အရှေ့မြောက်လေ ကုန်သွား၍ တောင်လေတိုက်လာချိန်တွင်လည်း ယာတောကိုပဲ သတိရ၏။ အမှန်တော့ ယာတောထက် ကိုဝင်းဖေကို ပို၍သတိရသင့်ပေသည်။
လေကြောင်းကသာ ရာသီလိုက်၍ ပြောင်းလဲသွားသည်။ စံပယ်ပန်းများကမူ ရာသီမပြတ် ပွင့်နေဆဲပင်ဖြစ်၏။ တောင်းထဲထည့်နေချိန်တွင် နေရောင်မှာ ပန်းခင်းပေါ်တွင် မြူး၍နေပေသေးသည်။ သို့သော် နေခြည်များကြားထဲတွင် မမျှော်လင့်သော မိုးဖွားလေးများမှာ ငွေမျှင်တွေလို တန်း၍ကျလာသည်။ စိမ်းသည် ပန်းတောင်းလေးကို ကောက်၍ ဆိတ်ဖလူးပင်အောက်ကို ပြေးဝင်သွား၏။
အိမ်ဘက်မှ သူ့ထံသို့ ကိုမောင်မောင်တင်သည် ထီးကို ယူလာသည်။ ကိုမောင်မောင်တင်နှင့်အတူ လိုက်လာရင်း ဆင်ဝင်ရောက်မှ လဲ့လဲ့နှင့်ကိုဘကောင်းကို စိမ်းက တွေ့လေသည်။
“စိမ်း မိုးစိုကုန်မှာစိုးလို့ ကိုမောင်မောင်တင်ကို ပြေးခိုင်းရတယ်”
စိမ်းသည် စကားပြောမည့်ဟန်ပြင်တုန်းပင် လဲ့လဲ့က ကိုမောင်မောင်တင်ကိုခေါ်ကာ ခပ်ဆောင့်ဆောင့်လေး အိမ်ထဲသို့ ဝင်၍သွားသည်။ စိမ်းသည် ဘာမှမပြောတတ်ပေ။ ပါးစပ်လေးဟကာ ကျန်ရစ်၏။ သူ့ပန်းတောင်းလေးကိုကိုင်ရင်း ဘာလုပ်ရမှန်းမသိသလို ကြောင်နေမိသည်။
“စိမ်း...ထိုင်ဦးလေ”
အမိန့်ပေးမှပင် လုပ်တတ်သလို စိမ်းသည် ခုံတစ်ခုပေါ် ထိုင်လိုက်သည်။
“ကျောင်းမှာ ပျော်ရဲ့လား”
“ဟုတ်ကဲ့ ...ပျော်ပါတယ်”
“ကျွန်တော်လဲ ရုံးတက် ရုံးဆင်း ကသီလို့ ရန်ကုန်ထဲကို ပြောင်းရမလို ဖြစ်နေတယ်”
စိမ်းသည် ဘာပြန်ပြောရမှန်းမသိပေ။ ရင်ထဲတွင် နင့်နေ၏။ စိမ်းမှာ ကိုဘကောင်းနှင့် စကားပြောမနေတော့ဘဲ လဲ့လဲ့နောက် ပါသွားတော့သည်။ လဲ့လဲ့ ဘာကြောင့် ဆောင့်ရသည်ကို မတွေးတတ်ပေ။
“စိမ်း ပန်းသီဖို့ ကြေးနန်းခိုင်တွေ သွားယူဦးမယ်နော်”
စိမ်းသည် ဘုရားခန်းကို ပြေးတက်သွား၍ ပန်းတောင်ပုံများကို ယူချလာသည်။
တစ်ညနေလုံး ပန်းကုံး၍သာ သီနေသည်။ ရင်ကတော့ တဆတ်ဆတ်ခုန်နေသည်။ ကိုဘကောင်းကလည်း စကားပြောလိုက်သည့် ဖြစ်ခြင်း။ သူ့စကားသံမှာ အေး၍နွဲ့၏။ ကြင်နာသံများကလည်း လှိုင်းအိ၍လာသလို စိမ်းထံသို့ လှိမ့်လာပုံရသည်။ ပန်းပွင့် များကိုလည်း ကူ၍သီပေးသည်။
ဒေါ်အိုဇာသည် သူတို့အနားကို ရောက်၍ လာလေသည်။
“ဒေါ်အိုဇာ လဲ့လဲ့ ဘယ်မှာလဲ"
“ထမင်းစားခန်းထဲမှာ စိမ်း၊ မောင်မောင်တင်ကို ထမင်းကျွေးနေတယ်”
စိမ်းသည် ကိုဘကောင်းကို အားနာသလို ကြည့်နေမိပြန်သည်။ သည်အိမ်ကြီးတွင် ဘာတွေဖြစ်နေမှန်း မတွေးတတ်အောင်ပင် ခေါင်းရှုပ်လာ၏။ နောင်ကို ကိုဘကောင်းတို့ မလာပါနှင့်ဟူ၍ ပြောရမှာလည်း သူ့ကျေးဇူးရှိ၍ စိမ်းက မပြောရဲပေ။ သူတို့နှစ်ယောက်လာတိုင်းလည်း ခေါင်းရှုပ်ရသည်ကို မကြိုက်ပေ။
ညဘက်တွင်လည်း အခန်းထဲမှာ တစ်ယောက်တည်း ကုပ်နေမိသည်။ ကြာတော့လည်း တစ်ယောက်တည်း နေရသည်ကို ပျင်းလာ၏။ ဒေါ်ရွှေသွယ်ကိုရှာရန် အပြင်သို့ထွက်လာခဲ့လေသည်။
လဲ့လဲ့အခန်းထဲမှာ စကားပြောသံကြား၍ အခန်းဝတွင် ရပ်လိုက်မိသည်။ ခန်းဆီးကြောင့် သူ့ကို ဘယ်သူမှမမြင်ရပေ။ အမှန်တော့ အခန်းထဲတွင် ဒေါ်အိုဇာနှင့်လဲ့လဲ့ နှစ်ယောက်တည်းသာ ရှိနေသည်ကို မိုးလင်းနေ၍ ကွဲကွဲပြားပြား မြင်နေရသည်။
သူတိုစကားပြောသံထဲတွင် “စိမ်း' ဟူသော စကားလုံးများ ပါလာ၍ စိမ်း ရပ်ကာ နားထောင်နေမိ၏။ ခန်းဆီးကြားမှနေ၍ လဲ့လဲ့၏ နီကြောင်ကြောင်ဆံပင်လေးအား ဒေါ်အိုဇာ ဖြီး၍ပေးနေသည်ကို အတိုင်းသားမြင်နေရသည်။
“မိရင်ရင်တို့လို ဖြစ်ချင်လို့ထင်တယ်၊ မရွှေစိမ်းက”
လဲ့လဲ့အသံသည် စူးစူးရှရှ ပေါ်လာသည်။
“သူများအိမ်မှာ သူများထမင်းလဲ စားသေးရဲ့၊ နေပုံ ထိုင်ပုံက ဂနာမငြိမ်လိုက်တာ”
“ဒါလောက်လဲ မပြောပါနဲ့ လဲ့လဲ့ရယ်၊ သူက ရိုးရိုးနေတာပါ။ ပြီးတော့ အအိုပဲဟာ၊ မောင်မောင်တင်က စိတ်ညွှတ်မတဲ့လား”
“အမယ်လေး အမယ်ကြီး ဖာထေးမနေပါနဲ့။ အဲဒီ အအိုတွေပေါ့။ သာပြီး ကြောက်ရတယ်။ ငမ်းငမ်းတက် ရွပိုးထိုးတာပေါ့”
“ဘုရား...ဘုရား မိန်းကလေးရယ်၊ အပျိုလေးပါးစပ်နဲ့ ဒါတွေမပြောပါနဲ့”
“ပြောတယ် ဘာဖြစ်သေးလဲ၊ သူက မြူဆွယ်ချင်တာကိုး။ အဘွားကြီးတွေ ဝင်မရှုပ်နဲ့၊ ဒီကောင်မ ဒီမှာမနေနိုင်အောင်ကို လုပ်ပြမယ်။ မိရင်ရင်တောင် အင်းစိန်က ပြောင်းရတာ လဲ့လက်ချက် သိရဲ့လား"
လဲ့လဲ့အသံမှာ မီးတောင်ပေါက်ကွဲသလို ပူလောင်ပြင်းထန်လွန်း၍ စိမ်းမှာ ကျောစိမ့်သွားသည်။ ကြောက်စရာကောင်းသော အယူအဆများပါကလား။ သူ့ရင်ကို သူဖိရင်း လက်များမှာ တဆတ်ဆတ်တုန်နေသည်။
““အဲဒီ တစ်ခုလပ်တွေပေါ့။ ယောက်ျား မြင်ရင် ငမ်းငမ်းတက်၊ ဟင်း..မပြောလိုက်ချင်ဘူး။ ရောက်စတုန်းကတော့ ရိုးတယ် ရိုးတယ်နဲ့ အင်္ကျီတောင် တောကျကျဝတ်တယ်။ ခု ကိုကိုတင်ကိုမြင်မှ ဒီကောင်မ အဝတ်အစားလဲ ဘယ်လောက်ပြောင်းလဲလာလဲ၊ ကြည့်စမ်း၊ အလှအပလဲ ပြင်တတ်လိုက်တာ၊ ညနေကများ ဂိုက်ပေးနေတာပါ အဘွားကြီးရဲ့။ ပန်းခူးနေပုံက ဇာတ်လိုက်မင်းသမီး ကျနေတာပဲ”
