“လူမင်းတပါး ချွတ်ယွင်းမှားက၊ တရားလက်လွှတ်၊ မေ့တတ်ကုန်မူ၊ တိုင်းသူပြည်သား၊ အများရှိသမျှ၊ လောကတိမ်းစောင်း၊ အကြောင်းဆင့်ဆင့်...”
ပုဂံဝန်ထောက်မင်း ဦးတင်သည် ရာဇောဝါဒလင်္ကာကို ဖော်ညွှန်း၍ မင်းဆိုးလျှင် ပြည်သူတို့ အဆင့်ဆင့် နာကြရပုံကို ရေးကာ မြန်မာ့သမိုင်းတွင် တရုတ်ပြေးမင်း၊ ဟံသာဝတီပါမင်းနှင့် မဒရပါ သီပေါမင်းတို့သည် အညံ့ဆုံးသော မင်းဆိုးမင်းညစ်များ ဖြစ်ကြသည်ဟု မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်းကြီး၌ မှတ်တမ်းတင်ကာ ရေးသားပြုစုခဲ့ပေသည်။
ပညာကျော်ကြီး ဦးတင်သည် မြန်မာနိုင်ငံ၏ ခေတ်တခေတ် စောကာ မွေးဖွားလေသဖြင့် ထိုမင်းသုံးပါးထက် ဆိုးရွားသော ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်များ၏ စစ်တပ်မင်းဆက်တို့ကို မမြင်မတွေ့ မကြုံရသောကြောင့်သာ သူမီလိုက်သော ခေတ်က မင်းဆိုးသုံးပါးကို သမိုင်းတင်နိုင်သည်။ နန်းပေါ်က ဆင်းမပေးသော ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်များ၏မင်းဆက်နှင့် နှိုင်းယှဉ်ပါလျှင် ထိုမင်းသုံးပါးတို့သည် မင်းကောင်းမင်းမွန်များ ဖြစ်ပေသည်ဟု မှတ်တမ်းတင်မိပေမည်။
ဗိုလ်နေဝင်းမင်းဆက်သည် မြန်မာနိုင်ငံ၏သမိုင်းတွင်သာမက၊ ကမ္ဘာ့သမိုင်းတွင်ပင် နိုင်ငံသားတို့အား ညှဉ်းဆဲနှိပ်စက်မှုစံချိန်တွင် အဆိုးရွားဆုံး ရက်စက်ယုတ်မာမှု အကြီးဆုံးဖြစ်သည်။ ဉာဏ်ပညာ အကင်းမဲ့ဆုံး၊ ကောက်ကျစ်စဉ်းလဲမှု အကြီးဆုံး၊ ခိုးဝှက်မှု၊ လာဘ်စားမှု၊ လုယက်မှု အကြီးဆုံးသော မင်းဆိုးမင်းညစ် မင်းယုတ်များလည်း ဖြစ်ပေသည် ဟု ကမ္ဘာက မှတ်တမ်းတင်ရသည့် မင်းဆက်ဖြစ်သည်။
ဗုဒ္ဓဝင်မဟာဝင်တို့တွင်လည်း ရှေးအသင်္ချေသော ကမ္ဘာ့ကမ္ဘာများ၌ပင်လျှင် ဤသို့သော မင်းဆိုးမင်းညစ်မျိုး ပေါ်ထွန်းခဲ့သည်ဟု မတွေ့ ရပေ။ တိုင်းပြည်၏သယံဇာတများကို လုယက်ခိုးဝှက်ပြီး ပြည်သူလူထုအပေါ်စိုးစိမှ စေတနာကရုဏာမရှိဘဲ ရက်စက်စွာ ညှဉ်းဆဲရာတွင် ဗိုလ်နေဝင်း စစ်တပ်မင်းဆက်ကဲ့သို့သောမင်းမျိုး ရှေးက မပေါ်ခဲ့ဖူးပေ။ နောင်ခေတ်များတွင်လည်း ဤရွေ့ဤမျှ ဆိုးယုတ်သည့်မင်းများ ပေါ်နိုင်မည်မဟုတ်အောင် ဆိုးယုတ်သူများ ဖြစ်ကြပေသည်။
“ငါတို့ ငါတို့ကံခေ၊ ဖြစ်ရပြန်သလေ”ဟူသော တို့ဗမာတေးမှ နယ်ချဲ့ တို့၏ကျွန်ဘဝကို ညွှန်းခဲ့သောစာပိုဒ်ကို ညီးဆိုရင်း ဗိုလ်နေဝင်း မင်းဆက်ခေတ်တွင် လူဖြစ်လာရသော မြန်မာတို့သည် ကံဆိုးလှချေသည် ဟု ကံကိုသာ ရိုးမယ်ဖွဲ့နေကြရမည့် ဘဝသို့ ရောက်ရှိနေကြရှာသည်။ ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံတွင် လူဦးရေ ၁၉ သန်းခန့်သာ ရှိသည်။ ယခု လူဦးရေ ၅၂ သန်းကျော် ရှိနေလေပြီ။ ထိုလူသားအားလုံးတို့သည် နည်းအမျိုးမျိုးနှင့် ညှဉ်းဆဲနှိပ်စက်ထားသဖြင့် စစ်ဗိုလ်များပေးသမျှ စားကာ ခိုင်းရာ လုပ်နေကြရသည့် သိုးကလေးများ ဖြစ်နေကြရရှာသည်။
သက္ကရာဇ် ၁၉၁၁ ခုနှစ် မေလ ၁၁ ရက်နေ့က ပြည်ခရိုင်၊ ပေါက်ခေါင်း ပေါင်းတလည်မြို့နေ ဖခင် ဦးဖိုးခနှင့် မိခင် ဒေါ်မိလေးတို့တွင် သားတယောက် ပေါက်ဖွားခဲ့သည်။ မောင်ရှုမောင်ဟု အမည်ပေးကြသည်။ အင်္ဂလိပ် ကဗျာဆရာကြီး တီအက်စ်အီးလျော့က ဧပြီလသည် ရက်စက်ကြမ်းကြုတ်ဆုံးသောလ ဖြစ်၏ဟု စာဖွဲ့ဖူး၏။ အီရတ်မှ လူသတ်အာဏာရှင် ဆဒန်ဟူစိန်သည် ဧပြီလ သားဖြစ်သဖြင့် ရက်စက်သည်ဟု ဆိုကြသည်။ မောင်ရှုမောင်သည် မေလတွင် မွေးဖွား၏။ သူ၏ ယုတ်မာရက်စက်မှုတို့မှာ မွေးလ၊ မွေးရက်၏အကျိုးတရား ဖြစ်ဟန်မတူ။
ထိုအချိန် ထိုကာလက ပေါက်ခေါင်းပေါင်းတလည်ဒေသသည် မြန်မာနိုင်ငံအရပ်ရပ်မှ လူဆိုးသူဆိုးများ စုဝေးရာမြို့ ဖြစ်ခဲ့သည်။ အမြို့ မြို့အရွာရွာတွင်ရှိသော လူဆိုးသူဆိုးများကို အင်္ဂလိပ်အစိုးရက နယ်နှင်ဒဏ်ပေးသောအခါတို့တွင် ပေါက်ခေါင်းသို့ ပို့လေ့ရှိသည်။ ပေါက်ခေါင်းသို့ ရောက်သွားသူများ၊ ပေါက်ခေါင်းမှ ပြန်လာသူများတို့သည် ပိုမိုဆိုးသွမ်းသော လူဆိုးများ ဖြစ်လာတတ်ကြသည်။
မောင်ရှုမောင်၏ ချက်မြှုပ်ဇာတိမြေသည် မြေခံရေခံမကောင်း ရေဆိုးမြေဆိုး ဖြစ်ခဲ့သည်။ ထို့ကြောင့် မြန်မာတပြည်လုံး ကြိမ်မီးအုံးသို့ ပူပန်ကြောင့်ကျ ဆင်းရဲကြစေသည့် မင်းအဖြစ်သို့ ရောက်ခဲ့ရသည်ဟု ယူဆနိုင်သည်။
ထိုမြေမှ ပေါက်ဖွားသူ အထောင်အသောင်းတွင် မောင်ရှုမောင်တဦးတည်းသာ အစွယ်ပြူးသည့် ဘီလူးစရိုက်ကို ကျင့်သုံးသူဖြစ်သဖြင့် ရေမြေကို ရိုးမယ်ဖွဲ့ရန်လည်း မသင့်ပြန်ပေ။ သူ၏စရိုက်၊ သူ၏ဝသီ၊ သူ၏မနော၊ သူ၏ပြုမူချက်တို့သည် သူ၏မွေးရာပါဗီဇသာ ဖြစ်မည်ဟု ယူဆမှသာ သင့်တော်မည်။
မောင်ရှုမောင်၏ အစ်ကိုနှင့် ညီအရင်းတို့သည် ဗိုလ်နေဝင်းအာဏာရချိန်တလျှောက်လုံး ကောင်းရောင်းကောင်းဝယ်နှင့် အသက်မွေးမှု မပြုဘဲ ဖဲဒိုင်ခံ၍ ငွေရှာကြသည်။ ညီဖြစ်သူအား ကူးသန်းရောင်းဝယ်မှု သံတမန်ရာထူးကို ပေးအပ်ကာ အင်္ဂလန်ပြည်၊ လန်ဒန်မြို့ မြန်မာသံရုံး၌ အမှုထမ်းစေသောအခါ နာရီမှောင်ခိုလုပ်ငန်း လုပ်ကိုင်သည့် ရာဇဝတ်မှုကို ဖမ်းမိသဖြင့် အင်္ဂလိပ်အစိုးရက တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ ဤအမူများကို ထောက်ရှု၍ မိသားစုတစ်ခုလုံး ဗီဇဖောက်ပြန်သောသူများဟု ယူဆနိုင်ပေသည်။
မောင်ရှုမောင်သည် အသိဉာဏ်ကြီးမားသည်၊ မှတ်သားဉာဏ်က ထူးကဲသည်၊ ကောက်ကျစ်မှုက လွန်ဖြိုးသည်။ အဆိုးရွားဆုံးသော သူ၏စရိုက်မှာ အလိုလောဘ မတရားများပြားသဖြင့် လောဘ၏မဟာမိတ်ဖြစ်သည့် ဒေါသနှင့်မောဟတို့အထိ ဖုံးလွှမ်းနေလေသည်။
၁၉၅၈ ခု စက်တင်ဘာလမှ စတင်ပြီး ယနေ့ယခု ဤစာအုပ်ကို စတင်ရေးသားသည့် သက္ကရာဇ် ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်အာဏာရှင်မင်းဆက်ကို တည်ဆောက်နိုင်သည့် အကြောင်းတရားမှာ သူ့၏ထက်မြက်သော ဉာဏ်စွမ်းနှင့်၊ သူနှင့်တကွ သူကမွေးထုတ်သော စစ်ဗိုလ်များတို့ကိုပါ ဖုံးလွှမ်းနေလေ အတိုင်းမသိ ကြီးမားသည့် လောဘ၊ ဒေါသ၊ မောဟ အထုအထည် အစိုင်အခဲတို့၏ အကျိုးတရား ဖြစ်ပေသည်။
စာရေးသူသည် လွန်ခဲ့သော ၁၉၈၈ ခုနှစ်၊ တန်ခူးလမှ စတင်ကာ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကို လေ့လာကာ သုတေသနပြုခဲ့သည်။ အမေရိကန်ပိဋကတ်တိုက်များတွင် စာအုပ်စာတမ်း စုံလင်လှသဖြင့် သမိုင်းကို အပြန်ပြန် အလှန်လှန် ကျေညက်စွာ သုံးသပ်ခွင့်ရခဲ့သည်။ မြန်မာ့သမိုင်းနှင့် ပတ်သက်သော စာရွက်စာတမ်း၊ စာအုပ်စာရင်းဇယားမှန်သမျှတို့ကို လှန်လေ့လာလေတိုင်း ပေါက်ခေါင်းသား ဗိုလ်နေဝင်းသည် သူ၏အကျိုးစီးပွား လောဘမီးအတွက် ပြည်ထောင်စုကြီးတခုလုံးကို မီးတင်ရှို့ခဲ့သည်တို့ကို ဖော်ထုတ်ကြသဖြင့် နိုင်ငံသားတို့ကို တောက်လောင်ပူပန်စေသော သူ၏ရန်မီးတောက်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
