Saturday, July 9, 2022

ရီကွန်ဒီးရှင်း

"သူတို့ဆီက သုံးပြီးသားကားတွေကို တာယာပြန်လဲ၊ ဆေးပြန်မှုတ်၊ လိုအပ်ရင်လဲ အင်ဂျင်ပါ လဲပေးလိုက်တယ်တဲ့။ အသစ်မဟုတ်ပေမယ့် အသစ်နီးပါးကောင်းအောင် ပြုပြင်ပေးလိုက်တယ် ဆိုပါတော့ကွာ၊ အသစ်နဲ့ ဈေးက ကွာလေတော့ အဲဒီရီကွန်ဒီးရှင်း (Recondition) တွေကိုပဲ ငါတို့ဆီမှာ သင်္ဘောသားလေးတွေက ဝယ်ဖြစ်ကြတာများတယ်။ ဒီတော့လဲ မြန်မာပြည်ကို ရီကွန်ဒီးရှင်းတွေ လှိမ့်ဝင်လာတာပေါ့။ ဒီမှာ ကားဈေးကလဲ သိပ်ကောင်းတာ မဟုတ်လား" ဟု ဝေမာ၏ဒက်ဒီက ပြောဖူးလေသည်။ 


* * * 


“မိကြည်ကြည်၊ ညည်းသမီးကို ညည်း နည်းနည်းမှ ကြည့်မပြောတော့ဘူးလား” 


“ဘာဖြစ်လို့လဲ ဒေါ်လေးရဲ့” 


ဘွားလေး၏အသံက ခပ်မာမာ၊ မာမီ့အသံက ခပ်ပျော့ပျော့။ အခန်းထဲမှ ထွက်တော့မည်ပြုသော ဝေမာသည် ထိုအသံတွေကို ကြားတော့ အသာလေး နောက်ဆုတ်ပြီး ကိုယ်ရှိန်သတ်လိုက်သည်။ 


“အနေအထိုင်ကလဲ ရဲတင်းလိုက်တာ မပြောနဲ့တော့၊ ပျံတံတံ နန့်တန့်တန့်နဲ့” 


“ဪ ကလေးပဲဟာ ဒေါ်လေးကလဲ” 


“ဘာကလေးလဲ၊ ဒီအရွယ်လား ကလေး၊ အသက်ပဲ နှစ်ဆယ်ကျော်နေပြီဟာ၊ ငါတို့ခေတ်တုန်းကဆိုရင် ဒီအရွယ်မှာ ကလေး နှစ်ကောင်၊ သုံးကောင်လောက် မွေးပြီးပြီ” 


ဘွားလေးက ကွမ်းသီးစိတ်မာမာကို သံကွမ်းညှပ်နှင့် ဖိညှပ်နေသည်။ မာမီကတော့ ဘွားလေး၏ ဘယ်ဘက်လက်ခလယ်တွင် စွပ်ထားသော ဖက်ထုပ်လက်စွပ်ကြီးကို ငေးကြည့်နေသည်။ ဘွားလေးက ကွမ်းသီးညှပ်၍ မရသောကြောင့် ကွမ်းညှပ်ကြီးကို စိတ်တိုတိုနှင့် ပစ်ချလိုက်တော့ ခွပ်ခနဲ ကျသွားသောအသံနှင့်အတူ လက်စွပ်ကြီးက တဖိတ်ဖိတ် လက်သွားသည်။ 


“ဝတ်တာ စားတာကျတော့လဲ ငါတော့ နည်းနည်းမှ ကြည့်မရပါဘူးအေ၊ အင်္ကျီက ဟိုက်ဟိုက်ပြီး အောက်ဆင်းလာတယ်။ ထဘီကျတော့လဲ တိုတိုပြီး အပေါ်တက်လာတယ်၊ ကြာရင် အထက်ရော၊ အောက်ရော ပေါ်တော့မယ်” 


“ခေတ်ကိုး ဒေါ်လေးရဲ့၊ ခေတ် ခေတ်” 


