Saturday, July 9, 2022

ထီး

မီးသေနေသော ဆေးလိပ်တိုကလေးကို နှုတ်ခမ်းထောင့်တွင် မထိတထိလေး ခဲကာ နံရံမှီရင်း ငိုက်နေတတ်သော ကိုရေခဲကို ကြည့်မိတိုင်း  မစိန်မြ စိတ်ထဲတွင် မအီမသာဖြစ်တတ်သည်။ ထို့နောက်  အမေ ခဏခဏ ပြောခဲ့ဖူးသောစကားကို သတိရသည်။


"လင်ယောကျာ်း အမှီသဟဲမရှိတဲ့ မိန်းမဟာ  မိုးထဲလေထဲမှာ ထီးမပါဘဲ လမ်းလျှောက်နေရတဲ့သူနဲ့ တူတယ်။ မိုးဒဏ်လေဒဏ်ကို အုပ်မိုးပြီး ကာကွယ်ပေးမယ့်သူ မရှိဘူးပေါ့ "တဲ့။

                                                                               

ကိုယ့်ဘာသာကိုယ် ကြိုက်၍ယူခဲ့သော လင်ယောက်ျားပင်ဖြစ်သော်ငြား မစိန်မြသည် ကိုရေခဲကို စိတ်တိုင်းမကျလှချေ။ သူ တပြားမကျန်အပ်သော လခငွေလေးကို လက်ထဲတွင် တင်းတင်း ဆုပ်မထားနိုင်ဘဲ တတိတတိနှင့် ပြောင်သလင်းခါသွားသောအခါများတွင်ကား ပို၍စိတ်တိုတတ်လေသည်။


"ကလေးတွေ တပြုံတခေါင်းကြီးမွေးထားပြီး လခတခုတည်းကို  အားကိုးနေလို့တော့ မဖြစ်ဘူး ကိုရေခဲရေ၊ အပြင်စီးပွားရေးလေးလဲ ကြံဖန်ဦးမှ "


လတ၀က်ကျော်လျှင် မစိန်မြက ထိုစကားကို နှစ်ခါလောက် ပြောမိတတ်သည်။


" အင်း....ဟုတ်တာပေါ့၊ ကြံလေကွာ၊ ကြံ .......ကြံ  ........ "


မှိန်းငိုက်နေသော ကိုရေခဲက မျက်စိကို မပွင့်တပွင့်ဖွင့်ကြည့်ကာ ထောက်ခံသည်။ ထို့နောက် မပွင့်တပွင့်မျက်လုံးကို ပြန်မှိတ်ရန် ကြိုးစားသည်။


" ကျုပ် မကြံတတ်လို့ တော့်ကို ကြံခိုင်းနေတာ .....တော့်ကို ........ "


မစိန်မြက ငေါက်ဆတ်ဆတ် ပြောသောအခါတွင်ကား ကိုရေခဲခမျာ အတန်ငယ် မျက်စိကျယ်သွားကာ သက်ပြင်းကို မသိမသာ ချတတ်လေသည်။


" အင်းလေ....ဒါဆိုလဲ ကြံရတာပေါ့  "


"ဘယ်လိုကြံမှာလဲ ပြော "


"ဟ....ချက်ချင်းကြီးလား "


"အို.....ပါးစပ်ကတင် ပြောရမှာ ၊ဘာခက်လို့လဲ၊ ပြော ...အခု  ပြော  "


"ဟ...ပါးစပ်က ပြောရတာလဲ လွယ်တယ်  အောက်မေ့လို့လား၊ အဲ့ဒီလောက်များ တော်နေရင် ငါက ဘာကိစ္စ စာရေးလုပ်နေတော့မှာလဲ၊ ဒီဂျီတို့၊ အမ်ဒီတို့ တက်လုပ်နေမှာပေါ့ "


မစိန်မြက ကိုရေခဲအား  မျက်စောင်းအကြီးကြီးထိုးသည်။ စူပွစူပွ ရေရွတ်သည်။ ဒုန်းခနဲ၊ ဒိုင်းခနဲ ဆောင့်သည်။ ထိုအချိန်တွင် ကံဆိုးမိုးမှောင်ကျပြီး သူ့အား မျက်စိနောက်အောင်လုပ်မိသော အကြီးကောင်တို့ အလတ်ကောင်တို့သည်လည်း ကောင်းကောင်း အတွယ်ခံရတတ်သည်။