“မြန်မာနိုင်ငံသည်၊ ပါလီမန်ဒီမိုကရေစီစနစ်ကို လက်ခံသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။ ထိုအခြေခံဥပေဒသည် နိုင်ငံသားတိုင်းအား ညီမျှသော အခွင့်အရေးများကို ခံစားရရှိစေသည်။ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေးများကို မထိပါးစေရန် စောင့်ရှောက်ထိန်းသိမ်းပေးသည်။ တရားရုံးများကိုလည်း ရဲရဲရင့်ရင့် လွတ်လပ်စွာ တရားစီရင်ခွင့်ကို ပေးထားသည်။ အချုပ်အားဖြင့်ဆိုရလျှင် ပြည်ထောင်စုအခြေခံဥပဒေသည် တော်လှန်ရေးမှ ပေါက်ဖွားလာခဲ့သော်လည်း တော်လှန်ရေး၏ အပြစ်ဒေါသများမှ ကင်းရှင်း၍ တည်ငြိမ်ခန့်ညားပေသည်”ဟု ဥပဒေပါရဂူ ဒေါက်တာမောင်မောင်က ချီးမွမ်းခန်းဖွင့်သော ဥပဒေကြီးကို အတည်ပြု၍ နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူအားလုံးတို့ ညီညွတ်စွာ နိုင်ငံသစ်တည်ထောင်ခဲ့ကြစဉ်တွင် နိုင်ငံတော်ဥပဒေနှင့်တကွ မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးကို ဗိုလ်နေဝင်းက ချေမှုန်းဖျက်ဆီးခဲ့လေသည်။
အခြေခံဥပဒေကို အကြောင်းပြကာ အခြေခံဥပဒေကို အသက်ပေး၍ ကာကွယ်မည်ဟု စစ်တပ်နှင့်ခြိမ်းချောက်၍ အာဏာသိမ်းခဲ့သည်။ ဥပဒေကြီး၏ အာနိသင်အရ၊ ထိုအာဏာသိမ်းပွဲမှ ပြန်ဆင်းပေးရသောအခါ မကြာလင့်သော ကာလတာအတွင်း၌ အခြေခံဥပဒေကို ဖျက်သိမ်းရန်အတွက် အာဏာသိမ်းပြန်သည်။
ဗိုလ်နေဝင်းသည် ဤသို့ နိုင်ငံကို ခလောက်ဆန်အောင် လှုပ်ရှားကာ အာဏာကိုရယူနိုင်ခဲ့သော်လည်း နိုင်ငံ၏လွတ်လပ်ရေးတိုက်ပွဲများတွင် ပါဝင်သူအဖြစ် နိုင်ငံရေးအစဉ်အလာရှိသူမဟုတ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံနှင့် တို့ဗမာသခင်အစည်းအရုံးခေတ်တွင် နိုင်ငံရေးလောကတွင်းသို့ ဝင်လာဟန် ယူဆရေးသားကြစေကာမူ အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်ခိုက်သော မည်သည့်နိုင်ငံရေးတိုက်ပွဲတွင်မှ ပါဝင်ခဲ့သူမဟုတ်သည်မှာ အမှန်ပဲ ဖြစ်သည်။
သခင်အမည်ကို စစ်ပြီးခေတ်တွင် သူက အသုံးပြုသော်လည်း တို့ဗမာအစည်းအရုံး သခင်အဖွဲ့နှစ်ခုတို့အနက် မည်သည့်အဖွဲ့တွင်မှ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်၍ စာရင်းသွင်းဝင်ရောက်ခြင်းမရှိသည်ကို မှတ်တမ်းများက ထုတ်ဖော်ကြပေသည်။ ထိုထက်ဆိုးသည်မှာ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲတို့တွင် ပါဝင်ခြင်းမရှိသည်သာမက အင်္ဂလိပ်အစိုးရ၏သူလျှိုအဖြစ် အင်္ဂလိပ်အစိုးရ၏အကျိုးအတွက် လျှို့ဝှက်စုံထောက်တာဝန်ကို ထမ်းဆောင် ခြင်း၊ ဂျပန်ကင်ပေတိုင် စုံထောက်အဖွဲ့၏သူလျှိုဖြစ်ခဲ့ခြင်းတို့ဖြင့် နယ်ချဲ့ဖက်သား ဖြစ်နေသည်ကိုလည်း သက်သေခံအချက်အလက်များ တွေ့ရှိရပြန်သည်။ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းအား ဂဠုန်ဦးစောက လုပ်ကြံစဉ်ကလည်း သူ၏ရာထူးအာဏာ ထက်မြက်ရေးအတွက်၊ တနည်းတလမ်း ပူးပေါင်းကူညီသည်ဟူသော သက်သေသာဓကများကိုလည်း မြင်တွေ့ခဲ့ရပြန်ပေသည်။
ညီညာနေသော တိုင်းပြည်တွင် တပ်မတော်နှင့် နိုင်ငံရေး ခေါင်းဆောင်များတို့ တစိတ်တဝမ်းတည်း ညီညွတ်နေခိုက်တွင် ဗိုလ်နေဝင်းက မိမိ ဝန်ကြီးတဦးအဖြစ် ရာထူးကိုရယူလိုသဖြင့် ပါလီမန်အစိုးရဝန်ကြီးချုပ်ထံ ရာထူးတောင်းရာမှ တပ်တွင်းသဘောကွဲလွဲမှု ဖြစ်ရသည်။ သူ၏ လှုပ်ရှားမှုကြောင့် တပ်မတော်တွင်းရှိ လက်ဝဲဝါဒီများ တောခိုခဲ့ကြရာမှ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ ပြည်တွင်းစစ်မီးတောက်ကို စတင်မီးမွှေးသူမှာ ဗိုလ်နေဝင်းဖြစ်သည်။ ဆက်လက်၍ ဓာတ်ဆီလောင်းသူမှာလည်း သူပင်။
ပြည်တွင်းစစ်ဖြစ်ပွားသောအခါတွင်လည်း “ကျုပ်ရဲ့ တပ်က ခင်ဗျားတို့ နိုင်ငံရေးသမားဝန်ကြီးတွေကို ကာကွယ်ပေးဖို့ ဖွဲ့ထားတာ မဟုတ်ဘူး”ဟု ဦးကျော်ငြိမ်းနှင့် ဝန်ကြီးများကို အကြိမ်ကြိမ် ကြိမ်းမောင်းကာ မိမိအား ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် ခန့်ထားခြင်းမပြုလျှင် သူပုန်များကို တိုက်ခိုက်မည်မဟုတ်ဟု အကျပ်ကိုင်၍ တောင်းဆိုခဲ့သဖြင့် ဝန်ကြီးချုပ်ဦးနုက လူထုမဲနှင့် တင်မြှောက်သူမဟုတ်သည့် ဗိုလ်နေဝင်းအား ဒုတိယဝန်ကြီးချုပ်ရာထူး တိုးပေးခဲ့ရသည်။
ဖဆပလအဖွဲ့ချုပ်ကြီး ကွဲပျက်ရသည်မှာလည်း ဗိုလ်နေဝင်းက ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်အင်အားစုနှင့် ကူးလူးဆက်ဆံပြီး တဖက်မှ ဦးနုထံ အထင်မှားအမြင်မှားစေမည့် သတင်းများကို နှစ်ကိုယ်ကြား သတင်းပေးသဖြင့် ကွဲခဲ့ရသည်။
ရှင်သန်ကြီးထွားနေသော ပါလီမန်ဒီမိုကရေစီစနစ်ကို မပျက်မချင်း အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးကာ မိမိ၏အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ် ထူထောင်ခဲ့သူ ဖြစ်သည်။ သမိုင်းကို လှန်လှော်လေ့လာလေလေ နိုင်ငံတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် မကောင်းသောဖြစ်ရပ်အားလုံးတို့သည် ဗိုလ်နေဝင်း၏လက်ရာများ ဖြစ်နေသည်ကို တွေ့ရလေလေ ဖြစ်သည်။ ထို့ကြောင့် ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်လေသမျှကို ဤစာအုပ်၌ သက်သေသက္ကာယနှင့် မှတ်တမ်းရေးထိုးကာ ယနေ့လူငယ်များနှင့် နောင်တခေတ် မြန်မာများ သိရှိနိုင်ရန် ရေးသားခဲ့ခြင်း ဖြစ်ပေသည်။
ဦးနေဝင်းသည် စာရေးသူအား ထောင်သွင်း၍ ဖမ်းဆီးနှိပ်စက်ခဲ့စေကာမူ ထောင်မှလွှတ်ပေးချိန်တွင် သူကောင်းပြုခဲ့သဖြင့် တနည်းအားဖြင့် ကျေးဇူးရှင်တဦး ဖြစ်ပေသည်။ မိမိတဦးတည်း၏ အကျိုးစီးပွားကို ဆောင်စေကာမူ သန်းပေါင်းများစွာသော နိုင်ငံသားတို့၏အကျိုးစီးပွားကို ချေမွ ဖျက်ဆီးကြောင်းကို ခိုင်မာစွာ သိရှိရသဖြင့် ဤစာအုပ်ကို ပြုစုခဲ့ပေသည်။ စာရေးသူ မေတ္တာပို့တိုင်း သူ့ထံရည်စူး၍ ဩဓိဿမေတ္တာ ပို့သလေ့ရှိသည်မှာ အမှန်ဖြစ်သဖြင့် ကိုယ်ရေးဒေါသကင်းစင်စွာ ပြုစုသော သုတေသနစာတမ်းသာ ဖြစ်ပေသည်။
* * *
၂။ နိဒါန်း
ဤစာအုပ်ကို ရေးသားရာတွင် (၁) မိမိကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဗိုလ်နေဝင်းနှင့် သိရှိရင်းနှီးခဲ့ရစဉ်က လေ့လာချက်များ၊ သူ့အား မကြာခဏ တွေ့စဉ်က ပြောကြားချက်များ၊ (၂) ဗိုလ်ကြည်ဝင်း စသော ထိုခေတ်က ထိပ်သီးစစ်ဗိုလ် မိတ်ဆွေကြီးများ၏ ပြောကြားချက်များ၊ (၃) ယနေ့တိုင် တရုတ်ပြည်၌ အနားယူနေသူ ဗိုလ်မှူးချုပ် ကျော်ဇောအား သတင်းကွန်ခြာမှ တဆင့် ဆက်သွယ်မေးမြန်း ရရှိချက်များ၊ (၄) သက်သေသက္ကာရ ခိုင်လုံစွာ မပြနိုင်စေကာမူ ပတ်ဝန်းကျင် အချက်အလက် သက်သေများအရ မှန်ကန်သည်ဟု ယူဆရသည့် အချက်အလက်များနှင့် (၅) ရရှိနိုင်သမျှ မြန်မာ၊ အင်္ဂလိပ်နှင့် ဂျပန်မှ ဘာသာပြန်သော စာအုပ်စာတမ်းများအပြင် အထူးသဖြင့် ဗိုလ်နေဝင်း၏ ပြောချက်များကို အတိအကျ မှတ်တမ်းတင်ထားသော ဒေါက်တာမောင်မောင်၏ မြန်မာပြည်နိုင်ငံရေးသမိုင်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာအုပ်ပါ အချက်အလက်များကို မှီငြမ်းပြုကာ ရေးသားပေသည်။
ဆရာမောင်မောင်၏ စာအုပ်ကို မှီငြမ်းပြုသည်ဟု ဆိုစေကာမူ ထိုစာအုပ်ပါ အချက်အလက်များကို အမှန်အဖြစ် မှီငြမ်းသည်မဟုတ်ဘဲ စာအုပ်ထဲတွင် မမှန်မကန် ရေးသားသည့် အချက်အလက်များကိုယူ၍ မမှန်ကြောင်း သက်သေထူကာ အမှန်ကို ပြင်ဆင် တင်ပြမည်ဖြစ်ပေသည်။
