အေးမွန်က မချမ်းသာ၊ တက္ကသိုလ် တက်နိုင်သည်ကပင် ပညာသင်ထောက်ပံ့ကြေးရသောကြောင့်ဖြစ်သည်။ အေးမွန်၏အဖေက စာရေးကြီးဖြစ်သည်။ အေးမွန်က အကြီးဆုံးဖြစ်ကာ အောက်တွင် မောင်နှစ်ယောက်နှင့် ညီမတယောက် ရှိသေးသည်။ ဒီတော့လည်း အေးမွန်တို့မိသားစုသည် အစစ ချို့တဲ့သည်။ ကျောင်းသို့ ထည့်ယူလာသော အေးမွန်၏ထမင်းဗူးများတွင် ဆီပြန်ဟင်းများကို မတွေ့ရတတ်။ အေးမွန် စားသော ပိန်းဥဟင်းတို့၊ ကန်စွန်းရွက်ချဉ်ရည်တို့ကို သူ ကြာရှည်စားနိုင်လိမ့်မည် မထင်၊ ထို့ကြောင့် အေးမွန်ကို လက်ထပ်ယူရန် စဉ်းစားမိတိုင်း သူ တွန့်ဆုတ်မိသည်။ နူးညံ့ပျော့ပျောင်းသော အေးမွန်၏မျက်နှာလေးကို ငေးကြည့်ကာ၊ လျှံတက်လာသော ချစ်စိတ်ချစ်သွေးများသည် အေးမွန်၏ထမင်းဗူးထဲမှ ဆီမပါသော ငါးလူးဟင်း၊ ငါးပုတ်သင်ဟင်း ခြောက်ကပ်ကပ်ကလေးများကို တွေ့ရလျှင် ချက်ချင်းပြန်ပြီး အနယ်ထိုင်ကာ အေးသွားတတ်သည်။
အေးမွန်နှင့်သူ နှစ်ဦးပေါင်း၍ တည်ထောင်ရမည့်ဘဝကို သူ တခါတရံ တွေးကြည့်မိသည်။ နှစ်ဦးသားအတူ ဘတ်(စ်)ကားကို တိုးစီး၍ ရုံးသို့သွားကြရမည်။ နေ့ခင်းရောက်တော့ ရုံးတွင် ခေါင်းချင်းဆိုင်ကာ ပိန်းဥဟင်း၊ ငါးလူးဟင်း၊ ဘဲကြော်လေးများနှင့် ထမင်းစားကြရသည်။ သူက ထမင်းစားရသည်ကို မတင်းတိမ်၍ လက်ဖက်ရည် သွားသောက်ရအောင်ဟု ခေါ်လေလျှင်လည်း အေးမွန်က ပိုက်ဆံအိတ်ကို ငဲ့ကြည့်ကာ “အေးမွန် မဆာပါဘူး၊ မောင်တယောက်ထဲ သွားသောက်လိုက်ပါ"ဟု ပြောပေလိမ့်မည်။ သူကလည်း အေးမွန်ကို ငဲ့ကာ “အေးလေ၊ ငါးမတ် တကျပ်ဆိုလဲ မနည်းဘူး။ အလကား အကုန်မခံတော့ပါဘူး"ဟု တွေးပြီး သွား၍ သောက်ဖြစ်တော့မည်မဟုတ်။
"ရုံးပြန်ယူယင် မှီမလား မသိဘူး၊ ဪ … ဒါပေမယ့် အခန်းသော့က ငါ့ဆီမှာ မရှိ"
သူ့ဘေးမှ အမျိုးသမီးကြီးက တဦးတည်း ညည်းနေသည်။ သူကလည်း သူ့ကိစ္စနှင့် သူ့ထောပတ်သီးသာ အရေးကြီးနေသည်။
“မောင်လေးရေ ဘယ်နှစ်နာရီ ထိုးပြီလဲ”
“လေးနာရီ မိနစ် နှစ်ဆယ်”
“ရထားထွက်ဖို့ ဆယ့်ငါးမိနစ်ပဲ လိုတော့တာနော်”
အမျိုးသမီးကြီးက ချီတုံချတုံ ဖြစ်နေသည်။ သူက တဘက်သို့လှည့်ကာ စင်္ကြန် ၃မှ လူများကို ငေးကြည့်နေမိသည်။ သာစည် ရထားတွဲ အထိုးနောက်ကျသောကြောင့် စောင့်နေသော ခရီးသည်များဖြစ်သည်။ ငေး၍ကြည့်ယင်း သူ့စိတ်က အတွေးထဲ ပြန်ရောက်သွားပြန်သည်။
အေးမွန်က မိသားစုတာဝန်ကို ကျုံးပြီးထမ်းရလေမည့်သူ ဆိုတော့ သူကပါ ဘေးမှဝင်ပြီး ကူ၍ထမ်းရတော့မည် ဖြစ်လေသည်။ နှစ်ယောက်လုံး အင်ဂျင်နီယာဖြစ်၍ နှစ်ယောက်လစာရသည်ပင်လျှင် ဆီပြန်ဟင်းစားနိုင်ဖို့မလွယ်။ ကားစီးဖို့၊ တိုက်ဆောက်ဖို့ကိုကား မစဉ်းစားရဲ။
ထိုအချိန်တွင် သူက မာမာထွန်းနှင့် တွေ့ခဲ့သည်။ မာမာထွန်းသည် အေးမွန်လောက်လည်း ပညာမတတ်၊ အေးမွန်လောက်လည်း မလှ။ သူ့ထက် အတန်ငယ် အသက်ငယ်သော်လည်း ငယ်သည်ဟုမထင်ရ။ တွေ့စတုန်းက သူ့ထက်ကြီးသည်ဟုပင် သူက ထင်ခဲ့မိသေးသည်။
မာမာထွန်းကို အောင်ဖြိုးဝင်း၏အဒေါ် တယောက်က စ၍ မိတ်ဆက်ပေးသည်။
“ဟုတ်ကဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ၊ ကျွန်တော် အောင်ဖြိုးဝင်းပါ၊ ဆောက်လုပ်ရေးမှာလုပ်ပါတယ်”ဟု နှုတ်မှ ပြောလိုက်ရသော်လည်း စိတ်ထဲမှာ "အင်း... မိန်းမဖြစ်ပြီး ကြည့်ရတာ နွဲ့နွဲ့ပျောင်းပျောင်းမရှိလိုက်တာ၊ မာမာထွန်းလို့မခေါ်ပဲ မာမာတောင့်လို့ ခေါ်ဖို့ ကောင်းတယ်”ဟုစဉ်းစားမိသေးသည်။ သို့သော် ထိုမာမာတောင့်တောင့်ကြီးက စိန်တွေညွှတ်နေအောင် ဝတ်သောအခါ သူ့မျက်စိထဲတွင် နွဲ့နှောင်း ပျော့ပျောင်းသွားလေသည်။
မာမာထွန်း၏အမေကလည်း” “သမီးတယောက်ထဲဆိုတော့လဲ ကားဝယ်စီးမနေပါဘူးကွယ်၊ သွားစရာလာရာမှ မရှိတာ။ သမီး အလုပ်လုပ်ယင်လဲ ရုံးဆင်းရုံးတက်လုပ်ဖို့ ဝယ်ရကောင်းသား။ ခုတော့ သမီးလေးကိုလဲ အလုပ်မလုပ်စေချင်ဘူး၊ ကာလကြီးက ကောင်းတာမဟုတ်ဘူး။ မတော်မတည့်တာနဲ့ တွေ့ပြုသွားမှာလဲ စိုးရတယ် ညီမရေ။ ဒီတော့ သမီးကိုပဲ စနေရတယ်၊ သမီး အိမ်ထောင်ကျမှပဲ သမီးယောကျ်ား ရုံးတက်ဖို့ မာမီက ကားဝယ်ပေးရတော့မှာပဲလို့” ဟု အောင်ဖြိုးဝင်း၏အဒေါ်အား ပြောသည်။
ဒီတော့လည်း အဒေါ်က “စိတ်ကူးမလွဲနဲ့ ငဖြိုး”ဟု ပြောသည်။
အမေကလည်း "သူတို့နေတဲ့အိမ်က သူတို့အိမ်ပိုင်ပဲလား၊ အဘိုးကြီးက ပင်စင်စားဆိုပေမယ့် အတော် စုမိဆောင်းမိထားပုံရတယ်နော်”ဟု ပြောသည်။ လိုလားသော အရိပ်အယောင် ပြသည်။
အစ်မကမူ “အေးမွန်က နင်တို့ရုံးပဲ ဝင်မှာလား၊ ဆည်မြောင်းမှာ အလုပ်လျှောက်ထားတယ်ဆို”ဟု မေးသည်။ အေးမွန် ဆည်မြောင်းတွင် အလုပ်ရသွားတော့ “အေးဟယ်၊ အနေဝေးတော့လဲ ကောင်းတာပေါ့၊ နင်လဲ ကိုယ့်တက်လမ်းကိုယ်စဉ်းစား" ဟု ပြောသည်။
ညီမလေးကသာ နှုတ်ခမ်းစုပြီး “ကိုကို သစ္စာမဖောက်နဲ့" ဟု ပြောသည်။
သူက နဝတိမ်တောင်နှင့် ယောင်ချာချာဖြစ်နေသည်။ သို့သော်လည်း နောက်ဆုံးတော့ လူကြီးမိဘ၏စကားကို နားထောင်သော သားလိမ္မာလေး လုပ်ခဲ့သည်။ အေးမွန်ကိုတော့ “လူကြီးတွေ မျက်နှာပျက်မှာစိုးလို့ပါကွယ်”ဟု ချွေးသိပ်ခဲ့သည်။ အေးမွန်က ငိုလည်းမငို၊ ရန်လည်းမထောင်ပဲ သူကို မချိပြုံးလေးသာ ပြုံးပြခဲ့သည်။
“ဟော ကိုအောင်ဖြိုးဝင်း"
“ဟာ ဦးလှသိန်း လာဗျာ"
သူတို့ရုံးမှ ဦးလှသိန်းက သူ့ကို နှုတ်ဆက်သည်။ သူက ရှေ့ခုံတွင် အမှတ်တမဲ့ တင်ထားသာ ခြေထောက်ကို ကမန်းကတန်း အောက်သို့ချကာ ကိုယ်ကို ကျုံ့ပေးလိုက်သည်။
“ဘယ်လဲဗျ”
