“ဖေဖေ ဓားလှီးစားမယ်”
“မစားပါနဲ့ သမီးရယ်၊ စာကလေးခွေ စား”
“ဟင့်အင်း….ဓားလှီးပဲ”
“ဆေးသကြားတွေပါမှာ သမီးရဲ့၊ တော်ကြာ ချောင်းဆိုးနေအုံးမယ်”
ကိုကြည်မောင်က သမီးကို မျက်နှာတင်းတင်းနှင့် ကြည့်သည်။ သမီးက မကြောက်၊ နှုတ်ခမ်းစူနေသည်။ မျက်မှောင်ကုပ်နေသည်။ ကိုကြည်မောင်၏လက်မောင်းကို ဆိတ်နေသည်။
“ ကိုကြည်မောင် သိသည်။ သူ ငြင်း၍ ရမည်မဟုတ်။ သမီးစားချင်သည်ကို ဝယ်၍ ကျွေးရမည်ပင် ဖြစ်သည်။
“ဓားလှီးစားမယ်၊ ဓားလှီး၊ ဖေဖေ... ဓားလှီး"
သမီးက တဂျီဂျီ လုပ်လာသည်။ ကိုကြည်မောင်သည် မပြုံးကို သတိရသည်။ သမီးသည် သူ့အမေ မပြုံးကိုသာ အနည်းငယ် ကြောက်သည်။ မပြုံးက“ဟင်း”ကနဲ တချက်အော်လိုက်လျှင် ငြိမ်သည်။ မငြိမ်လျှင်လည်း မရ။ ဒုတိယအကြိမ် ဆိုလျှင် မပြုံးက ပါးစပ်သာမဟုတ် လက်ကပါ ပါတတ်သောကြောင့် ဖြစ်လေသည်။ ယခုလည်း မပြုံးသာ ပါလေလျှင် သမီးက ဒီလောက်ကဲလိမ့်မည် မဟုတ်။
“ဓားလှီးစားမယ်၊ ဟေ့ ဓါးလှီး လာအုံး”
သမီးက ဓားလှီးရေခဲမုန့်သည်လေးကို သူ့သဘောနှင့် သူ ဇွတ်လှမ်းခေါ်လေသည်။ ကိုကြည်မောင် ဘာမှမတတ်နိုင်။ ပိုက်ဆံငါးမူး ထုတ်ပေးလိုက်ရသည်။ သမီးနှစ်ယောက်လုံး သူ့ကို အနည်းငယ်မျှ မကြောက်ကြ။ ပူဆာစရာရှိလျှင် သူ့ကို ပူဆာတတ်သည်။ မပြုံး ရိုက်လွှတ်လိုက်လျှင်လည်း သူ့ဆီ ပြေးလာတတ်သည်။ သူက သမီးများကို မရိုက်ရက်။ မျက်နှာထားတင်းတင်းနှင့်ပင် မငေါက်ရက်။ တခါတလေ ကြိုးစားပြီး မျက်နှာထား တင်းပြလျှင်လည်း သမီးတို့က သူ့ကို နောက်ပြောင်နေသည်ဟုပင် ထင်သည်။ လုံးဝ မကြောက်ချေ။
“ဓားလှီး ကောင်းတယ် ဖေဖေ"
“အေးကောင်းနေ၊ တော်ကြာ ချောင်းဆိုးတော့ နင့်အမေက ငါ့ကိုပါဆူမှာ မြင်ယောင်သေး"
သမီးက ဓားလှီးရေခဲချောင်းကို မက်မောစွာ စားနေသည်။ သူက ရင်မောစွာ ကြည့်နေသည်။ သမီးကျောင်းနေသည်မှာ တနှစ်ပင် မပြည့်တတ်သေးပေ။ သူက သင်္ကန်းကျွန်းနယ်မြေက ဖြစ်သော်လည်း ထိုနယ်မြေကကျောင်းကို မအပ်ချင်၊ မြို့ထဲက ကျောင်းကိုမှ စာပိုတတ်သည်ဟု ထင်သောကြောင့် မြို့ကဲကျောင်းကို အကြံအဖန်များနှင့်ပြုလုပ်၍ အပ်ရသည်။ သူရုံးသွားလျှင် သမီးကို ခေါ်လာ၊ ကျောင်းပို့။ ထို့နောက် ရုံးဆင်းလျှင် ကြို၍ အိမ်ပြန်၊ ဒါက သူ နေ့စဉ်ပြုလုပ်နေကျ ဝတ္တရားဖြစ်သည်။ သမီးအငယ်ကမူ သုံးနှစ်ကျော်ကျော်သာရှိသေး၍ အိမ်နားက မူကြိုကျောင်းတွင်ပင် ထားသည်။ သူ့မိခင်က အကြိုအပို့ ပြုသည်။
သမီးကြီးက သူ့ကို မကြောက်၊ သမီးအငယ်က သူ့အမေကို ကြောက်သည်။ ဒီတော့လည်း ကလေးနှစ်ဦး၏ကျန်းမာရေးမှာ သိသိသာသာ ကွာလာသည်။ ရုံးသွားရုံးပြန် သူနှင့် လိုက်နေရသော သမီးအကြီးက တွေ့ကရာရှစ်သောင်း လက်ညှိုးထိုးသည်။ သူက“ဟင့်အင်း ဟင့်အင်း" နှင့် အကုန်လုံးကိုဝယ်ကျွေးမိသည်သာ ဖြစ်သည်။ သားရေစာ အစားများလာတော့ သမီးက ထမင်းကို မမက်မောတော့ပေ။ ကောင်းစာလည်း မစားတော့ပေ။ သမီး အငယ်ကတော့ သူ့အမေ လက်ထဲမှာမို့ သမီးကြီးလို ဆီးထုပ်တွေ၊ သရက်ပြားတွေ၊ ဓားလှီးတွေ မနားတမ်း မစားရပေ။ ထမင်းကိုသာ မက်မက်မောမော စားတတ်သည်။
" ပြုံးတော့ သိပ်စိတ်ညစ်တာပဲ၊ ကိုယ်က ဖအေပဲဟာ၊ ကလေးကို နိုင်အောင် ပြောပါလား၊ ခုတော့ ဟိုဟာမလေးက ကဲချင်တိုင်းကဲ၊ စားချင်တိုင်း စား။ တော်ကြာ ချောင်းဆိုးပြန်ပြီ၊ တော်ကြာ ဝမ်းပျက်ပြန်ပြီ။ ရောဂါကို ပိုက်ဆံပေးပြီး ဝယ်နေတာ၊ သမီးကျောင်းနေကတည်းက အစ်ကိုနဲ့ အသွားအပြန် လုပ်နေကတည်းကိုက သိသိသာသာ ချူချာလာတယ်"
မပြုံးက ပြောတတ်သည်။ ပြောလည်း ပြောစရာ၊ ကိုကြည်မောင်က သမီးကို နည်းနည်းမှ မနိုင်။ သမီးအငယ်ပါ ကျောင်းနေပြီး နှစ်ယောက်စလုံးသာ သူနှင့်အတူ အသွားအပြန်လုပ်လျှင် ပို၍ဆိုးတော့မည် ဖြစ်သည်။
“ကကြီးလုံးတင် ချောင်းငင် ကို၊ လရေး နှစ်ချောင်းငင် လူ ... ကိုလူ၊ သဝေထိုး မရေးချ ငသတ် မောင် ကိုလူမောင်”
သမီးက တွဲနံရံပေါ်မှ စာများကို ပေါင်း၍ ဖတ်နေပြန်သည်။ ဒီကမ္ဘာ ဂီလောကတွင် ကိုကြည်မောင်အတွက် အသာယာဆုံးအသံမှာ ယခင်ကတော့ မပြုံးက “အစ်ကို့ကိုချစ်တယ်” ဟူသော စကားသံ ဖြစ်လေသည်။ သို့သော် ခုတော့ သမီး၏စာအံသံက ၍ သာယာနေပြီဖြစ်လေသည်။
"တခုတော့ လိုသေးတယ်၊ သားလေး တယောက်လောက် ရပြီး သင်္ကန်းတောင်း ရွတ်တဲ့အသံ၊ အဲဒါလေးကိုသာ ကြားရယင် ဘဝမှာ ပြည့်စုံပါပြီ”
ကိုကြည်မောင်က တွေးသည်။ မျက်စောင်းထိုးခုံမှ လူငယ်ကလေးကို အမှတ်မဲ့ လှမ်းကြည့်မိသည်။ ခုနတုန်းကတော့ သူ့ဘေးတွင် စာအုပ် ချထားသည်။ ထိုင်မည် ဟန်ပြင်သော လူအားလုံးကို လူရှိသည်ဟု ပြောလွှတ်နေသည်။ ခုမှ ချက်ချင်း ဘာဖြစ်သည်မသိ။ သူ့စာအုပ်ကလေးကို သူ့ဟာသူ ပြန်၍ဆွဲယူကာ နောက် ရောက်လာသော မိန်းကလေးနှစ်ဦးကို ထိုင်ခွင့်ပေးသည်။
“အင်းလေ လေဒီဒိုင်ယာနာ ဆံပင်နဲ့ ၁၈-နှစ်အရွယ်လောက် ကောင်မလေးတွေ ဆိုတော့ ခုနတုန်းက ကွမ်းရာ ဝါးနေတဲ့ ကုလားမနဲ့တော့ ဘယ်တူပါ့မလဲ"
ကိုကြည်မောင်က ပြုံးမိလေသည်။ မိန်းကလေး ချောချောလေးတွေကို မျက်နှာလုပ်ရမှာက ငါတို့ယောက်ျားသားတွေရဲ့ မွေးရာပါတာဝန်ပဲဟု ဆက်၍ တွေးမိသည်။ သူငယ်ငယ်တုန်းက အပိုးအပန်းသန်ခဲ့သည်များကို ဖြုန်းကနဲ သတိရသည်။ အင်းလျားဆောင်၊ မာလာဆောင်များရှေ့တွင် ညတိုင်း တယော သွားထိုးခဲ့ သီချင်းသွားဆိုခဲ့ရသည်များကို တွေးယင်း အတွေးက ပျံ့လွင့်ချင်လာသည်။ သူ့ခမျာ မာလာ၊ အင်းလျား ပြေး၍ဂေါ်နေရသော်လည်း တယောက်မှတော့ မညံ့ခဲ့ချေ။ သူ ချိန်လိုက်လျှင် အတွဲရကာ ခေါ်သူများနောက်သို့ မကြာခင် ပါသွားတတ်သောကြောင့် "ချိန်ပါ”ဟူသော အမည်ကြီးကိုပင် မုန်းမုန်းနှင့် လက်ခံခဲ့ရလေသည်။ နောက်ဆုံးတော့လည်း အမေပေးစားသောမိန်းမကိုပင် ရခဲ့သည်။
မပြုံးက သူ့ကို ခပ်ရဲရဲကြည့်ကာ “ကျွန်မက ကောလိပ်ကျောင်းထွက်လဲမဟုတ်ဘူး၊ နောက်ပြီး ရည်းစားတယောက်ပါ ထားဖူးသေးတယ်၊ ရှင်လဲ အမေပြောတိုင်း ခေါင်းမညိတ်ပါနဲ့။ ကိုယ့်ဟာကိုယ် ကြိုက်နိုင်မှ ကျွန်မကို ယူပါ”ဟု ပြောသည်။
မပြုံးတော့ ဘယ်လိုနေသည်မသိ၊ ကိုကြည်မောင်ခမျာမှာတော့ ထိုစကားကိုကြားရသောအခါ မပြုံးကိုပဲအားနာသလိုလို၊ မျက်နှာပူသလိုလို ဖြစ်ခဲ့ရသည်။ မပြုံး၏သတ္တိကိုလည်း ချီးကျူးမိသည်။ သူက ခပ်ပျော့ပျော့ ခပ်အေးအေးသမားမို့ မပြုံးလို ခပ်ထက်ထက် ခပ်စွာစွာ မိန်းမမျိုးကို သဘောကျလေသည်လားတော့ မပြောတတ်။
"ဖေဖေ"
"ဘာလဲသမီး"
“မေမေက ပြောတယ်။ မေမေ့ဗိုက်ထဲမှာ မောင်မောင်လေး ရှိတယ်ဆို ဟုတ်လား”
“ဟုတ်တယ်၊ မောင်မောင်လေးရှိတယ်”
ဒီတခါတော့ သားလေးပဲရမှာပါ၊ ကိုကြည်မောင်က တထစ်ချ တွေးသည်။ မပြုံး၏ကိုယ်ဝန်က ငါးလခန့်ရှိပြီ။ ဒီတယောက် မွေးပြီးလျှင်တော့ မပြုံးက တော်ချင်ပြီဟု ပြောသည်။
"အစ်ကိုက ဘာမှမသိဘူး၊ ရသမျှလခလေး မိန်းမအပ်လိုက်ယင် ပြီးရော အောက်မေ့နေတာ၊ အစ်ကို့လခက သုံးရာကျော်ကျော် လေးရာလောက်ရယ်၊ ဒါတောင် ခုနောက်ပိုင်း တိုးလာပေလို့၊ အဲဒီလောက်နဲ့ အလျင်မီအောင် ကျွန်မ ကြံရဖန်ရ လုပ်လိုက်ရတာ၊ ပြည်သူ့ဆိုင်က ဆန်ဆိုတာနဲ့ ပြေးကောက်၊ ဆီဆိုတာနဲ့ပြေးကောက်၊ တကျပ် ငါးမူးရရ ဆိုင်ပြန်သွင်း။ တော်ကြာ ဝက်အူချောင်းလှမ်းရ၊ နနွင်းမကင်းဖုတ်ရနဲ့ ဒီသမီးနှစ်ယောက် ကို ဝဝစားရအောင်၊ လှလှဝတ်ရအောင်၊ ကြံရ ဖန်ရတာ။ ဒီကြားထဲ အစ်ကိုက သမီးကြီးကို တွေ့ကရာမုန့်တွေ ဝယ်ကျွေးနေသေးတယ်။ ပိုက်ဆံက လွယ်လွယ်ရတာမဟုတ်မှန်း လွယ်လွယ်နဲ့ဖြုန်းတယ်။ ကဲ နောက်တယောက် တိုးပါပြီတဲ့၊ အစ်ကိုကတော့ ရသမျှလခပဲ ထိုးအပ်မှာ၊ မလောက်ဘူးအစ်ကိုရဲ့။ ကလေးတားမှ ဖြစ်တော့မယ်။ ဆေးစားရမလား၊ အစ်ကိုပဲ သားကြောဖြတ်မလား၊ ကျွန်မပဲ ဖြတ်ရမလား၊ တခုခုတော့ လုပ်မှ"ဟု မပြုံးက ပြောခဲ့သည်။
သူ ဘာပြောရမည်နည်း။ သူတို့အိမ်ထောင်တွင် မပြုံးပြောသည့်စကားသည်သာ အတည် ဖြစ်သည်။ မပြုံးက မမွေးချင်တော့ဘူးဟုဆိုလျှင် မမွေးရုံသာ ရှိတော့သည်။ တကယ့်တကယ်တော့ သူကလည်း သိပ်ပြီးစဉ်းစားသည်မဟုတ်၊ ဘာဖြစ်ဖြစ် မပြုံးစဉ်းစားလိမ့်မယ်။ မပြုံးလုပ်လိမ့်မယ်ဟူသောအတွေးနှင့် ခေါင်းရှောင်ပြီး ခပ်အေးအေး ခပ်ပေါ့ပေါ့ နေတတ်သည်မှာလည်းအမှန်ပင်။
“ကုန်သွားပြီ”
သမီးက ဓားလှီးရေခဲချောင်းမှ တုတ်တံလေးကို အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။
“အိမ်ကျလို့ သမီးအမေက ဘာစားခဲ့လဲမေးနေယင် ဓားလှီးစားခဲ့တယ် မပြောနဲ့အုံးနော်”
"မပြောပါဘူးဖေဖေရဲ့၊ မေမေက သမီးကိုပြောတယ်၊ ပိုက်ဆံ သိပ်မဖြုန်းနဲ့၊ မောင်လေးဖို့ စုရအုံးမယ်တဲ့"
“အင်း စုရအုံးမယ်”
ပိုက်ဆံစုရန်လည်း မပြုံး၏တာဝန်သာဖြစ်နေသည်။ မနေ့ညကတော့ ပုသိမ်ဟာလဝါထိုးပြီး ဆိုင်သွင်းရန် ကြံစည်ပြီး တွက်ချက်နေသေးသည်။ “သကြားဈေးက ကြီးတော့ သိပ်မကိုက်ဘူး အစ်ကိုရယ်” ဟု ပြောလေသည်။ သူကတော့ ဦးဆောင် ခေါင်းရွက်ပြု၍ မကြံစည်တတ်။ မပြုံးက ဟာလဝါအိုး မွှေပေးပါ ဆိုလျှင်တော့ ချွေးပြိုက်ပြိုက်ကျအောင် ထိုးမွှေပေးမည် ဖြစ်လေသည်။ သူက နဂိုကမှ ခပ်အေးအေးနေတတ်သည့်ပြင် လည်လည်ဝယ်ဝယ်လည်းမရှိလေတော့ ရုံးလခအပြင် အပိုဝင်ငွေကို မရှာတတ်။ ရုံးကိစ္စနှင့်ပတ်သက်ပြီး ဝင်လာသော ဘေးပန်း ဝင်ငွေလေးများပင် သူ့ဆီသို့ ဘယ်တော့မှမရောက်တတ်။ သူ့ ထက်လျင်သော ထွန်းဟန်တို့ ညွန့်ကြည်တို့လက်ထဲသို့သာ ရောက်သွားတတ်သည်။