“အို...ဒါလောက်လဲ မဟုတ်ပါဘူးကွယ်၊ ပြီးတော့ မောင်မောင်တင်က ဘာပြောပြော လဲ့လဲ့ရဲ့ အိတ်ဝင် သပိတ်ဝင်ပါ၊ ဒေါ်အိုဇာ ထင်တာကတော့ မောင်ဘကောင်းကတော့ စိမ်းကို ညွှတ်ချင်ညွှတ်နေမယ်လေ၊ လွတ်လပ်တဲ့ လူချင်းပဲ၊ ယူချင်လဲ ယူနိုင်တာပေါ့”
စိမ်းသည် ကျောက်ရုပ်လို မတုန်မလှုပ် ရပ်နေရာမှ ခုန်ပေါက်ပစ်လိုက်ချင်သည်။ သို့သော် ကြီးကြီးနုမျက်နှာက သူ့ခြေလှမ်းများကို တုံ့၍ဆွဲထားသည်။
ကြာရှည် နားထောင်၍တော့ မဖြစ်ပေ။ ဒေါသကို မတားနိုင်လျှင် ခက်ပေမည်။ သူ့အခန်းရှိရာသို့ ပြန်ရန် လှည့်လာ၏။ ရှေ့ဆက်၍ နားထောင်လျှင် စိမ်း ဘယ်နည်းနှင့်မျှ သည်းခံနိုင်မည် မဟုတ်ပေ။
လဲ့လဲ့သည် (Night Cream) အလှဆီများကို လက်နှင့်ယူ၍ မျက်နှာပေါ်တွင် ပွတ်ရင်း ပြောနေပြန်သည်။
“အဘွားကြီး ဒီကောင်မကို သွားပြောပါ။ ဒီအိမ်မှာ မနေဖို့ ပြောလိုက်ပါ။ ဟင်း...လဲ့လဲ့အကြောင်း သိတယ်မဟုတ်လား။ မင်းကြီးသမီးမို့ လဲ့လဲ့သာ ခုနေ ဘုရင်တစ်ပါးပါးရဲ့သမီး ဖြစ်စမ်းပါလား၊ လဲ့လဲ့ချစ်နေတဲ့သူကို ဘယ်ကောင်မမှ မျက်မွေးထော်လို့ မော်မကြည့်ရဘူး။ အကုန်သတ်ပစ်မယ်”
ဘုရား...ဘုရား .... ဒေါ်အိုဇာပင် ကျောချမ်းသွား၏။
မဟာဆန်လိုက်သည့်ဖြစ်ခြင်း၊ ကုန်းဘောင်ခေတ် စုဖုရားစံချိန်ကို ချိုးမည့်သူ ပေါ်နေပါပကော။ ဘုရင်ခေတ် မဟုတ်တော့သည်ကိုပဲ ဒေါ်အိုဇာက ကျေးဇူးတင်မိပေသည်။
“မိန်းကလေး လင်တစ်ယောက်ယူရတာ ဒါလောက်ဖြစ်နေဖို့ မလိုပါဘူး။ ကိုယ့်ကို တကယ်မေတ္တာရှိရင် ဘယ်သူ ဘယ်လောက်ပဲ မြူမြူ ကိုယ့်အနားက မခွာပါဘူး။ လဲ့က လင်တစ်ယောက်ယူရတာ ဓားကြိမ်းကြိမ်းနေတာပဲ”
“နားမလည်ဘူး။ မေမေဆိုရင် အင်းစိန်တစ်မြို့လုံး ဦးညွှတ်ရတာ။ အဘွားသူငယ်မ အလုပ်ပြုတ်ချင်ရင်တော့ စမ်းကြည့်သေးတာပေါ့။ လဲ့ အိပ်တော့မယ်... ဒေါ်အိုဇာ သွားတော့”
ဒေါ်အိုဇာသည် အခန်းထဲမှ ထွက်လာရင်း စိတ်အိုက်နေ၏။ စိမ်းကိုလည်း သနားသည်။ သို့သော် ကြာရှည်နေလျှင် လဲ့လဲ့နှင့် ဖြစ်ကြတော့မည်။ ကြီးကြီးနု ဆိုသည်ကလည်း သနားမေတ္တာစိတ်ရှိပေမယ့် သမီးပြီးလျှင် အကုန်ပြီးပေသည်။ နည်းနည်းပါးပါးတော့ အနေအထိုင် သတိပေးဖို့ ဒေါ်အိုဇာက အကြံရလာသည်။
စိမ်း၏အခန်းဝတွင် အသာရပ်နေသော်လည်း အထဲသို့ မဝင်သေးပေ။ အခန်းထဲတွင် မီးလုံးအပြာလေး ထွန်းထား၍ စိမ်း ခုတင်ပေါ်တွင် ပက်လက်လှန်၍နေသည်ကို မြင်နေရသည်။
ဒေါ်အိုဇာသည် အကျိုးအကြောင်း၊ ဘာကစပြောရမည်ကိုပဲ မတွေးတတ်အောင် ဖြစ်နေသည်။ သူရပ်နေစဉ် လှေကားမှတက်လာသော ဒေါ်ရွှေသွယ်ခြေသံကို ကြားရသည်။ ဒေါ်ရွှေသွယ်သည် သီချင်းညည်းလာပုံ ရလေသည်။
“ဆင်တော်ရန် ကေသာပြီးရင်လ
လင်မျှော်ပြန်ပြီတော်လို့
အများပြည်ရွာက ညည်းကြပါလိမ့်၊
အထီးကိုပင် စ,ရော့သလား
သမီး ကိုယ့်ညီမကဲ့သို့
အများက မစာနာသတော်
ကြားရစကားလာ...”
သီချင်းသံကြားကြားချင်း ဒေါ်အိုဇာမှာ မျက်လုံးပြူးသွားသည်။ သီချင်းမှာ ရှေးဇာတ်သီချင်းတစ်ခု ဖြစ်သည်။
စိမ်းကလည်း ခုတင်ပေါ်မှာ ဖျတ်ခနဲ ထိုင်လိုက်သည်။ ဒေါ်ရွှေသွယ်သည် သူတို့အကြောင်းကိုသိ၍ သီချင်းကိုများ စောင်းဆိုလေသလား။
ဒေါ်အိုဇာကလည်း ဒီလိုပဲ ထင်သည်။ သို့သော် သူသည် အခန်းပြင်ဘက်တွင် ရပ်နေဆဲပင်ဖြစ်၏။
“ဘယ့်နှယ် မအိုဇာ...ဒီမှာဘာလာလုပ်နေတာလဲ”
ဒေါ်ရွှေသွယ်သည် သူ့ပခုံးကို နောက်မှပုတ်ကာ အဘွားကြီးကို အခန်းထဲသို့ တွန်း၍ ပို့လိုက်သည်။ စိမ်းသည် သူတို့နှစ်ယောက်အား သရဲမကြီးများလို ပြူးကြောင်၍ ကြည့်နေသည်။
“ဆင်တော်ရန်'
ဒေါ်ရွှေသွယ်က ခပ်ပြုံးပြုံးနှင့် သီချင်းကောက်၍ စပြန်သည်။
“တော်ပါတော့ ဒေါ်ရွှေသွယ်... စိမ်း စိတ်ညစ်အောင်လို့ ဒီသီချင်းကို ဆိုတာလား”
အဘွားကြီးနှစ်ယောက်လုံးသည် စိမ်းဘေးတွင် ဝင်၍ထိုင်လိုက်၏။ ဒေါ်အိုဇာမှာမူ မျက်နှာပျက်နေတုန်းပင် ဖြစ်လေသည်။ ဒေါ်ရွှေသွယ့်မျက်နှာကမူ တစ်စုံတစ်ခုကို ?နေပုံရသည်။
“မိန်းကလေးကို စောင်းဆိုတာ မဟုတ်ပါဘူး။ ဒီသီချင်းက မုဆိုးမ၊ တစ်ခုလပ် သီချင်းပေါ့။ တကတဲတော် ကျုပ်လဲပဲ မုဆိုးမဘဝ နေလာသူပါ။ လင်မရှိရင် တယ်မျက်နှာငယ်တာကိုး။ သူတို့ နန့်ကြတာ ပျံတာတော့ မပြောကြပါဘူး။ ကျုပ်တို့များ သနပ်ခါး ဖုံဖုံလူးရင် လင်လိုချင်လို့ လူးတယ်တဲ့၊ လိုချင်ရင် ယူမယ်၊ ဘာဖြစ်လဲ။ ငုတ်တုတ်ရှိလျက်နဲ့ မျက်နှာများရင်သာ မကောင်းတာ”
ဒေါ်အိုဇာသည် ငြိမ်ငြိမ်နားမထောင်နိုင်တော့ပေ။
“မရွှေသွယ်... ခုန လဲ့ပြောတဲ့စကားတွေ ညည်းကြားခဲ့တာပေါ့”
ဒေါ်ရွှေသွယ်က ခေါင်းခါ၏။ စိမ်းကမူ “ကျွန်မ အကုန်ကြားတယ်” ဟူ၍ပြောလိုက်၏။
