Friday, August 12, 2022

ကရွတ်ခွေနှင့် ရေခဲသေတ္တာ

အုန်းတံမြက်စည်းလေး၏ ရာဇဝင်သည် အငြိမ်းစား ကျောင်းဆရာတစ်ဦး၏ လျှော့ချအသုံးစရိတ်နှင့် အနည်းနှင့်အများ ပတ်သက်နေသည်ကိုတော့ ငြင်းနိုင်မည်မထင်။ စိတ်ပြေလက်ပျောက် အုန်းလက်လေးတွေ ဖဲ့သင်ကောက်လုပ်မိတော့လည်း ငွေယိုပေါက်တစ်ခုကို ပိတ်ပစ်နိုင်ခြင်းထက် ပိုမိုသော ကြည်နူးချမ်းမြေ့ခြင်းများပါ ရရှိလာခဲ့ရသည်။ သည့်အတွက် ကြည်နူးချမ်းမြေ့မှုကို ပြန်လည်ဆင်ခြင်ကြည့်မိသောအခါ သူ့ဘဝတစ်လျှောက် စိတ်ရှည်လက်ရှည် စိတ်ပြေနပြေလုပ်ခဲ့သည့် အလုပ်လေးအပေါ် လွမ်းဆွတ်စရာ ဖြစ်လာသည်။


သူ့ခြံကျဉ်းကျဉ်းလေးထဲက အမှိုက်နှင့်ရွက်ကြွေတို့ကတော့ မြောက်ဘက် ခြံစည်းရိုးထောင့်မှာ အပုံလေးတစ်ပုံအဖြစ် သပ်သပ်ရပ်ရပ် စုစည်းမိလာသည်။ သူက ကိုယ်ကို မတ်မတ်ပြုပြီး အသက်ပြင်းပြင်း ရှူကြည့်လိုက်သည်။

တောင်လေဖြူးဖြူးက သူ့နဖူးကျယ်ကျယ်ကို ထိခတ်သွားသည်။ နဖူးပြောင်ပြောင်ပေါ် ချွေးပွင့်စိုစို ရှိနေကြောင်း သူသိလိုက်သည်။ သည်တော့မှ သူ မောပန်းခဲ့ပြီဖြစ်ကြောင်း ဆင်ခြင်မိသည်။ 


သူ့မျက်လုံးများက မြေနီလမ်းလေး၏တစ်ဘက်ရှိ သူ့ခြံကျဉ်းကျဉ်းလေးနှင့် မျက်နှာချင်းဆိုင် ခြံကျယ်ကြီးဆီ ရောက်သွားသည်။ ခြံကျယ်ကြီး၏ သံဝင်းတံခါးသည် သူ့ခြံကျဉ်းကျဉ်းလေးနှင့် တည့်တည့်ရှိနေသည်။ သံတံခါးနောက်မှာ ဦးကောင်းမြတ်၏ သမီးနှစ်ယောက် ကြက်တောင်ရိုက်နေကြသည်ကို မြင်ရသည်။ သူ့ခြံကျဉ်းကျဉ်းလေး၏ မြောက်ဘက်နှင့် တောင်ဘက်မှာရှိသည့် ခြံဝင်းလေးနှစ်ခု သုံးခုပေါင်းမက ကျယ်ဝန်းသော ဦးကောင်းမြတ်တို့ခြံဘက်က သစ်ပင်များချည်းမို့လည်း သိန်းဂဏန်း သုံးခုလောက်နှင့် ဝယ်ယူသွားသော ဦးကောင်းမြတ်က အရမဆိုးကြောင်း တွက်ချက်ခြင်း ဖြစ်လိမ့်မည်လည်း စဉ်းစားကြည့်မိသည်။