“မပြုံးနဲ့ရတာ ကံကောင်းတာပဲ၊ ငါ ကျောင်းသားဘဝတုန်းက ပိုးနေတဲ့ သူဇာဝင်းတို့ သွယ်လေးခင်တို့သာဆိုယင် မပြုံးလို နနွင်းမကင်းထိုးဖို့၊ ဟာလဝါထိုးဖို့ စိတ်ကူးမှာ မဟုတ်ဘူး၊ လက်သည်းရှည်လေး မကျိုးအောင်ပဲ သ နေကြမှာ၊ ဟဲ့ ဗုဒ္ဓေါ"
တစုံတဦးက ကိုကြည်မောင်၏ပေါင်ကို ကုတ်နေသည်။ အတွေးကောင်းနေစဉ်မှာ ရုတ်တရက် လန့်သွားသည်။
“ပိုက်ဆံလေး ငါးပြားလောက်”
သူငုံ့ကြည့်လိုက်သောအခါမှ သူ့ပေါင်ကို ကုတ်နေသော လက်ချောင်းပိန်ပိန် မည်းမည်းလေးများက နောက်သို့ ယိုသွားလေသည်။ လက်ချောင်းလေးတလျှောက် လိုက်၍ကြည့်မိတော့ ကြက်တောင်စည်း စည်းထားသော မျက်နှာလေးတခုကို မြင်သည်။ သနပ်ခါးဘဲကြား၊ ရှင်မီးအင်္ကျီက ညစ်ထပ်ထပ်။
"ဦးလေးရယ် ထမင်းဖိုးလေး ငါးပြားလောက်"
သူက ခေါင်းခါပြလိုက်မည် စိတ်ကူးသည်။ သို့သော် “ငါ့သမီးလေးလောက်ရှိမှာပဲ” ဟူသောအတွေး ဝင်လာတော့ ခေါင်းမခါရက်တော့။ အင်္ကျီအိတ်ထဲသို့ လက်က အလိုလိုရောက်သွားသည်။ ဆယ်ပြားစေ့တစေ့ ထုတ်ပေးလိုက်သည်။မပြုံးပြောသည်ကို သတိရပြန်သည်။
“ကလေးတွေ ထပ်ခါထပ်ခါ မလိုချင်ဘူး အစ်ကိုရယ်၊ ရှိသမျှကလေးတွေကိုတောင် မနည်းကျွေး၊ မနည်းဆင်နေ ရတာ။ မီးရထားပေါ်က သူတောင်းစားလေးတွေ တွေ့ယင် သိပ်စိတ်ဆင်းရဲတာပဲ၊ ကိုယ်မကျွေးနိုင်ပဲနဲ့များ ဘာပြုလို့ မွေးနေကြတယ် မသိပါဘူ။ ကျွန်မကတော့ မကျွေးနိုင်ယင် မမွေးချင်ဘူး”ဟု ပြောသည်။
တွေး၍မှမဆုံးသေး၊ "အစ်ကိုကြီးတို့ အစ်မကြီးတို့” ဟူသောအသံကို ကြားရပြန်သည်။ ဟောင်းနွမ်းညစ်ပေသော အဝတ်အစားများနှင့် မိန်းမငယ်တဦး ကလေးတယောက်ကို ရင်ခွင်တွင် ထားသည်။ အခြားကလေးတဦးကို လက်ဆွဲ ထားသည်။
“အင်း ဘာလုပ်ရမယ်မသိဘူး၊ မပြုံးကလဲ သွေးဆုံးဖို့ အဝေးကြီး လိုသေးတာ၊ ဆေးစားပြန်ယင်လဲ ကြာရှည်စွဲပြီး စားလို့ ကောင်းပါ့မလား၊ သုံးလတခါ ထိုးရတဲ့ ဆေးကျတော့ ဈေး ကြီးတယ် မလွယ်ဘူး၊ သားကြောဖြတ်ဖို့ ကျတော့လဲ ဥပဒေက မိသွားယင်ဒုက္ခ၊ တားထားတော့ ကောင်းပါ့မလား၊ တော်ကြာ ငါကလဲ နဂိုကမှ ကြောက်တတ်တာနဲ့တော့ အိုးနင်းခွက်နင်းတွေ ဖြစ်ကုန်မှာ၊ ကိုဘသောင်းကတော့ ပြောသား၊ သုံးရာလောက်ပေးယင် ရမယ်တဲ့"
ကိုကြည်မောင်က သူတောင်းစား မိန်းမရွယ်၏လက်ထဲမှ ကလေးကိုကြည့်ကာ တွေးနေမိသည်။ မပြုံးကတော့ အစ်ကို လုပ်လိုက်ပါလားဟု ပြောသည်။ ယောက်ျားကို ပြုလုပ်လိုက်သည်က လွယ်သည်၊ ခဏလေးနှင့် ပြီးသည်။ သူတို့မိန်းမများကိုပြုလုပ်ဖို့ကိစ္စကျတော့ လျှောက်လွှာတင်ပြီး အစိုးရက ခွင့်ပြုမှ ကလေးမွေးဖွားအပြီးတွင် တခါတည်း ဆက်လက်ခွဲစိတ် ဖြတ်တောက်ပေးခြင်းဖြစ်သည်။ အပြင်တွင် ကလေးအတော်များများမွေးပြီးသူ၊ ငွေရေးကြေးရေး အဆင်မပြေသူများကိုမှ ခွင့်ပေးသည်။ သူတို့က အပြင်မှာ ကလေးနှစ်ယောက်သာရှိသေးသည်။ သင့်တင့်သောလခရှိ၍ ကလေးကို မကျွေးနိုင်လောက်အောင် ဆင်းရဲသူများဟု ပြော၍မရ၊ လျှောက်လွှာတင်လျှင်လည်း တင်ရုံသာ ရှိမည်။ ခွင့်ပြုချက်ရမည် မဟုတ်။
"ဖေဖေ"
"ဘာလ၊ သမီး"
“ဟိုမှာ အီးအီးပုံကြီး”
“ဟုတ်ပါရဲ့ကွယ်”
မီးရထားတဘက်သံလမ်းပေါ်မှ မစင်ပုံကို သမီးက မြင်ဖြစ်အောင် မြင်သည်။ နှာခေါင်းလေးရှုံ့ကာ လက်ညှိုးထိုး၍ပြသည်။ မစင်ပုံအနားတွင် ကော့လန်နေသော သားရေဖိနပ်ပြတ် တဘက်က လဲလျောင်းနေလေသည်။
“နံတယ် ဖေဖေ”
“ချေးပါဆိုမှ နံတာပေါ့ဟ"
အနံ့အသက် ဆိုးသောကြောင့် အိမ်သာခန်းနှင့် ဝေးဝေးတွင် နေရာယူကာမှ မစင်ပုံနား ရောက်ရတော့သည်ဟု တွေးပြီး ရယ်ချင်သွားသည်။ ခုနတုန်းက မသိလိုက်ဘာသာ နေမိသော်လည်း သမီးပြောသောအခါမှ ပို၍နံလာသလိုရှိသည်။
"ရထားကြီးက မထွက်သေးဘူးလားဟင်”
“ထွက်တော့မယ်၊ ငါးမိနစ်ပဲ လိုတော့တယ်”
“ရထားကြီးရယ် ထွက်ပါတော့၊ သမီး နံလှပေါ့၊ ရထားကြီးရယ် ထွက်ပါတော့”
သမီးက သီချင်းလုပ်ဆိုနေသည်။ အရှေ့ဘက်ခုံမှ အဘွားကြီးက သမီးကိုကြည့်ကာ ပြုံးလေသည်။ ကိုကြည်မောင်သည် မီးရထားစီးရသည်ကို အလွန်ကြိုက်သည်။ မီးရထားသည် ဘတ်(စ်) ကားလောက်တော့ မကျပ်၊ ဘတ်(စ်) ကား လောက်လည်း တိုးကြိတ်ပြီး မဆင်းရ၊ မတက်ရ။ နေရာမရ၍ ရပ်ရလျှင်လည်း ငါးခြောက်ပြားဖြစ်လောက်သည်အထိ မကျပ်။ တခုပဲ ဆိုးသည်။ ဘတ်(စ်)ကားက အိမ်သာခန်းမပါ၊ မီးရထားတွင်တော့ အိမ်သာခန်းပါသည်။ အိမ်သာပါတော့လည်း အဖိတ်ဖိတ်အစင်စင်၊ အပေပေ အရေရေ သွားတတ်သောသူများကြောင့် ညစ်ပတ်သည်။နံစော်သည်။ အိမ်သာခန်းအနားကပ်ပြီးထိုင်မိလျှင် အသက်ကို မရှူတချက်၊ ရှူတချက်နှင့် အောင့်ထားရတတ်သည်။ အခုလို ပေးဝေး ထိုင်ပြန်ပါကလည်း သံလမ်းပေါ်မှ မစင်ပုံ အစို၊ အခြောက်တွေနှင့် တိုးတတ်သည်။
"ဖေဖေ"
“ဘာလဲ သမီး”
“မေမေက သမီးတို့ဖို့ မောင်မောင်လေးကို ဗိုက်ထဲက ထုတ်ပေးမှာဆို"
"အင်း"
“ဘယ်တော့ ထုတ်ပေးမှာလဲ”
“နောက် လေးလလောက် နေယင်ပေါ့”
“နောက် လေးလ ဟုတ်လား၊ တလမှာ ရက်သုံးဆယ်နော်….."
“အင်း”
‘လေးလဆိုတော့ ဘယ်နှစ်ရက်လဲ"
“တွက်ကြည့်ပါလား သမီးရယ်”
ကိုကြည်မောင် စိတ်မရှည်တော့၊ သမီးကလည်း စကားများလွန်းသည်။ မစင်နံ့ကလည်း ယခုမှ လေသင့်ပြီး ပို၍နံလာသည်ဟု ထင်လာသည်။ နာရီကို ငုံ့ကြည့်မိသည်။ ရထားထွက်ရန် ငါးမိနစ်ကျော်ကျော် လိုသေးသည်။
နောက် လေးလလောက်နေလျှင် နောက်ထပ် ရင်သွေးတဦး ရဦးမည်။ သူလည်း ရာထူးတဆင့်တိုးကာ ကလေးနှစ်ယောက် အဖေမှ သုံးယောက်အဖေဖြစ်ရတော့မည်။ ကလေး လေးယောက် အဖေတော့ ဖြစ်ရတော့မည်မဟုတ်။ မပြုံးက သူလုပ်ချင်သည်ကို ဖြစ်အောင် လုပ်တတ်သည်။ မနက်တုန်းကတော့ မပြုံးတယောက် ပြုံးစနဲ့နဲ့ ဖြစ်နေသည်။
"လျှောက်လွှာအတွက် ထောက်ခံချက်ရအောင်လုပ်ဖို့ မခက်ပါဘူး အစ်ကိုရဲ့၊ နောက်ဆုံးပေါ်နည်း ရှိတယ်တဲ့" ဟု ပြောသည်။
“ကျွန်မ ဒေသန္တရဆရာဝန်ဆီမှာ သွားပြမယ်လေ၊ အခု ကလေးမရှိခင်က ခဏ ခဏ ပျက်ကျဖူးတယ်၊ သုံးခါလောက်ရှိပြီ၊ ကျန်းမာရေးလဲ မကောင်းဘူး၊ မူးတယ် မော်တယ် ဘာညာ ကွိက္ခလုပ်ရမှာပေါ့ အစ်ကိုရယ်။ သားဦးကိုလဲ မွေးရတာ ခက်လွန်းလို့ သေရော ဘာညာပေါ့။ ဒါမျိုးဆိုတာ ဘယ်လိုလုပ် လိုက်စစ်မလဲ၊ သနားအောင်ပြောယင် ဆရာဝန်က သနားပြီးတော့ ထောက်ခံချက်ရေးပေးမှာပဲ။ ဆရာဝန်ထောက်ခံချက်ရယင် ရပ်ကွက်ထောက်ခံချက်က ဘာ ခက်တော့မှာလဲ၊ ကိုယ့်လူအချင်းချင်းပဲ ဥစ္စာ၊ အဲဒီထောက်ခံချက်နှစ်ခုရယင် သားဖွားဆရာဝန်မကြီးဆီမှာ သွားတင်၊ တခါထဲ အမိန့်တန်းကျလာမှာပဲတဲ့။ ကျွန်မ ဒီကလေးမွေးပြီးယင် တခါထဲ အပြီး ဖြတ်တောက်ပေးလိုက်မှာပဲတဲ့၊ သိလား”ဟု ခပ်ပြုံးပြုံး ပြောလေသည်။
"ဖေဖေ"
သမီးက ခေါ်ပြန်သည်။
“ဟို မမတွေဆံပင်က လှတယ်နော်၊ တိုတိုလေးတွေ"
သမီးက လေဒီဒိုင်ယာနာလို ဆံပင်ပုံစံမျိုးနှင့် မိန်းကလေးနှစ်ဦးကို ပြပြန်သည်။ မိန်းကလေးနှစ်ဦးက ခေါင်းချင်းဆိုင်ကာ တွတ်ထိုးနေသည်။ သူတို့ဘေးမှ ကောင်ကလေးက အပြင်ဘက် ငေးကြည့်နေလေသည်။
“အဲဒါ လေဒီချူနာဆံပင်နော် ဖေဖေ”
"နင့်အဘ ဘယ်ကလာ ချူနာရမှာလဲ၊ ဒိုင်ယာနာပါ သမီးကလဲ"
သားအဖနှစ်ယောက် ရယ်မိကြသည်။ သူ့ရှေ့မှ အဘွားကြီးကပါ ဣန္ဒြေမဆောင်နိုင်ပဲ လိုက်၍ရယ်လေသည်။
ခုတလော ထိုဆံပင်ပုံစံများ ခေတ်စားနေသည်။ ဒီဆံပင်ကို သာမန်စာရေးမလေး၊ ဈေးသည်လေးကသာ ထားမည်ဆိုပါက မည်သူမျှ လိုက်ပြီး အတုခိုးမည်မထင်။ သို့ပါသော်လည်း အင်္ဂလန်ပြည်၊ အိမ်ရှေ့စံ ချားလ်(စ်)မင်းသား၏ ကြင်ယာတော် လေဒီဒိုင်ယာနာက ဒီလိုဆံပင်ပုံစံနှင့်ဆိုတော့ ကမ္ဘာနှင့်အဝှမ်း၊ ဒီလိုဆံပင်ပုံတွေကို လိုက်၍ အတုယူကြတော့သည်။ မြန်မာပြည်မှ ကလေးတို့ကလည်း ဒါမျိုးကျတော့ မြန်သည်။ နေ့ချင်းညချင်း လိုက်၍အတုခိုးကြသည်။ လှသောသူနှင့်လည်း လှပါရဲ့၊ တချို့ကျတော့လည်း နဂိုရှိလက်စ မျက်နှာနှင့် ထိုဆံပင်က မလိုက်ဘက်၍ ကြည့်ရဆိုးလှသည်။ ခုလို ဆယ်ကျော်သက်ကလေးတွေက လိုက်၍ အတို့ညှပ်ကြသည်က မထောင်းသာလှ။ သုံးဆယ်ကျော်၊ လေးဆယ် မမများကပါ လေဒီဒိုင်ယာနာကြသည်ကတော့ ကြည့်၍မကောင်းလှ။
“သမီးဆံပင်ကျတော့ အဲဒီလောက် မလှဘူးနော်ဖေဖေ"
သမီးက အရွယ်နှင့်မလိုက်အောင် လှချင်သည်။ လေဒီဒိုင်ယာနာရောဂါသည် နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်မမများကိုသာမက သမီးတို့အရွယ် ငါးနှစ်၊ ခြောက်နှစ် မမကလေးများကိုပါ ကူးစက်လေသည်။ ယခင်က သမီးဆံပင်လေးမှာ ဂုတ်အထိ ဝဲသည်။ သူ့အမေက ဖဲကြိုးနှင့် နှစ်ဘက်ခွဲ စည်းပေးတတ်သည်။ သို့သော် သမီးက ကျောင်းကရောဂါကူးလာပြီး ဖဲကြိုးကို မကြိုက်တော့။ ဆံပင်ကို ညှပ်ချင်သည်ဟု ပူဆာသည်။ ဒီတော့ မပြုံးက သမီးအလိုကျပင် ကတ်ကြေးတလက်ကို ကောက်ကိုင်တော့သည်။
