ပုလိပ်အင်စပက်တော်ကြီး အိုချူမီးလော့သည် ဂရိတ်ကုတ်အင်္ကျီ အသစ်စက်စက်ကြီးကို ဝတ်ကာ လက်တစ်ဖက်တွင် အထုပ်တစ်ခုကို ပိုက်ရင်း ဈေးထဲသို့ လျှောက်လာခဲ့သည်။ သူ့နောက်တွင်ကား ဆံပင်နီနီနှင့် ပုလိပ်တစ်ယောက်သည် လက်ထဲတွင် ဗန်းတစ်ခုကို ကိုင်၍ လိုက်လာ၏။ ဗန်းထဲတွင်မူ ဖမ်းဆီးလာခဲ့သည့် ဆီးဖြူသီးများသည် မို့မောက်လျက်ရှိ၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်လျက်ရှိ၏။ ဈေးထဲတွင် လူတစ်ယောက်မျှ မရှိ။ ဈေးဆိုင်ကလေးများ၊ စားသောက်ဆိုင်ကလေးများ၊ ဟောင်းလောင်းဖြစ်နေသော တံခါးပေါက်များသည် ဆာလောင်မွတ်သိပ်လျက်ရှိသော ပါးစပ်ပေါက်များသဖွယ် ဘုရားသခင် ဖန်တီးထားသော ကမ္ဘာလောကကြီးကို ပျင်းရိငြီးငွေ့စွာဖြင့် သွားကို ဖြဲပြနေသကဲ့သို့ ရှိကြ၏။ သူတို့အနီးတွင် တစာစာ တောင်းနေသည့် သူတောင်းစားများပင် တစ်ယောက်တလေမျှ မရှိပါ။
ထိုစဉ် အသံတစ်ခုသည် ပုလိပ်အင်စပက်တော်ကြီး အိုချူမီးလော့၏နားသို့ ရောက်လာ၏။
“အမယ် ဒီခွေးက ကိုက်တယ်ဗျ၊ ကိုက်ဦးလေကွာ၊ ကိုက်ဦးလေ၊ ကောင်လေးတွေ ခွေး လွတ်မသွားစေနဲ့ဟေ့၊ ဒီခေတ်မှာ ကိုက်တဲ့ခွေးကို မထားရဘူး၊ မိအောင် ဖမ်းကြ"
ခွေးတစ်ကောင်၏ ကိန်ခနဲ အော်လိုက်သံကို အင်စပက်တော်ကြီး ကြားလိုက်ရသည်။ အင်စပက်တော်ကြီးသည် အသံလာရာသို့ လှမ်းကြည့်လိုက်၏။ သူ မြင်ရသည့် ရှုခင်းမှာ အောက်ပါအတိုင်း ဖြစ်၏။
ကုန်သည်ကြီး ပီချူဂင်၏ လွှစက်ဝင်းထဲမှ ခွေးတစ်ကောင်သည် သုံးချောင်းထောက်ဖြင့် ပြေးထွက်လာသည်ကို မြင်ရ၏။ နောက်တွင်မူ မီးပူတိုက်ထားသည့် ပန်းရိုက်ရှပ်အင်္ကျီနှင့် ခါးပြတ်အင်္ကျီကို ကြယ်သီးမတပ်ဘဲ ဝတ်ထားသည့် လူတစ်ယောက်သည် နောက်မှ တအား ပြေးလိုက်လာ၏။ ထိုလူသည် ဝမ်းလျားထိုးလိုက်ပြီးနောက် ခွေး၏နောက်ခြေတစ်ဖက်ကို လှမ်း၍ အမိအရ ဖမ်းဆွဲလိုက်သည်။ ဤတွင် ခွေးသည် နောက်တစ်ကြိမ် ကိန်ခနဲ အော်လိုက်ပြန်၏။ ထိုလူကလည်း “မိအောင် ဖမ်းဟေ့၊ မလွတ်စေနဲ့”ဟု နောက်တစ်ကြိမ် အော်ပြန်သည်။
