ကျွန်တော်သည် မေမေကြီး ပြောပြသမျှ ပုံ၀တ္ထုများကို နှစ်နှစ်ခြိုက်ခြိုက် နားထောင်လာခဲ့သူဘ၀မှ ဘယ်အသက်အရွယ်က စတင်ပြီး မေမေကြီးအား ပုံပြောသူဖြစ်လာခဲ့သလဲဟု စဉ်းစားနေမိသည်။ ထိုသို့ စဉ်းစားကြည့်သောအခါ ပုံပြောသူအဆင့် ဖြစ်မလာမီ မေမေကြီး၏ စာတော်ဖတ်အဆင့်ကို ပျင်းတိပျင်းတွဲ ဖြတ်သန်းခဲ့ရသေးကြောင်း တရေးရေး ပေါ်လာသည်။
မေမေကြီးသည် သူ့အိပ်ရာခေါင်းရင်းတွင် အမြဲထားရှိသော ဂိုဒင်းပတ်(ဖ်) တံဆိပ် မုန့်သေတ္တာပုံးခွံထဲမှ စာအုပ်တစ်အုပ်ကို ထုတ်၍ ခေါက်ထားသည့် စာမျက်နှာက စတင်ကာ စာဖတ်ခိုင်းတတ်သည်။ စာအုပ်လေးမှာ အတော်ပင် ဟောင်းနွမ်းလှပါပြီ။ စာရွက်များကား ဝါကြန့်ကြန့်။ စာမျက်နှာ ငါးဆယ် ခြောက်ဆယ်တိုင်အောင် တိုးလျှိုးပေါက် ဖြစ်သည်အထိ ပိုးဖောက်ထားသည်များလည်း တွေ့ရသည်။ သို့တိုင် မျက်နှာဖုံးစက္ကူချောမှာ အရောင်အသွေး စိုနေဆဲ။ အနက်ရောင် အ၀တ်စအနှောင့်ပါရှိသည့် ကတ်ထူဖုံးကြောင့် မျက်နှာဖုံးမှာ အသစ်နီးပါး ဖြစ်နေသည်။ မျက်နှာဖုံးတွင် ပုဂံခေတ် အရည်းမာယာဟု ဖော်ပြထားသည်။ အရုပ်ဆိုးဆိုး လူကြီးတစ်ယောက်နှင့် ယှဉ်တွဲပြီး မိန်းမလှလေးတစ်ယောက်ပုံ ဆွဲထားသည်။
လူကြီးက အင်္ကျီမပါ အပေါ်ပိုင်း ကိုယ်တုံးလုံး၊ အောက်ပိုင်းမှာတော့ အ၀တ်ဖြူပတ်ထားသည်။ လည်ပင်းမှာ စိပ်ပုတီးဆွဲလျက်။ ဒူးတစ်ဖက်ထောင် အနေအထားဖြင့် မိန်းမပျိုလေးကို ငေးမောနေသည်။ လက်တစ်ဖက်က မိန်းမပျိုလေး၏ လက်ပေါ် ရောက်နေသည်။ မိန်းမပျိုလေး၏ အသွင်သဏ္ဌာန်ကတော့ နန်းတွင်းသူဟန်ပန်ဖြစ်သည်။ သွယ်ပျောင်း နွဲ့နှောင်းစွာ မြင်ရသည်။ နေရာက စက်ရာခန်း ဖြစ်ပုံရသည်။ ကော်ဇောပေါ်မှာ မီးညွန့်ထွက်နေသော ဆီမီးခွက် ပါရှိသည်။ အာလာဒင်မီးခွက်နှုတ်သီးမှ မီးညွန့်ထွက် နေခြင်းဖြစ်သည်။ မီးခွက်ကို လင်ပန်းတစ်ချပ်ခံပြီး ကော်ဇောပေါ် ချထားသည်။ လင်ပန်းပေါ်မှာ “စစ်ကိုင်းဦးဘိုးသင်း” ဟု ရေးထားသည်။
ကျွန်တော်သည် မေမေကြီးအား စစ်ကိုင်းဦးဘိုးသင်း ရေးသည့် ပုဂံခေတ် အရည်းမာယာအပြင် မနုစာရီ၊ ဖာတလုံးခေါင်းကျား၊ ငမဲကျွန်၊ စလေမင်းခွေး စသည့် ၀တ္ထုများ ဖတ်ပြခဲ့ရဖူးသည်။ ထိုစာအုပ်အားလုံးသည် မေမေကြီး၏ အိပ်ရာဘေးရှိ မုန့်သေတ္တာဘူးခွံအတွင်းမှ ထွက်လာကြောင်း ယခုအခါ ပြန်စဉ်းစားမိသောအခါ နားမလည်နိုင်တာလေးတွေ ရှိနေသည်။ ထိုမုန့်ဘူးခွံအတွင်းမှာ မေမေကြီး၏ တိုလီမိုလီပစ္စည်းစုံရှိသေးသည်။ မှတ်မိသမျှ လက်ချိုးရေတွက်သော် ငွေစက္ကူအချို့နှင့် အကြွေစေ့များပါရှိသော အ၀တ်အိတ်ရှုံ့လေး၊ ကျားဘမ်း ပရုတ်ဆီဘူး၊ တို့ပတ်ပဝါပိုင်းပတ်ထားသော ဂိုယာရေမွှေးပုလင်း၊ လန်ဒန်ဂိုးဖလိတ် စီးကရက်ဘူး၊ ကြေးမီးခြစ်ဘူး၊ အပ်ချည်လုံးနှင့်အပ်၊ ဒိုင်ယာရီစာအုပ်၊ ဖောင်တိန်၊ ခဲတံ၊ လက်သည်းညှပ်၊ လက်ကိုင်ပဝါ၊ တွယ်ချိတ်အမျိုးမျိုး၊ ဣစ္ဆိတံ လာဘံ မောင်ကံ သမတထီဆိုင် စက္ကူအိတ်နှင့် အောင်ဘာလေထီလက်မှတ်များ၊ ထီပေါက်စဉ်စာရွက်၊ စိပ်ပုတီး အမျိုးအမည် စုံလှသည်။ ဖတ်လက်စ စာအုပ်တစ်အုပ်လောက်ကလွဲပြီး စာအုပ်အားလုံး ထိုဘူးထဲမှာ မရှိနိုင်။ သည်လိုဖြင့် ထိုစာအုပ်တွေကို မေမေကြီး ဘယ်က ရရှိခဲ့သလဲ။ မေမေကြီးဖတ်ဖို့ စာအုပ် အဟောင်းအသစ် ဘယ်သူ အလဲအလှယ် လာလုပ်ပေးခဲ့သလဲ ကျွန်တော်မသိ။ ဖြစ်နိုင်သည်မှာ မေမေကြီးကလွဲပြီး ဘယ်သူမှ ဖွင့်၍ မရသော ကွယ်လွန်သွားပြီဖြစ်သည့် ဘိုးဘိုးကြီး၏ ကျွန်းသေတ္တာကြီးထဲက ထွက်လာကြသည်များဟု ယူဆရသည်။
ကျွန်တော်သည် စစ်ကိုင်းဦးဘိုးသင်း၏ ၀တ္ထုစာအုပ်များကို တစ်မျိုးလျှင် သုံးခေါက်လောက် အနည်းဆုံး ဖတ်ပြခဲ့ရဖူးသော်လည်း တစ်အုပ်မျှ မမှတ်မိ။ ဘာတွေရေးထားမှန်လည်းမသိ။ မေမေကြီးက သူ့နားရောက်လာသည့် အိမ်သားရော၊ ဧည့်သည်ပါ ခေါက်ထားသည့် စာမျက်နှာမှစတင်၍ ဖတ်ခိုင်းလေ့ရှိသဖြင့် စာအုပ်တစ်အုပ်လုံး အစအဆုံး ဖတ်ခဲ့ရသည်ဟုလည်း မဆိုနိုင်။ မှတ်မိသည်မှာ စာအုပ်မျက်နှာဖုံးက အရုပ်နှင့်အရောင်များသာ ဖြစ်သည်။
မေမေကြီးက ကျွန်တော်စာဖတ်ပြတိုင်း မုန့်ဖိုးပေးသည်။ ဆယ်ပြား၊ ဆယ့်ငါးပြားမှ တစ်မတ်၊ ငါးမူးအထိ ရဖူးသည်။ စာမဖတ်ချင်သဖြင့် ရှောင်ဖယ်ဖယ်လုပ်နေလျှင် သည်လို စာဖတ်တတ်လာအောင် ကျောင်းလိုက်ပို့ရသည့် ကျေးဇူးကို မသိတတ်ကောင်းလားဆိုပြီး တဖျစ်တောက်တောက် ပြောနေတတ်သည်။ ကျွန်တော်ငယ်ငယ်က ကျောင်းသွားရမှာ သေမလောက် ကြောက်သည်။ ငိုကြောရှည်လှသည့် မြေးဖြစ်သူကို မေမေကြီးက စိတ်ရှည်လက်ရှည် ချော့ပြီး စာသင်ခန်းထဲ ရောက်အောင် လိုက်ပို့ခဲ့သည်။ ကျောင်းပို့ပြီးလည်း ချက်ချင်း မပြန်သေး။ မန်ကျည်းပင်အောက်မှာ ထိုင်စောင့်နေကာ ကျောင်းတက်ခေါင်းလောင်းတီးမှ ပြန်သွားတတ်သည်။ ကလေးစားချင်တာ စားပါစေဆိုပြီး မုန့်ဆိုင်မှာ ပိုက်ဆံ ကြိုပေးထားခဲ့သေးသည်။ ကျွန်တော်က မေမေကြီး ကျေးဇူးကို မသိတတ်တာမဟုတ်။ စစ်ကိုင်း ဦဘိုးသင်း၏ ဘုတ်အုပ်ကြီးတွေ ဖတ်ရတာ ပျင်းသောကြောင့်ဖြစ်သည်။