ဥပမာအားဖြင့် ဆရာမောင်မောင်၏စာအုပ်တွင် ဗိုလ်နေဝင်းသည် အလွန်တရာ နူးညံ့သိမ်မွေ့သူ၊ ညင်သာသူ၊ လက်အောက်ငယ်သား ရဲဘော်များကို အထူးသက်ညှာသူအဖြစ် ကြိမ်ဖန်များစွာ သရုပ်ဖော်ရေးသားခဲ့လေသည်။ ဤအချက်သည် မှားသည်။ ဗိုလ်နေဝင်းသည် အမျက်ဒေါသ ကြီးမားသည်။ ဒေါသကို မထိန်းနိုင်သဖြင့် မကြာခဏ လက်လွန်ကိုယ်လွန်ဖြစ်ခဲ့သည်။ နိုင်သူကို ထိုးကြိတ်လေ့ရှိသည်။
“စစ်ဗိုလ်တွေ ရာထူး ဘယ်လောက်မြင့်ပေစေ၊ ဗိုလ်ချုပ်ကြီးက စိတ်မထင်လျှင် လူရှေ့မရှောင် သူရှေ့မရှောင် ပါးကိုရိုက်လေ့ရှိတော့ သူ့ရှေ့မှာ ပြောမှားဆိုမှား မရှိအောင် အထူးသတိထားရတယ်”ဟု စစ်ဗိုလ်ကြီးတဦးက ပြောဖူးသည်။
မြို့မကျောင်းအုပ်ကြီး ဦးဘလွင်၏သား အမေရိကန်သံရုံးမှ ပြန်ကြားရေးအရာရှိ ဦးကျော်ငြိမ်းသည် ဗိုလ်နေဝင်းတက်သော သံရုံးဧည့်ခံပွဲများတွင် ဗိုလ်နေဝင်းနှင့် အဝေးဆုံးနေရာသို့ ရောက်အောင် ရှောင်ဖယ်ရှောင်ဖယ်နေသည်ကို သတိပြုမိသဖြင့် မေးမိသည်။
“ဂျပန်ခေတ်က ကားပြင်ဆိုင်မှာ ဆုံဖူးတယ်၊ စစ်ဗိုလ်ကြီးဖြစ်နေပြီပေါ့၊ သူလာတဲ့အချိန်မှာ သူ့ရဲ့ကားကို ပြင်တဲ့စက်ဆရာက ကားစက်စမ်းထွက်နေလို့ သူ ခဏစောင့်နေရတယ်။ စက်ဆရာလည်း ပြန်လာရော ကားပေါ်က ဆွဲချပြီး၊ ဘယ်ပြန် ညာပြန်ရိုက်တာကြောင့် မြေကြီးက မထနိုင်ရှာဘူး။ အဲဒီကတည်းက သူ့မျက်နှာကို မကြည့်ရဲ မကြည့်ချင်တာမို့ သူနဲ့ဝေးနိုင်သမျှ ဝေးအောင် ရှောင်မိတာပါ”ဟု ဖြေရှာသည်။
စာရေးသူ မျက်မြင်ကိုယ်တွေ့မှာ ၁၉၅၇ ခုနှစ်က လင်ကြီးလက်ရှိဖြစ်သော ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က သတင်းထောက်တစုနှင့် သတင်းအရ ဆေးရုံကြီးတွင်ရှိသော ဒေါက်တာဘသန်း၏အိမ်အနီးသို့ သွားခဲ့မိသည်။ သတို့သား ဗိုလ်နေဝင်းနှင့် သတို့သမီး ဒေါ်ခင်မေသန်းတို့ အိမ်ဝင်းမှထွက်လာသောအခါ နေရှင်းသတင်းစာ သတင်းထောက် လာဇရိုးက “ကောင်းချီးပေးပါတယ် ဗိုလ်ချုပ်”ဟု ပြုံးရွှင်စွာ နှုတ်ဆက်၍ သတင်းဓာတ်ပုံ ရိုက်လေသည်။
ဗိုလ်ချုပ်က ဒေါ်ခင်မေသန်းအား ဆွဲ၍ ကားတွင်းသို့ သွင်းလိုက်ပြီး လာဇရိုးထံသို့ အမြန်ပြန်လာသည်။ ထို့နောက် လာဇရိုး၏ကင်မရာကို လုယူ၏။ ဖလင်ကိုဖွင့်၍ နေရောင်ပြကာ ဖျက်ဆီးပြီးမှ ရိုက်ခွဲလိုက်လေသည်။ အံ့အားသင့်နေသည့် လာဇရိုးအား လည်ပင်းကို ညှစ်၍ဆွဲပြီး ပါးများကို ပြင်းထန်စွာ ရိုက်နှက်သည်။ လာဇရိုးခမြာမှာ ရက်သတ္တပတ်ခန့် ဆေးကုရရှာသည်။
ဗိုလ်နေဝင်း လက်သံပြင်းသည်ကို ဝန်ကြီးချုပ်ဦးနုလည်း မြင်ဖူးသည်။ ရန်ကုန်အလုံ၌ ကရင်ဗမာ ပြဿနာဖြစ်စဉ်က ကြက်သူခိုးတဦး ကိစ္စတွင် “ဗိုလ်နေဝင်းလည်း ဒေါသဖြစ်ဖြစ်နဲ့ ကြက်သူခိုးကို ဆုံးမလိုက်တာ အတော်နာတယ်”ဟု စနေသားစာအုပ်တွင် မှတ်တမ်းတင်ခဲ့သည်။
ဒေါက်တာမောင်မောင်က ဗိုလ်ချုပ်ကြီးမှာ များစွာ သိမ်မွေ့နူးညံ့ကြောင်း အကြိမ်ဖန်များစွာ စာဖွဲ့စေကာမူ ဗိုလ်နေဝင်း၏ဒေါသသည် ကမ္ဘာကသိသော ကမ္ဘာကျော်ဒေါသ ဖြစ်သည်။ ၁၉၇၂ ခု နာတာလူးပွဲတော်၏ သာယာလှပသော ညဉ့်ဦးယံတွင် ဖြစ်ပွားခဲ့သည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အမြတ်အစွန်း ရရှိရေးအတွက် စီးပွားရေးဆန်သောလုပ်ငန်းများကို လုပ်ဆောင်ရမည်ဟု ဦးနေဝင်းက အမိန့်ပေးခဲ့သဖြင့် ကုန်သွယ်ရေးဝန်ကြီးဌာန ကော်ပိုရေးရှင်း အမှတ် (၂ဝ) ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းက နာတာလူး ကပွဲသဘင်ကို အင်းယားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ ထိုစဉ်က ဟိုတယ်ကြီးမှာ ကျီးနှင့် ဖုတ်ဖုတ်ခြောက်ကပ်နေကာ တည်းခိုမည့်သူမရှိသဖြင့် အမြတ်အစွန်း အနည်းငယ် ရရှိရန် စီစဉ်သည်။ ဝင်ကြေးမှာ စုံတွဲတစ်တွဲ ၅ဝိ၊ အရက်ရောင်းသည်။ညဉ့်စာ ရောင်းသည်။
ဆိုရှယ်လစ်ခေတ်ကြီးတွင် ပွဲလမ်းများ ရှားပါးသဖြင့် အင်းယားလိတ်ဟိုတယ်မှ နာတာလူးပွဲမှာ စည်ကားလှသည်။ဘင်ခရာဆိုင်း တခြိမ့်ခြိမ့်တွင် ရွှေနဂျီက ဘောက်ဖတ်ကိုချီသည့် အလား၊ အဖိုက အမကို တွဲကာ ပွေ့ကာ၊ အမက အဖိုကို ပွေ့၍ဖက်၍ တငြိမ့်ငြိမ့် ကပြနေကြသည်မှာ သာယာလှတော့သည်။
ထိုစဉ်ခိုက်တွင် ဒုံးရိုက်ကာ မောင်းနှင်လာသော ဂျစ်ကားတစင်းသည် ဟိုတယ်တံခါးထိပ်သို့ ဝုန်းခနဲ ဆိုက်ရောက်လာသည်။ ကားပေါ်မှ စပို့ရှပ် အင်္ကျီအဖြူ၊ ဘောင်းဘီအတို အဖြူကို ဝတ်ဆင်ထားသော သမ္မတကြီး ဦးနေဝင်း ခုန်ဆင်းလာသည်။ ဝတ်စုံဖြူ ဝတ်စေကာမူ မျက်နှာမှာ ရဲရဲနီကာ နီနီရဲနေ၏။ထိုဂျစ်ကား၏နောက်မှ ဂျစ်ကားနှစ်စီးလိုက်လာသည်။ ဗိုလ်ကြီးအဆင့် စစ်စုံထောက်တဦးနှင့် လက်နက်ကိုင်စစ်သား ၆ ဦး ဆင်းလာကြသည်။ သူတို့တတွေသည် အကြောင်းဥဿုံကို သိရှာသူများ မဟုတ်၊ သမ္မတကြီး၏အသက်အန္တရာယ် လုံခြုံရေးအတွက် သမ္မတကြီးသွားလေရာ လိုက်လာရသူများ ဖြစ်ကြသည်။
ဦးနေဝင်းတွင် အမြဲပါလေ့ရှိသည့်အတိုင်း ခါးတွင် သေနတ်ထိုးထားသည်။ သူက သေနတ်ကိုမထုတ်ဘဲ ကပွဲခန်းမသို့ ဝင်ရောက်ကာ တီးဝိုင်းမှ ဘင်ကြီးကို ခြေထောက်နှင့်ကန်ကာ ဖောက်ခွဲလိုက်သည်။ ဘင်ကြီး ပေါက်ကွဲသွားစေကာမူ နှဲခယာမှုတ်သူက ဆက်လက်၍ မှုတ်နေသဖြင့် ဦးနေဝင်းက နှဲခယာကိုဆွဲကာ ချိုးလိုက်သည်တွင် တီးဝိုင်းရပ်သွားသည်။ မည်သူမည်ဝါဟု မသိရှာသော တီးဝိုင်းသားတို့နှင့် ရှေ့တန်းတွင် ကနေကြသော စုံတွဲများမှ ယောက်ျားသားများက ဦးနေဝင်းကို ဝိုင်းကြသည်။ အားလုံးက မူးနေကြပြီဖြစ်ရာ ဦးနေဝင်းအား ထိုးသူက ထိုးသည်။ ခြေနှင့် ကန်ကျောက်လိုက်သူလည်း ရှိသည်။ ဦးနေဝင်းက ကန်သဖြင့် နိုင်ငံခြား သံအရာရှိတဦးမှာ ခွေလဲသွား၏။
ရုန်းရင်းဆန်ခတ် ကြာမြင့်စွာ မဖြစ်လိုက်ရဘဲ နောက်ကားများမှစစ်ဗိုလ်နှင့်စစ်သားများ ဝင်လာကာ သမ္မတကြီးကို ဝိုင်း၍ အကာအကွယ်ပေးကြသည်။ ရန်သူတို့အား ပြန်လည် ထိုးကျိတ်ကြသည်။ စစ်သားများကို တွေ့မြင်မှ ပရိသတ်က နောက်သို့ဆုတ်သွားခိုက် သက်တော်စောင့်များက သမ္မတကြီးကို ပြန်ခေါ်သွားကြရသည်။
ဦးနေဝင်း၏သမီးတော်တပါး ကပွဲသို့ သွားသဖြင့် အရက်နှင့်အမျက် ရောနှောထွက်လေသောကြောင့် ဘင်ဖောက်ရသည်ဟု သတင်းတစက ဆိုသည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သမ္မတကြီး၏ဒေါသသည် ကမ္ဘာကျော်သွားသည်။ အမေရိကန်တိုင်း(မ်)သတင်းဂျာနယ်က ထိုသတင်းကို ဖော်ပြရာတွင် Newinian Anger ဟု ဝေါဟာရသစ်နှင့် ဖော်ပြသဖြင့် အောက်စဖို့ဒ်အဘိဓာန်၌ စာလုံးသစ်တလုံး တိုးခဲ့လေသည်။
မိမိအပြစ်ကို တသက်လုံး ဝန်ခံလေ့မရှိသူ ဦးနေဝင်းက ဘင်ဖောက်ပွဲဖြစ်ရသည်မှာ ကုန်သွယ်ရေးဝန်ကြီး၏အပြစ်ဖြစ်သည်ဟု တရားခံရှာကာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးစန်ဝင်းအား ရာထူးမှဖြုတ်ချခဲ့သည်။
ဒေါက်တာမောင်မောင်သည် မြန်မာ့သမိုင်းကို မှန်ကန်မျှတစွာ ပြုစုနိုင်ခဲ့သော မဟာပညာကျော်ဖြစ်သည်။ ဗိုလ်နေဝင်း၏သမိုင်းကို ရေးသောအခါတွင်မူ ဗိုလ်နေဝင်း စိတ်ကောင်းရှိကြောင်း၊ မိန်းမသနာ ဝါသနာမပါ ကင်းရှင်းကြောင်း စသည်ဖြင့် မဟုတ်မမှန်သည့် အချက်များကို ရေးသားသည်မှာ ဗိုလ်နေဝင်းအား များစွာကြောက်ရွံ့သော ငယ်ကြောက်ဖြစ်သောကြောင့် ဗိုလ်နေဝင်းပြောသမျှကို ရေးရရှာဟန်တူပေသည်။ မည်မျှ ကြောက်သနည်းဟုမူ......