“ကျုပ်တော့ မကြားပါဘူး။ ဒါပေမယ့် ကြာလှပြီ။ စိမ်းကို ခလုတ်တိုက်နေတာ ကျုပ်သိပါတယ်။ ဒီနေ့လဲ မအေကို တိုင်နေတာ နားနဲ့ဆတ်ဆတ် ကြားရတယ်။ ဒါလောက်တော့လဲ အားနွဲ့တဲ့လူအပေါ်မှာ တရားလွန်ကြပါတယ်။ အမေကလဲ သမီးကို မကန့်ကွက်ဘူး။ မဟုတ်နိုင်ပါဘူးလို့ တစ်လုံးမပြောဘူး”
စိမ်းသည် အဘွားကြီးနှစ်ယောက်ကြားတွင် ကျောက်ရုပ်လို ဖြစ်နေသည်။ လင်တစ်ယောက်ရဖို့အတွက် ဒါလောက် ကြိမ်းမောင်းမာန်မဲ၍ လေးခင်းပြရသည်ကို စိမ်းက နားမလည်ပေ။ စိမ်းရခဲ့သောအချစ်သည် ယောက်ျားလေးက စတင် တောင်းခံ၍ လေးလေးစားစား ပေးယူခဲ့သောအချစ်ဖြစ်၏။ ယခုလို ကျုံးသွင်းခန်းမျိုးကို စိမ်းအနေနှင့် မတွေ့ခဲ့ဖူးပေ။ ယခုတော့ အိမ်ထောင်ရေး၊ လူလူချင်း မေတ္တာနှင့်ပေါင်းသင်းဆက်ဆံရေးမဟုတ်ဘဲ ကျုံးသွင်းခန်းကြီးပါတကား၊ အရအမိ ထွက်ပေါက်အလုံပိတ်၍ ကျုံးသွင်းနေချိန်တွင်မှ မရွှေစိမ်းကလည်း ဓားခုတ်ရာ လက်လျှိုမိပလေ...။
စိတ်ပေါက်ပေါက်နှင့် ကိုမောင်မောင်တင်ကို တိုက်ရိုက်တွေ့ကာ သူနှင့်စကားမပြောဖို့၊ မတွေ့ဖို့ ပြောမည် စိတ်ကူးမိ၏။ သို့သော် အကြောင်းစုံသိသွားလျှင် လဲ့အား သဘောထားသေးသူဟူ၍ ကိုမောင်မောင်တင်က ထင်မှာကို စိုးမိပြန်သည်။ ကိုယ့်ပေါင်ကိုလည်း ကိုယ်လှန်၍ မထောင်းချင်ပေ။
စိမ်းသည် ထိုင်ရာမှ ထလိုက်၏။ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း သူဘာလုပ်ရမည်ကို စဉ်းစားနေသည်။
“စိမ်းတော့ တစ်ချီလွှင့်ဦးမှထင်တယ် ဒေါ်ရွှေသွယ်”
ဒေါ်အိုဇာက ဘာမပြော ညာမပြောနှင့် တအိအိ ငိုချနေတော့သည်။
“မိန်းကလေးအဖြစ်က ဆိုးလိုက်တာကွယ်၊ သွားတော့ မသွားပါနဲ့ဦး"န
“နေပါဦး စိမ်းရယ်၊ ဒေါ်ရွှေသွယ်လဲ အကြံဉာဏ်ပေးပါဦးမယ်”
ဤကမ္ဘာလောကတွင် သူ့အတွက် အဘွားကြီးနှစ်ယောက်ရှိသေးသည် ဆိုတော့လည်း စိတ်ထဲတွင် အားတက်သွား၏။ အမှန်တော့ စိမ်းနေချင်သည်က ယာတာလိုဘဝမျိုး၊ ယာခင်းသည် ပြည့်စုံကုံလုံခြင်းမရှိ၊ ရှားပါးသည်မှန်၏။ သို့သော် လုပ်မှကိုင်မှ စားရသူများပီပီ အပိုမပြောနိုင်ပေ။ ဦးခွန်နောင်သားသမီးများနှင့်ကလေးများ စာသင်ပေးချိန်ကလည်း အေးချမ်းပါဘိ။ သူနှင့်ကိုဝဏ္ဏ လွတ်လပ်သူချင်း အတူတူနေခဲ့ပေမယ့်လည်း စကားတစ်လုံးဖွဲ့၍ ဘယ်သူမှ တီးတိုးမပြောခဲ့ပေ။ ဒီမှာတော့ အပြိုင်အဆိုင်လို ဖြစ်နေသည်။ လူတွေကလည်း ဒီကိစ္စလောက်သာ လူ့ဘဝတွင် လုပ်စရာရှိသည်ဟု ထင်သည်။ ကုန်ပစ္စည်းပင် အပြိုင်အဆိုင်ရှိလာလျှင် ပဋိပက္ခဖြစ်ရမြဲပင်ဖြစ်၏။ ယခုလည်း သူ့ညီမလဲ့က သူ့အိမ်ထောင်ရေးကို ဈေးရောင်းသလို ထားလေလားမသိ။ ဖြစ်မှဖြစ်ရလေခြင်း၊ မရှုပ်သင့်ဘဲ ရှုပ်ကြရသော အကြောင်းပင်ဖြစ်ပေသည်။
သူ့သောကတွင် ဂရုစိုက်သည့် မျက်နှာတွေကလည်း တစ်ပုံကြီး။ မျက်နှာတော်တစ်ချက် ညှိုးကျလျှင်ပဲ သူ့မှာ နေစရာမရှိခဲ့။ ထမင်းတစ်လုတ်ဖြောင့်အောင် မနည်းစားရ၏။ ဒါကြောင့် အမေသည် ဘယ်သူ့ကိုမှ ဂရုမစိုက်ရဘဲ
ထမင်းတစ်လုတ်စားရသည့် ယာတောတွင် သွားရောက်နေခြင်းကို သဘောပေါက်လာ၏။ အမေ့ ပြောစကားများကို နားထဲတွင် ကြားယောင်လာသည်။
“အချိန်တန်ရင် စပါးကလဲ ရနေပြီး နွားနို့ကိုလည်း ခြံက နွားမကြီးဆီက သောက်ရတယ်။ ဂျုံရောင်းပြီးရင် အဝတ်အစား ဝယ်ဖို့ ငွေရလာတာပေါ့လေ။ ကိုယ်လုပ်နိုင်သမျှတော့ ဘယ်သူ့အငြိုအငြင်မှ မခံရဘဲ ထမင်းတစ်လုတ်စားရတာပေါ့”
မှန်၏။ ယခုတော့ နန်းတော်တွင် ခစားရသည့် မင်းခစားထက် ဆိုးသေးသည်။ ထမင်းတစ်လုတ်အတွက် လျှော့လိုက်၊ ခေါင်းငုံ့လိုက်ရသည့်ဖြစ်ခြင်း၊ ယခုလိုဆိုတော့ သူတို့အရောဝင်သော ယောက်ျားတစ်ယောက်ကို စိမ်းကအရောမဝင်ရ။ လှပစွာ ဝတ်စားလာလျှင်လည်း လင်လိုချင်လို့ အပြောခံရ။ အင်မတန် နာကြည်းရသော ဘဝပေပဲ။ အပြောကျယ်သော လောကကြီးနှင့် နက်ရှိုင်းမြားမြောင်သော ပညာရပ်များကား အဆုံးအစမရှိပေ။ ဤကဲ့သို့ ငြိမ်းချမ်းသာယာသော အိမ်ကြီးတွင် ထိုပညာရပ်များကို လေ့လာဖို့အချိန်များ အများကြီးရ၏။ ပညာရပ်များကို မလေ့လာချင် ထားပါဦးတော့၊ ဘုရားသခင်၏တရားတော်များကို လေ့လာလျှင်လည်း စိတ်၏ငြိမ်းချမ်းရာလည်းဖြစ်၏။ ဘဝသံသရာ၏ ကောင်းရာကောင်းကြောင်းလည်း ဖြစ်ပေသည်။ ဤအိမ်ကြီး၏ အပြင်ပတွင်တော့ အိုးတစ်လုံး အိမ်တစ်ဆောင်အတွက် လျှာအလျားသာ ထွက်အောင် ရှာဖွေနေရသူတို့မှာ ပညာရပ်များကိုလည်းကောင်း၊ ဘုရားသခင်၏တရားတော်များ အကြောင်းကိုလည်းကောင်း အေးချမ်းစွာ
မလေ့လာနိုင်ပေ။
စိမ်းသည် တွေးနေရာမှ သူ့ဘေးမှ အဘွားကြီးကို သတိရလာသည်။
“ဘယ်လို ဖြစ်တာလဲလို့ စိမ်းလဲ မတွေးတတ်ဘူး။ လဲ့ကို ရှင်းပြလိုက်ပါ ဒေါ်အိုဇာ၊ စိမ်းမှာ ဒါတွေ တွေးဖို့လဲ အချိန်မရပါဘူး။ သူ့ဟာသူ အေးအေးဆေးဆေး လင်ယူပါစေ။ စိမ်းနေသမျှအတောအတွင်း ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်စေချင်ဘူး”
“မဟုတ်ပါဘူး မရွှေစိမ်း”
