Friday, July 15, 2022

စိမ်းသင့်မှစိမ်း (အပိုင်း - ၄)

"မြင်စမ်းပါလှည့်မောင်"

ဆင်တော်ရန် ကေသာပြီးရင်လ 

လင်မျှော်ပြန်ပြီတော်လို့ 

အများပြည်ရွာက ညည်းကြပါလိမ့် 

အထီးကိုပင် စရော့သလား 

သမီး ကိုယ့်ညီမကဲ့သို့ 

အများက မစာနာသတော်

ကြားရစကားသာ...။ 


မိုးသောက်ချိန်သည် ယာခင်း၏ မိုးသောက်ခင်းနှင့် ကွာခြားလွန်း၍ စိမ်း၏စိတ်ထဲတွင် ယာခင်းကိုရောက်ရခြင်းသည် အိပ်မက်ပင်လောဟု ထင်မိပေသည်။


ယာခင်း၏နံနက်သည် သဘာဝသံများနှင့်သာ ဖုံးလွှမ်း၍နေသည်။ မခမ်းလုံ၏ကြက်ခြံမှ ကြက်ဖကြီး တွန်သံနှင့် တိုးကြီး၏နွားခြံမှ နွားအော်သံများသည် မရှေးမနှောင်း ပေါ်လာ၏။ အိ၍ စိမ်းနေသော ဂျုံခင်းပေါ်တွင် နံနက်၏နေခြည်ကလည်း တောက်ပသစ်လွင်၍ တောင်တန်းပေါ်မှ ဖြတ်ကျော်တိုက်ခတ်လာသော လေအေးများကလည်း လန်းဆတ်ချိုအေးလှပေသည်။ အမေတို့မိသားစုသည် ချမ်းငြိမ်းသစ်လွင်သော နံနက်ခင်းတွင် အလုပ်ကိုယ်စီကို စကြရသည်။ လတ်ဆတ်သောလေတွင် မြေရနံ့များက အလုပ်စကြပြီဖြစ်သော မိသားစုစိတ်ကို ရွှင်လန်းစေပေသည်။


စိမ်းသည် ခုတင်ပေါ်လှဲရင်း ယာခင်း၏နံနက်ကို အိပ်မက်သလိုပင် ပြန်တွေးနေမိသည်။ ရန်ကုန်၏နံနက်ခင်းကတော့ ကသောကမျောနိုင်လှသည်။ လေသည် ပင်လယ်ဝကပင် တိုက်ခတ်လာရသော်လည်း လူနေများသော တိုက်အိမ်များကို ဖြတ်သန်းလာရ၍ လူငွေ့ပါလာသလို ပူနွေးနွေးဖြစ်နေလေသည်။ ရှူရှိုက်ရတိုင်း ငြီးစော်နံလာသလို လေက ညစ်ထိုင်း၍နေပေသည်။ လမ်းမပေါ်မှ ဖြတ်သန်းသွားသောကားသံများသည် ရန်ကုန်နံနက်၏ အိပ်ရာမှထလာသော အသံဖြစ်သည်။ ဆူ၍ မောစရာကောင်းလှသည်။ 


ပဲပြုတ်သည်အသံနှင့် ကုလားမုန့်သည်သံမှာလည်း တစ်နေ့တာအတွက် ဝမ်းစာရှာဖွေရခြင်း၏ မောပန်းကျပ်တည်းလှပုံကို ဖော်ပြနေသည်နှင့် တူပေသည်။ စိမ်းသည် အိပ်ရာမှထ၍ ပြတင်းကို ဖွင့်လိုက်၏။ ပြတင်းမှ ကျလာသော နံနက်ခင်း နေရောင်ခြည်တန်းက ဖုန်များပြည့်သိပ်ကာ ယာတော၏နေရောင်ခြည်များလို သစ်လွင်တောက်ပခြင်း မရှိပေ။


ရန်ကုန်၏အငွေ့အတွေ့တို့နှင့် စိမ်းသည် ထိတွေ့ရလေပြီ။ မနက်ခင်းတွင်တော့ ရေချိုးမျက်နှာသစ်နှင့် အလုပ်များသလိုရှိလိုက်၏။ နေမြင့်လာသောအချိန်များတွင်မူ သူသည် အိပ်ခန်းထဲမှာပင် ငြိမ်ငြိမ်လေးနေ၏။ ဒေစီကလည်း သူ၏အလုပ်များကို စိမ်းမကူညီရန် တောင်းပန်သည်။ စိမ်းအား အိပ်ရာထဲတွင် လှဲ၍ အိပ်စက်နားနေရန် ပြော၏။ စိမ်း၏စိတ်များကလည်း ထိုင်းမှိုင်းလှသည်။ 


လေသည် ပြတင်းမှ ဖြည်းညင်းစွာ ဝင်ရောက်လာ၍ ဇာခန်းဆီးမှာ တိမ်းနွဲ့တိမ်းပါး ဖြစ်နေလေသည်။ ဇာပြင်သည် အဝါရောင်ဖြစ်၍ ပန်းပွင့်ငယ်များနှင့် သစ်ရွက်နွယ်များကို ဖက်စပ်ရက်ထားလေသည်။ လေတိုက်လိုက်တိုင်း သစ်ရွက်ကလေးများ လွင့်စင်၍ ကျသွားသလို ထင်နေရလေသည်။


စိမ်း၏ခုတင်တိုင်မှ ဇာခြင်ထောင်ကိုလည်း လေသည် တိုးဝှေ့၍ တိုက်ခတ်သွားလေသည်။ စိမ်းကတော့ ငြိမ်ငြိမ်သက်သက်ပင် အိပ်ရာပေါ်တွင် ခွေ၍နေ၏။ ပိုးတီကောင် အဖြူလေးလိုပင် သေးနဲ့ ပျော့ခွေလွန်း၍ သူ့ခန္ဓာကိုယ်မှာ မွေ့ရာထဲသို့ပင် နစ်၍ပျောက်သွားတော့မလို ဖြစ်နေပေသည်။ သူ့ဘေးတွင် ဒေစီကလည်း ငြိမ်ငြိမ်ထိုင်နေလေသည်။ ကြမ်းပြင်ပေါ်ရှိ ဒေစီသားလေးကလွဲ၍ အခန်းထဲတွင် အားလုံး ငြိမ်သက်နေသည်။ ကလေး၏ရှေ့တွင် ကတ်ပြားအပိုင်းအစကလေးများနှင့် ဆက်ရသော အင်္ဂလိပ်မအရုပ်မှာ ဆက်၍မရ။ အပိုင်းပိုင်း ဖြစ်နေလေသည်။


စိမ်းသည် အရုပ်နှင့်ကတ်ပြားအစအနများကို စိုက်၍ ကြည့်နေမိသည်။ ကလေးမှာ သူဆက်စပ်မရသော အရုပ်ကားအတွက် ခေါင်းရှုပ်နေပုံရလေသည်။ စိမ်းအဖို့တွင်လည်း သူ့ဘဝကားချပ်ကို ဆက်စပ်မရ၍ မူးနောက်လာတော့သည်။

ဖြစ်ပျက်နေပါသည်ဆိုသော အကြောင်းတရားများကိုလည်း သူက မယုံချင်၊ မယုံချင်၍လည်း ဘာကိုဆက်လက်လုပ်ရမည်ကို မတွေးတတ်ပေ။ ဘဝသည် အပိုင်းပိုင်း အဆက်ဆက်များလှ၍ ပြေပြစ်ချောမွေ့သော ကားချပ်တစ်ခုဖြစ်ဖို့အတွက် ဘယ်လိုဆက်စပ်ရမည်ကို သူသည် မတွေးတတ်ပေ။


ကြမ်းပြင်ပေါ်မှ ကလေးသည် အရုပ်ကား အပိုင်းများကို လက်နှင့် မွှေနှောက်ဖျက်ပစ်၍ အခန်းပြင်သို့ ထွက်သွားတော့သည်။ ကလေးခေါင်းထဲတွင် စိတ်မရှည်ဖြစ်လာဟန် တူသည်။


“ကလေးရေ၊ မင်းအဖို့ကတော့ ကစားစရာကားချပ်ကို စိတ်မရှည်ရင် မွှေနှောက်ဖျက်ပစ်လို့ရတယ်။ ငါ့မှာက ဘဝကွယ့်၊ ဘဝကသာ စက္ကူတစ်ချပ်ဆိုရင် ငါလဲပဲ မင်းလိုပဲ မွှေနှောက်ပြီး ဆုတ်ပစ်လိုက်ပါရဲ့”


စိမ်းသည် ကလေးကိုကြည့်ရင်း စိတ်ထဲမှာ ရေရွတ်မိ၏။ ပြီးတော့ သူ့ဘဝကို သူမယုံနိုင်သလို ဖြစ်လာပြန်သည်။


“ဒေစီ...တကယ်ပဲ ကိုကိုဟာ မိန်းမယူသွားပြီ”


ဒေစီသည် စိမ်းမေးခွန်းအတွက် ပါးစပ်မှမဖြေတော့ပေ။ ခေါင်းညိတ်၍ပြလိုက်၏။ မနေ့က လေယာဉ်ပေါ်မှ ဆင်းလာကတည်းက တစ်နေ့လုံး ကိုဝင်းဖေအကြောင်းကို ပြောခဲ့၏။ ဒါနှင့်လည်း စိမ်းသည် ကျေနပ်ပုံမရ။ ထပ်၍ မေးနေသောကြောင့် ခေါင်းညိတ်၍ပင် ပြောလိုက်တော့သည်။


မနေ့က တစ်နေ့လုံး မောခဲ့ရ၏။ လေယာဉ်ပျံပေါ်မှ ဆင်းဆင်းချင်းပင် ဂျစ်ကားတစ်စီးငှားကာ သတင်းစာဖြတ်ပိုင်းတွင်ပါသည့် လိပ်စာအတိုင်း ကိုဝင်းဖေအိမ်သို့ သွားခဲ့လေသည်။ သို့သော် ဦးဝိစာရလမ်းရှိအိမ်မှာ ကိုဝင်းဖေကို သူ မတွေ့ရပေ။

သူစိမ်းမျက်နှာများက သူ့ကို ဆီး၍ ကြည့်ကြ၏။


သူ့မေးခွန်းများကိုလည်း ဘာမှကျနအောင် မဖြေဆိုနိုင်ကြပေ။ ထိုအိမ်မှာကတည်းက မဲ့မဲ့၍ ငိုချင်၏။ အိမ်သားများသည် စိမ်းအား ကြင်နာယုယစွာ စကားပြောကြပေမယ့် စိမ်းက အော်ဟစ်၍ပစ်လိုက်ချင်သည်။ လွန်ခဲ့သောလေးလခန့်က သူတို့သည် အိမ်ကို ပြောင်းရွှေ့လာကြောင်း၊ ယခင်က ဘယ်သူနေမှန်း မသိကြောင်း၊ သူတို့သည် အစိုးရအလုပ်နှင့် မြေလတ်ပိုင်းမှ ပြောင်းရွှေ့လာကြကြောင်းကိုသာ ရည်ရည်မွန်မွန် ပြောကြသည်။


“ကျွန်မကို ခွင့်ပြုပါဦး”


စိမ်းသည် ကတုန်ကယင်နှင့် နှုတ်ဆက်၍ ဂျစ်ကားပေါ်ပြန်တက်လိုက်သည်။ ကားသည် ခြံဝင်းမှထွက်၍ ဦးဝိစာရလမ်းပေါ်တွင်သာ အပြေးမောင်းနေသည်။ သူကတော့ ဘယ်ကိုသွားရမည်မှန်း မသိသေးပေ။