ဈေးဆိုင်ထဲမှ လူများသည် အိပ်ချင်မူးတူး မျက်နှာများဖြင့် အပြင်သို့ ခေါင်းပြူ ကြည့်ကြသည်။ ထို့နောက်တွင်ကား မြေကြီးထဲမှ ပေါက်လာသကဲ့သို့ လူခွဲကာ လွှစက်ဝင်းကို ဝိုင်းထားကြသော လူအုပ်ကြီးတစ်အုပ် ဖြစ်လာခဲ့သည်။
“ဈေးထဲမှာတော့ ရုတ်ရုတ်ယက်ယက် ဖြစ်တော့မယ် ထင်တယ် ဆရာ”ဟု နောက်မှ လိုက်လာသည့် ပုလိပ်သားက ပြောသည်။
အင်စပက်တော်ကြီးလည်း တွေလိုက်ပြီးနောက် လူအုပ်ရှိရာသို့ ချီတက်လာခဲ့၏။ လွှစက် ရှေ့တည့်တည့်သို့ ရောက်သည့်အခါ၌ အင်စပက်တော်ကြီးသည် ခပ်စောစောက သူမြင်လိုက်ရသည့် ခါးပြတ်အင်္ကျီ ဝတ်ထားသည့်လူကို လူအုပ်အလယ်တွင် လှမ်းမြင်လိုက်ရသည်။ ထိုလူသည် လူအုပ်ကြီးအလယ်တွင် ရပ်ကာ ညာဘက်လက်ကို မြှောက်ထားပြီး သွေးထွက်နေသည့် လက်ချောင်းတစ်ချောင်းကို ပြနေသည်။ အရက်ငွေ့ပြန်သော သူ့မျက်နှာပေါ်တွင်မူ “ခွေးတော့ သိရောပေါ့ကွာ”ဆိုသည့် အမူအရာသည် အထင်းသား ပေါ်နေ၏။ ထောင်ထားသော သူ့လက်ချောင်းသည် အောင်လံတစ်ခုလို ဖြစ်နေ၏။
အင်စပက်တော်ကြီးသည် ထိုလူကို ကြည့်လိုက်ရာ သူ့အသိဖြစ်သူ ပန်းတိမ်ဆရာကြီး ဦးဝက်ကြီးဖြစ်နေသည်ကို တွေ့ရသည်။
လူအုပ်အလယ်တွင်မှု တရားခံသည် ရှေ့ခြေနှစ်ချောင်း ချဲကာ ဆောင့်ကြောင့် ထိုင်လျက်ရှိ၏။ တရားခံ၏ တစ်ကိုယ်လုံးမှာလည်း တုန်ယင်လိုက်ရှိ၏။ ထိုတရားခံမှာ အခြားသူ မဟုတ်ပါ။ နှုတ်သီးချွန်ချွန်၊ ကျောတွင် အစက်ကလေးတွေရှိသည့် အမဲလိုက် ခွေးငယ်ကလေး ဖြစ်ပါသည်။ ခွေးငယ်၏မျက်လုံးတွင် ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာသည် အထင်းသား ပေါ်နေ၏။
အင်စပက်တော်ကြီးသည် လူအုပ်တွေကြားထဲမှ အတင်း တိုးဝှေ့၍ ဝင်လာကာ ....
“ဘာဖြစ်နေကြတာလဲဗျ၊ ဒီနားမှာ ဘာလာလုပ်နေကြတာလဲ၊ ခင်ဗျားကကော လက်ချောင်းကို ဘာဖြစ်လို့ ထောင်ထားတာလဲ၊ အော်နေတာက ဘယ်သူလဲ”
ပန်းတိမ်ဆရာက လက်အုပ်၍ ချောင်းတဟွတ်ဟွတ် ဆိုးရင်း ...
