Friday, July 15, 2022

စိမ်းသင့်မှစိမ်း (အပိုင်း - ၃)

 လယ်တောမှာနေရခြင်းသည် တစ်နေ့တခြား နှစ်သိမ့်စရာကောင်းလာသည်။ စိမ်းနှင့် လာရောက်တွေ့ဆုံရခြင်းမှာလည်း ပိုမို၍ကျေနပ်စရာကောင်းလာသည်။


စိမ်းသည် သူ့ဘဝကို ကြိုးစား၍ မေ့ပျောက်သွားဟန်ရှိ၏။ တတ်နိုင်သလောက် အမေနှင့်အတူ အလုပ်လုပ်ပေးသည်။ ဟန်ပန်အနေအထားကိုလည်း ယာတောသူတစ်ယောက်လို တူနိုင်သမျှတူအောင် ကြိုးစားနေပုံရလေသည်။ ရောက်စလို နုနယ်သွယ်လျဟန်များ ပျောက်သွားတော့လည်း အသားအရေများမှာ ပိုမို၍ စိုပြည်လတ်ဆတ်လာသည်။


ဆောင်းဝင်စတွင် သိုးမွေးချည်အကြမ်းကြီးများနှင့် စိမ်းသည် အိမ်သားများအတွက် အင်္ကျီများ ထိုးပေး၏။


အိမ်သားများ ဝတ်စားရပုံမှာ ယမန်နှစ်ဆောင်းတွင်းများထက် ပိုမို၍ ထွေးထွေးနွေးနွေးရှိလာသည်။ မခမ်းလုံကမူ စိမ်းရောက်လာမှ ကြက်မများ ဥပို၍ဥသည်ဟု ဆို၏။ စိမ်းသည် ကြက်ခြံကို ရှင်းလင်းရာ၌လည်း ကူ၍လုပ်၏။ တစ်ခါတစ်ခါ နို့ပုံးကြီးများကို ဆေးကြော၍ တိုးကြီး၏နွားခြံသို ယူ၍လာသည်။ တိုးကြီးကလည်း သူ့နွားမများသည် စိမ်းရောက်လာမှ ပို၍နို့ထွက်သည်ဟု ဆိုလေသည်။ နို့ပိုမိုထွက်ရှိသော်လည်း ယာတောတွင် သူတို့အိမ်နှင့် ဦးခွန်နောင်ကလွဲ၍ နို့ကို မသောက်ကြပေ။


ဆောင်းတွင်းတစ်ခုလုံး ထူးခြားလာသည်။ အိမ်သားများ ရေနွေးနှင့် ရေချိုးရခြင်းပင်ဖြစ်ပေသည်။ အမေတစ်ယောက်တည်းတုန်းက သူတို့အတွက် အထူးတလည် လုပ်၍မပေးနိုင်ပေ။ ယခုတော့ စိမ်းသည် ထင်းများကို ကြိုးစား၍ စုဆောင်း၏။ ညနေမိုးချုပ် ကိုဝဏ္ဏ ယာတောကပြန်လာလျှင် ရေနွေးအိုးမှာ အဆင်သင့်တည်ပြီး ဖြစ်လေသည်။ စိမ်း ခပ်၍ပေးသောရေနှင့် ကျကျနနချိုးပြီးမှ ကိုဝဏ္ဏသည် ညစာစား၏။ ကလေးများကို ကြည့်ရသည်မှာလည်း အစဉ်လန်းဆန်းနေဟန် ရှိပေသည်။


နေရောင်နှင့် သွေ့ခြောက်သော မွေ့ရာခင်းများပေါ်တွင် အိပ်စက်ကြရသည်မှာလည်း နှစ်ခြိုက်ပျော်ရွှင်စရာကောင်းပေသည်။ အိပ်ရာခင်းများသည် ကိုဝဏ္ဏမွေ့ရာမှလွဲ၍ အဖြူရောင်မရှိပေ။ သို့သော် ယခင်ကလို မှိုနံ့နှင့် ချွေးနံ့များမရှိ၍ သူတို့ အိပ်ရာများသည် အိပ်စက်နားနေချင်စရာကောင်းပေသည်။


စိမ်းသည် တလှုပ်လှုပ် အလုပ်လုပ်နေသော်လည်း ကိုဝဏ္ဏနှင့် ကြာရှည် စကားပြောလေ့ပြောထ မရှိပေ။


ဆောင်းလယ်တွင် အအေးဒဏ်သည် ပို၍ပြင်းထန်လာ၏။ ရေခဲမတတ်ဖြစ်ကာ နှင်းမှုန်ဖြူဖြူအခဲများပင် သစ်ရွက်မြက်ခင်းများပေါ်၌ တွေ့လာရသည်။ ညဘက်တွင်တော့ မီးလင်းဖိုကို အားကိုးရပြန်သည်။ ကိုဝဏ္ဏသည် မီးဖိုနားတွင် မီးလှုံရင်း သူ့ဘဝ၏ သာယာစိုပြည်လာပုံကို တွေးနေမိသည်။ ဘဝဆိုသည်မှာလည်း ဖြေဆိုရန်ခက်သော ပုစ္ဆာတစ်ခုဖြစ်၏။ လူသူမနီးသည့် ယာတောတွင်လည်း သာယာနှစ်သိမ့်ဖွယ်ကောင်းသော ဘဝကို တွေ့ ချင်တွေ့တတ်ပေသည်။ ဇိမ်ခံစရာတွေအနန္တနှင့် စည်ကားလှသော ရွှေမြို့တော်တို့တွင် အေးချမ်းသာယာသောဘဝကိုလည်း တွေ့ချင်မှ တွေ့တတ်ပေမည်။


“ဒီမှာကလေးတွေ အစောကြီးပဲ အိပ်ကုန်ကြပြီ။ ရှင်...ကလေးတွေအတွက် ဘာမှမစီစဉ်တော့ဘူးလား”


စိမ်းအသံမှာ သူ့နောက်မှပေါ်လာ၍ အံ့အားသင့်သွားသည်။ သူနှင့်ဘေးချင်းတိုက် သစ်တုံးတစ်ခုပေါ်တွင် စိမ်းသည် ဝင်ထိုင်ရင်း ပြောပြလိုက်၏။ မီးရောင်သည် စိမ်းမျက်နှာကို ဟပ်နေ၍ နီစပြုနေသောပါးမို့ကို ထင်ထင်ရှားရှား မြင်ရသည်။ ရှမ်းပြည်နယ်၏ ဆောင်းလေသည် စိမ်း၏ပါးကို လျက်နမ်းစ,ပြုလေပြီ။


“ကျွန်တော်လဲ စဉ်းစားလျက်ပါပဲ၊ ဒီကိုပြောင်းလာတာ ကျွန်တော့်အတွက် ကောင်းပေမယ့် သူတို့အတွက်တော့ လူပြိန်းတွေ ဖြစ်သွားမှာစိုးတယ်”


“အမေကပြောတယ်။ ရှင် ဒီကို မလာခင်က ပြည်မမှာ နေဖူးတယ်ဆို”


“ဟုတ်တယ် ပြည်မမှာပေါ့။ ဟိုမှာနေခဲ့တာကို သတိရတိုင်း ကလေးတွေအတွက် စိတ်မကောင်းမိပြန်ဘူး။ အမေပြောသလို ယာတောကို ပြန်လာခဲ့မှ ယာတောအခြေအနေကိုပါ သိမယ်ဆိုတာတော့ မှန်ပါရဲ့။ ခက်တာက ယာတောလယ်သမားတွေ စာမတတ်ပေမတတ်နဲ့ ဗဟုသုတမရှိတော့လဲ ဒုက္ခပဲ”


“ဘယ်လို”


“ကျွန်တော် ပြည်မမှာ လယ်သမားအစည်းအရုံးတွေ ကိုင်တုန်းက တစ်ခါတစ်ခါ ကျွန်တော်တို့စီမံကိန်းတွေ ချရုံသာချရတယ်။ တောက လယ်သမားတွေ ဘာဆိုဘာမှ နားမလည်ကြဘူး။ ပြီးတော့ တစ်ခါတစ်ခါဆိုလဲ မြို့ကနိုင်ငံရေးသမားတွေ လှိမ့်သမျှခံရတာပဲ။ တစ်ခါတုန်းက ကိုရီးယားစစ်ပွဲ စခါစပေါ့။ နိုင်ငံရေးသမားတစ်စုက ရွာတစ်ရွာမှာ လယ်သမားတွေစုပြီး အစည်းအဝေးလုပ် ဆုံးဖြတ်ချက်ချကြတယ်။ အစိုးရက ကိုရီးယားနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို မထောက်ခံဖို့ရယ်၊ မြောက်ပိုင်းကိုရီးယားဘက်က ထောက်ခံဖို့ ဆိုလား၊ မေ့တောင်နေပြီ။ အဲဒါ အစည်းဝေးဆုံးဖြတ်ပြီး နောက်နေ့သတင်းစာထဲမှာ လယ်သမားလူထုကြီးရဲ့ လိုလားချက်ဆိုပြီး သတင်းစာထဲ ပါလာတာပါပဲ။ တကယ်တော့ အဲဒီလယ်သမားတွေဟာ ကိုရီးယားဆိုတာ ဘာမှန်းကိုမသိဘူး။ ၃၈-မျဉ်းပြိုင်ကိုလည်း နားလည်ဖို့ဝေးလို့ ကမ္ဘာဟာ လုံးသလား၊ ပြားသလားတောင် သူတို့ မသိဘူး။ အီကွေတာနဲ့ တောင်ဘက်ယဉ်စွန်းတန်း၊ မြောက်ဘက်ယဉ်စွန်းတန်းတွေကိုလည်း အိပ်မက် မမက်ဖူးဘူး”


“ရှင် အဲဒီလိုသာ ပြောနေတယ်။ ရှင့်ကလေးတွေရော ကမ္ဘာ့အကြောင်းဝေးလို့ သူတို့ရဲ့ ကုန်းပြင်မြင့်အကြောင်းကို သူတို့သိပါ့မလား”


“အဲ...ဟုတ်တယ်လေ၊ ဒါကြောင့် ကျွန်တော်လဲ သူတို့အတွက် စဉ်းစားဆဲပဲ”


“ကျွန်မတော့ သူတို့ကို စာသင်ပေးချင်တယ်။ ရှင့်တဲကလဲ ကျယ်ပါတယ်။ ယာတောမှာဆို ကလေးအားလုံး သုံးဆယ်မရှိပါဘူး။ ကျွန်မ သင်ပေးပါ့မယ်”


