာ... ကောက်ရတာမှမဟုတ်ဘဲ၊ ဦးကောင်းက လှမ်းခေါ်တာတဲ့”
“ဒီလိုဆိုရင် “လှမ်းခေါ်”လို့ ခေါ်ရမလား”
“ဟ... ဘယ်လို နာမည်ကြီးလဲ”
“ရန်အောင်လို့ ခေါ်ဟာ”
“ငါက ရန်အောင်ကြိုက်တယ်”
“လွင်မိုးကွာ”
“ကျော်သက်ဟာ”
“ကျော်ဟိန်းလို့ ခေါ်”
“အဲဒါ အကောင်းဆုံးပဲ၊ ကိုကံချွန်လေ... ကိုကံချွန် နောက်မဆုတ်နဲ့”
“ဟင့်အင်း... ငါကတော့ နေအောင်ပဲ”
“အံ့ကျော်ကွာ... ကဲ”
“ကွမ်းသီးကွာ... မိုမိုကွမ်း”
“ဒီလိုဆို ဦးဝမ်ချူးကွာ... ကိုင်း"
“အို အကောင်းဆုံးကတော့ မော့စ်”
“ဟုတ်တယ်၊ မော့စ်လေ.. မော့စ်... ဖာတစ်လုံး ၊ ရွှေရိုး”
“ဟ... နကွေပါဦးဟ၊ နကွေပါဦး”
မောင်သူရက အော်သည်။ သူက စက်မှုတက္ကသိုလ်မှ ဘွဲ့ရသော အင်ဂျင်နီယာတစ်ဦးဖြစ်သော်လည်း ကလေးများနှင့်ခင်ခင်မင်မင် ရောရောနှောနှောနေတတ်၍ သူ့ကို အားလုံးက ချစ်ကြသည်။
“မင်းတို့ စဉ်းစားကြည့်ကြစမ်း၊ သူက ကံကောင်းလို့ ဦးကောင်းနဲ့ တွေ့လာတာ မဟုတ်လား”
မောင်သူရက မေးတော့...ကလေးများက ခေါင်းညိတ်သည်။
“ဒီတော့ သူ့ကို ကံကောင်းလို့ ခေါ်ကြရအောင်၊ မကောင်းဘူးလား”
“ဟေ့.. ကံကောင်း”
ကလေးများက ဝမ်းသာအားရ အော်လိုက်ကြသည်။
“အဲဒီနာမည် ကောင်းတယ်ဟေ့”
လူကြီးတွေကလည်း ထောက်ခံကြသည်။
ဦးထင်ကတော့ ထမင်းတွေကို အငမ်းမရ စားနေရှာသော ကလေးငယ်အား ကြည့်ရင်း သည်နေ့ညနေအတွက် ပထမဦးဆုံးအကြိမ်အဖြစ် ရယ်မောမိလေသည်။
“မင်းက ကံကောင်းလို့ ငကောင်းနဲ့ တွေ့တာပဲ အဟေး.... ဟေး... အေး၊ ငါ့သား ငကောင်းကတော့ ကံမကောင်းလို့ မင်း တွေ့တာထင်ပါရဲ့ မောင်ကံကောင်းရယ်”
* * *
နံနက်စောစော လင်းအားကြီးမို့ ကားအသွားအလာလည်း မရှုပ်၊ လူအသွားအလာလည်း ကျဲသေးသည်။ သူတို့ရှေ့တွင် ခပ်သွက်သွက် လျှောက်သွားနေသော ပဲပြုတ်သည်က...“ပဲ... ဟဲ... ဟဲ... ဟဲ... ပြုတ်”ဟု ဆွဲဆွဲငင်ငင် အော်လိုက်သည်။ မြင့်မိုရ်လမ်းထဲသို့ လျှောက်ဝင်သွားသော အခြားတစ်သည်ကမူ...“ပဲ... ပြုတ်” ဟု ခပ်တိုတို၊ ခပ်ပြတ်ပြတ်၊ ခပ်ဆတ်ဆတ် အော်လိုက်လေသည်။