၁၉၆၃ ခုနှစ်က တော်လှန်ရေးအစိုးရသည် တောတွင်းရှိ လက်နက်ကိုင်သူပုန်များအား ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးဆွေးနွေးရာမှ ပျက်သွားသောအခါ မြို့ပေါ်ရှိ လက်ဝဲဝါဒီဟု ယူဆသူမှန်သမျှကို ဖမ်းဆီးလေသည်။ နိုဝင်ဘာ ၁၃ ရက်နေ့ညတွင် ကြေးမုံအယ်ဒီတာ ဦးခင်မောင်ရီနှင့် စာရေးသူ၏ အတွင်းရေးမှူး ဦးစိုးနိုင်ကို စတင်ဖမ်းဆီးသည်။ တဆက်တည်း လာရောက်ဖမ်းဆီးမည်မှာ သေချာသဖြင့် စာရေးသူသည် ညီတော်တဦးအိမ်သို့ သွားရောက်၍ ရှောင်တိမ်းခဲ့သဖြင့် လွတ်နေခဲ့သည်။
စစ်စုံထောက်များကလည်း စာရေးသူ ဆွေမျိုးညာတိမှန်သမျှ အိမ်တို့ကို စောင့်ကြည့်နေသဖြင့် ဝင်ဒါမီယာ စစ်ဗိုလ်ရပ်ကွက်၌ အိမ်ငယ်တလုံး ငှားကာ တောမှဆေးကုလာသူတဦးအဖြစ် ပုန်းရှောင်နေခဲ့သည်။ လေးလခန့် လုံခြုံစွာ ပုန်းအောင်းနေနိုင်သောအခါ ဗိုလ်နေဝင်းက တာဝန်ကျ စစ်စုံထောက်များကို ဆဲဆိုကြိမ်းမောင်းသည်ဟု သတင်းရသည်။ အစိုးရနှင့် စစ်တပ်နာမည်ပျက်သဖြင့် ဒေါသူပုန်ထနေလေသည်။ အကယ်၍ စာရေးသူ နိုင်ငံခြားသို့ ထွက်ပြေးလျှင် ပို၍အရှက်ကွဲလေမည်။ ဖမ်း၍လည်း မမိနိုင်သဖြင့် ဗိုလ်နေဝင်းက စာရေးသူထံသို့ လက်ကမ်းကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးရတော့သည်။
မတ်လထဲတွင် ဆရာဇဝနနှင့် လူထုဦးလှတို့အား အိမ်တော်သို့ ဖိတ်ခေါ်၍ ညစာဖြင့် ဧည့်ခံခဲ့သည်။ ထွေရာလေးပါး စကားပြောကြရင်း ဆရာဇဝနအား “ကိုသိန်း ခင်ဗျားလူက သတင်းစာကို ပစ်ထားတာကြာပြီ။ သတင်းစာမှာ အမှားတွေ တွေ့ရတယ်။ ဒီတော့ သတင်းစာကို ပြန်ကြည့်ပါစေ၊ သူ့ကို ဖမ်းဖို့ စာရင်းမပါဘဲနဲ့ ရှောင်နေတယ်၊ မဖမ်းချင်ပါဘူး။ သူ ဘယ်မှာ ပုန်းနေတယ်ဆိုတာ သိပါတယ်”ဟုပြောပြီး ပြည်ထဲရေးဝန်ကြီးထံ သွား၍တွေ့ပါစေဟု ပြောကြားသည်။
ထိုဧည့်ခံပွဲတွင် အပိုဧည့်သည်အဖြစ် တဦးတည်းတက်ရောက်သူ ဒေါက်တာမောင်မောင်က စာရေးသူအား ဘေးမဲ့ပေးသည်ကို ကြားရသဖြင့် ဗိုလ်နေဝင်း နောက်ဖေးနောက်ဖီ ထွက်ခိုက် “ကျွန်တော့် ယောက္ခမကြီးကိုလည်း ဖမ်းထားတယ်၊ လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီးကို ပြောပေးကြပါဦး”ဟု ဆရာဇ၀နင့် ဦးလှအား ပြောရှာလေသည်။ ဗိုလ်နေဝင်း ပြန်လာသောအခါ ဆရာဇဝနနှင့် ဦးလှတို့က စကားစပ်ကာ ဒေါက်တာမောင်မောင်၏ယောက္ခမကို လွှတ်ပေးရန် ပြောကြလေသည်။
ထိုအခါ ဗိုလ်နေဝင်းက ဒေါက်တာမောင်မောင်အား တအံ့တသြ ကြည့်၍ “ဟ မောင်မောင်ရဲ့ ၊ မင်းက နေ့တိုင်းလိုလို ငါနဲ့တွေ့နေတာဘာလို့ မပြောတာလဲ”ဟု မေးသည်။ ဒေါက်တာမောင်မောင်မှာ ဖြေဆိုရန် စကားလုံး မရှိသဖြင့် မဖြေနိုင်ဘဲ ငိုင်နေရှာသည်။
အရက်သောက်ထားသဖြင့် ထွေနေပြီ ဝေနေပြီဖြစ်သူ ဆရာဇဝနက မူးမူးနှင့် “ကြောက်လို့ပေါ့ဗျ ဟဲဟဲ”ဟု ရယ်သွမ်းသွေးမှ အားလုံး ဝိုင်းရယ်ကြရင်း ဣန္ဒြေကို ထိန်းနိုင်ကြသည်။ ထိုသို့ လွန်စွာကြောက်ရွံ့သူက ဗိုလ်နေဝင်းပြောသမျှတို့ကို မှတ်သား၍ ပြုစုရသည်ဖြစ်သဖြင့် ထိုစာအုပ်မှာ ဗောင်းတော်ညိတ် စိတ်တော်သိ စာအုပ်ကြီးသာ ဖြစ်လာခဲ့ရသည်။
ထိုကြောင့် ဒေါက်တာမောင်မောင်၏စာအုပ်ကြီးကို မှီးရာတွင် တနည်းအားဖြင့် ရှေးခေတ်ရာဇဝင်ကျမ်းများဖြစ်သော ငါးဆူဒါယကာမင်း အမှားတော်ပုံကျမ်းနှင့် ဟံသာဝတီမင်း အမှားတော်ပုံကျမ်းများကဲ့သို့ မှားခဲ့လေသမျှကို ပြင်ဆင်သည့် အမှားပြင်ဆင်ချက် ရာဇဝင်စာတမ်းစာအုပ်အဖြစ် ပြုစုရမည်ဖြစ်ပါကြောင်း။
* * *
၃။ သခင် မဟုတ် အင်္ဂလိပ်စုံထောက်သူလျှို
မောင်ရှုမောင်တယောက် နိုင်ငံရေးလောကသို့ ဝင်ရောက်လာပုံကို မြစ်ဖျားခံရန်အတွက် သူ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သောနှစ်က စတင်၍ မှတ်တမ်းတင်ရပေမည်။ တက္ကသိုလ်စရိတ်စကမှာ ကြီးမားသဖြင့် မောင်ရှုမောင်သည် မိဘတို့ထောက်ပံ့မှုအပြင် ဆွေမျိုးများ၏အကူကိုပါ ယူကာ ကျောင်းတက်ရသည်။
၁၉၂၉၊ ဇွန်လတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသည်။ ထိုအချိန်က ဆရာဝန်များသည် ဝင်ငွေကောင်းကြသဖြင့် ငွေမက်သူ မောင်ရှုမောင်သည် ဝင်ငွေကောင်းသော ဆရာဝန်တဦးဖြစ်ရမည်ဟု ဦးတည်ချက်ထားခဲ့သည်။ ဆေးဘက်သို့ လိုက်မည်ဟု ဆုံးဖြတ်ကာ ဥပစာသိပ္ပံတန်းတွင် ပါဏဗေဒနှင့် အောင်မြင်ရန် အားထုတ်ခဲ့သည်။
သူ တက္ကသိုလ်သို့ရောက်နေချိန်တွင် မြန်မာပြည်တပြည်လုံး နိုင်ငံရေး နိုးကြားပြီဖြစ်ကာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ စတင်နေလေပြီ။ ၁၉၃၀ ပြည့်နှစ်တွင် ဥပဒေတန်းတက်ရန် တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာသည့် ကိုနု၊ ၁၉၃၂ ခုနှစ်တွင် ရောက်ရှိလာသော ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုရာရှစ်၊ ကိုကျော်ငြိမ်း၊ ကိုသိန်းတင် ခေါ် ညိုမြတို့ခေတ်တွင် ရန်ကုန်တက္ကသိုလ်၌ နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေး လှိုင်းဂယက်များ ပြင်းထန်စွာ ထကြွလာလေသည်။ နိုင်ငံရေးအစည်းအဝေးများ ဆန္ဒပြပွဲများ စသည်တို့ အမြဲစည်ကား၍ ဆူပွက်နေလေ့ရှိသည်။
ဗြိတိသျှအစိုးရက အိန္ဒိယပြည်အုပ်ချုပ်ရေးအဆင့်အတန်းကို တိုးမြှင့်ပေးရန် စီစဉ်သောအခါ မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်က အိန္ဒိယ၏ပြည်နယ်တခုအဖြစ် ထားရှိသည့်စာရင်းကို ရှင်းရန် လိုလာသည်။ အစိုးရက စုံစမ်းရေးကော်မရှင်ဖွဲ့ကာ စုံစမ်းသည်။ အဖြေမရသဖြင့် လူထုဆန္ဒ ရွေးကောက်ပွဲနှင့် ဆုံးဖြတ်ရန် အင်္ဂလိပ်အစိုးရက စီစဉ်ရသည်။ မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲမည်လော၊ တွဲနေမည်လော ဟူသော ခွဲရေး၊ တွဲရေး ပြဿနာသည် ဆူပွက်ငြင်းခုံမှု အကြီးဆုံးကိစ္စ ဖြစ်လာသည်။ ဦးဘဖေ၊ ဒေါက်တာဗမော် စသော မင်းတိုင်ပင်အမတ်များ၊ နိုင်ငံရေး ခေါင်းဆောင်များက ရန်ကုန်တက္ကသိုလ်အသင်းတိုက်သို့ လာရောက်ဟောပြောကြသည်။ ကျောင်းသားများက ပြန်လှန်မေးခွန်းထုတ်ကြသည်။ တက္ကသိုလ်တခုလုံး နိုင်ငံရေးဆွေးနွေး ငြင်းခုန်သံများနှင့် ဆူပွက်နေသည်။
မောင်ရှုမောင်သည် ထိုနိုင်ငံရေးလောကတွင် ပါဝင်ခြင်း၊ အစည်းအဝေးတက်ခြင်း မပြုဘဲ ကင်းရှင်းစွာ နေထိုင်သည်။ အခြားကျောင်းသားများ နိုင်ငံရေးနှင့် အလုပ်ရှုပ်နေချိန်များတွင် မိတ်ဆွေများ၏ကားကိုငှားကာ မြို့တွင်းသို့ သွားရောက်လည်ပတ်လေ့ရှိသည်။ တောဒေသမှ တက်လာသူ လူငယ်တဦးအဖို့ ရန်ကုန်မြို့သည် ကြည့်စရာ ရှုစရာ လည်ပတ်စရာ ပျော်စရာများ နေရာအနှံ့တွင် ရှိသည်။ ရန်ကုန်မြို့ရှိဟိုတယ်များသည် အရက်ကို အဓိကထားကာ ရောင်းချပြီး လောင်းကစားဒိုင်များလည်း ဖွင့်ထားကြသည်။ ထိုဒိုင်များနှင့် မြင်းပွဲတို့က လောင်းကစားဝါသနာမျိုးစေ့ရှိသူ ကိုရှုမောင်အား ဖိတ်ခေါ်သဖြင့် ကျောင်းသားဘဝကပင် ပွန်းတီးလာခဲ့သည်။ မူလဓာတ်ခံအရ လောင်းကစားဝါသနာ ကြီးမားလာသည်။ တနည်းအားဖြင့် ရန်ကုန် လူလည်တစ်ယောက် ဖြစ်စပြုလေပြီ။
“ကိုရှုမောင်တယောက်သည် ကျောင်းသားသမဂ္ဂတွင် ကျင်းပသော နိုင်ငံရေးဟောပြောပွဲများ၌ ဟောကြ၊ ပြောကြတာတွေ လေကုန်သည်၊ နားထောင်ရတာ နားညည်း၍ အချိန်ကုန်သည်၊ လည်ပတ်၊ ဘောလုံးကစား၊ စာဖတ်၊ လေ့လာစူးစမ်းရှာဖွေရန်ပင် အချိန်မလောက်”ဟု ဗိုလ်နေဝင်းပြော၍ ဒေါက်တာမောင်မောင်ရေး “မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း” စာအုပ်တွင် ရေးသားထားသည်။ ထိုစဉ်က ကျောင်းသားများတို့သည် ဝံသာနုစိတ်ဓာတ်ကို ပြသရန် ပင်နီဖျင်ကြမ်း ဝတ်ဆင်လေ့ရှိကြသည်ကို အသားယူ စတိုင်ထုတ်ကြသည်ဟု ကိုရှုမောင်က ယူဆသည်။ သူသည် အဝတ်အစားကို အမြဲ သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သည်။ ရန်ကုန် မြင်းပွဲသဘင်မှာ လူကြီး လူကောင်းများ၏အသင်းဖြစ်သည်။ အပေါ်အင်္ကျီဝတ်ဆင်မှသာ မြင်းပွဲအသင်းသားများ၏ အဆောင်သို့ ဝင်ခွင့်ပေးသည်။ ပင်နီဖျင်ကြမ်း တိုက်ပုံအင်္ကျီကို လက်ခံမည်မဟုတ်ဟု စည်းကမ်းမသတ်မှတ်စေကာမူ ပင်နီကြမ်းကို ဝတ်ဆင်သူ မရှိ။ ပိုးတိုက်ပုံ အင်္ကျီအရှည်နှင့် အဖြူ (သို့မဟုတ်) သက္ကလတ်ကိုသာ ဝတ်ဆင်ကြသည်။