မပြုံးက နနွင်းမကင်း ထိုးတတ်သော်လည်း၊ ဟာလဝါထိုးတတ်၊ ဝက်အူချောင်းလုပ်တတ်သော်လည်း ဒိုင်ယာနာ ဆံပင်ကို ဘယ်လိုညှပ်သနည်းကိုမူ နားလည်သူမဟုတ်။ တွေးသူမဟုတ်။ သမီးကို ဆံပင်အလှပြင်ဆိုင် ပို့ရန်လည်း စဉ်းစားသူ မဟုတ်။ ဒီတော့လည်း သမီး၏ဆံပင်လှလှလေးများကို စုကိုင်ကာ ကတ်ကြေးနှင့် တိချလိုက်လေသည်။
"နော် ဖေဖေ၊ သမီးဆံပင်က လှရဲ့လား"
“သမီးဆံပင်က လေဒီဒိုင်ယာနာဆံပင် ညှပ်ယင်းနဲ့ မေမေက လက်ချော်ပြီး တိန့်ရှင်ချောင်ဆံပင်ဖြစ်သွားတာကိုး"
ကိုကြည်မောင်က ပြောယင်း ရယ်မိလေသည်။ သမီးက ရယ်နေသောဖခင်ကို မော့ကြည့်ကာ သူ့ဆံပင်သူ စမ်းကြည့်လေသည်။ ထို့နောက် တခစ်ခစ် လိုက်၍ရယ်သည်။
* * *
“ဒီသားအဖကိုကြည့်ရတာ ပျော်စရာတော့ အကောင်းသား၊ အဖေက ခပ်ပျော့ပျော့၊ သမီးက ခပ်ပျော်ပျော်”
ဒေါ်အေးကျင်က တွေးမိသည်။ သူ၏သားမက်ဖြစ်သူ မောင်မောင်အေးကို သတိရသည်။ မောင်မောင်အေးသည် ကလေးများနှင့် အရောတဝင် ပျော်ပျော်ရွှင်ရွှင် နေလေ့မရှိပေ။ ခပ်တည်တည် ခပ်ထန်ထန်ပင် နေလေ့ရှိသည်။သူ၏သမီးနှင့်တကွ မြေးကလေးများကပါ အားလုံး ကြောက်ကြရလေသည်။
“သူ့မိန်းမနဲ့ သူ့ကလေးတွေ ကြောက်ရတာက ထားပါတော့၊ ငါတောင် ကြီးတောင့်ကြီးမားနဲ့ ဒီသားမက်ကို ကြောက်နေရသေးတာပဲ”
သားမက်ဖြစ်သူက စီးပွားရှာကောင်းသည်။ စိန်ဂျွန်းဈေးထဲတွင် ပလတ်စတစ်ပစ္စည်းများ ရောင်းလေသည်။ အမြတ်က မဆိုးလှ။ ခက်သည်က သူ့သမီးဖြစ်သည်။ စီးပွားရေးကို လုံးဝ နားမလည်။ တတပ်တအား ကူရန်လည်း မစဉ်းစား၊ စိတ်လည်း မဝင်စား။ ကလေးတွေ တယောက်ပြီးတယောက် မွေးရန်သာ စိတ်ဝင်စားဟန်တူသည်။ အသက်သုံးဆယ်အရွယ်တွင် ကလေး လေးယောက်နှင့် တဗိုက်မျှ ချမ်းသာနေပြီဖြစ်လေသည်။
“မိဝါနော်၊ နင် ကလေးတွေ ထပ်မွေးဖို့ မကောင်းတော့ဘူး” ဟု သူက မကြာခဏ သတိပေးတတ်သော်လည်း သမီးဖြစ်သူ ၀ါဝါခင်က အရေးမစိုက်လှ။ ရှက်သလို ပြုံးနေတတ်သည်မှအပ ဘာမှ အဆီးအတားပြုလုပ်ဟန်မတူ၊ နှစ်နှစ်လျှင် တယောက် မှန်မှန်မွေးနေလေသည်။ မောင်မောင်အေးက ဆေးလုံးလေးများ ဝယ်လာကာ သောက်ခိုင်းသော်လည်း မှန်မှန်မသောက်။ ယခု နောက်ဆုံးကလေးသည် ဆေးသောက်နေသည့်ကြားထဲမှ ရှိလာခြင်းဖြစ်သည်။
“အင်း၊ ဒါကြောင့်လဲ မောင်မောင်အေးက ပြောတာ၊ ဝက်သာဆိုယင်တော့ အတော်အဖိုးတန်မယ်လို့"
မောင်မောင်အေးက သူ့သမီးကို အထင်ကြီးဟန်မရှိသည်ကိုတော့ ဒေါ်အေးကျင် စိတ်မကောင်း။ သို့သော်လည်း သမီးကလည်း သမီးပင်၊ အတော်ထုံ၍ အတော်ထိုင်းလေသည်။ ဘာတခုမှ ချက်ချက်ချာချာမရှိလှပေ။ သူ့ယောကျ်ားက သူ့ကို ဆေးမှန်မှန်မသောက်ရကောင်းလားဟု ဆူတော့ သူပြန်ပြောပုံကို ကြည့်ပါအုံး။ “ဝါဝါက မွေးရုံမွေးတာပဲကိုကိုရယ်၊ ထိန်းတော့မေမေ ထိန်းနေတာပဲ"တဲ့။
“ငါ ထိန်းနေတာတော့ ဟုတ်ပါရဲ့၊ ငါ့မှာ မြေးအလုပ်တွေ ပတ်ချာဝိုင်းပြီး ဘုရားမရှိ၊ တရားမရှိ၊ ဘာဝနာမရှိ၊ အခုပဲ အသက်က ခြောက်ဆယ်နား ကပ်နေပြီ"
ဒေါ်အေးကျင်က တွေးယင်း … ဝမ်းနည်းလာသည်။ သူ့မှာ လပြည့် လကွယ်မို့ပင် ဘုန်းကြီးကျောင်းလေး၊ ရိပ်သာလေး သွားပြီး တရားအားမထုတ်နိုင်၊ ဥပုသ်မစောင့်နိုင်။ သူမို့လို့ ဥပုသ်စောင့်သွားမည်ဟု ဆိုလျှင် သမီးဖြစ်သူက မကောင်းတတ်၍သာ ဘာမှမပြောသော်လည်း၊ မျက်နှာက ဇီးရွက်လောက်သာ ရှိတော့သည်။
နို့ညှာကောင်က "ဘွားဘွားနဲ့ လိုက်မယ်၊ တားတားလဲ ဥပုသ်ရောင့်မယ်”ဟု အာပြဲကြီးနှင့် အော်ကာ သူ့ထဘီစကို ဆွဲထားတတ်သည်။
အငယ်ဆုံးကောင်ကလည်း “မေမေကျွေးနဲ့၊ ဘွားဘွားကျွေး၊ မေမေကျွေးနဲ့" အော်ကာ၊ အမေ ခွံပေးနေသော ထမင်းကို လုံးဝမစားပဲ ဆန္ဒပြတတ်လေသည်။ ဒီတော့ ဒေါ်အေးကျင် ဘာလုပ်ရမည်နည်း။ လူကသာ ရိပ်သာရောက်ပြီး ဘုန်းကြီးဟောသမျှ ပုဆစ်တုတ်၍ နာယူနေသော်လည်း တလုံးမှ နားထဲမဝင်တော့ပေ။ သူ့စိတ်က အိမ်သို့သာ ရောက်နေသည်။ အင်း.... နို့ညှာကောင်က ခပ်ဆိုးဆိုးရယ်၊ မြေကြီးထဲ လူးငိုနေယင်တော့ သူ့အမေ ရိုက်တော့မှာပဲ၊ အငယ်ဆုံးကောင်ကလဲ ထမင်းကို တစေ့မှ ဝင်မှာမဟုတ်တော့ဘူး”ဟု တွေးယင်း၊ ဘုန်းကြီးဟောသောတရားကို “သာဓု သာဓု” ခေါ်လိုက်ရသည်။ ဘာတွေမှန်းပင် မသိလိုက်ချေ။ ထို့ကြောင့် ကိုယ့်ဟာကိုယ် အိမ်မှာ ဥပုသ်စောင့်တာကမှ ကောင်းအုံးမယ်ဟု တွေးကာ အိမ်တွင်ပင် ဥပုသ်စောင့်ရန် ကြိုးစားသည်။
“အင်း...အဲဒါကမှ ပိုဆိုးတာ”
ဒေါ်အေးကျင် ပြုံးမိသည်။ အိမ်မှာနေတော့လည်း အိမ်၏ထုံးစံအတိုင်း အိမ်အလုပ်များက ပိုင်းဝိုင်းလည်နေတော့သည်။ ပုတီးစိပ်လိုက်မည်ဟု စဉ်းစားကာ ပုတီးကိုကိုင်သည်။ “ဣတိပိသော ဘဂဝါ ဟဲ့ ဟိုအကောင်၊ လှေကားပေါ် တက်ပြန်ပြီလား၊ လိမ့်ကျနေဦးမယ်နော်၊ ဣတိပိသော ဘဂဝါ၊ အရဟံ သမ္မာ သမ္ဗုဒ္ဓေါ၊ ဟဲ့ ကျတော့မယ်၊ မိအေး နင်ဘာလုပ်နေလဲ၊ ဒီမှာ ကလေးလာကြည့်စမ်း၊ တော်ကြာ ကျတော့မှ ကျပြီကျပြီ အော်နေရမယ်၊ အဲဒီပန်းကန်တွေ ပြီးမှ ဆေး၊ ထားလိုက်အုံး။ ဣတိ အဲဒါကို ယူမဆော့နဲ့သမီး၊ အဲဒါ ပိသော ဘဂဝါ အရဟံ... ဘွားဘွားရဲ့ စာကြည့်မျက်မှန် ကွဲသွားလိမ့်မယ်၊ အရဟံသမ္မာ ဟဲ့ သမီး မိဝါ ကိုယ့်မှာ ကိုယ်လေးလက်ဝန်ကြီးနဲ့၊ ဒီကကောင် ဧရာမကြီးကို ဘာကိစ္စ ချီနေရတာလဲ။ ဟဲ့ကောင် ဆင်း၊ အသက် လေးနှစ်ပြည့်တော့မယ်၊ ကလေးမဟုတ်ဘူး”
ကဲ ..ထိုသို့သော ပုတီးစိပ်နည်းနှင့် မနက်ရှစ်နာရီက စရွတ်သော ဂုဏ်တော်ကိုးပါး ပုတီးသည် ညရှစ်နာရီသာ ရောက်သွားသည်။ တပိုဒ်ကိုပင် ဖြောင့်ဖြောင့် မရွတ်နိုင်ချေ။
“ခင်ဗျားတို့သုဝဏ္ဏက သွားရေးလာရေး ခက်ခဲတာ ထားလိုက်ပါတော့၊ ရေဒုက္ခ မီးဒုက္ခကတော့ ကြီးလှသဗျာ"
တခုံကျော်မှ အသံကို ကြားရသည်။ ဒေါ်အေးကျင်၏အတွေးသည် စိပ်ပုတီးဆီမှ သုဝဏ္ဏသို့ ရောက်သွားပြန်လေသည်။
“သုဝဏ္ဏမှာ ရေဒုက္ခကြီးတာတော့ ပြောမနေနဲ့တော့၊ တော်ကြာ ရေပိုက်ပေါက်ပြန်ပြီ၊ မလာပြန်ဘူး လေးငါးရက်၊ ဟော နောက်တခါ ရေစက်ပျက်ပြန်ပြီ၊ မလာပြန်ဘူး လေးငါးရက်၊ ဟောဒီမှာ ကျုပ်ရှေ့က ပလတ်စတစ်ပုံးကို ကြည့်၊ အဲဒါ သုဝဏ္ဏ ရေမလာလို့ မြို့ထဲက ဘုန်းကြီးကျောင်းမှာ သွားပြီး လျှော်ခဲ့ရတဲ့ အဝတ်တွေ"
ဒေါ်အေးကျင်က စိတ်ထဲမှ ရေရွတ်မိသည်။ သူ့ရှေ့မှ ပလတ်စတစ်ပုံးပြာပြာကို ပလတ်စတစ်ခွက်ဝါ၀ါနှင့် အုပ်ထားသည်။ ခွက်ကို လှန်ကြည့်လျှင် ရေစင်စင်ညှစ်ထားသော အဝတ်များကို အခွေလိုက် တွေ့ရမည်ဖြစ်သည်။ သူ၏မြေး လေးကောင်၏ အဝတ်များဖြစ်သည်။ ရေမလာသည်မှာ ငါးရက်ခန့်ရှိပြီဆိုတော့ ကလေးများ ဝတ်စရာ မရှိတော့၊ ရေမချိုးရသည်က ထားပါတော့၊ ခြေလက်ကလေး ဆေး၊ မျက်နှာသစ်ပြီး အင်္ကျီမလဲလို့ကတော့ မရ။ အင်္ကျီလေးပါ လဲလိုက်ပါမှ အတန်ငယ် စိတ်ကြည်ပြီး အအိုက်ပြေသလိုလိုရှိသည်။ နွေရာသီဆိုတော့လည်း ဖုံနှင့် ချွေးနှင့် ကပ်ခါ အင်္ကျီအဝတ်အစားက ညစ်ပတ်သည်။ ကလေးများက ပို၍ဆိုးတော့သည်။
ဒီနေ့တော့ ဒေါ်အေးကျင် မနေနိုင်တော့၊အရေးကြီးသောအဝတ်များကို စု၍ထုပ်ကာ ဦးကေသရကျောင်းသို့ လာခဲ့သည်။ ဘုန်းကြီးကျောင်းက ပုစွန်တောင်ပန်းခြံထောင့် ဆိုတော့ ရထားပေါ်မှဆင်းပြီး ကားတတန် ပြန်စီးရသေးသည်။ မရွှေဝါဝါခင်က သူ့သားတွေ သမီးတွေကို ရေအချိုးထည့်လိုက်ချင်သေးသော်လည်း သူက မခေါ်ခဲ့၊ ရထားတတန် ကားတတန်နှင့်မို့ ဒီမျောက်တအုပ်ကို သူမထိန်းနိုင်။ အဝတ်တွေကို ပလတ်စတစ်ပုံးထဲ ဖိသိပ်ထည့်ပြီး သူ့အိမ်က ထွက်မည်ပြုတော့ နို့ညှာကောင်က ထုံးစံအတိုင်း ထဘီစဆွဲကာ ငိုသည်။ ဒီအကောင်ကိုတော့ ခေါ်သွားရ ကောင်းမလားဟု စဉ်းစားမိသေးသည်။ သို့သော် ခေါ်လျှင် တယောက်ထည်း ကွက်ခေါ်လို့မရ၊ ကျန်သုံးကောင်က ငရဲအိုးပွက်သည်သို့ ညံနေအောင်ငိုကြတော့မည် ဖြစ်သည်။ မရွှေဝါကလည်း သူ့ကလေးတွေ တပုံတခေါင်းကြီးကို သူနှင့်ထည့်လိုက်ကာ၊ သူက အငှားဆိုင်မှ ငှားထားသော ရုပ်ပြဇာတ်လမ်းကို အေးအေးဆေးဆေး ဖတ်ချင်ပုံရသည်။
“ကလေးတွေလဲ သူတို့အဘိုးကို မတွေ့ရတာ ကြာပြီ”ဟု ပြောသည်။ “ကြာယင် တအိမ်လုံးလိုက်ခဲ့ကြပါလား၊ အိမ်ကို ပိတ်ထားခဲ့၊ ဟိုမှာ ရေမိုးချိုး လျှော်ဖွပ်ပြီးမှ ပြန်လာကြ”ဟု သူကပြောတော့ မလှုပ်တော့ပေ။ နေပူပူတွင် အပြင် ထွက်ရသည်ကို လိုလားဟန် မတူ၊ ဒေါ်အေးကျင်က အိမ်က ထွက်ခဲ့တုန်းက နေ့ခင်း ဆယ့်နှစ်နာရီ၊ နေက ကျဲတောက်အောင် ပူနေသည်။
“အင်းလေ၊ ငါကလဲ ခေါ်မယ့်သာ ခေါ်တာ၊ ဘုန်းကြီးကျောင်းဝင်းထဲမှာ တဝုန်းဝုန်း တရုန်းရုန်းနဲ့ လျှော်ကြ ဖွပ်ကြ လုပ်နေဖို့တော့ မကောင်းပါဘူး။ တော်ကြာ တိုက်အုပ်ဘုန်းကြီးက ပြောနေ ဆိုနေယင် အခက်။ ကိုခင်ကတော့ ဘာမှ သိတတ်တာမဟုတ်ဘူး၊ သူ့သမီး သူ့မြေး တွေ့ယင် ပြုံးနေဖို့ပဲ သိတာ”