ပဲပြုတ်သည်နှစ်ဦး၏ အော်သံနှစ်မျိုးကို နားထောင်ရင်း ဦးကံမြင့်က ရယ်ချင်သွားသည်။ သို့သော် ဦးဘပွားကမူ ရယ်ချင်ပုံမရ၊ နဂိုနေ ခပ်တင်းတင်းဖြစ်သော သူ့မျက်နှာသည် သည်တစ်ခါတော့ ပိုပြီးမှုန်နေသည်ဟုပင် ဦးကံမြင့် ထင်မိသည်။
“အင်း... ကိုယ့်ကိုယ်ကို ကင်ဆာဖြစ်နေပြီလို့ သိထားတဲ့လူတစ်ယောက်အနေနဲ့ ပဲပြုတ်သည် အော်တာကို နားထောင်ပြီး ဘယ်လိုလုပ် ရယ်ချင်ပါ့မလဲလေ”
ဦးကံမြင့်က ကရုဏာစိတ်နှင့် တွေးနေမိသည်။ ဦးဘပွားကိုကြည့်ရသည်မှာ မျက်နှာက ခပ်မှုန်မှုန်၊ မျက်တွင်းက ခပ်ကျကျနှင့် ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း မရှိပေ။
“ညက အိပ်ပျော်ရဲ့လားဟင် ဦးဘပွား”
“ဘယ် အိပ်လို့ ရပါ့မလဲဗျာ”
အမေးစောင့်နေဟန်ရှိသော ဦးဘပွားက ညည်းညည်းညူ ဖြေသည်။
“ညက အိမ်အပေါ်ထပ်မှာ ညဉ့်နက်သန်းခေါင်အထိ တစ်ယောက်ဆင်း တစ်ယောက်တက်နဲ့ သောသောကို ညံနေကြတာပဲ”
“ဘာလို့တုန်းဗျ”
"အပေါ်ထပ်က အူတူတူလူလေဗျာ၊ ကိုကောင်းထက်ဆိုတဲ့ လူပျိုကြီးဟာကော”
“ဘာလဲ အဲဒီလူပျိုကြီး မိန်းမရလာလို့လား”
ဦးကံမြင့်က ရယ်ရယ်မောမော မေးသည်။ ထိုလူပျိုကြီးကို သူလည်း မျက်မှန်းတန်းမိသည်။ မျက်နှာချိုကာ ရိုကျိုးဟန်ရှိသော်လည်း အူကြောင်ကြောင်တော့ လုပ်လေ့ရှိသည်။ တစ်ခါက တုပ်ကွေးဖျားပြီး သူ့ဆီ ရောက်လာဖူးသည်။ သူ ဝင်မလာခင်ကတည်းက တဟွတ်ဟွတ် ဆိုးနေသော ချောင်းသံကို ကြားရသည်။ (ဟိုတလောက တုပ်ကွေးဖျားသူတိုင်း ချောင်းဆိုးကြသည်။) ခဏနေတော့ အနွေးအင်္ကျီ အထူကြီး ဝတ်ထားသောသူက ဆေးခန်းထဲသို့ ဝင်လာသည်။ သူ့ရှေ့က ကုလားထိုင်တွင် ရို့ရို့လေး ဝင်ထိုင်ကာ သူ့ကို ပြုံးကျဲကျဲလေးကြည့်ပြီး... “ဦး... နေကောင်းပါရဲ့ လား ခင်ဗျာ”ဟုဆိုသည်။ ဆေးခန်းလာသော လူနာက ဆရာဝန်ကို ကြည့်ပြီး “နေကောင်းပါရဲ့ လား” ဟု ပဋိသန္ဓာရ စကားဆိုပုံကြောင့် ဦးကံမြင့် ရယ်မောခဲ့ရသေးသည်။
“မိန်းမရလာတာ မဟုတ်ဘူး ဆရာရဲ့ ၊ ကလေးရလာတာ”
“ဘာရယ်ဗျာ”
“ဟုတ်တယ်... ကလေးရလာတာ”