“သုဝဏ္ဏသွားမလို့လေ၊ နှင်းဆီကုန်းဘူတာကနေ လျှောက်သွားယင် နီးတယ်ဆိုတာနဲ့"
“ဟုတ်တယ်၊ အနီးကလေးပဲ"
“နှစ်ခန်းတွဲအိမ်တလုံး ငှားမယ်ဆိုလို့ သွားကြည့်မလို့ဗျ၊ အဲဒီဘက်မှာ အားကစားရုံကြီးဆောက်နေတော့ နောင်ဆိုယင် စည်ကားလာမှာမဟုတ်လား"
"ဟုတ်တယ် .. အယင်တုန်းက ကျွန်တော့်ယောက္ခမကြီးတွေတောင် သုဝဏ္ဏမှာ အိမ်တလုံးဝယ်အုံးမလို့၊ နောက်တော့ အသွားအလာခက်တာနဲ့ မဝယ်ဖြစ်တော့တာ”
အောင်ဖြိုးဝင်း လက်မထပ်ခင်က ချိုလှပြုံးလှသော ယောက္ခထီးကြီးနှင့်ယောက္ခမကြီးသည် လက်ထပ်ပြီးသောအခါတွင်ကား ယခင်တုန်းကလောက် မချို၊ မပြုံးတော့ချေ။ ယခင်တုန်းကတော့ သူတို့သမီးနှင့် လက်ထပ်ပေးပြီးလျှင် ဝင်ဒါမီယာမှာပဲ အိမ်ဝယ်ပေးတော့မလိုလို၊ အင်းယားလမ်းမှာပဲ မြေဝယ်ပေးတော့မလိုလို လေသံထွက်ခဲ့သော်လည်း ယခုတော့ ဒီသမီးလေးတယောက်တည်း ခွဲပြီးမနေနိုင်ပါဘူးဟု ယောက္ခမကြီးက မျက်ရည်လေး မသိမသာဝဲကာ ဆိုသည်။ ယောက္ခထီးကြီးကလည်း “စုစုဝေးဝေး နေကြရယင် ကောင်းတာပေါ့ကွာ"ဟု ပြောသည်။
သူတို့သမီး မာမာထွန်းကလည်း "မိဘတွေ အသက်ကြီးမှ ခွဲမနေဘူးကိုကိုရယ်”ဟု မျက်နှာညှိုးညှိုးနှင့် … ပြောလေတော့ အောင်ဖြိုးဝင်း ဘာလုပ်ရမည်နည်း။ သူတို့သဘောကျ ခေါင်းညိတ်ရုံအပြင် ဘာမှမလုပ်တတ်။ ပုဇွန်တောင်စာတိုက်အနီးက ယောက္ခမအိမ်သို့သာ မျက်နှာငယ်ငယ်နှင့် တက်ခဲ့ရလေသည်။ သူ စိတ်ကူးယဉ်ခဲ့သော မြက်ပင်စိမ်းစိမ်း၊ ပန်းမွှေးမွှေးလေးများနှင့်ကား အဝေးကြီး ဝေးခဲ့ရတော့သည်။
“ခင်ဗျားက ဒီရထားအမြဲစီးသလား"
“အမြဲလိုလိုပဲလေ…၊ ပုစွန်တောင်ဘူတာကနေ စီးလိုက်ယင် ဘူတာကြီးကို ငါးမိနစ်ပဲ။ အဲဒီကနေ ရထားပြောင်းပြီး ဘုရားလမ်း ဆက်စီး၊ တခါတလေ အချိန်ပိုယင်လဲ ဗိုလ်ချုပ်ဈေးနောက်ဘက် သံလမ်းကဖြတ်ပြီး ရုံးအထိလမ်းလျှောက်၊ အညောင်းအညာတောင် ပြေသေး"
"အေးဗျ ဟန်သားပဲ၊ ဒီလိုသာအဆင်ပြေနေယင် ကိုယ်ပိုင်ကား ဘယ်လိုတော့မှာလဲ”
အောင်ဖြိုးဝင်း သက်ပြင်းချသည်။ ယောက္ခမကြီး နှစ်ပါးကလည်း ထိုသို့ပင် ပြောခဲ့သည်။ ရကာစကတော့ ချက်ချင်းပဲ ကားဝယ်ပေးတော့မလိုလိုနှင့် "စုံစမ်းလေကွယ်”ဟု ပြောသည်။ သူ့မှာ အပေါင်းအသင်းတွေလိုက်ပြီး ကားစုံစမ်းလိုက်ရလေသည်မှာ အမော။ ဗင်မလီယာ၊ ကိုရိုလာ၊ ဒတ်ဆန်း စုံနေသည်။ သို့သော် တင်ပြလိုက်တိုင်း တစီးမှ အဆင်မပြေ။ ယောက္ခထီးကြီးက မကြိုက်လိုက်၊ ယောက္ခမကြီးက မကြိုက်လိုက်၊ မိန်းမက မကြိုက်လိုက်နှင့် သူ့မှာ အမောသာ အဖတ်တင်သည်။
ကား ၁၀ စီးခန့် ပြပြီးသောအခါတွင်ကား ယောက္ခမကြီးက“ဒီလောက် ငွေကြီး ဘဏ်ကထုတ်ပြီး အရင်းမြှုပ်ထားရတာ နာတယ်၊ ကား တန်တန် သန့်သန့်ဆိုယင် ခုနှစ်သောင်းဆိုကာ အောက်ထစ်၊ အဲဒီကနေ ငွေပြန်မပေါ်တဲ့အပြင် ဓာတ်ဆီထည့်ရတာနဲ့၊ ပျက်လို့ ပြင်ရတာနဲ့ ထပ်ကုန်အုံးမယ်။ တော်ကြာ တိုက်လိုက် ခိုက်လိုက်ယင် အခက်”ဟု ညည်းသည်။
မိန်းမကလည်း “ရထားစီးသွားပါလား ကိုကို၊ ဒီကနေဆိုယင် ဘူတာကြီးကို ငါးမိနစ်ပဲ၊ အဲဒီကနေဆို ကိုကိုတို့ရုံးကို ဘာမှမဝေးတော့ဘူး”ဟု ပြောသည်။
ယောက္ခထီးကြီးက တဖန် “လမ်းလျှောက်သွားပါလားကွဲ့၊ ကျန်းမာရေးနဲ့တောင် ညီညွတ်သေး အဟေး အဟေး"ဟု ကွမ်းယာဝါးယင်း ရယ်သည်။
ဒီတော့လည်း သူ ဘာတတ်နိုင်မည်နည်း။ သုံးလေးနှစ်ရွယ် ကလေးလေးလို “ကားဝယ်ပေးပါ၊ ကားဝယ်ပေးပါ”ဟု ခြေဆောင့်ကာ အော်ငိုပြီး ပူဆာရမည့်အရွယ်လည်းမဟုတ်။ “ရထားစီးရတာ အဆင်ပြေလိုက်တာဗျာ၊ ဘာဖြစ်လို့ ငွေရင်းစိုက်ပြီး ကိုယ်ပိုင်ကား ဝယ်စီးနေတော့မှာလဲ။ တော်ကြာ ဓာတ်ဆီတန်းစီရတာ ခက်က ခက်သနဲ့” ဟုသာ ပြောရတော့သည်။ ပြောမယ့်သာ ပြောရသော်လည်း သူ့မျက်နှာက သိပ်မကောင်းတော့ ယောက္ခမကြီးက စိန်ချယ်လက်စွပ်ကြီးတကွင်း ထုတ်၍ ဆင်သည်။ လက်စွပ်က အတန်ငယ် ကြီးနေတော့ လက်သူကြွယ်တွင် မဝတ်နိုင်ပဲ လက်ခလယ်တွင် ဝတ်သည်ကိုပင် အုပ်ချည်ကြိုးနှင့် ရှစ်ပြီး ကျပ်အောင် ပြုလုပ်ထားရသေးသည်။ သူ့ယောက္ခမကြီးက ငွေတိုးချေးသောအလုပ်ကိုလည်း လူမသိအောင် ကြိတ်၍ လုပ်သည်။ ထို့ကြောင့် “ဘယ်သူ လာပေါင် ထားဘာပါလိမ့်အပေါင်ဆုံးပစ္စည်းများလား မသိဟု တွေးခဲ့ မိသော်လည်း ပြိုးပြိုးပြက်ပြက်လက်နေသော စိန်လက်စွပ်ကြီးကို ဝတ်ယင်း အောင်ဖြိုးဝင်း ကျေနပ်ခဲ့လေသည်။
သို့သော် ကြာကြာတော့ မကျေနပ်လိုက်ရ၊ ယောက္ခထီးကြီးက မသိမသာ စောင်းကြည့်ကာ ရိုက်ပြီး လုသွားပါအုံးမယ်ကွာ” ဟု ပြောသည်။ ယောက္ခမကြီးကလည်း “စိန်တလုံးလောက် ပြုတ်ထွက်လဲ တန်ဖိုးက မနည်းဘူး”ဟု ဆိုသည်။ မိန်းမက တဖန် ကိုကိုရေ ရုံးမှာများ လက်ဆေးယင် လက်စွပ်သတိထားနော်၊ ဆပ်ပြာနဲ့ ချောပြီး ကျွတ်ကျနေအုံးမယ်”ဟု သတိပေးသည်။ ဒီတော့လည်း သူက နားညည်းမခံချင်တော့၍ စိတ်ပေါက်ပေါက်နှင့် ပြန်ပြီး ချွတ်ပေးထားလိုက်သည်။
လက်စွပ် မဝတ်ရသည်က ကိစ္စမရှိ။ နားညည်းသည်ကိုတော့ စိတ်ညစ်လှသည်။ သို့သော် သူ့နာရီက သူ ကျောင်းသားဘဝ တတိယနှစ်ကတည်းက ပတ်သောနာရီမို အသစ်လဲချင်သည်။ ပုံက ဟောင်းလှပြီ၊ မှန်က ပွန်းလှပြီ။ သို့သော် “နာရီဆိုတာ အချိန် သိဖို့ ပတ်တာပဲ သားရယ်၊ အချိန်မှန်နေယင် ပြီးတာပဲ မဟုတ်လား"ဟု ပြောလေသည်။ ထို့ကြောင့် ခုထက်ထိလည်း နာရီ အသစ်ဝယ်သည့်ကဏ္ဍသို့ ရောက်မလာရသေး။
“ကျွန်တော့်ညီတယောက်က ရန်ကုန် ပြန်ပြောင်းလာမှာမို့ အိမ်ရှာနေတာဗျ၊ ရန်ကုန်မြို့က နေရေးကတော့ အဘော် ခက်နေပြီဗျို့၊ မလွယ်ဘူး”