ကျွန်တော်တို့ မိသားစုများ နေထိုင်ရာ ခြံ၀င်းကြီးက အတော်ကျယ်သည်။ မေမေကြီး၏ သမီးနှစ်ယောက်က တိုက်တစ်လုံးစီ ဆောက်ပြီး နေကြသည်။ ကျွန်တော်၏မိခင်မှာ အကြီးဖြစ်ပြီး မေမေကြီးနှင့် အတူနေဖြစ်သည်။ သည်ဘက်တိုက်မှာ မိသားစုလေးယောက်ရှိသည်။ မေမေကြီး၏ သမီးအငယ်တိုက်မှာတော့ မိသားစုသုံးယောက်ရှိသည်။ သည်ဘက်တိုက်နောက်မှာ အိမ်တစ်လုံး ရှိသေးသည်။ ထိုအိမ်မှာ တူမ (မေမေကြီး၏ ညီမက မွေးခဲ့သောသမီး) ဖြစ်သူ မိသားစုရှိသည်။ သမီးနှစ်ယောက်အပါအ၀င် မိသားစုလေးယောက်ဖြစ်သည်။
ကျွန်တော့်မိဘများက ဂေါဝိန်ကမ်းနားစျေးမှာ အထည်ဆိုင် ဖွင့်ထားသည်။ အဖေက စျေးဖွင့်ချိန်အမီ အိမ်ကထွက်ရသည်။ အမေက အဘွား ဝေယျာ၀စ္စတွေပြီးမှ နောက်ကလိုက်သည်။ မေမေကြီး၏ သမက်တစ်ယောက်က ယစ်မျိုးအရာရှိဖြစ်သည်။ သူလည်း ရုံးချိန်အမီ ကားလေးမောင်းထွက်သွားသည်။ နောက်ဖေးအိမ်က သူမ၏ယောက်ျားကလည်း ရုံး၀န်ထမ်းဖြစ်သည်။ သူကလည်း အဖေနှင့် မတိမ်းမယိမ်းပင်။ သူ့အလုပ်ရှိရာသို့ စက်ဘီးလေးနင်းကာ ထွက်သွားသည်။ ကျွန်တော်တို့ မောင်နှမများကလည်း ကျောင်းသွားချိန် ကျောင်းသွားကြသည်။ ရုံးသွားသူတွေ ရုံးသွား၊ စျေးသွားသူတွေ စျေးသွားကြသောအခါ ခြံ၀င်းကျယ်ကြီးတစ်ခုထဲမှာ မိန်းမသားသုံးယောက်သာ ကျန်တော့သည်။ မေမေကြီး၊ သမီးငယ်နှင့် တူမ။ သမီးငယ်နှင့် တူမကလည်း သူတို့နေအိမ်တွေမှာ သူတို့မိသားစုအလုပ်နှင့်သူတို့ ရှုပ်လို့။ သတိသည့်အခါ မေမေကြီးဆီကို လာကြည့်ပေးတာမျိုး၊ စကားလာပြောပေးတာမျိုး လုပ်ပေးတတ်သော်လည်း များသောအားဖြင့် မေမေကြီးခမျာ တိုက်ကြီးတစ်လုံးထဲ၌ တစ်ယောက်တည်း ကျန်ရစ်တတ်သည်။
မေမေကြီးကား အသက်ရှစ်ဆယ်ရှိပြီ။ လှုပ်လိုက်လျှင် မောတတ်သည်။ အမေ စျေးသွားသည့်အခါ တိုက်ရှေ့တံခါးမကြီးကို ကန့်လန့်ထိုး ပိတ်သွားသည်။ မေမေကြီးကို အခန်းထဲမှ မီးဖိုခန်းဘက် ရွှေ့ထားခဲ့သည်။ မီးဖိုခန်းက ကျယ်၀န်းပြီး သံဆန်ခါတပ် ပြတင်းပေါက်ကြီးများ ပါရှိခြင်းကြောင့် လေကောင်းလေသန့်ရသည်။ အပြင်ဘက်မှာ သွပ်မိုးအဖီတစ်ခု ချထားသဖြင့် နေပူမထိုး။ ပြီးတော့ နောက်ဖေးဘက်ထွက်သည့် တံခါး