မာမီက ဝေမာ့ဘက်မှ ကာကွယ်ပြီး ခေတ်ပေါ် ပုံချသည်။ ဝေမာလည်း အခန်းထဲမှ မထွက်ရဲသေးသဖြင့် မှန်တင်ခုံရှေ့ ပြန်လျှောက်လာသည်။ 


“အလကား အဘွားကြီး၊ အားအားနေ သူများအိမ်ကို လာလာပြီး ဆရာလုပ်နေတာပဲ၊ ဟွန်း ပိုက်ဆံသာ မချမ်းသာဘူးဆိုရင် မောင်းချပစ်တာ ကြာလှပြီ” ဟု ဒေါသနှင့် တွေးသည်။ 


အခုတော့ မောင်းချ၍ မဖြစ်သည်မှာ အမှန်ပင်။ ဘွားလေးက သိန်းသုံးဆယ်လောက် ချမ်းသာလေတော့ ပိဿလေးနှင့် ဘေးပစ်သလို ပြောတတ် ဆိုတတ်သော သူ့အပြောများကို စိတ်ဆိုးမည်ကြံတိုင်း ထိုငွေထုပ်ကြီးက မျက်စိရှေ့ လာလာပြီး ကာတတ် ဆီးတတ်လေသည်။ အဘွားလေး ချမ်းသာသမျှကို အမွေရလိမ့်နိုးနှင့် ဝိုင်းပြီး မျှော်လင့်နေကြသော တူတွေ၊ တူမတွေထဲတွင် မာမီလည်း ရှေ့တန်းမှပါလေတော့ သူကိုယ်တိုင် ချိုရုံ ပျော့ရုံမျှမက ဝေမာ့ကိုပါ “အဘွားလေးကို ကလန်ကဆန် မပြောပါနဲ့၊ မလုပ်နဲ့နော် သမီး” ဟု အခါခါ သတိပေးတတ်လေသည်။ 


အခုလည်းကြည့်၊ ဝေမာ၏အနေအထိုင်၊ အဆင်အပြင်ကို အတန်ငယ် မျက်စိနောက်ဟန်တူသော ဒက်ဒီ့ကိုပင် မာမီက သည်းခံသည်မဟုတ်။ “ဖအေအရင်းခေါက်ခေါက် လုပ်နေပြီး ကျုပ်သမီးကိုများ ပျံသလေး နန့်သလေးနဲ့။ လာမပြောနဲ့နော် ကိုဘကျော်၊ မိန်းမတို့ဥစ္စာ အဆင်းတဲ့ ရှင်ရဲ့၊ ခေတ်နဲ့အညီ ဝတ်ရ၊ စားရ၊ ဆင်ရ ပြင်ရမှာပဲ။ တော်သာ သင့်တာလေးတွေ့ရင်လဲ အရောတဝင် ပြောရ၊ ဆိုရ၊ ဆက်ဆံရမှာပဲ။ ဘိုးတော်ဘုရား လက်ထက်တုန်းကလို အိမ်တွင်းပုန်း လုပ်နေလို့ကတော့ ဘယ်သူကမှ ရှာရှာဖွေဖွေ လာကြိုက်မှာ မဟုတ်ဘူး၊ ဣနြေ္ဒကြီး တခွဲသားနဲ့ ရွှေစင်ဆယ်တင်းလုပ်နေတဲ့ တအိမ်ကျော်ကကောင်မ ကြည့်ပါလား၊ ယောက်ျားအဖိုးတန်လေး ရချင်လျက်သားနဲ့ မလှုပ်တချောက် လုပ်နေတော့ ဆတ်ကော့လတ်ကော့နောက်ကို ပါသွားပြီး ကျန်ရစ်ဖြစ်ကရော မဟုတ်လား” ဟု ဝေမာ့ကို အဆိုအပြောမခံဘဲ ကဲကဲဆတ် ကာကွယ်ပြောခဲ့သော်လည်း အဘွားလေးနဲ့ကျတော့ “ခေတ်ကိုး ဒေါ်လေးရဲ့ ခေတ် ခေတ်” ဟု လေပျော့လေးနဲ့ ဖြစ်သွားသည်။ 


