Saturday, August 6, 2022

ဘုရားသခင်သို့ ပေးစာ

​တောင်ကြားထဲတွင် တစ်လုံးတည်းသာ ရှိသောအိမ်သည် ခပ်နိမ့်နိမ့်တောင်ကြားကလေးတစ်ခုထိပ်တွင် ရှိသည်။ တောင်ပေါ်မှ ဆီးကြည့်လိုက်လျှင် မြစ်၊ ထို့နောက် ခြံ၊ ထို့နောက် ပြောင်းပွင့်တွေ ဖွေးဖွေးလှုပ်အောင် ပွင့်နေသည့် ပြောင်းခင်းကို မြင်ရသည်။ ကြည့်လိုက်လျှင် အမြဲလိုလိုပင် အထွက်ကောင်းမည့်ပုံ ပေါ်နေသည်။


မြေကြီးက လိုနေသည့်အရာမှာ မိုးရေသာလျှင် ဖြစ်သည်။ အနည်းဆုံး တစ်ပြိုက် နှစ်ပြိုက် ကျလိုက်လျှင် လုံလောက်ပြီ။ သူ့ ယာ​တောအကြောင်းကို ကောင်းကောင်းသိသည့် လင်းချိုသည် ဘာမျှမလုပ်။ အရှေ့မြောက်ဘက် မိုးကောင်းကင်ကိုသာ မျှော်ကြည့်နေသည်။ 


“မိန်းမရေ၊ မိုးကတော့ တစ်မကြီးရွာတော့မယ် ထင်တယ်ကွ” 


ညစာစားရန် ခူးခပ်ပြင်ဆင်နေသော သူ့ မိန်းမက 

“ဟုတ်ပါ့တော်၊ ဘုရား မ တာပေါ့”


သားကြီးများမှာ ယာထဲတွင် အလုပ်လုပ်နေကြပြီး သားငယ်များမှာ အိမ်အနီးတွင် ကစားနေကြသည်။ 


“ကဲ လာကြဟေ့၊ ထမင်းစားမယ်”


သူတို့ ထမင်းစားနေစဉ်တွင် လင်းချို ပြောသည့်အတိုင်း မိုးသီးမိုးပေါက်ကြီးများသည် တဖြန်းဖြန်း ကျလာကြသည်။ အရှေ့မြောက်ထောင့် ကောင်းကင်တွင် တိမ်တောင်တိမ်လိပ်ကြီးများသည် တရွေ့ရွေ့ လာနေကြလေပြီ။ လေသည် လန်းဆန်း၍ ချိုမွှေးနေသည်။ အိမ်ရှင်ယောက်ျားသည် နွားခြံဆီသို့ ကိစ္စတစ်ခု ရှိပုံမျိုးဖြင့် ထွက်သွားသည်။ သို့ရာတွင် ဘာမျှ ကိစ္စမရှိပါ။ ကိုယ်ပေါ် သို့ မိုးသီးမိုးပေါက်တို့ ကျသည့် အရသာကို ခံရန် ဖြစ်ပါသည်။ ပြန်လာသည့်အခါတွင် သူက

“မိုးပေါ်က ကျတာတွေက မိုးသီးမိုးပေါက်တွေ မဟုတ်ဘူးကွ၊ ရွှေမိုး ငွေမိုးတွေ၊ မိုးစက်ကြီးကြီးတွေက ဆယ်ပြားစေ့လောက်ရှိပြီး မိုးစက်သေးသေးတွေက ငါးပြားစေ့လောက် ရှိတယ်”


သူသည် မိုးစက်ကန့်လန့်ကာကြီးထဲတွင် ပန်းတွေ တဝေဝေ ဖြစ်နေသော ပြောင်းခင်းကြီးကို ကြည်နူးစွာ လှမ်းကြည့်နေသည်။ ထိုစဉ် လေခပ်ပြင်းပြင်းကျလာပြီး လေပြင်းနှင့်အတူ ကြီးမားသော မိုးသီးကြီးများ ကျလာသည်။ ထိုမိုးသီးကြီးများကမှ တကယ့် ရွှေစ ငွေစနှင့် တူခြင်းဖြစ်သည်။ ကလေးများသည် မိုးရေထဲတွင် ပြေးလွှားကာ မိုးသီးများကို ကောက်ကြသည်။ 