“ဟုတ်ပါတယ်လေ၊ ဒါကြောင့် အမေကလဲ တစ်လီ တစ်လီ ကျွန်တော့်ကို ကယ်တင်ရှင်လို့ ပြောတာ”


“ဘာ... ကယ်တင်ရှင်”


“ဟုတ်တယ်၊ ကယ်တင်ရှင်ဆိုတာ ဆင်းရဲသားတွေကို ဘုရားသခင် တမန်တော်တွေလို ဗြုန်းခနဲ ကယ်တာကို ပြောတာ၊ နိုင်ငံရေးမှာတော့ ဒီလိုကယ်လို့ ဘာရမလဲ”


“ကျွန်မ နိုင်ငံရေးကို နားမလည်ပါဘူး”


စိမ်းသည် ခပ်တည်တည်နှင့် တောက်လောင်နေသော မီးပုံကိုကြည့်၍ ပြောနေသည်။ ကိုဝဏ္ဏသည် ရုတ်တရက် ကြောင်သွား၏။ စိမ်းမျက်လုံးများကို စိုက်၍ကြည့်နေမိလေ၏။ စိမ်းက နှုတ်ဆက်၍ ထသွားမှပင် သူစိုက်ကြည့်နေသည့်အတွက် အားနာ၍သွားတော့သည်။


နောက်နေ့မနက် သူယာတောသို့မသွားခင် စိမ်းသည် သူ့အနားသို့ ရောက်လာသည်။


“ဒီနေ့လယ် ရှင် ပြန်လာချိန် ရမလား” 


ကိုဝဏ္ဏသည် အံ့အားသင့်သလို ကြည့်ရင်း ... 


“ဘာလုပ်မလို့လဲ စိမ်း၊ ပြန်လာစေချင်ရင် လာခဲ့မယ်လေ”


“နေ့လယ်မှာ တို့ဟူးသုပ်မလို့ပါ။ ရှင်အားရင် ပြန်စားပါလား။ မြို့မှာနေတုန်းကတော့ ကိုဝင်းဖေ စနေနေ့ဝက် ပြန်လာတယ်ဆိုရင် တစ်ခုခု လုပ်ကျွေးတာပဲ”


“အင်းလေ...ဒီလိုဆို ကျွန်တော် ပြန်စားမယ်” 


ကိုဝဏ္ဏသည် ယာခင်းကို ထွက်လာရသည်မှာ လေနင်းလာရသလို လျင်မြန်လှ၏။ စိမ်း၏တို့ဟူးသုပ်အကြောင်းကို ဘာဖြစ်၍မှန်းမသိ၊ ထပ်ခါထပ်ခါ တွေးနေမိသည်။ ပြီးတော့ ရင်ထဲတွင်လည်း ကတုန်ကယင်ဖြစ်လှသည်။  နေ့လယ်ပြန်စားချိန်တွင် စိမ်းသည် အမေနှင့်အတူ ခုံပေါ်မှာပြင်ပေး၏။ တို့ဟူးသုပ်နယ်ရင်း လက်တုန်နေ၍ မနည်းထိန်းထားရသည်။ အမှန်တော့ သူဝမ်းသာနေခြင်းဖြစ်လေသည်။


ယာခင်းသို့အပြန်တွင်လည်း သူဣနြေ္ဒမရဖြစ်နေ၍ ဦးခမ်းလွန်းက ကြည့်နေသည်။ သူသည် ရိတ်သိမ်းစပြုနေသော ဂျုံခင်းတစ်ထောင့်တွင် ငြိမ်ငြိမ်လေးသွား၍ ထိုင်နေမိသည်။


ဆောင်းနှောင်းလာ၍ ဂျုံပင်များမှ အနှံများသည် အစိမ်းရောင်ပျောက်ကာ အောက်ပိုင်းမှစ၍ ရွှေရောင်ဖုံးလာလေသည်။ ဂျုံရိတ်သိမ်းခြင်းကို မိန်းမများက ပိုမို၍ လုပ်ကိုင်ကြလေသည်။ ထိုနေ့တစ်နေ့လုံး သူသည် ဦးခမ်းလွန်းကိုရော မိန်းကလေးများကိုရော ဘာမှအကူအညီမပေးမိပေ။ ဆောင်းတွင်းတွင် ယာတောသည် ပို၍အလုပ်များ၏။ သခင်က တလှုပ်လှုပ်လုပ်တတ်သော ကိုဝဏ္ဏသည် ယခုလို ငြိမ်ငြိမ်သက်သက် ထိုင်နေသည်ကို ဦးခမ်းလွန်းက မကျေနပ်ပေ။


အဘိုးကြီးက မျက်ခုံးလှုပ်၍ သူ့ကိုကြည့်တိုင်း ကိုဝဏ္ဏသည် မနေတတ် မထိုင်တတ်ဖြစ်နေ၏။ နောက်ဆုံး ဂျုံပင်များကို ကူ၍ရိတ်သိမ်းပေးတော့မှ စိတ်မှာ နည်းနည်းငြိမ်သွား၏။ ထိုနေ့က သူသည် မိုးတော်တော်ချုပ်မှပင် အိမ်ပြန်၍လာနိုင်သည်။ ဂျုံများ ရိတ်သိမ်းပြီးလျှင် အမေက တဲကို ပြင်ဆောက်မည်ဆို၏။ စိမ်းကမူ ကုန်တင်ကားတစ်စီး လိုချင်သည်။ တိုးကြီး၏နွားခြံကို ပိုမိုတိုးချဲ့၍ ထွက်သောနွားနို့ကို မိုင်းငေါမှာ သွား၍ရောင်းဖို့ ပြောပြ၏။


သို့သော် ဆောင်းကုန်ပြီး၍ ဂျုံများ ရိတ်သိမ်းပြီးချိန်တွင် အမေ့ဆန္ဒအတိုင်း အိမ်ကိုပြင်၍ ဆောက်၏၊ အိမ်ကို အအေးဒဏ် ကာကွယ်ရန်နှင့် ခိုင်ခံ့ရန် ကျောက်တုံးအိမ်ကို ဆောက်ဖို့ စိမ်းက အကြံဉာဏ်ပေးသည်။ စိမ်း၏ဆန္ဒအတိုင်း ကျောက်တုံးအိမ်ဆောက်လိုက်၍ စိမ်းလိုချင်သော ထရပ်ကားကို မဝယ်နိုင်တော့ပေ။


တဲဖျက်လိုက်၍ ကျန်ရစ်သော ဝါး၊ ဝါးကပ်များဖြင့် အိမ်ဘေးတွင် တဲအသေးတစ်ခု ဆောက်လိုက်သည်။ ထိုတဲမှာ ကလေးများစာသင်ရန် ဖြစ်လေသည်။ ကျောက်တုံးအိမ်လေးထဲတွင် ယခင်လို ရှုပ်ပွ၍အဆင်မပြေသော အခင်းအကျင်းများ မရှိကြတော့ပေ။ အခန်းလေးများ၏နံရံတွင် အင်္ကျီချိတ်ရန်၊ ပုဆိုးလွှားရန်အတွက် သစ်သားတန်းများ စိမ်းလုပ်ခိုင်းသည်။


တိုးကြီးသည် လူထွားကြီးတစ်ယောက် ဖြစ်လာကာ တောက်တိုမယ်ရအလုပ်များကို လုပ်ပေး၏။ သစ်သားတန်းများ ရိုက်နေစဉ် သူ့လက်များသည် လူကြီးတစ်ယောက်လို အကြောပြိုင်းပြိုင်းထ၍လာသည်။


အတူးသည် သူ့ဘာသာ စာကြည့်နေချိန်သာ များပေသည်။ အိမ်အလယ်တွင် မီးဖိုတစ်ခုတည်းထား၍ အတူးက မကျေနပ်ပေ။ သူ့??ကလေးတွင်လည်း မီးလင်းဖိုတစ်ခု လုပ်ပေးဖို့ စိမ်းကိုပူဆာ၏။ နောက်နှစ် ဂျုံးရောင်းပြီးမှ လုပ်ပေးမည့်အကြောင်း သူ့ကိုချော့၍ ထားရသည်။


ညမိုးချုပ်၍ မီးလင်းဖိုနားတွင် ကိုဝဏ္ဏထိုင်နေလျှင် စိမ်းသည် သတင်းစာကို ဖတ်ပြ၏။ ပြတင်းများသည် မှန်ပြတင်းများဖြစ်သွား၍ အပြင်မှတောင်တန်းနှင့် သစ်ပင်များကို အိမ်ထဲမှ မြင်နိုင်ပေသည်။ နှင်းဖွေးသော တောင်တန်းများကို ငေးမောရင်း စိမ်းဖတ်ပြသော အသံလေးကို နားထောင်ရသည်မှာ အမောပြေစရာအတော်ကောင်း၏။ ပြဿနာတစ်ခုခုတွေ့တိုင်း နှစ်ယောက် ရင်းရင်းနှီးနှီး ဆွေးနွေးရသည်မှာလည်း အားတက်ဖွယ်ကောင်းလေ၏။ စိမ်းသည် သတင်းစာကို ဖတ်ပြရင်းမှ စာရွက်များကို ထောင်၍ပြ၏။


“ဒီမှာ ကြည့်စမ်း ကိုဝဏ္ဏ၊ သတင်းစာထောင့်မှာ စာကို တိတိရိရိ ဖြတ်ထားလိုက်တာ ဘယ်သူဖြတ်လဲ မသိဘူး”


စိမ်းပြသော သတင်းစာရွက်မှာ ဓာတ်ပုံ သို့မဟုတ် ကြော်ငြာတစ်ခုခု ဖြတ်ထားသလို လေးထောင့်ကွက်ရှည်ရှည် တစ်ခုလပ်၍ နေလေသည်။


“ဓာတ်ပုံလား ကြော်ငြာလား မသိဘူး။ ကလေးတစ်ယောက်ဖြစ်လိမ့်မယ်”


စိမ်းသည် သတင်းစာကို ဆက်ဖတ်နေ၏။ သူတို့နှစ်ယောက်လုံးသည် သတင်းစာပြတ်အကြောင်းကို ဆက်၍မတွေးကြပေ။ သတင်းစာမှာ ကျောက်မဲသို့ ခုနစ်ရက် တစ်ပတ်တစ်ခါ သွားယူရ၍ ယူသူမှာ တိုးကြီးဖြစ်သည်။ တိုးကြီးသည် ရဲရင့်သောလူငယ်လေး ဖြစ်လာ၍ ခရီးဝေးကိုလည်း သွားချင်စိတ်ရှိသည်။ လှည်းကြုံနှင့်လိုက်၍ သတင်းစာယူရသည်ကို တိုးကြီးက ပျော်၏။ 