“ခေတ်ကလဲ ခေတ်ပေါ့ အေရယ်၊ ဒါပေမယ့် ညည်းသမီးက ခေတ်နဲ့အညီ မကပါဘူး၊ ရှေ့ကို ဘယ်နှစ်လှမ်းများ ကျောနေသလဲ မပြောတတ်ဘူး” 


ဝေမာက မှန်တင်ခုံရှေ့တွင် ခပ်ဆောင့်ဆောင့်လေး ပြန်ထိုင်ချလိုက်သည်။ အခန်းထဲက မထွက်တာပဲ ကောင်းမည်။ သူ့ကို ရှေ့မှာထားပြီး ဆူလာ ပြောလာလျှင်တော့ နှုတ်ခမ်းစူမိမည်။ မျက်စောင်းထိုးမိမည်။ ဒါမှမဟုတ် ခြေဆောင့်မိမည်။ ဒါဆိုလျှင် မာမီက နီးလာပြီဟု ထင်မှတ်နေသော ငွေထုပ်ကြီး ဝေးသွားနိုင်သည်။ 


“သင့်တော်တာလေး ဘာလေး တွေ့လဲ ပေးစားလိုက်ပါလား အေရယ်” 


ဝေမာသည် မှန်ထဲတွင် ထင်ဟပ်နေသော သူ၏ ရုပ်သွင်ကို သူ ခပ်စူးစူးလေး လှမ်းကြည့်ရင်း “လင်ဆိုတာ လိုချင်တိုင်း မရဘူး ဘွားလေးရဲ့” ဟု စိတ်တွင်းမှ ပြောလိုက်မိလေသည်။ ထို့နောက် “ကိုကို့” ကို နာကြည်းစိတ်တဝက်၊ လွမ်းမောစိတ် တဝက်နှင့် တမ်းတမိသည်။ ကိုကို့အတွက် ဝေမာသည် အချစ်ဦး မဟုတ်သလို၊ ဝေမာ့အတွက်လည်း ကိုကိုသည် အချစ်ဦး မဟုတ်ပေ။ ဝေမာ၏မွေးနေ့ပွဲတွင် အမှတ်မထင် ဆုံစည်းပြီး တစားပွဲတည်း ထိုင်မိကြသူများ ဖြစ်သည်။ 


နှုတ်ခမ်းထူထူလေးကို စူကာ မခို့တရို့ ပြုံးတတ်သော ဝေမာ၏ အပြုံးကို ကိုကိုက စွဲလမ်းသွားသလို နှုတ်ခမ်းဖျားတွင် စီးကရက်ကို မထိတထိ ခဲထားပြီး ခပ်စူးစူး ခပ်စိုက်စိုက် ကြည့်တတ်သော ကိုကို၏ အကြည့်ကို ဝေမာက ရင်ခုန်နှစ်သက်ခဲ့သည်။ ကိုကို၏မိခင်က အထူးကုဆရာဝန်မကြီးဖြစ်ပြီး ဖခင်က ဌာနဆိုင်ရာအကြီးအကဲဟု သိရတော့ ပိုပြီး ကြိုက်သွားသည်။ မောင်နှမသားချင်းလည်း မရှိ၊ တဦးတည်းသောသားဟု သိရချိန်တွင် ဝေမာသည် သူ၏အချစ်နံပတ်နှစ်ကို “မေ့လိုက်ပါတော့ မောင်ရယ်၊ မာမီ့မှာ နှလုံးရောဂါရှိတယ်၊ ဝေမာ ရှေ့ဆက်မတိုးရဲတော့ဘူး” ဟူသော စကားကို ပြောဖြစ်ခဲ့သည်။ ထို့နောက် နံပတ်သုံး အချစ်ဆုံး ကိုကိုနှင့် တွဲဖြစ်ခဲ့လေသည်။ 


“ဟုတ်ပါတယ်၊ ကိုကို့ကို ဝေမာ အချစ်ဆုံးပါ” 