“မိုးသီးတွေက သိပ်များရင် မကောင်းဘူးဟေ့၊ ​တော်ဖို့ ကောင်းပြီထင်တယ်”ဟု ​ယောကျ်ားက မိုးသီးများကို ကြည့်ရင်း အလန့်တကြား ​ပြောသည်။


သို့ရာတွင် မိုးသီးများသည် ရပ်မသွားပါ။ အိမ်ခေါင်မိုး၊ သစ်ပင်များ၊ ယာတော၊ တောင်ကြောပေါ်၊ တောင်ပေါ်သို့ တစ်နာရီခန့်မျှ ဆက်တိုက် ကျနေကြသည်။ ယာတစ်ခုလုံးသည် ဆားတွေ ပက်ထားသည့်နှယ် ဖွေးနေတော့သည်။ သစ်ပင်ပေါ်တွင် သစ်ရွက်တွေ မရှိတော့။ ပြောင်းနှံတွေ ပျက်ကုန်ပြီ။ ပြောင်းပွင့်တွေ ကြွေကျကုန်ကြပြီ။ လင်းချိုသည် ဝမ်းနည်း၍မဆုံး ဖြစ်နေသည်။ မိုးသီးမုန်တိုင်း စဲသွားသည့်အခါ၌ လင်းချိုသည် ယာတောလယ်တွင် ရပ်ရင်း သူ့သားများကို ပြောနေသည်။


“ကျိုင်းကောင်အုပ် ကျတာကမှ သက်သာဦးမယ်ကွာ၊ မိုးသီး ကျလိုက်တာ ဘာမှမကျန်တော့ဘူး၊ ဒီနှစ်တော့ တိုများ ပြောင်းလဲ ရမှာမဟုတ်ဘူး၊ ပဲလဲ ရမှာ မဟုတ်တော့ဘူး”


ထိုညသည် စိတ်မကောင်းစရာည ဖြစ်သည်။ 


“တစ်နှစ်လုံး လုပ်လိုက်ရတာကွာ၊ ဘာမှ မရလိုက်ဘူး” 


“ဘယ်သူမှ မကယ်နိုင်တော့ဘူး ထင်ပါရဲ့” 


“ဒီနှစ်တော့ ဝမ်းစာတောင်ရှိမှာ မဟုတ်တော့ဘူး”


သို့ရာတွင် တောင်ကြားထဲရှိ တစ်လုံးတည်းသော အိမ်တွင် နေကြသူတို့၏စိတ်ထဲ၌ကား မျှော်လင့်ချက်တစ်ခု ရှိနေသည်။ ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှု ဖြစ်သည်။ 


“ပျက်တော့ ပျက်တာပေါ့လေ၊ ဒါပေမယ့် ဒီလောက်လဲ စိတ်ဓာတ်မကျကြပါနှင့်၊ ငတ်သေတဲ့ မသာရယ်လို့မှ မရှိပါဘူး”


“အင်း၊ ငတ်သေတဲ့မသာ မရှိဘူးလို့တော့ ပြောကြတာပဲလေ” 


ထိုနေ့ည တစ်ညလုံး လင်းချိုသည် မျှော်လင့်ချက်တစ်ခုကိုသာ တွေးမိ၏။ ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှု ဖြစ်သည်။ ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ စိတ်ထဲတွင်ရှိသည့် ဆန္ဒကို သိမြင်တော်မူသည် မဟုတ်လား။ 


လင်းချိုသည် ယာတောတွင် နွားလို ရုန်းဖို့လောက်ကိုသာ သိသူဖြစ်၏။ မည်သို့ စာရေးရမည်ကို မသိ။ နောက်တစ်နေ့မနက် လင်းသည်နှင့် လင်းချိုသည် စာတစ်စောင်ကို ကြိုးစား၍ ရေးနေသည်။ သူ့ကို ဘုရားသခင်က မှိုင်းမတော်မူမည်ဟုလည်း သူ ယုံကြည်၏။ ထိုစာမှာ အခြားစာ မဟုတ်ပါ။ ဘုရားသခင်ထံ ပေးစာ ဖြစ်ပါသည်။