မျှော်လင့်ချက်များ ... ၊

မျှော်လင့်ချက်များကလည်း ရင်ထဲတွင် အပြည့်ဖြစ်၍ လေယာဉ်ပျံပေါ်ကတည်းက ကိုကိုနဲ့သာတွေ့ရင်ဟူသော မျှော်လင့်ချက်နှင့် တွေးခေါ်ခဲ့ရသည့်အတွေးများကား ကြွေလွင့် ပျောက်ကွယ်ရတော့မည်ပါတကား။


မြင်လျှင်မြင်ချင်း ကိုကို့ရင်ခွင်ထဲသို့ ပစ်၍ဝင်လိုက်မည်။ သူ့အဖြစ်များကိုလည်း ပြောမည်။ ကိုကို့အကြောင်းကိုလည်း မေးမည်။ အသက်ရှင်လျက် ရှိပါလျက်နှင့် သူ့ကို ဘာကြောင့်များ မရှာသည်ကိုလည်း အပြစ်တင်သံတွေ နှော၍ ပြောလိုက်မည်။ ရင်မှာဆို့လာတိုင်းလည်း အားရအောင်ငိုမည်။ ယခုတော့ မျှော်လင့်ချက်၏လမ်းစသည် ပျောက်လုပြီထင်ပါရဲ့။ 


စိမ်းသည် ရင်ထဲမှာ ကျပ်လွန်း၍ ပါးစပ်ဖွင့်ကာ အသက်ရှူရင်း မောဟိုက်ဟိုက် ဖြစ်နေလေသည်။


“အစ်မကြီး...ဘယ်ကိုမောင်းရမှာလဲ ခင်ဗျာ”


ဒရိုင်ဘာ အသံကြားမှ သတိရလာပြန်သည်။ ရုတ်တရက်ဆိုတော့လည်း ဘယ်ကိုသွားရမှန်း မသိပေ။ လက်ထဲမှာ ငွေကလည်း နည်းနည်းပဲကျန်တော့၍ ဝိုင်ဒဗလျူ စီအေသို့ သွားဖို့ကလည်း မဖြစ်သေးပေ။


“သောမဆင်ရိပ်သာကို မောင်း”


“သော်မဆင်ရိပ်သာတွင် ဒေစီတစ်ယောက်ကို တွေ့နိုင်ပေသေးသည်။ သူ့ဂျစ်ကားလေးကို အိမ်ဝရပ်လိုက်လျှင် သံဆွဲတံခါးမှ ဒေစီကို စိုက်ကြည့်နေသည်။ သူသည် ဒေစီကို မြင်တော့မှ ရင်ထဲမှာ နည်းနည်းချောင်၍သွားကာ ကားသမားကို ပိုက်ဆံပေးလိုက်၏။ အိမ်ဘက်သို့ မျက်နှာလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဒေစီသည် လန့်၍သွားသလို အော်လိုက်တော့သည်။


“စိမ်း .....စိမ်း..ဘယ်...ဘယ်လိုဖြစ်လာတာလဲ”  


ဒေစီသည် တံခါးကိုဆွဲဖွင့်ကာ သူ့ဆီကို ပြေးလာ၏။ သူ့ကိုတအားဖက်ကာ ဆွဲ၍လည်းလှုပ်၏။ အိမ်ခန်းထဲသို့လည်း တွဲ၍ခေါ်လာသည်။ ပြီးတော့ သူ့ကို စေ့စေ့ကြည့်နေ၏။


“စိမ်း မသေဘူးပေါ့နော်”


စိမ်းသည် ဘာကိုမှပြန်မပြောနိုင်၊ ဒေစီကိုသာ စိုက်၍ ကြည့်နေမိသည်။ ယခုနေအခါ အားရပါးရ ငိုပစ်လိုက်လျှင် ရင်ထဲတွင် သက်သာတန်ကောင်းပါရဲ့။ ယခုတော့ ငို၍လည်း မရ၊ ရင်ထဲတွင်သာ ကျပ်၍လာသည်။ 


“စိမ်း ဘာမှမဖြစ်ပါဘူး ဒေလီ၊ ကိုကိုကောဟင်၊ ကိုကို ဘယ်မှာရှိသလဲ”


ဒေစီသည် သူ့ကို ဘာမှမဖြေသေးပေ။


“မင်း ကိုကိုအကြောင်းကို စုံစမ်းသေးတာပေါ့။ တစ်ခုခုတော့ သောက်လိုက်ဦး၊ စိမ်းကို ကြည့်ရတာ နေမကောင်းသလိုပဲ။ ပြီးမှ စကားပြောမယ်။ အင်္ကျီတွေဘာတွေ လဲပါဦးကွယ်။ စိမ်းအင်္ကျီတွေက တောသူကြီး

တွေလိုပဲ”


“စိမ်းမှာ ဘာအင်္ကျီမှမရှိဘူး။ ဒီတစ်စုံပဲ ယူခဲ့တယ်။ ယာတောမှာလဲ ဒါပဲဝတ်လို့ရတယ်”


သူသည် ရှန်သားပွင့်ရိုက် အကြမ်းအင်္ကျီကို လက်နှင့် သပ်ရင်း ပြောလိုက်၏။


“ယာတောမှာ ဟုတ်လား” 


“ဟုတ်တယ်၊ စိမ်း ယာတောတစ်ခုမှာ နေလာခဲ့ရတယ်”


ဒေစီသည် ပင့်သက်ရှူလိုက်၏။


“ကဲ..အိပ်ခန်းထဲကို လာဦး၊ ခဏလှဲနေရင် ကောင်းမယ်။ တစ်ခုခုသောက်ပြီးမှ စကားပြောရအောင်”


သူသည် ဒေစီနောက်ကကပ်၍ လိုက်လာရပေမယ့်၊ သူ့မေးခွန်းကို ဒေစီက မဖြေသည်ကို မကျေနပ်။ စိမ်းသည် အိပ်ရာပေါ်တွင် ခဏလှဲလိုက်၏။ သူ့အတွက် ဒေစီသည် အိုဗာတင်းတစ်ခွက်ကို ဖျော်၍ယူလာသည်။ အငွေ့တထောင်း

ထောင်း ထွက်၍လာသော အိုဗာတင်းပန်းကန်ကို စိမ်းသည် ကြည့်ရင်း၊ ယာတောမှ အမေတိုက်လိုက်သော နွားနို့များကို သတိရလာ၏။ ပြီးတော့ ကိုဝဏ္ဏမျက်နှာပေါ်လာသည့် တစ်ပြိုင်နက် ဒေါသဖြစ်၍ လာရပြန်သည်။


ဒေစီနှင့် အိုဗာတင်းသောက်ရင်း စကားစပြော၏။ ဒေစီကမူ ကိုဝင်းဖေအကြောင်းကို တစ်လုံးမှ မပြောသေးပေ။ သူသည် ကိုဝင်းဖေ ကြော်ငြာထားသော သတင်းစာဖြတ်ပိုင်းကို နောက်ဆုံးတွေ့သည်အထိ အားလုံး ပြောပြနေသည်။


“ဒီလိုဆိုတော့ နောက်ဆုံး သူ့ကြော်ငြာကို စိမ်း မဖတ်ရဘူးပေါ့”


“မဖတ်ရလို့ပေါ့ ဒေစီ၊ ဒါကြောင့် စိမ်း ကြာနေတာပေါ့။ နို့မို့ရင် ပြေးလာမှာပေါ့”


“မင်းနေတဲ့ ယာတောက ဒါလောက်ပဲ ခေါင်လား”


“ခေါင်လှတယ်တော့ မဟုတ်ဘူး။ စာဖတ်လေ့ဖတ်ထ မရှိကြတော့ သတင်းစာလဲ မဖတ်ကြဘူး။ ကိုယ်နေတဲ့ အိမ်သားတစ်စုကသာ စာလေးဘာလေး ဂရုစိုက်ကြတာကိုး”


“ဒေစီထင်တာကတော့ မင်းကိုများ ကိုဝဏ္ဏက ကြိုက်နေသလား။ ဒါကြောင့် စိမ်းပြန်မှာစိုးလို့ ဒီသတင်းစာ ဖြတ်ပိုင်းတွေ ဖွက်ထားတာထင်တယ်” 


“ဒါပေါ့။ ဒါကြောင့် စိမ်းလဲ ကျေးဇူးတွေရှိပေမယ့် ပက်ပက်စက်စက်ကို ပြောခဲ့တာပဲ။ သူ ကိုယ့်ကို ချစ်နေပြီ။ ဒါတွေ ထားလိုက်ပါဦး၊ ကိုကို သေတယ်ဆိုပြီး ဘယ်လိုဖြစ်တာလဲ”


ဒေစီသည် စိမ်းကို စိုက်၍ ကြည့်ပြန်သည်။


“သေတယ်လို့ သတင်းကြားတောင် စိမ်းဟာ မြို့ကို ပြန်လာဖို့ ကောင်းပါသေးတယ်၊ ဒီမှာဆို အားလုံးဟာ အဆင်ပြေတယ် မဟုတ်လား”


“သတင်းကြားတာ မဟုတ်ဘူးလေ၊ သတင်းစာမှာ ဓာတ်ပုံရော၊ သူ့လက်ဆွဲသားရေအိတ်ပုံတွေကလဲ အားလုံး ထပ်တူ၊ ပြီးတော့လဲ သေကြောင်းကို ကိုကို့မေမေတို့ ကြော်ငြာတာတွေလဲ တွေ့တော့ ယုံတာပေါ့။ သေပြီဆိုတော့လဲ ဒီမလာချင်တော့ဘူး။ တစ်ယောက်တည်း ပြန်လာရမှာကို ဆွေးတယ်၊ ပြန်လာလို့ကော ဘယ်မှာ ဘယ်သူနဲ့ သွားနေရမှာလဲ။ ဝိုင်ဒဗလျူစီအေကို ပြန်ကပ်ရဦးမှာလား ဟင် ဒေစီ၊ စိမ်းတစ်ယောက်တည်း အရူးမကြီးလို ပြန်နေဦးမှာလား”


“မင်းကိုတော့ တစ်ယောက်တည်း အိုးမဲ့အိမ်မဲ့နေရမှာကို ဒေစီ မကြည့်ချင်ပါဘူး။ ဒါပေမယ့် မင်းပြန်မလာလို့ ဘယ်လောက် လက်လွတ်ရတယ်ဆိုတာ စိမ်းသိရင် ရင်ကွဲဦးမယ်”


“ဘယ်လို”


“ပထမ ကိုဝင်းဖေ သေတာကို ပုလိပ်ဘက်က အတည်ပြုတယ်။ သေနေတဲ့အလောင်းကို သွားတွေ့တော့ တောင်ကြီးနားမှာ တွေ့တယ်တဲ့။ အလောင်းဘေးက သားရေအိတ်မှာလဲ သူ့အမှုစာအုပ်ရော၊ ဒိုင်ယာရီကော၊ သူ့ဓာတ်ပုံကော တွေ့တယ်။ ဒီအလောင်းတွေ့ပြီး နောက်ထပ် ကိုဝင်းဖေသတင်းကလဲ ဘာမှ မကြားရတော့ သူသေပြီဆိုတာကို အားလုံး အသိအမှတ်ပြုတယ်။ ဒါကြောင့်လဲ ကိုဝင်းဖေအမေတို့က ကွယ်လွန်ကြောင်း သတင်းစာထဲ ထည့်ပေါ့၊ နောက်ခြောက်လလောက်ကြာမှ ကိုဝင်းဖေဆီက သတင်းရပြီး သူ့အမေတွေ တောင်ကြီးမှာ သွားခေါ်ရတယ်။ တောင်ကြီးက ဆေးဆရာအိမ်တစ်အိမ်မှာ ဖျားပြီး သတိမရတစ်ချက် ရတစ်ချက်နဲ့ သူ့ကိုပြန်ခေါ်လာတယ်။ ကိုယ်သွားတွေ့တော့ ကိုဝင်းဖေဟာ သတိကောင်းကောင်း မရ သေးဘူး”