ဝေမာက သက်ပြင်းကို မသိမသာ ရှိုက်သွင်းလိုက်သည်။ ဝေမာက ကိုကို့ကို အချစ်ဆုံး ဖြစ်သော်လည်း ကိုကိုကတော့ ဝေမာ့ကို အချစ်ဆုံးမဟုတ်သည်မှာ သေချာသည်။ ဘာပဲဖြစ်ဖြစ် ချစ်လျှင် လက်ထပ်ရဲရမည်ပေါ့။ 


“ကိုကို သိပ်ရက်စက်တယ်” 


ဝေမာက ပြန်တွေးရင်း မျက်ရည် လည်လာသည်။ ပထမတော့ တက္ကသိုလ်မှ အတွဲများပုံစံအတိုင်း လှေကားအောက် ထိုင်လိုက်၊ ဦးချစ်ဆိုင် ထိုင်လိုက်နှင့် ပျော်ခဲ့သည်။ နောက်တော့ အင်းလျားကန်စောင်းမှာ လျှောက်ပြီးတော့ ရုပ်ရှင်ရုံ အပေါ်ထပ် နောက်ဆုံးတန်းကို ရောက်၊ ထိုမှတဆင့် ရှစ်မိုင်မှ ကိုကို့သူငယ်ချင်းတဦးအိမ်သို့ ရောက်ခဲ့သည်။ ဒီလိုနှင့်ပင် ဝေမာ၏ဘဝကလေး ဆုံးရှုံးခဲ့ရသည်။ “အတူတူ နေကြပါစို့ ဝေမာရယ်” ဟူသော စကားကို မျှော်လင့်စောင့်စားရင်း တနေ့ပြီး တနေ့၊ တလပြီး တလ ကြာမြင့်ခဲ့သော်လည်း ကိုကိုက ဝေမာ ကြားချင်လှသော စကားကို မပြောခဲ့ပေ။ ဝေမာ၏မျက်ရည်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း ကိုကို ဥပက္ခောပြုနိုင်ခဲ့သည်။ 


ထို့နောက်တော့ ကမ္ဘာစတည်သည်မှစ၍ ပျက်သည်အထိ လုပ်လေ့လုပ်ထရှိမည့် သစ္စာမတည်သော ယောက်ျားတို့၏ လုပ်ထုံးလုပ်နည်းအတိုင်းပင် ဝေမာ့ကို ရင်ဆိုင် အတွေ့မခံတော့ဘဲ ရှောင်တိမ်းနေလေတော့သည်။ ယောက်ျားက မကြိုက်တော့၍ စိုက်စိုက် မလာတော့သောအခါ မိန်းကလေးက ဘယ်နေရာကို ခြေဆန့်ပြီး ဘယ်ကို လိုက်ရှာရတော့မည်နည်း။ ဒီတော့လည်း ဝေမာက သစ္စာဖျက်ခံရသော မိန်းကလေးတို့၏ ထုံးစံအတိုင်း “သမီး မိုက်မိပါတယ် မာမီရယ်” ဟု မာမီ့ကို ဖက်ငိုခဲ့လေသည်။ 


“လင်ဆိုတာ လိုချင်တိုင်း ချက်ချင်း ကောက်ယူလို့ရတာမှတ်လို့ ဘွားလေးရယ်၊ ညားတာသာ လွယ်တာ၊ လက်ထပ်ဖို့ကျတော့ မလွယ်ဘူး” 


ကိုကို အခါခါ နမ်းမွှေးခဲ့သော သူ့မျက်နှာလေးကိုသူ မှန်ထဲတွင် စူးစိုက်ကြည့်ရင်း ဝေမာက ခပ်မဲ့မဲ့ ပြုံးသည်။ 


“မိုက်လိုက်တာ သမီးရယ်၊ သမီးကို ချစ်သူမရှာရဘူးလို့ မာမီ မတားပါဘူး၊ ဒါပေမယ့် ကိုယ့်ဘဝကို ဘာလို့ အဆုံးရှုံးခံရသလဲ” ဟု မာမီက ရင်ထုမနာပြောရင်း ကိုကို့မိဘဆီသို့ မျက်နှာအောက်ချကာ သွားခဲ့သေးသည်။ သို့သော်လည်း အဆင်ပြေခဲ့ပုံမရဘဲ အံကြိတ်ပြီး ပြန်လာခဲ့ရသည်။ နောက်တနေ့ကျတော့ ကိုကိုတို့အိမ်မှ စက္ကူအိတ်တအိတ် လာပို့သည်။ ဖွင့်ကြည့်လိုက်တော့ ငွေစက္ကူများကို အထပ်လိုက် တွေ့ရသည်။ 