“ကျွန်တော်က ကျွန်တော်ဘာသာ လမ်းလျှောက်လာတာ ခင်ဗျ၊ လျှောက်တာမှ သိုးကလေးလို ခပ်အေးအေးပဲ လျှောက်လာတာ၊ လွှစက်ထဲမှာ သစ်ကလေး နည်းနည်းပါးပါး လိုချင်လို့ လာတာ၊ ဒီတုန်းမှာ ဒီသတ္တ၀ါကလေးက ဘာအကြောင်းမှ မရှိဘဲနဲ့ ကျွန်တော့်ကို အခြောက်တိုက် ဝင်ကိုက်တယ် ခင်ဗျ။ ကြည့်ပါဦးခင်ဗျာ၊ ကျွန်တော်က လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ကောင်ပါ၊ ပြီးတော့ ကျွန်တော့်အလုပ်မျိုး ဆိုတာကလဲ တော်တော်ခက်တဲ့ အလုပ်မျိုး၊ ခုတော့ ကျွန်တော် သူတို့ဆီက လျော်ကြေးတောင်းရမယ် ခင်ဗျ၊ ဒီလက်ချောင်းဟာ တစ်ပတ်လောက် ဘာမှ လှုပ်လို့ရှားလို့ ရမှာမဟုတ်ဘူး၊ ရက်စက်တဲ့ တိရစ္ဆာန်တွေကိုလဲ သည်းခံနေရမယ်လို့ ဘယ်ဥပဒေမှာမှ မပါဘူး၊ လူတွေလဲ ဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် ကိုက်နေကြရင် လောကကြီးမှာ ဘယ်နေလို့ ကောင်းတော့မှာတဲ့လဲ”
အင်စပက်တော်ကြီးက ချောင်းတဟွတ်ဟွတ် ဆိုးကာ မျက်မှောင်ကုတ်၍ စဉ်းစားရင်း .....
“ဟုတ်ပါပြီလေ၊ ဟုတ်ပါပြီ၊ နို့ ... နေစမ်းပါဦး၊ ဒီခွေးက ဘယ်သူ့ခွေးလဲ၊ ဒီအတိုင်းဆိုရင် ဒီခွေးကို ဒီလိုထားလို့ ဘယ်ဖြစ်မလဲ၊ လူတွေကိုက ခက်ပါတယ်ဗျာ၊ ခွေးကို မွေးပြီး ဒီလိုလွှတ်ထားရသလား၊ ဥပဒေ မလိုက်နာတဲ့ လူတွေကိုတော့ ဆုံးမချိန် ရောက်နေပြီ၊ ဒီလူတွေတော့ နောင်ကြဉ်သွားအောင် ဒဏ်ငွေခပ်များများကလေး ရိုက်မှဖြစ်မယ်။ ခွေးတွေ၊ ကျွဲနွားတိရစ္ဆာန်တွေကို ဒီလိုပဲ လျှောက်လွှတ်ထားရသတဲ့လား၊ ဒီလို လွှတ်ထားရင် ကိုယ့်တာဝန်ဆိုတာကိုသိအောင် သူတို့ကို ဆုံးမမှ ဖြစ်မယ်။ ဒီလိုလုပ်ရင် ဒီလိုဖြစ်တတ်တယ် ဆိုတာလောက်ကိုတော့ ပြလိုက်ရဦးမယ်၊ ဟေ့ ဘရင်”
အင်စပက်တော်ကြီးက နောက်သို့လှည့်၍ သူ့တပည့်ကို ခေါ် သည်။
"ဘရင်ရေ၊ ဘယ်သူ့ခွေးလဲဆိုတာ သွားစုံစမ်းချည်၊ ပြီးတော့ ခွေးရှင်ကိုလည်း ဒဏ်ငွေလာဆောင်ဖို့ သမ္မာန်စာတစ်စောင် ပေးခဲ့၊ ပြီးတော့ ခွေးကိုလည်း မြန်မြန်ရှင်းပစ်လိုက်ကွာ၊ ခွေးက ရူးနေသလားမှ မသိတာ၊ နေစမ်းပါဦး၊ ဘယ်သူ့ခွေးလဲလို့ ကျုပ် မေးနေတယ်၊ ခင်ဗျားတို့ သိသလား”
“ရာဇဝတ်ဝန်မင်း ဇာလော့ရဲ့ခွေး ထင်တာပဲ”
ပရိသတ်ထဲမှ အသံတစ်သံက ဖြေသည်။
“ဘာ၊ ဘာ၊ ... ရာဇဝတ်ဝန်မင်းရဲခွေး ဟုတ်လား၊ ဟေ့ ဘရင်ရေ၊ ကုတ်အင်္ကျီကြီးကို လာကူပြီး ချွတ်ပေးစမ်းပါဦး၊ အိုက်လိုက်တာ၊ မိုးများ ရွာမလား မသိဘူး၊ အိုက်စပ်ကြီး ဖူး...”