ဒေါ်ရွှေသွယ် လက်မောင်းပင့်၍ ဆက်ပြောပြန်၏။
“စိမ်းက ဘယ်လိုပဲ အေးအေးနေနေ ဒီစိတ်မျိုးက မရဘူး။ သူတို့ဘဝ စားဖို့လဲမပူရ၊ ဝတ်ဖို့လဲမပူရတော့ အချိန်ရတိုင်း ဒီလင်ကိစ္စ တွေးပြီးတော့ အမှန်အတိုင်းပြောရရင် ကျုပ်တို့တစ်ခုလပ်ကိုသာ စွပ်စွဲတာ။ အမှန်တော့ ဒီမှာက ယောက်ျားဆိုရင် သူတို့က အရင်စကြတာချည်းပဲ”
“တော်ပါတော့ ဒေါ်ရွှေသွယ်၊ ဒါတွေလဲ မပြောသင့်ပါဘူး၊ မိန်းမတွေအနေနဲ့ ဒီအကြောင်း ပြောရတာလဲ ရှက်စရာကောင်းပါတယ်”
စိမ်းက အုပ်လိုက်လျှင် ငြိမ်ကျသွားပြန်သည်။ အမှန်တော့ ခေါင်းအကိုက်ဆုံးမှာ ဒေါ်အိုဇာကြီးဖြစ်၏။ လဲ့လဲ့က ဒီအိမ်ကြီးပေါ်မှ စိမ်းဆင်းရမည်ဆို၏။ ဒီအိမ်ကြီးတွင် လဲ့လဲ့အမိန့်ကို ဒေါ်မြနုပင် မလွန်ဆန်နိုင်ပေ။
သို့သော်... စိမ်း ဆင်းသွားဖို့ကို ဒေါ်အိုဇာ နည်းနည်းမှ မလိုလားပေ။ ပါးစပ်က ပြောရမည်ကိုလည်း မပြောရက် မပြောချင်ပေ။
အမှန်တော့ လဲ့လဲ့မှာ သဘာဝကို မလေ့လာတတ်သူဖြစ်၏။ လဲ့က မောင်မောင်တင်အား လိုက်လျောလွန်း၏။ ယောက်ျားဆိုသည် ကိုယ့်ကို လိုက်လွန်းတော့လည်း မိန်းကလေးကို ပေါ့၍လာသည်။ စိမ်းကတော့ တမင်မာနကြီးနေခြင်းမဟုတ်ဘဲ သူ့ဒုက္ခနှင့်သူ ခပ်ဖယ်ဖယ်နေခြင်းကပင် မိန်းမတစ်ယောက်၏ ဂုဏ်ကျက်သရေလိုပင် ဖြစ်၍နေပေသည်။ စိမ်းကို ပိုမို၍ စိတ်ဝင်စားနေသူမှာ မောင်မောင်တင်မဟုတ်၊ ကိုဘကောင်း ဖြစ်သည်ကို လဲ့လဲ့ကလည်း မတွေးမိပေ။
ဒေါ်အိုဇာသည် ဒေါ်ရွှေသွယ်အား လက်တို့၍ အပြင်ကို ခေါ်သွားသည်။ စိမ်းသည် အားလုံးကို ကြိုးစား၍ မေ့ပျောက်ပစ်လိုက်၏။
ယာတောဘေးမှ ချောင်းရေစီးသံသည် နားထဲတွင် ကြားယောင်လာသောအခါ ပူလောင်နေသော နှလုံးသားမှာ အေးစပြု၍လာသည်။ နှင်းမှုန်ပါသော မြောက်လေအောက်တွင် ပျိုးပင်လေးများ ယိမ်းယိုင်နေပုံ၊ ချယ်ရီပွင့်လေးများ လေနှင့်ရော၍ နေပုံများကို တွေးရင်း ယာတောကို သွားရောက်လည်ပတ်လိုက်လေသည်။ စိတ်ချမ်းသာမှုကို ဒီလိုမှမရှာလျှင် ဘယ်တော့မှ တွေ့မည်မဟုတ်ပေ။
အဘွားကြီးနှစ်ယောက်သည် ဒေါ်အိုဇာ၏ ခန်းဘေးရှိ ၀ရန်တာတွင်ထိုင်ကာ ပင့်သက်ရှူနေကြသည်။
“ငါ့နှယ် ဘယ်လိုဖြစ်တယ်ကို မပြောတတ်ပါဘူးအေ၊ ဒီကလေးမအတွက် သံယောဇဉ်ကြီးရတာ”
ဒေါ်အိုဇာသည် ခေါင်းကုတ်ရင်း ညည်းပြန်၏။
“လောကမှာ အားနွဲ့တဲ့သူကို ငဲ့ရမယ်၊ သံယောဇဉ်ကြီးရမှာပဲပေါ့”
“အေးလေ..ဒါကြောင့်ပေါ့။ ငါ့မှာ ခက်နေတာက စိမ်း ဒီအိမ်က ဆင်းသွားလို့ ဘယ်လိုလုပ်ပြီး ပြောရမလဲ။ ချက်ချင်း လောလောဆယ် ဘယ်သွားနေမှာလဲ။ အိမ်ငှားဖို့လဲ သူအလုပ်ရတာမှ နှစ်လရှိသေးတယ်။ ဘယ်မှာ ငွေစုမိမလဲ”
“ကျုပ်တော့ တစ်ခုတွေးမိတယ်။ တစ်နေ့က မောင်ဘကောင်းက ကျုပ်ကို စကားလာစတယ်။ သူ့စကားက စိမ်းကိုညွှတ်နေတယ်ပေါ့။ သူလဲ ရန်ကုန်ပြောင်းရမတဲ့။ ဒီတော့ သူ့အိမ်မှာ စိမ်း ခဏနေပေါ့။ ကျုပ်တို့ နားချလို့ရရင်လဲ မောင်ဘကောင်းကို ကလေးမ လက်ထပ်လိုက်လဲ မကောင်းဘူးလား။ မိန်းမဆိုတာက ခက်တယ် မအိုဇာ။ ကျုပ်တို့လိုလဲ အရွယ်လွန်နေပါမှ၊ လင်ရှိလဲ ရှိပါမှ၊ အပျိုဖြစ်ရင်လဲ ဖြစ်ပါမှ။ နို့မို့လို့ လွတ်များနေရင် ကွက်လပ်ကြည့်သလား အောက်မေ့ရတယ်၊ ဟိုလူနဲ့အထင်ခံရ ဒီလူနဲ့အစွပ်စွဲခံရနဲ့ မဟန်ပါဘူး။ ကျုပ်တို့ကပဲ ဝိုင်းပြီး နားချရအောင်”
“ကလေးမက သဘောတူမလား”
“အိမ်ပြောင်းပြီးမှ ပြောပေါ့။ လောလောဆယ် ပြောလို့တော့ မဖြစ်သေးဘူး”
“ဒီလိုဆို ငါကနေပြီး လဲ့က ဒီအိမ်မှာ မနေစေချင်တာ ပြောရမလား။ ညည်းကလဲ ဟိုအိမ်ကို ပြောင်းမယ့်အကြောင်း မောင်ဘကောင်းကို ပြောထားနှင့်ပါ”
“ရှင်းရှင်းပဲ ပြောလိုက်ပါလေ၊ တို့က ကြံဖန်ရတဲ ဇာတ်လမ်းတွေမှ မဟုတ်ဘဲ။ မိန်းကလေးကလဲ ခေါင်းမာပါတယ်။ မနေချင်လိုက်တဲ့ ဖြစ်ခြင်း”
လဲ့လဲ့စကားများကို ဒေါ်အိုဇာ လာရောက်ပြောချိန်တွင် စိမ်းသည် ဘာမှမတုန်လှုပ်တော့ပေ။ သူကြိုတင် တွေးတောထားသည့်အတိုင်း မှန်ကန်နေပေသည်။
“နောက်ထမင်းစားပွဲတွေ ဘယ်ထမင်းပွဲမှ စိမ်း မပါရတော့ဘူး”
ဟူ၍ ဒေါ်အိုဇာ တစ်ခါက ပြောသည်မှာ ယခုတော့ အဓိပ္ပာယ်ပေါ်၍ လာလေသည်။ အမှန်တော့ သည်လိုမဖြစ်ခင်က ကြိုတင်၍ သူထွက်သွားဖို့ ကောင်း၏။ ယခုလို နောက်ကျနေမိသည်ကိုပဲ သူ့ကိုယ်သူ အပြစ်တင်နေမိပေသည်။
ဘယ်သောအခါတွင် အိမ်တစ်လုံးတည်း၌ ငြိမ်သက်စွာ ထိုင်၍ နေရပါမည်နည်း။
* * *
နောက်တစ်နေ့တွင် သူ့ပစ္စည်းလေးများကို သိမ်းဆည်း၍နေ၏။ ယခုတစ်ခါ ပြောင်းရွှေ့ရခြင်းမှာတော့ လူနှင့်သူနှင့် တူလာသည်။ အင်္ကျီထည့်ရန် သေတ္တာလည်းရှိ၍ အင်္ကျီလုံချည်များလည်း လေးငါးစုံလောက်ရှိ၍လာသည်။ ဖဲထီးတစ်ချောင်းပင် သိမ်းရာတွင် ပါလာသည်။ ဒါလောက်ဆိုရင်ပဲ သူ့ပစ္စည်းများမှာ လုံလောက်၍ နေလေသည်။