“ရုပ်ရှင်ထဲမှာ၊ ဝတ္ထုထဲမှာဆိုရင်တော့ ဒီငွေတွေနဲ့ သူတို့မျက်နှာကို ပစ်ပေါက်ပြီး ကြဲပစ်လိုက်ရမှာပေ့ါ သမီးရယ်၊ ဒါပေမယ့် အခုဟာက ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး၊ ငွေနှစ်သောင်းဆိုတာ သမီးရဲ့ဘဝနဲ့ မလဲလောက်ပေမယ့် သိပ်တော့ မနည်းပါဘူး၊ သမီးရဲ့ ကျန်းမာရေးအတွက်လဲ ငွေက လိုသေးတယ်လေ” 


မာမီက ဝေမာ့လက်ကို တင်းတင်းဆုပ်ကာ အားပေးခဲ့သည်။ ဝေမာ့ရှေ့တွင် မားမား ရပ်ခဲ့သည်။ 


“ငါ့သမီးကို ငါ အပျို ပြန်လုပ်မယ်၊ သင်းထက်သာတာ ရှာပေးစားပြမယ်” 


ကိုကို၏ လက်ထပ်ပြီးစီးကြောင်းသတင်းကို ဖတ်ရတော့ မာမီက အံတကြိတ်ကြိတ်နှင့် ဖြစ်နေသည်။ ဝေမာကတော့ နာကြည်းစိတ်၊ ဝမ်းနည်းကြေကွဲစိတ်၊ မခံချင်စိတ်တို့ ရောမွှေကာ မျက်ရည်ကျရသည်။ 


“သူ့မှာရော ရည်းစားသနာလေး ဘာလေး မရှိဘူးလား” 


 ဘွားလေး၏အသံကို ကြားရပြန်သည်။ 


“အင်း ဒီအဘွားကြီးတော့ ဒီနေ့ ပြန်မှ ပြန်ပါတော့မလား မသိပါဘူး” ဟု ဝေမာက တွေးရင်း မာမီ ဘာပြန်ဖြေမည်နည်းဟု နားစွင့်နေမိသည်။ 


“ခင်ကြ၊ မင်ကြတာလေးတွေတော့ ရှိတာပေ့ါ ဒေါ်လေးရယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ သမီးက ကလေးစိတ်ရယ်” 


မာမီ့အသံကြားတော့ ဝေမာ ရယ်ချင်သွားသည်။ ဝေမာ့ကို မာမီက ဘာမျှ မသိနားမလည်သော၊ အပြစ်ကင်းစင်သော အပျိုစင်၊ အပျိုရိုင်းကလေးအဖြစ် အမြဲပင် အမွှန်းတင်လေ့ရှိလေသည်။ 


“ကလေး ကလေးနဲ့၊ တော်ကြာ မအုံးကြည်သမီးလို ဗိုက်ကြီးလာဦးမယ်နော်” 


ဘွားလေး၏အသံက ဝေမာ့ရင်ခေါင်းကို ဒိုင်းခနဲ ဝင်ဆောင့်လိုက်သလို အောင့်သွားသည်။ 


“အို ..  ဒေါ်လေးကလဲ မဦးမချွတ်” 


“ကာလကြီးက ကောင်းတာမဟုတ်ဘူးအေ့။ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းတဲ့၊ မိဘဝတ္တရားထဲမှာ ပါတယ်နော်၊ ဘွဲ့လဲ ရတော့မယ် မဟုတ်လား၊ သင့်တာ တော်တာလေး တွေ့ရင် စပ်ဟပ်ထားပေ့ါ” 


“ဒေါ်လေးရယ်၊ ဒီခေတ်က တမျိုး၊ လူကြီးပြောတိုင်း ခေါင်းညိတ်ကြတော့တာ မဟုတ်ဘူး၊ သူတို့ဟာ သူတို့ တွေ့ကြ၊ ကြိုက်ကြမှ ပြောလို့ ဆိုလို့ရတာ” 