“ဟင် စိမ်းတို့ ဓားပြတိုက်ခံရတာက မိုင်းငါနဲ့ကျောက်မဲကြားမှာ၊ သူက ဘယ့်နှယ် တောင်ကြီးကိုရောက်သွားတာလဲ”


“ကားနဲ့ သွားလို့ ဖြစ်တာပဲကွာ၊ ကိုဝင်းဖေ နေကောင်းလို့ ပြောပြတော့ သူတို့ကို မျက်စိပိတ်ပြီး ကားနဲ့ အဝေးကို ခေါ်သွားတာ လေးရက်လုံးလုံးပဲတဲ့။ ပြန်ပေးလုပ်ဖို့ဟာလဲ ခက်တယ်မဟုတ်လား။ တစ်နေ့ ယာတောတစ်ခုမှာ သူနဲ့သူ့တပည့်ကို ထားခဲ့တယ်တဲ့။ အဲဒါ အစောင့်အလစ်မှာ တန်းပြေးကြတာပဲ။ နောက်က ဓားပြတွေ လိုက်လာတာမှာ ပြေးကြရင်း လူကွဲသွားတာတဲ့။ သားရေအိတ်နဲ့ သေနေတာ သူ့တပည့်ထင်တယ်တဲ့။ အဲဒီအလောင်းကို တောင်ကြီးက စော်ဘွားကတွေ့ပြီး ကိုဝင်းဖေ အမေများဆီကို အကြောင်းကြားတာပဲ။ သူကတော့ ပြေးရင်းနဲ့ ဘယ်ရောက်မှန်းလဲမသိဘူး။ လမ်းမှာဖျားပြီး မေ့နေတာ နောက်ဆုံး တောင်ကြီးက ရှမ်းဆရာကြီးဆီ ရောက်နေပေမယ့် သူ့ကို ဘယ်သူမှန်းမသိဘူး။ သူ နည်းနည်း သတိရလာမှ အိမ်ကိုမှာခိုင်းရတာတဲ့”


“အိမ်ရောက်တယ်ဆို စိမ်း ဘယ်မှာရောက်နေလဲလို့ ကြော်ငြာတာပဲလား””


“ဘယ်ကြော်ငြာနိုင်မလဲ၊ ငှက်ဖျားနဲ့ စိတ်ညစ်တာနဲ့ ရောပြီး ဖျားနေလို့ မနည်းဘဲကုရတယ်။ ခြောက်လ ခုနစ်လလောက် အိပ်ရာထဲ လဲပြီးတော့မှ နေကောင်းလာတယ်။ ဒီတော့မှ သူလဲ စိမ်းဆီကို ကြော်ငြာရတာပဲ”


“ဟင်...” 


“ကြော်ငြာပေမယ့် စိမ်းက ဘာသတင်းမှ မရတော့" 


“မေရတာ့ ..”


ဒေစီ စကားဖြတ်ထားသောနေရာသည် စိမ်းအတွက် အရေးအကြီးဆုံးနေရာဖြစ်နေ၍ ဒေစီနောက်ပြောမည့်စကားကို စိမ်းသည် မျှော်လင့်ကြီးစွာနှင့် နားထောင်နေ၏။


“သူ့မိဘတွေက မင်းကို မလိုလားကြဘူး မဟုတ်လား။ အဲဒီလိုဖြစ်နေတုန်း စိမ်းဟာသေပြီ။ ဒါကြောင့် မိန်းမယူရမယ်လို့ ဝိုင်းနားချကြတာပဲ။ အရင် သူတို့ပေးစာမယ်လို့ စီစဉ်ထားတဲ့ ခင်ခင်သန်းနဲ့ပဲ လက်ထပ်ပေးလိုက်ကြတယ်”


“ကိုကိုက ခင်ခင်သန်းကို ယူတယ်”


“ယူတာပေါ့” 


“စိမ်း မယုံဘူး” 


“မင်း အသက်ရှင်လျက်နဲ့ ရှိနေရင်တော့ မယုံစရာပါလေ၊ စိမ်းသေပြီလို့ သူက ယူဆထားတာကိုး။ ဒီတော့ ယူတာပေါ့”


“သူ့နှလုံးသားထဲမှာတော့ စိမ်းဟာ ဘယ်တော့မှမသေပေါဘူး”


ဒေစီသည် ပင့်သက်ရှူလိုက်၏။


“ခက်လိုက်တာ စိမ်းရယ်၊ သူတို့က ယောက်ျား၊ အသည်းနှလုံးထဲမှာ ချစ်သူရှိသလို သူတို့ဆန္ဒ ဖြေဖျော်ဖို့ကိုလဲ ရှိချင်ကြတာပဲ။ အသည်းနှလုံးထဲမှာ ရှိနေတဲ့ချစ်သူကို အစဉ်တောင့်တပြီး မိန်းမ မယူဘဲ နေတဲ့သူရယ်လို့ မင်း ဘယ်တုန်းကများ တွေ့ဖူးလို့လဲ။ သူတို့ခန္ဓာကိုယ်နဲ့ စိတ်အတွက် ထပ်တူထပ်မျှ ကျေနပ်နိုင်ဖို့အတွက် မိန်းမတစ်ယောက်တည်းဖြစ်ဖို့ဟာ အင်မတန် ခဲယဉ်းပါတယ်ကွယ်”


ဒေစီ့စကားကို နားထောင်ရင်း ယခုလိုဖြစ်ရသောအကြောင်းများတွင် သူ၏ချွတ်ယွင်းချက်များပါလေသလားဟု စိမ်းကပြန်၍ တွေးနေပြန်၏။ ကိုယ့်ကိုယ်ကိုတော့ လျှော့တွေး၍လား မသိ။ သူ့အပြစ်ကို သူ မတွေ့ပေ။


တကယ်ဆို ကိုကိုသည် သူ့ကိုရှာဖို့ ကောင်းပါသေးသည်။ သူကလည်း ဘာကြောင့်များ မြို့ကို ပြန်မလာမိပါလိမ့်။ လက်တစ်လုံးကြားလေး ကွာလိုက်မှုသည် ဘဝအား အကြီးအကျယ် ပြောင်းလဲလိုက်ပါပကော။ ကိန္နရီမောင်နှံတို့၏ချောင်းခြားဇာတ်က ပြန်လည်၍ တွေ့ဆုံမည့်အခန်း ပါသေးသည်။ သူနှင့်ကိုကိုကတော့ အဏ္ဏဝါ ခြားခဲ့ကြပြီ။ ခင်ခင်သန်းသည် သူတို့နှစ်ယောက်ကြားတွင် အဏ္ဏဝါလည်း ဟုတ်၏။ သဲကန္တာရလည်းဟုတ်၏။ သူ့အဖို့ ဘယ်လိုပဲ အရင်လက်ထပ်ခဲ့သူအနေနှင့် အခွင့်အရေးရှိပေမယ့် ခင်ခင်သန်း ငုတ်တုတ်ရှိလျက်နှင့် ကိုဝင်းဖေကို ပြန်၍မကပ်လိုတော့ပေ။ မကပ်လိုလျှင် မရွှေစိမ်း ဘယ်ကိုလွင့်ပါဦးမည်နည်း။

စိမ်း ယခုလို ငြိမ်သက်စွာ တွေးနေသည့်အတွက် ဒေစီက စိတ်မကောင်းဖြစ်လာပြန်သည်။


“ဒီမှာပဲ ခဏနားပြီး အလုပ်လေး ဘာလေး ရှာသေးတာပေါ့ စိမ်းရယ်၊ ပြီးတော့..." 


ဒေစီက သူ့စကားကို မဆက်ပေ။ နားထောင်ရင်း စိမ်းသည် “ခဏ”ဆိုသည့် စကားလုံးကို သတိထားမိ၏။ “ခဏ” ဆိုတော့ ကြာရှည်နေဖို့တော့ လိုလားဟန်မရှိပေ။ မှန်ပေသည်။ ဒေစီတို့သည်လည်း ငယ်ရွယ်သော အိမ်ထောင်ရှင်များသာရှိသေး၏။ ဒီကြားထဲတွင် သူ့လိုတစ်ခုလပ် မိန်းမသားတစ်ယောက်တည်းအနေနှင့် အတူနေဖို့ကို ဒေစီ စိုးရိမ်ဟန်ရှိသည်။


အမှန်တော့ ဒေစီသည် သူထိန်း၍မနိုင်သော သူ့ယောက်ျား၏အန္တရာယ်ကို ကြိုတင်ကာကွယ်လို၍ “ခဏ” ဟူသော စကားလုံးကို ထည့်ပြောရခြင်းဖြစ်ပေသည်။ တွယ်ရာမဲ့ရှာသော သူငယ်ချင်းအတွက် “ခဏ” ဆိုသော စကားလုံးကို ထည့်သွင်းသုံးရသည်ကို စိတ်မချမ်းသာပေ။


“အခု သူဘယ်မှာလဲဟင်” 


တိတ်ဆိတ်နေရာမှ စိမ်းက မေးလိုက်၏။


“ကိုဝင်းဖေလား၊ သူ တောင်ကြီးမှာ ရှမ်းပြည်ကို စစ်အုပ်ချုပ်ရေးလုပ်ထားတယ်။ သူ့ကိုခေါ်ယူလို့ တောင်ကြီးကိုပြောင်းသွားရတယ်”


“စစ်အုပ်ချုပ်ရေးတွေ ဘာတွေလဲ ယာတောအနေနဲ့ မသိပါဘူး။ ပြီးတော့ စိမ်းတို့ယာတောရှိတာက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုယ် တစ်ခု ဒေစီကိုတောင်းပန်ချင်တာက စိမ်း ဒီကိုလာတာတွေ စိမ်းအသက်ရှင်လျက် ရှိနေတာတွေကို ကိုဝင်းဖေကို ဘယ်လိုနည်းနဲ့မှ အကြောင်းမကြားပါနဲ့”


“ဟင်...ဘာဖြစ်လို့လဲ”


“အကြောင်းထူးတော့တာမှမဟုတ်ဘဲ၊ ကိုယ်ရှိနေတယ်ဆိုတာသိရင်လဲ သူတို့မှာ စာရင်းရှုပ်လာဦးမယ်။ ခုနေတော့ ကိုကို့စိတ်ထဲမှာ စိမ်းဟာ သေသွားနေပြီ။ စခန်းသိမ်းထားတော့ ဘာမှ စိတ်သောကရောက်စရာ မရှိတော့ဘူး။ ကံအကြောင်းတရားတွေပေါ့ ဒေစီ။ နက်ဖြန်မှ စိမ်း အလုပ်ရှာဦးမယ်”