ကိုခင်တယောက် ဦးကေသရဘ၀သို့ ပြောင်းသွားသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်သည်။ ၀ါဝါခင် အိမ်ထောင်ကျစကတည်းက ဖြစ်သည်။ ယခင် ငယ်စဉ်ကတည်းက ရဟန်းတခါ တက်ဖူးပြီး သာသနာ့ဘောင်တွင် ပျော်သူမို့ သူနှင့် လက် ထပ်သည့် မင်္ဂလာဦးညကတည်းက တနေ့နေ့တွင် သူ ဘုန်းကြီး ဝတ်လိုသည်။ မတားမဆီး ခွင့်ပေးပါရန် အနူးအညွတ်တောင်းပန်ခဲ့သူဖြစ်သည်။ သူက မျက်ရည်မသိမသာဝဲယင်း “ဒီလိုဆို ရှင် ဘာလို့ ကျွန်မကို ယူရသေးလဲ၊ ရှင့်ဟာရှင် အေးအေးဆေးဆေး ဘုန်းကြီးဝတ်နေပါလား”ဟု ပြောတော့ “အခု မဟုတ်သေးပါဘူးကွယ်။ အသက်ကြီးလာတဲ့တနေ့၊ ပင်စင်ယူတဲ့တနေ့၊ သားတွေ သမီးတွေကို စိတ်ချရတဲ့တနေ့ကို ပြောတာပါ”ဟု ပြောလေသည်။
“အင်း… တကယ့်တကယ်တော့ ငါတို့က အချင်းချင်းကြိုက်ပြီး ယူကြတာမှ မဟုတ်တာ၊ သူ့မှာလဲ ရည်းစားနဲ့၊ ငါ့မှာလဲ ရည်းစားနဲ့။ သူ့အဖေက နှလုံးရောဂါသည်၊ ငါ့အမေက သွေးတိုးရှိတယ်။ ငါတို့နှစ်ယောက်မှ မယူကြယင် သူတို့တွေ သေပါတော့မယ်ဆိုလို့သာ ယူခဲ့ကြရတာ။ ကိုယ့်ဘာသာကိုယ် ချစ်ကြိုက်ပြီး ယူခဲ့ကြတဲ့လူတွေလောက်တော့ သံယောဇဉ်ဘယ်ကြီးနိုင်မလဲ”
ကိုခင်သည် သူ့စကားနှင့်သူတော့ ညီလေသည်။ သားနှင့် သမီးကို စိတ်ချရသောအခါကျမှ ရဟန်းဘောင်သို့ ကူးပြောင်းသွားလေသည်။ ထိုစဉ်က သမီးကြီး ဝါဝါခင် အိမ်ထောင်ကျစ ဖြစ်ပြီး သားအငယ် အေးမောင်ခင်က မေမြို့ စစ်တက္ကသိုလ်သို့ တက်ခွင့်ရပြီဖြစ်သည်။ ခုတော့ စစ်ဗိုလ်ကြီးပင် ဖြစ်နေပြီ။ မိခင်ထံသို့ လစဉ်မှန်မှန် ငွေတစ်ရာ့ငါးဆယ် ပို့သည်။ မိန်းမယူဖို့ မစဉ်းစားသေး။
ဒေါ်အေးကျင်သည် ပလတ်စတစ်ပုံးကို တွဲနံရံနားသို့ရောက်အောင် တွန်းလိုက်သည်။ သူ့ဘေးမှ အမျိုးသမီးကို ငဲ့ကြည့်သည်။ ရုံးဝန်ထမ်းတဦးဖြစ်ပုံရသည်။ ပေါင်ပေါ်မှ ကြိမ်ခြင်းတောင်းထဲတွင် ထမင်းဗူးကိုလည်းကောင်း၊ ဝတ္ထု စာအုပ်ကိုလည်းကောင်း တွေ့ရသည်။ အပေါ်ဘက်တွင် ငှက်ပျောသီးတဖီးကို တင်ထားလေသည်။
“ရေမကောင်းလို့ မီးများကောင်းမလားဆိုတော့လဲ မကောင်းပါဘူးဗျာ၊ မီးချောင်းတွေက ၁၁-နာရီလောက်မှ လင်းတယ်။ မီးလုံးတွေလဲ တတ်နိုင်လို့ တစ်ရာအား တပ်ချင်တပ် မှိန်မှိန်ပဲ လင်းတယ်၊ စာဖတ်လို့ မရ၊ ဘာမရနဲ့။ ကလေးတွေမျာ စာကျက်လို့တောင် မရဘူး။ မီးရောင်မှိန်မှိန်လေးမှာ အတင်း အားစိုက်ကြည့်နေရတာ အကြီးမ ဆိုယင် မျက်မှန်တပ်နေရပြီ”
တခုံကျော်မှ စကားသံကို ကြားရပြန်သည်။ ဒေါ်အေးကျင် ခေါင်းတဆတ်ဆတ် ညိတ်မိပြန်သည်။
"ဟုတ်ပါရဲ့တော်၊ ကျုပ်မြေးတွေလဲ မကြာခင် မျကိစိမှုန်တော့မယ်ထင်ပါရဲ့၊ မီးကောင်းကောင်း လင်းတဲ့အချိန်လဲ ရောက်ရော၊ အိပ်ချိန်လဲ ရောက်ရော။ သူတို့ စာကျက်တဲ့အချိန်များဆိုယင် မီးက မှုန်မှုန်လေး၊ မီးချောင်းတွေ အကုန်ငြိမ်း၊ တနေ့မဟုတ်ဘူး၊ တခါတလေ မဟုတ်ဘူး၊ နေ့တိုင်းရှင့်။ အဲ တခါတလေကျတော့ အဲဒီ မှိန်မှိန်မှုန်မှုန်လေးတောင် မလင်းဘူး။ မီးကပျက်ပြန်ရော"ဟု အားရပါးရ ထောက်ခံပြောလိုက်ချင်သော်လည်း စကားပြောဖော်မရှိ။ အရှေ့ဘက်က သားအဖကလည်း ရယ်နေကြပြန်ပြီ။ ဘာပြောပြီး သဘောကျနေသည်မသိ။ သူတို့သားအဖနှစ်ယောက်တည်းနှင့် လောကကြီးတခု ဖန်ဆင်းနေပုံရသည်။ မီးရထားပြတင်းပေါက်မှ ကိုယ်ကို ကိုင်း၍ စင်္ကြန်လမ်းပေါ်မှ နာရီဝိုင်းကို ကဲကြည့်သည်။ လေးနာရီခွဲနေပြီ၊ ရထားထွက်ရန် ငါးမိနစ်ခန့်သာ လိုတော့သည်။
ဒေါ်အေးကျင်က ဦးခေါင်းကို ဗယ်ညာလှည့်ကာ ဇက်ချိုးသည်။ လည်ပင်းရိုးဆီမှ ဂျွတ်ကနဲမြည်သံကြောင့် အညောင်းပြေသွားသလိုလိုရှိလေသည်။ မစင်နံ့က ပြင်းပြင်းလေး ဝေ့နေသဖြင့် ပိုက်ဆံအိတ်ထဲမှ ပရုပ်ဆီဗူးလေးကို ထုတ်ကာ ရှူသည်။ ပရုပ်ဆီနံ့ကို သူ ငယ်ငယ်ကတည်းက အသည်းစွဲ ကြိုက်တတ်လေသည်။ မောင်မောင်ကပင် ပြောဖူးသည်။ မောင်လေ ဘဝပြောင်းပြီး ပရုပ်ဆီဗူးလေးပဲ ဖြစ်လိုက်ချင်တော့တယ်၊ ပရုပ်ဆီဖြစ်နေရတာက 'မ' နားမှာ အမြဲတမ်း နေရမယ်၊ နောက်ပြီး 'မ' နမ်းတာလဲ ခံရတယ်" ဟု ပြောဖူးလေသည်။
မောင်မောင့်ကို သတိရသည်။ မောင်မောင်သည် သူ၏အချစ်ဦးဖြစ်သည်။ လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်က တခါတွေ့ဖူးသည်။ ရွှေတိဂုံဘုရားပေါ်တွင်ဖြစ်သည်။ သူက ကိုခင်၏လက်ကို တွဲထားကာ မောင်မောင်ကလည်း သူ့ဇနီး၏လက်ကို ကိုင်ဆွဲထားသည်။ သိဟောင်းကျွမ်းဟောင်းများမို့ ရပ်၍ စကားပြော နှုတ်ဆက်ဖြစ်ကြသည်။ သူက မောင်မောင်နှင့်အတူ ဘုရားပေါ် တွင် သပြေပန်းလှူပြီး ဘဝဆက်တိုင်း ပေါင်းရပါစေသား” ဟု ဆုတောင်းခဲ့ဖူးသည်ကို သတိရနေသည်။
မောင်မောင်ကလည်း သတိရဟန်တူသည်။ သူ၏လက်ထဲမှ သပြေပန်းများကို ကြည့်ကာ “မမက သပြေပန်းတွေ ဘယ်ထောင့်မှာ ကပ်မှာလဲ၊ ဪ တနင်းလာထောင့်မှာ ထင်ပါရဲ့”ဟု ကိုခင့်ကို ငဲ့ကြည့်ကာ ပြောသည်။
သူက “ဟုတ်တယ်၊ ကိုခင့်မွေးနေ့မို့ ပန်းသက်စေ့ ရေသက်စေ့၊ မီးသက်စေ့ ကပ်မလို့လေ"ဟု တိုးတိတ်ညင်သာစွာ ပြောခဲ့သည်။ မောင်မောင်တယောက် ဂုတ်ပိုးတက်ကာ ဗိုက်ရွှဲနေသည်ကိုကြည့်ပြီး “အင်း စည်းစိမ်တွေ တိုးနေတာပေါ့လေ”ဟု စဉ်းစားမိကာ မကျေနပ်သလိုလို ဖြစ်ခဲ့သည်ကတော့ အမှန်ပင်။ သူ ကိုခင်နှင့် လက်ထပ်ပြီး သုံးလခန့်အကြာတွင် မောင်မောင်ကလည်း သူ့အမေသဘောတူသော မိန်းကလေးတယာက်နှင့် လက်ထပ်ခဲ့လေသည်။ 'မ' ကို မုန်းလိုက်ပါတော့၊ မေ့လိုက်ပါတော့ ဟု ပြောခဲ့သော်လည်း တကယ်မေ့သွားမည်ကိုကား စိုးရိမ်ခဲ့လေသည်။
ဒေါ်အေးကျင် သက်ပြင်းချသည်။ ခေါင်းကို မော်ကြည့်မိသည်။ ရထားတွဲအလယ်လမ်းတွင် မတ်တတ်ရပ်နေသူတဦးကို တွေ့ရသည်။ အဘိုးကြီးတဦးဖြစ်သည်။ ဆံပင်များက အတော်ဖြူနေပေပြီ။ သူ့ကို စူးစိုက်ကြည့်နေသည်။ အကြည့်ချင်းဆုံတော့ နှစ်ဦးလုံး မျက်စိလွှဲလိုက်ကြသည်။ ဒေါ်အေးကျင်က ပရုပ်ဆီ ဆက်ရှူသည်။
“မောင်မောင်နဲ့ တူသလိုပဲ”
* * *
“မမနဲ့ တူသလိုပဲ”
ဦးမောင်မောင်ဦးက တွေးသည်။ သိပ်တော့မသေချာ။ သူ့ရင်ထဲ အသည်းထဲတွင် စွဲနေသော မမက ဒီလိုအဘွားကြီးမဟုတ်။ ဒီလို ဝဝအိအိကြီးမဟုတ်။
“ငါသိမ်းထားတာကို သန်းသန်း တွေ့သွားလို့ ဆုတ်ပစ်ရတဲ့ ဓာတ်ပုံထဲမှာများ မမက သိပ်လှတာ၊ တပတ်လျှိုဆံထုံးလေးနဲ့ စပယ်ပန်းတွေက ဝေလို့၊ ပြုံးနေလိုက်တာ ပါးချိုင့်လေးကလဲ ထင်းလို့"
ဦးမောင်မောင်ဦးက ရှေ့ဘက်မှအဘွားကြီးကို လှမ်း၍ကြည့်မိပြန်သည်။ ဆံပင်ဖြူတွေ ကြောင်တဝက်၊ ကျားတဝက်နှင့် အဘွားကြီးကလည်း သူ့ကို မသိမသာ လှမ်းကြည့်သည်။ ဒီတခါတော့ သူတို့ မျက်လုံးမလွှဲမိကြတော့။ တယောက်ကိုတယောက် လက်ညှိုးထိုးကာ “ဟော”ဟု ဆိုမိကြလေသည်။
“မမ အေးကျင်လားလို့”
“ဟုတ်ပါ့မောင်မောင်ရယ်၊ ဟုတ်ပါ့"
“တူပါတယ်လို့ ထင်နေတာ၊ ရုတ်တရက်တော့ မမှတ်မိဘူး”
ဆံဖြူ သွားကြွေပြီး ပါးရေ နားရေ တွန့်နေပြီကောကွယ်၊ ဘယ်မှတ်မိတော့မှာလဲ"
“မတွေ့တာလဲ ကြာလှပြီလေ၊ ဟိုတခါ ဘုရားပေါ်မှာ တွေ့ တာ နောက်ဆုံးထင်တယ်”
ဘုရားပေါ်တွင်တွေ့တုန်းက မမသည် ပါတိတ်လုံချည်အစိမ်းနှင့် အင်္ကျီအစိမ်းကို ဝတ်ထားသည်ကို မှတ်မိသည်။ ဆံထုံးမြင့်မြင့်ဘေးတွင် စပယ်ဖြူဖြူလေး တခက်ပင် ပန်ထားသေးသည်။ အတန်ငယ်ဝလာသော်လည်း လှပ နုပျိုဆဲပင် ဖြစ်လေသည်။
"အဲဒီနောက်ပိုင်း မတွေ့ဖြစ်ကြဘူးနော်၊ သတင်းတော့ကြားပါတယ်၊ မောင်မောင် မြောင်းမြ ပြောင်းသွားရတာရော၊ ထီပေါက်တယ်ဆိုတာရော”
“ဟုတ်တယ်၊ ငါးသောင်းဆုပေါက်တယ်လေ၊ သန်းသန်းက ဈေးသွားယင်း ကြုံလို့ ထိုးလာတဲ့ထီလေးက ပေါက်တာ။ အစိုးရ ဝန်ထမ်းဆိုတော့ တသက်လုံး ကုံးရုန်းလုပ်တာတောင် ငါးသောင်း မပြောနဲ့ တသောင်းတောင် စုမိဖို့ လွယ်တာမဟုတ်ဘူး”
ထိုထီလေး ပေါက်သောကြောင့်လည်း သူ့ဘဝက အခြေကျခဲ့ခြင်းဖြစ်သည်။ စမ်းချောင်းဆီဆုံလမ်းတွင် ပျဉ်ထောင်အိမ် သင့်သင့်လေးတလုံး ဝယ်နိုင်ခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်ကဆိုတော့လည်း အိမ်ဈေးမြေဈေးက သက်သာသေးသည်။
“အဲဒီငွေလေးနဲ့ စမ်းချောင်းဘက်မှာ အိမ်လေးတလုံး ဝယ်လိုက်မိတာ မှန်သွားတယ်။ အဲဒီတုန်းကသာ အဲဒီလို မဝယ်မိယင် အခုလို ပင်စင်ယူချိန်ကျယင် အတော်ကို စိတ်ညစ်နေရမှာ”
“စမ်းချောင်းမှာ နေတာဆိုပြီး သင်္ကန်းကျွန်း ရထားပေါ်ရောက်နေတာ ရထားမှားစီးပြီ ထင်တယ်"
ဒေါ်အေးကျင်က ပရုပ်ဆီရှူယင်း ဣန္ဒြေရစွာ ပြောသည်။ မောင်မောင် ထီပေါက်သည်ဟု ကြားရစဉ်က သူဝမ်းနည်းသလိုလို ဖြစ်မိသေးသည်။ ယခင်ကသာ မောင်မောင့်လက်ထဲတွင် ထိုမျှလောက် ငွေကို ကိုင်ထားနိုင်လျှင် သူ့မိခင်သည် ကိုယ့်ထက် အသက်ငယ်သူကို မယူရ ဟူ၍ ခါးခါးသီးသီး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။
"တိုးကြောင်လေး သွားမလို့ပါ၊ သားအလတ်က အဲဒီက ဆက်သွယ်ရေးစခန်းမှာ အင်ဂျင်နီယာလေ၊ မြေးအငယ်မလေး ဖျားနေတယ် ကြားလို့ဗျာ၊ သည်က အဘိုးက မနေနိုင်ဘူး၊ ဟိုမှာ သွားနေပြီး မြေးလေးကိုထမ်းပြီး လျှောက်ရအုံးမယ်”
မြေးအငယ်မလေးက တနှစ်ကျော်၊ နှစ်နှစ်နီးပါး ရှိပြီ။ စကားလည်း အလွန်တတ်သည်။ မနေ့တုန်းက သားက သမီးအငယ်၏ရုံးကို တယ်လီဖုန်းဆက်သည်။ သမီးအငယ် ရုံးက ပြန်လာတော့ “ဖေဖေ့မြေး မိကဲလေးတော့ ဖျားနေသတဲ့၊ အဲဒါ ဘိုးဘိုးရယ် လာပါတော့၊ ဒီမှာ မျှော်လှပေါ့လို့ သီချင်းလုပ် ဆိုနေသတဲ့”ဟု ပြောသည်။