ကိုဝဏ္ဏသည် တိုးကြီးသတင်းစာယူသည်ကို မတွေးမိပေ။ သူ့စိတ်ထဲတွင် စိမ်းဘယ်လောက်ကြာကြာ နေမည်ကိုပဲ မေးချင်သည်။ သို့သော် အိမ်ရှင်ကမေး၍ မသင့်ပေ။ စိမ်း ဒီမှာဆက်၍ နေသွားစေချင်သည်။ ယာတောအတွက် ရှေ့နှစ်တွင် ရေစုပ်စက် ဝယ်နိုင်အောင် ငွေစုမည်။ သူ့ယာခင်းများသည် မြေနိမ့်နှင့်တောင်ကုန်းများပေါ်တွင်ရှိ၍ တောင်ကုန်းမြေမြင့်ပိုင်း ယာတောများကို ရေပေးသွင်းရသည်မှာ ခက်သည်။ ချောင်းငယ်သည် မြေနိမ့်ပိုင်းတွင် စီးသွား၍ ရေစုပ်စက်နှင့်စုပ်၍ ရေကိုသွယ်ယူကာ တောင်ကုန်းခါးပန်း ယာခင်းများကို ရေပေးချင်သည်။


စိမ်းနှင့်နေရသည်မှာ တွေးရသည်ပင် တွေးအားရှိသည်။ စိတ်တူသဘောတူသာ ယာတောကိုလုပ်ရလျှင် သူ၏ရွှေပြည်တော်ကို မျှော်မှန်းနိုင်သည်။ သို့သော် စိမ်းသည် ယာခင်းကို ဆင်းနိုင်သည်မဟုတ်။ တောင်သူတို့လို ရွှံ့ကို နင်းရဲသူ မဟုတ်၍ သူ့အတွေးမှာ လေထဲတွင်ပင် ပျောက်ထွက်ဖို့ များလေသည်။ နယ်ပိုင်ကတော်တစ်ယောက်က ယခုလိုဘဝတွင် နေသည်ကို အံ့သြစရာပင်ဖြစ်လေသည်။


သူတွေးနေစဉ် စိမ်းသည် နေရာမှထ၍ သွားသည်။ သူ့ရှေ့တွင် မီးပုံမှာ မီးညွန့်များပျောက်ကာ မီးကျီးခဲသာ ကျန်တော့သည်။ သူ့ရင်ထဲတွင်မူ အချစ်မီးသည် တိုး၍ တောက်လောင်လာ၏။ မီးပုံကို ငြိမ်းသတ်ခဲ့ပေမယ့် သူ့သည်းနှလုံးမှ မီးပွားကိုမူ မငြှိမ်းသတ်နိုင်ဘဲ အိပ်ရာသို့သာ ဝင်ခဲ့ရလေသည်။


နောက်နေ့မနက်တွင် အိပ်ရာထနေမြင့်နေ၍ စိမ်း နှိုး၏။ သူသည် ကမန်းကတန်း ထ၍ ယာတောသို့သွားရန် ပြင်နေလေသည်။ သူ့အတွက် ထမင်းချိုင့်ကို စိမ်းသည် အခန်းထဲ ယူ၍လာသည်။ သူ့စိတ်ထဲမှာမူ စိမ်းကို ကောင်းကောင်းမကြည့်ရဲပေ။


“ရှင်...ညက ဘာဖြစ်လို့လဲ၊ ဒီမနက် အိပ်ရာထနောက်ကျနေတယ်”


စိမ်းကို မော့၍ကြည့်ရင်း သူသည် သားရေဖိနပ်ကြမ်းကို စီး၍နေ၏။


“ကျွန်တော် ညက အိပ်လို့မရဘူး”


“နေမကောင်းလို့လား” 


“မဟုတ်ဘူး” 


ခေါင်းကိုငုံ့၍ ဖိနပ်ကြိုးချည်သလို ဖုန်ခါသလို လုပ်နေသည်။


“ညက ခင်ဗျားကို တစ်ညလုံး တွေးနေရလို့ပါ” 


စိမ်းမျက်နှာ ဘယ်လိုပြောင်းလဲသွားသည်ကို သူသည် မော့်မကြည့်ရဲပေ။


“စိမ်းကို တွေးနေတယ်” 


စိမ်းသည် ပြန်၍ မေးလိုက်၏။


“ဟုတ်တယ် တစ်ညလုံးပဲ တွေးနေမိတယ်။ ခင်ဗျားများ တစ်နေ့နေ့ ဒီယာတောက ထွက်သွားမလားလို့။ ပြီးတော့လဲ ယာတောအကြောင်းတွေပေါ့လေ။ ကျွန်တော်က ?ရှင်တွေကို အားမကိုးချင်ဘူး။ ကိုယ့်ဘာသာ တတ်နိုင်သလောက် ကိုယ့်ယာခင်းကို တိုးတက်အောင် လုပ်ချင်တာပေါ့လေ။ ရေစုပ်စက်လဲ ဝယ်ချင်တယ်” 


စိမ်းသည် သူ့ကို ပြုံး၍ကြည့်၏။ သူ့စကားများမှာ ဟိုရောက်သည်ရောက် ဖြစ်နေသည်။ သူသည် ခါးကိုဆန့်လိုက်ပေမယ့် စိမ်းပြုံး၍ ကြည့်နေသည်ကို မခံနိုင်သလို မျက်လွှာချနေသည်။


“ရေစုပ်စက် ဝယ်ချင်တာနဲ့ စိမ်းက ဒီမှာအမြဲရှိရမယ်လား"


“ဒီလိုပါ၊ အလုပ်ကြိုးစားလုပ်မှ ငွေစုမိမယ် မဟုတ်လား၊ ဒီတော့ အလုပ်ကြိုးစားလုပ်ဖို့ စိမ်းရှိနေမှ ဖြစ်မယ်။ ဒီမှာ ဟိုနေ့ကလို ဆိုပါတော့၊ စိမ်းက တို့ဟူးသုပ် လုပ်ထားမယ်ဆိုတာလေ။ ပြီးတော့ ရေနွေးနဲ့ ရေချိုးဖို့ လုပ်ထားတာတွေ အဲဒါတွေဟာ အသေးအဖွဲလေးတွေ၊ ဂရုမစိုက်လောက်ဘူးလို့ ထင်စရာပေမယ့် လုပ်ပေးခံရတဲ့ ကျွန်တော့်မှာတော့ တအားတက်တာပါပဲ”


သူသည် ဘုန်းကြီးတစ်ပါးလို တတွတ်တွတ် ရွတ်ပြန်သည်။ ခေါင်းငုံ့နေရာမှ ရုတ်တရက် မတ်တတ်ရပ်၍ စိမ်းရှေ့ရောက်လာပြန်သည်။ စိမ်းမျက်နှာကို စေ့စေ့ကြည့်၍

“လုပ်ပေးတဲ့သူကတော့ အမှတ်တမဲ့ အမှတ်မထင်ပါပဲ။ ကျွန်တော့်စိတ်ထဲမှာတော့ သိပ်ပြီးသာယာတာပဲ။ ကျွန်တော် စိမ်းကို မခွဲနိုင်ဘူး၊ မခွဲချင်ဘူး၊ မခွဲချင်လို့ တစ်ညလုံး စိတ်ဒုက္ခရောက်ပြီး အိပ်မရတာပဲ။ ခက်တာက ကျွန်တော့်ကိုငဲ့လို့ ဒီယာတောမှာ နစ်နေပါလို့လဲ မပြောရက်ဘူး။ ကျွန်တော်သွားမယ်” 


သူသည် စကားကို တောက်လျှောက် ပြောကာ ထမင်းချိုင့်ကိုဆွဲ၍ ထွက်သွားတော့သည်။ စိမ်းသည် ကျောက်ရုပ်လို တောင့်တောင့်ကြီးရပ်၍ နေမိ၏။ ကိုဝဏ္ဏ အပြင်ထွက်သွားမှပင် သူ့ကို လူပျိုစကားပြောသွားမှန်း သတိထားမိတော့သည်။


ဘာကစ၍ ဘယ်လိုစဉ်းစားရမှန်းမသိဘဲ ကိုဝဏ္ဏခုတင်ပေါ်တွင် ထိုင်လိုက်၏။ ကိုဝဏ္ဏနှင့် အမေတို့ကျေးဇူးသည် သူ့အပေါ် အနန္တရှိသည်မှာမှန်၏။ ဒါကြောင့်လည်း သူသည် တတ်နိုင်သမျှ အိမ်ထောင်စုသားများအတွက် ကြိုးစား၍ လုပ်ပေးခဲ့သည်။

ယခုတော့ သူကြိုးစားလုပ်သမျှသည် ကိုဝဏ္ဏ၏နှလုံးသားကို လှုပ်ရှားစရာဖြစ်နေပါပကော။


မှန်ပေသည်။ အိမ်ထောင်ရှင်မတစ်ယောက်သည် သူပြုံးသလို သူစိမ်းယောက်ျားအပေါ်တွင် ပြုံးလိုက်မိလျှင် အပြုံးခံရသူ သူစိမ်းအဖို့ နမ်းစရာပင် ဖြစ်ပေသည်။


သူသည် အမှတ်မထင် ကိုဝင်းဖေကို ပြုစုသလို ကိုဝဏ္ဏကိုလည်း ပြုစုခဲ့၏။ တစ်အိမ်တည်းတွင် ယခုလို အိမ်ထောင်မရှိသူနှစ်ဦး ကြာရှည်နေလာလျှင် စိတ်ဖောက်ပြန်လာကြမည်မှာတော့ ဓမ္မတာပေပဲ။ သူ့စိတ်ထဲတွင်သာ ရုတ်တရက် ကွေကွင်းခဲ့ရသော ချစ်လင်ဝိညာဉ်က မပျောက်ပျက်သေး၍သာ လှုပ်ရှားသောစိတ်များ မဝင်ခဲ့ခြင်းဖြစ်ပေသည်။ ကြာရှည်နေလျှင်တော့ အိုးချင်းထားလျှင် အိုးချင်းထိရန် အကြောင်းတရားတို့သည် များစွာရှိကြပါတကား။