ယနေ့ အိမ်ပြောင်းရွှေ့ရန်အတွက် ကျောင်းမတက်ဘဲ နေလိုက်သည်။ မနက်ဘက်ကမူ အောက်ဆင်း၍ ပန်းပွင့်များ ခူးကာ ကြီးကြီးနုအတွက် သီ၍ပေးလိုက်သည်။ ဖွဲဖွဲရွာကျနေသော မိုးဖွားများအောက်တွင် ပန်းခူးရခြင်းမှာ နောက်ဆုံးဟု တွေးမိသောအခါတွင်မူ ဝမ်းနည်းသလို ဖြစ်လိုက်မိသေးသည်။
စောစွာသောအချိန်များက ယခုလိုဖြစ်မည်ကို ကြိုတင်၍ မတွက်မိကောင်းလားဟူ၍လည်း သူ့ကိုယ်သူ အပြစ်တင်မိပြန်သည်။ အုံ့၍မည်းနေသော ကောင်းကင်အောက်တွင် အိမ်ကြီးသည် ညိုမှိုင်းမှိုင်းဖြစ်နေသည်။ ထိုအိမ်ကြီးမှ ထွက်ခွာသွားရခြင်းသည် ကြမ္မာဆိုးတစ်ခုမှ လွတ်ကင်းခြင်းပဲဟူ၍ ယူဆလိုက်၏။ ထွက်ခွာသွားရမည် ဆိုပြန်တော့လည်း ဒေစီအိမ်မှ အကူးအပြောင်းတွင် လက်ခံကျွေးမွေးသော ကြီးကြီးနု၏မေတ္တာတရားနှင့် ကျေးဇူးမှာ နောက်ဆံတင်း၍ နေပြန်လေသည်။ သို့သော်... ဘာမဆို လွတ်လွတ်လပ်လပ်ပင် ဆက်ဆံပြောဆိုချင်၏။ စာရင်းရှုပ်တတ်သော အလေ့များကို သူက ဝါသနာမပါပေ။ ကြီးကြီးနုကမူ ယနေ့ သူထွက်ခွာသွားမည်ကို သိဟန်မပေါ်ပေ။ သူပေးသော ပန်းခိုင်ပန်းခက်များကိုယူ၍ ငြိမ်သက်စွာ ဘုရားရှိခိုးနေသည်။
နေ့လယ်ဘက်တွင် အောက်ထပ် ထမင်းစားခန်းထဲ၌ လဲ့လဲ့က ကိုမောင်မောင်တင်အား ခေါက်ဆွဲကျွေးမည်ဆို၍ စိမ်းသည် အောက်သို့ပင် မဆင်းတော့ပေ။ နောက်ရှုပ်လာမည့်ဇယားများကို ကြောက်၏။ ချစ်သူနှင့်ပတ်သက်လာလျှင် စိတ်ဆိုသည်မှာ
မြွေဆိပ်ထက် ပိုမွှန်သည်ဟု ပြောကြ၏။ မွန်လည်း မွှန်ပေမည်။ မိန်းမဆိုပြန်တော့လည်း မထိန်းနိုင်သောစိတ်၊ ငယ်သောစိတ်များသည် ပေါက်ကွဲမြန်တတ်ပေမည်။ သို့သော်... စိမ်းအတွက် သည်ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီး ခွန်းငယ်ပြောရမည်ကို ရှက်သည်။
ဒေါ်ရွှေသွယ်သည် အပ်ချည်လုံးအနက် လာ၍တောင်းကာ စိမ်းအခန်းထဲတွင်ပင် သူ့ဖဲထီးစုတ်ကို ဖာနေလေသည်။
“ဒါ ဘာလုပ်ဖို့လဲ ဒေါ်ရွှေသွယ်”
“အပေါက်ကို ဖာနေတာပါ။ ညနေသွားရင် ဒေါ်ရွှေသွယ်ပါ လိုက်မယ်လေ”
“လိုက်ပို့မှာလား”
“တစ်ခါတည်း လိုက်နေမှာပါ။ ဒီမှာ မနေရစ်ခဲ့ချင်ဘူး"
“ဟင်..”
စိမ်းက မျက်လုံးပြူးသွားသည်။
“ကြီးကြီးနုက ဒေါ်ရွှေသွယ့်ကို လွှတ်မလား”
“လွှတ်ပါတယ်”
“ကောင်းမှ ကောင်းပါ့မလား၊ သူ့အိမ်မှာလဲ လာနေသေးရဲ့။ သူ့အခြွေအရံလဲ ဖဲ့ယူသွားတယ် ဖြစ်ပါဦးမယ်”
“စိမ်းနဲ့ မလိုက်ရလဲ ဒီအိမ်မှာ ဆက်ပြီး မနေချင်တော့ဘူး”
စိမ်းသည် ငြိမ်၍ နေလိုက်ပြန်သည်။ စိတ်ထဲ၌ နောက်ပြောင်းမည့် ကိုဘကောင်းအိမ်ကို သတိရလာ၏။
“ဒီမှာ ဒေါ်ရွှေသွယ်၊ ကိုဘကောင်း အိမ်လခက ဘယ်လောက်”
““တစ်လ ၈-ကျပ်တဲ့”
“သူ့အိမ်ကြီးက အကြီးကြီးဆို”
“အင်း..သူမှမနေဘဲ၊ ပြီးတော့ သူကလဲ ငှားစားချင်တာ မဟုတ်ဘူး။ စိမ်း မကျေနပ်မှာစိုးလို့သာ လခယူတာ”
“အင်း..."
စိမ်းသည် ခုတင်ဘေးတွင်ထိုင်၍ ခေါင်းကိုကုတ်လိုက်၏။ ပိုက်ကွန်ကိုမမြင်၍ တိုးမိသည်ဆိုသည်မှာ ကောင်းသေးသည်။ ပိုက်ကွန်ကို မြင်ပါလျက်နှင့် မတိုးမဖြစ်၍တိုးရခြင်းမှာ အတော်ခေါင်းကိုက်စရာပေပဲ။
“ဒေါ်ရွှေသွယ် လခ ၈-ကျပ်ယူပြီး နောက်ပိုင်းက ဘာများချည်တုပ်ဦးမလဲ။ လောကကြီးက ဘာအခွင့်အရေးမှ မယူရဲအောင် ဖြစ်နေတာပဲ။ အခွင့်အရေးတစ်ခု ယူမိတိုင်း နောက်ကနေ တစ်ခုအချည်ခံနေရတာပဲ”
"ဒါလောက် တွေးမနေပါနဲ့ စိမ်း၊ လမ်းက နှစ်ခုပဲ ရှိတယ်။ ဒီမှာ ဆက်မနေချင်ရင် အဲဒီအိမ်ကလွဲလို့ ပြောင်းစရာမရှိဘူး။ မပြောင်းချင်ဘူးဆိုရင် ဒီဥစ္စာစောင့်အိမ်ကြီးမှာ ဆက်နေရမှာ”
“အေးလေ ဒါကြောင့် ပိုက်ကွန်ကို မြင်လျက်နဲ့ တိုးနေရတာပေါ့”
ပြတင်းမှာ စိမ်းက သွား၍ရပ်၏။ မိုးသည် အပြင်တွင် သည်းထန်စွာရွာနေသည်။ မိုးရေအောက်တွင် စံပယ်ပွင့်များကလည်း ပွင့်လိုက်သည့်ဖြစ်ခြင်း၊ မိုးပေါက်များ ဒဏ်ကြောင့် ကြွေလွင့်နေသော ပန်းပွင့်အဖြူများမှာ မြေပေါ်တွင် ဖွေးနေသည်။
စံပယ်ပွင့်များသည် သူ့အား နောက်ဆုံးတွေ့ခြင်းဖြင့် နှုတ်ဆက်ရန် အစွမ်းကုန်ပွင့်နေပေမယ့် သူကတော့ ယခုညနေတွင် ပန်းမခူးနိုင်တော့ပေ။ ခြံစည်းရိုးနားမှ နှင်းဆီခိုင်များသည် မိုးရှိန်နှင့် သူ့ဘက်သို့ ကိုင်းညွှတ်၍ နှုတ်ဆက်နေပုံ ရလေသည်။ သူ့လို သက်ရှိပင် ဒေါသနှင့်မောဟမုန်တိုင်း တိုက်ခတ်လာလျှင် လွင့်စင်ထွက်ပြေးရသေးသည်။ ပန်းစံပယ်လို သက်မဲ့မှာတော့ လေနှင့်မိုးတို့ ပြင်းထန်၍လာတိုင်း ဆုံးစမရှိ ကြွေလွင့်ရမည်ပါတကား။
ညနေတွင် အရိပ်အခြည်ကြည့်၍ ကြီးကြီးနုအခန်းထဲသို့ စိမ်း ဝင်လိုက်သည်။ ခုတင်ပေါ်တွင် လှဲနေရာမှ ကြီးကြီးနုသည် ထ၍ထိုင်သည်။ သူသည် ကြမ်းပြင်ကော်ဇောပေါ်တွင် ကျုံ့ကျုံ့ကလေး ထိုင်လိုက်ရင်း ... “စိမ်း ကန်တော့မလို့၊ ခုည သွားတော့မယ်” ဟု ပြောလိုက်၏။
ကြီးကြီးနုသည် ဘာမှပြန်၍လည်း မပြော၊ မေးလည်း မမေးပေ။ သူ့အား စူးစိုက်ကြည့်နေသောမျက်လုံးမှာတော့ မှုန်ရီရီ ဖြစ်နေပေသည်။
“အေး..."