ကိုရေခဲကလည်း  သက်ပြင်းအကြီးကြီး ချသည်။ ပါးစပ်မှ ဆေးလိပ်တိုကို ဖြုတ်သည်။ ထို့နောက် ပြန်တပ်သည်။ မီးခြစ်ကို လှမ်းယူကာ မီးညှိသည်။ ဘာကိုမှ  မမြင်သလို၊ ဘာကိုမျှ မကြားသလို၊ အားလုံးကို လျစ်လျူရှုသည်။ ဆေးလိပ်တိုကို မီးခိုးတွေ  တထောင်းထောင်းထအောင် ဖွာရှိုက်သည်။


ဆယ်မိနစ်ခန့်ကြာသောအခါတွင်မူကား နံရံကို ပြန်မှီသည်။ ဆေးလိပ်ကို မေ့တချက် လျော့တချက် ဖွာသည်။ နောက်ထပ်ဆယ်မိနစ်လောက် ကြာသောအခါတွင်မူကား  ပြန်လည် ငိုက်မြည်းသွားတတ်လေသည်။


* * *                                                                           


"သူ့ကိုများပြောရရင်   ဒီလို အဆုံးသတ်ရတော့တာပဲ အစ်မ မစိန်ကြည်ရေ့၊ စိတ်ကို ဘယ်လောက်ပျက်သလဲ မမေးနဲ့''


မစိန်မြက အထက်အောက် အစ်မဖြစ်သူ ဒေါ်စိန်ကြည်အား ရင်ဖွင့်တတ်သည်။ ဒေါ်စိန်ကြည်၏ယောက်ျားက ဂန္ဓာလရာဇ်သွေးပါသည်။ ညနေစောင်းတွင် ကိုရေခဲလိုပင် နံရံကို မှီ၍ ထိုင်တတ်သော်လည်း အိပ်ငိုက်နေတတ်သည်တော့ မဟုတ်။ တရုတ်ပေသီးကို တဂျောက်ဂျောက် တွက်နေတတ်သူ ဖြစ်သည်။ သူ့ခေါင်းသေးသေးလေးထဲတွင် မည်သည့်ပစ္စည်းကို ရောင်းသင့်ကြောင်း၊ မည်သည့်ပစ္စည်းကို လျှော့စျေးနှင့် ကောက်ထားသင့်ကြောင်း၊ မည်သည့်ပစ္စည်းကို လှောင်ထားသင့်ကြောင်း စသည် များကို အမြဲတွက်ချက်နေဟန် ရှိသည်။


တရိပ်ရိပ်တက်လာသော ကုန်စျေးနှုန်းနှင့်အပြိုင် သူ့လစဉ်၀င်ငွေကိုလည်း တရိပ်ရိပ်တိုးလာအောင် ကြံနိုင်ဖန်နိုင်သူ ဖြစ်သည်။ ထို့ကြောင့် မစိန်မြတို့လိုပင် ကလေးငါးယောက်မွေးထားသော်လည်း သူတို့မိသားစုက ငကျွဲဆန်ဖွေးဖွေးကို  အသားဆီပြန် ငါးဆီပြန်နှင့် ဖွယ်ဖွယ်ရာရာ စားနိုင်ကြသူများဖြစ်သည်။


"တလတလ လောက်တယ်ကို မရှိပါဘူး အစ်မရယ်၊ ပေါင်ရနှံရ ချေးရငှားရနဲ့ လုံးလည်ချာလည်ကို လိုက်နေတာပဲ''


မစိန်မြက လောကကြီးကို အတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ အခုနေသာ သိကြားမင်းကြီးက နားကင်းကြီးနဲ့ကိုယ်ထင်ပြကာ လိုရာဆုကိုတောင်းစေဟု ဆိုလိုက်လျှင် နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနှင့် ရောက်ရပါလို၏ ဟူသောဆုကို တောင်းမိမည်မထင်။ " တပည့်တော်မယောကျာ်း ကိုရေခဲသည် အစ်မဒေါ်စိန်ကြည်၏ယောက်ျား ကိုယုစွမ်လို အရှာအဖွေကောင်းပါစေဘုရား "ဟု ဆုတောင်းလိုက်မည်ထင်သည်။