“ဟား... ဟား ... ဟား ဒီလိုဆို လူပျိုကြီး ခြေပုန်းခုတ်ထားပြီ ထင်တယ်”
သူက ကြိုတင်၍ ဟောကိန်းထုတ်ကာ ရယ်မိပြန်သည်။ သူ၏ရောဂါ သူ၏ဝေဒနာအကြောင်းနှင့် မသက်ဆိုင်သော ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး စကားလေးများကို ပြောရင်း ဦးဘပွားကို စိတ်ပြေလက်ပျောက် ရှိစေချင်သော စေတနာကြောင့် ဖြစ်လေသည်။
“ဒီလိုဗျ... ဒီလို၊ ခင်ဗျားမသိပါဘူးဗျာ”ဟူသော လေသံနှင့် ဦးဘပွားက ခပ်ဆတ်ဆတ် ပြောသည်။ သို့သော် သူ့မျက်နှာတွင် အပြုံးရိပ်ကလေး ခေတ္တဖြစ်သွား၍ ဦးကံမြင့် ကျေနပ်သွားသည်။
“ဘတ်(စ်)ကားပေါ်မှာ ကလေးချီ တက်လာတဲ့ မိန်းမတစ်ယောက်ဆီက ကလေးကို ခေါ်ပြီး ပေါင်ပေါ်တင်လာတာတဲ့လေ၊ အဲဒီမိန်းမက ကလေးကို သူ့ဆီမှာ ထားခဲ့ပြီး ကားပေါ်က ဆင်းပြေးသွားလို့တဲ့ဗျာ”
“ဟောဗျာ”
ဦးကံမြင့်၏ပါးစပ်သည် ဟက်ကနဲ ပြဲသွားပြီး တအံ့တသြဖြစ်သွားသည်ကို မြင်လိုက်တော့ ဦးဘပွား သဘောကျသွားသည်။
“အဲဒီတော့ အဲဒီလူက ဘာလုပ်သတုန်း”
“ဘာလုပ်ရမလဲ ကလေးကြီး ချီပြီး အိမ်ပြန်ရောက်လာတာပေါ့။ အိမ်ရောက်တော့ ကလေးက ကျွက်ကျွက်ညံအောင် ငို၊ သူ့အဖေ အမူးကြီးက သူ့ကိုဆဲ၊ လမ်းထဲကလူတွေကလဲ ဆင်းလိုက်ကြ၊ တက်လိုက်ကြ၊ ရုတ်ရုတ်သဲသဲ
ပြောမပြောချင်တော့ပါဘူးဗျာ”
ရှုံ့ရှုံ့မဲ့မဲ့ပြောနေသော ဦးဘပွား၏မျက်နှာကို လှမ်းကြည့်ကာ ဦးကံမြင့်က ဟက်ဟက်ပက်ပက် ရယ်မိသည်။ ဦးဘပွားမျက်နှာ တစ်ချက်ကြည့်ရုံနှင့် လူတွေ ဘယ်လောက် ဆူညံပြီး သူ ဘယ်လောက် စိတ်ညစ်ခဲ့ရကြောင်း သိသာ ထင်ရှားနေသည်။
“အခုရော အဲဒီကလေး ဘာလုပ်လိုက်ကြလဲ”
“သိပါဘူးဗျာ၊ မနေ့ညတုန်းကတော့ အပေါ်ထပ်မှာ အိပ်တာပဲ”
မနေ့ညတုန်းက ဦးဘပွား ကောင်းစွာ အိပ်မပျော်ပေ။ ခါတိုင်းလိုပင် သုံးလေးခါလောက် နိုးသည်။ နိုးတိုင်းလည်း ကလေးငိုသံကို နားစွင့်မိသည်။ မအိပ်မီက...“ဒီညတော့ ကလေးငိုသံ ကြားနေရတာနဲ့ အိပ်လို့ရမှာ မဟုတ်ပါဘူး” ဟု မကျေမနပ် တွေးရင်း အိပ်ပျော်သွားသည်မို့ ကလေးငိုသံ မကြားရတော့ ထူးဆန်းနေသည်။