ငယ်စဉ်က ရှိနေခဲ့သော လောင်းကစားဝါသနာသည် ကောလိပ်ကျောင်းသို့ ရောက်ရှိပြီး ရန်ကုန်ရည်ဝကာ မြင်းပွဲနှင့် တွေ့ဆုံကာမှ ကြီးမားလာခဲ့သည်။ ပြည်မြို့အထက်တန်းကျောင်းသားဘဝကမူ ဖဲဝိုင်းများတွင်သာ လောင်းကစားခဲ့ရသည်။ မောင်ရှုမောင်သည် အတန်းထဲတွင် သင်္ချာတော်သဖြင့် ဖဲဝိုင်းတို့တွင် ပွဲကြီးပွဲကောင်းများ အနိုင်ရအောင် ရိုက်နိုင်လေ့ရှိသည်။
ဗိုလ်နေဝင်းသည် ဘာသာရေးတွင်လည်းကောင်း၊ နိုင်ငံရေးတွင်လည်းကောင်း ပြောနိုင်ဆိုနိုင်ရှိစေသည့် “ကိုယ်ခံ”အသိမှာ သူငယ်တန်းကာလက စခဲ့သည်။ ထိုခေတ်က ကလေးများထုံးစံအတိုင်း ရှင်သူငယ်အရွယ်တွင် ရှင်ပြုကာ သင်္ကန်းစည်းခဲ့သည်။ ပေါင်းတလည် ရွာဦးကျောင်းတိုက်မှ ဆေးနီဆရာတော်၏ကျောင်းတွင် သင်္ကန်းစည်းသည်။ အသားခပ်ဖြူဖြူ၊ တရုတ်သွေးပါသဖြင့် ဆရာတော်က သျှင်ဝိလာသဟု ဘွဲ့ပေးသည်။ ကိုရင်တင့်တယ်ဟု အဓိပ္ပာယ်ပေါက်၏။ ဆရာတော်သည် အင်းအိုင်ခါးလှည့် လက်ဖွဲ့များနှင့် ဂါထာမန္တရားကို ယုံကြည်သည်။ အင်းကွက်များကို ဟင်္သာပြဒါးနှင့် တကိုယ်လုံး ဆေးထိုးထားသဖြင့် ဆေးနီဆရာတော်ဟု ရွာသားများက ခေါ်ကြသည်။
ဗိုလ်နေဝင်းတယောက် ဗေဒင်ယတြာ ယုံကြည်လုပ်ဆောင်သည်မှာ ကိုရင်ဘဝက စ ခဲ့ဟန်တူ၏။ ကိုရင်ဘဝက ရှင်ကျင့်ဝတ် ဖောက်ဖျက်မှုများ ကျူးလွန်မိသောကြောင့် သဲဒဏ် ရေဒဏ်ခံရသည်လည်း ရှိ၏ဟု သူက မှတ်တမ်းတင်၏။
ရှင်လူထွက်ပြီး လောကဓာတ်ကျောင်းသို့ ပြောင်းသောအခါ အမျိုးသားကျောင်းတွင် နေခဲ့ရသဖြင့် ဆရာများ ဟောပြောသော မြန်မာ့နိုင်ငံရေးသမိုင်းကို ကြားဖူးနားဝ ရှိခဲ့သည်။ ၁၉၂ဝ ခုနှစ် ကျောင်းသားတော်လှန်ရေး သပိတ်ကြီး၏ အကျိုးဆက်အဖြစ် ပေါ်ထွန်းလာသော အမျိုးသားကျောင်းများသည် နယ်ချဲ့ဆန့်ကျင်ရေးကို ဦးစားပေး၍ သင်ပေးလေ့ ရှိသည်။
ရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါ လောင်းကစားမှ အားကစားအထိ ထူးချွန်အဆင့်ရှိသူ ဗိုလ်နေဝင်းသည် စာပေဘက်တွင်မူ အနုပညာနှင့် ဝေးကွာလှမ်းသူ ဖြစ်၏။ “ဗိုလ်ချုပ်ကြီးက ဘယ်စာအုပ်ကိုမှ အစအဆုံး ဖတ်လေ့မရှိပါ။ အစနည်းနည်း အလယ်နည်းနည်း အဆုံးနည်းနည်းသာ ဖတ်ပြီး အဲဒီစာအုပ်အကြောင်းကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တယ်”ဟု စစ်ဗိုလ်ကြီးတဦးက မှတ်မိ၏။ စာအုပ်စာပေ စကားပြောနိုင်သော်လည်း သူသည် မြန်မာစာပေရော၊ အင်္ဂလိပ်စာပေတို့ကိုပါ စိတ်ဝင်စားမှု မရှိ။
မောင်ရှုမောင် ကျောင်းသားဘဝခေတ်၌ တက္ကသိုလ်ပညာတတ် လူငယ်များက စာပေတော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။ ရှေးစာပေများကို ပြန်ဖော်ပြီး ထိုမှ သစ်ဆန်းသည့်စာပေကို တီထွင်စမ်းသပ်ရေး စာပေလှုပ်ရှားမှုသည် မြန်မာအမျိုးသားတို့ အမျိုးသားစိတ်နိုးကြား၍ မျိုးချစ်စိတ် မွေးမြူရေးကို ဦးတည်လေသည်။ “ခေတ်စမ်းစာပေ”ဟူသော ကဏ္ဍသစ် တခုကို ဆရာကြီး ဦးဖေမောင်တင်က ဦးဆောင်၍ လမ်းဖွင့်ပေးသည်။ ကျောင်းသားများသည် စာပေနည်းသစ်ကို လက်တည့်စမ်းကြသည်။ ကဏ္ဍလောကမဂ္ဂဇင်း၊ အိုးဝေ၊ ကျောင်းသားသမဂ္ဂအာဘော်၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း၊ ဒဂုံမဂ္ဂဇင်း တက္ကသိုလ်ကဏ္ဍ စသည်ဖြင့် စာနယ်ဇင်းတို့တွင် ကျောင်းသားတိုင်းလိုလို လက်တည့်စမ်းကာ ကလောင်သွေးလေ့ ရှိကြသည်။ စာကဗျာမရေးသူ ကျောင်းသူကျောင်းသား ရှားလှသည်။
မောင်ရှုမောင်သည်မူ ဆောင်းပါးကဗျာတပုဒ်မှပင် မရေးဖူး၊ မည် သည့်စာစောင်တွင်မှ စာရေးခြင်း မပြုခဲ့သော စာပေဝေးနေသူဖြစ်သည်။ ကျောင်းပညာ သိပ္ပံစာပေကိုသာ အားထုတ်နေခဲ့သူဖြစ်သည်။ သို့သော်လည်း ပါဏဗေဒဘာသာရပ် စာမေးပွဲတွင် ကျဆုံးသည်။ သူသည် ဆေးပညာကို ဆက်လက်သင်ကြားနိုင်ရန် အရည်အသွေးမမီသဖြင့် စိတ်ဓာတ်ကျကာ ၁၉၃၁ ခုနှစ်တွင် ကျောင်းမှထွက်လိုက်ရသည်။
တက္ကသိုလ်မှ ခွာခဲ့ရသောအခါ ရန်ကုန်မြို့ ၁၀၁ လမ်းမှ အိမ်ခန်းတခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အိမ်လခပေးရန် တဦးတည်း မနေနိုင်သဖြင့် မိတ်ဆွေများနှင့် စပ်တူငှားရမ်းရသည်။ မိတ်ဆွေလည်းဟုတ်၊ ဦးလေးလည်း တော်စပ်သော ပြည်မြို့မှ ကိုမောင်ညီနှင့် အရောင်းအဝယ်လုပ်ငန်းတခု တည်ထောင်ရန် အားထုတ်ခဲ့သည်။ ပြည်မြို့နယ်ရှိ မီးသွေးဖုတ်သူများထံမှ မီးသွေးများဝယ်ယူကာ ရန်ကုန်မြို့သို့ သယ်ယူဖြန့်ခဲ့သည်။ ပြည်မြို့ဖက်တွင် အသိမိတ်ဆွေပေါများသော်လည်း ငွေရင်းတောင့်တင်းမှု မရှိခြင်းနှင့် ရန်ကုန်ဈေးကွက်တွင် မိတ်နည်းခြင်းတို့ကြောင့် တရုတ်ကုလား လူမျိုးခြားကုန်သည်များကို မပြိုင်နိုင်သဖြင့် လက်မြှောက်ခဲ့ရသည်။ ။
အလုပ်တခုရမှသာ ရန်ကုန်မြို့တွင် နေနိုင်မည်ဖြစ်သဖြင့် အလုပ်ရှာဖွေသောအခါ တက္ကသိုလ်ဥပစာတန်းအထိ ကျောင်းတက်ခဲ့သူ ကိုရှုမောင်အဖို့ စာတိုက်တွင် အောက်တန်းစာရေးအလုပ်ကို လွယ်ကူစွာ ရရှိခဲ့လေသည်။ သူငယ်ချင်းတဦးနှင့် စပ်တူနေထိုင်သည်။
ဗမာပြည်သည်---တို့ပြည်
ဗမာစာသည်---တို့စာ
ဗမာစကားသည်---တို့စကား
တို့ပြည်ကို---ချစ်ပါ
တို့စာကို---ချီးမြှင့်ပါ
တို့စကားကို---လေးစားပါ
ထူးခြားသော ဆောင်ပုဒ်နှင့် နိုင်ငံရေးအသင်းတခု ပေါ်ပေါက်လာသည်။ ဤအသင်းသို့ ဝင်ရောက်လိုသူများသည် မိမိကိုယ်မိမိ သခင်အမည်တပ်ကာ ခေါ်ဝေါ်စေကြရမည်ဟု စည်းကမ်းသတ်မှတ်သော တို့ဗမာအစည်းအရုံးကို ၁၉၃၃ ခုနှစ်ခန့်က စတင်ဖွဲ့စည်းခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်တိုက်ခိုက်လိုသော လူငယ်များသည် တို့ဗမာအစည်းအရုံးသို့ ဝင်လာကြသည်။ အဖွဲ့ဝင်လက်မှတ်များ၌ “သခင်”ဟူသော ဘွဲ့တခုကို အမည်၏ရှေ့မှ ပေးလိုက်သည်။ ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်းတို့သည် ဗဟန်း ရေတာရှည်လမ်း၊ အမှတ် ၃၃ တွင်ရှိသော အစည်းအရုံးဌာနချုပ်သို့ သွားရောက်ကာ အသင်းဝင်ကြေး တကျပ်စီပေးကာ စနစ်တကျ ဝင်ကြသည်။ သခင်နု၊ သခင်အောင်ဆန်းဟု အမည်သစ်နှင့် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ ဝင်ခဲ့ရာမှ ခေါင်းဆောင်များ ဖြစ်လာကြသည်။
ကိုရှုမောင်သည် သခင်အသင်းကို တကြိမ်တခါမှ မှတ်ပုံတင်ခြင်း၊ အသင်းဝင်ခြင်း မပြုခဲ့ပေ။ သူက သခင်တို့ကို ကြည့်မရ၊ မျက်မုန်းကျိုးသည် ဟုပင် ဆိုရပေမည်။ သူ၏မိတ်ဆွေ ဦးလေးသည် သခင်ညီဘွဲ့ကိုယူကာ တို့ဗမာအစည်းအရုံးသို့ အသင်းဝင်အဖြစ် မှတ်ပုံတင်သည်။ သခင်အသင်းမှ လှုပ်ရှားမိသည့်အတွက် ထောင်ကျပင် ခံရသည်။ အသင်းရန်ပုံငွေ လှူခြင်း၊ ရဲဘော်ရဲဘက်သခင်တို့အား ငွေကြေးကူညီခြင်းကို ကိုရှုမောင်က သဘောမတူသဖြင့် ဟန့်တားသေးသည်။
သခင်ညီသည် ငွေအားလူအား စိုက်၍ တို့ဗမာအစည်းအရုံးတွင် လုပ်ကိုင်သည်။ ကိုရှုမောင်ကပင် အစဦး၌ သံသယမကင်း၊ “ခင်ဗျားလူတွေ ခင်ဗျားကို အသုံးချနေနေကြတာပါ။ သတိလည်း ထားပါအုံး၊ တော်တော်ကြာ ငွေကုန်တော့ ခင်ဗျားကို ပစ်သွားကြမှာ”ဟု သခင်ညီအား သတိပေးတတ်သည်ဟု "ဗိုလ်နေဝင်းပြော ဗိုလ်ချုပ်ကြီးနေဝင်း"စာအုပ်၌ ဖော်ပြထားသည်။
ကိုရှုမောင်သည် သခင်အသင်းနှင့် သခင်များအား မျက်မုန်းကျိုးစေကာမူ တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်တဦး ဖြစ်လာသော သခင်ဗစိန်ကိုမူ အထူးကြည်ညိုသည်။ သူကိုယ်သူ သခင်တပိုင်းဟု ခေါ်သည်။
သခင်ဗစိန်အား ကျောင်းသားဘဝ တက္ကသိုလ်၌ တွေ့စဉ်ကပင် ကြည်ညိုခဲ့သည်။ သခင်ဗစိန်သည် မိမိယူဆချက်ကို အသံမာမာနှင့် ကျယ်လောင်စွာ ပြောလေ့ရှိသည်။ အမျိုးနှင့်တိုင်းပြည်အတွက် ဇောက်ချဆောင်ရွက်မည်ဆိုကာ ခေါင်းတုံးရိတ်ပြီး ဂန္ဒီစိန်ဟု အမည်သစ်နှင့် တက္ကသိုလ်တွင် လှုပ်ရှားစဉ်ကာလတွင် ကိုရှုမောင်နှင့် ရင်းနှီးခဲ့ကြသည်။ ကိုရှုမောင် အထင်အကြီးဆုံးခေါင်းဆောင်မှာ ဂန္ဒီဗစိန်ဖြစ်သည်။