သို့သော် တာ၀တိံသာနတ်ပြည်မှ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာလည်း တင်းလာဟန်မတူ။ သိကြားမင်းကြီးကလည်း ကိုယ်ထင်မပြ၊ ဒီတော့လည်း ကိုယုစွမ်က ပေသီးတဂျောက်ဂျောက် တွက်နေချိန်တွင် ကိုရေခဲက ငိုက်မြဲတိုင်း ငိုက်နေတတ်လေသည်။


 "ကိုရေခဲကြီး တော်ရှာပါတယ်အေ "


အခါတိုင်း မစိန်မြပြောလျှင် ဘာမှပြန်မပြောတတ်သော်လည်း ဒီတခါတော့ မစိန်ကြည်က ကိုရေခဲဘက်မှ ရှေ့နေလိုက်နေသည်။


"အရက်မသောက်၊ ဖဲမရိုက်၊ နောက်ပြီး အငယ်အနှောင်းလဲ မရှိ "


 အစ်မစိန်ကြည်က သူ့သမီးလာချသော လက်ဖက်သုပ်ပန်းကန်ကို မစိန်မြဘက်သို့ တိုးပေးသည်။


''လင်ရယ်မယားရယ်လို့ ဖြစ်လာရင် ငွေရေးကြေးရေးထက် သစ္စာတရားက ပိုပြီးအရေးကြီးပါတယ် စိန်မြရယ်၊ အိမ်ထောင်တခုမှာ တယောက်နဲ့တယောက် မယုံကြည်ရ၊ စိတ်မချရဘူးဆိုရင် ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာရတော့မှာလဲ''


 မစိန်မြသည် အစ်မဖြစ်သူအား ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ နာကျည်းကြေကွဲမှုများနှင့် မှိုင်းပြီးနေသော မျက်လုံးအစုံကို ချက်ချင်း သတိထားလိုက်မိသည်။


"ဘာဖြစ်လို့လဲဟင် အစ်မ၊ အစ်ကိုယုစွမ်က  .."


"အေး .... နင့်အစ်ကိုယုစွမ်က မယားငယ်ယူထားတယ်လေ "


အစ်မစိန်ကြည်က မစိန်မြအား မကြည့်ဘဲ မျက်နှာလွှဲထားရင်းမှ ခပ်ပြတ်ပြတ်ပြောသည်။


"ကောင်မလေးက  ငယ်လည်းငယ်တယ်၊ ချောလည်းချောတယ်၊ လှလည်းလှတယ်။ နင့်တူမ အကြီးမ မိတူးနဲ့မှ ရွယ်တူလောက်ရှိမှာ.. "


"ဟင်.... သမီးအရွယ်လေး"


 မစိန်မြက တအံ့တသြ ရေရွတ်မိသည်။ အစ်ကိုယုစွမ်သည် စီးပွားရှာရန်ကိစ္စမှလွဲပြီး အခြားအပျော်အပါးများတွင် စိတ်၀င်စားလိမ့်မည်ဟု သူ ထင်မထားမိခဲ့ချေ။


" ငါကတော့ အသက်လေးဆယ်ကကျော်လို့ ငါးဆယ်နား ကပ်နေပြီ။ လူက ဝ၊ ဗိုက်က ပူ၊ ခါးက တုတ်ဆိုတော့ အတောင့်စား၊ အဖြောင့်စား စမောလေးနဲ့တော့ ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး မစိန်မြရေ  "


" ဘုရား .......ဘုရား "


မစိန်မြက အစ်မ မစိန်ကြည်၏ဝမ်းဗိုက်စူစူကြီးကို ကြည့်ရင်း ကျိတ်ပြီး ဘုရားတလိုက်မိသည်။ အစ်မစိန်ကြည်လောက် မဆိုးသော်လည်း သူ့ဗိုက်သည်လည်း ပူသည်ပင်၊ ဗိုက်ခေါက်ကလည်း ထူ၊ ခါးက တုတ်နှင့်မို့ ဝမ်းဗိုက်နှင့်ခါး တဆက်တည်း ဖြစ်နေပြီ ဖြစ်သည်။ ကိုရေခဲကပင် တခါတရံ မစိန်မြရေလို့ မခေါ်ဘဲ မလိပ်ခါးရေ  မဖားဖင်ရေနှင့် နောက်ပြောင်ပြီး ခေါ်တတ်သည်ကို သတိရမိသည်။ ဒါတင်မကသေး ဘော်လီအင်္ကျီ ပုံကျပန်းကျ မဝတ်ရသည်မှာလည်း အတော်ကြာနေပြီဖြစ်သည်။ ဒီတော့ ခါးအောက်ပိုင်း မလှသည်သာမက ခါးအထက်ပိုင်းကလည်း ကြည့်ပျော်ရှုပျော်လေးပင် ရှိလိမ့်မည် မဟုတ်သည်မှာ သေချာနေသည်။ မျက်နှာကတော့ အပျိုကတည်းက ရွက်ကြမ်းရေကျိုဆိုတော့ အခုလို နှုတ်ခမ်းနီပေါင်ဒါနှင့် အဝေးကြီးနေရသော ဘ၀တွင်.........။