ပေါက် ရှိသည်။ ဖွင့်ထားပိတ်ထားလို့ ရသည်။ များသောအားဖြင့် ဖွင့်ထားသည်။ မေမေကြီးအိပ်ချင်မှ တံခါးထပိတ်သည်။ ပိတ်သည် ဆိုသော်လည်း တံခါးမင်းတုပ်ကို လှည့်မထားဘဲ မင်းတုပ်အထက်ရှိကွင်းထဲသို့ ထိုးရုံထိုးထားသဖြင့် အပြင်က တွန်းလိုက်လျှင် တောက်ခနဲ ကျကာ အလွယ်တကူ ဖွင့်နိုင်သည်။ နောက်တည့်တည့်အိမ်မှ တူမဖြစ်သူသည်လည်းကောင်း၊ ဘေးဘက်တိုက်မှ သမီးဖြစ်သူသည် လည်းကောင်း အချိန်မရွေး လာကြည့်နိုင်သည်။ သည်သို့ဖြင့် မေမေကြီးသည် မီးဖိုခန်းရှိ တန်းလျားခုံပေါ်က အမေ ခင်းပေးထားသော စောင်ထူထူပေါ်မှာ ထိုင်ပြီး ပုတီးစိပ်ချင် စိပ်နေတတ်သည်။ ဂုဏ်တော်တစ်ခုခု ရွတ်ဖတ်ချင် ရွတ်ဖတ်နေတတ်သည်။ သို့မဟုတ် လဲလျောင်းချင် လဲလျောင်းနေတတ်သည်။တစ်ခါတစ်ရံ တူမဖြစ်သူကို လှမ်းခေါ်ပြီး စကားပြောချင် ပြောနေတတ်သည်။ တူမဖြစ်သူက အချိန်ရလျှင် ရသလို စစ်ကိုင်းဦးဘိုးသင်း၏ ၀တ္ထုစာအုပ် ဖတ်ပြတာ နားထောင်ချင် နားထောင်နေတတ်သည်။ များသောအားဖြင့်တော့ မေမေကြီးတစ်ယောက်တည်း။
ကျွန်တော် ၁၂နှစ်သားလောက်အထိ အဖေတို့၊ အမေတို့မှာ ကူဖော်လောင်ဖက် အလုပ်သမားတွေရှိသည်။ ယောက်ျားကြီးတွေရော မိန်းမကြီးတွေပါ အိမ်မှာနေဖူးသည်။ ဒေါ်ငြိမ်းတင်ဆိုသော မိန်းမကြီးတစ်ယောက်နှင့် သူ့သား ကိုမှတ်တင်၊ သမီး မသန်းမြင့်၊ မသန်းတင့် တို့ စုစုပေါင်း လေးယောက်ပင် ခေါ်တင်ထားဖူးသည်။ ထမင်းချက်၊ အ၀တ်ဖွပ်၊ ကြမ်းတိုက်၊ ခြံထဲက သစ်ပင်ရေလောင်း၊ အဖေ့ ထမင်းချိုင့်ပို့ အားလုံး ထောင့်စေ့အောင် လုပ်သွားကြသည်။ နောင် ကိုမှတ်တင်က အဒေါ်ဖြစ်သူတို့က ခေါ်သွားသဖြင့် အဒေါ်တို့အလုပ်သမား ဖြစ်သွားသည်။ ဟိုတုန်းကတော့ မေမေကြီးသည်လည်း အလုပ်သမားတွေကို စီမံခန့်ခွဲနိုင်သေးသည်။
နောက်တော့ မိဘများ၏ အရောင်းအ၀ယ်လုပ်ငန်း ကျဆင်းသွားခဲ့သလို အခြွေအရံတွေလည်း မထားနိုင်တော့။ အမေတစ်ယောက်တည်း အဖေ့ဆိုင်လိုက်ထိုင်လိုက် ဟင်းချက်စရာ ၀ယ်ပြန်လာပြီး ထမင်းဟင်းချက်လိုက်၊ အဖေ့ထမင်းပို့ တစ်ခေါက်သွားလိုက်နှင့် ချာချာလည်နေတော့သည်။ သည်ကြားထဲ မိခင်အိုကြီးကို စိတ်မချသဖြင့် ဝေယျာ၀စ္စအားလုံး လုပ်ပေးခဲ့၊ ကျွေးစရာရှိတာ ကျွေးခဲ့ရသေးသည်။ စျေးလိုက်ခါနီးမှာ ဟိုဘက်တိုက်နှင့် နောက်ဖေးအိမ်ရှိ ညီမတွေကို အမေ့ဆီ မကြာမကြာ သွားကြည့်ဖို့ အထပ်ထပ် မှာရသေးသည်။