တို့ဗမာအစည်းအရုံးဝင်သောအခါ ကိုဗစိန်သည် ထင်ရှားသည့် သခင်ခေါင်းဆောင်တဦး ဖြစ်လာသည်။ သို့သော် အပြောအဆို ပက်စက်ခြင်းကို အကြောင်းပြု၍ အစည်းအရုံးအတွင်းတွင် အခြားခေါင်းဆောင်များနှင့် မကျေမလည် ဖြစ်လာသည်။ တို့ဗမာအစည်းအရုံး၏ ၁၉၃၈ ခုနှစ် ပြည်မြို့ ညီလာခံတွင် သခင်ဗစိန်အား အသင်းမှ ထုတ်ပယ်လိုက်ကြသည်။ ဤတွင် သခင်ဗစိန်က သခင်ထွန်းအုပ်နှင့် မဟာမိတ်ဖွဲ့ကာ တို့ဗမာအစည်းအရုံးသစ်တခုကိုပင် စင်ပြိုင်တည်ထောင်ခဲ့သည်။
သခင်ဗစိန်အား ဖြုတ်ချစဉ်က တင်သွင်းသော စွပ်စွဲချက်တို့မှာ များပြားလှသည်။ “ထောင်ကျစဉ်တွင် အင်္ဂလိပ်အစိုးရနှင့် အပေးအယူ ပြုလုပ်၍ လွတ်လာသည်။ အလုပ်သမားပြဿနာများကို ဖြေရှင်းရေးတွင် သပိတ်လက်နက်အစား စေ့စပ်ရေးကိုသာ အမြဲလုပ်ဆောင်သည်။ တော်လှန်ရေးသမား မဟုတ်၊ စေ့စပ်ရေးသမားသာ ဖြစ်သည်။ အစည်းအရုံးသို့ ဝင်လာကြသော အင်အားစုအသစ်ဖြစ်သည့် တက္ကသိုလ်ကျောင်းသား ကိုနု၊ ကိုအောင်ဆန်းတို့အပြင် သခင်စိုး၊ သခင်ကျော်စိန် စသည်တို့အား လက်ခံအားပေးခြင်း မပြု။ နန်းရင်းဝန် ဒေါက်တာဗမော်နှင့် လျှို့ဝှက်ဆက်သွယ်သည်” စသည်ဖြင့် ယိုးစွပ်ကာ ထုတ်ပယ်ခဲ့သည်။ ထိုပြစ်ချက်များအပြင် အရေးကြီးသည့် စွဲချက်တခု ပါဝင်သည်။ သခင်ဗစိန်သည် ယုဒသန်ကောလိပ် ကျောင်းသားဘဝက အစိုးရ စုံထောက်အဖွဲ့၏ သူလျှိုအဖြစ် လစာတလ ၇၅ ကျပ် ရယူကာ ကျောင်းသားများ၏နိုင်ငံရေးလှုပ်ရှားမှုတို့ကို ပုလိပ်စုံထောက်အဖွဲ့သို့ သတင်းပို့သည်ဟု ညီလာခံမှတ်တမ်း၌ ခိုင်မာစွာ ဖော်ပြပါရှိခဲ့သည်။
တက္ကသိုလ်ကျောင်းသားဘဝတွင် မြင်းပွဲသို့ လမ်းပေါက်နေသူ ကိုရှုမောင်သည် အမြဲငွေလိုနေသူ ဖြစ်သည်။ သူကြည်ညိုသော သူ၏ဆရာ သခင်ဗစိန်က ဆက်ပေးသဖြင့် စီအိုင်ဒီစုံထောက်အဖွဲ့၏သတင်းပေး ကြေးစားသူလျှိုစုံထောက်အဖြစ် ကျောင်းသားများ၊ သခင်များ၏ နိုင်ငံရေးလှုပ်ရှားမှုများကို သတင်းပေး ရောင်းစားသည်ဟု ယူဆကြသည်။ အရေးကြုံသောအခါ သခင်ဗစိန်ကိုပင် ထောင်သို့ပို့သည်ဟု ခိုင်မာစွာ ယူဆရပြန်သည်။ သူက ဆရာကို ကာပြန်၍ သခင်ဗစိန်အား သစ္စာဖောက်ကာ သတင်းပေးသဖြင့် သခင်ဗစိန် ဂျပန်သို့ မရောက်ဘဲ ထောင်ထဲသို့ ရောက်ခဲ့ရသည်။
“စစ်မဖြစ်မီ သခင်ခေတ်တွင် ကိုရှုမောင်ကို အင်္ဂလိပ်သတင်းပေး သူလျှိုဟု ထင်မြင်ကြသူတွေအထဲတွင် ကျွန်တော် ဗိုလ်ကျော်ဇောလည်း ထင်မြင်သံသယ ရှိခဲ့သည်။ ဘယ်သူမှ ပြောလို့တော့ မဟုတ်ပါ။ အကြောင်းမှာ ကိုရှုမောင်သည် လျှို့ဝှက်ရမည့်ကိစ္စများတွင် အထူးဂရုစိုက်ရန် ကျွန်တော်တို့ကို အကြိမ်ကြိမ် သတိပေးနေခဲ့ဖူးသည်။ သူက လူအတော်များများကိုလည်း မယုံကြည်စိတ် ကြီးမားလွန်းသည်။ ထိုကြောင့် ၄င်းကိုယ်တိုင် သခင်ခေတ်တွင် လျှို့ဝှက်သတင်းပေး လုပ်ခဲ့ဖူးသလားဟု ကျွန်တော် သံသယဝင်လာသည်။ ထိုအကြောင်းကို ၁၉၆၀ ခုနှစ်ကျော်က ကျွန်တော်တို့ စမ်းချောင်းမှာ နေစဉ်က သမီး မရှုယဉ် (လှလှ)အား ပြောခဲ့ဖူးပါသည်”ဟု ဗိုလ်မှူးချုပ်ကျော်ဇောက ထုတ်ဖော်၏။
* * *
၄။ ဂျပန်သို့ လျှို့ဝှက်ခရီး ပုလိပ်မင်းကြီး၏ကားနှင့် သွားခဲ့၏
၁၉၄၀ ခုနှစ်တွင် ကမ္ဘာစစ်မီးကြီး မြန်မာပြည်ဘက်သို့ပါ ကူးစက်လာတော့မည့် အရိပ်အရောင်ကို မြင်ရသောအခါ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်အားလုံးတို့သည် အမိနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲရန် ပြည်ပမှ အကူအညီကို ရယူရေးလမ်းစ ရှာဖွေကြတော့သည်။
တို့ဗမာအစည်းအရုံး အတွင်းရေးမှူး သခင်အောင်ဆန်းလည်း ပြင်ပမှ အကူကိုရယူပြီး အင်္ဂလိပ်တို့အား လက်နက်နှင့် တော်လှန်နိုင်ရန် အခွင့်အလမ်းရှာသင့်လေပြီဟု ယုံကြည်ချက်နှင့် နိုင်ငံခြားတိုင်းပြည်များသို့ မျှော်ကြည့်ခဲ့သည်။ သူမျှော်ရှုသောနိုင်ငံမှာ ဂျပန်မဟုတ်၊ ကျူးကျော်သူ ဂျပန်များနှင့် ကွန်မင်တန်ဖက်ဆစ် တရုတ်အစိုးရအား တိုက်ခိုက်အောင်မြင်စ ပြုနေသော တရုတ်ပြည်မှ တရုတ်ကွန်မြူနစ်ပါတီဖြစ်သည်။ သခင်အောင်ဆန်းသည် ဂျပန်ဖက်ဆစ်ဝါဒ၏ သရုပ်မှန်ကို ကောင်းစွာသိရှိသော ဖက်ဆစ်ဆန့်ကျင်ရေး ဝါဒီတဦးဖြစ်သည်။
၁၉၄ဝ ပြည့်၊ မတ်လတွင် အိန္ဒိယကွန်ဂရက်ပါတီ၏ ညီလာခံကို ရမ်းဂါးမြို့တွင် ကျင်းပသောအခါ မြန်မာခေါင်းဆောင်များကို ဖိတ်ကြားသဖြင့် သခင်အောင်ဆန်းသည် သခင်တင်မောင်၊ သခင်ခင်အောင်၊ သခင်သန်းထွန်း တို့နှင့် တက်ရောက်စဉ်က ပဏ္ဍစ်နေရူး စသော ကွန်ဂရက်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။ အိန္ဒိယကွန်မြူနစ်များနှင့်လည်း တွေ့ခဲ့သည်။
“အလိပ်နယ်ချဲ့စနစ်ကို အိန္ဒိယမြန်မာ ပူးတွဲတိုက်ခိုက်ကြမည်”ဟု အားလုံးက ဟောပြောခဲ့သည်။ သို့စေကာမူ ဘဝတူ ကျွန်နိုင်ငံသားအချင်းချင်းတို့ထံမှ လက်နက်အကူ မရနိုင်သည်ကို သတိပြုမိခဲ့၏။
အိန္ဒိယမှအပြန် မေလ ၁၁ ရက်နေ့တွင် ကျင်းပသည့် သခင် လေးမောင်က သဘာပတိ၊ သခင်အောင်ဆန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော တို့ဗမာအစည်းအရုံး၏ နှစ်ပတ်လည်ညီလာခံ၌ တိကျပြတ်သားသော အဆိုတရပ်ကို သခင်နုက တင်သွင်းခဲ့လေသည်။ ဆုံးဖြတ်ချက်မှာ “တို့ဗမာအစည်းအရုံးက အင်္ဂလိပ်အစိုးရကို စစ်ကူပေးမည်မဟုတ်၊ မြန်မာ့လွတ်လပ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်မည်”ဟူ၏။
တို့ဗမာအစည်းအရုံး ခေါင်းဆောင်တို့သည် ပြည်တွင်း နိုင်ငံရေးအင်အားစုများ ညီညွတ်ရေးကိုလည်း အားထုတ်ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့ ဝင်များ၊ ဆင်းရဲသားဝံသာနုအဖွဲ့ဝင်များ၊ အခြားမျိုးချစ်များတို့ ဂျူဗလီခန်းမ ရုံလျှံအောင် တက်ရောက်သော ဇန်နဝါရီလ ၉ ရက်နေ့ အစည်းအဝေးမှ ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ခဲ့ကြသည်၊ ဒေါက်တာဗမော်က ဥက္ကဋ္ဌ၊ သခင်အောင်ဆန်းက အတွင်းရေးမှူး။
တိုက်တိုက်ဆိုင်ဆိုင် နောက်တနေ့ ဇန်နဝါရီလ ၁၀ ရက် ညဥ့်သန်းခေါင်တွင် ဂျူဗလီခန်းမ၌ပင် မြန်မာ၏ကံကြမ္မာကို ဖန်တီးမည့် အစည်းအဝေးတရပ်ကို ကျင်းပသည်။ သခင်ထွန်းအုပ်နှင့် သခင်ဗစိန်တို့ ဦးစီးသော “စင်ပြိုင် တို့ဗမာအစည်းအရုံး”ခေါင်းဆောင်များနှင့် ဂျပန်သံရုံးကိုယ် စားလှယ်တို့ ခန်းမကြီး၏အောက်အခန်း၌ လျှို့ဝှက်စွာ တွေ့ဆုံစည်းဝေးကြသည်။ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့ ဦးစီးသော တို့ဗမာအစည်းအရုံးမှ ခေါင်းဆောင်များသည် အင်္ဂလိပ်အစိုးရကို တိုက်ခိုက်ရန်အတွက် ဂျပန်စစ်တပ်မှ စစ်လက်နက်အကူရယူရန် ဆုံးဖြတ်ထားကာ ဂျပန်များနှင့် ဆက်သွယ်ခဲ့ကြသည်။ အဆက်အသွယ် ရရှိပြီး မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်အစိုးရစစ်တပ်က ကူညီပါမည်ဟု ကတိရခဲ့ပြီး ဖြစ်သည်။
ထိုအချိန်က ရန်ကုန်မြို့တွင် ဂျပန်သံရုံးအပြင် စီးပွားရေးအလုပ်ကို ဟန်ပြလုပ်ကိုင်ကာ သူလျှိုလုပ်နေသော ဂျပန်များ ရှိကြသည်။ ယိုမီရှု သတင်းစာ သတင်းထောက်အဖြစ် ဟန်ဆောင်နေသူ မစ္စတာမီနာမီ၊ သွားစိုက်ဆရာ ကိုကူဘူးတို့နှင့် သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်ချစ်တင်၊ သခင်အောင်သန်းတို့ တွေ့ကြကာ မြန်မာလူငယ်များကို ဂျပန်သို့ စတင်စေလွှတ်ရေးကို ညှိနှိုင်းကြသည်။ ပထမအဆင့်အဖြစ် သခင်ဗစိန်အား ထိုင်းနိုင်ငံမှတဆင့် ဂျပန်သို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သခင်ဗစိန်အတွက် ခရီးစဉ်ကို လျှို့ဝှက်ရေးဆွဲကြလေသည်။ သခင်ဗစိန် ထိုင်းနိုင်ငံသို့ ရောက်ရှိပါက ဂျပန်သံရုံးနှင့် ဆက်သွယ်ရန် လျှို့ဝှက်စာတစောင်ကို သွားစိုက်ဆရာ ကိုကူဘူးက သခင်ဗစိန်လက်သို့ ထိုညဥ့်က ပေးအပ်ခဲ့သည်။
ထိုသခင်အုပ်စုတို့သည် မိမိတို့လမ်းစဉ်ကို လက်တွေ့စတင်ရတော့မည်ဖြစ်သဖြင့် တအားတက်မိကြသည်။ သခင်ဗစိန် ဂျပန်သို့ရောက်သည်နှင့် နောက်ထပ် မြန်မာလူငယ်များကို ပို့ကာ စစ်ပညာသင်ကြမည်။ အင်္ဂလိပ်ကို လက်နက်နှင့် တော်လှန်ရတော့မည်ဟု စိတ်ဓာတ်တက်ကြွနေကြသည်။ အရေးကြီးသည်မှာ လျှို့ဝှက်ရေးဖြစ်သည်။ လျှို့ဝှက်ရေးကို အထူးသတိကြီးစွာ ကျင့်သုံးကြရန် ဆုံးဖြတ်ကြသည်။ ဂျပန်နှင့် ခိုင်မာစွာ ဆက်သွယ်မိပြီ ဖြစ်သည်ကို သခင်ကိုယ်တော်မှိုင်း၊ သခင်နု၊ သခင်အောင်ဆန်းတို့ ဂိုဏ်းကိုပင် မသိစေရ။ သခင်ဗစိန် ထိုင်းသို့သွားရန် အစီအစဉ်ကို ထိုအစည်းအဝေးတက်သူများမှတပါး မည်သူမှမသိစေရဟု လျှို့ဝှက်ရန် ဆုံးဖြတ်ထားကြသည်။