“ဟုတ်ကဲ့"
အောင်ဖြိုးဝင်း ခေါင်းညိတ်ပြလိုက်သည်။ ဘဘက် စင်္ကြန်တွင် သာစည်ထွက်သည့်ရထား ဝင်လာသည်။ ခရီးသည်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ပစ္စည်းများကို တွဲပေါ် ထိုးတင်ကာ နေရာဦးကြ၊ နေရာချကြနှင့် ဆူသွားလေသည်။
“ဟင် အေးမွန်"
လူကြားထဲတွင် အေးမွန်ကို တွေ့လိုက်ရသည်။ စစ်ဝတ်စုံ ဝတ်ထားသော လူတဦးနှင့် ရပ်၍ စကားပြောနေသည်။ ခုနကတည်းက ရှိနေလိမ့်မည်ပင်ဖြစ်သော်လည်း အောင်ဖြိုးဝင်း မတွေ့။ ရထားဝင်လာမှ လူအများက ရထားနား အုံခဲသွားတော့ သူတို့အနားတွင် အလိုလို လူရှင်းသွားသည်။ ငုံ့၍ စကားပြောနေသူနှင့် ခေါင်းကို မမော့တမော့လေး ငဲ့ကာ နားထောင်နေသော အေးမွန်တို့ကို ကြည့်ရသည်မှာ ဆူညံလှုပ်ရှားနေသော ဘူတာရုံနှင့်ပင် မလိုက်ဖက်၊ သူတို့နှစ်ဦးကလည်း ဆူညံနေသောအသံများကို ကြားပုံမရ၊ လှုပ်ရှားနေသော လူများကိုလည်း မြင်ပုံမရ၊ နဂိုကတည်းက နူးညံ့ပျော့ပျောင်းသော အေးမွန်၏မျက်နှာလေးသည် ယခုတော့ ပိုပြီး ချိုသာ နူးညံ့နေသည်။ အောင်ဖြိုးဝင်း၏ ရင်ထဲတွင် နှမြောစိတ်များ လျှံဝေ၍ တက်လာသည်။
“သွားပြီ၊ ဆုံးပြီ။ အေးမွန်ကို ငါ လက်လွှတ်လိုက်ရပြီ"
သူက မချိတင်ကဲနှင့် တွေးမိသည်။ အေးမွန်နှင့် မတွေ့ရ သည်မှာ သူ အိမ်ထောင်ကျကတည်းကမို့ သုံးနှစ်ခန့်ရှိပြီ။ သူပင် ကလေးတယောက်အဖေ ဖြစ်နေပြီ။ သို့သော် အေးမွန်က အချစ်သစ် မရှာပဲ အေးအေးကုတ်ကုတ်လေး နေသည်ဟု ကြားတော့ သူ ဝမ်းသာခဲ့သည်။
တနေ့တုန်းက အေးမွန်၏သူငယ်ချင်း မငယ်နှင့် တွေ့သည်။ မငယ်က သူ့ကို စကားမပြော။ သို့သော် “ဥဒုမ္ဗရဒေဝီကို ပိင်္ဂုတ္တရလုလင်က စွန့်သွားတော့ ဝိဒေဟရာဇ်နဲ့ ရတာပေါ့ဟယ်"ဟု မကြားတကြား ပြောသွားသည်။ အဲဒီတုန်းက သူ နားမလည်၊ ခုမှ သိတော့သည်။ အေးမွန် အချစ်သစ် တွေ့ပြီ၊ သူ့ကို မေ့ပြီ။
“အေးမွန်က ရုပ်ချော၊ ပညာတတ်၊ နိုင်ငံခြား ပညာတော်သင် လွှတ်ဖို့လဲ အလားအလာက သိပ် ကောင်းနေတာတဲ့၊ အနောက်ဂျာမဏီကို သွားရမယ်ဆိုလား၊ နောက်ပြီး စိတ်သဘောထားလဲ သိပ်ကောင်းတာ၊ ငါ ဘာလို့များ အေးမွန်ကို ပစ်ခဲ့မိပါလိမ့်”
သူ သက်ပြင်းချသည်။ လွှတ်သော ငါးသည် ကြီးလှချေသည်။
“ကိုအောင်ဖြိုးဝင်း ခင်ဗျား နေမကောင်းဘူးလား”
ဦးလှသိန်းက မေးသည်။
“ဘာဖြစ်လို့လဲ”
“မျက်နှာတွေ နီနေသလားလို့”
“ခေါင်းကိုက်လွန်းလို့ပါ၊ ရာသီဥတုကြောင့် ထင်ပါရဲ့”
“အင်း ရာသီဥတုကလဲ ပူတယ်’
အောင်ဖြိုးဝင်းသည် အိတ်ထဲမှ လက်ကိုင်ပဝါကိုထုတ်ကာ မျက်နှာကို ပွတ်သုတ်လိုက်သည်။ မနေနိုင်သောမျက်စိ အေးမွန်တို့ဆီ လှမ်း၍ ကြည့်မိပြန်သည်။ စစ်ဝတ်စုံနှင့် လူရွယ်က အေးမွန်ကို မြတ်နိုးစွာ ကြည့်နေသည်။ ထို့နောက် တစုံတခုကို ပြောသည်။ အေးမွန်က မျက်စောင်းလေး မသိမသာ ထိုးကာ ပြုံးသည်။ သူ့ရင်ထဲတွင် ပြင်းပြင်းပြပြ ပူလာသည်။
“ပူလိုက်တာဗျာ၊ တအား ပူတာပဲ"
သူက တုန်လှုပ်သောအသံနှင့် ပြောမိလေသည်။
* * *
သံပိုက်လုံးကို အသေအချာ ဆွဲကိုင်ပြီး ရထားပေါ်ကို တထစ်ချင်း တက်သည်။ ကိုယ်လေးလက်ဝန်နှင့်ဆိုတော့ ပေါ့ပေါ့ပါးပါး မရှိလှ၊ လေးလံနှေးကွေးနေသည်။ ချော်လဲမှာ ကြောက်သောကြောင့် အထူးသတိထားပြီး လျှောက်သည်။
ရထားတွဲထဲ၌ လူတွေ အ တော်အတန် ပြည့်နေပေပြီ။ မခင်အေးက အတွင်းဘက် လျှောက်ဝင်လာယင်း ထိုင်ရမည့်နေရာကို အကဲခတ်၍ ရှာဖွေမိသည်။
“ပူလိုက်တာဗျာ၊ တအားပူတာပဲ”
ထိုအသံကြားတော့ အတန်ငယ် ခြေလှမ်းပျက်သွားသည်။ ဖြတ်ကနဲ လှမ်းကြည့်မိသည်။ ချွေးပြန်နေသော မျက်နှာကို လက်ကိုင်ပဝါနှင့် ပွတ်သုတ်နေသူတဦးကို တွေ့ရသည်။
"အင်း ငါကလဲ ပူလိုက်တာဆိုယင် ငါ့ဗိုက်ကို ပြောတယ်ထင်တော့တာပါပဲ"
မခင်အေးက တဦးတည်း ပြုံးမိသည်။ နေရာလွတ်တခုကို တွေ့တော့ အရှေ့တွေ၊ အနောက်တွေ နေပူမှာ၊ မပူမှာတွေကို တွက်မနေအား၊ ခပ်သွက်သွက် ဝင်ထိုင်လိုက်သည်။ လက်ထဲတွင် ဆွဲကိုင်လာသော ငှက်ပျောဖီးကို ပေါင်ပေါ်တင်လိုက်သည်။
“ခုနတုန်းက ထိုးခဲ့တဲ့ဆေးက အဆိပ်ဖြစ်ယင်တော့ ဒုက္ခပဲ၊ မီးရထားပေါ်မှာလဲ ဘာမှ မလုပ်တတ်ဘူး'
ထိုင်မိပြီးသောအခါမှ အိုက်ပြီး ချွေးတွေပြန်လာသည်။ ဆေးထိုးခဲ့သော တင်ပါးက နာသလိုလို ရှိလာသည်။
“ဆရာမလေးက စစ်ပြီးမှ ဆေးထိုးတာပဲ၊ ဘာမှ မဖြစ်တန်ကောင်းပါဘူး၊ ငါ့နှယ် လူကြားလို့မှမကောင်း၊ ကာလသားရောဂါတဲ့၊ ရှက်စရာ"
မခင်အေးက တွေးယင်းပင် ရှက်စိတ်တွေ ဝင်လာသည်။
“အိမ်ရှေ့အိမ်က ဒေါ်စပ်စုသာ သိသွားယင်တော့ တရပ်လုံး မောင်းတီးပြီးသားပဲ၊ တော်သေးရဲ့၊ ဘယ်သူ့ကိုမှ အဖော်ခေါ် မလာမိလို့”
သားဦးဗိုက် ဖြစ်သော်လည်း မခင်အေးက ဆေးရုံကို အားမကိုးမိ၊ ဆေးရုံဆိုလျှင်ပင် အလိုလို လန့်နေသောကြောင့် အရပ်ဝမ်းဆွဲ ဒေါ်ရွှေကိုသာ အားကိုးမိသည်။ ဒေါ်ရွှေကလည်း “မနန်းစိုး၊မနန်းစံ ရင်ချင်းဆက်အမြွှာကို မွေးပေးတာ တော်တို့ အားကိုးတဲ့ အင်္ဂလိပ်ဆရာဝန်၊ ဆရာမတွေ မဟုတ်ပေါင်တော်။ ကျုပ်တို့လို အရပ်ဝမ်းဆွဲပါ" ဟု ပြောတတ်သည်။ “တော်တို့ အင်္ဂလိပ်ဆရာဝန်တွေက ဒီလိုအမြွာမျိုးကို ဗိုက်မခွဲပဲ မွေးတတ်မှာ မဟုတ်ပါဘူး”ဟု ပြောသေးသည်။
မခင်အေးက ဆေးရုံကို ကြောက်သည်။ ဗိုက်ခဲ့ရမည်ကိုကား ပို၍ပင် ကြောက်သေးသည်။ ထို့ကြောင့် “အမေရေ အမေအိကိုပဲ အားကိုးရမှာနော်”ဟု တဖွဖွ ပြောထားသည်။ ဒေါ်ရွှေအိကလည်း အားကိုးစမ်းပါအေဟု ပြုံးပြုံးကြီး ပြောလေသည်။ မခင်အေး ကိုယ်ဝန်က လေးလကျော် ငါးလထဲရောက်လာပြီမို့ ပုံ့ပုံ့ရုံ့ရုံ့မကပဲ ဖောင်းဖောင်းကားကား ဖြစ်လာသည်။ ဒေါ်ရွှေအိက စမ်းကြည့်ပြီး “ငါတော့ နှစ်ယောက်ထင်တာပဲ၊ မဟုတ်မှလွဲရော”ဟု ဆိုသည်။