ဒေစီသည် ဘာမှပြန်မပြောနိုင်ပေ။ သူ့ရင်ထဲတွင် သူငယ်ချင်းဖြစ်သူအား သူနှင့်အတူနေဖို့ စီမံမပေးနိုင်သည်ကို ဝမ်းနည်းနေ၏။


ဒေစီယောက်ျား ရုံးပြန်လာချိန်တိုင်း “ဘာကြောင့် စိမ်းအား ဒေစီက အတူမနေလိုသည်ကို စိမ်း သိခဲ့ရလေသည်။ ဒေစီသည် ခေါင်းမဖော်နိုင်အောင် မူးလာသော ချစ်လင်အပြန်ကို ဆီး၍ကြိုရသည်။ အိမ်ရောက်ပြန်လျှင်လည်း အငြိမ်မနေပေ။ စိမ်းကို ကြည့်ပုံရှုပုံများကိုလည်း စိမ်းက မနှစ်သက်ပေ။ အရက်သမား၏အန္တရာယ်သည် တစ်နေ့နေ့ စိမ်းအပေါ်တွင် ကျရောက်ပေလိမ့်မည်။ ဒေစီအကြောင်းကို သိလေလေ စိမ်းက ဒေစီကို ပို၍သနားလာသည်။


* * * 


နေ့တိုင်းလိုလို စိမ်း အလုပ်ရှာ၏။ ကြာမြင့်လှပြီဖြစ်သော အချိန်များကတည်းက စိမ်းသည် အပြင်တွင် အလုပ်မလုပ်လိုပေ။ ရုံးစာများကို လွယ်အိတ်ထဲတွင်ထည့်၍ ပခုံးတွင်လွယ်ကာ လမ်းသလားနေရသောအလုပ်ကို စိမ်းက နည်းနည်းမှ မလုပ်ချင်ပေ။ သို့သော် ဖေဖေနှင့်မေမေတို့ သေပြီးသည့်နောက် အပျိုဘဝတစ်လျှောက်လုံး ဒီလွယ်အိတ်ကိုလွယ်၍ ဒီရုံးကို တက်ခဲ့ရ၏။ လမ်းများကလည်း လျှောက်ရသည်မှာ များလွန်းလှသည်ဟု ထင်သည်။


ဘယ်မိန်းမမဆို သူတို့အတွက် သင့်တော်သော အိမ်လေးတစ်လုံးနှင့် ချစ်ဖွယ်ကောင်းသော လင်ယောက်ျားသည် ရှိသင့်သည်မဟုတ်ပါလော။ သားသမီးများ ပေါ်ထွန်းလာချိန်တွင်တော့ သူသည် ပြည့်စုံသောမိန်းမဘဝကို ရပြီဟု ဆိုရပေမည်။ သားတို့အတွက် လှပသောအင်္ကျီလေးများကို ချုပ်ရပေမည်။ ချစ်လင်အတွက် ဟင်းကောင်းများကိုလည်း ချက်ပြုတ်ရပေမည်။ သပ်ရပ်လှပသော အိမ်ဖြစ်ဖို့ကိုလည်း ပြင်ဆင်ရပေမည်။ သမီးလေး မအိပ်သေးပါလျှင်လည်း ချိုသာသောတေးကို ဆို၍ သိပ်ရဦးမည်။ ချမ်းငြိမ်းသော အိမ်လေးထဲတွင် သီချင်းသံသည် လွင့်ပျံ့၍နေသောအခါ လောကနိဗ္ဗာန်ပင် မဟုတ်ပါလား။


ကိုဝင်းဖေနှင့် လက်ထပ်လိုက်စဉ်ကတော့ စိမ်းသည် လောကနိဗ္ဗာန်၏လမ်းစကို တွေ့ပြီဟု အောက်မေ့ခဲ့သည်။ ယခုတော့ ဘဝသံသရာသည် လည်မြဲအတိုင်းပြန်၍ လည်ပြန်ပကော။ အိမ်မဟုတ်သော အခန်းတစ်ခန်းတွင် နေရဦးမည်။ လွယ်အိတ်ကိုလွယ်၍ ပြေးရလွှားရဦးမည်။ ကျန်သောမိန်းမများက စိမ်းနှင့် အယူအဆချင်း တူချင်မှတူကြမည်ဖြစ်သော်လည်း အပြင်းထန်ဆုံးသော ဆန္ဒမှာမူ ..

"အိမ်တစ်ဆောင်၊ 

အိပ်ရာတစ်ခုနှင့် 

ထမင်းအိုးတစ်လုံး" ဖြစ်လေသည်။


အလုပ်ကို ရှာသာနေရသည်။ မလုပ်ချင်ပေ။ ကိုယ့်အိမ်မှာ ငါးပိချက်ကို ခရမ်းချဉ်သီးနှင့် ပျစ်ပျစ်တစ်ခွက် ချက်စားချင်သည်။ ထမင်းဆိုင်က ထမင်းများနှင့် ထမင်းလခပေးစားရသော ထမင်းများကို မစားချင်ပေ။ အပျိုတုန်းက စားခဲ့ရသောဟင်းများကို ပြန်တွေးမိတိုင်း ငြီးစော်နံလာသည်။ အန်ချင်လာသည်။


တစ်ယောက်တည်းဆိုတော့ ဝိုင်ဒဗလျူစီအေတွင် နေရမည်။ ထမင်းဆိုလျှင် လခက အလွန်ကြီးပေမည်။ တစ်အိမ်အိမ်တွင်ဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင်မှာဖြစ်ဖြစ် နနွင်းနံ့နှင့် မဆလာအနံ့ပြင်းသော ဟင်းထမင်းများကို ပိုက်ဆံပေး စားရဦးမည်။ မနေချင်သောဘဝကို နေနိုင်ဖို့ပင် ကြိုးစားဦးမည်ပါကလား။


စိမ်းသည် မနက်တိုင်း စောစောထ၍ အလုပ်ရှာထွက်ရ၏။ ယနေ့မှာမူ အင်းစိန်တန်းမြင့်ကျောင်းမှ အောက်တန်းပြဆရာမတစ်ယောက် လိုသည်ဆို၍ သူသည် အင်းစိန်ကို ပြေးရပြန်သည်။ ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်း လမ်းဘေးမှ သူ့ကိုခေါ်သံ ကြားရသည်။ သူ့ကိုများ ဘယ်သူက သိနေပြန်ပါသနည်း။


သူသည် လှည့်၍မကြည့်ချင်။ သို့သော် ခေါ်သံက ကျယ်၍ကျယ်၍လာရုံသာမက ခေါ်သံရှင်သည် သူ့ပခုံးကို လာ၍ဆုပ်၏။


“စိမ်း...စိမ်း မဟုတ်လားဟင် ... ကလေးမ”


စိမ်းသည် သူ့ပခုံးကို လှုပ်နေသူအား စေ့စေ့ပြန်၍ ကြည့်မိသည်။


“ဒေါ်ရွှေသွယ်...”


“အေး.. ဟုတ်တယ်၊ ရွှေသွယ်လေ မှတ်မိရဲ့လား ဟင်... ၊ ငယ်ရုပ် နည်းနည်းမှမပျောက်ဘူး .... ကြည့်စမ်း။ ခု ဘယ်သွားမလို့လဲ။ ယောက်ျားရပြီဆို”


ဒေါ်ရွှေသွယ့်မေးခွန်းများကို စိမ်းသည် ဘာမှပြန်မဖြေနိုင်။ မျက်ရည်ဝိုင်းသောမျက်လုံးဖြင့်သာ ငေးကြည့်နေသည်။ စိမ်းမိဘများ တစ်ခေတ်ကောင်းစားစဉ်က ဒေါ်ရွှေသွယ်သည် စိမ်း၏အထိန်းတော်ကြီး ဖြစ်ခဲ့၏။ မိဘများသေဆုံး၍ စိမ်း ကစဥ့်ကရဲ ဖြစ်ချိန်တွင် ဒေါ်ရွှေသွယ်ကိုလည်း စိမ်းက တာဝန်မယူနိုင်တော့ပေ။ ဒေါ်ရွှေသွယ်သည် ရေကြည်ရာ မြက်နုရာရှာ၍ တစ်နေရာရာတွင် သောင်တင်နေပုံရလေသည်။


“အခု ဒေါ်ရွှေသွယ် ဘယ်မှာလဲ”


“မင်းကြီးကတော် မမြနုနဲ့ အတူနေတယ်။ စိမ်းရဲ့အဒေါ်ဝမ်းကွဲလေ”


“စိမ်း မှတ်မိပါတယ်”


“ဒါနဲ့များ မိန်းကလေးရယ်...တစ်ခေါက်တလေများ လာရောပေါ့”


“မေမေတို့ ဆုံးကတည်းက စိမ်းက သိပ်ဆင်းရဲတယ် မဟုတ်လား၊ သူတို့ကလဲ မေမေတို့ဆုံးတာတောင် လာမမေးဘူး။ ဒီတော့ စိမ်း ဘယ်အမျိုးမှ မတွေ့ချင်ဘူး”


“နေပါဦး ... မိန်းကလေးက အခု ဘယ်မှာလဲ” 


စိမ်းသည် ခေါင်းခါလိုက်၏။ 


“ဟင်...ဘာလဲ၊ ဘယ်မှာမှ မနေဘူးလား”


“နေပါဦး ဒေါ်ရွှေသွယ်ရယ်၊ ဒါတွေ မဖြေပါရစေနဲ့ဦး၊ စိမ်း နောက်တော့ ပြောပြပါ့မယ်” 


“အခုတော့ မမြနုဆီကို လာလည်ပါဦး၊ လိုက်ခဲ့ပါ ကလေးမရယ်၊ သူ့မင်းကြီးဆုံးကတည်းက မမြနုဟာ စိတ်ကျပါတယ်။ တစ်နေ့ကပဲ စိမ်းအကြောင်း စကားစပ်မိကြသေးတယ်။ သူကပြောတော့ စိမ်းယောက်ျားဟာ သေသွားပြီဆို”


ဒေါ်ရွှေသွယ်ကို ဘာကစပြောရမှန်း မသိအောင်ပင် သူ့ဇာတ်ကလည်း ရှုပ်လွန်း၍ သူသည် ဘာမှမဖြေပေ။


“နေပါဦး ဒေါ်ရွှေသွယ်၊ နောက်တော့ လာတာပေါ့။ အခု အလုပ်ကိစ္စရှိသေးလို့”


“အလုပ်ရှိသေးလဲ ဟိုအိမ်ကမှ သွား၊ မမြနုမှာလဲ သမီးလေးရှိတယ်။ စိမ်းထက် နည်းနည်းပဲ ငယ်မယ်။ မိန်းကလေးရဲ့ ကိုယ့်မှာအားကိုးရာမဲ့ချိန်မှာ နည်းနည်းတော့ လျှော့ပေးပါကွယ်။ တွေ့လိုက်ပါဦး ... ကလေးမအဒေါ်ကို တွေ့လိုက်ပါဦး။ ပြီးတော့ မအိုဇာလဲ ရှိတယ်။ မှတ်မိသေးလား” 