ကလေးငိုသံကြားလျှင် တရှူးရှူး ထွက်လိုက်မည်ဟု ပြင်ထားသော ဒေါသအငွေ့ အသက် အမှုန်အခိုးများသည်လည်း အီလည်လည် ဖြစ်သွားကြသည်။ မကြားရလေ နားစိုက်၍ ထောင်မိလေနှင့် ရုတ်တရက် ပြန်၍ အိပ်မပျော်။
ခါတိုင်းလည်း တစ်ရေးနိုးလျှင် ပြန်အိပ်မပျော်တတ်ဘဲ စိတ်အတွေးနယ်ကို ကမ္ဘာမြေအနှံ့ ဖြန့်ချင်တိုင်း ဖြန့်လျက် မျက်လုံးကြောင်နေလေ့ ရှိမြဲဖြစ်သည်။ သူကသာ နားတစ်စွင့်တည်း စွင့်နေမိသော်လည်း ကလေးငယ်ကတော့ အဲ့ခနဲ တစ်ချက်တစ်လေပင် မငို၊ ဘွားရွှေ ဝါးခွံထားသော ထမင်းများကို အပြည့်အသိပ်စားထားသည်မို့ ဗိုက်တင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပုံရသည်။
“အင်း... ခြောက်လဆိုတာ အငယ်လေးရှိသေးတာပဲ။ သားအလတ်ရဲ့ မိန်းမ မွေးတဲ့ ငါ့ရဲ့ မြေးအငယ်ဆုံးလေးထက်တောင် နည်းနည်းငယ်ဦးမယ်”
သူက နဖူးပေါ် လက်တင်ကာ စဉ်းစားနေမိသည်။
“အဖေက ထွက်သွားတယ်တဲ့၊ အင်း ... သေလား ရှင်လားတော့ မသိဘူးပေါ့လေ၊ အမေကတော့ သေသွားတယ်တဲ့၊ အိမ်နီးချင်းမိန်းမကတော့ မလိမ့်တပတ်နဲ့ ထားပစ်ခဲ့တယ်၊ သည်သတ္တဝါလေး လူ့လောကထဲ ရောက်လာတာ ခြောက်လလောက်ပဲ ရှိသေးတယ်။ သူ့ကို ဘယ်သူကမှ လက်မခံချင်ကြတော့ဘူးလား၊ သည်လောကမှာ သူ့အတွက် နေရာကလေး တစ်နေရာ မရှိတော့ဘူးလား၊ ဒါဟာ သူ့ရဲ့ ကံကြောင့်လား၊ သူ့ရဲ့ ဘဝအကျိုးပေးကြောင့်လား...။
သူက တမျှော်တခေါ်ကြီး စဉ်းစားနေမိသည်။
အခါတိုင်းလို ရင်ဘတ်ထဲက ပိုအောင့်လာသလား၊ ပိုမောလာသလားဟုပင် မစဉ်းစားအားဘဲ အပေါ်ဘက်မှ ချွတ်ခနဲ အသံကြားတိုင် နားစွင့်နေမိသည်။ သို့သော် ကလေးပေါက်စန၏ ငိုသံကို မကြားရဘဲ ကထိကကြီးကတော် ဒေါ်ခင်လှ သူ့သားကို အိပ်ရာထဲက အတင်းဆွဲထူပြီး သေးတည်နေသောအသံကိုသာ ကြားရလေသည်။
“ထပါ ကိုတူးရယ် ... ထ၊ တော်ကြာ မင်းအိပ်ရာထဲ သေးပါချပြီး အောက်ထပ်က ပုပ်ပုပ်ကြီးခေါင်းပေါ် ကျနေမှ ဒုက္ခ”ဟု ပြောသံကို ခပ်သဲ့သဲ့ကြားလိုက်ရ၍ သူအတန်ငယ် ဒေါသဖြစ်လိုက်ရသေးသည်။