သူများခြံကို ရောက်နေသည့် မျက်လုံးလေးတွေကို သူ့ခြံကျဉ်းကျဉ်းလေး၏ မြောက်ဘက်ထောင့်က အုန်းပင်မြင့်မြင့်ပေါ်  ပို့လိုက်မိသည်။ စိမ်းမြမြ အုန်းလက်များက အကိုင်းချင်း ယှက်လျက် တနွဲ့နွဲ့ ယိမ်းနေကြသည်။ အလက်တစ်လက်ကို အုန်းပင်ပေါ်က ပြုတ်လုတဲတဲ တွဲရရွဲ မြင်ရသည်။ နောက်ထပ် အုန်းတံမြက်စည်းတစ်ချောင်း စပယ်ယာလုပ်ထားရမလားဟု တွေးပြီး တစ်ယောက်တည်း ပြုံးဖြစ်သည်။ သူ့အဖြစ်သူ တွေးမိပြီး ရယ်ချင်သလိုလို ဖြစ်သွားသေးသည်။

 

လုပ်စရာ ကိုင်စရာအလုပ်က သည်လောက်ပဲ ရှားပါးချို့တဲ့လွန်းသလား။ အဘွားကြီးနှင့် စျေးထဲ လိုက်ကူရရင် ကောင်းမလား။ အဘွားကြီးရဲ့ အခြောက်အခြမ်းဆိုင်လေးက ဘယ်လောက်ရောင်းရတာ မှတ်လို့။ သူက ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲမှာ အဘွားကြီးနှင့် ကတ်သီးကပ်သတ် ထိုင်ပြီး စျေးလိုက်ရောင်းနေရင် ပိုတောင် နေရာရှုပ်၊ လူရှုပ်ဦးတော့မပေါ့။ 


သက်ပြင်းရှည်တစ်ခုကို ချလိုက်မိသည်။ တံမြက်စည်းကို အုန်းပင်မှာ မှီလိုက်သော်လည်း တံမြက်စည်းက မြေပြင်ပေါ်  လျှောကျလဲသွားသည်။ သူ့ကိုယ်ပိုင် ခြံထောင့်က ခုံတန်းလျားလေးပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ နဖူးက ချွေးစို့စို့ကို အင်္ကျီလက်နှင့် ပွတ်ရင်း မျက်လုံးများကို မှိတ်ပစ်လိုက်သည်။ 


အနှစ်သုံးဆယ်ကျော် ဟိုမှာဘက်ခရီးဆီ တစ်ကိုယ်တည်း ပြန်သွားနေမိသည်။


* * * 


သည်တုန်းကတည်းက စိတ်ရှည်ခဲ့ကြတာပါ။ အုန်းတံမြက်စည်း တစ်ချောင်းကို စိတ်ရှည်လက်ရှည် ပြုလုပ်ခြင်းထက် အဆများစွာပိုသည့် စိတ်ရှည်ခြင်းမျိုး ရှိခဲ့ကြတာပါ။ သူက လုပ်ဖော်ကိုင်ဖက် ဦးအောင်သန်းတို့၊ ဦးဝင်းဖေတို့ကို အမှတ်ရလာသည်။

 

ကျောင်းဆရာဆိုတာ ရေအိုးအောက်က ကရွတ်ခွေဟု အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိသည့် ဦးအောင်သန်းနှင့် ဆရာဘဝကို ကဗျာပေါင်းများစွာ ရေးခဲ့သည့် ဦးဝင်းဖေတို့နှစ်ဦးနှင့်အတူ စိတ်ရှည်ခဲ့ကြပုံများကို သတိတရ ဖြစ်လာသည်။ 

အနှစ်သုံးဆယ်ကျော် ကျောင်းဆရာဘဝတည်းက အမှတ်ရဆုံးကာလများမှာ မန္တလေးနန်းမြို့ရိုးအနောက်ဘက်က အထက်တန်းကျောင်း တစ်ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ် သင်ပြခဲ့သည့်နှစ်များ ဖြစ်လေသည်။ 