အင်စပက်တော်မင်းသည် ခွေးကိုက်ခံရသည့် ပန်းတိမ်ဆရာအနီးသို့ လျှောက်လာကာ.....
“နေစမ်းပါဦးဗျ၊ မေးစမ်းပါရစေဦး၊ ဒီခွေးက ခင်ဗျားကို ဘယ်လိုလုပ် ကိုက်လိုက်တာလဲ၊ ဘယ်လိုလုပ် ကိုက်လို့ လက်ချောင်းကို ကိုက်မိရတာလဲ၊ ခွေးက ပုပုကလေးရယ်၊ ခင်ဗျား အရပ်ကြီးက မိုးထိုးနေပြီ၊ ကိုယ့်ဘာသာကိုယ် သံတို့ ဘာတို့ ခြစ်မိတာကို အလျော်အပေါ် လိုချင်တာနဲ့ ခွေးကိုက်တာဆိုပြီး လုပ်ကြံပြောတာ မဟုတ်လား၊ ခင်ဗျားတို့ တော်တော်ရှုပ်တဲ့လူတွေဗျာ၊ မသိရင် ခက်မယ်”
“ဖြစ်ပုံက ဒီလို အင်စပက်တော်ကြီးရဲ့၊ ဟောဒီ ပန်းတိမ်ဆရာက ခွေးနှုတ်သီးကို ဆေးလိပ်မီးနဲ့ သွားထိုးပြီး စတယ် ခင်ဗျာ၊ ကြံကြံဖန်ဖန် သွားပြီး ခွေးကိုစတာ၊ ဒီတော့ ခွေးက သူ့လက်ကို ဖမ်းကိုက်လိုက်တာ ကိုယ့်အပြစ်နဲ့ကိုယ်၊ ဒါတော့ ခံရမှာပေါ့၊ ပန်းတိမ်ဆရာကိုက ကမြင်းကြာထလွန်းပါတယ်”
ပရိသတ်ထဲက တစ်ယောက်က ပြော၏။
“ဟေ့လူ ခင်ဗျား ဘာတွေ ပြောနေတာလဲ၊ ခင်ဗျား မမြင်ဘဲနဲ့ ဆောက်ရမ်းတွေ ပြောမနေနဲ့၊ အင်စပက်တော်ကြီးက စဉ်းစားဉာဏ်ရှိတဲ့လူ၊ ဘယ်သူက လိမ်ပြောပြီး ဘယ်သူက အမှန် ပြောနေတယ် ဆိုတာကို ကောင်းကောင်းသိတယ်၊ ကျုပ် လိမ်တယ်ဆိုရင် တရားရုံးမှာ တင်စစ်ပါ၊ ဥပဒေအရ လုပ်ပါ။ လူအားလုံးဟာ အတူတူပဲဗျ၊ ပုလိပ်ထဲမှာ ကျုပ်ညီတစ်ယောက်လဲရှိပါတယ်”
“ခင်ဗျားတို့ လျှောက်ငြင်းမနေကြနဲ့၊ ဒီခွေးက ဘယ်ကလာပြီး ရာဇဝတ်ဝန်မင်းရဲ့ ခွေး ဟုတ်ရမှာလဲ၊ ရာဇဝတ်ဝန်မင်းမှာ ဒီလို ခွေးမျိုး တစ်ကောင်မှ မရှိဘူး၊ သူ့ခွေးတွေအားလုံးက ခွေးမျိုးကောင်းတွေချည်းပဲ”
တစ်ယောက်က ပြောပြန်သည်။
“သေချာရဲ့လားကွ”
“သိပ်သေချာတာပေါ့ အင်စပက်တော်ကြီးရာ”