“မြို့မှာတုန်းကဆိုရင် စနေနေ့ ကိုဝင်းဖေ ပြန်လာရင် စားဖို့တစ်ခုခု လုပ်ပေးနေကျပဲ” 


သူပြောခဲ့သည်ကို စိမ်းက ပြန်တွေးမိ၏။ တကယ်ဆို ယခုလို ဘယ်လိုနည်းနဲ့မှ မနှိုင်းယှဉ်သင့်ပေ။ သူ့စကားသည် ကိုဝဏ္ဏစိတ်ကို လှုပ်ရှားမည်ဆိုလျှင် လှုပ်ရှားစေစရာပဲ။ ဘဝအကြောင်းတရားသည် အသက်ရှင်နေလျက်နှင့် နှစ်ဘဝပြောင်း၍ နေပါပကော။

ဤယာတောတွင် ကိုဝဏ္ဏနှင့် လက်ထပ်၍ အစဉ်သဖြင့် နေဖို့ဆိုသည်ကျတော့ တွေး၍မရနိုင်အောင် ခက်ခဲလှတော့သည်။


သေသွားပြီဆိုပေမယ့် ကိုဝင်းဖေအကြောင်းကို မြို့သို့သွား၍ စုံစမ်းချင်သည်။ ရန်ကုန်လည်း ပြန်ချင်သည်။ ယခုတော့ မြို့ကိုသွားရန်ပင် အမေတို့ကို သူမပြောလိုပေ။


ရင်ထဲတွင် ပို၍လေးသွား၏။ အိပ်ရာခင်းများကို ဆွဲဆန့်၍ ထုံးစံအတိုင်းသာ ရှင်းလင်းနေရသည်။ စိတ်ကမူ လေး၍နေပေသည်။ တစ်နေ့လုံး အငြိမ်မနေချင်တိုင်း အခန်းထောင့်ကြားများ၊ စာအုပ်စင်၊ သေတ္တာကြားများပါမကျန် ရှင်းလင်းနေသည်။ 


ယာတောတွင်လည်း ကိုဝဏ္ဏသည် ဂျုံစေ့များ လေ့သည်ကို ကြည့်ရင်း စိတ်ကမောနေသည်။ ဂျုံစေ့များသည် မြေပြင်သို့ ပတ်ချာလည်ကာ ကျလာသလို သူ့ခေါင်းများမှာလည်း ချာချာလည်နေသည်ဟု ထင်သည်။ ဖွင့်၍ပြောခဲ့သည်မှာတော့ ပြီးခဲ့ပြီး၊ ညနေ ယာတောမှအပြန်တွင် စိမ်းအား ဘယ်လိုမျက်နှာချင်းဆိုင်ရမည်ကို သူ မတွေးတတ်ပေ။ သူပြောခဲ့သည်မှာ ရိုင်းသွားလေသလား၊ စော်ကားရာ ကျလေမည်လားဟု တွေးပြန်သည်။ တွေးလိုက်လျှင်လည်း ရင်ထဲမှ ဒိတ်ဒိတ် ဒိတ်ဒိတ်နှင့် မြည်၍နေတော့သည်။


နေလုံးကွယ်၍ အားလုံးပြန်ကုန်ချိန်တွင်ပင် သူသည် ယာတောထဲတွင် ကျန်ရစ်နေပေသေးသည်။ ချောင်းဘက်ကို လျှောက်သွား၍ ချောင်းဘက်မှ လမ်းခွဲသို့ရောက်မှ အိမ်ရှိရာသို့ သူပြန်လာခဲ့သည်။ ဦးခွန်နောင် လယ်တောမှ စပါးရိတ်သိမ်းပြီးစ ရိုးပြတ်ရနံ့မှာ သင်း၍နေပေသည်။ 


အရှေ့ဘက်မှ လရောင်ခြည်ဖြင့် လမ်းကို မှန်း၍ လျှောက်လာရသည်။ စိတ်ကမူ လမ်းကိုပင်လျှောက်ရန် စိတ်မပါပေ။ အိမ်ဝသို့ နီးလာလေလေ စိတ်မှာပို၍ လှုပ်ရှားလာသည်။


အိမ်ဝတွင်တော့ စိမ်းကို မတွေ့ရပေ။ အမေတစ်ယောက်တည်းသာ သူနောက်ကျသည်ကို ပြော၍ သူ့ကိုဆီးကြို၏။ စိမ်းသည် မီးဖိုချောင်တွင် အလုပ်လုပ်နေပုံရသည်။ သူချိုးဖို့ရေမှာ အဆင်သင့်ဖြစ်၍ ထမင်းပွဲမှာလည်း အဆင်သင့်ဖြစ်နေသည်။ စိမ်းကမူ သူ့အနားသို့ နီးနီးကပ်ကပ်လာ၍ မရပ်ပေ။ ထမင်းစားပြီးချိန်တွင် အတော်ညဉ့်နက်၍နေပေသည်။ 


ကလေးများသည် စာဖတ်နေ၍ အမေ့အခန်းကို မီးမှိတ်လျက်ရှိလေသည်။ ကိုဝဏ္ဏသည် အဝတ်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ဆေးတံကိုခဲနေသည်။ သူ့ရှေ့တွင် မီးလင်းဖိုသည် မနေ့ကလိုပင် တောက်လောင်နေ၏။ သူ့နှလုံးသားများမှာတော့ မနေ့ ညကထက်ပင် ပို၍ပူပြင်းစွာ တောက်လောင်နေသည်။


စိမ်းသည် သူ့အနားသို့ မလာလိုတော့ပြီ ထင်သည်။ တကယ်တော့ မီးပုံဘေးတွင် မနေ့ညကလိုပင် စကားပြောနေဖို့ ကောင်းပါသေးသည်။ တစ်ခုခုကိုတော့ စကားပြန်အဖြစ် ပြောဖို့ကောင်းသည် မဟုတ်ပါလား။ အကယ်၍သာ စိမ်းသည် သူနှင့်အတူနေဖို့ လက်ခံပါလျှင် အို ...သူ၏ရွှေပြည်တော်သည် မိုးကောင်းလိုက်မည့်ဖြစ်ခြင်း။ သူ့ချစ်ဇနီးသည် ပညာတတ်ဖြစ်၍ သူ့သား မြေးမြစ်တို့သည် စာတတ်ပေမည်။ ဤယာမြေပေါ်တွင် အစဉ်အဆက်ကြီးပွား၍ ပညာတတ်သော ကျေးတောသား သားမြေးတို့ကို သူတို့ ထားရစ်ခဲ့နိုင်ပေတော့မည်။ သူတို့တစ်ခေတ်တွင် ပဒေသရာဇ်တို့အား အပြီးတိုင် တိုက်ဖျက်ပြီး၍ အများပြည်သူဆန္ဒဖြင့် ရွေးချယ်သော ဗဟိုအစိုးရပင် တက်ကောင်းတက်နေပေလိမ့်မည်။ ခေတ်မီသော လယ်သမားများအဖြစ်သို့ ပြောင်းလဲ၍ ရေပေးစက်ခုတ်မောင်းသံပင် နားထဲမှာ ကြားယောင်လာသည်။



တလွန့်လွန့်တက်နေသော မီးခိုးတန်းကို ကြည့်ရင်း သားမြေးတို့ခေတ်ကို သူက တွေးနေမိ၏။ စိမ်းအခန်းမှ ခြေသံကြားမှပင် သူ့အတွေးသည် ရပ်၍သွားသည်၊


စိမ်း သူ့ထံသို့ လာနေလေပြီ။ ဘာတွေများလာ၍ ပြောမည်လဲ။ ရင်တုန်လှပါဘိ။ သူ့နှလုံးခုန်သံမှာ စိမ်း ကြားလောက်အောင်ပင် ကျယ်လောင်၍နေသည်ဟု ထင်သည်။ မနေ့ညက ထိုင်သွားသော ခုံပေါ်တွင် စိမ်းထိုင်သည်အထိ သူသည် စိမ်းကို မကြည့်ရဲသေးပေ။


“ရှင့်လောက်ယုတ်မာတဲ့သူ မရှိတော့ဘူး” .


စိမ်းစကားသံမှာ သူ့နှလုံးသားကို ပစ်၍ခွဲလိုက်သည်။ သူသည် လှုပ်၍ပင်မရပေ။


“ရှင်ဟာ သိပ်ပြီးအကွက်ဆင်တတ်တဲ့ လူလိမ်ကြီးပဲ”


ချစ်သည်ဟု ပြောသည်မှာ ယုတ်မာကောက်ကျစ်ရာကျပါသလား။ သူသည် ဆတ်ဆတ်တုန်လာ၏။


"ကျွန်တော်မှားရင် ခွင့်လွှတ်ပါ၊ စော်ကားရာများ ကျမလားလို့ တွေးရင်း တစ်နေ့လုံးပဲ ယာခင်းမှာ ဘာမှလုပ်လို့ မရဘူး”


“ဒါတွေကို ဘာမှ စိမ်းမကြားချင်ဘူး၊ ရှင်ယုတ်မာတာကိုသာ ကျွန်မ အံ့သြတာပဲ။ ရှင်တို့စေတနာတွေ၊ ရှင်တို့ကျေးဇူးတွေကို ကျွန်မက တုံ့ပြန်သလောက် ရှင်လုပ်ပုံဟာ သိပ်စုတ်ပဲ့တာပဲ”


“ဟင်...ကျွန်တော် ဘာလုပ်လို့လဲ”


စိမ်းသည် မီးဝင်းဝင်းတောက်မတတ် မျက်လုံးများနှင့် လှမ်း၍ကြည့်ရင်း လက်ထဲမှ သတင်းစာဖြတ်ပိုင်းများကို သူ့လက်ထဲသို့ ပေါက်၍ထည့်လိုက်၏။


“ရှင့် စာအုပ်စင်ကြားထဲက တွေ့တာတွေ ဖတ်ကြည့်ပါဦး။ ကိုဝင်းဖေ မသေဘူး သိလား၊ မသေဘူး။ ဒါကို ရှင်ကသေတယ် ဆိုပြီး ကျွန်မကို ရအောင်ကြံမယ်။ ဒီနေ့ သတင်းစာဖြတ်ပိုင်းတွေသာ ကျွန်မ မတွေ့ရင် ကျွန်မဟာ ရှင့်လက်ထဲက လွတ်မှာမဟုတ်တော့ဘူး၊ သိပ်ပက်စက်တယ်။ ဒါလောက် လုပ်ရက်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး”