သည်စဉ်တုန်းက ငါးတန်း၊ ခြောက်တန်း ...  ခုနှစ်တန်း အတန်း သုံးတန်း၊ အတန်းပိုင်ဆရာ သုံးယောက်၊ ဘာသာပြဆရာ သုံးယောက်၊ တစ်တန်း တစ်ချိန်စီ၊ နားချိန်မရှိ။ သူတို့သုံးယောက်စလုံး တက်ကြွရွှင်လန်းစွာ တပည့်များကို ဖိဖိစီးစီး သင်ပြနိုင်ခဲ့သည်။ 


အတန်းချင်းကပ်လျက် ဝါးထရံ လိုက်ကာလေးများကို ဟိုဘက်သည်ဘက် ခြားထားပြီး တစ်တန်းကိုတစ်တန်း စောင့်ရှောက်သင်ပြပေးခဲ့ကြသည်။ သူ ကျောင်းဆရာသက်တမ်းတစ်လျှောက် အမှတ်မိဆုံး တပည့်တွေသည် ထိုနှစ်ကာလများအတွင်းက အများဆုံးဖြစ်နေကြောင်းကိုလည်း အမြဲတစေ စဉ်းစားမိသည်။


သူ သိပ်မျှော်လင့်ခဲ့သည့် တပည့်တချို့ အခြေအနေမကောင်း၊ ကျောင်းမပြီး၊ ခရီးမတွင်ခဲ့သည်များ။ သူက သာမန်ဟု ထင်ခဲ့သည့် တပည့်များ ထွန်းထွန်းပေါက်ပေါက်၊ တောက်တောက်ကြွားကြွား၊ မားမားမြင့်နေကြသည်များ သူ့အာရုံမှာ ဖြတ်သန်းသွားသည်။

 

မိုးကုတ်က အောင်လွင်နှင့် သက်မာတို့မောင်နှမ ဘယ်ရောက်နေကြပါလိမ့်။ ကြည်တိုးနှင့် ကြည်စိုး၊ ခင်မောင်ဦးနှင့် ခင်မောင်လတ်၊ မောင်မောင်လွင်နှင့် မောင်မောင်ဆွေ၊ ဖေစိန်၊ အေးကျော်၊ ဝင်းနိုင်၊ သိန်းဇော်၊ သန်းထွန်း၊ လှမြင့်၊ ထွန်းရွှေ တပည့်တွေ တပည့်တွေ။ ကြည်တိုး၊ ခင်မောင်ဆွေ၊ ရှုရန်ကား မြန်မာ့မြေကို ခွာသွားပြီ။ ခင်မောင်လတ်ကို ဘိန်းဖြူသတ်ပြီး၊ ထွန်းရွှေကို အရက်သတ်သွားသည် ကြားရသည်။ မြင့်သန်းက ဆရာဝန်၊ သိန်းတန်က တပ်မတော်အရာရှိ၊ ထွန်းအေးက ကောင်စီစာရေး၊ အချစ်ဆုံးတပည့်တွေ။ 


တချို့နှင့် တစ်ခါတစ်ရံ ဆုံဖြစ်သည်။ တချို့က လုံးဝမတွေ့တော့။ ကြုံကြ ဆုံကြပြန်တော့ တပည့်တွေက တလေးတစား။ ချစ်ဆဲ၊ ကြောက်ဆဲ၊ ရိုရိုသေသေ ရှိကြဆဲ။ မမြင်ယောင် မတွေ့ယောင် ကွေ့ရှောင်သွားသူရယ်လို့ ရှိမည်မထင်။ သူက သူ့တပည့်များအပေါ် အမြဲတမ်း အကောင်းပဲ မျှော်လင့်နေတတ်သည်။ သူ ဆိုးသည်ဟု ထင်ခဲ့မိသော တပည့်များဆီက အခြေအနေကောင်းများကို ကြားရတော့ ၀မ်းသာမျက်ရည် ဝေ့နေတတ်သည်။


