စာပေဆု ရွေးချယ်ရေးအဖွဲ့၏ မှတ်ချက်
ဤဝတ္ထုတိုကလေးများမှာ ၁၀ နှစ်သော ကာလအတွင်း ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ သွေးသောက်၊ ပေဖူးလွှာ မဂ္ဂဇင်းကြီးများ၌ ရေးသားခဲ့သည်ဖြစ်၏။ ယင်းတို့၌ လူ့သဘာဝ သာမက တိရစ္ဆာန်များ၏သဘာဝနှင့် ဘဝကိုပါ စုံလင်စွာ ရေးခြယ်တင်ပြထားရာ အောင်မြင်သော သရုပ်ဖော် ဝတ္ထုတိုပေါင်းချုပ်ဖြစ်သည်။
ကိုယ့်ဘဝ ကိုယ်ပျော်ကြသည်။ သတ္တဝါတို့မည်သည် ဘဝကို တွယ်တာကြသည်။ သို့သော် သေခြင်းသာ အဆုံးရှိ၏။ တဦးကိုတဦး အတွယ်အတာပြုရင်း အနှောင်အဖွဲ့ဖြင့် ရပ်တည်နေကြကုန်၏။ ဘဝတကွေ့တွင် တွေ့လာရသော သတ္တဝါမျိုးစုံသည် မိမိကိုယ် မိမိ ဆန်းစစ် သတိရစေ၏။ ထိုသဘာဝနှင့် ဘဝအတွေ့အကြုံမှ သတ္တဝါစုံတို့၏အကြောင်းကို ပျော်စရာ၊ ရင်နင့်စရာ၊ လွမ်းစရာတို့ဖြင့် ရသစုံပေးရင်း ဖော်ထုတ်ထားသော ဘဝအဖုံဖုံကို တွေ့ရလေသည်။
ရင်နင့်စရာ ဘဝများကို လူတယောက်အကြောင်း၊ လေးဦးသတ္တဝါ၊ နတ်ပန်းတပွင့် ငရဲပန်းတစုံ၊ ဦးစိန္ဒာနှင့် သူဌေးမ တို့တွင် တွေ့ရ၏။
လေးဦးသတ္တဝါသည် ဘဝအတွယ်အတာကို ဖော်ကျူးရာတွင် ရင်နင့်စဖွယ် ပြနိုင်၏။ အဘိုးအိုတဦး၊ သမီးပျိုတယောက်၊ ဝက်တကောင်၊ ခွေးတကောင်၏ ဘဝရပ်တည်မှုကို သနားစရာ မြင်တွေ့ရရင် သတ္တဝါမည်သည် ကိုယ့်သဘာဝသာလျှင် ကိုယ်မြတ်နိုးဆုံးဟူသော "အတ္တ သမံ ပေမံ နတ္ထိ” ကို ဖော်ထုတ်ပြနိုင်၏။ ကြည့်ပါလေ။
“အဘိုးအိုသည် ချိန်ခွင်ကိုင်လျက် မိမိမှန်းဆချက် ကိုက်ပါ့မလားဟု စိတ်စောနေ၏။ အိမ်ပေါ်က မိန်းမပျိုက ဟင်းအိုးကို မီးထိုးရင်း ဝက်သားဖိုးတွေ ရခဲ့သော် ကြွေးဆပ်၍ ပိုငွေကို ဘာတွေညာတွေ သုံးလိုက်မည်ဟု စိတ်ကူးနေသည်။ ×××× ဖိုးစိန်တုန်းက အော်ပြေးပုန်းနေခဲ့သော ဒေါက်တိုကလည်း ယခု ဝက်ဖျက်သည့်အနီးတွင် ရွှေမန်း၏အရိုးများကို မြိန်ရည်ယှက်ရည် ဝါးနေလေသတည်း”
မိမိကိုယ်ကို ဆန်းစစ်မိစေသော လူတယောက်အကြောင်း' 'မေတ္တာမဏ္ဍိုင်'၊ 'ကြက်နှင့် ဘဲ” ဘဝကားချပ် မှန်ရိပ်များ ဖြစ်လေသည်။ လူ့လောကတွင် မတည်မြဲသော သဘော၊ သေခြင်းသာ အဆုံးရှိသော ဘဝကို “ဤအရာတို့သည်ပင်လည်း ယခု တမိုးကျပြီဖြစ်၍ မိုးရေတို့ဖြင့် ပို့စေမည်ဖြစ်ရကား နောက်တခေါက် ကျွန်တော် ရောက်သွားလျှင် တွေ့ရတော့မည် မဟုတ်။ ဦးထွန်းစိန်သည် ဤလူ့မြေမှ ဘာတွေယူသွားပါသနည်း၊ ဘာမျှ ယူမသွားပါ။ ဘာတွေကော ထားခဲ့ပါသနည်း။ ဘာတွေမှလည်း မထားခဲ့ပါ” ဟု လူတယောက်အကြောင်းတွင် သတ္တဝါတို့၏ သံသရာလည်ပုံကို တရားသံဝေဂနှင့် ဆန်းစစ်ထားသည်မှာ တကွေ့ တကြိမ်တွင် ကြုံကြမြဲ နောင်တသံဟု ထင်မြင်လာစေလေသည်။