အစပိုင်းက “မင်းသဘောပဲ"ဟု ခပ်ပေါ့ပေါ့ဆိုသော ခင်ပွန်းသည် ကိုသာမြတ်က “သမဝါယမဆေးခန်းက ဆရာဝန်နဲ့ ပြကြည့်ပါအုံးကွာ၊ အမြွှာဆိုယင်တော့ အိမ်မှာမွေးလို့ ကောင်းပါ့မလား”ဟု ပြောသည်။ ဒီတော့လည်း သူက “သမဝါယမ” ဆေးခန်းကို ရောက်ရပြန်လေသည်။
“သုဝဏ္ဏက လုံးချင်းအိမ်တွေလဲ အရောင်းအဝယ်တွေ ဖြစ်နေကြတာပဲဗျာ၊ တလောက ကျွန်တော့်အသိတယောက်တောင် ဝယ်မလို့တဲ့ လိုက်ကြည့်နေသေးတယ်၊ နှစ်သိန်းခွဲဆိုလားပဲ”
နောက်ဘက်ခုံမှ စကားသံကို ကြားရသည်။ အသံက ကျယ်သောကြောင့် စကားသံကို ကြားမယ့်သာ ကြားသော်လည်း၊ ထိုစကားသံက မခင်အေး၏စိတ်ထဲ မရောက်။ သုဝဏ္ဏအိမ်တွေ ရောင်းကြဝယ်ကြသည်ကို သူစိတ်မဝင်စား၊ ဒီဘက်နားက ဝင်သွားကာ ဟိုဘက်နားက ပြန်ထွက်သွားသည်။ သို့သော် ပြောနေသောသူ၏အသံက ကျယ်တော့ ထပ်၍ကြားရပြန်သည်။
“ဒေါက်ဘာ ဒေါ်ခင်လေးမြင့်အောင် တလောက သွားကြည့်သေးတယ်တဲ့၊ နောက်မှ မဝယ်ဖြစ်ဘူး ပြောတယ်။ အခု ငှားမယ်ဆိုတာ အဲဒီအိမ်လေ၊ စဘော်မလိုဘူး၊ အိမ်လခက တလ တထောင်တဲ့"
"ဘယ် ခင်လေးမြင့်လဲ၊ အိုဂျီလား”
“ဟုတ်ပါဘူး၊ ရာဇူးက ရိုးရိုးဒေါက်ထရိတ်ရတဲ့ ခင်လေးမြင့်"
“သိပါဘူး၊ ကျွန်တော်က အိုဂျီ ခင်လေးမြင့်လားလို့”
“အိုဂျီ” ဟူသော စကားကို ကြားတော့ မခင်အေးသည် သူ အူကြောင်ကြောင် ဖြစ်ခဲ့ရသည်ကို သတိရသည်။ “အို”ဟူသော စကားကို စ၍ ကြားစက သူ နားမလည်၊ သမဝါယမဆရာဝန် က “ကလေး အမြွှာ ထင်တယ်။ အိုဂျီနဲ့ ပြကြည့်ပါ”ဟု ပြောသည်။ မခင်အေး ဦးနှောက်ခြောက်သွားသည်။ မည်သူနှင့် ပြရမည်နည်း။ “အိုဂျီ”ဆိုသူမှာ မည်သူနည်း သူ မသိ။ သို့သော် သူက မမေးရဲ၍ အခန်းပြင် ထွက်သွားသေးသည်။ နောက်ပြီးမှ ပြန်လှည့်လာပြီး "ဦးအိုဂျီကို ဘယ်မှာ သွားပြရမှာလဲ ဆရာ”ဟု ခပ်ရွံ့ရွံ့ မေးမိသည်။
ဆရာဝန်က သူ့ကိုပင် အားမနာနိုင်၊ ဟက်ဟက်ပက်ပက် ရယ်ကာ "အိုဂျီဆိုတာ သားဖွားနဲ့ မီးယပ် ပါရဂူကို ပြောတာပါ အစ်မကြီးရဲ့၊ ရန်ကုန်မှာ အိုဂျီတွေ အများကြီး ရှိပါတယ်။ ဒေါ်နန်းဦး၊ ဒေါ်မြမြ၊ ဒေါ်လှကြည်၊ ဒေါ် မေသျှင်၊ ဒေါ်ဖလောရင့်မောင်မောင်၊ ဒေါ်ခင်သိန်းဦး၊ ဒေါ် ခင်စန်းရီ နောက်ပြီး အများကြီး ရှိပါသေးတယ်။ ဆေးရုံမှာ မမွေးချင်လို့ ဆေးခန်းမှာ မွေးချင်ယင်ထဲ ဒေါ်မြမြအေးရဲ့ မြရတနာ ဆေးခန်းရှိတယ်”ဟု ပြောသည်။
နောက်ပိုင်း စကားများကို အသေအချာပင် မကြားနိုင်။ မခင်အေးမျာ ရှက်အမ်းအမ်းဖြစ်သွားသောကြောင့်ဖြစ်သည်။ ရင်ထဲမှတော့ "ဪ.. အိုဂျီဆိုတာ ဆေးရုံက ဝမ်းဆွဲကို ခေါ်တာကိုး" ဟု အကြမ်းဖျင်း မှတ်သားလိုက်မိသည်။
ထိုဆေးရုံမှ အင်္ဂလိပ်ဝမ်းဆွဲထံ ရောက်တော့မှ မခင်အေးသည် ကိုယ်အလေးချိန် ချိန်ရသည်။ ညှပ်ရိုးတိုင်းရသည်။ ဆီးစစ် ရသည်။ သွေးစစ်ရသည်။ မေးခိုင်ကာကွယ်ဆေး ထိုးရသည်။ တော်တော်လေး အလုပ်ရှုပ်သွားလေသည်။ အလုပ်ရှုပ်သည်က ကိစ္စမရှိ၊ ဒီနေ့ သွေးစစ်ချက် အဖြေကို သိရတော့မှ အကြီးအကျယ် စိတ်ရှုပ်ခဲ့ရတော့သည်။
‘ကကြီးရေက၊ မယယစ် ငသတ် မြင်း ဝစ်စ နှစ်လုံးပေါက်တော့ မြင်း၊ မရေမ ကမြင်းမ၊ မရေ လုံးကြီးတင် မိ၊ ကမြင်းမ မိ၊ လ ဟထိုး လှ ကမြင်းမ မိလှ..."
ဘေးချင်းယှဉ်လျက် ခုံမှ ကလေးငယ်က တွဲနံရံပေါ်မှ စာလုံးကို တလုံးချင်း ပေါင်းကာ ဖတ်နေသည်။ မခင်အေးက တွဲနံရံ လိုက်ကြည့်မိသည်။
“ကမြင်းထီး၊ ကိုသာမြတ်၊ သူ ကမြင်းလို့"
စိတ်ထဲမှ ဒေါသနှင့် ရေရွတ်လိုက်မိသည်။ ဆရာဝန်မကြီးက သွေးစစ်ချက် အဖြေစာရွက်လေးကို ဖတ်ကြည့်ကာ “မခင်အေး သွေးထဲမှာ ကာလသားရောဂါပိုး တွေ့နေတယ်”ဟု ပြောလိုက်စဉ်က သူ့မျက်နှာသည် တရှိန်ရှိန် ပူလာခဲ့လေသည်။ ထို ပူလာသော မျက်နှာကို အောက်စိုက်ထားရမလား၊ အဝင်တံခါးဘက် လှည့်ထားရမလား၊ မျက်နှာကြက်တွင် တဝီဝီလည်နေသော ပန်ကာကိုပင် မော်ကြည့်နေရမလား မဝေခွဲနိုင်ပဲ ချွေးတွေသာ ချက်ချင်း နစ်နေအောင် ထွက်လာသည်။ ရှက်လိုက်သည်မှာ ဆိုစရာမရှိ။
“ဒါမျိုးက အထဲက ကလေးကို ထိခိုက်နိုင်တယ်၊ အခုလို သွေးစစ်ကြည့်လိုက်တော့ စောစောစီးစီး ဆေးကု နိုင်တာပေါ့ကွယ်၊ ပင်နယ်စလင်တော့ ဆက်တိုက် ထိုးရမယ်နော်၊ နက်ဖြန်ကျယင် အမျိုးသားကိုပါ ခေါ်ခဲ့၊ သူ့ကိုပါ ဆေးကုရမယ်" ဟု ဆရာဝန်မကြီးက ပြောသည်။
သူ့ဘေးမှ ကိုယ်ဝန်ဆောင်များက မခင်အေးအား ဝိုင်းကြည့်ကြသည်။ မခင်အေးကမူ တကိုယ်လုံး ရှိန်းဖိန်းကာ မျက်နှာကို အောက်စိုက်ထားမိသည်။ ဘယ်သူ့ကိုမှ ပြန်မကြည့်ရဲ၊ သူ့ယောက်ျား ကိုသာမြတ်ကိုသာ သတိရနေသည်။ ပြောရလျှင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသကဲ့သို့သာ ဖြစ်ချေတော့မည်။ နာမည်က သာမြတ်မို့သာ တော်တော့သည်။ အကျင့်က နည်းနည်းမှ မကောင်း။
“အင်မတန်ကို ကမြင်းကြောထချင်တာ၊ ပြောရယင်လဲ မကောင်းဘူး"
မခင်အေးက တွေးယင်း ဝမ်းနည်းလာသည်။ စိတ်လည်း ဆိုးလာသည်။ ဝမ်းနည်းစိတ်နှင့် ဒေါသစိတ်က ရင်ထဲတွင် ပူးပေါင်း၍ ဗလောင်ဆူကာ တစ်ဆိုဆို့ကြီး ဖြစ်လာသည်။
“ဖဲရိုက်ချင် ရိုက်၊ အရက်သောက်ချင် သောက်၊ တော်သေးတယ်။ မကြိုက်ပေမယ့် ခွင့်လွှတ်နိုင်သေးတယ်။ ခုတော့ သူ့ကြည့်လိုက်ယင် ဘုရားဒကာလိုလို၊ ဘုန်းကြီးလူထွက်လိုလို ဣနေ္ဒြနဲ့၊ သိက္ခာနဲ့၊ ဘုရားစကား တရားစကားလဲ စာအုပ်ထဲကဟာတွေ အလွတ်ကျက်ပြီး လူထူယင် ပြောတတ်သေးတယ်။ ကွယ်ရာကျမှ ကုတ်ပြီး ကမြင်းတာ၊ အိမ်မီးလောင်လို့ ဏေလာနေတဲ့ ငါ့ညီမဝမ်းကွဲတောင် မရှောင်းချင်ဘူး”