ဒေါ်အိုဇာ၊ ဒေါ်ရွှေသွယ်ဆိုသော နာမည်တို့နှင့် ဆက်စပ်၍ စိမ်း၏ ပြည့်စုံကြွယ်ဝခဲ့သောအတိတ်သည် ရိုးရိပ်မျှ ပြန်၍ထင်လာခဲ့သည်။ ဟိုတုန်းကတော့ မေမေ့စိန်နားကပ်သည် တဝင်းဝင်းတောက်၍နေခဲ့၏။ စိန်နားကပ်ရောင်အောက်တွင် သွားလာလှုပ်ရှားနေသူများကား များလွန်းလှ၍ စိမ်းက မမှတ်မိ၊ ထိုလူများထဲတွင်တော့ ဒေါ်အိုဇာနှင့်ဒေါ်ရွှေသွယ်မှာ နီးစပ်၍ သူမှတ်မိခဲ့၏။ မေမေ့စိန်နားကပ်ရောင် တဖြည်းဖြည်း မှိန်လာသည်နှင့်အမျှ လှုပ်ရှားသူများ တဖြည်းဖြည်းနည်းလာကာ ဒေါ်ရွှေသွယ်တစ်ယောက်ပင် ကျန်ရစ်ခဲ့၏။ နောက်ဆုံး ဒေါ်ရွှေသွယ်သည်လည်း သူ့ကို ခွဲခွာ၍သွားခဲ့သည်။ 


အမှန်တော့ သူက ဒေါ်ရွှေသွယ်ကို ခွဲထုတ်၍ သူ့ခမျာ ထွက်သွားရခြင်းဖြစ်လေသည်။


“ကဲ..လာ၊ ဆိုက်ကားပေါ် တက်”


သူငိုင်နေသည်ကို ဆွဲလှုပ်ရင်း ဒေါ်ရွှေသွယ်က ဆိုက်ကားပေါ် တင်နေသည်။


“ဘယ်လောက် ဝေးလဲ၊ ကျွန်မ ခြေကျင်ပဲလျှောက်မယ်”


“ခုထိလဲ မလျှော့ချင်ပဲကိုး”


စိမ်းသည် ဒေါ်ရွှေသွယ်နောက်ကိုသာ လိုက်သွားရသည်။ စိတ်ထဲကမူ ဆုံးဖြတ်လို့ မနိုင်သေးပေ။ ဒေါ်မြနုအိမ်သည် အင်းစိန်ရွာမလမ်းတွင်ဖြစ်၍ ခြံကျယ်ကြီးထဲတွင် ဆောက်ထားသော တိုက်ခံနှစ်ထပ်အိမ်ကြီးဖြစ်သည်။ အိမ်ရောက်သည်အထိ စိမ်း စိတ်သည် ဘာကိုမှ မပြတ်သားသေးပေ။


ဒေါ်ရွှေသွယ်က သံတံခါးကို ဖျတ်လတ်စွာ ဖွင့်၍ ဧည့်ခန်းရောက်သည်အထိ စိမ်းကိုခေါ်သွားသည်။ အစိမ်းနုရောင်ဆိုဖာပေါ်တွင် စိမ်းက ထိုင်နေရစ်လေသည်။ ဒေါ်ရွှေသွယ်သည် အတွင်းခန်းထဲသို့ ဝင်သွား၏။ နံရံများသည် အစိမ်းနုရောင်ဆေးသုတ်ထား၍ အရောင်မှာ တောက်ပနေသည်။ ဆိုဖာဖုံးများမှာ ပန်းပွင့်များမဟုတ်ကြဘဲ ဖက်ဖူးရောင်ပုလဲပေါက်ဖျင်များနှင့် ဖုံး၍ထား၏။ ကြမ်းပြင်ကော်ဇောကမူ နီညိုရောင်အောက်ခံတွင် ပန်းပွင့်အဖြူကြီးများကို ဖော်၍ရက်ထားသော မွေးရှည်  ကော်ဇောကြီးဖြစ်လေသည်။


ရှံသားအစိမ်းနု အခန်းဆီးများမှာ ပါးလွန်း၍ နွဲ့ဟန် ပေါက်နေသည်။ တစ်ခန်းလုံးသည် ဖက်ဖူးရောင်လွှမ်း၍ ကြမ်းပြင်မှာ နီညိုရောင်နှင့်ချုပ်၍ထားသည်။ ဧည့်ခန်းထောင့်ရှိ နံရံကပ်စားပွဲမှ ငွေပန်းရနံ့ကလည်း သင်းပျံ့ပျံ့နှင့် မွှေးနေသည်။ တစ်ခန်းလုံးရှိ အဆောင်အယောင်များသည် ဒေါ်မြနုအခြေအနေကို ဖော်ပြနေသည်။ ဒါလောက် ကြီးပွားချမ်းသာသော အဒေါ်ကြီးနှင့်လည်း သူက မတွေ့ချင်ပေ။ မဆက်ဆံမီက တစ်ဖက်သတ်အထင်သေးနေခြင်းမှာလည်း မကောင်းလွန်း၍ သူ့ကိုယ်သူ ပြန်၍ဆုံးမနေရ၏။ အမှန်တော့ အထင်သေးခြင်းမဟုတ်၊ လွတ်လပ်လိုခြင်းဖြစ်သည်ဟု သူ့စိတ်က ဖြေ၏။ 


မှန်ပေသည်။ အိ၍ညက်ညာသော သူများဆိုဖာပေါ်တွင် မထိုင်ချင်ပေ။ အရသာပြည့်သော ဟင်းလျာကို ငွေပန်းကန်တွင် ထည့်၍ ငွေဇွန်းနှင့်စားရသော သူများထမင်းဟင်းတို့ကိုလည်း မစားချင်ပေ။ ဘာပဲဖြစ်ဖြစ်၊ စပါးတစ်လုံးကိုပဲ ရရ၊ ကိုယ်ပိုင်ကလေး၊ ကိုယ်ပိုင်တစ်ခုတော့ ရချင်ပါ၏။ ထိုရချင်သောဆန္ဒက မာနလို ခံနေသည်။ အမှန်တော့ မာနကား မဟုတ်ပါပေ။


“စိမ်း ”


မိန်းမကြီးနှစ်ယောက်၏ခေါ်သံသည် အခန်းဝမှ တစ်ပြိုင်နက် ပေါ်လာသည်။ စိမ်းသည် သူတို့နှစ်ယောက်ကို မော့၍ကြည့်လိုက်၏။ ကြီးကြီးဒေါ်မြသည် အရွယ်အားဖြင့် အိုမင်းရင့်ရော်ပြီဆိုပေမယ့် သူ့အသားများမှာ ဖြူ၍နုနေသေးသည်။ ထဘီဖျားမှာ ကော်ဇောပေါ်ပုံနေ၍ လက်မှပဝါအဖြူကြီးများမှာ ပခုံးပေါ်တွင် မခို့တရို့ တင်နေသည်။ ခပ်ပုံ့ပုံ့ ထုံးထားသော ထိပ်ပေါ်မှ ဆံထုံးမှာ အဖြူရောင်ဆံပင်များ ကျိုးတိုးကျဲတဲသာ ရှိလေသည်။ ဆံပင်အနက်များခြင်းမှာ သူ့ဘဝတွင် သိပ်ခေါင်း ကိုက်လောက်အောင် ဒုက္ခကိုရင်မဆိုင်ခဲ့ရကြောင်း ဖော်ပြ၍နေသည်။ စိမ်း၏ပခုံးကို လာကိုင်သောလက်ပင် အရည်ပျော့များ ဖုံးလွှမ်းနေပေမယ့် ကျောက်စိမ်းအပျော့လက်ကောက်ကြောင့် နုပျိုနေပုံရသည်။


“ဘာကို စိုက်ကြည့်နေတာလဲကွယ်၊ ကြီးကြီးကို မမှတ်မိဘူးလား”


သူ့ကို ထပ်၍မေးရင်း ဘေးမှဆိုဖာပေါ်တွင် ထိုင်လိုက်သည်။


“သတိရပါတယ်...”


ကြီးကြီးမျက်နှာသည် ရွှင်လန်း၍လာပုံရ၏။ ကြီးကြီးနောက်တွင် ဒေါ်အိုဇာသည် ကပ်၍ပါလာသည်။ ဒေါ်အိုဇာကမူ မမှတ်မိနိုင်လောက်အောင် အိုမင်း၍နေလေ၏။ အမှန်တော့ ဒေါ်မြနုဘဝနှင့် ဒေါ်အိုဇာဘဝသည် တူမှမတူလေဘဲ။ ဒေါ်အိုဇာက ပို၍အိုမင်းပေမည်။ ယခုထက်တိုင် သူတစ်ပါးကို ခိုပါကပ်ပါမှ တမင်းတစ်လုတ်စားရသော သူ့ဘဝတွင် သူတစ်ပါးကျေနပ်ဖို့အတွက် သူ့လုပ်အားနှင့် စိတ်အားကို အသုံးချရပေသည်။ အဘွားကြီးနှစ်ယောက် သူ့ကို စေ့စေ့ကြည့်နေသည့်အချိန်ထိ သူသည် စကားတစ်လုံးမှ ပြော၍မထွက်။


“လက်ထပ်တယ်ဆိုတာလဲ ကြားလိုက်ပါရဲ့။ မိန်းကလေးခင်ပွန်း ဆုံးတယ်ဆိုတာလဲ ကြားလိုက်ရဲ့။ သေသေချာချာတော့ ဘာမှမသိလိုက်ဘူး။ ကြီးကြီးအမှားတွေလဲ အများကြီးရှိပါတယ်လေ။ ခု ဘယ်မှာနေလဲ၊ ဘာလုပ်နေလဲ။ စိမ်းယောက်ျား ဆုံးတယ်ဆိုတာကော ဟုတ်လား”


မေးခွန်းများကို ဖြေရမည်ကြံတိုင်းလည်း ဘာကစ၍ ပြောရမည်ကို တွေးနေရသည်က တစ်ခက်ပင်။ 


“စိမ်းက ကြီးလာလေလေ မောင်ဘသာမျက်နှာနဲ့ ပိုပြီးတူလာတယ်”


ဒေါ်အိုဇာကလည်း ဖေဖေ့နာမည်ကို ဖော်၍ ဘဝဟောင်းကို နူးပြန်သည်။


“စိမ်း အခု အလုပ်ရှာနေတုန်း”


အဘွားကြီးနှစ်ယောက်သည် စိမ်းက လွှတ်ခနဲ ပြောလိုက်သည်ကို ပါးစပ်ဟကာ နားထောင်နေ၏။


“အလုပ်ရှာတုန်းဆိုတော့ မိန်းကလေးယောက်ျား သေတယ်ဆိုတာ အမှန်ပေါ့”


“သေတာတော့ မဟုတ်ပါဘူး”


အဘွားကြီးများလည်း သတင်းစာနှင့် ဆက်သွယ်နေကြပုံ မပေါ်ပေ။


“အင်း.. ဒီလိုဆိုတော့”


ကြီးကြီးနု ပါးစပ်သည် စကားလုံး ဆက်ရွတ်ပေမယ့် အသံမထွက်ပေ။


“သူနဲ့စိမ်း အတူမနေဘူး”


“ဘယ်လိုလဲကွယ်၊ ဒါလောက်လှပတဲ့ မိန်းကလေးကို ယောက်ျားတစ်ယောက်က ပစ်ထားတယ်ဆိုတာတော့ ဒေါ်အိုဇာမယုံဘူး”


ဒေါ်အိုဇာသည် ရင်ကိုဖိကာ တအံ့တဩပြန်ပြောနေ၏။ အင်း.. စိမ်းစကားပြောရမှာ မောလိုက်ပါဘိ။ သူသည် တတ်နိုင်သမျှ အတိုချုံး၍ ဇနီးမောင်နှံခရီးထွက်ရာမှ နောက်ဆုံး ယာခင်းမှပြေးလာသည်အထိကို ပြောပြရပြန်သည်။ ကြီးကြီးနုမျက်လုံးတွင် မျက်ရည်များ ဝေ့လာ၍ ဒေါ်အိုဇာကမူ စုတ်တသပ်သပ် ဖြစ်နေသည်။ 