သည်သို့ဖြင့် တစ်နေထွက်ကာ တစ်နေ၀င်သွားတိုင်း ဆောင်ရွက်မြဲကိစ္စတွေနှင့် သံသရာလည်ရင်း ကျွန်တော်ပင် ဇာတိချက်မြှုပ် မြေပေါ်မှ စွန့်ခွာခဲ့ရသည်။ ကျစ်ဆံမြီးရှည်နောက် ဘိုကေပါသွားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ကြိုးစားရင်း မိဘဆွေမျိုးတို့နှင့် ဝေးရာ ရပ်ကွက်တစ်ခုသို့ ရောက်သွားသည်။ တစ်ရက်မှာ ကက်ဆက်စုတ်လေးတစ်လုံးဖြင့် တိပ်ခွေဇာတ်လမ်းတစ်ပုဒ်ကို နားထောင်ရင်း အဘွားဖြစ်သူကို သတိရမိသည်။ အဖေနှင့်အမေ စျေးသွားကြလျှင် မေမေကြီး တစ်ယောက်တည်း အိမ်မှာ ကျန်ရစ်ရှာတော့မည်ကို တွေးပြီး စိတ်မကောင်းဖြစ်သည်။ ပြီးတော့ ရှစ်တန်း၊ ကိုးတန်းလောက်က စတင်ပြီး မေမေကြီး၏ စာတော်ဖတ်ဘ၀ကနေ မေမေကြီးနားထောင်ဖို့ ပုံပြောသူ ဖြစ်လာခဲ့ရပုံများကို တွေးရင်း ပြုံးမိသည်။ ပြုံးသူမှာ မျက်ရည်စတွေနှင့်ပင်။
ထိုအချိန်က ကျွန်တော်သည် လုံးချင်း၀တ္ထုတွေကို သဲကြီးမဲကြီး ဖတ်နေပြီ။ ရုံတင် ရုပ်ရှင်ကားတိုင်းလိုလိုကိုလည်း မလွတ်တမ်း ကြည့်နေပြီ။ ၀တ္ထုကောင်းကောင်း ဖတ်ရသည့်အခါတိုင်း၊ ရုပ်ရှင်ကားကောင်း ကြည့်နေရသည့်အခါတိုင်း တစ်ယောက်ယောက်ကို ပြန်ပြောချင်စိတ် ဖြစ်ပေါ်နေရာ မေမေကြီးမှာ ကျွန်တော်၏ အကောင်းဆုံး ပရိသတ်ဖြစ်လာသည်။ ဓူဝံ၊ ကြူမွှေး၊ နန္ဒသူ၊ တက္ကသိုလ်ဘုန်းနိုင်၊ ဂျာနယ်ကျော် မမလေး၊ သခင်မြသန်း၊ အောင်လင်း၊ ခင်နှင်းယု၊ ခင်ဆွေဦး၊ ယု၀တီခင်စိန်လှိုင်တို့၏ ၀တ္ထုဇာတ်လမ်းများကို မေမေကြီး မျက်စိထဲ မြင်ယောင်လာအောင် ပြန်ပြောပြနိုင်သည်ဟုလည်း ကိုယ့်ကိုယ်ကိုယ် ထင်မိသည်။ ရုပ်ရှင်ဇာတ်လမ်းများ ပြောနေသည့်အခါ မလှမ်းမကမ်းမှာ ရှိနေသည့် အမေက “ဘာလဲ ကျောင်းလစ် ကြည့်လာတာမဟုတ်လား” ဟု လှမ်းထောက်တတ်သည်။ ကျွန်တော်က “၀တ္ထုဖတ်ပြီးသားလေ” ဟု ဖြေမြဲဖြစ်သည်။ " ၀တ္ထုထဲမှာ ဘာသီချင်းဆိုတယ် ဆိုတာရော ပါတာပဲလား” ဟု အမေက ထပ်ဆင့် မေးခွန်းထုတ်လာလျှင် ပြန်မဖြေဘဲ မကြားသယောင် နေလိုက်သည်။ မေမေကြီးက “ညည်းကလည်းအေ အာရုံပျက်လိုက်တာ၊ အသာနေစမ်း၊ ငါ့မြေး ဆက်ပြော” ဟု ဆိုတတ်သည်။