“ငါးတန်း၊ ခြောက်တန်း၊ ခုနှစ်တန်းတုန်းက တပည့်တွေ စုစည်းပြီး ဆရာတို့သုံးယောက်ကို ဆရာကန်တော့ပွဲတစ်ခု နှစ်စဉ်လုပ်ချင်တယ်” ဟု သူ ဗိုက်ခေါက် ဆွဲဆွဲလိမ်ခဲ့သည့် တပည့်တစ်ယောက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲမှာ တွေ့တုန်းက ပြောခဲ့သည်ကို ပြန်လည်ကြားယောင်လာသည်။ သူနှင့်ပါလာသည့်သူက “မင်းတစ်ယောက်တည်း သွားကန်တော့ပါဦး” ဟု ပြောတော့ တပည့်က ရယ်ကျဲကျဲလုပ်နေသည်။ “ဆရာ့တပည့်တွေ လိမ်လိမ်မာမာနဲ့ ကျန်းမာချမ်းသာကြရင် ပြီးတာပါပဲကွာ …။ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ စားဝတ်နေရေး ကိစ္စတွေနဲ့ တစ်နေ့ တစ်နေ့ ထွေးလုံးရစ်ပတ် နေကြရရှာမှာပါ” ဟု ပြန်ပြောမိခဲ့သေးသည်။

 

သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်ပြီး မှတ်မိသမျှ တပည့်လေးတွေ၏ မျက်နှာများကို မြင်ကြည့်သည်။ ယခုနေဆိုရင်တော့ တချို့ ပိန်ပိန်၊ တချို့ ဝဝ၊ တချို့ နွမ်းလျလျ ရှိနေကြမည်ကိုလည်း တွေးမိသေးသည်။ တပည့်လေးတွေ၏ မျက်နှာများကို မြင်ယောင်ကြည့်ပြီး မေတ္တာပို့ရသည်မှာ အတော်ကြည်နူး ချမ်းမြေ့စရာကောင်းသည်။

 

* * *


သူ့မျက်လုံးများ မှိတ်ထားဆဲမှာပင် ဖုတ်ချက်ဖုတ်ချက် ကားစက်သံ ဆူဆူက နားထဲ ဝင်လာသည်။ သူ့မျက်လုံးများ ဖွင့်လိုက်သောအခါ သုံးဘီးကားတစ်စီး မြေနီလမ်းလေးအတိုင်း ပြေးဝင်လာသည်ကို မြင်သည်။ သုံးဘီးကားလေးက သူ့အိမ်ဝင်း တောင်ဘက်ထောင့်က တံခါးပေါက်လေးနား ရပ်သွားသည်။ သူ ခုံတန်းလျားလေးပေါ် ထိုင်နေရာက မတ်တတ်ရပ် အကဲခတ်လိုက်သည်။ ဘယ်က ဧည့်သည်များပါလိမ့်ဟု တွေးလိုက်သည်။ 

ကားပေါ်မှာ သောက်ရေအိုးတစ်လုံးနှင့် အထုပ်အပိုးတချို့ကို တွေ့ရသည်။


အခါကြီးရက်ကြီး လူကြီးမိဘကို ရေလာကန်တော့သည့် မိသားစုဖြစ်ကြောင်း သိလိုက်သည်။ သူ စူးစိုက်ကြည့်နေမိစဉ်မှာပင် ရင်းနှီးသိကျွမ်းဖူးသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ကားပေါ်က ကလေးကိုချီချနေသော အမျိုးသားငယ်မျက်နှာ ဘယ်သူဘယ်ဝါ မကွဲမီအချိန်တွင် နောက်က ဆင်းလာသော မိန်းကလေးကို မှတ်မိသွားသည်။ ညွန့်ညွန့်ရီ။ ဟုတ်တယ် … ဟုတ်တယ် … ညွန့်ညွန့်ရီ။ ဒါဆို ဟိုကောင် သန်းအောင်။ သူ ခြောက်တန်း အတန်းပိုင် ဆရာဘဝက ဆုံစည်းခဲ့သည့် ချစ်တပည့်ဇနီးမောင်နှံ။ သည်နှစ်ကောင်စလုံး ကျောင်းကတည်းက လိမ္မာကြတာ။ စာတော်ပြီး လိမ္မာရေးခြားရှိလို့ ဦးအောင်သန်းရော၊ ဦးဝင်းဖေရော၊ သူပါ ချစ်ခဲ့ကြတာ။ 