“တပည့်တော် လျှောက်ထားအပ်ပါသည် ဘုရား၊ ယခုနှစ်တွင် အရှင်ဘုရားမှ မကယ်လျှင် တပည့်တော်တို့မိသားစု ငတ်ကြရမည်သာ ဖြစ်ပါသည်။ တပည့်တော်၏ လယ်ယာတောမှာ မိုးသီးကြောင့် ပျက်သွားသဖြင့် နောက်ထပ်ပြန်စိုက်ရန်နှင့် ကောက်သစ်မပေါ်မီ စားသောက်ရန်အတွက် ငွေတစ်ရာလောက် လိုပါသည်။"


သူသည် စာကို စာအိတ်ထဲတွင် ထည့်၊ စာအိတ်ပေါ်တွင် “ဘုရားသခင်ထံ ပေးရန်”ဟု ရေးပြီး စာထည့်ရန် မြို့သို့ လာခဲ့သည်။ စာတိုက်မှ တံဆိပ်ခေါင်းတစ်လုံးဝယ်၍ ကပ်ပြီးနောက် စာကို စာတိုက်ပုံးထဲသို့ ထည့်ထားခဲ့သည်။ 


စာပို့သမားသည် ထိုစာကို တွေသည့်အခါတွင် ရယ်မောကာ စာတိုက်ဗိုလ်ကို သွားပြသည်။ သူ့တစ်သက်တွင် ဘုရားသခင်ထံ လိပ်စာတပ်ထားသော စာတစ်စောင်ကို တစ်ခါမျှ မတွေဖူးခဲ့။ သဘောကောင်းသည့် ခပ်ဝဝ စာတိုက်ဗိုလ်ကြီးသည်လည်း ထိုလိပ်စာကိုမြင်သည့်အခါတွင် ခွက်ထိုးခွက်လန် ရယ်မိသည်။ ထိုနောက် ချက်ချင်း လေးနက်သွားကာ စာကို စားပွဲပေါ်တွင် တဖျတ်ဖျတ် ရိုက်ရင်း 

“သူ့ခမျာ သနားပါတယ်၊ ဘုရားတရားကို တော်တော် ယုံကြည်ရှာတာပဲ၊ သူ့လို ယုံကြည်နိုင်တဲ့သူဖြစ်ရင် ဘယ်လောက်ကောင်းမလဲ မသိဘူး၊ သူ့လို ယုံကြည်ချင်လိုက်တာ၊ သူ့လို မျှော်လင့်ချက်မျိုး ရှိချင်လိုက်တာ၊ ကြည့်စမ်းပါဦး၊ ဘုရားသခင်ဆီကို အားကိုးတကြီး စာနှင့် ပေနှင့်တောင် ဆက်သွယ်တယ်”


ဝေငှ၍ မဖြစ်သည့် စာတစ်စောင်ကို ဖတ်ရင်း ဘာသာတရား ကိုင်းရှိုင်းပုံကို ကြည့်၍ စိတ်ပျက် အားငယ်ခြင်း မဖြစ်စေရန် တစ်ခုခု ကူညီသင့်သည်ဟု စာတိုက်ဗိုလ်ကြီး သဘောရသည်။ စာတစ်စောင် ပြန်သင့်သည်ဟုလည်း သူ သဘောရသည်။ သို့ရာတွင် စာကိုဖွင့်၍ ဖတ်လိုက်သည့်အခါ၌ သူ့စာကို ပြန်လျှင် စိတ်စေတနာကောင်းရုံ၊ မင်ရှိရုံ၊ စာရွက်ရှိရုံဖြင့် မလုံလောက်ကြောင်းကို သူ သဘောပေါက်လာသည်။ သိုရာတွင် သူ့ဆုံးဖြတ်ချက်ကို မပြောင်းပါ။ 


စာတိုက်ဗိုလ်ကြီးသည် စာတိုက်အမှုထမ်းများထံမှ ငွေကောက်သည်။ သူကိုယ်တိုင်လည်း သူ့လစာ တစ်စိတ်တစ်ပိုင်းကို ထည့်သည်။ သူ့မိတ်ဆွေများကလည်း “အလှူဒါန” အဖြစ် တတ်နိုင်သလောက် ထည့်ဝင်ကြသည်။ သို့ရာတွင် တစ်ချီတည်းဖြင့် ငွေတစ်ရာရဖို့ မလွယ်ပါ။ ထို့ကြောင့် စာတိုက်ဗိုလ်ကြီးသည် တစ်ဝက်ကျော်ကျော်ရှိသည့် ငွေစက္ကူများကို စာအိတ်တစ်အိတ်တွင်ထည့်ပြီး လင်းချိုထံ ပို့လိုက်သည်။ စာအိတ်ထဲတွင် “ဘုရားသခင်” ဆိုသည့် စာလုံးတစ်လုံးကိုသာ ရေးထားသည့် စာရွက်တစ်ရွက်ကိုလည်း ထည့်ပေးလိုက်၏။