“အင်း... ဖက်တီးမကများ ငါ့ကို ပုပ်ပုပ်ကြီးတဲ့။ အဲဒီမိန်းမတော့ မှတ်ထား၊ ဒီတစ်ခါတွေ့မှ မခင်ဝဝလို့ ခေါ်ပစ်လိုက်ဦးမယ်”ဟု တစ်ဦးတည်း ကျိတ်၍ တွေးနေမိသေးသည်။
“အဲဒီ လူပျိုကြီးက မွေးစားမလို့ ခေါ်လာတာလား"
ဦးကံမြင့်က မေးသည်။
“သိပါဘူးဗျာ”
ဦးဘပွားက မရေမရာ ဖြေသည်။ ဦးကံမြင့်က မေးမှ ထိုအဖြေကို သူလည်း သိချင်နေကြောင်း၊ တစ်ညဉ့်လုံးလည်း ထိုအကြောင်းကိုသာ စဉ်းစားနေမိကြောင်းကို ကိုယ်?သတိထားမိသည်။
“သူက စေတနာ ရှိလွန်းလို့ မွေးစားမယ် ဆိုရင်တောင် ဒီကလေးပေါက်စနလေးကို ဘယ်သူထိန်းမှာလဲ၊ သူက မိုးလင်းက မိုးချုပ် အပြင်ထွက်နေရတာ၊ သူ့ အဖေကြီးကလဲ ကလေး ငိုရင် ထမင်းမကျွေး ရေမတိုက်ဘဲ အရက်ငှဲ့တိုက် မယ့် ပုဂ္ဂိုလ်မျိုးကြီး”
ဦးကံမြင့်က သူမေးသော မေးခွန်းကို သူ့ဟာသူ ပြန်ဖြေနေသည်။ သူ့စကားကို ဦးဘပွားကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။
ဝင်ဆာလမ်း (ယခု ရှင်စောပုလမ်း)မှ ချိုးကွေ့ကာ ပြည်လမ်းပေါ် ထွက်မိတော့ ရွှေတိဂုံစေတီတော်ကြီးကို ထင်ထင်ရှားရှား လှမ်း၍ဖူးမြင်ရသည်။ ဦးကံမြင့်က ပြောလက်စ စကားကို ဖြတ်ကာ ခေတ္တရပ်ပြီး စေတီတော်မြတ်ကြီးအား လက်အုပ်ချီ၍ ကြည်ညိုလိုက်မိသည်။ ရွှေတောင် ရွှေခဲကြီးသဖွယ် ကောင်းကင်ယံကို ထိုးဖောက်၍ တက်နေဟန်ရှိသော စေတီတော်ကြီးကို ဖူးမြင်ရတိုင်း ဦးကံမြင့်သည် မြန်မာပြည်တွင် မြန်မာလူမျိုးတစ်ဦး ဖြစ်ခဲ့ရခြင်းအတွက် ဂုဏ်ယူမိသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ရခြင်းအတွက် ကျေနပ်ဝမ်းမြောက်မိသည်။ ပွင့်တော်မူပြီးသော မြတ်ဘုရား လေးဆူတို့၏ အသုံးအဆောင်များနှင့် ဓာတ်တော်များ ကိန်းဝပ်ရာဖြစ်သော ဗိသုကာပညာရပ်အနေနှင့်လည်း အပြစ်တစ်စုံတစ်ရာ ဆိုဖွယ်ရာမရှိအောင် အချိုးအစားကျ ပြေပြစ်လွန်းလှသော ထိုကဲ့သို့သော စေတီတော်ကြီးမျိုးသည် မြန်မာပြည်မှလွဲ၍ မည်သည့်နိုင်ငံတွင်မှ မရှိခဲ့ပေ။
“ကြည့်စမ်းပါဦးဗျာ...ဘယ်လောက်တောင် အချိုးအစားကျပြီး သပ္ပာယ်လိုက်တဲ့ စေတီကြီးလဲ”