 "ဘုရား....ဘုရား  ကိုရေခဲလည်း တတ်များတတ်နိုင်နေရင် အငယ်လေးတယောက်ယောက် လိုချင်နေပြီလားမသိဘူး  "


လက်ဖက်သုပ်တဇွန်းကို  ကယောင်ကတမ်း ကော်စားလိုက်ရင်း မစိန်မြက စိတ်လက်မချမ်းသာစွာနှင့် တွေးမိသည်။


"အစ်မသိတာ  ကြာပြီလား "


"အင်း  ... နှစ်လလောက် ရှိပြီထင်ပါရဲ့ "


အစ်မစိန်ကြည်က မျက်ရည်သုတ်သည်။


"သူကတော့ ဖုံးထားတာပေါ့၊ ငါကလဲ သူ့ကြည့်ရတာ အကဲမရတာနဲ့ သူ မသိအောင် လိုက်ချောင်းတာ၊ တခါတည်း တန်းပြီးတွေ့တာပဲ  "


"အစ်မ ဘာလုပ်လဲ "


 "ငါလား "


အစ်မစိန်ကြည်က အံကို တင်းတင်းကျိတ်သည်။ ထို့နောက် တစုံတခုကို မျိုချလိုက်ရသလို တံတွေးကို ပင်ပန်းကြီးစွာ မျိုချလိုက်ရင်း မစိန်မြအား ခပ်ပျော့ပျော့ ပြုံးပြသည်။


" ငါလေ အဲဒီနေရာက သူမသိအောင် တိတ်တိတ်လေး ပြန်ထွက်လာခဲ့တယ် "


" ဟော....တော့ "


"နင် စဉ်းစားကြည့်လေ၊ ငါသိနေပြီဆိုတာကို သူသိရင် ဘာလုပ်မလဲ၊  မထူးတော့ဘူးဆိုပြီး ပြောင်ပြောင်တင်းတင်း ရှေ့တိုးတော့မှာပေါ့၊ ခိုးပေးနေရာက ဗြောင်ကြီး ပေးတော့မှာပေါ့၊  ငါ့မှာ ကလေးငါးယောက်နဲ့ သူ့လုပ်စာ ထိုင်စားနေရတာ ဘာမှလည်း လုပ်တတ်ကိုင်တတ်တာ မဟုတ်ဘူး။ သူနဲ့ကွဲရင် ငါ ဘာလုပ်စားမှာလဲ၊ မကွဲနိုင်သေးတဲ့အတူတူ  မသိချင်ဟန်ဆောင်နေတာ တော်သေးရဲ့လို့ ထင်တာပဲဟယ် "


ဒီတခါတော့ မစိန်မြ သူ့အစ်မအား အတော်ကြီး အထင်ကြီးသွားသည်။ အသနားကြီးလည်း သနားသွားမိသည်။ ကိုရေခဲသာ ဒီလိုလုပ်လာလျှင် သူက အစ်မစိန်ကြည် တုံ့ပြန်နည်းမျိုးနှင့် တုံ့ပြန်မည်မဟုတ်သည်ကား သေချာလေသည်။


"ကိုရေခဲကို နင်က မရှာရကောင်းလား မဖွေရကောင်းလားနဲ့ စိတ်ဆိုးနေတယ်။ သူ အများကြီးမရှာနိုင်ပေမယ့် သူရှာလို့ဖွေလို့ ရသမျှလေး နင့်လက်ထဲ အကုန်ရောက်တာပဲဟာ၊ ဒါဆိုရင် နင် မကျေနပ်သင့်ဘူးလား "