“ဟောတော့ ကြမ်းပိုး"
ငေးမော တွေးတောယင်း ရှေ့တွင် ထိုင်နေသော မိန်းကလေး၏ပေါင်ပေါ်သို့ တရွရွ တွားတက်လာသော ကြမ်းပိုးကို မြင်သည်။ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ပါဏာတိပါတာကံကို ရှောင်မည်ဟု အဓိဋ္ဌာန်ပြုထားသည်ကိုလည်း သတိမရ၊ သူပြောလိုက်လျှင် ဒီကြမ်းပိုး ဇီဝိန်ပြုတ်တော့မည်ကိုလည်း သတိမရ၊ လက်ညှိုးထိုးပြကာ “ကြမ်းပိုးကြီး ကြမ်းပိုးကြီး”ဟု ပြောလိုက်မိသည်။ သူ့အတွေးနှင့်သူ ငေးနေသော မိန်းကလေးက သူ့ပေါင်ကိုသူ အလန့်တကြား ငုံ့ကြည့်သည်။ ပြောင်လုံချည်ပေါ် တွင် အထင်အရှားတွေ့နေရသော ကြမ်းပိုးကို ဆတ်ကနဲ ကောက်ဖမ်းလိုက်သည်။
“ကြမ်းပိုးကြီးက ကြီးလိုက်တာ၊ အမြီးတောင် ပေါက်နေပြီလား မသိဘူး"
သူက ပြောမိစဉ်၊ မိန်းကလေးသည် ထိုကြမ်းပိုးကို ပြတင်းပေါက်ဘောင်ပေါ် ချကာ ဖိချေပစ်လိုက်သည်။ သွေးပေနေသော လက်ကို ထောင်ကြည့်ယင်း မျက်နှာလေးက မသိမသာ ရှုံ့နေသည်။ ကြမ်းပိုးစော်နံမည်မှန်း သိလျက်နှင့် သူ့လက်ကိုသူ မထိတထိ နမ်းကြည့်ပြီး “နံလိုက်တာ”ဟု ပြောလေသည်။
“ကြမ်းပိုး ထိုးတာနဲ့ သတင်းစာ ခင်းပြီး ထိုင်ထားတာ၊ ဒီကောင်က လူပေါ်ရောက်အောင် တက်လာသေးတယ်”
ရထားတွဲတွေထဲမှာ ပိုလိုဖျန်းပစ်ဖို့ ကောင်းတယ်၊ အဲဒီ ကြမ်းပိုးတွေ တခါတည်း ပြေးမှာပဲ”
မခင်အေးက ပြောမိပြီးမှ သူထိန်းထားသော ပါဏာတိပါတာကို သတိရသည်။ "အို ကိုယ်တိုင်သတ်တာမှ မဟုတ်ပဲ၊ ကိစ္စမရှိပါဘူး”ဟု တွေးမိစဉ်၊ သူ့ဘေးမှ လူက "အစ်မကြီးရဲ့၊ ပိုလိုက ကြမ်းပိုးတင် မကဘူး၊ လူပါ ပြေးရမှာ။ အနံ့က တယ်ဆိုးသဗျ”ဟု ဝင်ပြောသည်။ မခင်အေးသည် ယခုမှပင် သူ့ဘေးမှလူကို သတိပြုမိသည်။ ခုနတုန်းကတော့ ကိုယ့်အတွေးနှင့်ကိုယ်မို့ လွတ်နေသော နေရာကိုသာ မြင်သည်။ တဘက်ဘေးတွင် မည်သူထိုင်နေသနည်း၊ သတိပင်မထားမိ၊ မသိမသာနှင့်လှည့်ကြည့်တော့ ရှပ်အင်္ကျီမှ အပေါ်ဘက်ကြယ်သီးနှစ်လုံးကို မတပ်ပဲ ဖြုတ်ထားသည်ကို ချက်ချင်း သတိပြုမိသည်။ ရှပ်အင်္ကျီရင်ဘတ်က မဟတဟမို့ အထဲက ရွှေဆွဲကြိုးကိုလည်းကောင်း၊ ရင်ဘက်တွင် ပေါက်နေ သော အမွေးအမြင်များကိုလည်းကောင်း မြင်လိုက်ရသည်။
“ဟင်း မီးရထားပေါ်မှာ ဆွဲကြိုးလု၊ နာရီလုဆိုတာ ဒီလို ဂျပိုးမျိုးတွေနေမှာပဲ။ ရုပ်ကလဲ ကြည့်ပါအုံး၊ နှုတ်ခမ်းမွေးစစ မချိုမချဉ်နဲ့၊ ရှေ့က ကောင်မလေးကို ငမ်းနေတာထင်တယ်”ဟု တွေးလိုက်မိပြီး မျက်နှာထားကို မသိမသာ တင်းလိုက်သည်။ လက်ထဲမှ သားရေအိတ်ကို တင်းတင်း ကိုင်ထားလိုက်သည်။ တော်ကြာ ဆတ်ကနဲ လုပြေးသွားလျှင် ခက်မည်။ ပါသွားသည်က ကိစ္စမရှိ။ အထဲက သွေးစစ်ချက်စာရွက်ကလေးကို သူများမြင်သွားလျှင် အရှက်ကွဲရမည်။သူက အင်္ဂလိပ်စာ ကောင်းစွာမတတ်၍ မသိသော်လည်း သိသူလက်ထဲ ရောက်သွားပါက သူ့တွင် ကာလသားရောဂါပိုးရှိကြောင်း တန်း၍ပေါ်တော့မည် ဖြစ်လေသည်။
“ကြမ်းပိုးပြေးစေချင်ယင် အနံ့ဆိုးတာလဲ ခံနိုင်မှာပေါ့"
သူ့အသံက အတန်ငယ် တိုပြတ်ပြတ်ဖြစ်သွားသောကြောင့် ဘေးမှလူက ဘာမှဆက်မပြောတော့။ ခေတ္တငြိမ်သွားပြီး နေရာမှ ဆတ်ကနဲ ထသည်။ သူက အိမ်သာထဲများ ဝင်သွားလေမလားဟု ကြည့်နေမိသော်လည်း တွဲအောက်သို့ ယောင်လည်လည်နှင့် ဆင်းသွားလေသည်။ မခင်အေးလည်း ပြတင်းပေါက်ဘက်သို့ ဝမ်းသာအားရနှင့် ရွှေ့လိုက်သည်။ “ရထားမစီးပဲနဲ့များ အသားလွတ် ဝင်ထိုင်နေသေးသလား၊ ဘယ်လိုလူလဲ မသိပါဘူး” ဟု တွေးမိသော်လည်း ထိုအတွေးက ကြာကြာမခံ၊ ကိုသာမြတ်ဆီသို့သာ စိတ်က ပြန်လည်ရောက်ရှိသွားသည်။
မိန်းမကိုယ်ဝန်ဆောင်စဉ်ကာလတွင် ယောက်ျားများက မတည်ငြိမ်ပဲ ဖောက်ပြန်တတ်သည်ဟု ကြားဖူးသည်။ ကိုယ်ဝန်မဆောင်မီကတည်းက မတည်ငြိမ်သူကိုကား ကိုယ်ဝန်ရင့်မာလာသောအချိန်ရောက်လျှင် အခန်းထဲ လှောင်ထားရလိမ့်မည် ထင်သည်။ တော်ကြာ ဆစ်ဖလစ်ထက်ဆိုးသော ရောဂါကို သယ်လာလေလျှင် ကိုယ်ကျိုးနည်းရတော့မည်။ ယခုလည်း ကံကောင်းထောက်မ၍ ဆရာဝန်ဆီ ရောက်ပြီး သွေးစစ်မိခြင်းဖြစ်သည်။ သွေးသာ မစစ်မိ၍ ဆေး သာမကုမိပါက သူ့ဝမ်းထဲမှ ကလေးအမြွှာလေးနှစ်ဦးတွင် မွေးကတည်းက ဆစ်ဖလစ်ရောဂါလေးကတွဲပြီး ပါလာမည် ဖြစ်လေသည်။ ဆရာမလေးကမူ အင်္ဂါမစုံသောကလေးများ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။ သူ့ကို အသေအချာ ရှင်းပြလိုက်သည်။
“တော်သေးတယ်၊ တော်ကြာ ကလေးတွေ တခုခုဖြစ်လာယင် ငါတော့ ရင်ကျိုးရတော့မှာ"
မခင်အေးက သူ့ဗိုက်ကိုသူ မသိမသာ ငုံ့ကြည့်သည်။ ဝမ်းကြာတိုက်အတွင်းမှ တွန်းထိုးလှုပ်ရှားမှုကို ခံစားသိရှိလိုက်ရသည်။ “ဒါ တတောင်ဆစ်ကလေးလား၊ ခြေထောက်ကလေးလား၊ ခေါင်းကလေးလား"ဟု တွေးယင်း လှုပ်ရှားနေသောနေရာကို လက်နှင့် မသိမသာလေးအုပ်၍ ကိုင်ထားလိုက်သည်။
“ကလေးရလာယင်တော့ ကိုသာမြတ် ငြိမ်ကောင်းပါရဲ့ကွယ်၊ ခုတော့ သူ့တွင်ခုံက အလုပ်တော့ ဖြစ်ပါရဲ့၊ ထောက်ထားစရာ သားသမီးမရှိသေးတော့ စုဆောင်းဖို့ စိတ်မကူးပဲ လွယ်လွယ်ပေါပေါ သုံးနေတာပဲ”