တစ်လုံးတည်းပင် တုန်တုန်ယင်ယင် ပြောလိုက်၏။ စိမ်းသည် ကြီးကြီးနုကို ဦးချရင်း မျက်ရည်များက တစ်ပေါက်ပေါက် ကျ၍လာသည်။ အမှန်တော့ မြေလိုတည်တည်မြဲမြဲ နေလိုပါ၏။ ရေလို အစဉ်ရွေ့လျားသွားလာရခြင်းကို မနှစ်သက်ပါ။ သို့သော် ဘဝက “မြေ"မှ မဖြစ်လာဘဲ “ရေ” ဖြစ်လာတော့ အစဉ်ပဲ ရွေ့လျားသွားလာရဦးမည်။ ထည့်ရာခွက်တို့၏ ပုံစံကိုလိုက်၍ တည်ရဦးမည်ပါတကား။
“ကျွန်မလဲ စိမ်းနဲ့ လိုက်သွားတော့မယ်”
ဒေါ်ရွှေသွယ့်အသံသည် စိမ်းနောက်မှ ပေါ်လာသည်။ ကြီးကြီးနုသည် ခေါင်းညိတ်ပြရင်း သူ့မျက်နှာမှာ ပိုမို၍အိုမင်းလာပုံရသည်။ သူသည် တစ်စုံတစ်ရာ တားမြစ်ဖြေဆိုခြင်း ဘာကြောင့်မပြုပါလဲဟု စိမ်းက သိချင်၏။ ဆံထုံး ပုံ့ပုံ့လေးနှင့် အဘွားကြီးထိုင်နေပုံမှာ ရုပ်သေးဘုရင်ကြီးနှင့် တူနေသည်။
စိမ်းတို့နှစ်ယောက် အခန်းထဲမှ ထွက်သွားချိန်တွင် ရှည်လျားသော အဘွားကြီးသက်ပြင်းချသံကို ကြားလိုက်ရ၏။ ဆင်ဝင်ဝတွင်တော့ ဘယ်သူစီစဉ်ထားသည်မသိသော ကားမှာ သူတို့ကို စောင့်နေသည်။ ပစ္စည်းများ ကားထဲသို့ ထည့်ပြီးချိန်တွင် ဒေါ်အိုဇာသည် ဘယ်က ပေါ်လာသည်မသိ၊ သံဆွဲတံခါးအဝတွင် တအိအိ ငိုနေပြန်သည်။
စိမ်းကမူ ဝတ္တရားရှိသည့်အတိုင်း ညီမတော်လဲ့အား သွား၍နှုတ်ဆက်ရသေးသည်။ လဲ့သည် မျက်လွှာကိုမှ ပင့်မပြဘဲ ခေါင်းတစ်ချက်သာ ညိတ်လိုက်သည်။ ဆင်ဝင်အောက်သို့အထွက်တွင် ဒေါ်အိုဇာ ငိုသံကို ကြားရပြန်သည်။
“ဒေါ်အိုဇာ မငိုနဲ့လေ၊ စိမ်းတို့ဆီ လာလည်နိုင်သားပဲ”
အဘွားကြီးသည် တော်တော်ပင် ရှည်ရှည်လျားလျား ငို၍နေပေသည်။ သူတို့နှစ်ယောက် ထွက်ခွာသွားခြင်းမှာ ခြောက်သွေ့သွေ့နှင့် ဘယ်သူမှ အသိအမှတ်မပြုသော်လည်း ဒေါ်အိုဇာ့မျက်ရည်များမှာ အထိမ်းအမှတ်သဖွယ် ကျန်ရစ်တော့သည်။
* * *
တောင်လေတိုက်ခတ်နေသော ရက်များကား ကုန်ဆုံးပေတော့မည်။ စိုထိုင်းနေသော လေ၏အတွေ့သည် ပြောင်းလဲလာသလို သယ်ယူလာသော ရနံ့များကလည်း ပြောင်းလဲ၍လာသည်။ ယခုတလော နေရောင်ခြည်ကို မကြာမကြာ တွေ့ရရုံမက သုံးလေးရက်ပင် နေခပ်ကျဲကျဲ ပူ၍လာပေသည်။ သည်းထန်သော မိုးရေအောက်တွင် တစ်မိုးတွင်းလုံး ပေါက်နေသော ချုံနှင့်မြက်ခင်းများမှာ တဖြည်းဖြည်း လျော်စပြု၍လာသည်။
ညနေကျောင်းဆင်းတိုင်း ဒေါ်ရွှေသွယ်နှင့်အတူ ခြောက်စပြုလာသော မြက်ပင်နှင့်ချုံပင်များကို ရှင်းလင်းရသည်မှာ စိမ်းအတွက် ပျော်စရာတစ်ခု ဖြစ်လာသည်။
မနက်ခင်း နေရောင်ခြည်ကလည်း ပူပူနွေးနွေးရှိလာ၍ ခြံထဲတွင် သွားလာ လှုပ်ရှားရသည်မှာ နွေဦးပေါက်ငှက်ကလေးများလို လွတ်လပ်၍ နှစ်သိမ့်ဖွယ်ပင် ဖြစ်ပေသည်။ ညနေစောင်းတွင် အိမ်ကြီးနောက်ဘက်မှ အဝါရောင်သို့ပြောင်းလုလု စပါးခင်းကြီးမှာ စိမ်းကို ဆီး၍ကြို၏။
တောင်လေသည် တဖြည်းဖြည်းအားပျော့၍ လေမှာ အရှေ့မြောက်လေဆန်လာလေလေ စပါးခင်းကြီးကလည်း အဝါရောင်သို့ ပို၍ပြောင်းလာလေတော့သည်။ အမှန်တော့ ထူးခြားလှသည် မဟုတ်ပေမယ့် လေကို ရှူရသည်မှာလည်း လွတ်လွတ်လပ်လပ် ရှိလာလေသည်။ နေရောင်ခြည်မှာလည်း ပူနွေးလတ်ဆတ်သလို စိတ်ထဲမှ ထင်လာလေသည်။
ကြီးကြီးနုအိမ်တွင် အိမ်ကြီး၏ ညိုမှောင်သောအငွေ့ကပင် လွှမ်းမိုးနေ၍လားမသိ။ လေများ၏ရနံ့မှာ ပန်းပေါင်းစုံပွင့်သောခြံထဲတွင် တိုက်ခတ်လာသော်လည်း မှိုစော်နံနေပုံရသည်။ နေခြည်ကလည်း မလတ်ဆတ်သလိုပင် ဖြစ်နေတော့သည်။
ရှင်းထားသော မြက်နုနှင့်ချုံများနေရာတွင် နှင်းဆီပင်များကို သူကိုယ်တိုင် စ၍စိုက်သည်။ မိုးကုန်စပြု၍ စိုက်ရသည်မှာ ခဲယဉ်းပေမယ့် ဒေါ်ရွှေသွယ်က ရေမှန်မှန်လောင်းပေးရှာသည်။
ဆောင်းလယ်သို့ရောက်လျှင်တော့ သူ့ကိုယ်ပိုင်နှင်းဆီပွင့်လေးများ ပွင့်လာပေတော့မည်။ ထိုသောအခါ သူကိုယ်တိုင် ဘုရားသို့ကပ်၍ ငြိမ်သက်စွာ အာရုံပြုဦးမည်။
မကြာမကြာဆိုသလို ကိုဘကောင်းက စိမ်းရှိရာသို့ လာ၍လည်သည်။ ကိုဘကောင်း၏ အိမ်ထောင်ပစ္စည်းများမှာ ထိုအိမ်တွင်ပင် ထားခဲ့၍ အားလုံးမှာ အဆင်ပြေနေပေသည်။
စိမ်းသည် ကြီးကြီးနု၏အိမ်ကြီးအကြောင်းကိုလည်းကောင်း၊ ကိုမောင်မောင်တင်နှင့် လဲ့လဲ့တို့အကြောင်းကိုလည်းကောင်း လုံးဝမေ့၍ထားလိုက်၏။ ဒီလိုသာ မေ့မထားပါက ဘဝတွင် အေးကွက်မရအောင် စိတ်က ရှုပ်ပြီးရင်း ရှုပ်လာပေမည်။
ကိုဘကောင်းနှင့်တွေ့လျှင် ကလေးများအကြောင်း၊ ကျောင်းအကြောင်းနှင့် ပန်းပွင့်များအကြောင်းကို ပြောကြသည်။ ပျော်စရာမကောင်းပေဘူးလား၊ ပန်းပွင့်နှင့် ကလေးများအကြောင်းသည် သန့်ရှင်းချမ်းငြိမ်း၍ လူကြီးများအကြောင်းလို စိတ်ရှုပ်စရာ ဒေါသ၊ မောဟများအကြောင်း ပါမလာပေ။