ဦးမောင်မောင်ဦးလည်း မနေနိုင်တော့၊ သူ့ခရီးဆောင်အိတ်ကလေးထဲသို့ အင်္ကျီ၊ လုံချည်လေးများ ကောက်ထည့်မိတော့သည်။
“မြေး ဘယ်နှစ်ယောက်ရနေပြီလဲ"
“ဆယ့်တစ်ယောက်ဗျ၊ အကြီးသုံးယောက်က မွေးတာလေ၊ အငယ်ဆုံးမလေးက အိမ်ထောင်မကျသေးဘူး၊ မမရော သားတွေ သမီးတွေ လက်လွှတ်ရပြီပေါ့"
“သမီးကြီးကတော့ အိမ်ထောင်ကျပြီး ကလေးက လေးယောက်၊ အခုနေတာ သမီးကြီးနဲ့ အတူပေါ့။ သုဝဏ္ဏ နှစ်ခန်းတွဲ တိုက်တွေလေ၊ ဝယ်လိုက်တာ မကြာသေးပါဘူး၊ သားအငယ်ကတော့ ရှေ့တန်းမှာ၊ ဗိုလ်သင်တန်းဆင်းတာ ငါးနှစ်ပြည့်ခါနီးပြီ၊ ဗိုလ်ကြီးတောင် ဖြစ်တော့မယ်။ သူကတော့ အိမ်ထောင် မကျသေးဘူး၊ မေမေ့ဟာမေမေ ချွေးမ ရှာပါတဲ့”
ဒေါ်အေးကျင်က ဂုဏ်ယူစွာပြောသည်။ သားငယ်က ရိုးသားသည်။ အေးဆေးသည်။ ဗိုလ်ကြီးဟူသော ဂုဏ်ကလည်း နည်းသည်မဟုတ်။ သားအတွက် ချွေးမကိုတော့ သူက ခေါင်းခေါက်ပြီး ရွေးရမည်။
“အစ်ကိုကြီးရော နေကောင်းတယ်နော်”
“ကောင်းလိုက်တာမှ ဒေါင်ဒေါင်ကို မြည်လို့၊ ဦးခင်တော့ မဟုတ်တော့ဘူး၊ ဦးကေသရ ဖြစ်နေပြီ"
“ဟောဗျာ”
“ဆယ်နှစ်လောက် ရှိပြီလေ၊ မမကိုယ်တိုင်ပဲ ရဟန်းအစ်မ လုပ်ပြီး သာသနာ့ဘောင် သွင်းပေးလိုက်ရတယ်။ ဘုရားရိပ် တရားရိပ်ကတော့ အေးဆေးတာပေါ့ကွယ်။ မမကတော့ မြေးတွေ ပတ်ချာဝိုင်းပြီး ပုတီးတောင် ဖြောင့်ဖြောင့် မစိပ်နိုင်ဘူး”
ဒေါ်အေးကျင်က ခပ်လေးလေးပြောသည်။ အော်ဟစ်ငိုယိုပြီး ကျန်ခဲ့သော မြေးနို့ညှာကောင်ကို သတိရသည်။
“သန်းသန်းဆုံးသွားတာကတော့ သုံးနှစ်ကျော်ပြီ"
"ဪ ဖြစ်မှ ဖြစ်ရလေ ဘာဖြစ်တာတုန်း”
"သွေးတိုးလေ၊ ဦးနှောက်သွေးကြော ပြတ်သွားတာပေါ့။ ရုတ်တရက်ပဲ"
"ဪ သွေးတိုး”
ဒေါ်အေးကျင်က တိုးတိုး ရွတ်ဆိုလိုက်သည်။ သူတို့နှစ်ဦးကို ခွဲခဲ့သည်ကလည်း ထိုသွေးတိုးပင် ဖြစ်သည်။ သူ့မိခင်က သွေးတိုးရှိသည်။ သူတို့၏ ချစ်သတင်းကိုကြားတော့ “အမယ်လေး ကိုယ့်ထက်လဲ ငယ်သေး၊ မိဘကျောထောက်နောက်ခံ ကြည့်တော့လဲ ဂုဏ်ယူစရာ ဘာမှမရှိ၊ ပစ္စည်းကြည့်ပြန်တော့လဲ ဘာမှမရှိ၊ ဒီလိုလူကိုများ သမီးက ယူဖို့ စဉ်းစားသလား။ ခက်လိုက်တာကွယ်၊ ခက်လိုက်တာ”ဟု ညည်းညူယင်း မူးသွားသည်။ သွေးပေါင်ချိန် တွေ တရိပ်ရိပ် တက်သည်။ ဒီတော့လည်း သူက မောင်မောင့်ကို အဆက်ဖြတ်ခဲ့ရလေသည်။ ထိုစဉ်က အသည်းတွေရော၊ နှလုံးတွေရော ပြင်းပြလာအောင် နာခဲ့ရသော်လည်း ယခုတော့ အပြုံးနှင့် ပြန်ပြီး တွေးလာနိုင်သည်။ အချိန် ဟူသော ဆေးဆရာကြီးက အသည်းကဒဏ်ရာ၊ နှလုံးကဒဏ်ရာများကို အနာဖေးတက်စေခဲ့ပြီ၊ အနာဖေး ကွာစေခဲ့ပြီ၊ အနာရွတ်ပင် သိပ်မထင်တော့။ အိပ်ဆေး သောက်သေရန်ပင် စဉ်းစားခဲ့မိသည်ကို ပြန်ပြီး တွေးမိတော့ အဘွားကြီးဒေါ်အေးကျင်သည် “ဘုရား-ဘုရား၊ ကံကောင်းလို့ မသေမိတာ"ဟု ဘုရားတခဲ့မိလေသည်။
“ကျွန်တော်လဲ သွေးတိုးနည်းနည်းရှိတယ်။ အစားအသောက် အနေအထိုင် အတော်ဆင်ခြင်ရတယ်”
“ငယ်တုန်းကနဲ့ စာယင်တော့ အတော် ဝလာတယ်နော်”
ဦးမောင်မောင်ဦးက သူ့ကိုယ်သူ ငုံ့ကြည့်မိသည်။ အရှေ့သို့ ပူထွက်ကာ ရွှဲနေသောဗိုက်ကြောင့် ကိုယ့်ခြေထောက်ကိုပင် ကိုယ် မမြင်ရ။ ကိုယ့်မျက်နှာကို ကိုယ်ပြန်မမြင်ရသော်လည်း မှန်သာ အနားမှာရှိ၍ ကြည့်လိုက်လျှင် ပါးစုန့်ဖောင်းဖောင်း၊ မျက်ခွံ အစ်အစ်၊ ဆံပင်ဖြူဖြူနှင့် အဘိုးကြီးတဦးကို တွေ့ရမည်ဖြစ်ကြောင်း သိလေသည်။
"သင်္ကန်းကျွန်း၊ တိုးကြောင်လေးဘက်သို့ ထွက်မည့် လော်ကယ်ရထားသည် အမှတ်(၄)စင်္ကြန်မှနေ၍ ၄-နာရီ ၁၅-မိနစ်အချိန် ထွက်ခါပါလိမ့်မည်ခင်ဗျား"
အသံချဲ့စက်နှင့် ကြော်ငြာသံကို ကြားလိုက်ရသည်။ ရထား ထွက်တော့မည်။ လက်ထဲတွင် ကိုင်ဆွဲထားသောအိတ်ကို ဗယ်မှ ညာသို့ ပြောင်းကိုင်သည်။ အသက်ကကြီးတော့ အကြောအဆစ်တွေက နာချင်သည်။ ဒီထက် ဆယ်ဆလောက်လေးသောဝန်ကို သည်ပိုးပြီး ခရီးဝေးကြီး လျှောက်နိုင် သွားနိုင်သော အင်အားများသည် တဖြည်းဖြည်း လျော့ပါးခဲ့ပေပြီ။
ဒေါ်အေးကျင်သည် ပရုပ်ဆီဗူးလေးကို ပိုက်ဆံအိတ်ထဲသို့ ပြန်ထည့်သည်။ ပိုက်ဆံအိတ်ဟု ဆိုသော်လည်း ပိုက်ဆံက သိပ်မရှိ၊ ငုံးဥဆယ်လုံးနှင့် ခိုးလိုးခုလုဖြစ်နေသည်။ “ဘွားဘွား မုန့်ပါလား”ဟု ဆီး၍ မေးကြမည့် မြေးလေးကောင်အတွက် ဝယ်ထားခြင်းဖြစ်သည်။
“မမက ပရုမ်ဆီကြိုက်တုန်းပဲကိုး"
ဦးမောင်မောင်ဦးက လှမ်းကြည့်ပြီး တွေးမိသည်။ မမနှင့် ပတ်သက်သော အသေးစိတ် အကြောင်းအရာလေးများကို သူ မှတ်မိနေသေးသည်ကို စဉ်းစားမိယင်း လက်ထဲကအိတ်ကို ကြမ်းပေါ်တွင်ပင် ချလိုက်သည်။ အလေးချိန်က ဘာမျှမရှိသော်လည်း လက်ဆစ်များက နာချင်လာသောကြောင့် ဖြစ်သည်။
“လေးယင် ပေးထားပါလား"
“ရပါတယ်”
“ပေးထားပါကွယ်၊ မမက ထိုင်နေရတာ၊ ပေါင်ပေါ်တင်ထားရတာ ဘာလေးတာမှတ်လို့၊ မောင်မောင်ဦးက မတ်တပ်ကြီး ညောင်းမှာပေါ့"
ဦးမောင်မောင်ဦးက နှစ်ခါမငြင်း၊ အိတ်ကို လှမ်းပေးလိုက်သည်။ ဖုံများ သဲများနှင့် ပေရေညစ်ပတ်နေသော ခြေနင်းပတ်တွင် သူ့အိတ်ကိုလည်း ချမထားချင်၊ သူ ညောင်းနေသည်ကို သတိပြုမိဟန်ရှိ၍လည်း ဝမ်းသာသယောင်ယောင် ကျေနပ်သယောင်ယောင် ဖြစ်သွားသည်။
"အိမ်လိပ်စာလေး ဘာလေးလဲ ပေးထားအုံးလေ၊ သား လာလို့ရှိယင် လာပြုလည်ရအောင်”
ဒေါ်အေးကျင်က ပြုံးရယ်၍ ပြောသည်။
"ဒီက သားအတွက် ချွေးမရှာနေတာနော်၊ မမသားက လူပျိုကြီး၊ ရိုးကလဲ ရိုး၊ အေးကလဲ အေး"
“ကျွန်တော့်သမီးကလဲ ခေတ်ပညာတတ် အချောအလှ အလိမ္မာလေးပါဗျာ"
သူတို့နှစ်ဦးသည် တဦးကိုတဦး စူးစိုက်ကြည့်ယင်း ရယ်မိကြသည်။ မသိမသာ တင်းကြပ်နေသောစိတ်များသည်လည်း လျော့၍ပြေသွားသည်။
"သားက စစ်ဗိုလ်ကြီးရှင့်"
“ကျွန်တော့်သမီးကလဲ စာရင်းစစ်အရာရှိပါဗျာ”
ရယ်မိကြပြန်သည်။ သားရှင် အဘွားကြီးအား သမီးရှင် အဘိုးကြီးက ခပ်ပြုံးပြုံး ခပ်ထေ့ထေ့ ပြောသည်။
“ကျွန်တော်ကတော့ ကျွန်တော့်သမီးအတွက် ခေါင်းခေါက်ရွေးမှာပဲနော်။ ကျွန်တော့်မှာလဲ သွေးတိုးရောဂါရှိတော့ သမီးက အဖေ့စကား နားထောင်မှာပါ”
* * *
“ဘယ်လိုပဲ ခေါင်းခေါက်ရွေးရွေး အက်ချင်တဲ့ ခေါင်းကတော့ ကိုယ့်လက်ထဲရောက်မှ အက်ချင်ယင် အက်တာပါပဲ"
မချောမေက စင်္ကြန်လမ်းပေါ်မှ ကြာဆံသုပ်သည်ကို ငေးကြည့်နေယင်းမှ တွေးမိသည်။ ကြာဆံသုပ်သည်၏ဘေးတွင်တော့ ဆီးသီးသည်ဖြစ်သည်။ သူ့ဘေးတွင်တော့ ကြက်သွန်ဖြူ အဖူးများကို ရောင်းနေသည်။ ယခင်တုန်းကတော့ ဘုရားတင်ရန် ပန်းတွေ ရောင်းနေသည်ဟုပင် ထင်ခဲ့သည်။ ရိုးထုံးစိမ်းစိမ်း ရှင်းရှင်းနှင့် အပေါ်ဘက် ထိပ်ပိုင်းတွင် ပန်းပွင့်များ ဝေဝေဆာတာပွင့်နေတော့ စားစရာဟု မထင်မှတ်မိ။
“သာစည်ရထား အဝင်နောက်ကျလို့ ဈေးမပို့တော့ပဲ ??? မှာတင် ချပြီး ရောင်းပစ်နေတာ ပေါတော့ ပေါမှာပဲ၊ အ ??? မှာတော့ တလမ်းလုံး ကိုင်မသွားချင်ဘူး၊ အပြန်ကျမှ တွေ့ယင် ??? အကောင်းသား၊ ဟိုတခါ ငါးရံ့ လေးနဲ့ ချက်ကျွေးတော့ ကိုစံအေးက ကြိုက်လွန်းလို့”
သူ့ယောက်ျား ကိုစံအေးကို သူသည် စိတ်တိုင်းကျ ခေါင်းခေါက်ပြီး ရွေးခဲ့ခြင်းဖြစ်သည်။
“စေတနာရှင်များခင်ဗျား ... ကျွန်တော့်မှာ ကိုယ်ခန္ဓာသန်စွမ်းပေမယ့် လုပ်ကိုင်စားနိုင်တဲ့ အင်အားမရှိပါဘူး၊ စေတနာရှင်များ ပေးမှ ကမ်းမှ စားရသောက်ရတဲ့ဘဝဖြစ်ပါတယ်”
မီးရထားကွဲ အလယ်တွင် တုတ်ကို ထောက်၍ စမ်းကာ လျှောက်လာသော လူတယောက်ကို တွေ့ရသည်။ မချောမေက သင်္ကန်းကျွန်းရထားကို စီးနေကျဆိုတော့ ထိုလူကြီးကိုလည်း တွေ့နေ မြင်နေကျပင် ဖြစ်သည်။ ပထမတွေ့စကတော့ သနားသလိုလိုမို့ ပိုက်ဆံပေးသေးသည်။ ခုတော့ မပေးတော့။
လူကြည့်တော့ လေးလုံးခြောက်ဖက်ကြီး၊ ကိုစံအေး နှစ်ကိုယ်စာတောင်မကဘူး၊ မျက်စိမမြင်ဘူးဆိုတာလဲ လုံးဝမမြင်တာမှမဟုတ်။ ရထားတွဲပေါ် ကိုယ့်ဟာကိုယ် တက်၊ ကိုယ့်ဟာကိုယ် ဆင်း။ ဘယ်သူ့အကူအညီမှ မလိုဘူး။ ဟိုရှောက်သီးဆေးပြားရောင်းနေတဲ့သူဆိုယင် သူ့လောက်တောင် မြင်မှာမဟုတ်ဘူး"
သာလောင် ပြာလောင် ရှောက်သီးဆေးပြားရောင်းသောလူကို သတိရသည်။ မျက်မမြင်တယောက်ပင်ဖြစ်သည်။ သို့သော် ?? တောင်း၍တော့ မစားချေ။ “ဟောဒီမှာ အများကမျှော်???တဲ့ သာလောင် ပြာလောင်ကလေးတွေနော်၊ အစာမှာ ကြေတယ်၊ ရင်မှာ ချောင်တယ်၊ ခံတွင်းမှာရှင်းတယ်၊ မောတာလေးတွေ မူးတာလေးတွေ ချောင်းဆိုးတာလေးတွေ ပျောက်တယ်။ တထုပ် ဆယ်ပြား၊ တမတ်ဖိုး သုံးထုပ်" ဟု အာဝဇ္ဇန်းရွှင်ရွှင်နှင့် အော်ပြောတတ်သည်။ သူ့ ဆီမှဝယ်လျှင် အထုပ်ကလေးတွေကို လက်နဲ့စမ်း၍ ရေတွက်ကာပေးသည်။ ပေးသောပိုက်ဆံကိုလည်း လက်နှင့်စမ်း၍ ယူတတ်သည်။
“လူမှန်ယင် အလုပ်လုပ်မှပေါ့တော်၊ မျက်စိနှစ်ဘက် လုံးဝ မမြင်ရယင်တောင် ခြေနှစ်ဘက်၊ လက်နှစ်ဘက် ကျန်သေးတာပဲ။ ခုတော့ လုံးဝမမြင်ရတာလဲ မဟုတ်ပဲနဲ့"
မချောမေက နဖူးမှချွေးကို အင်္ကျီလက်နှင့်ပင့်ကာ သုတ်နေသည်။ သူက ရန်ကုန်သူမဟုတ်။ တွံတေးဘက်မှဖြစ်သည်။ မြို့ ပေါ်ကပင် မဟုတ်၊ တွံတေးနယ် တောပိုင်းဘက်က ဖြစ်လေသည်။