"ကျေနပ်ရမယ်တဲ့လား "


မစိန်မြက သူ့ကိုယ်သူ ပြန်မေးကြည့်ရင်း စိတ်မချမ်းမသာ ဖြစ်မိသည်။ မပြည့်စုံ မလုံလောက်သော အိမ်ထောင်တခုတွင် အချိန်အားရတိုင်း ထိုင်ငိုက်နေတတ်သော အိမ်ထောင်ဦးစီးကို သူ မည်သို့ ကျေနပ်ရမည်နည်း။


" နင် မရှုကြည်ကို သိတယ်မဟုတ်လား၊ ကိုယုစွမ်ရဲ့ညီမလေ "


" အင်း ...... သိတယ်  "


မရှုကြည်သည်  အသားဖြူဖြူ သေသေးသွယ်သွယ် ကလေးနှင့်  အပျိုတုန်းက တော်တော်လေးလှသည်ကို  မစိန်မြသိသည်။ အောက်ဆိုက်တော်တော်များများရသော ဌာနတခုမှ အရာရှိတဦးနှင့် လက်ထပ်သွားသည်။ တော်တော်လေး ဟန်ကျပန်ကျရှိ ပြီး စုမိဆောင်းမိသည်ဟူသော သတင်းကိုလည်း ကြားနေရသည်။


"သူ့ယောက်ျားက  အရက်မသောက်ရင်တော့ ကောင်းတယ်။ ဒါပေမယ့် အရက်ကလေး ဝင်သွားတာနဲ့ သူ့ကို ရန်လုပ်တော့တာပဲ၊ အကြောင်းမရှိ အကြောင်းရှာပြီး ဆူတော့ပူတော့ ရိုက်တော့ပုတ်တော့တာ "


" ဟင်...ဟုတ်လား  "


" အမူးပြေတော့လည်း ကိုကို မှားပါတယ်ပေါ့၊ ပြန်ချော့ပေါ့၊ ဒါပေမယ့် ကိုကိုက ခဏခဏမှားနေတော့ မရှုကြည်ခမျာ မျက်ရည်နဲ့မျက်ခွက် .... "


" မနေ့တုန်းကတောင် လာသေးတယ်၊ ပါးကြီးတဖက်ယောင်လို့၊ ကိုယုစွမ်က ဒေါသဖြစ်ပြီး နင် ဒီကောင်ကို ကွာပစ်ပါလား ဘာလားနဲ့ ပြောနေသေးတယ် "


" ဟုတ်သားပဲ။ ကွာပစ်လိုက်ပါလား"


" ဟယ်  ..ကလေးနှစ်ယောက် ရနေပြီဟဲ့၊ ကွာလို့ လွယ်မလား၊ နောက်ပြီး ငါတို့ဆီမှာ မုဆိုးမကိုမှ လူလေးစားသေးတယ်၊ တခုလပ်ဆိုရင် ပတ်၀န်းကျင်ကလဲ လေးစားတာမဟုတ်ဘူး  "


အစ်မစိန်ကြည်က တွေးတွေးဆဆ ပြောသည်။ တက်ကြွရွှင်လန်းခြင်းမရှိသော မျက်လုံးများသည်ကား မှုန်ပြီးမှိုင်းနေသည်။ အရောင်တွေ မှိန်ဖျော့နေသည်။


" ငါ အခု ညဘက်အားရင် တရားထိုင်နေတယ်  "


"အံမယ် ....   အစ်မက''


 အစ်မစိန်ကြည်သည် စိတ်နှလုံး နူးညံ့သော်လည်း ဘုရားတရားကို သိပ်ပြီး သတိတရရှိသူ မဟုတ်ကြောင်း မစိန်မြသိသည်။


" အစောပိုင်းကတော့  ဆံပင်တွေ ဖြတ်ရမလား၊ ကောက်ရမလား၊ အေရိုးဗစ် သွားတက်ရမလား၊ ပိန်ပိန်သွယ်သွယ်လေး  ဖြစ်သွားအောင်  အစားလျှော့စားရမလား၊ အမျိုးမျိုး စဉ်းစားတာပေါ့ဟယ် "