ဝေမာက သူ့ကိုယ်သူ မှန်ထဲတွင် စူးစူးစိုက်စိုက် ပြန်ပြီးကြည့်မိသည်။ မျက်နှာလေးက ပြည့်ပြည့်၊ မျက်ခုံးကလေး သေးသေးမျှင်မျှင်၊ မျက်လုံးက ဝိုင်းဝိုင်း၊ မျက်တောင်လေးများက ရှည်ပြီး ကော့နေသည်။ နှာတံလုံးလုံး၊ နှုတ်ခမ်းက ထူထူ၊ ရယ်လိုက်လျှင် ညာဘက်ပါးမှ ပါးချိုင့်လေးက မသိမသာ ချိုင့်ဝင်သွားတတ်သေးသည်။ ခါးကျဉ်ကျဉ်ကလေးကို နွဲ့ပြီး ရင်ကလေးချီကာ လမ်းလျှောက်တတ်သော သူ့ဟန်ကို ပုရိသယောက်ျားတို့ လည်ပြန် ကြည့်ကြကြောင်းလည်း သူသိသည်။ 


“ကဲ ငါ့ကို ဘယ်သူက ဘဝပျက်ခဲ့တယ်လို့ ပြောမှာလဲ” 


ဝေမာက သူ့ကိုယ်သူ ယုံကြည်အားကိုးစွာနှင့် ခပ်ရဲရဲ ကြည့်သည်။ 


“ငါ့ကို ဘယ်ယောက်ျားက မကြိုက်ဘဲနေမှာလဲ” 


ချစ်ပါရစေ၊ ကြိုက်ပါရစေနှင့် သူ့ပတ်လည်တွင် ဝိုင်းနေကြသောသူများကို ဝေမာက စိတ်တွင်းမှ ရေတွက်နေမိသည်။ ဝေမာက ခုတော့ ပါးသွားပြီမို့ နံပတ် လေး၊ ငါး၊ ခြောက်၊ ခုနစ် တွေကို တစ်ပြိုင်တည်း ဖြန့်ပစ်လိုက်သည်။ အပြုံးတွေကို အကုန်လုံးအား ဝေပေးလိုက်သည်။ မေဆွိသီချင်းထဲကလို “ရည်းစား တဝမ်းကွဲ ဘဝနဲ့ ချစ်တာပဲ ကောင်းပါတယ်” ဟု ဆိုညည်းကာ ရွေးချယ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ 


“ငါ ကောင်လေးတကောင်တော့ တွေ့ထားတယ်” 


ဘွားလေးက ခပ်တိုးတိုးလေး ပြောသော်လည်း ဝေမာ့နားထဲတွင် အကျယ်ကြီး ကြားလိုက်ရသည်။ 


“ဪ... ဒါကြောင့်မို့လို့ ဒီအဘွားကြီးက ဒီလောက် သိုင်းဝိုင်းပြီး ချည်နေတာကိုး” 


ဝေမာက ခပ်မဲ့မဲ့လေး ပြုံးလိုက်သည်။ 


“ဘယ်သူများလဲ ဒေါ်လေးရဲ့” 


“မမြခင်သားလေးလေ၊ ဟို သင်္ဘောလိုက်တဲ့ ကောင်ကလေး” 


“ဪ .. ဪ .. မောင်မျိုးလွင်လေးလား” 


“အေး .. အေး” 


 ဝေမာက နှာခေါင်းလေး မသိမသာရှုံ့လိုက်သည်။ “အလကား ဘဝင်မြင့်နေတဲ့ ငကြောင်နဲ့မှ ဘွားလေးက တွေ့လာတော့တယ်” ဟု စိတ်တွင်းမှ ရေရွတ်မိသည်။ ထိုသူကို ဝေမာသိသည်။ ကိုကိုနှင့်လည်း သိကျွမ်းပုံရသည်။ သင်္ဘောလိုက်သည်သာ ဆိုသည်။ အများတကာသင်္ဘောသားတွေလို ကြော့ကြော့မော့မော့ မနေတတ်ဘဲ ခပ်ကုပ်ကုပ် ခပ်ကိုင်းကိုင်း ဖြစ်သည်။ ကိုကိုကတော့“ခပ်ကြောင်ကြောင် လူပါကွာ” ဟု ပြောဖူးလေသည်။ 