ကိုဝဏ္ဏသည် သတင်းစာပိုင်းများကို ကိုင်ရင်း ကြောင်နေသည်။


“စိမ်း ပြောတာတွေ ကျွန်တော် တစ်လုံးမှ နားမလည်ဘူး”


“နားလည်ရမယ်၊ ရှင်ဘာလုပ်တယ်ဆိုတာ ရှင် နားလည်ရမယ်။ ကျွန်မကတော့ ရှင်တို့ ပိုက်ဆံကုန်မှာ စိုးလို့ မြို့သွားချင်တာကိုလဲ မပူဆာခဲ့ဘူး။ ကျွန်မလင် သေသွားပြီဆိုတာလဲ တကယ်ယုံခဲ့တယ်”


“သူ မေသဘူးလား”


“မသိချင်ယောင် ဆောင်မနေပါနဲ့။ ရှင်ဖွက်ထားတဲ့ သတင်းစာပိုင်းတွေကို ရှင်ဖတ်ကြည့်ပါလား”


သူဖွက်ထားသည်ဟု စိမ်းကပြော၏။ သူသည် ခုထိ ဘာမှနားမလည်။ သတင်းစာပိုင်းများကို ဖြန့်၍ဖတ်၏။ သတင်းစာများမှာ ကြော်ငြာဖြစ်၍ ကိုဝင်းဖေက သူမသေကြောင်း၊ စိမ်း အမြန်ပြန်လာရန်နှင့် အကျိုးအကြောင်းကို ပြန်လည်တွေ့ဆုံလျှင် ရှင်းပြမည့်အကြောင်း ကြော်ငြာဖြစ်လေသည်။ နောက်ဆုံးတစ်ရွက်တွင်မူ ကိုဝင်းဖေမှာ ကောင်းစွာ မမာနေ၍ လာရောက် မရှာဖွေနိုင်ကြောင်း၊ စိမ်းသာ သတင်းရရချင်း ရန်ကုန်သို့ ပြန်လာရန်၊ သို့မဟုတ် စာပေး၍ အကြောင်းကြားရန် ဖြစ်သည်။ ကိုဝဏ္ဏမှာ ထိုသတင်းစာပိုင်းများကို ယခုတစ်ကြိမ် ပထမဆုံးတွေ့ရခြင်း ဖြစ်ပေသည်။


“စိမ်းယောက်ျား အသက်ရှင်ပြီး ရှိသေးတယ်ဆိုလို့ ကျွန်တော် ဝမ်းသာပါတယ်။ မနက်က ကျွန်တော်ပြောမိတာလဲ ဝမ်းနည်းပါတယ်။ ခွင့်လွှတ်ပါ။ ဒီသတင်းစာတွေတော့ ကျွန်တော်မသိမ်းတာ အမှန်ပါ။ ကိုဝင်းဖေ သေတယ်ဆိုတာလည်း ကျွန်တော် လုပ်ကြံတာမဟုတ်ဘူး။ သတင်းစာက ရေးတာပဲ”


“ရှင့်ကို ကျွန်မတစ်သက်မှာ ခွင့်မလွှတ်နိုင်ဘူး။ ကြော်ငြာကို ဖွက်ထားတာကိုက ဘယ်လောက်ဆိုးထားလဲ။ ကျွန်မက အထင်သေးမှာစိုးလို့ ရှင်ညာပြောတာ။ ရှင့်အိပ်ခန်းကို ဘယ်သူမှ မဝင်ရဲဘူး။ ရှင် သိပ်တတ်နိုင်တာပဲ။ ရက်စွဲတွေက ပျက်နေပြီ။ ဘယ်တုန်းကများ ကြော်ငြာထားလဲ မသိဘူး။ သတင်းစာမှာ အပြတ်တွေပါလာလို့ ကျွန်မ ရှင့်ကိုမေးတယ် မဟုတ်လား၊ ရှင်ညာပြီးတော့ မသိဘူးလို့ ဖြေတယ်လေ”


“ကျွန်တော် ဒါလောက် မယုတ်မာပါဘူး”


“ယုတ်မာတယ်၊ သိပ်...ယုတ်မာတယ်။ ရှင့်ကျေးဇူးတွေအတွက် ကျွန်မ စိတ်ကို မနည်းထိန်းရတယ်၊ ကျွန်မ ပြန်မယ်၊ သိလား...ပြန်မယ်”


စိမ်းသည် သူ့လက်ထဲမှ သတင်းစာပိုင်းများကို ဆောင့်ဆွဲကာ အိပ်ခန်းရှိရာသို့ ထသွားတော့သည်။


မတတ်နိုင်တော့ပြီ။ ဖြစ်မှဖြစ်ရလေခြင်း၊ မချစ်နိုင်ဘူးဆိုသည့် အဖြေရသည်ကမှ တော်ပေသေးသည်။ ယခုတော့ ကိုဝဏ္ဏသည် လူယုတ်မာကြီးဖြစ်၍ နေပေသည်။ ရှေ့တွင် တောက်လောင်နေသော မီးပုံထဲသို့ပင် မျက်နှာကို ထိုး၍ အပ်လိုက်ချင်သည်။ ရိုးရိုးတန်းတန်း ခွဲခွာသွားကြရလျှင် လွမ်းဆွတ်တသသည့်စိတ်ကို ဖြေရပေမည်။ ယခု ခွဲခွာရခြင်းမျိုးကတော့ အသည်းကွဲ ရင်နာစရာပါကလား။ သူ မဝှက်၊ သူ မသိမ်းဆည်းသည်ကလွဲ၍ ဘာမှ သူမပြောတတ်ပေ။ သူ့အခန်းကိုလည်း စိမ်းကလွဲ၍ မည်သူမှ မဝင်။ အမေက လာတတ်ပေမယ့် သူ့ပစ္စည်းများကို မကိုင်တတ်ပေ။


ခွဲခွာရသောတစ်နေ့သည် အမုန်းနှင့် ခွဲခွာရခြင်းပါကလား။ မိန်းကလေးတစ်ယောက်အနေနှင့်တော့ စိမ်းဘက်က မှန်ကန်ပေသည်။ သူ့ချစ်လင်ထံသို့ ပြန်သွားခြင်းမှာ မိန်းမကောင်းတို့ပြုအပ်သော ကျင့်ဝတ်တစ်ရပ်ပင် ဖြစ်ပေသည်။ အနူးအညွတ် ခွင့်လွှတ်လိုပေသည်။ စောစောကသာ သိရှိပါလျှင်လည်း ဖူးငုံစပြုသော ချစ်ပွင့်အား နှလုံးသားနောက်တွင် ကွယ်ဝှက်၍ ကိုဝင်းဖေလက်သို့ အရောက်ပို့အပ်လိုက်ပါသည်။ ယခုတော့ သူက ဖွင့်လှစ်ပြောဆိုပြီးပါမှ သတင်းစာဖြတ်ပိုင်းအရေးကိစ္စက ပေါ်ပေါက်၍ လာရလေသည်။ ကံ ...ကံ၏အကြောင်းတရားတို့သည် မျှော်မှန်းသည်ထက် ပိုဆိုးသွမ်းစွာ ကျရောက်လာကြပါပကော။


ထင်းခြောက်များကို တစ်ခုပြီးတစ်ခု မီးပုံထဲသို့ ထိုး၍ထည့်လိုက်၏။ မီးရှိန်များမှာ ပို၍ပြင်းလာတော့သည်။ စိတ်အိုက်လာတိုင်း ဆေးတံကို တစ်ဆုံပြီးတစ်ဆုံ ထပ်၍ထည့်လိုက်သည်။ သူ့အနားတွင် ဆေးတံမှဆေးနံ့နှင့် ထင်းမီးမှအနံ့တို့သည် ရောပြွမ်း၍ နံနေကြသည်။


အိပ်ခန်းဆီသို့ ခဏသွားပြန်သည်။ နေ့လယ်က လဲထားဟန်ရှိသော စားပွဲတင်ပန်းအိုးထဲမှပန်းများမှာ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် လန်းဆတ်၍နေသည်။ သန့်စင်နံ့သည် အခန်းထဲတွင် သင်း၍နေသည်။ အိပ်နေလျှင် ပို၍ စိတ်ညစ်စရာကောင်းပေသည်။ မီးဖိုဘေးတွင် ပြန်လည်ထိုင်ရင် ရင်ထဲမှာမော၍ လာသည်။ စိမ်းအခန်းထဲသို့ ပြေး၍ ဝင်လိုက်ချင်သည်။ မိရွှေစိမ်းကို ရှင်းပြချင်သည်။ သို့သော် ဘယ်သူ ဝှက်ထားသည်ကို လက်သည် မဖော်နိုင်၍ ရှင်းပြခြင်းမှာ ပို၍နေပေတော့မည်။ 


ဪ...ဘယ်လိုများ ဖြစ်ရခြင်းပါလိမ့်။


* * * 


မနက်တွင် စိမ်းသည် အိမ်သားများမနိုးခင် အစောကြီးထ၏။ သို့သော် ကိုဝဏ္ဏကို သူ့အိပ်ခန်း၌ မတွေ့ရပေ။ ကိုဝဏ္ဏက သူ့ထက် စောစီးစွာထ၍ ထွက်သွားလေပြီ။ စိမ်းအခန်းဝတွင်မူ စာရွက်တစ်ရွက်မှာ ကျ၍နေသည်။ စိမ်းသည် စာရွက်ကိုယူ၍ ဖတ်လိုက်၏။

.