ညနေဘက်တွင် ခြံစည်းရိုးနှင့် စပါးခင်းကြား ကွက်လပ်တွင် သူတို့နှစ်ယောက် လမ်းလျှောက်ကြသည်။ စပါးခင်း၏အဆုံးတွင် နေလုံးရဲရဲကြီးမှာ သူတို့ကို ကြည့်နေသည်။ စိမ်းမျက်နှာသည် နှင်းဆီပန်းရောင်ဖူးလေးလို နုထွေးထွေးဖြစ်နေသောအခါ ကိုဘကောင်းသည် ငေး၍ကြည့်နေတတ်သည်။ ဘာကြောင့် ငေးသည်ကို စိမ်းကသိပါ၏။ သို့သော် စိမ်းသည် ဘာကိုမှ မသိသလို သူပြောချင်တာတွေကို ပြောပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ခဲ့သော ယာခင်းအကြောင်းကို ပြောချင် ပြောပြနေသည်။ ဆောင်းလေအောက်တွင် တအိအိသိမ်းနေသော ဂျုံခင်းများအကြောင်းနှင့် နှင်းငွေ့နှင့် တောင်ခိုးများထိပ်တွင် ဖုံးနေသော အဘိုးအို တောင်တန်းကြီးအကြောင်းကိုလည်း ပြော၍ပြတတ်ပေသည်။
ကိုဘကောင်းက စိမ်းထက်ပို၍ အပြောကောင်း၏။ သူ့နှုတ်ခမ်းများကလည်း လှပပေသည်။ လေယူလေသိမ်းမှာလည်း ကျောင်းအုပ်ကြီးများလို ပိပိရိရိရှိလှသည်။ သီတင်းကျွတ်ပွဲတော်နှင့် ကလေးများအကြောင်း ပြောရင်းက သူ့ဘဝ၏သွေ့ခြောက်ပုံ၊ ပျင်းရိစရာကောင်းပုံများရောက်အောင် သယ်ယူလာသည်။ ပြီးတော့ စိမ်းကို လာရောက်တွေ့ဆုံရသည့်အချိန်သာ နှစ်သိမ့်စရာကောင်းသည့်အကြောင်းနှင့် နိဂုံးချုပ်သည်။ ပြောပုံဆိုပုံမှာ ဘယ်လောက် သေသပ်ပါသနည်း။
နေလုံးကို မမြင်ရတော့လျှင် အိမ်ဘက်ကို ပြန်လာကြ၏။ ညစာထမင်းစားပြီးမှ ကိုဘကောင်းသည် ရန်ကုန်ကိုပြန်တော့သည်။ ကိုဘကောင်း ပြန်သွားတော့လည်း ရင်ထဲတွင် ဟာတာတာ သွေ့ခြောက်ခြောက်ဖြစ်၍ နေရပြန်သည်။ ညမှောင်ထဲတွင် အိမ်သည် တိတ်ဆိတ်၍ ပိုမိုငြိမ်သက်နေလေသည်။ မိန်းမသားနှစ်ဦးတည်းနေသော အိမ်ဖြစ်၍ ယခုလို ညဘက်တွင် အားငယ်စရာကောင်းသည်ဟု သူက တွေးမိ၏။
ညနေက လှပသောစပါးခင်းကြီးမှာ ယခုညတွင်တော့ ကော်ဇောနက်ကြီးလို ဖြစ်နေသည်။ ဆောင်းလေပြင်းပြင်း တိုက်ခတ်လိုက်တိုင်း စပါးပင်တို့ကို လေတိုးသံမှာ မှင်စာလေများ ညည်းတွားနေသလို စိတ်ချောက်ချားစရာကောင်းပေသည်။ အောက်ထပ်တစ်ခုလုံး တံခါးပိတ်ပြီး၍ အပေါ်ထပ်တွင် သူ့အခန်းတစ်ခုတည်း ပြတင်းများကို ဖွင့်၍ထားသည်။ တွေးတောနေလျှင် စိတ်က တစ္ဆေ၊ မှင်စာများအကြောင်း တွေးကာ ကြောက်ချင်ကြောက်နေပေမည်။ မတော်တဆ စိတ်သည် ကိုဘကောင်းထံသို့ လွင့်ပျံသွားမှာကိုလည်း စိုးရိမ်မိ၏။ စိတ်ဆိုသည့်သဘောတရားကလည်း ထိန်းချုပ်ပါက ပိုမို၍ပေါက်ကွဲတတ်၏။ ထိန်းသိမ်းပါမှ တားဆီး၍မရအောင်လည်း ဖြစ်တတ်သည်။
အိပ်ရာပေါ်လှဲရင်း စာတစ်အုပ်ကို ဖတ်ဖို့ ကြိုးစားကြည့်မိလေသည်။ ခေါင်းရင်းဘုရားခန်းမှ ဒေါ်ရွှေသွယ်၏ဘုရားရှိခိုးသံမှာ သူ့အခန်းဆီသို့ လွင့်၍လာသည်။ စာအုပ်ကို ရင်ဘတ်ပေါ်တင်၍ မဖတ်ဘဲနေမိ၏။ ယခုလို အောက်တန်းဆရာမလေးဘဝနှင့် ကြာရှည်နေ၍ မဖြစ်သေးပေ။ တစ်နှစ်လောက်ငွေစု၍ ရှေ့နှစ်တွင် နှစ်နှစ်သင်တန်းတက်နိုင်ပါလျှင် သူသည် အထက်တန်းဆရာမလစာ ရနိုင်မည်။ ထိုလစာနှင့်ဆိုလျှင်တော့ သင့်တော်သောအခန်းလေး ငှားကာ ဒေါ်ရွှေသွယ်နှင့် နှစ်ယောက် နေနိုင်ကောင်းပါရဲ့။
ဤအိမ်ကြီးမှာ ကြာကြာနေသွားလျှင်တော့ ပင့်ကူမျှင်အိမ်အလယ်တွင်မိသော ယင်ကောင်လို တစ်နေ့နေ့ ညွှတ်မိပေလိမ့်မည်။ ယခုလို နေထိုင်ဆက်သွယ်ကြရင်း ဘာမှမဖြစ်နိုင်ပါဘူးဟူ၍ သူ့ကိုယ်သူ သူရဲကောင်းမကြီးလို သူ မပြောရဲပေ။ အလိုလို ပြောင်းလဲလှုပ်ရှားတတ်သော နှလုံးသားကို ဘယ်သူက လာဝန်ခံရဲပါမည်နည်း။ ဤအရာကား တားဆီး၍ရသော အကြောင်းတရားမဟုတ်ပါပေ။
ဒေါ်ရွှေသွယ် ဘုရားရှိခိုးသံသည် ပြီးဆုံးသွား၍ အိမ်မှာ ပိုမိုတိတ်ဆိတ်လာသည်။ မကြာခင်ဆိုသလိုပင် သူ့အခန်းထဲသို့ ဒေါ်ရွှေသွယ်ဝင်လာ၍ သူ့ခုတင်လေးတွင် ထိုင်လိုက်သည်။
“လမသာတော့ ညဉ့်က ပိုတိတ်ဆိတ်သလိုပဲနော်”
စိမ်းသည် ဒေါ်ရွှေသွယ်ကို လှမ်း၍ စကားပြောလိုက်၏။
“အေး ... ခြံထဲဆိုတော့ ပိုပြီးတိတ်ဆိတ်တာပေါ့လေ။ အမှန်တော့ ဒီလိုအိမ်မျိုး ဒီလိုခြံမျိုးဆိုတာကတော့ အခြွေအရံ လင်စုံမယားဖက် သားသမီးတွေနဲ့ နေဖို့ကောင်းတယ်”
“တစ်ခါတုန်းကတော့ ကိုဘကောင်းဟာ သူ့မိန်းမနဲ့ သိုက်သိုက်ဝန်းဝန် ဒီအိမ်မှာနေခဲ့ပုံရတယ်”
“ဟုတ်ပါတယ်၊ ခုလဲ သူက နေချင်ပုံရတယ်”
စိမ်းသည် ခပ်ရွှင်ရွှင်ပြုံးလိုက်ရင်း ဒေါ်ရွှေသွယ် ဘာဆိုလိုသည်ကို သိလိုက်ပါ၏။