“အေး အေး ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်၊ ရာဇဝတ်ဝန်မင်းရဲ့ ခွေးတွေက အဖိုးတန်တွေချည်းပဲ၊ မျိုးစပ်ခွေးတွေချည်းပဲ၊ ဒီခွေးကို ကြည့်စမ်းပါဦး၊ ခွေးက အရုပ်လဲ ဆိုးသေး၊ ဝဲလဲစားသေးတယ်၊ ဒီခွေးမျိုးကို ဘယ်သူက တခုတ်တရ မွေးမှာတဲ့လဲ၊ မင်း ရူးနေသလား၊ ဒီခွေးမျိုးကို မော်စကိုတို့ ပီတာစဘတ်တို့လို မြို့ကြီးမှာ သွားတွေ့စမ်းပါလား၊ ဘာဖြစ်မယ် ထင်သလဲ၊ ဘယ်သူကမှ ဥပဒေကို ဂရုစိုက်နေမှာ မဟုတ်ဘူး၊ ချက်ချင်း သတ်ပစ်လိုက်ကြမှာပဲ၊ ခင်ဗျားက ခွေးကိုက်ခံရတဲ့သူ၊ ဒီတိုင်း ထားမပစ်ခဲ့နဲ့၊ ဒီခွေးကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်ရမယ်၊ ကြည့်သာ လုပ်လိုက်”
“ကျွန်တော့်အထင်တော့ ရာဇဝတ်ဝန်မင်းရဲခွေးလို့ပဲ ထင်တာပဲ၊ ကြည့်ရုံနဲ့တော့ ချက်ချင်းမသိသာဘူးပေါ့၊ တစ်နေ့တုန်းက သူ့ဝင်းထဲမှာ ကျွန်တော်မြင်ခဲ့တဲ့ ခွေးကလေးကလဲ အဲဒီလို ခွေးနဲ့ ခပ်ဆင်ဆင်ပဲ”
ပုလိပ်သားက ပြောသည်။ လူအုပ်ထဲမှ အသံတစ်သံက ......
“ဟုတ်တယ်ဗျ။ အဲဒါ ရာဇဝတ်ဝန်ကြီးရဲ့ ခွေး”
“ဒုက္ခပါပဲဗျာ၊ ကုတ်အင်္ကျီကြီးကို ပြန်ဝတ်ပေးပါဦးကွာ၊ ချမ်းလာပြန်ပြီ၊ လေတိုက်နေသလားမသိဘူး၊ အမယ်လေး ချမ်းလိုက်တာ တုန်နေတာပဲ။ ဒီခွေးကို ရာဇဝတ်ဝန်ကြီးအိမ်ကိုခေါ် သွားပြီး အဲဒီအိမ်ကလူတွေကို ပြကြည့်စမ်းပါဦးကွာ၊ ငါတွေ့လာတာလို့ ပြောလိုက်၊ နောက်တစ်ခါ လမ်းမကို မထွက်ပါစေနဲ့လို့လဲ သေသေချာချာ ပြောခဲ့၊ ကြည့်ရတာကတော့ အဖိုးတန်ခွေးနဲ့ တူတာပဲ၊ တော်တော်ကြာ လက်ကမြင်းတဲ့ကောင်တွေက ခွေးကလေးနှုတ်သီးကို ဆေးလိပ်မီးနဲ့ ထိုးနေကြရင် ခွေးကလေး အလှပျက်သွားမှာပေါ့၊ခွေးဆိုတာ တော်တော်နူးညံ့တဲ့ သတ္တ၀ါမျိုးက္ခ၊ ဟေ့လူ လက်ကြီးကို ဘာဖြစ်လို့ မြှောက်ထားရတာလဲ၊ ချလိုက်တော့၊ လူကိုက မထော်မနှမ်းနဲ့၊ ခင်ဗျား လက်
ချောင်းကြီးကို ဘာဖြစ်လို့ ဟိုလူ ဒီလူပြ လုပ်နေရတာလဲ။ ခင်ဗျား အဟုတ်မဟုတ်လို့ အကိုက်ခံရတာဖြစ်မှာပေါ့”
"ဟော...ဟော၊ ပြောရင်းဆိုရင်း ရာဇဝတ်ဝန်မင်းရဲ့ အိမ်က ထမင်းချက် လာနေပြီ၊ သူ့ကို မေးကြည့်ပါလား၊ ဗျို့ အဘိုးကြီး ဒီနားကို ခဏလာစမ်းပါဦးဗျ။ ဟောဒီခွေးလေးကို ကြည့်စမ်းပါ၊ ဒါ ခင်ဗျားတို့အိမ်က ခွေးလား”