“ကျုပ်တို့လဲ မွေးကတည်းက လုပ်လာရတာ ခုချိန်ထိ၊ အလုပ် ဆိုတာ သေတဲ့အထိ လုပ်ရမှာပဲ၊ ဒီလိုတောင်းစားလို့သာ ရကြေး ဆိုယင် အချောင်ပဲ တောင်းစားနေကြတော့မှာပေါ့"
သူက အလုပ်ကို တန်ဖိုးထားသည်။ လုပ်လည်းလုပ်သည်။ ကောက်စိုက်ရမလား၊ ပျိုးနှုတ်ရမလား၊ ရေခပ်ရမလား၊ ဝါး ခုတ်မလား အကုန်ရသည်။ တခါတရံ လယ်အလုပ် ယာအလုပ် ပါးလျှင် အရီးစံမယ်တို့ အိုးဖုတ်ရာတွင်ပင် နေ့စားနှင့်ဝင်ကူလိုက်သေးသည်။ အလုပ်နှင့်လက်နှင့် ပြတ်သောနေ့မရှိ။ အလုပ်ကောင်းသလို အစားလည်းကောင်းသည်။ ထမင်းကို ငါးပိရည် တမယ်တည်း ဆမ်းစားရလျှင်ပင် မြိန်နေသည်။ လယ်ငါးချက်နှင့် ပဒတ်ဆာဟင်းချိုပါလျှင်ကား ပြောမနေနှင့်တော့၊ ဗိုက်ထဲကို ထောင်းသိပ်ပြီးထည့်သလို စားနိုင်လေသည်။ အစားနှင့်အလုပ် မျှနေသောကြောင့် မချောမေသည် ဝဝဖို့င်ဖို့င်ကြီးတော့ ဖြစ်မလာ။ ခါးတော့ အတန်ငယ်တုတ်သည်။
မချောမေသည် ရွာအလှူပွဲများတွင် ကွမ်းတောင်ပန်းတောင် ကိုင်ရသူမဟုတ်ပေ၊ ကွမ်းတောင်ကိုင် မြကြိုင်လို သွယ်သွယ်လျလျနှင့် လှသူလည်းမဟုတ်ပေ။ သို့သော်လည်း လုံးကြီးပေါက်လှ၊ မျက်နှာပေါက်ကျကျမို့ ရွာခံကာလသားအချို့က သူ့ကို မြကြိုင်ထက်ပင် လှသည်ဟုပြောကြသည်။ သူ့ကိုလိုချင်၍ ပိုးသူပန်းသူများလည်း မနည်းလှ၊ သူက ထိုသူများအထဲမှ ကိုစံအေးကို စကာတင် ရွေးခဲ့ခြင်းဖြစ်သည်။
ကိုစံအေးက ရိုးသားသည်။ ကြိုးလည်းကြိုးစားသည်။ ထန်းရည်လည်းမသောက်၊ ကြက်လည်းမတိုက်။
“အမေရဲ့မေတ္တာစေတနာကို အထင်မလွဲနဲ့တက်ပုရဲ့၊ နင့်အမေက ဘာလုပ်လုပ် နင်တို့အတွက်ကို အမြဲရှေ့တန်းတင်ပြီး စဉ်းစားနေတာ”
သူ့ဘေးမှ မိန်းမကြီးက ပြောသည်။ ဟိုဘက်ကကောင်ကလေးကတော့ ပုဆိုးစကိုပင့်ပြီး နှပ်သုတ်သည်။
“ငါက ငါ့အိမ်မှာ မနေစေချင်လို့ ပြောတာမဟုတ်ဘူး၊ စိတ်ပြေလက်ပျောက် နေတာက နေပေါ့၊ တပတ်လောက်နေပြီးယင်တော့ ကိုယ့်အမေဆီ ကိုယ်ပြန် ဟုတ်လား၊ ကိုယ့်မိဘကို စိတ်ဆင်းရဲအောင် မလုပ်ကောင်းဘူး”
“ဘာများဖြစ်လာလို့ပါလိမ့်”
မချောမေက တွေးမိသည်။ သူ ရထားပေါ်ရောက်တော့ ထိုင်ခုံများ ပြည့်နှင့်နေပြီဖြစ်သည်။ အချို့ခုံများတွင်လည်း သုံးယောက်ပူး ထိုင်နေကြပြီ။ ဟိုကြည့်ဒီကြည့်နှင့် နေရာရှာစဉ်တွင် မိန်းမကြီးက တဘက်သို့ နည်းနည်းတိုးပေးသည်။ ဖင်တစောင်း ချိတ်၍ ထိုင်စရာနေရာ လက်တဖဝါး သာသာခန့် ရသဖြင့် ကျေးဇူးတင်ရသည်။ အချို့လူများက နှစ်ယောက် အတန်ငယ် ကပ်ထိုင်လိုက်လျှင် နောက်တယောက် ထိုင်နိုင်သည်ကို သိသော်လည်း ခပ်တည်တည်ပင် မသိကျိုးကျွံ ပြုတတ်ကြလေသည်။ ထိုင်စရာလေး တနေရာ ဟိုကြည့် သည်ကြည့်နှင့် ရှာနေသူအား ပေါင်ကား၍ ချောင်ချောင်ချိချိထိုင်ယင်း ကြောင်တောင်ကြည့်နိုင်သူက ကြည့်နိုင်ကြလေသည်။
“ကျုပ်တို့ တောနဲ့များ ကွာပါ့၊ ရွာဟိုဘက်ထိပ်က ဒီဘက်ထိပ် လှည်းကြုံများရှိယင် ကလေးတွေ တပြုံတမကြီး တက်စီးလာကြတာ လှည်းရှင်က ဘာမှမပြောပေါင်၊ ခုတော့ သူတို့နွားလည်း မောတာမဟုတ်၊ သူတို့လှည်းလည်း ပွန်းတာမဟုတ်၊ နည်းနည်းလေး ကြုံ့ပေးရုံလောက်ကိုတောင် မကြုံ့နိုင်ကြဘူး”
ဒါကြောင့်လည်း သူက တောမှာသာ ပျော်ခြင်းဖြစ်သည်။ ကိုစံအေးက မြို့ကိုတက် အလုပ်လုပ်ချင်သည်ဆိုတော့ သူ တားသေးသည်။ သို့သော် မရ။ "တောမှာက တထိတ်ထိတ် တလန့်လန့်နဲ့ ချောမေရယ်၊ မြို့မှာလောက် အေးချမ်းနိုင်ပါ့မလား၊ သာကောင်ကြီးပြောတော့ ဆန်အိတ် ထမ်းထမ်း၊ ဆိုက်ကား နင်းနင်း၊ ရေခဲချောင်းရောင်းရောင်း ထမင်းတလုတ်အတွက် ဘာမှ ပူစရာမရှိဘူးတဲ့”ဟု ပြောသည်။ ရန်ကုန်တက်ပြီး ဆိုက်ကားနင်းနေသော ကိုသာအောင်နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားသည်။
လေးလလောက်နေတော့ သူ့ကို ပြန်လာခေါ် သည်။ ရန်ကုန်တွင် ဆိုက်ကားနင်းနေပြီး ဟန်ကျသည်။ အိမ်လည်း ငှားပြီးပြီဟု ဆိုလေသည်။ ဒီလိုနှင့်ပင် သူတို့မိသားစုလေးမှာ ရန်ကုန်သို့ ရောက်ခဲ့ရသည်။ ရန်ကုန်ဘူတာကြီးအဝင် ကျူးကျော် ရပ်ကွက်ကလေးတွင် နေထိုင်ခဲ့ကြရသည်။ သားသမီးလည်း နှစ်ယောက်မှ သုံးယောက် ဖြစ်ခဲ့ရလေသည်။
“ငါတော့ တောပဲ ပြန်ချင်တာပဲ၊ ဒီမှာနေရတာ စိတ်ညစ်လိုက်တာ။ ငါတို့တောက လေကအစ အရသာရှိတာ၊ လေကို ရှူလိုက်ယင် အေးလို့၊ လတ်ဆတ်လို့။ ဒီမှာက မြောင်းပုပ်နံ့၊ ရွှံ့ပုပ်နံ့ပဲ ရှုနေရတာ"
မချောမေက တွေးမိယင်း သက်ပြင်းချသည်။ ကိုစံအေးက ဘာမှမသိ၊ ရန်ကုန်ကို ငွေရှာရတာ အင်မတန်လွယ်တဲ့မြို့ဟု ပြောတတ်သည်။ ငွေရှာရတာ လွယ်သလို ငွေထွက်တာ လွယ်တာကိုတော့ သူက မစဉ်းစားချေ။ ရန်ကုန်မှာက ဘာတခုမှ အလကား မရ။ တောမှာတုန်းက ဟင်းသီးဟင်းရွက်လိုချင်လျှင် ဟိုခြံစည်းရိုး၊ ဒီခြံစည်းရိုး လိုက်ခူး၊ လယ်ထဲထွက်ခူး၊ တခါတလေလည်း ရွာပြင်က လျှိုတွေ မြောင်းတွေမှာ သွားခူးလိုက်မလား၊ ထမ်းမနိုင် ပွေ့ မနိုင်အောင် ရသည်။ မန်ကျည်းရွက်ယူမလား၊ ဥသျှစ်ရွက် ယူမလား၊ သပွတ်ချိုသီး သုံးမလား။ လယ်ပဒူ၊ ပဒတ်စာ၊ ကင်းပုံ၊ ယင်းတိုက်၊ မျှစ် လိုချင်တာ ရသည်။ ကံကောင်းလျှင် မှိုကျင်းတွေ့တတ်သေးသည်။ ပိုက်ဆံတပြားမှ မကုန်။ လယ်ငါး နှင့် ပုစွန်လုံးလေးတွေက လယ်ထဲမှာပင် ဖမ်း၍ရသည်။ ငါးပိက ကိုယ့်ဟာကို သိပ်သည်။ သူတို့သားအမိ သားအဖတတွေ နေ့တိုင်း ထမင်းစားကောင်းနေသည်သာ ဖြစ်သည်။
မြို့မှာကျတော့ လှုပ်ကနဲဆို ပိုက်ဆံက ကုန်ပြီ ဖြစ်သည်။ ဘာမှလည်း လတ်လတ်ဆတ်ဆတ် မစားရ၊ အပုပ်နှင့်အပဲ့ချည်းသာဖြစ်သည်။ တောမှ လူတယောက်ယောက်လာလျှင် ကိုစံအေးက ရန်ကုန်မြို့ ငွေရှာရလွယ်ပုံကိုပြောကာ သူက ငွေကုန်လွယ်ပုံကို ပြောသည်။
“နေရာတကာ ပိုက်ဆံ ပိုက်ဆံနဲ့ အော်နေတာ ရေကိုတောင် အလကားမပေးပဲ ပိုက်ဆံနဲ့ရောင်းတာ ကြားဖူးကြရဲ့လား၊ ရုပ်ရှင်ရုံတွေအောက် သွားကြည့်၊ တခွက် ဆယ့်ငါးပြားတဲ့တော်ရှေ့။ ဟောဟို စင်္ကြန်ပေါ်မှာ တွေ့လား၊ ရေအိုးနဲ့ ရေသည်လေးတွေ၊ အလကား တိုက်နေတာ မဟုတ်ဘူးတော့၊ ရေဆာယင် ဝယ်သောက်"
မချောမေက တအားကုန်းပြီး အော်ပစ်လိုက်ချင်စိတ်ပင် ပေါက်လာသည်။ ရေပြင်ဖွေးဖွေးနှင့် လယ်ကွင်းကိုလည်းကောင်း၊ လယ်ကွင်းကိုဖြတ်ပြီး ပြေးလာတတ်သော လေအေးအေးကိုလည်းကောင်း သူ လွမ်းလှပြီ။
“ငါရောင်းခဲ့ရတဲ့ ဝက်မဆိုယင် သားစပ်ရကာနီးပြီ၊ အဲဒီက သားကျယင် မြတ်ပြီ။ ခုတော့ ရတဲ့ဈေးနဲ့ ရောင်းခဲ့တာ၊ ကြက်တပုံ ဆိုယင်ကော နှမြောစရာ"
“ဒီမှာတော့ အကောင်ပလောင်တွေ မွေးဖို့က မလွယ်ဘူး။ ဟိုတုန်းကတော့ ဘာခက်လဲ၊ ဒီအတိုင်း လွှတ်ထားတာ။ စားချိန်တန် ထမင်းကျန် ဟင်းကျန်လေး ပက်ကျွေးလိုက်၊ ဘာမှလဲ ကုန်တာ မဟုတ်ဘူး၊ ဘယ်သူကမှလဲ မခိုးဘူး"
ဝက်မွေးဖို့ကတော့ လူကိုယ်တိုင်ပင် ကျပ်ကျပ်သပ်သပ် နေရသည့် နေရာဆိုတော့ မစဉ်းစားရဲ၊ ကြက်မွေးပြန်တော့လည်း တကောင်ပြီးတကောင် ပျောက်ကုန်သည်။ ကြက်ပေါက်စလေးများကို ကြောင်က ဆွဲလိုက်၊ ခွေးက ဆွဲလိုက်၊ အတန်ငယ်ကြီးလာပြန်တော့လည်း လူက ဆွဲလိုက်။
“ခြင်က ပေါ၊ ဗွက်က ထူ၊ ရေက ရှား၊ ကလေးတွေလဲ ချူချာလိုက်ကြတာ။ သူများ သွေးလွန်တုပ်ကွေးဆို သူတို့ ကွေးပြီးပြီ။ သူများ အသားဝါဆိုယင်လဲ သူတို့က ဝါပီ”
မချောမေက မျက်နှာမှ ချွေးများကို သုတ်သည်။ သူ့အင်္ကျီက နွမ်းနွမ်း၊ လုံချည်ကလည်း နွမ်းနွမ်း။ လင်မယားနှစ်ယောက်လုံး အလုပ်နှင့်လက်နှင့် မပြတ်တာတောင်မှ စားဖို့အနိုင်နိုင်။ စားသည့် ပါးစပ်ပေါက်ကလည်း ငါးပေါက်မို့ ဝတ်ဖို့ကား သိပ်မလွယ်လှ။ ထို့ကြောင့်လည်း သူက တောကိုပြန်ချင်ခြင်းဖြစ်သည်။ တောမှာက အားလုံးက ခပ်နွမ်းနွမ်းမို့ နွမ်းနွမ်းတွေကြားထဲတွင် သူတို့က နွမ်းနေသော်လည်း ထူးပြီးမသိသာ။ သို့သော် ကိုစံအေးက မြို့ကို ဘာမက်နေမှန်းမသိ၊ “ဖင်ထဲကို ရွှံ့တပိဿာဝင်မှ ထမင်းစားရတဲ့အလုပ်မျိုး မလုပ်ချင်ဘူးကွ”ဟု ဆိုသည်။
"ဒါကြောင့်မို့ ငါနဲ့ မတည့်တာ”
ညတုန်းက သူတို့လင်မယား ရန်ဖြစ်သည်။ သုံးစံအတိုင်း ပြန်ရေး မပြန်ရေးပြသာနာမှ စကြခြင်းဖြစ်လေသည်။ ကိုစံအေးက သူ့ပါးကို လက်ပြန်ရိုက်ချသည်။ ပါးတွင် ပူကနဲဖြစ်ပြီး လဲသွားစဉ် သနပ်ခါးကျောက်ပျဉ်နားက အပွေးမရှိတော့သော သနပ်ခါးတုံးကို စမ်းမိသည်။ ကိုစံလေး၏ ညို့သကျည်းကို သနပ်ခါးတုံးနှင့် လွှဲ၍ ရိုက်ပစ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ရှိရှိသမျှ အင်အားများက သနပ်ခါတုံးတွင် စုသွားသည် ထင်သည်။ ကိုစံအေးခမျာ ဒီနေ့မနက် ဆိုက်ကားနင်းမထွက်နိုင်ရှာတော့ပေ။ ဖျာပေါ်တွင် ငုတ်တုတ်ထိုင်ကာ ညို့သကျည်းမှ အညိုအမည်းကို ရေနွေးပတ်နှင့် အုံနေတော့ သနားသလိုလိုတော့ အရှိသားပင်။
“အို…ဘာတတ်နိုင်မှာလဲ သူက ငါ့ကို အရင်ရိုက်တာပဲ”
မချောမေက အတွေးကို ဖြတ်ချလိုက်သည်။ အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ ကိုစံအေး တရက် အလုပ်မလုပ်နိုင်တော့လည်း တရက်ဝင်ငွေ နာသည်။ သူတို့မှာကလည်း ငွေပိုငွေလျှံက ရှိသည်မဟုတ်။