“စိတ်ချမ်းချမ်းသာသာနဲ့ ပြန်ဖို့ အသင့်ပြင်ထားပါ။ ကျွန်တော် လမ်းခရီးအတွက် စီစဉ်ဖို့ ထွက်သွားပါတယ်”


စိမ်းသည် စာရွက်ကို လုံးချေလိုက်၏။ လာတုန်းက သူ့တွင် ဘာမှမပါ၍ ယခုအပြန်တွင်လည်း ဘာတစ်ခုမှ သယ်ယူဖို့ စိတ်မကူးပေ။ ယမန်နှစ်ဆောင်းဦး ထိုးထားသောဆွယ်တာကိုတော့ ယူသွားမှဖြစ်မည်။ ဆောင်းနှောင်းလာပေမယ့် အအေးဒဏ်သည် ပြင်းထန်နေတုန်းဖြစ်၏။


အကျိုးအကြောင်းအားလုံးကို အမေ့အား ပြော၍မပြချင်ပေ။ ပြန်တော့မည့်အကြောင်းတစ်ခုကိုပဲ ပြောပြမည် စိတ်ကူးသည်။ သို့သော် ကလေးများနှင့်အမေ့ကို ပြောမည် ကြံတိုင်း ရင်ထဲမှာ တစ်ဆို့နေသည်။ သူတို့စေတနာ၊ မေတ္တာတွေမှာ စိမ်းစကားများကို တားဆီးသလို ဖြစ်နေတော့သည်။


အိမ်အလုပ်များကို လုပ်မြဲလုပ်နေ၏။ အမေနိုးလာလျှင် သူသည် ကောက်ညှင်းပေါင်းပန်းကန်ကို ချပေးရင်း စကားစမည် စိတ်ကူးသည်။ သို့သော် ပြော၍မထွက်။


“အမေ ကိုဝဏ္ဏ ယာခင်းထဲကို အစောကြီးသွားတယ်။ သူ အိပ်ရာထဲမှာမရှိဘူး။ စိမ်း မိုင်းငေါကို ခဏသွားချင်လို့ တိုးကြီးကို ထည့်လိုက်ပါ” 


အမေက အံ့အားသင့်သွားသည်။ သို့သော် စိမ်းသည် ယာတောကိုရောက်ကတည်းက တစ်ခါမှ အပြင်သွားခွင့်မတောင်းဖူးပေ။


“ဘာနဲ့သွားမလဲ၊ မောင်ဝဏ္ဏဆီမှာ လှည်းမတောင်းလိုက်ဘူးလား”


“ဦးခွန်နောင်လှည်းနဲ့ သွားမယ်” 


အမေက သူ့ကို ဘာမှပြန်မပြောတော့ပေ။


တိုးကြီးကိုခေါ်ကာ ဦးခွန်နောင်တဲဘက်သို့ ထွက်လာကြသည်။ ဦးခွန်နောင်အိမ်သားများမှာလည်း မိုင်းငေါကိုသွားရန် ပြင်ဆင်နေကြ၍ အဆင်သင့်ပင် စိမ်းလိုက်၍ သွားလေသည်။


ညနေဘက်တွင် စိမ်းသည် ခပ်စောစော ပြန်ရောက်လာ၏။ ကိုဝဏ္ဏကမူ တော်တော်နှင့် ပြန်မရောက်လာပေ။ ကလေးသုံးယောက်သည် ဝင်းအ၀ ချယ်ရီပင်အောက်တွင် ပန်းပွင့်ဖတ်အကြွေများကို ကောက်၍နေသည်။ နေရောင်မှိန်မှိန်လေး ကျန်နေချိန်အထိ သူတို့ အိမ်ထဲမဝင်သေးပေ။ အမေက အိမ်ထဲမှ လှမ်းခေါ်ပေမယ့် အစ်ကိုပြန်လာမှ ဝင်မည်ဟု ပြောနေကြသည်။


ကိုဝဏ္ဏပြန်လာချိန်တွင် သူတို့သည် ချယ်ရီပွင့်ဖတ်များနှင့်ပေါက်၍ ကြိုကြရင်း အိမ်ထဲသို့ ဝင်လာကြသည်။ အမေသည် သူတို့အားလုံးကို ကြည့်ရင်း စိတ်ချမ်းသာပုံပေါ်နေသည်။


“စိမ်းတစ်ယောက် ပြန်တော့မယ်တဲ့” 


“ဟင်”


ကလေးများအားလုံး သံပြိုင်အော်ကာ စိမ်းအခန်းဘက်သို့ ပြေးဝင်သွားကြသည်။ ကိုဝဏ္ဏသာ အမေ့ဘေးတွင် တစ်ယောက်တည်း ရပ်နေသည်။


“ကျွန်တော် ညကတည်းက သိပြီးသားပါ”


“အေးလေ၊ တားဖို့လဲ မသင့်ဘူးပေါ့။ ဒါလောက်ကြာကြာနေတာပဲ အံ့သြစရာပဲ၊ မင်း သူ့အတွက် ဘာတွေ စီစဉ်ပြီးပြီလဲ”


“အားလုံး စီစဉ်ပြီးပါပြီ။ ဒါကြောင့် မိုးချုပ်နေတာ၊ သူ့အတွက် ခရီးစရိတ် သုံးရာတော့ အမေ ထုတ်လိုက်ပါ”


အမေ့ကိုပြောပြီး စိမ်းအခန်းထဲသို့ သူ ရဲရဲပင်ဝင်၍ သွားသည်။ အခန်းထဲတွင် ကလေးများအားလုံး ငိုနေကြသည်။ အတူးက စိမ်းပေါင်ပေါ်တွင်ထိုင်၍ စိမ်းကို ဖက်ထားသည်။ စိမ်းသည် ခေါင်းမော့၍ ကိုဝဏ္ဏကို ကြည့်လိုက်စဉ်တွင် သူ့မျက်လုံးမှ မျက်ရည်စက်များ အတူးလက်သို့ ကျ၍သွားသည်။


“ကျွန်တော် အားလုံး စီစဉ်ပြီးပြီ။ မနက်စောစောသာ ထပေတော့”


“မလိုပါဘူး။ ကျွန်မလဲ မိုင်းငေါမှာ စီစဉ်ခဲ့ပြီးပြီ"


“ဟင်... မိုင်းငါကို စိမ်းသွားတယ်။ ကျွန်တော်လဲ မနက်က ရောက်တယ်”


“ဟုတ်တယ်၊ ကျွန်မဘာသာ သွားခဲ့တယ်။ မတွေ့ကြတာပဲ ကောင်းပါတယ်လေ”


ကလေးများသည် အခန်းထဲမှ ထွက်၍ သွားကြပြန်သည်။


“မိုင်းငါဗိုလ်တဲကိုလဲ ရောက်ခဲ့တယ်။ စော်ဘွားနဲ့လဲ တွေ့ခဲ့တယ်။ စော်ဘွားရဲ့သားနဲ့ ရန်ကုန်က လာလည်တဲ့အရာရှိတွေ နက်ဖြန်မနက် လားရှိုးကိုသွားကြလိမ့်မယ်။ စိမ်းက သူတို့ကို သတင်းစာတွေပြပြီး အကူအညီတောင်းလို့ သူတို့ကလဲ စိတ်မကောင်းဖြစ်ကြတယ်။ နက်ဖြန်လိုက်ဖို့ သူတို့ကပဲ စီစဉ်ပေးတယ်။ ချောင်းဘေးက လမ်းအထိပေးဖို့ ဦးခွန်နောင်လှည်းကိုလဲ ပြောပြီးပြီ။ ရှင့်အကူအညီ ကျွန်မ ဘာမှမလိုတော့ဘူး”


“ကျွန်တော့်ကို သိပ်ပြီး စိတ်ဆိုးနေတယ်ပေါ့။ တကယ်တော့ ကျွန်တော်ဟာ ကိုဝင်းဖေအကြောင်းကို မိုင်းငေါက ပုလိပ်တွေဆီလဲ တိုင်ထားတယ်။ ကျွန်တော်တို့ယာတောက အသွားအလာခက်ခဲလို့ သတင်းစာ မရောက်ရင် ထားပါဦး။ မိုင်းငါကိုတော့ သတင်းစာ ရောက်ပါတယ်။ ကိုဝင်းဖေကြော်ငြာတွေ့ရင် သူတို့ဟာ ဒီကိုလာပြီး အကြောင်းကြားပါတယ်”


“ကျွန်မ ရှိနေသေးတယ်ဆိုတာ သိချင်မှ သိဦးမှာကိုး"


“အုပ်ချုပ်တဲ့သူတွေအနေနဲ့တော့ ဒီလောက်တော့ တာဝန်ယူကြဦးမှပေါ့။ စုံစမ်းဦးမှပေါ့”


“ရှင့်အပြစ်ကို အုပ်ချုပ်တဲ့လူတွေအပေါ် လွှဲမချပါနဲ့တော့၊ ကဲလေ သွားပါတော့။ ကျွန်မလဲ ဒီကသွားဖို့ အဆင်သင့်ဖြစ်နေပြီပဲ”


ကိုဝဏ္ဏသည် သက်ပြင်းချလိုက်၏။


“ဒီမှာ စိမ်း၊ ကျွန်တော့်စေတနာကိုတော့ သွားခါနီး အသိအမှတ်ပြုသွားပါဦး။ ကျွန်တော်ဟာ ခင်ဗျားရန်သူ မဟုတ်ပါဘူး၊ စိမ်းဆက်ဆံပုံက ရန်သူတစ်ယောက်လိုပဲ”


စိမ်းသည် မဲ့ပြုံးပြုံးလိုက်၏။ ပြီးတော့ တစ်ဖက် လှည့်လိုက်ကာ ပြတင်းအပြင်ကို ကြည့်နေလိုက်သည်။


“ကျွန်တော်ဟာ လူယုတ်မာကြီးတစ်ယောက်အဖြစ် ခင်ဗျားနှလုံးသားထဲမှာ ပါသွားရတာကိုတော့ ဝမ်းနည်းလို့ မဆုံးဘူး။ ဒါပေမယ့် မရှင်းနိုင်သေးတဲ့အချိန်မှာတော့ ခံရတော့မှာပဲ”


“ကျွန်မတို့နှစ်ယောက် ရှေ့ဆက်ပြီး စကားတွေပြောနေဖို့ မလိုတော့ဘူး ထင်တယ်”


“မှန်ပါတယ် မင်းကတော်”


သူသည် စိတ်ထဲမှ ခံပြင်းကာ အခန်းထဲမှ ထွက်ခဲ့လေသည်။


စိမ်းမှ စိတ်ချမ်းသာပါစေ။ နေလို့ထိုင်လို့ ပြေပြစ်ပါစေ စိတ်ထားနှင့် ရေစုပ်စက်ပင် မဝယ်ဘဲ အိမ်ကိုပြင်၍ ဆောက်လိုက်ရသည်။ ယခုတော့ အားလုံး ပြိုကွဲကြပါပကော။ ပညာတတ်သော ကျေးတောသား သားမြေးတို့ကို ဤယာတောတွင် ထားရစ်မည့် အတွေးအစီအစဉ်သည်လည်း ယိုင်လဲပျက်စီး၍ သွားကြပြီ။


နံနက်စောစောတွင် တောင်ခြေသည် နှင်းမြူများ အုပ်နေ၍ ရေပြင်ကြီးလို ဖြစ်နေသည်။ ကလေးများသည် အစောကြီးထ၍ အိမ်ဝတွင် ရပ်နေကြသည်။ သူတို့နှုတ်ခမ်းများမှာ ပြာ၍ လက်ဖျားများ အေးစက်နေကြသည်။ အမေက မီးဖိုနားတွင် ထိုင်နေကြရန် ပြောပေမယ့် သူတို့သည် အိမ်ဝမှ နေရာမရွေ့ကြပေ။