“သင်္ဘောက ဘယ်နှစ်ခေါက် လိုက်ပြီးပြီလဲဟင် ဒေါ်လေး” 


“ဘယ်နှစ်ခေါက်လဲတော့ မသိပါဘူးအေ၊ ကားကတော့ နှစ်စီး ပို့ပြီးပြီ မဟုတ်လား၊ အမေတခု သားတခုနော် အေရဲ့” 


“အင်း .. တလောကပဲ ဘောက်ထော်ဘက်မှာ မြေလေးတကွက် ဝယ်တယ်ဆိုလား ကြားလိုက်သေးတယ်။ အခု ကောင်လေးက စာမေးပွဲ ပြန်ဖြေနေတာနော်” 


“မာမီတို့ကတော့ သင်္ဘောသားဆိုတာနဲ့ ကြိုက်နေပြီလား မသိဘူး၊ ဒီကြားထဲ ဘွားလေး စပ်တာဆိုတော့ ပိုကြိုက်သွားမယ် ထင်ပါရဲ့ဟယ်” 


ဝေမာက မှန်တင်ခုံရှေ့မှ ထသည်။ ထဘီကို အတန်ငယ်ရှည်အောင် ပြုပြင်ဝတ်ရင်း 


“အင်း .. ဘွားလေးက သူဝတ်ထားတဲ့ လက်စွပ်ကြီးကို လက်ဖွဲ့မယ် ဆိုရင်တော့ အခု ယူလိုက်ရရင် ကောင်းမလား မသိဘူး” ဟု စဉ်းစားရင်း ပြုံးသည်။ ဘာမျှမသိသော ပုံစံနှင့် အခန်းထဲမှ ထွက်သွားမည်။ မာမီ၏ဘေးတွင် အရိုးခံ မျက်နှာထားလေးနှင့် ဝင်ထိုင်မည်။ ဘွားလေးက ပြောလာလျှင် “ဟင် ဘွားလေးကလဲ၊ သမီး ငယ်ငယ်လေး ရှိသေးတာ၊ ယောက်ျား မယူချင်သေးပါဘူး” ဟု ရှက်စိတ်တွေ တဝေဝေနှင့် ခေါင်းခါမည်။ 


“သင်္ဘောသားသာ ဆိုတယ်၊ ကောင်လေးက အရက်တောင် သောက်တတ်တာ မဟုတ်ဘူး၊ အားရင် ပုတီးစိပ်နေတတ်တာတဲ့။ ခေတ်လူငယ်သာဆိုတယ် ပရိတ်ကြီးတွေ၊ ဓမ္မစကြာတွေလဲ ရတယ်တဲ့” 


“ဪ..  ဪ.. တော်တယ်နော်” 


မာမီက အလိုက်သင့် ပြောသည်။ ဓမ္မစကြာရတာ မရတာထက် နောက်ထပ်ကားတစီး ဘယ်တော့ထပ်ရမည်က မာမီ့အတွက် ပိုပြီးအရေးကြီးကြောင်း ဘွားလေးကတော့ သိမည်မထင်။ 


“ဟာ ဟ၊ သူများတွေက ဘွိုင်းဂျော့တို့၊ မက်ဒေါနားတို့ လုပ်နေကြတယ်၊ သူက ဓမ္မစကြာတဲ့၊ ဒါကြောင့်မို့ ကိုကိုက ကြောင်တယ် ပြောတာ” 


ဝေမာက တဦးတည်း ပြုံးမိပြန်သည်။ 


မှန်ရှေ့မှ လှည့်ထွက်သွားတော့မည် ပြင်ပြီးမှ နှုတ်ခမ်းနီက တော်တော်လေး ရဲနေကြောင်း သတိပြုမိပြီး ပြန်ထိုင်ချသည်။ နှုတ်ခမ်းကို တို့ပတ်ပဝါနှင့် ပွတ်ပြီး ဖျက်သည်။ အရောင် တော်တော်လေး ဖျော့သွားမှ ပန်းရောင်နုနုကလေးကို မသိမသာ ထပ်ဆိုး လိုက်သည်။ 