“ဟုတ်ပါ့"
ဦးဘပွားက ဦးကံမြင့်၏ဘေးတွင် ယှဉ်လျက်ရပ်ရင်း စေတီတော်ကြီးကို မျှော်ကြည့်သည်။ ပြောသူ ကျေနပ်အောင်..”ဟုတ်ပါ့” ဟု ထောက်ခံလိုက်သော်လည်း ဦးကံမြင့်လိုတော့ ဂုဏ်ယူပီတိစိတ်တွေ လွှမ်းလာဟန် မရှိပေ။
“ကျွန်တော်တော့ ဒီလို သာသနာအစစ်အမှန် ထွန်းကားတဲ့နေရာမှာ လာပြီး လူဖြစ်ရတာ ကိုယ့်ကိုယ်ကို သိပ်ကျေနပ်မိတာပဲ”
နိုင်ငံနှင့် သာသနာအတွက် ဂုဏ်ယူ ပီတိစိတ်တွေ လွှမ်းနေသော ဦးကံမြင့်ကို ငေးကြည့်ရင်း ဦးဘပွားက အံ့သြနေသည်။ သူ့အနေနှင့် အလေးအနက် မရှိခဲ့သည်မှာ အမှန်ပင်။ မြန်မာပြည်တွင် မွေးလာ၍ မြန်မာဖြစ်လိုက်သည်။ ဗုဒ္ဓဘာသာဝင်မိသားစုမှ ဆင်းသက်လာ၍ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လိုက်သည် ဟူသော သဘောသာရှိသည်။ ထိုမျှထက်တော့ မပိုခဲ့ချေ။ ထို့ပြင် သူသည် မြန်မာပြည်သည် နေပျော်စရာကောင်းလှသော ထိုင်းပြည်တစ်ခုဟု မမြင်ခဲ့ပေ။ မြန်မာလူမျိုးတို့သည် ချစ်ခင်စရာကောင်းလှသည်ဟုလည်း မထင်၊ တော်သည် တတ်သည်ဟူ၍လည်း မတွေး၊ တစ်ခါတစ်ရံတွင် .... “ငါတို့မြန်မာတွေကလဲ ညံ့ပဲညံ့နိုင်ပါ့”ဟုပင် တွေးမိပြီး အားမလို အားမရပင် ဖြစ်မိသေးသည်။
မြန်မာပြည်တွင် မွေးပြီး မြန်မာပြည်တွင် ကြီးခဲ့ပြီမို့သာ မြန်မာပြည်သား ဖြစ်လာရသူတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း သူ့သား သူ့သမီးတွေကိုလည်း...“ကိုယ့်ပြည်၊ ကိုယ့်မြေကို အရောက်ပြန်လာခဲ့ပါ"ဟု မှာရန် သတိပင်မရခဲ့။ သူကိုယ်တိုင်ကလည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အထင်မကြီးခဲ့တော့ သူ့သားသမီးတွေကို ရေကြည်ရာ မြက်နုရာတွင် ရှင်သန်ကြ??ဟုသာ ခပ်ပေါ့ပေါ့ သဘောထားခဲ့မိသည်။ အခုတော့ သူ့သဘောထားခဲ့သလိုပင် သားတွေ သမီးတွေက ရေကြည်ရာ မြက်နုရာကို တွေ့ နေကြပေပြီမို့ တစ်ခေါက်တလေ ပြန်လာရန်ပင် စိတ်ဝင်စားကြပုံမရပေ။
“ဒီမှာ ဆရာ..”
ဦးဘပွားက ခပ်ဆတ်ဆတ် ဆက်ခေါ်သည်။
“ဘာသာတရားကို ဆရာ တကယ်ယုံသလား”
“ယုံပြီလားဗျာ...”