ညွန့်ညွန့်ရီက လေးနှစ်အရွယ် သမီးတစ်ယောက် လက်ဆွဲထားသည်။ ပြီးတော့ နို့စို့ကလေးကို ပွေ့ချီထားသေးသည်။ သန်းအောင်က ရေအိုးတစ်ဖက်၊ အထုပ်အပိုးတစ်ဖက်နှင့် ဟိုကြည့်သည်ကြည့် လုပ်နေသည်။ 


“လာကြဟေ့ … သားတပည့်တွေ၊ သမီးတပည့်တွေ … လာကြ … လာကြ"


သူက ဝင်းထရံရှေ့နားတိုးပြီး လှမ်းအော်ဖို့ ပြင်လိုက်သည်။ 


တပည့်ချစ်များနှင့် ပြန်လည်ဆုံစည်းရသဖြင့် ကြည်နူးဝမ်းသာမှုကြောင့် ရင်ထဲမှာ တဒိန်းဒိန်း ခုန်နေသည်။ သူ ကြည့်နေဆဲမှာပင် သုံးဘီးကားက သူ့ဝင်းထရံဆီ နောက်ပြန် ဖင်ထိုး ဆုတ်လာသည်။ ပြီးတော့ လာရာလမ်းဘက်ဆီ ဦးလှည့်ပြီး မြေနီလမ်းကလေးအပေါ်မှာ စက်သတ်ရပ်လိုက်သည်။ တပည့်များနှင့် သူ့အကြား သုံးဘီးကားလေး ခြားသွားသည်။ သူက ဝင်းတံခါးရှိရာ အိမ်တောင်ဘက်ဆီ လျှောက်လာပြီး ယိုင်တိယိုင်ထိုး တံခါးကို အသာဖွင့်ကာ တပည့်မိသားစုအား ဆီးကြိုလိုက်သည်။ သုံးဘီးကားကို ကွေ့ပတ်လျှောက်လာမည့် တပည့်မိသားစုကို မျှော်လင့်နေမိသည်။


စက္ကန့်အနည်းငယ်အတွင်းမှာပင် ခုံတန်းလျားလေးရှိရာ သူပြန်လျှောက်ခဲ့ရတော့သည်။ စိတ်နှလုံး ညှိုးချုံးပြီး သူ့ရင်ထဲမှာ ဟင်းလင်းဟာလာ ဖြစ်သွားသလို ခံစားလာရသည်။ ခေါင်းကိုငုံ့ပြီး အုန်းပင်ခြေရင်းကို ငေးကြည့်နေမိသည်။

အုန်းတံမြက်စည်းလေးသည် မြေပြင်ပေါ်မှာ လှဲလျက်အတိုင်း ရှိနေသည်။ ရွက်လှပင်များကို ဖြတ်သန်းပြီး သူ့ခြံကျဉ်းကျဉ်းလေးနှင့် တည့်တည့်ရှိ ဦးကောင်းမြတ်၏ ခြံတံခါးဝဆီ လှမ်းငေးကြည့်မိသည်။ သန်းအောင်နှင့် ညွန့်ညွန့်ရီတို့က သံတံခါးပေါက်နားမှာ ရပ်နေကြသည်။ ကြက်တောင်ရိုက်နေသည့် ဦးကောင်းမြတ်၏သမီးတစ်ယောက် တံခါးကို လာဖွင့်ပေးသည်။ 