နောက်တစ်နေ့ တနင်္ဂနွေနေ့ မနက်စောစောတွင် လင်းချိုသည် သူကိုယ်တိုင် စာတိုက်သို့ ပေါက်လာကာ သူ့အတွက် စာ ရောက်ခြင်း ရှိမရှိကို လာ၍စုံစမ်းသည်။ စာပို့သမားကိုယ်တိုင် ထိုစာကို လင်းချိုလက်သို့ ပေးလိုက်၏။ စာတိုက် ဗိုလ်ကြီးမှာကား ကုသိုလ်ကောင်းမှုတစ်ခုကို ပြုလိုက်ရသဖြင့် ပီတိဖြစ်နေသူတစ်ဦးအနေဖြင့် အတွင်းဘက်မှနေ၍ လင်းချိုကို လှမ်းကြည့်နေသည်။ 


လင်းချိုသည် စာအိတ်ကိုဖွင့်၍ ငွေစက္ကူများကို မြင်သည့်အခါတွင် နည်းနည်းမျှ အံ့အားသင့်ဟန် မပြပါ။ ထိုအရာများကို ရလိမ့်မည်ဟု သူယုံကြည်ပြီးသား ဖြစ်ဟန်တူပါသည်။ သို့ရာတွင် ပိုက်ဆံကို ရေတွက်ပြီးသည့်အခါတွင် လင်းချိုသည် ဒေါပွ၍မဆုံး ဖြစ်နေသည်။ ဘုရားသခင်သည် ငွေအရေ မမှားနိုင်။ သူတောင်းသည့် ငွေအရေအတွက်ကိုလည်း ငြင်းဆန်ခြင်းပြုမည် မဟုတ်။


လင်းချိုသည် စာတိုက်ပြတင်းဝနားသို့ ရောက်လာကာ စာရွက်တစ်ရွက်နှင့် မင်ကို တောင်းသည်။ ထိုနောက် စာတိုက်ကောင်တာတွင် ထိုင်ကာ သူရေးမည့် အကြောင်းအရာကို မျက်မှောင်ကြီးကုပ်၍ စဉ်းစားရင်း စာတစ်စောင်ကို ရေးနေသည်။ စာရေးပြီးသည့်အခါ အပေါက်ဝသို့သွားကာ တံဆိပ်ခေါင်းတစ်လုံး ဝယ်၍ တံတွေးဖြင့် ကပ်ပြီးသော် လက်ဖြင့် တဒုန်းဒုန်း မြည်အောင် ထုသည်။


စာတိုက်ပုံးထဲသို့ စာရောက်သွားသည်နှင့် စာတိုက်ဗိုလ်ကြီးသည် စာတိုက်ပုံးထဲမှစာကို ယူ၍ဖတ်၏။ စာထဲတွင် အောက်ပါအတိုင်း ပါရှိ၏။


“အရှင်ဘုရား

တပည့်တော် လျှောက်ထား တောင်းဆိုသည့် ပိုက်ဆံတို့အနက် ငွေ ၇၀ သာ တပည့်တော်လက်ထဲ ရောက်လာပါသည်။ ကျန်ငွေများကို ဆက်လက်ပို့ပါ ဘုရား၊ တပည့်တော်အတွက် များစွာအသုံးလိုနေပါသည်။ သို့ရာတွင် ယခုတစ်ခေါက် ပို့လျှင် စာတိုက်မှ မပို့ပါနှင့်ဘုရား၊ စာတိုက်အမှုထမ်းများသည် လူလိမ် လူကောက်များ ဖြစ်ပါသည် ဘုရား... လင်းချို " ဟူ၍ ဖြစ်သည်။

မြသန်းတင့်

မက္ကဆီကို စာ​ရေးဆရာ  Gregoria Lopezy ၏ A Letter to God ကို ပြန်ဆိုသည်။

No comments:

Post a Comment