ကျွန်တော်မရှိသည့်အချိန်မှာ မေမေကြီးနား ဘယ်သူလာထိုင်ပြီး ၀တ္ထုအကြောင်း၊ ရုပ်ရှင်အကြောင်း ပြောမှာပါလိမ့်ရယ်လို့ တွေးပြီး စိတ်မကောင်း ဖြစ်လေ့ရှိသည်။ တစ်ခါတော့ မေမေကြီးကို ကက်ဆက်လေးတစ်လုံး ကန်တော့ရ ကောင်းမလားဟု စဉ်းစားမိသည်။ အဖေတို့ အမေတို့ အိမ်မှာမရှိချိန် ကက်ဆက်လေးတစ်လုံးဖွင့်ပြီး ဘီအီးဒီအောင်သိုက်၏ တိပ်ခွေဇာတ်လမ်းများ နားထောင်ခွင့်ရလျှင် မေမေကြီး အတော်စိတ်ချမ်းသာမှာပဲဟု စဉ်းစားမိသည်။ ဂီတစာဆို မောင်ကြေးမုံ တင်ဆင်သည့် ကောလိပ်ဂျင်နေ၀င်းနှင့် တင်တင်နွဲ့တို့ ပါ၀င်သော တိတ်ခွေဇာတ်လမ်းများ ဆိုလျှင်လည်း မေမေကြီး ကြိုက်မှာပဲ။ လောလောဆယ် သီချင်းခွေဟောင်းလေးများကို ဖျက်ပြီး မေမေကြီး နားထောင်ဖို့ ရည်ရွယ်ကာ သူငယ်ချင်း ဌေးအောင် အလုပ်လုပ်နေသည့် စည်သူတေးသံသွင်းဆိုင်၌ ဇာတ်လမ်းလေးတွေ သွင်းထားလိုက်သည်။ ဗိုလ်အောင်ဒင် ဇာတ်လမ်းတွဲ၊ အလွှာဇာတ်လမ်းတွဲ၊ ချစ်တောင်ပြုန်း၊ ကကြီးရေက၊ ရွှေမန်းတင်မောင်၊ ဖွားတော်မူခန်း၊ လေးတော်တင်ခန်း၊ တောထွက်ခန်း ဆယ်ခွေခန့်။ သို့သော် မေမေကြီးကို ကက်ဆက်လေးတစ်လုံး မကန်တော့နိုင်သေးမီမှာပင် အမေဆုံးသည်။ ပြုစုစောင့်ရှောက်နေသော သမီးကြီး ကွယ်လွန်ပြီးသည့်နောက် မေမေကြီးကို သမီးငယ်ဖြစ်သော ကျွန်တော်တို့အဒေါ်က ခေါ်သွားသည်။ ကျွန်တော်လည်း ကက်ဆက်လေးတစ်လုံး ၀ယ်ပြီး ကန်တော့မည့်အစီအစဉ် ပျက်သွားသည်။
* * *
ကျွန်တော်ကိုယ်တိုင် အထီးကျန်သလို ခံစားလာရသော နေ့ရက်များတွင် မေမေကြီးကို သတိရတတ်သည်။ အလုပ်က နားပြီး တိုက်ခန်းလေးထဲမှာ အကျဉ်းကျသူပမာ နေရသည့် နေရက်များကား နေ့တာ ရှည်လွန်းလှသည်။ စာရေး၊ စာဖတ်၊ ဖုန်းပွတ်၊ တီဗွီကြည့် လုပ်နေနိုင်သော်လည်း စကားပြောဖော် ငတ်နေသည်။ ကျွန်တော်က ငူငူကြီး ထိုင်မနေတတ်သူဖြစ်သဖြင့် မျက်စိကို အနားမပေးဘဲ စာဖတ်လိုက်၊ ဖုန်းကြည့်လိုက် လုပ်နေတတ်သူမို့ တစ်ခါတစ်ခါ မျက်ကြောတွေ နာကျင်သလို ဖြစ်လာသည်။ တစ်ခါတစ်ခါတော့ သီချင်းစီဒီချပ်တွေ ဖွင့်နားထောင်သည်။ တနင်္ဂနွေနေ့လယ်ပိုင်း အဖြူအမည်း ဇာတ်ကားများ ကြည့်ရသောအခါ ကားကောင်းလေးတွေလာလျှင် အိမ်ရှင်မနှင့် သမီး ဖြစ်သူကို လာကြည့်ဖို့ ဖိတ်ခေါ်မိတတ်သည်။ သူတို့သားအမိက ဘယ်တော့မှ ရှောရှောရှူရှူမလာ။ အမျိုးသမီးက တစ်မနက်လုံး ချက်ဟယ်၊ ပြုတ်ဟယ်၊ ဖွပ်ဟယ် လျှော်ဟယ် လုပ်ထားပြီး ခြေကုန်လက်ပန်းကျ အနားယူသည့်အချိန်။ သမီးကျောင်းဆရာမက ကျောင်းအလုပ်တွေ အမြဲတမ်း အိမ်ယူလာပြီး တကုပ်ကုပ်လုပ်ရင်း အခန်းထဲက မထွက်။ အားနာပါးနာနှင့် ထွက်လာပြန်တော့လည်း တီဗွီရှေ့က ထိုင်ခုံမှာပင် ၀င်မထိုင်၊ ရပ်ရုံမျှ ရပ်၍ "ကြည့်ပြီးသားကြီး" ဟု ပြောကာ အဲယားကွန်းဖွင့်ထားသည့် အခန်းထဲ ပြန်၀င်သွားမြဲဖြစ်သည်။