ကိုသာမြတ်သည် ပညာရေးဘက်တွင် ဆယ်တန်းပင်အောင်သူ မဟုတ်၊ သို့ပါသော်လည်း စီးပွားရေးဘက်တွင် လာဘ်မြင်လှသည်။ လုပ်လည်းလုပ်တတ်သည်။ ယခု အိမ်တွင် "တွင်ခုံ”လေး ထောင်ထား၍ ဝင်ငွေမှန်မှန်ရနေသော်လည်း ထိုင်ပြီး အေးအေးဆေးဆေး တင်းတင်းတိမ်တိမ် မနေတတ်ပေ။ နောက်ထပ် ရပေါက်ရလမ်းကို အမြဲစိတ်ကူးကြံစည်နေသူဖြစ်သည်။ "ခုနေ မန်ကျည်းသီး လှောင်ထားလိုက်ယင် နောက်လေးငါးလနေယင် သုံးခေါက်ချိုးလောက် မြတ်ပြီပဲ၊ ထားစရာနေရာ ခက်နေလို့" ဟု တနေ့ကပင် ပြောနေသေးသည်။ ရှာလည်းရှာသလို သုံးလည်းသုံးသည်။ သူရှာနိုင်၍ သူသုံးနိုင်သည်။ ကိစ္စမရှိ။ စီးပွားရေးဘက်တွင် အကွက်မြင်သလို မိန်းမကိစ္စတွင်လည်း အကွက်မြင်သည်ကတော့ ခက်လှသည်။
မခင်အေး၏အစ်မကြီးကမူ “ယောက်ျားဆိုတာ ဒီလိုပဲအေရဲ့၊ ဆီပြန်ဟင်း အမြဲစားနေရပေမယ့် သူတို့က လမ်းဘေးက ယင်နားတဲ့ အသုပ်စုံကိုလဲ သွားယင်းလာယင်း မြည်းချင် စမ်းချင်ကြသေးတာပဲ။ တော်ရုံတန်ရုံတော့ မသိချင်ဟန်ဆောင်နေလိုက်ပါ ညီမရယ်။ အရေးကြီးတာက အထင်အရှား ရှိမလာဖို့ပဲ။ ဒီခေတ်က မယားငယ်မရှိဘူးနော် အမိ။ မယားပြိုင်တဲ့ရှင့်၊ မယားပြိုင်တဲ့" ဟု ပြောခဲ့ဖူးလေသည်။
“မယားပြိုင်နဲ့တော့ မတွေ့သေးပါဘူး၊ ဒါပေမယ့် ပင်နယ်စလင်တဲ့အစ်မ၊ ပင်နယ်စလင်နဲ့တော့ တွေ့နေရပြီ”
မခင်အေးက တကမ္ဘာလုံးကြားအောင် အော်ပြီး တစုံတခုကို ထုရိုက်ပစ်ချင်စိတ် ပေါက်လာသည်။ အိမ်ရောက်လျှင်ဘော့ ကိုသာမြတ်၏ပေါင်တွင်းကြောကို နာနာလိမ်ရမည်။ “ထအုံး၊ ကမြင်းကြော ထလိုက်ပါအုံး။ ခုတော့ ဟင် လူကြားလို့မှ ကောင်းသေးရဲ့လား၊ ဆစ်ဖလစ်တဲ့တော့”ဟု ပြောကာ သူ့ကျောကို ထုရမည်။
“ဟာ ဒီကြမ်းပိုးကလဲ ဒုက္ခပဲ”
ရှေ့မှမိန်းကလေးက နောက်ထပ်ကြမ်းပိုးတကောင် သတ်ပြန်လေသည်။ မခင်အေးလည်း ပါဏာတိပါတာကို သတိရပြန်လေသည်။
“ဟာ အလကားနေ အလကားပဲ၊ ဟိုငေးဒီငေး လုပ်နေမယ့်အစား ပုတီးစိပ်နေတာ ကောင်းမယ်”
မခင်အေးက လက်ကိုင်အိတ်ထဲ ထည့်ထားသော နံ့သာဖြူပုတီးလေးကို ထုတ်သည်။ အိတ်ထဲမှ သွေးအဖြေစာရွက်လေးကို စမ်းမိတော့ အိတ်ကို မြန်မြန်ပြန်ပိတ်သည်။ ခင်းထိုင်ထားသော သတင်းစာစက္ကူကို အသေအချာ ငုံ့ကြည့်နေသော ရှေ့မှ မိန်းကလေးအား ကြည့်ယင်း ပုတီးစ၍ စိပ်သည်။
ပုတီးစိပ်ယင်း တဝက်လောက်ရောက်တော့ လင်တော် မောင်သာမြတ်၏မျက်နှာကို မြင်ယောင်လာသည်။ မခင်အေး၏ရင်ထဲတွင် ခုနက အတန်ငယ်ငြိမ်သွားသော ဒေါသစိတ်၊ ရှက်စိတ်၊ ဝမ်းနည်းစိတ်တို့က ပြန်ပြီး လွန့်လူးလာပြန်လေသည်။ သူ့ခေါင်းထဲမှ အရဟံသည် ဘယ်အချိန်က ပျောက်သွားမှန်းပင်မသိလိုက်။ ပုတီးတလုံးချပြီး စိတ်ထဲမှ ရွတ်ဆိုမိသည်။
ဒင်းကြောင့်
နောက်တလုံး ချလိုက်ပြန်သည်။
“ဒင်းကြောင့်”
ထို့နောက် တလုံးပြီးတလုံး ဆက်တိုက် စိပ်နေမိလေသည်။
“ဒင်းကြောင့်၊ ဒင်းကြောင့်၊ ဒင်းကြောင့်”
* * *
"ခွေးမသား ဗညားကြောင့်”
ကျော်စွာထွန်းက စိတ်တိုတိုနှင့် တွေးသည်။
“သူကသာ ငါ့ကို ဘုရားကိုးဆူ မဖိတ်ယင်၊ ခင်မနဲ့ မိတ်ဆက် မပေးယင်၊ ငါဆိုတဲ့ကောင်က ခင်မကို မြင်ဖူးမှာလဲ မဟုတ်ဘူး၊ ကြိုက်ဖြစ်မှာလဲ မဟုတ်ဘူး။ အဲဒါဆိုယင် အခုလို ဘူတာရုံကို နေ့တိုင်းလာပြီး ဝဋ်ခံနေစရာလဲ လိုမှာ မဟုတ်ဘူး"
ဘူတာရုံတွင် စောင့်ရတာ ကြာလွန်းတော့ ကျော်စွာကုန်း စိတ်တိုသည်။ ခုလည်း လေးနာရီ သုံးဆယ့်ငါးမိနစ်တွင် ပြန်ထွက်မည့် ခေါင်းလှည့်ရထား မဆိုက်မီကတည်းက ကျော်စွာထွန်းက ဘူတာရုံ ရောက်နှင့်သည်။ ရထားဆိုက်သည်နှင့် ခေါင်းတွဲပင် မဖြုတ်ရသေးခင် လှေကားနှင့် အနီးဆုံးဖြစ်သော တွဲပေါ်သို့ ရောက်သည်။ သို့မှသာ ခင်မတယောက် လှေကားမှဆင်းလာလျှင် အလွယ်တကူ ရှာတွေ့မည်ဖြစ်သည်။ သူကလည်း ခင်မကို အလွယ်တကူ လှမ်းမြင်နိုင်မည် ဖြစ်လေသည်။
အိမ်သာခန်းအနားက အနံ့အသက် အတန်ငယ်ဆိုးလေတော့ ထိုအိမ်သာခန်းများကို ကျော်စွာတန်း ရှောင်သည်။ အိမ်သာနှင့် အဝေးဆုံးထိုင်ခုံကို ရွေးလေ့ရှိသည်။ ထို့နောက် ခင်မအတွက် ခုံပေါ်တွင် စာအုပ်တအုပ်ချကာ နေရာဦးထားနှင့်သည်။ သို့မှသာ နှစ်ယောက်အတူ ထိုင်နိုင်မည် ဖြစ်သည်။ ခင်မ စောမောရောက်လျှင်လည်း ထိုသို့ ဝင်ဦးထားရလေ့ရှိသည်။ သို့သော်လည်း ခုအထိတော့ သူကချည်း စောရောက်၍ စောဦးထားရသည်က များသည်။
ခင်မက ဘတ်(စ်)ကား မရလို့၊ ကလပ်(စ်)မပြီးလို့၊ ဘာလို့ ညာလိုနှင့် ထာဝစဉ် နောက်ကျတတ်သည်။ တကယ့်တကယ် နောက်ကျသင့်သည်က ကျော်စာထွန်း ဖြစ်သည်။ သူက “ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် တက်နေသည်မို့ ကမာရွတ်က လာရသူဖြစ်သည်။ ခင်မက ပညာရေးဆိုတော့ ဟံသာဝတီအဝိုင်းကြီးအနီးရှိ ပညာရေးတက္ကသိုလ်မှ လာရသူဖြစ်သည်။ ခရီးချင်းယှဉ်ကြည့်လျှင် သူက ပို၍ဝေးသည်။
“အင်း..ဝီရိယချင်း ယှဉ်ကြည့်ယင်တော့ ငါက နှစ်ဆ သာမယ် ထင်တယ်”
ကျော်စွာထွန်းက ပြုံးမိသည်။ ယောက်ျားလေးများသည် ဒီဘက်တွင်တော့ ဝီရိယကောင်းကြသည်။ ဇွဲကောင်းကြသည်။ ဒါက သူတယောက်တည်း မဟုတ်၊ သူ့သူငယ်ချင်း အပေါင်းအသင်းများကလည်း သူတို့နည်း သူတို့ဟန်နှင့် ဇွဲကောင်းနေကြသည်သာ ဖြစ်သည်။
“ရည်းစားလေး ထားရတာလဲ ဓါးလှီးလေး စားရသလိုပဲ.. ဟဲဟဲ"
ဓားလှီးရေခဲချောင်းရောင်းသော ကောင်ကလေးက ရေခဲပုံးကို လက်နှင့်ခေါက်ကာ အော်နေသည်။ စင်္ကြန်အောက်မှ မော်ကြည့်ယင်း “အစ်ကို ဓါးလှီးမစားသေးဘူးလား”ဟု မေးသည်။ ကျော်စွာထွန်းက ပြုံးယင်း ခေါင်းခါပြလိုက်သည်။
“မစားသေးပါဘူးက္ခာ”
“စောင့်တုန်းလား အစ်ကိုရ "
“အေးကွာ၊ စောင့်တုန်းပဲ”