“အလိုလေးဗျာ၊ ဒီလိုခွေးမျိုး ကျုပ်တို့အိမ်မှာ မရှိပါဘူး”
“ဒါဖြင့် ဘာမှ စုံစမ်းနေစရာ မလိုတော့ပါဘူး၊ ခွေးက ခွေးလေခွေးလွင့်ပဲ၊ အပြတ်ရှင်းလိုက်ဗျာ”
“ကျွန်တော်တို့အိမ်က ခွေးတော့ မဟုတ်ဘူးဗျ၊ ဒါပေမယ့် အဲဒီခွေးက ရာဇဝတ်ဝန်ရဲ့ အစ်ကိုကြီးအိမ်ကခွေး၊ မကြာခင်ကတင် ကျွန်တော်တို့အိမ်ကို အလည်လာတာ၊ ကျွန်တော်တို့ ရာဇ၀တ်ဝန်ကြီးကတော့ ခွေးတို့ ဘာတို့ကို သိပ်ဝါသနာပါတာမဟုတ်ဘူး၊ အဲ သူ့အစ်ကိုကြီးကတော့ တော်တော့်ကို ခွေးချစ်တတ်တယ်ဗျ”
အင်စက်တော်ကြီးက ကျေနပ် နှစ်သိမ့်သည့် အပြုံးကို ပြုံးလိုက်ရင်း ....
“ရာဇဝတ်ဝန်ကြီးရဲ့ အစ်ကိုကြီးက ဘာလုပ်လာတာတဲ့လဲဗျ။ သူ့အစ်ကိုကြီးရောက်နေတာ လုံးလုံးကိုမသိရပါလားဗျာ၊ ဟုတ်ပြီ ဟုတ်ပြီ၊ အင်း ညီအစ်ကိုချင်း တွေ့ချင်လို့ လာတာဖြစ်မှာပေါ့၊ ကြည့်စမ်းပါဦးဗျာ၊ သူ့ညီကို တွေ့ဖိုလာတာကိုး၊ ကျုပ်ဖြင့် လုံးလုံးကို မသိဘူး၊ လက်စသတ်တော့ သူ့ခွေးကိုး၊ တော်သေးတာပေါ့ဗျာ၊ ကဲ ကဲ အဲဒီခွေးလေးကို ပြန်ခေါ်သွားစမ်းပါ။ ခွေးကလေးက သိပ်လှတာပဲဗျာ၊ သူ့လက်ကို ကိုက်လိုက်လို့ဗျ။ ရယ်ရသဗျာ၊ ကဲ လာ လာ၊ မကြောက်ပါနဲ့ကွာ၊ အမယ် ခွေးကလေးက တော်တော် စိတ်တိုနေပုံရတယ်၊ အာဂခွေးဗျာ”
ထမင်းချက်ကြီးသည် ခွေးကလေးကို ခေါ်ကာ လွှစက်ထဲမှ အပြင်သို့ ထွက်သွားလေ၏။ ဝိုင်းကြည့်နေကြသော လူအုပ်သည် ပန်းတိမ်ဆရာကို ကြည့်၍ ရယ်နေကြသည်။
“ပန်းတိမ်ဆရာ ဆိုတဲ့လူ တော်တော် ခက်တဲ့လူဗျာ၊ ကျုပ် ရိုက်မိပြန်ရော့မယ်” ဆိုကာ အင်စပက်တော်ကြီးသည် ဂရိတ်ကုတ်အင်္ကျီကြီးကို ပြန်ခြုံလိုက်ပြီးနောက် ဈေးအပြင်သို့ ထွက်သွားလေ၏။
မြသန်းတင့်
#ရုရှားစာရေးဆရာကြီး Anton Chekhov ၏ Chameleon ကို ပြန်ဆိုသည်။
No comments:
Post a Comment