သူက အုန်းတံမြက်စည်းလေးကို အသာထောင်ထားလိုက်သည်။ ခုံတန်းလျားလေးအပေါ် အတန်ကြာ မှီပြီး ငြိမ်နေမိသည်။ လေပွေရူးသည် သူ စောစောက စုစည်းထားသည့် အမှိုက်ပုံလေးပေါ်  ဖြတ်သန်းမွှေနှောက်သွားသည်။ ကစဉ့်ကလျား ဖြစ်သွားသည်။ အမှိုက်ရွက်ကြွေတို့ကို ငေးကြည့်နေမိသည်။ သူလှည်းခဲ့ကျင်းခဲ့သည့် မြေပြင်ပြောင်ပြောင်ပေါ်မှ ပုန်းညက်ရွက်အိုတချို့  ထပ်မံပြန့်ကျဲနေပြန်ပြီ။


အင်္ကျီအိတ်ထဲက သစ်သားမီးခြစ်လေးကို ထုတ်ပြီး မီးခြစ်ဆံတစ်ဆံ ခြစ်လိုက်သည်။ မီးတောက်လေးကို အမှိုက်ပုံပေါ် အသာချလိုက်သည်နှင့် မီးခိုးများ အူတက်လာသည်။ အမှိုက်နှင့် ရွက်ခြောက်တို့ တဖျောက်ဖျောက် အော်မြည်လောင်ကျွမ်းနေကြသည်။ မီးလျှံထဲမှာ သံယောဇဉ်ကို အပူတစ်ခုလို မြင်လိုက်ရသည်။

 

သန်းအောင်တို့ လင်မယားကို တွေ့လိုက်တော့ တစ်မြို့တစ်ရွာ ရောက်နေသည့် သားကြီး ကျော်ထွန်းမြင့်တို့မိသားစုကို သတိရလာသည်။ သားကြီး ကျော်ထွန်းမြင့်တစ်ယောက် အလုပ်အကိုင် အဆင်ပြေပါစေ။ ဆရာသမားများနှင့် အဆင်ချောပါစေ …။ သူ စိုးရိမ်ပူပန်လာသည်။ ကျော်ထွန်းမြင့်က မဟုတ်မခံရယ်၊ ဆရာမှန်း သမားမှန်း သိတတ်တာ မဟုတ်ဘူး။ ချေချေငံငံ သိပ်ရှိလှတာ မဟုတ်ဘူး။ သန်းအောင်နှင့်ကတော့ ကွာသည်။ သန်းအောင်က ကျောင်းမှာကတည်းက ဆရာတွေချစ်အောင် နေတတ်ထိုင်တတ်တဲ့ကောင်။ ခုလည်း သူ့အလုပ်အကိုင်နှင့် ပတ်သက်သည့် ဆရာသမား ဦးကောင်းမြတ်ကို လာကန်တော့တာ၊ ကြီးပွားဦးမှာပဲ။ တိုးတက်ဦးမှာပဲ။ သာဓု …သာဓု … သာဓု …။ 


စောစောလေးကတည်းက မျက်မြင်တွေ့လိုက်ရသည့် တပည့်ကို ချက်ချင်း အာရုံထင် မေတ္တာပို့လိုက်ရသည့်အတွက် ပိုမိုအကျိုးထူးခြား ထိရောက်လိမ့်မည်ဟုလည်း ယုံကြည်နေမိသည်။ သစ်ရွက်ခြောက်များ တော်တော်များများ လောင်ကျွမ်းသွားသောကြောင့် မီးတောက်မီးညွန့်များ ငြိမ်သက်ပြီး မီးခိုးများ အူလာသည်။ သူသည် အမှိုက်ပုံဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး တုတ်တစ်ချောင်းနှင့် အသာဆွပေးလိုက်သည်။ မီးခိုးအူအူတွင် မျက်ရည်များ ဝေသီလာသည်။ 