“တနေ့တနေ့ကို ကန်စွန်းရွက်အစည်း ငါးရာလောက် ရောင်းရယင် ကောင်းမယ်၊ အစည်းတစ်ရာ နှစ်ကျပ်မြတ်ယင် ငါးရာဆို တဆယ်မြတ်မှာ၊ တရာ သုံးကျပ်မြတ်ယင် ငါးရာကို ဆယ့်ငါးကျပ်"
ကန်စွန်းရွက်ခင်းများက နှင်းဆီကုန်း၊ သင်္ကန်းကျွန်းမီးရထားလမ်းတလျှောက်တွင် ရှိသည်။ အစည်း တရာလျှင် ရှစ်ကျပ် ယူရသည်။ ကိုယ့်ဟာကိုယ် ခူးလျှင်ကား တရာ ခုနစ်ကျပ်နှင့် ရသည်။ သို့သော် သူက မခူးနိုင်၊ ကန်စွန်းရွက်ခင်းထဲက ဆင်းပြီး ရေထဲတွင် ကိုယ်တပိုင်းစိမ်ကာ ခူးရသည်မို့ ပင်ပန်းလှသည်။ အပေါ် ဘက်က နေကျဲကျဲပူ၊ အောက်ဘက်က ရေထဲတွင် စိမ့်အေးနေကာ ခူးရတာကြာတော့ လက်ထိပ်များသည်လည်း ပဲကြီးရေခွံ တွန့်ကာ လိပ်နေတတ်သည်။ မချောမေက ကောက်စိုက်လာသူ ဆိုတော့ ကန်စွန်းခူးရတာကို မကြောက်၊ မခူးနိုင်ခြင်းမှာ အချိန်မရှိ၍ဖြစ်သည်။ သူက နေ့ခင်းပိုင်းတွင် ဘူတာကြီးအနားက မူလတန်းကျောင်းလေးမှာ အသုပ်စုံ ရောင်းသေးသောကြောင့်ဖြစ်သည်။
“ငါတော့ အမှိုက်ကုန်းက ကန်စွန်းဝယ်ပြန်ရော့မယ်၊ ဘယ်သူ သိတာလိုက်လို့၊ အဲဒီက ဈေးပေါဘယ်”
ပုစွန်တောင် အမှိုက်ပုံကြီးနားမှာလည်း ကန်စွန်းခင်းများ ရှိသည်။ ရေကနဖော့ခင်းများရှိသည်။ ကနဖော့ကိုတော့ မသိ။ ကန်စွန်းကိုမူ အမှိုက်ကုန်း ကန်စွန်းဆိုလျှင် လူမကြိုက်ချေ။ နေရာမသန့် ဟူသော အစွဲကြောင့်ဖြစ်သည်။ သင်္ကန်းကျွန်းကန်စွန်းဆိုပါမှ အရောင်းရ တွင်ကျယ်လေသည်။
“အပြန်ကျယင် ကန်စွန်းစည်းနှစ်ရာလောက် အိမ်ကိုအရောက် ရွက်ရဦးမယ်၊ တနေ့တနေ့ ဒီကန်စွန်းစည်း ရွက်ရတာနဲ့ လည်ပင်းလဲ တဆစ်ထက် တဆစ် တိုတိုလာပြီ"
မချောမေက လည်ပင်းကိုသူ စမ်းမိသည်။ ပုတိုတိုဖြစ်နေသည်ဟုလည်း ထင်မိသည်။
“ဟိုနားက ဆံပင်တိုတိုနဲ့ ကောင်မလေးများ လည်ပင်းသွယ်သွယ်လေးနဲ့ လှလိုက်တာ၊ အင်္ကျီက လယ်ဟိုက်ဆိုတော့ သူ့လည်ပင်းလေးက ပိုပြီးပေါ်နေတယ်”
ဆံပင်တိုတိုနှင့် ကောင်မလေးနှစ်ယောက်ကို လှမ်းကြည့်မိသည်။ ကောင်မလေးနှစ်ယောက်က ဘယ်သူ့ကိုမှ ဂရုမထား၊ ခေါင်းချင်းဆိုင်ကာ တွတ်ထိုးနေကြလေသည်။
* * *
“မတန်ဘူး…….မတန်ဘူး..၊ နဲနဲမှ မတန်ဘူး”
“အေးဟာ…အလကားပဲ၊ ငွေဆယ့်ရှစ်ကျပ် နှမြောစရာ၊ မုန့်စားလိုက်မိတာကမှ ကောင်းအုံးမယ်”
ညိုမီရော ငုဝါပါ မကျေမနပ် ဖြစ်နေသည်။ လက္ခဏာဆရာ၏မျက်နှာကို မြင်ယောင်နေသည်။ ပန်းနုရောင် ဆိုးထားသော လက်သည်းရှည်များနှင့် ထိုမျက်နှာကို ကုတ်ခြစ်ပစ်လိုက်ချင်စိတ် ပေါက်နေကြသည်။
“ယူက ဆယ့်ရှစ်ကျပ်မို့ တော်သေးတယ်၊ ငုဝါက ကျန်းမာရေးပါ ထည့်ပေးလိုက်တော့ နှစ်ဆယ့်ခုနစ်ကျပ် ချောရော၊ နှမြောစရာ"
နှစ်ဆယ့်ခုနစ်ကျပ် ဟူသော ငွေသည် နည်းနည်းနောနော မဟုတ်၊ နောက်ထပ် လေးငါးကျပ်လောက် စိုက်လိုက်လျှင် ဖော့ရှံ တစ ရသည်။ နီးဗီးယား အလှဆီတဗူး ရသည်။ ဒီမော ချွေးနံ့ပျောက်ဆေးတောင့် တတောင့် ရသည်။ နောက်ဆုံး ကုန်ကုန် ပြောမည်။ ရေထဲသို့ ပစ်ချလျှင်ပင် ပလုံကနဲ မြည်သံက နားဝင်ပီယံ ဖြစ်ချင်ဖြစ်ရဦးမည်။ ခုတော့ “ပလုံ”ပင် မမြင်လိုက်ရ။ ကုန်ပြီ။ ပေးခဲ့ရပြီ။
"ဒိပြင် လက္ခဏာဆရာတွေ အများကြီးပါဟယ်၊သူလိုမဟုတ်ပါဘူး”
“အေးလေ….၊ အပြတ်ဟော တဆယ်၊ ဆယ့်ငါးကျပ်၊ အလွန်ဆုံး အစိတ်ပေါ့။ သူတို့မြင်သမျှ အကုန်ဟောတာပဲဟာ။ သူ့ကျမှ ကြုံဖူးပါဘူး”
ညိုမီက မျက်နှာကို တအားရှုံ့၊ တအားမဲ့ပြီး ပြောပြလိုက်ချင်သည်။ သို့သော် အလှပျက်မည်စိုးသောကြောင့် သိပ်မမဲ့ရဲ၊ မှန်ထဲတွင်ကြည့်ပြီး လေ့ကျင့်ထားသော မျက်နှာထားထက် ပိုမဲ့သွားလျှင် အလှပျက်မည်။ ခုလို အလှမပျက်ရုံလေး မဲ့တတ်အောင် အတော်လေး လေ့ကျင့်ထားခဲ့ရသည်။
မီးရထားတွဲထဲမှလူများက သူတို့နှစ်ယောက်ကို လှမ်း၍လှမ်း၍ ကြည့်ကြသည်ကို ညိုမီ သိနေသည်။ သူတို့နှစ်ယောက်က အားလုံး၏ အာရုံစူးစိုက်စရာဖြစ်နေသည်။ ကီမိုနိုအထက်အောက် ဆင်တူ ဝတ်ကာ ယိုးဒယားဖိနပ်အမြင့်နှင့် ဆံပင်တိုနှင့် ရာကျော်တန် သားရေအိတ်ကို လွယ်ထားကြသော သူတို့၏အဆင်အပြင်သည် အပျံစား ဖလားထဲကမှန်း သိသာသည်။ မီးရထားစီးလူတန်းစား မဟုတ်မှန်း သိသာသည်။
“ကြုံဖူးပါဘူးဟယ်၊ သူ့လက်ထက်ကျမှ အချစ်ရေး အိမ်ထောင်ရေး ကိုးကျပ်၊ ပညာရေး ကိုးကျပ်၊ ကျန်းမာရေး ကိုးကျပ်၊ စီးပွားရေး ကိုးကျပ်တဲ့၊ အကျိုးနည်း"
ခုမှသာ အကျိုးနည်းနေသော်လည်း အယင်တုန်းကတော့ ဒီလက္ခဏာဆရာကိုမှ မမေးလိုက်ရလျှင် တခေတ်နောက်ကျသွားမည်ဟု ထင်ခဲ့သည်။ ထင်ရလောက်အောင်လည်း ကြော်ငြာက ကောင်းလှသည်။ မြန်မာပြည်တွင် ခေတ္တသာနေမည့် နိုင်ငံခြားပြန်ဆရာဆိုတော့ မမေးလိုက် မရှိလိုက်ရလေအေင် အပြေးလာခဲ့ကြရလေသည်။
“သင်္ကန်းကျွန်း၊တိုးကြောင်လေးဘက်သို့ ထွက်မည့် လော်ကယ်ရထားသည် အမှတ် ၄ စင်္ကြန်မှနေ၍ အချိန်အနည်းငယ်အတွင်း ထွက်ခွာပါလိမ့်မည်ခင်ဗျား”
ငုဝါက သူ့လက်တွင် ဝတ်ထားသောနာရီကို ငုံ့ကြည့်သည်။ လေးနာရီနှင့် သုံးဆယ့်ငါးမိနစ်ပင်ဖြစ်သည်။ သို့သော် ရထားက မတွက်သေး။
"မီးရထားနဲ့ ငါ့နာရီ တမိနစ်လောက် အချိန်ကွာတယ် ထင်ပါရဲ့"
ငုဝါက တွေးမိသည်။ သူ့ဘေးတွင်ထိုင်နေသော သူ၏လက်မှ နာရီကို ငုံ့ကြည့်မိသည်။ သူ့နာရီကျတော့ လေးနာရီ မိနစ် လေးဆယ်လောက် ရှိနေပြီဖြစ်သည်။
“ဟောတာကျတော့ အလကား ဖွတ်ချီး"
“သူများထက် ပိုက်ဆံပိုပေးရပြီး အခန်းမှောင်မှောင်လေးထဲ တယောက်ထဲ ဝင်မေးရတာသာ ထူးခြားတာ၊ အလကား"
သူတို့နှစ်ဦး မေးလာသော ဗေဒင်ဆရာ၊ လက္ခဏာဆရာ၊ အကြားအမြင်ဆရာ၊ ဆရာပေါင်း အတော်များပေပြီ။ ဝါသနာကလည်းပါ၊ ပိုက်ဆံကလည်း ပေါလေတော့ ဘယ်ဆရာ ဘယ်မှာဟေ့ဆိုလျှင် သူတို့က ရောက်ပြီးဖြစ်သည်။ သို့သော် ယခုဆရာလို မီးရောင်မှိန်မှိန်လေး ထွန်းထားသော အခန်းထဲသို့ တယောက်တည်းဝင်ပြီး မေးရသောဆရာ မရှိဖူးသေးပေ။ အခန်းထဲရောက်တော့ စားပွဲတခုလုံး၏နောက်ဘက်တွင် ဆုံလည်ကုလားထိုင်ပေါ်၌ တင်ပျင်ချိတ်ထိုင်နေသောဆရာကို တွေ့ရသည်။ သူက လက်ကို စားပွဲပေါ်တွင် ဖြန့်၍တင်လိုက်သောအခါ ဆရာက မီးအုပ်ဆောင်းနှင့် ထိုးကြည့်ပြီး လက္ခဏာအရေးအကြောင်းကို လေ့လာလေသည်။ ပေးရသောငွေကလည်း များ၊ အဆင်အပြင် ကလည်း ထူးခြားလေတော့ ဘာများဟောမလဲ၊ ဘာများ ဟောမလဲနှင့် စိတ်စောပြီး ရင်ခုန်ရသည်ကတော့ အမှန်ပင်။
“တကယ်ပါပဲဟယ်၊ ကြားမှာ မှန်စားပွဲ ဧရာမကြီးတလုံး ခြားထားရတဲ့အထဲ သူက ဆုံလည်ကုလားထိုင်ကြီးကို ကျောမှီပြီး ပါးစပ်ကို လက်ဝါးနဲ့ မထိတထိလေး အုပ်လိုက်သေးတယ်၊ ပြီးတော့မှ သူဖင် သူကြားလောက်ရုံ လေသံလေးနဲ့ ရှလွတ် ရှလွတ် ဆိုပြီး ပြောနေတာ။ ညိုမီ့မှာ ရှေ့ကိုကုန်းပြီး မနည်းကြီးကို နားစိုက်ထောင်တယ်၊ ပြီးတော့လဲ သူများတွေနဲ့ ဘာမှထူးတာ မဟုတ်ဘူး၊ ဒါပါပဲ"
ဒီနေ့ သူတို့အိမ် နှစ်အိမ်လုံးမှ ကားနှစ်စီးလုံး ပျက်သည်။ ကားပျက်လျှင် သူတို့ သိပ်ပျော်သည်။ ကျောင်းဆင်း၊ ကျောင်းတက်ကို လိုက်ကြိုလိုက်ပို့လုပ်နေသော မိခင်များ၏မျက်စိအောက်မှ ခေတ္တ ပျော်ခွင့်ရသည်။ “တနေ့တလေ ကျူရှင်ဖျက်လိုက်ပါလား" ဟု ဆိုနေသည်ကို "ဒီနေ့ သိပ်အရေးကြီးတယ်မာမီ၊ ဒေသ တစ်၊ နှစ်နဲ့ သုံးက မှတ်စုတွေအကုန်လုံးကို ဆရာက အားလုံးခြုံပြီး အရေးကြီးတဲ့ အချက်အလက်တွေချည်းပဲ ထုတ်ပေးမှာတဲ့" ဟု ပြောကာ ဇွတ်ထွက်လာခဲ့ကြသည်။ သို့သော် ကျူရှင်ကိုကား မရောက်၊ လက္ခဏာဆရာဆီသို့ ရောက်ခဲ့ကြလေသည်။ သို့သော် လာရကျိုးကား မနပ်လှ။
‘မကြာခင် ဖူးစာရှင်နဲ့တွေ့မယ်၊ ဖူးစာရှင်ရဲ့အလုပ်အကိုင်က အင်္ဂါနံနဲ့ စတာဖြစ်ရမယ်တဲ့၊ ဘယ်ဗေဒင်ဆရာမေးမေး အဲဒီပြေး မလွတ်တဲ့ အင်္ဂါနံကြီးနဲ့ ကိုင်ထုတော့တာပဲ”
“ဘာလို့ ပြေးမလွတ်တာလဲ"
“ယူစဉ်းစားကြည့်လေ၊ ဆရာဝန်ဆိုယင် ဆေးဘက်က"
“အင်း အင်္ဂါ “
"အင်ဂျင်နီယာဆိုယင် စက်မှု”
“အေး အင်္ဂါနံပဲ”
“စစ်ဗိုလ်ဆိုတော့ စစ်က အင်္ဂါနံ"
“ကျောင်းဆရာဆိုတော့ရော ဆရာက အင်္ဂါနံပဲမဟုတ်လား၊ စီးပွားရေးလုပ်တဲ့လူ၊ စိုက်ပျိုးရေးလုပ်တဲ့သူ၊ ဆိုင်ထွက်တဲ့လူ၊ ဆေးရောင်းတဲ့... အိုကွာ အင်္ဂါနံတွေကို ပြည့်လို့ "
“ဒီလိုဆို ယူတော့ သင်္ဘောသားမရတော့ဘူး၊ သင်္ဘောသား အင်္ဂါနံမဟုတ်ဘူး”
“ဘယ်ကမဟုတ်ရမှာလဲ၊ ညိုမီ့အစ်ကိုဝမ်းကွဲ တယောက်လဲ သင်္ဘောသားပဲ။ သူကပြောတယ်၊ ငါတို့ သင်္ဘောသားတွေက ဆေးဘက်ကတဲ့ “
"ဟင် ဘာဖြစ်လို့”
“သူတို့က သင်္ဘောပေါ်မှာ ကြမ်းဆေးရတယ်တဲ့လေ"
သူတို့ဘေးတွင် ခပ်ကုပ်ကုပ် ထိုင်နေသောလူက ချောင်းတချက် ဟန့်သည်။ သူတို့နှစ်ဦးက တခစ်ခစ် ရယ်ယင်း လေသံကို နှိမ့်ချလိုက်သည်။
"ဟေ့၊ စွတ်ပြောမနေနဲ့၊ ဟိုဘက်က"ဘဲ” က သင်္ဘောသားလားမှ မသိတာ"
“ဟုတ်ပါလိမ့်မယ် အားကြီး၊ ဒါလား သင်္ဘောသားရုပ်"
ငုဝါက ပခုံးလေးကို မသိမသာ တွန့်ကာ ရယ်သည်။ သူတို့နှစ်ယောက်ဘေးတွင် ကုပ်ချောင်းချောင်း ထိုင်နေသော သူ့ကို စချင် နောက်ချင်စိတ် ပေါ်လာသည်။ ဒေသ တစ် တွင်တော့ ညိုမီတို့အဖွဲ့က နာမည်ကြီးသည်။ သူတပါး ခြေလှမ်းမှားအောင် မနေတတ်၊ မထိုင်တတ်ဖြစ်အောင် စ တတ်၊ နောက်တတ်သောကြောင့်ဖြစ်လေသည်။