ချာတိတ်က ပြုံးဖြဲဖြဲနှင့် ထွက်သွားသည်။ ခင်မက ရေခဲချောင်း ကြိုက်သည်။ မကြာခဏ ဝယ်စားတတ်သည်။ နောက်ပြီး မုန့်ချင်းအတူတူ ဆိုပါက ကလေးရောင်းသော မုန့်ကို ခင်မက ဦးစားပေး၍ စားသည်။ သူတို့၏လုပ်အားကို အသိအမှတ်ပြု၊ ဂုဏ်ပြုသည့်သဘော။ ယခုလည်း ခါးလှီးရေခဲချောင်း ရောင်းသူ လေးငါးဦးရှိသော်လည်း ဒီချာတိတ်ရောင်းသော ခါးလှီးကိုမှ ခပ်များများ စားဖြစ်လေသည်။ ဒီတော့လည်း ဒီချာတိတ်က မှတ်မိနေသည်။
"စာ က လေး ခွေ ... စာက လေး ခွေ ကြွပ် ကြွပ် လေး ... စာ ကလေးခွေ"
တဲ့ပေါ်သို့ တက်ရောင်းသော စာကလေးခွေသည်ကို တလှည့်ပြောင်း၍ ကြည့်မိပြန်သည်။ စောင့်ရသည်မှာ ပျင်းလာ၍ စာကလေးခွေ ဝယ်စားရကောင်းမလား စဉ်းစားမိသည်။ စဉ်းစားနေစဉ်တွင်ပင် စာကလေးခွေသည်က သူ့ကို ကျော်ဖြတ်သွားသည်။ လှမ်းမခေါ်ဖြစ်တော့။
“လူ ရှိလား”
“ရှိတယ်ခင်ဗျ၊ အခု လာမှာ"
ဆာရီဝတ်ထားသော အိန္ဒိယအမျိုးသမီးက တွဲနောက်ဘက်သို့ ဆက်လျှောက်သွားသည်။ ထိုင်ချင်၍ လာမေးသူကို မထိုင်ပါနှင့်ဟု ဆီး၍ တွန်းလွှတ်လိုက်ရသည့်သဘောမျိုးဖြစ်၍ ကျော်စွာထွန်း မျက်နှာပူသည်။ ဒီတနေ့တည်း မဟုတ်၊ ဒီတခါတည်း မဟုတ်။ ဒီမျက်နှာကြီးက နေ့စဉ်ရက်ဆက် ပူနေရသော မျက်နှာကြီးဖြစ်သည်။ ခင်မမက နေ့တိုင်းလိုလို နောက်ကျသောကြောင့် ဖြစ်လေသည်။
ကျော်စွာထွန်း သက်ပြင်းတချက်ကို... ကျိတ်၍ ရှိုက်လိုက်မိသည်။ ခင်မမကို ချစ်ရသည်မှာ ဝဋ်တမျိုးပါလားဟု စဉ်းစားမိပြီး ကိုယ့်ကိုယ်ကို သနားသလိုလို ရှိလေသည်။ ချစ်သူသက်တမ်း တနှစ်နီးပါးခန့် ရှိပြီဖြစ်သော်လည်း တခါမျှ နှစ်ယောက်တည်း အပြင်မထွက်ဘူးသေးပေ။ ရုပ်ရှင်တော့ ကခါကြည့်ဖူးသည်။ သို့ပါသော်လည်း သူ့ခမျာ မုန့်ခိုးစားနေသော ကလေးလို ကျီးကြည့်ကြောင်ကြည့်နှင့် အထိတ်ထိတ်အလန့်လန့် ရှိလှသည်။ ရုပ်ရှင်ရုံထဲရောက်တော့ လက်တန်းပေါ် တင်ထားသော သူ့လက်ကလေးကို ကိုင်ခွင့်ရသော်လည်း ကိုယ်လုံးသွယ်လျလျလေးက တောင့်ပြီး မတ်နေသည်။ ကုလားထိုင် ဟိုတက်ခြမ်းကို ယိုင်နေသည်။ သူများအတွဲတွေလို ပခုံးစွန်းကို ခေါင်းနှင့်မေးတင်ဖို့ကား ဝေးပါသေးသည်။
ရုပ်ရှင်ပြီးသွားပြီး ရုံပြင်ရောက်တော့ စွန့်စားခန်းကြီးတခု ပြီးသွားသလို သက်ပြင်းချလိုက်သည်ကို မြင်တော့ ကျော်စွာထွန်း စိတ်မကောင်း။ သူတို့စကားနှင့် သူတို့ပြောရလျှင် ဖီလင်လည်း အောက်သွားသည်။ ထို့ကြောင့် နောက်ထပ် မကြည့်ဖြစ်တော့။ ရုပ်ရှင်မကြည့်ဖြစ်သည်က ထားတော့၊ ကျော်စွာထွန်းက ခင်မတို့တက္ကသိုလ်သို့ သွားလည်ချင်သည်။ အတန်းချိန်တွင် အပြင်ထွက်ပြီး သူနှင့် စကားပြောချင်သည်။ စားသောက်ဆိုင်တွင် အတူ ထိုင်ချင်သည်။ သူများအတွဲတွေလို သံပရာရည်တခွက်ထဲတွင် စုပ်တံ နှစ်ချောင်း တပ်ပြီး ခေါင်းချင်းဆိုင်၍ စုပ်သောက်ချင်သည်။ သို့သော်လည်း မရွှေခင်မမက ရှက်တော်မူသည်။ ကျောင်းသို့ မလာနှင့်၊ စာသင်ပျက်သည်၊ ရှက်သည်ဟု ပညတ်ချက် ထုတ်လေသည်။ ညနေအပြန် သင်္ကန်းကျွန်း၊ တိုးကြောင်လေးရထားပေါ်တွင် အတူ ယှဉ်ထိုင်ခွင့် တည်းဟူသော အခွင့်အရေးကြီးတခုကိုသာ ရက်ရက်ရောရော ပေးတော်မူလေသည်။
“အစ်ကို့ ဒူးယား”
အသက်အစိတ်ဝန်းကျင် မိန်းကလေးတဦးက သူ့ရှေ့တွင် ဒူးယား၊ ခပေါင်း စီးကရက်များ ထည့်ထားသောပန်းလေး ကိုင်ကာ ရပ်နေသည်။
"ဒူးယား"
သူက ဆိုလိုက်တော့ ဒူးယားဗူးကို လှမ်းပေးသည်။ ဆေးချောင်နေသောအလိပ်များ ပါတတ်၍ သူက ပြည့်သောအလိပ်ကို ရွေးယူသည်။ နှုတ်ခမ်းတွင် တပ်သည်။ မိန်းကလေးက မီးခြစ်ကို ဖျောက်ကနဲ ဖွင့်ကာ အဆင်သင့် မီးညှိနိုင်ရန် ရွှေ့သို့ တိုးပေးသည်။
မီးရထားပေါ်တွင် စုန်ကာ ဆန်ကာလိုက်ယင်း ဈေးရောင်းနေကြသူများမှာ ကြီးကြီးငယ်ငယ် ယောက်ျားသားများသာ များသည်။ သို့သော် ဒီမိန်းကလေးကတော့ တမျိုး၊ မည်သူကိုမျှလည်း အရေးစိုက်ဟန်မရှိ၊ သာမန် မိန်းကလေးများ ဗန်းနှင့်လည်း ရောင်းလေ့မရှိသော စီးကရက်ကို တွဲစဉ်လိုက်ပြီး ရောင်းနေခြင်းမို့ ခရီးသည်တိုင်း သတိထားမိကြသည်။ မိန်းကလေး၏မျက်နှာက တည်တည်အေးအေး အလုပ်ကိုတန်ဖိုးထား၍ ကြိုးစားနေသည့် ပုံ။
“တလိပ်ပဲလား”
“တော်ပြီ"
ကျော်စွာထွန်းက ပြားသုံးဆယ် လှမ်းပေးလိုက်သည်။ မီးစွဲသွားပြီဖြစ်သော စီးကရက်ကို ဖွာရှိုက်ယင်း ခင်မအကြောင်းကို ဆက်တွေးလေသည်။
ခက်ခဲလေ တန်ဖိုးထားလေ ဆိုသည်မှာ သဘာဝပင် ထင်သည်။ “အစကမတွေ့ခဲ့ယင် ခုလို လာပြီး ဝဋ်ခံရမှာ မဟုတ်ဘူး”ဟု စိတ်တိုတိုနှင့် မကြာခဏ တွေးမိတတ်သော်လည်း ခင်မကို တဖြည်းဖြည်းနှင့် နင့်နင့်ရဲရဲ စွဲလန်းလာမိသည်ကတော့ အမှန်ပင်။ ညနေတိုင်း သုံးနာရီမထိုးမီကတည်းက သူ့မှာ ဘူတာရုံပြေးဖို့ ဟန်တပြင်ပြင် ဖြစ်လေ့ရှိသည်ကို မြင်တော့ ဗညားက ရယ်လေသည်။
"မင်းနော်…. သူ့အဖေကြီးက အခုတော့ ပင်စင်စား ဆိုပေမယ့် အယင်ကတော့ ဂရိတ်ထဲကကွ၊ သူ့အမေကြီးကလဲ သူ့သမီးတွေကို ဆရာဝန်ရယ် အင်ဂျင်နီယာရယ် ... ဟတ်-ဟတ် နောက်ပြီး သင်္ဘောသားရယ်နဲ့ပဲ တန်တယ် ထင်တာ”ဟု ပြောခဲ့လေသည်။
ပါးစပ်ထဲ ပြည့်လာသော စီးကရက် အခိုးအငွေ့များကို အဆုပ်ထဲရောက်အောင် တအား ဖွာရှိုက်ပစ်လိုက်သည်။ သူ့အမေ သူ့အဖေက အရာရှိကြီးများမဟုတ်၊ ဆရာဝန်ကြီးများလည်း မဟုတ်၊ နောက်ပြီး သဌေးကြီးများလည်း မဟုတ်။ မိဘ ကျောထောက်နောက်ခံအနေနှင့်ကြည့်လိုက်လျှင် သူက တပန်းရှုံးနေပြီဖြစ်သည်။ နောက်ပြီး သူ့ခမျာ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် တက်ခွင့်မရခဲ့လေတော့ ဆရာဝန်နှင့် အင်ဂျင်နီယာမဟုတ်သည်ကတော့ သေချာနေပြီ။ သင်္ဘောသား ဖြစ် မဖြစ်ကိုကား ပြော၍မရသေး။