သခင်ဗစိန်တွင် အထူးစိတ်ချရသော လူယုံတော်တဦးရှိသည်။ ထိုသူမှာ မောင်ရှုမောင်ဖြစ်၏။ မောင်ရှုမောင်သည် စာတိုက်စာရေးအဖြစ် အလုပ်ရရှိသောကြောင့် အစိုးရဝန်ထမ်းတဦး ဖြစ်နေသည်ကို အကြောင်းပြ၍ သခင်ပါတီသို့ စနစ်တကျ မှတ်ပုံတင်ခြင်းမပြု၊ အဖွဲ့ဝင် ကတ်ပြားမယူဘဲ ပါတီ၏မိတ်ဆွေအသွင်နှင့် ကူညီနေသည်။ သူက သခင်ဗစိန်အုပ်စု သခင်များကို အားပေးနေသည်။ တိုလီမိုလီတာဝန်များကို ယူခဲ့သည်။ အင်္ဂလိပ်အစိုးရခေတ်တလျှောက်လုံး သခင်အမည်မခံခဲ့စေကာမူ သခင်တို့ဖက်မှ လျှို့ဝှက်စုံထောက်အဖြစ် ကူညီခဲ့သည်ဟု သူက ပြောသည်။ အင်္ဂလိပ်အရာရှိကြီးများ၏ကားနံပါတ်များကို ကြည့်ရှုမှတ်သားလေ့ရှိသည်ဟူသော လုပ်ငန်းမှတပါး စုံစမ်းထောက်လှမ်းချက် တစုံတရာကိုမှ သူ၏စာအုပ်တွင် ဖော်ပြခြင်း မပြုခဲ့ပေ။
သခင်ဗစိန်ကို ကြည်ညိုသဖြင့် သခင်ဗစိန်ကတော် ဒေါ်ခင်ခင်၏ ပုံနှိပ်တိုက်တွင် သခင်သတင်းစာ ပုံနှိပ်သည်ကို စာပြင်အဖြစ် ကူခဲ့သည်။ သခင်ဗစိန် ဘာသာပြန်သော ကမ္ဘာ့ကွန်မြူနစ်ပါတီ ကြော်ငြာစာတန်းကို ပြင်ရင်း အင်္ဂလိပ်စာမူရင်းကိုပါ ကြိမ်ဖန်များစွာ ဖတ်ရှုလေ့လာသောအခါ ဘဝင်မကျပဲ ကွန်မြူနစ်ဝါဒကို ကြောက်လန့်သွားခဲ့မိသည်ဟု ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်တွင် မှတ်တမ်းတင်ခဲ့၏။
သခင်ဗစိန် ဂျပန်ပြည်သို့သွားရန် ဆုံးဖြတ်ချက်ကျလာသောအခါ သူ့အတွက် လုံခြုံရေးသည် အရေးကြီးလာ၏။ မိမိတို့အစီအစဉ်ကို သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် တို့ဗမာအစည်းအရုံးဝင်များ မသိရန်လည်း အရေးကြီးသည်။ ထို့ပြင် သခင်သင်းခွဲ ခေါင်းဆောင်ဖြစ်လာချိန်မှ စတင်ကာ သခင်ဗစိန်အား ပုလိပ်များက အမြဲနောက်ယောင်ခံနေသဖြင့် ပုန်းအောင်းနေရလေ့ရှိသည်။ ယခု ပိုမိုလုံခြုံအောင် ပုန်းရတော့သည်။ သခင်ဗစိန်၏လုံခြုံရေးကို လူယုံတော် မောင်ရှုမောင်က တာဝန်ယူခဲ့သည်။ အမြဲခြေရာဖျောက်နေရသူ သခင်ဗစိန်ဆီသို့ ထမင်းပို့ရေးကို သူကပင် တာဝန်ယူသည်။ သခင်ဗစိန်ကြိုက်လှသော ဘီစကွတ်တံဆိပ် ဘရန်ဒီပင် ပြတ်လပ်မှုမရှိစေရန် မောင်ရှုမောင်က ကြိုးစားခဲ့သည်ဟု "ဗိုလ်နေဝင်းက ပြောသဖြင့် ဒေါက်တာမောင်မောင်ရေးသော " အတ္ထုပ္ပတ္တိစာအုပ်၌ ဖတ်ရသည်။
လူယုံတော်တဦးတည်း၏ စောင့်ရှောက်မှုနှင့် လျှို့ဝှက်နေထိုင်သူ သခင်ဗစိန်သည် နိုင်ငံကူးလက်မှတ် အတုတခု ဝယ်ယူရရှိသောအခါ ဓာတ်ပုံကို ပြောင်းလဲ၍ကပ်ကာ မူလအစီအစဉ်အတိုင်း ထိုင်းနိုင်ငံသို့ ထွက်ခဲ့သည်။ လျှို့ဝှက်ရေးကို အထူးကျင့်သုံးရသည်။ အတွင်းလူမိတ်ဆွေများကိုပင် နှုတ်ဆက်ခြင်းမပြုဘဲ မော်လမြိုင်လမ်းမှ သွားရောက်ရန် စွန့်စားခန်း ခရီးရှည်ကြီးကို ထွက်ခဲ့သည်။
ပထမအကြိမ် အားထုတ်သော ထိုဂျပန်ခရီးစဉ်သည် အောင်မြင်မှု မရခဲ့ပေ။ အင်္ဂလိပ်အစိုးရ ပုလိပ်များက တင်ကြိုသိရှိထားသဖြင့် သခင်ဗစိန်အား ထိုင်းမြန်မာနယ်စပ်တနေရာတွင် ဖမ်းဆီးလိုက်သည်။ တော်သေးသည်။ သခင်ဗစိန်က ကိုကူဘူး၏လျှို့ဝှက်စာကို ပါးစပ်ထဲတွင် ဝါးမျိုလိုက်သဖြင့် အင်္ဂလိပ်တို့ မမိလိုက်ပေ။ ကိုကူဘူးကမူ သခင်ဗစိန်ကိုပင် မယုံနိုင်တော့သဖြင့် မြန်မာနိုင်ငံမှ ချက်ချင်း ရှောင်ပြေးတော့သည်။
အင်္ဂလိပ်အစိုးရက သခင်ဗစိန်အား နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုနှင့် တရားရုံးသို့တင်၍ ထောင်ဒဏ်တနှစ် အပြစ်ပေးလိုက်သည်။ သခင်ဗစိန်၏ခရီးစဉ်ကို တိကျတင်းကြပ်စွာ လျှို့ဝှက်ခဲ့ပါလျှက် အဖမ်းခံရသည်မှာ အင်္ဂလိပ်အစိုးရ သူလျှိုတဦး ရှိနေသည်ဟု သိသာထင်ရှားသည်။ အစည်းအရုံးခေါင်းဆောင်များနှင့် သခင်ခေါင်းဆောင်များသည် မိမိတို့အဖွဲ့ အတွင်းမှ သစ္စာဖောက်သော သူလျှို မည်သူနည်းဟု အမျိုးမျိုး စုံစမ်းကြသော်လည်း အမှုမပေါ်ခဲ့ပေ။
သခင်ဗစိန်သာမက သူတို့အစုမှ သခင်ချစ်တင်ကိုပါ ဖမ်းဆီးသောအခါ မောင်ရှုမောင်သည် စာတိုက်မှ မိမိကိုင်ရသော ငွေများ၊ စာရင်းစာအုပ်များ၊ သေတ္တာသော့များကို စာတိုက်သို့ အပ်နှံခဲ့ပြီးနောက် အလုပ်မှ ထွက်ကာ ပေါင်းတလည်သို့ ပြန်ခဲ့သည်ဟု သူ၏မှတ်တမ်းက ဆိုသည်။
သခင်ဗစိန်တို့သည် ပွဲဦးထွက်အခြေပျက်ပြီး မကြာမှီတွင်ပင် ဂျပန်များက သခင်ကိုယ်တော်မှိုင်းနှင့် အဆက်အသွယ်ပြုလုပ်ကြသည်။ ဂျပန်တို့က မြန်မာလူငယ် မျိုးချစ်များကို စစ်ပညာသင်ပေးမည်ဟု ဖိတ်ခေါ်၏။ သခင်ကိုယ်တော်မှိုင်း သခင်အုပ်စုမှ သခင်အောင်ဆန်းသည် တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ပြီး လက်နက်အကူအညီ တောင်းရန်အတွက် သြဂုတ်လဆန်းကပင် တရုတ်ပြည်သို့ ထွက်ခွာသွားခဲ့လေပြီ။ သို့သော် ကွန်မြူနစ်ရဲဘော်များနှင့် အဆက်အသွယ် မရသဖြင့် အမွိုင်မြို့၌ သောင်တင်နေခဲ့သည်။ သခင်အောင်ဆန်း၏အကြောင်းကို ကြားသိရသဖြင့် ခေါင်းဆောင် ဆရာမှိုင်းက ရန်ကုန်မှစီစဉ်ကာ သခင်အောင်ဆန်းအား ဂျပန်သို့ ပို့လိုက်သည်။ သခင်အောင်ဆန်းသည် ဂျပန်သို့ ရောက်ရှိသွားနှင့်လေပြီ။
၁၉၄ဝ ပြည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုကျိုမြို့ ဟနေဒါ လေဆိပ်သို့ ရောက်သွားသောအခါ မစ္စတာမီနာမီက ကြိုဆိုသည်။ ဂျပန် မြန်မာအသင်း အတွင်းရေးမှူး မီနာမီသည် ဂျပန်ရေတပ်မှ ဗိုလ်မှူးကြီး စူဇူးကီးဖြစ်ပြီး အရပ်သားအဖြစ် တာဝန်ယူနေကြောင်း သိရသည်။
“ဂျပန်ကိုရောက်လျှင်ရောက်ချင်း ဂျပန်တို့ရဲ့ စရိုက်ကို တွေ့လိုက်ရပါတယ်။ လေဆိပ်မှ ဟိုတယ်သို့ ရောက်ကြတာနဲ့ မိန်းမပျော်ပါးမလားလို့ မေးပါတယ်။ ရေချိုးမလား မေးသလို အလွယ်တကူ မေးတဲ့အခါမှာ ၁၆ နှစ်ခန့်ရှိတဲ့ ရိုးသားတဲ့ရုပ်ရည်ရှိတဲ့ စားပွဲထိုးမကလေးရဲ့ ရှေ့မှာ မေးပါတယ်။ မိန်းမပျော်တို့ရိပ်သာ ဘယ်မှာလဲလို့ ကလေးမကို မေးတာကိုလည်း မြင်ရတော့ သီလစင်ကြယ်တဲ့ ကျွန်တော်အဖို့ မေးခွန်းကြောင့် တုန်လှုပ်ရပြီး ပင်ပန်းလို့ နားပါရစေလို့ တောင်းပန် ငြင်းပယ်ရပါတယ်၊ နောက်တခုက ထမင်းစားပွဲမှာ ကိုးရီးယားအမျိုးသားတဦးကို မြင်တိုင်း လက်နဲ့ ဖယ်ရမ်း နှင်ထုတ်ဟန်ပြုပြီး မတူမတန်လူသားတယောက်လို သဘောထားနှင့် ဗိုလ်မှူးကြီးက ဆက်ဆံပါတယ်။ ဂျပန်ကျွန်ဘဝက လွတ်လပ်လိုကြတဲ့ ကိုးရီးယားအမျိုးသားများရဲ့ စိတ်ဓာတ်ကို သိထားတာကြောင့် စိတ်ထိခိုက်ခဲ့ရပါတယ်” ဟု သခင်အောင်ဆန်းက မှတ်တမ်းတင်ခဲ့လေသည်။
ဂျပန်စရိုက်ကို မူလကသိပြီး ဖြစ်သည်ထက် ပိုမိုသိရစေကာမူ လက်နက်ရရှိရေးအတွက် သူတို့နှင့် ဆက်လက်ဆက်ဆံခဲ့ရသည်။ မြန်မာလူငယ်များ စစ်ပညာသင်ကြားရေးနှင့် လက်နက်တပ်ဆင်ပေးရေး အစီအစဉ်ကို အသေးစိတ် ညှိနှိုင်းဆွေးနွေးကြသည်မှာ ၃ လ ကြာသည်။ ဆွေးနွေးချိန်တွင် ပွင့်လင်းခြင်း၊ တဦးကိုတဦး လေးစားမှု ပြသခြင်း၊ ဝီရိယကြီးခြင်းတို့ကိုမူ သခင်အောင်ဆန်းက ကျေနပ်ခဲ့ပေသည်။ ဂျပန်တို့ကလည်း မြန်မာ့လွတ်လပ်ရေးအတွက် ဘာမဆိုလုပ်မည်ဟု အကဲခတ်ရသူ သခင်အောင်ဆန်းအား ကျေနပ်ကြသဖြင့် ထိုစစ်ဆင်မှု စီမံကိန်းအတွက် သခင်အောင်ဆန်းအား ခေါင်းဆောင်တင်ရန် သဘောတူကြသည်။ သို့သော်လည်း သခင်အောင်ဆန်းတို့၏ မှိုင်းအုပ်စုနှင့် မူကွဲနေကြသော စင်ပြိုင် တို့ဗမာအစည်းအရုံးမှ လူငယ်များကိုလည်း ခေါ်ဆောင်ကာ ပါဝင်စေမည်ဟု ဂျပန်တို့က တင်ပြသည်။ ဂိုဏ်းဂဏစိတ် ပြင်းထန်မှုမရှိသူ သခင်အောင်ဆန်းက လွယ်ကူစွာ လက်ခံခဲ့သည်။
သခင်အောင်ဆန်းသည် ဂျပန်ကုန်သင်္ဘောတစင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၄၁ ခု မတ်လ ၃ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ တရုတ်တဦးအသွင်ရုပ်ဖျက်ကာ သခင်လူငယ်များကို ရှာဖွေစည်းရုံးခဲ့သည်။ ရန်ကုန်ရဲဘော်များက စုဆောင်းထားသော မျိုးချစ်လူငယ်များကိုပါ ဂျပန်သို့ လျှို့ဝှက်စွာခေါ်ယူရန် စီစဉ်ခဲ့သည်။
ကူလီအသွင်၊ သင်္ဘောသားအတု၊ ငှက်ပျောသီးရောင်းသူပုံစံနှင့် မြန်မာလူငယ် ၄ ဦးဖြစ်သည်။ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)တို့ကို ဂျပန် ကုန်သင်္ဘောတစင်းပေါ်သို့ ရောက်အောင် တင်နိုင်ခဲ့သည်။
မတ်လ ၉ ရက်နေ့တွင် သင်္ဘောထွက်ခဲ့သည်။ ၁၉၄၁ ခု၊ မတ်လ ၂၇ ရက်နေ့တွင် တိုကျိုသို့ ရောက်ကြသည်။ နောက် လေးနှစ်ကြာသော ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့နှင့် ရန်သူဖြစ်ကြရလေမည်ကို မည်သူမှ တွေးတောမှုမပြုကြဘဲ လူငယ်လေးဦးတို့မှာ မဟာမိတ်ဂျပန်များ လှိုက်လှဲစွာ ကြိုဆိုမှုအတွက် အားတက်ဝမ်းမြောက်ခဲ့ကြရသည်။ သူတို့သည် တိုကျိုတွင် ၁၀ ရက်ခန့် နေထိုင်ကြပြီးနောက် စစ်ပညာသင်ကြားရန် ဟိုက်နံကျွန်းသို့ ခရီးဆက်ခဲ့ကြရသည်။
ဆရာမှိုင်းသခင်တို့၏ တို့ဗမာအစည်းအရုံးမှ ဒုတိယအသုတ်ဖြစ်သော သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ သခင်သန်းတင် (ဗိုလ်မြဒင်)၊ သခင်ရွှေ (ဗိုလ်ကျော်ဇော)၊ သခင်အောင်သိန်း (ဗိုလ်ရဲထွဋ်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်းယု)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ သခင်စိုး (ဗိုလ်မြင့်အောင်) တို့နှင့် တတိယအသုတ် ကိုလှမောင် (ဗိုလ်ဇေယျ)၊ သခင်စံမြ (ဗိုလ်တောက်ထိန်) သခင် ခင်မောင်ဦး (ဗိုလ်တာရာ)တို့လည်း ဂျပန်ပြည်သို့ ချောမောစွာ သွားရောက်နိုင်ခဲ့ကြသည်။
၁၉၄၁ ခု၊ ဇူလိုင်လ ၁၀ရက်နေ့တွင် နောက်ဆုံးရောက်သော အသုတ်တွင်မှ မှိုင်းသခင်ဖြစ်သူ သခင်စံလှိုင် (ဗိုလ်မှူးအောင်)၊ သခင်မောင်မောင် (ဗိုလ်ညာဏ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ ကိုလှ (ဗိုလ်မင်းရောင်) တို့နှင့်အတူ တဖက်တို့ဗမာအစည်းအရုံးမှ သခင်ထွန်းအုပ်၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)တို့နှင့်အတူ ယခုမှ သခင်အမည် စတင်ခံယူသူ သခင်ရှုမောင် (ဗိုလ်နေဝင်း)တို့ ပါဝင်လာခဲ့သည်။
သခင်အုပ်စု နှစ်ခုတို့သည် မိမိတို့အစုကိုသာ ဂျပန်က ဖိတ်သည်ဟု ယူဆခဲ့ကြသဖြင့် မမျှော်လင့်ဘဲ တဖက်အစုဝင်များကို သင်္ဘောပေါ်တွင် တွေ့ကြရသောကြောင့် အံ့သြမိကြသည်။ ဆရာမှိုင်းအုပ်စုမှ သခင်များ ပါလာသည်ကို “မနာလိုသလို ဖြစ်မိသည်”ဟု ဗိုလ်နေဝင်းက ရေးသားသည်။
အခြားသူတို့အဖို့ ဂျပန်သင်္ဘောပေါ်သို့ တက်ရောက်ရေးမှာ အထူး စွန့်စားရသည်။ အင်္ဂလိပ်အကောက်(??)အရာရှိများနှင့် ပုလိပ်များ ရိပ်မိခြင်းမရှိအောင် အထူးလျှို့ဝှက် စီစဉ်ကြရသည်။ သခင်လက်သစ် သခင်ရှုမောင်အဖို့ လွယ်ကူသည်။ လျှို့ဝှက်ခရီးဟု ဆိုစေကာမူ စောစောကပင် ဘောင်းဘီ၊ အင်္ကျီနှင့် ဥရောပဝတ်စုံကို ဝယ်၍ ဝတ်ဆင်ကာ လေ့ကျင့်နေခဲ့သည်ဟု သူကပြော၏။
၁၉၄၁ ခု၊ ဇူလိုင်လတွင် ဂျပန်သင်္ဘော ကိုရိယုမာရူးသည် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်သည်။ နောက်ဆုံး ဂျပန်သင်္ဘောဖြစ်နိုင်သည်။ ထိုသင်္ဘောနှင့် မုချလိုက်ဖြစ်အောင် လိုက်မည်။
စောစောက မိတ်ဆွေဖွဲ့ထားသူ ကားဒရိုင်ဘာ ကိုဘချစ်က ကူညီမည်ဟု တာဝန်ယူထားသည်။ ကိုဘချစ်သည် အင်္ဂလိပ်အစိုးရ၏ ထိပ်သီး မျက်နှာဖြူအရာရှိ ရန်ကုန်ပုလိပ်မင်းကြီး မစ္စတာပရက်စကော့၏ဒရိုင်ဘာ ဖြစ်သည်။ မင်းကြီး၏ကားသည် ရန်ကုန်မြို့တွင် သွားလိုရာ သွားနိုင်သည်။ မည်သည့်ပုလိပ်ကမှ မင်းကြီး၏ကားကို ဖမ်းဆီးခြင်း မပြုဝံ့။
သခင်ထွန်းခင်နှင့် သခင်ကျော်စိန်တို့ သင်္ဘောပေါ် တက်ကြည့်ကြသည်။ သင်္ဘောအစောင့်များက အစီအစဉ်ကို မသိသဖြင့် သူခိုးထင်၍ လိုက်ကြသဖြင့် လွတ်အောင်ပြေးခဲ့ရသော်လည်း ညပိုင်းတွင် သခင်ထွန်းအုပ်က သင်္ဘောကို သမွန်နှင့်ကပ်၍ ကြိုးလှေကားနှင့်တက်ရန် စီစဉ်သည်။ မိုးတဖွဲဖွဲ မှောင်မည်းမည်းတွင် သင်္ဘောကိုရှာမတွေ့၍ ပြန်လာရသည်။
ဂျပန်ကောင်စစ်ဝန် ဟိုးမားက ပို၍သေချာသော အစီအစဉ်များကို ပြုလုပ်ပေးသည်။ မြန်မာရဲဘော်များက အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ ဝတ်ဆင်၍ လက်တဖက်တွင် ငှက်ပျောသီးတဖီးကို ကိုင်၊ တဖက်တွင် ထီးကိုကိုင်၍ သင်္ဘောသားလိုလို မှင်သေသေ မျက်နှာထားဖြင့် ရှေ့လှေကားမှသာ တက်ပါ။ နံပါတ်များကိုလည်း ပေးထားသည်။ လှေကားတက်လျှင် ကိုယ့်နံပါတ်ကို အော်၍ တက်ပါ။ သခင်ရှုမောင်၏နံပါတ်က ၇ ဖြစ်သည်။ သည်တခါ သင်္ဘောရှာ၍ မတွေ့ဘဲ မရှိစေရန် သခင်ထွန်းအုပ်ကို ကားဖြင့် ဆိပ်ကမ်းအရောက်ပို့ပေးရန် စီစဉ်သည်။ ရန်ကုန် ပုလိပ်မင်းကြီး မစ္စတာပရက်စကော့၏ကားဖြင့် ဒရိုင်ဘာ ကိုဘချစ်၏ မေတ္တာလက်ဆောင်အဖြစ် ခန့်ခန့်ကြီး သွားရသည်။
သခင်ထွန်းအုပ်သည် တရုတ် ဘိန်းကုန်ကူးသူ သူဌေးတဦးဖြစ်သည်။ အရေးတကြီး ဝေးရာသို့ပြေးရန် ဖြစ်ပေါ်လာသည်ဟု ကိုဘချစ်အား ပြောထားသည်။ သခင်ထွန်းအုပ်ကိုလည်း စကားမပြောနှင့်၊ ဣန္ဒြေရရ ကားစီးသွား ဆိုပြီး မှာထားရသည် ဟု ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်တွင် ဖော်ပြထားသည်။
ဗိုလ်နေဝင်းပြောသည့်အတိုင်း ဒေါက်တာမောင်မောင်က အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ရေးသားသည်။ ထိုစာအုပ်သည် စိတ်ကူးဉာဏ်နှင့် ဖွဲ့ ဆိုသည့် စာအုပ်ဖြစ်ပါက စာရေးဆရာသည် ရေးဝံ့မည် မဟုတ်ပေ။ အင်္ဂလိပ်အစိုးရအား လက်နက်နှင့်တော်လှန်မည့် နိုင်ငံရေးခေါင်းဆောင်တဦးကိုဖြစ်စေ၊ ဘိန်းကုန်သည်တဦးကိုဖြစ်စေ မျက်နှာဖြူ ပုလိပ်မင်းကြီး၏ ကားဒရိုင်ဘာက ပင်လယ်ကူးသင်္ဘောဆိပ်သို့ ပို့ဆောင်ပေးစေသည် ဆိုခြင်းသည် ယုံတမ်းစကားများနှင့် တူနေပေသည်။ စိတ်ကူးယဉ်ဝတ္ထုရေးဆရာများပင် ဤဇာတ်ကွက်ကို စိတ်ကူးရဲမိလေမည်မဟုတ်၊ ဆရာမောင်မောင်က ဗိုလ်နေဝင်း ပြောသည့်အတိုင်း ရေးခဲ့ရ၏။
ကြွားဝါသည် ဖြစ်နိုင်၏။ သို့မဟုတ် အင်္ဂလိပ်အစိုးရက သူတို့၏ သူလျှိုတဦးကို ဂျပန်သွားလူငယ် နိုင်ငံရေးအဖွဲ့တွင်းသို့ လျှို့ဝှက်ထည့်သွင်းကာ ပို့ဆောင်ခြင်းဖြစ်ပေမည်။ သခင်ဗစိန် ဂျပန်သွားရန် ကြံစည်စဉ်က သတင်းပေးခဲ့သည့် သူလျှိုကို နောက်သွားမည့်အဖွဲ့တွင် နေရာရအောင် ထည့်သွင်းပေးလိုက်သည်သာ ဖြစ်လိမ့်မည်။
“မောင်ရှုမောင် ဂျပန်သို့ လိုက်ပါမှုမှာ အင်္ဂလိပ်အစိုးရ၏ လျှို့ဝှက်သူလျှိုအဖြစ် လိုက်ပါသွားသူ ဟုလည်း မသင်္ကာဖွယ်ဖြစ်နိုင်ပေသည်”ဟု ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်ကျော်ဇောက ပြောသည်။
နှစ်ဖက် သခင်အဖွဲ့ဝင်လူငယ်များ သင်္ဘောပေါ်ရောက်သည်နှင့် ဂျပန်သင်္ဘောသားများက သင်္ဘောဝမ်းခေါင်းတွင်းသို့ လျင်မြန်စွာ ဆွဲသွင်းကြသည်။ လှေခါးအဆင့်ဆင့် ဆင်းရင်း အောက်ဆုံး ရောက်သွားသည်။ ရန်ကုန်ဆိပ်ကမ်းကိုစောင့်သော ပုလိပ်များ၊ အင်္ဂလိပ်အစိုးရ အကောက်(???)အရာရှိများက သင်္ဘောပေါ်တက်၍ စစ်ဆေးဆဲဖြစ်သဖြင့် ရဲဘော်များမှာ စကားပြောခွင့်ပင် မပေးသောကြောင့် တိတ်ဆိတ်နေကြရသည်။
အခန်းက ကျဉ်းပြီး ပြတင်းပေါက် မရှိ၊ လေမရသောကြောင့် သူတို့ခရီးစဉ်၏ထမနေ့မှာ အသက်ရှူကျပ်စွာ အနေအထိုင် ခက်လှသည်။ နောက်ပိုင်း ရန်ကုန်က ခွာပြီး မြစ်ဝလွန်မှ လွတ်လပ်သော ပင်လယ်လေအရသာကို တဝကြီး ရှူရှိုက်၍ ခံစားကြရသည်။
တဖက်က သခင်စံလှိုင်၊ အခြားတဖက်မှ သခင်ထွန်းအုပ်တို့ ဦးဆောင်သည့် လူငယ်အဖွဲ့နှစ်ဖွဲ့တို့သည် မမျှော်လင့်ဘဲ သင်္ဘောပေါ်တွင် တွေ့ရသဖြင့် ပထမ အံ့သြတုန်လှုပ်မိကြသော်လည်း တဖြည်းဖြည်း နားလည်မှု ရရှိကြသည်။ ဂျပန်စစ်တပ်က သခင်အုပ်စုနှစ်စုလုံးကို ဖိတ်ကြောင်း ထိုအခါမှ သိကြရသည်။ နိုင်ငံအတွက် သွေးစည်းညီညွတ်မှုက အရေးကြီးသည်ဟု စဉ်းစားမိကြပြီး ခရီးစဉ်တလျှောက်လုံး ညီညွတ်စွာ သွားခဲ့ကြသည်။ ပထမဆုံး နိုင်ငံခြားခရီး ဖြစ်သောကြောင့် ပျော်ရွှင်စွာ သွားခဲ့ကြသည်ဟု မှတ်တမ်းတင်ထားလေသည်။
အပိုင်း(၂) ဆက်ရန်
ကြေးမုံ ဦးသောင်း
No comments:
Post a Comment