ရုပ်ရှင်ကားက မှုန်လွန်းသတဲ့၊ ဖွေးနေတာပဲတဲ့။ ၀တ်ပုံစားပုံတွေကလည်း အောက်လိုက်တာတဲ့။ ရုပ်ရှင်ကားကောင်းတစ်ကား အရသာကို မခံစားတတ်ကြတာလား။ အဟောင်းမို့ ငြင်းဆန်ကြတာလား မသိ။ အဖြူအမည်းကား အချို့၏ သက်တမ်းက အနှစ် ၅၀၊ ၆၀ ရှိပြီ။ အချို့ ၇၀၊ ၈၀ ပင် ရှိလောက်ပေါ့။ အနည်းဆုံး အဲဒီခေတ်က ရန်ကုန်၊ မန္တလေး မြို့ကြီးပြကြီးများ၏လမ်းတွေ၊ စျေးတွေ၊ အဆောက်အအုံတွေ၊ ကားတွေ၊ ရထားတွေ ဘယ်သို့ရှိသည်ဆိုတာ မြင်နိုင်သည်။ အမျိုးသား၊ အမျိုးသမီးတို့၏ ၀တ်ပုံစားပုံနှင့် စကားအသုံးအနှုန်းကို လေ့လာမှတ်သားနိုင်သည်။ ဧရာ၀တီမြစ်ကြီးထဲ သစ်ဖောင်တွေ၊ ဝါးဖောင်တွေ ဘယ်ပုံ မျှောချနေသလဲ။ ဒါက န၀တအစိုးရခေတ် ဖျက်သိမ်းလိုက်သည့် မန္တလေး၏ အထင်ကရ စျေးချိုတော် အလယ်ပေါက်။ ဒါက ရွှေဆိုင်တန်း၊ ဒါက ဟိုရှေးရှေးက မန္တလေးသင်္ကြန်၊ ဒါက မန်းသီတာဥယျာဉ်ညချမ်း။ ကြည့်စမ်း။ မန္တလေးသူ မင်းသမီးက ရွှံ့ဗွက်တွေ သူ့ဆီလာလွင့်စဉ်အောင် မောင်းရမလားဆိုပြီး ဂျစ်ကားမောင်းလာသော စစ်ဗိုလ်ဇာတ်လိုက်ကို ပါးရိုက်လိုက်တာ။ ဒါက မန္တလေးသူ၊ ဒါက မန္တလေးအငြိမ့်၊ ဒါက ဟိုတုန်းက မန္တလေးတက္ကသိုလ်ကျောင်းသား။ ဘာမျှ ပြလို့မရ။ အဲဒါတွေ သူတို့ ကြည့်ရှုဖို့ စိတ်မ၀င်စားသလို ကျွန်တော် ရှင်းလင်းပြောဆိုတာလည်း နားထောင်ချင်ကြပုံမပေါ်။
ကျွန်တော်နှင့် သူတို့ စကားပြောဖော်မဟုတ်။ ကျွန်တော့်ခမျာ မိတ်ဆွေဟောင်းများ အိမ်အလည်လာပါမှ၊ သူတို့ကားလေးနဲ့ လာခေါ်ပြီး လက်ဖက်ရည်ဆိုင်ရောက်ပါမှ ရင်ခေါင်းထဲမှာ အောင်းနေသော လေပူတွေ ထွက်ပြီး အသက်၀၀ရှူနိုင်သည်ဟု ခံစားရသည်။
* * *
သည်နေ့တော့ မိတ်ဆွေ အယ်ဒီတာကြီးနှင့် ရေးဖော်များ ကားတစ်စီးနှင့် ရောက်လာသည်။ အမရပူရ ကပ်ကျော်ဘုရားပေါက်နားက ရွှေပလ္လင်မှာ ထိုင်ကြသည်။ တစ်နာရီခန့်သာ ထိုင်ရသေး သူ့အလုပ်တိုက်မှ အရေးတကြီး ဖုန်းဆက်သည်။ သူပြန်မှ ဖြစ်မည်။ ကျွန်တော့်ကို အိမ်လိုက်ပို့ပြီးနောက် တခြားဆရာများကိုလည်း သူတို့အိမ်တွေအရောက် လိုက်ပို့ရဦးမည်ဖြစ်ရာ နောက်ထပ် တစ်နာရီလောက် အချိန်ပေးရရှာဦးမည်။ သို့သော် စကားပြောရတာ မတင်းတိမ်သေး။ လက်ဖက်ရည် တစ်ပန်းကန်သောက်ပြီး ကျက်သရေအမြန်ရောက်မလာသေး။ တိုက်ခန်း လှေကားရှေ့ ကားအရပ် ကျွန်တော့်ခန္ဓာကိုယ်ကြီးက ကားထဲကနေ ဖြည်းဖြည်းလေးလေး ထွက်သွားသည်။ ပြီးတော့ လေးဆယ့်ငါးထစ်သော လှေကားထစ်များပေါ် လှမ်းတက်ရန် လှေကားလက်ရန်းကို လှမ်းကိုင်လိုက်သည်။ မိတ်ဆွေများကို လက်လေးတောင် လှမ်းပြ နှုတ်မဆက်လိုက်ရ။
လက်ရန်းပေါ် လက်တစ်ဖက်၊ တိုက်နံရံကို လက်တစ်ဖက် အားယူတက်လာသော ကျွန်တော်သည် လေးထပ်ပေါ်အရောက် ရင်ခုန်သံ မြန်လွန်းနေသည်။ ညာဘက်ခြေထောက်နှင့် ခြေဖဝါးက ထုံထုံကျင်ကျင်။ ၀ရန်တာ သံတန်းကို ကိုင်ပြီး အခန်း ၁၀ မှသည် ကျွန်တော့် အခန်းရှိရာ အခန်း ၅ သို့ တရွေ့ရွေ့ လျှောက်လာသည်။
ပူလောင်နေသော ကျွန်တော်တို့ ဧည့်ခန်းရှေ့ ပြတင်းပေါက်ကို ခန်းဆီးထူကြီးနှင့် ပိတ်ထားသဖြင့် ကျွန်တော်လျှောက်လာသည်ကို မည်သူမျှ မမြင်သလို ခြေသံလည်း ကြားကြပုံမပေါ်။ တီဗွီထဲက အသံတွေ အကျယ်ကြီး ထွက်နေသည်။ လူ၀င်ပေါက်တံခါးက သံဆန်ခါကို ကိုင်လှုပ်လိုက်သည်။ အိမ်ရှင်မက အမြန်ထလာပြီး မင်းတုပ်လာဖြုတ်သည်။ သမီးဆရာမကတော့ တီဗွီရှေ့ ထိုင်ခုံမှာ ထိုင်ရင်း စကိုင်းနက်က မြန်မာဇာတ်ကားထဲ အာရုံမျောလွင့်နေသည်။ ကျွန်တော့်နားထဲ မခံမရပ်နိုင်။ အသံတွေက ကျယ်လွန်းလှသည်။ ဒေါ်ခင်မို့မို့အေးကလည်း သံကုန်ညှစ်အော်နေသည်။ မင်းသားက ဘယ်သူလဲ ကျွန်တော်မသိ။ သေချာတာက အရမ်းကို ရိုင်းစိုင်းကြမ်းကြုတ်သော ဇာတ်ရုပ်မျိုးကို ရိုက်နေကျမင်းသားပင် ဖြစ်ပုံရသည်။ ကျွန်တော်သည် ဇနီးသည်ယူလာသည့် သောက်ရေတစ်ခွက်ကို သောက်ဖြစ်အောင် သောက်လိုက်သေးသည်။ ပြီးတော့ အပြန်အလှန် အော်ဟစ်နေကြသော တီဗွီထဲက အသံကို ဖုံးလွှမ်းသွားအောင် အသံတစ်ခု လွှင့်တင်လိုက်သည်။
“ပိတ်စမ်း၊ ပိတ်စမ်း။ ခုချက်ချင်း ပိတ်စမ်း”
ကျွန်တော် အိုမင်းမစွမ်းဖြစ်ချိန်မှာ တီဗွီတစ်လုံးနှင့် ကျွန်တော့်ကို ထားခဲ့မည်ဆိုပါက ယနေ့ မြန်မာ့ရုပ်ရှင် မြန်မာ့ဗီဒီယို ဇာတ်ကားများကိုတော့ ဘယ်နည်းနှင့်မျှ ကြည့်ရှုခံစား အဖော်လုပ်ဖြစ်မည်မထင်။
သိုက်ထွန်းသက်
crd 👉 https://m.facebook.com/story.php?story_fbid=1766863966790688&id=100004013047242
No comments:
Post a Comment