“ဖြစ်မှ ဖြစ်ရလေကွယ်” 


နောက်ဘက်မှ ညည်းသံကြားမှ ဒေါ်ရွှေသွယ် ဝင်လာမှန်း စိမ်းက သိသည်။ သူတို့သုံးယောက် သောက်ဖို့အတွက် လိမ္မော်ရည်သုံးခွက်ကို ဒေါ်ရွှေသွယ်က ယူလာ၏။ ကြီးကြီးနုသည် လိမ္မော်ရည်ဖန်ခွက်ကိုကိုင်ကာ တစ်ခုခု စဉ်းစားနေပုံရသည်။


“ဒါကြောင့် စိမ်း အခု အလုပ်လုပ်မလို့ လာလျှောက်တာ”


နောက်ဆုံး သူ့ဝတ္ထုကို စိမ်းက နိဂုံးချုပ်လိုက်လေသည်။ ကြီးကြီးနုသည် ဘယ်လက်ဖြင့် ပခုံးပေါ်မှပဝါကို ယူကာ မျက်လုံးကို ခပ်ဖိဖိလေး သုတ်လိုက်ပြန်သည်။


“အလုပ်လဲ ရှာတာပေါ့ မိန်းကလေးရယ်၊ ဒါပေမယ့် မိန်းမဆိုတာ အုပ်ထိန်းခြင်းကင်းလို့ မတော်ဘူးကွယ့်။ ဒီတော့ အလုပ်ရပြီးလဲ ကြီးကြီးနဲ့အတူ လာနေပါ။ လဲ့လဲ့အတွက်လဲ အဖော်ရတာပေါ့။ ဘယ့်နှယ်လဲ မကောင်းဘူးလား မရွှေသွယ်ရယ်။ လူငယ်အမျိုးချင်း ရင်းရင်းနှီးနှီး ရှိဖို့ဟာ တို့လူကြီးတွေက လုပ်သင့်တယ် မဟုတ်လား”


ကြီးကြီးသည် မှူးမတ်ကြီးများအကြံဉာဏ်ကို လိုလားသော ဘုရင်ကြီးလို မေးလိုက်၏။


“ဟုတ်ပါတယ်၊ စိမ်း ဒီအိမ်မှာနေဖို့ သိပ်ကောင်းတာပဲ။ မောင်ဝင်းဖေလဲ တစ်နေ့နေ့ အရည်လည်လာရင် ပြန်တွေ့နိုင်တာပဲ”


“စိမ်းပြန်ရောက်တဲ့အကြောင်းတော့ သူ့ကို နည်းနည်းမှ မသိစေချင်ဘူး”


အဘွားကြီးသုံးယောက်လုံးသည် ခေါင်းတညိတ်ညိတ် လုပ်နေကြ၏။


“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ စိမ်း ဒီမှာနေပါ” 


ကြီးကြီးနုက တောင်းပန်ဟန်နှင့် ပြောပြန်သည်။


“ကဲလေ စဉ်းစားဦးပေါ့၊ မနက်စာ စားပြီးမှ ပြန်ရမယ်၊ မကြာဘူး၊ လဲ့လဲ့လာလိမ့်မယ်၊ စဉ်းစားဦး”


ကြီးကြီးနုသည် ထိုင်ရာမှထကာ အခန်းထဲသို့ ဝင်သွားလေသည်။ ဒေါ်အိုဇာရော၊ ဒေါ်ရွှေသွယ်ကပါ ခဏဖြစ်ဖြစ်တော့ ဒီအိမ်တွင်နေဖို့ ဝိုင်း၍ပြောကြပြန်သည်။


“နေသင့်ပါတယ် ကလေးမရဲ့၊ မင်းအဖေ ကောင်းစားစဉ်က စံစားကြရတဲ့အထဲမှာ မမြနုတို့လဲ ပါတာပဲဟာ။ ခုတစ်လှည့် မိန်းကလေးက နေသင့်ပါတယ်။ အရင်လိုစိတ်မျိုးလဲ မမြနုမှာ မရှိတော့ပါဘူး”


ခဏဆိုသလိုတော့ ဒေစီအိမ်မှာ အပြောင်းစပ်ကူးမတ်ကူးတွင် နေဖို့ စိမ်းက ဆုံးဖြတ်လိုက်ပေသည်။


သူ ခဏ ပြန်မည့်ဆဲဆဲတွင် မိန်းကလေးတစ်ယောက် ရောက်လာ၏။ မိန်းကလေး၏သွင်ပြင်မှာ အဘွားကြီးသုံးယောက်နှင့်ဆိုလျှင် နှစ်(၁၀၀)လောက်ကွာခြားအောင်ပင် ဆင်ယင်ထုံးဖွဲ့မှုမှာ ခြားနားလှပေသည်။ ကြီးကြီးနု မိတ်ဆက်ပေး၍ မိန်းကလေးသည် စိမ်းကိုပြုံးကာ နှုတ်ဆက်၏။ နှင်းဆီပွင့်လိုရဲနေသော နှုတ်ခမ်းထဲမှသွားများမှာ ပုလဲရောင်ထက် တောက်ပ၍နေလေသည်။ ခေါင်းလှုပ်၍ စကားပြောတိုင်း ရွှေရောင်ဆံပင်တွန့်များမှာ လှုပ်၍သွားသည်။ စိမ်းကိုနှုတ်ဆက်၍ ဦးတိုက်လှေကားမှ အိမ်ပေါ်သို့ တက်သွားသည်။ ဘော်လီလက်ကြိုးမရှိသော ကျောပြင်မှာ ဖြူဖြူဖွေးနေ၍ လက်မောင်းသားများမှာ အိအိလေး လှုပ်နေသည်။ ခုံမြင့်ဖိနပ်ပေါ်တွင် ခြေသလုံးလေးမှာ ဇလပ်ပန်းအသားလို နုဖြူနေသည်။


“လဲ့လဲ့ကို ကျွန်မ မမှတ်မိဘူး”


စိမ်းသည် မိန်းကလေးကိုကြည့်၍ ပြောလိုက်၏။ ကြီးကြီးနုကမူ သမီးကိုပြုံး၍ လှမ်းကြည့်ကာ ဝမ်းသာနေပုံရသည်။ 


“ကဲ...ကြီးကြီးတော့ တော်တော်ဝမ်းသာတယ်။ လဲ့လဲ့စီးလာတဲ့ကားနဲ့ စိမ်းပစ္စည်းတွေ ဘာတွေ သွားယူနော်။ မရွှေသွယ် လိုက်သွားပေတော့”


လှော်ရင်း ခတ်ရင်း မြစ်တစ်ကွေ့သို့ ရောက်၍လာပြန်ပါပကော။


* * * 


ကြီးကြီးနုအိမ်ကြီးသို့ ပြောင်းရွှေ့လာချိန်တွင် ဒေစီက သူ့ကို နိုင်လွန်နှစ်ဝတ်စာ ဝယ်၍ပေးလိုက်၏။ အိမ်တစ်အိမ်မှ ခွဲခွာ၍လာရတိုင်း မျက်ရည်ဝိုင်း၍နေသော မျက်လုံးများကို ကြည့်ရသည်မှာ စိတ်မသက်သာစရာပင် ဖြစ်ပေသည်။


ကျောင်းဆရာမအလုပ်သည် နှစ်လစောင့်ရဦးမည် ဖြစ်သည်။ ရုံးအလုပ်များကိုလည်း စုံစမ်း၍ နေရသေးသည်။ အမှန်တော့ သေသေချာချာ မနားမနေ အလုပ်ရှာလျှင် အလုပ်တစ်ခုမှာ ရနိုင်ပေသည်။ သို့သော် စိမ်းက လမ်းမထွက်ပေ။ သူ့အခန်းထဲမှာပင် ကုပ်ကုပ်ကလေး အနေများပေသည်။ 


မနက်စောစောတွင် ခြံထဲမှပန်းများကို ဆင်း၍ ကောက်ရ၏။ ဆိတ်ဖလူးပွင့်များ ပွင့်ချိန်တွင် ပင်အောက် မြက်ခင်းပေါ်ရှိ ပန်းပွင့်လေးများကို လိုက်၍ကောက်ရ၏။ မိုးဦး စံပယ်ပွင့်ချိန်တွင်တော့ အပွင့်လေးများကို လိုက်၍ခူးရ၏။ နှင်းဆီခိုင်များကိုလည်း ကတ်ကြေးနှင့် ဖြတ်ရလေသည်။


လေထဲတွင် ဆိတ်ဖလူးပန်းနံ့ သင်း၍လာလျှင် ယာတောကိုသွား၍ သတိရလာတတ်သည်။ ယာတောနှင့်ဆက်၍ တိုးကြီးနှင့်အတူးတို့၏ မျက်နှာလေးများ၊ မခမ်း၏ ရိုးသောဟန်ပန်များမှာ မျက်စိထဲတွင် ပေါ်လာပြန်ပေသည်။


ပန်းပွင့်ကိုခူးခြွေရသည်မှာ သက်သောင့်သက်သာသော အလုပ်ဖြစ်၏။ ကြေးနန်းကြိုးလေးများခက်၍ ပန်းတောင်သဏ္ဌာန်လုပ်ထားသောကြိုးတွင် ပန်းများကိုသီ၍ ခက်ရခြင်းသည်လည်း ပင်ပန်းသောအလုပ်မဟုတ်ပေ။ ဒါပေမယ့် သခင်မကြီး ကြီးကြီးနု ဘုရားရှိခိုးဖို့အတွက် အစေခံမလေးက လုပ်ပေးနေရသလို စိတ်ကဖြစ်၍ ဖြစ်၍လာသည်။


ကိုယ့်ကိုယ်ကို စိုးပိုင်နေလာခဲ့သောအချိန်ပိုင်းများက များလာလွန်းသောအခါ တစ်ဘဝတွင် သက်သောင့်သက်သာရှိသော်လည်း လင်မှတစ်ပါး ဘယ်သူ့ကိုမှ အားမကိုးလိုတော့ပေ။ တစ်ခါတစ်ရံတွင်လည်း ကိုဝင်းဖေကို ပြေးတွေ့ 

လိုက်ချင်၏။ သူ့ချစ်လှစွာသော ဇနီးသည်သည် ပုံပြင်ထဲမှအစေခံမလေးလို ပန်းကောက်နေရပုံ၊ ကွမ်းယာပေးရပုံ၊ ကြီးကြီးနု ဝေယျာဝစ္စများကို လုပ်ပေးနေရပုံကို ပြလိုက်ချင်သည်။


အိမ်ကြီးမှာ မင်းကတော်ဟောင်းတစ်ယောက် အုပ်ချုပ်လာ၍ စေ့ငသေသပ်လှ၏။ အခြွေအရံများကလည်း ဒေါ်ရွှေသွယ်၊ ဒေါ်အိုဇာတို့လို အိုမင်းရှေးကျသူများက ဦးဆောင်နေ၍ တစ်အိမ်လုံး ရွေ့လျား သွားလာပုံများမှာ နန်းတော်ဟောင်းကြီးတစ်ခုနှင့် တူနေပေသည်။


သို့သော် တစ်လီတစ်လီ လဲ့လဲ့ကျောင်းပိတ်ပြန်လာချိန်တွင်မူ ထိုအိမ်ကြီးတွင် အကြီးအကျယ် ပြောင်းလဲလှုပ်ရှားလာ၏။ အပေါင်းအသင်းများ အသွားအလာနှင့် ပါတီပွဲများမှာ အိမ်သားတွေအဖို့ ခေတ်ကြီးကိုပြောင်းလိုက်သလို ဖြစ်၍သွားလေသည်။


“ဒီနေ့ညနေ ထမင်းစားပွဲမှာ စိမ်းလဲပါရမယ်ဟေ့”


မနက်ဘက် စိမ်းသည် ဘုရားဆောင်သို့ ပန်းသွားပို့ရင်း ကြီးကြီးနုက ပြောလိုက်၏။


“စိမ်း ပါရမယ်လား” 


“အေးကွယ့်..လဲ့လဲ့မိတ်ဆွေ မောင်မောင်တင်ကို ထမင်းကျွေးမလို့၊ မိန်းကလေးအဖော်တချို့နဲ့ မောင်ဘကောင်းတို့လဲ ပါလိမ့်မယ် ထင်ပါရဲ့”


စိမ်းသည် ဘုရားခန်းထဲမှသာ လှည့်၍ထွက်လာသည်။ ကြီးကြီးနု ရွတ်ဆိုပြသော လူနာမည်များမှာ သူ့အဖို့ သူစိမ်းပြင်ပြင်များသာ ဖြစ်နေလေသည်။


တစ်ညနေလုံး ထမင်းပွဲအတွက် ကူညီလုပ်ကိုင်ပေးနေရင်း အဝတ်အစားပြင်ဖို့ အချိန်ကျ၍လာလေသည်။ အိမ်ပေါ်တက်၍ မှန်ရှေ့တွင်ထိုင်ရင်း ဘာကစ၍ ပြင်ရမှန်း မသိပေ။ လှလှပပ ဝတ်စားပြင်ဆင်ခြင်း မလုပ်ရသည့်အချိန်မှာ ကြာလှလေပြီ။ ခေါင်းကို အရင် သပ်သပ်ဖြီးလိုက်၏။ ရေချိုးရင်း ဝတ်ဖို့အဝတ်အစားအတွက် စဉ်းစားနေမိလေသည်။ အင်္ကျီကတော့ ဒေစီပေးသော နိုင်လွန်ပင် ဝတ်ရပေမည်။ လုံချည်ကတော့ ကောင်းကောင်းတစ်ထည်မှမရှိပေ။ ရှမ်းပြည်နယ်က ပြန်လာတုန်းက ဝတ်လာသည့် လုံချည်ကလည်း အမေပေးသည့် အစိမ်းရင့်ရင့် ပိုးတွန့် ဖြစ်သည်။ နောက်ဆုံး သူသည် ရှိသည့်အဝတ်ကိုပင် ဝတ်လိုက်၏။ မျက်နှာကို ပေါင်ဒါခြယ်ရင်း မျက်ရည်များက ဝေ့၍လာသည်။


“စိမ်း...မြန်မြန်လုပ်၊ ဧည့်သည်တွေ လာနေပြီး ရော့ ဒါက စိမ်းဖို့ စံပယ်ပန်းတွေ”


ဒေါ်ရွှေသွယ်သည် စံပယ်ပန်းနှင့် ခက်၍ထားသော ပန်းတစ်ခက် သူ့ကိုလာပေး၏။ ပန်းပွင့်ကို စိမ်း ယူ၍ပန်သည်ကို ကျေကျေနပ်နပ် ကြည့်နေလေသည်။


“ကဲ...ကဲ.. သွားတော့၊ အောက်မှာလူတွေ ရောက်နေပြီ”


စိမ်းသည် ဧည့်ခန်းထဲ မသွားရဲသလို ခြေတုံ့နေသည်။ နောက်ဆုံးတော့လည်း မရဲတရဲနှင့် ခပ်ရွရွလေး နင်းကာ ဧည့်ခန်းထဲသို့ ဝင်၍သွား၏။ ဧည့်သည်များအားလုံးသည် စိမ်းကို ဝိုင်း၍ကြည့်ကြသည့်အတွက် သူ့မျက်လုံးများမှာ ပြာသလိုဖြစ်သွားတော့သည်။ မိန်းကလေးအဖော်များအားလုံး ဝတ်လာသော အဝတ်အစားထဲတွင် သူ့အဝတ်အစားသည် အရိုးဆုံးနှင့် အပေါဆုံးဖြစ်၏။


“ဒါက လဲ့လဲ့အစ်မဝမ်းကွဲ စိမ်းဆိုတာ”


လဲ့လဲ့ မိတ်ဆက်ပေးမှ အားလုံးကို မျက်လုံးဝင့်ကာ သူကြိုးစား၍ ပြုံးလိုက်၏။ လဲ့လဲ့ကမူ ဧည့်သည်များ၏နာမည်ကို ရွတ်ဆိုပြလေသည်။ ကြီးကြီးပြောသည့် မောင်ဘကောင်းနှင့် မောင်မောင်တင်နာမည်ကိုလည်း ထပ်၍ ကြားလိုက်ရ၏။ မောင်မောင်တင်ရော ကိုဘကောင်းပါ ထိုင်ရာမှထ၍ စိမ်းကို နှုတ်ဆက်ရန် လက်ကမ်းပေးချိန်တွင် စိမ်းသည် ခပ်ကြောင်ကြောင်ဖြစ်၍ သွားသည်။ ဟန်မပျက် ပြန်လည်နှုတ်ဆက်ရပေမယ့် လက်ဖျားများက အေးစက်၍ တုန်နေလေသည်။


ထမင်းပွဲစချိန်တွင် ကိုဘကောင်းမှာ သူ့ဘေးတွင် လာ၍ထိုင်၏။ ဧည့်သည်များသည် ဆယ့်နှစ်ယောက်လောက်ပင်ရှိလေသည်။ စိမ်းမျက်စိထဲတွင်တော့ အားလုံး မှုန်ဝါးဝါးဖြစ်နေ၏။ စားပွဲထိပ်မှ သူ့ညီမလဲ့လဲ့ လှုပ်ရှားနေသည်ကိုသာ တစ်ခါ  တစ်ခါ သတိထားမိ၏။ လဲ့လဲ့သည် သူ့ဘေးရှိ မောင်မောင်တင်အား လိုလေသေးမရှိ ပြုစုနေသည်။ အင်္ဂလိပ်လို ကျွေးသည့်ထမင်းစားပွဲတွင် ထုံးစံမရှိသောအလုပ်များပင် လုပ်ပေး၏။


ပန်းကန်လွတ်တစ်ချပ်ပေါ်တွင် ကြက်သားဖတ်များ ဆယ်ထည့်ကာ အရိုးထွင်၍ ပေး၏။ လဲ့လဲ့လုပ်ပုံသည် ထမင်းစားပွဲတစ်ခုလုံးတွင် ကြောင်စရာဖြစ်၍နေလေသည်။ မိန်းကလေးများ၏ရယ်သံကြောင့်သာ ထမင်းပွဲမှာ စိုပြည်၍နေလေသည်။ 

ထမင်းပွဲအပြီးတွင် ဧည့်ခန်းမှာ ပြန်၍ထိုင်ကြ၏။ စကားပြောချိန်တွင်လည်း လဲ့လဲ့နှင့်မောင်မောင်တင်မှာ အထင်ရှားဆုံးဖြစ်နေသည်။ စိမ်းသည် မထင်ရှားသောသူ့အသွင်ပြင်မှာ ဤလူစုထဲတွင် ကြာကြာ မနေလိုပေ။ အိမ်ပေါ်တက်သွားရမှာကလည်း မကောင်းသေး၍ ဧည့်ခန်း ဘေးပြတင်းတံခါးကြီးမှ အသာလျှိုထွက်ကာ ခုံတန်းလျားပေါ်တွင် ထိုင်နေလိုက်သည်။ 


ခြံထဲမှာ လေအေးများ တိုက်ခတ်လာ၍ စိတ်ပေါ့သွားသလို ဖြစ်လာသည်။


“ဒီမှာနေရတာ အေးလို့လား”


လူတစ်ယောက် မေးသံက နောက်မှပေါ်လာ၍ စိမ်းသည် စိတ်ညစ်လာပြန်သည်။ မေးမေးပြောပြောနှင့် သူ့အနားလာထိုင်သူမှာ ကိုဘကောင်းမှန်း သူသိလိုက်၏။


“ဟုတ်ပါတယ်၊ ဧည့်ခန်းက နည်းနည်းအိုက်လို့” 


စိမ်းသည် ကိုဘကောင်းကို လှည့်ကြည့်ကာ ပြောပြသည်။ မှန်ပြတင်းမှ မီးရောင်ဖြင့် ကိုဘကောင်းမျက်နှာကို ထင်ထင်ရှားရှား မြင်နေရသည်။


“စိမ်း ဒီရောက်လာတာ မကြာသေးဘူး ထင်တယ်။ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်”


“ဟုတ်ပါတယ်”


“ကျွန်တော်တို့ ကိုမောင်မောင်တင်နဲ့အတူ ဒီအိမ်ကို ခဏခဏ ရောက်တယ်။ ခုတလောပဲ ကျောင်းတွေ စစ်စရာရှိလို့ မလာဖြစ်တာ”


“ဟုတ်ကဲ့၊ ကျွန်မလဲ အလုပ်ရှာရင်း ခဏလာတာပါ”


“ဘယ်မှာ လုပ်မလို့လဲ”


“အင်းစိန် တန်းမြင့်ကျောင်းမှာ ဆရာမလိုတယ် ဆိုလို့ပါ”


“အို ...ဒီလိုဆို ကျွန်တော် တတ်နိုင်သလောက် ကူပါ့မယ်။ ကျွန်တော်က ပညာရေးဌာနမှာ လက်ထောက် ညွှန်ကြားရေးဝန်ပါ။ ရုံးတက်တော့ ရန်ကုန်မှာ သွားတက်တယ်။ ဒီက အေးအေးဆေးဆေးရှိလို့ ကျွန်တော်ပိုင် အိမ်ကလေးလဲရှိတာနဲ့ နေတာပါ”


ကိုဘကောင်း စကားပြောပုံသည် ရည်မွန်၍ အေးဆေးလှသည်။ မျက်လုံးများမှာလည်း မီးရောင်နှင့် လက်၍သွားပုံမှာ တန်ခိုးရှိလှ၏။ စိမ်းရင်ထဲတွင်မူ စကားပြောနေရသည်ကို စိတ်မပါပေ။ ကိုယ့်ကိုကူညီမည်ဆိုတော့လည်း ဝမ်းသာသလို ဖြစ်သွားမိသည်။


“ကျေးဇူးတင်ပါတယ်ရှင်၊ စိမ်းရဲ့ခင်ပွန်းကလဲ မရှိတော့ ကိုယ့်အလုပ်လေးနဲ့ပဲ ကိုယ်နေချင်တာပါပဲ”


စိမ်းသည် ကိုဝင်းဖေနှင့် ကွဲနေသည်ဟူ၍လည်း မပြော၊ သေသည်ဟူ၍လည်း မပြောပေ။ သူ့အကြောင်းကလည်း ပြတ်ပြတ်သားသား ပြော၍မဖြစ်သော ဘဝဖြစ်၏။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် သူ အပျိုမဟုတ်ကြောင်းကိုတော့ ယောက်ျားမိတ်ဆွေများကို သိစေချင်ပေသည်။