လူတို့၏ ဘဝတာတွင် စံပြအတုယူစရာ ပုံတခုကို 'မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း' တွင် ခွဲခြားပြထား၏။ မှန်ကန်သူသာ သတ္တိရှိပုံကို ရွာသူကြီးတဦး၏ မိမိအမှားကြောင့် ဘဝဆုံးရသည်အထိ သတ္တိကြောင်ခဲ့သူအဖြစ် ပုံစံပြခဲ့သည်မှာ ဘဝဇာတ်လမ်းကောင်း တပုဒ်ပေတည်း။
ဝဋ်ရှိသမျှ ခံရသည်ဟူသော ဘာသာရေးအယူအဆကို ကြက်မအိုကြီးတကောင်၏ ဒုက္ခအဖုံဖုံနှင့် ပမာတင်ပြသော 'ခံလေဦးတော့ သင့်ဝဋ်ကြွေး’ မှာ တရားသဘောနှင့် ယှဉ်ရသော် သံသရာအထုံကို ကြောက်စရာဟု မြင်လာစေသည်။ ကြက်မကြီးကို ခြေတပေါင်ကျိုးနှင့် ဘဝကို တွယ်တာလျက် အနှိပ်စက် အညှဉ်းဆဲခံရင်း အသက်ဆိုးရှည်နေခြင်းမှာ ဝဋ်ပေတကားဟု ဆိုထားသော ဘဝတခုသည် သတ္တဝါတကောင်၏ သံသရာပေတည်း။
သတ္တဝါတို့သည် အခါအလိုက် ပေါ်လိုက် ပျောက်လိုက်ဖြင့်လည်းကောင်း၊ သူ့ ကိုယ်စား ကိုယ့် သူစား ဘဝအထွေထွေကိုလည်းကောင်း ဖော်ထုတ်ရင်း သတ္တဝါတို့၏ အသက်အိုးအိမ် လုပွဲကြီးကို ပမာပြသော 'လယ်ကွင်း မိုးတွင်း ဇာတ်လမ်း' သည် ပုစွန်လုံးနှင့် ဖားတို့၏ သတ်ဖြတ်ပွဲကို စံပြုလျက် လူ့ဘုံလောကကို ထေ့လှောင်ထားသည်ဟု ထင်စရာ ရှိလေသည်။
ဘာပဲဖြစ်ဖြစ် သတ္တဝါတို့ကား ဘဝကို တွယ်တာ၏။ ထိုတွယ်တာသော ဘဝကြောင့် သံသရာသည် အတိုင်းမရှိ ရှည်လျားလှကုန်သည်။ ထို “သတ္တဝါတို့၏ သံသရာ” သည် ဤလောက ဘုံပေတကားဟု လူ့စရိုက် လူ့ဘုံလောက ဓလေ့ကို ပီသစွာ လက္ခဏာဟု သတ်မှတ်ကြကုန်၏။
-----------------------
စာသုသီ
၁၉၇၃ ခု၊ မေလ၊ ရှုမဝရုပ်စုံမဂ္ဂဇင်း။
=================
မာတိကာ
စာရေးသူ၏ အမှာ
၁။ ကိုယ့်ဘဝ ကိုယ်ပဲပျော်
၂။ မာနနှင့် ကာလ
၃။ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း
၄။ သတ္တဝါတို့၏ သံသရာ
၅။ လူတစ်ယောက်အကြောင်း
၆။ အဒေါ်ကြီးတစ်ယောက်အကြောင်း
၇။ လေးဦးသတ္တဝါ
၈။ နတ်ပန်းတစ်ငုံ ငရဲပန်းတစ်ပွင့်
၉။ တာတီးနှင့် မဲတူ
၁၀။ ဦးစိန္ဒာနှင့် သူဌေးမ
၁၁။ မေတ္တာမဏ္ဍိုင်
၁၂။ ကြက်နှင့် ဘဲ
၁၃။ ခံလေဦးတော့ သင့်ဝဋ်ကြွေး
၁၄။ နှစ်ဆန်းမှတ်တမ်းပဒေသာ