အရှေ့ဘက်တွင် အလင်းရောင်အတန်းမျှင်ကို ရေးရေး မြင်နေရသည်။ မှုန်မွှားသော နှင်းမှုန်များကို ထိုးဖောက်၍ အဝေးမှ လှည်းတစ်စီးလာသံကို ကြားနေရသည်။ နွားချူသံသည် နှင်းထုကို ဖောက်ထွင်း၍ သာယာစွာ မြည်လာသည်။

အသံပို၍ကျယ်လာတိုင်း ကလေးတို့သည် ရင်ခုန်လာကြ၏။ နှင်းတောထဲမှ လာနေသောလှည်းကို သရဲတစ်ကောင်ကြည့်နေသလို ကြောက်အားလန့်အားနှင့် ကြည့်နေကြလေသည်။


မှောင်နေသေး၍ နွားနှင့်လှည်းမှာ အနက်ကြီးဖြစ်နေကြသည်။


“လှည်းကြီးကလဲ သရဲမောင်းလာသလိုပဲဟယ်”


မခမ်းလုံသည် သူ့မောင်ကလေးများကို ပြောလိုက်၏။ 


အိမ်ဝတွင် လှည်းရပ်လိုက်သည်နှင့်တစ်ပြိုင်နက် စိမ်းသည် သူ့အခန်းထဲမှ ထွက်လာသည်။ 


အမေသည် ထမင်းချိုင့်နှင့် ညက စုဆောင်းထားသော လက်ဆောင်ပစ္စည်းများကို လှည်းပေါ်တင်ပေးသည်။ ရှမ်းပဲပုပ်ခြောက်နှင့် ကြက်သွန်ဖြူများကို ပုတ်အငယ်ကလေးတစ်လုံးနှင့် ထည့်၍ပေးလိုက်သည်။

သဇင်ပန်းများကို ဖက်ရွက်နှင့်ထုပ်၍ ခြင်းအငယ်ကလေးတစ်လုံးထဲထည့်ကာ စိမ်းလက်ထဲကို ထည့်လိုက်၏။ မခမ်းလုံ၏ကြက်ဥများလည်း တစ်ခြင်းပါသွားသေး၏။ တိုးကြီး၏လက်ဆောင် လိမ္မော်သီးတစ်ခြင်းလည်း ပါသွားသေးသည်။


စိမ်းသည် အမေ့ကိုကန်တော့၍ ကလေးများပါးကို တစ်ယောက်စီ နမ်းလိုက်၏။ ပြီးလျှင် လှည်းပေါ်ကိုတက်၍ သွားသည်။ မခမ်းလုံရှိုက်သံသည် အမှောင်ထဲတွင် ကျန်ရစ်ပေသည်။


တောင်တန်းထိပ်သည် ငွေရောင်လင်းလာ၍ ချယ်ရီပင်ပေါ်မှ ငှက်ကလေးမှာလည်း လေးလေးတွဲ့တွဲ့သီချင်းဆိုလိုက်သည်။


အမေသည် အိမ်ဝတွင် ရပ်၍နေ၏။ မိုးလင်းစ အလင်းရောင်ဖြင့် အမေ့ပါးတွင် မျက်ရည်ကြောင်းကို မြင်နေရသည်။


လှည်းနောက်သို့ လူတစ်ယောက် မြင်းစီးကာ လိုက်ပါသွားလေသည်၊ အတူးသည် မြို့ရှိကလေးများ ရုပ်ရှင်ကြည့်ရင်း အော်သလို လက်ခုပ်လက်ဝါးတီး၍ အော်လိုက်လေသည်။


“အစ်ကို လိုက်သွားပြီဟေ့...၊ အစ်ကို လိုက်သွားပြီ။ ပြန်လာရင် အစ်မကို မြင်းပေါ်မှာ ပွေ့ပြီးခေါ်လာမှာ၊ အစ်ကို လိုက်သွားပြီဟေ့”


အတူးအော်သံကြောင့် အားတက်သလိုရှိသွားသော်လည်း မခမ်းလုံနှင့် အမေကတော့ စိမ်းပြန်မလာတော့ပြီကို သိနေပေသည်။ သူတို့မျက်လုံးထဲတွင် တစ်နှစ်မိုးတွင်းက ဦးခမ်းလွန်းလက်ထဲတွင် ပျော့ခွေ၍ မိုးစက်စက်နှင့်ပါလာသော စိမ်းကို မြင်ယောင်၍ နေကြသည်။ 


လမ်းခွဲတွင် စိမ်းတို့လှည်းကို မော်တော်ကားများ စောင့်နေကြ၏။ စိမ်းသည် လှည်းပေါ်မှဆင်း၍ သူ့ကိုရပ်၍ ကြိုနေသော လူတစ်ယောက်နှင့်အတူ ကားပေါ်သို့ တက်လိုက်သည်။ ရက်လည်း ရက်စက်နိုင်ပါပေသည်။ လှည်းဘေးတွင် မြင်းပေါ်မှဆင်း၍ ရပ်နေသော ကိုဝဏ္ဏကိုမှ နှုတ်မဆက်။ ကားထဲရှိယောက်ျားများမှာ ကိုဝဏ္ဏကိုကြည့်၍ ပြောင်လှောင်သွားသည်ဟု သူက ထင်သည်။


ကားတန်းကြီး ထွက်သွားလျှင် သူသည် လက်ကိုမြှောက်ကာ ဝှေ့ရမ်း၍ နှုတ်ဆက်နေ၏။ စိမ်းကတော့ လက်ကိုပင်ပြ၍ နှုတ်မဆက်ပေ။ နာမည်နှင့်လိုက်အောင် စိမ်းသည့်မိန်းကလေးပေတည်း။


* * * 


အိမ်ရောက်လျှင် အားလုံး ခြောက်နေသည်။ ဂျုံခင်းကိစ္စလည်း ပြီး၍နေပြီး ဟင်းသီးဟင်းရွက်လောက် စိုက်ပျိုးရတော့မည်။ ကလေးများကလည်း ငြိမ်ငြိမ်သက်သက်နေကြ၍ စိတ်ချောက်ချားစရာ ကောင်းနေပေသည်။ ယခုလိုအချိန်တွင် ငြိမ်၍နားနေဖို့ မကောင်းပေ။ ဂျုံစေ့များ သိုလှောင်ထားသည့် တဲများဘက်သို့ ထွက်၍လာပြန်သည်။ ဦးခမ်းလွန်းသည် တဲတံခါးတစ်ခုကို ပြင်၍နေသည်။


“အဘ . . .ဟိုမိုးတွင်းတုန်းက ခေါ်လာတဲ့မိန်းကလေး ပြန်သွားပြီ အဘရေ”


သူသည် အဘကို လှမ်းပြော၍ တဲဘေးကပြင်တွင် ထိုင်လိုက်သည်။


“ဘယ်တုန်းကလဲ” 


“မနက်ကပဲ” 


“အေး...မြို့သူက ဒီမှာ ဘယ်ကြာကြာ နေမလဲကွယ်”


အေးစက်သော လေများသည် တိုးဝှေ့တိုက်ခတ်လာကြပြန်သည်။ ဦးခမ်းလွန်း၏တူထုသံ တဒေါက်ဒေါက်သာ တိတ်ဆိတ်ပြီး ငြီးငွေ့ဖွယ်ကောင်းသော ဆောင်းနေ့လယ်ကို အသက်သွင်း၍နေသည်။


သူသည် တစ်နေ့လုံး ဘာမှမလုပ်။ ကပြင်တွင် အိပ်၍နေသည်။ ဦးခမ်းလွန်း ရေနွေးမှာလည်း မီးဖိုပေါ်မှ မဆင်းရပေ။ ဆတ်သားခြောက်ကို မှောက်လျက်စားလိုက်၊ ရေနွေးကြမ်း မော့လိုက်နှင့် လုပ်နေသည်။ အိမ်ကိုလည်း ပြန်ချင်စိတ်မရှိပေ။

ဦးခမ်းလွန်းက သူ့အနားတွင် လာထိုင်၍ ဝါနေသော မြေခွက်နှင့် ရေနွေးကြမ်းကို ငှဲ့၍သောက်နေ၏။


“ဟေ..အရင်လို မသွက်တော့ပါလား။ တယ်ပြီး ငြိမ်နေပါလား၊ ပျင်းနေပြီထင်တယ်”


““ဟုတ်တယ် အဘရေ၊ ပျင်းတာထက် စိတ်ညစ်တာက ပိုတယ်” 


“မင်းအရွယ်က မိန်းမယူဖို့ကောင်းပြီကွယ့်။ ဘယ့်နှယ့်လဲ မင်းတို့ကောင်လေးတွေက မြို့ကမိန်းမတွေကို တယ်ပြီး အိပ်မက်တာကိုး”


ကိုဝဏ္ဏသည် ကြောင်၍သွား၏။ သူ စိမ်းကိုချစ်နေသည်ကို ဦးခမ်းလွန်းများ သိသွားပြီလား။


“ဘယ်သူ့ကိုမှ စိတ်မကူးသေးပါဘူး အဘရာ"


“အေးကွယ့်၊ ဒါပေမယ့် အိမ်ကို ကျောက်တုံးအိမ် ဆောက်မယ့်အစား ရေစုပ်စက်ဝယ်လိုက်ရင် တောင်စောင်းက ယာခင်းအသစ်တွေကို လာမယ့်မိုးတွင်းမှာ ထယ်ထိုးနိုင်မှာ။ မင်းမြို့သူက ကျောက်တုံးအိမ် ဆောက်ပေးတာတောင် မနေချင်ဘဲကိုး”


“အိုး အဘက မဟုတ်တာတွေ ပြောမနေပါနဲ့ဗျာ၊ သူက သူ့ယောက်ျားဆီ ပြန်သွားတာပါ"


ငြိမ်သက်၍ သွားကြပြန်သည်။ အမှန်တော့ အဘပြောသည်မှာ အမှန်ချည်းဖြစ်ပေသည်။ ကိုဝဏ္ဏသည် ဝါးကြမ်းပေါ် ပစ်လှဲရင်း ပြန်တွေးပြန်သည်။ ကားများသည် မနားဘဲသွားလျှင် လားရှိုးကို ညနေရောက်မည်။ မနက်တွင် စိမ်းသည် လေယာဉ်ပျံနှင့် ရန်ကုန်ကိုသွားတော့မည်။ မြင်းနှင့်ဖြစ်ဖြစ်၊ လှည်းနှင့်ဖြစ်ဖြစ် ထ၍လိုက်လိုက်ချင်သည်။ မြင်းနှင့် လှည်းတို့မှာ တကယ်ဆိုတော့ လေယာဉ်ပျံကို တု၍ရပါမည်လား၊