“အမှန်တော့ မိန်းကလေးရဲ့၊ တစ်ယောက်တည်းချင်းအနေနဲ့ ဒီလိုသွားလာ ဆက်ဆံနေတာ ကြာရှည်နေတော့ ကောင်းပါ့မလားကွယ်”
“ဘယ်လို ဒေါ်ရွှေသွယ်”
“မတင့်တယ်ဘူးပေါ့လေ၊ လူကြီးတွေ ပြောတဲ့စကားတွေဟာ ပိုနေတယ် ထင်ရပေမယ့် သူ့နေရာနဲ့သူတော့ အဓိပ္ပာယ်ရှိတာပဲ။ မိန်းကလေးဟာ အုပ်ထိန်းခြင်းကင်းပြီး မနေထိုက်ဘူးဆိုတာ မှန်တယ်”
စိမ်းသည် မျက်မှောင်ကုတ်၍ ငြိမ်ငြိမ်လေး စဉ်းစားနေ၏။ ဘာကြောင့် အုပ်ထိန်းခြင်းကင်း၍ မနေထိုက်ပါသလဲ။ ဘဝက ဖြစ်လာပေပြီပဲ။ သူ့လိုဖြစ်လာပြီဆိုပါတော့ အုပ်ထိန်းခြင်းမကင်းလို၍ ဖြစ်ပါမည်လား။ ခိုကိုးရာဆိုသည်ကိုတော့ လူတိုင်းလိုလို လိုချင်ပါ၏။ သို့သော် “ခိုကိုးရာ ဆိုသည့် စကားလုံးသည် ကျယ်ပြန့်ပြောလှပါကလား၊ မိဘ ခိုကိုးခြင်းလည်းရှိပါ၏။ လင်သား၊ ဆွေမျိုးဉာတကာတို့ကို မှီခိုခြင်းလည်းဖြစ်နိုင်၏။ မိဘကလွဲ၍တော့ ကျန်ခိုကိုးခြင်းများကား အန္တရာယ်များလှပါဘိ။ သူသည် သက်ပြင်းရှူလိုက်၏။
“ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပါရစေ ဒေါ်ရွှေသွယ်”
“ကောင်းတော့ ကောင်းပါတယ်လေ။ ဒါပေမယ့် အင်မတန် မျက်နှာငယ်ပြီး လူမရိုသေ၊ ရှင်မရိုသေဖြစ်လှတယ်။ ပြုံးကြတာချင်းတူတူ တစ်ခုလပ်ပြီးတော့ လူမခန့်ဘူးပေါ့ကွယ်။ ပြီးတော့လဲ မိန်းကလေးက အရွယ်က ငယ်ပါသေးတယ်။ အိုးနဲ့ အိမ်နဲ့ အတည်တကျနေဖို့ အချိန်ရှိပါသေးတယ်”
စိမ်း၏မျက်နှာထဲတွင် တသီတတန်းကြီး ပြန်၍မြင်လာသည်။ မြင်လာသည့်မြင်ကွင်းအသီးသီးထဲတွင် မျက်ခုံးမွေးထူထူနှင့် ကိုဝဏ္ဏမျက်နှာကြီးက ပြတ်ပြတ်သားသားပေါ်လာသည်။ သို့သော် သတင်းစာကြော်ငြာပိုင်း ဝှက်ထားမှုကို သူက နည်းနည်းမှ မကျေနပ်ပေ။
ဘယ်လိုပင်ဖြစ်ဖြစ် ယခု ဒေါ်ရွှေသွယ်အကြံဉာဏ်များကို လက်ခံဖို့ သင့်သလော။ ကိုဝင်းဖေကိုပင် သွားရောက်တွေ့ဆုံဖို့ ကောင်းသလောဟု စဉ်းစားမိပြန်သည်။
“ပြီးတော့လဲ မိန်းကလေးရဲ့”
ဒေါ်ရွှေသွယ်က စကားဆက်ပြန်သည်။
“တစ်ယောက်တည်းနေပြီး ဖြစ်သမျှ ဒုက္ခသုက္ခတွေ ခံနိုင်ပေမယ့် တစ်နေ့နေ့ ဒုက္ခများလွန်းတဲ့အခါ မိန်းကလေးဟာ ပျက်စီးတတ်တယ်။ မယူဘဲနဲ့ ခုလို ရင်းရင်းနှီးနှီးနေကြတာဟာလဲ လူအထင်သေးစရာဖြစ်တယ်”
“ကျွန်မ သူ့ကို လုံးလုံးမဆက်ဆံရင်ကော”
“အို...ဒါကလဲ မဖြစ်နိုင်သေးဘူးလေ၊ ဒီအိမ်က သူ့အိမ်၊ အလုပ်က သူခန့်ထားတာ”
“ဒီအလုပ်က ထွက်၊ ဒီအိမ်ကို ပြန်အပ်လိုက်ရင်ကော”
“မိန်းကလေးဟာ သစ်ရွက်မဟုတ်ပါဘူးကွယ်။ ဒီလို လွင့်လွင့်ထွက်သွားတာဟာ အခါတိုင်း မကောင်းနိုင်ဘူး။ မိန်းကလေးအနေနဲ့ အင်မတန်တာဝန်ကြီးပြီး အန္တရာယ်များပါတယ်”
“အင်း... ဟုတ်ပါတယ်လေ။ စိမ်းတော့ ပင့်ကူမျှင်မှာ ငြိနေတာပါပဲ”
စိမ်းသည် မျက်စိကို မှေးနေလိုက်သည်။ ဤလောက၌ နေရာတကာတွင် ဘယ်နေရာကြည့်ကြည့် ပိုက်ကွန်တို့သည် အစဉ်ယှက်သန်း၍ နေကြပါပကော။ ဘယ်လိုပဲနေနေ တစ်ကြောင်းကြောင်းနှင့် မငြိက တစ်ကြောင်းကြောင်းနှင့် ငြိကြပေတော့မည်။
“ကျွန်မ သူ့ကို ယူရမယ်ပေါ့”
“ဟုတ်တယ်၊ ယူစေချင်တယ်။ ဘာလုပ်မလဲ ဇာတ်ထုပ်ကလဲ ရှင်းရှင်းလေးရယ်၊ မောင်ဝင်းဖေကလဲ မိန်းကလေးကို ရှိတယ်မထင်တော့ဘူး၊ စိမ်းကလဲ ခင်ခင်သန်းကို ဒုက္ခမပေးချင်တော့တဲ့နောက် စိမ်းစိတ်ကြိုက် နောက်တစ်ဇာတ်ထုပ်ခင်းဖို့ပဲ ရှိတော့တယ်။ အပျိုလို တစ်ကိုယ်ရေနေသွားဖို့ကတော့ အန္တရာယ်အများသားပဲ။ ပြင်ပအန္တရာယ်ထက် ကိုယ့်စိတ်ဖောက်ပြန်လာကြရင် ပိုပြီးဆိုးလာတတ်တယ်”
“ဖြည်းဖြည်းပေါ့ ဒေါ်ရွှေသွယ်”
ဒေါ်ရွှေသွယ် ထွက်သွားလျှင် သူ့တစ်ယောက်တည်း အိပ်ဖို့ ကြိုးစားနေ၏။ သူနေချင်သည့် ...အိမ်တစ်ဆောင်၊ အိုးတစ်လုံး၊ ဖျာတစ်ချပ်အတွက် တခြားနည်းကော မရှိပေဘူးလား။ သို့သော်...
သူတွေးရင်း ဒေါ်ရွှေသွယ်၏နောက်ဆုံး စကားလုံးများကို သွား၍သတိရသည်။
“ပြင်ပအန္တရာယ်ထက် ကိုယ့်စိတ်က ဖောက်ပြန်လာကြပြီဆိုတော့ ပိုပြီးဆိုးတယ်”
ဒေါ်ရွှေသွယ်သည် အဘွားကြီးပေမယ့် စကားကို ပြည့်စုံစွာ ပြောတတ်၏။ အမှန်တော့ လူတစ်ယောက်၊ သို့မဟုတ် မိန်းမတစ်ယောက်အတွက် လိုသောပစ္စည်းဟု သူယူဆသည့်... အိမ်တစ်ဆောင်၊ အိုးတစ်လုံး၊ ဖျာတစ်ချပ်တွင် နောက်ထပ် ဒေါ်ရွှေသွယ်က စကားတစ်လုံး ထပ်ထည့်လိုက်သည်။ ထိုစကားသစ်မှာ “အချစ်”ဖြစ်ပေသည်။ မှန်၏။ ဤအရာကား တားဆီး၍မရပါ။
အပိုင်း(၆) ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment