၅။ စစ်ပညာသင်စဉ်က စတင်၍ နေရာအရယူပုံ
မှိုင်းသခင်များနှင့်အတူ သခင်ရှုမောင် ပါဝင်သည့် သခင်ထွန်းအုပ် ခေါင်းဆောင်သောအဖွဲ့သည် ဂျပန်ပြည်သို့ ၁၉၄၁ ခုနှစ်၊ မေလကုန်တွင် ရောက်ရှိကြသည်။ ထိုအခါတွင် စောစောက ရောက်ရှိနေသည့် လူငယ် နှစ်သုတ်မှာ ဟိုက်နံကျွန်းသို့ ရောက်ရှိကာ စစ်ပညာကို စတင် သင်ကြားနေကြရလေပြီ။ သူတို့နှင့်အမီ ရောနှောသင်ကြားရန် ချက်ခြင်းပင် ဟိုက်နံကျွန်းသို့ ပို့လိုက်လေသည်။ ပထမနှင့် ဒုတိယအသုတ် သခင်များက နောက်ရောက်လာသူများကို ဝမ်းသာအားရ ဖက်လှဲတကင်း ကြိုဆိုကြသည်။ ကြိုဆိုပွဲကို ညစာစားပွဲနှင့် ကျင်းပကြရာ တို့ဗမာသီချင်းသံများ ဆူညံနေပေသည်ဟု ဂျပန်မှတ်တမ်းတခုက ဆို၏။
မရှေးမနှောင်းတွင်ပင် သခင်ထွန်းအုပ်၏အဖွဲ့ဝင် သခင်အောင်သန်းနှင့် သခင်သန်းတင်သည် ထိုင်းမှတဆင့် ရောက်ရှိလာကြသည်။ ဂျပန်တွင် ပညာသင်နေသူ ကိုဆောင်းတယောက်လည်း သူသဘောအလျှောက် ဝင်လာသောကြောင့် ရဲဘော်သုံးကျိပ် ပြည့်သွား၏။
ဟိုက်နံကျွန်းတွင် လူစုံသည်နှင့် ခေါင်းဆောင်အဆင့် ရွေးကြသည်။ သခင်ရှုမောင်သည် ရောက်လျှင်ရောက်ချင်း သခင်အောင်ဆန်းအား ဂျပန်တို့က ခေါင်းဆောင်တင်ထားသည်ကို သိရှိသည်နှင့်တပြိုင်နက် သခင်အောင်ဆန်းကို အထူးရိုသေစွာ ဆက်ဆံပြီး စေခိုင်းသမျှကိစ္စတို့ကို လျှင်မြန်စွာ ပြီးစီးအောင် ဆောင်ရွက်ပေးသည်ကို အခြားရဲဘော်များက သတိပြုမိကြသည်။ ဂိုဏ်းဂဏစွဲမရှိသော သခင်အောင်ဆန်းက မျက်စိကျသဖြင့် ဗိုလ်နေဝင်းအား ခေါင်းဆောင်တဦးအဆင့်သို့ တင်ပေးခဲ့သည်။
ထိုစဉ်က အရည်အသွေးနှင့် ပညာအခြေခံအရ ခေါင်းဆောင်အဆင့်ရှိသူ ဆယ်ဦးကိုရွေးကြရာ၌ သခင်ရှုမောင်ခေါ် ဗိုလ်နေဝင်း၏အဆင့်မှာ အဆင့် ၆ တွင်ရှိသည်ဟု အဆင့် ၂၂ ရှိ ဗိုလ်ကျော်ဇောက သမိုင်းမှန်ကူကွက်များစာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားလေသည်။
(၁) သခင်အောင်ဆန်း ဗိုလ်တေဇ (စစ်ခေါင်းဆောင်)
(၂) သခင်ထွန်းအုပ် နိုင်ငံရေးခေါင်းဆောင်
(၃) သခင်လှဖေ ဗိုလ်လက်ျာ
(၄) သခင်အောင်သန်း ဗိုလ်စကြာ
(၅) သခင်လှမောင် ဗိုလ်ဇေယျ
(၆) သခင်ရှုမောင် ဗိုလ်နေဝင်း
(၇) သခင်ထွန်းရှိန် ဗိုလ်ရန်နိုင်
(၈) သခင်ဗဂျမ်း ဗိုလ်လရောင်
(၉) သခင်စံလှိုင် ဗိုလ်အောင်
(၁၀) သခင်လှမြိုင် ဗိုလ်ရန်အောင်
ဗိုလ်နေဝင်းအား အဆင့် ၆ ရွေးချယ်သည်ကိုပင် မကျေနပ်သူများ ရှိကြသည်။ ယခုမှ သခင်အမည်ကို ခံယူလေသူ၊ နိုင်ငံရေးအစဉ်အလာမရှိ၊ မည့်သည့်နိုင်ငံရေး လှုပ်ရှားမှုတွင်မှ ပါဝင်ခြင်းမပြုခဲ့သူအား အဆင့်မြင့်စွာ မပေးသင့်ဟု တင်ပြကြသည်။ မှိုင်းသခင်များသာမက ဗစိန်ထွန်းအုပ် သခင်အုပ်စုထဲမှလည်း မကျေနပ်ကြသဖြင့် သခင်ထွန်းအုပ်အား တိုင်တန်းသူများက တိုင်တန်းကြသည်။ သခင်အောင်သန်း (ဗိုလ်စကြာ)ကလည်း ကန့်ကွက်သေးသည်။
သခင်အောင်သန်းက ဗစိန်ထွန်းအုပ်အဖွဲ့တွင် သူကသာ ဝါကြီးသည်။ ထို့ကြောင့် သခင်ရှုမောင်အား ထိပ်တန်းစစ်ခေါင်းဆောင်မှုအတွက် လျာထားသတ်မှတ်ခြင်းသည် သူ့အား ကျော်လွန်ရာရောက်သည်ဟု သခင်ထွန်းအုပ်အား တိုင်ကြားခဲ့သည်ဆို၏။
“ဟ အောင်သန်းရ၊ တို့က နိုင်ငံရေးသမားတွေ၊ စစ်တပ်မှာ ကြာကြာမနေနိုင်ပါဘူး။ တို့နဲ့လည်း မဖြစ်ပါဘူး။ ပြီးတော့လည်း ရှုမောင်ကတော့ တော်တော်ချွန်နေတာ မင်းလည်း ဝန်ခံရမှာပဲ၊ သူသန်ရာကို သူတွေ့ပြီ ထင်ရတာပဲ”ဟု သခင်ထွန်းအုပ်က ရှင်းပြကြောင်းကို ဗိုလ်နေဝင်းစာအုပ်တွင် ရေးထား၏။
မှိုင်းသခင်များကလည်း ကန့်ကွက်ကြသည်။ ဗိုလ်နေဝင်းသည် ဂျပန်များအား ကပ်ပေါင်းကာ ရင်းနှီးလွန်းသဖြင့် ရာထူးအဆင့်မြင့်စွာ မပေးသင့်ဟု အကြောင်းပြပြီး မိမိတို့အဖွဲ့အတွင်းတွင် ကန့်ကွက် တိုင်တန်းကြသည်။ ဗိုလ်နေဝင်းကမူ မိမိရရှိထားသည့် အဆင့် ၆ မှ အထက်အဆင့်များသို့ တက်နိုင်ရန်အတွက် ဆက်လက်ကြိုးစားခဲ့သည်။ ထိုသင်တန်းတလျှောက်လုံး ဗိုလ်အောင်ဆန်းအလိုကျ နေထိုင်ပြီး ဗိုလ်အောင်ဆန်းခိုင်းသမျှကို ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်လေ့ရှိသဖြင့် အဆင့် ၅ အထိ တက်ခဲ့သည်။ မြန်မာအစုတွင် ခေါင်းဆောင်အလိုကျ လုပ်သည်ထက် ဂျပန်ဆရာများနှင့် အရာရှိများအား ပိုမိုရိုကျိုးသူလည်း ဖြစ်သည်။
ဂျပန်သင်တန်းဆရာဖြစ်သူ တပ်စုမှူး အိမိယတစုက မှတ်တမ်းတင်ရာ၌ ထိုစဉ်က သခင်ရှုမောင်အား ပထမတွေ့လျှင်တွေ့ခြင်း “နုနယ်အားပျော့သော လူငယ်တဦးအဖြစ် မြင်မိသည်။ ထို့ကြောင့် အထင်မကြီးမိပေ”ဟု ရေးသားသည်။ နောက်ပိုင်းတွင်မူ မိမိအထင်မှားခဲ့သည်ဟု ရေး၏။ လေ့ကျင့်ပေးရန် သူတာဝန်ကျသော ရဲဘော် ၁၁ ဦးတွင် တဦးဖြစ်သူ သခင်ရှုမောင်သည် “လျင်မြန်သည်။ နားလည်လွယ်သည်။ ကျွန်တော်ပြောလိုသည်တို့ကို သခင်ရှုမောင်က ကျန်လူများအား ကျွန်တော့်ကိုယ်စား နားလည်အောင် ရှင်းပြပေးနိုင်သည်။ စစ်ပညာကိုလည်း ကောင်းစွာ လေ့ကျင့်နိုင်ပေသည်” ဟုရေးသည်။
ဗိုလ်နေဝင်းသည် သတ်ဖြတ်ရဲသူဖြစ်ကြောင်းကိုလည်း ဂျပန်က အံ့သြချီးကျူးမိသည်ဟု ရေးသားထားသည်။
“အထူးသဖြင့် လှံစွပ်တိုက်ပွဲသင်တန်းတွင် ကြောက်မက်ဖွယ်ကောင်းအောင် ထိုးသတ်နိုင်သည်။ ဤမျှငယ်ရွယ်နုနယ်သူက ဤနှယ် တိုက်ရဲ သတ်ရဲသည်ကို ကျွန်တော်တို့ အံ့သြမိကြသည်”ဟု ဂျပန်ဘာသာနှင့် ရေးသည့် မီနာမီ၏ မူလစာအုပ်တွင် ဖော်ပြထားသည်။
ဗိုလ်နေဝင်းသည်သာမဟုတ် စစ်ပညာသင် မြန်မာလူငယ်အားလုံးတို့သည် ရဲရင့်ပြီး ဇွဲကြီးကြသည်။ ကြိုးစားကြသည်ဟုလည်း သူက ရေးသားသည်။ တခါတရံ ပူပြင်းသောနေအရှိန်ကြောင့် နှေးကွေးကြသည်ကို သတိထားမိသည့် ဆရာများက “ဒီလိုနည်းနဲ့ အင်္ဂလိပ်ကို တိုက်ထုတ်နိုင်မယ် ထင်ကြသလား၊ မင်းတို့က ဒီလောက်နုနေလျှင် ဘယ်လိုလွတ်လပ်ရေးယူကြမှာလဲ”ဟု အော်ဟစ်လျှင် မခံချင်ကြသဖြင့် ကြိုးစားကြသည်" စသည်ဖြင့် ရေးသားထား၏။
ထိုစာအုပ်ရေးသူ တပ်စုမှူး တတ်ဂူရိုသည် ရဲဘော်သုံးကျိပ်တို့နှင့်အတူ မြန်မာပြည်တိုက်ပွဲတွင် ပါဝင်ခဲ့ရာ နောက်ပိုင်းတွင် ဗိုလ်ကြီးရာထူးအထိ တက်ခဲ့၏။ စစ်ပြီးခေတ်တွင် မြန်မာနိုင်ငံ၏ စစ်လျော်ကြေးမစ်ရှင်တွင် ၁၉၅၆ ခုမှစတင်ပြီး ဆယ်နှစ်ခန့် အမှုထမ်းခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် စီးပွားရေးကုမ္ပဏီတစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်သည်။ ၁၉၈၁ ခုနှစ်က မြန်မာပြည် မဆလအစိုးရဝန်ကြီးချုပ် ဦးနေဝင်းက သူ့အား မြန်မာပြည်သို့ ဖိတ်ခေါ်ကာ 'အောင်ဆန်းတံခွန်' ရွှေတံဆိပ်ဆုကြီး ပေးခဲ့သည်။
မီနာမီတပ်ဖွဲ့ ဟူသည်မှာ ထောက်လှမ်းရေးတပ်ဖွဲ့ ဖြစ်သည်။ ဂျပန်စစ်ဗိုလ်ချုပ်များသည် အမေရိကန်ကို တိုက်မည်၊ အာရှကို သိမ်းပိုက်မည် ဟူသော ရည်မှန်းချက်ကို ၁၉၃၀ ပြည့်နှစ်ခန့်က ချမှတ်ကာ အမေရိကန်သို့သာမက အာရှနိုင်ငံများသို့ပါ သူလျှိုများ ပို့ခဲ့သည်။ ဗိုလ်ကြီးအဆင့်နှင့် စတင်ခဲ့သူ မီနာမီ (သို့မဟုတ်) ဗိုလ်မှူးကြီးစူဇူကီးအား ယိုမူရီသတင်းစာတိုက်၏သတင်းထောက် ဟန်ဆောင်ကာ မြန်မာပြည်သို့ ပို့ထားခဲ့သည်။
“ဂျပန်ဘုရင်အား လက်ဆောင်တခု တင်ဆက်မည်၊ ထိုလက်ဆောင်သည် ပန်းသစ်သီးမဟုတ်၊ နိုင်ငံတနိုင်ငံ ဖြစ်ရမည်”ဟု မှတ်တမ်းရေး၍ မြန်မာနိုင်ငံကို ကျွန်ပြုကာ ဂျပန်ဘုရင်အား ပဏ္ဏာတော်အဖြစ် ဆက်သရန် သံဓိဋ္ဌာန်ပြုထားပြီး သူ၏စီမံကိန်းအတွက် မြန်မာလူငယ်များကို စည်းရုံးရန် အစီအစဉ်ရေးသား ကြံစည်ခဲ့သူဖြစ်သည်။ အစောပိုင်းတွင် သူ၏စီမံကိန်းကို စစ်ရုံးချုပ်က လက်မခံခဲ့သဖြင့် စီမံကိန်းအတွက် ဘဏ္ဍာငွေကို ဂျပန်အရင်းရှင်ကြီးများထံမှ အလှူခံခဲ့ရသည်။
အင်္ဂလိပ်အစိုးရက တရုတ်ဗမာလမ်းကို ဖောက်လုပ်၍ တရုတ်ပြည်သို့ အမေရိကန်လက်နက်များ ပေးပို့သောအခါ မြန်မာနိုင်ငံကို အမြန်သိမ်းရန် အရေးတကြီး စဉ်းစားကြသည်။ ဤတွင်မှ အင်္ဂလိပ်ကို တိုက်လိုသော မြန်မာမျိုးချစ်လူငယ်များကို သိမ်းသွင်း၍ စစ်ပညာသင်ပေးရန် စီစဉ်သော မီနာမီစီမံကိန်းကို စစ်ရုံးချုပ်က သဘောတူသဖြင့် ဖွဲ့စည်းသောတပ်ဖွဲ့ ဖြစ်သည်။ ဂျပန်တပ်မတော်ကြီး၏ မြန်မာနိုင်ငံစစ်ဆင်ရေး အသင့်ဖြစ်သောအခါ မီနာမီ ဗိုလ်မှူးကြီးစူဇူကီး ကွပ်ကဲသော မီနာမီရဲဘော် တို့အား အင်ဒိုချိုင်းနားမှတဆင့် ထိုင်းနိုင်ငံသို့ ပို့ခဲ့သည်။
၁၉၄၁ ခု ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဗမာလွတ်လပ်ရေးတပ်မတော်ကို ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပြီး မြန်မာပြည်တွင်းသို့ ဂျပန်တပ်များနှင့်အတူ ချီတက်စေခဲ့သည်။ အားလုံး စစ်မြေပြင်ကိုဖြတ်၍ ချီကြရသည်။ ခုခံသော အင်္ဂလိပ်တပ်များကို တိုက်ခိုက်ချီတက်ကြရသည်။ တိုက်ပွဲများ ဆင်နွဲကြရသည်။ ဗိုလ်ရန်နိုင်က နာမည်ကျော်ရွှေတောင်တိုက်ပွဲကို ရဲဝံ့စွာ ဆင်နွဲခဲ့သည်။ ထူးကြီးတိုက်ပွဲတွင် ဗိုလ်မိုး၊ ဖာပွန်တွင် ဗိုလ်ဉာဏနှင့် ရွှေကျင်တွင် ဗိုလ်စောအောင်တို့ ကျဆုံးခဲ့ရသည်။
စစ်သင်တန်းတွင် သင်ကြားစဉ်က ကင်ပေတိုင် စစ်စုံထောက်တပ်မှ နည်းပြဆရာက ဗိုလ်နေဝင်းကို စစ်စုံထောက်ပညာ သင်ကြားပေးထားသဖြင့် ဂျပန်စစ်ဗိုလ်များက သီးခြားတာဝန်ပေးသည်။ ဗိုလ်နေဝင်းအား စစ်တပ်များ မဝင်မီ မြန်မာနိုင်ငံတွင်းသို့ တင်ကြို၍ လျှို့ဝှက် ဝင်ရောက်စေပြီး တော်လှန်ရန် ပြင်ဆင်နေသူများနှင့် အဆက်အသွယ်ရယူကာ အင်္ဂလိပ်တပ်များကို အနှောင့်အယှက်ပြုရန် ဦးစွာ စေလွှတ်ခဲ့လေသည်။
ဗိုလ်နေဝင်း၊ ဗိုလ်တာရာ၊ ဗိုလ်မိုးညို၊ ဗိုလ်လင်းယုံတို့အဖွဲ့တွင် အဖွဲ့ဝင် လေးဦးပါ အစုရှစ်ဦး ရှိသည်။ အသေးစား ပစ္စတိုသေနတ်ငယ်ကလေး ၁ဝဝ နှင့် ယမ်းဘီလူးဖောက်ခွဲရန် လက်နက်မျိုးစုံ ပေးလိုက်သည်။ စားစရိတ် အိန္ဒိယရူပီးငွေကျပ် ၃ဝဝဝိ ပေးလိုက်သည်။ မြန်မာပြည်တွင်း ဝင်မိသောအခါ ဗိုလ်တာရာတို့လေးဦးက ပျဉ်းမနား၊ ပြည်မြို့နှင့် ပဲခူးသို့သွားရန် လူစုခွဲလိုက်ကြသည်။
ဗိုလ်နေဝင်းသည် မြန်မာပြည်တွင်းသို့ စောစီးစွာ ရောက်ခဲ့သည်။ ရန်ကုန်မြို့တွင်းသို့ မီးရထားစီးကာ ခရီးသည်တဦးအဖြစ် ဝင်နိုင်ခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်ဘူတာမှအဆင်းတွင် မျက်နှာသုတ်ပဝါကို ခေါင်းပေါင်း၍ ဆင်းခဲ့ရာ၌ အနှောင့်အယှက်မတွေ့ရကြောင်း၊ မြို့တွင်းရှိ အသိမိတ်ဆွေများကို ရှာဖွေရာ အချို့ကိုသာ တွေ့ရကြောင်း၊ မြေအောက်ခေါင်းဆောင် ကိုကျော်ငြိမ်းနှင့်တွေ့မှ မြေအောက်အဖွဲ့ဝင်များနှင့် တွေ့ရကြောင်း သူက မှတ်တမ်းတင်ခဲ့သည်။
အင်္ဂလိပ်ကို နှောင့်ယှက်ရန် စေလွှတ်လိုက်သည်ဆိုသော်လည်း ဗိုလ်နေဝင်းနှင့်အဖွဲ့ ဖောက်ခွဲမှုမပြု၊ ကျည်ဆံတတောင့် မပစ်ဘဲ မြေအောက်နိုင်ငံရေးအဖွဲ့များထံ သွားရောက်ဆက်သွယ်၍ ပုန်းလျှိုးနေထိုင်ခဲ့သည်။
“ဖေဖော်ဝါရီလကုန်က ဘောက်ထော်ဘက် ခြံကြီးတခြံထဲမှ အိမ်ကြီးအိမ်သို့ သွားခဲ့သည်။ ထိုအိမ်အပေါ်ထပ်တွင် သခင်ချစ်၊ ဆရာ ကိုလှမောင်နှင့် ကိုရွှေတုပ်တို့ကို တွေ့ရသည်။ စစ်ရေးအရ ခေါင်းဆောင် ဦးစီးရန် ဂျပန်ပြည်မှ ပြန်ရောက်နေသာ သခင်ရှုမောင်ဆိုသူကိုလည်း တွေ့ရသည်။ သခင်ထွန်းအုပ်ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးမှ ခေါင်းဆောင်တဦးဖြစ်ကြောင်း၊ စစ်ဘက်ဘွဲ့ အမည်မှာ ဗိုလ်နေဝင်းဖြစ်ကြောင်း သိရသည်။ အသားဖြူဖြူ အရပ်အမောင်း ထောင်ထောင်မောင်းမောင်း၊ ဥပဓိရုပ်ကောင်းသူဖြစ်သည်။ စကားပြောရာတွင် အားတက်သရော ပြောနိုင်သည်”ဟု နိုင်ငံရေးလောက၌ မမြင်ဖူးသူ၏အကြောင်းကို သခင်တင်မြ၏ ဘုံဘဝမှာဖြင့် စာအုပ်တွင် ဖော်ပြထားသည်။
ဗိုလ်နေဝင်းသည် မြေအောက်ပြောက်ကြား လှုပ်ရှားမှု ပြုလုပ်နေသော ကိုကျော်ငြိမ်းတို့အစုနှင့် အဖော်လိုက်ကာ အကူအညီပေးသည်ဟု သိရကြောင်း၊ ဗိုလ်နေဝင်းနှင့် ပါလာသည့် သေနတ်ကလေးများမှ တလက် ဝေပေးကြောင်း၊ မိမိလည်း သေနတ်တလက်ရရှိပြီးနောက် ရေနံချောင်း ပခုက္ကူဒေသသို့သွားရန် သခင်ချစ်က တာဝန်ပေးသဖြင့် လမ်းခွဲခဲ့ကြောင်းနှင့် သခင်တင်မြက ရေးသားသည်။
ရန်ကုန်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က တစ်လကျော် တင်ကြို ရောက်ခဲ့စေကာမူ အချိန်မရှိသဖြင့် ဗိုလ်နေဝင်းမှာ အင်္ဂလိပ်တိုက်ခိုက်ရေး လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ ဟု ဗိုလ်မှူးချုပ်မောင်မောင်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော မြန်မာအမျိုးသားလှုပ်ရှားမှု စာအုပ်တွင် ရေးသားသည်။
၁၉၄ဝ ခု မတ်လ ၈ရက်နေ့ နံနက် အာရုံတက်အချိန်တွင် ဂျပန်တပ်မတော်မှ ဗိုလ်မှူးကြီးဆာကူးမား ကွပ်ကဲသောတပ်များသည် မင်္ဂလာဒုံလေဆိပ်မှ ဝင်လာပြီး ရန်ကုန်မြို့ကို သိမ်းနိုင်ခဲ့သည်။ မရှေးမနှောင်းတွင်ပင် ဗမာ့လွတ်လပ်ရေး တပ်မတော်မှ တပ်အချို့လည်း ရန်ကုန်သို့ ရောက်လာကြသောအခါတွင်မှ ဗိုလ်နေဝင်းက တပ်သို့ ပြန်ဝင်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဗမာ့လွတ်လပ်ရေး တပ်မတော်သားများ ရန်ကုန်တွင် စုရုံးမိသောအခါ အထက်ဗမာပြည်သို့ ချီတက်ရန် တာဝန်ယူကြရသည်။ ရန်ကုန်ကိုသိမ်းပြီးနောက် အထက်ဗမာပြည်ရှိ အင်္ဂလိပ်တပ်များနှင့် ချန်ကေရှိတ် တရုတ်တပ်များကို တိုက်ခိုက်ရန် ချီတက်လာသော ဂျပန်စစ်တပ်များနှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်များလည်း လိုက်ပါသွားကြရသည်။ ထိုအချိန်တွင် ဗိုလ်နေဝင်း ရာထူးတက်ပြန်သည်။ စောစောက အဆင့် ၆ ရှိခဲ့ရာမှ အဆင့် ၅ သို့ တက်ခဲ့လေသည်။ စောစောက ဗိုလ်ဇေယျ၏အောက်တွင်ရှိရာမှ ဗိုလ်ဇေယျနှင့် အဆင့်တူဖြစ်လာသည်။
အထက်ဗမာပြည်သို့ချီသော ဗမာ့လွတ်လပ်ရေး တပ်မတော်ဖွဲ့ စည်းပုံတွင် ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိ၊ ဗိုလ်မှူးကြီးလကျ်ာက ဒုတိယစစ်သေနာပတိ၊ ဗိုလ်မှူးကြီးဇေယျက တပ်မ(၁)မှူး၊ ဗိုလ်မှူးကြီး နေဝင်းက တပ်မ(၂)မှူးအဖြစ် ဦးစီးဖွဲ့ခဲ့သည်။ မြေအောက်တော်လှန်ရေးခေါင်းဆောင် ကိုကျော်ငြိမ်း၏ထောက်ခံချက်ဖြင့် အဆင့်တက်ခဲ့ကြောင်း သိရသည်။
အညာဒေသချီသောအချိန်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ပြည်သူတို့ လွတ်လပ်ရေးကို အသက်ပေး၍ တိုက်ခိုက်သော အဖွဲ့အစည်းအဖြစ်မှ လူထုကိုညှဉ်းဆဲသတ်ဖြတ်သော ဗမာလူထု၏ရန်သူများအဖြစ်သို့ ဂုဏ်သိက္ခာ နိမ့်ကျသွားလေတော့သည်။
“မြန်မာနိုင်ငံသို့ ချီတက်တိုက်ခိုက်သော ဂျပန်စစ်တပ်များနှင့်အတူ ရဲဘော်သုံးကျိပ်ခေါင်းဆောင်လာသော ဘီအိုင်အေ ဗမာ့လွတ်မြောက်ရေးတပ်မတော်လည်း ပါလာခဲ့သည်။ တိုက်ပွဲအချို့တွင် ပါဝင်ဆင်နွှဲခဲ့သည်။ သတ္တိပြနိုင်ကြစေကာမူ စစ်ပညာကျွမ်းကျင်မှု မပါခဲ့ပေ။ ထိုင်းနိုင်ငံမှ စတင်ပြီး စုဆောင်းခဲ့သော တပ်သားတို့မှာ ချက်ခြင်းပင် အင်အား ၅ဝဝဝ ကျော် လာပါသည်။ ကျောင်းသားများ၊ နိုင်ငံရေးသမားများ၊ ဆရာများ စသည်တို့အပြင် လူဆိုးသူဆိုးများလည်း ပါဝင်သဖြင့် များစွာသော ရက်စက်စွာ သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြသည်”ဟု ဒေါက်တာမောင်မောင်က အင်္ဂလိပ်ဘာသာဖြင့် ရေးသည် Burma in the Family of Nations စာအုပ်တွင် ရေးသားခဲ့သည်။
“ကံမကောင်း အကြောင်းမလှသဖြင့် ကရင်လူမျိုးစုများနှင့် ထိပ်တိုက်တွေ့ခဲ့ကြရပါသည်။ ဂျပန်တို့လက်အောက်ရောက်ရှိသော မြို့များတွင် ဘီအိုင်အေနှင့် သခင်များ ပေါင်းကာ ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်းပြီး မြို့နယ်များကို အုပ်ချုပ်ကြသည်။ ရပ်ရွာအေးချမ်းရေးအတွက် သူခိုးများ၊ ဓားပြများ၊ လူသတ်သမားများနှင့် (အင်္ဂလိပ်သူလျှိုဟု ယိုးစွပ်သူ) စပိုင်များကို ရက်စက်စွာ ကွပ်မျက်ခဲ့သည်။ ခုံရုံးတင်ကာ စစ်ဆေးစီရင်သည် ဆိုစေကာမူ တရားဥပဒေနည်းလမ်းကျသော တရားရုံးများ မဟုတ်ပေ”ဟုလည်း မှတ်တမ်းတင်လေသည်။
ဘီအိုင်အေတို့အကြောင်းကို အသိဆုံးပုဂ္ဂိုလ်တဦးဖြစ်သူ ဗိုလ်ဓနဝင်းက သူ၏စာအုပ်တွင်
“ရှည်လျားသော စစ်ချီခရီးကြီးတွင် ဘီအိုင်အေသည် အင်အား ၂၃ဝဝဝ အထိ ရှိလာခဲ့သည်။ တပ်မတော်ကို လူကောင်းများရော လူဆိုးများပါ စိတ်ဝင်စားကြသည်။ ဖိနှိပ်ခံ မကျေမနပ်ဖြစ်နေသူများလည်း ပါဝင်လာသည်။ အာဏာယစ်မူးလာကြသောအခါ စေတနာလွန်ကဲမှုများ၊ အမြင်???မှုများတို့ကြောင့် တပ်တို့သည် ခြေလွန်လက်လွန် ဖြစ်လာကြသည်။ အမှားများကို ကျူးလွန်မိကြသည်။ တရားမျှတမှုကို အဆောတလျှင် ဆောင်ရွက်ရာတွင် သွေးအေးအေးနှင့် ရက်စက် ကြမ်းကြုတ်မှုများကို ကျူးလွန်မိကြသည်။ အရုပ်အဆိုးဆုံးအမှုမှာ မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သည်”
စသဖြင့် ဖြောင့်ချက်ပေးခဲ့ပြီးမှ
“သို့ပင် သို့ငြားသော်လည်း ဘီအိုင်အေအုပ်ချုပ်သူများက စည်းကမ်းကို ထိမ်းနိုင်ခဲ့ပေသည်။ တပ်တို့သည် လူထု၏အသက်စည်းစိမ်များကို ကာကွယ်ကာ တရားဥပဒေစိုးမိုးရန် ဆောင်ရွက်သဖြင့် လူထုက ကျေနပ်ခဲ့သည်။ ဘီအိုင် အေသည် ခေါင်းကိုမော့ကာ ဂုဏ်ယူနိုင်ခဲ့ပေသည်”ဟု ဂုဏ်ယူခဲ့ပြန်သည်။
နောက်ဆုံးတွင် ၁၉၄၂ ခု၊ ဇွန်လ ၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်ထိုး၍ “ဘီအိုင်အေများ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကိစ္စကို ဆောင်ရွက်ခြင်းမပြုရ”ဟု အမိန့်ထုတ်ရလေသည်။
သို့သော်လည်း တပ်ဗိုလ်များနှင့် တပ်သားများသည် လူထုအား ညှဉ်းဆဲမှုများ ဆက်လက်ပြုကျင့်နေကြသဖြင့် ဂျပန်တပ်မတော်က ဝင်ရောက်အရေးယူသည်။ ဗမာ့တပ်မတော်တခုလုံးကို ဖျက်သိမ်းစေဟု ဇူလိုင် ၂၄ ရက်နေ့တွင် အမိန့်ထုတ်တော့သည်။
ဘီအိုင်အေတပ်များကို ဖျက်ရာ၌ နာမည်အပျက်ဆုံးဖြစ်သော ဗိုလ်နေဝင်း၏တပ်ရင်းမှ စတင် ဖျက်ရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်လက်ျာကွပ်ကဲသော တပ်တို့သည် သန့်ရှင်းသည့်တပ်များဖြစ်သဖြင့် ယင်းတပ်များကို မဖျက်စေဘဲ ဆက်လက်ထားရှိရန် ခွင့်ပြုခဲ့သည်။
ဂျပန်ဖက်ဆစ်စစ်တပ်တို့သည် သူတို့ချီလေသမျှ စစ်မြေပြင်များတွင် အရပ်သားများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းဆဲမှု အပြုဆုံးဟု ကမ္ဘာက အသိအမှတ်ပြုထား၏။ ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ဆိုးရွားရက်စက်မှုများကို ဂျပန်ဖက်ဆစ်များပင် မကြည့်ရက်နိုင်သဖြင့် ဖျက်သိမ်းရသည်ကို ထောက်ရှု၍ ရမ်းကားမှုအတိုင်းအတာကို ခန့်မှန်းနိုင်ကြပေသည်။ ပမာ့လွတ်လပ်ရေးတပ်မတော်၏ သက်တမ်းမှာ ၇ လပင် မပြည့်ဘဲ ၂၃၁ ရက်သားနှင့် စုတေစိတ်ကျရရှာ၏။
တပ်ပျက်ကို တလကြာခန့် ပြန်လည်စီစစ်ပြီး နောက်ထပ်အင်အား ၅ဝဝဝခန့် နှင့် မြန်မာ့ကာကွယ်ရေး တပ်မတော်ဟု ၁၉၄၂၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် အသစ်ဖွဲ့စည်းခဲ့သည်။ တဖန် ၁၉၄၅ ခုနှစ်တွင် မြန်မာအမျိုးသားတပ်မတော်ဟု ပြောင်းလဲသည်။ ထိုမှ ဂျပန်တော်လှန်ရေးခေတ်တွင် မြန်မာမျိုးချစ်တပ်မတော်ဟု ပြင်ဆင်ဖွဲ့ခဲ့သည်။
ဗိုလ်နေဝင်းသည် ဂျပန်လက်အောက်တပ်မတော်တွင် အထက်ပိုင်းရာထူး ရရှိရန် အမျိုးမျိုး အားထုတ်သည်။ သို့သော်လည်း လောင်းကစားခြင်း၊ မိန်းမလိုက်စားခြင်း၊ စာရိတ္တချို့ယွင်းမှုတို့ကို ဗိုလ်အောင်ဆန်းနှင့် ဗိုလ်လက်ျာတို့က မြင်တွေ့ကြရသောကြောင့် သူ၏ရာထူးမှာ တက်ချီ ကျချီ ဖြစ်နေခဲ့လေသည်။
* * *
၆။ စိတ်မချရသဖြင့် ဂျပန်တော်လှန်ရေး၌ ဝိုင်းပယ်ခံရ၏
၁၉၄၃ ခုနှစ်တွင် ဂျပန်စစ်တပ်က မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးရန်အတွက် စီစဉ်ကြသောအခါ လွတ်လပ်သေ နိုင်ငံ၏ အစိုးရပုံသဏ္ဍာန်ကို ရေးဆွဲကြရလေသည်။ စစ်မှန်သည့် လွတ်လပ်ရေးမဟုတ်သည်ကို သိရှိကြသော်လည်း ရနိုင်သမျှ အာဏာကို ဈေးဆစ်ယူကြရင်း စစ်တပ်အင်အားစုများနှင့် နိုင်ငံရေးအင်အားစုများ ရာထူးခွဲဝေကြလေသည်။ ထိုအခါ မိမိနေရာကောင်း ရရှိရေးအတွက် အကွက်ကောင်းကို စောင့်နေလေ့ရှိသူ ဗိုလ်နေဝင်းသည် သူ၏ဆရာဖြစ်သူ သခင်ဗစိန်နှင့် အဖွဲ့ ခေါင်းဆောင် သခင်ထွန်းအုပ်တို့ထံ အပူကပ်ခဲ့သည်။
ရာထူးခွဲဝေပွဲ၌ ဒေါက်တာဗမော်က အဓိပတိအဖြစ် ဦးစီးသဖြင့် သခင်ထွန်းအုပ်တို့ အုပ်စုဝင်များမှာ ဖယ်ရှားခံရသည်။ ဒေါက်တာဗမော်၏ မဟာဗမာတို့နှင့် မှိုင်းသခင်များသာ နေရာအများဆုံး ရကြသည်။ ထို အကြောင်းပြချက်အရ သခင်ထွန်းအုပ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်လက်ျာတို့အား တွေ့ဆုံ၍ မိမိအဖွဲ့ဝင် ဗိုလ်နေဝင်းအား တပ်မတော်၌ တပ်၏အမြင့်ဆုံးရာထူးကို ပေးသင့်ကြောင်း တောင်းဆိုသည်။
အစိုးရဖွဲ့စည်းပုံ အသစ်အရ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီး အမည်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် သြဂုတ်လ ၁ ရက် လွတ်လပ်ရေး နေ့မှ စတင်ခန့်ထားခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂိုဏ်းဂဏစိတ် ကင်းရှင်းသူ ဖြစ်သဖြင့် အစိုးရအဖွဲ့မှ ရှောင်ရှားရကာ စင်္ကာပူအထိ လွင့်သွားသူ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့၏ မျက်နှာကို ထောက်ထား၍ သူတို့အဖွဲ့ ဝင် ဗိုလ်နေဝင်း၏ရာထူးကို တိုးမြှင့်ပေးခဲ့လေသည်။
ဗိုလ်နေဝင်းအား ကာကွယ်ရေးဝန်ကြီးဌာန စစ်ဝန်ကြီးရုံးတွင် စစ်ဦးစီးချုပ်အဖြစ် ခန့်ထားလိုက်သည်။ ဗိုလ်နေဝင်း၏ စရိုက်ကို သိရှိစပြုလာသူ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းအား ကြီးမားသောရာထူးကို ပေးသည်မှာ မိမိ၏မျက်စေ့အောက်တွင် အမြဲရှိနေစေရန်၊ တနည်းအားဖြင့် အမြဲထိန်းနိုင်ရန် နေရာပေးသည် ဖြစ်လေသည်။
လူများအထင်ကြီးမှုကို ဝါဒဖြန့်၍ရယူရန် အရေးကြီးကြောင်း သိရှိသူ ဗိုလ်နေဝင်းသည် အဆင့်မြင့်ရာထူးကို ရရှိသည်နှင့် ကိုယ်ရည်သွေးတော့သည်။ သြဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်နေပြည်တော်၊ ပြည်လမ်း၊ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်ဗဟိုဌာနရုံးသို့ နိပွန်မြန်မာသတင်းစာဆရာများအား ဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲ ကျင်းပသည်။ ထိုသတင်းကို မြန်မာသတင်းစာများက ဖော်ပြရာတွင် သူပြောသည်တို့ကို အသေးစိတ် ပြည့်စုံစွာ ဖော်ပြခြင်း မပြုကြသဖြင့် များစွာ စိတ်ဆိုးခဲ့ကာ ချက်ခြင်းပင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ ဦးသောင်းညွှန့်အား ဆင့်ခေါ်၍ ကြိမ်းမောင်းသည်။
အယ်ဒီတာက ထိုနေ့သတင်းစာ၌ အဓိပတိ ဒေါက်တာဗမော်၏ မိန့်ခွန်းနှင့်လွတ်လပ်ရေးပွဲ သတင်းများကြောင့် နေရာမရှိသဖြင့် ပြည့်စုံစွာဖော်ပြခြင်း မပြုခဲ့ရပါဟု တောင်းပန်ရသည်။
သူက လက်မခံပဲ သူပြောခဲ့သမျှကို အသေးစိတ် ထပ်မံဖော်ပြရမည်ဟု အမိန့်ပေးသဖြင့် သြဂုတ်လ ၁၀ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် အပြည့်အစုံ ထပ်မံဖော်ပြပေးရသည်။
အရပ်မြင့်မြင့် တည်ကြည်ခန့်ညား ယောက်ျားပီသ ဗလကောင်းသော ဗိုလ်ချုပ်ကြီး ကာနယ် နေဝင်းအား နိပွန်သတင်းစာ ဓာတ်ပုံဆရာများက မကြာခဏ ဓာတ်ပုံရိုက်ယူကြောင်းမှ စတင်ဖော်ပြပေးရပြီး ဗိုလ်နေဝင်း ညွှန်ကြားသည့်အတိုင်း.....
“ဗမာ့စစ်ဗိုလ်စစ်သားတွေဟာ နိပွန်စစ်ဝိဇ္ဇာဆရာကြီးများထံမှ စစ်ပညာကို လေ့လာသင်ကြားထားလို့ နိပွန်တို့ရဲ့ ဇွဲသတ္တိစိတ်ဓာတ်ဟာ ဗမာစစ်ဗိုလ်စစ်သားတွေကိုလည်း ဖန်တီးပြုပြင်ထားပါတယ်။ နိပွန်တပ်မတော်များဟာ ခုခံတဲ့ဘက်က မနေဘဲ အမြဲ တိုက်စစ်ဘက်ကသာ နေခဲ့လို့ နိပွန်တို့လိုပဲ ဗမာစစ်တပ်ကြီးလည်း ခံစစ်မဟုတ် တိုက်စစ်ဆင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တာမို့ ဗမာ့ကာကွယ်ရေးတပ်မတော်နာမည်မှ ကာကွယ်ရေး ဆိုတဲ့ စကားကို ဖြုတ်ပယ် ပြုပြင်ဖို့ လိုပါတယ်”
စသည်ဖြင့် ဂျပန်စစ်တပ်အား ချီးကျူးဂုဏ်တင် ပြောဆိုချက်တို့ကို ဖော်ပြပေးရလေသည်။
ဂျပန်က ကတိမတည်ဘဲ လွတ်လပ်ရေးအတုကိုသာ ပေးသဖြင့် ဒေါသူပုန်ထနေကြသည့် အခြားရဲဘော်သုံးကျိပ်ခေါင်းဆောင်များသည် ဗိုလ်နေဝင်းက ဂျပန်ကို ဂုဏ်မြှင့်ပြောသည်ကို မကျေနပ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား တိုင်တန်းကန့်ကွက်ကြသေး၏။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းအား အရေးမယူဘဲ မကျေနပ်သူတို့ကိုသာ ဖြေသိမ့်ခဲ့လေသည်။ အကယ်၍ ဂျပန်စစ်တပ်ကို ဂုဏ်တင်သဖြင့် အရေးယူပါလျှင် ဗိုလ်နေဝင်းက ဂျပန်စစ်တပ်သို့ တိုင်တန်းမည်မှာ သေချာသည်။
နောက်ပိုင်းတွင် ဗိုလ်နေဝင်းက ခြေသွက်လာသည်။ ဗိုလ်ချုပ် အောင်ဆန်းအား ဖယ်ရှားရန် ကြံစည်သည်အထိ ခြေလှမ်းကြဲလာသဖြင့် ၁၉၄၃ ခု၊ နှစ်ဆန်းတွင် စစ်ဦးစီးချုပ်ရာထူးမှ ဖယ်ကာ ဗိုလ်ဇေယျအား အစားထိုး ခန့်ထားလိုက်သည်။ ဗိုလ်နေဝင်းအား တပ်မတော်၏ရိက္ခာနှင့် ပစ္စည်းထောက်ပံ့ရေး ဌာနကြီးမှူးရာထူးသို့ ရွှေ့ လိုက်လေသည်။
ထိုသို့ ရာထူးချခံရသည်ကို ဗိုလ်နေဝင်းက ဆတ်ဆတ်ခါ နာကျည်းသည်။ ထိုကြောင့် မိမိအား တာဝန်ပေးသည့် ရုံးသို့ပင် မတက်တော့ဘဲ ထိုစဉ်က မြေနီကုန်းမှ ဦးဟန်ရှိန်၏ကားပြင်ရုံတခုရှိ ဖဲဝိုင်းများတွင်သာ အချိန်ဖြုန်းနေခဲ့သည်ဟု ဗိုလ်ကျော်ဇော၏မှတ်တမ်းတွင် ဖော်ပြထား၏။
ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကိုပင် အန်တုရန် စီစဉ်နိုင်ခဲ့သည်မှာ ဗမာ့တပ်မတော် ရန်ကုန်ရောက်မှ တပ်တွင်းဝင်လာသူ လူငယ် စစ်ဗိုလ်ကလေးနှစ်ဦးတို့၏စနက် ဖြစ်သည်။ သူတို့နှစ်ဦးမှာ ဗိုလ်အောင်ကြီးနှင့် ဗိုလ်မောင်မောင်။
ဗိုလ်အောင်ကြီးနှင့် ဗိုလ်မောင်မောင်တို့သည် ၁၃၀၀ ပြည့် အရေးတော်ပုံနှင့် တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုများကို မီလိုက်သူများ မဟုတ်ကြပေ။ တို့ဗမာအစည်းအရုံးဝင် သခင်များလည်း မဟုတ်ကြ။ ကိုကျော်ငြိမ်း ခေါင်းဆောင်သော မြေအောက်အဖွဲ့ဝင်များဖြစ်သည်။ Underground ဟု အင်္ဂလိပ်ဘာသာဖြင့် အမည်ယူ၍ ကျဉ်းမြောင်းသည့် အုပ်စုကလေး ဖွဲ့ထားသည့် ကျောင်းသားလူငယ်များ ဖြစ်ကြသည်။ ဂျပန်မဝင်မီက ဗမာပြည်အရပ်ရပ်၌ ကျောင်းသားများထံသို့ လျှို့ဝှက်ဝေငှသော ပြောက်ကြားစစ်ဆင်နည်း၊ သေနတ်ပစ်ခတ်နည်း၊ လက်ပစ်ဗုံးခွဲနည်း စတဲ့ စစ်ပညာ စာတမ်းများမှာ သူတို့လက်ရာဖြစ်သည်။ ဗမာ့တပ်နှင့် ဂျပန်တပ်များ စစ်ချီလာစဉ်က စောစီးစွာ ဝင်လာသူ ဗိုလ်နေဝင်းအား ကိုကျော်ငြိမ်းက သူတို့နှင့် မိတ်ဆက်ပေးခဲ့ရာမှ တပ်တွင်းသို့ ဝင်ရောက်လာကြသည်။
အထက်ဗမာပြည်သို့ ချီတက်သော စစ်ဆင်ရေးတွင် သူတို့လည်း ပါဝင်ဆင်နွှဲကြရာတွင် နိုင်ငံရေးအသိနှင့် နယ်ချဲ့ဆန့်ကျင်ရေးဇွဲကို ပြသနိုင်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းရော ဗိုလ်နေဝင်းကပါ မျက်စိကျခဲ့သောကြောင့် ကိုယ်ရေးအရာရှိများအဖြစ် ရွေးချယ်ခန့်ထားခဲ့သည်။ ဗိုလ်မောင်မောင်က ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအရာရှိ၊ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်း၏ အပါးတော်မြဲ။
ပြဿနာမှာ သူတို့ နှစ်ဦးသည် မြန်မာ့နိုင်ငံရေးဇာတ်စင်ပေါ်သို့ တက်၍ တပွဲတလမ်း ကပြလိုကြသည်။ ခေါင်းဆောင်ဖြစ်လိုကြသည်။ နေရာရလိုကြသည်။ ထိုစဉ်က ရှိနေသည့် နိုင်ငံရေးအင်အားစု ခေါင်းဆောင်များတွင် မည်သူကိုမှ မကြိုက်နိုင်ဖြစ်နေသည်။ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်သိန်းဖေ ကွန်မြူနစ်တို့ကို သူတို့က ကြည့်မရ၊ သခင်ဘဝမှ ရဲဘော်သုံးကျိပ်ဖြစ်လာသည့် စစ်ဗိုလ်များကိုလည်း ရာထူးကြောင့် ဖောက်ပြန်နေကြသည်ဟု စွပ်စွဲယူဆနေသည်။ သူတို့၏ အဓိကဆန္ဒမှာ ဂျပန်ကို တမုဟုတ်ခြင်း တော်လှန်ရေးဖြစ်၏။
ဗိုလ်မှူးချုပ် မောင်မောင်၏ မြန်မာအမျိုးသားလှုပ်ရှားမှု အင်္ဂလိပ်ဘာသာစာအုပ်တွင်မူ ရဲဘော်သုံးကျိပ်ဝင် စစ်ဗိုလ်ကြီးများသည် နိုင်ငံ၏အနာဂါတ်ကို စိတ်ဝင်စားစွာ အားထုတ်ခြင်းမပြုကြဘဲ ပျက်စီးယိုယွင်းနေကြသည်ကို မြင်တွေ့ရသဖြင့် ဂျပန်ကိုတော်လှန်ရန် အရာရှိငယ်နှစ်ဦးတို့က စတင်လှုပ်ရှား စည်းရုံးခဲ့သည်ဟု ဖော်ပြထားသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် မန္တလေးမြို့၌ စုရုံးမိကြစဉ် တပ်ကို အသစ်ပြုပြင်ဖွဲ့စည်းခြင်း မပြုမီက သခင်သိန်းဖေတို့ အိန္ဒိယသို့ သွားစကာလကပင် သူတို့နှစ်ဦးက ဂျပန်ပြန် ရဲဘော်သုံးကျိပ်တို့အပေါ် စိတ်ပျက်သဖြင့် တပ်တွင်းရှိ ကျောင်းသား ခေါင်းဆောင်ဟောင်းများကိုသာ တိတ်တဆိတ် ဆွေးနွေးစည်းရုံးခဲ့ကြောင်းနှင့် ရေးသားခဲ့၏။
ထိုအရာရှိနှစ်ဦး၏အမည်ကို စာအုပ်တွင် ဖော်ပြခြင်းမပြုဘဲ မူလ မြေအောက်တော်လှန်ရေးအဖွဲ့ဝင် နှစ်ဦးဖြစ်သည်။ တဦးက ဗိုလ်နေဝင်း၏ ရုံးမှဖြစ်သည်။ ကျန်တဦးက ဗိုလ်အောင်ဆန်း၏ ရုံးမှဖြစ်သည်ဟုသာ ဖော်ပြသည်။ ထိုစဉ်က ဗိုလ်အောင်ဆန်း၏ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့သူ ဗိုလ်မောင်မောင်က သူနှင့်ဗိုလ်အောင်ကြီးတို့ နှစ်ဦးသာလျှင် စောစီးစွာ ဂျပန်ကို တော်လှန်ရန် သွေးစည်းခဲ့ကြသည်ဟု မှတ်တမ်းဝင်လိုကြောင်း သိသာ ထင်ရှားစွာ ရေးသားထားသည်။ သူတို့အရာရှိငယ်နှစ်ဦးသည် ၁၉၄၂ ခုနှစ်ကပင် ဂျပန်ကို တော်လှန်ရန် ဆုံးဖြတ်ထားခဲ့ကာ လျှို့ဝှက်စည်းရုံးခဲ့သည်။ ခေါင်းဆောင်မရှိသောကြောင့် အဖွဲ့အစည်းအဖြစ် တိကျစွာ ဖွဲ့စည်းရန် စောသေးသဖြင့် ဆိုင်းငံ့နေခဲ့သည်ဟု ရေးသားထားသည်။
၁၉၄၃ ခုနှစ်တွင် လွတ်လပ်ရေးရပြီး ကိုအောင်ဆန်း၊ ကိုသန်းထွန်း၊ ကိုနု စသည်တို့က ဝန်ကြီးရာထူး ယူကြသည်။ လူကြီးများက ဂျပန်ကို တော်လှန်ရန် ပြောဆိုလှုပ်ရှားခြင်း မပြုသဖြင့် သူတို့နှစ်ဦးက စိတ်ပျက်အားလျှော့မိကြောင်းလည်း ရေးသား၏။ ဂျပန်မလာမီကပင် ဂျပန်ကို တော်လှန်ရမည် ဟု စည်းရုံးသော ကွန်မြူနစ်သခင်စိုးက ဂျပန်တော်လှန်ရေး စာတမ်းများနှင့် ဆက်သားလွှတ်ကာ စည်းရုံးကြောင်း၊ သခင်စိုးက တပ်မတော်ကို သူ၏ဘက်သို့ ရောက်ရှိအောင် သိမ်းသွင်းစည်းရုံးနေသည်သာ ဖြစ်သည်ဟု ယူဆသဖြင့် သူတို့နှစ်ဦးက စိုးကြီးကိုလည်း လက်မခံနိုင်ကြောင်းလည်း ရေးသားထားသည်။
ဂျပန်တော်လှန်ရေးအတွက် တပ်မှ အရာရှိငယ်များ ခိုင်မာစွာ စည်းရုံးနိုင်လျှင် အစိုးရအဖွဲ့အတွင်းသို့ ရောက်ရှိနေသော ဗိုလ်အောင်ဆန်း၊ ကိုကျော်ငြိမ်း စသည်တို့က ခေါင်းဆောင်ပေးလေမည်ဟု ယူဆကာ ကိုကျော်ငြိမ်းအား တိုင်ပင်သောအခါ လက်မခံဘဲ ဗိုလ်အောင်ဆန်းကို တိုင်ပင်ဦးမည်ဆိုသဖြင့် စိတ်ပျက်ရကြောင်း၊ သူတို့နှစ်ဦးနှင့် အရာရှိငယ်များက ၁၉၄၃ ခု၊ ဖေဖော်ဝါရီလထဲတွင် ဂျပန်ကို တော်လှန်တော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြောင်း၊ လူကြီးခေါင်းဆောင် လိုသဖြင့် ဗိုလ်နေဝင်းအား တိုင်ပင်သောအခါ ဂျပန်တော်လှန်ရေးကို ဗိုလ်အောင်ဆန်းက ခေါင်းဆောင် မလုပ်လျှင် မိမိလုပ်ဆောင်မည်ဟု သဘောတူကြောင်း ရေးသားထားသည်။
ထိုအတောအတွင်းတွင် ဗိုလ်နေဝင်းသည် တပ်၏ခေါင်းဆောင်နေရာကို လုယူလေမည်ဟု စစ်ဝန်ကြီးဖြစ်သူ ဗိုလ်အောင်ဆန်းက မသင်္ကာသဖြင့် ဗိုလ်နေဝင်းအား မိမိ၏မျက်စေ့အောက်တွင်ရှိစေရန် စစ်ရုံးချုပ်တွင် တာဝန်ချထားလိုက်သဖြင့် မူလတော်လှန်ရေး အစီအစဉ်ကို ၁၉၄၃ ခု၊ မေလတွင်မှ ဆောင်ရွက်မည်ဟု ရွှေ့ဆိုင်းခဲ့ရကြောင်းလည်း ရေးသားသည်။
ထိုစာအုပ်မှ ထိုအပိုင်းကို ဖတ်ရှုလျှင် ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီးတို့သည် သူတို့နှစ်ဦးသာ ဂျပန်ကိုတော်လှန်ရန် ဦးစွာပထမ ဆုံးဖြတ်ခဲ့သည်ဟု ဖော်ထုတ်လိုဟန်ရှိစေကာမူ ၁၉၄၂ ခုနှစ်ကပင် တပ်ကို ခွဲရန် အားထုတ်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ ဗိုလ်အောင်ဆန်းက ဗိုလ်နေဝင်းအား မသင်္ကာ ဆိုသည်မှာလည်း သူတို့နှစ်ဦး၏ထင်မြင်ချက်သာ ဖြစ်နေပေသည်။ ဗိုလ်မောင်မောင်သည် ဗိုလ်အောင်ဆန်း၏အပါးတော်မြဲ ဖြစ်ပါလျက် ဗိုလ်နေဝင်းနှင့် ပတ်သက်၍ ဗိုလ်အောင်ဆန်း၏အမိန့်တစုံတရာကိုလည်းကောင်း၊ ပြောဆိုချက်ကိုလည်းကောင်း မှတ်တမ်းမတင်နိုင်ခဲ့ပေ။ ဗိုလ်အောင်ဆန်းက ဂျပန်တော်လှန်ရေးကို အချိန်ကြာမြင့်စွာ ရွှေ့ဆိုင်းနေသည်က သူ၏တပ်မတော်ရဲဘော်များကို မယုံကြည်နိုင်ခြင်းသည် အဓိကဖြစ်သည်။
“တို့က ဂျပန်ကို တော်လှန်ဖို့ ဒီနေ့ ဆုံးဖြတ်လျှင် ဂျပန်စစ်စုံထောက်တွေက မနက်ဖြန်သိမှာ သေချာတယ်”ဟု သူက ပြောခဲ့သည်။ ဗိုလ်အောင်ဆန်းသည် အထူးသဖြင့် တပ်၌ ဒုတိယနေရာအထိ တင်ပေးထားသော ဗိုလ်နေဝင်းကို မယုံကြည်နိုင်။ ဗိုလ်အောင်ဆန်းသည် ဂျပန်အားတိုက်ရန် ပုန်းနေသော အင်္ဂလိပ်စစ်ဗိုလ်တဦးကို ဂျပန်တို့က ဖမ်းမိသွားသည့် အမှုအတွက် ဗိုလ်နေဝင်းအား ပို၍မသင်္ကာဖြစ်နေခဲ့သည်။
မြန်မာနိုင်ငံတွင်းသို့ ဂျပန်များ ဝင်လာချိန် အင်္ဂလိပ်တပ်များ ဆုတ်ခွာစဉ်ကပင် တပ်သားအချို့ကို ချန်ထားခဲ့သည်။ လျှို့ဝှက်ပုန်းအောင်း နေထိုင်ကာ ဂျပန်ကို ပြန်တိုက်ရန် ပြင်ဆင်ကြသည်။ အိန္ဒိယရှိ ဌာနချုပ်သို့ သတင်းပို့ကြရသည်။ ဗိုလ်မှူး ဆီးဂရင်းဆိုသူသည် ၁၉၄၂ ခု အင်္ဂလိပ်တပ်များ ဆုတ်စဉ်က တောင်ငူဖက်မှ ချောင်ကျသော ကရင်ရွာကလေး၌ အခြေစိုက်ကာ ကရင်အရပ်သားများကို စည်းရုံး၍ လျှို့ဝှက်စွာ လှုပ်ရှားနေခဲ့သည်။ သူသည် အိန္ဒိယဌာနချုပ်နှင့် အဆက်အသွယ်ရှိသည်ကို ဗိုလ်စင်္ကြာက သတင်းရရှိခဲ့သည်။
ထိုအချိန်က သခင်စိုးကွန်မြူနစ်စခန်းက အင်္ဂလိပ်စစ်စုံထောက် တပ်ရင်း ၁၃၆ နှင့် ဆက်သွယ်ကာ လက်နက်များပင် ရရှိနေပြီဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆွေးနွေးကာ တော်လှန်ရေး သဘောတူညီချက် မရသေးသဖြင့် သခင်စိုးက တပ်မတော်ခေါင်းဆောင်များကို မယုံသောကြောင့် သတင်းစုံ မပြောသေးဘဲ “ချို”ထားသည်။ ထို့ကြောင့် ဗိုလ်စကြာက " တပ်မတော်နှင့် တပ် ၁၃၆ တို့ တိုက်ရိုက် ဆက်သွယ်လိုပါသည်။ တပ်မတော်သည်လည်း ဂျပန်အား ပြန်တိုက်ရန် ပြင်ဆင်နေပါသည်။ မိမိကိုယ်တိုင် အိန္ဒိယသို့ သွားလိုပါသည်" ဟု ကရင်ခေါင်းဆောင်တဦးထံမှတဆင့် လျှို့ဝှက်ဆက်သွယ် အကြောင်းကြားရာ တပ်မတော်၏တော်လှန်ရေး ပြင်ဆင်မှုသတင်းသည် အင်္ဂလိပ်စစ်ဌာနချုပ်သို့ ရောက်ရှိကြောင်း အကြောင်းပြန်ချက် ရခဲ့သည်။
ဗိုလ်စကြာသည် မိမိ အင်္ဂလိပ်တပ်နှင့် ဆက်သွယ်မှု ရရှိခဲ့သည်ကို ဗိုလ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းတို့ နှစ်ဦးကိုသာ လျှို့ဝှက် အစီရင်ခံသည်။ ရက်ပိုင်းအတွင်းတွင် ဗိုလ်စကြာအား အင်္ဂလိပ်နှင့်ဆက်သည်ဟု ဂျပန်တို့ သိရှိသွားကာ မျက်ခြည်မပြတ် စောင့်ကြည့်ကြောင်း သိရသည်။ တပ်မတော်ထိပ်သီး နှစ်ဦးသာသိသော သတင်းကို ဂျပန်စစ်စုံထောက်များ ရရှိသွားသည်ကို ထောက်ရှုက တပ်မတော်၏ အမြုတေတွင် ဂျပန်သူလျှိုရှိသည်မှာ သေချာသည်။ အမှုမှာ မီးခိုးကြွက်လျှောက် လိုက်လာနိုင်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းပင် တုန်လှုပ်သွားပြီး ဗိုလ်စကြာကို ကာကွယ်ရန်အတွက် ချက်ခြင်းပင် စစ်သံမှူးရာထူးနှင့် ဂျပန်ပြည်သို့ ပို့လိုက်ရသည်။
ဗိုလ်စကြာ လွတ်သွားစေကာမူ ဂျပန်ကင်ပေတိုင် စစ်စုံထောက်များက အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်မှူးဆီးဂရင်းကို ဖမ်းလိုက်နိုင်သည်။ ဗိုလ်မှူးဆီးဂရင်းသည် ၃ နှစ်တိုင် လျှို့ဝှက်နေနိုင်ပါလျက် တပ်မတော်က ဆက်သွယ်သည်ကို လက်ခံမိမှ ဂျပန်များ သိသွားသဖြင့် အဖမ်းခံရသည်။ သေရဲသူ ဗိုလ်မှူး ဆီးဂရင်းသည် သတ္တိကြီးစွာနှင့် အဖမ်းခံခဲ့သဖြင့် သူ့အား ဖမ်းဆီးစစ်ဆေးသော ဂျပန်စစ်ဗိုလ်များကပင် လေးစားကြရသည်ဟု မှတ်တမ်းတို့က ဆို၏။
ဆီးဂရင်းသည် ပြဂေါပုအမည်ရှိ ကရင်ရွာသိမ်ကလေးတခု အနီးရှိ တောအုပ်တွင် စခန်းချကာ နေထိုင်သည်ကို ဂျပန်စစ်စုံထောက်များ ရှာဖွေဖမ်းဆီးခြင်း မပြုနိုင်ခဲ့ပေ။ ထိုအခါ ဂျပန်စစ်စုံထောက်များက ကရင်ရွာမှန်သမျှကို ဝိုင်းကာ မသင်္ကာသူများကို ရက်စက်စွာ ညှဉ်းဆဲ စစ်ဆေးခဲ့သည်။ သစ္စာရှိသူ ကရင်များက ဖော်ပြောခြင်းမပြုဘဲ အသက်အသေခံကြသည်။ တရွာပြီးတရွာ ရွာသားပေါင်းများစွာကို ညှဉ်းဆဲသတ်ဖြတ်နေသဖြင့် ဗိုလ်မှူးဆီးဂရင်းက ပုန်းအောင်းရာမှ ထွက်လာကာ အဖမ်းခံခဲ့သည်။ အရပ် ၆ ပေ ၄ လက်မရှိ ဆီးဂရင်းသည် နေလောင်ထားသော အသားနှင့် ညစ်နွမ်းသော ကရင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ညစ်ပေနေစေကာမူ ထောင်တွင်းသို့ ခေါ်ဆောင်လာကြသောအခါ တည်ငြိမ်သော ဣနြေ္ဒနှင့် သိက္ခာကြီးစွာ လိုက်ပါလာသည်။
မိမိသည် ဗိုလ်မှူးဆီးဂရင်းဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ အကျိုးအတွက် စစ်မှုထမ်းသူဖြစ်သဖြင့် မိမိကို ဂျပန်စစ်တပ်က ကွပ်မျက်မည်ကို မည်သို့မှ မပြောလိုကြောင်း၊ သေဒဏ်ကို ခံယူရန် အသင့်ရှိကြောင်း၊ သို့သော် မိမိနှင့်အတူ အဖမ်းခံရသော ကရင်များသည် အပြစ်မရှိသည့် ရွာသားများသာဖြစ်သဖြင့် လွှတ်ပေးပါရန် တောင်းပန်ကြောင်းနှင့် ဂျပန်စစ်ဗိုလ်များကို ခန့်ညားစွာ အစစ်ခံခဲ့သည်ကို ဂျပန်စစ်စုံထောက်များသာမက အင်းစိန်ထောင်တွင်းရှိ အင်္ဂလိပ် အမေရိကန် သုံ့ပန်းများကပါ အံ့သြချီးကျူးကြသည်။
ဗိုလ်မှူးဆီးဂရင်းက ပန်ကြားသော်လည်း အတူဖမ်းလာသော ကရင် ၂ဝ အနက် ကရင် ၇ ဦးကိုပါ ၁၉၄၄ ခု၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ကြံတောသင်္ချိုင်းသို့ ခေါ်ဆောင်ကာ ဂျပန်တို့က သေနတ်နှင့် ကွပ်မျက်ကြသည်။ ဗိုလ်မှူးဆီးဂရင်းက သူ့အား မျက်နှာဖုံးစည်းပေးချိန်အထိ ကရင်တို့အား လွတ်ငြိမ်းခွင့်ပေးရန် တောင်းပန်ရင်း ရဲဝံ့စွာ သေမင်းကို ရင်ဆိုင်သွားခဲ့သည်။ အင်္ဂလိပ်တို့၏ စစ်သမိုင်းစာအုပ်များတွင် ဗိုလ်မှူး ဆီးဂရင်းသည် သူရဲကောင်းဖြစ်ကြောင်း၊ ဗမာစစ်တပ်မှ သူလျှိုက ဂျပန် စစ်စုံထောက်တို့အား သတင်းပေးသဖြင့် အသက်ပေးရကြောင်းနှင့် ရေးသားကြ၏။
အင်္ဂလိပ်စစ်ဗိုလ် ပုန်းအောင်းနေသူကို သိရှိဆက်သွယ်သူ ဗိုလ်စကြာသည် ဂျပန်သို့ သတင်းပေးပါက သူပါ ကွပ်မျက်ခံရမည်ဖြစ်သဖြင့် သူ့ထံမှ ပေါက်ကြားသည်မှာ မဖြစ်နိုင်၊ ဗိုလ်စကြာက ဗိုလ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းတို့နှစ်ဦးကိုသာ အစီရင်ခံသည်။ ဆန်း သို့မဟုတ် ဝင်း တဦးဦးသည် ဂျပန်သူလျှို ဖြစ်နေသည်မှာ သိသာထင်ရှားသည်။ ဂျပန်သူလျှို မဟုတ်သူ ဗိုလ်အောင်ဆန်းက ဗိုလ်နေဝင်းအား မသင်္ကာနိုင်ဘဲ မယုံမကြည် ဖြစ်လာသည်။
ဒေါက်တာမောင်မောင်ရေးသော ဗိုလ်ချုပ်ကြီးနေဝင်း သမိုင်းစာအုပ်တွင် somehow the Kempetai came to know about this ဟု ဗိုလ်မှူးဆီးဂရင်းအကြောင်းကို တနည်းနည်းနှင့် သိသွားကြသည်ဟု သာမန်အားဖြင့် ဖော်ပြထားလေသည်။ တပ်မတော်ထိပ်သီးပိုင်းမှ ဂျပန်သူလျှို ရှိလေမည်ဟု ဗိုလ်နေဝင်းက တလုံးတပါဒမှ ရေးသားပြောဆိုမှု ဆွေးနွေးမှု မပြုခဲ့ပေ။
ဗိုလ်အောင်ဆန်းမှာ သူ၏ ဒုတိယအရာရှိကို စိတ်မချတော့သဖြင့် ဂျပန်တော်လှန်ရေးကို ရွှေ့ဆိုင်းနေခဲ့ရပေသည်။ အခြေအနေကို ကြည့်ကာ စောင့်ဆိုင်းရင်း ကရင်- မြန်မာ ချစ်ကြည်ရေး ခိုင်မာရန်သာ အကျိုးတကုတ် လုပ်ဆောင်နေခဲ့သည်။ ဂျပန်ထံမှ လက်နက်များ ပိုမိုရရှိရေးကိုသာ အားထုတ်နေခဲ့လေသည်။ အချိန်အခါကျပြီဟု စိတ်ချမှ ဗိုလ်အောင်ဆန်းက သခင်စိုးအား ဖိတ်ခေါ်၍ ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကို ဖွဲ့စည်း၍ တော်လှန်ခဲ့သည်။
တပ်မတော်က ဖက်ဆစ်တော်လှန်ရေးကြီးကို လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းရန် နှောင့်နှေးရသည်မှာ ဗိုလ်နေဝင်းအား မယုံနိုင်သဖြင့် ဖြစ်ရသည်။ ဗိုလ်နေဝင်းသည် ဗိုလ်အောင်ဆန်းအား ဖယ်ရှား၍ သခင်စိုးနှင့် ပေါင်းကာ ဂျပန်ကို ဦးစွာတော်လှန်ရန်လည်း ကြံစည်အားထုတ်ခဲ့သေးသည်ကို ဗိုလ်မောင်မောင်၏စာအုပ်တွင် ဖတ်ရှုရသည်။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့သည် တပ်မတော်က ဂျပန်ကို တော်လှန်ရန် ဆုံးဖြတ်ပြီး ဗိုလ်အောင်ဆန်းနှင့် ဦးကျော်ငြိမ်းတို့အား တင်ပြရာ နှစ်ဦးစလုံးက စောသေးသည်ဟု လက်မခံဘဲ ပယ်ချကြသည်။ ထို့ကြောင့် ဗိုလ်နေဝင်းအား တင်ပြရာ “သူတို့မလုပ်ရဲလျှင် ငါခေါင်းဆောင်မယ်ကွာ” ဟု သူက လက်ခံခဲ့သည်။
ဂျပန်ကို တော်လှန်လိုပါက အင်္ဂလိပ်တို့က လက်နက်ရိက္ခာ အထူး ပေးနေသည့် ကွန်မြူနစ်ပြောက်ကျားများနှင့် ပေါင်းမှဖြစ်မည်ဟု ဆုံးဖြတ်ကြကာ သခင်စိုး၏စခန်းသို့ ဗိုလ်နေဝင်းအား လိုက်ပို့ကြသည်။ သခင်စိုးစခန်းမှ ပြန်လာချိန်မှ စတင်ကာ ဗိုလ်နေဝင်းသည် သခင်စိုး၏ နိုင်ငံရေးမှိုင်း မိသွားသဖြင့် စိတ်ထိခိုက်ရကြောင်းကို ဗိုလ်မောင်မောင်၏စာအုပ်တွင် ရေးသားထား၏။ ထိုအချိန်က သခင်စိုးသည် ဂျပန်မဝင်မီကပင် ဂျပန်ကို တိုက်ရမည်ဟု နိုင်ငံရေးလမ်းစဉ် မှန်ကန်သူဖြစ်သဖြင့် မြန်မာ့နိုင်ငံရေးလောကတွင် သြဇာအကြီးဆုံး ခေါင်းဆောင်ဖြစ်သည်။ စာကြေပြီး အဟော အပြောကလည်း ကောင်းလှသဖြင့် သခင်စိုး၏တရား နာမိသူတိုင်း ကွန်မြူနစ်ယောဂီများ ဖြစ်သွားလေ့ရှိသည်။ သို့သော် ဗိုလ်နေဝင်းတယောက် စိုးကြီး၏တရားကို နာရာမှ စိုးကြီး၏မှိုင်းမိသွားသည်ဟု ရေးသားမှုသည် မှန်ကန်ခြင်း မရှိပေ၊ ဗိုလ်နေဝင်း၏ရည်ရွယ်ချက်မှာ ဗိုလ်အောင်ဆန်းမပါဘဲ တပ်မတော်က ဂျပန်ကို တော်လှန်နိုင်လျှင် မိမိသည် တပ်၏ထိပ်ဆုံးခေါင်းဆောင် ဖြစ်လာလေမည်ဟု တွက်ချက်ကာ စိုးကြီးအား သူ၏အကျိုးအတွက် အသုံးချရန် မှိုင်းမိဟန်ဆောင်သည်သာ ဖြစ်၏။ ရည်ရွယ်ချက်အရ စိုးကြီးအား ကပ်၍ ပေါင်းသင်းနေသည်သာ ဖြစ်၏။
သခင်စိုးက ဗိုလ်နေဝင်းထက် လူရည်လည်သည်။ ဗိုလ်နေဝင်းက အောင်ဆန်းမပါဘဲ မိမိခေါင်းဆောင်၍ ဂျပန်အား တော်လှန်မည်ဟု တင်ပြသည်ကို လက်မခံဘဲ အောင်ဆန်းသည် တပ်မတော်၏ တဦးတည်းသောခေါင်းဆောင်ဖြစ်သဖြင့် အောင်ဆန်းကို ခေါ်ပေးပါဟု ဗိုလ်နေဝင်းအား တောင်းဆိုသဖြင့် ဗိုလ်နေဝင်းနှင့် ခွာပြဲသွားခဲ့ကြသည်။
“ဘာရမလဲကွ၊ သူတို့တပ်ထဲမှာ ဗိုလ်လုတာကို ငါတို့က ဘာလို့ဝင်ပြီး သတ်ခံရမှာလဲ” ဟု စိုးကြီးက လူရင်းများကို ဖွင့်လှစ်ပြောပြခဲ့၏။
စိုးကြီးက ဗိုလ်အောင်ဆန်းနှင့် တွေ့လိုသည်ဟု စကားကမ်းသည်ကို ဗိုလ်အောင်ဆန်းက လက်ခံကာ ပဲခူးရှိ ဗိုလ်ကျော်ဇော၏အိမ်သို့ ၁၉၄၄ ခု၊ ဇွန်လတွင် စိုးကြီးအား ဖိတ်ခေါ်ဆွေးနွေးပြီး ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီးကို ဖွဲ့စည်းခဲ့လေသည်။ ထိုဆွေးနွေးပွဲနှင့် ဖွဲ့စည်းပွဲကို ဗိုလ်နေဝင်း မသိစေရန် အထူးလျှို့ဝှက် ကျင်းပခဲ့ရသည်။
တပ်ပေါင်းစုကြီးက ဂျပန်တော်လှန်ရန် အသေးစိပ် ပြင်ဆင်သောအခါတွင်လည်း ဗိုလ်အောင်ဆန်းက ဗိုလ်နေဝင်းအား ဖယ်ရှားထားခဲ့သည်။ ဗိုလ်နေဝင်းက မိမိအား တမင်ဖယ်နေသည်ကို ရိပ်မိသဖြင့် ဗိုလ်အောင်ဆန်းအား လူအများရှေ့တွင် ရန်တွေ့ခဲ့သည်ဟု ဗိုလ်ကျော်ဇော၏မှတ်တမ်းတွင် အောက်ပါအတိုင်း ဖော်ပြထား၏။
“ဖက်ဆစ်တော်လှန်ရေးအတွက် နောက်ဆုံးဆွေးနွေး ဆုံးဖြတ်ချက်များ ပြုလုပ်ရန် ၁၉၄၅ ခု မတ်လဆန်းတွင် ကန်ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏နေအိမ် စာဖတ်ခန်း၌ တော်လှန်ရေးခေါင်းဆောင်များ သုံးညတိုင် ဆွေးနွေးကြပါသည်။ နောက်ဆုံးညတွင် မြေပုံကြမ်းနှင့် စစ်ခေါင်းဆောင်၊ ကာကွယ်ရေးခေါင်းဆောင်များ တာဝန်တွေ ခွဲခြားသတ်မှတ်ခြင်း ပြီးသွားပြီး အစည်းအဝေး ရုပ်သိမ်းတော့မည်တွင် ကျွန်တော်က ဗိုလ်မှူးကြီးနေဝင်း၏ တိုင်း (၂)တွင် ဖျာပုံခရိုင်အပြင် ဟံသာဝတီခရိုင် ပါဝင်ထည့်သွင်းထားရာ ဟံသာဝတီမှ တပ်မှူးတွေ သူတို့တာဝန် ရှေ့လုပ်ငန်းစဉ်ကို သိလိုသဖြင့် ကျွန်တော့်ထံ ရောက်နေကြသည်။ သူတို့ကို ဗိုလ်မှူးကြီးနေဝင်းနှင့်တွေ့ရန် ဘယ်ကို လွှတ်ရမလဲဟု မေးမိရာ၊ ချက်ခြင်းပင် ဗိုလ်ချုပ်အောင်ဆန်းက မြေပုံကို ကောက်ကိုင်ပြီး “ဟံသာဝတီခရိုင်မှ တွံတေးမြို့နယ်ကိုသာ တိုင်း (၂)အောက်တွင် ထားပြီး ကျန်မြို့နယ်များကို တိုင်း (၄)ပဲခူးတိုင်း အောက်သို့ ထားမည်”ဟု နှုတ်မှပြောကာ မြေပုံကို ခဲတံနှင့် ပြင်ပါသည်။
ဤတွင် ဗိုလ်နေဝင်းက ဖျာပေါ်ထိုင်နေရာမှ ရုတ်တရက် ဝုန်းခနဲ မတ်တတ်ရပ်လိုက်ပြီး “ကျွန်တော့်ကို ယုံကြည်မှသာ တာဝန်ပေးပါ။ မယုံကြည်က တာဝန်မပေးပါနှင့်” သဘောပါသည့် ရန်တွေ့ စကားများဖြင့် ဗိုလ်ချုပ်အောင်ဆန်းရော အားလုံးကိုပါ ကြည့်ပြီးပြောပါသည်။ အစည်းဝေး တက်ရောက်သူအားလုံးက အံ့ဩကြပြီး ဗိုလ်နေဝင်းကို ကြည့်နေကြပါသည်။ သူက စောစောကတည်းက ရာထူးပြောင်းရွှေ့ ချထားခံရတာတွေရော၊ အခြား မကျေနပ်မှုတွေပါ ပြောလိုက်ပုံရသည်။
ဗိုလ်ချုပ်အောင်ဆန်းက ခေတ္တ စိုက်ကြည့်ပြီးနောက် ဘာမှမပြောတော့ဘဲ အစည်းအဝေးပြီးပြီ ဟုသာ ပြောပြီး အခန်းမှ အားလုံးထွက်ကြသည်။
ထိုနေ့ အစည်းဝေးတက်ရောက်သူများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်ဖိုးကွန်း၊ ဗိုလ်နေဝင်း၏ရုံးမှ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ဆန်း၏ရုံးမှ ဗိုလ်မောင်မောင်၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ဦးကျော်ငြိမ်း၊ သခင်ချစ်နှင့် ကျွန်တော်တို့ ပါဝင်ပါသည်။
နောက်ပိုင်းတွင် စစ်တိုင်းကြီးများ ဖွဲ့သောအခါတွင် ဟံသာဝတီ၊ ဖျာပုံ၊ မအူပင်တိုင်းကို တိုင်း (၂)အဖြစ် “ကျော်ခေါင်ဗလ”တပ်ဖွဲ့ဟု တာဝန်ပေးသည့် အစည်းအဝေးတွင်မူ ဗိုလ်အောင်ဆန်းက ဝင်မပြောသဖြင့် ဗိုလ်နေဝင်း နေရာရှိသွားခဲ့သည်။
ဤသည်တို့မှာ ဖက်ဆစ်တော်လှန်ရေးကာလက မျက်မြင်ပါဝင်သူတို့၏မှတ်တမ်းများ ဖြစ်ကြလေသည်။
* * *
၇။ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံမှုကြီး၌ တံခါးဖွင့်ပေးခြင်း
ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။ ရခိုင်ဘက်တွင် ကွန်မြူနစ်ပြောက်ကျားများက စောစီးစွာ တော်လှန်ခဲ့ကြသည်။ တောင်ငူဘက် တော်လှန်ရေးကို သခင်သန်းထွန်းနှင့် သခင်သန်းဖေတို့က ဦးစီးခဲ့သည်။ တပ်မတော်က မတ်လ ၂၇ ရက်နေ့တွင် ကြော်ငြာ၍ ဂျပန်စစ်တပ်အား ပုန်ကန်ရာမှ ပြည်လုံးကျွတ် တော်လှန်ရေးကြီး ဖြစ်ပေါ်ခဲ့လေသည်။
“ကျုပ်တို့တပ်မတော်နဲ့ ပြောက်ကျားတပ်တွေက တိုက်လိုက်တဲ့အတွက် ဒုတိယဗိုလ်ချုပ်ကြီးတယောက်နဲ့ ဗိုလ်ချုပ်ကြီးတယောက်တို့ အပါအဝင် ဂျပန်ပေါင်း နှစ်သောင်းထက်မနည်း ကျဆုံးပြီး သုံ့ပန်း သုံးရာကျော် မိခဲ့တယ်။ ဂျပန်စစ်လေယာဉ်ပျံ သုံးစင်းကို ဖျက်ခဲ့တယ်။ ဂျပန်တွေ သိမ်းထားတဲ့ စပါးတွေ ပစ္စည်းတွေကို ပြန်ယူပြီး လူထုကို ဝေခဲ့တယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခု၊ သြဂုတ်လ ဖဆပလနိုင်ငံရေး အစည်းအဝေးတွင် မိန့်ကြားလေသည်။
၁၉၄၅ ခု၊ မေလ ၂ ရက်နေ့က စစ်လေယာဉ်ပျံတစင်း မင်္ဂလာဒုံလေဆိပ်တွင် ဆင်းကာ လေယာဉ်မှူးနှင့်အဖွဲ့က မြို့ထဲဝင်နိုင်ခဲ့သဖြင့် ထိုနေ့တွင် ရန်ကန်မြို့ကို သိမ်းသည်ဟု အင်္ဂလိပ်တို့က မှတ်တမ်းတင်လေသည်။ ထိုနေ့တွင်မှ အင်္ဂလိပ်တပ်များ ဝင်နိုင်စေကာမူ ဂျပန်တို့သည် ဧပြီလတွင်းကပင် ဆုတ်ခွာသွားကြပြီဖြစ်၏။ ဦးကျော်ငြိမ်းခေါင်းဆောင်သော ပြည်သူ့အရေးတော်ပုံ ပြောက်ကျားများက မြို့ကို ထိန်းသိမ်းထားကြသည်။ မေလ ၃ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ရန်ကုန်မြို့ကို မေလ ၁ ရက်နေ့တွင် ဗမာ့တပ်မတော်က သိမ်းပိုက်လိုက်ပြီဟု မျက်နှာဖုံးသတင်း ဖော်ပြလိုက်လေသည်။
“ဗမာ့တော်လှန်ရေး တပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ထားပြီဖြစ်သဖြင့် ရန်ကုန်မြို့တော်၏လုံခြုံရေးကို တာဝန်ယူကြောင်း၊ စိုးရိမ်ပူပန်ခြင်းမရှိဘဲ သွားလာနိုင်ကြကြောင်း၊ တော်လှန်ရေးတပ်မတော်သည် ပြည်သူ့တပ်မတော်သာ ဖြစ်ကြောင်း”နှင့် ပြည်သူအရေးတော်ပုံပါတီ၏ ကြော်ငြာချက်ကို သတင်းစာ၌ ဖော်ပြထားလေသည်။
ဂျပန်တော်လှန်ရေးတွင် အခြားစစ်တိုင်းမှူးများ၏ တိုက်ပွဲဆင်နွှဲကြပုံ မှတ်တမ်းများ ထွက်လာခဲ့သော်လည်း ဟံသာဝတီတိုင်းမှ “ကျော်ခေါင်ဗလ”ဖက်ဆစ်တော်လှန်ရေးအဖွဲ့၏ တိုက်ပွဲသတင်းများကိုမူ မတွေ့ ကြရပေ။ ဗိုလ်နေဝင်းသည် ရန်ကုန်မြို့ကို ဗမာ့တပ်မတော်က သိမ်းပြီးကြောင်း သတင်းပါရှိသည့် မြန်မာ့အလင်းသတင်းစာကို ဖတ်ရသဖြင့် ရန်ကုန်သို့ ဆင်းခဲ့သည်။ မိမိကိုယ်မိမိ ကိုစက်ဖေဟူသော လျှို့ဝှက်အမည်ကို ယူထားသည်။ တိုင်းမှူးဗိုလ်နေဝင်း၏ မှတ်တမ်း၌မူ မိမိသည် မေလ ၆ ရက်နေ့တွင် တပ်ကို ဗိုလ်တင်ဖေထံ အပ်ကာ လိုအပ်ပါက တပ်များ ဖျောက်ပြီး အင်္ဂလိပ်ကို ဆက်တိုက်ရန်အတွက် ရန်ကုန်သို့ ဆင်းခဲ့သည်ဟု မှတ်တမ်းတင်သည်။
ရန်ကုန်သို့ရောက်လျှင်ရောက်ခြင်း ဂျာနယ်ကျော် ဦးချစ်မောင်၊ ဦးထင်ဖတ် (မောင်ထင်)နှင့် ဦးခင်မောင်လတ်တို့နှင့် တွေ့ဆုံသောအခါ ဦးကျော်ငြိမ်းတို့က ရန်ကုန်ကို သိမ်းထားပြီးကြောင်း၊ မြန်မာ့အလင်းတွင် ပုံနှိပ်ခဲ့ပြီဟု တင်ပြကြသည်။
“ဒါပေမယ့် ရန်ကုန်မြို့တော်ကို တပ်မတော်က သိမ်းကြောင်း ကမ္ဘာကသိရန် အသံလွှင်ဖို့ လိုပါတယ်။ ဂျပန်တွေ ရှိတယ် ထင်ပြီး အင်္ဂလိပ်တပ်က ဗုံးကြမည်ကို စိုးရိမ်ရသည်”ဟု သူက တောင်းဆိုသဖြင့် ဦးချစ်မောင်၊ ဦးထင်ဖတ်နှင့် ဦးခင်မောင်လတ်တို့က အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးပေးကြရသည်။ ထိုကြေညာချက်ကို ပုံ-ဗိုလ်မှူးကြီးနေဝင်းဟု လက်မှတ်ထိုးကာ မေလ ၇ ရက်နေ့တွင် အသံလွှင်စေခဲ့သည်။
ဟံသာဝတီတိုင်းတွင် တာဝန်ကျသော ဗိုလ်နေဝင်းသည် ဂျပန်တော်လှန်ရေးတွင် တစုံတခုသော တိုက်ပွဲကိုမှ ဆင်နွှဲခြင်းမပြုဘဲ ဦးကျော်ငြိမ်းတို့ သိမ်းထားသည့် ရန်ကုန်မြို့ကို သူတယောက်တည်း သိမ်းလေဟန် နာမည်ကောင်းကို ယူခဲ့သည်။
ဗမာ့လွတ်လပ်ရေး တပ်မတော်အဖို့ ပထမတိုက်ပွဲမှာ အင်္ဂလိပ်တပ်များကို နှင်ထုတ်သော တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲကို ဆင်နွှဲရန် ဗိုလ်နေဝင်းအား မြန်မာပြည်တွင်းသို့ တင်ကြိုစေလွှတ်သော်လည်း သူသည် တိုက်ပွဲဆင်နွှဲခြင်း မပြုခဲ့ပေ။ ပြည်သူတို့က စတင်ဆင်နွှဲသော ဂျပန်တော်လှန်ရေးတွင်းသို့ တပ်မတော်က နောက်မှပါဝင်ခဲ့စေကာမူ တပ်မတော်တစ်ခုလုံး ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ကြသည်။ အရေးအကြီးဆုံး တိုက်ပွဲဖြစ်သည်။ တပ်မတော်သမိုင်းတွင် အရေးအကြီးဆုံး တိုက်ပွဲကြီးနှစ်ခု ဖြစ်ပွားစဉ်က သေနတ်တချက်မှ မဖောက်ခဲ့ပါဘဲနှင့် တပ်မတော်အကြီးအကဲဖြစ်လာခြင်းမှာ မိမိမပြုသော ကောင်းမှုကို မိမိပြုလေဟန် နေရာယူတတ်သဖြင့် ဖြစ်ပေ၏။
နောက်တနေ့တွင် ဗိုလ်နေဝင်းက ဘုရင်ခံအိမ်တော်တွင် တပ်စွဲထားသည့် အင်္ဂလိပ်စစ်တပ်မှ ဗိုလ်မှူးကြီးဟိုဒင်နှင့် ဆွေးနွေးခွင့် ရလေသည်။ ဗမာတပ်များက ဂျပန်ကို တိုက်နေသည်ကို စစ်သေနာပတိ မောင့်ဘက်တန်က မဟာမိတ်အဖြစ် လက်ခံကြောင်းနှင့် ဟိုဒင်က ရှင်းပြသည်။ ယခု ရန်ကုန်မြို့ကို သိမ်းမိပြီဖြစ်သဖြင့် မြန်မာစစ်သားများ လက်နက်ကိုင်၍ သွားလာမှု မပြုစေလိုကြောင်း ပြောသည်။
ဗိုလ်နေဝင်းက မဟာမိတ်တပ်များအား မည်သို့ ကူညီပေးနိုင်ပါမည်နည်းဟု မေးသောအခါ ဗိုလ်မှူးကြီးဟိုဒင်က ရန်ကုန်နှင့် ဒေသအများတွင် ဂျပန်စစ်ဝတ်စုံများ ဝတ်ဆင်ကြသည့် မြန်မာစစ်သားများကို ဂျပန်ဟု အထင်မှား၍ ပြဿနာပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်ဝတ်စုံများကို လဲလှယ်စေလိုကြောင်း ပြောလေသည်။
ထိုအခါ ဗိုလ်နေဝင်းက ဗမာ့တပ်မတော်သားများ စစ်ဝတ်စုံလဲလှယ်ရေး စရိတ်အတွက် အင်္ဂလိပ်စစ်တပ်က ရူပီးငွေကျပ် နှစ်သန်း ထုတ်ပေးပါဟု တောင်းသည်။ ဟိုဒင်က မိမိတွင် ဤမျှများပြားသောငွေ မပါ ဟုဆိုသောအခါ ပါသမျှ ပေးနှင့်ပါဟု ဗိုလ်နေဝင်းက တောင်းပြန်သဖြင့် ရူပီးငွေစက္ကူ ၂ဝဝဝ (ကျပ်)ကို ပေးအပ်ခဲ့သည်ဟု ဗိုလ်နေဝင်း၏မှတ်တမ်းတွင် ဖော်ပြထားလေသည်။
ဗိုလ်နေဝင်းသည် ရန်ကုန်မြို့တွင် အတန်ကြာနေထိုင်ပြီး ပဲခူးတိုင်းနှင့် ပတ်ဝန်းကျင်ဒေသများမှ တိုက်ပွဲများ၏အစီရင်ခံစာများကို ဖတ်ရှုကာ မိမိကိုယ်တိုင် ပါဝင်ဆင်နွှဲသည့်အလား ဌာနချုပ်စခန်းသို့ ကိုစက်ရောင်ဟု
လျှို့ဝှက်အမည်ယူထားသည့် ဗိုလ်ချုပ်အောင်ဆန်းထံသို့ မေလ ၁၉ ရက်နေ့တွင် စာရေး အစီရင်ခံသည်။ မိမိတာဝန်ယူရသော ဟံသာဝတီတိုင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမပြုဘဲ ရန်ကုန်သို့ရောက်ရှိနေရသည်မှာ “ရန်ကုန်အခြေအနေကို စိတ်မချရသဖြင့် ကျွန်တော် ဆင်းလာခဲ့ပါသည်”ဟု အစီရင်ခံစာ၌ ဖြေရှင်း ရေးသားထားသည်။ တော်လှန်ရေး ဆင်နွှဲရန် တာဝန်ပေးထားသည့် စခန်းမှ ခွာကာ ရန်ကုန်သို့ ဆင်းသည်ကို ဗိုလ်အောင်ဆန်းက လက်မခံ။
ဗိုလ်ချုပ်အောင်ဆန်းသည် မေလ ၁၆ ရက်နေ့တွင် အင်္ဂလိပ်တပ်များကို ကွပ်ကဲသူ ဗိုလ်ချုပ်ကြီးစလင်းနှင့် တွေ့ဆုံပြီး ဗမာ့တပ်မတော်၏ ကဏ္ဍကိုပြော၍ နားလည်မှုရယူပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုကို ပြုလုပ်ရန် စတင်ပြင်ဆင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အနာဂါတ်အုပ်ချုပ်ရေးအတွက် ဗြိတိသျှအစိုးရ၏ မူလမ်းစဉ်အဖြစ် “စက္ကူဖြူစာတမ်း”ကို မေလ ၁၇ ရက်နေ့ ဘိလပ်ပါလီမန်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ ထိုစာတမ်းအရ စစ်အုပ်ချုပ်ရေး ရပ်စဲချိန်တွင် ဘုရင်ခံက အထူးအာဏာကို အသုံးပြုကာ သုံးနှစ် အုပ်ချုပ်မည်။ ထိုနောက်မှ ရွေးကောက်ပွဲ ကျင်းပပြီး မူလ ၉၁ ဌာနအုပ်ချုပ်ရေးကို ပေးမည်ဟု ပါရှိရာ ခေတ်နောက်ပြန်ဆွဲသည့် လမ်းစဉ်ဖြစ်သဖြင့် မြန်မာများက လက်မခံနိုင်။
ထို့ကြောင့် အင်္ဂလိပ်တပ်များ ဝင်လာပြီးနောက် ဗိုလ်အောင်ဆန်းသည် နိုင်ငံရေးရုန်းကန်မှုကို ပြင်းထန်စွာ လှုပ်ရှားအားထုတ်လေတော့သည်။ ၁၉၄၅ ခု၊ ဩဂုတ် ၉ ရက်နေ့၌ ရန်ကုန်မြို့ နေသူရိန်ရုံကြီးတွင် လူထုအစည်းအဝေးကြီး ကျင်းပပြီး ဖဆပလအဖွဲ့ကြီးကို လူထုတပ်ဦးအဖြစ် ပီပြင်စွာ ဖွဲ့စည်းလိုက်သည်။ နေသူရိန်ညီလာခံ၏ နောက်ပိုင်း၌ ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များသည် တပ်မတော်အား အင်္ဂလိပ်အစိုးရက လက်ခံရေးကို ဦးစားပေးကာ စတင်လှုပ်ရှားတောင်းဆိုကြသဖြင့် ယင်းကိစ္စကို ဆွေးနွေးရန် အင်္ဂလိပ် စစ်တပ်၏ ဖိတ်ခေါ်ချက်အရ စက်တင်ဘာလ ၄ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ သည် သီဟိုဠ်ပြည်၊ ကန္နီမြို့သို့ သွားရောက်ကြသည်။ အဖွဲ့ခေါင်းဆောင်ဦးဘဘေ၊ အတွင်းရေးမှူး သခင်သန်းထွန်း၊ အဖွဲ့ဝင် ကိုညိုထွန်း၊ စောဘဦးကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ကျော်ဝင်း၊ ဗိုလ်မောင်မောင်တို့ ပါဝင်ကြ၏။
စစ်သေနာပတိ မောဘက်တန်က မြန်မာနိုင်ငံအပေါ် ထားရှိသော အင်္ဂလိပ်အစိုးရ၏သဘောထားကို ရှင်းလင်းပြောပြကာ အစည်းအဝေးကို ဖွင့်လှစ်သည်။ ဗိုလ်ချုပ်ကြီးစလင်းက ဆက်လက်ဆွေးနွေးရာ၌ ဗမာ့မျိုးချစ် တပ်မတော်သည် မူလက ဂျပန်တို့နှင့် မဟာမိတ်ဖြစ်ပြီး ၁၉၄၅ ခုနှစ်တွင်မှ အင်္ဂလိပ်စစ်တပ်နှင့် ဆက်သွယ်ပူးပေါင်းကြောင်း ပြောဆိုသောအခါ သခင်သန်းထွန်းက ဗမာ့မျိုးချစ်တပ်မတော်သည် ၁၉၄၂ ခုကပင် အင်္ဂလိပ်တပ်နှင့် ပေါင်းကာ ဂျပန်ကိုတော်လှန်မည့်အကြောင်း ဆက်သား ကိုသိန်းဖေအား အိန္ဒိယသို့ စေလွှတ် အကြောင်းကြားခဲ့ကြောင်းနှင့် ချေပလေသည်။
ကမ္ဘာ့ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရန် လိုအပ်သလို မြန်မာ့ပြဿနာကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းလိုပါသည်”ဟု အစချီကာ ဖဆပလအဖွဲ့ချုပ်၏ မူလမ်းစဉ်ကို ဗိုလ်ချုပ်အောင်ဆန်းက အကျယ် တင်ပြသည်ကို အင်္ဂလိပ်စစ်တပ်မှ အရာရှိကြီးများက ကျေနပ်စွာ လက်ခံကြလေသည်။ သူတို့ စိုးရိမ်နေခဲ့သော မြန်မာလက်နက်ကိုင် သူပုန်အရေးတော်ပုံ မဖြစ်နိုင်ကြောင်း ကတိပေးသည်ဟု ယူဆကြလေသည်။
ကန္ဒီဆွေးနွေးပွဲမှာ အောင်မြင်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့က ဆွေးနွေးပွဲအပြန်တွင် သတင်းစာများကို ထုတ်ဖော်ပြောလေသည်။ မြန်မာမျိုးချစ် တပ်မတော်သား ၅၂၀၀ နှင့် အရာရှိ ၂ဝဝ ကို အင်္ဂလိပ်အစိုးရတပ်များသို့ စီစစ်လက်ခံမည်ဟု သဘောတူညီချက် ရရှိခဲ့သည်။
ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဖွဲ့စည်းမည့် မြန်မာ့တပ်ကို ဦးစီးရန် အင်္ဂလိပ်အစိုးရက လက်ခံမည်ဟု သဘောတူလေသည်။ သို့သော် ထိုတပ်၏ အကြီးအကဲနှင့် အရာရှိများ၊ တပ်သားများသည် ဗြိတိသျှဘုရင်၏ သရဖူကို သစ္စာစောင့်ပါမည်ဟု ကတိသစ္စာပြုရန် လိုအပ်ကြောင်း၊ ဗြိတိသျှဓနသဟာရ အဖွဲ့ဝင်နိုင်ငံမှန်သမျှတို့တွင် ထိုကဲ့သို့ သစ္စာတော်ခံတပ်များကို ဖွဲ့စည်းကြောင်းနှင့်လည်း မောင့်ဘက်တန်က ပွင့်လင်းစွာ တင်ကြိုရှင်းလင်း ပြောလိုက်လေသည်။
ဂျပန်ပြည်တွင် လွှတ်တော်၏အပေါ်မှ စစ်တပ်က သြဇာလွမ်းမိုးနေသည်မှာ မှန်ကန်သောစနစ်မဟုတ်၊ စစ်တပ်သည် လူထုက ရွေးကောက်တင်မြှောက်သော လွှတ်တော်၏လက်အောက်ခံ အစိုးရဌာနတခုသာ ဖြစ်သင့်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ကြိမ်ဖန်များစွာ ဟောကြားခဲ့သည်။ စစ်ဗိုလ်ချုပ်မှူးကြီးသည် အစိုးရရုံးတခုမှ ရုံးလုလင်နှင့် တန်းတူရည်တူ အစိုးရအမှုထမ်းသာ ဖြစ်ရမည်ဟူသော ဒီမိုကရေစီစနစ်ကို ယုံကြည်သူ ဗိုလ်ချုပ်အောင်ဆန်းသည် အကယ်၍ အင်္ဂလိပ်စစ်တပ်တွင် ဝင်ရောက် အမှုထမ်းပါလျှင် ဗြိတိသျှပါလီမန်နှင့် ဘုရင်ခံထံ၌ သစ္စာခံရမည်ကို နားလည်သည်။ ထိုကြောင့် စောစောကပင် စစ်တပ်မှထွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် အစည်းအဝေးမှ ပြန်လာသည်နှင့် “မိတ်ဆွေကြီးမောင့်ဘက်ဟန်သို့ “ဟု အစချီကာ အရပ်သားတဦး ရေးသားသော စာသွားဖြင့် မိမိသည် စစ်တပ်၌နေမည်မဟုတ်၊ တပ်မှထွက်ကာ အရပ်သားတဦးဖြစ် အမျိုးနှင့်တိုင်းပြည်အကျိုးကို သယ်ပိုးမည်ဖြစ်ကြောင်း စာရေး အကြောင်းကြားလိုက်လေသည်။
ကန္ဒီစာချုပ်အရ ဗမာမျိုးချစ်တပ်မတော်အဖြစ် အမည်ပြောင်းထားသော တပ်ကြီးကို ၁၉၄၅ ခု၊ အောက်တိုဘာလတွင် ဖျက်သိမ်းလိုက်လေသည်။ တပ်သားများ၊ အရာရှိများကို လစာအပြည့်နှင့် ခွင့် ၃ လ ပေးလိုက်သည်။
၁၉၄၆ ခု ဇန်နဝါရီလဆန်းတွင် ကချင်ရိုင်ဖယ်တပ်၊ ချင်း၊ ကရင် ရိုင်ဖယ်တပ်တို့ နည်းတူ အင်္ဂလိပ်အစိုးရ၏ ဘားမားရိုင်ဖယ်တပ်အဖြစ် သေနတ်ကိုင်တပ်ရင်း ၃၊ ၄ နှင့် ၅ တို့ကို ဖွဲ့စည်းလိုက်သည်။ တပ်သား ၄၇ဝဝနှင့် အရာရှိ ၂ဝဝတို့ ဝင်ရောက်ကြလေသည်။ တပ်သား ၃၅ဝဝခန့် တို့မှာ အင်္ဂလိပ်စစ်တပ်သို့ မဝင်ဘဲ ပြည်သူ့ရဲဘော်တပ်ဖွဲ့အဖြစ် နိုင်ငံရေးအဖွဲ့တခုကို ဖွဲ့စည်းကာ ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအား တင်မြှောက်ထားကြသည်။ ထိုအချိန်မတိုင်မီကပင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖြစ်ထွန်းလာတော့မည့် တပ်မတော်၏ရှေ့ရေးအတွက် အမျိုးမျိုး ပြင်ဆင်ခဲ့လေသည်။ အနာဂါတ်တပ်မတော်ကို ဗိုလ်လက်ျာအား ဦးစီးစေရန် လိုလားသော်လည်း ထိုအချိန်က ဗိုလ်လက်ျာ၏ ကျန်းမာရေး မကောင်းသဖြင့် လူငယ်လူကောင်းတယောက်ကို ရှာဖွေခဲ့လေသည်။ သခင်ဗဟိန်းအား တပ်ကိုကြီးမှူးရန် တပ်မတော်သို့ ပေးပါဟု သခင်သန်းထွန်းထံ တောင်းခဲ့သေးသည်။
ဗိုလ်နေဝင်းကိုမူ သစ္စာရှိသူတဦး မဟုတ်ဟု စိတ်မချခြင်း။ ဖက်ဆစ်တော်လှန်ရေးတွင် သူတာဝန်ကျသောနယ်ကို စွန့်ခွာခြင်း၊ ပြည်သူ့ပြောက်ကျား နိုင်ငံရေးခေါင်းဆောင်များနှင့် အဆင်မပြေသဖြင့် အောင်မြင်မှုမရခြင်း၊ အပျော်အပါးလိုက်စားခြင်းနှင့် ဂိုဏ်းခွဲမှုတို့ကို ကျူးလွန်ခြင်းတို့ကြောင့် တပ်မှထုတ်ပယ်ရန်ပင် ဆုံးဖြတ်ခဲ့လေသည်။ ဗိုလ်နေဝင်းအားလည်း ခေါ်ယူ ဆူပူခဲ့လေသည်။ ထိုအခါ အကင်းပါးသော ဗိုလ်နေဝင်းက ဗိုလ်ချုပ်ပြစ်တင်သံ ခေါင်းငုံ့ခံပြီး လိုအပ်သည့် နိုင်ငံရေး လှုပ်ရှားမှုများကို အားတက်သရော လုပ်ဆောင်ပြသသည်။
ဗိုလ်နေဝင်းသည် ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးစအချိန်တွင် တာဝါလိန်းရှိ အိမ်ကြီးနှစ်လုံးကို သိမ်းယူနေထိုင်ခဲ့လေသည်။ လောင်းဝစ်လမ်း ပြည်သူ့ရဲဘော်ဝင်း၌ နေထိုင်သူ ဗိုလ်အောင်ဆန်းအား တာဝါလိန်းကုန်းမြင့်ပေါ်မှ အိမ်ကြီးတွင် နေပါဟု ဖိတ်ခေါ်ပြီး သူက တောင်ခြေရှိ အိမ်ငယ်သို့ ပြောင်းရွှေ့နေထိုင်လေသည်။ ဤအကြောင်းများကြောင့် အားနာတတ်သူ ငဲ့ညှာတတ်သူ ဗိုလ်အောင်ဆန်းက ဗိုလ်နေဝင်းအား တပ်မှထုတ်ရန် အစီအစဉ်ကို ပြင်ဟန်တူကြောင်း ဗိုလ်ချုပ်ကျော်ဇော ရေးသော သမိုင်းမှန်ကူကွက်များ စာအုပ်တွင် ဖော်ပြထားလေသည်။
ဂန္ဒီစာချုပ်အရ တပ်မတော်မှ ဗိုလ်များ၊ တပ်သားများ အင်္ဂလိပ်စစ်ဌာနချုပ်သို့သွားကာ ဝင်ခွင့်လျှောက်ထားကြသောအခါ ဗိုလ်နေဝင်းသည် ဦးစွာ သူများထက် စောစီးစွာ လျှောက်လွှာတင်ပါလျက် အမှတ်တစ်ဖြစ်မလာသည်မှ စတင်ကာ မကျေမနပ်ဖြစ်ရပြန်သည်။ စစ်တပ်တွင် မြန်မာ့သေနတ်ကိုင်တပ်မတော်၊ ဘားမားရိုင်ဖယ်၊ မြန်မာကော်မရှင်အတွက် ကိုယ်ပိုင်အမှတ် (ဘီစီ)များ ထွက်လာသောအခါ
ကြည်း ၃၅ဝ၁-ဗိုလ်လက်ျာ
ကြည်း ၃၅၀၂-ဗိုလ်နေဝင်း
ကြည်း ၃၅ဝ၃-ဗိုလ်ဇေယျ
ကြည်း ၃၅ဝ၄-ဗိုလ်ကျော်ဇော
ဟု အမှတ်စဉ်ရသဖြင့် အမှတ် (၁)မရသောကြောင့် မခံမရပ်နိုင်အောင် ဖြစ်ခဲ့သည်။ ဤအတိုင်းဆိုလျှင် အင်္ဂလိပ်က ဖွဲ့သော ဗမာ့တပ်မတော်တွင် ဗိုလ်လက်ျာက သူ့အထက်တွင် တည်ရှိနေရန် သေချာနေလေပြီဟု စိတ်ပျက်မိသည်။ ဗိုလ်လကျော်သည် သူ၏စရိုက်ကို သိသဖြင့် ဂျပန်ခေတ်ကပင် မျက်နှာကြော မတည့်ခဲ့ပေ။ ဗိုလ်လက်ျာအား ဗိုလ်မှူးကြီးအဆင့်နှင့် တပ်၏စစ်ဆေးရေး အရာရှိကြီးအဖြစ် အင်္ဂလိပ်စစ်ဗိုလ်များက ခန့်ထားလိုက်သဖြင့် ပို၍ ဝမ်းနည်းရပြန်သည်။
ရာထူးတက်ရေးမှာ မြန်မာတပ်ကို ကွပ်ကဲသော အင်္ဂလိပ်စစ်ဗိုလ်များဖြစ်သူ တပ်မှူးအဖြစ် ဒုဗိုလ်မှူးကြီးဘားလန့်၊ ဒုဗိုလ်မှူးကြီးမစ်ချဲလ်နှင့် ဒုဗိုလ်မှူးကြီးစကော့တို့၏ မျက်နှာသာပေးမှု လိုအပ်သည်ကို သိသဖြင့် မိမိဦးစီးသော တပ်ရင်း (၄)က ကွန်မြူနစ်လှုပ်ရှားမှု နှိမ်နင်းရေးတာဝန်ကို ဖိ၍ လုပ်ဆောင်ခဲ့သည်။ တကြိမ်တွင် အညာဒေသ၌ လူထု ငတ်မွတ်နေသည်ကို ရန်ကုန်ဘုရင်ခံ၏အစိုးရထံ တင်ပြမည်ဟု ဆိုကာ မုံရွာမှစတင်၍ ခြေလျှင် ချီတက်လာသည့် အငတ်တပ်ကြီးကို ရေနံမြေ ဆိပ်ဖြူမြို့မှ စောင့်ကြိုတားဆီးခဲ့လေသည်။ ကွန်မြူနစ်ခေါင်းဆောင် အလံနီထွန်းစိန်က အလျှော့မပေးသောအခါ တပ်ရင်း (၄)မှ စစ်သားများက အငတ်တပ်သားများနှင့် စင်ပြိုင်စီတန်း၍ ရင်ဘောင်တန်း ချီတက်ကာ လူစုခွဲခဲ့သည်။
ဗိုလ်နေဝင်းသည် ကရင်စစ်ဗိုလ်များကိုလည်း မကျေမနပ် ဖြစ်သေး၏။ ဗမာ့တပ်မတော်၏ ဒုတိယစစ်ဦးစီးချုပ်ရာထူးကို ဗိုလ်မှူးကြီးစမစ်ဒွန်း (ကြည်း ၅၁၀၆)အား ခန့်ထားပြီး ဗိုလ်မှူးချုပ်ရာထူးနှင့် ဗိုလ်မှူးကြီး စောကြာဒိုး (ကြည်း ၅၁၀၇)က တောင်ပိုင်းတိုင်းမှူးအဖြစ် သူ၏အထက်က နေရာရရှိသည်ကို အထူးမကျေမနပ် ဖြစ်ခဲ့သည်။ ကရင်အရာရှိများသည် စစ်ကြီးမဖြစ်မီကပင် မြန်မာ့ရိုင်ဖယ်တပ်၌ အမှုထမ်းခဲ့ကြသဖြင့် ဗိုလ်မှူးနေဝင်းထက် ရာထူးအဆင့်မြင့်သော အခြားကရင်စစ်ဗိုလ်ကြီးများကလည်း ရှိသေးသဖြင့် မြန်မာများ ရာထူးတက်လမ်း ပိတ်ပြီဟု သူက ယူဆခဲ့မိသည်။
ထိုကြောင့် ဗိုလ်နေဝင်းသည် ဗိုလ်မှူးအဆင့်နှင့် တပ်ရင်း (၄)၏ တပ်ရင်းမှူးအဖြစ် လူရင်းများကို သိမ်းသွင်းကာ အားစုနေခဲ့သည်။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးနှင့် ဗိုလ်တင်ဖေတို့သည်လည်း တပ်ရင်း(၄) တွင်စုသည်။ ထိုစဉ်က ဘီယာ၊ ရမ်၊ အရက်စုံ ပေါလှသည်။ စနေ၊ တနင်္ဂနွေ နေ့အားများတွင် တပျော်တပါး ဝေငှစားသောက်ကြသည်ဟု ဗိုလ်နေဝင်း၏မှတ်တမ်းတွင် ဖတ်ရှုရသည်။ ဗိုလ်နေဝင်းသည် ထိုအချိန်က စိတ်ညစ်ညစ်နှင့် အရက်ကိုသာ ဖိ၍ သောက်နေခဲ့လေသည်။ (ဗိုလ်ချုပ်အောင်ဆန်း မရှိတော့မှ ၁၉၄၇ ခု ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်မှ ဗိုလ်မှူးချုပ်ရာထူးနှင့် မြောက်ပိုင်းတိုင်းမှူး ရာထူးကို ရခဲ့၏။)
ဗိုလ်နေဝင်းနှင့်ရဲဘက်တသိုက် တပ်ရင်း(၄)တွင် ဒေါသမီးမွှေးနေကြချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကွန်မြူနစ်များ၊ ဖဆပလခေါင်းဆောင်များသည် နိုင်ငံရေးလှုပ်ရှားမှုကြီးများကို ဆက်တိုက် လုပ်ဆောင်နေကြသည်။ အင်္ဂလိပ်အစိုးရအား စေ့စပ်ဆွေးနွေးသော ဒီမိုကရေစီတိုက်ပွဲနည်းနှင့် အရေးဆိုရာမှ ဘုရင်ခံ၏အတိုင်ပင်ခံ အစိုးရအဖွဲ့ ဝန်ကြီးအဖွဲ့ကို လက်ခံ ဖွဲ့စည်းနိုင်သည်အထိ အောင်မြင်ခဲ့သည်။ ဘုရင်ခံ၏အစိုးရက မူလ ၁၉၄၃ ခုနှစ်က ဖွဲ့ခဲ့သော ဆာပေါ်ထွန်းအစိုးရကို ဖျက်သိမ်း၍ ဗိုလ်အောင်ဆန်း အစိုးရအဖွဲ့ကို ၁၉၄၆ ခု၊ စက်တင်ဘာ ၂၈ ရက်နေ့တွင် ဖွဲ့ခဲ့လေသည်။
နန်းရင်းဝန်နှင့် ကာကွယ်ရေးဝန်ကြီး ဦးအောင်ဆန်း၊ ပြည်ထဲရေးနှင့် တရားဌာန သခင်မြ၊ ဘဏ္ဍာရေး ဦးတင်ထွဋ်၊ လယ်ယာကျေးလက် ဦးသိန်းဖေ၊ စီးပွားရေး ဦးဘဖေ၊ စက်မှုနှင့်အလုပ်သမား မန်းဘခိုင်၊ ပညာရေးနှင့်စီမံကိန်း ဦးစော၊ ပြန်လည်ထူထောင်ရေး ဆာမောင်ကြီး၊ လူမှုရေး ဦးအောင်ဇံဝေ၊ သယ်ယူပို့ဆောင်ရေး သခင်ဗစိန်နှင့် ပြန်ကြားရေး စောဘဦးကြီးတို့ ပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့ပြီးနောက်တွင် နုတ်ထွက်သူများက နုတ်ထွက်ကြသဖြင့် ဖဆပလတဖွဲ့တည်း၏အစိုးရ ဖြစ်လာခဲ့လေသည်။
ထိုကာလတွင် ဗိုလ်အောင်ဆန်းက ဗိုလ်နေဝင်းအား ရာထူးတဆင့် တိုးမြှင့်ပေးခဲ့လေသည်။ ၁၉၄၅ ခု၊ ဒီဇင်ဘာလတွင် ဗိုလ်မှူးအဆင့်မှ ဒုတိယဗိုလ်မှူးကြီးအဖြစ် တိုးတက်ပေးခဲ့လေသည်။ အခြားကရင်စစ်ဗိုလ်ကြီးများကိုလည်း အလားတူ တိုးတက်ပေးခဲ့သောကြောင့် အများကို မြှင့်သည့်ပွဲ ဖြစ်သဖြင့် ဗိုလ်နေဝင်းက ဝမ်းမသာလှပေ။
၁၉၄၇ ခု၊ ဇူလိုင်လတွင် ဗိုလ်လက်ျာအား ကာကွယ်ရေးဝန်ကြီး အဖြစ် ဘုရင်ခံက ခန့်ထားသောအခါ ဗိုလ်နေဝင်းအဖို့ ရာထူးတက်လမ်း ဝေးသည့်ထက် ဝေးသောကြောင့် သူ၏ဘဝတွင် ဒုတိယမြောက် စိတ်အဆင်းရဲဆုံးအချိန် ဖြစ်ခဲ့ရလေသည်။ ဝင်ငွေကောင်းသော ဆရာဝန်ဖြစ်ရန် အားထုတ်ခိုက် တက္ကသိုလ်မှ စာမေးပွဲကျစဉ်ကလည်း ကြီးစွာစိတ်ဆင်းရဲခဲ့ရသည်။ သူ့အဖို့ ဇာတာကျဆင်းသော အချိန်ပိုင်းဟု ဆိုရပေမည်။
ဗိုလ်အောင်ဆန်းအဖို့ ဇာတာအတက်ဆုံးအချိန်ဖြစ်နေ၏။ ပြည်သူ့တို့ကိုယ်စား ဘိလပ်သို့သွားကာ လွတ်လပ်ရေး အရေးဆိုသဖြင့် လွတ်လပ်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် နိုင်ငံရေးဟူသည်မှာ ရန်များလှသည်။ သူကနိုင်ငံရေးစစ်မျက်နှာတွင် ဟောပြောလေတိုင်း အင်္ဂလိပ်တို့ အရင်းရှင်စနစ်ကို တိုက်ခိုက်ခဲ့သည်။ မြန်မာ့စီးပွားရေးကို စီမံကိန်းနှင့် လုပ်ဆောင်ရန် ရေးဆွဲသောအခါတွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဦးတည် ရေးဆွဲလေသဖြင့် မြန်မာနိုင်ငံကို အခြေစိုက်သော အင်္ဂလိပ်အရင်းရှင်တို့က မလိုလားသောကြောင့် ရန်ပြုကြလေသည်။
မြန်မာနိုင်ငံတွင် အခြေစိုက်ထားသည့် အင်္ဂလိပ်အရင်းရှင်ကြီး တစုတို့သည် မြန်မာပြည်၌ ဆက်လက်နေထိုင်ကာ စီးပွားရေးစားကျက်၌ ဆက်လက်စားသုံးလိုကြသည်။ ထိုအစုတို့သည် ရှေးကာလကပင် အင်္ဂလိပ်အစိုးရက အထက်ဗမာပြည်ကို သိမ်းရန်တိုက်တွန်းခဲ့သဖြင့် တတိယ အင်္ဂလိပ် မြန်မာစစ်ပွဲဖြင့် သီပေါအား နန်းချ၍ အထက်ဗမာပြည်ကို သိမ်းခဲ့သည့်သမိုင်း ရှိသည်။ ယခုခေတ်တွင်မူ အင်္ဂလန်ပြည်ရှိ လေဘာပါတီနှင့် ခေါင်းဆောင် မစ္စတာအက်တလီအပေါ်သြဇာမညောင်းသဖြင့် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရမည့် အခြေအနေကို ရင်ဆိုင်နေရသည်။ အကယ်၍ လွတ်လပ်ရေး ပေးရပါက အောင်ဆန်းသာ ဝန်ကြီးချုပ်ဖြစ်နေလျှင် ၁၈ ရာစုက စတင်၍ အင်္ဂလိပ်အရင်းရှင်ကြီးများ တည်ဆောက်ထားခဲ့သော စီးပွားရေးလုပ်ငန်းများ ကို လက်လွှတ်ရတော့မည်မှာ မုချဖြစ်နေသည်။
ထိုကြောင့် မြန်မာ့အရေးကို အထူးစိတ်ဝင်စားသည့် ထိုတစုတို့သည် မြန်မာ့နိုင်ငံရေးဇာတ်ညွှန်းကို ပြောင်းလဲရန် အပူတပြင်း အားထုတ် စီစဉ်ကြလေသည်။ သူတို့တွင် ငွေအများကြီးရှိသည်။ ရန်ကုန်သိမ်းသော စစ်တပ်၏ သုံးပုံတပုံခန့်သော စစ်ဗိုလ်ကြီးများနှင့် မြန်မာပြည်ဘုရင်ခံ၏ အစိုးရအရာရှိကြီးအများသည် သူတို့၏အတွင်းလူများ ဖြစ်ကြသည်။ သူတို့အစုသည် လန်ဒန်မှနေ၍ ခြယ်လှယ်ဖန်တီးနိုင်သည်သာမက ရန်ကုန်တွင်လည်း လိုအပ်သလို စီစဉ်ရန် အင်အားရှိသည်။ မြန်မာနိုင်ငံ၌ အောင်ဆန်း အာဏာမရစေရေးအတွက် ကြံဆအားထုတ်နေသည်။ ထိုအထူးစိတ်ဝင်စား သူတို့အုပ်စုသည် တခါက အင်္ဂလိပ်တို့၏မဟာမိတ်နန်းရင်းဝန်ဖြစ်ခဲ့သူ ဂဠုန်ဦးစောကို မျက်စိကျမိကြသည်။
ဦးစောသည် အောင်ဆန်းအား စိတ်နာနေသည်။ အောင်ဆန်း၏အစိုးရအဖွဲ့တွင် ပါဝင်ပူးပေါင်းရန် သဘောတူပါလျက် အောင်ဆန်း၏လူသတ်သမားတစုဟု သူက ယိုးစွပ်သူတို့သည် သူ့ကို လုပ်ကြံကြသည်။ (စက်တင်ဘာလ ၂၆)တွင် ကံကြီးလွန်းလှသဖြင့် မသေခဲ့ရသော်လည်း အောင်ဆန်းအပေါ် နာကျည်းနေသည်။ ထိုစဉ်က အောင်ဆန်းနှင့် သခင်နုတို့သည် ဆေးရုံသို့ ချက်ခြင်းလာရောက်၍ လူမမာ မေးကြသေးသည်။ ဦးစောအား လုပ်ကြံသော အကြမ်းဖက်ဝါဒ လူသတ်သမားများ မည်သူဖြစ်သည်ကို အောင်ဆန်းပင် မသိဟု ဆိုသည်ကို ဦးစောက မယုံကြည်နိုင်ဘဲ အောင်ဆန်းအား ကလဲ့စားချေမည်ဟု ဆုံးဖြတ်ထားသည်။
မြန်မာအဖွဲ့နှင့်အတူ ဘိလပ်သို့ လိုက်လာပြီး အောင်ဆန်းပြုသမျှကို ဦးစောက ကန့်ကွက်သည်။ မြန်မာနိုင်ငံရောက်လျှင် အောင်ဆန်းသည် နိုင်ငံကို ရောင်းစားသူဖြစ်သည်ဟု ဟောပြော၍ မျိုးချစ်အဖွဲ့ကို စည်းရုံးမည်ဟု သူက ပြောသည်။ အရက်မူးလွန်သောအခါတွင် လက်သီးနှင့် စားပွဲကို ထုကာ “အောင်ဆန်းသေရမည်”ဟု ကြိမ်းမောင်းလေ့ရှိသည်။ “ဒီလို ကြိမ်းပေမဲ့ အောင်ဆန်းကို သတ်မယ်လို့ ပြောတာမဟုတ်ဘူး၊ အောင်ဆန်းရဲ့ နိုင်ငံရေးလမ်းစဉ် သေရမယ်လို့ ပြောတယ်လို့ ယူဆခဲ့တယ်”ဟု နားနှင့် ကြားလိုက်ရသူ ဘီဘီစီ ဦးအောင်မင်းက မှတ်ချက်ချခဲ့သည်။
သို့သော် ထိုဘိလပ်ဆွေးနွေးပွဲအချိန်တွင်ပင် ဦးစောသည် အထူးစိတ်ဝင်စားသူများ၏ အုပ်စုနှင့် အဆက်အသွယ်ဖြစ်သွားဟန်တူသည်။ ငွေရော လက်နက်ပါ လိုသလောက်ရစေမည်ဟု ကတိပေးကြဟန်တူသည်။ ဦးစောသည် ဘိလပ်ဆွေးနွေးပွဲ ပြန်လာချိန်မှ စတင်ကာ သူ၏အကြံကို အားစိုက်တော့သည်။ အင်္ဂလိပ်စစ်ဗိုလ်များက စစ်လက်နက်ဂိုဒေါင်များမှ လက်နက်မျိုးစုံ ခိုးထုတ်ပေးသည်။ ထိုသို့ ကြံစည်ချိန်တွင် ဦးစောနှင့် အင်္ဂလိပ်အပေါင်းပါတို့သည် ဗိုလ်အောင်ဆန်းကို ဖယ်ရှားပြီးချိန်တွင် တည်ထောင်မည့် အစိုးရသစ်၏ပုံစံကို လေးနက်စွာ ဆွေးနွေးရေးဆွဲကြရပေမည်။ နိုင်ငံရေးအားဖြင့် အချိန်အနည်းငယ်အတွင်း မျိုးချစ်ပါတီက ဖဆပလကို လွှမ်းမိုးနိုင်ရမည်ဟု ဦးစောက ယုံကြည်သည်။
အရေးကြီးသည်မှာ စစ်တပ်၏ကဏ္ဍ ဖြစ်သည်။ မြန်မာနိုင်ငံ တပ်စွဲထားဆဲဖြစ်သော အင်္ဂလိပ်စစ်တပ်က တိုင်းပြည်တွင် ကြီးမားမား ဆူပူမှုမဖြစ်သရွေ့ ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု ယူဆရသည်။ သို့သော် အသစ်ဖွဲ့နေသည့် ဘားမားရိုင်ဖယ်တပ်တွင် ဂျပန်နှင့်ပူးပေါင်းပြီးမှ ပြန်၍တော်လှန်ခဲ့သည့် နိုင်ငံရေးယုံကြည်ချက်ရှိသော အရာရှိများရှိနေသည်။ ထို့ပြင် လက်နက်ပုန်းများရှိလေမည်ဟု ယူဆရသည့် ပြည်သူ့ရဲဘော်များကလည်း ရှိသေးသည်။ ဦးစောအစိုးရ ဖွဲ့ခွင့်ရပါက ထိုနိုင်ငံရေး လွှမ်းမိုးနေသော မြန်မာစစ်တပ်အင်အားစုများကို မည်သူက ထိန်းသိမ်းနိုင်မည်နည်း၊ မြန်မာစစ်တပ်၏ အကြီးအကဲဖြစ်နေသူ ဗိုလ်ချုပ်စမစ်ဒွန်းနှင့် ကရင် စစ်အရာရှိကြီးများသည် ရိုးဖြောင့်လွန်းသဖြင့် နိုင်ငံရေးလူသတ်ပွဲကို ထောက်ခံမည့်သူများ မဟုတ်ဟု ယူဆသဖြင့် ဦးစောအစိုးရအဖို့ သူတို့ကိုလည်း ရာထူးမှ ဖယ်ရှားရပေမည်။
ဦးစောကဲ့သို့ ပုဂ္ဂိုလ်ကို ပူးပေါင်းလက်ခံမည့် စစ်ခေါင်းဆောင်သည် ဩဇာရှိရမည်၊ ရာထူးအတွက် မည်သည့်အမှုကိုမဆို ပြုရဲသူဖြစ်ရမည်။ စစ်ခေါင်းဆောင်လောင်းရှာသောအခါ လက်ငင်းအားဖြင့် မျက်နှာငယ်နေပြီး ရာထူးနိမ့်ကျ၍ စိတ်မချမ်းမသာဖြစ်နေသူ ဗိုလ်နေဝင်းအား ဦးစောက မျက်စိကျသည်။ ဂဠုန်အစိုးရခေတ်တွင် စစ်တပ်ကို ဦးစီးစေပါက မြန်မာတပ်များအားလုံးကို ထိန်းသိမ်းနိုင်မည်ဟု စဉ်းစားဆုံးဖြတ်မိသည်။ ဗိုလ်နေဝင်းအား ဆက်သွယ်ကြပေမည်။
ဗိုလ်နေဝင်းနှင့် ဦးစော ဆက်သွယ်မှုလမ်းကြောင်းကို ရှာဖွေတွေ့ ရှိရန်မှာ မလွယ်ပေ။ သို့သော် စစ်မဖြစ်မီ ဦးစော နန်းရင်းဝန်ဖြစ်စဉ်က စီအိုင်ဒီစုံထောက်ဌာနကို ဦးစောကိုယ်တိုင် ကွပ်ကဲ၍ သခင်များနှင့် မဟာဗမာစသည့် နိုင်ငံရေးအဖွဲ့များ၏ သတင်းများကို ရယူခဲ့သည်။ ဂျပန်သို့ သွားရန် နယ်စပ်သွားသည့် သခင်ဗစိန်အား ဖမ်းဆီးမိအောင် သတင်းပေးနိုင်သည့် အထူးစုံထောက် သတင်းပေး မောင်ရှုမောင်ကို ဦးစော ကောင်းစွာ သိရှိနိုင်သည်။ အင်္ဂလိပ်ကို တိုက်ရန် ဂျပန်သို့ ခိုးထွက်စဉ်က သင်္ဘောဆိပ်သို့ ရန်ကုန်ပုလိပ်မင်းကြီး၏ကားနှင့် လိုက်ပို့ရန်ပင် စီစဉ်ခဲ့ရသော အင်္ဂလိပ်အရာရှိကြီးများသည် ရန်ကုန်သို့ပြန်၍ ဝင်မိသည်နှင့် မောင်ရှုမောင်အား ဆက်သွယ်ကြမည် ဖြစ်သည်။ လျှို့ဝှက်စုံထောက် သတင်းပေးမောင်ရှုမောင်ကို စောစောကပင် ဆက်သွယ်ထားရှိကြပေမည်။
ဤသို့သော အခြေအနေများကို နောက်ခံပြုကာ လုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့ကြသည်။ “လူသတ်သမားတို့သည် ဗမာ့တပ်မတော် တပ်ရင်း (၄)စစ်ဝတ်စုံများ ဝတ်ဆင်ထားကြသည်”ဟု ဇူလိုင် ၁၉ ရက် ၁၆: ၂၅ နာရီတွင် ဘုရင်ခံ၏ အတွင်းဝန် ဖောင်းလားက ဘိလပ်မြန်မာပြည်ရုံးသို့ ပေးပို့သော ကြေးနန်းတွင် ဖော်ပြထားသည်။ နောက်ပိုင်း အမှုစစ်ဆေးသည့်အခါတွင် လူသတ်သမားတို့ ဝတ်ဆင်သည့် စစ်ဝတ်စုံတံဆိပ်ကို အင်္ဂလိပ်တို့၏ ၁၂ နံပါတ် တပ်မတော်တံဆိပ်ဟု မှတ်တမ်းတင်ပြန်သည်။
လုပ်ကြံမှုကြီးတွင် ဗိုလ်နေဝင်း တိုက်ရိုက်ပါဝင်သည်ဟူသော သက်သေအစအန တစွန်းတစမှ ပေါ်ပေါက်ခြင်း မရှိခဲ့ပေ။ ဗိုလ်မှူးနေဝင်းက ဦးအောင်ဆန်းရှိနေသရွေ့ ကာလပတ်လုံး မိမိအဖို့ ရာထူးတက်လမ်း မရှိခြင်းနှင့် နောက်တနေ့ စစ်တပ်အာဏာ ထက်လာချိန်၌ ဦးစောကို ဖယ်ရှားပြီး ကိုယ်တိုင် အာဏာကို လုယူရန် ရည်ရွယ်ချက်ရှိခြင်းတို့ကြောင့် လုပ်ကြံမှုကြီးတွင် ဝင်ရောက်ကူညီခဲ့၏ဟု | ခန့်မှန်းနိုင်ပေသည်။ ပတ်ဝန်းကျင်နိုင်ငံရေး ဖြစ်ရပ်များနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်ကာ စဉ်းစားရပေမည်။
လူသတ်သမားတို့က ရုံးပေါက်ဝတွင် ပြည်သူ့ရဲဘော်တဦးကို စတင် ပစ်ခတ်သည်ဟု ဘုရင်ခံ၏အတွင်းရေးမှူး၏ ကြေးနန်းတွင် ဖော်ပြထားသော်လည်း ထိုရဲဘော်ဖြူကို မတွေ့ရ။ ဒဏ်ရာရသည်ဆိုသော ထိုအစောင့်၏ ထွက်ဆိုချက်ကို အမှုစစ်ဆေးသောအခါ၌ မတွေ့ရတော့ပေ။
ဗိုလ်တထောင် လက်နက်တိုက်မှ ဘရင်းဂန်းသေနတ် ၂ဝဝ နှင့် ကျည်ဆံများကို ခိုးထုတ်သွားကြောင်း သတင်းကို ဗမာခေတ်တွင် ဖော်ပြခြင်းမပြုမီ တပတ်ခန့်ကပင် လုပ်ကြံရန် ကြံစည်မှုသတင်းကို ရသဖြင့် ကျဆုံးသူ ဝန်ကြီး ဒီးဒုတ်ဦးဘချိုက ဗိုလ်နေဝင်းထံ အကူအညီတောင်းသဖြင့် ဗိုလ်နေဝင်း စိတ်ချယုံကြည်သူ ၂ ဦးကို ဗိုလ်အောင်ဆန်းထံ ပို့ထားခဲ့သည်။ ဗိုလ်မှူးနေဝင်းက ပေးသော သက်တော်စောင့် ၂ဦးဖြစ်သူ ရဲဘော်ဘတုတ်နှင့် ရဲဘော်ရဲမြင့်တို့သည် သေနတ်ပစ် လက်ဖြောင့်ကြသည်။ ခြောက်လုံးပြူးနှင့် ပစ္စတို ၁ဝ ချက်ပစ်လျှင် ၈ ချက်သည် ပစ်မှတ်၏ ဗဟိုစက်ဝိုင်းသို့ ထိမှန်အောင် ပစ်နိုင်သူများဖြစ်သည်။ ဗိုလ်နေဝင်း ဂျပန်တော်လှန်ရေး တာဝန်ကျစဉ်က ဗိုလ်နေဝင်း၏သက်တော်စောင်များအဖြစ် တာဝန်ယူခဲ့ကြသူများ ဖြစ်ကြသည်။ ဦးအောင်ဆန်း၏လုံခြုံရေးကို ကာကွယ်ရန် တာဝန်ပေးထားသော ထိုအထူးအစောင့်နှစ်ဦးသည် အမြဲတစေ ဦးအောင်ဆန်း၏လက်တလှမ်းတွင် ရှိရပါလျှက် အခင်းဖြစ်ပွားသော ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က မရှိကြဘဲ ပျောက်ကွယ်နေကြသည်မှာ ဗိုလ်နေဝင်း၏အစီအစဉ် ဟု မုချယုံကြည်နိုင်သည်။
ထိုနေ့က ရှောင်နေကြသော သက်တော်စောင့် ၂ ဦးသည် လုံးဝ ပျောက်သွားသည်။ ရက်အနည်းငယ်ကြာမှ အလောင်းတွေ့ကြရသည်။ ထိုသူနှစ်ဦးကို အလံနီသူပုန်တို့က သတ်သည်ဟု ပုလိပ်တို့က အမှုဖွင့်တိုင်ချက်ကို မှတ်ယူပြီး အမှုကို ပိတ်လိုက်သည်ဟု ကြည့်မြင်တိုင် ကိုသန်း ရေးသားသည့် ကိုယ်တွေ့ သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး စာအုပ်တွင် ဖော်ပြထားလေသည်။ ပြည်ထဲရေးဝန်ကြီးအသစ် ဦးမြ (ပျော်ဘွယ်)သည် လုပ်ကြံမှုကြီး ဖြစ်ပွားစဉ်က ဗိုလ်နေဝင်း၏ တပ်ရင်း(၄)ကို စိတ်ချယုံကြည်မှု မရှိပေ။ ဦးစော၏အိမ်ကို ဝိုင်း၍ဖမ်းရန် ညွှန်ကြားစဉ်က စစ်တပ်၏အကူကို မယူစေဘဲ ဗိုလ်မှူးအေးငွေ (တက္ကသိုလ်မြလေးနွယ်)ကွပ်ကဲသော သောင်းကျန်းမှု နှိမ်နှင်းရေးတပ်ရင်း (၁)မှ ရဲဘော်များနှင့် ရန်ကုန်ပုလိပ်များကို ပူးပေါင်းအသုံးပြုကာ ဦးစော၏အိမ်ကို ဝိုင်း၍ ဖမ်းရန် အမိန့်ပေးခဲ့သည်။
ဤသို့သော အချက်အလက်များကို သိရှိသဖြင့် ဖဆပလခေါင်းဆောင်သစ် ဖြစ်လာသူ အတွင်းဝန်ဟောင်း ဦးတင်ထွဋ်သည် ဗိုလ်မှူးချုပ်ရာထူးနှင့် စစ်မှုထမ်းစဉ်က လုပ်ကြံမှုကြီးတွင် ဦးစော၏အပေါင်းပါ မည်သူနည်းဟု သဲလွန်စများ ရှာဖွေခဲ့သည်။ နယူးတိုင်းသတင်းစာ၏ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးတင်ထွဋ်က ဦးစောနှင့်ကြံရာပါများအကြောင်းကို သူ၏သတင်းစာ၌ ဖွင့်လှစ်ရေးသားလိုသည်ဟု အကြောင်းပြကာ သတင်းထောက်ချုပ် ကိုအေးဖေအား သတင်းအစအနများ လိုက်လံစုံစမ်းရန် ညွှန်ကြားခဲ့သည်။ မကြာပါပေ။ ယင်းကဲ့သို့ အမှုဟောင်းကို ပြန်ဖော်ရန် အားထုတ်သဖြင့် ဦးတင်ထွဋ်ပါ လုပ်ကြံခံရကာ အသက်ပေးသွားရရှာသည်။
လုပ်ကြံမှုကြီးကို တရားခံပေါ်အောင် အားထုတ်ခဲ့သူ ဒုရဲချုပ် ဦးထွန်းလှအောင် ရင်ဆိုင်ရသည့် ကံကြမ္မာမှာလည်း ဆန်းကြယ်နေသည်။ ဦးထွန်းလှအောင်က ဦးစောနှင့် အပေါင်းပါများကို ဖမ်းဆီးလာခဲ့သည်။ အင်္ဂလိပ်တရားခံများကိုပါ ဖမ်းနိုင်ခဲ့သည်။ ဦးစောတို့အမှုကို ခုံရုံးသို့ တင်စဉ်က တရားလို အစိုးရသက်သေ အမှတ် ၂၆ အဖြစ် အစစ်ခံခဲ့ရသည်။ သူ၏ထွက်ချက်တို့သည် တရားခံများကို အပြစ်ပေးနိုင်ရန် အရေးပါသောထွက်ချက်များ ဖြစ်ခဲ့သည်။ အမှုထမ်းကောင်းတဦးဖြစ်သဖြင့် ဆုအဖြစ် အင်္ဂလန်ပြည် မြန်မာသံရုံးသို့ စေလွှတ်ကာ စစ်သံမှူးအဖြစ် သွားရောက် အမှုထမ်းစေခဲ့လေသည်။ (၁၉၄၈ ခု) သို့သော် ၁၉၅၁ ခုနှစ်တွင် ရာထူးသက်တမ်း ပြီးဆုံးသဖြင့် မြန်မာနိုင်ငံသို့ သင်္ဘောနှင့်ပြန်လာသောအခါ သီရိလင်္ကာ (သီဟိုဠ်ကျွန်း)၊ ကိုလံဘိုမြို့တွင် စစ်စုံထောက်အရာရှိများ စောင့်နေပြီး ရန်ကုန်ပြန်ခွင့်မပေးဘဲ မိသားစုတဖွဲ့လုံး၏ နိုင်ငံကူးလက်မှတ်များကို သိမ်းလိုက်သည်။ သံမှူးဟောင်း ဦးထွန်းလှအောင် မိသားစုမှာ မည်သည့်အကြောင်းကြောင့် ဖြစ်သည်ဟု မသိရဘဲ သီဟိုဠ်တွင် နိုင်ငံကူးလက်မှတ် မရှိသဖြင့် ၁၉၅၄ ခုနှစ်အထိ သောင်တင်နေခဲ့ရရှာသည်။ ဦးထွန်းလှအောင်အား မြန်မာနိုင်ငံတွင် မရှိစေလိုသည်မှာ ထင်ရှားသည်။
ဤနောက်ခံ နိုင်ငံရေးသတင်းဖြစ်ရပ်များကို မှီငြမ်း၍ လုပ်ကြံမှုကြီးကို ဗမာ့ခေတ်သတင်းစာတွင် အပတ်စဉ် ဆောင်းပါးရေးပြီး စာအုပ်ထုတ်လိုကြောင်း သတင်းထောက်တဦးဖြစ်သော စာရေးသူက အယ်ဒီတာချုပ် ဦးအုန်းခင်ထံ တင်ပြခဲ့သည်။ “ဦးစောနဲ့ ကြံရာပါပုဂ္ဂိုလ်ဟာ ဗိုလ်မှူးနေဝင်း ဖြစ်တယ်လို့ သဲလွန်စရှာတဲ့သူ ဦးတင်ထွဋ်နှင့် ဦးထွန်းလှအောင်တို့ ဘာဖြစ်သွားသလဲဆိုတာကို မင်း မမြင်ဘူးလား၊ လုပ်မနေပါနဲ့ကွာ၊ နှုတ်ပိတ်ထားလိုက်ပါ”ဟု ဦးအုန်းခင်က တားမြစ်ခဲ့လေသည်။
ဦးအုန်းခင်က စာရေးသူအား ဆက်၍ပြောသေးသည်။
“တနေရာမှာ တွေ့တုန်းက နေဝင်းက ငါ့ကို ပြောတယ်ကွ၊ ကိုအုန်းခင်တဲ့... တင်ထွဋ်ကို သတ်တာ ဘယ်သူလဲဆိုတာ သိရဲ့လားတဲ့၊ ဟဲဟဲ ငါ့ကို ခြောက်တာပေါ့ကွ၊ ငါမကြောက်တတ်ဘူးဆိုတာ မင်းသိပါတယ်၊ ဒါပေမယ့် မင်းအဖို့တော့ အခုရေးလျှင် အန္တရာယ်ရှိနိုင်တယ်။ မရေးပါနှင့်ဦးကွာ၊ မှတ်စုတွေကိုသာ လုံလုံခြုံခြုံ သိမ်းထားပါ။ တနေ့တခေတ်မှာ မင်းရေးဖို့ အခွင့်အရေး ကြုံပါလိမ့်မယ်”ဟု ပြောခဲ့၏။
အပိုင်း(၃) ဆက်ရန်
ကြေးမုံ ဦးသောင်း
No comments:
Post a Comment