"ဒါပေမယ့် ဘာလုပ်နေနေ လေးဆယ်ကျော်ဟာ လေးဆယ်ကျော်ပါပဲ၊ အသက်နှစ်ဆယ်ကောင်မလေးလိုတော့ ဘယ်တော့မှ  ပြန်လှလာမှာ မဟုတ်တော့ဘူး။ အဲဒါတွေကို မြင်လာတော့ ငါ လက်လျှော့လိုက်တယ်၊ အခု ဘုရားစာအုပ်ဖတ်တယ်၊ တရားထိုင်တယ်၊ ကိုယ့်စိတ်ကို ကိုယ် အေးချမ်းလာအောင် အဲဒီနည်းနဲ့ပဲ ကြိုးစားတော့မယ် "


မစိန်မြသည် သက်ပြင်းကို အရှည်ကြီးချလိုက်မိသည်။ လောကကြီးတွင် ဘာကြောင့်များ မသာမယာအိမ်ထောင်တွေ ပေါများနေရသနည်း။ ငွေရှိပြန်တော့ သစ္စာတရားမရှိ၊ ငွေနှင့်သစ္စာတရားရှိပြန်တော့လည်း အကြင်နာတရားမရှိ၊ အကြင်နာတရားလေးရှိသော အိမ်ထောင်ကျတော့လည်း ငွေက ချို့တဲ့ပြန်၊ အခြေခံလိုအပ်ချက်တွေ မပြည့်စုံပြန်တော့ စိတ်တိုကြ၊ ရန်ဖြစ်ကြပြန်။


 " အို....စိတ်ညစ်ပါတယ်၊ ပြန်တာပဲ ကောင်းပါတယ် "


မစိန်မြက နေရာမှထကာ ထဘီပြင်ဝတ်သည်။ ဘော်လီအင်္ကျီက လျော့ရိလျော့ရဲ၊ ဗိုက်က ပူပူ၊ ခါးက တုတ်တုတ်နှင့် သိပ်ပြီး ရှုချင်စဖွယ်မကောင်းလှသော ခန္ဓာကိုယ်တခုကို မှန်ဗီရိုမှ မှန်ထဲတွင် လှမ်း၍တွေ့လိုက်ရသည်။


"အင်း...ဒီခန္ဓာကိုယ်ကြီးကို ကြည့်ပျော်ရှုပျော်ဖြစ်လာအောင် ဆင်စရာ၊ ပြင်စရာ အင်္ကျီအ၀တ်အစား လှလှပပ သစ်သစ်လွင်လွင် မရှိပြန်တော့ ပိုဆိုးတာပေါ့  "


မစိန်မြက မှန်ထဲမှ အရိပ်ကို မျက်မှောင်ကုတ်၍ ကြည့်မိရင်း ခါးသီးစွာ တွေးသည်။


" ဟဲ့... နင်က ပြန်တော့မလို့လား "


" အင်း  .. ညနေစာ မချက်ရသေးဘူး  "


" ရော့...ရော့၊ ကလေးတွေဖို့ မုန့်လေးယူသွားဦး "


အစ်မစိန်ကြည်က ဘီစကစ်မုန့်တစ်ထုပ်နှင့် ငွေအစိတ် ထုတ်ပေးသည်။


 "မိုးတွေကလဲ အုံ့လို့ မည်းလို့၊ နင့်မှာ ထီးရောပါလာရဲ့လား "


" ပါတယ်လေ.....ဟောဒီမှာ "


မစိန်မြက အပေါက်တွေအဖာတွေပြည့်ပါနေသော သူ့ထီးကြီးကို လှမ်းယူကာ ချိုင်းကြားတွင် ညှပ်သည်။ သက်တမ်းအတော်ကြာပြီဖြစ်သော ထီးရွက်များကလည်း အမည်းရောင်တွေ ပြယ်လွင့်ကာ အရောင်မွဲနေလေသည်။ တော်ရုံတန်ရုံ မိုးဖွဲကျရုံလောက်နှင့်တော့ ဒီထီးကြီးကို ဖွင့်ပြီး ဆောင်းချင်စရာမကောင်းလှပေ။ အစ်မစိန်ကြည်က မစိန်မြ၏ချိုင်းကြားမှ ထီးကြီးကို ခေတ္တမျှ စိုက်ကြည့်ပြီး ခပ်ခြောက်ခြောက် ရယ်မောသည်။