"ယူ့ကိုရော၊ ဘာတွေဟောလိုက်လဲ”
“ဟာ ဟ အချစ်အတွက် သောကရောက်နေသတဲ့”
ငုဝါက ဘေးမှလူကို စချင်စိတ်ကို မေ့သွားပြီး နှစ်ဆယ့်ခုနစ်ကျပ်တန် ဟောကြားချက်ကြီးကို ပြန်လည် ကြားယောင်လာသည်။
“အဟမ်း ဆရာပြောမယ် နားထောင်ပါ၊ အခုလက္ခဏာရှင်ဟာ အချစ်အတွက် သောကရောက်နေသူ ဖြစ်တယ်။ ကိုယ်က သစ္စာရှိသော်လည်း၊ ကိုယ့်အပေါ်မှာ သစ္စာမရှိသူနဲ့ ကြုံနေရတယ်၊ အခုလက်ရှိလူနဲ့ မရဘူး၊ လူမျိုးခြား သို့မဟုတ် ဘာသာခြား တဦးနဲ့ ရလိမ့်မယ်။ အဟမ်း ဆရာ့အမြင်ပြောရယင် အရပ်မြင့်မယ်၊ အသားဖြူမယ်၊ အိမ်နီးချင်းထဲက ဖြစ်နိုင်တယ်။ အဟွတ် ဟွတ် အဟမ်း၊ ပညာရေးအားဖြင့်တော့ အတန်ငယ် အခက်အခဲ ရှိမယ်။ စိတ် အနှောင့်အယှက်နဲ့ ကြုံတတ်တယ်။ ဆရာမြင်တာ ပြောရယင် လက္ခဏာရှင်ဟာ ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်မယ်၊ အမြင့်ဆုံးဘွဲ့အထိ ရစရာရှိတယ်၊ ဘဝရည်မှန်းချက် အောင်မြင်မယ်။ အဟမ်း ကျန်းမာရေးအနေနဲ့ကတော့ လက်ရှိအသက်မှာ နည်းနည်းညံ့နေတယ်။ မျက်စိနဲ့ပတ်သက်သောရောဂါ ဖြစ်နိုင်တယ်၊ အဖျားအနာများမယ်။ ဒါပေမယ့် စိုးရိမ်လောက်အောင် မဟုတ်ပါဘူး။ အသက်သုံးဆယ်အရွယ်မှာ မိန်းမနဲ့ပတ်သက်တဲ့ ရောဂါတခုခု ဖြစ်နိုင်တယ်၊ ဒါပေမယ့် အသက်အန္တရာယ်ကို မစိုးရိမ်ရပါ။ အသက်ငါးဆယ်အထိ ကောင်းပါတယ်။ ကဲ ဆရာ့အမြင်ကို ပြောပြီးပါပြီ။ မေးချင်ရာ မေးခွန်းသုံးခု မေးနိုင်ပါတယ်”
ကဲ အဲဒါပင် နှစ်ဆယ့်ခုနှစ်ကျပ်တန် ဟောကြားချက်ကြီး ဖြစ်ပါသည်။ တွေးယင်း တွေးယင်း ပိုပိုပြီး နှမြောလာသည်။
“ငုဝါကိုများ အချစ်အတွက် သောကရောက်နေသတဲ့။ အကျိုးနည်း ဒီမှာဖြင့် သောကရောက်ဖို့နေနေသာသာ၊ ရည်းစားလေး တယောက်တောင် အပေါက်အလမ်းတည့်အောင် ထားဖူးသေးတာမဟုတ်ဘူး”
မီးရထားဥဩဆွဲသံ ကြားရသည်။ မီးရထားထွက်တော့မည်။
"အချစ်အတွက် သောကရောက်နေရတယ်တဲ့ ဟုတ်လား။ ဒီလိုဆို မှန်တာပေါ့"
“ဘာမှန်လို့လဲ”
"ယူလေ၊ အချစ်အတွက် စိတ်ညစ်နေရတာပဲ”
“ဘယ်မှာ ညစ်ရလို့လဲ”
ငုဝါက အူကြောင်ကြောင်ဖြစ်နေသည်။ ညိုမီ ဘာကိုရည်ရွယ်ပြီး ပြောနေမှန်းမသိ၊ စဉ်းစား၍မရ။
"ယူ စာအုပ်ဆိုင်က ငှားလာတာလေ၊ သုမောင်ရေးတဲ့“အချစ်” ဆိုတဲ့စာအုပ်၊ အဲဒါ ဘယ်သူယူဖတ်မှန်းမသိဘူး၊ ပျောက်သွားလို့၊ လျော်ရတော့မယ်ဆို။ မနက်တုန်းက ပြောနေတာလေ”
“အင်းလေ ဘာဖြစ်လဲ”
“အဲဒါ အချစ် အတွက် သောကရောက်နေရတာပေါ့၊ ဟုတ်ဖူးလား"
သူတို့နှစ်ဦးလုံး ရယ်မိကြပြန်သည်။ ငု၀ါက ရယ်ယင်းနှင့် ကိုယ်ကိုယိမ်းမိတော့ တဘက်မှလူကို မသိမသာ ထိမိပြန်သည်။ ယောက်ျားလေးပင် ဖြစ်သော်လည်း လုံးဝ အသားမယူပဲ နံရံဘက်တွင် ကပ်ပြီး ကုပ်နေပုံကြောင့် ငုဝါက စ ချင် နောက်ချင်နေသည်။
"ဘယ်နှစ်နာရီ ရှိပြီလဲဟင်"
“ဩော် ဟုတ်ကဲ့၊ လေးနာရီ လေးဆယ့်ငါးမိနစ်ခင်ဗျ”
“ဪ ငုဝါနာရီက နောက်ကျတယ်ထင်တယ်၊ လေးနာရီသုံးဆယ့်ငါးပဲရှိသေးတယ်၊ ရထားက ဘယ်အချိန်ထွက်မှာလဲဟင်"
" ငု ငု အဲ ခင်ဗျားနာရီ မမှားပါဘူး၊ရ ရထားက သုံးဆယ့်ငါး ထွက်မှာပါ “
"ဪ ဩော် ဒါဆို အဲဒီကနာရီ မှားတာပေါ့နော်”
“ဟုတ် ဟုတ်ကဲ့”
အယောင်ယောင် အမှားမှားဖြစ်နေသူကို စောင့်ကြည့်ယင်း ညိုမီက ခွိကနဲ ရယ်သည်။ ငုဝါကတော့ ခပ်တည်တည်ပင်။ ရင်ထဲကတော့ ကြိတ်၍ ရယ်နေလေသည်။
ခုနတုန်းက ရင်ထဲတွင် မအီမသာ၊ မကျေမလည် ဖြစ်နေသည်များက အတန်ငယ် ပြေပျောက်သွားသည်။ နှမြောစိတ်လည်း သိပ်မရှိတော့။ သူတို့မိဘတွေက သုဝဏ္ဏလုံးချင်းအိမ်ယာများတွင် နေသော ရာထူးလက်ရှိ အကြီးစားထဲက ဖြစ်သည်။ ထို့ကြောင့် ဒီလောက်ပိုက်ဆံကို နှမြောမယ့်သာ နှမြောနေသော်လည်း သိပ်တော့လည်း မှုစရာမဟုတ်။
* * *
“ဆယ်ပြား၊ ဆယ့်ငါးပြား၊ တမတ်၊ ငါးမူး၊ ပြားခြောက်ဆယ်၊ ပြားခုနစ်ဆယ်၊ ပြားရှစ်ဆယ်၊ ကိုးဆယ်၊ တကျပ်၊ တကျပ်နဲ့တမတ်၊ တကျပ်နဲ့သုံးဆယ်၊ တကျပ်လေးဆယ်၊ တကျပ်ခွဲ၊ တကျပ်နဲ့ ပြားခြောက်ဆယ်”
ဘုတ်ဘုတ်က ဒန်ခွက်ထဲမှ ငွေအကြွေများကို ရေတွက်ပြီး ကောက်ယူသည်။
“တနေ့ကို တဆယ် ပြည့်အောင် တောင်းရမယ်တဲ့၊ အခုမှ ခြောက်ကျပ်နဲ့ ပြားရှစ်ဆယ်ပဲ ရှိသေးတယ်"
သူ့ကျောပေါ်သို့ ဝဲ၍ဝဲ၍ ကျလာသည့် လက်ဝါးကြမ်းကြီးကို မြင်ယောင်ယင်း ဘုတ်ဘုတ် စိတ်ညစ်လာသည်။ ဦးလေးက ခြေနှစ်ဘက် မသန်သောကြောင့်လားတော့ မသိ၊ သူ့လက်များက သာမန်ထက် ပိုပြီးသန်စွမ်းသည်။ သူ စိတ်မကြည်လျှင် ဘုတ်ဘုတ်၏ဆံပင်ကို လက်တဘက်က လှမ်းဆွဲကာ၊ ကျန်လက်ဝါးတဘက်က ကျောပေါ်သို့ တဖြန်းဖြန်း ကျလာတတ်သည်။ စိတ်ကြည်လျှင်တော့ ဓားလှီး ရေခဲချောင်း ဝယ်ကျွေးတတ်လေသည်။
“ဟို ကောင်မလေးကို ကြည့်ပါအုံး၊ ငါနဲ့ ရွယ်တူလောက်ပဲ ထင်ပါရဲ့၊ ဂါဝန်စိမ်းစိမ်းလေး ဝတ်လို့။ ကျောင်းက ပြန်လာတာထင်တယ်"
ဘုတ်ဘုတ်က ဒန်ခွက်အတွင်းမှ ငွေအကြွေအချို့ကို လွယ်ထားသော လွယ်အိတ်နက်ထဲ ထည့်လိုက်သည်။ ခွက်ထဲတွင် ပိုက်ဆံသိပ်များနေလျှင် ထပ်၍ ပေးချင်ကြမည်မဟုတ်။
"ဘေးကလူကြီးက သူ့အဖေထင်တယ်။ ကျောင်းက ကြိုလာတာ ဖြစ်မှာပဲ၊ ပျော်စရာကြီးဟယ်”
သူကတော့ လူမှန်းသိကတည်းက တောင်းလာရသည်။ အဖေနှင့် အမေကို မမြင်ဘူးခဲ့။ ဘယ်သူတွေဖြစ်၍ ဘယ်မှာသေသည်လည်း သူ မသိ၊ ပြန်တွေးလိုက်လျှင် ခြေထောက်ကောင်းစွာ မသန်သော လူကြီးတဦးနှင့် ရပ်တကာ ရွာတကာလှည့်ပြီး တောင်းရသောဘ၀ကိုသာ သူမှတ်မိသည်။ ယခု သူ အတန်ငယ်ကြီးလာတော့ ဦးလေးက သူနှင့်အတူ ခေါ်မသွားတော့။ ရထားပေါ် တွင် လိုက်၍ သီးခြား တောင်းခိုင်းသည်။ ထို့ကြောင့် ပိုက်ဆံများများရသော နေ့များတွင် ဘုတ်ဘုတ်သည် လမ်းဘေးက ကြာဆံသုပ်ကို ဦးလေးမသိအောင် တိတ်တိတ် ခိုးစားနိုင်လေသည်။
“သူတို့နားက အဘိုးကြီးနဲ့ အဘွားကြီးကလဲ ပြုံးလို့ ရယ်လို့၊ ကြည့်ရတာ သတောကောင်းမယ် ထင်တယ်၊ သူတို့နားကျယင် ကြာကြာရပ်မယ်၊ ပေးမယ့်ရုပ်မျိုး"
ဘုတ်ဘုတ်သည် အိတ်ထဲမှ စည်းနှင့်ဂျပ်ကို ထုတ်ယူလိုက်သည်။ ရထားဥဩဆွဲသံ ကြားရသည်။ ငြိမ့်ကနဲ စ၍ရွှေ့သည်။ ရထားထွက်ပြီ။
“ဟိုဘက်က ကောင်ကလေးကတော့ မှန်ကုပ်ကုပ်နဲ့၊ သူ့ဘေးက မိန်းမကြီးကလဲ မျက်နှာကြီး စူလို့၊ ပိုက်ဆံပေးမယ့်ရုပ်မျိုး မဟုတ်ပါဘူး။ ငါ့ကို ပြူးကြည့်ပြီး ခေါင်းခါပြမယ်ထင်တယ်။ သူတို့ဘေးက ထိုင်နေတာ ကန်စွန်းရွက်ရောင်းတဲ့ အဒေါ်ထင်တယ်။ ကန်စွန်းရွက်စည်းကြီးတွေ ရွက်ရွက်သွားတာ မြင်ဖူးတယ်။ သူလဲ ငါ့ကို ပေးမှာ ဟုတ်ပါဖူးဟယ်”
ဘုတ်ဘုတ်သည် ရထားတွဲအတွင်းသို့ ခပ်ဖြည်းဖြည်း လျှောက်ဝင်လာသည်။
“ဒီဘက်က ပေါင်ပေါ်ကို သားရေအိတ်ကြီး တင်ထားတဲ့ ဦးလေးကလဲ ဘာများဖြစ်နေတယ် မသိဘူး၊ မျက်နှာကြီးက ငေးငေးကြီး။ သူရှေ့က လူကြီးကလဲ စကားများလိုက်တာ လွန်ရော"
“ဟိုဘက်နားက ဗိုက်ဖုံးအင်္ကျီနဲ့ အဒေါ်ကတော့ ပိုက်ဆံပေးမှာပါ၊ သူ့ရှေ့က အစ်မကလဲ ချစ်စရာလေးတော့၊ သနားတတ်မှာပါ၊ ငါ့ကို သနားပြီး ပိုက်ဆံပေးမှာ"
ဘုတ်ဘုတ်က လူကြားထဲတွင် တိုးဝင်လာသည်။ တွဲအဆုံး ရောက်တော့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ သူ့ဘေးမှ ခုံကို မော်ကြည့်သည်။ လှပချောမွေ့ သော မျက်နှာထားနှစ်ခုကို တွေ့ ရသည်။ ရေမွှေးနံ့သင်းသင်းကို ရှူလိုက်ရသည်။
“လှလိုက်တာဟယ်၊ ငါလဲ အဲဒီလို ဝတ်ချင်လိုက်တာ၊ ဟိုဘက်က အစ်မ ဝတ်ထားတဲ့ လုံချည်အနီရောင် အကွက်လေးကရော၊ နီလိုရဲလို့ လှလိုက်တာ။ ဟော..ဟိုဘက်ဘေးက အစ်ကိုကြီးက ငါ့ကို လှမ်းကြည့်နေတယ်၊ ပိုက်ဆံပေးမလို့လား မသိဘူး"
ရထားက အတန်ငယ် အရှိန်ရလာသည်။ ဂျိန်းဂျိန်းဂျုတ်ဂျုတ် မြည်သံနှင့်အတူ ခရီးသည်အားလုံး၏ခန္ဓာကိုယ်များက အလိုက်သင့် လှုပ်နေသည်။
“တဆယ်ပြည့်ယင်တော့ ပိုတဲ့ပိုက်ဆံကို ခားလှီးဝယ်စားအုံးမယ်၊ ဆာလိုက်တာဟယ်"
ဘုတ်ဘုတ်သည် သူ့ဘေးမှ ခရီးသည်များကို ပတ်ချာလည် လှည့်ပြီး ဦးချလိုက်သည်။ စည်းနှင့်ဂျပ်ကို စ,တီးသည်။ ဂျိန်းဂျုတ်ဂျုတ်မြည်သံကလည်း စည်းသံ ဂျပ်သံနှင့်အတူ သူ့ကို အားပေးနေသည်။
“ဟို အဒေါ်ကြီး လက်ထဲက ငှက်ပျောသီး တလုံးလောက် စားရယင် သိပ်ကောင်းမှာပဲ၊ ခုမှကို အရမ်းဆာလာတယ်"
စည်းနှင့်ဂျပ်က ချလွမ် ဂျပ်၊ ချလွမ် ဂျပ်နှင့် မြည်နေသည်။ ဘုတ်ဘုတ်သည် ငှက်ပျောဖီးကို ငေးကြည့်ယင်း အသံချဲ့စက်မှ မကြာခဏ ကြားနေရသော ခေတ်စားနေသည့် သီချင်းတပိုဒ်ကို အသံပြာပြာလေးနှင့် စ၍ ဆိုလေသည်။
“မယ်သီတာကို ရွှေသမင်ဖမ်းလို့ပေးတဲ့၊ ချစ်သူ ရာမမင်းကိုစေ"
“ဂျိန်းဂျိန်း ဂျုတ်ဂျုတ်”
“အချစ်ကြီးသူ မင်းဒဿရဲ့ မေတ္တာကျော့ကွင်းမလေ”
“ဂျိန်းဂျိန်း၊ ဂျုတ်ဂျုတ်”
“ကြမ်းတမ်းတဲ့ ဒဿဘီလူးရဲ့ မျက်ရည်နဲ့ အသည်း နှင်းအပ်ကာပေးတဲ့...ပွဲမှာ၊ မုန်းစိတ်နာ သိန်းခိုပြည်ကြီး..."
"ဂျိန်းဂျိန်း ဂျုတ်ဂျုတ် ... ဂျိန်း ဂျုတ်ဂျုတ်... ။
ဂျိန်းဂျိန်း ဂျုတ်ဂျုတ်...ဂျိန်း ဂျုတ်ဂျုတ်။
ဂျိန်းဂျိန်း ဂျုတ်ဂျုတ်...ဂျိန်း ဂျုတ်ဂျုတ်။
မစန္ဒာ
၁ ၊ ၅ ၊ ၁ ၉ ၈ ၃ ။
No comments:
Post a Comment