“နောင်ဘဝရှိတယ် ဆိုတာကိုရော"
"ယုံတယ်"
“ကံ... ကံ၏ အကျိုးကိုရော”
“သိပ်ယုံတာပေါ့”
လမ်းဘေးက ပျဉ်းမပင်အောက်တွင် ရပ်ရင်း သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။
ဦးဘပွား၏မျက်လုံးများက... “ဘာလို့ ဒါတွေကို ယုံနေရတာလဲ” ဟု အငြင်းပွားချင်သော မျက်လုံးများဖြစ်ပြီး၊ ဦးကံမြင့်မျက်လုံးများကမူ ... “သံသရာ ဝဲသြဃကြီးထဲမှာ သတ္တဝါမှန်သမျှ ကံ.. ကံ၏အကျိုးဆက်တွေနဲ့ နစ်မွန်း လည်ပတ်နေကြရတာပဲ”ဟု နားဝင်လာအောင် ချော့မော့ ပြောပြချင်နေဟန်ရှိသော မျက်လုံးများ ဖြစ်လေသည်။
“ကျွန်တော်ကတော့ ကံကို တယ်မယုံချင်ဘူး”
“ကျွန်တော်ကတော့ အသက်ကြီးလာလေ ကံကို ယုံလေပဲ"
“ကံဆိုတာ အလုပ်ပဲဗျ”
“ဟုတ်တယ်၊ ကံဆိုတာ အလုပ်ပဲ၊ ဒါပေမယ့် ဒီဘဝ လုပ်တဲ့အလုပ်တင် မကဘူး၊ အရင့်အရင် ဘဝတွေက လုပ်တဲ့အလုပ်တွေရဲ့ အကျိုးဆက်လဲ ဖြစ်တယ် ဆိုတာကိုတော့ မေ့လို့ မဖြစ်ဘူး”
ဦးကံမြင့်က ယုံကြည်ပြတ်သားစွာ ပြောသည်။ ဦးဘပွားသည် ဘာပြန်ပြောရမည် မသိ၍ ငြိမ်နေရင်းမှ..."ဒီလောက်ဖြစ်လှတာ.. သူ့နာမည်ကို ဘာလို့များ ဦးကံမြင့် မှည့်နေသေးလဲ၊ ဦးကံယုံလို့ ပြောင်းလိုက်ဖို့ကောင်းနေပြီ” ဟု ဘေးချော်ပြီး စဉ်းစားနေမိသည်။
“ကံဆိုတာကို ဘယ်သူမှ မမြင်နိုင်ပေမယ့် အင်မတန်မှ စွမ်းအားကြီးတဲ့အရာဗျ၊ သူဖန်တီးလာရင်၊ သူစီမံလာရင်၊ သူချုပ်ကိုင်လာရင် ဘယ်သူမှ သူ့ကို အာ မခံနိုင်ဘူး၊ မပြိုင်နိုင်ဘူး၊ သူစီမံရာကို မငြင်းမဆန် နာခံကြရတာပဲဗျ..."