“အဲဒီလိုသင်္ဘောသားမျိုး ရလဲ သိပ်တော့ မဆိုးပါဘူး၊ ဘုရားနဲ့ တရားနဲ့ ပုတီးစိပ်နေတာဆိုတော့ အေအိုင်ဒီအက်စ်ဖြစ်လာမှာကို မစိုးရိမ်ရဘူးပေါ့” 


မျက်ခွံပေါ်တွင် တင်ထားသော အပြာရောင်ကာခြယ်များကိုပါ တလက်စတည်း ပွတ်ပြီး ဖျက်လိုက်သည်။ ဘွားလေးက လွန်ကဲသော အဆင်အပြင်များကို မကြိုက်တတ်ပေ။ 


“မမြခင်ကလဲ အန်တီရယ် သင့်တင့်တာလေးထဲက ရှာပေးပါတဲ့၊ သူ့သားအတွက် သူ အာမခံပါတယ်တဲ့၊ ရည်းစားသနာလဲ မရှိပါဘူးတဲ့” 


“အင်း ကောင်လေးကတော့ ရိုးပုံရိုးပန်းလေးပါပဲ” 


 မာမီက မယုတ်မလွန် ပြောသည်။ သူ့ပုံစံ ကုပ်ကိုင်းကိုင်းကို ဝေမာ မပြောနှင့်၊ မာမီပင် သိပ်ပြီး ကြိုက်ချင်ပုံမရ၍ ဝေမာ ပြုံးမိပြန်သည်။ 


“အောင်မယ်၊ ဒါပေမယ့် ကောင်လေးက တခုတော့ ပြောတယ်တဲ့” 


ဘွားလေးက ကွမ်းသီးစိတ် သေးသေးလေးများကို ပါးစပ်ထဲ ပစ်ထည့်ရင်း တဟင်းဟင်း ရယ်သည်။ 


“အမေ ကျွန်တော့်အတွက် မိန်းမရှာတာတော့ ရှာပေါ့ဗျာတဲ့၊ ဒါပေမယ့် ခုခေတ်ကောင်မလေးတွေအကြောင်း ကျွန်တော် သိတယ်နော်တဲ့” 


“အမယ်.. သူက” 


မာမီကလည်း ပြုံးသည်။ ဝေမာကလည်း ပြုံးမိသည်။ ခေါင်းကိုမော့်၍ အခန်းတွင်းမှ ထွက်ရန် ဟန်ပြင်သည်။ 


“ကားကိုသာ အသစ်စက်စက် မတတ်နိုင်လို့ ရီကွန်ဒီးရှင်း ဝယ်ရတာ၊ မိန်းမဆိုရင် ရီကွန်ဒီးရှင်း မလိုချင်ဘူးတဲ့၊ အမေတို့ ရီကွန်ဒီးရှင်းတော့ ရှာမလာပါနဲ့တဲ့ ဟင်း ဟင်း ဟင်း”


“ဪ.. ကောင်လေးကလည်း ကြံကြံဖန်ဖန်” 


မာမီက ဟန်မပျက် လိုက်၍ရယ်သည်။ ဝေမာကတော့ လှမ်းတော့မည်ပြုသော ခြေထောက်ကို အရှိန်သတ်ကာ နောက်ပြန်ဆုတ်သည်။ အခန်းတွင်းသို့ ပြန်ဝင်သည်။ ခုတင်ပေါ်တွင် လေးကန်စွာ ထိုင်ချလိုက်ရင်း အဘွားလေး မပြန်မချင်း အခန်းထဲမှ မထွက်ဘဲနေရန် ဆုံးဖြတ်လိုက်တော့သည်။ 

မစန္ဒာ 

ကလျာ၊ ဇန်နဝါရီ၊ ၁၉၈၈။

No comments:

Post a Comment