" အမေ ခဏခဏပြောတာ သတိရသေးလား မိစိန်မြ "


" ဘာလဲ "


" လင်ယောက်ျားမရှိတဲ့မိန်းမဟာ မိုးရေထဲမှာ ထီးမပါဘဲ လျှောက်နေရတဲ့သူနဲ့ တူတယ်ဆိုတာလေ "


"အမေသာရှိသေးရင် ကျွန်မက ပြန်ပြောချင်နေတာ အစ်မရေ့၊ ထီးတော့ဆောင်းထားပါရဲ့၊ ဒါပေမယ့် အဲဒီထီးက အစုတ်ကြီးဖြစ်နေရင် မိုးရေတွေ ဖောက်ဖောက်ပေါက်ကျပြီး ရွှဲစိုတာပါပဲလို့လေ "


ဒီတခါတော့ သူတို့နှစ်ဦးစလုံး တဦးကိုတဦးကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မိကြသည်။ ထို့နောက် အစ်မစိန်ကြည်က မချိပြုံးနှင့် ခပ်ပျော့ပျော့ ပြောသည်။


“ အကောင်းစားခေါက်ထီးတွေ စတီးကိုင်းတွေလဲ စိတ်မချရပါဘူးဟာ၊ လေပြင်းတိုက်ရင် မိုးထဲလေထဲမှာ ကိုင်းကြီးကော့ပြီး လန်ထွက်သွားတတ်တာပါပဲ "


အပြန်လမ်းကျတော့ မိုးတွေ သဲသဲမဲမဲရွာသည်။ မစိန်မြလည်း သူ့ထီးစုတ်ကြီးကို ဖွင့်ကာ ဆောင်းရသည်။ ပြည်တွင်းဖြစ်ဖဲထီးဆိုတော့ ခေါက်ထီးတွေလို ကိုင်းတွေက ကော့လန်သွားခြင်းမရှိပေ။


" ကိုင်းမလန်ရင် တော်ပြီပေါ့၊ မိုးရေပေါက်ကျတာတော့ သည်းခံဟဲ့…..သည်းခံ "


မစိန်မြက သူ့ကိုယ်သူပြောသည်။ မိုးရေတွေက ဘေးကပက်လိုက် ရှေ့ကပက်လိုက်နှင့် ပက်ရသည့်အထဲ ထီးအရွက်က မလုံဘဲ မိုးရေတွေ တပေါက်ပေါက်ခုန်ဆင်းနေတော့ အိမ်ရောက်သောအခါ မစိန်မြ၏တကိုယ်လုံး ရွှဲနစ်နေလေသည်။ အစ်မစိန်ကြည်ပေးလိုက်သော ဘီစကစ်မုန့်များသည်လည်း ကျွတ်ကျွတ်အိတ်ထဲတွင်ပင် အစိုပြန်ကာ ပျော့လောက်ပေပြီ။


" အစ်မစိန်မြ မိုးမိလာသလား "


တစ်ဖက်ခန်းမှ သန်းသန်းခင်က လှမ်း၍ နှုတ်ဆက်သည်။ သနပ်ခါးတွေ ဖွေးနေအောင်လိမ်းကာ ပါးကွက်ထူထူကွက်ထားသော သူ့မျက်နှာလေးသည် မှောင်ကုတ်ကုတ်အခန်းထဲတွင် မီးလုံးကလေးတလုံး ထွန်းထားသလို ဝင်းနေသည်။


" မိုးကလဲ ကောင်းသလားမမေးနဲ့၊ ရွာတယ်ဆိုရင် ဒလဟောပဲ၊ ကျွန်မလဲ ဒီနေ့ အပြင်မထွက်မိတာ ကံကောင်း "


သန်းသန်းခင်သည် ခြေနင်းစက်ကလေးတစ်လုံးပိုင်သည်။ အပ်ထည်များကို လက်ခံသည်။ သို့သော် သူချုပ်သောအင်္ကျီများက ပုံစံသိပ်မကျလှ၍ ဖောက်သည်တော့ သိပ်မရှိလှပေ။ နေ့ခင်းတိုင်းတော့ ပြင်ဆင်ပြီး အပြင်ထွက်တတ်သည်။ အရောင်းအဝယ်လေး လုပ်သည်ဆိုသော်လည်း ဘာရောင်း၍ ဘာဝယ်မှန်းတော့ မစိန်မြတို့ အသေအချာမသိချေ။ 