“ဒီလောက်တော့လဲ ဟုတ်မယ် မထင်ပါဘူးဗျ”
ဦးဘပွားက ခပ်ပျော့ပျော့ ငြင်းသည်။ ငြင်းမယ်သာ ငြင်းနေသော်လည်း သူ့ဆီသို့ ဗြုန်းခနဲ ဒိုင်းခနဲရောက်လာသော ကင်ဆာဆိုသည့်ရောဂါကို သတိရနေသည်။ သူ့အလိုလို ဖြစ်လာသော ထိုရောဂါကို မဖြစ်အောင် သူ မတားနိုင်။ ဖြစ်လာပြီ ဆိုတော့လည်း ပျောက်အောင် သူ မတတ်နိုင်ခဲ့ပေ။ ထိုသို့ဖန်တီးလာသော ကံကို မည်သည့်ဉာဏ်၊ မည်သည့်ဝီရိယနှင့်မှ ယှဉ်ပြိုင်ပြီး အနိုင်ယူနိုင်မည်မဟုတ်ကြောင်းကို အတွင်းစိတ်က သိနေသော်လည်း ရလို့ရငြား ကြိုးစားပြီး တွန်းလှန်ကြည့်ချင်သေးသည်။ သူတို့နှစ်ဦးလုံး ထိုဝေဒနာကို တစ်ပြိုင်နက်တည်း သတိရမိကြသော်လည်း နှစ်ဦးလုံးက ထိုအကြောင်းကို စကားစပ်၍ မပြောပဲ မေ့ချင်ဟန်ဆောင်နေမိကြသည်။
“ဒီလိုဆိုရင် ငါ့မှာ ကင်ဆာနဲ့ သေရမယ့်ကံ ပါနေတယ်ပေါ့၊ မသေခင် သားတွေ သမီးတွေနဲ့ ဝေးရမယ့်ကံလဲ ပါနေတယ်ပေါ့”
ဦးဘပွားက ခါးသီးစွာ တွေးမိသည်။ ပင့်သက်ကို ရှိုက်ကာ အပေါ်ဘက် မော့ကြည့်လိုက်တော့ သူ့ခေါင်းအပေါ်ဘက်တွင် ခရမ်းရောင် ပျဉ်းမပန်း အဖူးအငုံများကို ဝေဝေဆာဆာ တွေ့ရသည်။ ပျဉ်းမပန်းများကို မည်သူကမျှ တမြတ်တနိုး ခူးယူခြင်းမရှိ။ ပန်းအလှလည်း မပြင်၊ ဘုရားအိုးလည်း မထိုး၊ ပန်ဆင်ခြင်းလည်း မပြု။ သို့သော်လည်း အချိန်ရာသီ တစ်နှစ်လည်ပြီး သူ့ပွင့်ချိန်ရောက်လာလျှင် သည်ပန်းများက ဝေဝေဆာဆာ ဖူးပွင့်မြဲဖြစ်သည်။ သူ့မိခင် ပင်မကြီးကို အဖူးတွေ၊ အပွင့်တွေနှင့် အလှဆင်မြဲဖြစ်သည်။ ရာသီကုန်ဆုံးတော့လည်း တိတ်တိတ်ဆိတ်ဆိတ်လေး ပျောက်ကွယ်သွားတတ်ကြသည်။
“ဒီ ပျဉ်းမပန်းတွေ တုံးတဲ့အချိန်ကျရင် ငါ သေခါများ နီးမလား၊ ဒါမှမဟုတ် သေများ သေနေပြီလား”
ဦးဘပွားက တွန့်ဆုတ်ဆုတ် တွေးလိုက်မိသည်။ တကယ်သေရန် မဆိုထားနှင့်၊ သေဖို့အတွေးကိုပင် ရဲရဲဝံ့ဝံ့ မတွေးရဲဘဲ ရင်ထဲတွင် လှိုင်းခတ်လာချင်သည်။
“ပျဉ်းမပန်းတွေ ပျောက်သွားသလို ငါလဲ လူ့လောကထဲက ပျောက်ရတော့မှာပါလား။ ငါ့ကို သတိထားမိတဲ့သူ၊ သတိရမယ့်သူ၊ တမ်းတမယ့်သူလဲ ကျန်ခဲ့မှာ မဟုတ်ပါဘူး”
ဦးဘပွားက တွေးရင်း ဝမ်းနည်းလာသည်။ သူ၏ အသုဘတွင် ဝမ်းနည်းပန်းနည်း ငိုမည့်သူပင် ရှိလိမ့်မည် မဟုတ်ဟု ရုတ်တရက် တွေးမိပြီး ရင်ထဲတွင် နာကျင်သွားသည်။
အပိုင်း (၄) ဆက်ရန်
မစန္ဒာ
No comments:
Post a Comment