အိမ်ပြန်ရောက်ချိန်တွင်လည်း ထမင်းမစားတော့ဘဲ အိပ်ရာသို့ အစောကြီး ဝင်လိုက်၏။ အေးစက်သော ညများကို ကုန်လွန်စေချင်လှပြီ။ 


သူအိပ်နေသော်လည်း ကလေးများအခန်းမှ စကားပြောသံ ကြားနေရလေသည်။ တိုးတိုး တိုးတိုးနှင့်  ကလေးများစကားသံမှာ သူ့အိပ်ရာသို့ လွင့်လာသည်။ မှင်စာလေးများ ညည်းနေသလို နားထဲတွင် နားငြီးလာသည်။ အိပ်ရာမှထ၍ အခန်းဝတွင် ရပ်လိုက်၏။ 


ကလေးများသည် သူတို့အခန်းထဲတွင် စကားပြောနေကြခြင်းမဟုတ်ဘဲ မီးလင်းဖိုဘေးတွင် ထိုင်၍ပြောနေကြခြင်းဖြစ်သည်။ သူတို့သည် စိမ်းအကြောင်းကို စိတ်ဝင်စားစွာပြောနေ၍ ကိုဝဏ္ဏ အခန်းဝတွင် ရပ်နေသည်ကို မမြင်ကြပေ။ မခမ်းလုံကမူ မျက်ရည်လေး လည်လည် လည်လည်နှင့် စကားပြောနေသည်။


“အစ်မသာ အစောကြီးက ဒီလိုပြန်မယ်မှန်းသိရင် ငါ သတင်းစာပိုင်းတွေကို ဖြတ်မထားပါဘူး”


တိုးကြီးသည် ထင်းတစ်စကို နေရာရွှေ့ရင်း ပြောလိုက်သည်။ ကိုဝဏ္ဏသည် တိုးကြီးစကားကို ကြားကြားချင်း ကျောက်ရုပ်ကြီးလို ငြိမ်သက်နေမိသည်။


“အင်း...အဲဒီစာရွက်တွေ ဘယ်မှာလဲ”


“ငါ သိမ်းထားရင်းက ပျောက်သွားတာပဲ။ အိမ်ပြင်ဆောက်တော့ နေရာတွေ ဟိုပြောင်းဒီပြောင်းနဲ့ မဟုတ်လား။ အဲဒါကိုများ မြင်သွားလို့ အစ်မပြန်သွားတာလား”


“နင်ကလဲ အစကတွေ့တွေ့ချင်း ဆုတ်ပစ်လိုက်ရောပေါ့”


“ဖြတ်သိမ်းထားတာတောင် လွန်လှပြီ။ အစ်ကိုသာသိရင် သတ်မှာပဲ။ ငါ့စိတ်ထဲမှာတော့ အစ်မကို မပြန်စေချင်လို့ပါ"


ခုမှ လက်သည် ပေါ်ပေပြီ။ ကိုဝဏ္ဏသည် ဗြုန်းခနဲ သူတို့အနားတွင် ရပ်လိုက်၍ ကလေးများ လန့်၍သွားကြလေသည်။


“ကဲ မှန်မှန်ပြောကြစမ်း၊ မမစိမ်းယောက်ျားက သတင်းစာထဲမှာ ကြော်ငြာတဲ့စာတွေကို ဘယ်သူဖြတ်ထားသလဲ”


“ကျွန်တော် ဒီတုန်းက စာမတတ်သေးပါဘူး”


အတူးက ကြောက်ကြောက်ရွံ့ရွံ့ဖြေ၏။ တိုးကြီးသည် သူ့အစ်ကိုကို မော့ကြည့်၍ မျက်ရည်တွေ လည်လာ၏။


“ကျွန်တော်လုပ်တာ အစ်ကို” 


“ဘာလို့ လုပ်ရတာလဲကွယ်” 


"ဒီကြော်ငြာကိုတွေ့ရင် အစ်မ မြန်မြန်ပြန်သွားမှာစိုးလို့၊ အစ်မကို ကျွန်တော်တို့အိမ်က ဘယ်မှမသွားစေချင်ဘူး”


“ဟုတ်တယ်၊ သတင်းစာကြော်ငြာပါတုန်းက တိုးကြီးက ကျွန်မကို လာပြောတယ်။ ကျွန်မလဲ သိမ်းထားဖို့ သဘောတူမိတယ်။ အစ်ကို့ကို မပြတာက အစ်ကိုသဘောမတူမှာစိုးလို့”


ကလေးများသည် သူတို့သိမ်းထားသော ဖြတ်ပိုင်းကို စိမ်း တွေ့မတွေ့ မသိကြပေ။ သို့သော် သူတို့စာများ ပျောက်သွား၍ စိတ်မကောင်းကြပေ။ စောစောက ဆုတ်မပစ်မိသည်ကို နောင်တရနေကြသည်။ 


“နောက် ဒီလိုမလုပ်ကြနဲ့၊ သူ့ယောက်ျားနဲ့ သူကွဲအောင် လုပ်သလိုဖြစ်နေတော့ မင်းတို့ ငရဲကြီးမှာပေါ့”


ကလေးများမှာ ယခုလိုဆိုတော့လည်း သူတို့လုပ်လိုက်မိသည့်အတွက် စိတ်မကောင်းဖြစ်ကြရပြန်သည်။


“မမစိမ်း စိတ်ဆိုးသွားသလား”ဟု မခမ်းလုံက မေးမြန်းသည်။


မခမ်းလုံ မေးသည်ကို သူ မကြားပေ။ 


“ကောင်းကြတာပေါ့ကွာ”


ကိုဝဏ္ဏသည် ဒါပဲ ရေရွတ်နိုင်သည်။ ကလေးတွေကို ကြိမ်းမောင်းဖို့ကလည်း ကလေးများသည် သူစွဲလမ်းသလိုပင် စိမ်းကိုစွဲလမ်းကြခြင်း ဖြစ်ပေသည်။ တံခါးဝသို့ ထသွားကာ တံခါးတစ်ချပ်ကို ဖွင့်လိုက်၏။ အပြင်တွင် နှင်းထုဖြင့် မည်းမှောင်၍နေသည်။ လေအေးများသည် တံခါးမှစွတ်၍ ဝင်လာသည်။ ညတွင်းချင်းပဲ လားရှိုးသို့လိုက်ကာ ရှင်းလိုက်ချင်ပါရဲ့။ အချိန်များကား နောက်ကျခဲ့ပေပြီ။


“မရွှေစိမ်းရေ..၊ ကျုပ် မယုတ်မာပါဘူး။ ကျုပ် တစ်နေ့တော့ ရှင်းပြပါ့မယ်”


သူသည် တတွတ်တွတ် ရွတ်ရင်း တံခါးကို ပြန်၍ပိတ်လိုက်၏။


မနက်အစောကြီး အိပ်ရာမှထလိုက်၏။ အမေသည် မီးဖိုချောင်သို့ ရောက်နှင့်နေပြီ။ သူ့အတွက် ကောက်ညှင်းပေါင်း၊ နို့နှင့် ကန်စွန်းဥပြုတ်ကို ပြင်၍ထားသည်။ သူသည် နို့တစ်ခွက်သာ သောက်ကာ အိမ်ပြင်သို့ ထွက်သွားသည်။ ကောင်းကင်သည် လင်းလာ၍ နှင်းပြင်များကို မနေ့ကလိုပဲ တွေ့ရသည်။ နေရောင်ခြည်သည် တောင်တန်းပေါ်မှ ဖြတ်ကျော်လာ၍ ချယ်ရီပင်ခက်များပေါ်မှ နှင်းစက်များသည် ငွေရောင်တောက်လာသည်။ မှုန်မှေးမှေးဖြစ်နေသော ပတ်ဝန်းကျင်တွင် နှင်းဖတ်များနှင့် သစ်ရွက်များ တောက်ပပုံမှာ နှင်းနတ်မယ်၏ဝတ်လွှာရုံ ငွေခြည်ပါးတွင် ပိုးဇာပွင့်များဖော်ထားသလို ပြိုးပြိုးပြက်ပြက်နှင့် ပေါ်လွင်နေတော့သည်။


ကိုဝဏ္ဏသည် တစ်ယောက်တည်း ချယ်ရီပင်အောက်တွင် မတ်တတ်ရပ်နေသည်။ အရှေ့ဘက်တောင်တန်းကို ဖြတ်ကျော်၍ လေယာဉ်တစ်စင်းသည် မြောက်ဘက်သို့ ဦးတည်၍ပျံသွားသည်။ ဘယ်သူတွေကို တင်ဆောင်သွားသည် မသိနိုင်သော လေယာဉ်မှာ ငွေရောင်လက်ကာ တရွေ့ရွေ့ သူ့ခေါင်းပေါ်မှ ဖြတ်သန်းသွားသည်။


သူသည် လည်စည်းကိုဖြုတ်ကာ ကောင်းကင်ကို မော့၍ တလှုပ်လှုပ် ဝှေ့ယမ်းပြနေသည်။


“သွားတော့ စိမ်းရေ... သွားတော့”


ပါးစပ်မှ တိုးတိုးရေရွတ်သည်။ ကိုယ့်စိတ်ကူးနှင့်ကိုယ် လုပ်နေရသည်။ ကျေနပ်စရာပေတည်း။ လေယာဉ်ပျံထဲမှာမူ စိမ်းပါလေလား၊ မပါလား မသိပေ။ သူ့ကို ဂရုမျှပင် မစိုက်။ ဆက်လက်ပျံသန်း၍ သွားသည်။ တောင်တန်းအိုကြီး၏ခေါင်းမှာ ပို၍ဖြူဖွေးလာ၏။ အမေနှင့်ကလေးများကမူ အိမ်ဝမှထွက်၍ သူ့အပြုအမူကို တအံ့တဩ ကြည့်နေကြသည်။


မိုးနှင့်မြေကြီးမှာ ဝေးကွာလှပါကလား ...။


အပိုင်း(၄) ဆက်ရန်

ခင်နှင်းယု


No comments:

Post a Comment