အိမ်ရှေ့အိမ်မှ မကျော့ကမူ " စက်ချုပ်တဲ့ဝင်ငွေကလဲ ဘာရှိတာမှတ်လို့၊ သူတို့သားအမိ သုံးနေစားနေတာနဲ့ ကာမိနိုင်ပါ့မလား၊ နေ့ခင်းတိုင်း အပြင်ထွက်ပြီး ဘာလုပ်နေမှန်းမှ မသိတာ "ဟု စကားတင်း ဆိုသည်။ တခါတလေကျတော့လည်း ရပ်ကွက်ထဲမှ လူရှုပ်ကလေးများက “ မခင်သန်းခင်ရဲ့သန်းခင်၊ ပန်းကလေးလိုလှနေတာပဲ ကြည့်နေချင်သည်၊ ပန်းကလေးလို ညှိုးမှာကိုလဲ စိုးရိမ်ပါသည်၊ အဟီ…အဟီ..စိုးရိမ်ပါသည် ”  ဟု အမှောင်ရိပ်ခိုပြီး အော်သွားတတ်ကြသေးသည်။


" ထီးပါပေမယ့် ရွှဲတာပါပဲအေ "


" သြော်…မိုး တကယ်သည်းလာရင် ဒီထီးလောက်က ဘယ်လိုလုပ်ပြီး လုံနိုင်မှာလဲ အစ်မရဲ့ "


" ထီးကလဲ စုတ်လို့ပါဟယ်၊ မိုးရေထဲမှာ ဒီအတိုင်း လျှောက်ခဲ့တာကမှ ကောင်းဦးမယ် "


မစိန်မြက ဘယ်ဘက်လက်ထဲမှ မုန့်ထုပ်ကို အလတ်ကောင်အား လှမ်းပေးပြီး ညာလက်ထဲမှထီးကို အိမ်ရှေ့ကပျဉ်တွင် ခပ်ဆောင့်ဆောင့် ပစ်ချလိုက်သည်။ စုတ်ချာချာထီးကိုရော မွှေးကြိုင်လှပနေသော သန်းသန်းခင်ကိုရော စိတ်ထဲတွင် မြင်ပြင်းကပ်နေမိသည်။


 " သမီးရေ….အမေ့အဝတ်ဗီရိုကြီးထဲက ကီမိုနိုတစ်ထည် ထုတ်ခဲ့စမ်း၊ ရေလဲလုပ်ရအောင် "


ထဘီအောက်နားကို စုကိုင်ကာ ရေညှစ်ချရင်း ခပ်ရွဲ့ရွဲ့အော်သည်။ သို့သော် သူရွဲ့သည်ကို ရွဲ့မှန်းမသိအောင် ထူပိန်းပိန်းနိုင်သော အကြီးကောင်က…..


"ဟာ….အမေ့မှာ ကီိမိုနိုထဘီရှိတယ် ဟုတ်လား'' ဟု တအံ့တသြ ရေရွတ်သည်။ အလတ်မ ယူလာသော အဆင်မွဲမွဲ အရောင်ပျက်ပျက် တရုတ်ပွင့်ရိုက်ထဘီကို မျက်လုံးအပြူးသားနှင့် လှမ်းကြည့်နေသည်။ 


" သောက်အ,ကြီး "


မစိန်မြက သားတော်မောင်ကို စိတ်ထဲတွင် ထောမနာပြုရင်း ထဘီလဲသည်။ ခြေရင်းတွင် ပုံကျသွားသော ရေစိုထဘီကို ကောက်ပြီး ရေညှစ်သည်။ သန်းသန်းခင်ကို လှမ်းမကြည့်မိသော်လည်း ခပ်တိုးတိုးပြောသော သူ့အသံကိုတော့ ဆက်၍ ကြားရသည်။


" မိုး တကယ်သည်းလာရင်တော့ ဘာထီးကြီး ဆောင်းထားထား ရွှဲတာပါပဲ အစ်မရယ်၊ ဒါပေမယ့် မိုးထဲလေထဲမှာ ထီးကလေး ဆောင်းစရာပါတော့ ဣနြေ္ဒလေးရတာပေါ့ "တဲ့။

မစန္ဒာ



No comments:

Post a Comment