“အင်း... ကျွန်တော်လဲ မုဆိုးဖိုပေါ့ဗျာ။ သူနဲ့အတူနေခဲ့တဲ့ အိမ်ကို မခွဲနိုင်သေးတာနဲ့ နေတာပါပဲ။ အခုတော့ ထိုမောင်မောင်တင်နဲ့ အဖော်ရတာနဲ့ ဆက်နေတယ်”


“ကိုမောင်မောင်တင်က ဘယ်သူလဲ” 


“အင်းစိန်နယ်ပိုင်ပေါ့။ လူအေးလူတော်ပါပဲဗျာ”


အထဲမှ စကားပြောသံများမှာ ပို၍ဆူညံလှုပ်ရှားလာသဖြင့် စိမ်းသည် ထိုင်ရာမှ ထလိုက်သည်။


“ကဲ...ပြန်ကြတော့မယ် ထင်တယ်၊ စိမ်းတို့ သွားစို့”


ဧည့်ခန်းထဲသို့ သူတို့နှစ်ယောက် ပြန်ဝင်ချိန်တွင် ဧည့်သည်များသည် ဝိုင်း၍ကြည့်ပြန်သည်။ အားလုံး နှုတ်ဆက်၍ အသီးသီးပြန်ပြီးမှ ကိုမောင်မောင်တင်သည် စိမ်းကို နှုတ်ဆက်ကာ ပြန်၍သွားသည်။


စိမ်း အိမ်ပေါ်တက်မည့်အချိန် လဲ့လဲ့ကိုလည်း မတွေ့တော့ပေ။ တစ်ယောက်တည်း လှေကားမှ တက်၍ အိပ်ခန်းထဲ ဝင်လာခဲ့လေသည်။ အဝတ်အစားလဲ၍ နောက်ဆုံး စံပယ်ပွင့်ကို ဖြုတ်နေချိန်တွင် ဒေါ်အိုဇာနှင့် ဒေါ်ရွှေသွယ်သည် အခန်းထဲသို့ ဝင်လာ၏။


“ဒါထက် ရိုးတဲ့ အဝတ်အစား စိမ်းမှာမရှိတော့ဘူးလား”


ဒေါ်ရွှေသွယ်က သူ့ကို စေ့စေ့ကြည့်၍ မေး၏။ စိမ်းသည် ခေါင်းကိုသာခါ၍ ပြလိုက်သည်။ 


ဒေါ်အိုဇာကမူ ပြုံးရင်း

“ရှိလဲ မဝတ်ပါနဲ့ကွယ်၊ နောင်ကိုလဲ ကလေးမတော့ ဘယ်ထမင်းစားပွဲမှ ဝင်စားရမှာ မဟုတ်တော့ဘူး”ဟု ပြောကာ ထွက်သွားတော့သည်။ 


စိမ်းသည် သူတို့ ဘာပြောသည်ကို ဘာမှနားမလည်ပေ။


“ဒေါ်ရွှေသွယ် အဘွားကြီးက ဘာတွေပြောတာလဲ”


“မသိပါဘူးကွယ်၊ ညဉ့်နက်နေပြီ၊ ငါတော့ အိပ်တော့မယ်” '


စိမ်းသည် ဒေါ်ရွှေသွယ့်ခေါင်းရင်းမှ မီးကို မှိန်လိုက်၏။ မှောင်နေသောအခန်းထဲတွင် ပြတင်းမှလရောင် မှေးမှေးလေး ဝင်နေသည်။ လေများသည် မိုးသက်ပါလာ၍ လရောင်သည် တိမ်များကြောင့် မှေးမှိန်မှိန်ဖြစ်နေရှာသည်။ အိပ်ရာပေါ် ပစ်လှဲလိုက်ရင်း မမျှော်လင့် မတွေးခေါ်ဘဲနှင့် ယာတောမှတောင်တန်းကြီးကို သွား၍မြင်ယောင်လိုက်၏။ ပြီးတော့ မျက်ခုံးထူထူနှင့် ကိုဝဏ္ဏ၏ ခပ်ပြည့်ပြည့်မျက်နှာကို မြင်လာပြန်သည်။ အမေတစ်ယောက်တော့ဖြင့် သူ့ကို လွမ်းရှာပေမည်ကို တွေးနေမိပြန်သည်။


နောက်နေ့ညနေတိုင်းလိုလို မောင်မောင်တင်နှင့် ကိုဘကောင်းမှာ စိမ်းတို့အိမ်သို့ မှန်မှန်လာလည်သည်။ စိမ်းသည် ခြံဝင်းထဲသို့ ရှောင်ထွက်၍ ဆိတ်ဖလူးပင်အောက်မှာ ထိုင်နေပေမယ့် သူတို့နှစ်ယောက်သည် တွေ့အောင်ရှာ၍ လိုက်လာသည်။

စိမ်း စိတ်ထဲတွင် အလိုလိုနေရင်း ကြောက်၏။ ထိုလူများနှင့်ပတ်သက်၍ နောက်ထပ်ဇာတ်ထုပ်တစ်ခုများ တိုးလာဦးမည်လားဟု စိုးရိမ်နေသည်။ 


မကြာခင်ပင် လဲ့လဲ့သည် ကျောင်းဘော်ဒါမှာ မနေတော့ဘဲ အိမ်သို့ ပြောင်းလာသည်။ ထိုကဲ့သို့ ပြောင်းရွှေ့လာခြင်းမှာ ထူးခြားသောဇာတ်လမ်းတစ်ခု၏ အစလို့ပင် စိမ်းက တွေးမိ၏။ သို့သော် ဘာကိုဟူ၍လည်း မပြောပြတတ်ပေ။


လဲ့လဲ့သည် အိမ်ကိုပြောင်းလာမှ သူ့ကို စကားဖော်ဖော်ရွေရွေ မပြောသည်ကိုတော့ သူဝမ်းနည်းမိ၏။ တစ်မျက်နှာ တစ်ရွာထင်ဆိုသလို အိမ်ရှင်များမျက်နှာကို ကြည့်၍နေရသော သူ့အဖို့ အိမ်ကြီး၏မင်းသမီးတစ်ပါးဖြစ်သူ လဲ့လဲ့က သုန်မှုန်လာ၍ သူ့ခမျာ မနေတတ်တော့ပေ။


သူဖြူလျှင် အယူဖြောင့်နိုင်ပေမယ့် သူမှောင့်မှာကိုမူ စိုးရိမ်မိပေသည်။ သူ့ထံသို့ ကိုဘကောင်းနှင့်မောင်မောင်တင် လာ၍စကားပြောတိုင်း လဲ့လဲ့မျက်နှာထား တင်း၍နေ၏။ စိမ်းက ရိပ်တော့ရိပ်မိ၏။ သို့သော် ကိုဘကောင်းကိုပဲ လဲ့လဲ့ ချိတ်နေသလား၊ မောင်မောင်တင်ကိုလားဟူ၍ မတွေးတတ်ပေ။


ကြာတော့လည်း ယခုလိုနေရထိုင်ရသည်ကို စိမ်းက ပျင်း၏။ သူသည် အိပ်ခါနီး ဒေါ်ရွှေသွယ်၊ ဒေါ်အိုဇာတို့နှင့် ဝိုင်းဖွဲ့၍ စကားပြောရင်း စိတ်တိုလာသည်။


“ဒေါ်အိုဇာ...စိမ်းက လင်လုရတာတို့ ဘာတို့ သိပ်ပျင်းတာပဲနော်။ ခုလဲ ဒေါ်အိုဇာမင်းသမီးက စိမ်းကို သုန်မှုန်နေတယ်။ ဘာလဲဆိုတာလဲ မေးကြည့်ပါဦး။ စောစောပြေးရင် ပြေးပါရစေတော့”


ဒေါ်အိုဇာသည် စိမ်းက ပွင့်ပွင်းလင်းလင်း ပြောလိုက်၍ အံ့အားသင့်နေသည်။


“ဒီလူတွေကို စိမ်းက လက်ခံတာ မဟုတ်ဘူး၊ သူတို့ဘာသာ လာတာတွေ၊ သူ့လူတွေဆိုရင်လဲ စိမ်းနဲ့ စကားမပြောဖို့ ပိတ်ထားရင် ကောင်းမှာပဲ”


“လဲ့လဲ့ ချိတ်နေတာက မောင်မောင်တင်ပါ”


“အဲဒီလိုဆိုရင်လဲ ရှင့်မောင်မောင်တင် မင်းဘုရားက မောင်ဘကောင်း စိမ်းဆီလာရင် လိုက်မလာပါစေနဲ့လို့ ပြောထားပါ...”


ဒေါ်ရွှေသွယ်သည် ခပ်ရှင်းရှင်းပင် ပြောလိုက်၏။


“နေပါဦး...ဒေါ်ရွှေသွယ်၊ ကိုဘကောင်းလာပါစေဆိုတော့ သူက စိမ်းကို ပိုးနေလို့လား”


“အမယ်...မိန်းကလေးရယ်၊ မင်းလဲ အိုလာသူပါ။ သူ့ကိုကြည့်ပါလား။ အမှန်တော့လဲ အေးကွဲ့ ... မိန်းမဆိုတာ လင်ရှိမှလဲ တင့်တယ်တာ...”


ဒေါ်ရွှေသွယ်က မန္ဒီဒေဝီ၏အခိုးမရှိသောမီး၊ လင် မရှိသောမိန်းမတို့ မတင့်တယ်ပုံကို ဋီကာချဲ့ပြပြန်သည်။


ဒါကိုတော့ စိမ်းသိလိုက်ပါ၏။ ယခုလို လေစုန်နှင့် လွင့်ရချိန်တွင် လင့်ကျေးဇူးကို ပိုသတိရ၏။ သတိရတိုင်း ကိုဝင်းဖေထံကို ပြေး၍ပြေး၍ သွားချင်သည်။ 


နောက်လတွင် ကျောင်းမှာ ကျောင်းဆရာမအလုပ်ကို ရလေသည်။ ကိုဘကောင်းကျေးဇူးဆိုသည်ကိုတော့ စိမ်းက သိ၏။ 


ကျောင်းတက်နေရ၍ စိတ်မှာ ယခင်ကလောက် ညစ်၍မနေတော့ပေ။ သုံးရစွဲရသည်ကလည်း ကိုယ့်ငွေနှင့်ကိုယ်ဆိုတော့ နည်းနည်း စိတ်ချမ်းသာ၍လာသည်။ သို့သော် ညနေတိုင်း ကိုဘကောင်း၊ ကိုမောင်မောင်တင်တို့နှင့် တွေ့နေရခြင်းမှာ သူ့အတွက် ခေါင်းခဲစရာ ဖြစ်နေလေသည်။ 


ယာတောတွင် ကလေးများကို စာသင်ရသလို စိတ်လွတ်လွတ်လပ်လပ်မရှိပေ။ ယာတောတွင် နေရစဉ်က အချိန်တိုင်းသည် နှလုံးသားတွင် ပေါ့ပေါ့ပါးပါးရှိ၏။ ယခု ဒီမှာနေရသည်က ဝတ်ရေးစားရေး ကောင်းပေမယ့် တစ်ခုခု ခဲဆွဲထားသလို နှလုံးသားထဲတွင် လေးလေးကြီး ဖြစ်နေလေသည်။


အပိုင်း(၅) ဆက်ရန်


ခင်နှင်းယု



No comments:

Post a Comment