တွေးကြည့်လိုက်တော့လည်း စိတ်ညစ်စရာ။ နိုင်ငံခြား သင်္ဘောပေါ်တွင် ကြမ်းတိုက်ခွင့်၊ သံချေးခေါက်ခွင့် ရရန်အရေးအတွက် ဒီမှာ နှစ်သောင်းလောက် ပေးရမည် ဆိုတော့ “သခင်မျိုးဟေ့ တို့ဗမာ" ဟု လက်သီးလက်မောင်းတန်း ကာ အော်ခဲ့သော တို့ဗမာ သခင်မျိုးများအတွက် ရင်နာစရာကောင်းလှလေသည်။ ကြမ်းမတိုက်ရတဲ့ သင်္ဘောသားလည်း ရှိသေးသည်တဲ့။ တော်ပါသေးရဲ့။
"ရည်းစားလေး ထားရတာလဲ၊ ဓါးလှီးလေးစားရသလိုပဲ”
ဓါးလှီးရောင်းသော ချာတိတ်က အော်သွားပြန်သည်။ ကျော်စွာထွန်းသည် တွဲပြတင်းဘောင်ကို လက်ထောက်ကာ အုတ်လှေကားကြီးကို မော်ကြည့်သည်။ ရင်ထဲတွင်လည်း မောနေသည်။
နောက် ခြောက်လလောက်နေလျှင် သူ ဘွဲ့ရတော့မည်။ “ဘွဲ့တလုံးနှင့် ယောင်သုံးဆယ်” ဖြစ်ရတော့မည်။ ခင်မကလည်း သူ့ကို ချစ်မယ့်သာ ပြန်ချစ်ခဲ့သော်လည်း၊ အခြေအနေ အရပ်ရပ်ကို အားရဟန် မတူ၊ သူ့အမေတွေ သူ့အစ်မတွေကို ဖွင့်၍ မပြောရဲသေး။ “မေမေသိယင်တော့ ဒုက္ခပဲ”ဟူသော စကားကို တွင်တွင်ပြောတော့ ကျော်စွာထွန်း အတော်ပင် အားငယ်မိလေသည်။
"ဟော"
ကျော်စွာထွန်း၏ရင်ထဲတွင် ဒိတ်ကနဲ တုန်သွားသည်။ လှေကားထိပ်တွင် ဘွားကနဲ ပေါ်လာသော ခင်မကို တွေ့ရသည်။
“ခင်မ လာ”
သူက ဝမ်းသာအားရနှင့် လှမ်း၍ လက်ပြမည်ပြုစဉ် အထိတ်တလန့်ဖြစ်နေသော ခင်မ၏မျက်နှာကို သတိထားမိသည်။ ခင်မသည် သူ့ကို လှမ်းကြည့်ကာ မသိမသာ ခေါင်းခါ၍ ပြနေလေသည်။
“ဟိုက်”
ယခုမှပင် တွေ့သည်။ ခင်မ၏နောက်ဘက်တွင် ခပ်ဝဝ ခပ်ခန့်ခန့် လျှောက်လာသော ယောက္ခမလောင်းကြီးကို ခုမှပင် တွေ့မိတော့သည်။ ခင်မသည် သူ့မိခင်နှင့် ဘယ်နေရာတွင် ဘယ်လို ဆုံခဲ့ကြလေသည်မသိ။ ခင်မက သူ့ကို လှမ်းကြည့်ကာ ခေါင်းခါပြနေပြီမို့ ကျော်စွာထွန်းက မြှောက်ထားသောလက်ကို အသာ ပြန်ချလိုက်သည်။ စိတ်ထဲတွင်မူ မကြည်လင်လှ။
သူ ငေး၍ကြည့်နေစဉ်ပင် ခင်မက သူ့အမေကို ဖေးမယင်း လှေကားမှ တထစ်ချင်း ဆင်းလာသည်။ သူ့ကို ထပ်၍ မကြည့်တော့ပေ။ ရင်ထဲတွင် အားငယ်စိတ်တွေ လွှမ်းလာသည်။ ခင်မကသာ သူ့လက်ကို လာ၍ဆွဲကိုင်ပြီး "ဟောဒါက သမီးချစ်သူ မေမေ" ဟု သတ္တိရှိရှိ ကြေငြာလိုက်လျှင် မည်မျှကောင်းလေမည်နည်း။ ခင်မသည် အဘယ်ကြောင့် ဒီမျှ သတ္တိနည်းရလေသနည်း။
“ဟဲ့သမီး၊ ကိတ်မုန့်ထုပ်ကို အသေအချာကိုင်လေ၊ တော်ကြာ ကြေကုန်အုံးမယ်၊ ဧည့်သည်တွေ ကျွေးဖို့ပါဆိုမှ"
လူသံများက ဆူနေသော်လည်း ကျော်စွာထွန်းက ထိုအသံကို ကြားဖြစ်အောင် ကြားသည်။ ခင်မတို့သားအမိက လှေကားအောက်ဆုံးထစ် ရောက်လာကာ၊ သူထိုင်နေရာ တွဲဘက်သို့ လျှောက်လာသည်ကိုတွေ့တော့ ကျော်စွာထွန်း ရင်ခုန်လာသည်။ ခင်မတယောက် သူ့ဘေးတွင်လာပြီး ထိုင်လေမလားဟူသော မျှော်လင့်ချက်နှင့် လည်ကိုဆန့်၍ မျှော်မိသည်။
"အဲ့ဒီ အိမ်ကိုလာလည်မယ်ဆိုတဲ့ မေရီခင်က မေမေနဲ့ ငယ်ငယ်တုန်းကကျောင်းနေဘက်၊ အခုမှ ပြန်တွေ့ကြတာ။ သူ့သားက သင်္ဘောလိုက်သွားတာ ပြန်လာတော့မယ်တဲ့လေ၊ တိုယိုတာ ဟိုင်းလက်(ခ)တစီး ပါလာမယ် ပြောတယ်။ ဒီမှာ ခြောက်လလောက်နားပြီးယင် တခါ ထပ်ထွက်ရဦးမယ်တဲ့။ သူက သူ့သားကို မိန်းမပေးစားလိုက်ချင်တယ်တဲ့လေ"
ခင်မက သူ့ကို မသိမသာ မျက်လုံးလှန်ကြည့်ကာ ခပ်ညှိုးညှိုး ပြုံးပြသည်။ ရှေ့ဘက် ဆက်လျှောက်သွားပြီး နောက်ဆုံးတွဲကျမှ ရထားပေါ် တက်သည်။ တွဲပေါ် တက်ခါနီးတွင် ကျော်စွာထွန်း ရှိရာသို့ လည်ပြန် လှမ်းကြည့်သည်။ မျက်လုံးနှစ်စုံတို့သည် အရှိန်ခပ်ဖျော့ဖျော့ ဆုံဆည်းမိကြလေသည်။ ကျော်စွာထွန်းက ခပ်ဆွေးဆွေး ကြည့်နေမိစဉ်တွင်ပင် ခင်မက တွဲပေါ်တက်သွားသည်။ သူ့မြင်ကွင်းမှ ဖြုတ်ကနဲ ပျောက်သွားသည်။
ကျော်စွာထွန်းက ဆက်၍ ငေးနေမိသည်။ လက်ထဲမှ စီးကရက်ကိုလည်း ဆက်မသောက်မိတော့၊ ရင်ထဲတွင် ဟာတိဟာတာ ဖြစ်နေသည်။ ရထားပေါ်မှ ပြန်ဆင်းကာ ၅၁ လမ်းရှိ ကိုယ့်အိမ်ကိုယ် ပြန်ဖို့ကောင်းသော်လည်း နေရာမှ မထချင်။
ခင်မနှင့် အတူမထိုင်ရစေဦးတော့၊ ခင်မနှင့်အတူ ရထားတစီးထဲ စီးပြီးသွားနေသည်ဟူသော အသိနှင့် ခင်မတို့ ဆင်းမည့် “နှင်းဆီကုန်း” ဘူတာအထိ လိုက်သွားချင်သည်။ ရထားပေါ်မှ ဆင်းသွားသည့် ခင်မ၏ကျောပြင်ကို ငေးကြည့်ချင်သေးသည်။
“လူရှိလား ဟင်”
“မရှိပါဘူး”
ဒီတခါတော့ ဘေးတွင်ချထားသော စာအုပ်လေးများကို ပြန်၍ ကောက်ယူလိုက်သည်။ ကိုယ်ကို အတန်ငယ် ကျုံ့ကာ ပြတင်းပေါက်ဘက်သို့ တိုးပေးလိုက်သည်။ သူ့ဘေးသို့ မိန်းကလေးနှစ်ယောက် ဝင်ထိုင်သည်။ နှစ်ယောက်ထိုင်ခုံတွင် သုံးယောက် ထိုင်ရသည်ဆိုတော့ အသားချင်းက မထိချင်၍ မရ၊ သင်းပျံ့လာသော ရေမွှေးနံ့က မရှူချင်၍ မရ။ သို့သော် ကျော်စွာထွန်း စိတ်မဝင်စား။ သူ့စိတ်က နောက်ဆုံးတွဲမှ ခင်မဆီသို့သာ ရောက်နေသည်။
“ထိုင်ချင်သူတွေ လွတ်လွတ်လပ်လပ်သာ ထိုင်ကြပေတော့၊ ကျုပ်ရည်းစားက ကျုပ်ဦးထားတဲ့ ကျုပ်ဘေးမှာ မထိုင်နိုင်ဘူးတဲ့ဗျ”ဟု ငိုသံကြီးနှင့် ကျုံးပြီး အော်ပစ်လိုက်ချင်နေသည်။ ခင်မ၏အမေက သင်္ဘောသား အမေနှင့် သူငယ်ချင်း ဖြစ်နေပြီဆိုတော့ ဒီဘဝတွင် ယောက္ခမ တော်ချင်မှတောင် တော်ရပေတော့မည်။
ဟော... ဓါးလှီးရောင်းသော ချာတိတ်က အလိုက်ကန်းဆိုးမသိ အော်နေပြန်ပါချေပြီ။
"ရည်းစားလေး ထားရတာလဲ ဓါးလှီးလေး စားရသလိုပဲ”
အပိုင်း(၃)ဆက်ရန်
မစန္ဒာ
No comments:
Post a Comment