ဆောင့်ကြောင့်ထိုင်လျက် တစ်ဘက်ခြံဆီ ငေးကြည့်မိသည်။ ခြံတံခါးပွင့်လာပြီး သန်းအောင်တို့ ပြန်ထွက်လာသည်ကို မြင်ရသည်။ ဦးကောင်းမြတ်တို့ ဇနီးမောင်နှံက သန်းအောင်တို့ကို ခြံပြင်ထိ လိုက်ပို့ပေးကြသည်။ ဦးကောင်းမြတ်၏ မျက်နှာပေါ်မှာ ဂုဏ်ယူဝမ်းမြောက်သည့် အပြုံးဝင်းဝင်းကို လှမ်းမြင်ရသည်။ ဦးကောင်းမြတ်၏ လက်တစ်ဖက်က သန်းအောင်ပခုံးပေါ်မှာ ရောက်နေသည်။ သန်းအောင်ကို ဦးကောင်းမြတ်၏ မြင့်မားခံ့ညားသော ကိုယ်လုံးကိုယ်ထည်အား နောက်ခံထားပြီး သိမ်မွေ့ယဉ်ကျေးစွာ တွေ့ရသည်။ ဦးကောင်းမြတ်ကတော်က ညွန့်ညွန့်ရီလက်ထဲမှာ ချီထားသည့် ကလေးငယ်ကို ကျီစယ်နေသည်။ ညွန့်ညွန့်ရီလက်ဆွဲထားသည့် လေးနှစ်အရွယ် သမီးလေးသည် အမေ့လက်ထဲမှာ ရုန်းကန်စူအောင့်နေသည်။ အကြီးမလေး၏ လက်ထဲမှာ မုန့်ချပ်တစ်ချပ်ကို မြင်ရသည်။ 


ဦးကောင်းမြတ်က သန်းအောင်နှင့် စကားပြောရင်း ကလေးဘက်သို့ လှည့်မေးသည်။ ထို့နောက် အိမ်ဘက်ကို လှည့်ကြည့်ပြီး… “သမီးရေ … ရေတစ်ပုလင်းလောက် ယူခဲ့ဟေ့ …” ဟု လှမ်းအော်သံ ကြားလိုက်ရသည်။


သူသည် မီးပုံလေးကို တုတ်နှင့် မဆွဖြစ်တော့ဘဲ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။ ရွက်လှပင်တွေကြားကနေ မြေနီလမ်းလေးကို ကျော်ပြီး ငေးနေမိသည်။ သန်းအောင်တို့ မမြင်စေချင်သဖြင့် ဆောင့်ကြောင့် ထိုင်မြဲ ထိုင်ရင်း ခါးထဲက မျက်သလိုလို ဖြစ်လာသည်။ အနှစ်သုံးဆယ်မက သည်နေရာမှာ နေထိုင်ခဲ့သည့် ဦးမြင့်ဆိုသည့် အလယ်တန်းပြဆရာတစ်ယောက်၏အိမ်ကို အချိန်မရွေး သတိရသွားနိုင်သည့် တပည့်ချစ် သန်းအောင် မမြင်အောင် အသာငြိမ်နေမိသည်။

 

* * * 


သုံးဘီးကား စက်နိုးသံ ကြားရသည်။ ခြံပြင်ဆီ အပြေးလာနေသည့် ဦးကောင်းမြတ်သမီး အကြီးမကို မြင်ရသည်။ ဦးကောင်းမြတ်၏သမီးကြီးက သန်းအောင်၏သမီး သောက်ရန် ရေခဲရေတစ်ပုလင်းနှင့် ဖန်ခွက်တစ်ခွက် ကိုင်ထွက်လာသည်ကို လှမ်းမြင်နေရသည်။


သိုက်ထွန်းသက်


crd 👉 OpenRead

No comments:

Post a Comment