၁၅။ လယ်ကွင်း မိုးတွင်းဇာတ်လမ်း
===============
စာရေးသူ၏ အမှာ
ကျွန်တော်သည် ၁၉၄၇ ခုနှစ်၊ သြဂုတ်လမှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ရာ ယခု ဤစာအုပ်ထုတ်သည့် ၁၉၆၄ ခု၊ ဒီဇင်ဘာလဆိုလျှင် စာရေးသက် ၁၇ နှစ်၊ ၄ လ ရှိခဲ့လေပြီ။ ဤစဉ်ကာလအတွင်း လစဉ်မပြတ် မဂ္ဂဇင်း ဝတ္ထုမျိုးစုံကို ရေးသားခဲ့ရာ၊ ပထမ နာမည်ရခဲ့သည်မှာ ဟာသ၊ ဒုတိယပိုင်းတွင် အသက်ပေး အသိဉာဏ်နှင့် ဘဝပေး အတွေ့အကြုံအရ သဘာဝ သရုပ်ဖော် ဝတ္ထုများဘက်သို့ ကူးပြောင်းခဲ့သည်။
ဤတွင် ကျွန်တော်မှာ စာဖတ်ပရိတ်သတ် နှစ်မျိုးကို တွေ့ရတော့သည်။ ပထမတမျိုးက “အခု ဘယ့်နှယ့်ဟာကြီးတွေ လျှောက်ရေးနေတာလဲ၊ အရင်လို ဟာသဝတ္ထုချည်း ရေးပါ” ဟူ၍ လည်းကောင်း၊ ဒုတိယအမျိုးက “ကျွန်မတို့ ဟာသစာပေကို နှစ်သက်တတ်တဲ့ ကလေးဘဝအရွယ်က တဖြည်းဖြည်း ကြီးရင့်လာသလို အစ်ကိုဆွေ စာတွေဟာလည်း ဟာသကနေ သဘာဝဘက် ဘဝသရုပ်ဖော်ဘက်ကို ပြောင်းလာပြန်တော့လည်း ရင့်ကျက်တဲ့ အတွေးအခေါ် ခံစားချက်တွေကို မြတ်နိုးရပြန်ပါတယ်” ဆိုတဲ့ ပရိသတ်ကိုလည်း တွေ့ရပြန်ပါသည်။
ထို့အပြင် ယခင်က ကျွန်တော်၏ ပြောင်ချော်ချော် ဟာသဝတ္ထုမျိုးကို မနှစ်သက်ခဲ့သူတို့ကလည်း ယခုလို ဘဝသရုပ်ဖော်ဝတ္ထုတွေ တွေ့ရလေတော့၊ အချို့က ...“ဟ... သော်တာဆွေ ဒါမျိုးလည်း ရေးတတ်သားပါလားကွ၊ နောက် အဲဒါမျိုးတွေချည်း ရေးတော့ကွ။ ဒါမှ စာပေ” ဟု အားပေး အားမြှောက်ပြုကြပါသည်။
ကျေးဇူးတင်ပါသည်။ သို့ဖြင့် ကျွန်တော်သည် နောက်ပိုင်းတွင် ဟာသထက် သဘာဝသရုပ်ဖော် အတွေးအခေါ် ဝတ္ထုများ၊ စာပေများဘက်သို့သာ ရောက်သွားခဲ့ရာ ယခု ဤ 'သတ္တဝါတို့၏သံသရာ' စာအုပ်မှာ ရှုမဝ၊ မြဝတီ၊ သွေးသောက် မဂ္ဂဇင်းတို့၌ (၁၀)နှစ်အတွင်း ရေးသားခဲ့သည်များမှ စာပေရင့်ကျက်သော ပရိသတ်၏နှစ်သက်ခြင်းလည်း ခံရသော ကျွန်တော်၏စိတ်ကြိုက်လည်း ဖြစ်သော ဝတ္ထုတိုများကို ရွေးချယ်စုပေါင်း ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ဤစာအုပ်တွင် လူတို့၏ သဘာဝ သာမက လူနှင့် နီးစပ်ရာ တိရစ္ဆာန်တို့၏ အကြောင်းချင်းရာများလည်း ပါလေ၍ “သတ္တဝါတို့၏ သံသရာ” နာမည်ပေးလိုက်ပါ၏။ စာဖတ် ရင့်ကျက်သူတို့ နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။
သော်တာဆွေ
(၁-၁၂-၆၄)
No comments:
Post a Comment